အခန်း (၁၆၈၆-၁၆၉၀)
Vol. 88 Ch. 1686-1690
Chapter 1686
စွန့်ပစ်တောင်တန်းများအကြား၌...
လုယွီသည် တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်နေရာကိုရှာဖွေပြီး လှိုဏ်ဂူတစ်ဂူ တူးဖော်လိုက်၏။
ထို့နောက် လှိုဏ်ဂူ၏ပြင်ပကို ကျောက်တုံးများဖြင့် ကာရံလိုက်ရာ အတွင်းရှိအရာများကို သာမာန်မျက်စေ့ဖြင့် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်မဟုတ်ချေ။လုယွီသည် တခြားသူများ သူ့အားစုံစမ်းထောက်လှမ်းခြင်းမှကာကွယ်နိုင်ရန် အကာအကွယ်ဝင်္ကပါတချို့ကိုလည်း ခင်းကျင်းလိုက်သည်။
ကိစ္စအားလုံးလုပ်ဆောင်ပြီးနောက် လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ချလိုက်၏။
လုယွီသည် လောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် သေမျိုးခန္ဓာကိုယ်နှင့် များစွာကွဲပြားခြားနားသွားပေ၏။အကြီးမားဆုံးကွဲပြားခြားနားချက်မှာ သူ၏ခန္ဓာကိုယ်အတွင်း၌ မိုးကောင်းကင်လှိုဏ်ဂူပေါက်ဖွားလာခြင်းပင်။
ကျင့်ကြံသူတစ်ယောက်တွင် မိုးကောင်းကင်လှိုဏ်ဂူရှိနေပါက ထိုသူ၏လူသားခန္ဓာကိုယ်တွင် ကမ္ဘာငယ်တစ်ခုမှစိတ်စွမ်းအားများကိုရရှိနိုင်သည့် အရည်အချင်းရှိနေခဲ့သည်။ထို့ပြင် သေမျိုးများများ၏ယုံကြည်ကိုးကွယ်မှုများကို ရရှိနိုင်သဖြင့် အကယ်၍ ထိုကျင့်ကြံသူသည် ကျင့်ကြံခြင်းမပြုလျှင်ပင် အားကောင်းသည်ထက် ပို၍အားကောင်းလာပေမည်။
မူလဘူတရှေးဟောင်းခေတ်ကာလများတွင် နတ်ဘုရားများသည် ထိုနည်းလမ်းအတိုင်း ကျင့်ကြံခဲ့ကြ၏။
"ဒီဆေးလုံးကတော့ ငါ့ရဲ့အတွင်းဒဏ်တွေကို အကုန်အစင် ပျောက်ကင်းစေမှာပါ"
လုယွီက တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးလုံးကို တိုက်ရိုက်ဝါးမျိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တလိမ့်လိမ့်တက်လာသောဆေးစွမ်းအားများကို လုယွီ၏ကြွက်သားနှင့်အရိုးများက စတင်စုပ်ယူခဲ့လေ၏။
လုယွီသည် သူ၏အရိုးနှင့်ကြွက်သားများ ထုံထိုင်းလာပြီးနောက် အက်ကွဲစပြုလာခြင်းကို ခံစားမိသည်။
အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်မှ စောင့်ကြည့်နေပါက လုယွီ၏ခန္ဓာကိုယ်အရည်ပြား နီမြန်းနေပြီး သူ၏သွေးများပွက်ပွက်ဆူနေသည်ကို တွေ့ရှိရပေမည်။
သာမာန်ကျင့်ကြံသူများသည် ဤဆေးလုံး၏စွမ်းအားကို တောင့်ခံနိုင်မည်မဟုတ်သော်လည်း လုယွီကမူ ကွဲပြားခြားနားပေ၏။သူ့ထံတွင် ရှေးဟောင်းခန္ဓာကိုယ်နည်းစနစ်နှစ်ခုဖြစ်သော မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်တို့ရှိနေသည်။
ဤဆေးလုံး၏စွမ်းအားသည် ပြင်းထန်သော်လည်း လုယွီအား မည်သည့်ထိခိုက်နာကျင်စေမှုမျှ မဖြစ်စေနိုင်ချေ။
ပြင်းထန်သောဆေးစွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ ချက်ချင်းဆိုသလိုပင် တိုးဝင်လာခဲ့သည်။ဤအချိန်အခိုက်အတန့်မှာပင် လုယွီက ရုတ်တရက်ဥာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"အဲ့ဒီအချိန်တုန်းက ရှကွေ့ကျုံးရဲ့လက်ဝါးရိုက်ချက်က ငါ့ကို တကယ်သတ်နိုင်တယ်...ဒါပေမယ့် ငါက အစစ်အမှန်အင်မော်တယ်ဖြစ်ပြီးတော့ သူက အတုအယောင်အင်မော်တယ်ဖြစ်နေတော့ ငါနဲ့သူက ကောင်းကင်နဲ့မြေကြီးလိုပဲ အဆင့်ချင်းမတူဘူး...သူက ငါ့ထက် ကျင့်ကြံဆင့်နယ်ပယ်အများကြီး မြင့်မားနေတာတောင် သူ ငါ့ကို မသတ်နိုင်ခဲ့ဘူး"
"ငါ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းကလည်း အဲ့ဒီအချက်ကြောင့် အရင်ထက်အများကြီး ပိုမြန်လာတယ်...ရှေးဟောင်းမူလဘူတခေတ်က အင်မော်တယ်တွေက မိုးကောင်းကင်ရဲ့ကောင်းချီးပေးမှုကို ခံယူရပြီးတော့ ပြိုင်ဘက်ကင်းတယ်...အခုချိန်မှာ ငါက လောကကြီးတခွင်လုံးမှာ တစ်ဦးတည်းသော အစစ်အမှန်အင်မော်တယ်ပဲ"
လုယွီ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများသည် အလျှင်အမြန် ပြန်လည်ပြည့်တင်းလာပေ၏။အမွှေးတိုင်တစ်တိုင်စာအချိန်အတွင်းမှာပင် သူ၏စွမ်းအား ဆယ်ပုံခုနစ်ပုံကို ပြန်လည်ရရှိလာခဲ့သည်။
ထိုအချိန်မှာပင် လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ရုတ်တရက် လှိုဏ်ဂူ၏ပြင်ပသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် လူအယောက်နှစ်ဆယ်ခန့်သည် တစ်စုံတစ်ခုအား အဆက်မပြတ်ရှာဖွေနေကြ၏။
"ဒီနေရာမှာပဲ မင်းတို့နဲ့ငါကြားက ရန်ငြှိုးတွေကို အဆုံးသတ်ကြတာပေါ့"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဘုန်း....
