အခန်း (၁၇၀၁-၁၇၀၅)
Vol. 88 Ch. 1701-1705
Chapter 1701
လူတိုင်း၏အံ့အားသင့်နေသောအကြည့်များအောက်၌ လုယွီသည် မိုးကောင်းကင်ယံအတွင်းရှိ မိုးကြိုးများကိုဆန့်ကျင်ကာ ဆက်လက်၍ဆေးသန့်စင်နေသည်။
လုယွီ၏လက်ဖဝါးအတွင်းရှိ ဆေးမီးဖိုငယ်အတွင်းတွင်လည်း ဆေးလုံးတစ်လုံး၏ပုံသဏ္ဍာန် ဖြစ်တည်နေလေပြီ။
"သူက ဆေး တကယ်ဖော်စပ်နိုင်တာပါလား"
လီဟူရှင်း၏မျက်လုံးများ တောက်ပသွားပေ၏။ဤနှစ်များအတွင်း သူမသည် ပြင်းထန်ယန်ဆေးလုံးကို အဆက်မပြတ် သောက်သုံးခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်အတွင်းရှိ အအေးလှိုင်းချီများကို ကြာရှည်ဖိနှိပ်ထားနိုင်စွမ်းမရှိတော့ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် သူမ၏စိတ်နှလုံးသားအတွင်း၌ သံသယမရှိဟု ပြောဆိုလာပါက ဤသည်က အမှားအယွင်းတစ်ခုဖြစ်ပေမည်။
အကယ်၍ လုယွီ ပြောဆိုသည့်စကားများသာ အမှန်ဆိုပါက.....သူမ ထိုနည်းလမ်းအတိုင်း ကြိုးစားကြည့်ရပေမည်။
ဘုန်း....
ကျယ်လောင်သောမိုးခြိမ်းသံနှင့်အတူ မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများထွက်ပေါ်လာသည်။
အကယ်၍ ထိုမိုးကြိုးတိမ်တိုက်များသည် တခြားဂိုဏ်းများတွင်ထွက်ပေါ်လာပါက အလွန်ရှားပါးသောကိစ္စတစ်ရပ်ဖြစ်ပေမည်။
သို့ရာတွင် ရွှေမိုးကြိုးဂိုဏ်းသည် မိုးကြိုးစွမ်းအင်နည်းစနစ်များကို အဓိကထား၍ကျင့်ကြံသောဂိုဏ်းဖြစ်သည်။ထို့ကြောင့် လူများသည် မိုးကောင်းကင်ယံရှိမြင်ကွင်းကိုမြင်သည့်တိုင် အံ့အားသင့်သွားခြင်းမရှိချေ။
"ကောင်းကင်ယံက မိုးကြိုးတွေက အဲ့ဒီကောင်လေးကြောင့် ထွက်ပေါ်လာတာလား"
"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ....တကယ်လို့ သူက ကပ်ဘေးမိုးကြိုးကိုဆွဲခေါ်နိုင်တဲ့ ဆေးလုံးတစ်လုံးကို သန့်စင်မယ်ဆိုရင်....အနည်းဆုံးတော့ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ဆေးလုံးဖြစ်ရမယ်....အဲ့ဒီအဆင့်ဆေးလုံးမျိုးကို ရွှမ်အဆင့်ဆေးပညာရှင်တွေတောင် အချိန်အကြာကြီးယူပြီး သန့်စင်ရတယ်...ဒီကောင်လေးမှာ အဲ့ဒီလိုအရည်အချင်းမျိုးမရှိနိုင်ဘူး"
မြောက်များစွာသောလူများ၏အကြည့်များအောက်တွင် ပတ်ဝန်းကျင်နေရာအဘက်ဘက်မှ မရေမတွက်နိုင်သော စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီ၏လက်ဖဝါးပေါ်ရှိ ဆေးမီးဖိုအတွင်းသို့ တိုးဝင်လာသည်။
နောက်ဆုံးတွင် ဆေးမီးဖိုအတွင်းရှိ ဆေးပင်ရည်များအားလုံး ဆေးလုံးတစ်လုံးအဖြစ် သိပ်သည်းသွားတော့သည်။
ဟူး...
ဆေးလုံးဖြစ်တည်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိဆေးပညာရှင်များသည် သူတို့၏ဆေးမီးဖိုများတုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
"ဒါက ဘယ်လိုဆေးမျိုးလဲ"
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လီဟူရှင်းကလည်း အလျင်စလိုမတ်တတ်ထရပ်ပြီး စစ်ဆေးလေ၏။
"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဆေးပညာအလုပ်သင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဆေးသန့်စင်နိုင်မှာလဲ"
လျောင်ရှင်းရှန်သည် ဤကဲ့သို့ရလဒ်ကို မျှော်လင့်ထားခြင်းမရှိချေ။
သူသည် ရှေ့သို့အပြေးအလွှားထွက်လာပြီး နီမြန်းနေသော မျက်လုံးတစ်စုံဖြင့် လုယွီသန့်စင်ထားသောဆေးလုံးကို ကြည့်လိုက်သည်။
သို့သော် အကြည့်တချက်ဖြင့်ပင် ရုတ်တရက် သူက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
"ဟား ဟား ဟား...အရမ်းရယ်ဖို့ကောင်းတာပဲ...မင်းက အံ့အားသင့်စရာကောင်းတဲ့ဆေးလုံးမျိုးကို သန့်စင်ခဲ့တယ်လို့ ငါ တကယ်ကို တွေးလိုက်မိတာ...ဒီလိုမျိုး ချွတ်ယွင်းနေတဲ့ဆေးလုံးမျိုးဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လျောင်ရှင်းချန်းက အဆက်မပြတ် လှောင်ပြောင်ရယ်မောနေသည်။
တခြားသူများကလည်း ဆေးလုံးအားစောင့်ကြည့်ရန် အလျင်စလို ရှေ့တိုးလာကြ၏။
လုယွီ၏လက်အတွင်းတွင် မီးခိုးရောင်ဆေးလုံးတစ်လုံးရှိနေသည်။ဆေးလုံး၏မျက်နှာပြင်သည် မှိန်ဖျော့နေပြီး မည်သည့်ဆေးရနံမျှရှိမနေချေ။
