← Chapters

သင်၏ပုံရိပ်ယောင်ကောင်မလေးက ဓားကျောင်းတော်ကို ဝင်သွားပါပြီ

Vol. 7 Ch. 68

သင်၏ပုံရိပ်ယောင်ကောင်မလေးက ဓားကျောင်းတော်ကို ဝင်သွားပါပြီ

Vol. 7 Ch. 68

ထျန်းမင်တောင် ခရီးစဉ်က လုံးဝကို ရှုပ်ထွေးပြီး ရှုပ်ပွစွာ ပြီးဆုံးသွားခဲ့သည်။

ချိုင်ရီဖန်သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ ရှောင်လင် တပည့်ဘွဲ့က ပြက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

စုန့်ကျိချင်နှင့် ဝမ်ရီထောင်တို့၏ လူထုပုံရိပ်က ပြန်လည်ပြုပြင်၍ မရနိုင်အောင် ပျက်စီးသွားခဲ့သည်။ လူကြီးနှစ်ယောက်က အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ မိန်းကလေးငယ် တစ်ဦးထက် ပို၍ပင် ကြောက်တတ်ကြသည်။

ကင်မရာသမား၏ စိတ်အားထက်သန်မှုကြောင့် စုရှင်းချန်၏ ကြင်နာတတ်သော သိုးသူငယ် ပုံရိပ်က အင်တာနက်ပေါ်၌ ပျံ့နှံ့ပြီး အလွန်ပင် မြင့်တက်လာခဲ့သည်။ ဝမ်လူလူကတော့ ထူးထူးခြားခြား မကောင်းသော်လည်း အသင့်အတင့် နာမည်ကြီးလာခဲ့သည်။

သို့သော် တကယ်ကို အင်တာနက်၌ ရေပန်းစားပြီး ဆွေးနွေးမှုများကို လွှမ်းမိုးထားခြင်းကား...

ဝံပုလွေကို လက်ချည်းသက်သက် တိုက်ခိုက်ခဲ့သော အလယ်တန်းကျောင်းသူလေးပင်။

မယုံနိုင်လောက်အောင် ချောမောပြီး အားစိုက်ထုတ်စရာမလိုဘဲ တည်ငြိမ်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် စိတ်အေးချမ်းနေသော “နိုင်ငံရဲ့ပထမဆုံးနတ်ဘုရား” ချန်ဟွိုက်အန်။

( မှန်ပေသည်။ “နိုင်ငံရဲ့ပထမဆုံးနတ်ဘုရား”က အင်တာနက် အသုံးပြုသူများ ပေးထား‌သော နာမည်ပြောင် သက်သက်သာ။)

နာမည်ကြီးများနှင့်စွန့်စားခန်း ရှိုးပွဲ၌ မတော်တဆမှု ဖြစ်ခဲ့သော်လည်း ထိုဖြစ်စဉ်က ကြည့်ရှုနှုန်းကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

ထို့ပြင် မည်သူမှ မသေခဲ့သည့်အတွက် အင်တာနက်က အန္တရာယ်ကို လျှော့တွက်ခဲ့သည်။

အစားထိုးအနေဖြင့် အဓိက မှတ်သားစရာကတော့ အမျိုးသားနာမည်ကြီးများ၏ ရယ်စရာကောင်းသော မျက်နှာအမူအရာများ ဖြစ်လာခဲ့သည်။

ချန်ဟွိုက်အန်၏ မျက်နှာကလည်း meme ဖြစ်လာခဲ့သည်။

သို့သော် သူက အလွန် တည်ငြိမ်နေခဲ့သည့်အတွက် ရုပ်ဆိုးသော ဒါမှမဟုတ် ရှက်စရာကောင်းသော ဓာတ်ပုံများ မရှိနေခဲ့ပေ။

သူ၏ meme တိုင်းက မယုံနိုင်လောက်အောင် မိမိုက်နေခဲ့သည်။

ဟိုတယ် ဧည့်ကြိုကောင်တာ၌ ဖြစ်သည်။

ဧည့်ကြို A - “အခန်း ၄၁၈က လူချောလေး ပြန်လာပြီ။”

ဧည့်ကြို B - “တကယ်လား။ ဒီမနက် ကျွန်မ အဒေါ်ကြီးကိုတောင် သွားစစ်ခိုင်းခဲ့တယ်။ သူ မရောက်သေးဘူးလို့ ပြောတယ်...”

ဧည့်ကြို A - “ဒါဆို သူကို စာပို့လိုက်သင့်လား...”