လှိုဏ်ဂူရှေ့ရှိကျောက်တုံးများ ရုတ်တရက် ကွဲကြေသွားပေ၏။
လုယွီသည် လှိုဏ်ဂူအတွင်းမှထွက်ပြီး လူထွားကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။
"ကောင်စုတ်လေး...မင်းက ထွက်လာရဲတယ်ပေါ့...ဟား ဟား ဟား"
လူထွားကြီး၏မျက်လုံးများ တောက်ပနေသည်။
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"ကြည့်ရတာတော့ ငါ မင်းတို့ကို အရင်ကပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်တဲ့ပုံပဲ"
အကယ်၍ သူ ရုတ်တရက်တိုက်ခိုက်လိုက်ပါက ထိုလူများသည် ကြောက်ရွံထိတ်လန့်စွာဖြင့် နောက်ဆုတ်သွားကြမည်ဟု လုယွီက တွေးထင်ခဲ့သည်။
သို့ရာတွင် ထိုလူများသည် ထွက်ခွာသွားရမည့်အစား သူအားသတ်ဖြတ်ရန် လိုက်လံရှာဖွေနေကြသည်။
"မင်းမှာ ထူးဆန်းတဲ့လှည့်ကွက်တချို့ရှိနေတာကို ငါသိတယ်...မင်း ကံဆိုးသွားပြီ...ငါက ပြင်ဆင်ပြီးမှ ဒီနေရာကိုလာခဲ့တာ"
လူထွားကြီး၏လက်အတွင်းတွင် မီးတောက်လောင်နေသော အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ထားပေ၏။
ဤသည်က အချက်ပြအဆောင်လက်ဖွဲ့တစ်ခုပင်။သိသာထင်ရှားစွာဖြင့် မကြာမီမှာပင် သူ၏စစ်ကူများ ရောက်ရှိလာတော့သည်။
"ကောင်လေး...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းရဲ့ငွေတွေအားလုံး ငါ့ကိုပေးရင် ငါ မင်းကို လွှက်ပေးမယ်...ဘယ်လိုလဲ"
လူထွားကြီး၏မျက်လုံးသည် လောဘကြောင့် မီးဝင်းဝင်းတောက်နေပေ၏။
လေလံရုံအတွင်း၌ လုယွီသည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သူ တွေ့ရှိပြီးဖြစ်သည်။သခင်လေးဝမ်ထက်ပင် သူ့ရှေ့မှကောင်လေးသည် ပို၍ချမ်းသာကြွယ်ဝနေသည်။သူ ငွေကြေးများကို ရရှိပြီးသည့်နောက်မှသာ သူ လုယွီအား သတ်ဖြတ်ရပေမည်။
Chapter 1687
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းက ဝမ်ခမ်းရဲ့လက်အောက်ငယ်သားတစ်ယောက်ဆိုတာ ငါ မှတ်မိတယ်...တကယ်လို့ ငါ့ဆီကငွေတွေကို မင်းယူသွားတယ်ဆိုတာ သူ သိသွားရင် သူ ဘာလုပ်မယ်လို့ မင်းထင်လဲ"
ထိုစကားကိုကြားသည်နှင့် လူထွားကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ ထိုသို့ပြုလုပ်လိုက်သည်နှင့် ဝမ်ခမ်းအား သစ္စာဖောက်မိပြီးဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ဝမ်ခမ်းသည် လုယွီထံမှငွေများအားလုံးကို ယူဆောင်လာခဲ့ရန် သူ့အား အမိန့်ပေးထားလေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများက သူ၏ထိတ်လန့်ကြောက်ရွံမှုများကို လွှမ်းမိုးသွားခဲ့သည်။
လူထွားကြီးက စိတ်မရှည်သောလေသံနှင့် ပြောဆိုသည်။
"ကောင်လေး မင်း အသက်ရှင်ချင်လား မရှင်ချင်ဘူးလား...တကယ်လို့ မင်း သေချင်နေတယ်ဆိုရင်လည်း ငါ့ကိုပြော...ငါ မင်းသွားရမယ့်လမ်းကို အခုချက်ချင်းပို့ပေးမယ်"
"ငါ့အတွက်နဲ့ ဒုက္ခခံစရာမလိုပါဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
မူလက သူသည် ထိုလူများအား အခွင့်အရေးတစ်ခု ပေးလိုခဲ့သည်။သို့ရာတွင် ထိုလူများသည် လူသတ်ပြီးပစ္စည်းလုယက်ရန် ကြံရွယ်နေခြင်းမှာ သိသာထင်ရှားလှသည်။
သူတို့သည် သေခြင်းနှင့်သာ ထိုက်တန်ပေ၏။
"မင်းရဲ့လမ်းကို မင်း အခုသွားလို့ရပြီ"
လုယွီက သူ၏လက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။
လုယွီ တိုက်ခိုက်လာသည်ကိုကြည့်ပြီး လူထွားကြီးက ပြက်ရယ်ပြုရယ်မောလေ၏။
"မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲသေးတာလား...မင်းရဲ့လှည့်ကွက်တွေကို ငါ သိပြီးသားလို့ ခုဏကတည်းက ငါ ပြောထားတယ်လေ...နိမ့်ကျတဲ့အရာ....."
