← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈) ကတော့ပုံချွန်ထက်သောနေရာ

“အရုပ်ကစားပွဲလား။ ဘာအရုပ်ကစားပွဲလဲ”

တန်ရှောင်သည် ရွှံ့ထဲမှ ခြေထောက်များကို ဆွဲထုတ်ကာ မျက်မှန်နှင့်လူထံ အားစိုက်ပြီး လျှောက်သွားသည်။ “ မစ္စတာကျန်း ခုနက ဘာကိုဆိုလိုတာလဲ။ ဘာအရုပ်တွေ၊ ဘာကစားပွဲတွေလဲ။ ကျွန်တော်ဘာလို့နားမလည်တာလဲ”

မျက်မှန်နှင့်လူသည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းငုံ့ထားပြီး သူ၏နှုတ်ခမ်းများက တင်းမာနေသည်။ “ငါပြောစရာမလိုဘူး... မကြာခင်မှာ နားလည်သွားလိမ့်မယ်... ငါတစ်ခါပဲ ကြုံဖူးတယ်။ အဲဒီတုန်းက... ငါတို့ ၁၆ ယောက်ရှိတာ... နောက်ဆုံးမှာ ငါတစ်ယောက်ပဲ ကျန်ခဲ့တယ်...”

တန်ရှောင်သည် သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး ခေါင်းကုတ်ကာ နားမလည်သကဲ့သို့ မျက်နှာအမူအရာပြသည်။

ရုတ်တရက် ထိုကဲ့သို့သောနေရာသို့ ရောက်ရှိလာခြင်းသည် ဘာမှန်းမသိသောသတ္တဝါ၏အသိုက်ထဲသို့ ဝင်ရောက်သကဲ့သို့ဖြစ်သည်။ လူများသည် တုန်လှုပ်နေကြပြီး အချို့မှာ ငိုကြွေးလာကြသည်။

ရှန်မိုသည် ပိုင်ယို့ဝေကို ရွှံ့ထဲမှ ဆွဲတင်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသော်လည်း သူမအတွက် ထားစရာနေရာ မတွေ့ခဲ့ပေ။ နေရာတိုင်းသည် စိုစွတ်နေသော ရွှံ့များဖြစ်ပြီး၊ ရပ်စရာ သန့်ရှင်းသောနေရာတစ်ခုတောင်မရှိချေ။

ပိုင်ယို့ဝေသည် မဝေးလှသောနေရာမှ ခရုကြီးတစ်ကောင်ကို ညွှန်ပြသည်။ ရှန်မိုသည် သူမကို ထိုနေရာသို့ရောက်အောင် ရွှံ့အိုင်များကို ဖြတ်ကျော်ကာ သယ်ဆောင်သွားခဲ့သည်။

သူတို့က ကျုံ့သွားတာလား သို့မဟုတ် ခရုများက သန္ဓေပြောင်းသွားတာလားဆိုတာ မသိသော်လည်း ဤနေရာရှိ ခရုတစ်ကောင်စီသည် ရေခဲသေတ္တာနှစ်လုံးစာကြီးမားသည်။ သို့သော် ခွေးအရွယ် ယုန်ကြီးများကို မြင်ဖူးပြီးသူများအတွက် ထိုခရုများကို မြင်ရခြင်းမှာ လက်ခံရန် အရမ်းခက်ခဲမည်မဟုတ်ပေ။

ကျေးဇူးတင်စရာကောင်းသည်မှာ ခရုခွံသာ ကျန်ရှိပြီး အတွင်းပိုင်းသည် ဗလာဖြစ်နေခြင်းဖြစ်သည်။ မဟုတ်ပါက ထိတ်လန့်ဖွယ်ရုပ်ရှင်တစ်ခုဖြစ်သွားနိုင်သည်။

ပိုင်ယို့ဝေသည် ခရုခွံ၏ ကြမ်းတမ်းသောမျက်နှာပြင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ ရှည်လျားသောဂါဝန်သည် ရွှံ့နှင့်ရေတို့ဖြင့် စိုစွတ်နေပြီး ထူထဲလေးလံနေသည်။ သူမသည် ဟန်ချက်ညီအောင် အားစိုက်ထိန်းနေရသည်။