ဧည့်ကြို B - “အာ။ ကျွန်မက ဟိုတယ် ဧည့်ကြိုတစ်ယောက်ပဲ။ သူ ကျွန်မကို လုံးဝ စိတ်ဝင်စားမှာ မဟုတ်ဘူး။”

ကောင်တာရှေ့၌ ရပ်နေသော လင်းလင်လင်က ပြောစရာမဲ့နေခဲ့သည်။

သူက အရပ်ပုပြီး ကောင်တာထက် အနည်းငယ်သာ ပိုမြင့်သည်။

ထို့ပြင် ကောင်တာပေါ်၌ တင်ထားသော ၃၂လက်မ မော်နီတာများကြောင့် သူ၏ မျက်နှာ အောက်ပိုင်းတစ်ခုလုံးကို ပိတ်ဆို့နေခဲ့၏။

“ဟယ်လို။ ကျွန်မ အခန်း ၄၁၇ကို ဘွတ်ကင်လုပ်ချင်လို့ပါ။”

လင်းလင်လင်က မူရင်းသက်သေခံကတ်ပြားကို လက်နှစ်ဖက်နဲ့ မြှောက်ပြလိုက်သည်။

ဧည့်ကြို A - “အိုး...နင်က ရုပ်မဆိုးပါဘူး။ သူ တကယ် မင်းကို ကြိုက်ရင် ဘယ်လိုလုပ်မလဲ...”

လင်းလင်လင် - “ခွင့်ပြုပါ။ ကျွန်မ အခန်း ၄၁၇ကို ဘွတ်ကင်လုပ်ချင်ပါတယ်...”

ဧည့်ကြို B - “ဒါပေမဲ့ ကျွန်မက အလေးချိန် ပေါင် ၁၈၀နီးပါးလောက် ရှိနေတာ...”

ဧည့်ကြို A - “ကိစ္စမရှိပါဘူး။ ခန္ဓာကိုယ် ကောက်ကြောင်းလှတဲ့ မိန်းကလေးတွေက အခုတလော ခေတ်စားနေတာ...”

လင်းလင်လင်က တော်လောက်ပြီဟု တွေးလိုက်သည်။

သူက အသက်ကို ပြင်းပြင်းရှူပြီး အော်ပြောလိုက်၏။

“ကျွန်မ ပြောတာ ကြားလား။ အခန်း ၄၁၇ကို လိုချင်တယ်လို့....”

ဧည့်ကြိုနှစ်ယောက် နောက်ဆုံးတွင် သူ့ကို သတိထားမိသွားသည်။

“အာ... တောင်းပန်ပါတယ်။ ညီမလေး။ အခန်း ၄၁၇က ယူပြီးသားပါ။”

“...၄၁၉ကကော...”

“၄၁၉က ရပါတယ်...”

“တစ်လ ဘွတ်ကင်လုပ်မယ်။ ကတ်နဲ့ချေလိုက်...”

လင်းလင်လင်က ခံစားချက်မဲ့စွာဖြင့် ဘဏ်ကတ်ကို စားပွဲပေါ် ပစ်ချလိုက်သည်။

စစ်ဆေးပြီးနောက် သူက စကားမပြောဘဲ ကြီးမားသော ခရီးဆောင်အိတ်ကို ဓာတ်လှေကားထဲ ဆွဲယူသွားသည်။

ဓာတ်လှေကားတံခါး ပိတ်သွားရာ လင်းလင်လင်က ညက အကြောင်းကို ပြန်စဉ်းစားလိုက်၏။

ချန်ဟွိုက်အန်၏ အဆောင်များက ၁၀၀% အစစ်အမှန် ဖြစ်ကြောင်းကို အတည်ပြုပြီးနောက် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ...

ချန်ဟွိုက်အန်သည် လျှို့ဝှက်ကျွမ်းကျင်သူ ဖြစ်ရမည် ဟူ၍ပင်။

သို့သော် တစ်ခုခု လွဲချော်နေသလို ခံစားရသည်။

ချန်ဟွိုက်အန်တွင် အတွင်းအား မရှိပေ။ သာမန်လူတစ်ယောက်လိုပင်။

သူက စမ်းသပ်မှုတိုင်းကို ကျရှုံးခဲ့၏။

တောင်ပေါ်က ဆင်းလာသော လမ်းမှာ သူက ချန်ဟွိုက်အန်ကို ဗိုလ်ချုပ်အဆင့်လားဟု မေးခဲ့သည်။

ချန်ဟွိုက်အန်က သူ့ကို အရူးလို ကြည့်ပြီး ပြန်ဖြေခဲ့သည်။

“ငါက နှိုင်းရအဆင့်ပါ...”

စိတ်မချသေးသောကြောင့် သူက လျို့ဝှက်စကားလုံးများ ပြောကြည့်ခဲ့သည်။

သူ ပြောလိုက်၏။

“အဝေးက မိတ်ဆွေတစ်ယောက် ရောက်လာပြီ...”

