← Chapters

အခန်း (၁၇၂၆-၁၇၃၀)

Vol. 90 Ch. 1726-1730

အခန်း (၁၇၂၆-၁၇၃၀)

Vol. 90 Ch. 1726-1730

Chapter 1726

ထိုစကားကိုကြားသည်နှင့် ယန်ချမ်းသည် ထပ်မံ၍ရိုက်ထုတ်ရန် ဟန်ပြင်ထားသော သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်၏။

"နောက်တစ်ကြိမ်ကျရင်...မင်း ကိုယ့်နေရာကိုယ်သိစမ်း...မဟုတ်လို့ကတော့ မင်းရဲ့အသက် ဆုံးရှုံးသွားလိမ့်မယ်"

ယန်ချမ်းက ဆိုးညစ်သောအပြုံးမျိုးဖြင့် လီဟူရှင်းထံ လျှောက်လှမ်းသွားလေသည်။

လီဟူရှင်းသည် အလွန်စိတ်ဓာတ်ကျနေသည်။သူမက ကူကယ်ရာမဲ့စွာဖြင့် သူမ၏ဖခင်ကို ကြည့်လိုက်၏။

သို့ရာတွင် လီဟောင်ယန်းသည် အစပထမ၌ဒေါသထွက်နေသော်လည်း ယခုလက်ရှိချိန်၌ သူက စကားတစ်ခွန်းမျှ မဆိုတော့ချေ။

ဂိုဏ်းတစ်ဂိုဏ်းလုံးနှင့်နှိုင်းယှဥ်ပါက သူ၏သမီးဖြစ်သူအား သူ စွန့်ပစ်ရပေမည်။ထို့ပြင် သူ၏သမီးဖြစ်သူသည် အချိန်ကြာမြင့်စွာ အသက်ရှင်တော့မည်မဟုတ်ချေ။သူမသည် မကြာမီမှာပင် သေဆုံးသွားပေတော့မည်။

"ကောင်းလိုက်တာ...ငါတို့ အသက်ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခုရပြီ"

"ဒါဆို သူ့ရဲ့တာအိုလက်တွဲဖော်က လေဟာနယ်ဓားပြဖြစ်သွားမှာပေါ့...ဒါကလည်း သူ့အတွက် အကျိုးကျေးဇူးရှိတာပါပဲ....အဲ့ဒီလေဟာနယ်ဓားပြက အသက်ကြီးနေပေမယ့် သူက လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲလေ"

"အမှန်ပဲ...အခုချိန်မှာ သူ ကူကယ်ရာမဲ့တဲ့ပုံဖြစ်နေတာကို မကြည့်ကြနဲ့ ..သူ့ရဲ့စိတ်ထဲကနေ ပျော်တောင်ပျော်နေလောက်တယ်"

အမျိုးသမီးတပည့်တချို့သည် ယခင်ကတည်းက လီဟူရှင်းကို မနာလိုအားကျနေသူများဖြစ်သဖြင့် သူမကိုကြည့်ကာ တီးတိုးပြောဆိုနေကြ၏။

သူမတို့ပြောဆိုသည့်စကားများမှာ ကောင်းမွန်သည့်အရာဟူ၍ မရှိသလောက်ပင်။

လီဟူရှင်း၏မျက်နှာ ဖြူရော်နေသည်။သူမက ခေါင်းခါယမ်းပြီး ခါးသက်သက်လေသံဖြင့် ပြောဆိုလိုက်၏။

"ကျွန်မ ရှင့်နောက်ကို လိုက်လာတာနဲ့...ရှင် ကျွန်မတို့ဂိုဏ်းကလူတွေကိုမသတ်တော့ဘူးဆိုရင် ကျွန်မ သဘောတူတယ်"

ယန်ချမ်းက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာကာ ရယ်မောပြီးပြောဆိုလေသည်။

"ရွှေမိုးကြိုးဂိုဏ်းလိုသေးငယ်တဲ့နေရာလေးကို ငါက မျက်လုံးထဲတောင် မထည့်ထားဘူး...ဘာလို့ အလွတ်မပေးနိုင်ရမှာလဲ"

သူက လက်ကိုဆန့်ထုတ်၍ လီဟူရှင်းအား ဖမ်းဆုပ်လိုက်သည်။

"ဘယ်သူ သူ့ကိုထိဝံ့လဲဆိုတာ ငါ ကြည့်ချင်တယ်"

ကျယ်လောင်သောအော်ငေါက်သံနှင့်အတူ လုယွီသည် ယန်ချမ်း၏ရှေ့သို့ လျှောက်လှမ်းသွားသည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလူများ၏မျက်လုံးအကြည့်များအားလုံး လုယွီထံသို့ စူးစိုက်၍ကျရောက်လာပေ၏။

ထိုကောင်လေး ရူးများရူးနေသလော...

လီဟူရှင်းပင်လျှင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ...မြန်မြန် ထွက်မသွားသေးဘူးလား...ဒါက နင် ဟန်လုပ်ပြနေရမယ့် အချိန်မဟုတ်ဘူး"

တခြားတပည့်များကလည်း လုယွီရှေ့သို့ထွက်လာသည်ကို မြင်တွေ့ချိန်တွင် စိတ်မရှည်ဟန်ဖြင့် အော်ဟစ်နေကြသည်။

"ကောင်လေး...ဒီနေရာက ထွက်သွားစမ်း...မင်းက ငါတို့ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရတာကို မြင်ချင်နေတာလား"

"အမှန်ပဲ...လေဟာနယ်ဓားပြတွေက ငါတို့ကို အလွတ်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...မင်း ဒီနေရာကကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်စမ်းနဲ့"

လုယွီသည် ထိုစကားများအားလုံးကို ကြားချိန်တွင် သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"မင်းတို့ ငါ့ကို နားလည်မှုလွဲနေပြီ...ငါက မင်းတို့ ရွှေမိုးကြိုးဂိုဏ်းကိုကယ်တင်ဖို့ ဒီနေရာကို ရောက်လာတာမဟုတ်ဘူး...ငါက သူ့ကို လာရှာတာ"

လုယွီက ယန်ချမ်းကိုကြည့်၍ ပြောဆိုသည်။

"ငါ့ကိုလာရှာတာ...ဟုတ်လား...မင်းက ဘာလို့ ငါ့ကိုရှာနေတာလဲ"

ယန်ချမ်း၏မျက်လုံးများတောက်ပသွားပြီး သူက လုယွီကို စိတ်ဝင်စားမှုအပြည့်ဖြင့်ကြည့်လိုက်၏။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ခင်ဗျားရဲ့အသက်ကို ယူဖို့လေ"

ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် လုယွီကို အရူးတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ စူးစိုက်၍ကြည့်လိုက်ကြသည်။

ထိုကောင်လေးသည် စိတ်မနှံ့သူတစ်ယောက်များ ဖြစ်နေသလော....