စကားမဆုံးသေးမီမှာပင် လူထွားကြီးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား သံနုတ်နှင့်ညှပ်ထားသကဲ့သို့ခံစားလိုက်ရပြီး သူ မလှုပ်ရှားနိုင်တော့ချေ။
"အား...အား...အား..."
လူထွားကြီးသည် သူ၏မျက်နှာနီမြန်းလာသည်အထိ ရုန်းကန်နေသော်လည်း မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်ပေ။
"သေစမ်း"
လုယွီက အေးစက်တင်းမာစွာပြောဆိုပြီး လူထွားကြီး၏လည်ပင်းကို လိမ်ချိုးလိုက်တော့သည်။
တခြားသူများသည် ဤကဲ့သို့ရလဒ်ကို မျှော်လင့်မထားမိကြသဖြင့် နေရာမှာပင် ကြက်သေသေနေကြ၏။လူထွားကြီး၏ခွန်အားသည် သူတို့အကြား၌ အမြင့်မားဆုံးဖြစ်သည်။သူတို့ရှေ့ရှိလူသည် ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟူသည်မှာ သိသာထင်ရှားသည်။မည်သည်ကြောင့် ထိုလူငယ်သည် လူထွားကြီးအား အချိန်တခဏအတွင်း သတ်ဖြတ်နိုင်သနည်း။
သို့ရာတွင် အမှန်တရားက သူတို့၏ရှေ့၌ရှိနေသည်။
"ငါ ဒီနေ့ လူအများကြီးမသတ်ချင်ဘူး...ထွက်သွားကြစမ်း"
လုယွီက ပတ်ဝန်းကျင်ရှိလူများအား ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။
"ဟီး ဟီး စိတ်ဝင်စားစရာပဲ...မင်းက ချမ်းသာတဲ့လူငယ်တစ်ယောက်လို့ပဲ ငါ ထင်ထားခဲ့တာ...အခုကြည့်လိုက်တော့မှ မင်းမှာ အရည်အချင်းတချို့ရှိသားပဲ"
အဖိုးအိုတစ်ယောက်၏အသံက ရုတ်တရက် လေထုအတွင်း၌ မြည်ဟီးလာသည်။ထိုအသံသည် လူအိုသံပေါက်သော်လည်း စွမ်းအားများပြည့်ဝနေပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။
ထို့နောက် မိုးကောင်ကင်ယံအတွင်း၌ လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။ထိုသူသည် ယခင်က ဝမ်ခမ်း၏နောက်၌ လိုက်ပါစောင့်ကြပ်ပေးနေသော အကြီးအကဲကောင်းဖြစ်ပေ၏။
အကြီးအကဲကောင်းသည် နောက်ကျိနေသောမျက်လုံးတစ်စုံဖြင့် လုယွီကိုကြည့်ပြီး ယုံကြည်ချက်ပိုင်နိုင်သောလေသံဖြင့် ပြောဆိုသည်။
"အရင်က ငါ မင်းရဲ့သရုပ်မှန်ကိုမှန်းဆကြည့်ခဲ့တယ်...လူငယ်တစ်ယောက်က ကျန်းပင်းရဲ့အလေးထားဆက်ဆံမှုကိုရတဲ့အပြင် ဘဏ္ဍာရေးပိုင်းမှာလည်း ငါတို့မက်မွန်ပွင့်ဓားဂိုဏ်းနဲ့တောင် ယှဥ်ပြိုင်နိုင်တယ်...မင်းက သာမာန်လူတစ်ယောက် မဖြစ်နိုင်ဘူး"
"ဒါပေမယ့် ငါ မင်းရဲ့နာမည်ကို ဘယ်တုန်းကမှမကြားခဲ့ဖူးဘူး...ငါ မှန်းတာမှန်မယ်ဆိုရင် မင်းက နာမည်တုတစ်ခုကို အသုံးပြုနေတာပဲဖြစ်မယ်...ဟုတ်တယ်မလား"
အကြီးအကဲကောင်း၏ထင်မြင်ယူဆချက်များကိုကြားသော်လည်း လုယွီက တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
လုယွီ စကားတုံ့ပြန်မပြောသည်ကိုကြည့်ပြီး အကြီးအကဲကောင်းသည် သူ၏ထင်မြင်ယူဆချက်များအပေါ် ပို၍ယုံကြည်ချက်ရှိလာပေ၏။
"မြွေဝိညာဥ်ကျွန်းဟာ မကြာသေးမီကမှ လေဟာနယ်ဓားပြတွေရဲ့ ဖျက်ဆီးတာကိုခံရပြီး အသက်ရှင်ကျန်ရစ်တဲ့သူဆိုလို့ မရှိသလောက်နီးပါးပဲ..ကျွန်းသခင်လေးပဲ ပျောက်ကွယ်သွားခဲ့တယ်"
"ငါတို့ဂိုဏ်းတွေကနေ လူတွေအများကြီးစေလွှက်ပြီး နေရာအနှံ့မှာရှာဖွေခဲ့ပေမယ့် ကျွန်းသခင်လေးက လောကကြီးထဲကနေ အငွေ့ပျံသွားသလိုမျိုး ပျောက်ကွယ်သွားခဲ့တယ်"
အကြီးအကဲကောင်းက လုယွီကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"မင်းက မြွေဝိညာဥ်ကျွန်းရဲ့သခင်လေး ရှောင်ယန်းပဲဖြစ်ရမယ်...ဟုတ်တယ်မလား"
လုယွီသည် အကြီးအကဲကောင်း၏ယူဆချက်များကို တုံ့ပြန်အဖြေပေးခြင်းမရှိချေ။
အကြီးအကဲကောင်းက ရယ်မောလိုက်၏။
"မင်း ကြောက်နေစရာမလိုပါဘူး...ငါက ဝမ်ခမ်းရဲ့နောက်ကိုလိုက်နေပေမယ့် ဒါက အရင်က ကိစ္စဟောင်းတချို့ရှိလို့ပါ"
ထိုအချက်သို့အရောက်တွင် အကြီးအကဲ၏မျက်နှာအမူအယာသည် ရင်းနှီးဖော်ရွေဟန် ပေါ်လွင်လာခဲ့သည်။
"ငါနဲ့မင်းရဲ့အဖိုးက နည်းနည်းတော့ ခင်မင်ရင်းနှီးတယ်...ဝမ်ခမ်းက မင်းကို သတ်ချင်ပေမယ့် ငါကတော့ အဲ့ဒီလိုမတွေးဘူး...ဘာမှ ကြောက်မနေနဲ့...ငါက မင်းကို ကာကွယ်ပေးမယ်"
အကြီးအကဲကောင်းက ကြင်နာတက်သောအပြုံးနှင့် ပြောဆိုသည်။
