အခန်း (၁၆၄၆-၁၆၅၀)
Vol. 86 Ch. 1646-1650
Chapter 1646
ကောင်းကင်ပျံဝဲနန်းတော်၏တံခါးမကြီးပေါ်မှ ဝင်္ကပါသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏လက်ဝါးရိုက်ချက်ကို ပိတ်ပင်ဟန့်တားနိုင်စွမ်းမရှိချေ။
နန်တော်တံခါးကြီးပွင့်သွားသည်နှင့် တောက်ပသောအလင်းရောင်တန်းများက လူတိုင်း၏မျက်နှာပေါ်သို့ ကျရောက်လာသည်။
နန်းတော်အတွင်းနေ၍ အင်မော်တယ်စွမ်းအားများ လူးလွန့်၍ ထွက်ပေါ်နေပေ၏။
ဤစွမ်းအားများသည် သေမျိုးကမ္ဘာလောကမှ စိတ်ဝိညာဥ်စွမ်းအားများနှင့် တူညီမှုမရှိချေ။အင်မော်တယ်စွမ်းအားများသည် ရှေးကျပြီးနက်နဲသိမ်မွေ့သောအရာဖြစ်သည်။ထိုစွမ်းအားကို အသက်တစ်ရှိုက်စာ ရှုသွင်းမိရုံဖြင့်ပင် လူများအား အကြီးအကျယ်အကျိုးကျေးဇူး ရရှိစေပေ၏။
"အထဲမှာဘာရှိနေတာလဲ"
"ငါ့ရဲ့နတ်ဘုရားစိတ်အာရုံနဲ့ အဲ့ဒီရွှေရောင်အလင်းတန်းတွေကို ထွင်းဖောက်ကြည့်လို့မရဘူး...ဒါပေမယ့် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ချန်ထားခဲ့တဲ့ရတနာပစ္စည်းတွေက သာမာန်မဟုတ်တာသေချာတယ်"
လူတိုင်းသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသော်လည်း သူတို့၏စိတ်နှလုံးသားများ လေးလံနေသည်။
တာဟေးပင်လျှင် ရွှေရောင်အလင်းတန်းများ၏နောက်ဘက်သို့ကြည့်ကာ ကြောင်အနေပြီးနောက် ညည်းညူလိုက်၏။
"ကောင်းကင်ဘုံဧကရာဇ်က ဒါတွေကိုတောင်မှ တွက်ချက်ပြီးသားပါလား...အမှန်ပဲ...ကောင်းကင်ဘုံတရားရုံး ပျက်စီးပြိုလဲခဲ့ရပြီးတော့ အင်မော်တယ်တွေအားလုံး သေဆုံးသွားကြတယ်...မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေကတော့ ပြန်ပြီးတော့ရှင်သန်လာနိုင်တယ်"
အကယ်၍ သာမာန်အခြေအနေမျိုးဆိုပါက လူများသည် နန်းတော်အတွင်းရှိမှော်ရတနာများထံ အပြေးအလွှားသွားရောက်၍ အလုအယက်ယူငင်ကြပေမည်။
သို့ရာတွင် ယခုလက်ရှိအခြေအနေသည် ကွဲပြားခြားနားနေပေ၏။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလွန်အစွမ်းထက်သဖြင့် မည်သူကမျှ သူမအား တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
သူမသည် မကျော်လွှားနိုင်သောတောင်ကြီးတစ်လုံးနှင့် တူညီနေပြီး လူတိုင်း၏စိတ်နှလုံးသားကို ဖိအားပေးထားနိုင်သည်။
"ဒီအမွေအနှစ်တွေက အစကတော့ ငါ့အတွက်ရည်ရွယ်ထားခဲ့တာ...အခု မင်းနဲ့ မထင်မှတ်ဘဲတွေ့ဆုံလိုက်ရတော့ ငါ့ရဲ့အခက်အခဲတွေ လျော့ပါးသွားပြီ...ငါ ဒီနေရာကနေ အတားအဆီးမရှိ ထွက်သွားနိုင်တော့မယ်"
"မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေက သူတို့ရဲ့နောက်ဆုံးအမွေအနှစ်ကို ငါ့ဆီပေးခဲ့ကြတယ်...ဒါပေမယ့် ငါက အင်မော်တယ်တစ်ယောက် မဖြစ်ချင်တော့ဘူး"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးများ ကျဥ်းမြောင်းသွားပေ၏။
"သူ သေသွားမှတော့...ငါက ထာဝရအသက်ကိုရရင်တောင် ဘာအသုံးဝင်မှာလဲ"
သူမ၏စကားများအတွင်း၌ အထီးကျန်ဆန်သောအငွေ့အသက်များ ရောယှက်နေသည်။
လုယွီက လေးနက်တည်ကြည်စွာ ပြောဆိုသည်။
"လီချမ်က စီနီယာအတွက်နဲ့ အရာအားလုံးကို စွန့်လွှက်သွားတာပါ...စီနီယာ ခုလိုမျိုး မတွေးတောသင့်ဘူး"
သူ၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိလူများ၏ မျက်စိသူငယ်အိမ်များ ကျွတ်ကျလုမတက် ပြူးကျယ်သွားပေ၏။
လုယွီ သေချင်နေသလော။မည်သည်ကြောင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့ပုံစံဖြင့် စကားပြောဆိုဝံ့သနည်း။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် လုယွီအား စူးစိုက်၍ကြည့်နေသော်လည်း သူမ၏မျက်လုံးအတွင်း၌ ဒေါသအရိပ်အယောင်များရှိမနေချေ။
"ဖြစ်နိုင်တာတော့ ငါ့ထက်စာရင် ဒီအမွေအနှစ်တွေက မင်းနဲ့ပိုပြီးသင့်တော်တယ်"
အမျိုးသမီးသည် သူမ၏လက်ကိုဆန့်ထုတ်ပြီး လုယွီအား နန်းတော်အတွင်းသို့ ဆွဲခေါ်သွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးနှင့်လုယွီသည် လူများအားလုံး၏မြင်ကွင်းရှေ့မှ တပြိုင်နက်တည်း ပျောက်ကွယ်သွားတော့သည်။
ဘာ....
