အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အခန်း (၄၀) ထိုလူများ
ပြီးခဲ့သည့်အဆင့်တွင် ဖားပေါ်လာပြီး ထွက်ခွာသွားရန် စုစုပေါင်း ၃ မိနစ် ၁၅ စက္ကန့် ကြာခဲ့သည်။
ဤအကြိမ်တွင် ၄၇ စက္ကန့်သာ ကြာခဲ့သည်။
အချိန်သည် အဘယ်ကြောင့် တိုတောင်းသွားသနည်း။
ဖားသည်ဒဏ်ရာရသွားသောကြောင့် စောစောထွက်ခွာသွားခြင်းလား။ အကယ်၍ ထိုသို့ဖြစ်ပါက ရှန်မိုသည် လူတိုင်းအတွက် နှစ်မိနစ်ခွဲကြာ အသက်ရှူချိန်ရရှိစေနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
တိတ်ဆိတ်စွာ ခဏစောင့်ပြီးနောက် ဂူအတွင်းရှိ အေးခဲနေသော လေထုသည် အနည်းငယ်ပြေလျော့လာသည်။ ရွှံ့ထဲရှိလူများသည် ခေါင်းထောင်လာကြပြီး ခရုခွံများထဲရှိလူများသည် တဖြည်းဖြည်း ထွက်လာကြသည်။ လူတိုင်းသည် ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
အေးချမ်းသွားပြီဖြစ်သည်။
ဖားမရှိသလို ရွှေဘောလုံးလည်းမရှိပေ။
…သူတို့ဘေးကင်းပြီလား။
တန်ရှောင်သည် ပထမဆုံးထလာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ “ဘောလုံးဘယ်ရောက်သွားတာလဲ။ အခုရှာရင် ရသေးလား”
“ဖားက ရွှံ့ထဲဝင်သွားတဲ့အချိန်က ဘောလုံးကပါ မြုပ်သွားတယ်” အစ်ကိုဟွာဘေးရှိ လူငယ်တစ်ဦးက ပြောသည်။
တန်ရှောင်သည် သူ့ကိုမှတ်မိသည်။ ဤလူသည် အစ်ကိုဟွာကဲ့သို့ အရပ်ရှည်ပြီး ပိန်လှီကာ ခေါင်းသေး၊ နားရွက်ကြီး၊ လက်တံ ခြေတံရှည်သူဖြစ်သောကြောင့် မျောက်ဟု နာမည်ပြောင်ရှိသည်။
အရပ်ပုသူတစ်ဦးလည်းရှိပြီး ဆူးကောင်ဟု နာမည်ပြောင်ရှိသည်။
တန်ရှောင်သည် လည်ပင်းကို ဆန့်ကာ ကြည့်ပြီး မေးသည်။ “ပြဿနာကောင် ဘယ်ရောက်သွားလဲ”
အစ်ကိုဟွာနှင့် မျောက်၏မျက်နှာများမှာ ရုတ်တရက် မကောင်းဖြစ်သွားသည်။
တန်ရှောင်သည် နောက်ကျမှ သူမေးလိုက်သည့်မေးခွန်းသည် ရူးမိုက်သောမေးခွန်းဖြစ်ကြောင်း သတိထားမိပြီး သူ၏မျက်နှာသည် ခဏတာ တောင့်ခဲသွားသည်။
ဖားအစားခံရသည်မှလွဲ၍ ပျောက်သွားနိုင်သည့် အခြားအကြောင်း ဤနေရာတွင် ဘယ်မှာရှိမည်နည်း။
ဆူးကောင်တစ်ယောက်တည်းသာ စားခံရခြင်းမဟုတ်ပေ။
အလယ်အလတ် အမျိုးသမီးတစ်ဦးက ဝမ်းနည်းစွာငိုကြွေးလေသည်။ “ငါသိခဲ့ရင် ခရုခွံထဲက မထွက်ခဲ့ဘူး။ ဘောလုံးကို ဘာလို့ရှာရမှာလဲ။ အဲဒါကအသေခံလိုက်တာနဲ့ အတူတူပဲ... မင်းတို့ကို ဘောလုံးရှာဖို့ မကူညီခဲ့ရင် ငါ့ယောက်ျား မသေခဲ့ဘူး...”