သူတို့လက်ရှိရှိနေသော ပတ်ဝန်းကျင်သည် ရွှံ့အိုင်ကြီးတစ်ခုဖြစ်ပြီး ပတ်လည်တွင် ချောမွေ့သော ကျောက်နံရံများဖြင့် ဝန်းရံထားသည်။ အပေါ်သို့ တက်သွားသည်နှင့်အမျှ ကျဉ်းမြောင်းလာပြီး အလယ်ဗဟိုတွင် ရေတွင်းကဲ့သို့ ဒေါင်လိုက်အပေါက်ငယ်တစ်ခုသာ ရှိသည်။

နေရောင်ခြည်သည် ထိုအပေါက်မှ စိမ့်ဝင်လာပြီး ဂူ၏အလယ်ဗဟိုကို လင်းထိန်စေကာ ပတ်ဝန်းကျင်မှာ‌တော့ ခပ်မှောင်မှောင်သာရှိသည်။ အပေါက်မှ ဝေးလေလေ မှောင်လေလေဖြစ်ပြီး ထောင့်နေရာများတွင် လုံးဝမှောင်မည်းနေသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ဤနေရာသည် ရွှံ့နွံများဖြင့် ဖုံးလွှမ်းထားသော ကတော့ပုံ ချွန်ထက်သည့်နေရာတစ်ခုနှင့် တူသည်။

ရှန်မိုသည် ပိုင်ယို့ဝေကို စီစဉ်ပေးပြီးနောက် မဝေးလှသောနေရာမှ ဆရာချန်းကို ကူညီပေးခဲ့သည်။

သူတို့သည် ကားအတူတူစီးလာတာကြောင့် ဆင်းသက်သည့်နေရာကလည်း နီးကပ်သည်။

သနားစရာကောင်းသော အသက် ၆၀ အရွယ် ဆရာကြီးသည် မျက်နှာမှာဖြူဖတ်ဖြူရော်ဖြစ်နေပြီး ရွှံ့များဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ခြေထောက်များသည် ရွှံ့ထဲတွင် နစ်မြုပ်နေပြီး ဒူးခေါင်းများက တဆတ်ဆတ်တုန်နေသည်။

ရှန်မိုသည် ဆရာချန်းကို အခြားခရုခွံပေါ်သို့ တင်ပေးပြီး နောက်တစ်ခါ ပတ်ဝန်းကျင်ကို ကြည့်ရှုသည်။ အခြားလူများလည်း တစ်ယောက်ပြီးတစ်ယောက် ခရုခွံများပေါ်သို့ တက်လာကြပြီး ရွှံ့ထဲတွင် စိုစွတ်မနေစေရန် ရှောင်ရှားကြသည်။

ယခုအထိ ညွှန်ကြားမည့်လူတစ်ဦးမျှ မတွေ့ရသေးပေ။

သို့သော် ဤနေရာသည် အလွန်ကြီးမားပြီး အလင်းရောင် မှိန်ဖျော့နေကာ မရေမတွက်နိုင်သော ခရုခွံများဖြင့် ဖုံးလွှမ်းထားသည်။ ညွှန်ကြားမည့်သူက တစ်နေရာရာတွင် ပုန်းအောင်းနေနိုင်သလား။

အနီးအနားမှ ကျိန်ဆဲသံများ ကြားလာရသည်။ လူဆိုးသုံးယောက်သည် မျက်မှန်တပ်ထားသောလူကို ဖမ်းမိသွားခြင်းဖြစ်သည်။

ခေါင်းဆောင် ဟွာကိုးသည် မျက်မှန်တပ်ထားသူ၏ အင်္ကျီလည်ပင်းကို ဆွဲကိုင်ပြီး ခြိမ်းခြောက်ရင်း ကြောက်ရွံ့နေသော အသံဖြင့် ပြောသည်။ “ကျန်းဟွာ ခင်ဗျားကျွန်တော်တို့ကို လှည့်စားတယ်။ ကစားပွဲအကြောင်း ဘာလို့မပြောခဲ့တာလဲ”