လူတိုင်း ကြက်သေသေသွားသည်။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏ဆိုလိုရင်းကို နားထောင်ရသည်မှာ သူမသည် အမွေအနှစ်ကို လုယွီအား လက်ဆင့်ကမ်းပေးမည်ဟူသော သဘောသက်ရောက်နေပေ၏။
လုဝူယာက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ငါတို့လည်း ရသင့်တယ်လေ....အနည်းဆုံးတော့ အဲ့ဒီအမွေအနှစ်ထဲကတချို့တစ်ဝက် ငါတို့ကို ခွဲပေးသင့်တယ်မဟုတ်လား"
တာဟေးက အထင်အမြင်သေးသောအကြည့်ဖြင့် လုဝူယာအား ကြည့်လိုက်သည်။
"မင်း အခုထိ မသိသေးဘူးလား...မိုးကြိုးပင်လယ်ထဲက အရိုးစုက အဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းပဲ...လုယွီက မိုးကြိုးပင်လယ်ထဲကို စွန့်စွန့်စားစားဝင်သွားပြီး အဲ့အရိုးစုကို သယ်ထုတ်ခဲ့တယ်...မင်း လုပ်ထားတာ ဘာရှိလို့လဲ"
လုဝူယာက မယုံကြည်နိုင်မှုဖြင့် မေးမြန်းသည်။
"အဲ့ဒီအရိုးစုက သူ့ရဲ့ခင်ပွန်းလား"
ဤကဲ့သို့ကိစ္စမျိုးရှိမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောမိခြင်းမရှိချေ။
လုယွီ မိုးကြိုးပင်လယ်အတွင်းသို့ ဝင်ရောက်သွားစဥ်အချိန်၌ သူသည် နံဘေး၌မတ်တတ်ရပ်နေပြီး အဆက်မပြတ်လှောင်ပြောင်သရော်နေခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် အကျိုးအမြတ်များစွာ ရရှိသွားလေပြီ။
သူသည် ကံကြမ္မာကောင်းတစ်ခုကို ရရှိသွားရုံသာမက ဆင့်ခေါ်အဆောင်လက်ဖွဲ့၏အစွမ်းဖြင့် အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားခဲ့သည်။
ထို့ပြင် ယခုချိန်၌ ကောင်းကင်ပျံဝဲနန်းတော်မှအမွေအနှစ်ကိုပင် ရရှိသွားပြန်လေ၏။
ထိုအရာသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များမှ ချန်ထားခဲ့သောအမွေအနှစ်များဖြစ်ရာ မည်မျှထိအဆင့်မြင့်မားနေမည်နည်း။
လုဝူယာသည် မနာလိုမှုများဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။
တခြားတစ်ဖက်၌ လုယွီသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးနှင့်အတူ ကောင်းကင်ပျံဝဲနန်းတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်၌ အင်မော်တယ်စွမ်းအားများ လွန်စွာသိပ်သည်းသဖြင့် လေထုအတွင်း၌ စိတ်ဝိညာဥ်ရေစက်များပင် ဖြစ်တည်နေသည်ကို သူ မြင်တွေ့မိပေ၏။
အသက်တစ်ချက်ရှုရှိုက်လိုက်ပြီးနောက် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းကင်ပျံဝဲနန်းတော်အတွင်းရှိ နေရာအခင်းအကျင်းများသည် သူ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ မြင်တွေ့ခဲ့သည်နှင့် တူညီသည်။
သို့ရာတွင် တစ်ခုတည်းသောကွဲပြားချက်မှာ ကောင်းကင်ပျံဝဲနန်းတော်အတွင်းရှိ ဘေးတစ်ဖက်တစ်ချက်၌ အင်မော်တယ်ရတနာများ ရာနှင့်ချီ၍ ရှိနေခြင်းပင်။
ထိုရတနာများအားလုံးကို ချိပ်ပိတ်ထားသကဲ့သို့ သံကြိုးကြီးများဖြင့် တုပ်နှောင်ထားပေ၏။
Chapter 1647
"ကောင်းကင်ဘုံတရားရုံးမှာရှိတဲ့ မဟာမိုးကောင်းကင်ရွှေအင်မော်တယ် တစ်ရာရှစ်ယောက်ရဲ့ အမွေအနှစ်တွေအားလုံး ဒီနေရာမှာရှိတယ်...ဘယ်ဟာကို နင်ရမလဲဆိုတာတော့ နင့်ရဲ့ကံကြမ္မာပေါ်မူတည်တယ်"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ပြောဆိုသည်။
ဤနေရာတွင် မြောက်များလှသော အစွမ်းထက်အင်မော်တယ်လက်နက်များကို ချိပ်ပိတ်ထားပေ၏။အကယ်၍ ထိုအရာများအနက်မှတစ်ခုသာ ပြင်ပလောကသို့ ရောက်ရှိသွားပါက သွေးမုန်တိုင်းထန်စေသောကိစ္စမျိုး ဖြစ်ပျက်သွားနိုင်သည်။
အတွေ့အကြုံကြွယ်ဝသူဖြစ်သော လုယွီပင်လျှင် သူ့ရှေ့မှမြင်ကွင်းကိုမြင်ချိန်၌ ကူကယ်ရာမဲ့စွာ လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။
သို့ရာတွင် အချိန်တခဏခန့်ကြာပြီးနောက် လုယွီ၏မျက်လုံးအတွင်း၌ ကြည်လင်မှုများ ပြန်လည်ရောက်ရှိလာသည်။
"စီနီယာက ဒီနေရာကအမွေအနှစ်တွေကို မဆက်ခံချင်ဘူးလား"
လုယွီက မေးမြန်းသည်။