ထိုလူငယ်သည် အလွန်မောက်မာဝံ့ကြွားပေ၏။သူ မည်သူနှင့်ရင်ဆိုင်နေရသည်ကိုပင် သိရှိပုံမရချေ။

"ရယ်ဖို့ကောင်းလိုက်တာ...ဂိုဏ်းချုပ်လီ...ဒါက မင်းရဲ့တပည့်လား....မင်း သိထားဖို့က တကယ်လို့ မင်းရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးသွားမယ်ဆိုရင်....ဒါတွေအားလုံးက ဒီကောင်လေးကြောင့်ပဲ"

ယန်ချမ်းသည် လီဟောင်ယန်းဘက်သို့လှည့်ကာ ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာနှင့် ခြိမ်းခြောက်စကားပြောဆိုသည်။

ထိုစကားကိုကြားသည်နှင့် လီဟောင်ယန်း၏မျက်နှာအမူအယာ ချက်ချင်းဆိုသလို ​ပျက်ယွင်းသွားပေ၏။

"ဒါက မင်းလား"

လီဟောင်ယန်းက လုယွီ မည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းနိုင်ခဲ့သည်။အကယ်၍ လုယွီသည် ယခင်အချိန်မျိုး၌သာ ဂိုဏ်းသို့ပြန်လာရန် ဆန္ဒရှိပါက သူ ရိုသေလေးစားစွာ ဆက်ဆံပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံး သေရေးရှင်ရေးအနေအထားသို့ ကျရောက်နေသည်။သူသည် ဆေးပညာပါရမီရှင်တစ်ယောက်ကို အာရုံစူးစိုက်နေရန် အချိန်မရှိချေ။

ဆေးပညာပါရမီရှင်တစ်ယောက်က မည်သည့်နည်းဖြင့် ရွှေမိုးကြိုးဂိုဏ်းကို ကယ်တင်နိုင်မည်နည်း။

"မင်း ရွှေမိုးကြိုးဂိုဏ်းကနေ ထွက်သွားတာမဟုတ်ဘူးလား...ဘာလို့ ပြန်လာတာလဲ...ဒါက မင်းလာရမယ့် နေရာမျိုးမဟုတ်ဘူး...ချက်ချင်းထွက်သွားစမ်း"

လီဟောင်ယန်းက အော်ငေါက်လိုက်၏။

"ဟမ့်....ကျုပ် သူ့ရဲ့အသက်ကိုကယ်တင်ရတဲ့အကြောင်းအရင်းက....သူက ကျုပ်ရဲ့အသက်ကို ကယ်တင်ခဲ့ဖူးလို့ပဲ....ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး"

လုယွီက ခနဲ့တဲ့တဲ့ပြောဆိုပြီး ခြေတစ်လှမ်းရှေ့တက်လိုက်ရာ ရွှေမိုးကြိုးဂိုဏ်း၏မြေပြင်တစ်ခုလုံး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ရုတ်ချည်းဆိုသလိုပင် အချိန်အတော်ကြာပုန်းအောင်းနေရပုံရသည့် ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်သည် လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံထွက်လာပြီး ကောင်းကင်ယံထိတိုင် ထိုးတက်သွားပေ၏။

Chapter 1727

ထိုအရှိန်အဝါထွက်ပေါ်လာသည်နှင့် လီဟောင်ယန်းနှင့်ယန်ချမ်းတို့နှစ်ယောက်လုံး တပြိုင်နက်တည်း နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ရသည်။

လီဟောင်ယန်းသည် လောကီအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ရှေ့၌ ဧရာမတောင်ကြီးတစ်လုံး ရုတ်တရက်ထွက်ပေါ်လာသကဲ့သို့ ခံစားရပေ၏။အကယ်၍ သူ ရောက်ရှိနေသော လောကီအင်မော်တယ်နယ်ပယ်သည် ကိုးပေခန့်မြင့်မားသော တောင်တစ်လုံးဆိုပါက သူရှေ့ရှိတောင်ကြီးသည်....ပေတစ်သောင်းခန့်မြင့်မားနေပြီး မည်သူကမျှ ဖြတ်ကျော်ရန်အတွေးမျိုး တွေးဝံ့မည်မဟုတ်ချေ။

"မင်းက လောကီအင်မော်တယ်တစ်ယောက်လား"

လီဟောင်ယန်းက တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

သို့ရာတွင် သူ၏ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

"မဖြစ်နိုင်ဘူး....မင်းရဲ့အရှိန်အဝါက အားကောင်းတယ်ဆိုပေမယ့် လောကီအင်မော်တယ်တစ်ယောက်မဖြစ်နိုင်ဘူး...မင်းရဲ့အသက်က အရမ်းငယ်ရွယ်လွန်းတယ်...ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်နိုင်မှာလဲ"

ဤအချိန်အခိုက်အတန့်တွင် လီဟောင်ယန်း၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေပေ၏။

တစ်စုံတစ်ယောက်သည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်လာရန် သူ့ထံတွင် လုံလောက်သောပါရမီအရည်အချင်းရှိရန် လိုအပ်ရုံသာမက အတွေ့အကြုံများကိုလည်း စုဆောင်းထားရန် လိုအပ်သည်။

တာအိုဒုတိယအဆင့်မှနေ၍ တတိယအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် အတွေ့အကြုံများကို အချိန်ကြာမြင့်စွာစုဆောင်းရန်လိုအပ်ပြီး နောက်ဆုံးတွင် အရည်အချင်းစစ်ဆေးသည့်အဆင့်ကို ဖြတ်ကျော်ရပေမည်။

လုယွီသည် ယခုလက်ရှိချိန်၌ လောကီအင်မော်တယ်နယ်ပယ်သို့ရောက်ရှိနေရုံမက လုယွီ၏ခွန်အားသည် သူ့ထက်များစွာ သာလွန်နေသည်ကို လီဟောင်ယန်း ခံစားမိပေ၏။

ပြင်ပ၌စောင့်ကြည့်နေသော တပည့်များအားလုံး ဆွံအသွားတော့သည်။လုယွီအား လှောင်ပြောင်သရော်ခဲ့ကြသော တပည့်တချို့ပင်လျှင် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြသည်။

တော်လိုက်တဲ့ကောင်....

