အခန်း (၁၆၅၁-၁၆၅၅)
Vol. 86 Ch. 1651-1655
Chapter 1651
ဘုန်း....
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏မိုးကောင်းကင်ယံအား တုန်လှုပ်စေနိုင်စွမ်းမရှိချေ။
လုယွီ၏လှုပ်ရှားမှုသည် နှစ်သန်းပေါင်းဆယ်နှင့်ချီ၍ တည်ရှိခဲ့သော စည်းမျဥ်းများကို ချိုးဖျက်လိုက်ပုံရသည်။
မိုးကြိုးလှိုင်းများ ထပ်မံ၍ ကျရောက်လာခြင်းမရှိတော့ဘဲ ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေပေ၏။
ရှပ်...ရှပ်...ရှပ်...
မိုးကောင်းကင်အတွင်းရှိ ထူထပ်သိပ်သည်းသော တိမ်တိုက်များအကြားမှနေ၍ လူတစ်ယောက်က ဖြည်းညှင်းစွာ လမ်းလျှောက်လှမ်း၍ ထွက်ပေါ်လာသည်။
ထိုသူသည် လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပြီး သူ၏အကြည့်သည် ခိုင်မာပြတ်သားကာ သူ့မျက်နှာပေါ်၌ မည်သည့်အမူအယာမျှ ရှိမနေချေ။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရှိ အရာအားလုံး ရပ်တန့်သွားပုံရသည်။
"မင်း အင်မော်တယ်တစ်ယောက်ဖြစ်လာတာက အကန့်အသတ်ကိုရောက်နေပြီ...ဒီကမ္ဘာလောကထဲမှာ နောက်ထပ်အစစ်အမှန်အင်မော်တယ်တစ်ယောက် ထွက်ပေါ်လာဖို့ကို ခွင့်မပြုနိုင်ဘူး"
လူလတ်ပိုင်းကြီးသည် အလွန်ရှေးကျသောဘာသာစကားဖြင့် ပြောဆိုလေ၏။
လုယွီသည် သူ၏ခေါင်းကို ခက်ခက်ခဲခဲအားယူ၍မော့ပြီး လူလတ်ပိုင်းကြီးအား ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများယိုစီးကျလာသည်။
သူ၏ရှေ့ရှိလူလတ်ပိုင်းကြီးသည် အမှန်တကယ်ကိုပင် သန်မာအားကောင်းပေ၏။
လူလတ်ပိုင်းကြီးထံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ရှိနေသဖြင့် တခြားသူများသည် သူတို့၏ခေါင်းများကို မော့နိုင်ခြင်းပင်မရှိချေ။
တုန်လှုပ်ချောက်ချားဖွယ်ဖိအားအောက်တွင် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရုတ်တရက် ရှေ့သို့တိုးပြီး လူလတ်ပိုင်းကြီးအား ကြည့်လိုက်၏။
"ကျွန်မက ရှင့်နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်...သူ့ကို အစစ်အမှန်အင်မော်တယ်ဖြစ်ခွင့်ပြုလိုက်ပါ"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက တည်ငြိမ်စွာပြောဆိုသည်။
လူလတ်ပိုင်းကြီးသည် အနည်းငယ်အံ့အားသင့်သွားပုံရသည်။နောက်ဆုံးတွင် သူ၏တည်ငြိမ်အေးဆေးသောမျက်နှာပေါ်၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
သူက လုယွီကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြောဆိုလေသည်။
"နှစ်သန်းပေါင်းဆယ်ချီ ကြာမြင့်ပြီးမှ တွေ့ရတဲ့ ဂျူနီယာတစ်ယောက် အတွက်နဲ့များ...ဒါက မင်းအတွက် ထိုက်တန်လို့လား"
"ကျွန်မရဲ့ယောက်ျားက သေသွားပြီ...ဒီကမ္ဘာလောကထဲမှာ ကျွန်မရဲ့စိုးရိမ်ပူပန်မှုနဲ့ ထိုက်တန်တဲ့သူ ဘယ်သူမှမရှိတော့ဘူး"
အမျိုးသမီးက တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုသည်။
"ကျွန်မ ရှင့်နောက်ကိုလိုက်ခဲ့မယ်ဆိုရင်...သူက ဒီကမ္ဘာလောကကြီးရဲ့ တစ်ဦးတည်းသောအင်မော်တယ်ဖြစ်သွားပြီ"
လူလတ်ပိုင်းကြီးသည် သူ၏မေးစေ့ကိုပွတ်သပ်ပြီး လုယွီအားကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဒီကောင်လေးအတွက်နဲ့...မင်း တကယ်ကို အပေးအယူကြီးကြီးမားမား လုပ်လိုက်တာပဲ"
ထိုစကားပြောသည်နှင့် လူလတ်ပိုင်းကြီးက လက်ဝှေ့ယမ်းပြလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့တော့"
မိုးကောင်းကင်ယံအတွင်းရှိ အနက်ရောင်တိမ်တိုက်များ ရုတ်တရက်ကွဲထွက်သွားပေ၏။ထို့နောက် ဧရာမဂိတ်တံခါးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုဂိတ်တံခါးကြီးသည် အထက်ကိုးကောင်းကင်ယံမှ ကျဆင်းလာသကဲ့သို့ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ထုတ်လွှက်ထားပေ၏။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် လူလတ်ပိုင်းကြီး၏နောက်မှလိုက်၍ ဂိတ်တံခါးကြီးအတွင်းသို့ ဝင်လိုက်သည်။ထို့နောက် ဂိတ်တံခါးကြီးက တဖြည်းဖြည်း ပိတ်သွားတော့သည်။