( မှန်ကန်သော တုံ့ပြန်မှုမှာ ....“ပျော်စရာ မဟုတ်ဘူးလား”)

ချန်ဟွိုက်အန်က ပြန်ဖြေလိုက်သည်။

“ဝေးနေရင် ငါတို့ သတ်ပစ်ရမယ်...”

သူ ထပ်မံ စမ်းကြည့်ခဲ့သည်။

“လုတောင်ရဲ့ အစစ်အမှန်ကို မမှတ်မိဘူးလား...”

( မှန်ကန်သော တုံ့ပြန်မှုမှာ... “ဘာလို့လဲဆိုတော့ တောင်ပေါ်မှာ တစ်ယောက်ရှိနေလို့”)

ချန်ဟွိုက်အန်၏ အဖြေက....

“လေးကို ဆွဲပြီး လင်းယုန်တွေကို ပစ်တာပဲ သိတယ်....”

...လုံးဝကို ရှုပ်ထွေးသွားခဲ့သည်။

သူ၏ လုံးဝ နားမလည်သော အမူအရာက...

ထိုလူချောသည် မိစ္ဆာနှိမ်နင်းရေးဗျူရိုအကြောင်း လုံးဝ မသိဟု ပြောနေသည်။

ထိုသို့ဆိုလျှင်... သူက ထိုအဆောင်များကို မည်သည့်နေရာက ရခဲ့သနည်း...

သူက ဘယ်သူလဲ...

ဒါတွေကို ဘယ်လို သုံးရမယ်ဆိုတာတောင် သူ သိရဲ့လား...

သူက တန်ခိုးကြီးတဲ့ အရာတွေကို မတော်တဆ တွေ့ခဲ့သော သာမန် အရပ်သားများလား...

မိစ္ဆာနှိမ်နင်းသူ တစ်ဦးအနေဖြင့် မိစ္ဆာများကို သုတ်သင်ရှင်းလင်းခြင်းအပြင် သူ့တွင် အခြား မစ်ရှင်တစ်ခု ရှိသေးသည်။

စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထမှုကြောင့် သက်ရောက်မှုရှိသော အရပ်သားများကို ဖော်ထုတ်ရန်ပင်။

သူတို့ထဲမှ တချို့က မဟာမိတ်များ ဖြစ်လာနိုင်ပြီး မိစ္ဆာနှိမ်နင်းရေးဗျူရိုအကြောင်း အသိပေးရန် လိုသည်။

တချို့က အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်။

ယခုတလော လူသတ်မှုများ ဆက်တိုက် မြင့်တက်လာခဲ့သည်။

တချို့က မိစ္ဆာများ ကျူးလွန်ခြင်းပင်။ သို့သော် အများစုက သဘာဝလွန် စွမ်းအားများ ရရှိခဲ့သော လူသားများ ကျူးလွန်ခြင်းပင်။

ထို့ပြင် လူသားများက မိစ္ဆာများထက်ပင် ပိုပြီး ကြောက်မက်ဖွယ်ကောင်းတတ်သည်။

သူက အဆောင်များကို ချန်ဟွိုက်အန်ထံ ပြန်ပေးခဲ့၏။

( သူ၏ ချစ်စရာကောင်းသော လူငယ်မျက်နှာဖြင့်ပင် ထိုအရာများကို ခိုးယူ၍ မရနိုင်ချေ။ )

သို့သော် သူက ချန်ဟွိုက်အန်ကို လွှတ်ပေးရန် ဆန္ဒ မရှိချေ။

ထို့ကြောင့် သူက ဘေးနားမှ အခန်းကို ဘွတ်ကင်လုပ်ခဲ့ခြင်းပင်။

သူက အမှန်တကယ် မည်သူ ဖြစ်ကြောင်းကို ရှာဖွေရန်ပင်။

သူက သာမန်အရပ်သား တစ်ယောက်သာဆိုလျှင် ထိုအန္တရာယ်ရှိသော ပစ္စည်းများကို ပြန်ဝယ်လိုက်မည် ဖြစ်သည်။

( ထို့ပြင် သူက ၎င်းတို့ကို သူ့အတွက် လိုချင်နေသည်မှာ သေချာပေသည် )

အခန်း ၄၁၉ တံခါး၌ ရပ်နေသော လင်းလင်လင်က အခန်း ၄၁၈သို့ လှည့်ကြည့်လိုက်သည်။

တံခါးက လုံခြုံစွာ ပိတ်ထား၏။

အဆောင်တစ်ခုက တံခါး၌ ခိုင်မြဲစွာ ကပ်ထားသည်။

ဝံပုလွေမိစ္ဆာကို သတ်ပစ်ခဲ့သော မိုးကြိုးမီးအဆောင်ပင်။

“ဘာတွေ ဖြစ်နေတာလဲ။ သူက အဲဒါတွေကို ဘယ်လို သုံးရမယ်ဆိုတာတောင် သိရဲ့လား...”

