အခန်း (၁၈၁)
Vol. 14 Ch. 181
လျူရှောင်ယောက်သည် ပြုံးပြီး ခေါင်းညိတ်လိုက်သော်လည်း သူ့၏စိတ်ထဲမှာတော့ အမေကြမ်းဝင်စီးနေသလိုမျိုး ဖြစ်နေသည်။
လင်ပေ့ဖန် မြန်မြန်ဆန်ဆန်တိုးတက်လာတာ အံ့ဩစရာမရှိတော့ပါဘူး..... မင်းတို့ လူယုတ်မာတွေ ကူညီပေးနေကြတာကို.....
အတိတ်ဘဝတုန်းက ထိုသုံးယောက်သည် လင်ပေ့ဖန်၏ ရန်သူဖြစ်ခဲ့ချိန်တွင် ၎င်းတို့က လင်ပေ့ဖန်ကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့သည်။
သို့သော်လည်းပဲ အခုတော့ ၎င်းတို့က လင်ပေ့ဖန်၏ သူငယ်ချင်းတွေဖြစ်နေပြီး သူ့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့ပေးနေသည့် အဓိကအထောက်အပံ့ မဏ္ဍိုင်များဖြစ်လာခဲ့သည်။ထို့ပြင် သူသည် ၎င်း ကြေးဒင်္ဂါးပြားများမှတဆင့် အခုလေးတင် လင်ပေ့ဖန်၏ ကံကြမ္မာတစွန်းတစကို မြင်ခဲ့ရသည်။ထိုမြင့်မြတ်ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် လင်ပေ့ဖန်၏ စီးပွားရေးလုပ်ငန်းများသည် သူ့၏ အတိတ်ဘဝကထက် ပို၍ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။
ထို့ကြောင့် လင်ပေ့ဖန်၏ စီးပွားရေးလုပ်ငန်းများကို ဖျက်စီးရန်အတွက် ၎င်းမြင့်မြတ်ပုဂ္ဂိုလ်များကို အရင်ဆုံး ရှင်းပစ်ရမည်ဖြစ်သည်။
သို့မဟုတ်လျှင် ၎င်းမြင့်မြတ်ပုဂ္ဂိုလ်များသာ လင်ပေ့ဖန်ကို ဆက်လက်ပြီး ကူညီနေပါက လင်ပေ့ဖန်မြန်မြန်ဆန်ဆန်တိုးတက်လာမည်မှာ မြေကြီးလက်ခက်မလွဲပဲဖြစ်ပြီး သူ့ကို တားဖို့အတွက်လည်း နည်းလမ်းရှိတော့မည် မဟုတ်ပေ။ထို့ပြင် သူ့၏ လက်စားချေမည့် အစီအစဉ်ကလည်း ' သူမစီက အဖြေကို မျှော်လင့်နေသလိုမျိုး ' မျှော်လင့်ချက်မဲ့သွားလိမ့်မည်ဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားပြီး လျူရှောင်ယောက်သည် လင်ပေ့ဖန်ကို သွေးဆောင်ဖျားယောင်းသောလေသံဖြင့် မေးလိုက်သည်။
" မစ္စတာလင် ၊ မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး တိုးတက်ချင်လား... "
လင်ပေ့ဖန်က အလောတကြီး ပြန်ပြောလိုက်သည်။
" တိုးတက်ချင်တာပေါ့.... ဆရာ ကျွန်တော့်ကိုအကြံပေးစရာများ ရှိလို့လား... "
လျူရှောင်ယောက်သည် သဲ့သဲ့လေးပြုံးပြီး အနည်းငယ် ခန့်မှန်းရခက်သော အမူအရာတစ်ခုဖြင့် ပြောလိုက်သည် ။
" မစ္စတာလင် ၊ ဒီလူတွေက တကယ့်ကို မင်းရဲ့မြင့်မြတ်ပုဂ္ဂိုလ်တွေပဲ ....ဒါပေမဲ့ ငါ မင်းကို အကြံပေးလိုက်မယ်....မင်း ဒီလူတွေကို အားကိုးလို့ ရပေမဲ့ သူတို့နဲ့ သိပ်ပြီးတော့ အရောမဝင်နဲ့...."
