စတားစဘတ်
Vol. 4 Ch. 190
နောက်တစ်နေ့ မနက်ခုနစ်နာရီ။
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ ဥရောပညအိပ်ရထားကြီးရဲ့အထူးတွဲပေါ် တက်လာဖြစ်ကြတယ်။ ခရီးရှည်ပြေးဆွဲမယ့်ရထားမလို့ ရထားတွဲတွေက သာမန်ခုံတွေအတိုင်းမဟုတ်ဘဲ လေးယောက်ထိုင်စာ အခန်းလေးတွေကန့်ပေးထားပြီး အတွင်းမှာ ထိုင်ခုံအဖြစ်ရောအိပ်ရာအဖြစ်ပါ ပြောင်းလို့ရတဲ့ နှစ်ထပ်ကုတင်တစ်စုံစီ ပါဝင်ပါတယ်။ အလယ်မှာတော့ စားပွဲအသေးစားလေးတစ်ခုပေါ့။
ကျွန်မတို့ထိုင်ရမယ့် အခန်းကိုရောက်တော့ နက်ဆန်က ပြတင်းပေါက်နဲ့နီးတဲ့ဘယ်ဘက်ခြမ်းခုံတန်းမှာ ဝင်ထိုင်တယ်။
“ဒါလင်... ကျွန်မဒီမှာထိုင်မယ်နော်...” မိုနီကာက နက်ဆန်အနားမှာထိုင်ဖို့အတွက် ကြိုးစားလိုက်တယ်။ ဒါပေမဲ့ကျွန်မက မိုနီကာရဲ့လက်မောင်းကို ဖမ်းဆွဲထားပြီး နက်ဆန်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်တာပေါ့။
ဒါကြောင့် မိုနီကာက ကျွန်မကိုမကျေမနပ်နဲ့ ကြည့်လို့ နေလေရဲ့။
“ဆယ်ဗီ၊ ဒါက နင်ဘာသဘောလဲ။”
“နင်ခုံလက်မှတ်ကိုသေချာမကြည့်ဘူးလား။ ဒီခုံက ငါထိုင်ရမယ့်ခုံ။” ဒီအခန်းက ခုံလေးခုံလုံးကို ကျွန်မတို့ ဘိုကင်ယူထားတာဖြစ်လို့ ဘယ်မှာထိုင်ထိုင်ကိစ္စမရှိပေမဲ့ ကျွန်မမိုနီကာကို ရန်တွေ့လိုက်တယ်။ မိုနီကာကတော့ နှုတ်ခမ်းကြီးစူထားပြီး ကျွန်မကိုဆက်ရန်မတွေ့တော့ဘူး။
ခဏလောက်စကားစ ပြတ်သွားပြီးချိန်မှာ ရထားကစတင် ပြေးဆွဲပါတယ်။ ကျွန်မက နက်ဆန်ကိုကြည့်လိုက်ပြီးတော့ သိချင်နေတဲ့ကိစ္စတစ်ခုကို မေးဖြစ်တယ်။ ကျွန်မတို့ ခရီးစဥ်နဲ့ ပတ်သက်တဲ့အကြောင်းပါ။
“ကျွန်မတို့ ဘာလင်ကိုတိုက်ရိုက်သွားမှာလား။”
နက်ဆန်က ခေါင်းခါပြလိုက်တယ်။ သူ့ပုံစံက တအား အေးစက်နေပြီးတော့ ကျွန်မမေးတာကိုတောင် သိပ်ပြီး ဖြေချင်တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ ကျွန်မက သူမဖြေမချင်း လက်မလျှော့ဖို့ ဆုံးဖြတ်ထားတာမလို့ သနားစရာကောင်းတဲ့ ကြောင်လိုတစ်ကောင်လိုအကြည့်နဲ့ သူ့ကိုအနီးကပ် ကြည့်လိုက်ပါတယ်။
“ပြောမပြဘူးလား....”
