အခန်း (၁၇၄၆-၁၇၅၀)
Vol. 91 Ch. 1746-1750
Chapter 1746
ပင်းစန်းသည် သူ၏လက်ကိုဆန့်ထုတ်၍ သူရှေ့ရှိအတားအဆီးကို ချိုးဖျက်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာ အိုမင်းပုံရသော်လည်း သူ၏လက်များသည် မိန်းမပျိုတစ်ယောက်၏လက်နှင့်တူညီပြီး ကျောက်စိမ်းတမျှဖြူစင်ချောမွေနေကာ အရေးအကြောင်းတစ်ခုတလေမျှ မရှိချေ။
ပင်းစန်း၏လက်ချောင်းများကြားတွင် သာမာန်မျက်စိဖြင့်တွေ့မြင်နိုင်ရန် ခက်ခဲသော ချည်မျှင်များရှိနေသည်။
ဟူး....
တစ်စုံတစ်ယောက်ချဥ်းကပ်လာသည်ကို သတိပြုမိပုံဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် ရေအိုင်ထဲသို့ခဲတစ်လုံးကျသွားသကဲ့သို့ လှိုင်းဂယက်များထွက်ပေါ်လာပေ၏။
ပင်းစန်း၏လက်သည် ထိုလှိုင်းဂယက်များအတွင်းသို့ ကျွံဝင်သွားသည်။ဝင်္ကပါ၏မျက်နှာပြင်သည် ပျော့ပျောင်းပုံရသော်လည်း အလွန်အမင်းမာကြောနေသဖြင့် သူ ဖျက်ဆီး၍မရချေ။
"ဒါက စိတ်ဝင်စားစရာပဲ...မင်း ခင်းကျင်းထားတဲ့ဝင်္ကပါ ဘယ်လောက်အားကောင်းတယ်ဆိုတာ ငါ ကြည့်ကြည့်အုံးမယ်"
ပင်းစန်းက သရော်တော်တော်ပြောဆိုပြီးနောက် သူ၏လက်အတွင်းမှ သံမဏိချည်မျှင်များ ရေတံခွန်ကဲ့သို့ ဖြာကျလာပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ပိတ်ဖုံးသွားကာ သူ့ရှေ့ရှိလေဟာနယ်ကို တိုက်ခိုက်လိုက်၏။
သို့ရာတွင် ဤတစ်ကြိမ်၌ ဝင်္ကပါပေါ်တွင် အပြောင်းအလဲတချို့ဖြစ်ပွားသွားကာ ပင်းစန်းအား ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
ပင်းစန်း၏ကျင့်ကြံဆင့်နယ်ပယ်သည် မဆိုးလှသော်လည်း ပြင်းထန်သောတန်ပြန်အားနှင့် ရင်ဆိုင်ရချိန်တွင် သူက နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့်ဇဝေဇဝါဖြစ်နေမှု အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ဒါက တော်တော်ထူးဆန်းတာပဲ...ဒီဝင်္ကပါမျိုးကို ငါ အရင်က မမြင်တွေ့ဖူးဘူး"
ပင်းစန်းက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ဤဝင်္ကပါကို ချိုးဖျက်လိုပါက အချိန်များစွာကြာမြင့်မည်ကို သူ ခံစားမိသည်။
အကယ်၍ သူ အင်အားပြည့်သုံး၍ ဝင်္ကပါကို အတင်းအကျပ်ဖွင့်လျှင် တန်ကြေးတချို့ ပေးဆပ်ရနိုင်သည်။
"ထားလိုက်တော့...ဟိုထွက်ပြေးနေတဲ့ကောင်စုတ်လေးကို ဖမ်းမိဖို့က ပိုအရေးကြီးတယ်...ငါ လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်ကို ခုချိန်မှာတော့ လုပ်ဆောင်နိုင်မှာမဟုတ်သေးဘူး"
ပင်းစန်းသည် အချိန်တခဏတာ တွေဝေစဥ်းစားပြီးနောက် ဤနေရာမှ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူ ထွက်ခွာမသွားမီ ပတ်ဝန်းကျင်၌ အမှတ်အသားတစ်ခု ပြုလုပ်ခဲ့သည်။
တစ်စုံတစ်ယောက်သည် ဝင်္ကပါအတွင်းမှ ထွက်လာသည်နှင့် ချက်ချင်းဆိုသလို သူ သိရှိနိုင်ပေ၏။
မြို့ပျက်ကြီးအတွင်း၌....
