အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း (၄၃) - ဘဝရဲ့ တစ်ဝက်ကို ပေးပါမယ်
တာထွက် သေနတ်သံသည် တစ်ခါသုံးပစ္စည်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ သူမသည် ထိုပစ္စည်းကို အသုံးပြုခဲ့ပါက ယခုအချိန်တွင် သေနတ်သည် သူမ၏ လက်ထဲတွင် ရှိနေမည် မဟုတ်ပေ။
ရှန်မို၏ မည်းနက်သောမျက်လုံးများတွင် ဒေါသမီးများတောက်လာပြီး ဘေးတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
သေနတ်ပစ်လိုက်သူမှာ ကျန်းဟွာဖြစ်သည်။
ဤအချိန်တွင် ကျန်းဟွာနှင့် အချေအတင်ငြင်းခုံရန် မဖြစ်နိုင်တော့ပေ။ ရှန်မိုသည် ဓားကို ဒေါသတကြီး ဆုပ်ကိုင်ပြီး လှည့်ကာ ဖားကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် တန်ရှောင်သည် အော်ဟစ်ကာ သူ့ဘက်သို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။း
“ခရုခွံထဲ ဝင်လိုက်” ရှန်မိုက သူ့အား အော်ဟစ်လိုက်သည်။
“ကျွန်တော့်ကိုယ်ကျွန်တော် မထိန်းနိုင်ဘူး။ ချီးပဲ” တန်ရှောင်က ကျိန်ဆဲလိုက်သည်။ “ခြေထောက်တွေက သူ့ဟာသူ ပြေးနေတယ်။ ဒါဘာကြီးလဲ။ ငါ့ခြေထောက်တွေ ရူးနေပြီ။ ငါသေရတော့မယ်! ငါသေရတော့မယ်! ငါသေရတော့မယ်!!!——“
ဖား၏ရှည်လျားသော လျှာသည် လျှပ်တစ်ပြက်လို လာနေပြီဖြစ်သည်။ ရှန်မိုပင် သူ့ကို မကယ်နိုင်တော့ပါ။
လျှာသည် တန်ရှောင်နှင့် ကပ်လုဆဲဆဲတွင် သူသည် ရွှံ့ထဲသို့ ချော်လဲကျသွားသည်။
ဖားသည် သူ၏လျှာဖြင့် အနံ့ဆိုးရွားသော ရွှံ့ရည်များကို ဖမ်းယူမိလိုက်သည်။
ဖားသည် နှုတ်ခမ်းကို သပ်ကာ လျှာထုတ်ရန် ကြိုးစားနေစဉ် ရုတ်တရက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ လူတစ်ဦးသည် ဓားဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်ပြီး ဓားဖြင့် တက်လာနေသည်။
နာကျင်မှုကြောင့် ဖားသည် ခုန်လိုက်ပြီး “ဂါး” ဟူသော အသံသည် နားစည်ကို ကွဲစေနိုင်သည်။
သို့သော် သူ့အပေါ်ရှိ လူသားမှာ အလွန်လျင်မြန်ပြီး ဖား၏ လှုပ်ရှားမှုများသည် သူ့ကို မခါချနိုင်ဘဲ သူ့ဦးခေါင်းပေါ်သို့ တက်ရန် အခွင့်အရေးပေးလိုက်သည်။ ဓားသွားသည် ဖား၏ ကြီးမားသော မျက်လုံးနှစ်လုံးကြားတွင် ခိုင်မြဲစွာ စိုက်နေသည်။