ဤသည်က အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏ကံကြမ္မာဖြစ်ပြီး သူနှင့် မည်သို့မျှမသက်ဆိုင်ချေ။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက လုယွီကိုကြည့်ပြီး ပြောဆိုသည်။
"ဒီနေရာမှာရှိတဲ့ ပစ္စည်းတွေက ငါ့အတွက် အများကြီး အကူအညီမဖြစ်စေတော့ဘူး...ငါက နင့်ကို ဒီကံကြမ္မာပေးအပ်ပြီးပြီဆိုမှတော့ ငါ ဒါတွေကို နည်းနည်းတောင်ယူမှာမဟုတ်ဘူး...မဟုတ်ရင် ငါက ကံကြမ္မာကြွေး ပေးဆပ်ရလိမ့်မယ်"
သူမသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ဤနေရာရှိပစ္စည်းများသည် တခြားသူများအား များစွာဆွဲဆောင်နိုင်သော်လည်း သူမအတွက် အကျိုးကျေးဇူးများစွာ မရနိုင်ချေ။
"ဒီနေရာမှာရှိတဲ့ အမွေအနှစ်ကို နင်ရဲ့စိတ်ကြိုက်ရွေးချယ်နိုင်တယ်...ဒါက ငါ့ခင်ပွန်းရဲ့အရိုးစုကို မိုးကြိုးပင်လယ်ထဲကနေ ပြန်သယ်ထုတ်ပေးတဲ့အတွက် ငါ နင့်ကို ကျေးဇူးဆပ်တာပဲ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏စကားသံအတွင်း၌ မည်သည့်စိတ်ခံစားချက်မျှ ရှိပုံမရချေ။
ထိုစကားကိုကြားပြီးနောက် လုယွီသည် အင်မော်တယ်လက်နက်များအနီးသို့သွားပြီး အချိန်တခဏကြာ တွေဝေစဥ်းစားလိုက်သည်။
ထို့နောက် သူသည် အင်မော်တယ်လက်နက်များကို ရွေးချယ်ခြင်းမပြုဘဲ နန်းတော်၏အနက်ရှိုင်းဆုံးနေရာရှိ ပလ္လင်ထံသို့ လျှောက်လှမ်းသွားလေသည်။
ပလ္လင်သည် ရွှေရောင်တောက်ပနေပြီး ထိုအရာပေါ်၌ နဂါးကိုးကောင်ရစ်ခွေနေသောပုံစံရေးထွင်းထားပေ၏။ထိုပလ္လင်သည် မြင့်မားသောစင်မြင့်တစ်ခုပေါ်၌ တည်ရှိပြီး အနီးပတ်ဝန်းကျင်၌ အင်မော်တယ်လက်နက်များ ရှိနေသည်။ထိုလက်နက်များ၏အရှင်သခင်များ မည်မျှထိလွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်ဖြစ်စေ ပလ္လင်၏အောက်၌ အရှုံးပေးအညံခံနေရသည်။
"ဒါက ကောင်းကင်ဘုံဧကရာဇ်ရဲ့ပလ္လင်ပဲ...နင်က အခက်ခဲဆုံးအမွေအနှစ်ကို ရွေးချယ်လိုက်တာပါလား...တကယ်လို့ ငါ ဆိုရင်တောင်မှ အဲ့ဒီအမွေအနှစ်ကို ဆက်ခံဖို့မလွယ်ဘူး...နင် အရိုးရှင်းဆုံးတစ်ခုကိုရွေးချယ်ဖို့ ငါ အကြံပေးချင်တယ်...နန်းတော်ရဲ့အရှေ့ဘက်အစွန်ဆုံးမှာရှိတဲ့ ခရမ်းရောင်သံချပ်ကာလိုဟာမျိုးပေါ့...အဲ့ဒီအရာက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနည်းပါးတော့ နင် အမွေဆက်ခံဖို့အတွက် သင့်လျော်တယ်"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက အကြံပြုလိုက်၏။
လုယွီက ခေါင်းခါပြပြီး ပလ္လင်ထံသို့ ဆက်လက်၍လျှောက်လှမ်းသွားလေသည်။
လုယွီ ပလ္လင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူရှေ့ရှိပလ္လင် ရုတ်တရက်တုန်ခါသွားသည်။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် တစ်စုံတစ်ခုပြောဆိုရန် ကြံရွယ်လိုက်သော်လည်း သူမ၏ထွက်လုဆဲဆဲစကားလုံးများကို ပြန်ရုတ်သိမ်းလိုက်၏။
"ဒါ...သူက အမွေအနှစ်ကိုဆက်ခံတာမျိုးမဟုတ်တော့ဘူး....ကောင်းကင်ဘုံဧကရာဇ်ရဲ့ပလ္လင်ကိုယ်တိုင်ကကို သူ့ကို ရွေးချယ်လိုက်တာပဲ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးအတွင်း၌ ရောင်စုံအလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဤသည်က မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ခုပင်။
ဘုန်း...
လုယွီ ပလ္လင်ထံသို့လျှောက်သွားစဥ်တွင် ကောင်းကင်ပျံဝဲနန်းတော်၏ပြင်ပ၌ မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီး မြည်ဟီးသွားသည်။
"ဘာဖြစ်တာလဲ"
"မြေတုန်ခါသွားသလိုမျိုး ဘာလို့ ငါ ခံစားမိပါလိမ့်"
ဤှနေရာသည် ကောင်းကင်ဘုံဧကရာဇ်နေထိုင်ခဲ့သော နေရာပင်။
မည်သည်ကြောင့် ဤကဲ့သို့ဆူညံသံမျိုး ထွက်ပေါ်လာရသနည်း။
ကောင်းကင်ပျံဝဲနန်းတော်အတွင်း၌ လုယွီသည် ပလ္လင်နံဘေး၌ အချိန်တခဏကြာ ရပ်ကြည့်နေပြီးနောက် ထိုင်ချလိုက်၏။
ဘုန်း...
