အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အခန်း (၃၇) အနည်းငယ်ပိုမြင့်သည်
သူမသည် နောက်ဆုံးတွင် သူမစိတ်လှုပ်ရှားရခြင်း၏ အကြောင်းအရင်းကို နားလည်သွားသည်။
ယခုလိုပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ဂိမ်းတွင် သူမသည် သူမ၏နှလုံးခုန်သံကို ဖိနှိပ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်... အဘယ်ကြောင့်ဆိုသော် သူမသည် ယခုနေရာတွင် မသန်စွမ်းသူတစ်ဦး မဟုတ်တော့ပေ။ တစ်နည်းအားဖြင့် သူမသည် သူတို့နှင့် တူညီပြီး တန်းတူဖြစ်နေသောကြောင့်ဖြစ်သည်။
သူတို့ထက် အနည်းငယ်ပင် ပိုမြင့်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် အဆင့်တက်ရန် နည်းလမ်းကို အနည်းငယ် သိရှိပြီးဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိုးမပြေသော လူငယ်လေးများသည် အပြင်လောကတွင် ခွဲခြားဆက်ဆံခံရကာ လျစ်လျူရှုခံရပြီး သူတို့၏ဖြစ်တည်မှုကိုပင်မသိ သူတို့၏အမြင်များကိုလည်းပြောပိုင်ခွင့်မရှိသကဲ့သို့ ပါးစပ်ပိတ်နေရသော်လည်း ယခုလိုအိပ်မက်ဆိုးကဲ့သို့သော ဂိမ်းတစ်ခုတွင် အရေးပါအရာရောက်နေသည်မှာ ထူးဆန်းလှသည်။
ပိုင်ယို့ဝေသည် ရုတ်တရက် ထိုလူဆိုးများ၏ မောက်မာမှုကို နားလည်သွားသည်။
ထိုအချိန်က သူတို့၏အပြုအမူသည် အလွန်ကိုမနှစ်မြို့ဖွယ်ဖြစ်သော်လည်း အာဏာကို ကိုင်စွဲထားရသည့် ခံစားချက်သည် အလွန်ကောင်းမွန်ပြီး ခံနိုင်ရည်ရှိသူသည် အနည်းငယ်သာရှိလောက်မည်ကို ဝန်ခံရမည်ဖြစ်သည်။
သူမသည် အောက်ကိုငုံ့ကာ လက်ဖဝါးကို ကြည့်ပြီး ဖြည်းဖြည်း လက်သီးဆုပ်လိုက်ကာ တဖြည်းဖြည်း ပြန်ဖြန့်လိုက်သည်။
အထဲတွင် ဘာမျှမရှိပေ။ သူမသည် ထုံထိုင်းစွာ စိုက်ကြည့်နေသည်။
ကြောင်အနေစဉ်တွင်ပင် ရှန်မိုနှင့် တန်ရှောင်တို့ ပြန်ရောက်လာခဲ့သည်။
နှစ်ဦးစလုံးသည် ရွှံ့များဖြင့် ပေကျံနေပြီး ဆံပင်များပေါ်တွင် ရွှံ့အလွှာလွှာရှိနေကာ ရှုပ်ပွပြီး ပင်ပန်းနွမ်းနယ်နေရင်း မျက်နှာမှာလည်း တည်လို့နေသည်။
တန်ရှောင်သည် ဂရုမစိုက် အလေးမထားတတ်သော လူတစ်ဦးဖြစ်သော်လည်း ပြောင်စပ်စပ်မျက်နှာကို ဖယ်ရှားပြီး ရှန်မိုကို စိုးရိမ်သောအသံဖြင့် ပြောသည်။ “ကျွတ် ပေးထားတဲ့အချိန်က တိုလွန်းတယ်။ ၂၀ စက္ကန့်ဆိုတာ ဘာလုပ်လို့လောက်မှာလဲ။ သေးပေါက်ဖို့တောင် မလောက်ဘူး။ အပေါက်တစ်ပေါက်တူးလိုက်တာနဲ့ အချိန်ကုန်သွားတယ်”