ဖားသည် အန္တရာယ်ကို သိမြင်မိသကဲ့သို့ ဦးခေါင်းကို လှုပ်ပြီး “ဂါး” ဟူသော အသံဖြင့် ရွှံ့ထဲသို့ ပြန်ဝင်ရန် ခြေထောက်များဖြင့် တူးဖော်နေသည်။
သို့သော် ရှန်မိုမှာ သူ့ထက် ပိုမိုမြန်ဆန်သည်။ သူသည် ဓားကို ဆွဲထုတ်ပြီး မျက်လုံးတစ်ဖက်ထဲသို့ ထိုးသွင်းလိုက်သည်။ ဖရဲသီးကို တူးနေသကဲ့သို့ အမြန်ဆုံး ထပ်မံထိုးသွင်းလိုက်သည်။
တောက်ပသော အနီရောင်သွေးနှင့် ကြည်လင်သော အချွဲများ ပန်းထွက်လာပြီး ဖားသည် နာကျင်မှုဖြင့် မြေပေါ်တွင် လှိမ့်နေကာ ခရုများစွာကို ကြေမွစေသည်။
ရှန်မိုသည် လုံးဝမလျှော့ပေ။ ဓား၏ တစ်ချက်ချင်းစီသည် ပိုမိုပြင်းထန်လာသည်။ သူသည် မျက်လုံးကို လုံးဝဖောက်ထွင်းပြီး ပျက်စီးလုနီးပါး ဖြစ်သွားသည်။
“ဂါး——“
ဖားသည် နာကျင်မှုဖြင့် ညည်းညူပြီး ဦးခေါင်းတစ်ခုလုံးကို ရွှံ့ထဲသို့ နှစ်ကာ ရူးသွပ်စွာ အောက်သို့ တူးဖော်ဝင်ရောက်သွားလေသည်။
ရှန်မိုသည် သူနှင့်အတူ အောက်သို့ မဆင်းနိုင်တော့ပေ။ သူသည် ချက်ချင်း အားကို လျှော့ချပြီး ဓားကို ဆွဲထုတ်ကာ အနီးရှိ ခရုခွံပေါ်သို့ ခုန်တက်လိုက်ပြီး ရေထဲသို့ ချောမောစွာ ပြန်ဆင်းကာ တည်ငြိမ်စွာ ရပ်လိုက်သည်။
ဖားသည် လွတ်မြောက်သွားသည်။
တန်ရှောင်သည် ထလာပြီး ရှန်မိုကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အားကျမှုသာမက... ကြောက်ရွံ့မှုများလည်း ပါဝင်နေသည်။
ဘုရားရေ၊ ဒီလောက်ကြီးမားတဲ့ သတ္တဝါကို ဓားလေးတစ်ချောင်းနဲ့ မြေပေါ်မှာ လှိမ့်နေအောင် လုပ်နိုင်တယ်လား။ အမေ! ဒီလိုကျွမ်းကျင်သူက ဘယ်ကနေလာတာပါလိမ့်?
အရမ်းကြောက်စရာကောင်းတယ်။
အံ့အားသင့်ပြီး ခဏစဉ်းစားနေမိသည့်အချိန်တွင် တန်ရှောင်သည် သူ့ခြေအောက်ရှိ ရွှံ့ရည်ထဲတွင် ပူစီဖောင်းများ ထွက်နေသည်ကို တွေ့လိုက်ရသည်။
သူသည် သတိရလာပြီး နဖူးကို ရိုက်ကာ ရွှံ့ထဲရှိ လူကို မြန်မြန်ကိုင်ပြီး အားနှင့် ဆွဲတင်လိုက်သည်။
ချန်းဝေခိုင်သည် ရွှံ့များဖြင့် ဖုံးနေပြီး ပါးစပ်မှ အနက်ရောင် ရွှံ့ရည်များ ထွက်နေကာ မျက်လုံးမှိတ်ထားပြီး သတိလစ်နေသည်။
တန်ရှောင်သည် သူ့ကို မပြီး ဝမ်းဗိုက်ကို အားနှင့် ဖိနှိပ်ပေးသည်။
ဆရာချန်း၏ ပါးစပ်မှ ရွှံ့နှင့်ရေများ ထပ်မံထွက်လာသည်။
