← Chapters

အခန်း (၁၉၀)

Vol. 14 Ch. 190

အခန်း (၁၉၀)

Vol. 14 Ch. 190

လင်ပေ့ဖန်သည် ဖုန်းကို ကောက်ကိုင်ပြီး လန်ချင်းရွဲ့ကို ဝီချက်ကနေ စာတစ်စောင်ပို့လိုက်သည်။

လင်ပေ့ဖန် : သီချင်းထွက်ပြီးရင် ၊တေးရေးဆရာနေရာမှာ ငါ့နာမည်ကို မထည့်နဲ့..။

လန်ချင်းရွဲ့ : ဘာလို့လဲ...။ ရှင် နာမည် မကြီးချင်ဘူးလား..။

လင်ပေ့ဖန် : ဒါက မင်းရဲ့ ဂုဏ်ကျက်သရေပဲ ၊ငါမင်းရဲ့ ဂုဏ်ကျက်သရေကို ဝင်မယူချင်ဘူး။

လန်ချင်းရွဲ့ : ကျေးဇူးတင်ပါတယ်။

လင်ပေ့ဖန် : ငါတို့ကြားမှ ကျေးဇူးတင်စရာလိုလို့လား..။ငါတို့က သူငယ်ချင်းတွေပဲကို..။

လန်ချင်းရွဲ့ : ကျွန်မ ရှင့်ကို အရမ်း ကျေးဇူးတင်ပေမယ့်လည်း ကျွန်မ ရှင့်ကို ပြောချင်တာ တစ်ခုရှိသေးတယ်။

လင်ပေ့ဖန် : ဘာပြောမို့လဲ..။

လန်ချင်းရွဲ့ : ရှင်က လူဆိုးကြီးတစ်ယောက်ပဲ။

လင်ပေ့ဖန် : " ... "

တစ်ရက်ကြာပြီးနောက် လန်ချင်းရွဲ့၏ ' တောက်ပတဲ့လမင်းကြီး ဘယ်အချိန်မှာ ထွက်ပေါ်လာတာလဲ ' ဆ်ိုသည့် သီချင်းကို ထုတ်လွှင့်ပြီးတာနှင့် တစ်နိုင်ငံလုံးတွင် အလျင်အမြန်ပဲ နာမည်ကြီးလူကြိုက်များလာခဲ့သည်။

ထိုသီချင်းကို နားထောင်ပြီးနောက် လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။

" ဒါက တကယ်ကောင်းတဲ့ ဂန္တဝင်သီချင်းတစ်ပုဒ်ပဲ ၊ငါ ဒီသီချင်းကို အစကနေ ပြန်နားထောင်တာ ၈ ခေါက်လောက်ရှိသွားပြီ..။ "

" သီချင်းလေးလည်း လှသလို ၊ စာ‌သားတွေကလည်း လှတယ် ..၊ ဆိုတဲ့သူက ပိုတောင် လှသေးတယ် ... "

" လခွမ်း ..၊ ကမ္ဘာပေါ်မှာ ဒီလိုမျိုးသာယာနာပျော်ဖွယ်ကောင်းတဲ့ သံစဉ်တစ်ခု ဘယ်လိုရှိနေတာလဲ..၊ ဒီသီချင်းက အရမ်းပဲ ကောင်းလွန်းတယ်..။ "

" ဒီသီချင်းကို ရေခဲနတ်သမီး တစ်ယောက်ထဲပဲ သီဆိုဖို့ ထိုက်တန်တယ်..။ "

" တောက်ပတဲ့ လမင်းကြီး ဘယ်အချိန်ထွက်ပေါ်လာမှာလဲ ဆိုတာကို ၊ ဝိုင်တစ်ခွက်ကိုင်ပြီးတော့ ကောင်းကင်ပြာကြီးကိုမေးလိုက်မိတယ်... ။ငါတော့ ဒီသီချင်းကို တကယ်ကြိုက်တယ်..။ "

ထိုသီချင်းဖြင့် လန်ချင်းရွဲ့သည် နောက်တစ်ကြိမ်ထပ်၍ နာမည်ကြီးလာပြီး သူမ၏ ကျော်ကြားမှုကလည်း ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

....