အရာအားလုံး တည်ငြိမ်အေးချမ်းမှုသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။
မိုးကြိုးလှိုင်းများပျောက်ကွယ်သွားမှုနှင့်အတူ မူလက လုယွီကိုလွှမ်းခြုံထားသော ဖိအားအရှိန်အဝါ တမဟုတ်ချင်း ပျောက်ကွယ်သွားပေ၏။
လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးများပေါ်၌ ကြွက်သားများ စတင်ပေါက်ဖွားလာသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ် အပြည့်အဝပြန်လည်ဖွဲ့စည်းပြီးလေပြီ။
လုယွီ၏အသစ်မွေးဖွားလာသောခန္ဓာကိုယ်သည် အသက်တစ်ကြိမ်ရှုရှိုက်ချိန်တိုင်း သူ၏နှာခေါင်းအတွင်းမှ အင်မော်တယ်စွမ်းအင်များ ဝင်ချည်ထွက်ချည်ဖြစ်နေကာ အလွန်အမင်းအစွမ်းထက်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ အစစ်အမှန်အုပ်ချုပ်သူများအားလုံး လုယွီအား ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် အောက်ဘုံများအတွင်းရှိ ကြယ်နယ်မြေများအားလုံးနှင့် ကောင်းကင်ဘုံနယ်မြေရှိကျင့်ကြံသူများအားလုံး အပြောင်းအလဲတစ်ခုဖြစ်သွားသည်ကို ခံစားမိကြသည်။
ထိုခံစားချက်သည် တစ်စုံတစ်ခု ပြန်လည်အသက်ဝင်လာသည်နှင့် တူညီပေ၏။
"ဘာတွေ ဖြစ်နေတာလဲ"
"ဘာလို့ ငါ့ရဲ့နှလုံးက တဒိတ်ဒိတ်ခုန်နေပါလိမ့်...ငါ အချိန်အတော်ကြာ တွက်ချက်ပြီးတာတောင် အကြောင်းအရင်းကို ရှာမတွေ့သေးဘူး"
"သွားပြီးစစ်ဆေးကြစမ်း...ငါတို့ အဲ့ဒီကိစ္စကို ဖော်ထုတ်နိုင်ရမယ်"
ကောင်းကင်ဘုံနယ်မြေရှိ မြောက်များစွာသောအစွမ်းထက်ပုဂ္ဂုလ်များသည် အချင်းချင်း စိတ်အာရုံဖြင့် အချိန်အတော်ကြာ ဆက်သွယ်ပြောဆိုပြီးမှသာ ပြန်လည်တည်ငြိမ်သွားသည်။
မည်သည့် ကိစ္စရပ်များဖြစ်ပျက်သွားသည်ကို မည်သူမျှ မသိလိုက်ချေ။
လုယွီ တစ်ယောက်တည်းကသာ သူ ဖြစ်ပျက်ခဲ့သွားသည့်ကိစ္စကို သိရှိသည်။
သူသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးလေပြီ။
ထို့ပြင် သူသည် လက်ရှိကောင်းကင်ဘုံနယ်မြေရှိ လောကီအင်မော်တယ်များနှင့် မတူကွဲပြားပေ၏။လုယွီလျှောက်လှမ်းသောလမ်းကြောင်းသည် ရှေးဟောင်းကောင်းကင်မှတရားရုံးမှ အစွမ်းထက်သော အစစ်အမှန်အင်မော်တယ်အင်မော်တယ်များနှင့်သာ တူညီသည်။
ဖျက်ဆီး၍မရသော အသက်ရှည်သော အစစ်အမှန်အင်မော်တယ်...
ကျွီ...
လုယွီသည် တံခါးမကြီးကိုတွန်းဖွင့်ပြီး သူ၏သိုလှောင်အိတ်အတွင်းမှ ကြိုးတစ်ချောင်းကိုထုတ်ယူကာ သူ့ခန္ဓာကိုယ်၌ တပ်ဆင်လိုက်၏။
"ကောင်းကင်ဘုံလမ်းကြောင်းက ပြီးသွားပြီ"
လုယွီက တခြားသူများဘက်သို့လှည့်၍ ပြောဆိုလေသည်။
ထိုအချိန်မှာပင် မနာလိုမှုနှင့်ဒေါသများ ရောယှက်နေသောအသံတစ်သံ ထွက်ပေါ်လာပေ၏။
"မင်း ပြီးသွားပြီလို့ပြောတာနဲ့ ဒါက ပြီးသွားပြီလား...မင်းက ဘာကောင် မလို့လဲ"
Chapter 1652
လုယွီ ထွက်လာသည်ကိုမြင်သည်နှင့် လုဝူယာသည် သူ၏စိတ်နှလုံးသားအတွင်းရှိ မနာလိုမှုနှင့်ဒေါသများကို ထပ်မံ၍ဖိနှိပ်မထားနိုင်တော့ချေ။
သူက ခေါင်းမော့၍ အော်ဟစ်လိုက်၏။
"အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးက ထွက်သွားပြီလေ...ကောင်းကင်ပျံဝဲနန်းတော်ထဲမှာ မင်း ဘာတွေရခဲ့လဲဆိုတာ ငါတို့ကိုပြသင့်တယ်"
ယန်ရှန်းကုံးနှင့်စီနီယာမှော်ဆရာကျူးတို့ကလည်း အော်ဟစ်ပြောဆိုသည်။
"အမှန်ပဲ...ကောင်းကင်ဘုံလမ်းကြောင်းက အစကတည်းက ငါတို့အားလုံးအတွက် ကြီးမားတဲ့အခွင့်အရေးကြီးပဲ...မင်းက အကျိုးအမြတ်အားလုံးကို ရသွားပြီးတော့ ငါတို့က ဘာမှမရဘူး"
လီကျီးက အေးစက်တင်းမာသောအကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။သူသည် ဧကရာဇ်မင်းတို့၏စိတ်နေစိတ်ထားမျိုးရှိသူဖြစ်သဖြင့် ထိုကဲ့သို့လူစားမျိုးများကို သဘောကျနှစ်ခြိုက်ခြင်းမရှိချေ။
အောင်းကွမ်းက သူ၏စိတ်ကိုမထိန်းချုပ်နိုင်တော့သဖြင့် အော်ဟစ်၍ဆဲဆိုလေ၏။
