မင်းထက် ဘယ်သူက ပိုချောမှာလဲ
Vol. 7 Ch. 61
“ဟေ့... အားလုံးပဲ... ဘာတွေဖြစ်နေတာလဲ။ ၂၀၀၆ ခုနှစ်မှာ မွေးဖွား၊ ရက်ပ်ခေါင်းဆောင် ဖြစ်ဖို့ အိပ်မက်မက်၊ အရမ်းချော၊ အရမ်းမိုက်တဲ့ ပုံစံအမျိုးမျိုးနဲ့ ရက်ပ်ကို ချစ်တဲ့ ကောင်လေး၊ ဖန်တီးနိုင်စွမ်းက သူ့ရဲ့ လက်နက်၊ ကမ္ဘာကြီးက သူ့ရဲ့ စင်မြင့်။ ခင်ဗျားတို့ရဲ့ အာရုံစိုက်မှုက ကျွန်တော့်ရဲ့ စွမ်းအင်ပါ။ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ခင်ဗျားတို့ အချစ်ဆုံး ကလေးလေးချန်ချန် စုန့်... ကျိ... ချန် ပါ။”
“တစ်နဲ့ တစ်ပေါင်း ချစ်စရာ၊ နှစ်နဲ့ နှစ်ပေါင်း ချစ်စရာ၊ သုံးနဲ့ သုံးပေါင်းလည်း ချစ်စရာ။ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ပရိသတ်တို့ရဲ့ ချစ်စရာလေး ဝမ်ရီထောင်ပါ...”
လုံးဝဆိုးရွားလှသော မိတ်ဆက်စကားနှစ်ခု အပြီးတွင် တတိယမြောက် မိတ်ဆက်စကားသည် ချိုမြိန်သော မျက်နှာပိုင်ရှင် မိန်းမငယ်လေးဆီမှ အနည်းငယ် ပို၍ ပုံမှန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။ “အားလုံးပဲ မင်္ဂလာပါရှင့်။ ကျွန်မကတော့ မင်းသမီးအသစ်လေး စုရှင်းချန်ပါ။ အခုထိ ဇာတ်လမ်းတိုလေး တစ်ခုပဲ ရိုက်ရသေးပေမဲ့ ဆက်လက်ပြီးတော့ ကြိုးစားသွားပါ့မယ်....”
သူက ဖြူစင်သော အသွင်အပြင် ရှိပြီး၊ မျက်လုံးဝိုင်းဝိုင်းများထဲတွင် ကောလိပ်ကျောင်းပြီးခါစ လူငယ်တစ်ဦး၏ အပြစ်ကင်းသော ရူးသွပ်မှုများ လှည့်လည်နေဆဲပင်။ စကားပြောအပြီးတွင် လက်သီး သေးသေးလေးများကို ကလေးဆန်စွာ ဆော့ကစားဟန် လှုပ်ယမ်းပြခဲ့သေးသည်။
ဒါရိုက်တာကျန်းက သဘောကျလျက် ခေါင်းညိတ်လိုက်သည်။
ထိုမင်းသမီးငယ်လေးက ရုပ်ရည်လည်း ကောင်းမွန်သလို အမူအရာလည်း ကောင်းသည်။ ဖန်သားပြင် အပေါ်တွင် အချိန်ပိုပေးသင့်သည်ဟု သူတွေးလိုက်၏။
“အားလုံးပဲ မင်္ဂလာပါရှင့်။ ကျွန်မကတော့ ပရိသတ်ကြီး ရင်းနှီးပြီးသား ဝမ်လူလူပါ၊ ချစ်ရတဲ့ ပရိသတ်ကြီးတို့။ မင်္ဂလာညချမ်းပါရှင့်။ ကျွန်မရဲ့ အယ်လ်ဘမ်အသစ်က နောက်အပတ်မှာ ထွက်ပါမယ်။ နားထောင်ဖို့ မမေ့ကြနဲ့နော်။” ဝမ်လူလူက ကျော်ကြားမှု ကျဆင်းနေသော အဆိုတော်ဟောင်းနှင့် ကလေး နှစ်ယောက်မိခင်တစ်ဦး ဖြစ်ပြီး နာမည်ပြန်ရရန် မျှော်လင့်ချက်ဖြင့် ထိုရှိုးပွဲကို ဝင်လာသူ ဖြစ်သည်။
နောက်ဆုံးတွင် ချိုင်ရီဖန်၏အလှည့် ရောက်လာခဲ့သည်။
“ရို့... အားလုံးပဲ၊ ကျွန်တော်က ရှောင်ဖန်ပါ...”