လုယွီသည် ပတ်ဝန်းကျင်၌ အတားအဆီးဝင်္ကပါကို ခင်းကျင်းပြီးနောက် သူသည် သတ္တုဒြပ်စင်ရွှေရောင်ကျားကြီးအား ဝါးမျိုရန် အရင်ဆုံးရွေးချယ်လိုက်သည်။
ရွှေရောင်ကျားကြီးသည် အသိဥာဏ်ရှိနေသဖြင့် သူ့ထံမှ လွတ်မြောက်နိုင်ရန် အချိန်ပြည့်ကြိုးစားနေသည်။အကယ်၍ သူ ဤအချိန်တွင် ဝါးမျိုခြင်းမပြုပါက ရွှေရောင်ကျားကြီးသည် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိသွားသည်နှင့် ထွက်ပြေးလွတ်မြောက်သွားနိုင်ပေ၏။
လုယွီ စတင်ဝါးမျိုသည်နှင့် ထိုရွှေရောင်ကျားကြီးထံမှ မလိုလားသောညည်းတွားသံများ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် ရွှေရောင်ကျားကြီးထံမှ သတ္တုဒြပ်စင်ချီများ တလိမ့်လိမ့်ထွက်ပေါ်လာပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။
"ကျင့်ကြံခြင်းလောကမှာ အသက်ရှင်သန်နိုင်ဖို့က အရေးအကြီးဆုံးပဲ...မင်းက ကောင်းကင်နဲ့မြေပြင်ကြားကနေ အလိုအလျောက်ပေါက်ဖွားလာတဲ့ စိတ်ဝိညာဥ်သားရဲပဲ...ငါက မင်းရဲ့ကျင့်ကြံဆင့်တွေကို ယူဆောင်လိုက်ပေမယ့် မင်းအတွက် ကျင့်ကြံဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...ဒါကြောင့် ငါက မင်းရဲ့စိတ်ဝိညာဥ်ကိုချန်ထားပြီး ပြန်ဝင်စားခွင့်ပေးမယ်"
လုယွီသည် သူ၏လက်ကိုဆန့်တန်း၍ မြောက်များစွာသောသတ္တုဒြပ်စင်ချီများအကြားမှ ရွှေရောင်ကျားကြီး၏စိတ်ဝိညာဥ်ကို ဆွဲထုတ်လိုက်သည်။
ရွှေရောင်ကျားကြီး၏စိတ်ဝိညာဥ် လေထုအတွင်းသို့ရောက်ရှိသွားသည့် အချိန်တခဏတွင် ပြန်လည်ဝင်စားခြင်း၍ဥပဒေသ၏ဖယ်ရှားခြင်းခံရပြီး အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားလေ၏။
ထို့နောက် လုယွီက သူ၏ပါးစပ်ကိုဟကာ လေထုအတွင်းရှိ သတ္တုဒြပ်စင်ချီများကို စုပ်ယူလိုက်သည်။
လုယွီ၏မရီးဒါန်းများအားလုံး သတ္တုဒြပ်စင်ချီများဖြင့် ပြည့်နှက်သွားသည်။
ဒေါင်...ဒေါင်...ဒေါင်...
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်းစူးရှပြီး သတ္တုအချင်းချင်းထိခတ်မိသကဲ့သို့အသံမျိုး ထွက်ပေါ်နေသည်။
လုယွီက မျက်လုံးဖွင့်လိုက်၏။သူ၏မျက်လုံးများသည် အလွန်အမင်းစူးရှပြီး အတွင်း၌ ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို ထွင်းဖောက်သွားနိုင်သည့် စူးရှချွန်ထက်သောဓားတစ်ချောင်း ကိန်းအောင်းနေသကဲ့သို့ပင်။
ဒြပ်စင်ချီငါးမျိုးအနက် သတ္တုဒြပ်စင်သည် ပထမနေရာ၌ရှိပြီး ဟန့်တား၍မရနိုင်သောစွမ်းအားမျိုးရှိသည်။ယေဘုယျကျကျပြောဆိုရလျှင် သတ္တုဓာတ်ကျင့်ကြံသူများသည် များသောအားဖြင့် ဓားကျင့်ကြံသူများ ဖြစ်လေ၏။သူတို့သည်ခန္ဓာကိုယ်တွင်း၌ ဓားချီကိုကျင့်ကြံထားသဖြင့် အကယ်၍ သူတို့ဓားကို အသုံးမပြုလျှင်ပင် သူတို့၏ဓားစိတ်ဆန္ဒဖြင့် တစ်ခြားသူများအား ထိတ်လန့်ကြောက်ရွံသွားစေရန် လုံလောက်သည်။
လုယွီသည် သတ္တုဒြပ်စင်ချီများကို အကုန်အစင်ဝါးမျိုရန် နေ့တစ်ဝက်ခန့် အချိန်ယူလိုက်ရ၏။ထိုသတ္တုဒြပ်စင်ချီများကို ချေဖျက်ပြီးနောက် လုယွီ၏အရှိန်အဝါ ပြောင်းလဲသွားသည်။
"ဖြတ်တောက်စမ်း"
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏အသံသည် ဓားရှည်တစ်ချောင်း ဓားအိမ်မှထွက်လာသကဲ့သို့ ပဲ့တင်ထပ်နေပေ၏။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးပတ်ဝန်းကျင်၌ ပြင်းထန်သောလေတိုးသံများ ထွက်ပေါ်လာသည်။
ဘုန်း....
တစ်စုံတစ်ခု ပြိုလဲကျသွားသော အသံတစ်သံ မြည်ဟီးလာပေ၏။လုယွီ၏အော်သံကြောင့် သူ့ရှေ့မှနံရံကြီးသည် အလယ်မှနေ၍ နှစ်ခြမ်းကွဲသွားခဲ့သည်။
"သတ္တုဒြပ်စင် ပြီးပြည့်စုံပြီ"
လုယွီသည် သူ၏ထက်ရှသောအရှိန်အဝါများကို တဖြည်းဖြည်း ပြန်ရုတ်သိမ်းပြီး သူ၏နဂိုမူလ သေမျိုးပုံစံသို့ ပြန်ရောက်ရှိသွားတော့သည်။
Chapter 1747
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ကျင့်ကြံသူတစ်ယောက်သည် ချီဒြပ်စင်ငါးမျိုးကို စုဆောင်းရပေမည်။
