အခန်း (၁၆၉၁-၁၆၉၅)
Vol. 88 Ch. 1691-1695
Chapter 1691
လုယွီသည် အစေခံတပည့်အုပ်စုနောက်သို့လိုက်၍ သေတ္တာများကို ဂိုဏ်းအတွင်းသို့ သယ်ဆောင်လာခဲ့သည်။
အပြင်စည်းတပည့်သည် သူတို့အား ဤကိစ္စများသယ်ဆောင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် တစ်ယောက်ကို အင်မော်တယ်ကျောက်တုံးငါးဆယ်စီ ပေးခဲ့သည်။ထိုအစေခံတပည့်များသည် ဆုလာဘ်များရရှိသဖြင့် အပျော်လွန်နေကြ၏။
ထိုလူများ ပျော်ရွှင်ဝမ်းမြောက်နေခြင်းကိုအခွင့်ကောင်းယူ၍ လုယွီက ရွှေမိုးကြိုးဂိုဏ်းနှင့်ပတ်သက်သောကိစ္စတချို့ကို သူတို့ထံ မေးမြန်းလိုက်သည်။
ရှေးဟောင်းဖုန်မှုန်ကြယ်တစ်ခုလုံး၏ ထိပ်သီးအင်အားစုသုံးခုမှတစ်ခုဖြစ်သဖြင့် ရွှေမိုးကြိုးဂိုဏ်းတွင် တင်းကြပ်သောအဆင့်သတ်မှတ်ချက်နှင့် ပြင်းထန်သောစည်းမျဥ်းများရှိသည်။
ပြင်ပလူများ၏အမြင်တွင် အစေခံတပည့်များသည် ခမ်းနားတောက်ပသော်လည်း ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ သူတို့သည် အဆင့်အနိမ့်ဆုံးတည်ရှိမှုဖြစ်သည်။
ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အနည်းဆုံး အရေအတွက်သိန်းနှင့်ချီသော အစေခံတပည့်များရှိနေပေ၏။
"သိန်းနဲ့ချီရှိတာလား"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူ ရွှေမိုးကြိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်လာစဥ်တွင် အဝေးမှလာနေသော အစွမ်းထက်သည့်နတ်ဘုရားစိတ်အာရုံတချို့ကို အာရုံခံမိသည်။
ထိုနတ်ဘုရားစိတ်အာရုံများသည် ရည်ရွယ်ချက်မရှိရွေ့လျားနေပုံရသော်လည်း တစ်ဖက်လူများသည် သူ့အားရှာဖွေနေခြင်းဖြစ်မည်ကို သူ ခန့်မှန်းနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ရှကွေ့ကျုံးသည် ယခုလက်ရှိ လုယွီ မည်သည့်နေရာ၌ရှိနေမည်ကို မသိနိုင်ချေ။ထို့ပြင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှစ်မျိုးရှိနေပေ၏။ရှကွေ့ကျုံးသည် သူ့ထက် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူဖြစ်သည့်တိုင် သူ့အား ရှာဖွေတွေ့ရှိနိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။
"ငါရဲ့ခွန်အားကို အပြည့်အဝပြန်ရအောင် အရင်လုပ်တာပေါ့"
သူ၏စိတ်ကိုပြင်ဆင်ပြီးနောက် လုယွီသည် ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ အစေခံတပည့်များအား မည်သို့ဆက်ဆံခံရသည်ကို စုံစမ်းမေးမြန်းလိုက်သည်။
သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများ ပြောဆိုသည်ကို နားထောင်ပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
အစေခံတပည့်များသည် နေ့စဥ်နေ့တိုင်း ခက်ခဲကြမ်းတမ်းသောအလုပ်များကို လုပ်ဆောင်ကြရပြီး ကျင့်ကြံရန်အတွက် အချိန်တခဏသာရရှိသည်။
အမှန်အားဖြင့် အပြင်စည်းဂိုဏ်းသားများကိုသာ ရွှေမိုးကြိုးဂိုဏ်းမှလူများဟု သတ်မှတ်နိုင်ပြီး အစေခံတပည့်များသည် ကျေးကျွန်များနှင့်သာ ပို၍တူညီသည်။
အကယ်၍ ထိုကိစ္စသာ အမှန်ဖြစ်နေပါက သူ၏နဂိုမူလခွန်အား ပြန်လည်ရရှိရန်ဟူသောကိစ္စမှာ အလဟဿဖြစ်သွားပေမည်။
"ငါတို့က စစ်ဆေးမှုကိုဖြတ်ကျော်နိုင်ရင်တော့ အပြင်စည်းတပည့်တွေ ဖြစ်လာနိုင်တယ်...ဒါပေမယ့် မင်း မကြိုးစားတာပိုကောင်းလိမ့်မယ်လို့ ငါ အကြံပြုချင်တယ်...အဲ့ဒီစစ်ဆေးမှုက အရမ်းကိုအန္တရာယ်များပြီးတော့ မင်းရဲ့အသက်ဆုံးရှုံးသွားနိုင်တယ်"
တခြားတပည့်များသည် လုယွီ၏ရည်ရွယ်ချက်ကို သိရှိသွားချိန်တွင် သူတို့က စိတ်ကောင်းစေတနာကောင်းဖြင့် သတိပေးစကားပြောဆိုကြသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြပြီးနောက် စစ်ဆေးမှုကို မည်သည့်နေရာ၌ ပြုလုပ်သည်ကိုမေးမြန်းကာ ထွက်ခွာလာခဲ့၏။
လမ်းတလျှောက်တွင် လုယွီသည် ရှေ့နောက်ပြေးလွှား၍ အလုပ်ရှုပ်နေသော အစေခံတပည့်အမြောက်အများကို တွေ့မြင်မိသည်။
