← Chapters

တကယ့်စွမ်းအားရှင်

Vol. 7 Ch. 66

တကယ့်စွမ်းအားရှင်

Vol. 7 Ch. 66

ဝံပုလွေမကောင်းဆိုးဝါးက တောင်ဝှေးကြောင့် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ နောက်ဆုံးမှာ အသိပြန်ဝင်လာသည့်အထိ ၎င်းက ခေါင်းကို အကြိမ်အနည်းငယ် ခါယမ်းနေခဲ့သည်။

သာမန်လူ တစ်ယောက်က သူ၏ ခုန်ချလာမှုကို ရှောင်တိမ်းနိုင်ခြင်းက မဖြစ်နိုင်ပေ။

သို့သော်လည်း ထိုလူက သစ်သားချောင်းလေးတစ်ခုဖြင့် သူ့ကို တားလိုက်သည်လား...

သူ့ကို ပိုပြီး ရှုပ်ထွေးစေသည်က...

ထိုတုတ် ဆင်းသက်လာသည့် ခဏတွင် သူ တစ်ခုခု ခံစားလိုက်ရသည်။

ကျောရိုးတစ်လျှောက် ကြောက်မက်ဖွယ် တုန်လှုပ်မှုတစ်ခုပင်။

အကယ်၍ ထိုတုတ်က ဓားတစ်ချောင်းသာဆိုရင် သူ၏ခေါင်းက မြေပေါ် ရောက်နေလောက်ပြီ ဖြစ်ကြောင်း ပြောပြနေသည့် အေးစက်စက် ခံစားမှုတစ်ခု ဖြစ်၏။

ဒီလူက... အစွမ်းထက်တာလား...

ဝံပုလွေက ထွက်ပြေးနေသည့် ပုံရိပ်သုံးခုကို စိုက်ကြည့်နေပြီး မျက်လုံးများထဲမှာ သံသယများ ပြည့်နေခဲ့သည်။

ဒီလူက အဲဒီလောက် အစွမ်းထက်နေရင် ဘာလို့ ပြေးနေတာလဲ...

ဒါဆို သူက အစွမ်းမထက်ဘူးပေါ့...

ခုနက တိုက်ခိုက်မှုက ကံကောင်းလို့ ဖြစ်ရမယ်...

လိုက်...

ဝံပုလွေ တွေးလိုက်သည်။

၎င်းက မြန်လှသည်။

ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ ချန်ဟွိုက်အန်ကို မှီလာခဲ့သည်။

၎င်း၏ တောက်ပနေသည့် မျက်လုံးများက လူသား၏ လည်ပင်းနောက်ကျောကို စိုက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုဖြင့် ပိုပြီး တောက်ပလာခဲ့သည်။

ချန်ဟွိုက်အန်၏ ကျောပေါ်မှာ အရိပ်မည်း နဂါးနက်တစ်ကောင်က ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား ယိမ်းယိုင်နေပြီး ဖြည်းဖြည်းချင်း ပိုပြီး ထင်ရှားလာခဲ့သည်။

ထို့နောက် ရုတ်တရက်...

ချန်ဟွိုက်အန်က ကျောက်တုံးတစ်ခုကို မတော်တဆ နင်းမိလိုက်သည်။

သူ၏ခန္ဓာကိုယ် ချက်ချင်း ဟန်ချက်ပျက်သွားပြီး မိုးကြိုးမီးအဆောင်နှစ်ခု ရင်ဘတ်ကနေ ထွက်ကျပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်ခြေထောက်က နောက်ပြန် ကန်လိုက်မိ၏။

မမျှော်လင့်ထားသော ကန်ချက်က ဝံပုလွေ၏ မေးစေ့အောက်တည့်တည့်ကို ထိမှန်သွားခဲ့သည်။

ဂွက်...

ဘုန်း....