ယေဘူယျအားဖြင့် ကျင့်ကြံသူများသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိမှသာ ချီဒြပ်စင်များကို စုဆောင်းနိုင်သည်။သို့ရာတွင် လုယွီသည် လောကီအင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်သာရှိသေးသော်လည်း သူ၏သိပ်သည်းသောမှော်စွမ်းအားများကြောင့် သူ၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေလေပြီ။ထို့ကြောင့် ဤအဆင့်တွင် သူ့အတွက် မည်သည့်ကန့်သတ်ချက်မျိုးမျှမရှိချေ။
ချီဒြပ်စင်ငါးမျိုးကို စုဆောင်းခြင်းသည် သူ၏ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူးရှိပေ၏။ဥပမာအနေဖြင့် အင်မော်တယ်သုတ်သင်ဓားချက် မြေအောက်လောကနတ်ဘုရား၏အမျက်ဒေါသဓားချက်တို့ကဲ့သို့သော ကျင့်ကြံနည်းစနစ်များကို အတိုင်းအတာတစ်ခုထိ သူ အဆင့်မြှင့်တင်နိုင်ပေမည်။
စိတ်ဝိညာဥ်သားရဲကိုဝါးမျိုပြီးနောက် လုယွီက တံခါး၏နောက်သို့ ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင်တောင်ကြားလမ်း၏ကောင်းကင်ယံ မှောင်ရီပျိုးစပြုနေပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို အမှောင်ထုက လွှမ်းခြုံထားသည်။
လုယွီသည် လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် ပြင်ပမှမြင်တွေ့ခဲ့ရသည့်မြင်ကွင်းနှင့် တစ်ထပ်တည်းတူညီသောမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။အခန်းအတွင်း၌ မှော်ရတနာများနှင့်စိတ်ဝိညာဥ်ကျောက်တုံးများ တောင်တစ်လုံးစာမျှ စုပုံနေသည်။
ဤနေရာရှိရတနာသိုက်သည် လုယွီ ယခင်ကမြင်တွေ့ခဲ့ဖူးသော ရတနာများအားလုံးထက် ပို၍များပြားသည်။ထိုအရာသည် သူ၏အတိတ်ဘဝ တာအိုသခင်ဖြစ်ခဲ့စဥ်က ဘဏ္ဍာတိုက်နှင့်ပင် ယှဥ်ပြိုင်နိုင်သည်။
မြောက်များစွာသောမှော်ရတနာများနှင့် စိတ်ဝိညာဥ်ကျောက်တုံးများမှနေ၍ အံ့အားသင့်ဖွယ်ဆွဲဆောင်နိုင်အားကို ထုတ်လွှက်နေလေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်အင်အားခိုင်မာခြင်းမရှိပါက ဤရတနာများကိုမြင်တွေ့သည်နှင့် ရူးသွပ်သွားပေမည်။
"လောကီပိုင်ဆိုင်မှုတွေနဲ့ မင်းက ငါ့ရဲ့စိတ်ကို ရှုပ်ထွေးစေချင်တာလား"
လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ထိုရတနာများကို ဤနေရာတွင် အထူးသီးသန့်စီစဥ်ထားခြင်းဖြစ်ကြောင်း သူ နားလည်သဘောပေါက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဆန္ဒခိုင်မာခြင်းမရှိပါက ဤရတနာများအတွင်း နစ်မြောသွားပေမည်။တဖြည်းဖြည်းနှင့် ထိုလူ၏အတွင်းစိတ်နတ်ဆိုး ကြီးထွားလာပြီး နောက်ဆုံး၌ ရုပ်သေးရုပ်ဘဝသို့ ပြောင်းလဲသွားနိုင်သည်။
လုယွီ၏မျက်လုံးများက ကြည်လင်နေဆဲပင်။ဤအချိန်တွင် သူ၏စိတ်သည်လည်း ကြည်လင်ပြတ်သားနေပြီး ပတ်ဝန်းကျင်ရှိ မည်သည့်သွေးဆောင်မှုမျိုးကမျှ သူ၏စိတ်ကို တုန်ခါအောင်မလုပ်နိုင်ချေ။
လုယွီက ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားနေရာမှ ရုတ်တရက် ရပ်တန့်လိုက်၏။
သူ၏ရှေ့၌ အလွန်တရာနက်ရှိုင်းသောချောက်နက်ကြီးသာရှိနေပြီး တခြားလမ်းမရှိချေ။
ဤနေရာ၌ တာအိုသခင်၏အမွေအနှစ်ရှိမနေဘဲ ရတနာတစ်ပုံမှလွဲ၍ တခြားမည်သည့်အရာမျှမရှိပေ။
"ဖြစ်နိုင်တာတော့ ဒီတာအိုသခင်က သူ့ရဲ့တပည့်မျိုးဆက်တွေအတွက် ရတနာပစ္စည်းတွေကိုပဲ ချန်ထားခဲ့တာများလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤရတနာပစ္စည်းများသည် တခြားကျင့်ကြံသူများ၏အမြင်တွင် အလွန်အဖိုးထိုက်တန်နေမည်ဖြစ်သော်လည်း လုယွီက တစ်စုံတစ်ခုထူးဆန်းနေသည်ဟု ခံစားနေရ၏။
အစွမ်းထက်ပုဂ္ဂိုလ်များသည် အကြွင်းအကျန်နယ်မြေများကို ချန်ထားခဲ့ရသည့်အကြောင်းအရင်းမှာ သူ၏ဘဝတလျှောက်တွင် သင်ယူခဲ့ရသမျှ နည်းစနစ်များအားလုံးကို သူ၏မျိုးဆက်သစ်များအား အမွေဆက်ခံစေလိုသောကြောင့်ပင်။
ရတနာပစ္စည်းများသည် ပြင်ပအကူပစ္စည်းများသာဖြစ်၍ တာအိုသခင်တစ်ယောက်၏အမွေအနှစ်ဖြစ်ရန် မထိုက်တန်ချေ။
လုယွီ၏အမြင်အရ ထိုတာအိုသခင်၏အမွေအနှစ်များသည် သူရှေ့ရှိချောက်နက်ကြီးအတွင်း၌ ရှိနေနိုင်သည်။
သူ ခုန်ဆင်းရမည်လော....မဆင်းရမည်လော...