အကယ်၍ သူသည် သာမာန်ဆယ်ကျော်သက်လူငယ်တစ်ယောက်ဆိုပါက အကြီးအကဲကောင်း၏စိတ်ပိုင်းဆိုင်ရာသရုပ်ဆောင်မှုများကြားတွင် စိတ်ဇဝေဇဝါဖြစ်နေပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် အကြီးအကဲကောင်း၏မျက်လုံးများအတွင်းမှ ယုတ်မာကောက်ကျစ်မှုအရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။
Chapter 1688
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ခင်ဗျားက ကျုပ်ကို ဘယ်လိုကူညီပေးမှာလဲ"
အကြီးအကဲကောင်းက လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခုပြုံးပြီး ဝမ်ခမ်း၏နောက်လိုက်များကို ကြည့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အကြီးအကဲကောင်း၏မျက်လုံးဖြင့်စိုက်ကြည့်ခံရသူများ၏ ခန္ဓာကိုယ်များအားလုံး တုန်ရီသွားသည်။သူတို့၏ပါးစပ်မှသွေးများအန်ထွက်လာပြီး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့လဲကျကာ ချက်ချင်းပင် သေဆုံးသွားတော့သည်။
အကြီးအကဲကောင်းက ပြောဆိုသည်။
"မြွေဝိညာဥ်ကျွန်းက လေဟာနယ်ဓားပြတွေရဲ့ဖျက်ဆီးတာကို ခံလိုက်ရတယ်...ဒါပေမယ့် တော်ဝင်နန်းတော်ကနေ မကြာခင်မှာ စစ်တပ်ကြီးတစ်တပ် ဒီနေရာကိုစေလွှက်လိုက်လိမ့်မယ်...ခုချိန်မှာ မင်း တစ်ယောက်တည်းပဲကျန်တော့တယ်...တကယ်လို့ မင်းဆီမှာ မြွေဝိညာဥ်ကျွန်းရဲ့စည်းစိမ်ဥစ္စာတွေအများကြီး ကျန်ခဲ့ရင်တောင် မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ...မင်းရဲ့ကျွန်းကို ပြန်တည်ထောင်နိုင်ဖို့ မင်းအတွက်ခက်ခဲလိမ့်မယ်...ငါ ပြောတာ ဟုတ်တယ်မလား"
လုယွီက ပြောဆိုသည်။
"ကြည့်ရသလောက်တော့ အဲ့ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးထင်တယ်"
"ဘာလို့ ငါနဲ့မဆိုင်ရမှာလဲ...ကောင်လေး ငါ မင်းကို တစ်ခုပြမယ်"
အကြီးအကဲကောင်းသည် သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
ထိုတံဆိပ်ပြားကိုရွှေဖြင့်ပြုလုပ်ထားပြီး အပေါ်၌ လက်ရာမြောက်သော နဂါးတစ်ကောင်ပုံစံအား ထွင်းထုထားသည်။ထိုအရာပေါ်၌ 'နဂါး အစောင့်'ဟူသော စာလုံးကြီးနှစ်လုံးကိုလည်း ရေးထွင်းထားပေ၏။
ကြည့်ရသည်မှာ ထိုစာလုံးကြီးနှစ်လုံးကိုရေးသားထားသူသည် စာပေရေးသားမှု၌ အဆုံးမရှိသောစွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။ထိုတံဆိပ်ပြားပေါ်၌ ပုံနှိပ်ထားခြင်းဖြစ်သည့်တိုင် လက်ရေးလက်သားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။
ထိုတံဆိပ်ပြားကိုမြင်တွေ့ရခြင်းသည် ရှေးဟောင်းမူလဘူတခေတ်မှ ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်အား မြင်တွေ့ရသည်နှင့် အလားတူညီပေ၏။တစ်စုံတစ်ယောက်သည် ထိုတံဆိပ်ပြားအားမြင်သည်နှင့် အသက်ပြင်းပြင်းရှုဝံ့မည်မဟုတ်ချေ။
တံဆိပ်ပြား၏အောက်ခြေ၌ အက္ခရာတချို့ကို ရေးသားထားသည်။
'စဦးအဆင့် ၃၇၂၁၄'
ထိုတံဆိပ်ပြားကိုမြင်တွေ့သည်နှင့် လုယွီသည် အကြီးအကဲကောင်း၏သရုပ်မှန်ကို နားလည်သဘောပေါက်သွားသည်။
သူသည် နဂါးအစောင့် ဖြစ်ပေ၏။
နဂါးအစောင့်များသည် တော်ဝင်နန်းတော်လက်အောက်ရှိ လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။
တာယွီအင်ပါယာ၏ပိုင်နယ်နယ်မြေသည် လွန်စွာကျယ်ဝန်းပေ၏။မြောက်များစွာသောကြယ်စင်စုများ သန်းရာနှင့်ချီသောကြယ်နယ်မြေများနှင့် မရေမတွက်နိုင်သောသက်ရှိမျိုးနွယ်များမှာ တာယွီအင်ပါယာ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။
နဂါးအစောင့်များသည် ကြယ်နယ်မြေများ၏အခြေအနေကိုစောင့်ကြည့်၍ သတင်းအချက်အလက်များရယူကာ ဧကရာဇ်မင်းထံသတင်းပြန်ပို့ရသောတာဝန်ကို ထမ်းဆောင်ကြသည်။
သူတို့သည် ကြယ်နယ်မြေများတွင် လျှို့ဝှက်ဖုံးကွယ်၍နေပြီး မတူညီသောအခန်းကဏ္ဏများတွင် ဟန်ဆောင်၍နေနေကြ၏။
နဂါးအစောင့်များသည် မြင့်မားသောဂုဏ်သတင်းရှိသည့် အာဏာရှင်များ သို့မဟုတ် သာမာန်သေမျိုးများစသဖြင့် အသွင်မျိုးစုံယူ၍ တာဝန်ထမ်းဆောင်ကြသည်။
