အခန်း (၁၆၇၁-၁၆၇၅)
Vol. 87 Ch. 1671-1675
Chapter 1671
ထိုစကားကိုကြားသည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသောလူများအားလုံး ကြက်သေသွားသည်။
ညှို့အားပြင်းသောမိန်းမသည်လည်း အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် သူမက အော်ဟစ်ရယ်မောလိုက်၏။
"နင်က အရူးပဲ...ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ နင် သိလား"
ထို့နောက် သူမက လက်ကိုဆန့်ထုတ်ပြီး တံခါးပေါ်ရှိ ခမ်းနားထည်ဝါသောအမှတ်အသားများကို ထိတွေ့ကာ သရော်တော်တော်ပြောဆိုလေသည်။
"နင် သေသေချာချာကြည့်...ဒီနေရာက အထူးဧည့်သည်တော်တွေပဲဝင်ခွင့်ရတဲ့ သီးသန့်ခန်းပဲ...နင့်အဆင့်နဲ့ကတော့...မဖြစ်နိုင်ဘူး"
တခြားလူများထံမှလည်း လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာပေ၏။
ယခုလက်ရှိချိန်၌ လုယွီသည် အစေခံမလေး သူ့အတွက်ပြင်ဆင်ပေးခဲ့သည့် ရွှေမိုးကြိုးဂိုဏ်းမှအစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။
အစေခံတပည့်များသည် သူတို့၏ကျင့်ကြံဆင့်နိမ့်ပါးခြင်းနှင့်အနာဂတ်မရှိခြင်းတို့ကြောင့် ဂိုဏ်းများတွင် အစေခံအဖြစ်ထမ်းဆောင်ရန် ရွေးချယ်ကြခြင်းဖြစ်သည်။
ယေဘုယျကျကျပြောဆိုရလျှင် သူတို့တွင် အနာဂတ်တိုးတက်မှုအလားအလာမရှိတော့ချေ။
ထို့ကြောင့် ညှို့အားပြင်းသည့်မိန်းကလေးသည် လုယွီအား အထင်အမြင်သေးသောအပြုအမူဖြင့် ဆက်ဆံနေခြင်းဖြစ်ပေ၏။
"ရွှေမိုးကြိုးဂိုဏ်းကလား...ဟား ဟား ဟား...ဒါက စိတ်ဝင်စားစရာပဲ...ငါ သူ့ကို အထဲဝင်ခွင့်ပြုလိုက်မယ်"
ဝမ်ခမ်းသည် ရုတ်တရက် စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ခုကို တွေ့ရှိသွားပုံဖြင့် သူက လုယွီအားလက်ညှိုးညွှန်၍ ပြောဆိုသည်။
ညှို့အားပြင်းသည့်မိန်းကလေးသည် ဝမ်ခမ်း၏စကားကိုကြားချိန်တွင် အံ့အားသင့်သွားပေ၏။
"သခင်လေး ဝမ်...ဘာလို့ သူ့ကို အထဲဝင်ခိုင်းမှာလဲ...သူက အရမ်းမျက်စေ့နောက်စရာကောင်းတယ်"
ဝမ်ခမ်းသည် ထိုသို့တွေးတောပုံမရဘဲ လုယွီကိုကြည့်ကာ သရော်တော်တော်ပြောဆိုလိုက်သည်။
"မင်းက အခန်းထဲကို ဝင်ချင်တာလား...ကောင်းပြီလေ...မင်း ဒူးထောက်လိုက်တာနဲ့ အခန်းထဲကိုဝင်လို့ရပြီ...တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ ရွှေမိုးကြိုးဂိုဏ်းကို လာတဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ခေါ်မလာမိဘူး...တကယ်လို့ မင်းက ငါခွေးလုပ်မယ်ဆိုရင် ငါ မင်းကို လက်ခံပေးမယ်"
ဝမ်ခမ်း၏နောက်လိုက်များ မျက်နှာများပေါ်၌ နားလည်သဘောပေါက်သွားသောအပြုံးမျိုး ချက်ချင်းပင် ထွက်ပေါ်လာသည်။
သူတို့သည် ဝမ်ခမ်း၏အမူအကျင့်ကို နားလည်သဘောပေါက်ပြီးဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်ခမ်း၏ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းပေ၏။သူသည် ရွှေမိုးကြိုးဂိုဏ်းအား အရှက်ခွဲလိုခြင်းပင်။
ဝမ်ခမ်းသည် ရွှေမိုးကြိုးဂိုဏ်းချုပ်နှင့်သူ၏သမီးအား အနိုင်ကျင့်အရှက်ခွဲရန် နည်းလမ်းတချို့ပြင်ဆင်ထားပြီးဖြစ်သည်။သို့ရာတွင် သူက ထိုနည်းလမ်းများသည် လုံလောက်ခြင်းမရှိဟု ခံစားနေရသည်။
အကယ်၍ ရွှေမိုးကြိုးဂိုဏ်းမှတပည့်တစ်ယောက်ကိုသာ ဤကိစ္စအတွင်း ပေါင်းထည့်နိုင်ပါက သူ၏အကြံအစည်များအတွက် လုံလောက်သွားလေပြီ။
အကယ်၍ သူ့ရှေ့ရှိလူငယ်သည် အစေခံတပည့်တစ်ယောက်ဖြစ်နေလျှင်ပင် သူ၏ခွေးတစ်ကောင်ဖြစ်လာပါက ရွှေမိုးကြိုးဂိုဏ်းချုပ်၏မျက်နှာအမူအယာ မည်သို့ဖြစ်နေမည်ကို သူ စိတ်ကူးယဥ်ပုံဖော်ကြည့်၍ရနိုင်သည်။
"မြန်မြန် ဒူးထောက်စမ်း...ငါတို့သခင်လေးရဲ့ဆန္ဒကို ပြောပြီးပြီလေ...မင်း နားကန်းနေတာလား"
"အမှန်ပဲ...ငါတို့သခင်လေးရဲ့ခွေးဖြစ်ချင်တဲ့သူတွေ ဘယ်လောက်တောင်များလဲဆိုတာ မင်းသိလား...ကောင်လေး...ဒါက မင်းအတွက် ကံကောင်းမှုကြီးပဲ...ဘာလို့ မြန်မြန်မလာသေးတာလဲ"
ဝမ်ခမ်း၏နောက်လိုက်များက စတင်၍ပြောဆိုလိုက်ကြ၏။
သူတို့သည် မောက်မာဝံ့ကြွားသောအကြည့်ဖြင့် လုယွီအား ကြည့်နေကြသည်။သူတို့၏အမြင်အရ ဤကိစ္စကို လုယွီ သဘောတူညီမည်မှာ အနှေးနှင့်အမြန်ပင်။
ရွှေမိုးကြိုးဂိုဏ်း၏အစေခံတပည့်တစ်ယောက်တွင် မည်ကဲ့သို့အနာဂတ်မျိုး ရှိနိုင်သနည်း။
ယခုလက်ရှိအချိန်တွင် ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးသည် မရေရာသောအခြေအနေမျိုးတွင်ရှိနေပြီး ကပ်ဘေးအတွင်းရောက်ရှိနေပေ၏။ဂိုဏ်းမှအစစ်အမှန်တပည့်များပင် ထွက်ခွာသွားရန် လမ်းကြောင်းရှာဖွေနေကြရာ အစေခံတပည့်ဆိုလျှင် ထည့်သွင်းစဥ်းစားရန်ပင်မလိုတော့ချေ။
ဤကဲ့သို့ အခွင့်အရေးကောင်းမျိုးအား ထိုလူငယ်လက်လွတ်မခံမည်မှာ သေချာလှသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"မင်းတို့ကောင်တွေ...စိတ်ရောမှန်ရဲ့လား"
သူ၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဘာ....