အကွေ့အကောက်များသော တောင်ပတ်လမ်းတလျှောက် သွားလာပြီးနောက် လုယွီသည် အကဲဖြတ်စစ်ဆေးမှုပြုလုပ်သောနေရာသို့ ရောက်ရှိလာသည်။
ဤအချိန်တွင် အကဲဖြတ်စစ်ဆေးသည့်နေရာ၌ လူအမြောက်အများစုဝေးရောက်ရှိနေပေ၏။လူအများစုသည် အစေခံတပည့်များဖြစ်ပြီး သူတို့က အလုပ်အားလပ်နေသဖြင့် ဤနေရာသို့ အပျော်သဘောရောက်ရှိလာကြခြင်းဖြစ်သည်။
အကဲဖြတ်စစ်ဆေးခန်းမသည် လေးဘက်လေးတန်ဖွင့်ထားသော ကျယ်ဝန်းသည့်နေရာတစ်နေရာဖြစ်ပြီး အလယ်ဗဟိုတွင် တိုက်ပွဲကွင်းပြင်ရှိသည်။
တိုက်ပွဲကွင်းပြင်၏မြေပြင်ပေါ်၌ ထိတ်လန့်ကြောက်ရွံဖွယ်လက်သည်းကုတ်ရာတချို့နှင့် ကျိုးပဲ့ထားသောအမှတ်အသားများလည်း ရှိနေပေ၏။ထိုနေရာ၌ မကြာသေးမီအချိန်ကမှ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲဖြစ်ခဲ့ခြင်းမှာ သိသာထင်ရှားသည်။
"ကျွတ်...ကျွတ်...ကျွတ်...ကျောက်စိမ်းနိုင်ငံတော်က မင်းသားတောင် ရှုံးနိမ့်သွားခဲ့ပြီ...တကယ်လို့ သူ့ရဲ့မိသားစုကသာ သူကိုကာကွယ်ဖို့အကာအကွယ်ရတနာတွေပေးမထားဘူးဆိုရင် သူ အပိုင်းပိုင်းအစစဆုတ်ဖြဲခံရမှာပဲ"
"ဒါက အရမ်းဆိုးလွန်းတယ်ဆိုပေမယ့် သူက အဆင်ပြေနေသေးတယ်လေ...သူ့ဆီမှာ အသက်ကယ်ရတနာတွေရှိနေပေမယ့် ငါတို့မှာ မရှိဘူး"
"တကယ်လို့ သူက အပြင်စည်းတပည့်ဖြစ်ချင်တယ်ဆိုရင် သူ့ရဲ့ခွန်အားက အနည်းဆုံးဓမ္မရုပ်ထုနယ်ပယ်မှာရှိသင့်တယ်...ဒီခွန်အားမျိုးနဲ့ဆိုရင် သူ အပြင်က အင်အားစုငယ်လေးတွေမှာဆိုရင် ပင်မတပည့်တစ်ယောက် ဖြစ်နိုင်တယ်"
ပင်မခန်းမအတွင်းမှနေ၍ တစ်စုံတစ်ယောက်အား ထမ်းစင်ဖြင့် သယ်ထုတ်လာသည်။ထိုလူ၏ဒဏ်ရာများသည် အလွန်ပြင်းထန်ပြီး သူ၏လက်မောင်းတစ်ဖက်သည် သတ္တဝါတစ်ကောင်၏ကိုက်ဖြတ်ခြင်းကိုခံထားရ၏။သူ၏လည်ပင်းတွင် လည်ဆွဲတစ်ခုရှိနေပြီး မှိန်ပျပျအလင်းရောင်ကို အဆက်မပြတ်ထုတ်လွှက်ပေးနေကာ သူ၏ဒဏ်ရာများမှ သွေးထွက်မလွန်စေရန် ကာကွယ်ဟန့်တားပေးနေသည်။
ဤမြင်ကွင်းကိုမြင်ချိန်တွင် လူအများသည် ကူကယ်ရာမဲ့စွာ လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။
ခန်းမအတွင်းသို့စူးစိုက်ကြည့်နေသော သူတို့၏မျက်လုံးများအတွင်း၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"အကဲဖြတ်စစ်ဆေးမှုကို ပါဝင်ယှဥ်ပြိုင်ချင်တဲ့သူ ရှိသေးလား"
ခန်းမ၏နံဘေး၌ အဖိုးအိုတစ်ယောက်ရှိနေပြီး သူက ထိုမြင်ကွင်းကိုမမြင်သကဲ့သို့ တည်ငြိမ်အေးဆေးသောအသံနှင့် မေးမြန်းလိုက်သည်။
Chapter 1692
အဖိုးအိုစကားပြောလိုက်သည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအများစုသည် ဤနေရာသို့အပျော်သဘော လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။အကယ်၍ သူတို့အား တိုက်ပွဲကွင်းပြင်သို့ အမှန်တကယ်ဝင်ရောက်ခိုင်းပါက သူတို့ထံတွင် သတ္တိမရှိချေ။
အဖိုးအို၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားပေ၏။အဖိုးအိုသည် သူ၏ခေါင်းကို သူ့လက်နှစ်ဖြင့်ဖေးမ၍ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်တော့သည်။
ထိုအချိန်မှာပင် လုယွီက ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
"အပြင်စည်းတပည့်အဖြစ် အဆင့်တိုးဖို့ အကဲဖြတ်စစ်ဆေးမှုကိုဖြေဆိုဖို့ ကျွန်တော် ဒီနေရာကို ရောက်လာတာပါ...ကျွန်တော် ဘယ်နေရာမှာ စာရင်းပေးရမလဲ"
လုယွီက မေးမြန်းသည်။
သူ၏အသံပျက်ပြယ်သွားသည်နှင့် မြောက်များစွာသောမျက်လုံးအကြည့်များက သူ့ထံသို့ ကျရောက်လာသည်။
"ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကနေ...ငါ ဘာလို့ မှော်စွမ်းအင်လှုပ်ခတ်မှုကို ခံစားလို့မရတာလဲ...သူက သေမျိုးတစ်ယောက်လား"
"သူ့ကို ဘယ်လိုပဲကြည့်ကြည့် ကျွမ်းကျင်သူတစ်ယောက်နဲ့မတူဘူး...ဖြစ်နိုင်တာတော့ သူက လူသစ်လေးတစ်ယောက်လား"
"သနားစရာပဲ...ဒီအကဲဖြတ်စစ်ဆေးမှုက အရမ်းခက်ခဲတယ်ဆိုတာ သူ့ကို ဘယ်သူကမှမပြောကြဘူးထင်တယ်...သူက သူ့ကိုယ်သူ သေလမ်းလာရှာနေတာပဲ"