ဆူညံသောမြည်ဟီးသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။အနီးပတ်ဝန်းကျင်ရှိ အင်မော်တယ်မှော်ရတနာများအားလုံး တပြိုင်နက်တည်း တုန်ခါသွားပြီး လုယွီရှိနေသောနေရာထံသို့ အရိုအသေပြုနေသည့်အလား ကွေးညွတ်သွားကြ၏။
လုယွီ၏အကြည့်သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ မိုးကောင်းကင်ကိုဖြတ်သန်း၍ အတိတ်ကာလများဆီသို့ ရောက်ရှိသွားသည်။
ယခုလက်ရှိချိန်၌ လုယွီသည် ပလ္လင်ပေါ်၌ မြဲမြံစွာထိုင်နေပြီး သူ၏နံဘေးပတ်ဝန်းကျင်၌ မြောက်မြားစွာသော အင်မော်တယ်ရတနာများရှိနေသည်။သူ့ကိုကြည့်ရသည်မှာ ရှေးဟောင်းအချိန်ကာလများဆီမှ ကောင်းကင်ဘုံဧကရာဇ်နှင့် တူညီနေပေ၏။
ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ်မှ ကြွက်သားနှင့်အရိုးများ စတင်၍တုန်ရီလာသည်။
ပတ်ဝန်းကျင်ရှိ အင်မော်တယ်မှော်ရတနာများအားလုံး တပြိုင်နက်တည်းပေါက်ကွဲသွားပြီး မြောက်များစွာသော အင်မော်တယ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပေ၏။
"သူက အင်မော်တယ်တက်လှမ်းခြင်းကို ဒီနေရာမှာလုပ်ဖို့ ကြံရွယ်နေတာလား"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလွန်အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများ ပြူးကျယ်နေသည်။
Chapter 1648
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး စတင်၍ လောင်ကျွမ်းလာပေ၏။ထိုလောင်ကျွမ်းမှုသည် ပြင်ပမှမီးတောက်များက သူ၏ခန္ဓာကိုယ်အား လာရောက်၍လောင်ကျွမ်းခြင်းမျိုးမဟုတ်ချေ။ထိုအစား သူ၏ခန္ဓာကိုယ်အတွင်းရှိ မူလဘူတအစစ်အမှန်မီးတောက်မှ စတင်လောင်ကျွမ်းပြီး ပြင်ပသို့ထွက်လာခြင်းမျိုးဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များအတွင်းသို့ နစ်မြုပ်နေသည်။သူ၏ခန္ဓာကိုယ်အရေပြားကိုဖြတ်သန်း၍ သူ၏အရိုးအရွတ်များကို ရှင်းရှင်းလင်းလင်း မြင်နေရလေ၏။
"ဒါက အင်မော်တယ်တက်လှမ်းခြင်းရဲ့အရေးပါဆုံး အချိန်အခိုက်အတန့်ပဲ...ဒီမီးတောက်တွေက သူ့ရဲ့သေမျိုးခန္ဓာကိုယ်ကို လောင်ကျွမ်းသွားလိမ့်မယ်...သူ မသေသရွေ့ အစစ်အမှန်အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်"
"ဒါပေမယ့် ဒီအဆင့်မတိုင်ခင်မှာ နောက်ထပ်အဆင့်နည်းနည်း ကျန်သေးတယ်...ဒီကောင်လေးရဲ့နောက်ခံက အရမ်းနက်ရှိုင်းတယ်...သူက အဲ့ဒီအဆင့်တွေအားလုံးကို ကျော်ဖြတ်ပြီး အင်မော်တယ်ခန္ဓာကိုယ်ကို တိုက်ရိုက်တည်ဆောက်နေတာပဲ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး ကြည့်နေစဥ်မှာပင် လုယွီ၏ခန္ဓာကိုယ် အပြည့်အဝလောင်ကျွမ်းသွားလေပြီ။
သူ၏အသွေးအသားများအားလုံး ပျက်စီးသွားပေ၏။သူ၏စိတ်ဝိညာဥ်နှင့်မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသာ လေထုအတွင်း၌ မျောလွင့်နေသည်။
ဝှစ်...ဝှစ်...
အင်မော်တယ်မှော်ရတနာများ ပေါက်ကွဲမှုမှထွက်ပေါ်လာသော သိပ်သည်းများပြားသည့် အင်မော်တယ်စွမ်းအင်များသည် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်အတွင်းသို့ ဒီရေအလား တိုးဝင်နေသည်။
ထိုပုံရိပ်ယောင်ကြီးသည် တစတစ ပို၍ကျစ်လစ်သိပ်သည်းလာပြီး မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ဧရာမပုံရိပ်ယောင်ကြီး၏နောက်၌ မှိန်ပျပျအလင်းဘီးတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာပြီး သေမျိုးများအားလုံးကိုငုံကြည့်နေသော နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။
ဘုန်း...
ရုတ်တရက် မိုးကောင်းကင်မှနေ၍ မိုးကြိုးတစ်စင်း ကျရောက်လာသည်။
ခရက်...
ကျယ်လောင်သောဆူညံသံနှင့်အတူ ကောင်းကင်ပျံဝဲနန်းတော်၏ထိပ်ဆုံးအလွှာသည် ထိုမိုးကြိုးလှိုင်းကြောင့် အစိတ်စိတ်အမွှာမွာ ကြေမွပျက်စီးသွားပေ၏။
နန်းတော်၏တံစက်မြိတ်များအားလုံး ပြင်းပြင်းထန်ထန်တုန်ခါလာပြီး နောက်ဆုံး၌ မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
လူတိုင်းသည် နေရာမှာပင်မတ်တတ်ရပ်နေပြီး ထိုမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။
ကောင်းကင်ပျံဝဲနန်းတော်သည် မိုးကြိုးလှိုင်း၏ဖျက်ဆီးခြင်း ခံလိုက်ရသလော။
ဤကိစ္စသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ ဖြစ်ပျက်ခဲ့ပေရာ မျက်ဝါးထင်ထင်မြင်နေရသည့်တိုင် မည်သူမျှမယုံကြည်နိုင်ချေ။
"အဲ့ဒီမိုးကြိုးလှိုင်းက ဘယ်နေရာကနေရောက်လာတာလဲ...ကောင်းကင်ဘုံဧကရာဇ်ရဲ့နန်းတော်ကိုတောင် ဖျက်ဆီးဝံ့တယ်...ခွေးသူတောင်းစား"
တာဟေးသည် အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး မိုးကောင်းကင်ယံသို့ ပျံဝဲတက်ရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် သူ တိမ်စိုင်များနှင့်နီးကပ်သွားချိန်တွင် တောက်ပသော ကောင်းကင်ဘုံမိုးကြိုးတစ်စင်းက ချက်ချင်းဆိုသလို ဆင်းသက်လာသည်။
ထိုမိုးကြိုးလှိုင်းသည် တာဟေးအား ပစ်မှတ်ထားခြင်းမရှိသော်လည်း နံဘေးမှပွတ်သီကပ်သီ ဖြတ်သန်းသွားခြင်းကြောင့် သူ၏အမြှီးမှ မီးခိုးများအူထွက်လာလေ၏။
"သောက်ချေးပဲ...ဒါက တော်တော်နာတာပဲ"
တာဟေးသည် စူးရှနာကျင်စွာအော်ဟစ်ပြီး ကောင်းကင်ယံမှနေ၍ ပြုတ်ကျလာတော့သည်။
ဘုန်း...