ထိုစကား တစ်ခွန်းတည်းကြောင့် ယခင်က တည်ငြိမ်နေသော စကားဝိုင်း ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
[ အာ… ကိုကိုဖန်က အရမ်းချောတာပဲ ]
[ ရီဖန် ရီဖန်... အမြဲတမ်း မိုက်နေတာပဲ ]
[ ဘာလို့ တခြားသူတွေနဲ့ အချိန်ဖြုန်းနေရတာလဲ။ ငါတို့အစ်ကို့ကိုပဲ အာရုံစိုက်ပါတော့။ အကြီးဆုံး ကြယ်ပွင့်က ဘယ်သူလဲဆိုတာကို ထုတ်လုပ်ရေးအဖွဲ့က နားမလည်ဘူးလား ]
[ ဘုရားရေ.... ကလေးလေးဖန်ရဲ့ အချိန်ဇယားက ပြည့်နေတာတောင် အပြင်မှာရိုက်တဲ့ ရှိုးပွဲကို လာခဲ့သေးတယ်လား။ အရမ်းပင်ပန်းမှာပဲ။ မေမေ ရင်တွေနာတယ်... ]
မှတ်ချက်များ တသီတတန်းကြီးကို မြင်လိုက်ရသောအခါ ဒါရိုက်တာကျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ချိုင်ရီဖန်က စိတ်ရှုပ်စရာကောင်းသော်လည်း၊ သူသည် ငြင်းမရအောင် ရုပ်ရည်ကောင်းပြီး အမှန်တကယ် လူကြိုက်များသည်။
သူ့ကို ရှိုးပွဲထဲ ခေါ်လာဖို့အတွက် ယွမ်၃သန်း သုံးခဲ့ရသည်မှာ တန်သည်ဟု ခံစားလိုက်ရသည်။
“ပရိသတ်ကြီး သိတဲ့အတိုင်းပဲ ကျွန်တော်က အလွန်ချောတယ်။ ဘတ်စကတ်ဘော ကစားတယ်။ အလွန်ချောတယ်။ တောင်တက်တယ်။ ဒါလည်း အလွန်ချောတာပဲ...”
ချိုင်ရီဖန်က စကား အနည်းငယ်သာ ပြောသော်လည်း ပို့စ်ဆယ်မျိုးကျော်ကို ပြောင်းကာ ဟန်ပန်ပြခဲ့သည်။
သို့သော်လည်း စကားဝိုင်းက ပို၍ပင် များလာကာ မှတ်ချက်လှိုင်းလုံးများ ဖတ်မရလောက်အောင် ဝေဝါးသွားခဲ့သည်။
ချိုင်ရီဖန် စကားဆုံးပြီးနောက် လျှို့ဝှက်ဧည့်သည် ရောက်မလာသေးကြောင်း သဘောပေါက်လိုက်သော ဒါရိုက်တာက အချိန်ဆွဲရန်အတွက် သူ့ကို မြန်မြန် အချက်ပြလိုက်သည်။
ချိုင်ရီဖန်က ဒါရိုက်တာ၏ မျှော်လင့်နေသော အမူအရာကို မြင်လိုက်ရာ စိတ်ထဲမှ သရော်လိုက်သည်။
ဒီနေရာမှာ နာမည်အကြီးဆုံး ဖြစ်တဲ့ ငါက ရောက်လာပြီးပြီ။
အမည်မရှိသေးတဲ့ လျှို့ဝှက်ဧည့်သည်ကို ဘာလို့ စောင့်နေရမှာလဲ။
သူ့ကို ဖုံးကွယ်ဖို့တောင် ဘာလို့ ကူညီပေးရမှာလဲ။
သူက ပြုံးစိစိလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
“ဒီည လျှို့ဝှက်ဧည့်သည် ရှိတယ်လို့ ကြားတယ်။ ကျွန်တော့်အရွယ်လောက် တစ်ယောက်ပေါ့။ သူကရော ကျွန်တော့်လောက် ချောနိုင်ပါ့မလား မသိဘူး။ ဒါပေမဲ့ သူ ရောက်မလာမချင်း ကျွန်တော်တို့အားလုံး ဒီမှာ စောင့်နေရတာဆိုတော့ သူက တကယ့်ကို အလန်စား ဖြစ်ရမယ်...”