“အဖိုး မသေပါနဲ့။ အဖိုးဒီမှာ လဲမနေခဲ့ရင်၊ ကျွန်တော့်ကိုမတိုက်ခဲ့ရင် ကျွန်တော်အခုသေနေပြီ။ အခုကစပြီး ကျွန်တော့်ဘဝရဲ့တစ်ဝက်ကို အဖိုးကိုပေးမယ်။ ကျွန်တော် တန်ရှောင် အသက်ရှင်နေသရွေ့ အဖိုးကို အရင်မသေစေရဘူး။ ရေတစ်စက်ကို စမ်းရေနဲ့ ပြန်ဆပ်ရမယ်။ ကျင့်ဝတ်သိကြတဲ့ ကျွန်တော်တို့သူရဲကောင်းတွေဟာ အသက်စွန့်ကိုနိုင်ပေမယ့် ညီအစ်ကိုတွေကို စွန့်ခွာမသွားနိုင်ဘူး”
သူသည် စကားများစွာ ပြောဆိုပြီး ဝမ်းဗိုက်နှင့် အဆုတ်ကို ဖိနှိပ်သော်လည်း နိုးမလာပေ။
ရှန်မိုက ပြောသည်။ “သူ့ကို ချထားလိုက်”
တန်ရှောင်သည် ရှန်မိုကို အလွန်ရိုသေလေးစားပြီး အမိန့်အတိုင်း အမြန်လုပ်ဆောင်လိုက်သည်။
ရှန်မိုသည် လာကြည့်ပြီး မျက်ခုံးကျုံ့ကာ “သူ့ခေါင်းမှာ ဒဏ်ရာရနေတယ်။ ခရုနဲ့ ထိမိတာ ဒါမှမဟုတ် ပြေးရင်း တွန်းခံရတာကြောင့် သတိလစ်သွားတာဖြစ်မယ်။ ခုနကလည်း သေနတ်သံကြားရပြီး လူတွေ ရှုပ်ကုန်တာ။ အသက်ရှင်နေတာတောင် ကံကောင်းတယ်”
တန်ရှောင်သည် ဤစကားကို ကြားပြီး ခေါင်းကို အကြိမ်ကြိမ်ညိတ်ပြသည်။
သူသည် ချန်းဝေခိုင်ကို ခရုထဲမထည့်ရဲပေ။ အသက်ရှုကြပ်မည်စိုးသောကြောင့် ချန်းဝေခိုင်ကို ကျောက်နံရံနှင့် ခရုကြားရှိ ကွက်လပ်ဆီသို့ ဆွဲခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။
အရာအားလုံး ပြီးစီးသွားသောအခါ သူသည် ရုတ်တရက် သတိရလာပြီး လှည့်ကာ ရှန်မိုကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။ “သေနတ်သံလား။... ခုနက အသံကသေနတ်သံလို့ ပြောတာလား။ ဘာဖြစ်လို့လဲ။ ဘယ်သူက သေနတ်ပစ်တာလဲ။ ထွက်လာစမ်းပါ။ သေနတ်ရှိရင် ဖားကို ဘာလို့မပစ်တာလဲ”
…………..
အခန်း (၄၄) - မတူညီသော နည်းလမ်းများ
ပစ္စည်းများနှင့်ပတ်သက်သည့်ကိစ္စကို စကားလုံးအနည်းငယ်ဖြင့် ရှင်းပြရန် မဖြစ်နိုင်ပေ။ ရှန်မိုသည်လည်း တန်ရှောင်အား ရှင်းပြရန် စိတ်မပါဖြစ်နေသည်။
သို့သော် ဤဖြစ်ရပ်သည် အမှန်တကယ်ပင် ဒေါသဖြစ်စရာကောင်းသည်။ မူလအစီအစဉ်အားလုံးသည် ဤသေနတ်သံတစ်ချက်ကြောင့် ပျက်စီးသွားခဲ့သည်။