"ကျေးဇူးကန်းတဲ့ကောင်တွေ...တကယ်လို့ လုယွီကြောင့်သာမဟုတ်ရင် မင်းတို့အားလုံး သေနေလောက်ပြီ...မင်းတို့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ မသေရင်တောင် အအေးလှိုင်းတွေကြောင့် ရေခဲရုပ်ထုတွေအဖြစ်အေးခဲသွားမှာပဲ"
သူသည် လုယွီအား သစ္စာခံခဲ့ရသည်။ယခင်က သူ၏စိတ်နှလုံးသားအတွင်းတွင် နာကျည်းမုန်းတီးမှုတချို့ ရှိနေလေ၏။သို့ရာတွင် လုယွီ၏အပြုအမူများကို တွေမြင်ရသည်နှင့်အမျှ သူသည် တဖြည်းဖြည်း လုယွီအား လေးစားကြည်ညိုလာခဲ့သည်။
သို့ရာတွင် လုဝူယာကမူ ထိုသို့တွေးတောခြင်းမရှိချေ။
"ငါတို့အသက်ရှင်ရတာ ငါတို့ရဲ့ကံကောင်းမှုကြောင့်လေ...ငါတို့ မသေသင့်သေးလို့ပေါ့...တကယ်လို့ လုယွီ မကူညီရင်တောင် ငါတို့သေမှာမဟုတ်ဘူး"
လုဝူယာက ပြောဆိုသည်။
စီနီယာမှော်ဆရာကျူးကလည်း ထူးဆန်းသောအပြုံးနှင့် ဝင်ရောက်ပြောဆိုလေ၏။
"အမှန်ပဲ...ငါ့ဆီမှာ ငါ့ရဲ့အသက်ကိုကယ်တင်နိုင်တဲ့ နည်းလမ်းတွေရှိပြီးသားပါ...ပြီးတော့ ငါကို့ကယ်တင်ဖို့ သူ့ကို ငါ မတောင်းဆိုခဲ့မိပါဘူး"
တခြားလူများသည် သူတို့သုံးယောက်၏အရှက်ကင်းမဲ့မှုကြောင့် အော်ဟစ်ဆဲဆိုနေကြသည်။
လူအုပ်ကြီးထံမှ အငြင်းပွါးသံများကိုနားထောင်ပြီး လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"အထဲမှာ...မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေရဲ့အမွေအနှစ်တွေရှိတယ်"
"ဒါပေမယ့် ငါ မင်းတို့ကို သတိမပေးဘူးလို့တော့ အပြစ်မတင်နဲ့...အဲ့ဒီနေရာကအမွေအနှစ်တွေကို မင်းတို့ ထိတွေ့လို့မရဘူး"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ယခင်က ဤနေရာရှိအမွေအနှစ်များအနက်မှ တစ်ခုကိုယူဆောင်ရန် ပြောဆိုခဲ့သည်။ထိုကိစ္စက သူမသည် သူမ၏ကံကြမ္မာကောင်းအား လုယွီထံလွှဲပြောင်းပေးပြီး ဤနေရာရှိအမွေအနှစ်၏အကူအညီဖြင့် သူ့အား အင်မော်တယ်တစ်ယောက် ဖြစ်လာစေခြင်းပင်။
လုဝူယာနှင့်တခြားသူများကို မဆိုထားနှင့် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤနေရာရှိစည်းမျဥ်းများကို ချိုးဖောက်ဝံ့ခြင်းမရှိချေ။
လုဝူယာ၏မျက်နှာပေါ်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။
"မင်းက စဥ်းစားဆင်ခြင်နိုင်သားပဲ...မင်းက အောက်ဘုံမှာ အားကောင်းတဲ့သူဖြစ်ပေမယ့်...ကောင်းကင်ဘုံနယ်မြေကိုရောက်ရင် မင်းလည်းပဲ အဆက်အသွယ်တွေပေါ် မှီခိုရလိမ့်မယ်...မင်း အဲ့ဒီနေရာကို ရောက်တဲ့အချိန်ကျရင် မင်းက ဘာကောင်မှမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်"
လုဝူယာထံ၌ ထိုကဲ့သို့ မောက်မာဝံ့ကြွားနိုင်သော အရည်အချင်းရှိပေ၏။
သူ၏မိသားစုမှ ဘိုးဘေးတစ်ယောက်သည် တာယွီအင်ပါယာမှ သီကျန်း၏တပည့်ပင်။ထိုဘိုးဘေးသေဆုံးသွားပြီးနောက် လုဝူယာသည် ဘိုးဘေး၏တောင်းဆိုခဲ့မှုကြောင့် သီကျန်း၏လက်အောက်သို့ တိုက်ရိုက်ခိုလှုံခွင့်ကို ရရှိခဲ့သည်။
အမှန်အားဖြင့် လုယွီသည်လည်း သူတော်စင်တစ်ပါး၏တပည့်ဖြစ်ကြောင်း သူ မေ့လျော့နေပေ၏။
"အထဲကိုဝင်ပြီး သွားကြည့်ကြစို့"
ယန်ရှန်းကုံးနှင့်စီနီယာမှော်ဆရာကျူးတို့သည် သူတို့၏လက်များကိုပွတ်သပ်၍ လုဝူယာ၏နောက်သို့လိုက်ကာ နန်းတော်အတွင်းသို့ ဝင်သွားကြတော့သည်။
ကောင်းကင်ပျံဝဲနန်းတော်အတွင်း၌ အင်မော်တယ်ရတနာအချို့သည် လေထုအတွင်း၌ ပေါလောပေါ်နေသည်။
အစောပိုင်းက ထူထပ်သိပ်သည်းနေသော အင်မော်တယ်စွမ်းအားများသည် ယခုထိတိုင် ပျက်ပြယ်သွားခြင်းမရှိသေးချေ။ထိုအင်မော်တယ်ရတနာများမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားလှိုင်းများ ထွက်ပေါ်နေပေ၏။
"မဟာမိုးကောင်းကင်ရွှေအင်မော်တယ်ရဲ့ အမွေအနှစ်...ဟား ဟား ဟား...ဒါက ငါ့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်"
လုဝူယာသည် စိတ်လှုပ်ရှားစွာဖြင့် လှံရှည်တစ်လက်ထံသို့ အပြေးအလွှားသွားလိုက်သည်။
သို့သော် သူ၏လက် လှံရှည်ထံအရောက်မှာပင်......