နဂါးအစောင့်များ၏သရုပ်မှန်ကို လူနည်းစုကသာ သိရှိသည်။သူတို့သည် ဧကရာဇ်မင်း၏သီးသန့်တပ်သားများဖြစ်၍ တော်ဝင်နန်းတော်မှအမိန့်ကိုသာ နာခံကြပေ၏။
နဂါးအစောင့်များကို စဦးအဆင့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ သုံးမျိုးခွဲခြားထားသည်။
"နဂါးအစောင့်လား...ဒါပေမယ့် ခင်ဗျားက အစစ်လား အတုလားဆိုတာကို ကျုပ် ဘယ်လိုလုပ်ပြီးသိမှာလဲ"
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
အကြီးအကဲကောင်းသည် အံ့အားသင့်သွားလေ၏။
"မင်းက ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေကလူ ဖြစ်နေတာတောင် နဂါးအစောင့်ဆိုတာကိုသိတယ်ပေါ့...ကြည့်ရတာတော့ မင်းရဲ့အဖိုးက မင်းကို အဲ့ဒီအကြောင်းပြောထားပုံရတယ်"
သူက နဂါးတံဆိပိပြားကို ပြန်လည်သိမ်းဆည်းပြီး ယုံကြည်ချက်ရှိသောအပြုံးနှင့် ပြောဆိုသည်။
"မင်းက နဂါးအစောင့်ဆိုတာကိုသိမှတော့ ငါ့ရဲ့အစစ်အမှန်ခွန်အားကိုလည်းသိသင့်တယ်...ငါက ဧကရာဇ်မင်းရဲ့သီးသန့်တပ်သားတစ်ယောက်ဖြစ်ပြီးတော့ တော်ဝင်နန်းတော်မှာပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပဲ...တကယ်လို့ မင်းက မြွေဝိညာဥ်ကျွန်းရဲ့ပိုင်ဆိုင်မှုထဲက တစ်ဝက်ငါ့ကိုပေးမယ်ဆိုရင် ငါ မင်းကို မြင့်မြတ်သူတစ်ယောက်ဖြစ်အောင်လုပ်ပေးမယ်"
အကြီးအကဲကောင်း၏မျက်လုံးများက တောက်ပနေသည်။
"မင်းက မြင့်မြတ်သူတစ်ယောက်ဖြစ်လာတာနဲ့ နောင်တစ်ချိန်မှာ မင်း တော်ဝင်နန်းတော်ကိုဝင်ပြီး မင်းကိုယ်မင်းတိုးတက်အောင်လုပ်နိုင်တယ်...အနာဂတ် တော်ဝင်နန်းတော်မှာ မင်းရရှိမယ့်အခွင့်အရေးတွေနဲ့နှိုင်းယှဥ်ကြည့်ရင် တခြားဘာကအရေးပါမှာလဲ"
သူသည် လုယွီအား သွေးဆောင်ဖျားယောင်းနေပေ၏။
လုယွီသည် သူ၏ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်း ထွင်းဖောက်မြင်နိုင်သည်။အကြီးအကဲကောင်းသည် လုယွီအား မြွေဝိညာဥ်ကျွန်း၏သခင်လေးဟုထင်မှတ်ပြီး ရတနာများကိုရယူနိုင်ရန် လိမ်လည်လှည့်ဖျားနေခြင်းပင်။
ထိုရတနာများ အကြီးအကဲကောင်း၏လက်အတွင်းသို့ ရောက်ရှိသွားချိန်တွင် လုယွီ သေမည်လော ရှင်မည်လောကို မည်သူမျှပြောနိုင်မည်မဟုတ်ချေ။
"မြန်မြန်ဆုံးဖြတ်ချက်ချတော့...ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်"
အကြီးအကဲကောင်း၏နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခုရှိနေသည်။
လုယွီသည် တစ်စုံတစ်ခုမေးမြန်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် အကြီးအကဲကောင်းက မျက်မှောင်ကြုတ်လိုက်၏။
"မဟုတ်သေးဘူး...မြွေဝိညာဥ်ကျွန်းရဲ့သခင်လေးက မြွေဝိညာဥ်ကျင့်ကြံနည်းစနစ်ကို နှစ်တွေအကြာကြီးကျင့်ကြံထားတာ...သူ့ရဲ့ခန္ဓာကိုယ်မှာ အေးစက်တဲ့ယင်ချီတွေရှိနေတယ်...ဒါပေမယ့် မင်းမှာ ဘာယင်ချီအော်ရာမှရှိမနေဘူး"
အကြီးအကဲကောင်း၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"မင်းက ငါ့ကို လှည့်စားဝံ့တယ်ပေါ့လေ...သေပေတော့"
Chapter 1689
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပြင်းထန်သောလေပြင်းတစ်ချက်က လုယွီထံဦးတည်၍ တိုက်ခတ်လာသည်။
ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် အေးခဲသွားပုံရသည်။အကြီးအကဲကောင်းသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် လေပြင်းများဖြတ်သန်းတိုက်ခတ်နေသဖြင့် သူ့အဝတ်အစားများ တဖျပ်ဖျပ်လူးလွန့်နေပေ၏။
"ကောင်လေး...မင်းက ငါ့ရဲ့သရုပ်မှန်ကိုသိသွားမှတော့ မင်းကို ငါ အသက်ရှင်ခွင့်မပေးနိုင်ဘူး"
အကြီးအကဲကောင်းသည် မနှစ်မျို့ဖွယ်အပြုံးနှင့် ရှေ့သို့တိုးလာခဲ့သည်။
သူ ရှေ့သို့တိုးလာစဥ်တွင် မရေမတွက်နိုင်သောဓားပျံပုံရိပ်များက သူ၏နောက်၌ ထွက်ပေါ်လာပေ၏။
ထောင်သောင်းချီနေသော ဓားပျံများသည် တစ်လက်နှင့်တစ်လက် ရောယှက်နေပြီး လေဟာနယ်အတွင်း၌ အစီအစဥ်တကျရှိနေသည်။ဓားပျံများမှထွက်ပေါ်လာသော အရှိန်အဝါသည် လွန်စွာခမ်းနားကြီးကျယ်လှပေ၏။
"မင်းမသေခင် မင်းနဲ့ငါကြားမှာ ကွာခြားချက်ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"