ထိုဆေးလုံးသည် ကြမ်းတမ်းသောကျောက်တုံးတစ်တုံးနှင့်သာတူညီပြီး မည်သည့်ထူးခြားချက်မျှလည်းမရှိပေ။
ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် ဆေးလုံးမသန့်စင်နိုင်သောသူများပင်လျှင် ဤဆေးလုံးသည် သန့်စင်ရာ၌ကျရှုံးသွားသောအရာမျိုးဖြစ်ကြောင်း ကောင်းစွာသိရှိပေ၏။
"မင်းက မီးစွမ်းအင်ကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ် ဟုတ်တယ်မလား...ခုဏက မင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်...ကံဆိုးချင်တော့ ဆေး ဘယ်လိုသန့်စင်ရမလဲဆိုတာ မင်း မသိဘူး...ဒီလိုအမှိုက်သရိုက်ဆေးမျိုးကို သန့်စင်ခဲ့တာကတော့ အရမ်းရယ်ဖို့ကောင်းတာပဲ"
လျောင်ရှင်းချန်က ပြက်ရယ်ပြုသရော်နေလေသည်။
လီဟူရှင်း၏မျက်လုံးအတွင်း၌ စိတ်ပျက်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ကောင်းပြီလေ...ငါ နင့်ရဲ့စိတ်စေတနာကိုတော့ လက်ခံလိုက်မယ်...ဒါပေမယ့် နင် ဆေးခန်းမမှာဆက်နေလို့တော့မရဘူး...ငါ နင့်ကိုကူညီပြီး နောက်ထပ်နေရာတစ်နေရာရှာပေးမယ်"
လီဟူရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူမ၏စိတ်နှလုံးသားတစ်ခုလုံး အကြွင်းမဲ့အေးစက်နေပေ၏။မူလက လုယွီ၏ဆေးဖော်စပ်မှု အရှိန်အဟုန်ကို မြင်တွေ့ရချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ မျှော်လင့်ချက်များ ပေါက်ဖွားလာခဲ့သည်။
သို့ရာတွင် ဆေးလုံးကိုမြင်တွေ့ပြီးနောက် သူမ၏မျှော်လင့်ချက်များအားလုံး ပျောက်ကွယ်သွားလေပြီ။
လုယွီက တိုက်တွန်းပြောဆိုလေသည်။
"ငါ့ကို ယုံကြည်ပါ...ဒီဆေးလုံးက မင်းကို ကုသပေးနိုင်တယ်"
"မလိုတော့ဘူး...တကယ်လို့ နင် ဒီနေရာမှာ ဆက်နေမယ်ဆိုရင်....ဆေးခန်းမကလူတွေက နင့်ကို လှောင်ပြောင်သရော်ကြလိမ့်မယ်"
လီဟူရှင်းက လုယွီအား အငြင်းစကားပြောဆိုသည်။
ကိစ္စများက ဤသို့ဖြစ်လာသဖြင့် လုယွီထံ၌ ပြောစရာစကားမကျန်တော့ချေ။
"ငါ မင်းကို နောက်ဆုံးတစ်ကြိမ်တော့ သတိပေးခဲ့မယ်...တကယ်လို့ တစ်ပတ်အတွင်းမှာ မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးလှိုင်းချီတွေကို မဖိနှိပ်နိုင်ဘူးဆိုရင်...နောက်တစ်ကြိမ်အအေးလှိုင်းချီတွေ ပေါက်ကွဲထွက်တဲ့အချိန်ကျရင် မင်း အန္တရာယ်ရှိနိုင်တယ်"
နောက်ဆုံး၌ လုယွီသည် စိတ်စေတနာကောင်းဖြင့် လီဟူရှင်းအား သတိပေးလိုက်၏။
Chapter 1702
"ကောင်းပြီလေ...ငါတို့သခင်မလေးက နင် ဆိုလိုချင်တာကို နားလည်တယ်...ဒါပေမယ့် နင့်ရဲ့အဆင့်နဲ့ နင် ဆေးခန်းမမှာ ဆက်မနေသင့်ဘူး"
အစေခံမလေးက လုယွီကို သတိပေးစကားပြောဆိုသည်။
လုယွီက ခေါင်းခါယမ်းပြီး ဤနေရာမှထွက်ခွာလာခဲ့တော့၏။တစ်ဖက်လူသည် သူ၏စိတ်စေတနာကောင်းကို ငြင်းပယ်ခဲ့သဖြင့် သူထံ၌ ပြောစရာစကားမကျန်တော့ချေ။
"စီနီယာအကို...ကျွန်တော် တောင်းပန်ပါတယ်...ဒါတွေအားလုံးက ကျွန်တော်က စီနီယာအကိုကို ဒီကိစ္စတွေထဲကို ဆွဲသွင်းခဲ့မိလို့ပါ"
ဟန်ရှောင်၏မျက်နှာပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ပြည့်နှက်နေပြီး သူက လုယွီအား တီးတိုးပြောဆိုသည်။
လုယွီက ခေါင်းခါပြလေ၏။
"ဒါက အဆင်ပြေပါတယ်...မင်းကြောင့်မဟုတ်ရင်တောင် ငါက ရွှေမိုးကြိုးဂိုဏ်းကနေ ထွက်သွားတော့မှာ"
"စီနီယာအကိုက ရွှေမိုးကြိုးဂိုဏ်းကနေ ထွက်သွားချင်တာလား"
ဟန်ရှောင်က အံ့အားသင့်တုန်လှုပ်သွားသည်။
လုယွီသည် အပြင်စည်းတပည့်အဖြစ် နေထိုင်ခဲ့သည်မှာ အချိန်တစ်လပင်မပြည့်သေးချေ။
လူတိုင်းသည် ရွှေမိုးကြိုးဂိုဏ်းအတွင်းသို့ဝင်ရန် သူတို့တက်နိုင်သမျှ အကောင်းဆုံးကြိုးစားနေချိန်တွင် လုယွီက မည်သည်ကြောင့် ထွက်သွားချင်ရသနည်း။
"ဒီကောင်းကင်ဘုံနယ်မြေမှာ ကြယ်နယ်မြေတွေ သန်းရာနဲ့ချီပြီးရှိတယ်....ရွှေမိုးကြိုးဂိုဏ်းလိုဂိုဏ်းမျိုးက မရေမတွက်နိုင်တဲ့ကြယ်တွေလိုပဲ အများကြီးရှိတယ်...တကယ်လို့ မင်းက လက်ရှိနေရာကိုပဲ အာရုံစိုက်ထားမယ်ဆိုရင် မင်းရဲ့အောင်မြင်မှုက ဒီနေရာမှာပဲ ရပ်တန့်သွားလိမ့်မယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ဟန်ရှောင်၏မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုတည့်တည့်ကို သူ၏လက်ညှိုးဖြင့် တို့ထိလိုက်၏။
