← Chapters

အခန်း (၁၇၀၆-၁၇၁၀)

Vol. 89 Ch. 1706-1710

အခန်း (၁၇၀၆-၁၇၁၀)

Vol. 89 Ch. 1706-1710

Chapter 1706

ကျယ်လောင်သောမြည်သီးသံနှင့်ယှဥ်တွဲ၍ ပတ်ဝန်းကျင်ရှိလေဟာနယ် လှိုင်းထလာသည်ကို သာမာန်မျက်စိဖြင့်ပင်မြင်နိုင်ပေ၏။

အစွမ်းထက်သောမှော်စွမ်းအင်လှိုင်းတစ်လှိုင်းသည် ဆရာသခင်နန့်ကုန်း၏ရှေ့သို့ကျရောက်လာပြီး သိပ်သည်းသောလေနံရံတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံမှ မိုးကြိုးတစ်စင်း ကျရောက်လာပေ၏။ထိုကောင်းကင်ဘုံမိုးကြိုးသည် အလွန်တောက်ပပြီး လေနံရံကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။

ခရက်...ခရက်...ခရက်...

လေနံရံကြီးသည် ကပ်ဘေးမိုးကြိုး၏ရိုက်ခတ်ခံရခြင်းကြောင့် အဆက်မပြတ်တွန့်လိမ်ပြီး အလွန်အမင်း အားပျော့သွားတော့သည်။

ထိုအခြင်းအရာကိုမြင်သည်နှင့် ဆရာသခင်နန့်ကုန်းသည် သူ၏လက်အတွင်းမှဆေးလုံးအား လေထုအတွင်းသို့ အလျှင်အမြန် မြှောက်တင်လိုက်သည်။

မြောက်များစွာသော ကပ်ဘေးမိုးကြိုးများသည် ချက်ချင်းဆိုသလိုပင် ဆေးလုံးအား ရိုက်ခတ်သွားပေ၏။ထိုအရာသည် ဆေးလုံးအတွင်းသို့ စိတ်ဝိညာဥ်ထည့်သွင်းပေးလိုက်သည်နှင့် အလားတူညီပြီး အကန့်အသတ်မရှိသော အအေးလှိုင်းချီများ ပွင့်အံထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လူတိုင်း၏ရှေ့ သာမာန်မျက်စိဖြင့်မြင်နိုင်သော အကွာအဝေးရှိ လေထုအတွင်း၌ သေးငယ်သောရေခဲသလင်းကျောက်များ ဖွဲ့စည်းလာခဲ့သည်။

မိုးကြိုးလှိုင်းများအားလုံးကို စုပ်ယူပြီးနောက် ဆေးလုံး၏မျက်နှာပြင်သည် သလင်းကျောက်ကဲ့သို့ကြည်လင်လာပြီး အဆင့်မြင့်အရည်အသွေးရှိသော ကျောက်စိမ်းပုတီးစေ့တစ်လုံးနှင့် တူညီနေပေ၏။

"ဆရာသခင်နန့်ကုန်းက ငါ့ရဲ့ရွှေမိုးကြိုးဂိုဏ်းကို ရောက်နေတာပဲ.. ဘာလို့ ငါ့ကို ကြိုမပြောတာလဲ"

မလှမ်းမကမ်းအကွာအဝေးရှိ မိုးကောင်းကင်ယံ၌ လူလတ်ပိုင်းကြီးတစ်ယောက် ထွက်ပေါ်လာသည်။

ထိုလူလတ်ပိုင်းကြီးသည် ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် ရယ်ပြုံး၍ ဆရာသခင်နန့်ကုန်းထံသို့ လျှောက်လှမ်းလာနေခဲ့သည်။

"ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"

လူလတ်ပိုင်းကြီးလာနေသည်ကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် ဦးညွှတ်၍အရိုအသေပြုလိုက်ကြ၏။

ထိုလူလတ်ပိုင်းကြီးသည် ရွှေမိုးကြိုးဂိုဏ်း၏ဂိုဏ်းချုပ် လီဟောင်ယန်းပင်။သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးပေါ်ရှိ လောကီအင်မော်တယ်အနည်းစုအနက်မှ တစ်ယောက်ဖြစ်သည်။

လီဟောင်ယန်းက သူ၏လက်ကိုဝှေ့ယမ်းပြပြီး ဆရာသခင်နန့်ကုန်းထံသို့ သွားလိုက်သည်။သူ၏မျက်နှာထက်တွင်အပြုံးများဝေဆာနေပြီး သူက ပြောဆိုလေ၏။

"ကျွန်တော် ဆရာသခင်ကို တော်ဝင်မြို့တော်မှာ တွေ့ပြီးကတည်းက ထပ်မတွေ့ရတာအချိန်အတော်ကြာနေပြီ...ဆရာသခင်က ဒီနေ့ ကျွန်တော်ရဲ့ရွှေမိုးကြိုးဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျရောက်လာမယ်လို့ ကျွန်တော်ထင်မထားမိဘူး...ဆရာသခင် ဒီနေရာကိုရောက်လာတာ ကျွန်တော်အတွက် ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပဲ"

လီဟောင်ယန်းသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ဆရာသခင်နန့်ကုန်းနှင့်ဆက်ဆံရာ၌ သူ၏အဆင့်အတန်းကို နှိမ့်ချထားပေ၏။

ရွှယ်အဆင့်ဆေးပညာရှင်တစ်ယောက်၏ ကျင့်ကြံဆင့်နယ်ပယ်နှင့်ခွန်အားသည် အသန်မာဆုံးမဟုတ်သော်လည်း သူ၏အဆက်အသွယ်များမှာ အကြွင်းမဲ့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ဆေးပညာရှင်များသည် တခြားသူများအတွက် ဆေးဖော်စပ်ပေးနေသူများဖြစ်သဖြင့် မြောက်မြားစွာသောအစွမ်းထက်ကျင့်ကြံသူများနှင့် သိကျွမ်းကြသည်။တချို့ဆေးပညာရှင်များဆိုလျှင် တာယွိအင်ပါယာမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများနှင့်ပင် ရင်းနှီးကျွမ်းဝင်ပေ၏။

ထို့ကြောင့် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တရားဝင်သတ်မှတ်ထားခြင်းမရှိသော စည်းမျဥ်းတစ်ခုရှိသည်။ထိုစည်းမျဥ်းက တစ်စုံတစ်ယောက်သည် သူ့ထက်ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူကို ရန်စစော်ကားနိုင်သော်လည်း ဆေးပညာရှင်တစ်ယောက်နှင့် အငြင်းမပွားသင့်ဟုဖြစ်ပေ၏။