လင်ပေ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။
" ဘာလို့လဲ.... သူတို့က ကျွန်တော့်ရဲ့ ညီအစ်ကိုတွေလေ...."
" အောင်မြင်တာကလည်း ရှောင်ဟဲကြောင့် ၊ရှုံးနိမ့်တာကလည်း ရှောင်ဟဲကြောင့်ပဲ ...ဆိုတဲ့ စကားပုံကိုရော မင်းကြားဖူးလား.... "
( TN \ သူအောင်မြင်အောင်လုပ်ပေးတဲ့သူကို ၊သူပဲ ရှုံးနိမ့်အောင်ပြန်လုပ်တဲ့ အမတ်ကြီးရှောင်ဟဲအကြောင်းကို စကားပုံလုပ်ထားတာ၊သိချင်ရင် ဂလုဂလုခေါက်ပါ(: )
" ကျွန်တော်ကြားဖူးတယ် ... ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်နဲ့ ဘာဆိုင်လို့လဲ .... "
" တကယ်တော့ မင်းရဲ့အခြေအနေကလည်း ဒီစကားပုံနဲ့ ခပ်ဆင်ဆင်ပဲ .... "
လျူရှောင်ယောက်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" မစ္စတာလင် ၊ မင်းရဲ့ ကံကြမ္မာက ပြောပြလို့မရလောက်အောင်အထိကို ထူးခြားဆန်းကြယ်တယ် ....နောက်ပြီး မင်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုပ်ဖို့အတွက် မွေးဖွားလာတာလို့ ကျွန်တော်ခုနလေးတင် မင်းကို ပြောခဲ့တယ်လေ... "
" မင်းက ဟွရှမှာရှိတဲ့ ဟန်ဧက္ကရာဇ်နဲ့ တူတူပဲ... နောက်ပြီး အဲ့ဒီမြင့်မြတ်ပုဂ္ဂိုလ်တွေကလည်း ရှောင်ဟဲ ၊ ဟန်ရှင်းနဲ့ တခြားထူးချွန်ထက်မြက်တဲ့လူတွေလိုမျိုး မင်းရဲ့စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရရှိအောင်လို့ ကူညီထောက်ပံ့ပေးမယ့် ပုဂ္ဂိုလ် တွေပဲ.... "
" အခုချိန်မှာ မင်းတို့က အားနည်းနေလို့ တိုးတက်ကြီးပွားဖို့အတွက် အေးအတူပူအမျှ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေကြရတယ်... ဒါပေမဲ့ လူတိုင်းမှာ ရည်မှန်းချက်တွေရှိတယ်....အရည်အချင်း ရှိတဲ့သူတွေက ပိုပြီးတော့တောင် ရည်မှန်းချက်ကြီးသေးတယ်... အကယ်၍ မင်းရဲ့ မြင့်မြတ်ပုဂ္ဂိုလ်တွေသာ အင်အားတောင့်တင်းလာတဲ့အခါကျရင် သူတို့က သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပြီးတော့ မောက်မာလာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းရဲ့ဒီ အတွေးအခေါ်တွေကြောင့် မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အဟန့်အတားဖြစ်လာလိမ့်မယ်... "
" မင်း ရှေးဧက္ကရာဇ်တွေကိုပဲ ကြည့်ကြည့်လိုက်...သူတို့က ဘာလို့ သူတို့ရဲ့ သူရဲကောင်းတွေကို ပြန်သတ်ရတာလဲ... ဘာလို့လဲဆိုတော့ အဲ့ဒီသူရဲကောင်းတွေက အရမ်းပဲ စွမ်းအားကြီးပြီးတော့ အရမ်းပဲ အရည်အချင်းရှိလွန်းလို့ပဲ....အကယ်၍ အဲ့ဒီသူရဲကောင်းတွေကိုသာ မသတ်ပဲ ထားလိုက်ရင် သူတို့က သူတို့ရဲ့ ရာဇပုလ္လင်တွေကိုတောင် ချိန်းခြောက်နိုင်တယ် လေ..."