ပတ်ဝန်းကျင်ရှိလူများသည် တက်တက်ကြွကြွပြောဆိုဆွေးနွေးနေကြသော်လည်း လုယွီကမူ အလေးအနက်ထားပုံမရချေ။
မှတ်တမ်းယူနေသောနေရာ၌ထိုင်နေသော အဖိုးအိုက လုယွီကို စောင်းငဲ့ကြည့်ပြီး ပြောဆိုလိုက်သည်။
"တကယ်လို့ မင်း အကဲဖြတ်စစ်ဆေးပွဲကို ပါဝင်ယှဥ်ပြိုင်ချင်တယ်ဆိုရင်...အရင်ဆုံး မင်းက အင်မော်တယ်ကျောက်တုံးငါးရာ ပေးသွင်းရမယ်"
ဤသည်က အကဲဖြတ်စစ်ဆေးမှုအတွက်လိုအပ်သော တန်ကြေးပမာဏပင်။
အစေခံတပည့်များသည် တစ်လလျှင် အင်မော်တယ်ကျောက်တုံးသုံးထောင်သာ ရရှိပေ၏။အင်မော်တယ်ကျောက်တုံးငါးရာဟူသည်မှာ အစေခံတပည့်တစ်ယောက်အတွက် အတော်များပြားသောပမာဏဖြစ်သည်။
ပတ်ဝန်းကျင်ရှိလူများသည် ပြက်ရယ်ပြုရယ်မောကာ ပြောဆိုလေသည်။
"ကောင်လေး...တကယ်လို့ မင်း မပေးနိုင်ဘူးဆိုရင်လည်း မြန်မြန်ထွက်သွားတော့...အင်မော်တယ်ကျောက်တုံးငါးရာနဲ့ဆိုရင် စျေးထဲကနေ မင်း ပစ္စည်းကောင်းတချို့ ဝယ်လို့ရတယ်"
လူအများ၏လှောင်ပြောင်သရော်နေမှုများကို လျစ်လျှူရှုပြီး လုယွီက ငွေလက်မှတ်တစ်ခုကိုထုတ်ယူကာ အဖိုးအို၏ရှေ့ရှိစားပွဲပေါ်သို့ တင်လိုက်သည်။
ထိုငွေလက်မှတ်အား တာယွီအင်ပါယာအတွင်းရှိ မည်သည့်ငွေလက်ခံခန်းမ၌မဆို အင်မော်တယ်ကျောက်တုံးများဖြင့် လဲလှယ်နိုင်သည်။
အဖိုးအိုသည် ငွေလက်မှတ်အားတစ်ချက်ကြည့်ပြီးနောက် အပြုံးနှင့်ပြောဆိုလိုက်၏။
"ကောင်လေး...ငါက လူကောင်းတစ်ယောက်ဖြစ်နေလို့ ငါ မင်းကိုပြောပြမယ်...ခုဏက သယ်ထုတ်သွားရတဲ့လူက အင်အားစုငယ်တစ်ခုရဲ့သခင်လေးတစ်ယောက်ပဲ...သူ့ရဲ့မိသားစုကနေပေးထားတဲ့ အကာအကွယ်ရတနာတွေရှိနေတာတောင် သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်"
လုယွီသည် ဤနေရာ၌အချိန်ဖြုန်းလိုစိတ်မရှိသဖြင့် တည်ငြိမ်စွာပြောဆိုသည်။
"တိုက်ပွဲစတင်ပေးပါ"
စကားဆုံးသည်နှင့် သူက တိုက်ပွဲကွင်းပြင်အတွင်းသို့ ခုန်ဝင်လိုက်သည်။လုယွီ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တိုက်ပွဲကွင်းပြင်၏တစ်ဖက်ရှိပိုးထည်စ၏နောက်မှနေ၍ သံကြိုးပွတ်တိုက်သံများ ထွက်ပေါ်လာပေ၏။
ခရက်...ခရက်...
အသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ သံကြိုးမှစက်ယန္တရားများလည်ပတ်သွားပြီးနောက် ပိုးထည်ခန်းဆီး၏နောက်မှ ကြီးမားသောဝက်ဝံနက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ သူ၏ပါးစပ်ကိုဟ၍ လုယွီထံ ပြေးဝင်လာသည်။
ဘန်း...ဘန်း...ဘန်း...
ဧရာမဝက်ဝံနက်ကြီးကြောင့် တိုက်ပွဲကွင်းပြင်၏မြေပြင်တစ်ခုလုံး စတင်၍တုန်ခါလာပေ၏။
"ဒါက သွေးဆာလူရိုင်းဝက်ဝံမလား"
"ဒီကောင်လေးက တကယ့်ကိုကံဆိုးတာပဲ...ဒါက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူကိုတောင် တစစီဆုတ်ဖြဲပစ်နိုင်တဲ့ သားရဲသတ္တဝါလေ"
ပတ်ဝန်းကျင်ရှိလူများသည် ဝက်ဝံနက်ကြီးထွက်လာခြင်းကိုမြင်သည်နှင့် တိုက်ပွဲကွင်းပြင်၏အနီး၌ပင် မတ်တတ်မရပ်ဝံ့တော့ချေ။သူတို့သည် ပြင်းထန်သောဖိအားလှိုင်းတစ်ရပ်က သူတို့ထံဦးတည်၍ကျရောက်လာသည်ဟု ခံစားနေရ၏။
ဤတစ်ကြိမ်တွင် လုယွီ သေဆုံးသွားမည်ဟုသာ လူအများက ထင်ကြေးပေးနေကြသည်။
ဝက်ဝံနက်ကြီးသည် တစတစ လုယွီနှင့်နီးကပ်လာခဲ့သည်။
လုယွီက ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး ဝက်ဝံနက်ကြီး၏ခေါင်းကို ဆုပ်ကိုင်လိုက်၏။ထို့နောက် သူက ဝက်ဝံနက်ကြီးအား အဝေးသို့ လွှင့်ပစ်လိုက်သည်။
ဝက်ဝံနက်ကြီး၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် လုယွီ၏ရှေ့၌ မည်သည့်အားသာမှုမျှမရှိချေ။ထိုသားရဲသည်အမှိုက်တစကဲ့သို့ လုယွီ၏လွှင့်ပစ်ခြင်း ခံလိုက်ရ၏။
ဘုန်း....
ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာပြီးနောက် ဝက်ဝံနက်ကြီး၏ခန္ဓာကိုယ်ကြီးက မြေပြင်အတွင်းသို့ နစ်ဝင်သွားတော့သည်။
ဝေါင်း...