ရှန်မိုသည် သူ၏အလုပ်အကိုင်အပြင် အကျင့်စရိုက်သည်လည်း သူရဲကောင်းဆန်သော အတွေးအခေါ်များ ရှိပြီး တရားမျှတမှုအတွက် လုပ်ဆောင်လိုစိတ်၊ တာဝန်ယူမှုစိတ်နှင့် မိမိကိုယ်ကို ပေးဆပ်အနစ်နာခံလိုစိတ်တို့ သာမန်လူများထက် ပိုမိုမြင့်မားသည်။ သို့သော် ဤသည်မှာ သူသည် “သူတော်ကောင်း” တစ်ဦးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ လူများ၏သေဆုံးမှုကို သည်းမခံနိုင်ဟုလည်း မဆိုလိုပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် စစ်မြေပြင်ပေါ်တွင် ရှိခဲ့ဖူးပြီး လူထောင်ပေါင်းများစွာ သေဆုံးသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာ နေနိုင်ခဲ့သည်။ သူသည် သေခြင်းနှင့်ရှင်ခြင်းတရား၏ ရက်စက်မှုကို နားလည်ထားသည်။
သို့သော် သူသည်းမခံနိုင်သည်မှာ ဤကဲ့သို့ မလိုအပ်သော အသက်စွန့်လွှတ်ရမှုမျိုးဖြစ်သည်။
လုံးဝနားမလည်နိုင်စရာပင်ဖြစ်သည်။
ထိုလူများတွင် ပုန်းရန် အချိန်အလုံအလောက်ရှိသော်လည်း သေနတ်သံကြောင့် ရွှံ့ထဲတွင် ထိန်းမနိုင်သိမ်းမရ ပြေးလွှားကြပြီး ဖား၏ အစာဖြစ်သွားကြသည်။
သူတို့၏သေဆုံးမှုများသည် တန်ဖိုးမရှိသကဲ့သို့ အဓိပ္ပါယ်လည်းမရှိပေ။ တန်ဖိုးနည်းဟာသနှင့်တူသည်။
ဘဝသည် ဒီလိုမျိုး မဖြစ်သင့်ပေ။
ရုတ်တရက်ပေါ်လာသော အရုပ်ကစားနည်းတစ်ခုက ကမ္ဘာကြီးကို အခုလောက်အထိအဓိပ္ပါယ်မရှိအောင် ဖြစ်စေနှင့်ပြီးပြီမဟုတ်လား။
ရှန်မိုသည် ကျန်းဟွာကို ဆွဲထုတ်ကာ မေးမြန်းလိုသော်လည်း မလိုအပ်ဘူးဟု ခံစားမိသည်။
လိုဏ်ဂူထဲတွင် ခရုများနှင့် ပြည့်နေသဖြင့် သူဘယ်သွားသည်ကို မသိနိုင်ပေ။ သူ့ကိုတွေ့ပါကလည်း လူပေါင်းများစွာ သေဆုံးသွားပြီဖြစ်သော အချက်ကို ပြောင်းလဲနိုင်မည်မဟုတ်။ ထို့အပြင် ရွှေဘောလုံးသည် မည်သည့်အချိန်မဆို ပေါ်လာနိုင်ပြီး နောက်အလှည့်တွင် ဘာဖြစ်မည်ကို မသိနိုင်ပေ။
ရှန်မိုသည် မျက်နှာညှိုးငယ်စွာဖြင့် ပိုင်ယို့ဝေထံသို့ ပြန်လာပြီး ခရုခွံနှင့်ကပ်ကာ စကားမပြောဘဲနေသည်။
ပိုင်ယို့ဝေသည် သူ၏မျက်နှာအမူအရာကို လေ့လာပြီး ဖြည်းဖြည်းချင်း ပြောသည်။ “ကျန်းဟွာက ကျွန်မတို့နဲ့တူတဲ့ကစားနည်းကို ကြုံတွေ့ဖူးတယ်လို့ ယူဆရင် သူ့လက်ထဲက ပစ္စည်းက ကျွန်မတို့နဲ့ တူနိုင်တယ်။ သေနတ်ပစ်လိုက်တာနဲ့ သေနတ်ပစ်သူရဲ့ အနီး ၁၀ မီတာအတွင်းက လူတွေက အစွမ်းကုန်ပြေးကြတယ်။ အဲဒီအကျိုးသက်ရောက်မှုက အကွာအဝေး၊ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေနဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်အားထက်သန်မှုအပေါ် မူတည်တယ်။ ဒီလိုဏ်ဂူက ပဲ့တင်ထပ်တဲ့နေရာဖြစ်တာကြောင့် ၁၀ မီတာထက် ပိုဝေးတဲ့သူတွေလည်း ထိခိုက်နိုင်တယ်။”