"ဒီလောကကြီးတခွင်လုံးမှာ ခွန်အားကသာ အကြွင်းမဲ့စည်းမျဥ်းပဲ...မင်းနဲ့ငါက ကံကြမ္မာရေစက်အရဆုံတွေ့ခဲ့မှတော့ ငါ မင်းကို ကျင့်ကြံနည်းစနစ်တစ်ခု သင်ကြားပေးခဲ့မယ်...အနာဂတ်မှာ မင်း ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာတော့ မင်းရဲ့ကံကောင်းမှုပေါ်မူတည်တယ်"
ဟန်ရှောင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါနေပြီး မကြာမီမှာပင် ကျင့်ကြံနည်းစနစ်တစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
သူ၏နားလည်သဘောပေါက်မှုအရ ဤကျင့်ကြံနည်းစနစ်သည် ရွှေမိုးကြိုးဂိုဏ်းမှ သူ သင်ယူရသော ကျင့်ကြံနည်းစနစ်ထက် များစွာပို၍နက်နဲသိမ်မွေ့ကာ ရှုပ်ထွေးသည်။
"စီနီယာအကိုကို့ ကျေးဇူးအများကြီးတင်ပါတယ်"
ဟန်ရှောင်က လုယွီအား ကျေးဇူးတင်စကားပြောဆိုသည်။
လုယွီက ခေါင်းခါပြပြီးနောက် ဟန်ရှောင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ဒီစီနီယာအကိုက အပြင်စည်းတပည့်တစ်ယောက်လိုမျိုး ရိုးရှင်းမနေဘူး"
ဟန်ရှောင်က သက်ပြင်းရှိုက်လိုက်၏။
လုယွီထွက်ခွာသွားပြီး များမကြာမီမှာပင်....
ဆရာသခင်နန့်ကုန်းသည် ဆေးခန်းမသို့ အလျင်စလိုရောက်ရှိလာခဲ့သည်။သူ၏နောက်တွင် အနီရောင်ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ရှိနေသည်။ထိုအဖိုးအိုသည် မိုးကြိုးအမှတ်အသားပန်းထိုးထားသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပေ၏။သူသည် ရွှေမိုးကြိုးဂိုဏ်းမှအကြီးအကဲဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။
ထိုအနီရောင်ဝတ်စုံဝတ်အဖိုးအိုသည် လျောင်ရှင်းချန်၏ဆရာသခင် အကြီးအကဲကြိုးကြာဖြစ်သည်။အကြီးအကဲကြိုးကြာသည် တစ်ဝက်တစ်ပျက်ရွှမ်အဆင့် ဆေးပညာရှင်တစ်ယောက်ပင်။ဆရာသခင်နန့်ကုန်းနှင့် နှိုင်းယှဥ်ပါက သူသည် အဆင့်တစ်ဆင့်နိမ့်ကျပေ၏။
"ငါ ခုဏက ဆေးမိုးကြိုးအရှိန်အဝါကို ရှင်းရှင်းလင်း အာရုံခံမိပါတယ်...ဒါက ဒီနေရာမှာပဲ"
ဆရာသခင်နန့်ကုန်းက အလွန်စိတ်လှုပ်ရှားနေသည်။
သူသည် နှစ်ပေါင်းများစွာတိုင်အောင် ဆေးများဖော်စပ်ခဲ့သော်လည်း သူ၏အဆင့်သည် အဆင့်မြင့်အဆင့်စိတ်ဝိညာဥ်ဆေးလုံးကို ဖော်စပ်နိုင်ရုံသာရှိသည်။
အကယ်၍ သူ ထိုထက်မြင့်မားသောအဆင့်သို့ တက်လှမ်းလိုပါက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ဆေးလုံးများကို ဖော်စပ်နိုင်ရပေမည်။ဆရာသခင်နန့်ကုန်းသည် နည်းလမ်းများစွာအသုံးပြု၍ ကြိုးစားခဲ့သော်လည်း တစ်ခုတလေမျှ အသုံးမဝင်ချေ။
သူသည် တောင်ပေါ်တက်၍ လုယွီအားရှာဖွေရန် ကြံရွယ်ခဲ့သည်။သို့သော် သူ ဆေးခန်းမနှင့်နီးကပ်လာချိန်တွင် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ဆေးလုံး၏အရှိန်အဝါကို အာရုံခံမိပေ၏။
ထို့ကြောင့် သူ ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့ခြင်းပင်။
အကြီးအကဲကြိုးကြာ ထွက်ပေါ်လာသည်ကိုမြင်ချိန်တွင် ဆေးခန်းမမှလူများအားလုံးက ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။
"ခုဏက ဒီနေရာမှာ ဘယ်သူဆေးသန့်စင်နေတာလဲ"
အကြီးအကဲကြိုးကြာက ကျယ်လောင်သောအသံဖြင့် မေးမြန်းသည်။
လျောင်ရှင်းချန်အပါအဝင် ဆေးပညာရှင်ဆယ်ယောက်ကျော် ရှေ့ထွက်လာကြ၏။
အကြီးအကဲကြိုးကြာ စကားမပြောဆိုရသေးမီမှာပင် ဆရာသခင်နန့်ကုန်းက ပြောဆိုလိုက်သည်။
"လာကြစမ်း...မင်းတို့ရဲ့ဆေးလုံးတွေ ငါ့ကိုပြကြစမ်း"
ထိုစကားကိုကြားသည်နှင့် လျောင်ရှင်းချန်က စိတ်မပျော်မရွှင်ဖြစ်သွားသည်။
"လူအိုကြီး...ခင်ဗျားက ဘယ်သူလဲ...ကျုပ်ရဲ့ဆရာသခင်တောင် ခုထိ ဘာမှမပြောရသေးဘူး...ခင်ဗျားက ဘာမလို့လဲ"
လျောင်ရှင်းချန်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေ၏။
ဖြောင်း....