ဒါရိုက်တာကျန်း၏ မျက်နှာက စိမ်းသွားခဲ့သည်။
ဒီအရူးက ပိုဆိုးအောင် လုပ်နေပြန်ပြီ။
ချက်ချင်းပင် စကားဝိုင်းက နောက်ထပ် အရူးအမူး ဖြစ်သွားခဲ့သည်။
[ ဟုတ်တယ်။ ငါတို့အစ်ကိုက အချောဆုံးပဲ ]
[ လျှို့ဝှက်ဧည့်သည်လား။ ငါတို့ရဲ့ အစ်ကို ဖန် ကို စောင့်ခိုင်းရလောက်အောင် မတန်ဘူး ]
[ နောက်ကျတဲ့ ဧည့်သည်ကို ထုတ်လုပ်ရေးအဖွဲ့က ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်တာလဲဓ။ သူတို့ကို ထုတ်ပစ်လိုက် ]
[ ဘုရားရေ။ အရမ်း မာနကြီးလိုက်တာ ]
“အဟမ်းဟမ်း။ ဟုတ်ပါတယ်။ တကယ်လို့ ရုပ်ရည်အကြောင်း ပြောမယ်ဆိုရင်တော့ အစ်ကိုဖန်က အချောဆုံး ဖြစ်မှာပါ။”
အခြေအနေကို ပြန်ထိန်းဖို့ ကြိုးစားရင်း စုရှင်းချန်က ဝင်ပြောလိုက်သည်။
“ဒါပေမဲ့ သူက လျှို့ဝှက်ဧည့်သည် ဖြစ်နေတာဆိုတော့ ပရိသတ်ကို စိတ်လှုပ်ရှားစေဖို့အတွက် ခမ်းနားတဲ့ ဝင်ရောက်မှုမျိုး လုပ်သင့်တယ် မဟုတ်ဘူးလား...”
သူက ထိုစကားမှာ လျှို့ဝှက်ဧည့်သည် မည်သူည်ဝါအကြောင်း ဆွေးနွေးမှုများ ဖြစ်စေပြီး အချိန်ဆွဲ နိုင်လိမ့်မည်ဟု တွေးလိုက်သည်။
သို့သော်လည်း မည်သူမှ ပြန်မပြောခဲ့ကြပေ။
သူက ဆိတ်ငြိမ်မှုကြားထဲတွင် ရှက်ရွံ့စွာ ကျန်ရစ်ခဲ့သည်။
သူ ချီးကျူးလိုက်သော ချိုင်ရီဖန်ပင်လျှင် သူ့ကို မကြားသလိုမျိုး၊ တစ်ချက်ပင် မကြည့်ဘဲ နေခဲ့သည်။
စုရှင်းချန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
သူ၏ မျက်နှာ နီရဲလာပြီး နားရွက်များပါ ပူလာခဲ့သည်။
ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်နှင့် ပုရွက်ဆိတ်များ တွယ်နေသလိုမျိုး ခံစားခဲ့ရသည်။
ထိုအချိန်...
“တောင်းပန်ပါတယ်။ ဒါက နာမည်ကြီးများနှင့်စွန့်စားခန်း ထုတ်လုပ်ရေးအဖွဲ့ ဟုတ်လား မသိဘူး...”