ခဏရပ်ပြီးနောက် သူမက သူ့ကို ချီးကျူးပြန်သည်။ “ရှင့်ရဲ့ စိတ်စွမ်းအင်က အရမ်းကောင်းတယ်။ နှစ်လှမ်းပဲပြေးပြီး ရပ်နိုင်တယ်။”
အသံသည် အလွန်နူးညံ့ပြီး ရင်းနှီးမှုနှင့် နှစ်သိမ့်မှုတို့ကို ဖော်ပြသည်။
ရှန်မိုသည် မျက်လုံးများကိုနှိမ့်ချကာ သူမကို ကြည့်လိုက်ပြီး စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူမသည် အနည်းငယ်... အလွန်တည်ငြိမ်နေသည်ဟု သူထင်သည်။
သူသိသည်။ ပိုင်ယို့ဝေ၏ စရိုက်သည် သာမန်လူများနှင့် ကွဲပြားသည်။ ယခင်က “ယုန်နှင့်လိပ်” ပြိုင်ပွဲနှင့်ကြုံတွေ့ခဲ့စဉ်ကလည်း သူမ ကြောက်ရွံ့မှုကို သိပ်မပြခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင် မကြောက်ရုံသာမက အလွန်တည်ငြိမ်နေပြီး... သက်သောင့်သက်သာဖြစ်နေသည်ဟု ထင်ရသည်။
ပိုင်ယို့ဝေက ဆက်ပြောသည်။ “ရှင် ခရုခွံထဲမှာ ခဏဝင်နေသင့်တယ်။ ဖားတွေကို ကိုင်တွယ်တာက အဖြေတစ်ခုဖြစ်ပေမယ့် တစ်ယောက်တည်းလုပ်ရင် အင်အားအရမ်းကုန်တယ်။ အနားယူဖို့လိုတယ်။”
ရှန်မို၏ မျက်လုံးများတွင် အဓိပ္ပါယ်ရှိသော အကြည့်များ ဖြစ်ပေါ်လာသည်။
အခြားတစ်ဖက်တွင် တန်ရှောင်သည် ဆက်လက်ကျိန်ဆဲနေပြီး လက်မလျှော့သေးပေ။ သူသည် ကျန်ရှိသောလူများကို ခရုထဲမှ ဆွဲထုတ်ကာ အတင်းအကျပ်ရှာဖွေသည်။
အစ်ကိုဟွာတို့ ညီအစ်ကိုများလည်း ပါဝင်လာကြသည်။ သူတို့၏ ကစားဖော်များထဲတွင် သေနတ်သယ်ဆောင်သူကို သည်းမခံနိုင်ကြပေ။
သူတို့သည် ကျန်းဟွာကို အချိန်ကြာသည်အထိ မတွေ့ခဲ့ကြပေ။
ရှန်မိုသည် ခရုခွံနှင့်ကပ်ကာ ရှေ့ရှိ ရှုပ်ထွေးမှုများကို ကြည့်နေပြီး အကြာကြီးကြည့်ပြီးနောက် ပိုင်ယို့ဝေကိုကြည့်လိုက်သည်။
“မင်း တစ်ခုခုသိနေတယ်။” မေးခွန်းပုံစံဖြစ်သော်လည်း အသံအနေအထားမှာ အတည်ပြုချက်ဖြစ်နေသည်။
သူသည် ပိုင်ယို့ဝေသည် သူ့ကို တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ဟု သေချာနေသည်။
ပိုင်ယို့ဝေသည် မျက်တောင်ခတ်လိုက်သည်။