ရှန်မိုသည် ဘာမျှမပြောဘဲ ပိုင်ယို့ဝေ၏ခြေထောက်များကို စစ်ဆေးပြီး သူမအဆင်ပြေကြောင်း သေချာပြီးနောက် တန်ရှောင်ဘက်သို့ လှည့်ကာ ပြောသည်။ “၃ မိနစ်”
တန်ရှောင်သည် မျက်တောင်ခတ်ကာ ရှုပ်ထွေးနေဟန်ရှိသည်။ “...ဟမ်? ၃ မိနစ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
“သူပြောနေတာက ဖားရဲ့အချိန်ကို ပြောတာပါ”
အခြားတစ်ဖက်မှ တစ်စုံတစ်ဦးက တုံ့ပြန်လိုက်သည်။ ယခင်ကခေါင်းဆောင်ဖြစ်သူ ကျန်းဟွာဖြစ်သည်။
သူသည် ခရုခွံထဲမှ ထွက်လာပြီး ခရုနှင့်မှီကာ အသက်ရှူမဝဖြစ်နေသည်။ သူက မျက်နှာသေနှင့်ပြောသည်။ “ဖားပေါ်လာချိန်ကနေ ထွက်သွားချိန်အထိ စုစုပေါင်း ၃ မိနစ် ၁၅ စက္ကန့်ကြာတယ်။ ရွှံ့တွေကို လှန်ပစ်တဲ့ဖြစ်စဉ်ကို ဖယ်ထုတ်လိုက်ရင် ၃ မိနစ်ပဲ ကြာတယ်”
ဂိမ်းကို တစ်ကြိမ်ကျော်ဖြတ်နိုင်သူများသည် အထူးအရည်အချင်းများ ရှိဟန်ရှိသည်။ ကျန်းဟွာသည် နံပါတ်များနှင့် အချိန်ကို အထူးအာရုံခံနိုင်ပုံရသည်။
တန်ရှောင်သည် နားလည်သွားပြီး ရုတ်တရက် သတိထားမိသွားသည်။ “ဒါဆို ၃ မိနစ်လောက် အသက်ရှင်နိုင်ရင် နောက်အဆင့်ကို ရောက်နိုင်တာလား”
ရှန်မိုက သူ့ကိုကြည့်ပြီး သူပြောတာကို အမှန်ပြင်ပေးလိုက်သည်။ “နောက်အဆင့်ကို ရောက်အောင် တောင့်ခံနေရတာက အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် ဖားကို သတ်ဖို့ ၃ မိနစ်ရှိတယ်”
တန်ရှောင်၏မျက်လုံးများ ကျယ်လာသည်။ “သ...သ သတ်မယ်ဆိုတာ ဖားကိုလား”
ကျန်းဟွာလည်း အံ့အားသင့်သွားသည်။
“ညီအစ်ကို၊ နောက်နေတာလား” တန်ရှောင်က မယုံကြည်နိုင်ဘဲ အံ့အားသင့်စွာ ကြည့်နေသည်။ “အဲဒီဟာကြီးက အဆောက်အဦးတစ်ခုလောက်ကြီးတယ်။ ကျွန်တော်တို့ ဘယ်လိုသတ်မှာလဲ”
ရှန်မို၏ လက်ထဲတွင် ခေါက်ထားသော သစ်သီးဓားတစ်ချောင်းရှိသည်။ သူသည် ဓားကိုဖွင့်ပြီး ရွှံ့နှင့်ရေများကို အေးဆေးစွာ သုတ်လိုက်ကာ “၂၀ စက္ကန့်က တိုလွန်းတယ်။ ဘောလုံးရဲ့အကွာအဝေးကို သိနိုင်ရင်တောင် ၂၀ စက္ကန့်က အပေါက်ဆယ်ခုကျော်ထဲက ရွှေဘောလုံးကို ရှာဖို့ မလောက်ဘူး။ ဒီအချိန်ကန့်သတ်ချက်က ဖားကသတ်မှတ်ထားတာ။ ဖားကိုသတ်နိုင်ရင် ရွှေဘောလုံးကိုရှာဖို့ အချိန်ပိုရနိုင်မယ်”
သူတို့ရှေ့တွင် ရှိနေသော အချက်က ရက်စက်လှသည်။ အချိန်မလုံလောက်ပါ။
ဘောလုံးက အပေါက်ထဲမှာရှိသည်။
သို့သော် ရွှံ့ထဲတွင် လမ်းလျှောက်ခြင်း သို့မဟုတ် ရွှံ့ထဲတွင် ကုန်းပြီး တူးဖော်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။
