← Chapters

အခန်း (၁၇၁၆-၁၇၂၀)

Vol. 89 Ch. 1716-1720

အခန်း (၁၇၁၆-၁၇၂၀)

Vol. 89 Ch. 1716-1720

Chapter 1716

နောက်တစ်နေ့မနက်...ရွှေမိုးကြိုးဂိုဏ်း၌...

ယနေ့တွင် ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို မီးအိမ်များ ဖဲကြိုးများဖြင့် အလှဆင်ထားပြီး အလွန်အမင်းခမ်းနားကြီးကျယ်နေပေ၏။

ယနေ့သည် သူတို့ဂိုဏ်းမှသခင်မလေး၏လက်ထပ်ပွဲနေ့ဖြစ်ကြောင်း ဂိုဏ်းရှိလူများအားလုံး သိရှိထားကြသည်။

"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...ငါတို့ဂိုဏ်းရဲ့သခင်မလေးက ဒီလူငယ်မျိုးဆက်ရဲ့ပါရမီရှင်တစ်ယောက်လေ...ခုတော့ သူက ဝမ်ခမ်းလို ခွေးမသားနဲ့လက်ထပ်ရတော့မယ်"

"ဝမ်ခမ်းက ဒီရက်တွေအတွင်းမှာ တောင်ခြေမှာရှိတဲ့စျေးထဲမှာပဲ တစ်ချိန်လုံးနေနေတာလို့ ငါ ကြားထားတယ်...သူက ငါတို့ဂိုဏ်းကမိန်းကလေးတချို့ကိုတောင် တချို့နည်းလမ်းတွေကိုအသုံးပြုပြီးတော့ ကစားနေခဲ့တယ်"

"ဘာ...သူက အဲ့ဒီလိုမျိုးကိစ္စတွေကိုတောင် လုပ်ရဲတယ်ပေါ့...ဂိုဏ်းချုပ်က သူ့ကိုပြဿနာရှာမှာကို သူ မကြောက်ဘူးလား"

"မင်း အသံတိုးတိုးပြောစမ်းပါ....ဝမ်ခမ်းက ဆန်ကုန်မြေလေးတစ်ယောက်ဆိုတာ လူတိုင်းသိတယ်...ဒါပေမယ့် အခုကိစ္စကို ဂိုဏ်းရဲ့အဆင့်မြင့်တဲ့ အကြီးအကဲတွေစုပေါင်းပြီး ဆုံးဖြတ်ချက်ချခဲ့တာ...ဘယ်လိုကိစ္စပဲရှိနေရှိနေ သူတို့က ဂိုဏ်းနှစ်ဂိုဏ်းမဟာမိတ်ဖွဲ့ဖို့ကို ရအောင်လုပ်ဆောင်မှာပဲ...သခင်မလေးကတော့ ဒုက္ခခံရတော့မှာပဲ"

ရွှေမိုးကြိုးဂိုဏ်းအတွင်းရှိ တပည့်များသည် ထိုကိစ္စနှင့်ပတ်သက်၍ တီးတိုးတိုင်ပင်ဆွေးနွေးနေကြ၏။

သို့ရာတွင် ပြင်ပရှိပျားပန်းခတ်လှုပ်ရှားသွားလာနေမှုများနှင့် နှိုင်းယှဥ်ပါက လီဟူရှင်း၏အိမ်တော်မှာ ခြောက်ကပ်နေသည်။

လီဟူရှင်းသည် ကြေးနီမှန်၏ရှေ့၌ မတုန်မလှုပ်အမူအယာဖြင့်ထိုင်နေပြီး သူမ၏ရုပ်သွင်ကိုကြည့်နေကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှု ဝမ်းနည်းမှုဟူ၍ ရှိမနေချေ။

အကယ်၍ ယခင်ကသာဆိုပါက သူမ၏စိတ်နှလုံးသားအတွင်းတွင် ကြေကွဲဝမ်းနည်းမှုတချို့ရှိကောင်းရှိနိုင်သည်။သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဖြစ်ပျက်ခဲ့သော ကိစ္စများကိုကြုံတွေ့ပြီးနောက် သူမ အရာအားလုံးကို လျစ်လျှူရှုလိုက်လေပြီ။

ဆရာသခင်နန့်ကုန်းက သူမ၏အအေးလှိုင်းချီများ တစတစ ပို၍အားကောင်းလာသည်ဟု ပြောဆိုခဲ့သည်။အချိန်တိုအတွင်းမှာပင် အအေးလှိုင်းချီများကြောင့် သူမ၏ခန္ဓာကိုယ် အချိန်မရွေးပေါက်ကွဲသွားနိုင်သည်။

ဆရာသခင်နန့်ကုန်းသည် သူမအတွက် ဆေးလုံးအမြောက်အများကို သန့်စင်ပေးခဲ့သော်လည်း ထိုဆေးလုံးများသည် သူမ၏အအေးလှိုင်းချီကို အချိန်တခဏသာဖိနှိပ်ပေးနိုင်ပြီး အပြည့်အဝကုသပေးနိုင်ခြင်းမရှိချေ။

ရွှေမိုးကြိုးဂိုဏ်းသည် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော်လည်း သူမအတွက် ဆေးသန့်စင်ပေးနိုင်မည့် မြေကမ္ဘာအဆင့်ဆေးပညာရှင်ကိုဖိတ်ခေါ်ရန်မှာ အလွန်ခက်ခဲနေဆဲပင်။

လွန်ခဲ့သောရက်အနည်းငယ်က သူမထံသို့ အခွင့်အရေးတစ်ခုရောက်ရှိလာသော်လည်း သူမက ဖျက်ဆီးပစ်ခဲ့သည်။

"ဖြစ်နိုင်တာတော့ ဒါက ကံကြမ္မာပဲ"

လီဟူရှင်း၏မျက်လုံး အနည်းငယ်ကျဥ်းမြောင်းသွားပေ၏။

ဤအတိုင်း သေဆုံးရမည်ထက်စာလျှင် သူမ မသေဆုံးမီ ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ဖွဲ့မှုကို ဆောင်ရွက်ခဲ့ခြင်းက ပို၍ကောင်းမွန်ပေမည်။

မဟာမိတ်ဖွဲ့စည်းပြီးသောအချိန်ရောက်ပါက အကယ်၍ သူမ သေဆုံးသွားလျှင်ပင် တန်ဖိုးရှိသောသေခြင်းဖြစ်ပေမည်။

"ရှင်းအာ...မင်း အဆင်သင့်ဖြစ်ပြီလား"

လီဟောင်ယန်း၏အသံက ပြင်ပမှထွက်ပေါ်လာသည်။

လီဟူရှင်းသည် သူမ၏မျက်နှာပေါ်သို့ မျက်နှာချေအနည်းငယ်ကို အလျှင်အမြန်လိမ်းခြယ်ကာ မတ်တတ်ထရပ်၍ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"အဖေ...သမီး အဆင်သင့်ဖြစ်ပါပြီ"

ဟူး....