မိန်းကလေးသည် ရွှံ့များဖြင့် ပေကျံနေပြီး ညစ်ပတ်နေသော်လည်း သူမ၏မျက်လုံးများမှာ အလွန်သန့်ရှင်းနေသည်။ ဆေးကြောထားသော ကျောက်မျက်ရတနာများကဲ့သို့ မျက်လုံးများတွင် တောက်ပသော အလင်းတန်းများ ပါရှိသည်။ မှောင်မိုက်သောနေရာတွင် ပိုးစုန်းကြူးနှင့် မီးပွားများကဲ့သို့ ဖြစ်နေသည်။
“သိသာနေတာလား” သူမသည် ပြုံးလိုက်သည်။ “ရှင့်မှာ ရှင့်နည်းလမ်းရှိသလို အခြားသူတွေမှာလည်း သူတို့ရဲ့အတွေးတွေရှိတယ်။ ကျန်းဟွာက ဒီအချိန်မှာ ရုတ်တရက် သေနတ်ပစ်လိုက်တာမှာ အကြောင်းပြချက်ရှိမယ်။ သူလည်း ကစားပွဲကို ပြီးချင်တာပဲ။ ဒါပေမယ့် သူ့နည်းလမ်းက ကျွန်မတို့နဲ့ မတူဘူး။”
ရှန်မိုက စဉ်းစားပြီး ပြောသည်။ “သူ့နည်းလမ်းက... လူဦးရေလျှော့ချဖို့လား”
ပိုင်ယို့ဝေက နှုတ်ခမ်းကို ကွေးပြီး ပြောသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ဖားတစ်ကောင်ဟာ တစ်ရက်ကို ပိုးမွှားအနည်းဆုံး ၇၀ ကျော်ဖမ်းနိုင်တယ်။ ခုနက လမ်းပေါ်မှာ အနည်းဆုံး ၄၀၊ ၅၀ လောက် သေသွားတယ်။ သူထင်တာက နောက်ထပ် လူနည်းနည်း သေသွားရင် ဖားကဗိုက်ပြည့်သွားပြီး သူလုံခြုံသွားမယ်ပေါ့”
…………..
အခန်း (၄၅) - ထိုမိန်းကလေးသည် အနည်းငယ် နတ်ဆိုးဆန်သည်။
ရှန်မို၏ မျက်လုံးများက ပိုမိုအေးစက်လာသည်။
“ဒါကို ဘယ်လိုသိတာလဲ” သူက မေးလိုက်သည်။
စည်းမျဉ်းများတွင် ဤအကြောင်းအရာကို ဖော်ပြထားခြင်းမရှိပေ။
ပိုင်ယို့ဝေသည် ပြုံးရယ်ကာ ရှန်မိုကို ကြည့်လိုက်သည်။ “တကယ်တော့ ရှင်လည်း သတိထားမိပြီးသားဖြစ်မှာပါ။ ဒီဂိမ်းရဲ့ ကြီးကြပ်သူက ဖားတွေနဲ့သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို တမင်ရှောင်နေတယ်။”
ရှန်မိုသည် တိတ်ဆိတ်နေခဲ့သည်။ ဤသည်မှာ သူသဘောတူကြောင်း ဖော်ပြတာပင်ဖြစ်သည်။
“ကစားသမားတွေမှာ တစ်မိနစ်ကြာ ပြင်ဆင်ချိန်ရှိပြီး ကြီးကြပ်သူက အချိန်ကိုရေတွက်ပေးတယ်။ ရွှေဘောလုံးကိုရှာဖို့ အချိန်က ၂၀စက္ကန့်ပဲ။ အရမ်းအရေးကြီးတဲ့အဆင့်ဖြစ်ပေမယ့် အချိန်ကိုမတွက်ဘူး။ ဒါထူးဆန်းတယ်မဟုတ်လား”
ပိုင်ယို့ဝေသည်ပြောနေစဉ် သူမ၏နီမြန်းသောနှုတ်ခမ်းထောင့်များသည် အေးစက်သောအပြုံးတစ်ခုဖြင့် ကွေးညွတ်သွားသည်။