နက်ဆန်က မဲ့လိုက်ပြီး ကျွန်မကို ဖုန်းထဲကမြေပုံကို ဖွင့်ပြတယ်။ ပါရီကနေ ဘာလင်ကိုသွားတဲ့ရထားရဲ့ လမ်းကြောင်းဖြစ်ပြီးတော့ လမ်းမှာဖြတ်သွားရမယ့် မြို့တွေကိုလည်း အမှတ်အသားပြုလုပ်ထားပါတယ်။ မြို့တွေထဲမှာမှ အမှတ်အသားကြီးကြီးပြသထားတဲ့ မြို့တချို့လည်းရှိနေသေးတယ်။
အဲဒီထဲက မြို့တစ်မြို့ကတော့ စတာ့စဘတ်မြို့ပါ။ ဂျာမန်နဲ့ပြင်သစ်နှစ်နိုင်ငံကြားက ပြင်သစ်နယ်စပ်မြို့တစ်မြို့။ ကျွန်မအာရုံက အဲဒီကိုရောက်သွားတဲ့အချိန်မှာပဲ နက်ဆန်ရဲ့အရိပ်ထဲကို ပြန်ရောက်နေပြီဖြစ်တဲ့ ပါစီဗယ်က ခေါင်းပြူထွက်လာပြီး ကျွန်မကိုပြောလာတယ်။
“နက်ဆန်က လမ်းမှာရှိနေတဲ့ အဓိကမြို့တွေကိုပါ လည်ပတ်ဖို့စဥ်းစားနေပုံပဲ။ ဒါမှ ရန်သူတွေ ငါတို့ရဲ့ပန်းတိုင် အစစ်အမှန်ဘယ်မှာလဲမသိ ဖြစ်နေမှာလေ။”
ကျွန်မ ခေါင်းညိတ်လိုက်မိတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့ ကွန်စတန်တီနိုပယ်ကို သွားတုန်းကလည်းပဲ အဲဒီဗျူဟာမျိုးကို အသုံးပြုခဲ့သေးတယ်မဟုတ်လား။ ပြီးတော့ ဒီဗျူဟာကို ကျွန်မမကြိုက်တာတော့မဟုတ်ဘူး။ မြို့တကာပတ်ပြီး လိုက်လည်လို့ရတာမလို့လေ။
“ငါအိပ်တော့မယ်... လာမရှုပ်ကြနဲ့...” နက်ဆန်က အခုလို ပြောလိုက်ပြီးတော့ ကျွန်မကိုတစ်ဖက် လွတ်နေခဲ့ခုံမှာ သွားထိုင်ခိုင်းတယ်။ မိုနီကာနဲ့ကျွန်မ ခုံတန်းတစ်ခုတည်း ထိုင်ရမလိုဖြစ်နေတာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးပြီး ရန်ဖြစ်လုနီးပါး ဖြစ်နေခဲ့ပေမဲ့ နက်ဆန်က ကျွန်မတို့အထူးတွဲအခန်းထဲက ခေါက်ကုတင်ကို ဆွဲဖြန့်ပြီး အိပ်နေပြီဖြစ်တဲ့အတွက်ကြောင့် မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါပေမဲ့တစ်ယောက်ကိုတစ်ယောက် တီးတိုးစကားနာ မထိုးဘူးလို့ဆိုလိုတာတော့ မဟုတ်ပါဘူး။
“ကျိန်စာသံလိုက်မ၊ နင့်သဘောနဲ့နင် ဒါလင့်နားကနေ ထွက်သွားပြီးတော့ အခုမှလိုက်တွယ်ကပ်ချင်လို့ ရမလား။”
မိုနီကာကတော့ ကျွန်မကို လျှာထုတ်ပြပြီးတော့ ပြောလိုက်တယ်။ ကျွန်မရှိမနေတုန်း ဒီဟာမက နက်ဆန်ကိုအတော်လေး အသားယူထားပုံပေါ်လို့ ကျွန်မစိတ်ထဲ မကျေမနပ်ဖြစ်လာပြီး အခုလို သေးသေးတင်မခံ ပြန်ပြောမိတော့တာပဲ။
“ဟွန်း... ရင်ပြားစကူးဘတ်မ၊ ထင်းရှူးမရှိတုန်း မီးစိုက်ခံရတာကို အထင်ကြီးပြမနေနဲ့။ ခဏနေရင် နင်ကိုငါက ပြန်ပြီးမောင်းထုတ်တော့မှာ။”
ပုံမှန်ဆိုရင်တော့ ဒီစကားတွေကို ကျွန်မပြောဖြစ်မယ် မထင်ဘူး။ ကျွန်မက နက်ဆန်ကိုချစ်ပြီး၊ နက်ဆန်ကလည်း ကျွန်မကိုဂရုစိုက်တယ်ဆိုတာ ကျွန်မနားလည်ထားပါတယ်။ လမျက်နှာဖုံးကိစ္စမှာလည်း ကျွန်မကိုအသေးစိတ် ပြောမပြခဲ့ပေမဲ့ ကျွန်မနဲ့ပတ်သက်တာတစ်ခုခုကြောင့်မှန်း ကျွန်မခံစားနေမိပါတယ်။
နက်ဆန်က မိုနီကာကိုအရေးပေးနေတာ မိုနီကာ ပေးဆပ်ခဲ့တာတွေကြောင့်မှန်းသိပေမဲ့ နက်ဆန်က အခုလိုမျိုး ကျွန်မကို အေးစက်စက်ဆက်ဆံနေတာနဲ့ ကြုံရတဲ့အခါမှာတော့ စိတ်ထဲမှာမနေနိုင်ဘူးဖြစ်လာတယ်။
ဂွီ...