ဒီအစေခံတပည့်က ရူးများရူးနေတာလား...
တကယ်လို့ ဒီလိုမျိုးအဖိုးတန်ရှားပါးတဲ့အခွင့်အရေးကို သူမလိုချင်ဘူးဆိုရင်တောင်...ဘာလို့ သူက သခင်လေးဝမ်ကို အော်ငေါက်လိုက်တာလဲ....
ဝမ်ခမ်းသည် မအောင့်အည်းနိုင်တော့ဘဲ အူလှိုက်သည်းလှိုက် ရယ်မောလိုက်တော့သည်။
"ကောင်းတယ်...ကောင်းတယ်...ငါ ဒီလိုမျိူး သတ္တိကောင်းတဲ့သူမျိုးကို မတွေ့ရတာ အချိန်အတော်ကြာနေပြီ"
ဝမ်ခမ်း၏နံဘေးမှနေ၍ အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်က ရှေ့သို့ထွက်လာသည်။ထိုအဖိုးအို၏ရုပ်ရည်သည် သာမာန်ဆန်ပြီး သူ၏ခန္ဓာကိုယ်မှာ ပိန်ပါးသည်။သို့ရာတွင် သူ ရှေ့သို့ထွက်လာသည့်အချိန်တခဏတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာပြီး လူအများအား ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားရစေသည်။
"သခင်လေး...ကျွန်တော် ဒီကောင်လေးကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ"
အဖိုးအိုက မေးမြန်းသည်။
ဝမ်ခမ်းသည် လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။
"သူ့ရဲ့ခြေထောက်နှစ်ဖက်ကို ဖြတ်လိုက်"
အဖိုးအိုသည် ခေါင်းညိတ်ပြပြီး သူက လုယွီဘက်သို့လှည့်၍ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ပြုံးလိုက်သည်။
"ကောင်လေး...မင်း အပြစ်တင်ချင်ရင် မပြစ်မှားသင့်တဲ့သူကိုပြစ်မှားတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့...မင်း ငြိမ်းငြိမ်းချမ်းချမ်း သေလို့ရပြီ"
Chapter 1672
ထိုအခြင်းအရာကိုမြင်သော လင်းရှုလင်က အလျင်စလို ဟန့်တားလေသည်။
"ဒါက ကျွန်မတို့ လေလံရုံရဲ့အထူးဧည့်သည်တော်အသစ်ပဲ...ဒီသီးသန့်ခန်းက တကယ့်ကိုပဲ ဒီသခင်လေးရဲ့အခန်းပါ"
ညှို့အားပြင်းသည့်မိန်းကလေးက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ခွေးမ...နင်က ဒီလိုနေရာမျိုးမှာ စကားဝင်ပြောခွင့်ရှိလို့လား"
သူမက ရှေ့သို့တက်ပြီး သူမ၏လက်ကိုမြှောက် လင်းရှုလင်၏မျက်နှာကိုရိုက်ရန် ရွယ်လိုက်သည်။
ဖြောင်း....
သူမ၏လက်က လင်းရှုလင်၏မျက်နှာအား ထိလုဆဲဆဲအချိန်မှာပင် ရုတ်တရက် လူရိပ်တစ်ရိပ်တိုးဝင်လာပြီး သူမအား ပါးဖြတ်ရိုက်လေသည်။
"နင့်ရဲ့ခွေးမျက်လုံးက ကန်းနေတာလား...ဆရာသခင်လုကိုတောင် ရန်စစော်ကားဝံ့တယ်...ဒီနေရာက ထွက်သွားစမ်း"
ညှို့အားပြင်းသည့်မိန်းမသည် တုံ့ပြန်အော်ငေါက်ရန် မော့ကြည့်လိုက်သော်လည်း သူမအား ဒေါသမျက်နှာနှင့်ကြည့်နေသော ကျန်းပင်းကို တွေ့မြင်လိုက်ရသည်။
"ပိုင်ရှင်...ဒါက ဘာလုပ်တာလဲ"
ညှို့အားပြင်းသည့်မိန်းကလေး ကြက်သေသေသွားပေ၏။
ကျန်းပင်း မည်သည်ကြောင့် ဤနေရာ၌ရုတ်တရက်ထွက်ပေါ်လာရခြင်းကို သူမ မသိရှိချေ။
ထို့ပြင် သူမရှေ့မှလူငယ်သည် ဆရာသခင်တစ်ယောက် ဖြစ်နေသလော။
သူက သာမာန်အစေခံတပည့်တစ်ယောက်မဟုတ်လော။မည်သည်ကြောင့် ကျန်းပင်းကိုယ်တိုင် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာသနည်း။
ကျန်းပင်းက ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"နင်က ဆရာသခင်လုရဲ့သီးသန့်ခန်းတံခါးရှေ့မှာပိတ်ပြီး ဘာလုပ်နေတာလဲ"
သူ၏အခန်းတံခါးအား သူမ ပိတ်ထားမိသည်ဟုဆိုသလော။
ညှို့အားပြင်းသောမိန်းကလေးသည် အစပထမ၌ ကြက်သေသေနေသော်လည်း သူမ၏နောက်၌ ဝမ်ခမ်းရှိနေသည်ကို သတိပြုမိသွားပေ၏။
"ဒါက သခင်လေးဝမ်ရဲ့သီးသန့်ခန်းလေ...အဲ့ဒီကောင်လေးက ဒီနေရာကိုလုယူချင်နေတာ"
ညှို့အားပြင်းသည့်မိန်းကလေးက အော်ဟစ်ပြောဆိုသည်။
ကျန်းပင်းက သရော်တော်တော် ရယ်မောလိုက်သည်။
"အဲ့ဒီလိုလား...ငါ ကြည့်ရသလောက်တော့ ဘာလို့ ဆရာသခင်လုရဲ့အခန်းဖြစ်နေတာလဲ"
"မဖြစ်နိုင်ဘူး...ကျွန်မမှာ အခန်းတံဆိပ်ပြားရှိတယ်"
ညှို့အားပြင်းသည့်မိန်းကလေးက သူမ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူ၍ အခန်းတံခါးပေါ်သို့တင်လိုက်၏။
သို့ရာတွင် သီးသန့်ခန်း၏တံခါးနေ၍ မည်သည့်တုံ့ပြန်မှုမျှရှိမလာခဲ့ချေ။
"ဘယ်လိုဖြစ်တာလဲ"