လီဟောင်ယန်းက သက်ပြင်းတစ်ချက် ရှိုက်လေသည်။

"သနားဖို့ကောင်းတဲ့ ငါ့သမီးလေး...ဘာမှမစိုးရိမ်ပါနဲ့...မင်းမှာ ဒီအဖေရှိနေသရွေ့တော့ ဝမ်ခမ်း မင်းကို ဘာမှဆိုးဆိုးရွားရွား မလုပ်ရဲပါဘူး"

လီဟူရှင်းသည် မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။သူမအဖေ၏စိတ်နှလုံးသားအတွင်း၌ ဂိုဏ်းအတွက်အကျိုးကျေးဇူးရရှိရန်သည် သူမထက် များစွာပို၍အရေးကြီးကြောင်း သူမ သိရှိပြီးလေပြီ။

အဝေးမှနေ၍ အစေခံတစ်စု လျှောက်လှမ်းလာနေကြ၏။သူမတို့၏စီစဥ်မှုအောက်တွင် လီဟူရှင်းသည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့နေကာ ဂိုဏ်း၏ပင်မခန်းမသို့ ထွက်ခွာခဲ့တော့သည်။

သူမထွက်ပြေးသွားမည်ကိုစိုးရွံပုံဖြင့် သူမ၏နံဘေးရှိ ကိုယ်ပိုင်အစေခံများအားလုံးကိုဖယ်ရှားပြီး သူမ၏ဖခင်မှ အထူးသီးသန့်စီစဥ်ပေးထားသော အစေခံများသာ ကျန်ရှိတော့သည်။

အနီရောင်ခေါင်းဆောင်းကို သူမ၏ခေါင်းထက်တွင်ဆောင်းထားပြီး ပြင်ပမှရယ်မောသံများကိုနားထောင်ကာ လီဟူရှင်းသည် သူမကိုယ်သူမ ဤနေရာနှင့်သူစိမ်းပြင်ပြင်ဖြစ်နေသကဲ့သို့ ခံစားမိပေ၏။

ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်နေချိန်တွင် လုယွီက ဂိုဏ်းအဝင်တံခါးမှနေ၍ အတွင်းသို့ဝင်လိုက်သည်။

သူအတွင်းသို့ရောက်ရှိလာသည်နှင့် ပုံမှန်မဟုတ်သောအော်ရာများကို အာရုံခံမိသည်။

ထိုအော်ရာများ၏ပိုင်ရှင်များသည် အလွန်အမင်း အစွမ်းထက်ပေ၏။သူတို့အားလုံးသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်ကြောင်း လုယွီက သတိပြုမိသည်။

လုယွီ ပထမဆုံးအကြိမ် ရွှေမိုးကြိုးဂိုဏ်းသို့ရောက်စဥ်တွင် ဤမျှများပြားသော လောကီအင်မော်တယ်များရှိမနေချေ။

"ကြည့်ရတာတော့ လေဟာနယ်ဓားပြတွေက လူအုပ်ကြားမှာ ရောနှောနေပုံပဲ"

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။

သူ၏ဝတ်စုံသည် ရွှေမိုးကြိုးဂိုဏ်းမှအပြင်စည်းတပည့်ဝတ်စုံဖြစ်၍ မည်သူကမျှ သူ့အား သတိမပြုမိချေ။

ယခုလက်ရှိချိန်တွင် လူအားလုံး၏မျက်လုံးအကြည့်များသည် ပင်မခန်းမထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။

ဒေါင်....ဒေါင်...ဒေါင်....

သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ မြည်ဟီးလာပေ၏။ဤသည်က ရွှေမိုးကြိုးဂိုဏ်း၏ဧည့်သည်များကို ကြိုဆိုသော အသံပင်။

"ကြည့်ကြစမ်း...မက်မွန်ပွင့်ဓားဂိုဏ်းကလူတွေ ရောက်လာကြပြီ"

မြောက်များစွာသောတပည့်များက သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။

Chapter 1717

ကြီးမားသောစစ်သင်္ဘောကြီးတစ်စင်းသည် ရွှေမိုးကြိုးဂိုဏ်း၏အထက်လေထုအတွင်း၌ တည်ငြိမ်စွာရပ်တန့်နေသည်။

စစ်သင်္ဘောကြီး၏တံခါးပွင့်လာပြီးနောက် အတွင်းမှကျင့်ကြံသူအမြောက်အများထွက်လာကာ ရတနာစီခြယ်ထားသောဝေါယာဥ်တစ်ခုကိုခြံရံ၍ ပင်မခန်းမထံသို့ တရွေ့ရွေ့လျှောက်လှမ်းလာပေ၏။

ဝမ်ခမ်းသည် ထိုဝေါယာဥ်ပေါ်၌ ထိုင်နေပြီး သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသောအပြုံးမျိုးရှိနေသည်။

"ဦးလေးလီ...မတွေ့ရတာတောင် အတော်ကြာနေပြီ...ကျွန်တော် ဦးလေးကို အရမ်းသတိရတာပဲ"

ဝမ်ခမ်းသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး လီဟောင်ယန်းကို အရိုအသေပြုလိုက်သည်။

ဤကဲ့သို့လောကဝတ်ပြုခြင်းသည် အမှန်တကယ်ကိုပင် မလေးမစားပြုရာကြပေ၏။ရွှေမိုးကြိုးဂိုဏ်းမှတပည့်အချို့၏မျက်နှာများပေါ်၌ ဒေါသအရိပ်အယောင်များ ချက်ချင်းဆိုသလိုပင် ထင်ဟပ်လာပေ၏။

သို့ရာတွင် လီဟောင်ယန်းသည် သူ၏မျက်နှာအမူအယာကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"တူတော်မောင်ဝမ်က လမ်းတလျှောက်လုံး အလုပ်တွေပင်ပင်ပန်းပန်း ကြိုးစားနေရတာပဲ...ငါ နားလည်ပေးရမှာပေါ့...ကျေးဇူးပြုပြီး အထဲကိုဝင်လာပါ"