ပြင်းထန်သောကောင်းကင်ဘုံမိုးကြိုးသည် ကောင်းကင်ပျံဝဲနန်းတော်အတွင်းသို့ တန်းတန်းမတ်မတ်ထိုးဆင်းသွားသည်။
ဤှကဲ့သို့အခြေအနေများအောက်တွင် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအား မိုးကြိုးလှိုင်းများက ချက်ချင်းဆိုသလို လွှမ်းခြုံသွားပေ၏။
လုယွီသည် အလွန်ပြင်းထန်သောနာကျင်မှုကိုတောင့်ခံ၍ သူ၏စိတ်ကိုထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်အား စတင်၍ပြန်လည်သိပ်သည်းလိုက်သည်။
သူ၏စိတ်ဝိညာဥ်အပြင် သူ၏အရိုးများလည်း တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာသည်။ထိုအရိုးများသည် တစ်ချောင်းပြီးတစ်ချောင်း သာမာန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ဖွဲ့စည်းနေပေ၏။
ထိုအရိုးများသည် လုယွီ၏ယခင်အရိုးများနှင့် များစွာကွဲပြားခြားနားသည်။အရိုးများ၏ကိုယ်ထည်သည် ကျောက်စိမ်းရောင်တောက်ပနေပေ၏။အရိုးတစ်ချောင်းစီတိုင်းပေါ်တွင် သိပ်သည်းသောရွှေရောင်စည်းတံဆိပ်အက္ခရာများရှိနေပြီး သာမာန်ထက်သာလွန်၍ အစွမ်းထက်ပုံရသည်။
ဘုန်း...ဘုန်း...ဘုန်း....
ကောင်းကင်ဘုံမိုးကြိုးများသည် လုယွီ၏လုပ်ဆောင်ချက်များကြောင့် ဒေါသထွက်နေပုံရပေ၏။မိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ပြင်းပြင်းထန်ထန်ကျရောက်နေသည်။တစ်ချိန်တည်းမှာပင် ပို၍အားကောင်းသော မိုးကြိုးလှိုင်းများ စတင်၍စုဝေးလာသည်။
"ဒါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်နယ်မြေလေ...ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံမိုးကြိုးတွေရောက်လာတာလဲ"
အောင်းကွမ်းက သံသယများဖြင့် ပြောဆိုသည်။
မိုးကောင်းကင်ကိုမော့ကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက စကားလုံးတချို့ ရေရွတ်လိုက်သည်။
'ရှေးဟောင်းအထီးကျန် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေး"
လူနည်းစုသာ ဤကောင်းကင်ဘုံမိုးကြိုးကပ်ဘေးအကြောင်း ကြားဖူးပေမည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး စတင်တည်ထောင်စဥ်မှစ၍ ကျင့်ကြံသူများကြုံတွေ့ရသမျှ ကောင်းကင်ဘုံမိုးကြိုးများအားလုံးကို ကောင်းကင်ဘုံတရားရုံးမှသာ ထိန်းချုပ်ထားပေ၏။
သို့ရာတွင် ရှေးဟောင်းကျင့်ကြံနည်းစနစ်ကို အခြေခံ၍ ကျင့်ကြံထားသော အစစ်အမှန်အင်မော်တယ်ဖြစ်လိုသူများသည် ဤကဲ့သို့ပြင်းထန်သော အထီးကျန်မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရပေလိမ့်မည်။
ရှေးဟောင်းအထီးကျန်မိုးကြိုးကပ်ဘေးသည် အလွန်အမင်း အန္တရာယ်များသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုမိုးကြိုးလှိုင်းများကြားမှ ပြန်လည်မွေးဖွားလာပါက အကျိုးကျေးဇူးများစွာရရှိနိုင်သည်။သို့ရာတွင် လူအများစုသည် ဤမိုးကြိုးကပ်ဘေးအောက်၌ သေဆုံးသွားကြရ၏။
Chapter 1649
နားကွဲလုမတက်ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ကောင်းကင်ပျံဝဲနန်းတော်တစ်ခုလုံးအား မြောက်များစွာသော ကောင်းကင်ဘုံမိုးကြိုးများက လွှမ်းခြုံထားသည်။
အကန့်အသတ်မရှိသောမိုးကြိုးများအောက်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အက်ကွဲသံများ ထွက်ပေါ်နေသည်။ထို့ပြင် သူ၏အသွေးအသားများ ပြန်လည်ဖွဲ့စည်းနေသောအရှိန်နှုန်းသည် ကောင်းကင်ဘုံမိုးကြိုးများကြောင့် နှေးကွေးသွားပေ၏။
သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်ကိုမူ ကောင်းကင်ဘုံမိုးကြိုးများက ဖျက်ဆီးနိုင်ခြင်းမရှိချေ။အကြောင်းအရင်းမှာ ပေါက်ကွဲသွားသောအင်မော်တယ်မှော်ရတနာများမှ အင်မော်တယ်စွမ်းအားများသည် သူ၏စိတ်ဝိညာဥ်အတွင်းသို့ အဆက်မပြတ်စီးဝင်ပြီး ကာကွယ်ပေးထားသောကြောင့်ပင်။
ဘုန်း...ဘုန်း...ဘုန်း....
မိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန်ရိုက်ခတ်နေပြီး သူ့အားမသတ်ဖြတ်နိုင်သေးသရွေ့ ရပ်တန့်မည့်ပုံမရှိချေ။
ဖူး...
လုယွီသည် ရုတ်တရက် သူ၏စိတ်ဝိညာဥ်ဖရိုဖရဲဖြစ်လာမှုကို ခံစားလိုက်ရ၏။မြောက်များစွာသော သရဲတစ္ဆေများ စူးရှကျယ်လောင်စွာ အော်ဟစ်နေသကဲ့သို့ အသံများသည် သူ၏စိတ်အတွင်းသို့ ကဆုန်စိုင်းတိုးဝင်လာသည်။
"ကောင်းကင်ယံက မိုးကြိုးတွေက ဘာလို့အနက်ရောင် ပြောင်းသွားတာလဲ"
"လေထုက မွန်းကြပ်လာတယ်လို့ ငါ ဘာလို့ခံစားနေမိပါလိမ့်...အဲ့ဒါက ငါ ကြောက်ရွံလာသလိုခံစားချက်မျိုးတောင် ရလာတယ်"
လူအုပ်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်တေကြသည်။
သူတို့သည် ကျင့်ကြံခြင်းလောကတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့သူများဖြစ်၍ သူတို့အား ထိတ်လန့်ကြောက်ရံံစေသည့်အရာဟူ၍ အနည်းငယ်သာရှိသည်။
နောက်ဆုံးတွင် ကောင်းကင်ယံမှကျဆင်းလာသော မိုးကြိုးလှိုင်းများ၏အလယ်၌ ပိန်းပိတ်သည်အထိမှောင်မည်းသော ဦးခေါင်းခွံများ ထွက်ပေါ်လာပေ၏။ထိုအရာများသည် ငရဲမှတွားသွားတက်လာသော နတ်ဆိုးသရဲတစ္ဆေများနှင့်သာ တူညီနေသည်။ထိုဦးခေါင်းခွံများထံ၌ မျက်နှာပုံသဏ္ဍာန်ဟူ၍မရှိဘဲ ကျယ်လောင်စွာအော်ဟစ်ညည်းတွားနေသော ပါးစပ်ကြီးများသာပါရှိသည်။
ထိုနတ်ဆိုးသရဲတစ္ဆေများကို ကြည့်မိသောသူများသည် သူတို့၏ရှေ့၌ ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင် ရောက်ရှိနေသကဲ့သို့ ခံစားရပြီး သူတို့၏နှလုံးသားမှနေ၍ အဆုံးအစမရှိသောထိတ်လန့်ကြောက်ရွံမှုကို ပေါက်ဖွားစေပေ၏။
"ငါ အမြင်များမှားနေတာလား...မိုးကြိုးလှိုင်းတွေကြားမှာ သက်ရှိတွေရှိနေသလိုပဲ'
"ဒါက ဘယ်လိုမျိုး ကောင်းကင်ဘုံမိုးကြိုးပါလိမ့်...ငါ ဒါမျိုးကို တစ်ခါမှမကြားဖူးဘူး"
လေထုအတွင်းမှ နတ်ဆိုးသရဲတစ္ဆေများသည် လုယွီ၏တည်နေရာကို တွေ့ရှိသွားပုံရပြီး တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာကြသည်။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးအတွင်း၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ထင်ဟပ်သွားပေ၏။
"ဒါက ယင်မိုးကြိုးရဲ့သရဲတစ္ဆေတွေမလား...ဒီရှေးဟောင်းအထီးကျန် မိုးကြိုးကပ်ဘေးက မရိုးရှင်းဘူးပဲ"
သူမသည် လုယွီထံသို့လျှောက်သွားပြီး လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"နင် ဒီ မိုးကြိုးကပ်ဘေးကို တောင့်ခံနိုင်မှာမဟုတ်ဘူး"
"မဟုတ်ဘူး"
လုယွီက ခေါင်းခါပြသည်။
"ဒီ ရှေးဟောင်းအထီးကျန် မိုးကြိုးကပ်ဘေးက ပြင်းထန်ပေမယ့် ကျွန်တော် နောက်ဆုတ်လိုက်မယ်ဆိုရင်...ကျွန်တော်ရဲ့အနာဂတ်အောင်မြင်မှုက တစ်ဝက်လောက် လျော့ကျသွားလိမ့်မယ်"
မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ခြေတစ်လှမ်းဆောင့်နင်းပြီး နတ်ဆိုးသရဲတစ္ဆေများထံသို့ တိုးဝင်သွားသည်။ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်အား မြောက်များစွာသည့် နတ်ဆိုးသရဲတစ္ဆေပုံရိပ်များ လွှမ်းခြုံသွားပေ၏။
"အထီးကျန်မိုးကြိုးကပ်ဘေးရဲ့နတ်ဆိုးသရဲတစ္ဆေတွေက လူတွေရဲ့စိတ်ကိုတိုက်ခိုက်တာ...အဲ့ဒါကဟအားကောင်းပေမယ့် ငါက ကောင်းကင်ဘုံဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံထားတဲ့သူ...ငါ့ရဲ့ယန်စိတ်ဝိညာဥ်ကို သူတို့ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
လုယွီသည် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် ကောင်းကင်ဘုံမိုးကြိုးများ၏အားနည်းချက်ကို နားလည်သဘောပေါက်သွားသည်။
"အဲ့ဒီမိုးကြိုးတွေရဲ့အဖျက်စွမ်းအားက ပြင်းထန်ပေမယ့် ငါ့ရဲ့စိတ်ဝိညာဥ်ကို အားဖြည့်ပေးနိုင်တယ်...ငါ ပိုပြီးတောင့်ခံနိုင်လေလေ ငါ့ရဲ့အင်မော်တယ်ခန္ဓာကိုယ်က ပိုပြီးအစွမ်းထက်လေလေပဲ"
ရုတ်ချည်းဆိုသလိုပင် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏ဓမ္မရုပ်ထုပုံစံကို ရုပ်လုံးပေါ်စေသည်။
