အခန်း (၁၈၈)
Vol. 14 Ch. 188
" မစ္စတာလင် ၊ ခုနတုန်းက ဒီကောင်မလေးက နားမလည်ဘဲနဲ့ မစ္စတာလင်အပေါ် မှာ အထင်အမြင်လွဲမှားမှုအချို့ ရှိသွားတဲ့အတွက် ကျွန်တော် တကယ် တောင်ပန်းပါတယ်။ " သူဌေးဖန်က ရယ်မောပြီး ပြောခဲ့သည်။
ဖန်လင်အာသည် မတ်တပ်မတ်မတ်ရပ်ပြီးနောက် ၄၅ဒီဂရီ ကိုယ်ကိုကိုင်း၍ ဦးညွှတ်ပြီး ပြောလိုက်၏။
" မစ္စတာလင် ၊ကျွန်မ ခုနတုန်းက ပြောလိုက်တဲ့စကားအတွက် တောင်းပန်ပါတယ်။ ရှင်က အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုး ဥက္ကဌတစ်ယောက်ဖြစ်လာတာကို ကျွန်မ မယုံကြည်နိုင်လွန်းလို့ ပြောလိုက်မိတာပါ ရှင့်။ "
" ကျွန်မတောင်းပန်ပါတယ် ၊ ကျွန်မတကယ်တောင်းပန်ပါတယ်.. "
လင်ပေ့ဖန်သည် သူ့လက်ကိုဝှေ့ယမ်းပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
" ရပါတယ် ၊ဘာမှမဖြစ်ပါဘူး..။ တကယ်တော့ ကျွန်တော်ဒီလိုအဖြစ်မျိုးကို တစ်ခါ၊နှစ်ခါလောက် ကြုံဖူးပြီးသွားလို့ ကျွန်တော်ကျင့်သားရနေပါပြီ။ခင်ဗျားတို့နှစ်ယောက် အဲ့လောက်ထိ အရမ်းယဉ်ကျေးနေစရာမလိုပါဘူးဗျာ ၊ အရင်ဆုံးထိုင်လိုက်ပါဦး။ "
" ကျေးဇူးတင်ပါတယ် ဥက္ကဌလင် .. " အဖေနှင့် သမီး နှစ်ယောက်စလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချပြီး လင်ပေ့ဖန်၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။
ထိုအချိန်တွင် ဖန်လင်အာသည် ခုနတုန်းကနှင့် ယှဉ်လိုက်ပါက ' ခရက်လေးနှင့် ' တွေ့နေရလိုမျိုး ရှက်ရွံ့ နေတာကြောင့် စကားမပြောပဲနှင့် ခေါင်းအနည်းငယ် ငုံ့ထားခဲ့သည်။
သို့သော်လည်းပဲ သူမ၏ မျက်လုံးလေးတွေကတော့ မနေနိုင်ပဲနှင့် လင်ပေ့ဖန်ကို တိတ်တဆိတ်ခိုးကြည့်လိုက်ချိန်တွင် သူမရှေ့မှာ ထိုင်နေသည့် ဥက္ကဌက မိသားစု နောက်ခံ နှင့် အရည်အချင်းရှိရုံသာမက ' ဘာသာပြန်သူလိုမျိုး ' သောက်ရမ်းချောနေတာကို မြင်လိုက်ရသည်။
သူမ အရင်တုန်းက မြင်ခဲ့ဖူးသည့် အမျိုးသားကြယ်ပွင့်သရုပ်ဆောင်တွေကို သူမအရှေ့က လူနှင့် နှိုင်းယှဉ်ကြည့်လိုက်ချိန်တွင် ထိုကြယ်ပွင့်ထဲက ဘယ်သူ့ကမှ သူမ ရှေ့က လူနှင့် မယှဉ်နိုင်တာကို သူမ သိခဲ့ရသည်။ရုပ်ရည်အသွင်အပြင်သာမက စိတ်နေစိတ်ထားပါ မယှဉ်နိုင်ချေ။