တခြားအကြီးအကဲများ၏မျက်နှာများသည်လည်း သုန်မှုန်သွားသည်။

ယနေ့တွင် မည်သည့်ကိစ္စများရှိနေပါစေ ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ဖွဲ့စည်းမှုကို အောင်မြင်အောင်လုပ်ဆောင်ရပေမည်။

ဝမ်ခမ်းသည် အနည်းငယ်မျှပင် ရိုသေလေးစားခြင်းမရှိချေ။သူက လီဟောင်ယန်း၏နောက်သို့လိုက်၍ ပင်မခန်းမအတွင်းသို့ ဝင်လိုက်၏။

ထိုအချိန်တွင် လီဟူရှင်းသည် ခန်းမ၏တခြားတစ်ဖက်၌ မတ်တတ်ရပ်နေပြီး သူမ၏ခေါင်းထက်မှနေ၍ အနီရောင်မျက်နှာလွှားဇာဖြင့် ဖုံးအုပ်ထားသည်။

ဝမ်ခမ်းက ထိုမြင်ကွင်းကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်၏။

"ဦးလေးလီရဲ့သမီးက မျက်နှာကိုဘာလို့အုပ်ထားတာလဲ...ကျွန်တော် သူ့ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး...ဒီလက်ထပ်ပွဲကို ပွင့်လင်းမြင်သာအောင်လုပ်တာ ပိုကောင်းမယ်ထင်တယ်"

ရွှေမိုးကြိုးဂိုဏ်းမှလူတိုင်း၏ စိတ်နှလုံးသားများ လေးလံသွားသည်။

ဤသည်က သူတို့သည် ရွှေမိုးကြိုးဂိုဏ်းအား တစိုးတစိမျှပင် မျက်နှာသာမပေးသော အပြုအမူမျိုးပင်။

ရွှေမိုးကြိုးဂိုဏ်းသည် မဟာမိတ်ဖွဲ့ရန်အတွက် မက်မွန်ပွင့်ဓားဂိုဏ်းအား ကမ်းလှမ်းခဲ့သည်မှာ အမှန်ဖြစ်သော်လည်း မည်သည်ကြောင့် ဝမ်ခမ်းသည် အလွန်မောက်မာမှုကို ပြသနေသနည်း။

လီဟောင်ယန်းက ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်၏။

"ဟူရှင်းရဲ့မျက်နှာပေါ်ကဟာကို ဖယ်ပေးလိုက်"

ထိုစကားကိုကြားသည်နှင့် အစေခံများသည် လီဟူရှင်း၏မျက်နှာပေါ်မှ မျက်နှာလွှားဇာကို အလျှင်အမြန် ဖယ်ရှားလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် အပြစ်အနာအဆာကင်းပြီး လှပချောမောသောမျက်နှာလေးက ဝမ်ခမ်း၏ရှေ့၌ ထွက်ပေါ်လာသည်။

ဝမ်ခမ်း၏မျက်လုံးများ တောက်ပသွားသည်။လီဟူရှင်းသည် ဤမျှထိ အလွန်ချောမောလှပသူဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။

ပြန်တွေးကြည့်လျှင် ဂိုဏ်းနှစ်ဂိုဏ်းသည် လက်ထပ်ပွဲပြုလုပ်နိုင်ရန်အတွက် သူတို့နှစ်ယောက်၏ ပုံတူပန်းချီကားနှစ်ချပ်ကို ဖလှယ်ခဲ့ကြသည်။သို့ရာတွင် ပန်းချီဆရာသည် လီဟူရှင်း၏မျက်နှာအား ပြည့်စုံစွာရေးဆွဲခဲ့ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

"ဒီမိန်းမက...ငါ့အပိုင်ဖြစ်မယ့်သူပဲ"

ဝမ်ခမ်းက အပျော်လွန်သွားသည်။

အနီးပတ်ဝန်းကျင်တွင်ရှိနေသော ရွှေမိုးကြိုးဂိုဏ်းမှအကြီးအကဲတချို့သည် ဝမ်ခမ်း၏မျက်လုံးများအတွင်းမှ ဆိုးညစ်သောအရိပ်အယောက်များကို မြင်တွေ့မိသဖြင့် သူတို့က မျက်မှောင်ကြုတ်လိုက်သည်။

"ဟား ဟား ဟား...ဦးလေးးလီ...အခု လက်ထပ်ပွဲအကြောင်း ပြောကြရအောင်"

ဝမ်ခမ်းက ရယ်မောပြီး ပြောဆိုသည်။

"အလျင်လိုစရာမလိုပါဘူး...ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ဖွဲ့ဖို့ကို အရင်ဆုံးဆွေးနွေးကြရအောင်"

လီဟောင်ယန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"မင်းရဲ့အဖေက မင်းကို ဒီလွှက်လိုက်မှတော့...ဒီကိစ္စတွေအကြောင်းကို ပြောထားပြီးပုံရတယ်"

ဝမ်ခမ်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ခန်းမအတွင်း၌ရှိနေသော ရွှေမိုးကြိုးဂိုဏ်းမှလူများကို အထင်အမြင်သေးသောအကြည့်ဖြင့် ဝေ့ဝိုက်၍ကြည့်လိုက်သည်။

သူ၏ယခင်အစီအစဥ်အရ သူသည် ထိုလူများအားလုံးကို ပြက်ရယ်ပြုသရော်ရန် ကြံစည်ထားခဲ့သည်။

သို့ရာတွင် သူသည် လီဟူရှင်းကို ရယူနိုင်ရန်အတွက် စကားအပိုများကိုမပြောဆိုရန် ဆုံးဖြတ်ချက်ချလိုက်၏။

"ငါတို့မက်မွန်ပွင့်ဓားဂိုဏ်းမှာ တောင်းဆိုချက်သုံးခုရှိတယ်"

"ပထမဆုံးအချက်က ရွှေမိုးကြိုးဂိုဏ်းက နှစ်စဥ်နှစ်တိုင်း အင်မော်တယ်ကျောက်တုံးသန်းနှစ်ရာ မက်မွန်ပွင့်ဓားဂိုဏ်းကို ပေးရမယ်"

"ဒုတိယအချက်က ရွှေမိုးကြိုးဂိုဏ်းရဲ့လက်အောက်ခံနယ်မြေတွေထဲက သေမျိုးနိုင်ငံလေးဆယ်ကို မက်မွန်ပွင့်ဓားဂိုဏ်းကို ပေးရမယ်"