ဆရာသခင်နန့်ကုန်းက အပြုံးနှင့် ပြောဆိုသည်။

"ဂိုဏ်းချုပ်လီ....ခုဏကကူညီမှုအတွက် မင်းကို ငါ ကျေးဇူးအများကြီးတင်ပါတယ်...နောက်ဆုံးတော့ ဒီဆေးလုံးက ကပ်ဘေးမိုးကြိုးကိုဖြတ်ကျော်ပြီး အစစ်အမှန် ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီ"

ထိပ်တန်းအဆင့် ရွှမ်ဆေးလုံးဟု ဆိုလိုက်သလော။

လီဟောင်ယန်း၏စိတ်နှလုံးသား တုန်ရီသွားသည်။သူက ဆရာသခင်နန့်ကုန်း၏လက်အတွင်းမှ ဆေးလုံးကို ကြည့်လိုက်၏။

ယခင်က သူသည် တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သော်လည်း ထူထပ်သိပ်သည်းသောဆေးရနံ၏ဆွဲဆောင်ခံရမှုကြောင့် ပြင်ပသို့ထွက်လာခြင်းဖြစ်သည်။

မူလက သူသည် ဆေးပညာရှင်တစ်ယောက်မှနေ၍ စိတ်ဝိညာဥ်အဆင့်ဆေးလုံးကို သန့်စင်နေသည်ဟု တွေးထင်ခဲ့သော်လည်း ဒဏ္ဍာရီလာထိပ်တန်းအဆင့်ရွှမ်ဆေးလုံးဖြစ်နေမည်ဟု မျှော်လင့်မထားမိချေ။

ထိုဆေးလုံးသည် ကပ်ဘေးမိုးကြိုးများအား ဆွဲဆောင်နိုင်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

လီဟောင်ယန်းက သူ၏ပါးစပ်ကိုဖွင့်ဟ၍ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် မိုးကောင်းကင်ယံ၌ ဧရာမမိုးကြိုးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

မိုးကောင်းကင်ယံအတွင်းရှိတိမ်မည်းများသည် ပျက်ပြယ်သွားခြင်းမရှိသေးချေ။

ထူထပ်သိပ်သည်းသောတိမ်မည်းများအကြား၌ တောက်ပသောမိုးကြိုးလှိုင်းများသည် မိုးကုတ်စက်ဝိုင်းကိုဖြတ်သန်း၍ အဆက်မပြတ် တောက်ပဖြာထွက်နေသည်။

နောက်ထပ်မိုးကြိုးလှိုင်းတစ်လှိုင်း ကျဆင်းလာလေပြီ။

"ဘယ်လိုဖြစ်တာလဲ...ကပ်ဘေးမိုးကြိုးက ရပ်တန့်သွားပြီ မဟုတ်ဘူးလား"

လီဟောင်ယန်းသည် ဇဝေဇဝါဖြစ်သွားပေ၏။

ဆရာသခင်နန့်ကုန်းပင်လျှင် ကြက်သေသေသွားသည်။အချိန်တခဏကြာပြီးနောက် သူ၏ပေါင်ကို သူ့လက်ဖြင့်ပုတ်ကာ အံ့အားတသင့်အော်ဟစ်လိုက်သည်။

"ဒုတိယမြောက် ဆေးကပ်ဘေးမိုးကြိုးလား..ဒီ...ဒီဆေးလုံးက ကပ်ဘေးမိုးကြိုးကို နှစ်ကြိမ်တောင် ဖြစ်ပွားစေနိုင်တယ်"

ဝှစ်...

သူ၏အော်သံအဆုံးသတ်သွားသောအချိန်မှာပင် သူ့လက်အတွင်း၌ ကိုင်ဆောင်ထားသောဆေးလုံးသည် ရုတ်တရက်လွတ်ထွက်သွားပြီး မိုးကောင်းကင်ယံသို့ဦးတည်၍ ပျံဝဲသွားပေ၏။

ဘုန်း...

မိုးကြိုးလှိုင်းတစ်လှိုင်းသည် ဆေးလုံးပေါ်သို့ ကျရောက်လာလေရာ ဆေးလုံးတစ်လုံးလုံး ချက်ချင်းဆိုသလိုပင် ကွဲအက်သွားခဲ့သည်။

ထိုကွဲအက်သွားသောဆေးလုံးမှနေ၍ ရေခဲစများထွက်ပေါ်လာပြီး ဖီးနစ်ဌက်တစ်ကောင်အသွင် သိပ်သည်းသွားပြီး အဝေးသို့ပျံဝဲသွားပေ၏။

Chapter 1707

"ပြေးချင်တာလား"

လီယောင်ယန်းသည် မျက်စိလျှင်လျှင်ဖြင်ကြည့်၍ သူ၏လက်ကို အဝေးရှိလေဟာနယ်တစ်နေရာသို့ ဆန့်တန်းလိုက်၏။

ရေခဲဖီးနစ်၏ပတ်ဝန်းကျင်ရှိလေဟာနယ် ချက်ချင်းဆိုသလို ကျစ်လစ်သိပ်သည်းသွားသည်။ရေခဲဖီးနစ်သည် အချိန်တခဏကြာ ရုန်းကန်ပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ မီးတောက်ဘောလုံးတစ်လုံး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်အချုပ်အနှောင်ကို ချိုးဖျက်သွားတော့သည်။

လီဟောင်ယန်း အချိန်အနည်းငယ် ကြက်သေသေနေသည်ကို အခွင့်ကောင်းယူ၍ ရေခဲဖီးနစ်သည် လေဟာနယ်အချုပ်အနှောင်ကို ချိုးဖြတ်ပြီး ထွက်ပြေးသွားပေ၏။

ဘာ...

ရုတ်ချည်းဆိုသလိုပင် လီဟောင်ယန်းသည် သူ၏နတ်ဘုရားစိတ်အာရုံကိုထုတ်လွှက်၍ ရေခဲဖီးနစ်၏သဲလွန်စကို ရှာဖွေလိုက်သည်။

သို့ရာတွင် ရေခဲဖီးနစ်သည် လောကကြီးအတွင်းမှအငွေ့ပြန်သွားသကဲ့သို့ အရိပ်အယောင်ပင်မကျန်ရှိတော့ချေ။

"ဂိုဏ်းချုပ်လီ... ထားလိုက်ပါတော့"

ဆရာသခင်နန့်ကုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။

လီဟောင်ယန်းက တောင်းပန်စကား ပြောဆိုလေ၏။

"တောင်းပန်ပါတယ် ဆရာသခင်နန့်ကုန်း...ဒီဆေးလုံးက ရုတ်တရက်ကြီး အဝေးကိုထွက်ပြေးသွားမယ်လို့ ကျွန်တော် မျှော်လင့်မထားမိဘူး"

"ပြဿနာမရှိပါဘူး...ဒါက ကံကြမ္မာအရပဲ...ဒီနေ့ ငါက ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးသွားပြီ...တကယ်လို့ ငါ သေသွားရင်တောင် နောင်တရစရာမရှိတော့ဘူး"