ထို့အပြင် သူမအရင်တုန်းက ကြည့်ခဲ့ဖူးသည့် ဒရာမာ တွေထဲက ' လွှမ်းမိုးချုပ်ကိုင်နိုင်ေသာဥက္ကဌ ပုံစံ' သရုပ်ဆောင်ထားသည့် အိုင်ဒေါတွေနှင့် နှိုင်းယှဉ်ကြည့်လိုက်ချိန်တွင်လည်း သူတို့ထဲက ဘယ်သူ့ကမှ သူမရှေ့က လူနှင့် မယှဉ်နိုင်ဘူးဆိုတာကို သိလိုက်ရသည်။တီဗွီစီးရီးတွေထဲက ကြီးစိုးသည့်ဥက္ကဌများသည် ကောင်မလေးတွေနှင့် ပရီပရော်လုပ်ရန်အတွက် ခပ်မိုက်မိုက် ဟန်ဆောင်နေပုံရသည်။
ဟုတ်ပေ၏။သူမရှေ့လူသည် လုံးဝကြီးစိုးသည့် ပုံစံမဟုတ်ပေ။ထိုအစားသူသည် နူးညံသိမ်မွေ့ပြီး ယဉ်ကျေးပုံပေါ်သည်။
သို့သော်လည်း တစ်ယောက်နှင့်တစ်ယောက် အထင်သေးတာက အမှားတစ်ခုပဲဖြစ်သည်။သူက သူမရှေ့မှာ ထိုကဲ့သို့ ထိုင်နေပြီး ဘာတစ်ခွန်းမှမပြော သော်လည်းပဲ သူ့၏ ကိုယ်ရောင်ကိုယ်ဝါကတော့ ထွက်ပေါ်နေခဲ့သည်။
သန်းရာပေါင်းများစွာ အသားတင်ပိုင်ဆိုင်ပြီး သူဌေးတစ်ယောက်ဖြစ်သည့် သူမအဖေတောင်မှ သူ့ရှေ့မှာ လျော်ညီစွာ ထိုင်ပြီး သူ့ကို မျက်နှာချို သွေးနေခဲ့ရသည်။
ဟုတ်ပေ၏။သူမသည်လည်း စကားတစ်ခွန်းမှ မပြောပဲနှင့် ဘာကို ကြောက်နေလို့ ကြောက်မှန်းမသိဖြစ်နေခဲ့သည်။
တချိန်တည်းမှာပင် သူမသည် သူမရှေ့၌ ထိုင်နေသည့် ' ဘာသာပြန်သူလို ' အလွန်ချောမောသည့် လင်ပေ့ဖန်ကို ကြည့်ရင်း သူမရင်တွေ တဒိန်ဒိန်ခုန်လာပြီး သူမအတွေးတွေကလည်း မှောင်လာခဲ့သည်။
' ဒါကို လှပတဲ့ တွေ့ဆုံမှုတစ်ခုလို့.... မှတ်ယူလို့..ရလား.. '
' ဒါက တီဗွီတွေထဲမှာ ပြသတဲ့ ဒရာမာတွေလိုမျိုး မဟုတ်ဘူးလား... ။ ကြီးစိုးတဲ့ ဥက္ကဌတစ်ယောက် နဲ့ ရိုးသားဖြူစင် လှပတဲ့ ကောင်မလေးတစ်ယောက်တို့ တွေ့ဆုံပြီးတော့ ၊နှစ်ယောက်သား ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သွားခဲ့တယ် ၊ နောက်ဆုံးမှာ သူတို့နှစ်ယောက်က လက်ထပ်ပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်နဲ့ .....။ '
ထိုအကြောင်းကိုတွေးတောရင်း သူမမျက်နှာက ဖြည်းဖြည်းချင်း နီလာခဲ့သည်။
.....