ညှို့အားပြင်းသည့်မိန်းကလေးသည် အံ့အားသင့်တုန်လှုပ်သွားပြီး အကြိမ်များစွာ ထပ်မံကြိုးစားလိုက်၏။
သို့ရာတွင် အခန်းတံခါးသည် ယခင်အတိုင်း မည်သည့်တုံ့ပြန်မှုမျှမရှိပေ။
ကျန်းပင်းက လင်းရှုလင်ဘက်သို့လှည့်၍ ပြောဆိုသည်။
"တံခါးကိုဖွင့်လိုက်"
လင်းရှုလင်သည် တံဆိပ်ပြားကိုထုတ်ယူပြီး သီးသန့်ခန်းတံခါးအနီးသို့ ချဥ်းကပ်သွားသည်။
ဘုန်း...
သီးသန့်ခန်းတံခါးသည် တစ်စုံတစ်ခုကိုအာရုံခံမိပုံဖြင့် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပွင့်သွားလေ၏။
"မင်း အရင်ဆုံး သေသေချာချာကြည့်တာ ပိုကောင်းလိမ့်မယ်"
ကျန်းပင်းသည် ညှို့အားပြင်းသည့်မိန်းကလေးကို အေးစက်စက်အကြည့်ဖြင့်ကြည့်ပြီး ဆက်လက်ပြောဆိုသည်။
"ဒီနေ့ကနေစပြီး...မင်း ငါတို့လေလံရုံကနေ ထွက်သွားတော့"
ညှို့အားပြင်းသောမိန်းမသည် ရုတ်တရက် ကြောက်ရွံထိတ်လန့်သွားပြီး မယုံကြည်နိုင်သောအကြည့်ဖြင့် လုယွီအား စူးစိုက်၍ကြည့်နေသည်။
မည်သို့ဖြစ်ပျက်သွားသနည်း။
သူသည် သာမာန်အစေခံတပည့်တစ်ယောက်မဟုတ်လော။
သူသည် အထူးဧည့်သည်တစ်ယောက်ဖြစ်နေသည့်အပြင် မည်သည်ကြောင့် သူ့ထံ၌ သီးသန့်ခန်းရှိနေရသနည်း။
"သခင်လေးဝမ်...."
ညှို့အားပြင်းသည့်မိန်းကလေးသည် ဝမ်ခမ်းဘက်သို့လှည့်၍ အော်ဟစ်ငိုယိုကာ အကူအညီတောင်းခံလေသည်။ယခုလက်ရှိချိန်၌ သူမအား ကူညီနိုင်သူမှာ ဝမ်ခမ်းတစ်ယောက်တည်းသာရှိပေ၏။
ဝမ်ခမ်း၏မျက်နှာထက်၌ အမျက်ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။သူသည် အရူးတစ်ယောက်မဟုတ်ချေ။သူသည် အခန်းမှားခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းစွာသိရှိပေ၏။
"ငါ ရှေ့ကနေ ထွက်သွားစမ်း"
ဝမ်ခမ်းသည် ရွံရှာစက်ဆုပ်သောအကြည့်ဖြင့် ညှို့အားပြင်းသည့်မိန်းမကိုကြည့်ပြီး သူမအား နံဘေးဘက်သို့ ကန်ထုတ်လိုက်သည်။
မကြာမီမှာပင် စားပွဲထိုးတစ်ယောက်ပြေးဝင်လာပြီး ညှို့အားပြင်းသည့်မိန်းကလေးအား ပြင်ပသို့လွှင့်ပစ်လိုက်၏။
သူမသည် တခြားသူများအပေါ် အထင်အမြင်သေးစွာ ဆက်ဆံခဲ့မှုကြောင့် သူမ၏အလုပ်နှင့်အနာဂတ် ပျက်စီးသွားခဲ့ရလေပြီ။
ယခုလက်ရှိအချိန်၌ သူမ အလွန်နောင်တရနေသည်။သို့ရာတွင် တချို့သောကိစ္စရပ်များ၌ နောင်တသည် အသုံးဝင်ခြင်းမရှိချေ။
"အဲ့ဒီမိန်းမပျက်မရဲ့ကိစ္စကို ဘေးဖယ်ထားလိုက်ရအောင်...ခုဏက မင်း ငါ့ကို အော်ငေါက်ခဲ့တာကို ငါ ရှင်းရှင်းလင်းလင်း ကြားမိတယ်"
ဝမ်ခမ်းက ခနဲ့တဲ့တဲ့ ပြောဆိုသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား ရန်စစော်ကားပါက ထိုလူသည် မည်သူမည်ဝါဖြစ်နေပါစေ အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
ကျန်းပင်းက ချက်ချင်းဆိုသလိုပင် ရှေ့သို့ထွက်လာပြီး ဖြန်ဖြေပြောဆိုသည်။
"အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှတွေအားလုံးက နားလည်မှုလွဲမှားခဲ့တာပါ...ရှင်တို့နှစ်ယောက်စလုံးက အထူးဧည့်သည်တွေလေ...အငြှိုးအတေးတွေထားမနေကြပါနဲ့"
"ဟား ဟား...ပိုင်ရှင်ကျန်းကိုယ်တိုင် ဝင်ပြောပေးနေမှတော့ ငါကလည်းမျက်နှာသာပေးရတော့မှာပေါ့...ကောင်လေး...မင်း ဂရုစိုက်နေတာ ပိုကောင်းလိမ့်မယ်"
ဝမ်ခမ်းသည် လည်မြိုကိုလက်နှင့်ဖြတ်သည့် လက်သင်္ကေတမျိုး လုယွီအားကြည့်ကာ ပြုလုပ်လိုက်သည်။
လုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကျန်းပင်း၏နောက်သို့လိုက်၍ သီးသန့်ခန်းအတွင်းသို့ ဝင်လိုက်သည်။
ကောင်းကင်ဘုံဧကရာဇ်၏အရှိန်အဝါကို ထုတ်လွှက်နေသောအရာသည် မည်သည့်ပစ္စည်းဖြစ်သည်ကို သူ တွေ့မြင်လိုပေ၏။
Chapter 1673
"ဆရာသခင်လု...ဝမ်ခမ်းက မက်မွန်ပွင့်ဓားဂိုဏ်းရဲ့သခင်လေးပါ...သူ့ရဲ့မောက်မာမှုကို ဆရာသခင်လု စိတ်ထဲမထားပါနဲ့"
ကျန်းပင်းက တောင်းပန်သည့်အပြုံးနှင့် ပြောဆိုသည်။
လွှမ်းမိုးချုပ်ကိုင်တက်သော ဝမ်ခမ်းနှင့်နှိုင်းယှဥ်ပါက ကျန်းပင်းသည် လုယွီထံမှ ထောက်ပံကူညီမှုကို ပို၍လိုလားသည်။
