← Chapters

အခန်း (၁၈၃)

Vol. 14 Ch. 183

အခန်း (၁၈၃)

Vol. 14 Ch. 183

" ဆရာလျူ ၊ ကျွန်တော် ဆရာ့ကို လာတွေ့ပါတယ်... "

လူမရောက်ခင် အသံက အရင်ဆုံး ရောက်လာသည်။

လျူရှောင်ယောက် လှမ်းကြည့်လိုက်သောအခါတွင် လင်ပေ့ဖန်သည် သူ့တပည့်ရှောင်ချင်း၏ လမ်းပြ ပေးမှုအောက်တွင် ပျော်ရွှင်စွာဖြင့် သူ့ဆီ လာနေတာကို မြင်လိုက်ရသည်။

" မစ္စတာလင် ၊ မင်း ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ ... " လျူရှောင်‌ယောက်က ပြုံးပြီး လင်ပေ့ဖန်ဆီလာ၍ နှုတ်ဆက်လိုက်သည်။

လင်ပေ့ဖန်သည် မြှောက်ပင့်ပြီး ပြောလိုက်သည်။

" ကျွန်တော် မနေ့က ဆရာ့ရဲ့ မျက်နှာသာပေးမှုနဲ့ လမ်းညွှန်မှုကို ရတာ ၊တကယ်ကံကောင်းတယ်လို့ ပြောရမယ်.... အဲ့ဒါက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီကြီးကြီးမားမားဖြစ်စေခဲ့တယ်..... နောက်ပြီး ဒီလိုကြင်နာမှုမျိုးက အရမ်းပဲကြီးမားလွန်းတယ်...ဒါကြောင့် ကျွန်တော် ဆရာ့ကို ကျေးဇူးတင်ဖို့အတွက် အထူးလက်ဆောင်တစ်ခု ယူလာခဲ့တယ်.... "

လျူရှောင်ယောက်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့စိတ်ထဲ၌ ပျော်ရွှင်သွားသည်။

လင်ပေ့ဖန်က အရမ်းမာနကြီးတဲ့ သူတစ်ယောက်ပဲ...

ဒါတောင် သူက ငါ့ကို ကိုယ်တိုင်ကျေးဇူးတင်ဖို့အတွက် လက်ဆောင်ယူလာပေးတယ်ဆိုတော့ ..

မနေ့က ငါသူ့ကို ဟောပေးလိုက်တာတွေက မှန်တယ်လို့ ဆိုလိုရာ မရောက်ဘူးလား....

နောက်ပြီး ငါက လင်ပေ့ဖန်ရဲ့ ယုံကြည်မှုကို ရသွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား...

ဟားဟား.... နတ်ဘုရားတွေကတောင် ငါ့ကို ကူညီနေပြီ...

ထိုအကြောင်းကိုတွေးပြီး သူသည် မပြုံးပဲနှင့် မနေနိုင်တော့ပေ။

" လူလာတာပဲ ရနေပြီဟာကို...ဘာလို့ လက်ဆောင်တွေ ယူလာတာလဲ... "

" ဆရာက ပကာသနတွေ မမက်တဲ့ ဆရာစစ်စစ်တစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ ကျွန်ပေးတဲ့ ဒီလက်ဆောင်လေးကိုတော့ လက်ခံပေးပါဆရာ... " လင်ပေ့ဖန်က လက်ဆောင်သေတ္တာလေးကို ဖွင့်ပြီး အထဲက လက်ဖက်ခြောက်ရနံ့ သင်းသင်းလေးပါသည့် အထုပ်ကလေးနှစ်ထုပ်ကို ယူထုတ်လိုက်သည်။

" ဆရာက လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်ဆိုတာကို ကျွန်တော်သိလို့ ၊ကျွန်တော်တန်ဖိုးထားတဲ့ ဝူ‌ရှန်းလက်ဖက်ပင်က ထုတ်လုပ်ထားတဲ့ ဒီတဟုန်ပေါင် လက်ဖက်ရည်ထုပ်ကို ယူလာပေးတာပါ ဆရာ ...ကျေးဇူးပြုပြီး လက်ခံပေးပါဦး.... "

လျူရှောင်ယောက်က မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။

ဤတဟုန်ပေါင် လက်ဖက်ရည်ထုပ်က သာမှန်လက်ဖက်ရည်ထုပ် တစ်ထုပ်မဟုတ်ပေ။၎င်းက ‌အရည်အသွေးမြင့်ပြီး အလွန်ဈေးကြီးသည့် လက်ဖက်ရည်ထုပ်တစ်ထုပ်ပဲဖြစ်သည်။ထို့ပြင်၎င်းလက်ဖက်ရည်ထုပ်၏ တန်ကြေးကလည်း ဈေးကွက်ထဲတွင် ယွမ်သောင်းနှင့်ချီပြီး တန်ကြေးရှိသည်။