ပြင်းထန်သည့် နာကျင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝံပုလွေရဲ့ မေးရိုး ကြေမွသွားခဲ့လေပြီ။

ကြီးမားသည့် အားတစ်ခုက သားရဲကို လေထဲ ပစ်ထုတ်လိုက်ပြီး ချုံပုတ်များထဲ လိမ့်ကျသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပဲ ချန်ဟွိုက်အန်က ကျောပေါ် ပက်လက် လဲကျသွားခဲ့သည်။

ရှေ့မှ ပြေးနေသည့် စုရှင်းချန်နှင့် ကင်မရာသမားတို့က မြင်ကွင်းကို မြင်လိုက်ရပြီး သူ့ကို ပြန်ထူပေးဖို့ ချက်ချင်း ပြန်ပြေးလာကြသည်။

“မလာခဲ့နဲ့။ ဆက်ပြေးကြတော့...”

ချန်ဟွိုက်အန်၏ မျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့နေ၏။

သူ မည်သည်ကို ကန်လိုက်မိကြောင်း မသိခဲ့ပေ။

သို့သော် သူ၏ ညာခြေထောက်က ကျိုးသွားသလို ခံစားနေရ၏။

သူက ဝံပုလွေ သူ့ကို လိုက်နေဆဲဟု ထင်နေခဲ့သည်။

“မဖြစ်ဘူး။ ရှင့်ကို ချန်ထားခဲ့လို့ မရဘူး။ သူ လဲကျနေတုန်း သွားရအောင်...”

စုရှင်းချန်နှင့် ကင်မရာသမားတို့ သူ့ကို ဘေးနှစ်ဖက်မှ ဆွဲကိုင်ပြီး ရှေ့ကို ဆက်ဆွဲသွားကြသည်။

ချန်ဟွိုက်အန် နောက်ဆုံးတွင် ခေါင်းကို လှည့်ကြည့်လိုက်သည်။

သို့သော် မြင်လိုက်ရသည်က...

သူတို့နောက်တွင် ဘာမှ မရှိနေပေ။

ဗလာနတ္ထိသာ။

ဟမ်.... ဝံပုလွေ ခုနက ငါ့အပေါ် ရောက်တော့မယ်ဆိုတာ ကျိန်ပြောနိုင်တယ်။

ဒါဆို သူ ဘယ်ရောက်သွားတာလဲ။

ထူးဆန်းတယ်။

တကယ် ထူးဆန်းတယ်။

တစ်ချိန်တည်းမှာပင် ချုံပုတ်များထဲ၌...

မေးရိုး ကြေမွသွားသည့် ဝံပုလွေမကောင်းဆိုးဝါးက ခြေထောက်ပေါ် မနည်း ပြန်ရပ်လိုက်သည်။

အစောပိုင်းက တောင်ဝှေးချက်နဲ့ နှိုင်းယှဉ်လျှင် ခေါင်းက ယခုတွင် ပိုပြီး မူးဝေနေခဲ့သည်။

နားများ တဝီဝီ မြည်နေပြီး အောက်မေးရိုးက နာကျင်မှုဖြင့် တုန်ခါနေ၏။

လူသားများ၏ သံသေတ္တာက တစ်ခုခုဖြင့် ရိုက်ချခံလိုက်ရသလိုမျိုးပင်။

ထိုနာကျင်မှုက ၎င်း၏ ဒေါသကို ပိုပြီး ဆိုးသွားစေသည်။

၎င်း၏ ထူးဆန်းသည့် အစိမ်းရောင် မျက်လုံးများ ဖြည်းဖြည်းချင်း အနီရောင် ပြောင်းလာသည်။

လေးလံသည့် အသက်ရှူသံများ လည်ချောင်းမှ ထွက်လာပြီး ခန္ဓာကိုယ် စတင် ကျယ်ပြန့်လာကာ ထူထဲသည့် အမွေးများက သံအပ်လို ထောင်မတ်လာခဲ့သည်။

သူက ပိုမိုမြင့်မားသည့် ဉာဏ်ရည် ရရှိပြီးနောက်ပိုင်း မည်သည့်လူသားကမှ သူ့ကို ထိုမျှ နာကျင်အောင် မလုပ်ခဲ့ဖူးပေ။

သူ ထိုကဲ့သို့ ခံစားခဲ့ရသည့် နောက်ဆုံးအကြိမ်က စုတ်ပြတ်သတ်နေသော သံသေတ္တာ တစ်ခုနဲ့ အတိုက်ခံခဲ့ရတုန်းပင်။

လူသားတွေ...