"တတိယအချက်က...ရွှေမိုးကြိုးဂိုဏ်းမှာ မိုးကြိုးနတ်ဘုရားသံမဏိလို့ခေါ်တဲ့ နတ်ဘုရားအဆင့်မှော်ရတနာရှိတယ်မလား...အဲ့ဒီမှော်ရတနာကို ငါတို့မက်မွန်ပွင့်ဓားဂိုဏ်းကို အချိန်အတိုင်းအတာတစ်ခုထိ ငှားယမ်းပေးဖို့ လိုအပ်တယ်"

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်မှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

အင်မော်တယ်ကျောက်တုံးသန်းနှစ်ရာနှင့်သေမျိုးနိုင်ငံလေးဆယ်သည် သူတို့သဘောတူလက်ခံပေးနိုင်သော အတိုင်းအတာအတွင်း၌ရှိသည်။

သို့ရာတွင် အကာအကွယ်နတ်ဘုရားမှော်ရတနာသည် ရွှေမိုးကြိုးဂိုဏ်းအား ထိပ်သီးအင်အားစုဖြစ်လာစေသော အခြေခံအုတ်မြစ်ဖြစ်ပေ၏။

သူတို့၏ရွှေမိုးကြိုးဂိုဏ်း ယခုကဲ့သို့ အခြေခံအုတ်မြစ်ခိုင်မာပြီး အောင်မြင်နေရသည့်အ​ကြောင်းအရင်းမှာ အကာအကွယ်နတ်ဘုရားမှော်ရတနာ ရှိနေခြင်းကြောင့်ပင်။ပတ်ဝန်းကျင်ရှိ ဂိုဏ်းများသည် ထိုအရာတည်ရှိနေခြင်းကြောင့် ကျုးကျော်ရန်စဝံ့ခြင်းမရှိချေ။

အကယ်၍ မက်မွန်ပွင့်ဓားဂိုဏ်းကိုသာ အကာအကွယ်နတ်ဘုရားမှော်ရတနာ ပေးအပ်လိုက်ရပါက သူတို့၏ရွှေမိုးကြိုးဂိုဏ်းသည် ကြီးမားသောရိုက်ခတ်မှုဒဏ်ကို ခံစားရပေမည်။

လီဟောင်ယန်း၏မျက်နှာက သုန်မှုန်နေသည်။

"ငါ ပထမဆုံးအချက်နှစ်ချက်ကို သဘောတူတယ်...ဒါပေမယ့် တတိယအချက်ကိုတော့ ငါတို့ ဆွေးနွေးရအုံးမယ်"

Chapter 1718

လီဟောင်ယန်း၏မျက်နှာအမူအယာက မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။ဤသည်က သူတို့ရွှေမိုးကြိုးဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်ပေ၏။အကယ်၍ ဂိုဏ်းတွင် နတ်ဘုရားမိုးကြိုးသံမဏိသာမရှိပါက ဂိုဏ်း၏အဆင့်အတန်း နိမ့်ပါးသွားပေမည်။

ဝမ်ခမ်းက စိုးရိမ်ပူပန်ပုံမရချေ။သူက ထိုင်ခုံပေါ်၌ စိမ်ပြေနပြေခြေချိတ်ထိုင်၍ ပြောဆိုသည်။

"ဦးလေးလီ...မြွေဝိညာဥ်ကျွန်း ဘယ်လိုပျက်စီးသွားလဲဆိုတာ ဦးလေးလီသိမှာပါ...ဟုတ်တယ်မလား"

"​မြွေဝိညာဥ်ကျွန်းမှာ အကာအကွယ်နတ်ဘုရားမှော်ရတနာဖြစ်တဲ့ မြွေဝိညာဥ်ဓားရှိပေမယ့်....ကျွန်းတစ်ကျွန်းလုံးမှာရှိတဲ့ ဘယ်အစွမ်းထက်ကျင့်ကြံသူကမှ မြွေဝိညာဥ်ဓားကို မထိန်းချုပ်နိုင်ကြဘူး....လေဟာနယ်ဓားပြတွေ ရောက်လာတဲ့အချိန်ကျတော့ သူတို့က ပြန်ပြီးတောင်ခုခံတိုက်ခိုက်မှုမပြုနိုင်ခဲ့ဘူး"

ဝမ်ခမ်း၏စကားလုံးများသည် ဒဏ်ရာပေါ်သို့ ဓားတစ်ချောင်းထိုးစိုက်လိုက်သည်နှင့် အလားတူပင်။သူသည် လီဟောင်ယန်းအား အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။

လီဟောင်ယန်း၏မျက်နှာသည် သုန်မှုန်နေသော်လည်း သူက စကားတစ်ခွန်းမျှမဆိုချေ။

အကယ်၍ သာမာန်နေ့ရက်မျိုးတွင်သာ ဝမ်ခမ်း သူ့အား ဤကဲ့သို့ပုံစံမျိုးနှင့် စကားပြောဆိုလာပါက သူ အလွတ်ပေးမည်မဟုတ်ပေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ အခြေအနေကွဲပြားခြားနားနေသည်။

ရွှေမိုးကြိုးဂိုဏ်းတွင် လီဟောင်ယန်းတစ်ယောက်တည်းကသာ လောကီအင်မော်တယ်ဖြစ်သည်။အကယ်၍သာ လေဟာနယ်ဓားပြများ ဂိုဏ်းသို့ရောက်ရှိလာပါက လီဟောင်ယန်း မည်မျှပင်သန်မာအားကောင်းနေပါစေ သူ မည်သို့မျှတန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

ထိုကဲ့သို့အချိန်မျိုးကျရောက်လာပါက ရွှေမိုးကြိုးဂိုဏ်းသည် မြွေဝိညာဥ်ကျွန်း၏ခြေရာနောက်သို့ လိုက်သွားရပေလိမ့်မည်။

လီဟောင်ယန်း၏မျက်နှာထက်၌ ဝေခွဲရခက်နေသော အရိပ်အယောင်များထင်ဟပ်နေပြီး စကားတစ်ခွန်းမျှမဆိုနိုင်ခြင်းကို တွေ့မြင်နေသောဝမ်ခမ်းက ပြုံးလိုက်၏။

"ဦးလေးလီ....ဆုံးဖြတ်ချက်မြန်မြန်ချတာ ပိုကောင်းလိမ့်မယ်....တကယ်လို့ အချိန်ကောင်းကိုလွဲချော်သွားရင် အဆင်ပြေမှာမဟုတ်ဘူး"