တစ်အောင့်လောက်နေတော့ ကျွန်မဗိုက်က ဆန္ဒပြလာရော။ မနက်စာမစားရသေးဘူး။ ဒါကြောင့် ကျွန်မအခန်းထဲက ထွက်ပြီး စားသောက်ဆိုင်ပါတဲ့ ရထားတွဲဆီသွားဖို့ပြင်ပေမဲ့ ချက်ချင်းဆိုသလို အကြံကြီးကြီးနဲ့ပြုံးနေတဲ့ မိုနီကာကို လှည့်ကြည့်လိုက်မိပါလေရော။
‘ဒီနန့်နန့်တက်နေတဲ့ဟာမကို အိပ်နေတဲ့နက်ဆန်နဲ့ ထားခဲ့လို့မဖြစ်ဘူး။' ဒီအတွေးနဲ့အတူ ကျွန်မမိုနီကာရဲ့ လက်ကိုလှမ်းဆုပ်ကိုင်ထားလိုက်တယ်။
“နင်ဘာလုပ်မလို့လဲ။” မိုနီကာက မေးလိုက်တော့ ကျွန်မက ကြောက်စရာကောင်းတဲ့အပြုံးမျိုး ပြုံးပြလိုက်ရင်းနဲ့...
“မသိသာဘူးလား၊ မနက်စာသွားစားမလို့လေ။”
“နင်ဘာသာအစားသရမ်းတာ ငါနဲ့ဘာဆိုင်လို့လဲ။”
ကျွန်မကတော့ သူငြင်းတာကိုလက်မခံဘဲ မိုနီကာကို အခန်းထဲကနေ အတင်းဆွဲထုတ်လိုက်တယ်။ နဂိုက သူရုန်းပေမဲ့ လျှောက်လမ်းအပြင်ကိုရောက်တဲ့အခါ တခြားသူတွေက ကျွန်မတို့ကိုကြည့်နေတာ တွေ့တဲ့အတွက် ရှက်သွားပြီးမရုန်းတော့ဘူး။
ပြီးတော့ ကျွန်မက ပိုသန်မာတဲ့အတွက်ကြောင့် ကျွန်မဆီက သူရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးပဲ။ အဲဒီလိုနဲ့ ခဏနေတော့ စားသောက်ဆိုင်ရှိတဲ့ရထားတွဲတစ်တွဲရဲ့ခုံမှာ ကျွန်မတို့အတူ ထိုင်ဖြစ်ကြပြီ။ မိုနီကာက မီနူးကို စိတ်မဝင်စားစွာ ကြည့်နေခဲ့ပေမဲ့ ကျွန်မကတော့ သေချာ လိုက်ပြီးဖတ်ကြည့်နေပါတယ်။
ဂျာမန်ကိုသွားမယ့်ရထားလိုင်းမလို့လားမသိပေမဲ့ ဂျာမန်ဟင်းလျာအများစုကို မီနူးပေါ်မှာမြင်ရပါတယ်။ ရထားပေါ်မှာမလို့ ဟင်းပွဲကြီးတွေမဟုတ်ပေမဲ့ ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ ဟင်းပွဲတွေပါပဲ။
“ဘိုက်ဘိုဝက်တစ်ပွဲနဲ့ နွားနို့ပူပူတစ်ခွက်ပေးပါ။”
ခဏနေတော့ ဟင်းပွဲတွေရှေ့ရောက်လာပြီ။ မိုနီကာက မမှာရင်မကောင်းလို့ ပန်းသီးဖျော်ရည်ပဲ ဝယ်သောက်ပေမဲ့ ကျွန်မကတော့ ကျွန်မရှေ့ကဟင်းပွဲကို သေချာလေး စူးစမ်းမိတယ်။
