← Chapters

အခန်း (၁၈၂)

Vol. 14 Ch. 182

အခန်း (၁၈၂)

Vol. 14 Ch. 182

ထိုအချိန်တွင် လျူရှောင်ယောက်သည် သူ့ဘာသာသူကျေနပ်အားရနေသည်။

" ဒီနေ့ရဲ့ ဗေဒင်ဟော ဇာတာ ဘုတ်မှာ တွက်ထားတာက အံ့ဩစရာမရှိတော့ပါဘူး...ဒါက တကယ့်ကို ကောင်းတဲ့ နိမိတ်တစ်ခုပဲ.... အန္တရာယ်တွေကြားထဲကနေ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပေါ်လာတာ...လင်ပေ့ဖန် လှည့်စားခံရပြီးတော့ အားနည်းသွားတဲ့အခါကျရင် သူ့ကို လက်စားချေဖို့အတွက် ငါ့မှာ မျှော်လင့်ချက်ရှိသွားပြီ....ဟားဟား.... "

ထိုအချိန်တွင် မိန်းမငယ်လေးရှောင်ချင်းသည် အခန်းထဲသို့ ဝင်လာသည်။

လျူရှောင်ယောက်သည် ချက်ချင်းပဲ မျက်နှာပိုးသတ်လိုက်ပြီး တည်ငြိမ်အေးဆေးသောအမူအရာဖြင့် လက်ဖက်ရည်တစ်ခွက်ကို လက်မှာကိုင်ပြီး အလျင်စလိုမေးလိုက်သည်။

" သူတို့ အကုန်လုံး ပြန်သွားပြီလား.... "

မိန်းမငယ်လေးက ခေါင်းညိတ်ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။

"သူတို့အကုန်လုံး ပြန်သွားပါပြီ ဆရာ ....သူတို့ မနက်ဖြန်မှ ပြန်လာမယ်လို့ ပြောပါတယ်... "

လျူရှောင်ယောက်က ထပ်မေးခဲ့သည်။

" လင်ပေ့ဖန်.....ရော ပြန်သွားပြီလား... "

မိန်းမငယ်လေးက ထပ်ပြောလိုက်သည်။

" သူတို့ အတူတူ ပြန်သွားကြတာပါ ဆရာ.... "

လျူရှောင်ယောက်က ခေါင်းမော့ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

" အတူတူ ပြန်သွားကြတယ်...ဟုတ်လား... "

" ဟုတ်ပါတယ် ဆရာ...မစ္စတာလင်ပေ့ဖန်က ဆရာ သူ့ကို မျက်နှာသာပေးလိုက်လို့ အရမ်းပျော်ရွှင်သွားပါတယ်.... ဒါကြောင့် သူက တန်းစီနေကြတဲ့ လူတွေအကုန်လုံးကို ညစားစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်... လူတိုင်းကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံခဲ့ကြပါတယ်... " မိန်းမငယ်လေးက ပြောလိုက်သည်။

" အို့....ဒါဆိုဒီလိုပေါ့.... " လျူရှောင်ယောက်သည် ခေါင်းညိတ်ပြီး လက်ဖက်ရည် ဆက်သောက်လိုက်သည်။ထို့နောက် သူသည် သူသောက်ထားတဲ့ လက်ဖက်ရည်အကုန်လုံးကို ပြန်မှုတ်ထုတ်မိခဲ့သည်။

မအေမွေး လင်ပေ့ဖန်... ငါက မင်းကို လက်စားမချေရသေးဘူး... မင်းက ငါ့ရဲ့ အဆက်အသွယ်တွေကို ခိုးနေပြီပေါ့လေ....

ထိုအချိန်တွင် လင်ပေ့ဖန်နှင့် တစ်ခြားသူများသည် စားပြီးသောက်ပြီးနေပြီ ဖြစ်သည်။

ဟိုတယ်တစ်ခုလုံးကို လင်ပေ့ဖန်သည် တစ်ညလုံး ဌားရမ်းခဲ့သည်။ စားဖိုးမှူးသည်လည်း စားစရာမျိုးစုံကို မြန်မြန်ဆန်ဆန်ချက်ပြုတ်ပြီး ဝိုင်ကောင်းများဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။လူတိုင်းက အလွန်ပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်နေကြသည်။