အခြားတစ်ဖက်မှ ခပ်ဝဝလူကြီးကလည်း သဘောတူသည်။ “ဖားတွေက အရမ်းမြန်မြန်ထွက်လာတော့ ငါတို့ အချိန်မီ ပုန်းမရဘူး။ လူတိုင်းပူးပေါင်းဆောင်ရွက်ဖို့ ပြောတာက ကောင်းသလိုလိုနဲ့ တကယ်တော့ မင်းတို့သူရဲကောင်းလုပ်ချင်တာနဲ့ မင်းတို့အတွက် သက်ရှိပစ်မှတ်လုပ်ပေးလိုက်ရတာ”
ထိုအရာသည် တကယ်ပင် ရက်စက်လှသည်။
ပိုင်ယို့ဝေသည် မျက်ခုံးပင့်ကာ ထိုလူများကို မဲမှောင်သောမျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။
ဒီလူတွေ...
သူမဒုက္ခရောက်နေစဉ်က ထိုငကြောက်များသည် အိပ်ဟန်ဆောင်နေခဲ့ကြသည်။ ယခုနေရာတွင် သေခဲ့လျှင်တောင် ထိုက်တန်သည်။ သူတို့သည် အခြားသူများအပေါ် ဒေါသထွက်ရန် ဘယ်မှာအခွင့်အရေးရှိသနည်း။
“ခင်ဗျားတို့ခေါင်းထဲမှာ ဘာရှိတာလဲ။ မစင်လား။” တန်ရှောင်သည် ခုန်ထွက်လာပြီး ဆဲဆိုလိုက်သည်။ “ငါတို့အသက်စွန့်ပြီး ဘောလုံးရှာတာက သူရဲကောင်းလုပ်ချင်လို့တဲ့လား။ နောက်တစ်ခါ ထပ်ပြောစမ်းပါ”
ဝဝနှင့်လူကြီးသည် တိတ်ဆိတ်နေပြီး အမျိုးသမီးသည် တိတ်တဆိတ်ငိုနေသည်။
တန်ရှောင်သည် အလွန်ဒေါသထွက်ပြီး သူတို့ကို လက်ညှိုးထိုးရင်း “ငါတို့ကို ဘောလုံးရှာဖို့ ကူညီတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘောလုံးမရှာဘဲ အသက်ရှင်နိုင်မယ်လို့ ထင်နေလား။ ငါပြောမယ် ဘောလုံးမရှာနိုင်ရင် ငါတို့တစ်ယောက်မှ လွတ်မှာမဟုတ်ဘူး။ သေဖို့ပဲ စောင့်နေကြတော့!!!”
ဆရာချန်းသည် ထောင့်တစ်နေရာတွင် တိုးတိုး တိုးတိုးပြောနေသည်ကို မြင်ပြီး အလွန်ဒေါသထွက်ကာ “အဖိုးကြီး! ဘာတွေတဂျီဂျီပြောနေတာလဲ။ ကျွန်တော်တို့က လူသတ်သမားလို့ ထင်နေလား။ ဟမ်”
ဆရာချန်းသည် လန့်သွားပြီး “မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါ... ဖားက အရမ်းမြန်မြန်ထွက်လာတော့ သေသွားရတာပါ။ ငါတို့မူရင်းအစီအစဉ်က အန္တရာယ်ကင်းပြီး ပြဿနာမရှိဘူး။ တာဝန်ရှိရင်တောင် ဖားနဲ့ ဒီဂိမ်းမှာပဲရှိတာပါ။ လူတိုင်း ချစ်ရသူတွေဆုံးရှုံးခဲ့ရတော့ စိတ်ခံစားမှုနည်းနည်းပြင်းထန်တာ သဘာဝပါပဲ။ နားလည်နိုင်ပါတယ်၊ နားလည်နိုင်ပါတယ်...”