ဖြူဖွေးနေတဲ့ ဝက်အူချောင်းတုတ်တုတ်ခိုင်ခိုင်ကြီး တစ်ချောင်းရယ်၊ ဘရစ်ဘယ်လိုခေါ်တဲ့ ဂျာမန်ပေါင်မုန့်ကြွပ် တချို့ရယ်ရှိနေတယ်။ ဝက်အူချောင်းဖြူဖြူကြီးကိုတော့ ဘိုက်ဘိုဝက်ဝက်အူချောင်းလို့ခေါ်တယ်။
ကျွန်မလေ့လာမိသလောက် ဂျာမန်တွေက ဝက်အူချောင်းကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ဖန်တီးကြတာဖြစ်ပြီး ဝက်အူချောင်းလုပ်နည်းတင် ၁၂၀၀ လောက်ရှိသတဲ့။ ကျွန်မရှေ့ကတစ်ခုကတော့ ဝက်ပေါက်ရဲ့ကျောအဆီပြင်နဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားပါ။
ဓားနဲ့ပါးပါးလေးလှီးပြီး အရသာခံကြည့်တော့ နူးညံ့ အိစက်ပြီး သံပုရာနံသင်းသင်းကိုရနေတယ်။ ဖာလာစေ့လို ဟင်းခတ်အမွှေးအကြိုင်တွေလည်းပါပြီး ပူစပ်စပ်အရသာမျိုးကို ရနေတယ်။ နောက်တော့ ကျွန်မအကြည့်တွေက တွဲဖက်စားဖို့ထည့်ပေးထားတဲ့ ဘရစ်ဘယ်မုန့်ကြွပ်ဆီရောက်သွားတယ်။
ဒီမုန့်ကြွပ်က ညိုရောင်အောင်ဖုတ်ထားတဲ့ ပေါင်မုန့်တစ်မျိုး ဖြစ်ပြီးတော့ မြင်းခွာပုံနဲ့ခပ်ဆင်ဆင်ပုံစံ ပုံဖော်ထားတယ်။ ဒီမုန့်က နာမည်ကြီးလွန်းလို့ ဘီစကစ်ဘူးတွေရဲ့မျက်နှာပြင်မှာ အမြဲနေရာယူထားတာ။
ဒီလိုနဲ့ဝက်အူချောင်းစားရင်း အီလာရင် ပေါင်မုန့်ကြွပ်လေး ကိုက်လိုက်၊ နို့သောက်လိုက် လုပ်နေတာပေါ့။
နို့သောက်နေရင်းကနေ တစ်စုံတစ်ယောက်က ကျွန်မရင်ဘတ်ကို စိုက်ကြည့်နေတာ ခံစားမိလို့ လှည့်ကြည့်တော့ မိုနီကာရယ်။ ကျွန်မလည်း ပြုံးလိုက်ပြီး သူ့ရဲ့ပြားချပ်ချပ်ရင်ကို တန်ပြန်ကြည့်လိုက်တယ်။
အဲဒီနောက်တော့ မိုနီကာရဲ့မျက်နှာက ချက်ချင်းရဲတက် သွားတော့တာပါပဲ။
...
စားသောက်ပြီးလို့ အခန်းထဲကိုပြန်လာတော့ နက်ဆန်က ပါးစပ်ထဲက သွားရည်ကျလောက်အောင်အိပ်ပျော်နေပြီ။ ကလေးလေးတစ်ယောက်လိုပါပဲ။ မိုနီကာက သူ့မျက်နှာပေါ် ကျနေတဲ့ဆံစတချို့ကို ဖယ်ရှားပေးလိုက်တာမြင်တော့ ကျွန်မတစ်ကိုယ်လုံး ထူပူသွားခဲ့တယ်။
ဒါပေမဲ့မိုနီကာရဲ့ပုံစံက ပြတင်းပေါက်ကနေဖြာကျနေတဲ့ အလင်းရောင်အောက်မှာ ဖြူဖျော့လွန်းနေတာ သတိထားမိတဲ့အခါမှာတော့ ကျွန်မမေးဖြစ်လိုက်တယ်။
“အဲဒီအကြောင်း သူသိသွားတာလား....”