ရှန်မို၏အတွေးသည် မဖြစ်နိုင်ဟုထင်ရသော်လည်း မှန်သည်။ ၂၀ စက္ကန့်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး သူတို့သည် အချိန်ပိုရရန် လိုအပ်သည်။
တန်ရှောင်၏ပါးစပ်သည် ပွင့်လာပြီး ပိတ်သွားကာ ထပ်မံပွင့်လာပြီး ရုန်းကန်နေရသည်။ နောက်ဆုံးတွင် သူသည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းပြီး ဆုံးဖြတ်ချက်ချထားဟန်ရှိသော မျက်နှာဖြင့် ပြောသည်။ “အိုကေ။ လုပ်ကြရအောင်။ သူ့ကို မကြောက်နဲ့”
ထိုစကားကိုကြားသောအခါ ရှန်မိုသည် သူ့ကို ထူးဆန်းစွာကြည့်ကာ “မင်းမှာ လက်နက်မရှိဘူး။ ဘောလုံးကိုရှာဖို့ပဲ တာဝန်ယူ။ ဖားကိုငါကိုင်မယ်”
တန်ရှောင်- “...”
အိုး စိတ်လှုပ်ရှားစရာပဲ။
ထိုအချိန်တွင် ရွှေဘောလုံးသည် ပြန်လည်ပေါ်လာပြီး လေထဲတွင် မျောနေကာ “လက်ရှိဂိမ်းက ရှုံးနိမ့်သွားပါပြီ။ ကစားသမား ၁၉ ဦးသာ ကျန်ရှိပါတယ်။ အခုတော့ ‘ဖား၏ ရွှေဘောလုံး’ ရဲ့ တတိယအကြိမ်ကို စတင်တော့မှာဖြစ်ပါတယ်။ အဆင်သင့်ပြင်ပါ။ ပြင်ဆင်ချိန် ၁ မိနစ်ရှိပါတယ်။ အချိန်ရေတွက်ခြင်း စတင်ပါပြီ။ ၅၉၊ ၅၈၊ ၅၇...”
…………….
အခန်း (၃၈) ရှန်မို၏ စီစဉ်မှု
အချိန်နောက်ပြန်ရေတွက်ခြင်း စတင်သည်နှင့်တပြိုင်နက် တန်ရှောင်သည် မကျေမနပ်ဖြစ်ကာ ဆဲဆိုလိုက်မိသည်။
ကျန်းဟွာသည် ရှန်မိုနှင့် တန်ရှောင်ကို တွေးတွေးဆဆနှင့် ကြည့်ပြီး ဘာမျှမပြောဘဲ ခေါင်းငုံ့ကာ ခရုခွံထဲသို့ ပြန်ဝင်သွားသည်။
ဒုတိယအကြိမ်တွင် လူ ၁၉ ဦးရှိပြီး မည်သူမျှ သေဆုံးခြင်းမရှိခဲ့ပေ။
ယခု တတိယအကြိမ် စတင်တော့မည်ဖြစ်သော်လည်း ရှန်မိုနှင့် တန်ရှောင်နှစ်ဦးသာ အသက်စွန့်ရန် ဆန္ဒရှိကြပြီး အခြားသူများမှာ ခရုခွံများထဲတွင် ပုန်းအောင်းနေကြသည်။
ရွှေဘောလုံးကို မတွေ့သေးသရွေ့ ဖားအစားမခံရသည့်တိုင်အောင် ဤနေရာတွင် အမြဲတမ်းပိတ်မိနေမည်ကို သူတို့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိကြသည်။
လူတိုင်းသိကြသည်။
သို့သော် မည်သူမျှ မထွက်ရဲကြပေ။
ဆံပင်ဖြူဖြူဖြင့် အဖိုးသည် ခရုခွံထဲမှ ထွက်လာပြီးနောက် ပိန်လှီသော ခန္ဓာကိုယ်သည် ရွှံ့ထဲသို့ ကျသွားကာ နံစော်လှသောရွှံ့များဖြင့် ပါးစပ်ပြည့်သွားတော့သည်။
သူသည် အလျင်အမြန် ချောင်းဆိုးပြီး လူတိုင်းကို ထပ်မံအော်ဟစ်ပြန်သည်။ “စိတ်မပျက်ပါနဲ့! အဟွတ် အဟွတ်... ငါတို့ ၁၉ ယောက်ရှိတယ်။ တစ်ယောက်ကိုအပေါက်တစ်ပေါက်ရှာရင် ၁၉ ပေါက်ရမယ်။ ရွှေဘောလုံးကိုရှာတွေ့ဖို့ အခွင့်အလမ်းအရမ်းများတယ်! အဟွတ် အဟွတ်...”