သူတို့အားလုံး သေသင့်တယ်။

ဒီတောင်က ငါတို့ ပိုင်ဆိုင်သင့်တာ။

အခုတော့ လူသားတွေ လမ်းလျှောက်ဖို့နဲ့ ရှုခင်းကြည့်ဖို့ ကစားကွင်း ဖြစ်နေပြီ။

ငါတို့က ပိုမိုနက်ရှိုင်းတဲ့ သစ်တောတွေထဲ အတင်းအကျပ် ဝင်ရောက်ခဲ့ရပြီး အမြဲတမ်း အဲဒီ မြန်နှုန်းမြင့် သံသေတ္တာတွေကို စောင့်ကြည့်နေရတယ်။

ဘာလို့လဲ...

“ဝူး....”

ဝံပုလွေက အော်ဟစ်လိုက်ပြီး ချုံပုတ်ထဲမှ ထွက်လာခဲ့သည်။

သူက ဘုန်းတန်ခိုး အပြည့်ဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူ၏ ဘုရင် ပီသသည့် အသွင်က ကြောက်ရွံ့မှုနှင့် လေးစားမှုကို ပေးစွမ်းပြီး သွေးဆာမှုများ မြင့်တက်လာခဲ့သည်။

ညအမှောင်ထုက သူ့ကို လက်ခံလိုက်သလိုမျိုး၊ သူ၏ လက်စားချေမှုကို အားပေးနေသလိုမျိုးပင်။

သူက လူသားများကို အရှက်ရစေမှုအတွက် အဖိုးအခ ပေးဆပ်စေရပေမည်။

သူတို့၏ အနံ့ကို မှတ်သားလိုက်ပြီး ဝံပုလွေက လျှပ်စီးလို မြန်နှုန်းဖြင့် ရှေ့ကို ပြေးထွက်သွား၏။

ထို့နောက် သူက ပြုတ်ကျနေသည့် မိုးကြိုးမီးအဆောင် တစ်ခုကို နင်းမိလိုက်သည်။

ဟမ်....

ဘုန်း.....

ချန်ဟွိုက်အန်တို့ ဘက်ခြင်းတွင်...

သူ ရုတ်တရက် ရပ်တန့်သွား၏။

ခုနက မိုးခြိမ်းသံက... ရင်းနှီးသလိုပဲ။

ဘယ်နေရာမှာ ကြားဖူးလဲ မသိဘူး။

“ဘာလို့ မိုးခြိမ်းတာလဲ...”

စုရှင်းချန်လည်း တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

“ခုနကပဲ ကောင်းကင် ကြည်လင်နေတာ... ပြီးတော့ လေထဲက ဘာလို့ မီးလောင်နံ့လို ထွက်နေတာလဲ...”

လူကြီးတစ်ယောက်ကို ဆွဲခေါ်ရတာ ပင်ပန်းလှသည်။

စုရှင်းချန်နှင့် ကင်မရာသမားတို့၏ ခွန်အားများ အလျင်အမြန် ကုန်ဆုံးနေခဲ့သည်။

ကံကောင်းစွာပင် သူတို့က အနီးအနားက သစ်သားအိမ်လေးတစ်လုံးကို မြင်လိုက်ရသည်။

သူတို့သုံးယောက် အထဲကို အပြေးဝင်သွားပြီး တံခါးကို ပိတ်ချလိုက်၏။

ချန်ဟွိုက်အန်က တံခါးကို မှီပြီး ထိုင်ချလိုက်သည်။

...ခြေထောက်က မနာတော့ပေ။

သို့သော် သူက မသန်စွမ်းသူ ဖြစ်ရမည် ဖြစ်သည့်အတွက် အသွင်ကို ဆက်လက် ထိန်းထားသင့်ကြောင်း သူ တွေးလိုက်သည်။

ရှိုးပွဲက သိသွားပြီး လျော်ကြေးပြန်ပေးခိုင်းတာမျိုး မလိုချင်ဘူး မဟုတ်လား...