ခဏရပ်ပြီးနောက် သူက နူးညံ့သောအသံဖြင့် ထပ်ပြောသည်။ “ငါအချိန်တွက်နေတာပါ။ ဒီတစ်ခါ ဖားက အရမ်းမြန်မြန်ထွက်လာပြီး အရမ်းမြန်မြန်ပြန်ထွက်သွားတော့ တွက်ချင်တာပါ...”
“တွက်ပြီးပြီလား” တန်ရှောင်က စိတ်မရှည်ဘဲ မေးလိုက်သည်။
ဆရာချန်းက ရှက်ရွံ့စွာခေါင်းခါသည်။ “ဟင့်အင်း...ဟင့်အင်း...”
တန်ရှောင်သည် မျက်မှောင်ကျုံ့လိုက်သည်။ “ခင်ဗျားက ဆရာမဟုတ်ဘူးလား”
ဆရာချန်းက ပြောသည်။ “ငါက တရုတ်စာသင်တာ”
ပြောစရာမရှိတော့ပေ။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရှန်မိုက ပြောလာသည်။ “ဒီတစ်ခါ ဖားတွေ တကယ်ပဲ အရမ်းမြန်မြန်ထွက်လာတယ်။ နောက်တစ်ခါထပ်ဖြစ်ရင် ငါတို့မူရင်းအစီအစဉ်က အလုပ်မဖြစ်တော့ဘူး”
သူ၏အသံသည် အေးဆေးတည်ငြိမ်ပြီး အေးစက်နေသည်။ သူသည် အခြားသူများအပေါ် ဒေါသထွက်ခဲ့သည်ကို လုံးဝဂရုမစိုက်ဟန်ရှိသည်။
တန်ရှောင်သည် ခေါင်းကိုကုတ်ကာ ဒေါသတကြီးနှင့်ပြောလိုက်သည်။ “ဒီဖားက ရူးနေတာလား။ ဘယ်အချိန်မြန်မြန်ထွက်မလဲ၊ ဘယ်အချိန်နှေးနှေးထွက်မလဲဆိုတာ ဘုရားပဲသိမယ်”
……………
အခန်း (၄၁) သူမပြောခဲ့ပါ
ဖားတွေအကြောင်းပြောလာသည့်အခါ အခြေအနေက ရပ်တန့်သွားသည်။
ခဏကြာအောင် ဘယ်သူမှမပြောကြဘဲ ဂူအတွင်း၌ တိတ်ဆိတ်နေသည်။
သို့သော် သူတို့မပြောသော်လည်း အချိန်က တိတ်တဆိတ်ကုန်လွန်နေပြီး မကြာမီ ရွှေဘောလုံးပေါ်လာကာ နောက်ထပ်ဂိမ်းအဆင့်စတင်တော့မည်ဖြစ်ကြောင်း ပြောလိမ့်မည်။ သူတို့၏အသက်များသည် တစ်ဖန်ပြန်လည်၍ သေခြင်းနှင့် ရှင်ခြင်းကြားတွင် အားပြိုင်ရပေဦးမည်။
တိတ်ဆိတ်နေရာမှ အစ်ကိုဟွာသည် ရှန်မိုနှင့် တန်ရှောင်ကိုကြည့်ပြီး တဖြည်းဖြည်း သံသယများ မျက်လုံးထဲတွင် ပေါ်လာသည်။ “ငါပြောမယ် မင်းတို့နှစ်ယောက် ကြောက်နေတာမဟုတ်လား”
“မကြောက်ရင် မင်းကိုယ်တိုင် ရှေ့ဆက်သွားပါလား” တန်ရှောင်က သူ့ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
အစ်ကိုဟွာ သီးသွားသည်။
သူသည် တိုးတိုးလေးချောင်းဟန့်လိုက်သည်။
“ငါသွားချင်ပါတယ်” သူက ရှန်မိုကို ကြည့်ကာ “ကံမကောင်းစွာနဲ့ ငါ့မှာ တစ်ချို့လူတွေလို အရည်အချင်းမရှိဘူး”
ဤလူများထဲတွင် ရှန်မိုတစ်ဦးတည်းသာ ဖားကို အမှန်တကယ်ဒဏ်ရာရစေနိုင်သူဖြစ်သည်။
“ပိုအစွမ်းအစရှိတဲ့လူက အလုပ်ပိုလုပ်သင့်တယ်။ နောက်အဆင့်မှာ ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်” အစ်ကိုဟွာက သူ၏ကလိမ်ကကျစ်ကျသော အပြုံးကိုပြုံးရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
တန်ရှောင်သည် အစ်ကိုဟွာ၏ အပြုအမူကို မနှစ်သက်သော်လည်း လက်ရှိအချိန်တွင် ရှန်မိုမှလွဲ၍ အခြားမည်သူ့ကိုမျှ အားကိုးမရနိုင်ပေ။
ထို့ကြောင့် သူက ရှန်မို၏ပခုံးကို ပုတ်ကာ “နောက်အဆင့်မှာ ကျွန်တော်ကိုကူမယ်!”