လီဟောင်ယန်းက အလျှင်စလို ပြောဆိုသည်။

"ဆရာသခင်နန့်ကုန်း စိတ်ထဲထားနေစရာမလိုပါဘူး...ဆရာသခင်က ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်ဆိုမှတော့ တော်ဝင်မြို့တော်ကိုရောက်တာနဲ့ မြေကမ္ဘာအဆင့်ဆေးပညာရှင်အဖြစ် အဆင့်တက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

ဤသည်က လီယောင်ယန်းသည် ဆရာသခင်နန့်ကုန်းအား အလွန်လိမ္မာယဥ်ကျေးစွာဆက်ဆံနေရသည့် အကြောင်းအရင်းပင်။

မြေကမ္ဘာအဆင့်ဆေးပညာရှင်တစ်ယောက်သည် ဆေးပညာအစည်းအရုံးတွင်ပင် အလွန်ရှားပါးသောတည်ရှိမှုကြီးဖြစ်သည်။

ဆရာသခင်နန့်ကုန်းက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

"တကယ်လို့ အဲ့ဒီဆေးလုံးကိုသာ ငါ တကယ်ကို သန့်စင်နိုင်ခဲ့တယ်ဆိုရင် အရမ်းကောင်းမှာပဲ....ကံဆိုးချင်တော့ အဲ့ဒီဆေးလုံးကိုသန့်စင်ခဲ့တာက မင်းတို့ရွှေမိုးကြိုးဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ...ငါ့မှာ ဒီလိုမျိုး အရည်အချင်းမရှိဘူး"

ဘာ....

လီယောင်ယန်း၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏နားကိုပင်သူ မယုံနိုင်တော့ချေ။

ဤသည်က အမှန်တကယ်ကိုပင် သူတို့ရွှေမိုးကြိုးဂိုဏ်း၏တပည့်တစ်ယောက် သန့်စင်ခဲ့သော ဆေးလုံးဖြစ်နေသလော။

"ဆရာသခင်...ကျွန်တော့်ကို လှောင်ပြောင်နေတာလား...ဒီလိုဆေးလုံးမျိုးကို သန့်စင်နိုင်တဲ့သူဆိုလို့ ကျွန်တော်တို့ ရွှေမိုးကြိုးဂိုဏ်းမှာတစ်ယောက်မှရှိမနေမှာကို ကျွန်တော် စိုးရိမ်မိတယ်"

ရုတ်တရက် လီယောင်ယန်းက တစ်စုံတစ်ခုကို တွေးတောမိသွားသည်။

"ဖြစ်နိုင်တာတော့ အကြီးအကဲကြိုးကြာကများ ဒီဆေးလုံးကို သန့်စင်ခဲ့တာများလား"

အကြီးအကဲကြိုးကြာက သူ၏လက်ကို ထပ်ခါထပ်ခါ ခါယမ်းပြလေ၏။

"ဒါက ငါ သန့်စင်ခဲ့တာမဟုတ်ဘူး...အခုလက်ရှိဒီနေရာမှာရှိနေတဲ့လူတွေအားလုံး အဲ့ဒီအပြင်စည်းတပည့်ကို သိကြမယ်လို့ ငါ ထင်တယ်...အဲ့ဒီတပည့်ဘယ်သူလဲဆိုတာ ဂိုဏ်းချုပ်ကို ပြောပြလိုက်ကြစမ်း"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။အစောပိုင်းက သူတို့သည် လုယွီအား အဆက်မပြတ် လှောင်ပြောင်သရော်ခဲ့ကြ၏။

သို့ရာတွင် သူတို့ရှေ့၌ ဖြစ်ပျက်သွားခဲ့သမျှ ကိစ္စအားလုံးသည် သူတို့၏မျက်နှာအား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

မည်သူထံကမျှ စကားသံထွက်မလာသည်ကိုကြည့်ပြီး လီဟောင်ယန်းက အော်ငေါက်လိုက်သည်။

"ဘယ်သူလဲလို့ မေးနေတယ်လေ...မင်းတို့ ဆွံအနေကြတာလား"

လီဟူရှင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး အရှေ့သို့ထွက်လာကာ ပြောဆိုသည်။

"အဖေ...ဒါက တကယ်တော့ သမီးရဲ့အပြစ်ပါ"

လီဟူရှင်းသည် အစောပိုင်းကဖြစ်ပျက်ခဲ့သောကိစ္စအားလုံးကို လီဟောင်ယန်းကို ရှင်းပြလိုက်၏။

"ယုတ်ညံတဲ့ တိရစ္ဆာန်ကောင်တွေ"

လျောင်ရှင်းချန်တို့လူစု၏ဖိအားပေးမှုကြောင့် လုယွီ ထွက်ခွာသွားသည်ကိုကြားချိန်တွင် အကြီးအကဲကြိုးကြာသည် အလွန်အမင်းဒေါသထွက်သွားသည်။

လျောင်ရှင်းချန်သည် အလွန်အမင်း ကြောက်ရွံထိတ်လန့်သွားပြီး ပျာပျာသလဲ ပြောဆိုလိုက်၏။

"ဆရာသခင်...သူ့မှာ ဒီလိုမျိုးအရည်အချင်းရှိတယ်ဆိုတာ ကျွန်တော် တကယ့်ကိုမသိပါဘူး...နိမ့်ကျတဲ့ အပြင်စည်းတပည့်တစ်ယောက်က ဒီလိုမျိုးထူးချွန်တဲ့ဆေးပညာရှင်တစ်ယောက်ဖြစ်နေမယ်လို့ ဘယ်သူကထင်မိမှာလဲ"

လျောင်ရှင်းချန်သည် ယခုလက်ရှိအချိန်၌ အလွန်အမင်း တုန်လှုပ်ချောက်ချားနေသည်။အစောပိုင်းက ဆေးလုံးသည် ဆေးစိတ်ဝိညာဥ်အဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ဤကဲ့သို့ သက်မဲ့မှ သက်ရှိအရာအဖြစ်ပြောင်းလဲနိုင်သော ဆေးလုံးမျိုးသည် ရှေးဟောင်းစာအုပ်များအတွင်း၌ပင် ရှားရှားပါးပါးမှတ်တမ်းတင်ထားသော အရာဖြစ်လေ၏။

သို့ရာတွင် လုယွီကမူ ထိုအရာအား လုပ်ဆောင်နိုင်ခဲ့သည်။

"သောက်အဓိပ္ပါယ်မရှိတာတွေ...မင်းက အပြင်စည်းတပည့်တစ်ယောက်ဆိုပြီး သူကို အနိုင်ကျင့်လိုက်တာမလား...ငါတို့အားလုံးက ဂိုဏ်းအတူတူပဲ...ငါ နောက်မှာရှိနေတာနဲ့ မင်းက မင်းလုပ်ချင်သမျှအရာအားလုံး လုပ်လို့ရပြီလို့ထင်နေတာလား...မင်း လုပ်တာတွေ ငါ မသိဘူးလို့ ထင်နေတာလား"