"စိတ်ထဲမထားတော့ဘူး...ငါ ဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်က ရတနာတွေရယူဖို့အတွက်ပဲ...ငါက ရတနာတွေကို ရပြီးပြီဆိုမှတော့ အမွေအနှစ်ကို မလိုအပ်ဘူး"
လုယွီက အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။
လက်ရှိတွင် လုယွီသည် လောကီအင်မော်တယ်အဆင့်သာ ရှိနေသေးသည်။သူသည် ယခုလက်ရှိချိန်တွင် အဆင့်အတန်းမြင့်မားသောတာအိုသခင် မဆိုထားနှင့် နယ်မြေသခင်အဆင့်ဖြစ်သော ရှကွေ့ကျုံးကိုပင် ရင်ဆိုင်နိုင်စွမ်းမရှိချေ။
"သိမ်းဆည်းမယ်"
လုယွီသည် ပိုင်တိုကောင်းကင်ဘုံဂိုဏ်းသိုလှောင်အိတ်ကို ဆင့်ခေါ်လိုက်သည်။ပတ်ဝန်းကျင်ရှိ ရတနာများအားလုံးသည် မြစ်တစ်စင်းအလား လုယွီ၏သိုလှောင်အိတ်အတွင်းသို့ စီးဝင်သွားလေ၏။
ဤသိုလှောင်အိတ်ကို ရရှိသွားချိန်မှစ၍ ပြန်လည်ပြုပြင်နိုင်ရန် လုယွီသည် လေဟာနယ်ပစ္စည်းများကို အစဥ်အမြဲရှာဖွေနေခဲ့သည်။
ယခုလက်ရှိချိန်တွင် ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ ကမ္ဘာငယ်လေးသည် ယခင်ထက်များစွာ ပြီးပြည့်စုံနေလေပြီ။ကမ္ဘာငယ်လေးအတွင်းမှ လေဟာနယ်အက်ကွဲကြောင်းများကိုလည်း သူ ပြုပြင်ပြီးဖြစ်သည်။
ဤနေရာတွင် ရတနာအမြောက်အများရှိနေသော်လည်း လုယွီက အကုန်အစင် သိမ်းဆည်းနိုင်ခဲ့သည်။
"ဒီနေရာကရတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေက ကြယ်မြစ်တစ်စင်းကိုတောင် ဝယ်နိုင်လုနီးပါးပါလား"
လုယွီက အံ့အားသင့်တုန်လှုပ်သွားပေ၏။
သိုလှောင်အိတ်သည် ရတနာများလို အလွန်လျှင်မြန်သောအရှိန်ဖြင့် စုပ်ယူနိုင်သည့်တိုင် အကုန်အစင်သိမ်းဆည်းနိုင်ရန် အချိန်လေးနာရီကျော် ကြာမြင့်ခဲ့သည်။
နောက်ဆုံးတွင် ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏သိုလှောင်ရုံများအားလုံး ရတနာများဖြင့် ပြည့်နှက်သွားသည်။ဂိုဏ်း၏တချို့နေရာများတွင်လည်း မှော်ရတနာများနှင့်စိတ်ဝိညာဥ်ကျောက်တုံးများက တောင်တစ်လုံးကဲ့သို့ စုပုံနေပေ၏။
"သိုလှောင်အိတ်တစ်အိတ်လုံး ပြည့်လုနီးပါးပဲ...ဒီအမွေအနှစ်နယ်မြေရဲ့ပိုင်ရှင်က ဘယ်သူများပါလိမ့်"
လုယွီသည် အတွေ့အကြုံကြွယ်ဝပြီး အသိပညာဗဟုသုတရှိသူဖြစ်သည့်တိုင် သူ့ရှေ့မှမြင်ကွင်းကြောင့် ကူကယ်ရာမဲ့စွာ အံ့အားသင့်တုန်လှုပ်ခဲ့ရသည်။
မကြာမီမှာပင် ရတနာများအားလုံးကို သိမ်းဆည်းပြီးဖြစ်၍ လုယွီက ထွက်ခွာရန် ဟန်ပြင်လိုက်၏။
"ငါ့ရဲ့ပစ္စည်းတွေကို ယူသွားပြီးမှတော့...မင်းက ဒီအတိုင်း ထွက်သွားလို့ရမလား"
ရုတ်တရက် တိုးညှင်းသောအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
Chapter 1748
ထိုအသံသည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး လုယွီပင်လျှင် မျှော်လင့်ထားခြင်းမရှိချေ။
"ဘယ်သူလဲ"
လုယွီက ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်လိုက်၏။တစ်ချိန်တည်းမှာပင် သူ၏လက်ဖဝါးအတွင်း၌ မှော်စွမ်းအားများကိုစုစည်းကာ အသံထွက်ပေါ်လာရာနေရာသို့ ဦးတည်၍ ရိုက်နှက်လိုက်သည်။
မူလက အသံထွက်ပေါ်လာရာနေရာမှနေ၍ ရုတ်တရက် ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် ထိုနေရာရှိနံရံ ကြေမွသွားပြီး ကျောက်စကျောက်နများက နေရာအနှံ့ ပြန့်ကျဲသွားသည်။
တစ်ချိန်တည်းမှာပင် လုယွီ၏နောက်ဘက်ရှိ ချောက်နက်ကြီးအတွင်းမှနေ၍ ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာပေ၏။
"မင်းမှာ ခွန်အားနည်းနည်းတော့ ရှိသားပဲ...မင်း အောက်ကိုဆင်းလာတာ ပိုကောင်းလိမ့်မယ်"
ရုတ်ချည်းဆိုသလိုပင် ချောက်နက်ကြီးအတွင်းမှနေ၍ ပြင်းထန်သောစုပ်အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ထိုစုပ်ယူအားလှိုင်းကို တောင့်ခံနိုင်ရန်အတွက် သူ၏မှော်စွမ်းအားများကို သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်လိုက်သည်။
လုယွီ၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေလေပြီ။ဤအချိန်အခိုက်တွင် သူ၏မှော်စွမ်းအား အကုန်အစင်ကို ထုတ်လွှက်ထားသည်။သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ အလွှာတစ်လွှာအဖြစ် ရုတ်တရက်ထွက်ပေါ်လာသည်။လုယွီ၏ခေါင်းထက်၌ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး မျောလွင့်နေသည်။ထိုပုံရိပ်ယောင်ကြီး၏နောက်၌ အလင်းဘီးတစ်ဘီးက လျှင်မြန်စွာလှည့်ပတ်နေပြီး အကန့်အသတ်မရှိသော မှော်စွမ်းအားများကို ထုတ်လွှက်ပေးနေ၏။
"ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ...မဆိုးဘူး...မဆိုးဘူး"
လုယွီ ခုခံရုန်းကန်နေသည်ကိုမြင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သောအသံပိုင်ရှင်သည် ဒေါသထွက်သွားခြင်းမရှိဘဲ ပို၍ပင်စိတ်ဝင်စားလာပုံရှိသည်။
ဝှိး...ဝှီး...