လျူရှောင်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ဒါကြောင့် မင်း သူတို့ကို အချိန်တိုင်း သတိထားနေရမယ်... နောက်ပြီး မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာတဲ့အခါကျရင် သူတို့ကို ချက်ချင်းပဲ အလုပ်ထုတ်ပစ်ရမယ်... ဒါမှမဟုတ်ရင် မင်းပဲ ပြန်ခံစားရလိမ့်မယ်... "
လင်ပေ့ဖန် အံ့အားသင့်သွားသည်။
" ဆရာ ၊ သူတို့အကုန်လုံးက ကျွန်တော့်ရဲ့ ညီအစ်ကိုတွေလေ.... ဆရာ ကျွန်တော့်ကို တကယ်ပဲ.... သူတို့ကို အဝေးကန်ထုတ်စေချင်တာလား... ညီအစ်ကိုတွေဆိုတာက ဒုက္ခကိုလည်း အတူတူရင်ဆိုင်သင့်သလို ၊သုခကိုလည်း အတူတူခံစားသင့်တယ်လေ.... အကယ်၍ သုခကိုမှ အတူတူမခံစားဘူးဆိုရင် ဘာလို့ ညီအစ်ကိုတွေ လုပ်နေရမှာလဲ ...မဟုတ်ဘူးလား.. "
" ပြောစရာတော့ ဒီလောက်ပဲရှိတယ်... ငါပြောတာကို ယုံတာ၊မယုံတာကတော့ မင်းသဘောပဲ... " လျူရှောင်ယောက်က အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။
သူ့စကားတစ်ခွန်းထဲဖြင့် သူတို့ကို အဆက်အသွယ်ဖြတ်အောင် လုပ်နိုင်လိမ့်မည်ဟု သူလည်း မမျှော်လင့်ထားပေ....။
အဓိကရည်ရွယ်ချက်ကတော့ သူတို့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေဖြစ်အောင် သံသယမျိုးစေ့တွေချပေးဖို့ပဲ ဖြစ်သည်။ထို့နောက် သူသည် သူတို့ကို အဆက်အသွယ်ဖြတ်အောင် ဆက်လက်ပြီး ကြိုးပမ်းလိမ့်မည်ဖြစ်သည်။
" ဆရာရဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်..." လင်ပေ့ဖန်က မတ်တပ်ရပ်ပြီး ဉာဏ်ပူဇော်ခပေးရန်အတွက် သူ့ဖုန်းကို ယူထုတ်လိုက်သည်။
" မစ္စတာလင် ၊ အနာဂတ်မှာ မင်းမှာ သံသယတွေရှိရင် မင်း ငါ့ဆီ အချိန်မရွေးလာမေးလို့ရတယ်... ငါ့ရဲ့ တံခါးက မင်းအတွက် အမြဲတမ်းဖွင့်ထားပေးတယ်..."