ယခင်က ယဉ်ကျေးစွာ မစ္စတာကျန်းဟု ခေါ်ခဲ့သော်လည်း ယခုအခါတွင် နာမည်ဖြင့်သာ ခေါ်နေသည်။

တန်ရှောင်သည် ဟွာ၏လက်မောင်းကို ဆွဲကိုင်ပြီး ရန်ပွဲတွင် ပါဝင်လာခဲ့သည်၊ “ငါ့ကိုထိရဲတယ်လား။ မနေ့ညက မလုံလောက်သေးဘူးလား။ လွှတ်စမ်းပါ။... ငါစကားနဲ့ပြောနေတယ်။ လွှတ်မှာလား မလွှတ်ဘူးလား”

လူများသည် ရွှံ့ထဲတွင် တွန်းတွန်းတိုက်တိုက်ဖြစ်နေပြီး ဘယ်သူအနိုင်ရသည်ကို ပြောဖို့ခက်လှသည်။ ခဏအကြာတွင် အားလုံး အသက်ရှူမဝဖြစ်လာကြသည်။

မျက်မှန်တပ်ထားသူ ကျန်းဟွာသည် ရွှံ့ထဲတွင် လဲနေပြီး သူတို့ကို သေသူများကဲ့သို့ ကြည့်နေသည်။ “ဘာတွေပြောနေတာလဲ။ ငါပြောလိုက်ရင်ရော လွတ်နိုင်မှာမလို့လား”

“ခွေးသား” ဟွာကိုးသည် ဒေါသထွက်ပြီး ကျောက်နံရံကို တက်ရန် လှည့်သွားခဲ့သည်။

သို့သော် အပေါ်ရှိ ကျောက်နံရံသည် ချောမွေ့နေပြီး အောက်ရှိ ရွှံ့များသည် ပျော့ပျောင်းနေသောကြောင့်၊ လက်နှင့်ခြေထောက်များက ထောက်စရာ နေရာမရှိပေ။

ကျန်းဟွာသည် ရွှံ့ထဲတွင် ထိုင်နေပြီး သူတို့ကို ပြုံးရယ်ကာ ကြည့်နေသည်။ “အချိန်ဖြုန်းမနေပါနဲ့။ ငါသာ မင်းတို့နေရာမှာဆိုရင် အခု မြေမျက်နှာသွင်ပြင်ကို သေချာလေ့လာမယ်။ နောက်ပိုင်း ကစားပွဲစတော့မယ့်အချိန်မှ မျက်စိကန်းပြီး သေဖို့ စောင့်မနေဘူး”

“ဘယ်သူသေမှာကို ပြောနေတာလဲ” အခြားလူဆိုးတစ်ယောက်က ဒေါသထွက်ပြီး သူ့ကို နောက်တစ်ခါ သင်ခန်းစာပေးရန် ရှေ့သို့တိုးလာခဲ့သည်။

ဂူအတွင်းရှိ အလင်းရောင်သည် ရုတ်တရက် မှောင်မည်းသွားခဲ့သည်။

လုံးဝမှောင်မည်းသွားပြီး၊ ကလေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အိုး ဒီတစ်ခါတော့ ကစားသမားတွေ အများကြီးလာပါလား...”

လူတိုင်း အံ့အားသင့်သွားပြီး ချက်ချင်း အသက်ကို အောင့်ထားကြသည်။

မှောင်မိုက်မှုထဲမှ တရွှီရွှီအသံတစ်ခု ကြားလာရသည်။ တစ်စုံတစ်ခုသည် ဒေါင်လိုက်ရှိသည့်အပေါက်တစ်လျှောက် ဖြည်းဖြည်းချင်း ဆင်းလာနေသကဲ့သို့ဖြစ်သည်။

………….