ရှန်မို၏မျက်နှာတွင် ဘာအမူအရာမျှမရှိပေ။
သူသည် ဓားကိုကိုင်ပြီး ရွှံ့ရည်နှင့် အချွဲများကို သုတ်လိုက်သည်။ စိုစွတ်ပြီး အေးစက်သော ငါးညှီနံ့သည် ပျံ့နှံ့သွားကာ သာမန်ဖားနံ့နှင့် မခြားနားပေ။
“ဖားရဲ့အရေပြားက အရမ်းပါးတာကြောင့် ဒဏ်ရာရဖို့လွယ်ပေမဲ့ သူ့ရဲ့အသားက အရမ်းထူတာကြောင့် ထိုးဖောက်နိုင်တဲ့အနက်က အကန့်အသတ်ရှိတယ်။ ဖားကိုဒဏ်ရာရစေပြီး အချိန်ဆွဲချင်ရင် တစ်ခြားအားနည်းတဲ့နေရာကို ရှာဖွေဖို့ လိုမယ်”
သူစကားပြောပြီးနောက် မျက်လုံးများကို အေးဆေးစွာ မော့ကြည့်လိုက်သည်။ သူ၏မှောင်မိုက်သော မျက်ဆံများသည် လူများကို နာခံလိုစိတ်ဖြစ်စေသော ဖိအားပေးသည့်အမူအရာကို သယ်ဆောင်နေဟန်ရှိသည်။ ထိုအရာသည် သူ၏အလုပ်ကြောင့် ရရှိသော ဩဇာလွှမ်းမိုးမှုဖြစ်သည်။
“အရင်တစ်ခါလိုပဲ ဘောလုံးရပ်တဲ့အချိန်မှာ ချက်ချင်း အလုပ်စပါ။ သေမှာကြောက်တဲ့သူတွေက ခရုခွံထဲမှာပဲ နေပါ။ ဒါပေမယ့် ခရုခွံက အမြဲကာကွယ်ပေးမှာမဟုတ်ဘူးဆိုတာ သတိပေးချင်တယ်”
လူတိုင်း၏မျက်နှာတွင် မပျော်ရွှင်သောအမူအရာများ ပေါ်လာသည်။
“ဖားက ဒီလိုပဲဆိုရင်...” တစ်စုံတစ်ဦးက ခပ်တိုးတိုးပြောလိုက်သည်။
ဤအရာသည် လူများကို အကြောက်ဆုံးဖြစ်စေသည်။ ဖားသည် အလွန်မြန်မြန်ပေါ်လာသောကြောင့် လူများအား အချိန်မီသတိပေးနိုင်ခြင်းမရှိပေ။ သူ၏ပါးစပ်ကြီးသည် လူများကို တိုက်ရိုက်မျိုချပစ်လိုက်ပြီး လွတ်မြောက်ရန် အချိန်မပေးပေ။ ထို့ကြောင့် လူများသည် ဘောလုံးကို မည်သို့ရှာဖွေနိုင်မည်နည်း။
“ဒါတွေ နောက်တစ်ခါ ထပ်မဖြစ်တော့ဘူး”
ရုတ်တရက် အသံတစ်ခု ကြားလာရသည်။
လူတိုင်းသည် ဤအသံသည် ကျန်းဟွာ၏အသံဖြစ်ကြောင်း သိရှိပြီး အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ ကျန်းဟွာသည် ခရုခွံအတွင်းတွင် ရှိနေပြီး ထွက်လာရန် ရည်ရွယ်ချက်မရှိဟန်တူသည်။ သူသည် ခရုခွံအတွင်း၌သာ နေကာ “ဖားက အရင်တစ်ခါ ပိုးမွှားတစ်ကောင်မှ မရခဲ့တာမလို့ ဆာလောင်နေတယ်။ ဒါကြောင့် အခုအကြိမ်မှာအမြန်ထွက်လာတာပါ။ နောက်တစ်ကြိမ်အတွက်ဆို...”