ဝမ်ခမ်းသည် နံဘေးဘက်၌ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ မတ်တတ်ရပ်နေသော လီဟူရှင်းကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လီဟောင်ယန်းသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီး သူ၏ဆုံးဖြတ်ချက်ကိုပြောဆိုရန် ဟန်ပြင်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အကြီးအကဲတစ်ယောက်က မတ်တတ်ထရပ်ပြီး အော်ဟစ်ပြောဆိုလေ၏။

"ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေနဲ့များ...မက်မွန့်ပွင့်ဓားဂိုဏ်းက အင်အားကောင်းတယ်ဆိုတာနဲ့ပဲ သူတို့ရဲ့တောင်းဆိုချက်တွေက အရမ်းလွန်မနေဘူးလား...သူတို့က ကျွန်တော်တို့ရဲ့ရွှေမိုးကြိုးဂိုဏ်းကို ဝါးမျိုချင်နေတာ...ဂိုဏ်းချုပ် ဒီကိစ္စကို သဘောမတူသင့်ဘူး"

စကားပြောဆိုလိုက်သောအကြီးအကဲသည် ရွှေမိုးကြိုးဂိုဏ်း၏ အကြီးအကဲဌက်မွှေးဖြစ်ပြီး သူ၏ကျင့်ကြံဆင့်သည် လေလွင့်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေလေပြီ။

ဝမ်ခမ်းက အထင်အမြင်သေးစွာ ပြောဆိုသည်။

"ကျုပ်က ဦးလေးလီနဲ့စကားပြောနေတာ...ခင်ဗျားက ဘာကောင် မလို့လဲ"

"မောက်မာလိုက်တဲ့ကောင်...သေချင်နေတာလား"

အကြီးအကဲဌက်မွှေးသည် အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်တွင် သူ၏ခွန်အား အကုန်အစင်ကို ထည့်သွင်းအသုံးပြုထားခြင်းမရှိဘဲ ဝမ်ခမ်းထိုင်နေသော ထိုင်ခုံကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။

သူသည် ဝမ်ခမ်းကို သင်ခန်းစာပေးရုံမျှသာ ရည်ရွယ်ထားပေ၏။

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲဌက်မွှေးမှာ လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်သည်။သူ၏အားပျော့သောရိုက်ချက်တစ်ချက်ကပင် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ထုတ်လွှက်ပေးနေသည်။

ထိုဖိအားအရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် ဝမ်ခမ်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

"ယန်ချမ်း...သွားစမ်း"

ဝမ်ခမ်းက စူးရှကျယ်လောင်စွာ အော်ဟစ်လေသည်။

ထိုအဖိုးအိုသည် ဝမ်ခမ်း၏နောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲပင်။

ဘန်း...

ဝမ်ခမ်းထိုင်နေသောထိုင်ခုံသည် အကြီးအကဲဌက်မွှေး၏လက်ဝါးရိုက်ချက်ကြောင့် တစစီကြေမွပျက်စီးသွားတော့သည်။

ဝမ်ခမ်းသည် ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး သူ၏တင်ပါးနှစ်ဖက်ကိုကိုင်ကာ အော်ဟစ်ညည်းညူနေပေ၏။

"ဒီတစ်ကြိမ်တော့ ငါမင်းကို သင်ခန်းစာပဲပေးလိုက်မယ်...မှတ်ထားစမ်း...ငါတို့ရွှေမိုးကြိုးဂိုဏ်းက မင်းတို့မက်မွန်ပွင့်ဓားဂိုဏ်းကို တောင်းဆိုခဲ့တယ်ဆိုပေမယ့် မင်းတို့က ငါတို့နဲ့ပူးပေါင်းနိုင်တဲ့ တစ်ခုတည်းသောမဟာမိတ်အဖွဲ့မဟုတ်ဘူး...အန္တိမဝါယောဂိုဏ်းက ခုလတ်တလောအချိန်မှာ ထိပ်သီးအင်အားစုတွေနဲတန်းတူနီးပါး အင်အားကြီးလာတာကို မင်း မမေ့နဲ့...ငါတို့ မဟာမိတ်အသစ်ကို ရွေးချယ်လို့ရတယ်"

အကြီးအကဲဌက်မွှေးသည် ဝမ်ခမ်းကို အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။

ဝမ်ခမ်း၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူမွေးဖွားလာစဥ်အချိန်မှစ၍ ဤကဲ့သို့ပြစ်တင်ဆုံးမခံရခြင်းမျိုး တစ်ကြိမ်တစ်ခါမျှမကြုံတွေ့ဖူးချေ။

မူလက သူသည် သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအား ပြသမည်ဟု ကြံရွယ်ထားခဲ့သည်။ရွှေမိုးကြိုးဂိုဏ်းသည် သူ့အား ဤကဲ့သို့ဆက်ဆံမည်ဟု သူ မျှော်လင့်မထားမိချေ။

"အမှိုက်..."

ဝမ်ခမ်းသည် အရှက်ခွဲခံရမှုကြောင့် အလွန်အမင်းဒေါသထွက်သွားပြီး သူ့နောက်ရှိ ယန်ချမ်းကို ပါးဖြတ်ရိုက်လိုက်၏။

"တကယ်လို့ အကြီးအကဲကောင်းသာ ဒီနေရာမှာရှိရင် ရွှေမိုးကြိုးဂိုဏ်းကလူတွေ ကျုပ်ရဲ့ဆံပင်တစ်ချောင်းကိုတောင် ထိရဲမှာမဟုတ်ဘူး....ခင်ဗျားက အမှိုက်ပဲ...ကျုပ် ပြန်ရောက်တာနဲ့ ခင်ဗျားကိုဂိုဏ်းကနေ မောင်းထုတ်ဖို့ ကျုပ်ရဲ့အဖေကိုပြောရလိမ့်မယ်"

သူ ဒေါသတကြီးပြောဆိုနေစဥ်မှာပင် ထူးဆန်းသောလေချွန်သံတစ်သံက ပင်မခန်းမ၏ပြင်ပမှ ထွက်ပေါ်လာသည်။

"ဘာအသံလဲ"

ဝမ်ခမ်းက မျက်မှောင်ကြုတ်လိုက်သည်။

Chapter 1719

ထိုလေချွန်သံသည် သာမာန်လူများ၏နားအတွင်းသို့ ဝင်ရောက်လာသော်လည်း မည်သည့်သက်ရောက်မှုမျှရှိမလာချေ။

သို့ရာတွင် ယန်ချမ်းသည် ထိုလေချွန်သံသိုကြားသည်နှင့် သူ၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားသည်။

သူ၏တည်ငြိမ်အေးဆေးနေသော မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာပေ၏။

ဘန်း...

