သူ့မှာ အစီအစဉ် တစ်ခုခု ရှိလား
Vol. 7 Ch. 65
အရပ် ၁.၉မီတာ မြင့်သော ချိုင်ရီဖန်က သူ့ဘဝတစ်လျှောက်လုံး မိုက်မဲခဲ့သော်လည်း ယနေ့တော့ နောက်ဆုံးတွင် အသိဉာဏ်ရသည့် အချိန်လေး ရှိလာခဲ့သည်။
ဒါရိုက်တာကျန်း ပြောခဲ့သည့် ရိုးရာပုံပြင်ကြောင့် ဖြစ်နိုင်သော်လည်း သူ့ပခုံးပေါ် တစ်ခုခု ဖိလာသည်ဟု ခံစားလိုက်ရသည့် ချက်ချင်းမှာ သူ၏ ပထမဆုံး တုံ့ပြန်မှုက လှည့်ကြည့်ဖို့ မဟုတ်ခဲ့ပေ။
ထိုအစား သူက အောက်ကို ကုန်းပြီး လှိမ့်ချလိုက်သည်။ လဲကျသွားခြင်းနှင့် တွားသွားခြင်းတို့ဖြင့် အဖွဲ့ဆီ ပြန်တွားသွားခဲ့၏။
သူ မတ်တပ်ပြန်ရပ်လိုက်ရာတွင် သူ့နောက် မည်သည့်အရာ ရှိနေကြောင်း နောက်ဆုံး မြင်လိုက်ရသည်။
၎င်းက ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နေသည့် ဧရာမဝံပုလွေကြီး တစ်ကောင်ပင်။
ခန့်မှန်းခြေအားဖြင့် ကိုယ်ထည်အရှည်က အနည်းဆုံး ၂.၅မီတာ ရှိနေခဲ့သည်။
၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ထူထဲသည့် အမည်းရောင် အမွေးများဖြင့် ဖုံးအုပ်ထားသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပုံစံက ထူးဆန်းစွာ တွန့်လိမ်နေသည်။
ခေါင်းက ကြီးမားလွန်းပြီး ပါးစပ်က ကုန်တင်ကား တာယာတစ်ခုလုံးကို တစ်ချက်တည်း မျိုချနိုင် လောက်အောင် ကျယ်နေ၏။
သို့သော်လည်း ခြေလက်များက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင် ပိန်သွယ်နေပြီး ထိတ်လန့်ဖွယ် အစိမ်းရောင် မျက်လုံးများထဲတွင် ပတ်ဝန်းကျင်က လူများ၏ ကြောက်လန့်နေသည့် မျက်နှာများမှာ သတ်ဖြတ်လိုစိတ်နှင့် ဆာလောင်မှုများ ပြည့်နေသည့် မျက်လုံးများထဲ ရောင်ပြန် ဟပ်နေခဲ့သည်။
ထိုသို့ ကြောက်မက်ဖွယ် ဝံပုလွေကြီးကို မြင်လိုက်ရသည့် မြင်ကွင်းက အဖွဲ့သားများ၏ ဦးရေပြားကို ကြောက်ရွံ့မှုဖြင့် ယားယံသွားစေသည်။
သူတို့ထဲက တစ်ယောက်မှ အသံမထွက်နိုင်ကြပေ။
တစ်ယောက်က လွဲ၍ပင်...
“ဝိုး...”
ချန်ဟွိုက်အန် တီးတိုးပြောလိုက်သည်။
သူ့၏ ပေါ့ပေါ့ပါးပါး မှတ်ချက်က ထိတ်လန့်စရာကောင်းသည့်လေထုကို ချက်ချင်း အနှောင့်အယှက် ပေးလိုက်သည်။
သူ အမှန်တကယ် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်း မဟုတ်။
သူ လုံးဝ မကြောက်နေပေ။
တကယ်တမ်း သူက ၎င်းကို အနည်းငယ် ရယ်စရာ ကောင်းသည်ဟု ထင်နေခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ထိုဝံပုလွေက သိပ်ပြီး အထင်ကြီးစရာ မကောင်းဘူးဟု သူ ခံစားလိုက်ရသည်။
ပြောရလျှင် ၎င်းက တာအိုပညာရှင် ချင်းရွှမ်း ဒါမှမဟုတ် ချင်းယွန်ဘိုးဘေး၏ ဖိနပ်ကိုတောင် သယ်ပေးရန် မထိုက်တန်ပေ။
ထို့ကြောင့် သူ ထိုကဲ့သို့ ထူးဆန်းသော ဝံပုလွေကို မြင်သည့်အခါ အလိုလို ကြောက်ရွံ့မှု ခံစားရမည့်အစား၊ တကယ်ပင် ရယ်စရာကောင်းသည်ဟု တွေးမိသည်။
၎င်း၏ အရွယ်အစားလွန်ကဲနေသည့် ခေါင်း၊ ပိန်သွယ်လွန်းနေသည့် လက်ခြေများနှင့် ထူးဆန်းသည့် ကိုယ်ဟန်အနေအထားမျိုးက...