လျောင်ရှင်းချန်၏စကား အဆုံးသတ်သွားသောအချိန်မှာပင် သူ့ပါးအား ဖြတ်ရိုက်ခြင်းခံလိုက်ရသည်။
"ခွေးမသား ပါးစပ်ပိတ်ထားစမ်း...ဒါက တော်ဝင်ဆေးပညာအစည်းအရုံးက ရွှမ်အဆင့်ဆေးပညာရှင် ဆရာသခင်နန့်ကုန်းပဲ...သူ ဒီနေရာကိုလာပြီး မင်းတို့ကိုလမ်းညွှန်ပေးတယ်ဆိုတာ မင်းတို့ကို ကောင်းချီးပေးတာပဲ"
ဘာ....
ထို့နောက် သူတို့သည် ဆရာသခင်နန့်ကုန်း၏ရင်ဘတ်တွင်ချိတ်ဆွဲထားသော တံဆိပ်ပြားကို တွေ့မြင်လိုက်ကြသည်။
ဤသည်က ရွှမ်အဆင့်ဆေးပညာရှင်များ၌သာရှိနိုင်သော တံဆိပ်ပြားဖြစ်သည်။
ဤနေရာမှထွက်ခွာရန်ဟန်ပြင်နေသော လီဟူရှင်းပင် ရပ်တန့်သွားပေ၏။
ရွှမ်အဆင့်ဆေးပညာရှင်များမှာ အလွန်ရှားပါးသည်။ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင်ပင် ရွှမ်အဆင့်ဆေးပညာရှင်အရေအတွက်သည် လက်ငါးချောင်းထက်မပိုချေ။
"ဆရာသခင်နန့်ကုန်းကို ဂါရဝပြုပါတယ်"
လျောင်ရှင်းချန်နှင့်တခြားဆေးပညာရှင်များသည် လိမ်မာရို့ကျိုးစွာဖြင့် သူတို့၏လက်အတွင်းရှိ ဆေးလုံးများကို ပြသလိုက်ကြ၏။
Chapter 1703
ဆရာသခင်နန့်ကုန်းက ချက်ချင်းပင် ဆေးများအားလုံးကို ဆန်းစစ်လိုက်သည်။သို့ရာတွင် သူ ပို၍ကြည့်လေလေ သူ ပို၍စိတ်ပျက်လာလေလေပင်။
နောက်ဆုံးတွင် သူက မျက်မှောင်ကြုတ်၍ အကြီးအကဲကြိုးကြာကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီနေရာမှာ မင်းတို့ရွှေမိုးကြိုးဂိုဏ်းက ဆေးပညာရှင်တွေအားလုံး ရောက်နေတာလား...မင်းက ဘာလို့ ဆေးပညာအလုပ်သင်တစ်စုကို ဆေးဖော်စပ်ခွင့်ပေးတာလဲ"
လျောင်ရှင်းချန်က မကျေမချမ်း ပြောဆိုသည်။
"ဆရာသခင်နန့်ကုန်း...ကျွန်တော်တို့က ဆေးပညာရှင်တွေပါ...ဆေးပညာအလုပ်သင်တွေ မဟုတ်ပါဘူး...ဘာပြဿနာရှိနေလို့လဲ"
"ဟမ့်...မင်းတို့က ဆေးပညာရှင်တွေ...ဟုတ်လား"
ဆရာသခင်နန့်ကုန်းသည် လျောင်ရှင်းချန်၏လက်အတွင်းမှ ပြင်းထန်ယန်ဆေးလုံးကိုကောက်ယူကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဆေးပင်တွေက ဖရိုဖရဲဖြစ်နေပြီးတော့ စွမ်းအင်တွေအားလုံးကို အတူတကွပေါင်းစည်းထားတယ်...ဒီဆေးလုံးကိုကြည့်ရတာ ယန်ဓာတ်ကြွယ်ဝပုံရပေမယ့် ဆေးပင်မျိုးစုံကိုရောစပ်ထားတဲ့အာနိသင်ပဲရှိမယ်...မင်းက အဆိပ်ဆေးလုံးကို ဖော်စပ်ထားတာလား"
ထိုစကားကိုကြားသည်နှင့် လျောင်ရှင်းချန်က အလွန်စိတ်မချမ်းမသာဖြစ်သွားသည်။
"ဆရာသခင်နန့်ကုန်း....စီနီယာက နှစ်ပေါင်းများစွာကြာအောင် ဆေးဖော်စပ်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်ရဲ့ဆေးလုံးကိုတော့ ခုလိုမျိုးမပြောသင့်ပါဘူး...ဟုတ်တယ်မလား...ကျွန်တော်ရဲ့ဆေးလုံးကို ကျွန်တော်ရဲ့ဆရာသခင်ပေးထားတဲ့ ဆေးညွှန်းအတိုင်း ဖော်စပ်ထားတာ...ဒါက ဘယ်လိုမှ အမှားအယွင်းမရှိနိုင်ဘူး"
လျောင်ရှင်းချန်က အော်ဟစ်ပြောဆိုလိုက်၏။
သူသည် စိတ်ကြီးဝင်မောက်မာပြီး သူ့ကိုယ်သူ တခြားသူများထက်သာလွန်သည်ဟု ခံယူထားသည်။ဆရာသခင်နန့်ကုန်းသည် ရွှမ်အဆင့်ဆေးပညာရှင်ဖြစ်နေလျှင်ပင် သူ့ဆေးလုံးကိုဝေဖန်ခြင်းအား လက်မခံနိုင်ချေ။
"မင်းက လက်မခံနိုင်ဘူးလား"
ဆရာသခင်နန့်ကုန်းသည် ငွေအပ်တစ်ခုကိုထုတ်ယူ၍ ပြင်းထန်ယန်ဆေးလုံးနှင့် ညင်သာစွာထိတွေ့လိုက်သည်။
မူလက ကျစ်လစ်သိပ်သည်းပြီး လုံးဝိုင်းသော ပြင်းထန်ယန်ဆေးလုံးသည် ချက်ချင်းဆိုသလို တစစီကွဲကြေသွားတော့သည်။
ပတ်ဝန်းကျင်ရှိစောင့်ကြည့်နေကြသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားပေ၏။
အကယ်၍ ဆေးလုံးအတွင်းအား သန့်စင်ပါက အတွင်းပိုင်းဖွဲ့စည်းပုံသည် အလွန်အမင်းကျစ်လစ်သိပ်သည်းနေရပေမည်။သို့မှသာလျှင် ထိုဆေးလုံးသည် လွယ်လင့်တကူ ကျိုးကြေနိုင်မည်မဟုတ်ချေ။
လျောင်ရှင်းချန်၏ဆေးလုံးသည် လွယ်လင့်တကူကွဲကြေသွားသည်ကိုကြည့်ခြင်းအားဖြင့် ဆေးသန့်စင်ရာတွင် ကျရှုံးသွားကြောင်း သိသာထင်ရှားလှ၏။