တန်ရှောင်က ဆဲဆိုလိုက်သည်။ “အဖိုး၊ ထပ်ပြီးသေချင်နေတာလား။ မြန်မြန်ပြန်ဝင်!”
ဆရာချန်းက အသံအကျယ်ဆုံးဖြင့် အော်ဟစ်လိုက်သည်။ “လူတစ်ယောက်ပိုရှိရင် အားတစ်ခုပိုရမယ်။ ငါတို့ကို ခြိမ်းခြောက်လို့မရဘူး။ စည်းလုံးရင် မျှော်လင့်ချက်တွေ့မယ်!!!”
တန်ရှောင်သည် မျက်ခုံးများပင့်ကာ လျှောက်သွားပြီး ဆရာချန်းကို ဒေါသထွက်ကာ ခရုခွံထဲသို့ တွန်းသွင်းလိုက်သည်။
“အဖိုး ဘာဖြစ်နေတာလဲ။ ဒုက္ခမပေးနဲ့တော့။အခုချက်ချင်းဝင်ပါ! ဝင် ဝင် ဝင်!...”
ချန်းဝေခိုင်က ငြင်းဆိုကာ ခရုခွံကို ကိုင်ပြီး တန်ရှောင်ကိုပြောသည်။ “တန်ရှောင်။ လူတိုင်းသေရမှာပဲ။ ငါကအဖိုးကြီး၊ ငါသေရင် မနစ်နာဘူး။ ဒါပေမယ့် မင်းတို့သေဖို့ ငါထိုင်စောင့်မနေနိုင်ဘူး။ ငါတို့မှာ လူတွေအများကြီးရှိတယ်။ အခွင့်အရေးလည်းရှိတယ်။ အမြန်လုပ်ရမယ်။ ဒီမှာအချိန်ကြာလာရင် ပင်ပန်းပြီး ဗိုက်ဆာလာမယ်။ အိပ်ငိုက်ပြီး အားမရှိတော့ရင် ထွက်မရတော့ဘူး”
အဖိုးသည် အသက်ကြီးသော်လည်း အတွေးအခေါ်ရှင်းလင်းသည်။
တန်ရှောင်သည် ခေါင်းကိုက်လာတော့သည်။
သူသည် ငြင်းခုံရခြင်းကို မကြောက်သလို ရန်ဖြစ်ရခြင်းကိုလည်း မကြောက်သော်လည်း အခြားသူများက အကြောင်းပြချက်များပေးနေခြင်းကို ကြောက်သည်။ အထူးသဖြင့် ဆရာတစ်ဦးဖြစ်ပြီး အကြောင်းပြစရာများစွာရှိသည့်အခါပင်ဖြစ်သည်။ သူပင် ပြန်မပြောနိုင်တော့ပေ။
ဆရာချန်းက ထပ်ပြောသည်။ “ဒီနေရာက ပူပြီး စိုထိုင်းတယ်။ အနံ့ဆိုးတယ်။ အချိန်ကြာလာရင် မကောင်းတာတွေဖြစ်လာမယ်။ ခရုတွေမှာ ကပ်ပါးကောင်ဘယ်နှစ်မျိုးရှိလဲဆိုတာ မင်းသိလား။ ကပ်ပါးကောင်တွေက ဘယ်လောက်ဆိုးရွားတဲ့ရောဂါတွေဖြစ်စေနိုင်လဲဆိုတာ မင်းသိလား။ ကပ်ပါးကောင်တွေကူးစက်ခံရရင် လူတွေဘယ်လောက်ဒုက္ခရောက်မလဲဆိုတာ မင်းသိလား။ ငါတို့ ခရုခွံတွေထဲမှာ ပုန်းပြီး သေဖို့စောင့်မနေနိုင်ဘူး!”