တောက်ပသောပလ္လင်ထက်တွင် ဝေဝါးဝါးပုံရိပ်တစ်ခုရှိနေပြီး ဧကရာဇ်တစ်ပါး၏ဖိအားအရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ပတ်ဝန်းကျင်ရှိနတ်ဆိုးသရဲတစ္ဆေများသည် သဘာရန်သူနှင့်တွေ့လိုက်သကဲ့သို့ စူးရှနာကျင်စွာအော်ဟစ်ပြီး အပြေးအလွှားထွက်ပြေးတိမ်းရှောင်ကြတော့သည်။
သို့ရာတွင် ကောင်းကင်ဘုံမိုးကြိုးများအကြားမှနေ၍ နတ်ဆိုးသရဲတစ္ဆေများ တစ်သုတ်ပြီးတစ်သုတ် ထပ်မံ၍ထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သိပ်သည်းများပြားသော နတ်ဆိုးသရဲတစ္ဆေများ၏ အပြည့်အဝလွှမ်းခြုံခြင်းခံထားရသဖြင့် မြင်တွေ့ရခြင်းပင်မရှိတော့ချေ။
ထိုအချိန်မှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။
"အင်မော်တယ်စွမ်းအားတွေ မလုံလောက်တော့ဘူး"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသီးသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး ကြွင်းကျန်နေသောအင်မော်တယ်ရတနာများအနက်မှ တချို့ထံသို့ သူမ၏လက်ညှိုးကိုညွှန်ကာ ကြေမွပျက်စီးသွားစေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ထိုအင်မော်တယ်ရတနာများ ပေါက်ကွဲသွားမှုနှင့်အတူ သန့်စင်သောအင်မော်တယ်စွမ်းအားများက လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုအင်မော်တယ်စွမ်းအားများ၏ ထောက်ပံပေးမှုနှင့်အတူ လုယွီ၏စိတ်ဝိညာဥ်သည် ကြီးထွားလာပေ၏။ကောင်းကင်ဘုံဧကရာဇ်၏ဓမ္မရုပ်ထုခန္ဓာကိုယ်ကြီးသည် နေမင်းကြီးတမျှ ထွန်းလင်းတောက်ပနေပြီး လေထုအတွင်း၌မျောလွင့်နေသည်။
နတ်ဆိုးသရဲတစ္ဆေများအားလုံးသည် နှလုံးသည်းခြေပြတ်လုမတက် စူးရှနာကျင်စွာအော်ဟစ်ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒါက ပြီးဆုံးသွားပြီ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူမ၏ခေါင်းကိုမော့၍ မိုးကောင်းကင်ယံအား မော့ကြည့်လိုက်၏။
Chapter 1650
မိုးကောင်းကင်အတွင်းရှိ မိုးကြိုးတိမ်တိုက်များသည် လေပြင်းတစ်ချက်နှင့်အတူ တစတစလွင့်ပြယ်စပြုနေလေပြီ။
"ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးက တုန်လှုပ်ချောက်ချားဖို့ကောင်းပေမယ့်...အခု ပြီးဆုံးသွားခဲ့ပြီ"
"လုယွီက ကောင်းကင်ပျံဝဲနန်းတော်ထဲမှာ ကံကြမ္မာကောင်းတွေအများကြီး ရသွားတာပဲဖြစ်ရမယ်...မဟုတ်ရင် ဒီလောက်အစွမ်းထက်တဲ့ ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို သူ တောင့်ခံနိုင်မှာမဟုတ်ဘူး"
လူအများသည် ပြောဆိုဆွေးနွေးနေကြသော်လည်း သူတို့သည် ကောင်းကင်ပျံဝဲနန်းတော်အတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးချေ။
"ဘာလို့ မိုးကြိုးတွေက အဲ့ဒီကောင်ကို အသေမသတ်နိုင်တာလဲ...ကောင်းကင်ဘုံက မျက်လုံးများကန်းနေတာလား"
လုဝူယာသည် စိတ်အတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးနေပြီး သူ၏မျက်လုံးအတွင်း၌ မနာလိုမှုနှင့်ဒေါသအရိပ်အယောင်များ ရောယှက်၍ထင်ဟပ်နေသည်။
သူ၏အမြင်အရ ဤနေရာထိအရာအားလုံးသည် သူ့အတွင် ပြင်ဆင်ပေးထားခြင်းသာ ဖြစ်သင့်ပေ၏။လုယွီရှိနေခြင်းကြောင့် သူသည် ဤနေရာရှိကံကြမ္မာကောင်းကြီးကို မြင်တွေ့နေရသော်လည်း ထိတွေ့နိုင်ခြင်းမရှိချေ။
လုဝူယာ၏စိတ်နှလုံးသားအတွင်း၌ မနာလိုမှုများဖြင့် ဟုန်းဟုန်းတောက်နေစဥ်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ပြောင်းလဲမှုများ ထပ်မံ၍ပေါ်ထွက်လာသည်။
အစောပိုင်းက လွင့်ပြယ်သွားသယောင်ရှိသော တိမ်တိုက်များသည် တဖန်ပြန်၍ စုဝေးလာပေ၏။
ထိုမိုးကြိုးတိမ်တိုက်များအကြားမှနေ၍ ရှေးခေတ်အချိန်ကာလများမှ ဆင်းသက်လာပုံရသော သက်ပြင်းချသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ဘုံတရားရုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုအသံကိုကြားရသည့်လူတိုင်း၏ ခန္ဓာကိုယ်များ တုန်ရီသွားလေ၏။သက်ပြင်းချသံကြီးသည် ရှေးခေတ်အချိန်ကာလများ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာပုံရသည်။
"ဒါက...."