သူသည် ခဏရပ်ပြီး တစ်ခုခုကို တိတ်တဆိတ်ရေတွက်နေဟန်ရှိသည်။ ခဏကြာပြီးနောက် ခပ်တိုးတိုးပြောသည်။ “လူနည်းနည်း ထပ်ပျောက်သွားပြီ။ အခုအကြိမ် ထပ်မဖြစ်တော့ဘူး”
ထိုရှင်းလင်းချက်သည် လူများကို မသက်မသာဖြစ်စေသော်လည်း ယုတ္တိရှိသည်။
ဆရာချန်းက “ဖားက ရုတ်တရက် ထပ်မပေါ်တော့ဘူးလို့ ငါလည်းထင်တယ်။ သူက ဒဏ်ရာရသွားပြီ၊ သူ့ရဲ့အာရုံခံနိုင်စွမ်းကို ထိခိုက်သွားမှာ။ နောက်အဆင့်မှာ လုံးဝမပေါ်တော့တာလည်း ဖြစ်နိုင်တယ်။ တစ်ချက်တည်းနဲ့ လန့်မသွားကြပါနဲ့။ ငါတို့ ရှေ့ဆက်ရမယ် ရဲရဲရင့်ရင့်ရှေ့ဆက်ဖို့ လိုတယ်”
ဆရာများ၏စကားများသည် လူများကို နှာခေါင်းရှုံ့စေသော်လည်း တစ်ချိန်တည်းမှာပင် မျှော်လင့်ချက်လည်း ဖြစ်စေသည်။
ဟုတ်ပါသည်။
ဖားသည် ဒဏ်ရာရပြီးဖြစ်သည်။ ထွက်မလာတော့ဘဲ ကြောက်နေကောင်းကြောက်နေမည်။
ဘယ်လောက်ပဲကြီးကြီး ကြောက်တတ်သော ဖားတစ်ကောင်သာဖြစ်သည်။
အစ်ကိုဟွာသည် တံတွေးထွေးပြီး အံကျိတ်ကာပြောလိုက်သည်။ “ထွီ၊ နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ်။ ဘောလုံးတစ်လုံးကို ရှာရခက်တယ်ဆိုတာ ငါမယုံဘူး”
အခြားသူများ၏မျက်နှာတွင် အမျိုးမျိုးသောအမူအရာများရှိနေသည်။ အချို့က အဆုံးထိရုန်းကန်ရန် စိတ်ပိုင်းဖြတ်ထားဟန်ရှိပြီး အချို့က ဝေခွဲမရဖြစ်နေဆဲဖြစ်သည်။
ပိုင်ယို့ဝေသည် ကျန်းဟွာပုန်းအောင်းနေသော ခရုခွံကို ကြည့်နေသည်။ တစ်ခုခုကို တွေးနေဟန်ရှိသည်။
ကျန်းဟွာသည် စိတ်ထားကောင်းသူမဟုတ်၊ သို့ပါလျက် အဘယ်ကြောင့် ရှန်မိုကို ကူညီပြီး လူတိုင်းကို ဘောလုံးအတူတူရှာဖို့ ဖျောင်းဖျပြောနေသနည်း။ ထိုလူများ၏ အတ္တကြီးမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုကို မခံမရပ်နိုင်သောကြောင့် တရားမျှတမှုအတွက် ပြောနေခြင်းလား။
...မဟုတ်ပါ၊ သူသည် တကယ်ပင် စိတ်ထားကောင်းသူဖြစ်ပါက ဂိမ်းကိုမည်သို့ပြီးဆုံးအောင်လုပ်ရမည်ကို အရင်ကတည်းက ပြောပြသင့်သည်။
သို့သော် သူမပြောခဲ့ပါ။
သူမလည်း မပြောခဲ့ပါ။
………..