အခန်း (၂၉) ဖား၏ ရွှေဘောလုံး

အမှောင်ထုသည် ငါးစက္ကန့် ခြောက်စက္ကန့်သာ ကြာသော်လည်း ဘဝတစ်ခုလုံး ကုန်ဆုံးသွားသကဲ့သို့ ခံစားရသည်။

ပိုင်ယို့ဝေသည် မျက်လုံးများကို မှေးကြည့်လိုက်ပြီး ဂူထိပ်ရှိ အက်ကြောင်းမှ လိမ့်ဆင်းလာသော လုံးဝန်း‌သောအရာတစ်ခုကို မြင်လိုက်ရသည်။ ၎င်း၏အချင်းသည် အက်ကြောင်း၏အရွယ်အစားနှင့် အတိအကျတူညီသောကြောင့် ၎င်းဆင်းလာသည်နှင့်အမျှ တစ်ခုတည်းသော အလင်းအရင်းအမြစ်ကို ပိတ်ဆို့ထားခြင်းဖြစ်သည်။

ဘောလုံးဆင်းလာပြီးနောက် အလင်းရောင်ပြန်ပေါ်လာကာ လူတိုင်းသည် အက်ကြောင်းအောက်တွင် မျောနေသော ရွှေရောင်အလုံးတစ်ခုကို မြင်လိုက်ကြသည်။ နေရောင်သည် ဘောလုံးပေါ်သို့ ကျရောက်လာပြီး ရွှေရောင်အလင်းများသည် စူးရှပြီး အလွန်စွဲမက်ဖွယ်ကောင်းသည်။

“အားလုံးမင်္ဂလာပါ။ ကျွန်တော်က ဒီဂိမ်းရဲ့ စစ်ဆေးရေးမှူးပါ။ အရုပ်ဂိမ်းက ကြိုဆိုပါတယ်။”

ရွှေဘောလုံးက စကားပြောနေသည်။

သူသည် ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ဦး၏ တက်ကြွပြီး ကလေးဆန်သော အသံဖြစ်သည်။

ထိုအရာသည် လေထဲတွင် လှည့်ပတ်နေပြီး လူတိုင်း၏ရှေ့မှ ဖြတ်သန်းသွားကာ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။

“ဒီတစ်ခါတော့ ကစားသမားတွေ အများကြီးပဲ။ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊ ကိုး... အမှန်ပဲ။ အများကြီးပဲ။ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုး၊ သုံးဆယ်... သုံးဆယ့်သုံး။ ဒီပြိုင်ပွဲမှာ စုစုပေါင်း ကစားသမား သုံးဆယ့်သုံးယောက် ပါတယ်။ ဂိမ်းကို အလေးအနက်ထားပြီး အဆင့်တက်နိုင်ဖို့ ကြိုးစားပါ။”

လူတွေက ရွှေဘောလုံးကို ကြောက်ရွံ့စွာကြည့်နေကြပြီး တောင့်တင်းနေကြသည်။

အစ်ကိုဟွာ၏ လူဆိုးအုပ်စုတောင် လုပ်လက်စကို မေ့သွားကြသည်။

“ကျွန်တော့်ကို ဘာလို့ ဒီလိုကြည့်နေကြတာလဲ။ ဟေး။ ဒီအမျိုးသမီး ပြီးတော့ မင်း၊ ဘာလို့ ငိုနေကြတာလဲ။ ဂိမ်းကို ပျော်ပျော် ကစားသင့်တယ်။” ရွှေဘောလုံးသည် ခန္ဓာကိုယ်ကို လှုပ်ပြီး မျက်နှာအမူအရာမရှိသော်လည်း အသံအနိမ့်အမြင့်က အလွန်ပီသသည်။

“ဂိမ်းမကစားချင်တော့ဘူးလား” သူက မကျေမနပ်ဖြစ်ပြီး နှာခေါင်းသံဖြင့် ပြောသည်။ “ဂိမ်းမကစားရင် အရုပ်ဖြစ်သွားမယ်။ မင်းတို့ဝင်လာတဲ့အချိန်မှာ သိခဲ့ရမယ်။ ဂိမ်းမကစားလို့မရဘူး။”