စားသောက်ပြီး‌ချိန်တွင် လင်ပေ့ဖန်သည် လူတိုင်းကို အဆိုတစ်ခုပြုလိုက်သည်။

" ဒီမှာရှိနေကြတဲ့ လူတိုင်းက မိုဟိုင်မြို့မှာ လူသိများတဲ့ အထင်ကရပုဂ္ဂိုလ်တွေကြီးပဲ...နောက်ပြီး ကျွန်တော်တို့အားလုံးကလည်း ဆရာလျူကြောင့်ပဲ အချင်းချင်းတွေဆုံမိခဲ့ကြတာ‌ဆိုတော့ ဝီချက်ဂရုတစ်ခု ဖွဲ့လိုက်ကြရင် မကောင်းဘူးလား... ကျွန်တော်တို့ ဝီချက်ဂရုဖွဲ့ပြီးသွားရင် အချင်းချင်း ဆက်သွယ်ရတာလည်း အဆင်ပြေသွားလိမ့်မယ် ... "

" ကောင်းတယ် မစ္စတာလင် ... " လူတိုင်းက တပြိုင်တည်း ထောက်ခံလိုက်ကြသည်။

တကယ်တော့ အစကတည်းက လူတိုင်းမှာ ၎င်းရည်ရွယ်ချက် ရှိပြီးသား ဖြစ်သည်။ထို့ပြင် သည်မှာရှိနေကြသည့် လူတွေအားလုံးကလည်း ထင်ရှားကျော်ကြားသည့် သူဌေးများ နှင့် ရာထူးမြင့်မြင့်လူများ ဖြစ်ကြသည်။

ဤနေရာမှာရှိနေကြသည့် လူတိုင်းကိုသာ ဂရုတစ်ခုထဲ ထည့်ထားနိုင်ပါက ၎င်းသည် ကြီးမားသည့် အဆက်အသွယ်ကွန်ရက်ကြီးတစ်ခု ဖြစ်သွားလိမ့်မည်ဖြစ်သည်။ ထို့ပြင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်ရုံသာမက ၊ စီးပွားရေးကိစ္စများကိုလည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆွေးနွေးနိုင်ပြီး ပရောဂျက်တွေကိုလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် အကျိုးမြတ်ကလည်း အရမ်းများသည်။

ယခင်တုန်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်ပြီး လူတိုင်းကိုလည်း အတူတကွ စုစည်းအောင် လုပ်ပေးနိုင်သည့် သူ ဘယ်သူမှ မရှိပေ။ ယခု‌တော့ ၎င်းကို လုပ်ပေးနိုင်သည့် ထိုလူက ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

" ဒါဆိုရင် ဘယ်သူက အဖွဲ့ ခေါင်းဆောင်လဲ.... " လင်ပေ့ဖန်က ထပ်မေးလိုက်သည်။

" ပြောစရာမလိုပါဘူး.... အဖွဲ့ ခေါင်းဆောင်က မစ္စတာလင်ပဲပေါ့... "

" မစ္စတာလင် ၊ မင်းက ငယ်ရွယ်ပြီးတော့ အလားအလာကောင်းတယ်....မင်းက အသက်နှစ်ဆယ်မပြည့်ခင်မှာ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ခဲ့တယ်....နောက်ပြီး မင်းက ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌလည်း ဖြစ်လာခဲ့တယ်ဆိုတော့ မင်းက တောက်ပတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်သွားပြီ...မင်းက အနာဂတ်မှာ ငါတို့ လူအိုကြီးတွေထက် ပိုသာမှ အသေအချာပဲ... ဒါကြောင့် ငါ မင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ထောက်ခံတယ်..."

" မစ္စတာလင် ၊ မင်းက ဆရာလျူရဲ့ မျက်နှာသာပေးခြင်းကိုလည်း ခံရတယ်...ဒါကြောင့် အဖွဲ့ခေါင်းဆောင် နေရာက မစ္စတာလင်နဲ့ အသင့်တော်ဆုံးပဲ ... "

" မစ္စတာလင် အဖွဲ့ခေါင်းဆောင်လုပ်တာကို ငါ့လက်နှစ်ဖက်နဲ့ ထောက်ခံတယ်.... "

လူတိုင်းက သူ့ကို ထောက်ခံတာကြောင့် လင်ပေ့ဖန်သည် ပြုံးပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

" ကျွန်တော့်ကို ထောက်ခံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ဒါဆိုရင် ကျွန်တော် ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လုပ်လိုက်တော့မယ်.... "

ထို့နောက် သူသည် ဖုန်းကို ယူထုတ်၍ ဝီချက်ဂရုတစ်ခုကို ထောင်ပြီး လူအားလုံးကို ဂရုထဲထည့်လိုက်သည်။