ထိုအချိန်တွင် သမုဒ္ဒရာကြီး၏ အခြားတစ်ဖက်တွင် ရှိသော လုမိုပိုင်သည် ဒေါသထွက်ပြီး ပေါက်ကွဲနေခဲ့သည်။

အကြောင်းမူကား ထိုသီချင်းကို လင်ပေ့ဖန် ရေးခဲ့တာကြောင့် ဖြစ်သည်။

သူ့၏အတိတ်ဘဝတုန်းက လင်ပေ့ဖန်သည် ထိုသီချင်းကို ရေးပြီး လန်ချင်းရွဲ့ကို ပေးခဲ့သည်။ထိုသီချင်းကို သူတို့နှစ်ယောက်၏ အချစ်သီချင်းလို့တောင်မှ မှတ်ယူလို့ရသေးသည်။

သူပြန်လည်မွေးဖွားလာပြီးနောက် သူသည် ထိုသီချင်းကို အစတုန်းက လန်ချင်းရွဲ့နှင့် လူကိုယ်တိုင်တွေ့သည့် အချိန်ကျမှ သူ့လက်နှစ်ဖက်ဖြင့် ကိုယ်တိုင်ပေးရန်အတွက် သိမ်းထားချင်ခဲ့သည်။

သို့သော်လည်းပဲ အခုတော့ လင်ပေ့ဖန်က ထိုသီချင်းကို ရေးပြီး လန်ချင်းရွဲ့ကို ပေးပြီးနေပြီဖြစ်သည်။

ဒါက သူတို့နှစ်ယောက် တွဲနေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား...။

ထိုအကြောင်းကို တွေးပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်သွားခဲ့သည်။

' ချင်းရွဲ့ ၊ မင်း ဒီလူရမ်းကား လင်ပေ့ဖန်နဲ့ တွဲမိလို့မဖြစ်ဘူး...။သူက ဆိုးသွမ်းရိုင်းစိုင်းတဲ့ လူယုတ်မာတစ်ယောက်ပဲ ...။ ကိုယ်တစ်ယောက်တည်းကသာ မင်းရဲ့ ချစ်စရာကောင်းတဲ့ မင်းသားလေးပဲ....။ '

ထို့ကြောင့် သူသည် သူ့ဖုန်းကို ကောက်ကိုင်ပြီး ချင်းရွဲ့ကို ဆက်သွယ်ရန် ဝီချက်ကနေ စာပို့လိုက်သည်။

မိုပိုင် : ချင်းရွဲ့ ၊ မင်းအခုအားလား..။

မိုပိုင် : ချင်းရွဲ့ ၊ ကိုယ်မင်းကို ပြောစရာရှိတယ်။

မိုပိုင် : ချင်းရွဲ့ ၊မင်းလိုင်းပေါ်မှာရှိနေလား..။

....

အခြားတစ်ဖက်တွင် ရှိသော လင်ပေ့ဖန်သည် ပြုံးပြီး ဖုန်းထဲက သတင်းအချက်အလက်များကို ကြည့်လိုက်သည်။

" ငါ မလောဘူး ၊ ငါမင်းကိုပဲ အရင်ပေးလောလိုက်ဦးမယ်..။ "

သူသည် စိတ်အေးလက်အေးဖြင့် ထမင်းကို စိမ်ပြေနပြေစားပြီးနောက် အိမ်သာသွားတက်ခဲ့သည်။အိမ်သာထဲက ထွက်လာချိန်တွင် နှစ်နာရီကြာသွားခဲ့ပြီဖြစ်သည်။ထို့နောက် သူသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။

ထိုအချိန်တွင် ဝီချက်ကနေ လုမိုပိုင်ပို့ထားသည့် စာများက ၉၉စောင်ကျော်နေပြီး တစ်မိနစ်ခြားတစ်ခါ စာတစ်စောင်ပို့ထားခဲ့ပုံရသည်။ထိုစာများကို မြင်လိုက်ရသောအခါတွင် လင်ပေ့ဖန်သည် အူမြူးသွားခဲ့သည်။

ချင်းရွဲ့ : ဘာကိစ္စရှိလို့ စာတွေ ဒီလောက်ထိ ဆက်တိုက်ပို့နေတာလဲ..။

ချင်းရွဲ့ : ဆောရီးနော် ၊ကျွန်မ ပွဲတစ်ခုကို တက်ရောက်နေရလို့ ဖုန်းကို ကြည့်ဖို့အတွက် အချိန်မရလိုက်ဘူး။

ဖုန်း၏ အခြားတစ်ဖက်တွင် လဲကျလုနီးပါးဖြစ်နေသည့် လုမိုပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်သည်။

" နောက်ဆုံးတော့ ချင်းရွဲ့ ငါ့ကို စာပြန်ခဲ့ပြီ ၊ဟားဟား... "

ထိုခံစားချက်က ဘယ်လိုလဲဆိုတော့ နှစ်နာရီကြာ ဝမ်းချုပ်နေရာမှ ရုတ်တရက် ဝမ်းသွားလိုက်သလို ခံစားချက်မျိုးဖြစ်သည်။