အကြီးအကဲကြိုးကြာသည် ဒေါသတကြီးဖြင့် ရှေ့သို့ထွက်လာပြီး ဆေးလုံးအတွင်းရှိပါဝင်ပစ္စည်းများကိုစစ်ဆေးကာ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လေသည်။
"ဒါက ငါ မင်းကို အမြဲတမ်းသင်ထားပေးခဲ့တဲ့ ဆေးသန့်စင်တဲ့ပုံစံလား...မီးနဂါးသီးတွေ မင်း ဘယ်လောက်များများ ထပ်ပေါင်းထည့်ထားတာလဲ...ပြီးတော့ မင်းက ဆေးပင်တွေကအဆိပ်အတောက်တွေကို ပျက်ပြယ်စေဖို့ ရေခဲသစ်ရွက်တွေကို မထည့်ခဲ့ဘူးမလား"
လျောင်ရှင်းချန်၏မျက်နှာအမူအယာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားသည်။မူလက သူသည် သူ၏ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးကိုအသုံးပြု၍ သူ့ဆရာသခင်၏ဆေးညွှန်းထက် ပို၍ကောင်းမွန်သော ပြင်းထန်ယန်ဆေးလုံးကို ပြောင်းလဲဖော်စပ်မည်ဟု တွေးတောခဲ့ပေ၏။
သို့ရာတွင် အမှန်အားဖြင့် သူ၏ဆေးညွှန်းပြောင်းလဲမှု အပြည့်အဝကျရှုံးခဲ့သည်။
အချိန်တခဏကြာ စိတ်ဓာတ်ကျဆင်းပြီးနောက် လျောင်ရှင်းချန်က အလျှင်အမြန် ပြန်လည်ကောင်းမွန်လာသည်။
"ဆရာသခင်...ဒီလိုမျိုးတစ်ခါကျရှုံးတာနဲ့...ကျွန်တော်ရဲ့ဆေးပညာအရည်အချင်း နိမ့်ပါးတယ်လို့ မဆိုလိုနိုင်ပါဘူး"
လျောင်ရှင်းချန်က တည်ငြိမ်စွာ ပြောဆိုလေ၏။
အကြီးအကဲကြိုးကြာက သူ့အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်ရာ လျောင်ရှင်းချန်သည် ငြိမ်ကုပ်သွားပြီး မည်သည့်စကားမျှ ထပ်မဆိုဝံ့တော့ချေ။
"ဆရာသခင်နန့်ကုန်း...ဒီတပည့်တွေဆီက ဆေးလုံးတွေကိုကြည့်ဖို့ စီနီယာက ဒီနေရာကိုရောက်လာတာလား"
အကြီးအကဲကြိုးကြာသည် အနည်းငယ်သိချင်စိတ်ပြင်းပြနေပေ၏။
ဆရာသခင်နန့်ကုန်း၏အဆင့်အတန်းဖြင့် ဤတပည့်များထံမှဆေးလုံးများကို ပြသခိုင်းရန် မလိုအပ်ချေ။
ဆရာသခင်နန့်ကုန်းက ပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်လေသည်။
"မင်းတို့အပြင် ခုဏက ဒီနေရာမှာ ဆေး ဘယ်သူဖော်စပ်သေးလဲ"
လူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ဆေးဖော်စပ်သည့်အချိန်သည် အလွန်ကြာမြင့်သည်ဖြစ်ရာ ယေဘုယျအားဖြင့် မည်သူကမျှ တစ်ဝက်တစ်ပျက်ဖြင့် ထွက်ခွါသွားခြင်းမရှိပေ။
အစောပိုင်းက ဤနေရာတွင် ဆေးဖော်စပ်နေသူဟူ၍ သူတို့လူစုသာရှိသည်။
ရုတ်တရက် တစ်စုံတစ်ယောက်သည် လုယွီအား တွေးတောမိသွားကာ သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီကောင်လေးတော့ မဟုတ်လောက်ပါဘူးနော်...သူ ဖော်စပ်ခဲ့တာက ဆေးလုံးမဟုတ်ဘူး...ကျောက်တုံးတစ်တုံးပဲ"
တခြားသူများကလည်း လုယွီ ထွက်ခွာသွားခဲ့သည်ကိုတွေးတောပြီး ရယ်မောလိုက်ကြ၏။
"ဘယ်ကောင်လေးလဲ"
ဆရာသခင်နန့်ကုန်းသည် သူလိုချင်သော အချက်အလက်၏အရိပ်အယောင်ကို ဖမ်းဆုပ်မိသဖြင့် မျက်မှောင်ကြုတ်၍ မေးမြန်းလေသည်။
လျောင်ရှင်းချန်က အလျင်စလို ရှင်းပြသည်။
"သူက ကံကောင်းပြီး အစေခံတပည့်ကနေ အပြင်စည်းတပည့်အဖြစ်နဲ့ အဆင့်တက်လာတဲ့ ကောင်လေးတစ်ယောက်ပါ...သူက မိုးကောင်းကင် ဘယ်လောက်မြင့်မားပြီး မြေပြင်ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို မသိဘူး...လူတိုင်း ဆေးဖော်စပ်နိုင်တယ်လို့ သူက ထင်နေပုံရတယ်...သူ့ကို ကျွန်တော်တို့ မောင်းထုတ်လိုက်ပါပြီ"
"သူက အရင်က အစေခံတပည့်တစ်ယောက်လို့ မင်း ဆိုလိုချင်တာလား"
ဆရာသခင်နန့်ကုန်းက သူ၏လက်ကိုဆန့်တန်း၍ ပြောဆိုသည်။
"သူ ဖော်စပ်ခဲ့တဲ့ဆေးလုံး ငါ့ကိုပြစမ်း"
မကြာမီမှာပင် တစ်စုံတစ်ယောက်သည် လုယွီ ဖော်စပ်ခဲ့သောဆေးလုံးကို အမှိုက်များကြားမှကောက်ယူကာ ရိုလေလေးစားစွာဖြင့် ဆရာသခင်နန့်ကုန်းထံ ပေးအပ်လိုက်သည်။
Chapter 1704
လုယွီ သန့်စင်ခဲ့သောဆေးလုံးကို သူတို့က အမှိုက်ပုံးအတွင်း လွှင့်ပစ်ခဲ့သဖြင့် ဆေးလုံးတွင် ဖုန်အလိမ်းလိမ်းကပ်နေသည်။
လျောင်ရှင်းချန်၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
"ဆရာသခင်နန့်ကုန်း...စီနီယာက အဆင့်အတန်းမြင့်မားသူပါ...ဒီလို ဆိုးရွားတဲ့ဆေးလုံးမျိုးကို မကြည့်တာ ပိုကောင်းလိမ့်မယ်...အဲ့ဒီအရာက စီနီယာရဲ့မျက်လုံးကို ညစ်ညမ်းစေနိုင်တယ်"