အခန်း (၄၂) ကျန်းဟွာ၏ ပစ္စည်းများ
လူတိုင်းသည် ထိုကိစ္စကိုဆွေးနွေးပြီးသွားကြပြီး ရွှေဘောလုံးသည် ရွှံ့ထဲမှ တဖြည်းဖြည်းထွက်လာကာ ကလေးဆန်သောအသံဖြင့် ပျော်ရွှင်စွာပြောလိုက်သည်။
“လက်ရှိဂိမ်းသည် ရှုံးနိမ့်သွားပါပြီ၊ ကစားသမား ၁၃ ဦးသာ ကျန်ရှိပါတယ်။ အခုတော့ ‘ဖား၏ ရွှေဘောလုံး’ ရဲ့ စတုတ္ထအဆင့်ကို စတင်တော့မှာဖြစ်ပါတယ်။ ကစားသမားများ၊ အဆင်သင့်ဖြစ်ပါစေ။ တစ်မိနစ်အချိန်နောက်ပြန်ရေတွက်ခြင်း စတင်ပါပြီ ၅၉၊ ၅၈၊ ၅၇...”
အကြိမ်ကြိမ်စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုတို့ပြီးသည့်နောက်တွင် မသိလိုက်ဘဲ စတုတ္ထအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
အသက်ရှင်ကျန်သူအရေအတွက်လည်း ၃၃ ဦးမှ ၁၃ ဦးအထိ ကျဆင်းသွားလေပြီ။
ရှန်မိုသည် ပိုင်ယို့ဝေကို ကောက်ချီပြီး သူမကို ခရုခွံထဲပြန်ထည့်ရန် အဆင်သင့်ပြင်နေသည်။ ပိုင်ယို့ဝေက သူ၏အင်္ကျီထောင့်ကို ညင်သာစွာဆွဲကာ တိုးတိုးပြောလိုက်သည်။ “အဲဒီဘက်ကိုသွား”
သူမသည် တစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။
ရှန်မိုသည် မျက်ခုံးအနည်းငယ်ပင့်ကာ “ဘာလို့လဲ”
“ကျွန်မသူ့ဆီက ဝေးဝေးနေချင်တယ်” ပိုင်ယို့ဝေက ပြောသည်။ “ကျန်းဟွာက ရူးသွားနိုင်တယ်”
ရှန်မိုသည် ဤစကားကိုကြားသောအခါ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ရွှံ့ထဲတွင် ခရုများဖြင့် ပြည့်နှက်နေပြီး ကျန်းဟွာပုန်းနေသောနေရာကို ချက်ချင်းမမြင်နိုင်ပေ။ သို့သော် ပိုင်ယို့ဝေအပေါ် သူ၏နားလည်မှုအရ သူမသည် အဓိပ္ပါယ်မရှိသောစကားများပြောတတ်သူမဟုတ်ပေ။
နေရာပြောင်းလိုက်သည်က ပိုကောင်းမည်ဖြစ်သည်။
ပိုဝေးသောနေရာသို့သွားရန် အချိန်ပိုကြာပြီး ရှန်မိုသည် ပိုင်ယို့ဝေကို ခရုခွံထဲထည့်ပြီသောအခါ အချိန်သည် ကုန်ဆုံးတော့မည်ဖြစ်သည်။
သူသည် မတ်တတ်ရပ်ပြီး အမြင့်ရှိ ရွှေဘောလုံးကို ကြည့်နေသည်။
သူ့တွင် သူ၏အတွေးများရှိသည်။
ဂိမ်းကိုကျော်ဖြတ်ရန် လုပ်ရမည်မှာ ရွှေဘောလုံးကိုရှာရန်ဖြစ်သည်။ ယခုအခက်အခဲနှစ်ခုရှိသည်- ၁။ အချိန်အလွန်တိုတောင်းသည်။ ၂။ အကွာအဝေးကို အတည်ပြုရန် ခက်ခဲသည်။