လုမိုပိုင်သည် ဖုန်းကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းကိုင်ပြီး သူမနှင့် လင်ပေ့ဖန်ကြား ဆက်ဆံရေးက ဘာဆက်ဆံရေးလဲဆိုတာကို မေးချင်နေခဲ့သည်။

ထို့အပြင် ဘာလို့ လင်ပေ့ဖန်က သူမကို ထိုသီချင်းပေးခဲ့တာလဲဆိုတာကို မေးချင်နေခဲ့သည်။

သို့သော်လည်းပဲ သူမနှင့်သူက အွန်လိုင်းပေါ်က သာမန်သူငယ်ချင်းများ ဖြစ်တာကို ရုတ်တရက်သတိရသွားခဲ့သည်။ထို့ကြောင့် သူသည် ထိုကဲ့သို့ တိုက်ရိုက်မေးလို့မရတာကြောင့် သူမနှင့် တစ်ဆင့်ပြီးတစ်ဆင့်သာလျှင် ပြောနိုင်သည်။

မိုပိုင် : အခု ' တောက်ပတဲ့လမင်းကြီး ဘယ်အချိန် ထွက်ပေါ်လာမှာလဲ ' ဆိုတဲ့ သီချင်းတစ်ပုဒ်က အရမ်း နာမည်ကြီးနေတယ်။ မင်း အဲ့သီချင်းကို ဘယ်လိုထင်လဲ ..။

ချင်းရွဲ့ : ရှင် ကျွန်မ ဒီလိုမျိုး အလောတကြီး ဆက်သွယ်တာက ဒီအကြောင်းကို မေးဖို့လား..။

မိုပိုင် : ဟုတ်တယ်။

ချင်းရွဲ့ : ဟူး... ၊ ကျွန်မ ရှင့်ကို တကယ်မနိုင်တော့ဘူး..။

မိုပိုင် : ....

ချင်းရွဲ့ : ဒီသီချင်းက ရေးထားတာ ကောင်းတယ်လို့ ကျွန်မထင်တယ် ။နောက်ပြီး စာသားတွေ နဲ့ တေးဂီတကပါ အရမ်း ကောင်းတယ်။ဒါက တကယ်ပြည့်စုံတဲ့ ဂန္တဝင်သီချင်းတစ်ပုဒ်ပဲ..။

မိုပိုင် : ဒီသီချင်းက ကောင်းတယ်လို့ ငါလည်းထင်တယ် ။ အထူးသဖြင့် ဒီသီချင်းကို ရေခဲနတ်ဘုရားမသီဆိုလိုက်တဲ့အခါမှာ လုံးဝပါဖက်စ် ဖြစ်သွားတယ်။ ငါ ဒီသီချင်းကို အရမ်းကြိုက်တယ်။

ချင်းရွဲ့ : တကယ်လား..။ ဒါပေမဲ့ သူမ သီဆိုတာ သိပ်မကောင်းဘူးလို့ ကျွန်မထင်တယ်...။

မိုပိုင် : သူမ သီဆိုတာ တကယ်ကောင်းတယ် ။မင်းပဲ သူမ သီဆိုတာ မကောင်းဘူးလို့ ပြောရဲတယ်။ ငါတော့ မင်းအတွက် စိတ်ပူသွားပြီ..။

ချင်းရွဲ့ : တကယ်လား..။ဟီးဟီး..။

ထိုအချိန်တွင် လုမိုပိုင်သည် အဓိကအကြောင်းအရာကို ပြောလို့ရပြီဟု ခံစားလိုက်ရသည်။

မိုပိုင် : ဒီသီချင်းကို ရေးတဲ့ တေးရေးဆရာကိုရော မင်းဘယ်လိုထင်လဲ..။ သူက အရမ်းပါရမီပါတဲ့ လူတစ်ယောက်ဖြစ်နိုင်လား..။

ထိုစာကြောင်းကို ပို့ပြီးနောက် လုမိုပိုင်သည် သူ့အတွက် မကောင်းသည့် သတင်းကြားရမှာကို စိုးရိမ်လာခဲ့သည်။

ချင်းရွဲ့ : ဒီသီချင်းကို ရေးတဲ့ တေးရေးဆရာက....ပါရမီပါတယ်လို့ ကျွန်မတော့ မထင်ဘူး။

လုမိုပိုင်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူကြားချင်သည့် အဖြေကို ကြားလိုက်ရတာကြောင့် နတ်ဘုရားတွေကို တိတ်တိတ်ကလေး ကျေးဇူးတင်လိုက်မိသည် ။