“.....” မိုနီကာက ကျွန်မကိုတိုက်ရိုက် ပြန်မဖြေခဲ့ဘူး။ အဲဒီအစား ခေါင်းညိတ်ပြလိုက်ပြီး ပြတင်းပေါက်နဲ့ နီးတဲ့ခုံမှာဝင်ထိုင်ရင်း အပြင်ဘက်ကိုလှမ်းကြည့် နေလိုက်ပါတယ်။
ကျွန်မလည်း သက်ပြင်းချလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်ဖြစ်တယ်။ ဘယ်လိုယောက်ျားမျိုးက မိုနီကာလိုမိန်းကလေးရဲ့အားနည်းတဲ့ပုံစံကို မြင်ရပြီးနောက်မှာ ဂရုမစိုက်ဘဲနေနိုင်မှာလဲ။ ဒါကို ကျွန်မနားလည်ပေမဲ့...
နက်ဆန်ဂရုစိုက်ခြင်းကို ခံရတဲ့ အားနည်းတဲ့မိန်းကလေးဟာ ကျွန်မတစ်ယောက်တည်းပဲ ဖြစ်လိုက်ချင်မိတော့တယ်။
....
မနက်ကိုးနာရီ ထိုးလုနီးနီးအချိန်မှာတော့ ကျွန်မတို့ရထားက စတားစဘတ်ရထားဘူတာကို ဆိုက်ရောက်လာပါတယ်။
ဒါကြောင့်ကျွန်မလည်း နက်ဆန်ကိုလှုပ်နှိုးလိုက်တယ်။
“ထတော့၊ ဟိုတယ်ရောက်မှ ဆက်အိပ်ရအောင်။”
အဲဒီနောက်တော့ ကျွန်မတို့သုံးယောက် အထုပ်အပိုးတွေကို သယ်ပြီးတော့ ရထားပေါ်ကနေ ဆင်းဖြစ်ကြပါတယ်။ ကျွန်မတို့ဘာလင်ကို ရှစ်နာရီအတွင်းသွားလို့ရတယ်ဆိုပေမဲ့ ကျွန်မတို့ခရီးစဥ်ရဲ့အဓိကရည်ရွယ်ချက်က မှန်းထားတဲ့ နေရာတွေကို မြန်မြန်ဆန်ဆန်ရောက်ဖို့မဟုတ်ပါဘူး။
ရထားပေါ်ကနေဆင်းလိုက်တော့ မြင်လိုက်ရတဲ့ထူးဆန်းတဲ့ မြင်ကွင်းကြောင့် ကျွန်မအံ့ဩမိပြန်ပါတယ်။ စတားစဘတ် ဘူတာရုံက ကျွန်မအရင်က မြင်ဖူးတဲ့ဘူတာရုံတွေနဲ့မတူဘဲ ထူးခြားပါတယ်။
၁၉ရာစုခေတ် ပြင်သစ်ဗိသုကာပညာနဲ့ဆောက်လုပ်ထားတဲ့ နီယွန်ရီနေးဆန့်စတိုင် အုတ်သားဘူတာကြီးက ပိုးအိမ်လိုမျိုး ဖန်သားအမိုးကြီးအောက်မှာ ကာကွယ်ထားခြင်းကို ခံရပါတယ်။ ဖန်သားအမိုးကြီးရဲ့အောက်မှာ အချိန်ဟာ အစဥ်အမြဲ၁၉ရာစုနှစ်မှာ ပိတ်မိနေတယ်ခံစားရပြီးတော့ ဖန်သားအမိုးရဲ့အပြင်ဘက်မှာတော့ ခေတ်သစ်၂၁ရာစု ကမ္ဘာကြီးကိုမြင်နေရတယ်။
“ဒီအဆောက်အဦးကြီးကို ၁၈၇၈ ခုနစ်မှာ ဂျာမန်ဗိသုကာ ဂျိုဟန် အက်ဒုဒက်က တည်ဆောက်ခဲ့တာလို့ကြားဖူးတယ်။ ကိုယ့်အဖေတွေငယ်ငယ်ကဆိုပါတော့။ အခုထိသူတို့တွေ ဒါကြီးကို ထိန်းသိမ်းထားမယ်မထင်ခဲ့ဘူး။” ပါစီဗယ်ရဲ့ စိတ်ချင်းဆက်သွယ်ပြီးပြောတဲ့စကားသံက ကျွန်မခေါင်းထဲ ဝင်လာတယ်။