ဤကဲ့သို့ခွန်အားမျိုး ရှိနေပါလျှက် မည်သည်ကြောင့် တခြားနေရာကောင်းများသို့မသွားဘဲ ရွှေမိုးကြိုးဂိုဏ်းတွင် အပြင်စည်းတပည့် လုပ်နေရသနည်း။

"ငါ ဒါကို အရင်ကတွေးမထားမိဘူး...သေးငယ်တဲ့ရွှေမိုးကြိုးဂိုဏ်းက တကယ်ကိုပဲ ပုန်းကွယ်နေတဲ့နဂါးတွေ ဝပ်နေတဲ့ကျားတွေနဲ့ ပြည့်နှက်နေတာပါလား....အပြင်စည်းတပည့်တစ်ယောက်ကတောင် လောကီအင်မော်တယ်ဖြစ်နေတယ်...ဒါတောင်မှဂိုဏ်းချုပ်လီ...မင်းက မင်းသမီးရဲ့ခံစားချက်မကောင်းတာတောင် မက်မွန်ပွင့်ဓားဂိုဏ်းနဲ့မဟာမိတ်ဖွဲ့ဖို့ လုပ်ခဲ့သေးတယ်နော်"

ယန်ချမ်းသည် လုယွီ၏ခွန်အားကြောင့် ထိတ်လန့်ကြောက်ရွံသွားသော်လည်း အချိန်တိုအတွင်းမှာပင် သူက ပြန်လည်တည်ငြိမ်သွားသည်။

သူက ရယ်မောပြီး လက်ခုပ်တီးလိုက်၏။

"ငါတို့က ဒီနေရာကိုရောက်လာမှတော့ တခြားပြင်ဆင်မှုလုပ်မလာဘူးလို့ မင်းတို့ ထင်နေတာလား"

လက်ခုပ်သံတချို့နှင့်အတူ မိုးကောင်းကင်ယံမှနေ၍ လောကီအင်မော်တယ်သုံးယောက် ထပ်မံ၍ဆင်းသက်လာသည်။

"လေဟာနယ်ဓားပြတွေ ထပ်ပြီးရောက်လာပြန်ပြီလား"

"အားလုံး ပြီးသွားပြီ...ဒီနေရာမှာ သူတို့လူတွေ ဘယ်လောက်များများရှိနေတာလဲ"

"ကောလဟာလတွေအရတော့ မြွေဝိညာဥ်ကျွန်းမှာ အရိုးတွေတောင်လိုပုံပြီး ကျန်ခဲ့တယ်တဲ့...သွေးတွေက မြစ်ရေလို သုံးရက်သုံးညကြာအောင် စီးဆင်းပြီးတာတောင် ခုချိန်ထိ သွေးတွေမခမ်းခြောက်သေးဘူးဆိုပဲ"

လူတိုင်း တုန်လှုပ်ချောက်ချားမှုကို ခံစားနေရသည်။

အကြောင်းအရင်းမှာ ယခုရောက်ရှိလာသော ကြယ်ဓားပြသုံးယောက်၏ခန္ဓာကိုယ်များမှနေ၍ သူတို့မတွန်းလှန်နိုင်သော အရှိန်အဝါမျိုးကို ခံစားရသောကြောင့်ပင်။

"လေလွင့်အင်မော်တယ်တွေလား"

လီဟောင်ယန်း၏မျက်နှာအမူအယာ ရုတ်တရက် အလွန်အမင်း ပျက်ယွင်းသွားပေ၏။

ဤနေရာတွင် လေဟာနယ်ဓားပြများဘက်၌ လောကီအင်မော်တယ်ခြောက်ယောက်ရှိနေသည်။

သူတို့၏ဘက်၌ လုယွီပူးပေါင်းလာသော်လည်း သူသည် အမှန်တကယ် အစွမ်းထက်ခြင်းရှိ မရှိ လီဟောင်ယန်း အတပ်မပြောနိုင်ချေ။

သူ၏စိတ်အတွင်း၌ လုယွီက ဟန်ဆောင်နေသည်ဟုသာ တွေးထင်မိလေ၏။

"ငါတို့ အရင်ကပြောထားတဲ့ကိစ္စကိုပဲ ဆက်ဆွေးနွေးကြရအောင်...အခုချက်ချင်း ငါ မင်းတို့ကို ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ကို ခေါ်သွားပေးမယ်"

လီဟောင်ယန်းက လက်လျှော့အရှုံးပေးရန် ကြံရွယ်လိုက်တော့သည်။သူ စွန့်စားလိုစိတ် မရှိချေ။

မြွေဝိညာဥ်ကျွန်း၏ဖြစ်ရပ်သည် သူတို့ရှေ့၌ ဥပမာအဖြစ် တည်ရှိနေသည်။အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ၏ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်သုဥ်းသွားနိုင်သည်။

"ဟား ဟား...မင်း အဲ့ဒီစကားတွေပြောဆိုဖို့ အရမ်းနောက်ကျသွားပြီ"

ယန်ချမ်းက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"အရင်တုန်းကတော့ ငါ မင်းတို့ ရွှေမိုးကြိုးဂိုဏ်းကိုထိဖို့ အစီအစဥ်မရှိခဲ့ဘူး...ဒါပေမယ့် အခုတော့ ငါ ကိစ္စအားလုံးကို ပြီးပြည့်စုံအောင်လုပ်မှရတော့မယ်...မင်းတို့ကောင်တွေလည်း မက်မွန်ပွင့်ဓားဂိုဏ်းနဲ့အတူ သေဆုံးသွားတာ ပိုကောင်းလိမ့်မယ်"

ဘာ...