ဝက်ဝံနက်ကြီးသည် မလိုလားဟန်ဖြင့် သူ၏ပါးစပ်ကိုဟ၍ အော်ဟစ်ကြုံးဝါးပြီး သူ၏သွေးနီရောင်မျက်လုံးတစ်စုံဖြင့် လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။
လုယွီသည် ရှေ့သို့တိုးပြီး ဝက်ဝံနက်ကြီး၏လည်ပင်းပေါ်သို့ သူ၏ခြေထောက်ကိုတင်လိုက်သည်။သူက အားအနည်းငယ်စိုက်ထုတ်လိုက်ရုံဖြင့် အက်ကွဲသံတစ်သံကိုသာကြားရပြီး ဝက်ဝံနက်ကြီး၏လည်ပင်းကျိုးသွားတော့သည်။
ဧရာမမှော်သားရဲကြီးတစ်ကောင်သည် အလွန်လျှင်မြန်စွာ သတ်ဖြတ်ခံလိုက်ရ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာ စူးစိုက်၍ကြည့်နေကြသည်။
အဖိုးအို၏မျက်လုံးများ တောက်ပသွားသည်။
"အရမ်းကောင်းတယ်...ဒါက အပြင်စည်းတပည့်တွေအတွက်တံဆိပ်ပြားပဲ...ဒါကိုယူလိုက်...ပြီးတော့ မင်းက ဒီလထဲမှာ အကဲဖြတ်စစ်ဆေးမှုကိုဖြတ်ကျော်နိုင်တဲ့ ပထမဆုံးတစ်ယောက်ပဲ...မင်း ဆေးခန်းမကို သွားနိုင်တယ်"
Chapter 1693
ဘာ...
လူတိုင်းက အံ့အားသင့်စွာဖြင့် လုယွီကို ကြည့်လိုက်ကြသည်။
ဆေးခန်းမသည် အကျိုးအမြတ်အရရှိဆုံးနေရာတစ်နေရာဖြစ်ကြောင်း ရွှေမိုးကြိုးဂိုဏ်းအတွင်းရှိလူများအားလုံး သိရှိထားကြသည်။
ရွှေမိုးကြိုးဂိုဏ်းအတွင်းရှိ ဆေးပညာရှင်များအားလုံး ဆေးခန်းမတွင် စုဝေးနေကြ၏။
သာမာန်အားဖြင့် ဆေးပညာရှင်များသည် ရက်ရောသူများဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဆေးပညာရှင်တစ်ယောက်၏နောက်လိုက်သာဖြစ်သွားပါက ထိုသူသည် အင်မော်တယ်ကျောက်တုံးများအတွက် စိုးရိမ်ပူပန်ရမည်မဟုတ်ချေ။
ထို့ပြင် အကယ်၍ ထိုသူသည် ဆေးပညာရှင်တစ်ယောက်၏သဘောကျနှစ်ခြိုက်မှုကိုရရှိပါက ပိုမိုမြင့်မားသောကျင့်ကြံဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် ဆေးလုံးများကိုလည်း ဆုလာဘ်အဖြစ် ရရှိနိုင်သည်။
ထိုအချက်များကြောင့် ဆေးခန်းမတွင် နေရာတစ်နေရာရရှိစေရန် အပြင်စည်းတပည့်များ တိုက်ခိုက်လုယူနေကြရ၏။
"ဂိုဏ်းထောက်ဝမ်...အဲ့ဒီကိစ္စကို ခင်ဗျား ဘာလို့အစောကြီးကတည်းက မပြောတာလဲ"
"ဟုတ်တယ်...တကယ်လို့ အဲ့ဒီလိုမျိုးနေရာတစ်နေရာရမယ်ဆိုတာသာ ငါ သိခဲ့ရင်...ငါ နဂါးဆူပွက်ဆေးလုံးကိုသောက်ပြီး တိုက်ခိုက်လိုက်ပြီ...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါ အပြင်စည်းကို ဝင်ရောက်နိုင်လိမ့်မယ်"
ပတ်ဝန်းကျင်ရှိ နောင်တရနေသူများ၏အသံများကို နားထောင်ပြီးနောက် အဖိုးအိုက တည်ငြိမ်စွာပြောဆိုသည်။
"ငါ မင်းတို့ကို အရင်ကတည်းက အခွင့်အရေးတစ်ခု ပေးထားပြီးပြီ...ဒါပေမယ့် မင်းတို့က အဲ့ဒါကို မယူနိုင်ခဲ့ကြဘူး...နေရာက တစ်နေရာပဲရှိတယ်...မင်းတို့ ခုချိန်မှ နောင်တရနေလို့လည်း အသုံးမဝင်တော့ဘူး"
ထို့နောက် အဖိုးအိုသည် လုယွီဘက်သို့လှည့်ကာ ဆက်လက်ပြောဆိုလေ၏။
"မင်းရဲ့အရည်အချင်းနဲ့ဆိုရင်...နောင်တစ်ချိန်မှာ မင်းက အောင်မြင်မှုကြီးကြီးမားမားရနိုင်တယ်...အပြင်စည်းတပည့်ဝတ်စုံကို သွားထုတ်တော့...အနာဂတ်မှာ မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်"
'ငါ ဒီနေရာမှာ ခဏတော့အနားယူရမယ်'
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှ ရေရွတ်လိုက်သော်လည်း အပေါ်ယံတွင်မူ သူက အဖိုးအိုအား လိမ်မာယဥ်ကျေးစွာ ဆက်ဆံလိုက်သည်။
အပြင်စည်းတပည့်ဝတ်စုံကို ယူဆောင်ပြီးနောက် လုယွီသည် အစေခံတပည့်တစ်ယောက်၏လမ်းပြမှုဖြင့် သူ၏နေအိမ်အသစ်သို့ ထွက်ခွါခဲ့တော့သည်။
ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ အစေခံတပည့်များသည် ကြီးမားသောအိမ်တစ်လုံး၌ မျှဝေ၍နေထိုင်ရသည်။များသောအားဖြင့် အခန်းတစ်ခန်းတွင် လူခုနစ်ယောက် ရှစ်ယောက်ခန့် ကြပ်ညပ်ကာနေရပေ၏။