ထိုအချိန်မှာပင် လုယွီ၏နောက်ဘက်မှနေ၍ မြောက်များစွာသောသံကြိုးများ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အား တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်၏။
မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသဓားချက်...
လုယွီက သူ၏မှော်စွမ်းအားများကိုထိန်းချုပ်၍ သူ့အားတုပ်နှောင်ထားသော သံကြိုးများကို ဖြတ်တောက်လေသည်။
လုယွီ၏ဓားချီသည် သန့်စင်သောယန်စွမ်းအင်ကို သယ်ဆောင်ထားပြီး ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည့်တိုင် သံကြိုးများပေါ်၌ နက်ရှိုင်းသောအရာတစ်ရာကိုသာ ချန်ထားနိုင်ခဲ့သည်။
"အထီးကျန်ရှေးဟောင်း ကြယ်ပျံသံမဏိလား"
လုယွီသည် အံ့အားသင့်တုန်လှုပ်သွားမှုကြောင့် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။
ဤကြယ်ပျံသံမဏိသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာသော ကြယ်ပျံများမှသန့်စင်ထားခြင်းဖြစ်ပြီး နှိုင်းယှဥ်ပြစရာမရှိသည်အထိ ကျစ်လစ်မာကြောပေ၏။အကယ်၍ အလွန်အမင်းထက်ရှသော မှော်ရတနာတစ်ခုကို အသုံးပြုလျှင်ပင် ထိုအရာအားဖျက်ဆီးနိုင်ရန် လွန်စွာခက်ခဲပေမည်။
အံ့အားသင့်ဖွယ်အကောင်းဆုံးအချက်မှာ ကြယ်ပျံသံမဏိသည် မှော်စွမ်းအားများကို ခုခံဆန့်ကျင်နိုင်ခြင်းဖြစ်သည်။အဆင့်မြင့်ကျင့်ကြံသူများကို ဖမ်းဆီးထားသော မည်သည့်အကျဥ်းထောင်မဆို ဤကြယ်ပျံသံမဏိဖြင့် တည်ဆောက်ထားလေ၏။
ရှေးဦးမူလဘူတခေတ်မှစ၍ ယနေ့ကာလထိတိုင် ကြယ်ပျံသံမဏိများ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ရသဖြင့် အရေအတွက်အနည်းငယ်သာကျန်ရှိတော့ရာ အလွန်အမင်းအဖိုးတန်ရှားပါးသည်။
ဤကဲ့သို့ကြယ်ပျံသံမဏိမျိုးကို လေလံတင်ပါက မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချနိုင်ပေမည်။
တာယွီအင်ပါယာတခွင်လုံးတွင် တော်ဝင်နန်းတော်တစ်ခုတည်းကသာ ကြယ်ပျံသံမဏိကိုပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီသည်။ဤသည်က တားမြစ်ရတနာတစ်ခုပင်။သာလွန်ထူးကဲသော အဆင့်အတန်းရှိသည့် နယ်မြေသခင်တချို့နှင့် တာအိုသခင်များမှလွဲ၍ ကြယ်ပျံသံမဏိအား လက်ဝယ်ထားရှိသောမည်သူမဆို ကြီးလေးသောအပြစ်ဒဏ်ပေးခြင်း ခံရပေမည်။
"မကောင်းတော့ဘူး"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ့အား ချောက်နက်ကြီးအတွင်းသို့ ဆွဲချခံလိုက်ရတော့သည်။
ထိုချောက်နက်ကြီး မည်မျှနက်သည်ကို မသိနိုင်သော်လည်း လုယွီကို သံကြိုးများကရစ်ပတ်၍ ဆွဲချသွားခဲ့ရာ လဖက်ရည်တစ်ခွက်စာအချိန် ကုန်ဆုံးပြီးမှ အောက်ခြေသို့ ဆင်းသက်နိုင်ခဲ့သည်။
ဘုန်း...
လုယွီသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပေ၏။သူ၏ခြေဖဝါးအောက်ရှိမြေပြင် ဖုန်တထောင်းထောင်း ထသွားတော့သည်။
အကယ်၍ လုယွီသည် အစစ်အမှန်လောကီအင်မော်တယ်ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်မထားပါက ပြုတ်ကျလာသောအရှိန်ကြောင့် သူ အပြင်းအထန်ဒဏ်ရာရရှိနိုင်ပြီး သေဆုံး၍ပင်သွားနိုင်သည်။
ဂျွတ်...ဂျွတ်...ဂျွတ်...