ယန်ချမ်းက ဝမ်ခမ်း၏ရင်ဘတ်ကို ဆောင့်ကန်လိုက်သည်။

ဤအကြိမ်တွင် ဝမ်ခမ်းသည်သတိလက်လွတ် နေနေပေ၏။ထို့ပြင် ယန်ချမ်း၏လှုပ်ရှားမှုသည်လည်း လျှပ်ပြက်သကဲ့သို့ လျှင်မြန်လေရာ ဝမ်ခမ်းက တုံ့ပြန်ရန်အချိန်မရလိုက်ချေ။

ဘန်းခနဲမြည်ဟီးသံနှင့်အတူ ဝမ်ခမ်း၏ရင်ညွှန့်ရိုးသည် ပြင်းထန်သောခွန်အားနှင့် တိုက်ခိုက်ခံရမှုကြောင့် ရုတ်ချည်းဆိုသလိုပင် အက်ကွဲသံများ ထွက်ပေါ်လာသည်။

သူသည် နောက်သို့ လေးမီတာ ငါးမီတာခန့် လွင့်ထွက်သွားပြီး စားပွဲများနှင့်ထိုင်ခုံများကိုဝင်ဆောင့်မိကာ သူ၏ပါးစပ်မှနေ၍ သွေးများအဆက်မပြတ်ယိုစီးကျလာသည်။

"ဟန်ပဲရှိတဲ့ ကလေးတစ်ကောင်ကများ...မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ ငါ့ကို ဒီလိုပုံစံနဲ့စကားပြောနေတာလဲ"

ယန်ချမ်းက သာမာန်ကာလျှံကာလေသံဖြင့် စကားပြောဆိုသည်။

"မဟုတ်ဘူး...မဟုတ်ဘူး...အဟွတ်...အဟွတ်...."

ဝမ်ခမ်း၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ပါးစပ်မှ သွေးများ တသွင်သွင်စီးကျနေသည်။

သူသည် တုန်ရီနေသောလက်များဖြင့် ယန်ချမ်းကိုလက်ညှိုးညွှန်ပြီး သူ၏အမြင်အာရုံ တစတစမှိတ်ဖျော့သွားကာ နောက်ဆုံး၌ သူ သေဆုံးသွားတော့သည်။

ဝမ်ခမ်းသည် ကန်ချက်တစ်ချက်ခံရရုံဖြင့်ပင် သေဆုံးသွားခဲ့သလော...

ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံး အလွန်လျှင်မြန်သဖြင့် လူတိုင်း ကြက်သေသေနေကြ၏။

"သခင်လေး"

မက်မွန်ပွင့်ဓားဂိုဏ်းမှလူများက ထိတ်လန့်တကြားဖြင့် အပြေးအလွှားရောက်ရှိလာသည်။

သို့ရာတွင် ဝမ်ခမ်းသည် မြေပြင်ပေါ်၌လဲလျောင်းနေပြီး လှုပ်ရှားမှုမရှိတော့ချေ။သူသည် သေဆုံးသွားပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ထိုသက်တော်စောင့်များသည် ထိတ်လန့်ကြောက်ရွံပြီး ဒေါသတကြီးဖြင့် ယန်ချမ်းအား လက်ညှိုးညွှန်ကာ အော်ငေါက်လိုက်သည်။

"မင်း သေချင်နေတာလား....မင်းက သခင်လေးကိုထိခိုက်အောင် လုပ်ဝံ့တယ်ပေါ့လေ"

ယန်ချမ်းက ညင်သာစွာလက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်နေရာအနှံ့မှနေ၍ လူတချို့ထွက်ပေါ်လာပြီး ထိုသက်တော်စောင့်များအား ရင်ဆိုင်ဖြေရှင်းလိုက်ကြသည်။

"မင်းက ဝမ်ခမ်းရဲ့နောက်လိုက် မဖြစ်နိုင်ဘူး"

လီဟောင်ယန်းက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

ယန်ချမ်းက အဝေးတစ်နေရာသို့ကြည့်၍ ရေရွတ်နေလေသည်။

"အချိန်ကိုတွက်ဆကြည့်ရင်...ဒီအချိန်ပဲ"

ဘာအချိန်ကျတာလဲ...

လူများအားလုံး စိတ်ရှုပ်ထွေးနေသော အချိန်တခဏတွင် ရွှေမိုးကြိုးဂိုဏ်း၏ပြင်ပမှနေ၍ ကျယ်လောင်သောမြည်ဟီးသံတစ်သံ ထွက်ပေါ်လာပေ၏။

"အထဲမှာ ဘာတွေဖြစ်နေတာပါလိမ့်"

"ခုဏက ဝမ်ခမ်းရဲ့သက်တော်စောင့်တွေ ခန်းမထဲပြေးဝင်သွားတာကို ငါ မြင်မိတယ်...ဖြစ်နိုင်တာတော့ အထဲမှာ ကိစ္စကြီးတစ်ခုဖြစ်နေပုံပဲ"

"စိတ်ဝင်စားစရာပဲ...ငါ အဲ့ဒီဝမ်ခမ်းဆိုတဲ့ကောင်ကို ကြည့်မရတာ အချိန်တော်တော်ကြာနေပြီ...သူ့ကို ကောင်းကောင်းလေး ရိုက်နှက်ပေးရမှာ"

ခန်းမပြင်ပရှိတပည့်များသည် အတွင်းရှိအခြေအနေများကို မမြင်တွေ့ရသဖြင့် မှန်းဆ၍ပြောဆိုနေကြသည်။

လုယွီသည် ထိုတပည့်များအကြား၌ ရှိနေသဖြင့် အတွင်း၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့သည်။

မျှော်လင်ထားသကဲ့သို့ပင် ယန်ချမ်းသည် လေဟာနယ်ဓားပြတစ်ယောက် ဖြစ်ပေ၏။ထို့ပြင် ယန်ချမ်း၏နောက်၌ရှိနေသူများမှာလည်း လေဟာနယ်ဓားပြများဖြစ်နေသည်။

"အမ်...."