ပါရမီမပါဘူးဆိုတော့ သူမနဲ့ လင်ပေ့ဖန်ကြား ဆက်ဆံရေးက တိုးတက်မှုမရှိသေးဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား...။

ငါ့ကောင်မလေးက တမင်သက်သက်များ လင်ပေ့ဖန်ကို အထင်သေးပြနေတာလား..။

ထို့ကြောင့် သူသည် ဆက်ပြီးတော့ သတင်းနှိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။

မိုပိုင် : မင်းဘာလို့ ဒီလိုပြောတာလဲ..။ ဒီသီချင်းကို ရေးတဲ့ တေးရေးဆရာက အရမ်းပါရမီပါတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်လို့ ငါတော့ ထင်တယ်။

ချင်းရွဲ့ : လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့အတွင်းစိတ်ကို မသိရသေးပဲနဲ့ အဲဒီလူက ပါရမီရှိတဲ့ လူတစ်ယောက်လို့ ပြောလို့ရလို့လား...။

မိုပိုင် : အာ..မင်းဘာဖြစ်လို့ ဒီလိုပြောရတာလဲ..။

ချင်းရွဲ့ : ကြည့်လိုက်ဦး ၊ဒီသီချင်းက အရမ်းနာမည်ကြီးနေတာတောင် ၊ဘာလို့ လန်ချင်းရွဲ့က တေးရေးဆရာကို မဖော်ပြရတာလဲ ..။

ထိုအချိန်တွင် လုမိုပိုင်သည် ထိုသီချင်းကို ပြန်ကြည့်လိုက်ချိန်တွင် လန်ချင်းရွဲ့က ထိုသီချင်း၏ တေးရေးဆရာကို မဖော်ပြထားတာ သတိပြုမိသွားခဲ့သည်။

မိုပိုင် : ဟုတ်တယ် ၊ ဘာလို့ မဖော်ပြထားတာလဲ..။

ချင်းရွဲ့ : တုံးလိုက်တာ။ ဒါ‌ပေါ့ ၊ကျွန်မ သူ့ကို မဖော်ပြချင်လို့ပေါ့..။

မိုပိုင် : နာနီ...

ချင်းရွဲ့ : သီချင်းက နာမည်ကြီးလာတဲ့အချိန်ကျရင် အဆိုတော်ရော၊ တေးရေးဆရာပါ အတူတူ နာမည်ကြီးလာသင့်တယ်။ဒါက အပြန်အလှန် ဖြည့်ဆည်းပေးသင့်တဲ့ ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ လန်ချင်းရွဲ့က တေးရေးဆရာနာမည်ကို မဖော်ပြခဲ့ဘူး လေ။ ဒါကြောင့် လန်ချင်းရွဲ့က တေးရေးဆရာနာမည်ကို တကယ် ဖော်ပြဖို့ ဆန္ဒမရှိဘူးဆိုတာကို ပြသနေတယ်...။

ချင်းရွဲ့ : လန်ချင်းရွဲ့က ဖျော်ဖြေရေးနယ်ပယ်မှာ စိတ်ထားကောင်းတဲ့ လူတစ်ယောက်လို့ သူမကို သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူမက တေးရေးဆရာကို မဖော်ပြခဲ့ဘူးဆိုတော့ အဲ့ဒီတေးရေးဆရာက သူမအတွက် အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ဆိုတာ ပြသနေတယ်။

လုမိုပိုင်သည် သူ့ပေါင်ကို ရိုက်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။

"ဟုတ်တယ် ၊ ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ..။ချင်းရွဲ့က လင်ပေ့ဖန်ကို မုန်းနေတာပဲ ဖြစ်ရမယ်..။ဒါကြောင့် သူမ သူ့နာမည်ကို မဖော်ပြခဲ့တာပဲ နေမှာ..။ အရင်တုန်းကလည်း သူမက ပလေးဘွိုင်းတစ်ယောက်ဖြစ်တဲ့ လင်ပေ့ဖန်ကို မုန်းတယ်လို့ ငါ့ကို ပြောခဲ့သေးတယ်။ ဒါကြောင့် ရက်အနည်းငယ်ထဲနဲ့ သူတို့နှစ်ယောက်တွဲနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။ဒီလိုမျိုး ဖြစ်စရာဘာအကြောင်းမှ မရှိဘူး။ ခုနတုန်းက ငါက တကယ်ကို စိုးရိမ်ပူပန်သွားခဲ့တာပဲ.....။ "

ထိုအကြောင်းကို သေသေချာချာတွေးတောပြီးနောက် လုမိုပိုင်သည် စိတ်သက်သာရာရသွားခဲ့သည်။

မိုပိုင် : သူမက သူ့ကို မုန်းတယ်ဆိုရင် ဘာလို့ ဒီသီချင်းကို လိုချင်ရတာလဲ ..။

ချင်းရွဲ့ : ရှင်က အရမ်းတုံးတာပဲ..။ ဒီလိုမျိုး သီချင်းကောင်းတစ်ပုဒ်ကို သူမက ဘာလို့ မလိုချင်ပဲနဲ့ နေမှာလဲ..။

မိုပိုင် : " ..."