လုယွီသည် သူ၏ကြွက်သားနှင့်အရိုးအဆစ်များကို ရွေ့လျား၍ ပြုတ်ကျထားသောအားလှိုင်းအရှိန်ကို အပြည့်အဝဖယ်ရှားလိုက်၏။
သူ၏ရှေ့၌ ဧရာမကျောက်ရုပ်ထုကြီးတစ်ခု ရှိနေသည်။သူ၏လက်ရှိတည်နေရာသည် ကျောက်ရုပ်ထုကြီးနှင့် တစ်ပေခန့်အကွာတွင် ရှိနေလေ၏။တစ်စုံတစ်ယောက်သည် ဤနေရာမှကြည့်ပါက ကျောက်ရုပ်၏ခြေထောက်ကိုသာမြင်နိုင်ပြီး ထိုအရာ၏မျက်နှာကို မြင်နိုင်မည်မဟုတ်ချေ။
ကျောက်ရုပ်ထုကြီး၏နောက်၌ အနက်ရောင်သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော လူတစ်ယောက်ရှိနေသည်။
ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သံကြိုးများဖြင့်တုပ်နှောင်ခြင်းခံထားရပြီး သူက လုယွီကိုမြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။
"ငါ နှစ်တွေအများကြီးကြာအောင် စောင့်ဆိုင်းခဲ့ရတာ...နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီ...တစ်ယောက်ယောက် ရောက်လာပြီ...ဟား ဟား ဟား...."
ထိုလူသည် အမှောင်ထုအတွင်း၌ရှိနေပြီး သူ၏ဆံပင်ရှည်များသည် ပခုံးပေါ်ထိ ပြေလျော့ကျနေကာ သူ့ခန္ဓာကိုယ်တွင် အရေပြားနှင့်အရိုးများသာရှိတော့ရာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေသည်။
"ဒီလူအိုကြီးက နှစ်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရတာ...နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီးတော့ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်တော့မယ်...မင်း ဒီနား တိုးခဲ့စမ်း...ငါ မင်းကို သေချာကြည့်ပါရစေ"
Chapter 1749
သူ့ရှေ့ရှိပိန်လှီလှီအဖိုးအိုသည် ပါးလှပ်ပြီး အားအင်ချိနဲ့နေပုံရသော်လည်း လုယွီက အထင်သေးခြင်းမရှိချေ။
တခြားတစ်ဖက်မှလူသည် အထွတ်အထိပ်အခြေအနေ၌ရှိမနေသည့်တိုင် လုယွီ၏လက်ရှိခွန်အားဖြင့် ယှဥ်ပြိုင်နိုင်မည့်သူမျိုး မဟုတ်ပေ။
လုယွီသည် ရှေးဟောင်းကျင့်ကြံနည်းစနစ်ဖြစ်သော ကြယ်စူးစမ်းခြင်းကိုအသုံးပြု၍ အဖိုးအိုကို ကြည့်လိုက်၏။အဖိုးအို၏ချီများသည် နဂါးတစ်ကောင်နှင့်တူညီပြီး ခရမ်းရောင်အလင်းတန်းများဖြာထွက်နေကာ ကောင်းကင်ယံထိတိုင် ထိုးတက်နေသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို အမှောင်ထုက အပြည့်အဝ လွှမ်းခြုံထားသည်။အဖိုးအိုသည် ပိန်လှီခြောက်ကပ်နေသော်လည်း သူ၏စိတ်ဝိညာဥ်သည် အလွန်အမင်းအစွမ်းထက်ပြီး ညအမှောင်ယံအတွင်း၌ တောက်ပနေသောနေမင်းကြီး ပုန်းကွယ်နေသည်နှင့် တူညီလေ၏။
ထိုအဖိုးအိုသည် တာအိုသခင်တစ်ယောက်ပင်။
"ကျွန်တော်ရဲ့ခွန်အားက စီနီယာရဲ့အမွေအနှစ်ကိုဆက်ခံဖို့အတွက် လုံလောက်မှုမရှိပါဘူး...နှုတ်ဆက်ခဲ့ပါတယ်"
လုယွီ၏မျက်ခမ်းများ တဆတ်ဆတ်တုန်နေပြီး သူ လွတ်မြောက်နိုင်မည့်နည်းလမ်းကို အသည်းအသန် တွေးတောနေခဲ့သည်။
ယခုလက်ရှိချိန်တွင် သူသည် ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း တာအိုသခင်တစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်သည်အထိ မောက်မာဝံ့ခြင်းမရှိချေ။အားအနည်းဆုံးတာအိုသခင်တစ်ယောက်ကပင် သူ့အား လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
ပိန်လှီလှီအဖိုးအိုက ရယ်မောလိုက်၏။
"ပြဿနာမရှိပါဘူး...ငါက မင်းရဲ့စွမ်းရည်တွေအားလုံးကို မြင်ပြီးပြီ...မင်းလို ရုပ်ခန္ဓာကိုယ်မျိုး ငါ ဘယ်တုန်းကမှ မမြင်တွေ့ဖူးဘူး"
သူ၏ဖားလျားကျနေသော ဆံပင်ရှည်များကြားမှနေ၍ အေးစက်စက်မျက်လုံးတစ်စုံထွက်ပေါ်လာပြီး လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်းက လောကီအင်မော်တယ်တစ်ယောက်ဖြစ်ပေမယ့် မင်းရဲ့ခွန်အားက မြေကမ္ဘာအင်မော်တယ်နယ်ပယ်နဲ့နီးကပ်နေပြီ...မင်းရဲ့အရည်အချင်းကို နှစ်တစ်သောင်းလောက်ကြာမှတစ်ကြိမ်ထွက်ပေါ်လာတက်တဲ့ ပါရမီရှင်ဆိုတဲ့ကောင်တွေကတောင် မှီဖို့ခက်ခဲလိမ့်မယ်...မင်းကိုယ်မင်း နှိမ့်ချပြောနေစရာမလိုပါဘူး...မြန်မြန်ဒီနေရာကိုလာပြီး ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံလိုက်တော့"
လုယွီက ပြောဆိုသည်။
"စီနီယာရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...ဒါပေမယ့် ကျွန်တော်မှာ ဆရာတစ်ယောက်ရှိပြီးသားမလို့ တခြားသူရဲ့အမွေအနှစ်ကို ဆက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...ကျေးဇူးပြုပြီး စီနီယာက တခြားလူတစ်ယောက်ကို ရွေးချယ်လိုက်ပါ"
"ဒီနေရာကို လာခဲ့စမ်း"
လုယွီက ထပ်ခါထပ်ခါငြင်းပယ်နေသည်ကို ကြည့်ပြီး ပိန်လှီလှီအဖိုးအိုသည် ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ပတ်ဝန်းကျင်ရှိသံကြိုးများကိုထိန်းချုပ်၍ ပစ်လွှက်လိုက်သည်။
သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် လုယွီသည် တုံ့ဆိုင်းနေဝံ့ခြင်းမရှိချေ။သူသည် ပတ်ဝန်းကျင်ရှိမှော်စွမ်းအားများအားလုံးကို စုစည်းပြီး သူ့ရှေ့၌ မီတာသုံးဆယ်ကျော်ရှည်သော ဓားတစ်လက်အဖြစ် သိပ်သည်းလိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....အင်မော်တယ်သုတ်သင်ဓားချက်
ကြီးကျယ်ခမ်းနားသောဓားချီသည် တိုင်းဆ၍မရသော အရှိန်အဟုန်ဖြင့် ပိန်လှီလှီအဖိုးအိုထံသို့ ထွင်းဖောက်ဝင်ရောက်သွားသည်။
ဝှစ်....