အကြီးအကဲကြိုးကြာ၏ဒေါသမီးများ ဟုန်းဟုနိးတောက်နေသည်။

"သွား ..ခုချက်ချင်းသွားပြီး အဲ့ဒီအပြင်စည်းတပည့်ကိုရှာစမ်း...သူ့ကိုမတွေ့လို့ကတော့ မင်းက ငါ့ရဲ့တပည့်မဟုတ်တော့ဘူး"

လျောင်ရှင်းချန်က အလျှင်စလို ပြေးထွက်သွားသည်။

သို့သော် ထိုအချိန်မှာပင် ဟန်ရှောင်သည် ဆေးခန်းမ၏တံခါးပေါက်မှ ဝင်လာလေ၏။

လျောင်ရှင်းချန်က အလျှင်စလို ပြောဆိုသည်။

"ဟန်ရှောင်...ဟိုကောင်လေး....မင်းနဲ့အတူပါလာတဲ့လူ ဘယ်ရောက်သွားလဲ"

ယခုလက်ရှိအချိန်ထိတိုင် သူ လုယွီ၏နာမည်ကိုပင် မသိရှိချေ။

ဟန်ရှောင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ့ရဲ့စီနီယာအကိုက...ရွှေမိုးကြိုးဂိုဏ်းကနေ ထွက်သွားပြီ"

Chapter 1708

လျောင်ရှင်းချန်က ဒေါသထွက်သွားပေ၏။

"အဲ့ဒီကောင်လေးက ထွက်သွားရဲတယ်ပေါ့လေ...သူက ဂိုဏ်းကိုသစ္စာဖောက်ဖို့ ကြံစည်နေတာလား"

နံဘေးဘက်တွင်ရှိနေသော ကျီးယန်ကလည်း စိတ်မရှည်ပုံဖြင့် ရှေ့သို့တိုးလာပြီး သွေးဆောင်စကားပြောဆိုသည်။

"အဲ့ဒီကောင်လေး ဘယ်နေရာကိုသွားတယ်ဆိုတာ နင် မြန်မြန် ငါတို့ကိုပြောပြတာ ပိုကောင်းလိမ့်မယ်...ငါ နင့်ကို သတိပေးလိုက်မယ်...တကယ်လို့ အဲ့ဒီကောင်လေးကသာ ဂိုဏ်းကိုသစ္စာဖောက်ပြီး ထွက်သွားတာဆိုရင် နင်လည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"

ဟန်ရှောင်သည် စိတ်ပျက်လက်ပျက်အကြည့်ဖြင့် သူ့ရှေ့ရှိလူစုကို ကြည့်လိုက်သည်။

အစပိုင်းက လုယွီသည် သူ၏အရည်အချင်းများအား အသုံးပြုနေစဥ်တွင် ထိုလူတစ်စုက သူ့အား လှောင်ပြောင်ခဲ့ကြ၏။

လုယွီထွက်ခွာသွားပြီးနောက် သူတို့က ပြန်လည်ခေါ်ဆောင်လိုသည့်တိုင် သူတို့ထံ၌ စိတ်ကြီးဝင်မောက်မာသောအပြုအမူများရှိနေဆဲပင်။

ယခုလက်ရှိချိန်တွင် ရွှေမိုးကြိုးဂိုဏ်းတစ်ခုလုံး ဤပုံစံအတိုင်းဖြစ်နေသည်။

"ငါ့ရဲ့စီနီယာအကိုက ပြန်လာမှာမဟုတ်ဘူး...သူ ဘယ်တော့မှ ပြန်မလာတော့ဘူး"

ဟန်ရှောင်က သူ၏ခေါင်းကိုမော့၍ ဆက်လက်ပြောဆိုသည်။

"ငါ မင်းတို့ကိုပြောဖို့ မေ့နေတယ်...ငါ့စီနီယာအကိုရဲ့အရည်အချင်းက မင်းတို့ထက်အများကြီးသာတယ်"

"ခွေးမသားလေး...မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တယ်ပေါ့လေ"

လျောင်ရှင်းချန်၏စိတ်နှလုံးသားတစ်ခုလုံး ပြင်းထန်သောဒေါသများဖြင့် ပြည့်နှက်သွားသည်။

ရွှေမိုးကြိုးဂိုဏ်းတွင် သူသည် အထက်တန်းကျသောတည်ရှိမှုကြီးဖြစ်သည်။

ဟန်ရှောင်သည် နိမ့်ကျသောအစေခံတပည့်တစ်ယောက် ဖြစ်ပြီး ပုရွတ်ဆိတ်တစ်ကောင်အဆင့်သာရှိသည်။မည်သည်ကြောင့် သူ့အား ဤကဲ့သို့ပုံစံမျိုးနှင့် စကားပြောဆိုဝံ့သနည်း။

"အဆင့်အတန်းမြင့်တဲ့သူကို ဘယ်ဆိုဆက်ဆံရမလဲဆိုတာ ငါ မင်းသိအောင် အရင်ပြမယ်...မင်းက အဲ့ဒီကောင်လေးကိုမြင်ဖူးတာတောင် ရက်အနည်းငယ်ပဲရှိအုံးမှာ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ"

ဘန်း...

လျောင်ရှင်းချန်က သူ၏လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ ဟန်ရှောင်သည် နောက်သို့ဆယ်မီတာခန့် လွင့်ထွက်သွားသည်။သူ၏ကျင့်ကြံဆင့်သည် ဟန်ရှောင်ထက် အဆများစွာ ပို၍မြင့်မားသည်။

ရုတ်ချည်းဆိုသလိုပင် ဟန်ရှောင်သည် အပြင်းအထန်ဒဏ်ရာရရှိသွားပြီး သူ၏ပါးစပ်မှသွေးများယိုစီးကျလာသည်။

ကျီးယန်က ခနဲ့တဲ့တဲ့ ပြောဆိုသည်။

"နင်က အကောင်းအဆိုးမသိတဲ့ကောင်ပဲ...အရိုက်မခံရမချင်း နင့်ရဲ့ပါးစပ်ကိုဖွင့်မှာမဟုတ်ဘူး"

ဟန်ရှောင်သည် သူ၏နှုတ်ခမ်းမှသွေးများကိုသုတ်ပြီး ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို ကြည့်လိုက်၏။သူ၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယခုနေရာတွင် လူအမြောက်အများရှိနေသော်လည်း မည်သူကမျှ သူ့အား လာရောက်၍ကူညီခြင်းမပြုကြချေ။အကြောင်းအရင်းမှာ သူသည် အစေခံတပည့်တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။