အစောပိုင်းကပင် သူမ၏အဖိုးဖြစ်သူက လုယွီ၏ဆေးပညာစွမ်းရည်သည် သူ့ထက်အားနည်းခြင်းမရှိကြောင်း ခေါ်ယူပြောဆိုခဲ့ပြီးဖြစ်သည်။
ဤကဲ့သို့ ငယ်ရွယ်ပြီးအရည်အချင်းရှိသော ဆေးပညာရှင်အား သူမ ဆွဲဆောင်ထားနိုင်ပါက အလွန်ပင်တန်ဖိုးရှိပေမည်။
"အင်း...လေလံပွဲကို တက်နိုင်သမျှ မြန်မြန်လေးစပေးပါလား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူသည် ဝမ်ခမ်းအား တစိုးတစိမျှပင် အာရုံစိုက်ခြင်းမရှိချေ။
ယခုလက်ရှိချိန်၌ သူသည် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိနေပြီဖြစ်ရာ သူ၏ခွန်အားကို တက်နိုင်သမျှ မြန်မြန်တိုးတက်အောင် လုပ်ဆောင်ရပေမည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်အား သူ ဆက်ခံထားသည်ကို ရှကွေ့ကျုံးသိရှိသွားချိန်တွင် သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာနိုင်သည်။
ဤဘေးကျပ်နံကျပ်ခံစားချက်ကြီးသည် လုယွီ၏စိတ်ကို အစဥ်အမြဲလွှမ်းခြုံထားပေ၏။
သီးသန့်ခန်းအတွင်းမှကြည့်ပါက လေလံစင်မြင့်တစ်ခုလုံးအား ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်သည်။
လုယွီ၏စကားကြောင့် ကျန်းပင်းသည် သူမ၏နောက်လိုက်များအား လေလံပွဲကိုစတင်ရန် အမိန့်ပေးလိုက်တော့သည်။
ယနေ့တွင် အဖိုးတန်ရှားပါးသော ရတနာပစ္စည်းတချို့ကို ရောင်းချမည်ဖြစ်သဖြင့် လေလံရုံတစ်ရုံလုံး လူများပြည့်နှက်နေပြီး သက်ဝင်လှုပ်ရှားနေသည်။
လေလံပွဲ၏အဖွင့်ရှိ ပစ္စည်းများသည် တန်ဖိုးရှိသော်လည်း အဖိုးတန်ရှားပါးသောအရာများမဟုတ်ချေ။
လုယွီသည် ထိုပစ္စည်းများအပေါ် စိတ်ဝင်စားမှု ကင်းမဲ့နေပေ၏။
"ဒီတောင်ပင်လယ်ဗောဓိသစ်ပင်က ရှေးခေတ်အချိန်ကာလကနေ လက်ဆင့်ကမ်းလာခဲ့တဲ့ မျိုးစေ့တွေကနေ စိုက်ပျိုးထားတာပါ...သင့်လျော်တဲ့မြေနေရာတစ်ခုမှာ စိုက်ပျိုးလိုက်တာနဲ့ ဒီသစ်ပင်ကနေ နောက်ဆယ်နှစ်ကြာရင် ဗောဓိသီးတစ်လုံးသီးလားလိမ့်မယ်...အဲ့ဒီအသီးကို တိုက်ရိုက်စားသုံးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆေးလုံးအဖြစ်သန့်စင်ပြီးမှ အသုံးပြုတာပဲဖြစ်ဖြစ် သုံးစွဲတဲ့သူရဲ့နတ်ဘုရားစိတ်အာရုံကို တိုးတက်စေပြီးတော့ အသက်လည်းရှည်စေတယ်"
လေလံစင်မြင့်ပေါ်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးလေလံမှူးတစ်ယောက်ရှိနေပြီး သူမ၏အသံတွင် ညှို့ယူဖမ်းစားနိုင်စွမ်းဖြင့် ပြည့်နှက်နေသည်။
"အင်မော်တယ်ကျောက်တုံး သုံးသန်း"
"သုံးသန်းခွဲ"
အချိန်ကြာလာသည်နှင့်အမျှ ထိုပစ္စည်း၏လေလံတန်ကြေးသည် ပို၍ပို၍ မြင့်မားလာသည်။
"ငါးသန်း...ဒီ ဗောဓိပင်ကို ကျွန်တော်ရဲ့ဆရာအတွက် လက်ဆောင်ပေးချင်လို့ပါ...အားလုံးပဲ ကျွန်တော် ဖုန်းဝူချီကို မျက်နှာသာပေးကြမယ်လို့ မျှော်လင့်ပါတယ်"
လူငယ်တစ်ယောက်က ရုတ်တရက်မတ်တတ်ထရပ်ပြီး ကျယ်လောင်သောအသံဖြင့်ပြောဆိုသည်။
သူ၏နောက်တွင် နောက်လိုက်တပည့်တချို့ရှိနေပြီး သူတို့အားလုံး၏ခါးများတွင် ဓားရှည်များကိုချိတ်ဆွဲထားကြ၏။
ထိုလူငယ်၏စကားကိုကြားသည်နှင့် လေလံစျေးတိုးပေးရန် ကြံရွယ်နေကြသည့် လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အန္တိမဝါယောဂိုဏ်းသည် အလယ်အလတ်တန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ယခုလတ်တလောအချိန်တွင် ရေပန်းစားကျော်ကြားနေသော ဂိုဏ်းတစ်ဂိုဏ်းလည်းဖြစ်သည်။
ကောလဟာလများအရ အန္တိမဝါယောဂိုဏ်း၏ဂိုဏ်းချုပ်သည် လေလွင့်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်တွင်ရှိနေပြီး လောကီအင်မော်တယ်နယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်ဟု ဆိုကြ၏။
အကယ်၍ သူသာ လောကီအင်မော်တယ်ဖြစ်လာပါက အန္တိမဝါယောဂိုဏ်းသည် အသစ်တဖန်ပြန်လည်မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ထိပ်သီးအင်အားစုစာရင်းသို့ တက်လှမ်းနိုင်ပေမည်။
ထို့ကြောင့် ယခုလက်ရှိနေရာရှိလူများသည် အန္တိမဝါယောဂိုဏ်းအား ရန်စစော်ကားလိုစိတ်မရှိချေ။
"ခြောက်သန်း..."