" ဆရာ ၊ မင်း ဘာလို့ ကျွန်တော့်ကို အရမ်းပဲ ကူညီချင်ရတာလဲ .... " လင်ပေ့ဖန်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
" ငါ မင်းကို ခုနတုန်းက ပြောခဲ့သလိုပဲ မင်းရဲ့ ကံကြမ္မာက အရမ်း ထူးခြားပြီးတော့ မင်းက အနာဂတ်မှာ အောင်မြင်ကြီးပွားမယ့် သူတစ်ယောက်ပဲ... နောက်ပြီး ငါ မင်းကို ကူညီတာကလည်း ခုနှစ်ရက်သားသမီးတွေကို ကူညီတာနဲ့ တူတူပဲလေ.... " လျူရှောင်ယောက်က ရယ်မောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဆရာ " လင်ပေ့ဖန်က အလွန်ပျော်ရွှင်သွားသည်။
" မင်းအခု ပြန်လို့ရပြီ ... အကယ်၍ မင်းမှာ မေးစရာရှိရင် ငါ့ဆီလာမေးလို့ရတယ်... "
" ရှောင်ချင်း ...လာဦး ... "
မိန်းမငယ်လေးက တံခါးအပြင်ဘက်ကနေ ဝင်လာပြီး မေးလိုက်သည်။
" ဆရာ ... သမီးကို ဘာခိုင်းမလို့လဲ ... "
လျူရှောင်ယောက်က နူးညံ့သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။
" မစ္စတာလင်ကို လိုက်ပို့လိုက်ဦး... အနာဂတ်မှာ မစ္စတာလင် ဆရာဆီ လာတဲ့အခါကျရင် သူ့ကို တန်းစီမခိုင်းပဲနဲ့ ဒီကို တိုက်ရိုက်ခေါ်လာခဲ့... "
မိန်းမငယ်လေးက အလွန်အံ့ဩသွားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
" ဟုတ်ကဲ့ ဆရာ "
" ဆရာလျူ ကျွန်တော်သွားပြီနော် ... " လင်ပေ့ဖန်က လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
လျူရှောင်ယောက်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
" သွား.... "
လျူရှောင်ယောက်သည် လင်ပေ့ဖန် အခန်းထဲကနေ ထွက်သွားတာကို မြင်လိုက်ရသည်နှင့် သူ့၏ စိတ်လှုပ်ရှားမှုကို ဆက်ပြီး မထိန်းနိုင်တော့ပေ။
" လင်ပေ့ဖန် ဒီတစ်ကြိမ်ရော မင်း သေမှာလား ... " လျူရှောင်ယောက်က ရက်ရက်စက်စက် ပြောလိုက်သည်။
ငါက ကြင်နာတတ်လို့ လင်ပေ့ဖန်ကို ကူညီတယ်များထင်နေတာလား... မဟုတ်ဘူး ....ငါက သူ့နဲ့ ရင်းနှီးခွင့် ရချင်ရုံသက်သက်ပဲ... နောက်ပြီး ငါက သူ့ကို ဗေဒင်ဟောပေးပြီးတော့ သူ့ရဲ့ အကြောင်းအားလုံးကို မြင်နိုင်တယ်လေ....
ထိုနည်းဖြင့် သူသည် သူ့၏ အကြောင်း၊သူ့၏ ရန်သူအကြောင်းကို သိခြင်းဖြင့် လက်စားချေရန်အတွက် ပိုလွယ်သွားလိမ့်မည်ဖြစ်သည်။
ခုနကလိုမျိုး သူသည် လင်ပေ့ဖန်၏ နောက်ကွယ်တွင် မြင့်မြတ်ပုဂ္ဂိုလ်ငါးယောက်ရှိတာကို တွက်ချက်နိုင်ခဲ့သည်။ အကယ်၍ သူသာ ထိုငါးယောက်ကို ရှင်းထုတ်နိုင်ခဲ့လျှင် လင်ပေ့ဖန်သည် ' အတောင်ကျိုးတဲ့ ငှက်လိုမျိုး ' ပျံသန်းရန် လွယ်ကူတော့မည် မဟုတ်ပေ။
သူ့၏ အတိတ်ဘဝတုန်းက လင်ပေ့ဖန်သည် အရမ်းစွမ်းအားကြီးတာကြောင့် လူတိုင်းကို သွေးရူးသွေးတမ်းဖြစ်စေခဲ့သည်။
သို့သော်လည်းပဲ သည်ဘဝမှာတော့ သူ့၏ ရန်သူသည် သန်မာသော်လည်းပဲ ပြိုင်ဘက် မကင်းသေးပေ။
" ဒီဘဝမှာ ငါ မင်းကို သေချာပေါက် ကလဲ့စား ချေမယ်..."