တကယ့်မိစ္ဆာသားရဲ၏ အနိုင်ယူနိုင်သည့် လွှမ်းမိုးမှုနှင့် ကြမ်းတမ်းမှုမျိုး မရှိနေပေ။
သာမန် တောရိုင်းတိရစ္ဆာန်နှင့်လည်း မတူ။
ပုံပျက်ပန်းပျက် ဖြစ်နေသည့် လူမမာလေးတစ်ကောင် ကဲ့သို့ပင်...
ဖွံ့ဖြိုးမှု ပြဿနာများ ခံစားနေရသည့် မျိုးကွဲတစ်ခုခုလို အသွင်အပြင်မျိုး ပေးနေသည်။
အနုမြူစွန့်ပစ်ရေတွေ အများကြီး သောက်ခဲ့ရတာလား...
သို့သော် ထျန်းမင်တောင်က ပင်လယ်နှင့် အနီးအနားတွင် မရှိနေပေ။
ချန်ဟွိုက်အန်၏ ပေါ့ပေါ့ပါးပါး “ဝိုး”ဟူသော အသံက တောင်တက်သမား ဦးလေးကို လက်တွေ့ဘဝဆီ ပြန်ရောက်စေခဲ့သည်။
လည်ချောင်းထဲကနေ အားယူမျိုချလိုက်ပြီး ထိုဦလေးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် မကောင်းဆိုးဝါးဝံပုလွေကို မျက်လုံးချင်းမပြတ် စိုက်ကြည့်နေပြီး သူ့ကိုယ်သူ အတင်းအကျပ် အေးဆေးထားလိုက်သည်။
“ဘယ်သူမှ မထိတ်လန့်ကြနဲ့... တောထဲမှာ ဝံပုလွေနဲ့ တွေ့ရင် ဘယ်တော့မှ ကျောခိုင်းပြီး မပြေးနဲ့။ အထူးသဖြင့် အခုဆိုရင် ငါတို့က လူအများကြီး ရှိတယ်။ ဝံပုလွေက တစ်ကောင်ပဲ ရှိတယ်။ အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်ဘူး။ ငါတို့ ဖြည်းဖြည်းချင်း ကားဆီကို နောက်ဆုတ်ဖို့ပဲ လိုတယ်။ အဲဒါဆို အန္တရာယ်ကင်းလိမ့်မယ်...”
ကားက မီတာ၅၀ပင် မရှိပေ။
လုံးဝ မဝေးပေ။
သို့သော် သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက စိတ်တိုစရာကောင်းပြီး ကြောက်စရာကောင်းလှသည်။
“သူ ငါတို့ မကြောက်ဘူးဆိုတာ သိအောင် မျက်လုံးချင်း ဆုံထား။ ဒါပေမဲ့ သူ့ကို ဒေါသမထွက်စေနဲ့။ အဲဒါက သူ့ကို တိုက်ခိုက်စေနိုင်တယ်...”