လေထုအား ထွင်းဖောက်သွားသောအသံက ပဲ့တင်ထပ်ပျံ့နှံ့နေသည်။လုယွီသည် အစစ်အမှန်ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက် ဖြစ်ပေ၏။ဤအချိန်တွင် သူသည် ရှေးဟောင်းသိုင်းပညာနည်းစနစ်ကို အသုံးပြုထားလေရာ သူ၏ဓားချီသည် အလွန်ထက်ရှပြီး အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်ပုံရသည်။
"ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်နည်းစနစ်လဲ ..ငါတောင်မှ အပြည့်အဝ နားလည်သဘောမပေါက်ဘူး...ဟား ဟား ဟား...ငါက နှစ်တွေအကြာကြီး စောင့်ဆိုင်းခဲ့ရတာ...မင်းက ငါ့အတွက် ကံကြမ္မာကောင်း ဖြစ်သင့်တယ်"
ပိန်လှီလှီအဖိုးအိုက ရုတ်တရက် ထူးဆန်းသောရယ်သံကြီးဖြင့်ရယ်မောလိုက်၏။သူ၏ရယ်မောသံသည် မိုးခြိမ်းသံကဲ့သို့ တုန်ခါနေသည်။
ထိုရယ်မောသံကြီးက လုယွီ၏နားအတွင်းသို့ဝင်ရောက်လာချိန်တွင် သူ၏ခန္ဓာကိုယ်မှ သွေးနှင့်ချီများ ချက်ချင်းဆိုသလို ဆူပွက်သွားသည်။အကယ်၍ လုယွီ၏ခန္ဓာကိုယ်သာ လုံလုံလောက်လောက် အားကောင်းခြင်းမရှိပါက သူသည် သွေးအန်ပြီး အပြင်းအထန်ဒဏ်ရာ ရရှိသွားနိုင်သည်။
"သူက တာအိုသခင်တစ်ယောက်ဖြစ်နေတဲ့အပြင်...အနည်းဆုံး ဥပဒေသဆယ်ခုကို နားလည်သဘောပေါက်ထားတဲ့ ထိပ်တန်းအဆင့်တာအိုသခင်တစ်ယောက်ပဲ"
လုယွီသည် သူ၏လည်ချောင်းမှပျို့တက်လာသော သွေးများကို ကြိတ်မှိတ်မျိုချပြီး သူကိုယ်သူကာကွယ်နိုင်ရန် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်နှင့်မြင့်မြတ်ဧကရာဇ်၏ခန္ဓာကိုယ်နည်းစနစ်တို့ကို တပြိုင်နက်တည်း အသုံးပြုလိုက်၏။
ဝှီး....
ပိန်လှီလှီအဖိုးအိုသည် တုပ်နှောင်ခံထားရသဖြင့် မလှုပ်ရှားနိုင်သော်လည်း ပတ်ဝန်းကျင်ရှိသံကြိုးများကို ထိန်းချုပ်အသုံးပြုကာ တိုက်ခိုက်နိုင်သည်။
ထိုသံကြိုးများဖြင့် လုယွီကို ချည်နှောင်၍ သူ့ထံဆွဲခေါ်နိုင်ရန် အဖိုးအိုက ကြိုးပမ်းနေသည်။
"သူ့ရဲ့ရုပ်ခန္ဓာကိုယ်က အကျဥ်းချခံထားရတော့...ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးပြီး ဒီနေရာကထွက်သွားလို့ရအောင် သူ ကြံစည်နေတာပဲ"
လုယွီသည် ပိန်လှီလှီအဖိုးအို၏အကြံအစည်ကို သိရှိပေ၏။
ယခင်က စစ်တုရင်ကစားပွဲဖြစ်စေ အခန်းအတွင်းမှရတနာများဖြစ်စေ အရာအားလုံး အဖိုးအို၏အစီအစဥ်များသာဖြစ်သည်။
အကယ်၍ လုယွီ၏စိတ်ဆန္ဒသည် ခိုင်မာခြင်းမရှိပါက ဤအဆင့်သို့ရောက်မလာမီမှာပင် အဖိုးအို၏ရုပ်သေးရုပ် ဖြစ်သွားပေမည်။ဤနေရာရှိ အရာအားလုံး အဖိုးအို စီစဥ်ထားခြင်းဖြစ်ပေ၏။
ကံဆိုးစွာဖြင့် လုယွီသည် သူ၏လှည့်ကွက်များအတွင်းသို့ ကျရောက်ခဲ့ခြင်းမရှိချေ။လုယွီက အရူးလုပ်မခံသည်ကိုမြင်တွေ့မှသာ အဖိုးအိုက ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Chapter 1750
"သူ ငါ့ကို ချက်ချင်းမသတ်တာ အံ့အားသင့်စရာမရှိတော့ဘူး ..ဒီနေရာမှာ သူ့ကိုဖိနှိပ်ထားတဲ့ ဧရာမဝင်္ကပါကြီးတစ်ခု ရှိနေတာပါလား"
လုယွီ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးစများ ရှိနေသည်။
အကယ်၍ သူ သတိလက်လွတ်နေမိပါက တစ်ဖက်လူသည် ထိပ်တန်းအဆင့်တာအိုသခင်တစ်ယောက်ဖြစ်နေသဖြင့် သူ နေရာမှာပင် သေဆုံးသွားနိုင်သည်။
"သူ့နဲ့နီးကပ်သွားလို့ မဖြစ်ဘူး...မဟုတ်ရင် ငါ သူပြုသမျှနုရလိမ့်မယ်"