ဆရာချန်း၏စကားကို တကယ်နားလည်သဘောပေါက်၍လား ဒါမှမဟုတ် ကပ်ပါးကောင်ဆိုသည့်စကားလုံးကို ကြောက်၍လား မသိပါ။ လူအချို့သည် ခရုခွံများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်များနှင့် အစ်ကိုဟွာဦးဆောင်သော လူဆိုးအုပ်စုလည်း ပါဝင်သည်။
တစ်ဦးက ပြောသည်။ “ငါတို့သေချင်လို့မဟုတ်ပါဘူး၊ ဘောလုံးက အရမ်းမြန်ပြီး အပေါက်တွေအများကြီးဖြစ်သွားတော့ ရှာမတွေ့တာပါ”
သေချင်သည်မဟုတ်ကြောင်း ရှင်းပြခြင်းဖြင့် လူတိုင်း အရှက်မရစေရန် ကူညီပေးခြင်းဖြစ်သည်။
ရှန်မိုက အေးဆေးစွာပြောသည်။ “ငါ ရွှေဘောလုံးရဲ့ နောက်ဆုံးရပ်မဲ့နေရာကို အတတ်နိုင်ဆုံးရှာမယ်။ မင်းတို့ အနီးအနားမှာ ရှာရင် အခွင့်အလမ်းပိုများမယ်။ ၂၀ စက္ကန့်ပြည့်ရင် ဘောလုံးရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ လူတိုင်း ခရုခွံတွေထဲမှာ ပုန်းရမယ်”
ဤနည်းဖြင့် အောင်မြင်မှုကို သေချာစေနိုင်သည်။
ဘောလုံးကိုရှာပြီး အတူတူအဆင့်တက်ကြမည်။
ဘောလုံးကိုမတွေ့ပါက ခရုခွံထဲပုန်းအောင်းခြင်းဖြင့် အသက်ဆက်ရှင်နိုင်သည်။
ဖားများထွက်သွားသည်ကို စောင့်မျှော်နေရုံဖြင့် နောက်ထပ်အဆင့်အတွက် မျှော်လင့်ချက်ရှိနေသေးသည်။
လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကြည့်ပြီး ရှန်မို၏စီစဉ်မှုကို သဘောတူညီကြသည်။
အထက်မှ ရွှေဘောလုံးသည် အောက်ရှိလူများ၏စကားဝိုင်းကို ဂရုမစိုက်ဟန်ရှိပြီး စိတ်ဝင်စားစွာဖြင့် အချိန်ကို ဆက်လက်ရေတွက်နေသည်။ “...၅၊ ၄၊ ၃၊ ၂၊ ၁။ ဟားဟား~ ဂိမ်းစတင်ပါပြီ”
ပိုင်ယို့ဝေကို ရှန်မိုက ခရုခွံထဲသို့ ထည့်ပြီးသားဖြစ်သည်။
သူမသည် ခရုခွံအတွင်း၌ တိတ်တဆိတ် ကွေးထိုင်နေပြီး အတွင်းနံရံကို လက်ဖဝါးဖြင့် ပွတ်သပ်ကာ တဖန်ပြန်လည်တုန်ခါမှုများကို ခံစားရင်း စိတ်သည် ပို၍ပို၍ အေးချမ်းလာသည်...