" လင်ပေ့ဖန် ၊ မင်းငါဆီကနေ ယူသွားခဲ့တဲ့ အရာအားလုံးကို ... ငါ မင်းကို အဆတစ်ထောင်ပြန်ပေးရအောင် လုပ်ပစ်မယ်... "
" တောင်တန်းတွေက မြင့်ပြီးတော့ သမုဒ္ဒရာတွေက ကျယ်တယ်... ငါတို့ စောင့်ကြည့် ကြတာပေါ့ကွာ ... "
" ဟားဟားဟား..... "
သူသည် အနာဂတ်ကို မတွေးပဲနှင့် မနေနိုင်ပေ။
သူသည် လင်ပေ့ဖန်ကို သတ်ပြီးနောက် တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပြီး ကဏ္ဍပေါင်းစုံမှ သူဌေးကြီးတွေကလည်း သူ့ဆီ လာရောက်၍ လက်ဆောင်ပဏ္ဍာတွေ လာပေးကြလိမ့်မည်ဖြစ်သည်။ ထို့ပြင် အလှလေးတွေကလည်း သူ့၏ရင်ခွင်ထဲကို ပစ်ဝင်လာပြီး လူငယ်မျိုးဆက်တွေကပါ သူ့ကို ဦးညွှတ်ကြလိမ့်မည်ဖြစ်သည်။
အရမ်းမိုက်တယ်....
ထိုအချိန်တွင် လင်ပေ့ဖန်သည် တံခါးဝမှ ထွက်လာပြီး လူတိုင်းက သူ့ကို ချက်ချင်းပဲ ဝိုင်းအုံလာကြသည်။
" မစ္စတာလင် ၊ မင်း ဘာလို့ အရမ်းကြာနေတာလဲ ..."
" မစ္စတာလင် ဆရာလျူ တွက်ချက်ပြီး ဟောတာ မှန်တယ်မလား.... "
" ဆရာက မင်းကို ဘာပြောလဲ .. "
လင်ပေ့ဖန်က လက်မထောင်ပြီး ချီးကျူးလိုက်သည်။
" ဆရာလျူက တကယ့်ကို ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်... ကျွန်တော် အစတုန်းက ဆရာလျူကို မယုံကြည်ဘူး... ဒါပေမဲ့ ဆရာလျူ လက်တွေ့ပြလိုက်မှပဲ ကျွန်တော်ယုံကြည်သွားတော့တယ်... ကျွန်တော် ဆရာအများကြီးကို မြင်ဖူးတယ်...ဒါပေမဲ့ အဲ့ထဲမှာ ဆရာလျူရှောင်ယောက်က အတော်ဆုံးနဲ့ အစွမ်းအထက်ဆုံး ဗေဒင်ဆရာ တစ်ယောက်ပဲ.... "
" ကျွန်တော်ပြောမယ်...ဆရာလျူက တကယ့်ကို အရည်အချင်းရှိတဲ့ ဆရာတစ်ယောက်ပဲ ... "
" သူက တကယ့်ကို ဆရာစစ်စစ်တစ်ယောက်ပဲ... "
" ဆရာလျူရဲ့ လမ်းညွှန်မှုတွေနဲ့ဆိုရင် ငါတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ပိုပြီးတော့တိုးတက်လာနိုင်တယ်.... "
လူတိုင်းက တပြိုင်တည်း ရယ်မောလိုက်ကြသည်။
" အခုလေးတင်ပဲ ဆရာလျူနဲ့ ကျွန်တော် စကားကောင်းကောင်းပြောခဲ့ရတယ်... နောက်ပြီး ဆရာက ကျွန်တော့်ကို အမြင်ရှင်းသွားအောင်လို့ အများကြီး လမ်းညွှန်ပေးလိုက်သေးတယ်... အဲ့ထဲမှာ ကျွန်တော် ပိုပြီး စိတ်လှုပ်ရှားတာက ဆရာလျူရဲ့ အရေးပေးခြင်းခံရတာပဲ... နောက်ပြီး ကျွန်တော် သူ့နဲ့ သူငယ်ချင်းဖြစ်လာခဲ့တယ်... ဒါကြောင့် ကျွန်တော် ဆရာလျူဆီ အချိန်မရွေးလာပြီး တွေ့လို့ရတယ်... " လင်ပေ့ဖန်က အလွန်ဂုဏ်ယူသောအမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားပြီး လူတိုင်းက အံ့အားသင့်သွားခဲ့သည်။