ထိုအချိန်မှာပင် လေလံရုံ၏အထက်ရှိ လေထုအတွင်းမှ ပျင်းတိပျင်းရွဲအသံတစ်သံ ထွက်ပေါ်လာသည်။ထိုအသံနှင့်အတူ အမျိုးသမီးတချို့၏ရယ်မောသံများလည်း ရောယှက်ပါဝင်နေပေ၏။
ဘယ်သူပါလိမ့်....
ဖုန်းဝူချီ၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများဟုန်းဟုန်းတောက်နေသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဝမ်ခမ်း၏သီးသန့်ခန်းဖြစ်နေကြောင်း တွေ့မြင်မိသည်။
သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။သူ၏မျက်လုံးများသည် ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသော်လည်း နောက်ဆုံး၌ သူ၏နေရာတွင် ပြန်ထိုင်လိုက်ကာ မည်သည့်စကားမျှ ထပ်မဆိုဝံ့တော့ချေ။
ဤှသည်က မက်မွန်ပွင့်ဓားဂိုဏ်း၏သခင်လေး ဖြစ်နေပေ၏။
အကယ်၍ သူတို့၏အန္တိမဝါယောဂိုဏ်းသည် ထိပ်သီးအင်အားစုများအတွင်းသို့ တက်လှမ်းနိုင်လျှင်ပင် အောက်ဆုံးအဆင့်တွင်သာရှိပေမည်။သူတို့ဂိုဏ်းသည် မက်မွန့်ပွင့်ဓားဂိုဏ်းကဲ့သို့ ကြီးမားသောအင်အားစုကြီးအား ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် သူသည် ဝမ်ခမ်းအား ရန်စ၍မဖြစ်ပေ။
သီးသန့်ခန်းအတွင်း၌....
ရယ်မောသံများထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်ခမ်း၏လက်မောင်းကြား၌ မိန်းမလှတစ်ယောက်က လဲလျောင်းနေသည်။
သူမသည် သီးသန့်ခန်းအားတာဝန်ယူရသည့် အစေခံဖြစ်သော်လည်း ဝမ်ခမ်း၏ဆွဲဆောင်နိုင်စွမ်းကို တောင့်ခံနိုင်သည့်မိန်းကလေးမှာ လွန်စွာရှားပါးသည်။
"ဒီဗောဓိသစ်ပင်က မဆိုးဘူး...လူနှစ်ယောက်ခေါ်ပြီး အဲ့ဒါကိုထုတ်ပိုးခိုင်းစမ်း...ပြီးရင် လူအိုကြီးစီပို့လိုက်"
ဝမ်ခမ်းက ရယ်မောရင်း ပြောဆိုသည်။
သူ၏နံဘေးရှိ သက်တော်စောင့်တစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုလေ၏။
"သခင်လေးက တကယ့်ကို သိတက်လိမ်မာတဲ့သူပါ"
လေလံမှူးသည် အနည်းငယ်အံ့အားသင့်နေသော်လည်း သူမက အပြုံးနှင့်ပြောဆိုလိုက်သည်။
"သခင်လေးက တကယ့်ကို ရက်ရောတက်သူပါလား...ဒါဆိုရင်လည်း ဒီဗောဓိသစ်ပင်က သခင်လေးရဲ့အပိုင်....."
ထိုအချိန်မှာပင် တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ခုနစ်သန်း...."
Chapter 1674
ဆူညံနေသောလေလံခန်းမတစ်ခုလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်းသည် အသံထွက်ပေါ်လာရာနေရာသို့ လှည့်ကြည့်လိုက်ကြ၏။
မည်သူ့၏အသံဖြစ်သနည်း....
သို့ရာတွင် သူတို့၏မျက်လုံးအကြည့်များကို သီးသန့်ခန်း၏လိုက်ကာမှ ပိတ်ပင်ထားသဖြင့် အခန်းတွင်းရှိအခြေအနေများကို သူတို့က ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခြင်းမရှိချေ။
သီးသန့်ခန်းအတွင်းမှလာသောအသံကိုနားထောင်ပြီး တချို့လူများက စိတ်လှုပ်ရှားစွာ တွေးတောနေကြ၏။
သီးသန့်ခန်းအတွင်းသို့ ဝင်ခွင့်ရသူများသည် များသောအားဖြင့် လေလံရုံ၏အထူးဧည့်သည်တော်များဖြစ်ပြီး ထိုအခန်းများအတွင်းသို့ သာမာန်ဧည့်သည်များဝင်ရောက်ရန် အရည်အချင်းမမီပေ။
ထို့ပြင် အစောပိုင်းကထွက်ပေါ်လာသော လေလံစျေးတိုးပေးသည့်အသံကို နားထောင်ခြင်းအားဖြင့် အခန်းအတွင်းမှလူသည် ဝမ်ခမ်းအား ရန်စမိမည်ကို တစိုးတစိမျှပင် ဂရုစိုက်ပုံမရချေ။
အမ်...