အထူးသဖြင့် ဝူရှန်လက်ဖက်ပင်ကနေ ထုတ်လုပ်သည့် ၎င်းလက်ဖက်ရည်ထုပ်သည် ပိုပြီးတော့တောင်မှ ဈေးကြီးသည်။ထို့ပြင် ၎င်းလက်ဖက်ရည်ထုပ်ကို ဈေးကွက်ထဲတွင် ဝယ်ယူလို့မရပေ။

သူ့၏ အတိတ်ဘဝတုန်းကတောင်မှ သူသည် ကံကောင်းထောက်မပြီး တဟုန်ပေါင်လက်ဖက်ခြောက်ကို ၃ ပေါင် ရရှိခဲ့သည်။

ယခုတော့ သူ့၏ရန်သူတော်ကြီး လင်ပေ့ဖန်က သူ့ကို တဟုန်ပေါင် လက်ဖက်ခြောက် ၂ပေါင်ပေးနေသည်။

ထို့ကြောင့် သူသည် ညင်သာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

" ဒီလက်ဖက်ရည်ထုပ်.....က မဆိုးဘူး.... "

" ဆရာ ကြိုက်တယ်ဟုတ် "

ထို့နောက် လင်ပေ့ဖန်သည် လက်ဆောင်သေတ္တာထဲက သစ်သားတစ်ချောင်းနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ယူထုတ်လိုက်ပြန်သည်။

" ဆရာလျူက သစ်မွှေးတွေ ကြိုက်တယ်ဆိုတာ ကျွန်တော်သိလို့ ဖီးနစ်တောင်ကနေ ကျွန်တော်စုဆောင်းထားတဲ့ ဒီဖီးနစ်သစ်မွှေးလေးကို ယူလာပေးတာပါဗျ....နောက်ပြီး ဒီသစ်မွှေးကို မီးရှို့လိုက်ရင် အမွှေးနံ့တစ်ခုထဲကိုပဲ ထုတ်ပေးတာ မဟုတ်ပါဘူး... ဒါက လူတွေရဲ့ ခန္ဓာကိုယ်ကိုယ်လည်း အကျိုးရှိစေပြီးတော့ ကောင်းကောင်းလည်း အိပ်ပျော်စေတဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေရှိပါတယ်... "

လျူရှောင်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ထိုဖီးနစ်‌သစ်မွှေးက ထိပ်တန်းသစ်မွှေးတစ်ခုဖြစ်သည်။ထို့ပြင် ၎င်းသစ်‌မွှေးက ၁ ဂရမ်ကို ယွမ်၁၀၀၀၀လောက်တန်တာကြောင့် ရွှေထက်တောင်မှ ဈေးကြီးသေးသည်။

ထိုသစ်မွှေးကို ဝယ်တာက ပိုက်ဆံဖြုန်းခြင်းနှင့်တူနေသလို ဖြစ်တာကြောင့် လူအများစုက မဝယ်ချင်ကြပေ။

မမျှော်လင့်ပဲနှင့် လင်ပေ့ဖန်က သူ့ဆီ အနည်းဆုံး ၁ပေါင် လောက်ရှိသည့် ၎င်းဖီးနစ်သစ်မွှေးကို အမှန်တကယ် ယူလာပေးခဲ့သည်။

ထို့ကြောင့် သူသည် ခေါင်းထပ်ညိတ်ပြီး ပြောလိုက်သည်။

" ဒီသစ်မွှေးက မဆိုးဘူးပဲ... "

" ဆရာ ၊ ‌ဒီအဖိုးတန်ပစ္စည်းလေးခုက ကျွန်တော်လေ့လာပြီး စုဆောင်းထားတဲ့ အရာတွေပါပဲ...လာပြီးကြည့်ကြည့်ပါဦး... "

ထို့နောက် လင်ပေ့ဖန်သည် လျူရှောင်ယောက်အကြိုက်တွေ့စေမည့် ပစ္စည်းကောင်းအချို့ကို တစ်ခုပြီးတစ်ခု ယူထုတ်လိုက်သည်။

လခွမ်း... ဒီလက်ဆောင်အကုန်လုံးက ငါကြိုက်တဲ့ အရာတွေကြီးပဲ...