လီဟောင်ယန်းက တုန်လှုပ်ချောက်ချားသွားသည်။သူသည် ယန်ချမ်း၏စကားလုံးများနောက်ကွယ်ရှိ ဖုံးကွယ်ထားသောအဓိပ္ပါယ်ကို ကောင်းစွာနားလည်သဘောပေါက်ပေ၏။ဖြစ်နိုင်သည်မှာ မက်မွန်ပွင့်ဓားဂိုဏ်းသည်လည်း တိုက်ခိုက်ခံရပြီးဖြစ်နေသလော။

ထိုသို့ဆိုလျှင် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်ရှိ အဓိကထိပ်တန်းအင်အားစုသုံးစုလုံး လေဟာနယ်ဓားပြများ၏တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ်ပေမည်။

"ဒီလောက်အများကြီးပြောပြီးမှတော့...မင်းတို့လူတွေအားလုံး ဒီနေရာကိုရောက်ပြီလား"

လုယွီ၏အသံက ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

"အခု မင်းတို့အားလုံးရောက်လာပြီဆိုမှတော့...အကုန်လုံး သေလိုက်ကြတော့"

Chapter 1728

ယန်ချမ်းသည် လုယွီ၏စကားကို ကိစ္စကြီးဟုတွေးတောခြင်းမရှိဘဲ ခနဲ့တဲ့တဲ့ပြောဆိုသည်။

"ဟူး...မောက်မာပြီး တကယ့်ကို အကြောက်အလန့်မရှိတာပဲ....ဂိုဏ်းချုပ်လီ မင်းတို့ဂိုဏ်းမှာ ဒီလိုလူငယ်မျိုးတွေ အများကြီးရှိနေတာလား"

လီဟောင်ယန်းသည် သူ့ရှေ့ရှိလောကီအင်မော်တယ်ခြောက်ယောက်ကိုကြည့်ပြီး သူ၏ဦးရေပြားများ ထုံကျင်လာသည်ကိုသာ ခံစားမိပေ၏။

သူက လုယွီဘက်သို့လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဘာလုပ်နေတာလဲ...မင်းရဲ့အမှားကို ဝန်မခံသေးဘူးလား"

လောကီအင်မော်တယ်ခြောက်ယောက်....ဤကဲ့သို့ခွန်အားမျိုးသည် မည်သည့်တည်ရှိမှုကြီးကိုမဆို ချေမွှဖျက်ဆီးပစ်ရန် လုံလောက်သည်။

ယခင်မြွေဝိညာဥ်ကျွန်း၏ဖြစ်ရပ်သည် သူတို့အတွက် ဥပမာကောင်းတစ်ခုပင်။ရွှေမိုးကြိုးဂိုဏ်း၏အင်အားသည် မြွေဝိညာဥ်ကျွန်းခန့်ပင် ကောင်းမွန်ခြင်းမရှိချေ။အမှန်အားဖြင့် သူ စွန့်စား၍ အလောင်းအစားလုပ်လိုခြင်းမရှိပေ။

"မောက်မာပြီး အကြောက်အလန့်ကင်းမဲ့တယ်...ဟုတ်လား...မင်းတို့ကမှ တကယ့်ကို မောက်မာနေတဲ့ကောင်တွေလို့ ငါ ထင်တယ်"

လုယွီက ရယ်မောပြီး ခြေတစ်လှမ်းရှေ့တက်လိုက်၏။သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သော မှော်စွမ်းအင်လှိုင်းများ တဟုန်ထိုးထွက်ပေါ်လာပြီး တောက်ပသောရွှေရောင်အလင်းတန်းတစ်ခုအဖြစ် သူ၏နဖူးပေါ်၌ စုဝေးသွားသည်။

ရွှေရောင်အလင်းတန်းများ ဖြာထွက်နေခြင်းနှင့်အတူ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုအရာ၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်သောအမူအယာရှိသော်လည်း မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုး ရှိနေလေ၏။မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏နောက်တွင် ကြီးမားသောအလင်းဘီးကြီးက ဖြည်းညှင်းစွာလည်ပတ်နေလေရာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ထွက်ပေါ်လာခြင်းနှင့် တူညီနေသည်။

ခရက်....ခရက်....

လုယွီ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နင်းလျှောက်လာရာ မြေပြင်၌အက်ကွဲကြောင်းများ စတင်၍ထင်ဟပ်လာသည်။ပင်မခန်းမ၏အပျက်အစီးအားလုံးသည် တောင်တစ်လုံးလှုပ်ခါနေသကဲ့သို့ တုန်ခါနေပေ၏။

ခြေလှမ်းတစ်လှမ်း...ခြေလှမ်းနှစ်လှမ်း....

လုယွီက ခြေလှမ်းခုနစ်လှမ်း ဆက်တိုက်ရှေ့တိုးလိုက်စဥ်တွင် ယန်ချမ်းသည် နောက်သို့ ခြေလှမ်းခုနစ်လှမ်း ဆုတ်လိုက်ရသည်။

"မင်း ဘာလို့ ခုလောက်ထိ အစွမ်းထက်နေတာလဲ"

ယန်ချမ်း၏အိုမင်းသောမျက်နှာထက်တွင် နောက်ဆုံး၌ တုန်လှုပ်ချောက်ချားသောအရိပ်အယောက်များ ဖြတ်ပြေးသွားသည်။

တခြားလောကီအင်မော်တယ်​ငါးယောက်သည် လုယွီ၏ပစ်မှတ်ထားခြင်းမခံရသော်လည်း သူတို့သည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ခံစားမိပေ၏။

ဤကဲ့သို့ခံစားချက်မျိုးသည် သူတို့၏သွေးမျိုးဆက် အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ဤဖိအားအရှိန်အဝါအရ လုယွီသည် သူတို့၏အထက်၌မွေးဖွားလာပြီး သူတို့အား ဖိနှိပ်ထားနိုင်သကဲ့သို့ပင်။

"ငါ ဒါကို မယုံကြည်နိုင်ဘူး...မင်း အသက်ငယ်ငယ်လေးနဲ့ ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေရတာလဲ"