ဂိုဏ်းချုပ်နှင့်အကြီးအကဲကြိုးကြာတို့၏နှုတ်မှ စကားတစ်ခွန်းဖွင့်ဟလိုက်သည်နှင့် လျောင်ရှင်းချန်သည် ထိတ်လန့်ကြောက်ရွံပြီး သူ့အပေါ်တွင် ယခုကဲ့သို့ ဆက်ဆံဝံ့မည်မဟုတ်ချေ။သို့ရာတွင် သူတို့သည် မြင့်မြတ်ပြီးအဆင့်အတန်းမြင့်မားသူများဖြစ်၍ ဤနေရာ၌ဖြစ်ပျက်သွားခဲ့သမျှ ကိစ္စအားလုံးကို ဝင်ရောက်စွက်ဖက်ရန် အထင်အမြင်သေးပုံဖြင့် လျစ်လျှူရှုထားသည်။

"ငါ တောင်းပန်ပါတယ်....ဒါပေမယ့် ငါ မင်းကိုပြောပြနိုင်တာတစ်ခုက ငါလည်း ရွှေမိုးကြိုးဂိုဏ်းမှာ ဆက်မနေတော့ဘူးဆိုတာပဲ"

ဟန်ရှောင်က လျောင်ရှင်းချန်ကို စူးစူးဝါးဝါးကြည့်ပြီး ဆက်လက်ပြောဆိုသည်။

"မင်း တန်ကြေးပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"

စကားဆုံးသည်နှင့် ဟန်ရှောင်က သူ၏အင်္ကျီလက်ကိုခါ၍ ထွက်ခွာသွားတော့သည်။

"ခွေးမသား...မင်းက ငါ့ကို ခြိမ်းခြောက်ရဲတာလား"

လျောင်ရှင်းချန်သည် ဟန်ရှောင်အား သင်ခန်းစာပေးရန်အတွက် ရှေ့သို့တိုးလိုက်၏။

အကြီးအကဲကြိုးကြာက ဒေါသတကြီး ဆူပူကြိမ်းမောင်းလေသည်။

"မြန်မြန် လူသွားမရှာသေးဘူးလား....မင်းက အစေခံတပည့်တစ်ယောက်နဲ့ ဘာလို့အချိန်ဖြုန်းနေတာလဲ"

လျောင်ရှင်းချန်က ပျာပျာသလဲခေါင်းညိတ်ပြပြီး ဟန်ရှောင်ကိုလျစ်လျှူရှုကာ လုယွီအားရှာဖွေရန် ထွက်ခွာသွားတော့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီက ထွက်ခွာသွားလေပြီ။သူသည် ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ရှာဖွေသည့်တိုင် လုယွီကို ရှာဖွေတွေ့ရှိခြင်းမရှိချေ။

"အမှိုက်ကောင်...."

အကြီးအကဲကြိုးကြာက အော်ငေါက်လိုက်သည်။

လီဟောင်ယန်း၏မျက်နှာအမူအယာသည်လည်း အနည်းငယ် ပျက်ယွင်းနေပေ၏။သူသည် အစောပိုင်းက ဆရာသခင်နန့်ကုန်း၏မှတ်ချက်စကားကို ကြားလိုက်ရသည်။ဆရာသခင်နန့်ကုန်းနှင့်ဆရာသခင်ကျန်းပင်လျှင် ဆေးပညာအရာ၌ ထိုအစေခံတပည့်ထက်နိမ့်ပါးကြောင်း ဝန်ခံခဲ့ကြသည်။

သူတို့၏ရွှေမိုးကြိုးဂိုဏ်းတွင် ပါရမီရှိသောဆေးပညာရှင်တစ်ယောက် ထွက်ပေါ်လာရန်မှာ လွယ်ကူသောကိစ္စရပ်မဟုတ်ချေ။သို့ရာတွင် ထိုဆေးပညာရှင်ကို ဖိအားပေး၍မောင်းထုတ်ခံလိုက်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

လီဟောင်ယန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒါက အဆင်ပြေပါတယ်....အဲ့ဒီကောင်လေးသန့်စင်ထားတဲ့ဆေးလုံးကို ဟူရှင်းက မသောက်ခဲ့ဘူး....မဟုတ်ရင် အဲ့ဒါက ဟူရှင်းအတွက် ကောင်းတဲ့အရာမဖြစ်နိုင်ဘူး"

ဆရာသခင်နန့်ကုန်းက မျက်ခုံးပင့်ပြီး မေးမြန်းလေ၏။

"ဂိုဏ်းချုပ်လီ...မင်းသမီးရဲ့ရောဂါလက္ခဏာတွေ ငါ့ကို ပြောပြပေးနိုင်မလား"

လီဟောင်ယန်း၏စိုးရိမ်ပူပန်မှုများက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။သူသည် ဆေးပညာပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရသော်လည်း သူထံ၌ ဆရာသခင်နန့်ကုန်းရှိနေသေးသည်။

လီဟူရှင်း၏ရောဂါလက္ခဏာများကို နားထောင်ပြီးနောက် ဆရာသခင်နန့်ကုန်းက ထပ်ခါထပ်ခါ သက်ပြင်းရှိုက်လိုက်၏။

"မှားပြီ...မှားနေပြီ...မင်းက အအေးစွမ်းအင်ကျင့်ကြံနည်းစနစ်တွေကို အချိန်အကြာကြီးသာကျင့်ကြံရင် မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ အသက်ဝင်နေလောက်ပြီ...ဒါပေမယ့် မင်းက ယန်ဓာတ်အရမ်းပြင်းထန်အားကောင်းတဲ့ မီးစွမ်းအင်ကျင့်ကြံနည်းစနစ်တွေကို ရွေးချယ်ခဲ့တယ်...ဒါက မင်းရဲ့ဝေဒနာအတွက် မကောင်းရုံတင်မကဘူး...မင်းရဲ့ကျင့်ကြံမှုကိုပါ ထိခိုက်စေတယ်"

"တကယ်လို့ စောစောကသာကြိုသိခဲ့ရင် အဆင်ပြေအုံးမယ်...ဒါပေမယ့် အခုလက်ရှိချိန်မှာ ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးကလွဲရင် မင်းရဲ့ရောဂါကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ဆေးလုံး ဖော်စပ်နိုင်ဖို့ ငါ မသေချာဘူး"

Chapter 1709

ဘာ....