လီဟူရှင်းက နံဘေးဘက်၌ မတ်တတ်ရပ်ကာ စောင့်ကြည့်နေသည်။သူမသည် စကားတစ်ခွန်းမျှ ပြောဆိုခဲ့ခြင်းမရှိချေ။ဆရာသခင်နန့်ကုန်း ရုတ်တရက်ရောက်လာသည့်တိုင် သူမသည် များစွာတွေးတောခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ လူအများ၏ပြက်ရယ်ပြုရယ်မောခြင်းကိုခံရပြီးနောက် လုယွီ ထွက်ခွာခဲ့သည်ကို လူတိုင်းတွေ့မြင်ပြီးဖြစ်သည်။
ဆရာသခင်နန့်ကုန်း ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံရသည့် အရည်အချင်းမျိုး လုယွီထံတွင်ရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဆရာသခင်နန့်ကုန်းသည် သူ့လက်ဖဝါးပေါ်ရှိဆေးလုံးကို ဂရုတစိုက်လေ့လာဆန်းစစ်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများ ပေါက်ဖွားလာပေ၏။
သို့ရာတွင် သူသည် ထိုစိတ်လှုပ်ရှားမှုကို ကောင်းမွန်စွာဖုံးကွယ်ထားသဖြင့် တခြားသူများသည် သူ၏မျက်နှာပေါ်မှအမူအယာကို ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရပေ။
"ဒီဆေးလုံးကိုဖော်စပ်ခဲ့တဲ့သူ ဘယ်ရောက်သွားလဲ"
ဆရာသခင်နန့်ကုန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှစိတ်ခံစားချက်များကို ဖိနှိပ်ပြီး မေးမြန်းလိုက်သည်။
လျောင်ရှင်းချန်က ပြောဆိုလေသည်။
"သူလား...ဒီလို အမှိုက်သရိုက်ဆေးလုံးမျိုးကို သန့်စင်ပြီးမှတော့ သူ ဘယ်မျက်နှာနဲ့ ဒီနေရာမှာဆက်နေဝံ့မှာလဲ...သူ ထွက်သွားပြီ"
ဘာ...
ဆရာသခင်နန့်ကုန်း၏မျက်နှာ သုန်မှုန်သွားပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းတို့က သူ့ကို မောင်းထုတ်လိုက်တာလား"
သူသည် ရွှမ်အဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် သူ၏ကျင့်ကြံဆင့်မှာလည်း အားနည်းခြင်းမရှိချေ။သူ၏အော်ငေါက်သံ ထွက်ပေါ်လာသောအချိန်တခဏတွင် လျောင်ရှင်းချန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
'အဲ့ဒီကောင်လေးက ဆရာသခင်နန့်ကုန်းရဲ့ဆွေမျိုးတစ်ယောက်ယောက်များ ဖြစ်နေမလား"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လျောင်ရှင်းချန်၏စိတ်အတွင်း၌ အတွေးများစွာ ဖြတ်ပြေးသွားသည်။သူက အလျှင်အမြန် ပြောဆိုလိုက်၏။
"ကျွန်တော် သူ့ကို မောင်းထုတ်တာမဟုတ်ပါဘူး...သူ့ဟာသူ ထွက်သွားတာပါ...အဲ့ဒါကို ဒီနေရာကလူအားလုံး သက်သေခံနိုင်ပါတယ်"
ကျီးယန်နှင့်တခြားသူများသည် လျောင်ရှင်းချန်၏စကားများမှန်ကန်ကြောင်း သဘောတူထောက်ခံလိုက်ကြသည်။
လုယွီသည် ဆန္ဒအလျောက်ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်တွင် ဆရာသခင်နန့်ကုန်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လေသည်။
"သူက ရွှေမိုးကြိုးဂိုဏ်းကလူဆိုမှတော့...ငါ သူကို ရှာရလိမ့်မယ်"
အကြီးအကဲကြိုးကြာက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"ဆရာသခင်...ကျွန်တော် နားမလည်ဘူး...ဘာလို့ စီနီယာက အပြင်စည်းတပည့်တစ်ယောက်ကို အရမ်းအာရုံစိုက်နေတာလဲ"
မူလက သူသည် ဆရာသခင်နန့်ကုန်း ဤနေရာသို့ရောက်လာခြင်းမှာ တပည့်အသစ်များခေါ်ယူလိုခြင်းကြောင့်ဟု တွေးတောခဲ့သည်။
သို့ရာတွင် ဆရာသခင်နန့်ကုန်းကိုကြည့်ရသည်မှာ တပည့်သစ်ရှာဖွေရန်လာခြင်း ဖြစ်ပုံမရချေ။
'ဖြစ်နိုင်တာတော့ အဲ့ဒီကောင်လေးက နှိမ့်နှိမ့်ချချနေတက်ပုံပဲ...ဟား ဟား...ဒါက ငါရဲ့စိတ်နေသဘောထားနဲ့ ပိုပြီးလိုက်လျောညီထွေရှိတယ်'
ဆရာသခင်နန့်ကုန်းက သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်ပြီး အပြုံးနှင့်ပြောဆိုသည်။
"ငါ ဒီဆေးလုံးကို လိုချင်တယ်...မင်းတို့ တန်ကြေးသတ်မှတ်နိုင်တယ်"
ဘာ....
လက်ရှိနေရာတွင်ရှိနေသည့်သူများအားလုံး သူတို့၏နားများကိုပင် သူတို့ မယုံကြည်ကြတော့ချေ။
ဤသည်က ဆေးဖော်စပ်ရာတွင် ကျရှုံးသွားသော ဆေးလုံးတစ်လုံးမဟုတ်လော...