ဦးလေးက အတွေ့အကြုံရှိသူ ဖြစ်သည်။
ထိုမကောင်းဆိုးဝါးဝံပုလွေက ရန်လိုမှုကို ထင်ရှားစွာ ပြသနေသော်လည်း ချက်ချင်း မတိုက်ခိုက်သေးဘဲ အစွယ်များကို ထုတ်ပြပြီး အူနေခြင်းသာ ရှိနေသေးသည်။
ကင်မရာသမားက ပရော်ဖက်ရှင်နယ် ပီသစွာ ဆက်လက် ရိုက်ကူးနေခဲ့သည်။
၎င်းက ရှိုးပွဲရဲ့ အစိတ်အပိုင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ၏ မှန်မကောင်းဆိုးဝါးကို သားရဲဆီ အာရုံစိုက်ထားခဲ့၏။
တိုက်ရိုက် ထုတ်လွှင့်မှုက ဆက်လက်ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် စကားဝိုင်းက ပေါက်ကွဲသွားခဲ့၏။
[ ဘုရားရေ... အဲဒီဝံပုလွေက အကြီးကြီးပဲ... ]
[ ဒါက... ဒါက CGI မဟုတ်လား... ရှိုးပွဲအတွက်ပဲမလား ]
[ ကလေးလေး ဟွိုက်အန်၊ မေမေဆီ လာခဲ့ပါ... မေမေ ကာကွယ်ပေးမယ်... T-T ]
[ ဒါက တကယ်ကြီးလား။ ဒါမှမဟုတ် စီစဉ်ထားတာလား။ တစ်ယောက်ယောက် ရဲကို ဖုန်းခေါ် လိုက်ပါဦး... ]
[ အစ်ကိုရှောင်ဖန်၊ ကျွန်မ စိတ်မကောင်းပါဘူး... ဒါပေမဲ့ ရှင်နဲ့ အစ်ကိုဟွိုက်အန်ကြားမှာ ကျွန်မ အစ်ကိုဟွိုက်အန်ကိုပဲ စိတ်ပူဖို့ ရွေးချယ်လိုက်ပါတယ်... ]
[ နေပါဦး။ ချိုင်ရီဖန်က ရှောင်လင်တပည့် မဟုတ်ဘူးလား။ သူ ကလေးဘဝကတည်းက ကိုယ်ခံပညာ လေ့ကျင့်ခဲ့တာ။ ဝံပုလွေတစ်ကောင်ကို နှိမ်နင်းဖို့က အလွယ်လေး ဖြစ်သင့်တာ မဟုတ်ဘူးလား ]
စုန့်ကျိချင်က မှတ်ချက်များကို ဖတ်မနေခဲ့ပေ။
သို့သော် သူက ချိုင်ရီဖန် အစောပိုင်းက ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရလိုက်သည်။
သူ့ခါးကို လက်ဖြင့် ထိုးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“အစ်ကိုဖန်၊ ခင်ဗျား က...ကလေးဘဝကတည်းက ကိုယ်ခံပညာ လေ့ကျင့်ခဲ့တယ်လို့ မပြောခဲ့ဘူးလား။ သွားပြီး တိုက်ခိုက်လိုက်လေ... ခင်ဗျားရဲ့... အမ်... ခင်ဗျားရဲ့ တုန်ကျိကုန်းနဲ့ သူ့ကို လန့်ပြေးအောင် လုပ်လိုက်ပါ...”
ချိုင်ရီဖန်က စိတ်ဓာတ်ကျနေလေပြီ။
ထို့ပြင် မမျှော်လင့်သည့် သူ့ခါးကို ထိုးလိုက်တာက သူ၏ အထိန်းအချုပ်ကို ကျော်လွန်သွားစေခဲ့သည်။
သူက လှည့်ပြီး စုန့်ကျိချင်ကို အော်လိုက်သည်။
“လဗြွတ်ကို ကိုယ်ခံပညာ... မင်းက လေ့ကျင့်ခဲ့တာ... မင်းတို့ မိသားစုတစ်ခုလုံး လေ့ကျင့်ခဲ့တာ... ငါ့ကို ဒီလောက်ကြီးတဲ့ မကောင်းဆိုးဝါးကောင်နဲ့ တိုက်ခိုင်းနေတာလား။ မင်း ရူးနေတာလား။ ငါ ရူးနေတာလား...”
အဖွဲ့ကို ကာကွယ်ပေးနေသည့် ဦးလေးကြီး ဖြူဖျော့သွား၏
မိုက်မဲလိုက်တဲ့ကောင်...
သူက အတွင်းစိတ်ထဲ ကျိန်ဆဲလိုက်၏။
ဝံပုလွေကြီးက သူတို့ကို သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။
သို့သော် ချိုင်ရီဖန်နှင့် စုန့်ကျိချင်တို့၏ အော်ဟစ်သံက ယမ်းအိုးထဲ မီးစာ ထည့်လိုက်သလိုမျိုး...
ဖြစ်သွားခဲ့ပြီး ထိုအရာက သားရဲကို ချက်ချင်း ဒေါသထွက်စေခဲ့သည်။
၎င်းက ကုန်းလိုက်ပြီး ခြေလေးချောင်းလုံးဖြင့် ခုန်ဖို့ ပြင်လိုက်သည်။
ဦးလေးကြီး၏ နှလုံးသား ရပ်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက လှည့်ပြီး အော်ပြောလိုက်၏။
“ပြေးတော့... ကားဆီကို သွားကြ...”
သို့သော် ထိုမကောင်းဆိုးဝါးဝံပုလွေက ပို၍ပင် မြန်ဆန်နေခဲ့သည်။
ချက်ချင်းပင် ၎င်းက ခုန်ချလိုက်ရာ...