လုယွီသည် လေဟာနယ်၏တခြားတစ်ဖက်ခြမ်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ကာကွယ်ပေးထားသော အကာအကွယ်ဝင်္ကပါကြီး ရုတ်တရက် ပြိုလဲသွားခြင်းကို သူ ခံစားမိသည်။

စွမ်းအားလှိုင်းတစ်လှိုင်းသည် ရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုနီးပါးပင် ရွှေမိုးကြိုးဂိုဏ်း၏အကာအကွယ်ဝင်္ကပါကြီးတစ်ခုလုံး ပျက်ပြယ်သွားခြင်းဖြစ်သည်။

"ဂိုဏ်းရဲ့မဟာအကာအကွယ်ဝင်္ကပါကြီး ပြိုလဲသွားပြီ"

လီဟောင်ယန်းသည် ရုတ်တရက် မတ်တတ်ထရပ်ပြီး ယန်ချမ်းကိုကြည့်ကာ ဒေါသတကြီးအော်ငေါက်လိုက်၏။

"မင်း လုပ်တာလား...ဘာလဲ...ကြည့်ရတာတော့ မက်မွန်ပွင့်ဓားဂိုဏ်းက ငါတို့ရွှေမိုးကြိုးဂိုဏ်းနဲ့တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပုံပဲ"

တခြားအကြီးအကဲများသည်လည်း ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အာရုံခံမိပေ၏။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"မက်မွန်ပွင့်ဓားဂိုဏ်းက ဘာလုပ်ချင်တာလဲ...ငါတို့က မင်းတို့ကို အကျိုးအမြတ်အကြီးကြီးပေးဖို့တောင် ပြင်ဆင်ထားခဲ့တာ...ဒါတောင်မှ မင်းတို့က ငါတို့ကို အရင်စပြီးတိုက်ခိုက်ဝံ့တယ်ပေါ့လေ....ရွှေမိုးကြိုးဂိုဏ်းမှာ ဘယ်သူမှမရှိတော့ဘူးလို့ မင်းတို့ ထင်နေကြတာလား"

ယန်ချမ်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။

"အရူးတစ်သိုက်ပဲ...ငါက ဝမ်ခမ်းကိုသတ်လိုက်မှတော့...ဘယ်လိုလုပ်ပြီး ငါက မက်မွန်ပွင့်ဓားဂိုဏ်းကလူဖြစ်မှာလဲ"

လီဟောင်ယန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒီနေရာက ရွှေမိုးကြိုးဂိုဏ်းဆိုတာ မင်း မေ့နေပုံရတယ်"

သူက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အဆုံးမရှိသော ရေခိုးရေငွေ့များ ရစ်သိုင်းသွားပေ၏။ထိုရေခိုးရေငွေ့များအကြားတွင် ​မြောက်များစွာသော မိုးကြိုးလှိုင်းများ တောက်ပပြီး ရှေ့နောက်လူးလွန့်နေသည်။

လီဟောင်ယန်းသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ခန်းမအတွင်းရှိလူအားလုံးသည် သူတို့အား လီဟောင်ယန်းမှ ပစ်မှတ်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ဖိအားအရှိန်အဝါကို ခံစားနေရ၏။

ယန်ချမ်းသည် နောက်သို့ဆုတ်မသွားချေ။ထိုအစား သူက ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။ထို့နောက် လီဟောင်ယန်းနှင့်တန်းတူနီးပါးဖြစ်သော သူ၏ကိုယ်ပိုင်အရှိန်အဝါကို ထုတ်လွှက်လိုက်လေ၏။

Chapter 1720

"မင်းကလည်း လောကီအင်မော်တယ်တစ်ယောက်လား"

လီဟောင်ယန်းက အံ့အားသင့်တုန်လှုပ်သွားသည်။

ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် လောကီအင်မော်တယ်အဆင့်သို့ရောက်ရှိလာသော မည်သူ့ကိုမဆို ထိပ်သီးသန်မာသူဟု သတ်မှတ်နိုင်သည်။

ဤကဲ့သို့ထိပ်သီးကျင့်ကြံသူတစ်ယောက်သည် မည်သည့်နေရာသို့ရောက်နေပါစေ အထူးဧည့်သည်တော်တစ်ယောက်အဖြစ် ဆက်ဆံခံရပေမည်။မည်သည်ကြောင့် သူသည် အစေခံဝတ်စုံကို ဝတ်ဆင်ထားရသနည်း။

"မင်း ဘယ်သူလဲ"

လီဟောင်ယန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ဂိုဏ်းချုပ်လီ...မင်း ငါတို့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ကြိုးစားနေတာ အချိန်အတော်ကြာနေပြီ...အခု ငါတို့က မင်းရှေ့မှရောက်နေတာတောင် ငါတို့ ဘယ်သူတွေမှန်း မင်း မသိသေးဘူးလား"

ယန်ချမ်းက သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံကိုဖယ်ရှားလိုက်ရာ သူ၏အသက်အရွယ်နှင့်မမျှသော ကျစ်လစ်တောင့်တင်းသည့်ကြွက်သားများ ထွက်ပေါ်လာပေ၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် နဂါးနက်တစ်ကောင်သင်္ကေတကို ရေးဆွဲထားသည်။ကြည့်ရသည်မှာ ထိုနဂါးသည် ခန္ဓာကိုယ်အားဆန့်ထုတ်ထားပြီး လူတိုင်းအားစိန်းစိန်းဝါးဝါး စိုက်ကြည့်နေပုံရပေ၏။

ထိုနဂါးနက်သင်္ကေတကိုမြင်သည်နှင့် အကြီးအကဲအများစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။လီဟောင်ယန်းပင်လျှင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အံ့အားတသင့် ရေရွတ်လိုက်သည်။

"လေဟာနယ် ဓားပြလား"

နဂါးနက်သင်္ကေတသည် လေဟာနယ်ဓားပြများ၏အမှတ်အသားဖြစ်ပေ၏။သူတို့ အချိန်ကြာမြင့်စွာ သတိထားစောင့်ကြည့်နေကြသော လေဟာနယ်ဓားပြများသည် အဆုံးသတ်တွင် သူတို့၏ရှေ့၌ထွက်ပေါ်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"လေလွင့်အင်မော်တယ်နယ်ပယ် အကြီးအကဲတွေအားလုံး ရှေ့ထွက်လာကြစမ်း...ကျန်တဲ့တပည့်တွေက သခင်မလေးကိုစောင့်ကြပ်ပြီး အဝေးကိုခေါ်ဆောင်သွားကြတော့"

လီဟောင်ယန်း၏အသံသည် ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူတိုင်းသည် ပတ်ဝန်းကျင်ရှိကြယ်နယ်မြေများအားလုံး ထိတ်လန့်ကြောက်ရွံနေရသော လေဟာနယ်ဓားပြများ သူတို့ဂိုဏ်းအတွင်းသို့ ရောက်ရှိနေသည်ကို သိရှိသွားကြပေ၏။