လင်ပေ့ဖန်သည် အလွန်ပျော်ရွှင်နေသည်။

ဤနေရာမှာ ‌ရှိနေကြသည့် လူများ၏ တစ်ဦးချင်းစီ အသားတင်ပိုင်ဆိုင်မှုက အနည်းဆုံး ယွမ်သန်းပေါင်းများစွာ ပိုင်ဆိုင်ကြသည်။အကယ်၍ ၎င်းတို့အားလုံး၏ ပိုင်ဆိုင်မှုတွေကိုသာ ပေါင်းလိုက်လျှင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှုက ယွမ် ဘီလီယံပေါင်းများစွာ ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ထို့အပြင် လျူရှောင်ယောက်၏ ဂုဏ်သတင်းသာ ပိုပြီး ကျော်ကြားလာသည်နှင့်အမျှ သူ့စီ ဗေဒင်လာမေးမည့် အထင်ကရ ပုဂ္ဂိုလ်တွေကလည်း ပိုပြီးတော့‌ တောင် များလာလိမ့်မည်ဖြစ်သည်။ထိုထဲတွင် ကဏ္ဍတိုင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးများတောင် ပါဝင်လာနိုင် သေးသည်။ထို့ကြောင့် သူထောင်ထားသည့် အဖွဲ့ကလည်း ဧကန်မုချ အလျင်အမြန် ကြီးမားလာလိမ့်မည်ဖြစ်သည်။ထိုအရာက တကယ့်ကို ကြီးမားသည့် ဆက်သွယ်ရေး ကွန်ရက်ကြီးတစ်ခုပဲ ဖြစ်သည်။

ဆရာလျူ ငါ့ကို ယူလာပေးတဲ့ အကူအညီက သေးငယ်တဲ့ အကူအညီလေး တစ်ခုမဟုတ်ဘူးဘဲ...

ကျေးဇူးတင်ပါတယ် ဆရာလျူ....

သူ ပြန်မွေးဖွားလာတာနဲ့ ငါ့ကို အံ့ဩစရာကောင်းတဲ့ ဒီလိုမျိုးလက်ဆောင်တစ်ခု ယူလာပေးပြန်ပြီ...

ဤနေရာမှာရှိနေကြသည့် သူဌေးများကလည်း အလွန်ပျော်ရွှင်နေကြသည်။

ဂရုထဲဝင်ပြီးနောက် လူတိုင်းသည် အနာဂတ်မှာ အဖွဲ့လိုက် မိတ်ဆွေသူငယ်ချင်းများဖြစ်လာကြလိမ့်မည်ဖြစ်သည်။

အကယ်၍ မင်းမှာ ဘာမှလုပ်စရာမရှိရင် နှုတ်ဆက်လိုက်ရုံနဲ့ မင်းရဲ့စီးပွားရေးက ပိုပြီးတော့ အဆင်ပြေသွားလိမ့်မယ်....

အထူးသဖြင့် ၎င်းအဖွဲ့၏ ဂရုလီဒါလင်ပေ့ဖန်သည် ဆရာလျူ၏ မျက်နှာသာပေးခြင်းခံရသော ထူးချွန်ထက်မြက်သည့် လူငယ်တစ်ယောက်ဖြစ်ပြီး မိသားစု နောက်ခံလည်း တောင့်တင်းသည့် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူ့နောက်လိုက်တာက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကိုလည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။

ထိုအချိန်တွင် လူတစ်ယောက်က ဂရုထဲမှာ စာတစ်စောင်ပို့လာသည်။

ဝမ်မုန်မုန် : ကျွန်တော့်ကုမ္ပဏီမှာ မကြာသေးခင်တုန်းက xx ပရောဂျက်တစ်ခုကို စတင်ဆောင်ရွက်နေတယ်...အလားအလာကတော့ အရမ်းကောင်းတယ်...ဒါပေမဲ့ ကျွန်တော်တို့မှာ ရန်ပုံငွေ သန်းငါးဆယ် လိုအပ်နေသေးတယ်...ဒီပရောဂျက်ကို ဘယ်သူဌေးကများ စိတ်ဝင်စားလဲမသိဘူး.....