" မစ္စတာလင် ၊ မင်းပြောတာ အမှန်ပဲလား... "
" မင်းက တကယ်ပဲ ဆရာလျူရဲ့ အရေးပေးခြင်းခံရပြီးတော့ သူ့နဲ့ သူငယ်ချင်းဖြစ်သွားတာလား.... "
" မင်းက သူ့ဆီ အချိန်မရွေးလာလို့ရတာလား... "
လင်ပေ့ဖန် ဘေးနားက မိန်းမငယ်လေးသည် ပါးစပ်ဖွင့်ပြီး ပြောလိုက်သည်။
" ဒါအမှန်ပဲ.... ကျွန်မဆရာက ပြောလိုက်တယ်..အနာဂတ်မှာ မစ္စတာလင် လာလို့ရှိရင် တန်းစီစရာမလိုပဲနဲ့ သူ့ဆီ တိုက်ရိုက်လာလို့ရတယ်တဲ့..... "
" သောက်ကျိုးနည်း .... အဲ့လို့လည်း ရှိသေးတယ်ပေါ့လေ... " လူတိုင်းက လင်ပေ့ဖန်ကို အရမ်းပဲ မနာလိုဖြစ်သွားသည်။
ဆရာလျူရဲ့ မျက်နှာသာပေးမှုကို ရသွားပြီဆိုတော့ သူက လမ်းညွှန်မှုအတွက် ဆရာလျူဆီ အချိန်မရွေး လာမေးနိုင်တာပေါ့... အဲ့ဒါဆိုရင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ဆူးငြောင့်ခလုတ်တွေ ရှိနိုင်တော့မှာ မဟုတ်ဘူးမလား....
ဒါက လူတော်တော်များများမရနိုင်တဲ့ ကောင်းမွန်တဲ့အရာတစ်ခုပဲ.... ဘယ်လိုလုပ်ပြီးတော့ ဒီလူငယ်ကျမှ ကြုံရတာလဲ...
ဆရာလျူက လင်ပေ့ဖန်ကို တော်တော်လေး မျှော်လင့်ထားတာများဖြစ်နိုင်မလား....
ဒါဆိုရင် ငါတို့လည်း.......
သည်နေရာမှာ ရှိနေကြသည့် လူများအားလုံးသည် အတွေ့အကြုံရင့်ကျက်ပြီး ပရိယာယ်ကြွယ်ဝသည့် မြေခွေးအိုကြီးများဖြစ်ကြသည်။
ထိုအချိန်တွင် လင်ပေ့ဖန်က ပျော်ရွှင်စွာဖြင့် ပြော လိုက်သည်။
" ကျွန်တော်တို့ အားလုံး အတူတူရှိနေတာက ရှားတယ်... ဒါကြောင့် ကျွန်တော် လူတိုင်းကို မိတ်ဖြစ်ဆွေဖြစ် ထမင်းစားဖိတ်ခေါ်ချင်တယ်...ခင်ဗျားတို့ရော ဘယ်လိုသဘောရကြလဲ... "
လူတိုင်းက ချီးကျူးပြီး အားလုံးက သဘောတူကြသည်။
" ဥက္ကဌလင် ခေါ်တော့လည်း ကျွန်တော်ကမျက်နှာသာပေးရမှာပေါ့.... "
" ကျွန်တော် ဥက္ကဌလင်နဲ့ ထမင်းလက်စုံစားချင်နေတာ ကြာလှပြီ....ဟားဟား... "
" ဒီအနီးနားမှာရှိတဲ့ ကျွန်တော့်ရဲ့ စားသောက်ဆိုင်ကို သွားကြတာပေါ့..... အရသာကတော့ မဆိုးဘူးလို့ အာမခံတယ် ... "
ထိုကြောင့် လူတိုင်းသည် အုပ်စုလိုက်ကြီး ထွက်ခွါသွားကြသည်။