လီဟောင်ယန်းက မယုံကြည်နိုင်မှုဖြင့် မေးမြန်းသည်။

"ဆရာသခင်နန့်ကုန်း...ဆရာသခင်က ရွှမ်အဆင့်ဆေးပညာရှင်တစ်ယောက်လေ....ဒါတောင် ဘာမှမတက်နိုင်ဘူးလား"

ဆရာသခင်နန့်ကုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"နတ်ဘုရားတွေရဲ့အလိုဆန္ဒအရပဲ"

လီဟူရှင်းကိုကြည့်ပြီး ဆရာသခင်နန့်ကုန်းက သနားဂရုဏာသက်နေသောအသံဖြင့် ပြောဆိုလေ၏။

"တကယ်လို့ အရင်က ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးသာရှိရင်...မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးလှိုင်းချီကို အပြည့်အဝထိန်းချုပ်နိုင်တဲ့အပြင် မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်လည်း ပိုပြီးအဆင့်မြင့်သွားလိမ့်မယ်...ဒါပေမယ့် အဲ့ဒီဆေးလုံးက မရှိတော့ဘူး...တကယ်လို့ ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ထဲက အအေးလှိုင်းချီတွေကို အပြည့်အဝထိန်းချုပ်ချင်တယ်ဆိုရင် မင်းက တော်ဝင်မြို့တော်ကိုသွားပြီး ကမ္ဘာမြေအဆင့်ဆေးပညာရှင်တွေကို အကူအညီတောင်းခံရမယ်...အဲ့ဒီနည်းလမ်းကပဲ သူ့ကို ကယ်တင်နိုင်လိမ့်မယ်"

လီဟောင်ယန်း၏မျက်နှာ ဖြူရော်သွားသည်။

"တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား"

ဆရာသခင်နန့်ကုန်းက အထီးကျန်ဆန်သောအမူအယာဖြင့် ဆက်လက်ပြောဆိုသည်။

"သူ့ရဲ့ခန္ဓာကိုယ်ထဲက အအေးစွမ်းအင်တွေကို ထိန်းချုပ်ဖို့ အစွမ်းထက်တဲ့အအေးစွမ်းအင်ဆေးလုံးမျိုးလိုအပ်တယ်...ငါက အဲ့ဒီလိုဆေးလုံးအမျိုးအစားမျိုးကို သန့်စင်နိုင်ပေမယ့် ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးရဲ့အာနိသင်နဲ့တော့ အရမ်းကွာခြားလိမ့်မယ်"

လီဟူရှင်းသည်လည်း ကြက်သေသေနေပေ၏။သူမ၏နာတာရှည်အအေးရောဂါကို ကုသရန် အခွင့်အရေးရရှိခဲ့သော်လည်း သူမကြောင့်ပင် လွဲချော်သွားခဲ့သည်။

ယခင်က လုယွီပြောဆိုခဲ့သော စကားများကို ပြန်လည်တွေးတောမိချိန်တွင် လီဟူရှင်းသည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ အဆုံးအစမရှိသောနောင်တများကို ခံစားမိသည်။

အစမှအဆုံးတိုင် လုယွီသည် သူမ၏ကြင်နာမှုကို ပြန်ပေးဆပ်လိုခဲ့ခြင်းပင်။လုယွီသည် သူမရှေ့၌ ဟန်လုပ်လိုနေခြင်းဟုသာ သူမက တွေးတောခဲ့မိသည်။

ယခုလက်ရှိချိန်၌ အမှန်တရား ပေါ်ထွက်လာလေပြီ။

လုယွီ၏ဆေးပညာအစွမ်းသည် ဆေးပညာအစည်းအရုံးမှ မြေကမ္ဘာအဆင့်ဆေးပညာရှင်များဖြင့်ပင် ယှဥ်ပြိုင်နိုင်သည်။ထို့ကြောင့် သူမရှေ့၌ ဟန်လုပ်ပြနေရန် အကြောင်းမရှိချေ။

လီဟောင်ယန်းက ခြေဆောင့်နင်း၍ အော်ဟစ်လိုက်သည်။

"ငါ ဘာလုပ်သင့်လဲ...ဘာလုပ်သင့်လဲ...နောက်ထပ်ရက်နည်းနည်းလောက်အကြာကျရင် မင်းက ဝမ်ခမ်းနဲ့ လက်ထပ်ရတော့မယ်...တကယ်လို့ အဲ့ဒီအချိန်မှသာ မတော်တဆကိစ္စတစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားက မဟာမိတ်ဖွဲ့မှု ပျက်စီးသွားလိမ့်မယ်"

လီဟူရှင်းစကားပြောဆိုရန် ပါးစပ်ဟလိုက်စဥ်မှာပင် သူမဖခင်၏စကားကိုကြားလိုက်ရသဖြင့် သူမ၏စိတ်နှလုံးသားအတွင်းမှ အေးစိမ့်မှုများ မြင့်တက်သွားသည်။

သူမ၏ဖခင်သည် သူမ၏အသက်အန္တရာယ်အား စိုးရိမ်ပူပန်ခြင်းမရှိချေ။

လီယောင်ယန်း၏အမြင်အရ ရွှေမိုးကြိုးဂိုဏ်း၏အနာဂတ်သည် သူ့သမီးထက် များစွာပို၍အရေးကြီးသည်။

"အဖေ...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မ ခုရက်ပိုင်းအတွင်းမှာ ဝမ်ခမ်းကိုလက်ထပ်လိုက်မယ်....သူ ဘာမှပြောမှာမဟုတ်ဘူး...ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မဟာမိတ်ဖွဲ့စည်းပြီးသွားတာနဲ့ သူ နောင်တရဖို့အရမ်းနောက်ကျသွားပြီ"

လီဟူရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။သူမ၏စကားသံတွင် မည်သည့်စိတ်ခံစားချက်မျိုးမျှ မပါဝင်ချေ။

လီဟောင်ယန်းက စိတ်ကျေနပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။

"ငါရဲ့သမီးလေးက အဖေရဲ့စိုးရိမ်သောကတွေကို ဘယ်လိုမျှဝေယူရမလဲဆိုတာ တကယ်သိနေတာပဲ"

ရုတ်တရက် သူ၏မျက်လုံးများက အေးစက်တင်းမာသွားပြီး သူက လျောင်ရှင်းချန်အားကြည့်လိုက်သည်။

"တကယ်လို့ မင်း​လိုအမှိုက်ကောင်ကြောင့်သာမဟုတ်ရင်...ငါက ဆေးပညာပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရမှာမဟုတ်ဘူး....အကြီးအကဲကြိုးကြာ ခင်ဗျား ဘာလုပ်ရမယ်ဆိုတာသိတယ်မလား"

အကြီးအကဲကြိုးကြာသည် အလွန်ဒေါသထွက်သွားပြီး ခါးသက်သက်အပြုံးနှင့်ပြောဆိုသည်။

"အဲ့ဒီလိုတပည့်မျိုးအတွက် ဘာမှစိုးရိမ်မနေပါနဲ့....ကျွန်တော် အဲ့ဒီကောင်ရဲ့လုပ်ရပ်တွေကိုမကြိုက်တာ အချိန်အတော်ကြာနေပြီ"