ဝမ်မုန်မုန်၏ စာအောက်တွင် ချက်ချင်းပဲ ပြန်ဖြေထားသည့် စာတစ်စောင်ရှိသည်။

လင်ပေ့ဖန် : ကျွန်တော်စိတ်ဝင်စားတယ်.... ခင်ဗျား ပြန်ရောက်တဲ့အခါကျရင် စာရွက်စာတမ်းအပြည့်အစုံကို ကျွန်တော့်ကို ပို့ပေးလိုက်.... ဒီပရောဂျက်က တကယ်အလားအလာရှိတယ်ဆိုရင် ကျွန်တော် ရန်ပုံငွေ ထည့်ပေးမယ်။

စာပို့ထားသည့် သူဌေးသည် အံ့အားသင့်သွားသည်။

သောက်ကျိုးနည်း.....

ငါ ဂရုဝင်ပြီးတာတောင်မကြာသေးဘူး...ဒီလိုမျိုးအကျိုးကျေးဇူးခံစားနေရပြီပေါ့လေ....

လင်ပေ့ဖန်သည် ခေါင်းမော့ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" သူဌေးတို့ အခု ကျွန်တော့်ကုမ္ပဏီမှာ အပေါဆုံးက ရန်ပုံငွေတွေပဲ...အကယ်၍ ခင်ဗျားတို့မှာ ပရောဂျက်ကောင်းတစ်ခုရှိတာပဲဖြစ်ဖြစ် ၊ဒါမှမဟုတ် ခင်ဗျားတို့မှာ လုပ်ငန်းလည်ပတ်ဖို့ ရန်ပုံငွေ ပြဿနာတွေနဲ့ ကြုံလာတာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော့်စီလာလို့တယ်.... "

" မစ္စတာလင်၊ မင်းပြောတာ အမှန်ပဲလား..." လူတစ်ယောက်က မေးမြန်းလိုက်သည်။

လင်ပေ့ဖန်က ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် အမှန်ပဲ ... ကျွန်တော့်ကုမ္ပဏီက လက်ရှိမှာ စက်မှုလုပ်ငန်းတွေနဲ့ တခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လုပ်နေတယ်...အကယ်၍ ခင်ဗျားတို့ ပရောကောင်းကောင်းတစ်ခုခု တွေ့တာ ၊ဒါမှမဟုတ် အခက်အခဲတွေကြုံလာတဲ့အခါကျရင် ...ခင်ဗျားတို့ ကျွန်တော့်စီ လာနိုင်တယ်... "

" လခွမ်း...ဒါက တကယ်ကောင်းတဲ့ အခွင့်အလမ်းပဲ... "

" ကျုပ် ပထမဆုံး မစ္စတာလင်ကို ကျေးဇူးတင်ပါတယ်..."

လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။

ယနေ့ခေတ်တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် လူတိုင်းက အသက်ရှင်ဖို့အတွက် ၎င်းတို့၏ ပိုက်ဆံတွေကို ခြစ်ကုတ်သိမ်းထားကြ၏။

ထို့ပြင် သူဌေးများရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿကလည်း ပိုက်ဆံပြဿနာပဲဖြစ်သည်။

သို့သော်လည်းပဲ ယခုချိန်တွင် ဘဏ်များနှင့် ဘဏ္ဍာရေးလုပ်ငန်းများကပါ ငွေကြေးများကို တင်းကျပ်ထား‌တာကြောင့် သူဌေးများသည် ၎င်းတို့စီတွင် ငွေချေးဖို့အတွက် အလွန်ခက်ခဲနေခဲ့သည်။

အခုတော့ ၎င်းတို့ကို ငွေကြေးထောက်ပံ့ဖို့အတွက် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုပေါ်လာခဲ့ပြီဖြစ်သည်။ထိုအရာက အရမ်းကောင်းသည်။

အဖွဲ့တစ်ခုထဲကို ဝင်လိုက်တာနဲ့ အကျိုးကျေးဇူးတွေ ချက်ချင်းပဲ ရလာပြီ... ဒီအဖွဲ့ထဲဝင်ရတာ တကယ်တန်တယ်...