သို့ရာတွင် အပြင်စည်းသို့ရောက်သည်နှင့် မည်သည့်အပြင်စည်းတပည့်မဆို ကိုယ်ပိုင်အိမ်တစ်လုံးရရှိသည်။ဤအချက်ကြောင့်လည်း အပြင်စည်းတပည့်များကို အစေခံတပည့်များက မနာလိုအားကျကြခြင်းဖြစ်သည်။
"စီနီယာအကို...ဒါက စီနီယာရဲ့အိမ်ပါ"
အစေခံတပည့်သည် စပ်စုချင်သောအကြည့်ဖြင့် လုယွီကိုကြည့်ပြီး ပြောဆိုသည်။
လုယွီသည် ယခုလက်ရှိချိန်ထိ သူနှင့်ဝတ်စုံတူ ဝတ်ဆင်ထားဆဲဖြစ်သော်လည်း အဆင့်အတန်းခြင်းမှာ မိုးနှင့်မြေတမျှ ကွာခြားနေလေပြီ။
ထို့ပြင် သူသည် အကဲဖြတ်စစ်ဆေးမှုကို ယခုကဲ့သို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် အောင်မြင်သွားသူမျိုး မည်သည့်အချိန်ကမျှ မမြင်တွေ့ဖူးချေ။
လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ အင်မော်တယ်ကျောက်တုံးအနည်းငယ်ကိုထုတ်ယူပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်းကို ကျေးဇူးအများကြီးရပါတယ်"
အစေခံတပည့်သည် အပျော်လွန်သွားပြီး အင်မော်တယ်ကျောက်တုံးများကိုယူဆောင်ကာ ထွက်ခွာသွားတော့သည်။
လုယွီက သူ၏ရှေ့ရှိအိမ်ကို ကြည့်လိုက်၏။အိမ်၏နံဘေးပတ်ဝန်းကျင်၌ အကာအကွယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းပြီးနောက် သူက အိမ်အတွင်းသို့ဝင်ကာ ချက်ချင်းပင်စတင်ကျင့်ကြံလိုက်တော့သည်။
သူ့အား နက်ရှိုင်းသောသွေးကြေးရန်ငြှိုးများက စောင့်ကြိုနေရုံသာမက ရှကွေ့ကျုံ၏ခြိမ်းခြောက်မှုလည်းရှိနေသည်။ယခုလက်ရှိအချိန်၌ သူသည် အချိန်ကိုအကောင်းဆုံး စီမံခန့်ခွဲရပေမည်။
အချိန်လဝက်ခန့် ကုန်ဆုံးသွားလေပြီ။
လုယွီသည် အိမ်အတွင်း၌ အဆက်မပြတ်ကျင့်ကြံနေပြီး သူ၏အတွင်းဒဏ်များကို ပြန်လည်ကုသခဲ့ရာ တဖြည်းဖြည်းနှင့် သူ၏ခွန်အား ဆယ်ပုံကိုးပုံထိ ပြန်လည်ရရှိလာခဲ့သည်။
လုယွီသည် ယခင်ကကဲ့သို့ အားနည်းခြင်းမရှိတော့ချေ။ယခုလက်ရှိချိန်တွင် ရှေးဟောင်းအင်မော်တယ်တစ်ယောက်၏စွမ်းအား အပြည့်အဝနိုးထပြီးပြီဖြစ်သဖြင့် သူ၏လှုပ်ရှားမှုတိုင်း အင်မော်တယ်စွမ်းအားအရိပ်အယောင်များ ရောယှက်နေပေ၏။
ပြင်းထန်သောဆေးရနံများနှင့်အတူ လုယွီက နောက်ထပ်ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။ထို့နောက် သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ငါ့ရဲ့ကျင့်ကြံဆင့်ကို အပြည့်အဝပြန်ရသွားပြီ...ငါ ထွက်သွားဖို့ အချိန်ကျလာပြီပဲ"
လုယွီက အိမ်တံခါးကို တွန်းဖွင့်လိုက်၏။
သို့ရာတွင် အိမ်တံခါးအားဖွင့်လိုက်သည်နှင့် လုယွီသည် သူ၏စိတ်ဝိညာဥ်မှတဆင့် ဤကြယ်နယ်မြေပေါ်၌ မြောက်များစွာသောအစွမ်းထက်သည့် နတ်ဘုရားစိတ်အာရုံများရှိနေခြင်းကို အာရုံခံမိသည်။
ထိုနတ်ဘုရားစိတ်အာရုံများသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ကို ဖြတ်သန်းသွားပြီးနောက် တခြားနေရာများသို့ ရွေ့လျားသွားသည်။
"မဟုတ်သေးဘူး...ငါ မဆင်မခြင်ထွက်သွားလို့မဖြစ်ဘူး...ရှေးဟောင်းဖုန်မှုန့်ကြယ်က တော်ဝင်နန်းတော်နဲ့ အရမ်းဝေးကွာတဲ့နေရာမှာရှိတာ...တကယ်လို့ သူတို့သာ ငါကိုရှာတွေ့သွားရင်...ငါ နေရာမှာတင် သေသွားနိုင်တယ်"
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောအတွေးများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ထိုအချိန်မှာပင် အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
"စီနီယာအကိုက တာဝန်သွားထမ်းဆောင်တော့မလို့လား...စီနီယာအကို ဒီနေရာကိုရောက်လာတာ အချိန်ကောင်းပဲ...ဒီနေ့က ဆေးခန်းမဖွင့်တဲ့နေ့လေ...စီနီယာက အဲ့ဒီခန်းမကိုသွားပြီး ဆေးလုံးသန့်စင်လို့ရတယ်...တကယ်လို့ စီနီယာအကိုက ဆေးလုံးမသန့်စင်တက်ဘူးဆိုရင်လဲ...ဆေးပညာရှင်တွေ ဆေးဖော်စပ်တဲ့နေရာမှာ ကူညီပေးမယ်ဆိုရင် ဂိုဏ်းအကျိုးဆောင်ရမှတ်တွေ ရလိမ့်မယ်"