လျောင်ရှင်းချန်က ထိတ်လန့်တုန်လှုပ်သွားပေ၏။သူက ပျာပျာသလဲ ပြောဆိုလေသည်။

"ဂိုဏ်းချုပ်...ဆရာသခင်...ကျေးဇူးပြုပြီး ကျွန်တော်ကို အခွင့်အရေးတစ်ခုလောက်ပေးပါ"

အကြီးအကဲကြိုးကြာက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ငါမှာ မင်းလိုအသုံးမကျတဲ့တပည့်မျိုးမရှိဘူး...အခု ငါ မင်းရဲ့ပင်မတပည့်ဆိုတဲ့အဆင့်အတန်းကိုရုတ်သိမ်းပြီး မင်းကို ဂိုဏ်းကနေမောင်းထုတ်လိုက်ပြီ"

မကြာမီမှာပင် ဂိုဏ်းသားတချို့ပြေးဝင်လာလာပြီး လျောင်ရှင်းချန်၏ပင်မတပည့်ဝတ်စုံကို ဖယ်ရှားလိုက်ကြသည်။

"ဆရာသခင်...ကျွန်တော် မှားပါတယ်...ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်ပေးပါအုံး"

လျောင်ရှင်းချန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တွားသွားဝပ်ကာ တောင်းပန်နေလေသည်။

သူသည် အလွန်အမင်း နောင်တရနေပေ၏။အကယ်၍ ဤကိစ္စများအားလုံးကိုသာ သူ ကြိုသိခဲ့ပါ လုယွီအား ဆန့်ကျင်ပြောဆိုခဲ့မိမည်မဟုတ်ချေ။

သို့ရာတွင် သူ၏နောင်တများ အချိန်နှောင်းသွားလေပြီ။

လျောင်ရှင်းချန်၏အဆောင်အယောင်များအားလုံး ဖယ်ရှားခံရပြီး တောင်ခြေသို့ ခွေးသေတစ်ကောင်အလား လွှင့်ပစ်ခြင်းခံလိုက်ရသည်။

သူသည် ဒေါသတကြီးမတ်တတ်ထရပ်ပြီး ရွှေမိုးကြိုးတောင်ကိုကြည့်ကာ အံ့တင်းတင်းကြိတ်လိုက်၏။

"ခဏနေဦး...ငါ ကောင်းစားတဲ့အချိန်ရောက်တာနဲ့ မင်းတို့ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်"

"ဒါက စီနီယာအကိုလျောင်မဟုတ်လား"

ထိုအချိန်မှာပင် လမ်းနံဘေးမှနေ၍ အတွင်းစည်းတပည့်နှင့်အပြင်စည်းတပည့်တစ်စု ရုတ်တရက်ထွက်လာသည်။

Chapter 1710

လျောင်ရှင်းချန်က လှည့်ကြည့်လိုက်ရာ သူ့ထံသို့တပည့်တစ်စုလျှောက်လှမ်းလာသည်ကို တွေ့မြင်မိပေ၏။

သူတို့၏မျက်နှာအမူအယာများ မှုန်တေတေဖြစ်နေသော်လည်း သူတို့၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်များ ဖြာထွက်နေသည်။

"မင်းတို့ကောင်တွေက ဘာလဲ...ငါကို ပို့ဆောင်ပေးဖို့ ဒီနေရာကို လာကြတာလား"

လျောင်ရှင်းချန်သည် မသိစိတ်မှနေ၍ သူ၏ပင်မတပည့်ဟူသောကိုယ်နေဟန်ထားမျိုး နေလိုက်မိသည်။

တပည့်များသည် သူ့ကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ အပြုံးများထွက်ပေါ်လာပေ၏။

"ဟုတ်တယ်...ငါတို့က မင်းသွားရမယ့်လမ်းကို ပို့ပေးမလို့ပဲ"

တပည့်တချို့၏မျက်နှာပေါ်၌ မနှစ်မျို့ဖွယ်အပြုံးမျိုးရှိနေသည်။

ရုတ်ချည်းဆိုသလိုပင် လျောင်ရှင်းချန်သည် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို သတိပြုမိသွားပေ၏။

သူက အလျှင်အမြန်နောက်ဆုတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းတို့ လုပ်ရဲလား...ငါ့ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူပေးလိုက်တာလဲ"

သူသည် ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လိုက်သော်လည်း မည်သူကမျှ သူ၏စကားကို အလေးအနက်မထားကြချေ။

တပည့်တချို့သည် အလျှင်အမြန်တုံ့ပြန်သည့်အနေဖြင့် လျောင်ရှင်းချန်အား ဖမ်းချုပ်လိုက်ကြသည်။တခြားသူများသည် ထိုအခြေအနေအား အခွင့်ကောင်းယူ၍ လျောင်ရှင်းချန်ထံတိုးဝင်ကာ သူ၏ပါးအား ဘယ်ပြန်ညာပြန်ဖြတ်ရိုက်လိုက်၏။

ဖြောင်း...ဖြောင်း....

ကြည်လင်ပြီးပြတ်သားသော အသံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ လျောင်ရှင်းချန်၏မျက်နှာ ဖူးယောင်သွားတော့သည်။

"ပြန်တွေးကြည့်ရင် ငါက အတွင်းစည်းတပည့်ဖြစ်ဖို့ လွယ်ကူခဲ့တာမဟုတ်ဘူး...ဒါပေမယ့် မင်းကို ပြစ်မှားခဲ့မိတာလေးတစ်ခုအတွက်နဲ့ ငါက စွန့်ပစ်နယ်မြေကို ဆယ်နှစ်တိတိ နယ်နှင်ဒဏ်ပေးခံရတယ်"

"ခွေးမသား...ငါ အခက်အခဲတွေအများကြီး ဖြတ်ကျော်ပြီးမှ ရခဲ့တဲ့ရတနာတစ်ခုကို...မင်းက ပေါ့ပေါ့တန်တန်စကားတစ်ခွန်းပြောပြီး ယူသွားခဲ့တယ်"

"မင်းက ဂိုဏ်းထဲမှာ မင်းလုပ်ချင်တာမှန်သမျှလုပ်နေတဲ့ ယုတ်ညံတဲ့ကောင်ပဲ"

သာမာန်အချိန်များတွင် လျောင်ရှင်းချန်သည် သူ၏အဆင့်အတန်းကိုအမှီပြု၍ ဂိုဏ်းတစ်ဂိုဏ်းလုံးမှ တပည့်များကို အနိုင်ကျင့်လေ့ရှိသည်။