"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး လေဟာနယ်ဓားပြတွေ ရောက်လာတာလဲ"

"ပြီးသွားပြီ...အကုန်ပြီးသွားပြီ...တကယ်လို့ ငါ အစကတည်းက ကြိုသိခဲ့ရင် ငါ အစောကတည်းက ဂိုဏ်းကနေထွက်သွားပါတယ်"

"မင်း ဘာလို့ ဒီလောက်အများကြီး စဥ်းစားနေတာလဲ...မြန်မြန်လာပြီး တိုက်ပွဲဝင်ဝင်္ကပါဖွဲ့စည်းစမ်း"

ပတ်ဝန်းကျင်၌ တပည့်အမြောက်အများ ယောက်ယပ်ခတ်ပြေးလွှားနေသော်လည်း မကြာမီမှာပင် အကြီးအကဲတချို့ရောက်လာပြီး ထိုတပည့်များကို စုစည်းကာ သူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် ဝင်္ကပါပုံစံဖွဲ့စည်းစေသည်။

"ဟိုအပြင်စည်းတပည့်...ဒီနေရာကို မြန်မြန်လာစမ်း"

လုယွီ မလှုပ်မယှက်နေနေသည်ကိုမြင်ချိန်တွင် အကြီးအကဲတစ်ယောက်က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။

လုယွီက ခေါင်းခါပြပြီး ပင်မခန်းမထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများအားလုံး အံ့အားသင့်တုန်လှုပ်သွားပေ၏။

ထိုကောင်လေး ရူးများရူးနေသလော...

ခန်းမအတွင်း၌ နာမည်ဆိုးဖြင့်ကျော်ကြားသော လေဟာနယ်ဓားပြများရှိနေသည်။ထိုခန်းမအတွင်းသို့ဝင်သွားခြင်းသည် သူကိုယ်သူ သတ်သေခြင်းသာဖြစ်ပေမည်။

"ထားလိုက်တော့...သူက စိတ်မနှံ့ပုံပဲ...သူကိုယ်သူ သေလမ်းရှာနေမှတော့ သူ့ကိုတားမနေကြနဲ့"

တပည့်များအားလုံးသည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ကြိုးပမ်းနေကြ၏။မည်သူကမျှ လုယွီအား ဂရုမစိုက်နိုင်ချေ။

ခန်းမအတွင်း၌....

တပည့်များသည် လီဟောင်ယန်း၏အမိန့်ကိုနာခံပြီး လီဟူရှင်းအား ခေါ်ထုတ်သွားကြသည်။

"အဖေ..."

လီဟူရှင်းက အလွန်စိုးရိမ်ပူပန်နေပေ၏။

လီဟောင်ယန်းသည် ဂိုဏ်း၏အကျိုးကျေးဇူးအတွက် သမီးဖြစ်သူအား ရောင်းချရန် ကြံရွယ်ခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ဖခင်တစ်ယောင်ဖြစ်သည်။

လီဟောင်ယန်းက လီဟူရှင်းကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

"မြန်မြန်ထွက်သွားစမ်း...မင်း ဒီနေရာမှာရှိနေရင်လည်း ဘာမှအသုံးမဝင်ဘူး...ငါ့ကို ဆွဲချသလိုပဲဖြစ်လိမ့်မယ်"

ထို့နောက် လီဟောင်ယန်းနှင့်ယန်ချမ်းတို့ စတင်တိုက်ခိုက်ကြတော့သည်။

ရွှေမိုးကြိုးဂိုဏ်းမှအကြီးအကဲများနှင့် လေဟာနယ်ဓားပြများသည်လည်း စတင်၍တိုက်ခိုက်ကြလေ၏။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး အမျိုးအစားစုံလင်သောမှော်စွမ်းအင်အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး ကျယ်လောင်သောဆူညံသံများကလည်း နေရာအနှံ့ မြည်ဟီးနေသည်။

ထိုမှော်စွမ်းအင်များ၏လွှမ်းမိုးမှုအောက်တွင် ဂိုဏ်းပင်မခန်းမကြီး ကွဲအက်စပြုလာသည်။

လီဟူရှင်းသည် တုန်ခါမှုလှိုင်းတချို့၏ရိုက်ခတ်ခံရပြီး ခြေလှမ်းအနည်းငယ်ခန့် ရုန်းကန်ရွေ့လျားပြီးနောက် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရ၏။

ဘုန်း...ဘုန်း...ဘုန်း...

ထိုအချိန်မှာပင် အစွမ်းထက်သော မှော်စွမ်းအင်လှိုင်းတစ်လှိုင်းသည် သူမ၏နံဘေးရှိ အစေခံများကို ရိုက်ခတ်သွားကာ သူတို့အားလုံး သေဆုံးသွားတော့သည်။

"သခင်မလေး...အခု ထွက်သွားလို့မရသေးဘူး"

ရင်းနှီးကျွမ်းဝင်သောပုံရိပ်တစ်ရိပ်က ရုတ်တရက် လီဟူရှင်း၏ရှေ့၌ ထွက်ပေါ်လာသည်။

လီဟူရှင်းသည် ရောက်ရှိလာသူကိုမြင်သည်နှင့် သူမ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းဆိုသလို ကျဥ်းမြောင်းသွားပေ၏။

'လျောင်ရှင်းချန်...."

ထိုသူက ဂိုဏ်းမှထုတ်ပယ်ခြင်းခံထားရသော လျောင်ရှင်းချန်ဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် လျောင်ရှင်းချန်ထံတွင် အနိုင်ရသူ၏ကိုယ်နေဟန်ထားမျိုးရှိနေပြီး သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လီဟူရှင်းထံသို့ လျှောက်လှမ်းလာနေသည်။

"သခင်မလေး...ဝမ်ခမ်းလိုကောင်မျိုးနောက်ကိုလိုက်ရင် သခင်မလေးမှာ ဘာအနာဂတ်မှရှိမှာမဟုတ်ဘူး...ကျွန်တော်နောက်ကို လိုက်တာပိုကောင်းလိမ့်မယ်...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော် သခင်မလေးကို ကောင်းကောင်းဆက်ဆံမှာပါ"

လျောင်ရှင်းချန်၏နှုတ်ခမ်းထောင့်၌ ဆိုးညစ်သောအပြုံးတစ်ခု ရှိနေပေ၏။

All Chapters