သူ့ကို ပြောပြရမလား တွေဝေနေမိသည်။
…………
အခန်း (၃၉) ၄၇ စက္ကန့်
ရွှေဘောလုံးသည် ဂူအတွင်း၌ အပြင်းအထန် တိုက်ခိုက်နေသည်။
ရွှံ့နှင့်ရေများသည် မျက်လုံးများကို မမြင်နိုင်အောင်လုပ်ကာ ပဲ့တင်သံများသည် အကြားအာရုံကို အနှောင့်အယှက်ဖြစ်စေသည်။
ရှန်မိုသည် ရွှေဘောလုံးကို နီးကပ်စွာ လိုက်သွားပြီး ရွှေဘောလုံး၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန် နေရာအမြဲပြောင်းနေသည်။ သူသည် ရှေ့တွင် ရေလှိုင်းကြီးတစ်ခုကို မြင်လိုက်ပြီး ရွှေဘောလုံးသည် နောက်တစ်ကြိမ် ပြန်မခုန်တော့သည်ကို သတိထားမိသောအခါ အလျင်အမြန်ပြေးသွားသည်။
“ရပ်သွားပြီ! ဒီဘက်မှာ!”
လူတိုင်းသည် လက်နှင့်ခြေများကို အသုံးပြုကာ ခရုခွံများထဲမှ ထွက်ပြေးလာပြီး ရှန်မိုသွားသောနေရာသို့ ပြေးသွားကြသည်။ ထို့နောက် နှစ်ခါမတွေးဘဲ ရွှံ့အိုင်ထဲတွင် အသည်းအသန် တူးဖော်ကြသည်။
မြင်ကွင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ရယ်စရာကောင်းလှသည်။
ပိုင်ယို့ဝေသည် ခရုခွံထဲမှ တဖြည်းဖြည်း ထွက်လာပြီး အေးဆေးစွာ ကြည့်နေသည်။ သူမသည် အချို့သော လျှို့ဝှက်ချက်များကို နည်းနည်းသိရှိသွားပြီဖြစ်သောကြောင့် မသိစိတ်တွင် အေးဆေးတည်ငြိမ်မှုနှင့် အေးချမ်းမှုတို့ ရှိနေပြီး သေခြင်းနှင့် ရှင်ခြင်းတရားတို့၏အထက် သာလွန်မှုခံစားချက်ကို စတင်ခံစားနေရသည်။
အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
အလွန်စွဲလမ်းစရာကောင်းသည်။
အထူးသဖြင့် ထိုလူသည် ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ်နေပြီး ကျယ်ပြန့်သောပခုံး၊ သန်မာသောကျောပြင် ကျဉ်းမြောင်းသောခါးနှင့် ရွှံ့စိုနေသော ဖြောင့်တန်းအားကောင်းသည့် ခြေထောက်များကို မြင်ရသည်မှာ...
ပို၍ပို၍ ကြည့်ကောင်းလာသည်။
ယောက်ျားပီသခြင်းသည်လည်း တစ်မျိုးပါဝင်သလို အသက်အန္တရာယ်ရှိသော အခြေအနေများတွင် မိမိ၏ဩဇာလွှမ်းမိုးမှုကို ပြသနိုင်ခြင်းသည် နောက်ထပ် ဆွဲဆောင်မှုတစ်မျိုးဖြစ်သည်။ ရှန်မိုတွင် နှစ်မျိုးလုံးရှိသည်။
ပိုင်ယို့ဝေသည် သူမ၏စိတ်သည် တကယ်ပင် အနည်းငယ်မူမမှန်ကြောင်း ခံစားမိသည်။ သို့မဟုတ်ပါက ယခုအချိန်တွင် ထိုကဲ့သို့သော အရေးမကြီးသည့်အရာများကို စဉ်းစားနေမည်မဟုတ်ပေ။
ထို့နောက် သူမတွေးမိသည် : ကမ္ဘာတောင်ပျက်တော့မှာပဲမလား။ နည်းနည်းလောက်မူမမှန်တာက ခွင့်လွှတ်ပေးလို့ရတယ်မလား။