“ဘယ်လိုကစားရမလဲ။ စည်းမျဉ်းတွေကို ပြောပြပါ။” ကျန်းဟွာက ထပြီး မျက်မှန်ပေါ်က ရွှံ့များကို ခါချလိုက်ကာ ပြန်တပ်ပြီး စိတ်မပါသည့်အမူအရာနှင့် ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန်သေရမှာပဲ... မြန်မြန်ပြီးသွားရင် ကောင်းမယ်”

သူဟာ ရုန်းကန်ရခြင်းတွေကို စွန့်လွှတ်လိုက်ပြီထင်သည်။ သူ့မျက်လုံးတွေထဲတွင် အသက်ရှင်လိုစိတ် လုံးဝမရှိတော့ပေ။

“မြန်မြန်ပြီးသွားမှာ။” ရွှေဘောလုံးက ပြုံးပြလိုက်ပြီး “ဂိမ်းက စက္ကန့် ၂၀ ပဲ ကြာမယ်၊ မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်။”

ရှန်မိုသည် မျက်မှောင်ကျုံ့လိုက်သည်။

ဤနေရာသည် အလင်းရောင် မှေးမှိန်ပြီး ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေသောကြောင့် ပြေးခြင်း၊ ခုန်ခြင်းများ ပြုလုပ်ရန် အလွန်ခက်ခဲသည်။ ဂိမ်းအချိန်သည် စက္ကန့် ၂၀ သာကြာမည်ဆိုပါက ကစားသမားများအတွက် ကောင်းသည်ထက် ဆိုးသည်က ပိုများနိုင်သည်။

ပိုင်ယို့ဝေလည်း အနည်းငယ် မျက်မှောင်ကျုံ့မိသွားသည်။

သူမသည် မိမိ၏ အားနည်းချက်များကို သိသည်။ အကယ်၍ ဂိမ်းသည် လှုပ်ရှားမှုကိုအခြေခံပြီး အချိန်ကန့်သတ်ချက်ရှိပါက သူမသည် သေခြင်းကိုသာ စောင့်မျှော်နေရမည်ဖြစ်သည်။

သူမသည် အခြားသူတစ်ဦးဦး၏ ကျောပေါ်တွင် သယ်ခံရခြင်းကို မျှော်လင့်၍ မရတော့ပေ။

မြေပြင်သည် ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေပြီး အကယ်၍ ရှန်မိုက သူမကို ကျောပေါ်တွင် သယ်ပါက နှစ်ဦးစလုံး သေသွားနိုင်သည်။

“အခု ဂိမ်းရဲ့ စည်းမျဉ်းများကို မိတ်ဆက်ပေးပါမယ်။ အားလုံး သေချာနားထောင်ပါ။ တစ်ကြိမ်သာ ပြောပါမယ်။ စည်းမျဉ်းတွေကို မမှတ်မိရင် အလွယ်တကူ သေဆုံးနိုင်ပါတယ်”

“အိုး” ဟူသော အဆုံးသတ်အသံကို အလွန်ကြာရှည်စွာ ဆွဲထားသည်။

ဤကလေး၏ ကလေးဆန်သော အသံသည် လူတို့၏ သွားများကို ကိုက်ခဲစေသော်လည်း မည်သူမျှ ဂရုမစိုက်ကြတော့ပေ။ ထိုအချိန်တွင် သူတို့သည် စိတ်လှုပ်ရှားနေပြီး ရွှေဘောလုံး၏ စည်းမျဉ်းများကို တစ်လုံးချင်းစီ နားထောင်နေကြသည်။

သူသည် မိမိကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။

ရွှေဘောလုံးသည် အလင်းထဲတွင် တလက်လက်တောက်ပလာသည်။

“မြင်လား။ ဒီမှာ ရွှေဘောလုံးတစ်လုံးရှိတယ်။ ဘောလုံးကို ဘယ်နေရာ၊ ဘယ်ထောင့်ကနေ ဘယ်အားနဲ့မဆို ပစ်လိုက်မယ်။ မင်းတို့ရဲ့တာဝန်က ၂၀ စက္ကန့်အတွင်း ငါ့ကိုရှာဖို့ပါ။”