ရုတ်ချည်းဆိုသလိုပင် လှံရှည်မှနေ၍ ပြင်းထန်သောတန်ပြန်အားလှိုင်းတစ်ရပ် ပွင့်အံထွက်လာပေရာ လုဝူယာ နောက်သို့လွင့်ထွက်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ယန်ရှန်းကုံးနှင့်စီနီယာမှော်ဆရာကျုးသည်လည်း တူညီသောကံကြမ္မာမျိုး ကြုံတွေ့လိုက်ရသည်။သူတို့သည် ရုတ်တရက် နောက်သို့လွင့်ထွက်ပြီး အလွန်ဆိုးရွားသော အခြေအနေမျိုးဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
"ငါ မင်းတို့ကို ပြောပါတယ်...အဲ့ဒါတွေကိုမထိနဲ့ဆိုတာ...မင်းတို့က ယုံမှမယုံကြပဲကိုး...ဟား ဟား ဟား...ဒါက အရမ်းရယ်စရာကောင်းတာပဲ"
တာဟေးသည် တခြားသူများအား လှောင်ပြောင်သရော်ရမည့် အခွင့်အရေးကို လက်လွတ်ခံမည့်သူမဟုတ်သဖြင့် ချက်ချင်းပင် ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။
လုဝူယာနှင့်တခြားသူများ၏မျက်နှာများ နီမြန်းနေပြီး ဒေါသတကြီးဖြင့် တာဟေးအား စူးစိုက်၍ကြည့်လိုက်ကြသည်။
"မကျေနပ်ဘူးလား...ငါက မင်းတို့သုံးယောက်ကို သတ်ဖို့အတွက် ဂရုစိုက်နေမယ့်ကောင်မဟုတ်ဘူးနော်"
တာဟေး၏စကားသံသည် အလွန်အမင်းမောက်မာပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် သူ ကြောက်ရွံရသည့်အရာ မရှိသကဲ့သို့ပင်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံတရားရုံး၏တစ်ဖက်ခြမ်းမှနေ၍ မြူခိုးများမြင့်တက်လာသည်။
ထိုမြူခိုးများကြားမှနေ၍ လေဟာနယ်အက်ကွဲကြောင်းတစ်ခုက တစတစ ကွဲထွက်လာပေ၏။
Chapter 1653
လေဟာနယ်အက်ကွဲကြောင်းအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များလမျောလွင့်နေသည်။
ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် အောက်ဘုံရှိ စိတ်ဝိညာဥ်စွမ်းအင်နှင့် အပြည့်အဝကွဲပြားခြားနားပေ၏။တစ်ချက်ရှုရှိုက်မိရုံဖြင့်ပင် လူတိုင်းသည် သူတို့၏ခန္ဓာကိုယ်များ လန်းဆန်းသွားခြင်းကို ခံစားရသည်။
"အဲ့ဒီနောက်မှာ... ကောင်းကင်ဘုံနယ်မြေရှိတာလား"
ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားနေသည်။အောက်ဘုံရှိ မည်သည့်ကျင့်ကြံသူမဆို ပိုမိုမြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလိုကြ၏။
အောက်ဘုံများတွင် လေလွင့်အင်မော်တယ်နယ်ပယ်သည် အဆင့်မြင့်ဆုံးကျင့်ကြံသူဟုဆိုနိုင်သည်။သို့ရာတွင် သူတို့သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းပြီး လောကီအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မှသာ အစစ်အမှန်အင်မော်တယ်ဖြစ်ပြီဟု သတ်မှတ်နိုင်ပေ၏။
"မြန်မြန်...သွားကြစို့"
အောင်းကွမ်း၏အသံက တုန်ခါနေသည်။
လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်သန်းပြီးသည်နှင့် သူတို့သည် အစစ်အမှန်ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလေပြီ။
ထိုအချိန်မှာပင် လုဝူယာ၏နံဘေး၌ မတ်တတ်ရပ်နေသော သာမာန်ပုံပန်းသွင်ပြင်နှင့် လူသုံးယောက်၏ခန္ဓာကိုယ်များ ရုတ်တရက်တုန်ခါသွားပြီး အချိန်တခဏကြာမှသာ ပြန်လည်တည်ငြိမ်သွားသည်။
ထိုအပြောင်းအလဲကို တခြားသူများ သတိထားမိခြင်းမရှိသော်လည်း လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်ခြင်းမရှိချေ။
"မင်းခေါ်လာတဲ့ လူသုံးယောက်က လူသားတွေမဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
လုယွီက လုဝူယာကိုကြည့်၍ ပြောဆိုသည်။
သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်အပြင် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်တစ်ယောက်လည်းဖြစ်သည်။သူနှင့် နှောင်းပိုင်းမျိုးဆက်များရှိ အတုအယောင်အင်မော်တယ်များကြားတွင် ကွာဟချက်အလွန်ကြီးမားသည်။
ထိုလူသုံးယောက်၏သေးငယ်သောပြောင်းလဲမှုသည် လုယွီ၏အမြင်အာရုံအောက်၌ ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။
လုယွီသည် လုဝူယာ၏နောက်မှလိုက်ပါလာသော လူသုံးယောက်သည် လူသားမဟုတ်သည်ကို တွေ့ရှိသွားပေ၏။
သူတို့သည် ရုပ်သေးများပင်။
ထို့ပြင် လုယွီသည် ထိုရုပ်သေးများနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေရခြင်းမှာ...ယခင်က သူရရှိခဲ့ဖူးသော ကောင်းကင်စစ်ဗိုလ်ချုပ်ရုပ်သေးနှင့် တူညီနေခြင်းကြောင့်ဖြစ်သည်။
"မင်း ဒီရုပ်သေးတွေကို ဘယ်နေရာကရလာတာလဲ"
လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ကောင်းကင်စစ်ဗိုလ်ချုပ်ရုပ်သေးများသည် တာယွီအင်ပါယာ၏တားမြစ်ရတနာများ ဖြစ်ပေ၏။တာယွီအင်ပါယာအတွင်းရှိ အဆင့်မြင့်အရာရှိများသာလျှင် ထိုရုပ်သေးအားပိုင်ဆိုင်နိုင်သော အခွင့်အရေးကို ရရှိကြသည်။