“အစ်ကိုဟွိုက်အန်၊ ဘာလို့ တံခါးဘေးမှာ ထိုင်နေတာလဲ။ အဲဒါ အန္တရာယ်များတယ်...”

စုရှင်းချန်က သူ့ကို အထဲကို ထပ်ဆွဲသွင်းဖို့ ရွှေ့လိုက်သည်။

သို့သော် ချန်ဟွိုက်အန်က လက်ကို မြှောက်လိုက်ပြီး သူ့ကို တားလိုက်သည်။

သူ၏ အမူအရာက တည်ငြိမ်နေပြီး ပြောလိုက်၏။

“တကယ်လို့ အဲဒီဝံပုလွေ ရောက်လာရင် အနည်းဆုံး မင်းတို့နှစ်ယောက် ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ ငါ အချိန်ဆွဲပေးနိုင်တယ်။ ငါ့မှာ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူးလေ။ မင်းက ငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ ငါ ကျေးဇူးပြန်ဆပ်ရမှာပေါ့...”

စုရှင်းချန်ရဲ့ မျက်လုံးများ ပြန်နီလာခဲ့သည်။

သူက ရှိုက်ကြီးတငင်နှင့် နှုတ်ခမ်းကို စူလိုက်ပြီး ချန်ဟွိုက်အန် ဘေးတွင် ထိုင်လိုက်သည်။

“အစ်ကိုဟွိုက်အန်။ ရှင်က အရမ်းကောင်းလွန်းတယ်။ ကျွန်မ ရဲကို ဖုန်းခေါ်ပြီးပြီ။ အားလုံး အဆင်ပြေသွားမှာပါ...”

ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ “မင်း ငါ့ကို ချီးမွမ်းလွန်းနေပြီ။ ငါက သာမန်လူ တစ်ယောက်ပါ...”

သူက ဖုန်းကို လှမ်းယူပြီး ဂိမ်းဖွင့်ရန် လုပ်လိုက်သည်။

ထိုအခါမှသာ ကင်မရာမှန်မကောင်းဆိုးဝါးက ဆက်လက် ချိန်ထားတာကို မြင်လိုက်ရ၏။

ချန်ဟွိုက်အန်၏ မျက်နှာ တန့်သွားခဲ့သည်။

“...နေပါဦး။ မင်းတို့တွေ ဆက်ရိုက်နေတုန်းလား...”

ချွေးများ ရွှဲနေသော ကင်မရာသမားက ပြုံးပြပြီး ဖြူဖွေးသော သွားများကို ပြလိုက်၏။

“ဟဲ... ပရော်ဖက်ရှင်နယ်လေ...”

လွန်ခဲ့သော ၅မိနစ်က...

“အား... ဝံပုလွေ။ ဝံပုလွေက လူတွေကို စားနေပြီ...”

“ဟားဟားဟား... ဝံပုလွေ ရောက်လာပြီ။ ဟားဟားဟား...”

ချိုင်ရီဖန်က တွန့်လိမ်ပြီး တစ်ဝက်တစ်ပျက် ပျက်စီးနေတဲ့ ကားတံခါးပေါ်တွင် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့သည်။ တခြားသူတွေက ပျက်စီးနေသည့် ဗန်ကားထဲ ကြောက်ရွံ့စွာ ပုန်းနေကြ၏။

မလှမ်းမကမ်းမှာ ဧရာမ ဝံပုလွေကြီးတစ်ကောင်က သွေးအိုင်ထဲ သေဆုံးနေခဲ့သည်။

ခန္ဓာကိုယ်က လေးမီတာအထိ ရှည်လျားနေခဲ့သည်။

တကယ့် မကောင်းဆိုးဝါး တစ်ကောင်ပင်။

အစပိုင်းတွင် သူတို့က ဗန်ကားထဲ ပုန်းနေလျှင် လုံခြုံမည်ဟု ထင်ခဲ့ကြသည်။

ဝံပုလွေက ဗန်ကားကို ကစားစရာလို ဆွဲဖြဲနိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