ချင်းရွဲ့ : အဆိုတော်တစ်ယောက်က သူတို့တစ်သက်တာမှာ သီချင်းကောင်း ဘယ်နှစ်ပုဒ်လောက်နဲ့များ တွေ့ကြုံရမှာမို့လို့လဲ ..။ ကျွန်မစိတ်ထင် အဲ့ဒီအချိန်တုန်းက လန်ချင်းရွဲ့က ဒီသီချင်းကို အရမ်းပဲ ကြိုက်ခဲ့မှာ သေချာတယ်။ ဒါကြောင့် သူမက တေးရေးဆရာကို မုန်းနေပေမဲ့ ဒီသီချင်းကို လက်ခံခဲ့တာ ဖြစ်ရမယ်။

လုမိုပိုင်သည် နောက်တစ်ကြိမ် သူ့ပေါင်ကို ရိုက်လိုက်ပြန်သည်။

" ဟုတ်တယ် ၊ ငါ ဘာလို့ ဒါကို ကြိုမတွေးမိခဲ့ရတာလဲ..။ "

သူသည် ထိုမြင်ကွင်းကို အခုလေးတင် စိတ်ထဲ၌ မြင်ယောင်ကြည့်မိခဲ့သည်။

' ချင်းရွဲ့ကို စိတ်ကျေနပ်အောင် လုပ်ဖို့အတွက် လင်ပေ့ဖန်က ဒီသီချင်းကို ယူသွားခဲ့တာပဲဖြစ်ရမယ်...။ ဒါပေမဲ့ ချင်းရွဲ့က ဒီသီချင်းကိုတော့ ကြိုက်ပေမယ့် လင်ပေ့ဖန်ကိုတော့ အထင်အမြင်သေးနေတုန်းပဲ ..။ ဒါကြောင့် လင်ပေ့ဖန်က ' ဖွတ်မရ ၊ဓားမအဆုံး ' ဖြစ်ပြီး‌တော့ ပြန်သွားခဲ့တာနေမယ်...။ '

" ဟားဟား ၊ လင်ပေ့ဖန် မင်းလည်း ဒီလိုနေ့မျိုး ကြုံနေရပြီပဲ ..။ " လုမိုပိုင်သည် အားရပါးရ‌ရယ်မောနေခဲ့သည်။

မိုပိုင် : ချင်းရွဲ့ ၊ မင်းက အရမ်းပဲ ဉာဏ်ကောင်းတာပဲ ..။

ချင်းရွဲ့ : ဒါပေါ့ ၊ အမျိုးသမီးတွေကို အမျိုးသမီးတွေကပဲ နားလည်နိုင်တယ်လေ...။

မိုပိုင် : လက်မထောင်ပြလိုက်သည်။ ( emoji ပြတာ)

သို့သော်လည်းပဲ လုမိုပိုင်သည် ရုတ်တရက် သူ့၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရသည်။

' ဒီတစ်ကြိမ်တော့ လင်ပေ့ဖန်က မအောင်မြင်သွားဘူး။ဒါပေမဲ့ သူက ဒီလိုမျိုး အကြိမ်တိုင်း သူမကို သီချင်းတစ်ပုဒ်ဆီ ပို့နေမယ်ဆိုရင် ချင်းရွဲ့က စိတ်မလှုပ်ရှားပဲနဲ့ နေနိုင်ဦးမှာလား...။ မဖြစ်ဘူး ၊ဒီကောင့်ရဲ့ ပင်ကိုယ်ပါရမီက တကယ် ကြောက်ဖို့ကောင်းတယ်..။ ဒီကောင်ထုတ်လိုက်တဲ့ သီချင်းတိုင်းကလည်း ဂန္တဝင်သီချင်းတစ်ပုဒ်ကြီးပဲ..။ ဒါကြောင့် မဖြစ်ခင်မှာ ငါ ကြိုတင်ပလန်ချထားပြီးတော့ ကြိုတင်ကာကွယ်ထားရမယ်..ပြီးတော့....။ '

All Chapters