Chapter 1694
ထိုစကားအားပြောဆိုလိုက်သူသည် လုယွီကို ဤနေရာသို့ပို့ဆောင်ပေးခဲ့သော အစေခံတပည့်ဟန်ရှောင်ဖြစ်သည်။
သူသည် ဤပတ်ဝန်းကျင်ရှိအပြင်စည်းတပည့်များကို အလုပ်အကျွေးပြုရသော အစေခံတပည့်ခေါင်းဆောင်ဖြစ်သည်။သာမာန်အားဖြင့် အပြင်စည်းတပည့်များသည် သူတို့လိုအပ်သော ကိစ္စအဝဝကို သူ့အား ခိုင်းစေကြပေ၏။
ထိုကိစ္စများကိုပြုလုပ်ခြင်းဖြင့် သူသည် အင်မော်တယ်ကျောက်တုံးများနှင့် ဂိုဏ်းအကျိုးဆောင်ရမှတ်များကို ရိတ်သိမ်းနိုင်ခဲ့သည်။
"ဆေးခန်းမဖွင့်တဲ့နေလား"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားပေ၏။
ဤနေ့သည် လစဥ်လတိုင်း၏သက်ဝင်လှုပ်ရှားဆုံးနေ့တစ်နေ့ဖြစ်ကြောင်း သူ သိရှိထားသည်။
ဆေးခန်းမရှိအပြင်စည်းတပည့်များအားလုံးသည် ဆေးပညာရှင်များမဟုတ်ချေ။သူတို့အနက်မှတချို့သည် ဆေးပညာရှင်များ၏လက်ထောက်အဖြစ် လုပ်ကိုင်ကြရသည်။
ဆေးခန်းမအဖွင့်နေ့တွင် ဆေးပညာရှင်များအားလုံးသည် လူအများ၏ရှေ့၌ ဆေးသန့်စင်ကြရ၏။ဤနေ့တွင် ရွှေမိုးကြိုးဂိုဏ်း၏မည်သည့်တပည့်မဆို ဆေးပညာရှင်များအား ဆေးလုံးဖော်စပ်ပေးရန် တောင်းဆိုနိုင်သည်။
သူတို့သည် ဆေးပညာရှင်များ၏ကိစ္စတချို့ကို ကူညီလုပ်ကိုင်ပေးပြီး အပြန်အလှန်အနေဖြင့် အင်မော်တယ်ကျောက်တုံးများနှင့် ဂိုဏ်းအကျိုးဆောင်ရမှတ်များ ရရှိနိုင်သည်။
"စီနီယာအကို အပြင်ထွက်လာတာ အချိန်ကောင်းပဲ...အခု ဆေးပညာရှင်တွေက ဆေးသန့်စင်နေကြပြီ"
ဟန်ရှောင်က လုယွီကို ဆေးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။
လုယွီသည် ဆေးခန်းမတွင် တာဝန်ကျခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ သွားရောက်ဖူးခြင်းမရှိချေ။
ဆေးခန်းမနှင့်အတန်ငယ် ကွာဝေးသောနေရာမှပင်လျှင် ပြင်းထန်သောဆေးရနံများ ရရှိနေသည်။
ထိုနေရာတွင် မြောက်များစွာသောဆေးပညာရှင်များသည် စတင်၍ဆေးသန့်စင်နေကြလေပြီ။ပတ်ဝန်းကျင်၌လည်း တပည့်အမြောက်အများ စုဝေးရောက်ရှိနေပေ၏။
ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ဆေးပညာရှင်များသည် ရိုသေလေးစားခံရသူများဖြစ်ခြင်းကို သိရှိနိုင်သည်။
အပြင်လူများ၏ရှေ့၌ ဂိုဏ်းမှအပြင်စည်းတပည့်များသည် ဂုဏ်ကျက်သရေရှိသူများဖြစ်သော်လည်း ဤနေရာတွင်မူ သူတို့သည် ဆေးပညာရှင်များ၏မျက်နှာသာပေးမှုကိုရရှိရန် အစွမ်းကုန်မျက်နှာချိုသွေးနေရသည်။
လုယွီသည် ယခုနေရာတွင်ရှိနေသော ဆေးပညာရှင်များကို ကြည့်လိုက်ရာ သူတို့၏ဆေးပညာအရည်အချင်း မြင့်မားခြင်းမရှိသည်ကို တွေ့မြင်မိပေ၏။လုယွီက ထိုသူများအား တစ်ချက်ကြည့်ပြီး စိတ်ဝင်စားမှုမရှိတော့ချေ။
ဟန်ရှောင်က နောင်တရနေပုံဖြင့် ပြောဆိုသည်။
"စီနီယာအကို...ကျွန်တော်တို့လာတာ နောက်ကျသွားပြီ...ဆေးပညာရှင်တွေကို လက်တိုလက်တောင်းကူညီပေးဖို့ ကျွန်တော်တို့အတွက် အခွင့်အရေးမရှိလောက်တော့ဘူး"
"ဒါက ဟန်ရှောင်မဟုတ်လား...နင်က ဘယ်စီနီယာအကိုရဲ့နောက်ကို လိုက်လာတာလဲ"
ထိုအချိန်မှာပင် ချောမောလှပသော အမျိုးသမီးတစ်ယောက်က သူတို့နှစ်ယောက်အနီးသို့ ရောက်ရှိလာသည်။
ထိုအမျိုးသမီးသည် အစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ခန္ဓာကိုယ်အချိုးအစားနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ထားပုံရသဖြင့် ချောမောလှပသူတစ်ယောက်ဟု ဆိုနိုင်ပေ၏။
ဟန်ရှောင်က ထိုအမျိုးသမီးကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။
"ကျီးယန်..."