၎င်း၏ အလောင်းဘေးမှာ ကျောင်းသူလေးတစ်ယောက် ရပ်နေ၏။

သူက လက်တစ်ဖက်မှာ လှံတစ်ချောင်း ကိုင်ထားသည်။

လှံထိပ်ဖျားကနေ အဝါနှင့် အဖြူရောင် ဦးနှောက်အရည် ရောနေသည့် သွေးများ စီးကျနေ၏။

ဝံပုလွေဦးနှောက်မှပင်။

လင်းလင်လင်က မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး ခံစားချက် ကင်းမဲ့နေသည်။

သူက ချိုင်ရီဖန်ကို တစ်ချက် ကြည့်လိုက်၏။

သူ၏ ခြေထောက်က ကျိုးကြေနေပြီး စိတ်က အသေအချာပင် ပျက်ယွင်းနေခဲ့သည်။

သူက အဓိပ္ပာယ်မရှိသည်များကို ဆက်ပြောနေ၏။

“...ဟွန်း။ ရှောင်လင်တပည့်က ဒီလို စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နဲ့...”

လင်းလင်လင်က လှောင်ပြောင်လိုက်သည်။

သူ တစ်ချိန်က ချိုင်ရီဖန်ကို အားကျခဲ့ဖူးသောအချက်က အခု သူ့ကို ရွံရှာစေခဲ့သည်။

သူ မိစ္ဆာနှိမ်နင်းသူ ဖြစ်လာခဲ့ပြီးနောက် နာမည်ကြီးများက အဓိပ္ပာယ်မရှိတော့ပေ။

ကြယ်ပွင့်များက ဘာမှမဟုတ်ပေ။

ဤကမ္ဘာက သူ ထင်ထားတာထက် အများကြီး ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်။

အပြည့်အဝ မပေါက်ကွဲသေးရုံပဲ ရှိသေး၏။

အခုအချိန်တွင်တော့ လူ့အဖွဲ့အစည်းကို တည်ငြိမ်စေရန် ထိန်းထားဖို့အတွက် အရာအားလုံးကို ဖုံးကွယ်ထားဆဲပင်။

သို့သော် အမှန်တရားကို ထာဝစဉ် ဖုံးကွယ်ထား၍ မရနိုင်ပေ။

“ဟို... သူရဲကောင်းမလေး...”

ဒါရိုက်တာကျန်း တုံ့ဆိုင်းနေခဲ့သည်။

သူက စကားလုံးတွေကို သေချာ ရွေးချယ်ပြီး ပြောလိုက်သည်။

“ဒုတိယ ဝံပုလွေတစ်ကောင်က... လူသုံးယောက်ကို လိုက်သွားတယ်။ သူတို့က အနောက်ဘက်ကို ပြေးသွားတယ်။ ကျေးဇူးပြုပြီး သူတို့ကို ကယ်ပေးပါဦး...”

“...ဘာ။ အခုမှ ပြောရတာလား...”

လင်းလင်လင်ရဲ့ မျက်လုံးများ ဒေါသဖြင့် ပြူးကျယ်သွားခဲ့သည်။

သူက အနောက်ဘက်ကို အပြေးသွားလိုက်၏။

ထို့နောက် ရုတ်တရက်...

မျက်စိကျိန်းလောက်သော အလင်းတစ်ခု မိုးကောင်းကင်ကို ဖြတ်ပြီး လင်းလက်သွားသည်။

“ဘုန်း.....”

လင်းလင်လင် ရပ်တန့်သွားခဲ့သည်။ သူက မိုးကောင်းကင်မှ မိုးကြိုး ကျဆင်းလာသည်ကို မြင်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဝံပုလွေမိစ္ဆာ၏ အရှိန်အဝါ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

“...စွမ်းအားရှင်ပဲ...”

လင်းလင်လင်က ထိုမိုးကြိုးထဲမှ ဖြောင့်မတ်သော အားအင်ကို ခံစားလိုက်ရသည်။

သူ ချက်ချင်း သိလိုက်၏။

တခြား မိစ္ဆာနှိမ်နင်းသူ ရှိနေရုံသာမက...

သူတို့က တကယ့်ကို ဆရာကြီး ဖြစ်လေသည်။

All Chapters