ရွှေဘောလုံးက ဂုဏ်ယူစွာဖြင့် “တစ်ယောက်ယောက် ဘောလုံးကိုရှာနိုင်ရင် အားလုံးအဆင့်တက်နိုင်မယ်။ လွယ်တယ်မလား။ ရိုးရှင်းပြီး ပျော်စရာကောင်းတယ်။ အခြားစစ်ဆေးရေးမှူးရဲ့ဂိမ်းတွေထက် ပိုကောင်းတယ်မလား။”

“ရှာတွေ့တယ်လို့ ဘယ်လိုသတ်မှတ်မလဲ။” တန်ရှောင်သည် မကြောက်တရားနှင့် မွေးဖွားလာသော နွားကလေးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။ သူကထပြီး မေးသည်။ “ကိုယ့်မျက်စိနဲ့ကိုယ်မြင်ရင် ရှာတွေ့တယ်လို့ ယူဆလို့ရမလား။”

“မရဘူး။” ရွှေဘောလုံးသည် လေထဲတွင် ဘယ်ညာယိမ်းပြီး လူတစ်ဦး ခေါင်းညိတ်သည့် လှုပ်ရှားမှုကို တုပသည်။ “ရွှေဘောလုံးကို ရှာဖွေတွေ့ရှိခြင်းအတွက် အချက် ၂ ချက်ရှိတယ်။

ပထမ၊ မင်းရဲ့လက်တွေက ဘောလုံးကို ထိရမယ်။

ဒုတိယ၊ ဘောလုံးက ငြိမ်နေရမယ်။”

သူသည် ပိုမိုမြင့်တက်လာပြီး “အားလုံးနားလည်လွယ်အောင် ပထမဆုံးအကြိမ် သရုပ်ပြပေးမယ်။”

………….

အခန်း (၃၀) သရုပ်ပြမှု

ရွှေဘောလုံးသည် ဂူအတွင်း၌ အရှေ့၊ အနောက်၊ အထက်၊ အောက်သို့ ပျံသန်းနေသည်။ တူတူပုန်းတမ်းကစားရန် အကောင်းဆုံးနေရာကို ရှာနေသော ကလေးတစ်ဦးကဲ့သို့ဖြစ်သည်။

အလွန်ကလေးဆန်လွန်းသည်။

ပိုင်ယို့ဝေသည် ကလေးကွက်များကို အမြင်ရှိသည်။

ယခင်က ယုန်ခေါင်းလူသားနှင့်ဖြစ်ခဲ့သော အဖြစ်အပျက်ကလည်း သူမကို လှောင်ပြောင်သရော်မှုတစ်ခုဟု ခံစားရစေခဲ့သော်လည်း သူသည် အနည်းဆုံး တည်ငြိမ်ပြီး အေးဆေးနေခဲ့သည်။ သူ၏စကားလုံးများနှင့် အပြုအမူများတွင် စနစ်တကျညွှန်ကြားချက်များ ပါဝင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်။ အပိုစကားလုံးတစ်လုံးတစ်လဲမျှ မပါဝင်ဘဲ ခံစားချက်များကိုလည်း လုံးဝမဖော်ပြခဲ့ပေ။

သို့သော် ယခု ဤရွှေဘောလုံးကရော။

အသက်နှင့်သက်ဆိုင်သော ယခုအခြေအနေတွင် ဤကဲ့သို့သောအရာမျိုး ပေါ်လာခြင်းသည် တကယ်ပင် မနှစ်မြို့ဖွယ်ဖြစ်သည်။

ဘေးနားမှ ရှန်မိုက သူမအား တိုးတိုးပြောသည်။ “ကစားနည်းက ရိုးရှင်းပုံရတယ်။ တစ်ယောက်က ဘောလုံးကိုရှာနိုင်ပြီဆိုတာနဲ့ ကစားပွဲပြီးသွားမယ်။ ဒါပေမယ့် လမ်းပေါ်မှာ အရုပ်တွေ အများကြီးတွေ့ခဲ့တယ်”