ပစ္စည်းတိုင်းကလည်း ဈေးကြီးတဲ့ပစ္စည်းကြီးပဲဟ....

ငါ တစ်ခုမှ မငြင်းနိုင်ဘူး....

ဒီလူယုတ်မာက အရမ်းတော်တာပဲ....

ထို့ကြောင့် သူသည် တည်ကြည်သော ပုံစံဖြင့် ဟန်ဆောင်ပြီး ပြောလိုက်သည်။

" ကောင်းပြီ ၊ ဒီလက်ဆောင်တွေက ကောင်းတယ်...ဒီတစ်ကြိမ်တော့ မင်း စိတ်ချမ်းသာအောင်လို့ ငါ လက်ခံပေးလိုက်မယ်...ဒါပေမဲ့ နောက်တစ်ကြိမ် မင်း လက်ဆောင်တွေ ယူလာခဲ့ရင်တော့ ငါ မင်းကို မောင်းထုတ်ပစ်ရလိမ့်မယ်.... "

" ဟုတ်ကဲ့ ဆရာ " လင်ပေ့ဖန်က သဘောတူလိုက်သည်။

" မနေ့ညက ဒီကိုလာကြတဲ့ လူတိုင်းကို အပြင်မှာ ညစာစားဖို့အတွက် မင်း ဖိတ်ခေါ်ခဲ့တယ်လို့ ငါကြားတယ်.... " လျူရှောင်ယောက်က မဝံ့မရဲ မေးလိုက်သည်။

လင်ပေ့ဖန်က မငြင်းပဲနဲ့ ပြန်ဖြေလိုက်သည်။

" ဟုတ်တယ် ၊ မနေ့က ဆရာ့ရဲ့ လမ်းညွှန်မှု နဲ့ မျက်နှာသာပေးမှုကို ခံရပြီးတော့ ကျွန်တော် အရမ်းပျော်သွားတာ... နောက်ပြီး အနာဂတ်မှာ ဆရာဆီ ဗေဒင်လာမေးမဲ့လူတွေကလည်း ဒီထက်ပိုပြီး များလာလိမ့်မယ်လို့ ၊ ကျွန်တော်ယူဆထားလို့ လူတိုင်းကို ထမင်း အတူတူစားပြီး မိတ်ဆွေဖွဲ့ဖို့အတွက် ကျွန်တော် ဖိတ်ခေါ်ခဲ့တာပါဗျ... "

" ဆရာ့စီလာတဲ့လူတွေ ပိုပြီးတော့ များလာလေလေ ဆရာ့ရဲ့ ဘဝအတွက်လည်း အဆင်မပြေမှုတွေ ပိုများလာလိမ့်မယ်...နောက်ပြီး ဆရာက အေးအေးဆေးဆေး နေတတ်တဲ့ဆရာတစ်ယောက်ဆိုတော့ ဒီလိုမျိုးလောကီကိစ္စတွေကို ဂရုစိုက်မှာမဟုတ်လောက်ဘူး...ဒါကြောင့် ကျွန်တော်က ဆရာ့အစား စီမံခန့်ခွဲရတာလွယ်သွားအောင်လို့ လူတိုင်းကို ဝီချက်ဂရုတစ်ခုဖွဲ့ဖို့အတွက် အကြံပေးလိုက်တာပါဗျ... ဆရာ ၊ကျွန်တော်လုပ်တာ မှန်တယ်မလား.... "

လျူရှောင်ယောက်၏ မျက်နှာက အေးခဲနေသည်။

မင်းငါ့ကို မျက်ခွက်လာပြောင်နေတာလား...

ငါ ၊ ဒီလောကီကိစ္စတွေ နဲ့ လူတွေ ငါ့အပေါ်မှာ ယုံကြည်လေးစားတဲ့ခံစားချက်တွေကို ငါအကြိုက်ဆုံးပဲ....ဒါကို မင်းသိလား...

မင်းက ငါ့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်ခဲ့တာပဲ...

ထိုလူယုတ်မာ ပြောခဲ့သည့် စကားအားလုံးကလည်း ထောင်ချောက်တွေချည်းပဲ ဖြစ်သည်။ ထို့ပြင် သူက ဆရာတစ်ယောက် ဖြစ်ကြောင်း ၊ ၎င်းလောကီကိစ္စများကိုလည်း မကြိုက်နှစ်သက်ကြောင်း ပြောပြီး ထိုလူယုတ်မာက သူ့ကိုတောင်မှ မြှောက်ပင့်ခဲ့သေးသည်။

အကယ်၍ ငါ ငြင်းလိုက်ရင် ငါက ' ကြောင်သူတော်ကြွက်သူခိုးကြီး ' မဖြစ်သွားဘူးလား...