လင်းလင်လင်က သူ၏ ခေါင်းကို ဆွဲဆုပ်ပြီး စိတ်လွတ်သွားတော့မလို ခံစားလိုက်ရသည်။

သူက တကယ် လျှို့ဝှက်မစ်ရှင်လုပ်နေတဲ့ အဆင့်မြင့် ကျွမ်းကျင်သူတစ်ယောက်ဆိုရင် ဘယ်လိုလုပ်မလဲ...

ငါက သူ့အလုပ်ထဲ အတင်းဝင်ရောက်စွက်ဖက်နေတာ ဖြစ်မနေဘူးလား...

“...ထားလိုက်တော့။ ငါ သုံးလေးရက် ဒီမှာ နေပြီး စောင့်ကြည့်လိုက်မယ်...”

တစ်ချိန်တည်းမှာပင်... အခန်း ၄၁၈၌...

ချန်ဟွိုက်အန်က သူ၏ လတ်လတ်ဆတ်ဆတ် ဘဲစပ်ကို ပါ့ကျီနှင့်အတူ ခွဲဝေစားသောက်နေသည်။

ထို့နောက် ဖုန်းကို ပလပ်ထိုးပြီး ပုံရိပ်ယောင်ကောင်မလေး အက်ပ်ကို ဖွင့်လိုက်၏။

ညက လုံးဝကို အရှုပ်ထုပ် ဖြစ်နေခဲ့သည်။

အရာအားလုံး ပြီးသွားပြီးနောက် သူက အချိန်တစ်ဝက်ခန့်ကို ရဲစခန်း၌ အချိန်ဖြုန်းခဲ့ရသည်။

အကြောင်းရင်းမှာ...

တောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းခံရခြင်းက အကြမ်းဖက် တိုက်ခိုက်မှုကဲ့သို့ပင် လုံခြုံရေး အပြည့်အစုံနှင့် တရားဝင် ရဲအစီရင်ခံစာ လိုအပ်၍ပင်။

တကယ့်ကို မျက်စိပွင့်စေသော အတွေ့အကြုံ ဖြစ်၏။

“ချင်းရန် အခုလောက်ဆို လင်းရှီးတောင်ကြားကို ဝင်ပြီးလောက်ပြီ။”

ချန်ဟွိုက်အန် သူ့ကိုယ်သူ တီးတိုးပြောလိုက်၏။

လင်းရှီးတောင်ကြား။

ချောမောလှပသော အမျိုးသမီးများ ပြည့်နေသော ဂိုဏ်းတစ်ခု။

စိတ်ဝင်စားစရာ မိန်းမလှတချို့ကို မြင်ရမှာပဲ မဟုတ်လား...

သို့သော် သူ ဂိမ်းကို ဖွင့်လိုက်သောအခါ...

မြေရိုင်းတစ်ခု ဖြစ်နေခဲ့သည်။

အပျက်အစီးများ။ ကျိုးပဲ့နေသော တိုင်များ။ နေရာတိုင်း၌ ပျက်စီးယိုယွင်းနေမှုများပင်...

ဒါက... လင်းရှီးတောင်ကြားလား...

နာမည်ကြီး အမျိုးသမီး ကုသသူတွေရဲ့ ဂိုဏ်းလား...

ဂိုဏ်းဆိုင်းဘုတ်က ကျိုးပဲ့နေ၏။ နာမည်ကို မနည်း ဖတ်နေရသည်။

ချန်ဟွိုက်အန်က ဖြည်းဖြည်းချင်း မေးခွန်းအမှတ်အသား ရိုက်ထည့်လိုက်၏။

ထို့နောက် ဂိမ်းသတိပေးချက် ပေါ်လာသည်။

[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေး လီချင်းရန်က “ဓားကျောင်းတော်”ကို ဝင်ရောက်ခဲ့ပါပြီ ]

[ ဓားကျောင်းတော် – ဓားကျင့်ကြံသူများဖြင့်သာ ဖွဲ့စည်းထားသော ဂိုဏ်း။ ဓားကျင့်ကြံမှု၏ သဘာဝအရ၊ ထိုဂိုဏ်းအား ချင်းယွန်ဘုံတွင် အဆင်းရဲဆုံး ဂိုဏ်းအဖြစ် လူသိများသည် ]

ချန်ဟွိုက်အန် - “...”

ကောင်းကင်နက္ခတ်...

ထွက်လာစမ်း...

မသန်စွမ်း လျော်ကြေးငွေ ပြန်ပေး....

All Chapters