လုဝူယူသည် သူ၏လူများအကြောင်း ဖော်ထုတ်ခံရသည်နှင့် တင်းမာခက်ထန်သောအသံဖြင့် ပြောဆိုသည်။
"ဘာလဲ...ငါ ဘယ့်သူကို ခေါ်လာခေါ်လာ...မင်းနဲ့ဘာဆိုင်လို့လဲ...ငါက မင်းကို ဖြေရှင်းချက် ပေးရအုံးမှာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...မင်း အရင်က သူတို့ကို တွေ့ဖူးလို့လား"
သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ လောကီအင်မော်တစ်ယောက်၏စွမ်းအားအရှိန်အဝါများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။
လူတိုင်း၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။သူတို့အကြား၌ ကျင့်ကြံဆင့်အနက်ရှိုင်းဆုံးသူဖြစ်သော လီကျီး၏မျက်ခုံးများပင် မြင့်တက်သွားပေ၏။
"ဒီကောင်လေးက လောကီအင်မော်တယ်နယ်ပယ်ကိုတောင် ရောက်နေပြီပဲ"
လုယွီ၏ရှေ့၌ လေလွင့်အင်မော်တယ်များဖြစ်စေ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် သေမျိုးများသာဖြစ်သည်။
အင်မော်တယ်များနှင့်သေမျိုးများအကြား၌ ကွာခြားချက် အလွန်ကြီးမားသည်။
လုဝူယာသည် ရုတ်တရက် မကြုံစဖူးဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသဖြင့် နောက်သို့ ခြေလှမ်းများစွာဆုတ်ပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လုယွီ...မင်း အရမ်းလွန်မလာဖို့ ငါ မင်းကို သတိပေးထားမယ်...ငါက တာယွီအင်ပါယာက ပုဂ္ဂိုလ်ကြီးတစ်ယောက်နဲ့ ရင်းနှီးပြီးသားနော်...တကယ်လို့ မင်း ငါ့ကို ထိဝံ့တယ်ဆိုရင် မင်း ကောင်းကင်ဘုံနယ်မြေမှာ အေးအေးချမ်းချမ်း နေရမှာမဟုတ်ဘူး"
လုယွီသည် ထိုရုပ်သေးသုံးကောင်ကိုကြည့်ပြီး ရုတ်တရက် ထူးဆန်းသောခံစားချက်မျိုး ရရှိလိုက်သည်။
"မင်းတို့ကိုယ်မင်းတို့ ဖော်ထုတ်ပြစမ်း"
လုယွီက အေးစက်စက်နှာမှုတ်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လေသည်။
ထိုရုပ်သေးသုံးကောင်သည် သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံဆင့်ရှိပေ၏။သို့ရာတွင် လုယွီ၏ရှေ့၌ သူတို့သည် ပြန်လည်ခုခံရန်ပင် အခွင့်အရေးမရချေ။
ဒေါင်...ဒေါင်...ဒေါင်...
သံမဏိပြားအားထိခတ်သွားသကဲ့သို့ အသံသုံးသံ မြည်ဟီးလာသည်။ရုပ်သေးသုံးကောင်၏မျက်နှာ စုတ်ပြဲသွားပြီး သူတို့၏သံမဏိများနှင့်တူသောအရိုးများ ထွက်ပေါ်လာပေ၏။သူတို့သည် ချက်ချင်းပင် သူတို့၏မူလပုံစံများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်အထိ ရိုက်နှက်ခံလိုက်ရသည်။
"ဘယ်လို ငရဲမျိုးလဲ"
"အဲ့ဒါတွေကို လူသားတွေလို့ ငါ ထင်ထားခဲ့တာ...ဘယ်လိုဖြစ်ပြီး ရုပ်သေးတွေနဲ့တူနေတာလဲ"
"အဲ့ဒီလူသုံးယောက်ကို လုဝူယာ ခေါ်လာတာ...သူ အဲ့ဒီအကြောင်းကို သိနေနိုင်တယ်"
လုဝူယာ၏မျက်နှာဖြူရော်သွားသော်လည်း သူက အံတင်းတင်းကြိတ်၍ ပြောဆိုသည်။
"သူတို့ကို ခေါ်လာတဲ့သူက ငါဖြစ်နေတယ်ဆိုရင်တောင်...မင်းတို့နဲ့ ဘာဆိုင်လို့လဲ"
"ခွေးမသား...ဒီလိုမျိုး အဖိုးတန်တဲ့ခွဲတမ်းနေရာကို မင်းက ရုပ်သေးသုံးကောင်ကို ပေးလိုက်ရလား"
ယန်ရှန်းကုံးက ဒေါသတကြီး အော်ငေါက်လိုက်၏။
သူသည် လုဝူယာအား ခွဲတမ်းနေရာများကိုပေးခဲ့သော်လည်း ဤကဲ့သို့ရလဒ်မျိုးကို မျှော်လင့်ထားခြင်းမရှိချေ။သူ အလိုရှိသည်မှာ ကောင်းကင်ဘုံလမ်းကြောင်းအတွက်ရရှိသော ခွဲတမ်းနေရာများကို အသုံးပြု၍ ကောင်းကင်ဘုံနယ်မြေ၌ သူ၏အင်အားတိုးတက်အောင် လုပ်ဆောင်ရန်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် ထိုရုပ်သေးသုံးကောင်သည် သူ ကြိုးစားခဲ့သမျှအား သဲထဲရေသွန်ဖြစ်သွားစေသည်။
ဤအချိန်တွင် ကောင်းကင်ဘုံနယ်မြေသည် လက်တကမ်းအကွာ၌ ရောက်ရှိနေပြီဖြစ်ရာ လုဝူယာသည် ယန်ရှန်းကုံးအား မျက်နှာသာမပေးတော့ချေ။
"ဟုတ်တယ်...ဒါက ငါ ဆုံးဖြတ်ခဲ့တာပဲ....ခွဲတမ်းနေရာတွေပေးဖို့ မင်းကို ငါ တောင်းဆိုခဲ့လို့လား...ငါ ဘယ်လိုပဲသုံးသုံး မင်း ဂရုစိုက်စရာမလိုဘူး"
လုဝူယာက ရယ်မောပြီး အော်ဟစ်ပြောဆိုလိုက်၏။
Chapter 1654
ယန်ရှန်းကုံးသည် အလွန်ဒေါသထွက်သွားသဖြင့် သူ၏ဒွါရခုနစ်ပေါက်မှပင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။
သို့ရာတွင် သူ၏ခွန်အားသည် လုဝူယာအား ဖိနှိပ်ရန်မလုံလောက်သေးသဖြင့် ဆန့်ကျင်တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်သေးချေ။
လုယွီသည် လုဝူယာ၏ဆူညံပူညံပြောဆိုနေမှုကို အာရုံစူးစိုက်ခြင်းမပြုတော့ဘဲ ကောင်းကင်စစ်ဗိုလ်ချုပ်ရုပ်သေးသုံးကောင်အား ကြည့်လိုက်သည်။