“အချိန်ကန့်သတ်ချက်မရှိဘူး။ အကြောင်းကတော့ တကယ်တမ်းမှာ အချိန်ကန့်သတ်ချက်လုံးဝမရှိလို့ပဲ။ ကြီးကြပ်သူက ကျွန်မတို့က ဖားရဲ့အစာဖြစ်သွားမယ်လို့ ယူဆထားတယ်။ ဒါကြောင့် ကျွန်မတို့ကို ၂၀စက္ကန့်လောက်ပဲပေးတာ။ တကယ်တော့ ရွှေဘောလုံးရှာဖို့ကြာတဲ့အချိန်ဟာ ဖားတွေဘယ်လောက်မြန်မြန်ပေါ်လာလဲဆိုတာပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်။ ဒါကြောင့် ဖားတွေကိုသတ်ဖို့ ရှင့်စိတ်ထဲကြံစည်မိတာ။ ဖားတွေကိုသတ်ပစ်လိုက်ရင် ကျွန်မတို့မှာ အချိန်အကန့်အသတ်မရှိတော့ဘူး။ ရွှေဘောလုံးကိုလည်း အနှေးနဲ့အမြန် တွေ့မှာပဲ။”
ရှန်မိုသည် သူမကို နက်ရှိုင်းစွာကြည့်လိုက်သည်။
သူစဉ်းစားနေသော အကြံအစည်အများစုကို သူမမှန်းဆမိသည်။
အစကတော့ သူမဟာ အမြင်စူးရှပြီး အနည်းငယ်တော်သည်ဟု ထင်ခဲ့သော်လည်း အခုအခါ... ထိုမိန်းကလေးသည် အနည်းငယ် နတ်ဆိုးဆန်သည်ဟု သူခံစားမိသည်။
“ကျန်းဟွာအကြောင်း ပြောပြပါ။” ရှန်မိုက သူမကိုမေးသည်။ “ကျန်းဟွာက ဘယ်လိုတွေးလဲ?”
“…”
ပိုင်ယို့ဝေ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးမှာ အနည်းငယ်မှေးမှိန်သွားပြီး ခဏတွေးနေသည်။
“ကျန်းဟွာ... သူဟာ တတိယအကြိမ်ဂိမ်းမှာ သတိထားမိလိုက်တာဖြစ်မယ်။ ကစားပွဲက ဘက်မျှဖို့ လိုအပ်တယ်။ ဖားတွေက ဗိုက်ဆာနိုင်တယ်ဆိုရင် အလားတူပဲ သူတို့ဗိုက်ပြည့်သွားမှာပဲ။ ပိုးကောင်တွေနည်းနည်းထပ်ကျွေးကြည့်ရင် ဘာဖြစ်မလဲ။ ကျန်းဟွာက ဒါကိုစမ်းကြည့်ချင်တာပဲ။”
“စမ်းကြည့်ဖို့ပဲလား” ရှန်မိုက လှောင်ပြောင်လိုက်သည်။ “အားလုံးက မှန်းဆချက်ပဲ။ သူမှားသွားနိုင်တဲ့ အလားအလာကို မတွေးမိဘူးလား”
ပိုင်ယို့ဝေက သူ့ကိုအာရုံစိုက်ကြည့်ကာ “တကယ်တော့... သူအောင်မြင်ဖို့ အခွင့်အလမ်းအရမ်းများတယ်လို့ ကျွန်မထင်တယ်”
ရှန်မိုသည် မျက်ခုံးပင့်လိုက်ပြီး ဘာမှမပြောသော်လည်း ပိုင်ယို့ဝေသည် သူ၏မကျေနပ်မှုကို မြင်နိုင်သည်။
“ကျွန်မပြောခဲ့သလိုပဲ ကစားနည်းက ဘက်မျှဖို့လိုတယ်” သူမက ဖြည်းညှင်းစွာပြောသည်။ “လူတိုင်းက ရှင့်လိုသတ္တိမရှိနိုင်ဘူး။ ကစားနည်းက အခြားသူတွေအတွက်လည်း အခွင့်အလမ်းတွေချန်ထားပေးရတယ်။ ဥပမာ နောက်ဆုံး ယုန်နဲ့လိပ်ပြေးပွဲက ဟိုလုပ်ငန်းရှင်လိုမျိုး။ သူကအရမ်းမြန်မြန်မပြေးနိုင်ဘူး။ ဦးနှောက်လည်းသိပ်မထက်မြက်ဘူး။ ဒါပေမယ့် သူက ရက်စက်တယ်။ စည်းမျဉ်းချိုးဖောက်ပြီး တစ်ယောက်က သူ့ကိုပန်းဝင်မျဉ်းအပြင်ကို တွန်းမထုတ်ခဲ့ရင် သူကစားပွဲကိုအောင်မြင်နိုင်တယ်...”