ငါ့ရဲ့ ဂုဏ်သတင်းတွေလည်း ပျက်စီးသွားလိမ့်မယ်...

ဒီမအေမွေးက အရမ်းလိမ္မာပါးနပ်တာပဲ....

ထို့ကြောင့် သူသည် အံကြိတ်ရုံသာတတ်နိုင်သည် ။

" ကောင်းတယ်.... မင်းလုပ်တာ အရမ်းကောင်းတယ်... "

" ဆရာ့ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် " လင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။

" ဆရာရဲ့ အပူတွေကို ဝေမျှခွင့်ရတာက ကျွန်တော့်အ‌တွက်တော့ ဂုဏ်ယူစရာပါပဲ.... "

" မင်း ဒီနေ့ ဒီကိုလာတာ.... ငါ့ကို ဘာမေးချင်လို့လဲ..." လျူရှောင်ယောက်က ထပ်မေးလိုက်သည်။

လင်ပေ့ဖန်က ခေါင်းခါလိုက်သည်။

" မရှိပါဘူး... ကျွန်တော်ဒီနေ့ ဒီကို လာတာ အဓိကက ဆရာ့ကို ကျေးဇူးတင်ဖို့ပါ...ကျွန်တော့်မှာ ဘာမေးစရာမှ မရှိဘူး... "

" ဒါဆိုရင် မင်းဒီနေ့ အချိန်ရလား..." လျူရှောင်ယောက်က ထပ်မေးလိုက်သည်။

" ရပါတယ် ဆရာ " လင်ပေ့ဖန်က ခေါင်းညိတ်လိုက်သည်။

" ငါ လူတိုင်းကို ဘယ်လိုဗေဒင်ဟောပေးလဲဆိုတာကို မင်းဒီမှာ နေပြီးတော့ ကြည့်ဖို့အတွက် စိတ်ဝင်စားလား... " လျူရှောင်ယောက်က ပြောလိုက်သည်။

" စိတ်ဝင်စားပါတယ်ဆရာ "

" ကောင်းပြီး ၊ ဒါဆိုရင် ကြည့်လိုက်ကြရအောင်" လျူရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။

သူသည် လင်ပေ့ဖန်က သူ့၏ ဗေဒင်‌ပညာအပေါ် အတန်အသင့် ယုံကြည်မှုရှိသော်လည်း လုံးဝ ယုံကြည်မှုမရှိသေးဘူးဟု သံသယရှိနေခဲ့သည်။ထို့ကြောင့် သူသည် လင်ပေ့ဖန် ရှေ့တွင် သူ့၏ ဗေဒင်ပညာများကို ထုတ်ဖော်ပြသပြီး လင်ပေ့ဖန်ကို လုံးဝယုံကြည်သွားအောင် လုပ်ပြမည်ဖြစ်သည်။

ခဏအကြာတွင် ဈေးကြီးသည့်ဝတ်စုံတစ်စုံကို ဝတ်ထားသော သူဌေး တစ်ယောက်ဝင်လာခဲ့သည်။

ထိုသူဌေးသည် တင်ပလင်ခွေထိုင်ပြီး ရယ်မောနေကြသော လင်ပေ့ဖန်နှင့် လျူရှောင်ယောက်တို့ကို မြင်လိုက်ရသောအခါတွင် သူ့စိတ်ထဲ၌ လင်ပေ့ဖန်က ဆရာလျူ၏ မျက်နှာသာပေးခြင်း အမှန်တကယ်ခံရတာကို ယုံကြည်သွားခဲ့သည်။

ထို့ကြောင့် သူသည် အလျင်စလို နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ဆရာလျူ ၊ မင်္ဂလာပါ ဥက္ကဌလင် ... "

လင်ပေ့ဖန်နှင့် လျူရှောင်ယောက်တို့က အနည်းငယ်ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" ကံကောင်းထက်မစွာနဲ့ ကျွန်တော်က ဆရာလျူရဲ့ မျက်နှာသာပေးခြင်းကို နောက်တစ်ခါ ခံခဲ့ရတယ်...ဒါ‌ကြောင့် ဆရာလျူဗေဒင်ဟောတာ၊ဗေဒင်တွက်တာကို ကျွန်တော်ဒီမှာနေပြီး ကြည့်နေတာ... အကယ်၍ ခင်ဗျား ပုဂ္ဂိုလ်ရေးအကြောင်း ဆရာ့ကို လာမေးတာဆိုရင်တော့ ...ကျွန်တော် ခင်ဗျားမေးပြီးတဲ့အထိ ရှောင်ပေးလို့ရတယ်.... "