နောက်ဆုံးမှာတော့ လင်ပေ့ဖန်သည် ဝိုင်ထည့်ထားသည့် ဖန်ခွက်ကို ကိုင်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

" လာ...စကား နောက်မှ ပြောကြတာပေါ့..ကျွန်တော် ခင်ဗျားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက် အရင်ဆုံးသောက်ပေးမယ်... "

လူတိုင်းကလည်း ပြုံးပြီး သူတို့၏ ဖန်ခွက်များကို မြှောက်လိုက်သည်။

" အဖွဲ့ခေါင်းဆောင်အတွက်.... "

ထိုညတွင် လူတိုင်းသည် မူးအောင်သောက်ပြီး ပြန်သွားခဲ့ကြသည်။

နောက်တစ်နေ့တွင် လင်ပေ့ဖန်သည် လက်ဆောင်တစ်ခုဖြင့် ပန်ရှန်းကျူကို ထပ်လာခဲ့သည်။

ဆရာလျူက သူ့ကို ကူညီပြီး လမ်းညွှန်ပေးရုံသာမက၊ ကြီးမားသည့် အဆက်အသွယ်ကွန်ရက်ကြီးတစ်ခုကိုလည်း ယူဆောင်လာပေးတာကြောင့် သူသည် ဆရာလျူကို ကျေးဇူးတင်ရမည်ဖြစ်သည်။

လင်‌ပေ့ဖန်သည် လက်ဆောင်ကို သယ်၍ လမ်းတစ်လျှောက်ရှိ သူဌေးများကို နှုတ်ဆက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် လမ်းကြားထဲကို ဝင်သွားလိုက်သည်။

" သူဌေးလျူ ရောက်နေပြီပေါ့... ဒီနေ့ ခင်ဗျားပုံကို ကြည့်ရတာ စိတ်ကြည်နေသလိုပဲ... "

" မစ္စတာလင် ၊ မင်းလည်း ရောက်လာပြီပေါ့... "

" မစ္စတာဝမ် ၊ ခင်ဗျားလည်း ရောက်နေပြီပေါ့...ကျွန်တော်က ဒီနေ့ ခင်ဗျား မထနိုင်တော့ဘူးလို့ ထင်နေတာ... "

" ငါက ခွက်တစ်ထောင်သောက်ပြီးရင်တောင် မမူးဘူး...ဟားဟား.... "

မနေ့ညက ညစာစားပြီးနောက် သူတို့သည် ဝီချက်ဂရုထဲမှာ သူငယ်ချင်းတွေဖြစ်လာတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ ရင်းနှီးလာခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူစိမ်းတစ်ယောက်ဆီ လာပြီး ပြောလိုက်သည်။

" ဒီသူဌေးက လူသိများတဲ့ သူတစ်ယောက်ပဲ .... "

" မင်္ဂလာပါ မစ္စတာလင် ၊ ကျွန်တော်က လူသစ်တစ်ယောက်ပါဗျ...ကျွန်တော်က ချာချားကုမ္ပဏီရဲ့ သူဌေးပါ... ဒီမှာ ဗေဒင်ဟောတာ အရမ်းမှန်တဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုတာ ကျွန်တော်ကြားမိလို့ ကျွန်တော် ဒီကို လာကြည့်ကြည့်တာ... " လူစိမ်းက လမ်းမှာ မျက်နှာချိုသွေးလိုက်သည်။

လင်ပေ့ဖန်သည် ချက်ချင်းပဲ လက်မထောင်ပြီး အလွန် လေးစားသောအမူအရာဖြင့် ပြောလိုက်သည်။

" ကျွန်တော် ခင်ဗျားကို ပြောပြမယ်...ဒီဆရာက ခင်ဗျားမြင်ဖူးတဲ့ လူလိမ်ဆရာတွေနဲ့မတူဘူး... သူကတကယ့်ကို ဆရာစစ်စစ်တစ်ယောက်ပဲ... ခင်ဗျားသာ သူ့ရဲ့ လမ်းညွှန်မှုကိုရနိုင်ရင် ၊ခင်ဗျား ထာဝရအကျိုးကျေးဇူးရလိမ့်မယ်... "

" မစ္စတာလင် ၊ မင်းပြောတာ အမှန်ပဲလား... "

လင်ပေ့ဖန်၏ ထောက်ခံမှုကြောင့် ထိုလူသည် အနည်းငယ်ပိုပြီး ယုံကြည်သွားသည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် တံခါးဆီသို့ လမ်းလျှောက်သွားပြီး လူတိုင်းကို လက်ပြနှုတ်ဆက်လိုက်သည်။

" ကောင်းပြီ ၊ ကျွန်တော်အရင်ဆုံးသွားလိုက်ဦးမယ်...အားလုံးပဲ နောက်မှတွေ့ကြတာပေါ့... "

" ကောင်းပြီ ၊မစ္စတာလင် .. " လူတိုင်းက ယဉ်ကျေးစွာဖြင့် ပြောလိုက်ကြသည်။

All Chapters