ယန်ချမ်းက မလိုလားဟန်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ခုနစ်ပေခန့်ရှည်လျားသောအဖြူရောင်မှော်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။သူ၏မှော်စွမ်းအားများ လှုပ်ခတ်သွားမှုနှင့်အတူ ဧရာမကျားတစ်ကောင်၏ပုံရိပ်က လေထုအတွင်း၌ထွက်ပေါ်လာကာ လုယွီကိုဝါးမျိုရန်အတွက် သူ၏ပါးစပ်ကိုဟလိုက်သည်။

"ကောင်းသားပဲ"

လုယွီ၏မျက်လုံးများ တောက်ပသွားပေ၏။သူ ခြေတစ်လှမ်းရှေ့တက်လိုက်သည်နှင့် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယန်ချမ်း၏မှော်မန္တန်ထက်ပို၍ကြီးမားသော ဧရာမလက်ဖဝါးကြီးကို ဆန့်ထုတ်လေသည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဧရာမလက်ဖဝါးကြီးက အောက်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။

ယန်ချမ်းသည် ထိုတုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကို တောင့်ခံနိုင်စွမ်းမရှိချေ။သူ၏ခြေထောက်အောက်ရှိမြေပြင် ချက်ချင်းဆိုသလိုပင် ကွဲအက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်အတွင်းသို့ နစ်ဝင်သွားရာ နက်ရှိုင်းသောကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာသည်။

"ကောင်လေး...ငါ မင်းကို သတ်မယ်"

ယန်ချမ်းသည် ရှက်ရွံမှုနှင့်ဒေါသထွက်မှုကို ရောယှက်၍ခံစားနေရပြီး ကျင်းနက်ကြီးအတွင်းမှ ခုန်တက်ရန် ကြိုးပမ်းလိုက်၏။

"ခင်ဗျား...အဲ့ဒီနေရာမှာပဲ လိမ်လိမ်မာမာနေစမ်း"

လုယွီ၏ခြေတစ်ချက် ဆောင့်နင်းလိုက်မှုနှင့်အတူ ကျင်းနက်ကြီးရှိနေသောမြေပြင် ပြိုကျလာပြီး ကျင်းကြီးသည် ပို၍ကြီးမားကျယ်ပြန့်သွားတော့သည်။

မရေမတွက်နိုင်သည့် ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများက မြေပြင်အနှံ့ အဘက်ဘက်သို့ ပျံ့နှံ့နေသည်။ပင်မခန်းမအောက်ရှိမြေပြင်သည် လုယွီ၏ခွန်အားအရှိန်ကို တောင့်ခံနိုင်ခြင်းမရှိပေ။

ယန်ချမ်းသည် ပြင်းထန်သောလက်ဝါးရိုက်ချက်တစ်ချက်နှင့် ထပ်မံ၍ရင်ဆိုင်လိုက်ရသည်။သူ၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး မူလက သူ၏ခန္ဓာကိုယ်မှထုတ်လွှက်ထားသည့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါသည် ရုတ်တရက် အားပျော့သွားပေ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လီဟောင်ယန်းပင်လျှင် သရဲတစ္တေတစ်ကောင်ကို မြင်တွေ့နေရသည့်အလား သူ၏မျက်နှာတပြင်လုံး မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

သူက လူသားတစ်ယောက်ပင် ဟုတ်ပါလေစွ....

တစ်ဖက်လူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သာမာန်ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။

"အဲ့ဒီကောင်လေးက ထူးဆန်းတယ်...မြန်မြန်နောက်ဆုတ်ကြတော့"

ယန်ချမ်းက သူ၏အပေါင်းအဖော်များကိုကြည့်၍ အော်ဟစ်လိုက်၏။

တခြားလောကီအင်မော်တယ်ငါးယောက်သည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

များသောအားဖြင့် လောကီအင်မော်တယ်များသည် နယ်ပယ်တူခြင်းတိုက်ခိုက်ပါက အောင်နိုင်သူနှင့်ရှုံးနိမ့်သူကို ဆုံးဖြတ်နိုင်ရန် လွန်စွာခက်ခဲပေမည်။

သို့ရာတွင် လုယွီ၏ရှေ့၌ ယန်ချမ်းသည် ကလေးတစ်ယောက်ကဲ့သို့ တစိုးတစိမျှပင် ခုခံတိုက်ခိုက်နိုင်ခြင်းမရှိချေ။

ဤသည်က လုယွီ၏ခွန်အားသည် သာမာန်လောကီအင်မော်တယ်များထက် များစွာသာလွန်ပြီး မြေကမ္ဘာအင်မော်တယ်အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်ကြောင်း ပြသနေပေ၏။

"သွားကြစို့"

တခြားလေဟာနယ်ဓားပြငါးယောက်သည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ အလျင်စလိုထွက်ပြေးသွားကြတော့သည်။

"မင်းတို့အားလုံးက ထွက်ပြေးချင်တာလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီး လေဟာနယ်ဓားပြငါးယောက်ထွက်ပြေးသွားရာဘက်သို့ ဦးတည်၍ သူ၏လက်ကိုဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။

Chapter 1729

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်

ဧရာမနဂါးလက်သည်းကြီးသည် လေထုကိုဖြတ်သန်း၍ ထွက်ပြေးနေသောလူငါးယောက်ကို ဖမ်းဆုပ်လိုက်၏။

"မောက်မာလိုက်တဲ့ကောင်စုတ်လေး....ငါ့ရဲ့အကောင်းဆုံးအရည်အချင်းက ထွက်ပြေးတာပဲ...မင်းက ငါတို့ငါးယောက်လုံးကို တပြိုင်နက်တည်းဖမ်းချင်တာလား...ဒါက မဖြစ်နိုင်ဘူး"

လေဟာနယ်ဓားပြငါးယောက်အနက်မှတစ်ယောက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပုံရိပ်ယောင်ဆယ်ကိုယ်ခွဲပြီး ကွဲပြားခြားနားသောနေရာများသို့ ထွက်ပြေးသွားလေသည်။