စုန့်ကျိချင်နှင့် ဝမ်လူလူတို့ကို လွင့်ထွက်သွားစေခဲ့သည်။
သားရဲက အဖွဲ့ကြားထဲ ဆင်းသွားပြီး သူ့ခေါင်းကို နောက်ပြန်ပစ်ကာ ကြက်သီးထဖွယ် အူလိုက်၏။
အသိပညာ အနည်းငယ် ရှိသူတိုင်း သိနိုင်သည်။
၎င်းက စစ်ကူ ခေါ်နေခြင်းပင်။
အမှန်ပင် အနီးအနားက ချုံပုတ်များ တရွတ်ရွတ် လှုပ်ရှားလာပြီး အနည်းငယ် ပိုသေးသည့် ဒုတိယ မကောင်းဆိုးဝါးဝံပုလွေတစ်ကောင် ခုန်ထွက်လာခဲ့သည်။
ယခုတွင် နှစ်ကောင် ရှိသွားလေပြီ။
သူတို့၏ သားရဲမျက်လုံးများက အဖွဲ့ကို စိုက်ကြည့်လိုက်ပြီး ထိရောက်စွာ သူတို့ကို အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်သည်။
တစ်ဖွဲ့က ကားနှင့် နီး၏။
နောက်တစ်ဖွဲ့က... အပြင်တွင် ပိတ်မိနေခဲ့သည်။
ကံမကောင်းစွာပင် ချန်ဟွိုက်အန်က ဒုတိယအဖွဲ့တွင် ပါသွားခဲ့သည်။
သူနှင့်အတူ စုရှင်းချန်နှင့် အဓိကကင်မရာသမားတို့လည်း ပါသွားခဲ့သည်။
စုရှင်းချန်နှင့် ကင်မရာသမားတို့ လုံးဝ မျှော်လင့်ချက် မဲ့နေခဲ့ကြသည်။
သူတို့က ဝံပုလွေများကို ကျော်ဖြတ်ပြီး ကားဆီကို သွားရန် လုံးဝ မဖြစ်နိုင်တော့။
ထို့ပြင် ဒါရိုက်တာကျန်း၏ အဖွဲ့က သူတို့ကို ကယ်ဖို့အတွက် အသက်ကို စွန့်စားမည် မဟုတ်ဘူး။
အခု ဘယ်လိုလုပ်မလဲ...
ထိတ်လန့်မှုများ ဖြစ်ပေါ်လာချိန် လူတစ်ယောက်ကတော့ လုံးဝ အေးဆေးတည်ငြိမ်နေခဲ့၏။
ချန်ဟွိုက်အန်ပင်။
“မိုးကောင်းကင်ကို ပစ်မှတ်ထားလိုက် စူပါမန်း...” သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
သူ၏ ကင်ဆာဆဲလ်များနှင့် အဆုံးမဲ့အလားအလာများက အတွင်းထဲတွင် တိုးပွားနေပြီး သူ၏ အသက် စွမ်းအင်ဖြင့် ပဲ့တင်ထပ်နေခဲ့သည်။
သူက ၎င်းတို့ကို ကြားနိုင်၏။
သူ၏ အေးစက်ပြီး ထက်မြက်သည့် မျက်လုံးများက ဝံပုလွေမိစ္ဆာကို စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင်ပြုခြင်းနှင့် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သည်။
ဒီသားရဲတွေဟာ သူတို့ ဘယ်သူနဲ့ ဆက်ဆံနေရလဲဆိုတာကိုတောင် သဘောပေါက်ရဲ့လား...
တစ်ချိန်က ချင်းယွန်ဂိုဏ်းရဲ့ တံခါးတွေကို ဓားချက်တစ်ခုတည်းနဲ့ ရိုက်ချိုးပြီး အပျက်အစီးတွေ ဖြစ်သွားစေခဲ့တဲ့ အင်မော်တယ်ချန်။
အော့နှလုံးနာစရာကောင်းတဲ့ ချင်းရွှမ်းအဘိုးကြီးတောင် ဂိုဏ်းရဲ့ ဗဟိုရင်ပြင်မှာ ဒူးထောက်နေရပြီး မလှုပ်ရှားနိုင်ခဲ့ဘူး။
ဒီအရွယ်အစားလွန်လဲနေတဲ့ ပုံပျက်ပန်းပျက် ခွေးလေးက ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား...
စုရှင်းချန်က ချန်ဟွိုက်အန်ရဲ့ ထူးဆန်းသော တည်ငြိမ်မှုကို သတိပြုမိလိုက်သည်။
သူ့မှာ အစီအစဉ်တစ်ခုခု ရှိနေတာလား...