ကြည်လင်သော်လည်း ထူးထူးဆန်းဆန်းပင် ရူးမိုက်သံပေါက်နေသော အသံတစ်ခုက သူတို့နောက်က ချောက်ကမ်းပါးဘက်မှ ပဲ့တင်ထပ်လာခဲ့သည်။ အားလုံး လှည့်ကြည့်လိုက်သည်။ ကင်မရာ သမားလည်း ကင်မရာကို ရောက်လာသူဆီ ချက်ချင်း လှည့်လိုက်၏။
မီးမောင်းအောက်တွင် တောက်ပနေသော ထိပ်ပြောင်တစ်ခုက သူတို့ မြင်ကွင်းထဲ ရောက်လာခဲ့သည်။
သူ၏ ပြောင်လက်နေသော ဦးရေပြားမှ အလင်းပြန်လာပြီး သူတို့ကို မျက်စိစူးလုနီးပါး ဖြစ်စေခဲ့သည်။
လူငယ်တစ်ယောက်က ချောက်ကမ်းပါးအစွန်းတွင် ရပ်နေပြီး တောင်ဝှေးကို အနည်းငယ် မှီထားကာ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ထွန်းလင်းနေသည်။
လေတိုက်ခတ်မှုက သူ့၏ တောင်တက်ဂျက်ကက်ကော်လံကို တလွင့်လွင့်ဖြစ်စေပြီး မျက်နှာတစ်ခြမ်းကို အရိပ်ကျစေသည်။
အလင်းရောင် ထိတွေ့နေသော ဘက်ခြမ်းက ဉာဏ်အလင်းရသော ဘုန်းတော်ကြီး တစ်ပါးကဲသို့ မြင့်မြတ်သော အရောင်အဝါဖြင့် တောက်ပနေပုံရသည်။
အရိပ်ကျနေသော ဘက်ခြမ်းက လူများကို ဆွဲဆောင်နေသော အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုလို ဆွဲဆောင်မှုမျိုး ရှိနေပြန်သည်။
ထင်ယောင်ထင်မှားများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ “ချောလိုက်တာ...”
တကယ့်ကို ချောလိုက်တာ။ ဘယ်လိုလုပ် ဒီလောက်ကောင်းအောင် ကြည့်ကောင်းနေရတာလဲ...
ဒါရိုက်တာကျန်းက ချန်ဟွိုက်အန်ကို စိုက်ကြည့်နေခဲ့သည်။
ချန်ဟွိုက်အန်က ချောက်ကမ်းပါးကို မည်ကဲ့သို့ တက်လာခဲ့ကြောင်းကို စိတ်ထဲမှာ အာရုံမစိုက်တော့ပေ။
မည်သည်ကြောင့် ထိုနေရာတွင် ပေါ်လာခဲ့တာလဲဆိုတာကိုလည်း အာရုံမစိုက်တော့။
သူ၏ တစ်ခုတည်းသော အတွေးမှာ....
ဒါပဲ။ ဒါက ငါ့အတွက် အသေးစား ဒါရိုက်တာဘဝကနေ အဓိကဒါရိုက်တာအဖြစ်ကို တက်လှမ်းဖို့ ရွှေရောင်အခွင့်အရေးပဲ။
ငါ ဒီလူကို ဖမ်းဆုပ်ထားရမယ်။
ဒါက လုံးဝကို ရေပန်းစားနိုင်မယ့် အနာဂတ်ပဲ။
ချိုင်ရီဖန်က ဘာမှမဟုတ်ဘူး။
“တောင်းပန်ပါတယ်၊ ဒါရိုက်တာ။ ကျွန်တော် အချိန်နည်းနည်း ကပ်သွားတယ်။”
ချန်ဟွိုက်အန်က နာရီကို ကြည့်ပြီး ပြောလိုက်သည်။
သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ည၉နာရီ တိတိမှပင် ရောက်လာခဲ့သည်။
ဒါက အဖွဲ့သားတွေကို ပြဿနာနည်းနည်း ဖြစ်စေခဲ့တယ် မဟုတ်လား။
ဒါက လက်ခံနိုင်စရာ မရှိဘူး။
ဒါရိုက်တာကျန်းကတော့ လုံးဝ ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူက ခြေလှမ်းကြီး သုံးလှမ်း လှမ်းပြီး ရှေ့ကို အပြေးသွားကာ စိတ်အားထက်သန်သော အပြုံးနဲ့ ချန်ဟွိုက်အန်ရဲ့ လက်များကို ဆွဲကိုင်လိုက်သည်။
“ရပါတယ်။ ကိစ္စမရှိပါဘူး။ ချန်ဟွိုက်အန်ဟုတ်။ ပြဿနာ လုံးဝ မရှိဘူး။ မင်း ဒီကို ရောက်လာတာ သိပ်ကောင်းတယ်...”
ထို့နောက် သူက တစ်ခုခုကို ယခုမှ သဘောပေါက်သွားသလိုမျိုး အမူအရာက အလွန်ပင် တည်ကြည်သွားခဲ့သည်။
သူက လေးနက်လေးနက်နက် ခေါင်းညိတ်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
“ချန်ဟွိုက်အန်…မိတ်ဆွေ…မင်းက မယုံနိုင်လောက်အောင် မဖြစ်နိုင်လောက်အောင်ကို ကြည့်ကောင်း နေတာပဲ...”
....