တစ်နည်းအားဖြင့် ထိုလူအားလုံးသည် ဤကစားပွဲတွင် သေဆုံးခဲ့ကြသည်။

အကယ်၍ ကစားနည်းက အလွန်ရိုးရှင်းပါက အဘယ်ကြောင့် လူများစွာ သေဆုံးရသနည်း။

ပိုင်ယို့ဝေသည် နှုတ်ခမ်းကို ကွေးကာ သဘောမတူပေ။ “ယုန်နဲ့ အပြေးပြိုင်တုန်းကလည်း ဒီလောက်ခက်မယ်မထင်ရပါဘူး။”

နောက်ဆုံးမှာတော့ လူတွေ အများကြီး သေဆုံးသွားရတာမဟုတ်လား။

ရှန်မိုသည် ခဏတိတ်ဆိတ်နေပြီး သူမကို မေးသည်။ “ဒီယုန်ကို သုံးလို့ရလား”

ပိုင်ယို့ဝေသည် သူ့ကိုကြည့်ပြီး ချက်ချင်းမဖြေဘဲ ချစ်စရာယုန်ရုပ်ကလေး၏ နားရွက်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သူမ အားစိုက်ပွတ်သပ်လေလေ ရွှံ့နှင့်ရေများ ကျလာလေလေဖြစ်သည်။

“မသုံးရဲဘူး” သူမက တိုးတိုးလေးပြောသည်။

ယုန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိမရှိကို မဆိုနှင့်ဦး ရွှံ့နှင့်ရေများဖြင့် စိုစွတ်နေသော ဤပတ်ဝန်းကျင်တွင် သူမ မသုံးရဲပေ။ လျှပ်စစ်စီးခြင်းသည် ကစားသမားအားလုံးကို မီးလောင်သွားစေနိုင်မည်မဟုတ်ကြောင်း ဘယ်သူအာမခံနိုင်မည်နည်း။

သူမသည် အခြားသူများ အသက်ရှင်မရှင်ကို ဂရုမစိုက်သော်လည်း ရှန်မိုမှာမူ အသက်ရှင်ရမည်။

ရှန်မိုသည် ထိုသို့မြင်သောအခါ နောက်ထပ်ဘာမှမပြောတော့ဘဲ သူမအား တိုးတိုးလေးပြောသည်”သေနတ်ကို ကိုင်ထား”

ပိုင်ယို့ဝေသည် နာခံစွာဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့”

တကယ်တော့ ဤကဲ့သို့သောနေရာတွင် သေနတ်သည် အသုံးမဝင်ပေ။ သို့သော် ဘာမှမရှိခြင်းထက် ပိုကောင်းပြီး အနည်းဆုံး အားကိုးစရာတစ်ခုတော့ဖြစ်သည်။

ရှန်မိုသည် ပိုင်ယို့ဝေ၏ ခေါက်လို့ရသော သစ်သီးလှီးဓားကို သူ၏ခါးနောက်တွင် ထားလိုက်သည်။

“ကစားပွဲထဲရောက်ပြီးတဲ့နောက် ငါ့ဆီမှာရှိတဲ့ စစ်သုံးဓားပျောက်သွားတယ်” သူက အေးဆေးစွာပြောသည်။ “သိသာထင်ရှားတဲ့ လက်နက်တွေကို ဒီကစားပွဲက တားမြစ်ထားပုံရတယ်။”

“ပွဲကြီးကြပ်သူက ကစားပွဲကိုအဆင်ပြေစွာ ဖြစ်မြောက်အောင် လုပ်ရမယ်တဲ့လေ” ပိုင်ယို့ဝေက သရော်သံနှင့် ပြုံးလိုက်သည်။

အရင်ဆုံး ကစားသမားများ၏ လုံခြုံရေးကို အသေးစိတ်ဂရုစိုက်ပြီး နောက်ပိုင်းတွင် ကစားသမားများ၏ အသက်ကို ရက်စက်စွာ သိမ်းယူသည်။ ကစားပွဲ၏ အမည်အတိုင်းပင် - အရုပ်ကစားပွဲ။ ဝင်ရောက်လာသူအားလုံးသည် ကစားပွဲအတွင်းရှိ အရုပ်များဖြစ်ပြီး အခွင့်အရေး၊ ပင်ကိုယ်စရိုက်၊ လွတ်လပ်မှုလုံးဝမရှိပေ။