သူသည် ရေလှိုင်းများ၏တည်နေရာဖြင့် အကွာအဝေးကို ကျဉ်းမြောင်းအောင် အပြည့်အဝကြိုးစားခဲ့သော်လည်း အချိန်တိုတောင်းသည့် အခက်အခဲကို ဖားကိုသတ်ခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်သည်။
ခုနကတိုက်ခိုက်မှုအရ ဖားကိုသတ်ရန် မဖြစ်နိုင်စရာအကြောင်းမရှိပေ။ အရေပြားသည် ပါးလွှာပြီး အလွှာတစ်ခုကို အလွယ်တကူဖြတ်နိုင်သည်။ သို့သော် ဓားသည် အလွန်သေးငယ်သောကြောင့် ပိုနက်ရှိုင်းသောဒဏ်ရာဖြစ်စေရန် ခက်ခဲသည်။
ဖားတွင် အားနည်းသောနေရာရှိသလား။ ...မျက်လုံးလား။ ဗိုက်လား။
သူစဉ်းစားနေစဉ်တွင် အချိန်ကုန်ဆုံးသွားပြီး ရွှေဘောလုံးသည် ဂူအတွင်း၌ တစ်ဖန် “အသက်ဝင်စွာ” ခုန်လာပြန်သည်။
အခြားသူများသည် ဘောလုံးကို ရှောင်နေကြစဉ် ရှန်မိုတစ်ဦးတည်းသာ ဘောလုံးကို လိုက်ကြည့်နေသည်။ ဘောလုံးရပ်သောအခါ တန်ရှောင်၊ အစ်ကိုဟွာနှင့် အခြားသူများသည် ရှန်မိုနောက်ကိုလိုက်ပြီး ရွှံ့ထဲတွင် ရွှေဘောလုံးကို ရှာဖွေကြသည်။
ရွှေဘောလုံးသည် အလွန်လှည့်စားတတ်သည်။ အကြိမ်တိုင်းတွင် ရွှံ့အပေါက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်ကို ဖန်တီးကာ လူများကို ရှုပ်ထွေးစေသည်။ ရှန်မိုသည် အကွာအဝေးကို ကျဉ်းမြောင်းအောင်လုပ်ပြီး အပေါက်ဆယ်ခုခန့်ကိုသာ ရှာသော်လည်း အချိန်ကုန်လွန်းသည်။
ဆရာချန်းသည် သူ၏အိုမင်းသော လက်မောင်းနှင့်ခြေထောက်များကို ဆွဲငင်ကာ ခရုခွံထဲမှ ထွက်လာပြီး သူတို့နှင့်အတူ ဘောလုံးကို ရှာရန် ပါဝင်လာသည်။
ရှာနေစဉ်တွင် အခြားသူများကို ထွက်လာကူညီရန်လည်း အော်ခေါ်သည်။
ဤကဲ့သို့သော အခြေအနေတွင် လူများလေလေ ဘောလုံးကို မြန်မြန်ရှာနိုင်လေလေဖြစ်သည်။ လူအနည်းငယ်သည် ခရုခွံများထဲမှ ထွက်လာပြီး ဘောလုံးရှာဖွေရာတွင် ပါဝင်လာကြသည်။
သို့သော် အချိန်သည် လုံလောက်မှုမရှိသေးပေ။ စက္ကန့် ၂၀ သာရှိသည်။ ၂၀ စက္ကန့်ပြည့်သောအခါ ရွှံ့အိုင်သည် တုန်ခါလာပြီး ဖားက ပြန်လည်ရောက်ရှိလာသည်။