ကျွန်မတို့တွေ ဘူတာရုံထဲကနေ ထွက်လာပြီးချိန်မှာလည်းပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းတွေက စောင့်ကြို နေခဲ့ပြန်ပါတယ်။
အရင်မြင်နေကျ ဥရောပမြို့ဟောင်းတွေလိုပဲ ရှေးပြင်သစ် ပုံစံအဆောက်အဦးခမ်းခမ်းနားနားတွေကို မြင်နေရပေမဲ့ စတားဘတ်က အဲဒါထက်ကိုပိုတယ်။ ဒီကအဆောက်အဦး အများစုက အုတ်တည်ဟန်မှာပြင်သစ်ပုံစံ ခန့်ခန့်ထည်ထည် ဖြစ်ပေမဲ့လို့ ခေါင်မိုးတွေကတော့ ဂျာမန်ဂေါ့သစ်ဟန်ပန် ဒုလုံးချွန်တွေနဲ့ ဖြစ်လို့နေပါတယ်။
စတားစဘတ်မြို့ဟာ ယနေ့ခေတ်မှာ ပြင်သစ်ပိုင်နက်အတွင်း ဖြစ်ပေမဲ့လို့ ဂျာမန်ကမ္ဘာရဲ့ဝင်ပေါက်ဝလည်း ဖြစ်နေတယ်။ ဥရောပရဲ့မတူညီတဲ့ယဥ်ကျေးမှုဟန်နှစ်မျိုး ထိပ်တိုက် အားပြိုင်နေတဲ့နေရာပါပဲ။
ဒီနေရာမှာအထူးခြားဆုံးကတော့ မြို့အတွင်းမှာ စီးဆင်းနေတဲ့ တူးမြောင်းတွေပါ။ အရင်က ရေအားသုံးဂျုံကျိတ်စက်တွေအတွက် ရိုင်းမြစ်ထဲက ရေတွေကိုသွယ်ယူခဲ့ပုံရပေမဲ့ အခုအခါမှာတော့ သိပ်ကိုလှပတဲ့ ရှုခင်းတစ်ခုကို ဖန်တီးပေးလိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်လာခဲ့တယ်။ တူးမြောင်းကြီးတွေဟာ သဘာဝရေကန်တွေနဲ့လည်းချိတ်ဆက်ထားခဲ့ပြီးတော့ မြို့အတွင်းထဲက သစ်ပင်ပန်းမန်တွေကိုပါ အားဖြည့်ပေးလို့ နေလေရဲ့။
ကျွန်မသွားခဲ့ဖူးတဲ့မြို့တွေထဲမှာ လှပတဲ့မြို့ပေါင်းများစွာ ရှိခဲ့ပေမဲ့ စတားစဘတ်ကတော့ အခြားအဆင့်တစ်ခုမှာ ရှိနေခဲ့တယ်။ သစ်ပင်တွေ၊ တူးမြောင်းတွေကြားက ယဥ်ကျေးမှုနှစ်ခုရောနှောနေတဲ့မြို့လေးဟာ လူသားတွေနေထိုင်ရာ နေရာတစ်ခုလို့ထင်စရာမရှိဘဲ ပုံပြင်ထဲက နတ်သူငယ်တွေရဲ့မြို့တစ်မြို့လို့တောင်မှ ထင်မိလောက်စရာပါပဲ။
“စတားစဘတ်က ဥရောပသမဂ္ဂရဲ့မြို့တော်ကြီး လေးခုထဲက တစ်ခုပဲ။ ဥရောပတပ်ရင်းများဌာန၊ ဥရောပကောင်စီနဲ့ ဥရောပပါလီမန်တို့ရဲ့ရုံးစိုက်ရာနေရာပဲ။ ဒီနေရာက EUOC လှုပ်ရှားမှုအမြင့်ဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်တယ်။”
အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့တဲ့ နက်ဆန်က ဝင်ပြောတယ်။ ဒါပေမဲ့သူ့လေသံက မြို့ကိုမိတ်ဆက်ပေးတယ်ဆိုတာထက် ကျွန်မတို့ကို သတိပေးလိုတဲ့ရည်ရွက်ချက်ကြောင့်လို့ ခံစားမိတယ်။