တခြားသူများသည်လည်း သူတို့၏ကိုယ်ပိုင် လွတ်မြောက်နည်းစနစ်များကို အသုံးပြုလိုက်ကြသည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုလူများသည် လူအများ၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားပေ၏။

"ပြေးချင်တာလား"

လုယွီ၏မျက်လုံးများသည် လျှပ်ပြက်သကဲ့သို့ တောက်ပနေသည်။သူ၏လက်ချောင်းများကိုလှုပ်ခတ်ပြီး ကောင်းကင်ယံသို့လက်ညှိုးညွှန်လိုက်သည်။အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်းနည်းစနစ်ဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်များကို လုယွီမှ ချိပ်ပိတ်လိုက်ခြင်းပင်။

အလျှင်အမြန်ထွက်ပြေးသွားသော လေဟာနယ်ဓားပြများသည် ရွှေမိုးကြိုးဂိုဏ်း၏နယ်နမိတ်မှ ထွက်ခွာလုဆဲဆဲအချိန်မှာပင် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကျစ်လစ်သိပ်သည်းသွားပြီး သူတို့အားလုံး လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။

"ပြန်လာခဲ့စမ်း"

လုယွီက နဂါးဖမ်းလက်ကို ထပ်မံ၍အသုံးပြုလိုက်သည်။

ဘုန်း...ဘုန်း...

လေဟာနယ်ဓားပြငါးယောက်သည် တန်ပြန်တိုက်ခိုက်နိုင်သည့် အခွင့်အရေးပင်မရှိချေ။သူတို့သည် နဂါးလက်သည်းကြီး၏ဖမ်းဆုပ်ခြင်းခံရပြီး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာတော့သည်။

အရာရာတိုင်းသည် မျက်တောင်တခတ်စာအချိန်အတွင်း ဖြစ်ပျက်သွားပေ၏။

သို့ရာတွင် လူအားလုံး၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"သူ...သူက လောကီအင်မော်တယ်အထွတ်အထိပ်ကို ရောက်နေတာသေချာတယ်"

လီဟောင်ယန်း၏အသက်ရှုနှုန်းများ မြန်ဆန်လာပြီး သူက မယုံကြည်နိုင်သောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။

"သူက အရမ်းသန်မာတာပဲ"

လီဟူရှင်းသည် လုယွီ၏ပုံရိပ်ကိုကြည့်ပြီး ကြက်သေသေနေပေ၏။ဤအချိန်အခိုက်အတန့်တွင် သူမက အတွေးများအတွင်း၌ နစ်မြောသွားတော့သည်။

အစပထမ၌ ဆေးခန်းမတွင် သူမသည် လုယွီအား ဆေးပညာရပ်တွင် အရည်အချင်းမရှိဘဲ ဆေးသန့်စင်နိုင်မည်မဟုတ်ဟု ပြောဆိုခဲ့သည်။သို့ရာတွင် လုယွီသည် မြေကမ္ဘာအဆင့်ဆေးပညာရှင်များသာ သန့်စင်နိုင်သော ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးကို သန့်စင်ခဲ့သည်။

လုယွီသည် လေဟာနယ်ဓားပြများနှင့်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင်လည်း သူ၏ခွန်အားမလုံလောက်ဘဲ သေလမ်းရှာနေခြင်းဟုသာ လီဟူရှင်းက တွေးထင်မိပေ၏။

လုယွီသည် သူမ၏မျက်နှာကို ထပ်ခါထပ်ခါ ပါးဖြတ်ရိုက်နေသကဲ့သို့ပင်။

"ငါ့ရဲ့ကိစ္စတွေကို ဝင်ပြီးစွက်ဖက်တယ်လို့ အရင်က ငါ သူ့ကို အထင်မှားခဲ့မိတယ်...သူက ငါ သူ့ကိုကယ်တင်ခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ့ရဲ့အသက်ကို ပြန်ပြီးကယ်တင်နေတာပါလား"

လီဟူရှင်း၏မျက်နှာထက်၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

လုယွီသည် လေဟာနယ်ဓားပြငါးယောက်ကို မြေပြင်ပေါ်သို့ရိုက်ချပြီးနောက် ယန်ချမ်းထံသို့ လျှောက်လှမ်းသွားသည်။

"မင်းက တကယ့်ကို အစွမ်းထက်ပါပေတယ်...ဒါပေမယ့် ဒီအတိုင်းအဆုံးသတ်သွားမယ်လို့ထင်ရင် မင်း အကြီးကြီးမှားသွားလိမ့်မယ်"

ယန်ချမ်း၏မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်ကြောက်ရွံမှုမျိုးမျှရှိမနေချေ။ဆန့်ကျင်ဘက်အနေဖြင့် သူက ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။

"ငါ မင်းကို အကြံပေးချင်တယ်...ငါတို့ကိုလွှက်ပေးလိုက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်...ငါတို့ရဲ့နောက်မှာ ငါတို့ထက်အများကြီးပိုအစွမ်းထက်တဲ့ ကျင့်ကြံသူတွေရှိတယ်...မြေကမ္ဘာအင်မော်တယ်တွေတောင် ငါတို့အင်အားစုရဲ့ရှေ့မှာ ဘာမှအရေးမပါဘူး...မင်း ငါတို့အားလုံးကို လွှက်ပေးစမ်း"

လုယွီက ခေါင်းခါပြလိုက်၏။

"ဒါပေမယ့် ခင်ဗျားပြောတဲ့အတိုင်းလုပ်ရင် ဘာဖြစ်လာမှာမလို့လဲ"

ယန်ချမ်း၏မျက်လုံးများ တောက်ပသွားသည်။

"မင်းဆိုလိုချင်တာက...ရွှေမိုးကြိုးဂိုဏ်းအတွက်လား...ဘာမှမစိုးရိမ်နဲ့....ငါတို့လိုချင်တာက နတ်ဘုရားမိုးကြိုးသံမဏိတစ်ခုတည်းပဲ...မင်း ငါတို့ကို လွှက်ပေးပြီးရင် မင်းရဲ့တည်ရှိမှုကိုလေးစားတဲ့အနေနဲ့ ငါတို့ ရွှေမိုးကြိုးဂိုဏ်းကို ထပ်မထိတော့ဘူး"