တစ်ဖက်လူသည် သူ့ထက်လေလံစျေးတိုးပေးလိုက်သည်ကိုကြားပြီးနောက် ဝမ်ခမ်း၏မျက်လုံးများတွင် အန္တရာယ်များသော အေးစက်စက်အလင်းရောင် တောက်ပသွားပေ၏။
ဝမ်ခမ်း၏လက်မောင်းကြားသို့ သူမ၏ဆန္ဒအလျောက် ပစ်ဝင်ခဲ့သော အစေခံသည် သူမ၏တစ်ကိုယ်လုံးအား ဖျစ်ညှစ်ခံရသဖြင့် နာကျင်သွားသော်လည်း သူမက ဖွင့်ထုတ်၍ငိုယိုဝံ့ခြင်းမရှိချေ။
"ရှစ်သန်း...."
ဝမ်ခမ်းက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဆယ်သန်း"
လုယွီက အမူအယာကင်းမဲ့သောမျက်နှာဖြင့် လေလံစျေးကို ဆက်ပေးလေ၏။
နံဘေးမှ ကျန်းပင်းက တခစ်ခစ်ရယ်မောရင်း ပြောဆိုသည်။
"ဆရာသခင်လု...တကယ်လို့ လေလံစျေးပေးရင်းနဲ့ ရှင့်ဆီမှာ အင်မော်တယ်ကျောက်တုံးတွေ ပြတ်လပ်သွားရင် ကျွန်မတို့ လေလံရုံကနေ ထောက်ပံပေးပါ့မယ်"
လုယွီက ခေါင်းခါပြသည်။
"ဒါက မလိုပါဘူး...ငါ့မှာ အင်မော်တယ်ကျောက်တုံးတွေနဲ့လဲလှယ်ဖို့ ဆေးလုံးတချို့ကျန်သေးတယ်...အဲ့ဒီဆေးလုံးတွေရဲ့အာနိသင်က တော်ဝင်တာအိုဆေးလုံးထက်မနိမ့်ဘူး"
ကျန်းပင်းက အပျော်လွန်သွားပေ၏။
တော်ဝင်တာအိုဆေးလုံးသည်ပင် ရုတ်ချည်းချမ်းသာကြွယ်ဝစေသော တည်ရှိမှုကြီးဖြစ်သည်။အကယ်၍ လုယွီထံ၌ တော်ဝင်တာအိုဆေးလုံးအား ဖိနှိပ်ထားနိုင်သော ဆေးလုံးမျိုးရှိနေသည်ဆိုပါက မည်ကဲ့သို့ ဆေးလုံးအမျိုးအစားဖြစ်နိုင်သနည်း။
"ဆယ့်တစ်သန်း..."
ဝမ်ခမ်း၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးထင်ဟပ်နေပြီး သူက တဲ့တိုးပင်ပြောဆိုလိုက်၏။
"ကောင်လေး...မင်း တကယ်လို့သေချင်နေရင် လေလံစျေးဆက်ပေးလိုက်"
ဝမ်ခမ်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။နောက်ဆုံးရလဒ်မည်သို့ပင်ဖြစ်နေပါစေ သူ လုယွီအား သတ်ရပေမည်။
"ဆယ့်ငါးသန်း...."
လုယွီသည် ဝမ်ခမ်း၏ခြိမ်းခြောက်စကားကို မကြားသကဲ့သို့ ထပ်မံ၍လေလံစျေးပေးလေသည်။
ထိုစျေးနှုန်းသည် တောင်ပင်လယ်ဗောဓိသစ်ပင်၏မူရင်းတန်ဖိုးကို ကျော်လွန်နေလေပြီ။
စင်မြင့်ပေါ်ရှိ လေလံမှူး၏စိတ်လှုပ်ရှားနေသောအသံက တုန်တုန်ရီရီနှင့် ထွက်ပေါ်နေပေ၏။
"ဆယ့်ငါးသန်း...သီးသန့်ခန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်တော်က လေလံစျေးဆယ့်ငါးသန်း ပေးထားပါတယ်...စျေးထပ်တိုးပေးချင်တဲ့သူ ရှိသေးလား"
ဘုန်း...
ဝမ်ခမ်းသည် သူထိုင်နေသောထိုင်ခုံ၏နောက်ကျောအား သူ၏လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။ပြင်းထန်သောခွန်အားကြောင့် ထိုင်ခုံနောက်မှီ ကျိုးပဲ့သွားတော့သည်။
"အကြီးအကဲကောင်း...အဲ့ဒီကောင်ရဲ့နောက်ကြောင်းကို ကျုပ်ကိုစုံစမ်းပေးစမ်း...ကျုပ် သူ့ကို သေတာထက်ဆိုးအောင်လုပ်ချင်တယ်"
ဝမ်ခမ်း၏မျက်လုံးများ နီမြန်းနေပြီး သူ၏အသက်ရှုနှုန်း ပြင်းထန်နေသည်။
သူ မွေးဖွားလာစဥ်အချိန်မှစ၍ မည်သူက သူ့အား နှိမ့်ချ၍ ဆက်ဆံဝံ့သနည်း။
အကြီးအကဲကောင်းက လေသံနှိမ့်၍ ပြောဆိုသည်။
"သခင်လေး...သူ့ကိုသတ်တာက မပြောပလောက်တဲ့ကိစ္စငယ်လေးပါ..ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့လာရတဲ့ရည်ရွယ်ချက်က တောင်ပင်လယ်ဗောဓိသစ်ပင်အတွက် မဟုတ်ဘူးလေ...သူ့ကိုအရင်ပေးလိုက်တာ ပိုမကောင်းဘူးလား...အဲ့ဒီကောင်လေးကို သတ်ပြီးတာနဲ့ တောင်ပင်လယ်ဗောဓိသစ်ပင်က ကျွန်တော်တို့အပိုင်ဖြစ်သွားပြီ"
ကြည့်ရသည်မှာ ဝမ်ခမ်း၏နံဘေးရှိ အကြီးအကဲကောင်းဆိုသူသည် အနည်းငယ်သြဇာအာဏာရှိပုံရသည်။ထိုသူ၏စကားဆုံးသည်နှင့် ဝမ်ခမ်း၏ဒေါသများ အနည်းငယ်လျော့ပါးသွားပေ၏။
"ကောင်းပြီလေ...အဲ့ဒီကောင်ကို နည်းနည်းကြာကြာ အသက်ရှင်ခွင့်ပေးလိုက်မယ်"
ဝမ်ခမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သူ့အားရန်စခဲ့သည့် မည်သူ့ကိုမျှ အသက်ရှင်လွတ်မြောက်ခွင့်မပြုနိုင်ချေ။