သူတို့ရှေ့ရှိအမျိုးသမီးသည် တစ်ချိန်က ဟန်ရှောင်၏တာအိုလက်တွဲဖော်ဖြစ်သော ကျီးယန်ဖြစ်ပေ၏။
သို့သော် နောက်ပိုင်းတွင် ဟန်ရှောင်သည် သာမာန်အစေခံတပည့်တစ်ယောက်သာဖြစ်သဖြင့် ကျီးယန်သည် သူ့အား စွန့်ခွာသွားခဲ့သည်။
တခြားတစ်ဖက်တွင် ယခုလက်ရှိ သူမ၏တာအိုလက်တွဲဖော်မှာ ဆေးခန်းမ၏ပင်မတပည့်လျောင်ရှင်းချန်ဖြစ်သည်။
ရွှေမိုးကြိုးဂိုဏ်း၏တပည့်များကို အစေခံတပည့် အပြင်စည်းတပည့် အတွင်းစည်းတပည့်နှင့် ပင်မတပည့်ဟူ၍ အဆင့်ခွဲခြားသက်မှတ်ထားသည်။
ပင်မတပည့်များသည် အကြီးအကဲတစ်ယောက် သို့မဟုတ် ဂိုဏ်းချုပ်ထံမှ ပညာအမွေအနှစ်ကိုဆက်ခံရရှိပြီး ရွှေမိုးကြိုးဂိုဏ်း၏အစစ်အမှန် အမွေအနှစ်ဆက်ခံသူများဖြစ်ပေသည်။
ထို့ပြင် လျောင်ရှင်းချန်၏ဆရာသခင်သည် ဆေးခန်းမ၏ ရွှမ်အဆင့်ရောက်လုနီးပါး ဆေးပညာရှင်ဖြစ်သည်။
ဆရာသခင်ဖြစ်သူ၏အဆင့်အတန်းကြောင့် ဆေးခန်းမတစ်ခုလုံးတွင် လျောင်ရှင်းချန်၏အဆင့်အတန်းကို မည်သူမျှမယှဥ်ပြိုင်နိုင်ချေ။ထို့ပြင် ဆေးပညာရှင်ဟူသော သူ၏အဆင့်အတန်းကလည်း လျောင်ရှင်းချန်၏အရှိန်အဝါကို ပို၍တောက်ပစေသည်။
လျောင်ရှင်းချန်နှင့်နှိုင်းယှဥ်ပါက ဟန်ရှောင်သည် လူနုံလူအတစ်ယောက်သာဖြစ်ပြီး နှိုင်းယှဥ်ဖော်ပြရန်ပင် မထိုက်တန်ချေ။
"ဒါက နင်အခု အလုပ်အကျွေးပြုနေတဲ့ အပြင်စည်းတပည့်လား...ဟန်ရှောင်...နင့်မှာ တကယ့်ကို အနာဂတ်မရှိတော့ဘူးပဲ...ကံကောင်းပြီး ငါက ဥာဏ်ကောင်းခဲ့လို့သာပဲ ..နင့်နောက်ကို ရူးရူးမိုက်မိုက် မလိုက်ခဲ့မိဘူး"
ကျီးယန်က မျက်ခုံးပင့်၍ပြောဆိုပြီး သူမ၏လှပချောမောသော မျက်နှာထက်၌ လှောင်ပြောင်သရော်လိုမှုများနှင့် ပြည့်နှက်နေသည်။
ဟန်ရှောင်က ခါးသည်းသောအပြုံးနှင့်ပြောဆိုသည်။
"ငါတို့ လမ်းခွဲခဲ့တာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့်...ငါတို့ဆီမှာ မိတ်ဆွေဆက်ဆံရေးတော့ ရှိသင့်တယ်လေ...မင်းက ငါ့ကိုတွေ့တဲ့အချိန်တိုင်း ဘာလို့လှောင်ပြောင်သရော်နေတာလဲ"
ကျီးယန်က လက်ဝှေ့ယမ်းပြလေ၏။
"တောင်းပန်ပါတယ်...ငါက အမှိုက်တွေနဲ့စကားပြောရင် ဒီလိုပုံစံပဲပြောတက်တယ်"
ထို့နောက် သူမက လုယွီကို ရန်စလိုသောအကြည့်ဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ် စီနီယာအကို...ကျွန်မက စီနီယာကိုရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး...စိတ်ထဲမထားပါနဲ့...ခစ် ခစ်...."
Chapter 1695
ဟန်ရှောင်က စိတ်ပျက်လက်ပျက်အမူအယာဖြင့် အော်ဟစ်လိုက်၏။
"တော်သင့်ပြီ...မင်းအရမ်းလွန်နေပြီ...မင်းက အစေခံတပည့်အဆင့်ပဲရှိတာ...မင်းက စီနီယာအကိုကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တာလား"
ထိုစကားကိုကြားချိန်တွင် ကျီးယန်က ရယ်မောလေသည်။သူမက ဟန်ရှောင်ကို အထင်အမြင်သေးစွာကြည့်ပြီး ပြောဆိုသည်။
"နင်က တကယ့်ကို အရူးတစ်ယောက်ပဲ...အခုချိန်မှာ ငါရဲ့အဆင့်အတန်းက ဘာလဲဆိုတာ နင်သိလား...နိမ့်ကျတဲ့အပြင်စည်းတပည့် မပြောနဲ့...အတွင်းစည်းတပည့်တွေတောင် ငါ ရှေ့ကိုရောက်လာရင်...ငါ ဆူပူကြိမ်းမောင်းလို့ရတယ်...ဘယ်ကောင်က ငါ့ကို သင်ခန်းစာပေးဝံ့လဲ"
"မင်း...."
ဟန်ရှောင်၏မျက်နှာ နီမြန်းသွားပေ၏။သူသည် ကျီးယန်ကို လက်ညှိုးထိုးလိုက်ပြီး သူ၏လက်များက တုန်ရီနေသည်။
သူ၏နောက်သို့လိုက်ပြီး သူ၏အိပ်ယာအားနွေးထွေးအောင်ပြုလုပ်ပေးမည်ဟု ပြောဆိုခဲ့ဖူးသော မိန်းကလေးသည် ဤကဲ့သို့ပုံစံမျိုးဖြစ်သွားသည်ကို သူ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။
"ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်မှာပင် လူငယ်တစ်ယောက် ရောက်ရှိလာသည်။
ထိုလူငယ်သည် အဖိုးတန်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသည်။ထိုပိုးထည်ဝတ်စုံပေါ်၌ လျှပ်စီးမိုးကြိုးကဲ့သို့ပုံသဏ္ဍာန်တချို့ကို ပန်းထိုးထားသည်။ဤဝတ်စုံသည် ရွှေမိုးကြိုးဂိုဏ်း၏အဆင့်အတန်းမြင့်မားသည့် တပည့်များသာ ဝတ်ဆင်ရသော ဝတ်စုံဖြစ်သည်။
လူငယ်၏နောက်တွင် လူအမြောက်အများရှိနေပြီး အများစုမှာ အပြင်စည်းတပည့်များဖြစ်သည်။
အပြင်လူများ၏အမြင်တွင် အပြင်စည်းတပည့်များသည် အလွန်အဆင့်အတန်းမြင့်ပုံရသော်လည်း လူငယ်၏ရှေ့တွင်မူ သူတို့သည် နောက်လိုက်အဆင့်သာရှိပေ၏။
ထိုလူငယ်သည် ပင်မတပည့် လျောင်ရှင်းချန်ပင်။