လေဟာနယ်ဓားပြများသည် ခွင့်လွှက်မှုရရှိရန်အတွက် စတင်၍တောင်းပန်နေပေ၏။

လုယွီ တိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး လီဟောင်ယန်းက ဝင်ရောက်ပြောဆိုသည်။

"သူတို့ပြောတာမှန်တယ်....ရန်သူတွေတိုးတာထက် ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတာက ပိုကောင်းတယ်...တာအိုမိတ်ဆွေလေး...မင်း သူတို့ကို လွှက်ပေးသင့်တယ်"

လုယွီသည် လီဟောင်ယန်းထက် များစွာပို၍ငယ်ရွယ်ပြီး သူသည် လူငယ်တစ်ယောက်သာဖြစ်ပေ၏။သို့ရာတွင် ကျင့်ကြံခြင်းလောက၌ ခွန်အားကသာ အခရာကျသည်။လီဟောင်ယန်းသည် လုယွီကို တာအိုမိတ်ဆွေလေးဟု ခေါ်ဆိုခြင်းသည် ပြဿနာတစ်ရပ်မဟုတ်ချေ။

ယန်ချမ်းသည် အခွင့်ကောင်းကိုတွေ့မြင်သွားပြီး ပျာပျာသလဲပြောဆိုသည်။

"မင်း ငါတို့ကို လွှက်ပေးတာနဲ့...ငါတို့ရဲ့ခန္ဓာကိုယ်တွေမှာရှိတဲ့ ရတနာတွေအားလုံး မင်းကို ပေးမယ်"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"အော်...ခင်ဗျားတို့က ဘာတွေထုတ်ပေးနိုင်မှာလဲ"

ယန်ချမ်းသည် သူ၏သိုလှောင်အိတ်ကို အလျှင်အမြန်ပေးအပ်ပြီး တခြားသူငါးယောက်ကလည်း သူတို့၏သိုလှောင်အိတ်များကို လုယွီထံသို့ လက်ကမ်းပေးလေသည်။

လုယွီက ထိုသိုလှောင်အိတ်များကို တစ်ချက်ကြည့်လိုက်သည်။ထိုလူများသည် အမှန်တကယ်ကိုပင် မကောင်းမှုများစွာကို ပြုလုပ်ခဲ့ပုံရပြီး သိုလှောင်အိတ်များအတွင်း၌ ရတနာပစ္စည်းအမြောက်အများရှိနေသည်။ထိုရတနာများအနက်မှ တချို့အရာများပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေဆဲပင်။

"ကျုပ် ဒီထက်ပိုပြီး လိုချင်တယ်"

လုယွီက အပြုံးနှင့်ပြောဆိုသည်။

"ကျုပ် မှတ်မိတယ်...ခင်ဗျားတို့ ဝမ်ခမ်းဆီကနေ တစ်ခုခု ယူထားသေးတယ်လေ...ဟုတ်တယ်မလား"

Chapter 1730

လုယွီက ယန်ချမ်းကို စူးစိုက်၍ကြည့်လိုက်သည်။

"ခင်ဗျားတို့ ဒီနေရာကိုရောက်လာတာ ဝမ်ခမ်းကိုသတ်ပြီး....နတ်ဘုရားမိုးကြိုးသံမဏိကိုယူဖို့လို့ ဆိုလိုချင်တာလား...ခင်ဗျားတို့ ဘာလုပ်ဖို့လာတယ်ဆိုတာ ကျုပ် မသိဘူးလို့ ခင်ဗျားတို့ ထင်နေတာလား"

လုယွီ၏စကားကိုကြားသည်နှင့် ယန်ချမ်းနှင့်တခြားလေဟာနယ်ဓားပြများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။

ဤသည်က သူတို့၏စိတ်နှလုံးသားများအတွင်း၌ သိုဝှက်ထားသော လျှို့ဝှက်ချက်ဖြစ်သည်။မည်သည်ကြောင့် လုယွီ သိရှိနေရသနည်း။

"မင်း ဘာတွေပြောနေတာလဲဆိုတာ...ငါ နားမလည်ဘူး"

ယန်ချမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

သူတို့သည် ဤနေရာသို့ ရတနာမြေပုံများရယူရန် လာခဲ့သည်ကို လုယွီ သိရှိမည်ဟု သူ မယုံကြည်ချေ။

သူ၏အမြင်အရ လုယွီသည် သူတို့အား လှည့်ကွက်သုံးရန်ကြံစည်နေခြင်းသာ ဖြစ်ပေမည်။

"ခင်ဗျား မသိဘူးလား...ကောင်းပြီလေ...တကယ်လို့ ခင်ဗျားတို့က မြေပုံကို လိမ်လိမ်မာမာနဲ့ ထုတ်ပေးမယ်ဆိုရင် ခင်ဗျားတို့ကို အသက်ချမ်းသာပေးမယ်လို့ စဥ်းစားထားတာ"

လုယွီ၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခု ထွက်ပေါ်လာပေ၏။

လုယွီ၏စကားလုံးများကိုကြားသည်နှင့် ယန်ချမ်းတို့လူစု တုန်လှုပ်ချောက်ချားသွားသည်။လုယွီ မည်သည့်အရာနှင့်ပတ်သတ်၍ပြောနေသည်ကို သူတို့ ကောင်းစွာသိရှိသည်။

"သွားကြစို့"

ယန်ချမ်းက ရုတ်တရက် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ သွေးလွှာတစ်လွှာသည် စတင်၍ပေါ်ထွက်လာပေ၏။

သွေးတချို့သည် သူ၏ခန္ဓာကိုယ်မွှေးညှင်းပေါက်များမှတဆင့်ထွက်လာပြီး လေထုအတွင်း၌ သွေးမြူများအုံ့ဆိုင်းလာသည်။ဤအချိန်အခိုက်အတန့်တွင် ယန်ချမ်း၏ပုံပန်းသွင်ပြင်သည် ယုတ်မာကောက်ကျစ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။

သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ထိုနည်းစနစ်ကိုအသုံးပြုပြီးနောက် ယန်ချမ်း၏အရှိန်အဝါသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလာလေရာ ပတ်ဝန်းကျင်ရှိလူများပင် ထိတ်လန့်ကြောက်ရွံနေကြသည်။