လေလံရုံအတွင်းရှိလူများသည် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သော်လည်း ဝမ်ခမ်း၏တန်ပြန်စျေးပေးသံကို မကြားရတော့ပေ။
"မက်မွန်ပွင့်ဓားဂိုဏ်းရဲ့သခင်လေးက တကယ့်ကိုပဲ အရှုံးပေးလိုက်တာလား"
"သီးသန့်ခန်းထဲမှာ ဘယ်သူရှိနေတာလဲ...ဝမ်ခမ်းတောင်မှ လက်လျှော့အရှုံးပေးရတယ်"
လေလံရုံအတွင်းရှိ မြောက်များစွာသောလူများသည် လုယွီ၏သရုပ်မှန်နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးနေကြ၏။
ဤအချိန်အခိုက်အတန့်၌ လုယွီသည် ထိုမှတ်ချက်စကားများကို မကြားသကဲ့သို့သာပြုမူနေသည်။
အင်မော်တယ်ကျောက်တုံးဆယ့်ငါးသန်းကို ပေးချေပြီးနောက် မကြာမီမှာပင် အစေခံတစ်ယောက်က တောင်ပင်လယ်ဗောဓိသစ်ပင်ကိုမ၍ သီးသန့်ခန်းအတွင်းသို့ လာရောက်ပို့ဆောင်သည်။
"ဆရာသခင်လု...ကျွန်မ သိသလောက်တော့ တောင်ပင်လယ်ဗောဓိသစ်ပင်က ဒီလောက်အများကြီးအဖိုးမတန်ဘူး...ဟုတ်တယ်မလား...ရှင် ခုလိုမျိုး တန်ကြေးကြီးကြီးပေးဝယ်တာ ဘာရည်ရွယ်ချက်ရှိလို့လဲ"
ကျန်းပင်း၏မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
Chapter 1675
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ဒါက ဗောဓိသစ်ပင်သက်သက် မဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် ကျန်းပင်းက ပြုံးလိုက်၏။လေလံရုံသို့ရောက်ရှိလာသော ပစ္စည်းများကို အထူးကျွမ်းကျင်သောရာဖြတ်များနှင့် အကဲဖြတ်စစ်ဆေးပြီးဖြစ်သည်။
ရာဖြတ်များအားခေါင်းဆောင်သော အဖိုးအိုသည် ပစ္စည်းများအား အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အကဲဖြတ်စစ်ဆေးခဲ့သူဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ လွဲမှားဖူးခြင်းမရှိချေ။
လုယွီသည် ဆေးပညာ၌အနည်းငယ်ပါရမီရှိခြင်းကို ကျန်းပင်း ဝန်ခံရပေမည်။သို့ရာတွင် ရတနာပစ္စည်းများကို အကဲဖြတ်ရာ၌ လုယွီသည် မည်သည့်အရာကိုမျှမသိရှိသောလူသစ်ကလေးအဆင့်သာ ရှိပေလိမ့်မည်။
"ဆရာသခင်လု...ဒါက ဗောဓိပင်သက်သက်မဟုတ်ဘူးလို့ ရှင်ပြောခဲ့တယ်နော်...အဲ့ဒါဆိုရင် ရှင့်ရဲ့အမြင်က ဘယ်လိုရှိလဲ"
ကျန်းပင်းက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။
လုယွီက စကားတုံ့ပြန်ပြောဆိုခြင်းမပြုဘဲ သစ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။သူက ရုတ်တရက် လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး သစ်ပင်အား အစိတ်စိတ်အမွှာမွှာ ကြေမွှသွားစေသည်။
ကျန်းပင်း ကြက်သေသေသွားပေ၏။
ဤလုယွီသည် မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း။
အင်မော်တယ်ကျောက်တုံး၁၅သန်း ပေးခဲ့ရသော ဗောဓိသစ်ပင်ကို ဤကဲ့သို့ ဖျက်ဆီးပစ်ရသလော။
သို့ရာတွင် ဗောဓိသစ်ပင်ပျက်စီးသွားပြီးနောက် အတွင်းရှိမြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ကျန်းပင်း၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ဤအရာသည် မူလကတည်းက အခေါင်းပေါက်သစ်ပင်တစ်ပင်ဖြစ်နေသည်။
ထိုအခေါင်းပေါက်သစ်ပင်၏အလယ်ဗဟိုတွင် အစိမ်းရောင်တောက်ပနေသော ကျောက်စိမ်းတစ်ခုက မျောလွင့်နေလေ၏။
ထိုကျောက်စိမ်းမှရောင်စဥ်တန်းများက ပတ်ဝန်းကျင်အဘက်ဘက်သို့ ဖြာထွက်နေသည်။
လတ်ဆတ်အေးမြသောအော်ရာတစ်ခုသည် အနီးအနားရှိလူများ၏အသက်ရှုရှိုက်မှုအတွင်းသို့ ကျရောက်သွားသည်။
ထိုလတ်ဆတ်သောလေအေးကိုရှုရှိုက်မိသော လူအမြောက်အများသည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းပေါ့ပါးသွားသည်ကို ခံစားမိပြီး သူတို့၏ခန္ဓာကိုယ်မှနာကျင်ကိုက်ခဲနေမှုများအားလုံး တမဟုတ်ချင်း ပျောက်ကွယ်သွားပေ၏။
"ဒါက...."