အကြီးအကဲကောင်းက သာမာန်ကာလျှံကာလေသံနှင့် ပြောဆိုသည်။
သူသည် အမှန်တကယ်ကို လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည်။
ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင် လောကီအင်မော်တယ်တစ်ယောက်ကို ပထမတန်းစားကျွမ်းကျင်သူဟု ယူဆနိုင်သည်။
အကြီးအကဲကောင်းကိုကြည့်လျှင် ဝမ်ခမ်း၏နောက်လိုက်တစ်ယောက်နှင့်သာ တူညီသည်။သူ့ထံတွင် ဤကဲ့သို့ခွန်အားမျိုးရှိနေမည်ဟု မည်သူမျှမျှော်လင့်မိမည်မဟုတ်ချေ။
"မင်းဆီမှာ ဘာလှည့်ကွက်တွေရှိတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် အကြွင်းမဲ့ခွန်အားရဲ့အောက်မှာ မင်း ပြန်လည်ခုခံနိုင်တဲ့အင်အားရှိမှာမဟုတ်ဘူး"
အကြီးအကဲကောင်းက ခေါင်းမော့ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏နောက်မှ ထောင်သောင်းချီသောဓားပျံများသည် လုယွီထံသို့ တိုးဝင်လာကြသည်။
ဘုန်း...
ကောင်းကင်ယံတခွင်လုံး ဓားပျံများနှင့် ပြည့်နှက်နေသည်။
တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းက သူ၏ရှေ့၌ရောက်နေသော်လည်း လုယွီ၏အမူအယာက တည်ငြိမ်အေးဆေးနေဆဲပင်။
"ဒါဆိုရင်...ဒါက ခင်ဗျားရဲ့အကြွင်းမဲ့စွမ်းအားလား"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
အကြီးအကဲကောင်းသည် မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော်အပြုံးနှင့်ပြောဆိုလိုက်၏။
"မင်းက သေခါနီးအချိန်မှာတောင် ခေါင်းမာနိုင်တုန်းပဲနော်...ငါ မင်းလိုမျိုး စိတ်ကြီးဝင်မောက်မာတဲ့လူငယ်မျိုးတွေ အများကြီးမြင်တွေ့ဖူးပြီးပြီ...ဒါပေမယ့် သေရေးရှင်ရေးအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် မင်းက ဒူးထောက်ပြီး အသနားခံရမှာပဲ"
"အဲ့ဒီလိုလား"
လုယွီက သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။အားကောင်းသောမှော်စွမ်းအင်လှိုင်းများက သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ယခင်က လုယွီကိုကြည့်ရသည်မှာ သေမျိုးတစ်ယောက်နှင့်တူညီနေသော်လည်း ယခုချိန်၌ သူ၏အစစ်အမှန်ခွန်အားကို ဖော်ထုတ်လိုက်လေပြီ။ယခုလက်ရှိချိန်တွင် သူ၏ခွန်အား ဆယ်ပုံခုနစ်ပုံကိုသာ ပြန်လည်ရရှိသေးသော်လည်း ထိုအရာသည်ပင် အကြီးအကဲကောင်း ခုခံနိုင်မည့်အရာမျိုးမဟုတ်ချေ။
လုယွီသည် သူ၏ရှေ့ရှိ ဓားပျံမိုးကို သူ၏လက်ဖြင့် ရိုက်နှက်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး
ဘန်း...ဘန်း...ဘန်း...
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံအားလွှမ်းခြုံထားသော ဓားပျံများသည် လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
သို့ရာတွင် ထိုဓားပျံများကို ချိုးဖျက်ပြီးသည့်တိုင် လုယွီ၏လက်ဝါးလှိုင်းအရှိန်သည် ပျက်ပြယ်သွားခြင်းမရှိသေးချေ။
"မင်းလည်း လောကီအင်မော်တယ်တစ်ယောက်လား"
အကြီးအကဲကောင်းက တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်သည်။
ဒါက...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....
တစ်စုံတစ်ယောက်သည် လောကီအင်မော်တယ်နယ်ပယ်သို့ရောက်ရှိရန် မြောက်များစွာသောစမ်းသပ်ချက်များနှင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများကို ကျော်ဖြတ်ရသည်။
သူရှေ့ရှိလူငယ်သည် အသက်ကြီးနေနိုင်မည်နည်း...ဤကဲ့သို့ ငယ်ရွယ်သောအသက်အရွယ်တွင် မည်သည်ကြောင့် သူနှင့် အဆင့်တူဖြစ်နေရသနည်း။
သို့ရာတွင် လက်တွေ့ဘဝတွင် သူထံ၌ များစွာစဥ်းစားတွေးတောနေရန် အချိန်မရချေ။
"ထွက်ပြေးရမယ်"
အကြီးအကဲကောင်း၏ခန္ဓာကိုယ်သည် မြောက်များစွာသောပုံရိပ်ယောင်များ အသွင်ပြောင်းသွားပြီး ကွဲပြားခြားနားသောအရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးလိုက်သည်။
သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ဟု ဆုံးဖြတ်ချက်ချထားပေ၏။
သို့ရာတွင် သူ အလွန်နောက်ကျသွားလေပြီ။
"နဂါးဖမ်းလက်..."