"ငါ သူ့ကို ဟန့်တားထားမယ်....မင်းတို့ကောင်တွေ မြန်မြန်ထွက်သွားပြီး နဝမအကြီးအကဲကို သတင်းပို့လိုက်"

ယန်ချမ်းက ကျယ်လောင်စွာ အော်ဟစ်လေသည်။

တခြားသူများသည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့၏လျှို့ဝှက်နည်းစနစ်များအားလုံးကို အသုံးပြုလိုက်ကြ၏။

ထိုလူများသည် မူလကတည်းက လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။သူတို့က လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက်သည့်အချိန်တွင် သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ခွန်အားထက် များစွာပို၍ကျော်လွန်သွားသည်။

"သွေးမျိုးဆက်...နိုးထစမ်း"

ယန်ချမ်းက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ကြွက်သားများ စတင်၍ဖောင်းကားလာပေ၏။

သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ ထူးဆန်းသောအနက်ရောင်အမှတ်အသားများ ရှိနေသည်။သူ၏ခန္ဓာကိုယ်ပေါ်၌ရှိနေသော နဂါးနက်သင်္ကေတသည်လည်း အသက်ဝင်လာပြီး ပတ်ဝန်းကျင်၌ လှည့်ပတ်သွားလာနေသည်။

ခရက်...ခရက်...ခရက်...

အရိုးများတုန်ခါနေသောအသံထွက်ပေါ်လာပြီးနောက် ယန်ချမ်း၏အရပ်အမြင့်သည် သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် တဟုန်ထိုးမြင့်တက်လာပေ၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူသည် သုံးမီတာကျော်မြင့်မားသော လူဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ရှုရာသွေးမျိုးဆက်လား...ဟမ့်..."

လုယွီက ခေါင်းခါယမ်းလိုက်၏။

"ကံဆိုးချင်တော့ ဒီသွေးမျိုးဆက်က ငါ့ကိုဟန့်တားနိုင်မှာ မဟုတ်ဘူး"

"မောက်မာလိုက်တာ...ကောင်လေး မင်းက အရမ်းသန်မာပေမယ့် ငါ့ရဲ့သွေးမျိုးဆက်နိုးထလာတဲ့အချိန်ကျရင် ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးတွေက နတ်ဘုရားလက်နက်တွေလိုဖြစ်သွားပြီ...မင်း ငါ့ကို သတ်နိုင်မှာမဟုတ်ဘူး"

ယန်ချမ်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။

ဤသည်​က သူ၏ဝှက်ဖဲတစ်ချပ်ပင်။

လုယွီသည် သူ၏တောင့်တင်းသန်မာသောအရိုးများကို ချိုးဖျက်နိုင်မည်ဟု ယန်ချမ်း တွေးတောထားခြင်းမရှိချေ။

"တကယ်လို့ အစစ်အမှန်ရှုရာသွေးမျိုးဆက်ဆိုရင်တောင်...အဲ့ဒါက အားအရမ်းနည်းတယ်...ပြီးတော့ ခင်ဗျားဆီမှာက ရှုရာသွေးမျိုးဆက်ရဲ့အရိပ်အယောင်လောက်ပဲရှိတာ...ဒီအဆင့်လောက်နဲ့ ကျုပ်ရှေ့မှာလာပြီး မောက်မာပြဖို့ ထိုက်တန်လို့လား"

လုယွီက ခေါင်းခါယမ်းပြီး ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူက ယန်ချမ်းထံသို့ ရောက်ရှိသွားပေ၏။

ထို့နောက် သူ၏လက်ကိုမြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

အစွမ်းထက်သောလက်သီးအားလှိုင်းသည် တောင်ကြီးတစ်လုံးကဲ့သို့ ယန်ချမ်းထံ ကျရောက်လာသည်။

"စိတ်အေးအေးထားရမယ်...ငါက ရှုရာတွေရဲ့မျိုးဆက်...ဒီအရှိန်အဟုန်လောက်ကို ငါက ဘာလို့ ကြောက်ရမှာလဲ"

ယန်ချမ်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အားတင်း၍ ကြုံးဝါးလိုက််၏။

သို့ရာတွင် သူ၏သွေးမျိုးဆက်သည် အသုံးမဝင်ချေ။

လုယွီသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင်။သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုဆက်ခံပြီး အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့သည်။

ယန်ချမ်းသည် လောကီအင်မော်တယ်ဟု ဆိုနိုင်သော်လည်း သူသည် နှောင်းပိုင်းမျိုးဆက်များမှ အတုအယောင်အင်မော်တယ်အဆင့်သာရှိသည်။သူသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှ၏။

လုယွီ၏လက်သီးချက် သူထံကျရောက်လာပြီးနောက် .....

ပြင်းထန်သောအားလှိုင်းတစ်လှိုင်းသည် သူ၏ရိုးတွင်းခြင်ဆီများအတွင်းထိ ဝင်ရောက်လာသဖြင့် ယန်ချမ်း၏မျက်နှာအမူအယာ ဆိုးဆိုးရွားရွား ပျက်ယွင်းသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြင်းထန်သောနာကျင်မှုက ပျံ့နှံ့လာသည်ကို သူ ခံစားမိပေ၏။

ဘန်း...

ရုတ်ချည်းဆိုသလိုပင် ယန်ချမ်း၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အကာအကွယ်များ ကျိုးပျက်သွားသည်။သူ၏အရိုးများ တစ်ချောင်းပြီးတစ်ချောင်း တစစီကျိုးပဲ့သွားပြီး ဖွဲအိတ်တစ်အိတ်ကဲ့သို့ မြေပြင်ပေါ်လဲကျသွားတော့သည်။

လုယွီသည် ထပ်မံ၍ရှေ့သို့တက်လိုက်ပြီး ကြွင်းကျန်သော လောကီအင်မော်တယ် လေဟာနယ်ဓားပြငါးယောက်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်လိုက်သည်။

"ကျန်နေတဲ့ လေဟာနယ်ဓားပြတွေကိုတော့...ခင်ဗျားတို့ရွှေမိုးကြိုးဂိုဏ်းကလူတွေ ဖြေရှင်းလိုက်တော့"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

All Chapters