ထိုသူဌေးက အလျင်အမြန် ပြန်ပြောလိုက်သည်။

" ကျွန်တော်မေးမှာ ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုမဟုတ်ပါဘူး... မစ္စတာလင်... ရှောင်ပေးစရာမလိုပါဘူး... "

ထိုအချိန်တွင် လျူရှောင်ယောက်က စဟော တော့သည်။

" မင်းက ဒြပ်စင်ငါးခုမှာ ရွှေဒြပ်စင်ချို့တဲ့နေတယ်...နောက်ပြီး မင်းခန္ဓာကိုယ်မှာ ရွှေဒြပ်စင်မရှိတော့ မင်းရဲ့ ခန္ဓာကိုယ်က အား‌နည်းနေတယ်...ဒါကြောင့် မင်းငယ်ငယ်ကတည်းက နေမကောင်းဖြစ်ပြီးတော့ ဆေးရုံမကြာခဏတက်ရတယ်....ဒါပေမဲ့ မင်း အသက်၂၅နှစ်လည်းရောက်ရော မင်းရဲ့ ခန္ဓာကိုယ်က အရင်ကထက် ပိုကောင်းလာပြီးတော့ မင်းရဲ့ ကျန်းမာရေးကလည်း သိသိသာသာ ကောင်းလာတယ်....ငါပြောတာ မှန်တယ်မလား.... "

ထိုသူဌေးသည် အံ့အားသင့်သွားသည်။

" ဟုတ်ပါတယ်ဆရာ ၊ ဆရာဟောတာ မှန်ပါတယ်... ကျွန်တော် ကလေးဘဝကတည်းက မကြာခဏနေမကောင်းဖြစ်ပြီး တစ်နှစ်ကို အခါပေါင်းများစွာ နေမကောင်းဖြစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ ကျွန်တော့်အသက်၂၅နှစ်လည်းရောက်ရော ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ပိုကောင်းလာပြီးတော့ တော်ရုံတန်ရုံ နေမကောင်းမဖြစ်တော့ပါဘူး... ဆရာ ဘယ်လိုလုပ်ပြီး ဒါကို သိနေတာလဲ.... "

လျူရှောင်ယောက်က မရှင်းပြပဲ ဆက်ပြောလိုက်သည်။

" မင်းအသက် ၂၅ နှစ်ရောက်တဲ့အချိန်မှာ မင်းက ဆောက်လုပ်ရေးပစ္စည်းတွေ ၊ဒါမှမဟုတ် သတ္တုနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ရမယ်...ဒါ‌ကြောင့် မင်းရဲ့ခန္ဓာကိုယ်မှာ ရွှေဒြပ်စင်နည်းနေတာက ပြန်ဖြည့်ပေးလိုက်သလို ဖြစ်သွားပြီးတော့ မင်းရဲ့ကျန်းမာရေးကလည်း ပိုကောင်းလာခဲ့တာ...နောက်ပြီး မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း အရင်ကထက် ပိုပြီးတော့ ကောင်းသထက်ကောင်းလာခဲ့တယ်...ငါပြောတာ မှန်တယ်မလား.... "

ထိုသူဌေးသည် နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။

" ဆရာ ၊မင်းဟောတာ ထပ်မှန်ပြန်ပြီ... ကျွန်တော် အသက်၂၅ နှစ်အရွယ်မှာ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းတစ်ခုကို ကျွန်တော်တို့ရွာရဲ့ ရွာသားတစ်ဦးနဲ့အတူတူစတင်ပြီးလုပ်ကိုင်ခဲ့ပါတယ်... အဲဒီကတည်းက ကျွန်တော့်ရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ပိုကောင်းလာပြီးတော့ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းကလည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်...ဆရာ ၊ဒါကို မင်းဘယ်လိုလုပ်ပြီးတော့ သိတာလဲ.... "

" ငါ သိတာပေါ့ဟ ၊ ဘာလို့လဲဆိုတော့ ငါက အရမ်းတော်တဲ့ ဗေဒင်ဆရာတစ်ယောက်လေ... " လျူရှောင်ယောက်က ဆန်းကြယ်သောအပြုံးဖြင့် ပြုံးလိုက်သည်။

All Chapters