မည်သည်ကြောင့် ဆရာသခင်နန့်ကုန်းသည် ဤဆေးလုံးအား အလိုရှိနေသနည်း။
"မင်း သဘောတူလား"
ဆရာသခင်နန့်ကုန်းက လျောင်ရှင်းချန်အား စူးစိုက်၍ကြည့်လိုက်သည်။
လျောင်ရှင်းချန်သည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် သူထံသို့ကျရောက်လာသည်ကို ခံစားမိပေ၏။ဤအချိန်အခိုက်အတန့်တွင် သူ အသက်ပင်မရှုနိုင်တော့ချေ။
ဆရာသခင်နန့်ကုန်းသည် အလွန်အစွမ်းထက်သောကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။
"ကျွန်တော်...."
လျောင်ရှင်းချန်၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။သူသည် ရုတ်တရက်တစ်စုံတစ်ခုကို တွေးတောမိသွားပြီး လီဟူရှင်းထံသို့ လက်ညှိုးညွှန်ကာ ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးက ဆေးလုံးကို သခင်မလေးအတွက် ဖော်စပ်ပေးခဲ့တာပါ...ဒီဆေးလုံးအတွက်ဆုံးဖြတ်ပေးနိုင်တဲ့သူက သခင်မလေးပဲ"
သူ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး နံဘေးဘက်မှအကြီးအကဲကြိုးကြာက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
လီဟူရှင်းက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။
"ဆရာသခင်နန့်ကုန်းလိုချင်တယ်ဆိုရင် အဲ့ဒါကိုယူလိုက်ပါ...ဒီဆေးလုံးက ကျွန်မအတွက် အသုံးမဝင်ပါဘူး"
"ကောင်းပြီလေ...ငါ ဒီဆေးလုံးကို ယူလိုက်မယ်...ဒါပေမယ့် ငါက မင်းအပေါ်ကို အခွင့်အရေးမယူချင်ဘူး...ငါ မင်းကို အင်မော်တယ်ကျောက်တုံးတစ်သိန်းပေးမယ်"
ဆရာသခင်နန့်ကုန်းသည် သူ၏အင်္ကျီလက်မောင်းကြားမှ ငွေလက်မှတ်တစ်ခုကိုထုတ်ယူကာ လီဟူရှင်းအား ပေးလိုက်သည်။
ဤသည်က ပျက်စီးနေသောဆေးလုံးဖြစ်သည့်တိုင် အင်မော်တယ်ကျောက်တုံးတစ်သိန်း ထိုက်တန်သေးသလော။
ကျောက်တုံးတစ်တုံးကို ဤမျှများပြားသောအင်မော်တယ်ကျောက်တုံးများဖြင့် လဲလှယ်ခံရသည်အား မည်သူမျှ မယုံကြည်နိုင်ကြချေ။
လီဟူရှင်းသည် အချိန်တခဏကြာကြက်သေသေသွားပြီးမှ သူမက အလျှင်အမြန် ပြောဆိုလိုက်သည်။
"ဆရာသခင်နန့်ကုန်း ဒီလိုမျိုးလုပ်စရာမလိုပါဘူး...ဒါက ကျောက်တုံးလေးတစ်တုံးပဲလေ...ဆရာသခင် ယူသွားလို့ရပါတယ်"
Chapter 1705
"ကျောက်တုံးလား...ဟား ဟား ဟား...ကလေးမလေး...မင်းက ဆေးပညာရှင်မဟုတ်တော့ မင်းက ဘာမှနားလည်မှာမဟုတ်ဘူး"
ဆရာသခင်နန့်ကုန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။
ထိုအချိန်မှာပင် အကြီးအကဲကြိုးကြာက မေးမြန်းလေ၏။
"ဆရာသခင်...ဘာလို့ ကျွန်တော်ရဲ့စိတ်ထဲက သံသယတွေကို ဘာလို့ဖြေဖျောက်မပေးတာလဲ...ကျွန်တော် အချိန်အကြာကြီး ကြည့်ခဲ့ပေမယ့် အဲ့ဒီဆေးလုံးရဲ့လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ဘူး"
အကြီးအကဲကြိုးကြာသည် လေးစားထိုက်သူတစ်ယောက်ဖြစ်ပြီး သူသိရှိသည်ကို သိရှိသည်ဟုပြောဆိုပြီး သူမသိရှိသည့်အရာအား ထုတ်ဖော်ပြောဆိုရန် ဝန်မလေးချေ။သူမသိရှိသည့်အရာအတွက် မေးမြန်းခြင်းအား ရှက်ရွံစရာကိစ္စဟု သူ ခံယူမထားပေ။
ဆရာသခင်နန့်ကုန်းသည် စိတ်ပျော်ရွှင်နေချိန်ဖြစ်၍ အပြုံးနှင့်ပြောဆိုသည်။
"ကောင်းပြီလေ...မင်းက ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးတွေနဲ့ မထိတွေ့ဖူးတော့ ဒီဆေးလုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို မင်း ဘယ်သိမှာလဲ"
ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ဘာ....
ဆရာသခင်နန့်ကုန်းက ဤဆေးလုံးသည် ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးဟု ပြောဆိုလိုက်သလော။
ဤကဲ့သို့ဆေးလုံးအဆင့်သည် ဒဏ္ဍာရီများနှင့်ရှေးဟောင်းစာအုပ်များအတွင်း၌သာ တည်ရှိသဖြင့် လူအများစုသည် ထိုအကြောင်းကို ကြားဖူးရုံသာရှိပြီး တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ဖြစ်နိုင်သည်က....