" သူဌေးဖန် ၊ ကျွန်တော် အရင်တုန်းက ခင်ဗျားရဲ့ သမီးကို မြင်ဖူးတယ်။ သူမရဲ့ ရုပ်ရည်အသွင်အပြင်က လှတယ်။ဒါကြောင့် သူမ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို သင်တန်းသူတစ်ယောက်အနေနဲ့ ဝင်လာချင်ရင် ဝင်လာလို့ရတယ်။ အကယ်၍ သင်တန်းတက်နေတဲ့အချိန် နှစ်နှစ်လုံးမှာ သူမ ကြိုးစားပြီးတော့ သူမရဲ့ အဆင့်တွေကလည်း ကောင်းတယ်ဆိုရင် ကျွန်တော် သူမကို ပွဲဦးထွက်ခွင့်ပေးနိုင်တယ်။ " လင်ပေ့ဖန်က ပြောလိုက်၏။
" ကောင်းပြီ ၊ မစ္စတာလင် စီစဉ်ပေးတာကို နားထောင်ပါ့မယ်.. " သူဌေးဖန်က ခေါင်းညိတ်လိုက်သည်။
သူဌေးဖန်သည် သူ့သမီး ကြယ်ပွင့်တစ်ပွင့် ဖြစ်ဖို့အတွက် လင်ပေ့ဖန်ကို မတောင်းဆိုခဲ့ပေ။ သူမျှော်လင့်တာက သူ့သမီးကို အပြင်မထွက်အောင် တစ်ယောက်ယောက်က ပြုစုစောင့်ရှောက်ပြီး ပြဿနာမဖြစ်အောင်လို့ ထိန်းပေးထားကိုပဲ လိုချင်ခဲ့သည်။ထို့အပြင် သူသည်လည်း သူမကို မကြာခဏလာတွေ့နိုင်သည်မဟုတ်ပါလော။
သို့သော်လည်းပဲ ဖန်လင်အာသည် လင်ပေ့ဖန်ပြောတာကို လက်မခံပဲနှင့် ရဲရင့်စွာဖြင့် ခေါင်းမော့ပြီး ပြောလိုက်၏။
" ဘာလို့ လေ့ကျင့်ဖို့ အချိန်နှစ်နှစ် လိုရတာလဲ..။ အမြန်ဆုံး ပွဲဦးထွက်တာက ပိုကောင်းတယ်မဟုတ်ဘူးလား..။ အသက်ငယ်ငယ်လေးနဲ့ ပွဲဦးထွက်တဲ့ ကြယ်ပွင့်အနုပညာရှင်အများကြီးကို ကျွန်မ မြင်ဖူးတယ်..။ ကျွန်မ သူတို့လို့ အချိန်ခဏလေးနဲ့ မြန်မြန်ပွဲဦးထွက်ချင်တယ်..။ "
လင်ပေ့ဖန်က အပြုံးရေးရေးဖြင့် ပြောလိုက်၏။
" မင်း ၊အချိန်ခဏလေးနဲ့ နာမည်ကြီးပြီးတော့မှေးမှိန် ပျောက်ကွက်သွားတဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ချင်တာလား...။ဒါမှမဟုတ် ... ခင်ဝင့်ဝါလိုမျိုး ဘယ်တော့မှ နာမည်မကျတဲ့ စူပါစတားတစ်ယောက်ဖြစ်ချင်တာလား...။ "
ဖန်လင်အာသည် ခေါင်းမော့ပြီး ပြောလိုက်သည်။
" ဒါပေါ့ ၊ကျွန်မ စူပါစတားတစ်ယောက် ဖြစ်ချင်တာပေါ့.. "
" ဒါပဲလေ ... ။ အမြန်ဆုံး ပွဲဦးထွက်နေတဲ့ သူတွေကို မကြည့်နဲ့။ စိတ်အေးအေးထားပြီးတော့ မင်းဘာသာမင်းစဉ်းစားကြည့်။ အဲ့ဒီလူငယ်ကြယ်ပွင့်ထဲမှာ နှစ်နှစ်၊သုံးနှစ်ထဲနဲ့ သူတို့ရဲ့ ပထမဆုံး ပွဲဦးထွက်ကို နာမည်ကြီးလာအောင် ဘယ်သူက လုပ်နိုင်လို့လဲ ...။ "
" ဟုတ်တယ် "
ဖန်လင်အာက ခေါင်းညိတ်လိုက်၏။
" လူတွေအများကြီးရှိတယ် ၊ ဘာလို့ သူတို့က ရုတ်တရက် လူကြိုက်မများလာရတာလဲ .. "
" ဘာလို့လဲဆိုတော့ သူတို့မှာ လိုအပ်ချက်တွေအများကြီးရှိလို့ပဲ။အကယ်၍ မင်း စူပါစတားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မင်း အများကြီးသင်ယူဖို့လိုအပ် သေးတယ်။ "
ထို့နောက် လင်ပေ့ဖန်သည် သူ့လက်နှစ်ဖက်ကို တီးလိုက်ပြီး စေ့စေ့စပ်ကြည့်ရှုစစ်ဆေးခဲ့သည်။
" ငါ မင်းကို မေးဦးမယ် ၊ မင်း သီချင်းဆိုတာ ကောင်းလား.."