တပည့်အမြောက်အများသည် သူ့အား ရိုးတွင်းခြင်ဆီလှိုက်သည်အထိ မုန်းတီးနေကြ၏။သို့ရာတွင် လျောင်ရှင်းချန်၏နောက်ခံအဆင့်အတန်းကြောင့် သူတို့သည် ဒေါသထွက်နိုင်ရုံသာရှိပြီး ခွန်းတုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိချေ။

ယခုလက်ရှိချိန်၌ လျောင်ရှင်းချန်သည် ဂိုဏ်းမှနှင်ထုတ်ခံရပြီဖြစ်ရာ မည်သူကမျှ သူ့အားမျက်နှာသာမပေးကြတော့ပေ။

လျောင်ရှင်းချန်က ကျယ်လောင်စွာ အော်ဟစ်ညည်းတွားလိုက်သည်။

"မင်းတို့ စောင့်နေကြစမ်း...မင်းတို့က ငါ့ကို ဒီလိုမျိုးလုပ်ဝံ့တယ်ပေါ့လေ....မင်းတို့အားလုံးကို ငါ သတ်ပစ်မှာ"

သူ ပို၍ဆူဆူညံညံပြောဆိုလေလေ သူ့အားရိုက်နှက်ခံရမှု ပို၍ပြင်းထန်လာလေလေပင်။

တပည့်များအနက်မှတစ်ယောက်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"မင်းကိုယ်မင်း ပင်မတပည့်ဖြစ်နေသေးတယ်လို့ ထင်နေတာလား...အခုချိန်မှာ မင်းက ခွေးတစ်ကောင်ထက် မပိုတော့ဘူး"

ဤနေရာသို့ရောက်ရှိလာသော တပည့်များအားလုံးသည် လျောင်ရှင်းချန်အပေါ်တွင် နက်ရှိုင်းသောနာကျည်းမုန်းတီးမှုများရှိကြ၏။သူတို့သည် လျောင်ရှင်းချန်အား အသက်ရှင်ရက်ထွက်သွားခွင့် မပြုနိုင်ချေ။

သို့ရာတွင် လူအုပ်ကြီး၏ရိုက်နှက်မှုကြောင့် လျောင်ရှင်းချန် သေလုမျောပါးဖြစ်နေစဥ်တွင် အဝေးမှနေ၍ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောတပည့်တစ်စု လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ကြသည်။

"မကောင်းတော့ဘူး...ဒါက စည်းမျဥ်းခန်းမကပဲ...သွားကြစို့"

တပည့်များသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောတပည့်တစ်စုကိုမြင်သည်နှင့် အလျှင်အမြန်လူစုခွဲလိုက်ကြ၏။

အနက်ရောင်ဝတ်စုံဝတ်တပည့်များသည် ရွှေမိုးကြိုးဂိုဏ်း၏စည်းမျဥ်းခန်းမမှ လူများဖြစ်သည်။စည်းမျဥ်းခန်းမသည် ရွှေမိုးကြိုးဂိုဏ်းမှတပည့်များ၏အကျဥ်းထောင်ကို အုပ်ချုပ်သောနေရာဖြစ်ပေ၏။ထိုခန်းမမှလူများသည် သာမာန်တပည့်များအား ခြိမ်းခြောက်ဟန့်တားနိုင်သော အင်အားစုဖြစ်သည်။

လျောင်ရှင်းချန်က ထိုလူစုကိုမြင်သည်နှင့် အလျှင်အမြန် ညည်းတွားပြောဆိုလိုက်၏။

"စည်းမျဥ်းခန်းမကညီအကိုတွေ...ငါ့ကို မြန်မြန်လာကယ်ကြပါအုံး...သူတို့က ငါ့ကို သတ်ချင်နေကြတယ်"

သူသည် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ အနက်ရောင်ဝတ်စုံဝတ်တပည့်များအနီးသို့ ချဥ်းကပ်နိုင်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်တပည့်များအုပ်စုသည် ရုတ်တရက် ဘေးတစ်ဖက်တစ်ချက်သို့ ကပ်လိုက်ကြ၏။

ထို့နောက် ဖိနပ်တစ်ဖက်က လျောင်ရှင်းချန်၏ခေါင်းရှေ့သို့ ရောက်ရှိလာသည်။

"အိုး....ဒါက ရှင်းချန်မလား...ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံပေါက်နေတာလဲ"

အသံသေးအသံကြောင်တစ်သံက လျောင်ရှင်းချန်၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။

လျောင်ရှင်းချန်က ခက်ခက်ခဲခဲအားယူ၍ ခေါင်းမော့ကြည့်လိုက်ရာ သူ ရင်းနှီးကျွမ်းပြီးဖြစ်သော ပုံရိပ်တစ်ရိပ်ကို တွေ့မြင်မိသည်။ထိုလူသည် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ရှေ့၌ မတ်တတ်ရပ်နေသည်။

လျောင်ရှင်းချန်သည် ထိုလူငယ်အား ကောင်းစွာသိရှိပေ၏။ထိုလူငယ်သည် စည်းမျဥ်းခန်းမ၏သခင်လေး ကျန်းစမ့်ပင်။

လျောင်ရှင်းချန်ကဲ့သို့ပင် ကျန်းစမ့်သည်လည်း ပင်မတပည့်တစ်ယောက်ဖြစ်သည်။သူတို့နှစ်ယောက်သည် အတူပူးပေါင်း၍ ပြစ်မှုများကိုကျူးလွန်ခဲ့ပြီး ဆိုးရွားသောကိစ္စများကိုပြုလုပ်ခဲ့ကြသဖြင့် မိတ်ဆွေများဟု သတ်မှတ်နိုင်သည်။

လျောင်ရှင်းချန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ညီအကိုကျန့်....ငါ တပည့်တစ်စုရဲ့ချောင်ပိတ်ရိုက်တာကို ခံခဲ့ရတယ်...မင်း ငါ့ကိုကူညီမှဖြစ်မယ်"

ကျန်းစမ့်၏နှုတ်ခမ်းထောင့်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်နေပေ၏။သူက လျောင်ရှင်းချန်အား မတ်တတ်ထရပ်နိုင်ရန် အလျင်စလိုကူညီပေးလေသည်။

"ညီအကိုလျောင်...ဘယ်လိုစကားမျိုးတွေ ပြောနေတာလဲ....မင်းရဲ့ကိစ္စက ငါ့ရဲ့ကိစ္စပဲလေ"

လျောင်ရှင်းချန်၏စိတ်နှလုံးသားအတွင်း၌ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားပေ၏။သို့ရာတွင် ကျန်းစမ့်၏နောက်၌ မတ်တတ်ရပ်နေသူကို တွေ့မြင်မိချိန်တွင် သူက နေရာမှာပင် ကြက်သေသေသွားသည်။

ထိုလူသည် ကျီးယန်ပင်။

All Chapters