ထိုရုပ်သေးများထံမှနေ၍ သူ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော အငွေ့အသက်မျိုးကို အာရုံခံမိပေ၏။
"ဒါက ရှကွေ့ကျုံးပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ပြန်တွေးကြည့်ပါက ရှကွေ့ကျုံးသည် ကျီးချန်ယွီအား သတ်ဖြတ်ခဲ့သူဖြစ်သည်။
ထိုကိစ္စကို သူ ဘယ်သောအခါမှ မေ့မည်မဟုတ်ချေ။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီသည် သူ၏လက်ကိုဆန့်ထုတ်ပြီး ရုပ်သေးသုံးကောင်အား ချိန်ရွယ်လိုက်သည်။
ထိုရုပ်သေးသုံးကောင်သည် သိုင်းသူတော်စင်နယ်ပယ် အင်အားရှိသော်လည်း လုယွီ၏လက်ညှိုးကျဆင်းလာသည်နှင့် သူတို့သည် စူးရှနာကျင်စွာအော်ဟစ်ပြီး ချက်ချင်းဆိုသလို ပြာအဖြစ်ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ဤသည်က ယခုလက်ရှိ လုယွီ၏ခွန်အား ဖြစ်သလော။
အစောပိုင်းက လုယွီအား လှောင်ပြောင်သရော်နေသော လုဝူယာပင် ယခုလက်ရှိချိန်၌ အလွန်တုန်လှုပ်ချောက်ချားနေသည်။
သူ၏ယခုလက်ရှိခွန်အားဖြင့် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်းမရှိရာ လုယွီဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။
ယခုလက်ရှိချိန်၌ လုယွီသည် သူ မော့ကြည့်ရုံသာတက်နိင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားလေပြီ။
တာဟေးက ခေါင်းခါပြပြီး ပြောဆိုသည်။
"သွားကြစို့...ဒီနေရာက ခဏလောက်ကြာရင် ပျက်ပြယ်သွားတော့မှာ"
တိကျသေချာစွာပင် ကောင်းကင်ဘုံတရားရုံးအတွင်းရှိ အပျက်အယွင်းများသည် တစတစ ပျောက်ကွယ်စပြုလာသည်။အဝေးရှိ နန်းတော်တချို့ပင်လျှင် တဖြည်းဖြည်း မှုန်ဝါးလာပေ၏။
လူအုပ်ကြီးသည် လေဟာနယ်အက်ကွဲကြောင်းထံသို့ တဟုန်ထိုး အပြေးသွားကြသည်။
ထိုအချိန်မှာပင် လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။
သူ၏စိတ်ဝိညာဥ်သည် အဝေးတနေရာမှနေ၍ သူတို့ထံသို့ အလွန်လျှင်မြန်စွာချဥ်းကပ်လာနေသော အစွမ်းထက်ပုံရိပ်တစ်ခုကို အာရုံခံမိသည်။
"တာဟေး...ခင်ဗျား တခြားလူတွေကိုခေါ်ပြီး အရင်ထွက်သွားတော့"
ထို့နောက် လုယွီသည် တခြားလူများကိုကြည့်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။
"အားလုံးပဲ...ငါတို့အားလုံးက အခု ကောင်းကင်ဘုံနယ်မြေကို ရောက်နေပြီ...အောက်ဘုံမှာဖြစ်ပျက်ခဲ့တဲ့ မင်းတို့နဲ့ငါရဲ့ကြားက ကိစ္စအားလုံးလည်း ပြီးဆုံးသွားပြီ...ဒီနေ့ကနေစပြီး မင်းတို့အားလုံး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ"
ပိုင်ဆုချင်က အလျှင်စလို မေးမြန်းသည်။
"လုယွီ...နင် ဘာလုပ်မလို့လဲ"
"မင်းတို့ အရင်သွားတော့...သူ့ရဲ့ပစ်မှတ်က ငါပဲ"
လုယွီသည် သူတို့အား အဖြေပြန်ပေးခြင်းမရှိဘဲ တခြားတစ်ဖက်သို့ဦးတည်၍ ပျံဝဲသွားလိုက်၏။
ကောင်းကင်ဘုံနယ်မြေအတွင်းမှချီ၍ သန်းရာနှင့်ချီသောကြယ်များနှင့်ဖွဲ့စည်းထားသော ကြယ်မြစ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ သူသည် အစောပိုင်း၌ရှိနေသောနေရာတွင်သာ ဆက်လက်၍နေနေပါက မူးဝေမှုကို ခံစားရပေမည်။သို့ရာတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၌ နှစ်ပေါင်းများစွာကြာသည်အထိ နေထိုင်ခဲ့သော အတွေ့အကြုံရှိသူဖြစ်၍ မကြာမီမှာပင် ကြယ်များအကြားမှ လမ်းကြောင်းတစ်ခုကို အလျှင်အမြန်ရှာဖွေတွေ့ရှိသွားသည်။
ကြယ်အများစုသည် ထင်သာမြင်သာရှိသော်လည်း တခြားကြယ်များ၏နောက်၌ ပုန်းကွယ်၍တည်ရှိနေသောကြယ်တချို့လည်းရှိနေသည်။ထိုကြယ်များသည် တခြားကြယ်များကဲ့သို့ လင်းလက်တောက်ပနေခြင်းလည်းမရှိချေ။
"ဘယ်နေရာမှာလဲ"
လုယွီသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့် ပတ်ဝန်းကျင်အား စတင်၍ရှာဖွေလိုက်သည်။
မကြာမီမှာပင် လုယွီသည် သူ ခန့်မှန်းတွက်ဆထားသောနေရာအား ရှာဖွေတွေ့ရှိသွားပေ၏။
ထိုကြယ်ပေါ်တွင် စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းစွာ ရှိမနေချေ။ထိုအရာသည် တောက်ပသောကြယ်တစ်လုံး၏နံဘေး၌ မျောလွင့်နေသည့် မီးခိုးရောင်ကြယ်တစ်လုံးသာဖြစ်သည်။
လုယွီ ထိုကြယ်သို့သွားရောက်ရန် ဟန်ပြင်နေစဥ်မှာပင် လောကကြီးတခွင်အားတုန်ခါသွားစေသော အသံတစ်သံက သူ၏နောက်မှ မြည်ဟီးလာသည်။
"ငါ့ရဲ့ရုပ်သေးတွေကို သတ်ပြီးမှတော့...မင်းက ထွက်သွားချင်သေးတာလား"