" ကျွန်မ.... " ဖန်လင်အာသည် အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
" ကာရာအိုကေလောက်တော့ဆိုတတ်တယ် ၊ အဲ့လောက်ရလား... "
လင်ပေ့ဖန် : " ... "
" မင်း ၊ကရောကတတ်လား... " လင်ပေ့ဖန်က နောက်တစ်ခါ ထပ်မေးလိုက်၏။
" ကျွန်မ... " ဖန်လင်အာသည် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" ကျွန်မ ၊ တုံယင်းကနေ နည်းနည်းတော့ သင်ဖူးတယ်..၊ အဲ့လောက် ရတယ်မလား.. "
လင်ပေ့ဖန် : " ... "
" မင်း သရုပ်ဆောင်တတ်လား ... " လင်ပေ့ဖန်က နောက်တစ်ခါ ထပ်မေးလိုက်ပြန်သည်။
" ကျွန်မ လူသတ်တဲ့ဇာတ်ညွှန်း၊ဇာတ်ကွက်တွေကို အကြိမ်အများကြီးကစားဖူးတယ် ၊အဲ့ဒါရောထည့်တွက်လို့ ရနိုင်လား..။ " ဖန်လင်အာသည် ထိုစကားကိုပြောပြီး ရှက်ရွံ့သွားခဲ့သည်။
လင်ပေ့ဖန် : " ... "
သူဌေးဖန်သည် မသင်္ကာသောအမူအရာဖြင့် မေးလိုက်သည်။
" လူသတ်တဲ့ ဇာတ်ညွှန်းက ဘာလဲ.. "
လင်ပေ့ဖန်က ဖြေလိုက်သည်။
" ဒါက အရင်တုန်းက အိမ်မှာ အပျော်ကစားတဲ့ ကစားနည်းလေ။ "
သူဌေးဖန်သည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
" အို့... ဒါလား၊ငါလည်း အရင်တုန်းက အကြိမ်အများကြီးကစားဖူးတယ်။ ငါလည်း အတူတူဆော့မယ်။ "
သူ့အဖေပါးစပ်က ထိုစကားထွက်လာသောအခါတွင် ဖန်လင်အာသည် ရှက်ရွံ့သွားခဲ့သည် ။
" လူအိုကြီး ၊ မဟုတ်တာမပြောနဲ့ ...ရှင့်ပါးစပ်ကို ပိတ်ထား။ "
" ဒါကြောင့်... " လင်ပေ့ဖန်သည် သူ့လက်တွေကို ဖြန့်လိုက်ပြီး ပြောလိုက်သည်။
" မင်း ဘာမှမလုပ်နိုင်ပဲနဲ့ မင်း ဘယ်လိုလုပ် ပွဲဦးထွက်မလဲ...။ မင်းကို ငါတို့ အောင်မြင်အောင် မြေတောင်မြှောက်ပေးဖို့ဆိုရင် ငွေကြေးအရင်းအနှီးအများကြီး ထောက်ပံ့ပေးရလိမ့်မယ်။ မင်းက ငါတို့အတွက် ဘာအကျိုးအမြတ်မှ ပြန်မယူလာနိုင်ဘူးဆိုရင် ငါတို့က ဘာလို့ မင်းကို မြေတောင်မြှောက်ပေးရမှာလဲ...။ "
ဖန်လင်အာသည် လင်ပေ့ဖန်ပြောတာကို ယုံကြည်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။
" မစ္စတာလင် ၊ရှင်ပြောတာ မှန်တယ်။ ကျွန်မ သင်တန်းသူတစ်ယောက်အနေနဲ့ စပြီးတော့ သေချာပေါက် ကောင်းကောင်းလေ့ကျင့်မယ်။ "
" ဒါအမှန်ပဲ...။ အကယ်၍ မင်းကိုယ်ကိုယ်မင်း အမြန်ဆုံးပွဲဦးထွက်လို့ ရပြီလို့ ထင်တဲ့အခါကျရင် မင်း အမြန်ဆုံး ပွဲဦးထွက်လို့ရတယ်....။ "
ထို့နောက်လင်ပေ့ဖန်သည် မတ်တပ်ရပ်ပြီး လက်ဖြောင့်တီး၍ ပြောလိုက်သည်။
" ကောင်းပြီ ၊ အခု မင်းတို့နှစ်ယောက် ငါ့နဲ့ အတူတူလိုက်ခဲ့... "
" ဘယ်သွားမလို့လဲ ... "
" ဟန်တင်းဖျော်ဖြေရေးကို သွားမလို့.."
.....