“အိုကေ။ ဒီနေရာကို ရွေးမယ်။” ကလေးသံကဲ့သို့ကြည်လင်သောအသံ ထပ်မံကြားလာရသည်။

အချိန်အတော်ကြာ မဆုံးဖြတ်နိုင်ခဲ့ပြီးနောက် ရွှေဘောလုံးသည် နောက်ဆုံးတွင် တစ်နေရာကို ရွေးချယ်လိုက်သည်။

လူတိုင်း၏ နှလုံးသားများက ခုန်လာခဲ့သည်။

ရွှေဘောလုံးသည် သက်လတ်ပိုင်းအရွယ် ဝဖြိုးသောလူတစ်ဦး၏ ခေါင်းပေါ်တွင် မျောနေပြီး ဂူ၏အမိုးနှင့် ရွှံ့အိုင်ကြားတွင် နေရာယူထားသည်။

“အားလုံး သေချာကြည့်ပါ။ သရုပ်ပြပြီးရင် ကစားပွဲတရားဝင်စတင်မယ်။ သတိရပါ။ ဘောလုံးကိုရှာဖို့ အချိန် ၂၀ စက္ကန့်သာရှိပါတယ်” ရွှေဘောလုံးက အသံမြှင့်ကာ ပြောသည်။ “ ဘောလုံးကိုပစ်ပါမယ်...”

လူတိုင်း၏ မျက်လုံးများသည် ဘောလုံးပေါ်သို့ စူးစိုက်သွားသည်။

ဘောင်း

ဘောလုံးသည် အရိပ်တစ်ခုကို ချန်ထားခဲ့သည်။

ဘောလုံးသည် မယုံနိုင်လောက်သော အရှိန်နှင့် အားဖြင့် ရွှံ့အိုင်ထဲသို့ ဝင်တိုက်မိပြီး ရေများကို နှစ်သုံးမီတာအထိ မြင့်တက်စေခဲ့သည်။

လူတိုင်း၏ မျက်နှာများ ချက်ချင်း ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ဘောလုံးလည်း မရပ်သေးပေ။

တိုက်မိပြီးနောက် အမြင့်သို့ ပြန်ခုန်တက်ကာ မာကျောသော ကျောက်နံရံကို ထပ်မံတိုက်မိပြီး သတ္တု၏ တုန်ခါသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။

ဘောင်း ဘောင်း ဘောင်း ဘောင်း

အဆက်မပြတ် ခုန်ထွက်နေသည်။

ရေနှင့်ရွှံ့များကို ပက်ဖြန်းသံများသည် နားမဆံ့အောင် ကျယ်လောင်နေပြီး တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ထွက်လာသော ဘောလုံးသည် တောင်ပေါ်မှ ကျလာသော ကျောက်တုံးကြီးကဲ့သို့ အားပြင်းစွာ ဝင်ရောက်လာသည်။

“အား!!!!”

အသက်ငယ်ငယ် အမျိုးသမီးငယ်တစ်ဦးက အော်ဟစ်ငိုကြွေးပြီး ခရုခွံပေါ်မှ လိမ့်ကျသွားသည်။ ရွှေဘောလုံးသည် သူမ၏ခေါင်းကို တိုက်မိမလိုဖြစ်သွားကာ နောက်ထပ်ခရုခွံတစ်ခုကို ဝင်တိုက်ပြီး ဘယ်နေရာကိုမှန်း မသိ ခုန်ထွက်သွားသည်။ တစ်ဂူလုံး တဒုန်းဒုန်းမြည်သံများနှင့် ပြည့်နှက်နေပြီး အသံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

အရာအားလုံး ငြိမ်သက်သွားသည်အထိ စောင့်နေသည်...

ဂူအတွင်းရှိ မြင်ကွင်းသည် အလုံးစုံ ပြောင်းလဲသွားပြီဖြစ်သည်။

ဖျော်ရည်ညှစ်စက် ပေါက်ကွဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။

All Chapters