လုယွီ၏လက်က ထပ်မံ၍ကျဆင်းလာသည်။
အကြီးအကဲကောင်း၏ပုံရိပ် အဝေးသို့ထွက်မပြေးနိုင်သေးမီမှာပင် ဧရာမနဂါးလက်သည်းကြီး၏ဖမ်းဆီးခြင်း ခံလိုက်ရပေ၏။
သူရှိနေသောလေဟာနယ်၏ အရပ်မျက်နှာတိုင်း ချိပ်ပိတ်လိုက်သကဲ့သို့အေးခဲသွားပြီး သူ မလှုပ်ရှားနိုင်တော့ချေ။
ဘုန်း...
ကျယ်လောင်သောဆူညံသံကြီးနှင့်ယှဥ်တွဲ၍ ဧရာမနဂါးလက်သည်းကြီးသည် အကြီးအကဲကောင်းကိုဖမ်းဆုပ်၍ အောက်ရှိတောင်များထံသို့ ရိုက်ချလိုက်သည်။
ထိုတောင်သည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး အလွန်နက်ရှိုင်းသော ချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားပေ၏။
အကြီးအကဲကောင်း၏ခန္ဓာကိုယ်သည် ဧရာမတူကြီးတစ်လက်နှင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး အမှုန်အမွှားအဖြစ် လွင့်စင်သွားသည်။သူ၏စိတ်ဝိညာဥ်ပင် လွတ်မြောက်ခြင်းမရှိချေ။
"ခင်ဗျား ကျုပ်ကိုစပြီး မတိုက်ခိုက်ခဲ့ရင်...ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးဖို့ တွေးထားခဲ့တာ"
လုယွီက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြားတစ်ခုက သူ၏လက်အတွင်းသို့ ကျရောက်လာပေ၏။
Chapter 1690
ထိုတံဆိပ်ပြားသည် ယခင်က အကြီးအကဲကောင်းကိုင်ဆောင်ထားသော နဂါးအစောင့်တံဆိပ်ပြားဖြစ်သည်။
နဂါးအစောင့်တံဆိပ်ပြားသည် နဂါးအစောင့်တစ်ယောက်၏သရုပ်မှန်အား သက်သေပြနိုင်သည့် တံဆိပ်ပြားဖြစ်ပေ၏။တံဆိပ်ပြားတစ်ခုစီသည် နဂါးအစောင့်သရုပ်မှန်တစ်ခုကို ကိုယ်စားပြုလေရာ တခြားသူများအတုပြုလုပ်ရန် လွန်စွာခက်ခဲသည်။
သို့ရာတွင် လုယွီအတွက်မူ မခက်ခဲချေ။နဂါးအစောင့်များသည် ကောင်းကင်ဘုံဧကရာဇ်အပေါ် သစ္စာခံထားရပြီး လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားသူဖြစ်သည်။ထိုတံဆိပ်ပြား၏လျှို့ဝှက်ချက်ကို မည်သို့ဖော်ထုတ်ရမည်အား သူ ကောင်းစွာသိရှိပေ၏။
လုယွီသည် သူ၏လက်ကိုမြှောက်၍ တံဆိပ်ပြားကို ညင်သာစွာ ထိတွေ့လိုက်သည်။မှိန်ပျပျရွှေရောင်အလင်းတန်းတစ်တန်းက တံဆိပ်ပြား၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနယ်မြေရှိ တော်ဝင်နန်းတော်၏ထောင့်တစ်နေရာ၌....
နဂါးအစောင့်များ၏နာမည်များကို မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ်ရှိနေသည့်နေရာ၌ လှိုင်းအနည်းငယ်လှုပ်ခတ်သွားခဲ့သည်။
အကြီးအကဲကောင်း၏နေရာရှိ အချက်အလက်များအားလုံး ပျောက်ကွယ်သွားပြီး တခြားအချက်အလက်တစ်ခုက အစားထိုးဝင်ရောက်လာသည်။
မြွေဝိညာဥ်ကျွန်း၏သခင်လေး...ရှောင်ယန်း...