လျောင်ရှင်းချန်သည် ကျီးယန်ထံလျှောက်သွားပြီး သူမကို သူ၏လက်မောင်းကြားသို့ဆွဲသွင်းကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုသည်။
"ဘာဖြစ်နေတာလဲ...မင်းကို စိတ်ဆိုးအောင် ဘယ်သူလုပ်တာလဲ"
ကျီးယန်၏မျက်လုံးအတွင်း၌ ဖျားယောင်းသွေးဆောင်နေသော အရိပ်အယောင်များလရှိနေပေ၏။သူမက ဟန်ရှောင်ထံသို့ ရန်လိုသောအကြည့်ဖြင့်တစ်ချက်ကြည့်ပြီး ချွဲနွဲ့သောအသံဖြင့် ပြောဆိုသည်။
"သူက ကျွန်မရဲ့အရင်က တာအိုလက်တွဲဖော်ပါ...သူက ကျွန်မကို လာရှာပြီး ကြမ်းကြမ်းတမ်းတမ်းစကားတွေပြောနေတာ...ကျွန်မ အရမ်းကြောက်တာပဲ"
"မင်း...မင်း သွားပုပ်လေလွင့်စကားတွေ မပြောစမ်းနဲ့"
ဟန်ရှောင်သည် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားခဲ့သည်။သူ ဤနေရာသို့လာခဲ့ခြင်းမှာ လုယွီ၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
လျောင်ရှင်းချန်က မျက်ခုံးပင့်ပြီး အေးစက်တင်းမာသောအကြည့်ဖြင့် ဟန်ရှောင်အားကြည့်လိုက်၏။
"ဒါဆို မင်းက သူ့ရဲ့အရင်က အမှိုက်တာအိုလက်တွဲဖော်ပေါ့..ဟုတ်လား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ သူ့ကို လာရှာဝံ့တာလဲ"
လျောင်ရှင်းချန်သည် အရပ်ရှည်ပြီး ဟန်ရှောင်ထက် ခေါင်းတစ်လုံးစာခန့် ပို၍မြင့်မားသည်။ထို့ပြင် သူသည် မွေးဖွားလာစဥ်မှစ၍ အဆင့်အတန်းမြင့်မားသောအသိုင်းအဝိုင်းတွင် နေထိုင်ခဲ့သူဖြစ်သဖြင့် သူ၏ခမ်းနားသောအရှိန်အဝါက ချက်ချင်းဆိုသလိုပင် ဟန်ရှောင်အား လွှမ်းမိုးသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ဟန်ရှောင်၏မျက်နှာသည် နီမြန်းနေပြီး စိတ်လှုပ်ရှားကာ ကြက်သေသေနေပေ၏။
ဟန်ရှောင်က စကားမပြောသော်လည်း လျောင်ရှင်းချန်၏နောက်မှ နောက်လိုက်တစ်စုသည် အခွင့်အရေးတစ်ခု ရှာဖွေတွေ့ရှိသွားကြသည်။
"ယုတ်ညံတဲ့ အစေခံကောင်ကများ...မိန်းကလေးကျီးယန်ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့လေ...မင်းကိုယ်မင်းလည်းပြန်ကြည့်အုံး...မင်း အခု ကြောက်သေးပန်းနေပြီမလား"
"အမှန်ပဲ..သူ ဘယ်လောက် သူရဲဘောကြောင်လဲဆိုတာ မင်းတို့ ကြည့်လိုက်ကြအုံး...ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့သေတော့မယ်"
"ဒီနေရာက ထွက်သွားစမ်း...ငါတို့စီနီယာရဲ့မျက်စေ့အောက်ကို ရောက်မလာစေနဲ့...မင်းရဲ့ အစေခံဆိုတဲ့ အဆင့်အတန်းလေးကိုတောင် မထိန်းသိမ်းနိုင်ဖြစ်သွားမယ်"
ထိုလူစုသည် ဟန်ရှောင်၏ကို အနည်းငယ်မျှပင်ဂရုစိုက်ခြင်းမရှိဘဲ ရိုင်းပျစွာ ပျက်ရယ်ပြုသရော်နေကြသည်။
ဟန်ရှောင်သည် မူလကတည်းက ရှက်ရွံသိမ်ငယ်တက်သော စိတ်နေသဘောထားရှိသူဖြစ်သည်။ယခုအချိန်တွင် လူအမြောက်အများ၏ ဝိုင်းရံပြက်ရယ်ပြုခြင်းကိုခံနေရသဖြင့် သူ သေချင်စိတ်ပေါက်နေပေ၏။
"ကောင်းပြီလေ...ငါက ဒီနေ့ မြင့်မြတ်သူတစ်ယောက်လာမှာကို စောင့်နေတာ...မင်းလို အမှိုက်ကောင်နဲ့ အငြင်းမပွားချင်ဘူး...ရွှေမိုးကြိုးဂိုဏ်းကနေ မြန်မြန်ထွက်သွားစမ်း...မင်းရဲ့ အစေခံတပည့်ဆိုတဲ့အဆင့်အတန်းကို ဖျက်သိမ်းလိုက်ပြီ"
လျောင်ရှင်းချန်က မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
ဟန်ရှောင်သည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။သူ အစေခံတပည့်လုပ်ရသည်မှာ ခက်ခဲကြမ်းတမ်းသော်လည်း ရွှေမိုးကြိုးဂိုဏ်း၏ကျင့်ကြံနည်းစနစ်တချို့ကို သင်ယူခွင့်ရခဲ့သည်။
ထိုကျင့်ကြံနည်းစနစ်များအား ပြင်ပလောကတွင် ရရှိရန်အလွန်ခက်ခဲသည်။ထို့ကြောင့် မြောက်များစွာသောလူများသည် ရွှေမိုးကြိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုကြခြင်းဖြစ်ပေ၏။
သို့သော် ယခုလက်ရှိချိန်တွင်မူ အရာအားလုံး ပြီးဆုံးသွားလေပြီ။
ဟန်ရှောင် မြေကြီးပေါ်၌ စိတ်ပျက်လက်ပျက်ထိုင်နေသည်ကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် လျောင်ရှင်းချန်၏နောက်လိုက်များထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
"ထွက်သွားစမ်း...ငါတို့လမ်းကို ပိတ်မထားနဲ့"
နောက်လိုက်တစ်ယောက်သည် ဟန်ရှောင်အား တွန်းထုတ်ရန်အတွက် ရှေ့သို့ထွက်လာသည်။
အချိန်တိုအတွင်းမှာပင် ထိုလူသည် ဟန်ရှောင်၏ရှေ့သို့ရောက်ရှိလာပေ၏။
ထိုအချိန်မှာပင် တချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော လုယွီက ထိုနောက်လိုက်အား နံဘေးသို့ကန်ထုတ်လိုက်သည်။
"သူက ငါနဲ့အတူလာတာ...မင်းတို့က သူ့ကို တိုက်ခိုက်ချင်တာလား"