ရှန်မို၏ မျက်လုံးများသည် လုံးဝအေးစက်သွားသည်။ “ဒါဆို... ဒါဆို ကစားနည်းက ငါတို့ကို ဒီလိုလူမျိုးဖြစ်အောင် လေ့ကျင့်ပေးချင်တာလား”
ပိုင်ယို့ဝေသည် သူ၏မျက်လုံးများကိုကြည့်ကာ သူမ၏စကားများက သူ့ကိုဒေါသဖြစ်စေကြောင်း သိသွားပြီး ပါးစပ်ပိတ်နေလိုက်သည်။
ယခုအရေးကြီးသောအချိန်တွင် သူမသည် သူနှင့် အဆင်မပြေဖြစ်ရန် မလိုလားပေ။
ရွှေဘောလုံးသည် တစ်နေရာရာမှ ထွက်လာပြီး ဝုန်းခနဲ ပျံသန်းကာ လူဦးရေကိုရေတွက်သည်။
“အခုကစားပွဲကကျရှုံးပြီး အသက်ရှင်ကျန်ရစ်သူများသာရှိပါတယ်။ ‘ဖား၏ရွှေဘောလုံး’ ပဉ္စမအလှည့်ကို ရောက်ပါပြီ။ အဆင်သင့်ပြင်ပါ။ တစ်မိနစ်စတင်ရေတွက်ပါပြီ၊ ၅၉၊ ၅၈၊ ၅၇...”
အသက်ရှင်ကျန်ရစ်သူ ရှစ်ဦးရှိသည်။
ပိုင်ယို့ဝေ၊ ရှန်မို၊ တန်ရှောင်၊ ဆရာချန်း၊ အစ်ကိုဟွာ မျောက်၊ ကျန်းဟွာနှင့် တစ်ချိန်လုံးခရုခွံထဲမှာနေခဲ့သော သက်လတ်ပိုင်းအရွယ် ခပ်ဝဝလူကြီး။
လူအများအပြား သေဆုံးခဲ့သည်။
လူနည်းနည်းလေးနှင့် ဘောလုံးကိုမည်သို့ရှာမည်နည်း။ ဆရာချန်းက သတိလစ်နေသည်။ ကျန်းဟွာက ရှောင်နေသည်။ ခပ်ဝဝနှင့်လူက ကြောက်လန့်နေပြီး ကူညီမှာမဟုတ်ပေ။ ပိုင်ယို့ဝေကလည်း ခြေထောက်မသန်စွမ်းတာကြောင့် လှုပ်ရှားနိုင်စွမ်းမရှိပေ။
လူနည်းလေ ဘောလုံးရှာဖို့ခက်လေဖြစ်သည်။ ဖားကိုသတ်ဖို့ဆိုလျှင်...
ရွှံ့ထဲတွင် သတ္တဝါကြီးနဲ့တိုက်ခိုက်ရတာသည် ခန္ဓာကိုယ်အင်အားအလွန်ကုန်သည်။
ပိုင်ယို့ဝေမှန်သည်။ သူလိုအပ်နေတာက အနားယူဖို့ဖြစ်သည်။
“အစ်ကို၊ ဘာလုပ်ရမလဲ” အဝေးမှ တန်ရှောင်က သူ့ကိုကြည့်ကာ အော်သည်။
မသိလိုက်မိပါဘဲ ရှန်မိုသည် ဤလူများ၏ အားကိုးရာဖြစ်လာခဲ့သည်။
ရှန်မိုသည် ဘေးနားမှ ပိုင်ယို့ဝေကို ငုံ့ကြည့်ပြီး လက်ကိုမြှောက်ကာ အေးစက်စွာနှင့် စကားနှစ်လုံးပြောလိုက်သည်။
“အနားယူမယ်။”