တစ်နာရီလောက်အကြာတွင် သူတို့သုံးယောက်သည် အဆောက်အအုံတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
" ဒါက မိုဟိုင်မြို့မှာရှိတဲ့ ဟန်တင်းဖျော်ဖြေရေးကုမ္ပဏီရဲ့ ဌာနခွဲတစ်ခုပဲ ၊ လာ..အထဲဝင်ကြရအောင်။ " လင်ပေ့ဖန်က ပြောလိုက်သည်။
ကုမ္ပဏီထဲသို့ ဝင်ပြီးနောက် ဖန်လင်အာသည် နောက်ဆုံးမှာတော့ လင်ပေ့ဖန်၏ ဩဇာတိက္ကမကို မြင်လိုက်ရသည်။
ဘာလို့လဲဆိုတော့ သူမရင်းနှီးသော ကြယ်ပွင့်အများကြီးသည် လင်ပေ့ဖန်ကို နွေးနွေးထွေးထွေးနှုတ်ဆက်ရန် လာခဲ့ကြသော်လည်း လင်ပေ့ဖန်က သူတို့ကို အေးစက်စွာဖြင့် ခေါင်းညိတ်ရုံသာညိတ်ပြခဲ့သည်။
သို့သော်လည်းပဲ ကြယ်ပွင့်များကတော့ မျက်နှာမပျက်ဝံ့ပဲနှင့် အပြုံးတစ်ပွင့်ဖြင့် လင်ပေ့ဖန်ထွက်သွားတာကို ကြည့်နေခဲ့ကြသည်။
ထိုမြင်ကွင်းကို တွေးပြီး ဖန်လင်အာစိတ်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့သည်။
' အနာဂတ်မှာ ငါ ကြယ်ပွင့်တစ်ယောက် ဖြစ်လာတဲ့အချိန်ကျရင် သူတို့လိုမျိုး လင်ပေ့ဖန်ငါ့ကို အေးစက်စက်နဲ့ ဆက်ဆံခွင့် မပေးနိုင်ဘူး..။ '
ထို့နောက် သူမသည် လင်ပေ့ဖန်နောက်ကို ယောင်တိယောင်တောင်ဖြင့် လိုက်ပြီး ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။
လင်ပေ့ဖန်သည် စာချုပ်နှစ်ခုကို ယူထုတ်ပြီး ပြောလိုက်၏။
" ဒါက ထရိန်နီ စာချုပ်ပဲ...။ မင်းတို့ အရင်ဆုံးကြည့်လိုက်ဦး ၊ ပြဿနာမရှိရင် မင်းတို့ လက်မှတ်ထိုးလို့ရတယ်..။ "
" ကောင်းပြီ ၊ ငါ အရင်ဆုံးကြည့်လိုက်ဦးမယ်။ " သူဌေးဖန်က စာချုပ်တစ်ခုကို ကောက်ယူပြီး သေသေချာချာဖတ်ကြည့်လိုက်သည်။
စာချုပ်ပါအခြေအနေများက တင်းကြပ်သော်လည်း အရာအားလုံးက ကျိုးကြောင်းဆီလျော်ပြီး တရားဥပဒေဘောင်အတွင်းတွင်ရှိသည်။
" ပြဿနာမရှိဘူး ၊ သမီး လက်မှတ်ထိုးလို့ရပြီ။ "
" ဟုတ်ကဲ့ ..။ " ဖန်လင်အာသည် ခေါင်းညိတ်ပြီး လက်မှတ်ထိုးခါနီးမှ ရုတ်တရက် ခေါင်းမော့၍ လေးလေးနက်နက် မေးလိုက်သည်။
" မစ္စတာလင် ၊ ကြယ်ပွင့်တစ်ယောက်က ဘယ်အဆင့်လောက်ရောက်မှ မင်းရဲ့ အာရုံစိုက်မှုကို ရဖို့ ထိုက်တန်မှာလဲ.. "
လင်ပေ့ဖန်သည် တစ်ဖက်လူက ထိုကဲ့သို့ မေးခွန်းမျိုးကို မေးလာလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် အံ့အားသင့်သွားခဲ့သည်။
" ထူးချွန်တဲ့လူတွေကို ထူးချွန်တဲ့လူတွေက တန်ဖိုးထားကြလိမ့်မယ်..။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စူပါစတားတစ်ယောက်ဖြစ်လာမှပဲ မင်း ငါ့ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ ထိုက်တန်လိမ့်မယ်။ "
" ကျွန်မ သိပြီ ၊ ကျွန်မ လက်မှတ်ထိုးမယ် " ဖန်လင်အာသည် ခေါင်းငုံ့ပြီး သူမ၏ နာမည်ကို လေးလေးနက်နက် လက်မှတ်ရေးထိုးခဲ့သည်။
ထိုအချိန်တွင် သူမစိတ်ထဲ၌ အိမ်မက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
' ငါ ၊ဖန်လင်အာ ကမ္ဘာ့ထိပ်တန်း စူပါစတားတစ်ယောက်ဖြစ်ချင်တယ်... ‘