ဤသည်က အကြီးအကဲကောင်း၏စကားများအနက်မှ လုယွီရရှိခဲ့သော သတင်းအချက်အလက်တစ်ခုပင်။
ရှကွေ့ကျုံး သူ့အား လုပ်ကြံသတ်ဖြတ်မည့်ဘေးမှ ကာကွယ်တားဆီးနိုင်ရန် လုယွီသည် သူ၏အထောက်အထားကို အတုပြုလုပ်ရပေမည်။
ရှေးဟောင်းစာအုပ်ကို စောင့်ကြပ်နေသူများ၏ ခေါင်းဆောင်ဖြစ်သူက သူ၏မျက်လုံးကို ဖျက်ခနဲဖွင့်လိုက်ပြီး တခဏအကြာမှာပင် သူက မျက်လုံးပြန်မှိတ်လိုက်သည်။
နဂါးအစောင့်များ၏အချက်အလက်များကို ပြောင်းလဲနိုင်သူဟူ၍ လူနည်းစုသာရှိသည်။အစောပိုင်းက အပြောင်းအလဲသည် စဦးအဆင့်နဂါးအစောင့်စာရင်းသာဖြစ်၍ သူ မမြင်ချင်ယောင်ဆောင်လိုက်ခြင်းက သူ့အတွက်ကောင်းမွန်ပေမည်။
လုယွီသည် အချက်အလက်များကို ပြောင်းလဲပြီးနောက် သူ၏လက်မှမီးတောက်တစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲကောင်း သေဆုံးသွားသောနေရာသို့ ကျရောက်သွားသည်။မီးတောက်များလောင်ကျွမ်းနှင့်အတူ အကြီးအကဲကောင်းသေဆုံးသွားသည့်နေရာမှ သဲလွန်စများအားလုံး ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားတော့သည်။
"ဒီနေ့ကစပြီး ငါက ရှောင်ယန်းပဲ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လုယွီက မတ်တတ်ထရပ်ပြီး ရွှေမိုးကြိုးဂိုဏ်းအနီးရှိကျင့်ကြံသူစျေးသို့ ပြန်သွားခဲ့သည်။သူ၏ခွန်အားကို ယခုချိန်အထိ အပြည့်အဝပြန်လည်မဖြည့်တင်းရသေးသော်လည်း ယနေ့အတွက် သူ လုံလောက်သောဆေးလုံးကို သောက်သုံးပြီးလေပြီ။သူထံ၌ အင်မော်တယ်ခန္ဓာကိုယ်ရှိနေလျှင်ပင် သူ အပြည့်အဝပြန်လည်ကောင်းမွန်ရန်အတွက် အချိန်တချို့လိုအပ်သည်။
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
"အစေခံတပည့်...ဒီနေရာကို မြန်မြန်လာခဲ့စမ်း...ဟုတ်တယ် ငါ မင်းကိုပြောနေတာ"
ရွှေမိုးကြိုးဂိုဏ်း၏အပြင်စည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လေသည်။
ထိုလူငယ်၏နောက်တွင် သေတ္တာတစ်လုံးကို အားယူရုန်းကန်၍သယ်နေရသော အစေခံတပည့်တချို့ရှိနေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။သို့ရာတွင် သူဝတ်ဆင်ထားသောဝတ်စုံကြောင့် တစ်ဖက်လူသည် သူ့အား အစေခံတပည့်အဖြစ် ထင်မှတ်နေခြင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားပေ၏။
"စီနီယာအကို...ကျွန်တော် ဘာလုပ်ပေးရမလဲ"
လုယွီက ပြောဆိုသည်။
လူငယ်က သူ၏နောက်ဘက်ကို လက်ညှိုးညွှန်၍ ပြောဆိုလေသည်။
"မင်းတို့ကောင်တွေ...ဒီပစ္စည်းတွေအားလုံးကို တောင်ပေါ်သယ်သွားကြစမ်း...ဒါက သခင်မလေးအတွက် လက်ထပ်လက်ဆောင်တွေ...မင်းတို့ ဂရုစိုက်ကြ...ဘာကိုမှ မကျိုးမပဲ့စေနဲ့"
လုယွီက လူငယ်၏နောက်ရှိ လေးလံသောသေတ္တာကြီးများကို တစ်ချက်ကြည့်လိုက်၏။
ထိုသေတ္တာများကိုပိတ်ထားသော်လည်း အတွင်း၌ အဖိုးတန်ရှားပါးသော ရတနာပစ္စည်းများရှိနေခြင်းကို လုယွီ မြင်နိုင်သည်။
ရုတ်တရက် လုယွီ၏စိတ်အတွင်းသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။ရှေးဦးစွာ သူ၏ခွန်အားကို ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ ပြန်လည်ဖြည့်တင်းစေသည်က ပို၍ကောင်းမွန်ပေမည်။ယခုလက်ရှိ သူဝတ်ဆင်ထားသော အစေခံတပည့်ဝတ်စုံသည် သူ၏သရုပ်မှန်ကိုဖုံးကွယ်ရန် အကောင်းဆုံးဖြစ်ပေ၏။
"ဟုတ်ကဲ့ပါ စီနီယာအကို"
လုယွီက အပြေးအလွှားဝင်၍ သေတ္တာများကိုသယ်ဆောင်ရာ၌ ကူညီပေးလိုက်သည်။
"စီနီယာအကို...အထဲမှာဘာတွေရှိလဲ"
တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးမြန်းသည်။
လူငယ်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေ၏။
"အထဲမှာ ဘာတွေပါလဲဆိုတာ ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ...ဒါက မက်မွန်ပွင့်ဓားဂိုဏ်းရဲ့သခင်လေးဝမ်ခမ်းဆီက လက်ဆောင်တွေလေ...အဲ့ဒီပစ္စည်းတွေ ဘယ်လောက်တန်ကြေးရှိလဲ မင်းတို့သိနိုင်လား...ဂရုတစိုက် သယ်ကြစမ်း"
အစေခံတပည့်တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
"ဒါက တကယ့်ကိုတန်ဖိုးရှိတယ်ဆိုရင်...ဘာလို့ ငါတို့ကို ဒီနေရာထိ လာသယ်ခိုင်းနေသေးလဲ"
တခြားတပည့်များကလည်း တီးတိုးပြောဆိုနေကြ၏။
မက်မွန်ပွင့်ဓားဂိုဏ်းသည် ဤနေရာသို့ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့်လာခြင်းမဟုတ်ဘဲ သူတို့၏ရွှေမိုးကြိုးဂိုဏ်းကို မျက်လုံးထဲပင်ထည့်ပုံမရချေ။
ဝမ်ခမ်းသည် ဤနေရာသို့ရောက်ရှိလာချိန်တွင် ရွှေမိုးကြိုးဂိုဏ်းချုပ်ထံသို့ လာရောက်တွေ့ဆုံခြင်းမရှိပေ။ထိုအစား သူက တခြားနေရာများသို့သာ လှည့်ပတ်သွားလာနေပေ၏။
ဤလက်ဆောင်များသည် သာမာန်ရတနာများမဟုတ်မည်မှာ သိသာထင်ရှားသည်။