စုရှင်းချန် တွေးလိုက်သည်။
ထို့နောက် သူသည် ဟွေ့အန်းက ကိုယ်ဟန်အနေအထားကို နှိမ့်ချလိုက်ပြီး ခြေထောက်ကို ခိုင်မာစွာ ချလိုက်ကာ တောင်ဝှေးကို မြှောက်ပြီး ဝံပုလွေမကောင်းဆိုးဝါးထံ တည့်တည့် ချိန်လိုက်တာကို မြင်လိုက်ရသည်။
ထို့နောက် သူ၏ လက်ဖြင့် လက်ညှိုးကိုကွေးပြီး သားရဲကို ရှေ့ကို လာရန် လက်ယပ်ခေါ်လိုက်၏။
စုရှင်းချန် - “...”
မဟုတ်ဘူး... မဟုတ်ဘူး။ နေဦး...
အစ်ကိုဟွိုက်အန်ကို လျှော့မတွက်နဲ့...
သူ တကယ် ကိုယ်ခံပညာ ကျွမ်းတာ ဖြစ်နိုင်တယ်...
စုရှင်းချန်၏ နှလုံးသားထဲ မျှော်လင့်ချက် တောက်ပလာခဲ့သည်။
ဟုတ်တယ်... အစ်ကိုဟွိုက်အန်က နောက်ဆုံးအဆင့်ကင်ဆာ ရှိနေပြီးတော့ မသန်စွမ်းသူ ဖြစ်နေတယ်။
သူက တင်းကျပ်တဲ့ လေ့ကျင့်မှုတွေနဲ့ ခန္ဓာကိုယ်ကို မပြုပြင်ခဲ့ဘူးဆိုရင် ဘယ်လို ဆက်ရပ်နေနိုင်မှာလဲ။
သူ ဘယ်လိုလုပ် ထျန်းမင်တောင်ကို အလွယ်တကူ တက်နိုင်ခဲ့တာလဲ...
အဖြေက ရှင်းနေ၏။
ဝံပုလွေမကောင်းဆိုးဝါးက စိန်ခေါ်မှုကို ဒေါသတကြီး အော်လိုက်ပြီး ခုန်ချလိုက်သည်။
စုရှင်းချန် ကြောက်လန့်တကြားနှင့် မျက်လုံးကို မှိတ်ပစ်လိုက်၏။
သို့သော် ချက်ချင်းပင် ချန်ဟွိုက်အန်၏ တောင်ဝှေးက နဂါးတစ်ကောင်လို ရှေ့ကို ထွက်သွားသည်။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ဓား၏ အရှိန်အဟုန် အရိပ်အမြွက်ပင် ပါနေသည်။
မြန်တယ်... တိကျတယ်... ရက်စက်တယ်...
သူ၏ တောင်ဝှေးက ဝံပုလွေရဲ့ ခေါင်းကို ထိမှန်သွားခဲ့၏။
ခွက်...
...အဲဒါ ဝံပုလွေရဲ့ ဦးခေါင်းခွံ ကွဲသွားတာလား။
စုရှင်းချန် မျက်လုံးတစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
မြေပြင်ပေါ်တွင် တောင်ဝှေး ကျိုးနေသည့် အပိုင်းနှစ်ပိုင်းကိုသာ မြင်လိုက်ရသည်။
...အိုး။
ကျိုးသွားသည်က အစ်ကို ဟွိုက်အန်၏ တောင်ဝှေး ဖြစ်နေသည်။
သို့သော်လည်း ချန်ဟွိုက်အန်က သူတို့ရှေ့တွင် မကျိုးမပဲ့နိုင်သော ခံတပ်တစ်ခုလို မတ်မတ်ရပ်နေဆဲပင်။
သူ့မှာ တခြား အစီအစဉ်တစ်ခုခု ရှိသေးလား...
စုရှင်းချန်နှင့် ကင်မရာသမားတို့က ဟွိုက်အန်၏ ကျောပြင်ကို စိုက်ကြည့်ပြီး စောင့်နေခဲ့ကြသည်။
ချန်ဟွိုက်အန် ဖြည်းဖြည်းချင်း လှည့်လိုက်၏။
ကြင်နာမှု ရှိနေသော်လည်း....
ဝမ်းနည်းကြေကွဲဖွယ် အပြုံးဖြင့် သူက တိုးတိုးလေး ပြောလိုက်သည်။
“စိုက်ကြည့်မနေကြပါနဲ့...”
“ရန်သူ ရှက်သွားပြီ။ အခုပဲ ပြေးတော့...”