ကျန်ပင်းသည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည်။
သူမသည် ဗောဓိပင်အတွင်း၌တစ်စုံတစ်ခုရှိနေမည်ဟု စိတ်ကူးယဥ်တွေးတောမိခြင်းပင် မရှိချေ။
"ဒါက ကောင်းချီးထောင်ချီနှလုံးသားပဲ...အရင်တုန်းက ဒီသစ်ပင်ရဲ့နံဘေးမှာ ဘုရားကျောင်းတစ်ခုရှိခဲ့တယ်...အဲ့ဒီနေရာမှာ ဗုဒ္ဓမန္တန်တွေကိုနေ့စဥ်နေ့တိုင်းရွတ်ဖတ်ပြီး မရေမတွက်နိုင်တဲ့အမွှေးတိုင်တွေကို ထွန်းညှိပူဇော်ခဲ့တယ်...အချိန်တွေကြာလာတာနဲ့အမျှ ဗုဒ္ဓရဲ့ကောင်းချီးထောင်ချီနှလုံးသား မွေးဖွားလာခဲ့တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
အစောပိုင်းကတည်းက ဤဗောဓိသစ်ပင်အတွင်းတွင် ကောင်းချီထောင်ချီနှလုံးသားကိန်းဝပ်နေကြောင်း သူ တွေ့ရှိပြီးဖြစ်သည်။
အကယ်၍ သူ့ထံ၌ ကောင်းချီထောင်ချီနှလုံးသားသာရှိနေပါက သူသည် ထိုအရာမှနေ၍ အကန့်အသတ်မရှိသော စိတ်ဝိညာဥ်စွမ်းအားများကို အထောက်အပံအဖြစ်ရရှိနိုင်ပေမည်။
တာအိုတတိယဆင့်တွင် သူ၏ခွန်အားကိုတိုးတက်စေရန် စိတ်ဝိညာဥ်စွမ်းအင်ပမာဏအမြောက်အများလိုအပ်သည်။
တစ်စုံတစ်ယောက်သည် လောကီအင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပါက ထိုသူ၏နတ်ဘုရားစမ်းရေအိုင်သည် မိုးကောင်းကင်လှိုဏ်ဂူအဖြစ် ပြောင်းလဲသွားပေမည်။ထိုမိုးကောင်းကင်လှိုဏ်ဂူ ဆက်လက်ကြီးထွားနိုင်ရန်အတွက် စိတ်ဝိညာဥ်စွမ်းအားအမြောက်အများလိုအပ်သည်။
အတိတ်ဘဝ၌ လုယွီသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေ၏အရှင်သခင်ဖြစ်ခဲ့ပြီး မြောက်များစွာသောသက်ရှိများ၏ယုံကြည်ကိုးကွယ်ခြင်းကို ခံခဲ့ရသည်။ထိုအကြောင်းကြောင့် သူ၏ခွန်အားများ သန်မာအောင်ထိန်းသိမ်းနိုင်ခဲ့ပြီး အစွမ်းထက်ဆုံးတာအိုသခင်ဖြစ်လာခဲ့ခြင်းပင်။
"ကောင်းချီးထောင်ချီနှလုံးသားလား....ဖြစ်နိုင်တာတော့ ဒါက လွန်ခဲ့တဲ့နှစ်သောင်းနဲ့ချီတည်ရှိခဲ့တဲ့ စိတ်ဝိညာဥ်ရတနာများလား"
ကျန်းပင်းသည် လုယွီ၏လက်အတွင်းရှိ ကောင်းချီးထောင်ချီနှလုံးသားကို စူးစိုက်ကြည့်ပြီး သူမ၏မျက်လုံးအတွင်း၌ နှမြောတသဖြစ်နေသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
အကယ်၍ ထိုအရာသည် ကောင်းချီးထောင်ချီနှလုံးသားသာဆိုပါက ကောင်းကင်တမျှမြင့်မားသည့်စျေးနှုန်းနှင့်ဝယ်ယူရန်ပင် ထိုက်တန်သည်။
သူမတို့၏လေလံရုံသည် ထိုပစ္စည်းအား အကဲဖြတ်ရာ၌ အမှန်တကယ်ကိုပင် လွဲမှားခဲ့ပေ၏။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လုယွီသည် ဆေးပညာရှင်တစ်ယောက်ဖြစ်သည်။ကျန်းပင်းသည် လုယွီ၏နောက်ကြောင်းကို မသိရှိသော်လည်း သူမသည် သူ့ထံမှပစ္စည်းအားလိုချင်မှုကြောင့် အကြမ်းဖက်လုယက်မည်မဟုတ်ချေ။
"ဆရာသခင်လုမှာ အမြင်ကောင်းရှိသားပဲ...ကျွန်မ ခန့်မှန်းတာ မှားသွားတယ်"
ကျန်းပင်းက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
ထိုအချိန်တွင် လေလံစင်မြင့်ပေါ်၌ ပစ္စည်းအမြောက်အများ ခင်းကျင်းပြသပြီးဖြစ်သည်။
သို့ရာတွင် လုယွီနှင့်ဝမ်ခမ်းသည် လေလံပွဲအား ထပ်မံ၍ပါဝင်ခြင်း မရှိကြသေးချေ။
"နောက်ပစ္စည်းတစ်ခုက သံချပ်ကာဝတ်စုံပဲ...ဒီသံချပ်ကာက ဘယ်အဆင့်ရှိလဲဆိုတာ ကျွန်မတို့ရဲ့ရာဖြတ်တွေက မဆုံးဖြတ်နိုင်ဘူး...ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီပစ္စည်းက ဖျက်ဆီးလို့မရနိုင်လုနီးပါး ခိုင်ခံတယ်"
လေလံမှူးသည် နံဘေးတစ်ဘက်မှ ဓားရှည်တစ်လက်ကိုဆွဲယူ၍ သံချပ်ကာဝတ်စုံ၏ထိပ်ပိုင်းအား ခုတ်ပိုင်းလိုက်၏။
"ဒေါင်"ဟူသောအသံထွက်ပေါ်လာပြီး သံချပ်ကာဝတ်စုံပေါ်၌ ခြစ်ရာတစ်ရာပင် ကြွင်းကျန်ရစ်ခြင်းမရှိချေ။
လေလံရုံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုသံချပ်ကာဝတ်စုံ၏ ပုံပန်းသွင်ပြင်ကိုကြည့်ရသည်မှာ သာမာန်ဆန်သည်။ထို့ပြင် သာမာန်မှော်လက်နက်များကို ခုခံရာ၌သာအသုံးပြုနိုင်မည်ဖြစ်သဖြင့် သာမာန်ထက်ထူးကဲနေသောအချက်မရှိချေ။
အချိန်တခဏကြာပြီးနောက် လူတစ်ယောက်သည် သူ၏နေရာမှနေ၍ ဖြည်းဖြည်းခြင်းမတ်တတ်ထရပ်ပြီး လေလံစျေးပေးလေ၏။
"တစ်သိန်း...တကယ်လို့ ဘယ်သူမှမလိုချင်ဘူးဆိုရင် ဒီသံချပ်ကာဝတ်စုံကို ငါ ယူမယ်"