သူမ စိတ်သက်သာရာရပြန်သည်။
“ဂိမ်းကိုဘယ်လိုအနိုင်ရမလဲဆိုတာ သိလား”
ရုတ်တရက် တစ်ဖက်မှ အသံတစ်ခု ကြားလာရသည်။ တိုးဖျော့ အေးစက်သောအသံဖြစ်သည်။
ပိုင်ယို့ဝေသည် အသံ၏လာရာဘက်သို့ ကြည့်လိုက်ရာ ကျန်းဟွာသည် ခရုခွံဘေးတွင် ထိုင်နေပြီး သူမကို အာရုံစိုက်ကြည့်နေသည်ကို တွေ့ရသည်။ သူ၏မျက်မှန်ပေါ်တွင် အဖြူရောင်အလင်းများ ပြန်ဟပ်နေပြီး အေးစက်နေပုံရသည်။
ပိုင်ယို့ဝေသည် စဉ်းစားပြီး သူ့ကိုမေးသည်။ “ရှင်သိလို့လား”
ကျန်းဟွာသည် ခေါင်းအနည်းငယ်မော့ကာ မဝေးလှသောနေရာတွင် ဘောလုံးကိုကြိုးစားရှာဖွေနေသူများကို ကြည့်နေသည်။ သူ၏ထုံထိုင်းသောမျက်နှာသည် မှောင်မိုက်နေဟန်ရှိသည်။
“ငါတို့ကနည်းလမ်းတွေ မတူဘူး” သူကပြောသည်။
ပိုင်ယို့ဝေသည် စူးစမ်းလိုစိတ်ဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။ “အိုး ရှင့်နည်းလမ်းက ဘာလဲ”
ထို့အပြင် သူမတွေးနေသည့်နည်းလမ်းနှင့် မတူကြောင်း ဘယ်လိုသေချာနိုင်မည်နည်း။
ကျန်းဟွာသည် နောက်ထပ်မပြောတော့ဘဲ လှည့်ပြီး ခရုခွံထဲသို့ ဝင်ကာ “ဖားလာပြီ၊ ကံကောင်းပါစေ”
၂၀ စက္ကန့်သည် အလွန်တိုတောင်းလွန်းသည်။ မျှော်လင့်ထားသည့်အတိုင်း ရွှေဘောလုံး၏အသံသည် ဂူထဲတွင် ကြားလာရသည်။
“ဖားတွေလာပြီ။ ပိုးမွှားတွေ ပုန်းပါ!”
စကားမပြီးဆုံးမီ ဘောလုံးကိုရှာနေသူများသည် အလျင်အမြန်ပြေးလွှားကာ အကာအကွယ်ရှာဖွေကြသည်။
သို့သော် ယခုအကြိမ်တွင် ဖားများသည် အလျင်အမြန်နှင့် အလောတကြီးလာနေသည်။
ဧရာမခန္ဓာကိုယ်ကြီးသည် တုန်ခါသွားပြီး ထွက်ပြေးနေသည့်သူကို လေထဲသို့ တွန်းတင်လိုက်ကာ ခန္ဓာကိုယ်ကို လေထဲသို့ ပစ်တင်ပြီး ရွှံ့များနှင့်အတူ ပြန်ကျစေသည်။
လေထဲတွင် ပြုတ်ကျနေစဉ် အနီရောင်တောက်သောလျှာဖြင့် ဖမ်းမိခံရပြီး မကောင်းဆိုးဝါး၏ပါးစပ်ထဲ ဝါးမျိုခံရတော့သည်။
ပိုင်ယို့ဝေသည် အလွန်အံ့အားသင့်သွားသည်။
သူမသည် ယခင်အဆင့်ကဲ့သို့ ဖားသည် ဖြည်းဖြည်းချင်းထွက်လာပြီး သင့်လျော်သော ပစ်မှတ်ကို ရှာဖွေမည်ဟု ထင်ထားသည်။ မျှော်လင့်မထားဘဲ ဤအကြိမ်တွင် သူသည် တစ်ဝက်မျှပင် မထွက်မီတွင် ပါးစပ်ကိုကျယ်ကျယ်ဟကာ လူများကို စားနေပြီဖြစ်သည်။
ဆရာချန်းသည် အဝေးမှ အော်လိုက်သည်။”မလှုပ်နဲ့။ ရွှံ့ထဲမှာ လှဲနေ။ ရွှံ့ထဲမှာ လှဲနေပြီး မလှုပ်နဲ့!!!”