ကျေးဇူးတင်စရာတစ်ခုမှာ ကျန်းဟွာကမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအကြိမ်တွင် ဖားသည် အရင်အဆင့်ကကဲ့သို့ အလျင်အမြန်မလာတော့ဘဲ နှေးကွေးစွာ ရွှံ့ထဲမှ ထွက်လာသည်။
ရှန်မို၏မျက်ခုံးများ ရုတ်တရက်ကျုံ့သွားသည်။
ဖား၏နောက်ကျောသည် အစိမ်းရောင်တောက်ပပြီး ပြည့်စုံနေသည်ကို သူမြင်လိုက်ရသည်။
“တောက်” တန်ရှောင်လည်း မြင်လိုက်ပြီး ဆဲဆိုလိုက်သည်။ “ဘာလို့ ပိုကောင်းလာတာလဲ”
လူတိုင်း ဆဲဆိုပြီး ပြေးကြသည်။
သို့သော် မျှော်လင့်မထားသော အရာတစ်ခု ထပ်မံဖြစ်ပွားလာသည်။
သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ ဟုတ်ပါသည်။ သေနတ်သံ။ ဂူထဲတွင် ပေါက်ကွဲပြီး ခရုခွံဆီသို့ ပြေးနေသူများသည် ရပ်လို့မရတော့ပေ။ “အကာအကွယ်” ကိုလွတ်သွားပြီး ရှေ့ဆက်ပြေးနေကြသည်။
တစ်ခဏအတွင်းတွင် မြေပေါ်တွင် ငိုကြွေးသံများနှင့် ဆဲဆိုသံများ ပြည့်နှက်လာသည်။ ထိတ်လန့်နေသော လူများသည် ဘာဖြစ်နေသည်ကို နားမလည်နိုင်ကြပေ။ သူတို့သည်လဲကျသွားသော်လည်း လွှဲယမ်းနေသောခြေထောက်များကို ထိန်းချုပ်နိုင်ခြင်းမရှိကြပေ။
ရွှံ့နှင့်ရေများဖြင့် အပက်ခံရပြီး ဖားသည် စိတ်တိုင်းကျ စားသောက်နေသည်။
ရှန်မိုသည် ပထမဆုံးရပ်သွားသူဖြစ်သည်။ သူသည် လှည့်ပြီး ခရုခွံကြီးတစ်ခုနောက်တွင် ပုန်းအောင်းကာ ခရုခွံ၏အစွန်းကို လက်ဖြင့်ဆုပ်ကိုင်ပြီး ပြေးလိုစိတ်ကို ဖိနှိပ်ထားလိုက်သည်။
ထို့နောက် သူသည် ပိုင်ယို့ဝေကို ကြည့်လိုက်သည်။
ပိုင်ယို့ဝေလည်း သေနတ်သံကိုကြားသော်လည်း သူမသည် မသန်စွမ်းသူဖြစ်သောကြောင့် မည်မျှပင် ပြေးချင်စိတ်ရှိပါစေ တစ်လှမ်းမျှ မလှမ်းနိုင်ပေ။
ထိုအချိန်တွင် သူမသည် ခရုခွံထဲမှ လျှောထွက်လာပြီး အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ကြည့်ရန် ခရုခွံအစွန်းတွင် ထိုင်နေသည်။ သူမသည် ရှန်မိုက သူမကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် သူ့ဘက်သို့ ခေါင်းညိတ်ကာ အရုပ်သေနတ်ကို ရင်ဘတ်ပေါ်တွင်တင်ပြီး အဓိပ္ပါယ်ရှင်းလင်းစွာ ဖော်ပြလိုက်သည် : သေနတ်သံက ကျွန်မဆီကမဟုတ်ဘူး။