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အံ့အားသင့်နေသောအမူအယာဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်၏။
မိုးကြိုးတိမ်တိုက်များကြားမှနေ၍ ဝေဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည်ဝေဝါးပြီး ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ထွက်ပေါ်လာသည်နှင့် အလွန်အားကောင်းသောဖိအားအရှိန်အဝါတစ်ရပ်သည် လူများပေါ်သို့ သက်ရောက်လာပေ၏။
လောကကြီးအတွင်းရှိ မည်သည့်အရာမျိုးကမျှ ထိုပုံရိပ်အား ဖျက်ဆီးနိုင်မည့်ပုံမရချေ။
"အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်...ဒါက ကောင်းကင်ဘုံတရားရုံးထက်တောင် ပိုပြီးရှေးကျတဲ့ တည်ရှိမှုကြီးပဲ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးအတွင်း၌ ဆင်ခြင်တွေးတောနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ထိုမိုးကြိုးကပ်ဘေးအမျိုးအစားသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ မှတ်တမ်းများအတွင်း၌ရှိသော်လည်း ဖီးနစ်ဌက်မွှေးနှင့်ယူနီကွန်းဦးချိုကဲ့သို့ ရှားပါးသည်။အလွန်နည်းပါးသောအင်မော်တယ်တချို့သာ ဤမိုးကြိုးကပ်ဘေးအမျိုးအစားကို ရင်ဆိုင်ကြုံတွေ့ဖူးပေ၏။
အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်သည် လုယွီကိုကြည့်ပြီး ဓားရှည်တစ်လက်ကိုဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။
လုယွီသည် မည်သည့်စကားမျှပြောဆိုခြင်း မရှိချေ။သူသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်ပြီး အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်အား တန်ပြန်တိုက်ခိုက်လိုက်၏။
အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်သည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပေ၏။အကယ်၍ လုယွီသာ ခြေချော်လက်ချော်ဖြစ်သွားပါက အသက်ပင်ဆုံးရှုံးသွားနိုင်သည်။
လုယွီကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ရုတ်တရက် စကားတချို့ ပေးပို့လိုက်သည်။
"တကယ်လို့ နင် တောင့်မခံနိုင်တော့ဘူးဆိုရင်...ငါ နင့်ကို ကူညီနိုင်တယ်"
သူမသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် ဖြစ်ပေ၏။အကယ်၍ သူမသာ ဝင်ရောက်လှုပ်ရှားပါက လုယွီ မည်သည့်အန္တရာယ်မှ ကျရောက်မည်မဟုတ်ချေ။
လုယွီသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးအား စောင်းငဲ့ကြည့်ရုံသာကြည့်ပြီး မည်သည့်စကားမျှပြောဆိုခြင်းမရှိပေ။
သူသည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး သူ့အားကူညီမည်ဟုပြောသည်ကို လက်လွှက်လိုက်ခြင်းဖြစ်သည်။သူ့ရှေ့ရှိ အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်သည် အလွန်အမင်းအန္တရာယ်များပေ၏။သို့ရာတွင် သူ အဆင့်ချိုးဖျက်နေချိန်တွင် တခြားသူ၏အကူအညီကို ယူလိုက်ပါက သူ၏အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းတွင် သက်ရောက်မှုများရှိသွားနိုင်သည်။
"အထီးကျန်မိုးကြိုးစိတ်ဝိညာဥ် ဘယ်လောက်ထိ သန်မာအားကောင်းလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပြုပါ"
လုယွီ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုစိတ်ပြင်းပြသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
မကြာမီမှာပင် သူသည် အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်နှင့် စတင်၍တိုက်ခိုက်တော့သည်။
ဘန်း...ဘန်း...ဘန်း...
လေထုအတွင်း၌ လက်သီးထိုးနှက်သံနှင့်ခြေကန်ကျောက်သံများ အဆင်မပြတ်မြည်ဟီးနေသည်။
ပထမဆုံးအကြိမ်တိုက်ခိုက်မှုတွင် လုယွီသည် ချက်ချင်းဆိုသလို လွင့်ထွက်သွားခဲ့သည်။
ဒုတိယအကြိမ်တွင် လုယွီသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် တောင့်ခံနိုင်ခဲ့၏။
တတိယအကြိမ်တွင် လုယွီသည် အချိန်တစ်နာရီခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ လုယွီ၏ခုခံတိုက်ခိုက်နိုင်သောအချိန်သည် ပို၍ကြာရှည်လာပြီး အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်ဖြင့်ပင် လက်ရည်တူတိုက်ခိုက်လာနိုင်သည်။
"မင်းက ကောင်းကင်နဲ့မြေကြီးကနေဖန်တီးထားတဲ့ စိတ်ဝိညာဥ်သက်ရှိ အဆင့်ပဲရှိတာ...ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
လုယွီ၏အသံက အေးစက်တင်းမာနေသည်။
သူ၏တိုက်ခိုက်မှုများသည် ပိုမို၍ပြင်းထန်လာပြီး ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် ရှေးဟောင်းသိုင်းပညာနည်းစနစ်ဖြစ်သော တက်တူကောင်းကင်ဝါးမျိုခြင်းကို အသုံးပြုလိုက်၏။
မိုးကြိုးလှိုင်းများမှ ဖြစ်တည်လာသော အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်သည် ထိုနည်းစနစ်၏အားလှိုင်းအရှိန်မှ တိုက်ရိုက်ဝါးမျိုခြင်းကို ခံလိုက်ရသည်။
မိုးကောင်ကင်ယံအတွင်းရှိ မိုးကြိုးတိမ်တိုက်များအလွန်အမင်း ဒေါသထွက်သွားပုံရသည်။
တစ်ကောင် နှစ်ကောင်မှအစပြု၍ အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်ဆယ်ကောင်ကျော်သည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
"လာကြစမ်း"
လုယွီသည် အသံနက်ကြီးဖြင့် အော်ဟစ်ကြုံးဝါးပြီး တိုက်ပွဲအတွင်းသို့ တဟုန်ထိုးပြေးဝင်လိုက်၏။
သူ၏စိတ်ဝိညာဥ်သည် ပို၍ပို၍ ကျစ်လစ်သိပ်သည်းလာပြီး ပို၍ပို၍ ဒဏ်ခံနိုင်စွမ်းရှိလာသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် စွမ်းအားများကို ဘက်ပေါင်းစုံသို့ဖြန့်ကျက်၍ နံဘေးပတ်ဝန်းကျင်ရှိ အထီးကျန်မိုးကြိုးစိတ်ဝိညာဥ်များအားလုံးကို ဝါးမျိုလိုက်တော့သည်။