လေဟာနယ်အတွင်းမှနေ၍ ရုတ်တရက် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ထိုလူသည် ရွှေရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏နောက်၌ အလင်းဘီးသုံးခုက အဆက်မပြတ် လှည့်ပတ်နေလေ၏။သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးအနှံ့ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူညီသည်။
သူသည် လေထုအတွင်းမှနေ၍ လုယွီထံဦးတည်ကာ လက်ဝါးတစ်ချက်ရိုက်ထုတ်၍ တိုက်ခိုက်လိုက်သည်။
ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများယိုစီးကျလာပေ၏။
သူသည် ကြိုးပြတ်သွားသောစွန်တစ်စွန်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။
သို့သော် နောက်ဆုံးအချိန်အခိုက်အတန့်ထိတိုင် လုယွီတွင် ကြည်လင်ပြတ်သားသောစိတ်အာရုံ ရှိနေဆဲပင်။
"ရှကွေ့ကျုံ...ကျုပ် ခင်ဗျားကို စောင့်နေတာ"
လုယွီက နေရာတစ်နေရာသို့ လက်ညှိုးညွှန်လိုက်၏။
သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကြယ်အပိုင်းအစများသည် ရုတ်တရက် အတူတကွစုဝေးသွားပြီး တုန်လှုပ်ချောက်ချားဖွယ်အရှိန်ဖြင့် ရှကွေ့ကျုံးထံသို့ တိုးဝင်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ရုတ်ချည်ဆိုသလိုပင် ရှကွေ့ကျုံးအား မြောက်များစွာသောကြယ်အပိုင်းအစများ လွှမ်းခြုံသွားတော့သည်။
Chapter 1655
"လှည့်ကွက်ငယ်လေးတွေနဲ့...ငါ့ကို ဟန့်တားနိုင်မယ်လို့ ထင်နေတာလား...တော်တော်ရယ်စရာကောင်းတာပဲ"
ရှကွေ့ကျုံးသည် လှောင်ပြောင်သရော်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏လက်ဖဝါးအတွင်းမှ အင်မော်တယ်စွမ်းအားများပွင့်အံထွက်လာပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကြယ်အပိုင်းအစများအားလုံးကို ကွဲကြေသွားစေသည်။
ဘုန်း....
ရှကွေ့ကျုံးအားလွှမ်းခြုံထားသော ကြယ်အပိုင်းအစများအားလုံး ကြေမွှပြီးအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ဖုန်မှုန့်များကင်းစင်သွားချိန်၌ ရှကွေ့ကျုံးသည် လုယွီအား ရှာဖွေလိုက်သော်လည်း အရိပ်အယောင်ပင်ရှာမတွေ့ချေ။
"ငါ့ရဲ့မျက်လုံးအောက်ကနေ...မင်းက ပုန်းအောင်းချင်တာလား"
ရှကွေ့ကျုံးသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်မှ ဒေါင့်မတ်မျက်လုံးတစ်လုံးထွက်ပေါ်လာပေ၏။
ထိုဒေါင့်မတ်မျက်လုံးအားဖွင့်လိုက်သည်နှင့် နတ်ဘုရားအလင်းတန်းတစ်တန်းသည် ရှကွေ့ကျုံး၏မျက်လုံးတစ်စုံမှထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား ဝေ့ဝိုက်၍ကျရောက်သွားသည်။
ပတ်ဝန်းကျင်ရှိကြယ်များပေါ်ရှိ သက်ရှိသတ္တဝါများပေါ်သို့ ထိုနတ်ဘုရားအလင်းတန်းကျရောက်သွားချိန်တွင် သူတို့အားလုံး မြေပြင်ပေါ်၌ဝပ်တွားလိုက်ပြီး ခုခံကာကွယ်မည့်အတွေးမျိုးပင် မတွေးဝံ့ကြချေ။
ရှကွေ့ကျုံးသည် နယ်မြေသခင်တစ်ယောက်ဖြစ်သဖြင့် မြောက်များစွာသောသက်ရှိများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
ရှကွေ့ကျုံးသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အကြိမ်များစွာ အာရုံခံကြည့်သည့်တိုင် လုယွီ၏အရိပ်အယောင်ကို မတွေ့မိချေ။
"ငါ့ရဲ့ရုပ်သေးတွေကိုဖျက်ဆီးနိုင်မှတော့ ဒီကောင်လေးရဲ့ကြီးထွားမှုက ငါ ခန့်မှန်းထားတာထက် ကျော်လွန်နေပြီ...ငါ သူ့ကို အမြစ်ပြတ်သုတ်သင်ဖို့ နည်းလမ်းရှာရမယ်"
ရှကွေ့ကျုံး၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏ရုပ်သေးသုံးကောင် အသတ်ခံရသည်ကို အာရုံခံမိပြီးနောက် သူသည် ချက်ချင်းပင် လုယွီနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။
အစပထမတွင် ကောင်းကင်ဘုံဧကရာဇ်သည် သူ့အား အောက်ဘုံ၌မည်သည်ကြောင့် အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို စုံစမ်းရန် တာဝန်ပေးခဲ့သည်။
သို့ရာတွင် ရှကွေ့ကျုံးသည် စိတ်ကြီးဝင်မောက်မာသူဖြစ်၍ အောက်ဘုံ၌အချိန်ဖြုန်းလိုစိတ်မရှိချေ။ထို့ကြောင့် သူသည် လုဝူယာ၏နံဘေး၌ ရုပ်သေးသုံးကောင်ထားရှိရန် စီစဥ်ခဲ့သည်။
သို့ရာတွင် သူ၏ရုပ်သေးသုံးကောင်သည် အောက်ဘုံမှထွက်လာသည်နှင့် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပေ၏။
ရှကွေ့ကျုံးသည် ထိုရုပ်သေးများထံမှနေ၍ ဝေဝါးဝါးမှတ်ဥာဏ်များကိုသာ ရရှိလိုက်သည်။
လုယွီနှင့်တခြားသူများသည် လောကကြီးတခွင်လုံးအား တုန်လှုပ်သွားစေသော အမွေအနှစ်တစ်ခုကိုဘရရှိသွားပုံရသည်။
"မင်းက သူတော်စင်ရဲ့တပည့်တစ်ယောက်ဖြစ်တာနဲ့...ငါ မင်းကို မသတ်ဝံ့ဘူးလို့ မင်း ထင်နေတာလား"
ရှကွေ့ကျုံးက လေဟာနယ်တစ်နေရာကို စူးစိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
"လာကြစမ်း"
ဝှစ်...