ဖားများသည် လှုပ်ရှားမှုကို မြင်နိုင်သော သတ္တဝါများဖြစ်သည်။ မလှုပ်ဘဲနေပါက “အစာ” နှင့် “မြင်ကွင်း” ကို မခွဲခြားနိုင်ပေ။
ခရုခွံများထဲသို့ မဝင်နိုင်သူများသည် တစ်ယောက်ပြီးတစ်ယောက် လှဲချသွားပြီး သေဟန်ဆောင်ကာ သေဘေးမှ လွတ်မြောက်ရန် မျှော်လင့်ကြသည်။ သို့သော် လူတချို့၏ လဲကျသံသည် အလွန်ကျယ်လောင်ပြီး စင်သွားသောရေသည် သူတို့၏လမ်းကြောင်းကို ဖော်ပြလိုက်သဖြင့် ဖား၏ရှည်လျားသောလျှာဖြင့် ချက်ချင်းဖမ်းမိသွားသည်။
ပိုင်ယို့ဝေသည် မျက်ခုံးအနည်းငယ်ကျုံ့လိုက်သည်။
သူမသည် ရှန်မိုတစ်ယောက်ဟာ လှိုင်းနှင့် ဆန့်ကျင်ဘက်သို့ သွားနေသည်ကို မြင်လိုက်ရပြီး ကြောက်ရွံ့မှုဆိုတာကို ဘာမှန်းမသိသည့်အလား ဓားကိုကိုင်ကာ ဖား၏ရှေ့ခြေထောက်ကို အပြင်းအထန် ထိုးသွင်းလိုက်သည်။
ဖားသည် နာကျင်မှုကြောင့် တုန်လှုပ်သွားသည်။
သူသည် အခြေအနေကို အခွင့်ကောင်းယူကာ ဓားကိုဆွဲထုတ်ပြီး အားကိုအသုံးချကာ လှည့်ပြီး ဖား၏နောက်ကျောသို့ ခုန်တက်သွားကာ ဓားကို ထပ်မံထိုးသွင်းလိုက်သည်။
“ဂူး ဂူး——“
ရွှတ်
ဖား၏အသံနှင့် ထိုးဖြတ်သံတို့သည် တစ်ပြိုင်နက်တည်း ကြားလာရသည်။
ဖား၏သန်မာသော ခြေထောက်များသည် ခုန်တက်လာပြီး ရွှံ့များကတုန်ခါသွားကာ ဂူသည် လှိုင်းထန်သွားခဲ့သည်။
လှိုင်းများငြိမ်သွားသောအခါ ပိုင်ယို့ဝေသည် ရှန်မိုသည် ဖား၏အပေါ်တွင် ကိုယ်တစ်ဝက်ချိတ်ကျနေသည်ကို မြင်လိုက်ရသည်။ သူ၏လက်ထဲရှိ ဓားသည် ဖား၏အစိမ်းရောင် အရေပြားကို ဖြတ်သန်းသွားပြီး အတွင်းရှိ အသားဖြူများကို မြင်ရစေသည်။ သွေးတစ်စက်မျှမရှိဘဲ ဖား၏ခန္ဓာကိုယ်ပေါ်တွင် “1” ကို ရေးထားသကဲ့သို့ ဖြစ်နေသည်.
ဖားသည် အလွန်နာကျင်သွားသည်။ နှစ်ကြိမ်ခုန်ပြီးနောက် ရွှံ့ထဲသို့ အလျင်အမြန်ပြန်ဝင်သွားတော့သည်။
“၄၇ စက္ကန့်”
ပိုင်ယို့ဝေသည် ကျန်းဟွာ၏အသံကို မလှမ်းမကမ်းမှ ကြားလိုက်ရသည်။