ဆရာသခင်နန့်ကုန်းသည် သူ၏လက်အတွင်းမှ မီးခိုးရောင်ကျောက်တုံးကိုမြှောက်ပြီး ပြောဆိုလိုက်၏။
"အမှန်ပဲ...ဒါက ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးပဲ"
အားနည်းသည့်လူတစ်ယောက်ကသာ ဤစကားမျိုးကိုပြောဆိုပါက လူတိုင်း ပြက်ရယ်ပြုရယ်မောကြပေမည်။
သို့ရာတွင် ဆရာသခင်နန့်ကုန်းကမူ ကွဲပြားခြားနားပေ၏။
လျောင်ရှင်းချန်၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုခြင်းများနှင့် ပြည့်နှက်သွားသည်။
"ဆရာသခင်နန့်ကုန်းက အရူးတစ်ယောက်လည်း မဟုတ်ပါဘူး...ဆေးပညာအလုပ်သင်တစ်ယောက်တောင် ဒီဆေးလုံးထက်သာတဲ့ဆေးလုံးမျိုး သန့်စင်နိုင်တယ်"
ဆရာသခင်နန့်ကုန်းသည် လျောင်ရှင်းချန်အား အပြည့်အဝလျစ်လျှူရှုထားပြီး သူက အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။
"ကိစ္စက ဒီလိုဖြစ်လာမှတော့...ငါ မင်းတို့အမြင်ကျယ်သွားအောင် ပြသပေးရမှာပေါ့"
စကားဆုံးသည်နှင့် သူ၏လက်တစ်ဖက်ကို သူ့လက်ဖဝါးအတွင်းရှိဆေးလုံးထံညွှန်ပြပြီး လက်သင်္ကေတတချို့ဖွဲ့စည်းကာ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြီး အော်ဟစ်လိုက်၏။
"ပွင့်စမ်း"
ခရက်...ခရက်...
ဆေးလုံး၏ကျောက်တုံးနှင့်တူသော အပြင်ဘက်မျက်နှာပြင်မှ ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် အက်ကွဲကြောင်းများသည် ပင့်ကူအိမ်များကဲ့သို့ ဆေးလုံးတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
ဟူး....
ဆရာသခင်နန့်ကုန်းသည် သူ၏လက်ညှိုးကိုဆန့်ထုတ်၍ ဆေးလုံး၏မျက်နှာပြင်အား ညင်သာစွာထိတွေ့လိုက်၏။
တိုးညှင်းသောအသံတစ်သံနှင့်အတူ အပြင်ဘက်မျက်နှာပြင်အက်ကွဲသွားပြီး ရုတ်တရက် အစွမ်းထက်သောဆေးရနံများ ဆေးလုံးမှ ထွက်ပေါ်လာသည်။
ဆေးခန်းမအတွင်းသို့ လေအေးတစ်ချက်တိုက်ခတ်သွားမှုနှင့်အတူ ဆေးလုံး၏ရနံ့သည် ရွှေမိုးကြိုးဂိုဏ်း၏ချောင်ကြိုချောင်ကြားပါမကျန် ပျံ့လွင့်သွားပေ၏။
အေးစက်သောလေပြည်ညှင်းက လူတိုင်း၏နှာခေါင်းအား လာရောက်ထိတွေ့သည်။တချို့လူများသည် ထိုဆေးလုံးအား ရှုရှိုက်မိသည်နှင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဆယ်မိုင်အတွင်းရှိ မည်သည့်နေရာကိုမဆို ဆေးရနံ့ ပျံ့လွင့်သွားပေ၏။
ဆေးခန်းမသာမက အပြင်စည်းခန်းမမှ တပည့်တချို့ပင်လျှင် တစ်ယောက်ပြီးတစ်ယောက်ထွက်လာပြီး အခြေအနေအား လာရောက်ကြည့်ရှုကြသည်။
"ဆေးခန်းမက ဆေးလုံးအသစ်တစ်မျိုးကို သန့်စင်လိုက်တာလား"
"အရမ်းအစွမ်းထက်တာပဲ...ငါက အနံတစ်ချက်ရှုရှိုက်လိုက်တာနဲ့ ငါ့ရဲ့အပယိကဖျားနာမှုတွေအားလုံး ပျောက်ကင်းသွားတာကို ခံစားမိတယ်"
ရွှေမိုးကြိုးဂိုဏ်း၏တံခါးပိတ်ကျင့်ကြံနေကြသော လူအိုကြီးတချို့သည် ဆေးရနံ့၏ဆွဲဆောင်ခြင်းကို ခံလိုက်ရ၏။
သူတို့သည် တံခါးပိတ်ကျင့်ကြံရာမှထွက်လာကြစဥ်မှာပင် ဆေးခန်းမ၏အထက်ကောင်းကင်ယံတွင် အနက်ရောင်တိမ်တိုက်များ စုဝေးလာသည်။
"ဒါက...."
အကြီးအကဲကြိုးကြာ၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားသည်။
ဆရာသခင်နန့်ကုန်းက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟုတ်တယ်...ဒါက ဆေးကပ်ဘေးမိုးကြိုးပဲ...ဒဏ္ဍာရီတွေအရ ကောင်းကင်နဲ့မြေကြီးက ခွင့်မပြုနိုင်တဲ့ ဆေးလုံးမျိုးကို သန့်စင်နိုင်တဲ့အခါကျမှသာ ဆေးကပ်ဘေးမိုးကြိုးက ဆင်းသက်လာတယ်"
သူက မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။
"ဆေးမိုးကြိုးကပ်ဘေးကို ကိုယ်တိုင်ကြုံတွေ့ရမှတော့ ငါ့ရဲ့ဘဝမှာ နောင်တရစရာဘာမှမကျန်တော့ဘူး...ဟား ဟား ဟား!
ဆေးခန်းမရှိလူများအားလုံး နေရာမှာပင် ကြက်သေသေနေကြသည်။
လီဟူရှင်း၏မျက်နှာတစ်ခုလုံးဖြူရော်နေပြီး သူမက နောက်သို့ပင်ယိမ်းယိုင်သွားကာ သူမမျက်လုံးကိုပင် သူမ မယုံကြည်နိုင်တော့ချေ။
လုယွီသည် ဆေးလုံးတစ်လုံးကို အမှန်တကယ်ပင် သန့်စင်ခဲ့ပြီး ထိုအရာသည် ဒဏ္ဍာရီလာထိပ်တန်းအဆင့်ရွှမ်ဆေးလုံး ဖြစ်နေခဲ့သည်။
သို့ရာတွင် သူမသည် လုယွီအား လူလိမ်တစ်ယောက်ဟု အထင်မှားခဲ့ပေ၏။
လူတိုင်း၏အတွေးများ မည်သို့ပင်ရှိနေပါစေ နောက်ဆုံး၌ မိုးကောင်းကင်ယံရှိ ကပ်ဘေးမိုးကြိုးများက ဆင်းသက်လာခဲ့သည်။
"ဟား ဟား ဟား...ဆရာသခင်နန့်ကုန်း ငါ မင်းကို ကူညီပေးမယ်"
ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
Thank For Reading.