လေဟာနယ်အတွင်းမှနေ၍ ပိန်လှီလှီအဖိုးအိုတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာပြီး ရှကွေ့ကျုံးကို အရိုအသေပြုလေသည်။
"လုပ်ကြံသတ်ဖြတ်ခြင်းခန်းမရဲ့ လုပ်ကြံသတ်ဖြတ်သူရှောင်စန်းက အမတ်ကြီးကို အရိုအသေပြုပါတယ်"
အဖိုးအို၏ခန္ဓာကိုယ်သည် ညွတ်ကိုင်းနေပြီး သာမာန်သေမျိုးတစ်ယောက်ကပင် သူ့အား လွယ်လင့်တကူသတ်ဖြတ်နိုင်မည့်ပုံ ပေါ်လွင်နေသည်။
သို့ရာတွင် ထိုအဖိုးအို၏သရုပ်မှန်ကိုသိသော မည်သူမဆို ထိတ်လန့်ကြောက်ရွံကြပေ၏။
လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် ကောင်းကင်ဘုံနယ်မြေတွင် နာမည်အကျော်ကြားဆုံး လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းဖြစ်သည်။
သူတို့အား လုံလောက်သည့်အခကြေးငွေ ပေးနိုင်သရွေ့ မည့်သူကိုမဆို သူတို့ သတ်ဖြတ်နိုင်ပေသည်။
ကောလဟာလများအရ သူတို့ လုပ်ကြံသတ်ဖြတ်ခဲ့သော နာမည်စာရင်းတွင် တာအိုသခင်တစ်ယောက်၏နာမည်ပင် ပါဝင်နေသည်။အမှန်အားဖြင့် ဤသည်က ကောလဟာလသက်သက်သာဖြစ်ပြီး မည်သူမျှ အမှန်တကယ်မြင်တွေ့ဖူးခြင်းမရှိပေ။
ထို့ပြင် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် ရှမိသားစု၏ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း မည်သူမျှမသိကြချေ။
"ငါ လူတစ်ယောက်ကို သတ်ချင်တယ်...ဒါက သူ့ရဲ့အချက်အလက်တွေပဲ...သူ တစ်လအတွင်းသေတာကို ငါ မြင်ချင်တယ်...တကယ်လို့ မင်း လွဲချော်သွားမယ်ဆိုရင် မင်းနဲ့ ငါတို့ရှမိသားစု ဘာမှမသက်ဆိုင်တော့ဘူး...ဘာလုပ်ရမယ်ဆိုတာကို မင်း သိသင့်တယ်"
ရှကွေ့ကျုံးက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
အဖိုးအိုသည် ချက်ချင်းပင် ဦးညွှတ်၍အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"အမိန့်အတိုင်းပါ"
ရှကွေ့ကျုံးသည် ခေါင်းညိတ်ပြပြီး လေဟာနယ်အတွင်းသို့တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
သူသည် ကောင်းကင်ဘုံနယ်မြေ၌ အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်၍ နေ့စဥ်နေ့တိုင်း ကိစ္စများစွာကို ဂရုစိုက်ရသည်။သူသည် လုယွီအပေါ်၌ အချိန်ဖြုန်းနေနိုင်ခြင်းမရှိချေ။
အမှန်အားဖြင့် အကယ်၍ ရှကွေ့ကျုံသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုသာ လုယွီရရှိသွားသည်ဟု သိရှိသွားပါက ဤကဲ့သို့ကိစ္စမျိုးအားဆောင်ရွက်ရန် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို စေလွှက်မည်မဟုတ်ပေ။
တခြားတစ်ဖက်၌...
ယခင်က သူ ခန့်မှန်းတွက်ဆပြီးသော မီးခိုးရောင်ကြယ်ပေါ်သို့အရောက်တွင် လုယွီသည် တောအုပ်တစ်ခုအတွင်းသို့ ကျရောက်သွားသည်။
ယခုလက်ရှိအရှိန်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများရွှဲနစ်နေပြီး အပိုင်းပိုင်းအစစ ပြိုကွဲသွားလုနီးပါးပင်။
အကယ်၍ သူသည် သာမာန်အင်မော်တယ်တစ်ယောက်သာဖြစ်ပါက ရှကွေ့ကျုံးကဲ့သို့ နယ်မြေသခင်တစ်ယောက်၏ ပြင်းထန်သောလက်ဝါးရိုက်ချက်အောက်တွင် သေဆုံးသွားရပေမည်။
သို့ရာတွင် လုယွီသည် သာမာန်အင်မော်တယ်များနှင့် ကွဲပြားခြားနားပေ၏။
သူသည် ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ၏ရုပ်ခန္ဓာကိုယ်ဖြစ်စေ စိတ်ဝိညာဥ်ဖြစ်စေ သာမာန်လောကီအင်မော်တယ်များသည် သူနှင့်ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ဤသည်ကြောင့်သာ လုယွီသည် ရှကွေ့ကျုံး၏လက်ဝါးရိုက်ချက်ကို တောင်ခံနိုင်ခြင်းပင်။