ယခုလက်ရှိအချိန်၌ လုယွီက တုံဆိုင်းနေဝံ့ခြင်းမရှိချေ။သူ၏လက်အတွင်း၌ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကြယ်ပျံသံမဏိကြိုးများပေါ်သို့ ကျရောက်သွားသည်။
ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အလွန်အမင်းခြစ်ခြစ်တောက်ပူပြင်းသောအရာဖြစ်လေ၏။လုယွီသည် ထိုမီးတောက်ဖြင့် ကြယ်ပျံသံမဏိကြိုးတစ်နေရာကို အရည်ပျော်ကျသွားစေရာ နောက်ဆုံး၌ သူ အချုပ်အနှောင်မှ လွတ်မြောက်သွားတော့သည်။
လုယွီသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ချောက်နက်ကြီးအတွင်းမှ ထွက်ပြေးရန်ကြံရွယ်လိုက်၏။
"ဒီအစစ်အမှန်မီးတောက်က.....မင်းက ကျိုးထျန်းယင်ရဲ့လူလား....သူက ဘာလို့ သူကိုယ်တိုင်မလာဘဲနဲ့ မင်းလိုနယ်ရုပ်တစ်ရုပ်ကို လွှက်လိုက်တာလဲ...ဖြစ်နိုင်တာတော့ မင်းက ငါ့ကိုစုံစမ်းထောက်လှမ်းဖို့လာတာလား"
လုယွီသည် စကားတုံ့ပြန်ပြောဆိုခြင်းမရှိသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အတွေးများစွာထွက်ပေါ်လာသည်။
ကျိုးထျန်းယင်ဟူသည်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အစစ်အမှန်နာမည် ဖြစ်သည်။
သို့ရာတွင် အစွမ်းထက်ပုဂ္ဂိုလ်တချို့မှလွဲ၍ သူ၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုဝံ့သူမရှိချေ။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားသည်မှာ အချိန်အလွန်ကြာမြင့်ပြီဖြစ်သော်လည်း သူသည် လောကကြီး၏အုပ်ချုပ်သူအဖြစ်ရှိနေဆဲပင်။ဤနေရာတွင် လောကကြီး၏ကံကြမ္မာရှိနေသေးသရွေ့ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဤနဂါးငွေ့တန်းအတွင်း၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိနေပေမည်။
အကယ်၍ သာမာန်လူများသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အမည်ကို ခေါ်ဆိုဝံ့ပါက မိုးကောင်းကင်တာအိုသည် ထိုလူအား မြေအောက်လောကနယ်မြေတွင် ပြစ်ဒဏ်ခတ်ပေမည်။
ဤသည်က ကြီးမားသောအရိုအသေမဲ့မှုခြင်းပင်။ထိုကိစ္စသည် လူအမြောက်အများကို သတ်ဖြတ်ခြင်း ကျမ်းသစ္စာကိုဖောက်ဖျက်ခြင်းတို့ကဲ့သို့သော ပြစ်မှုကြီးများနှင့် အလားတူပေ၏။ထိုကိစ္စကိုကျူးလွန်သူသည် မိုးကောင်းကင်တာအို၏ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရပေမည်။
လုယွီ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး အဖိုးအိုက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"မင်းက သူ့ရဲ့အစစ်အမှန်မီးတောက်ကို ဆက်ခံထားမှတော့ သူ့ရဲ့လူယုံတစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား...မင်းသူကို ပြောလိုက်စမ်း...တော်ဝင်ဦးရီးတော်က ဒီနှစ်တွေအတောအတွင်းမှာ နောင်တရနေပြီဆိုတာကို...အတိတ်တုန်းက ပုန်ကန်သူတွေကို နောက်ကွယ်ကနေညွှန်ကြားခဲ့တဲ့သူက ငါလို့စွပ်စွဲပြစ်တင်ခံခဲ့ရတယ်...သူ ငါ့ကို နှစ်တွေအကြာပြီး ချိပ်ပိတ်ထားခဲ့ပြီးပြီ...ဒါက သူ့ရဲ့မုန်းတီးမှုတွေကို လျော့ပါးဖို့ လုံလောက်သင့်ပြီလေ...ဟုတ်တယ်မလား"
"သူ ငါ့ကို လွှက်ပေးတာနဲ့...ငါက တာယွီအင်ပါယာကနေ အပြင်ကကြယ်မြစ်တွေဆီကို ထွက်သွားမယ်လို့ ကတိပေးတယ်...ငါ ဘယ်တော့မှ တာယွီအင်ပါယာထဲကို ခြေမချတော့ဘူး"
ထိုစကားကိုကြားသည်နှင့် လုယွီ၏စိတ် ရုတ်တရက်လှုပ်ရှားသွားပြီး မှတ်ဥာဏ်တစ်ခု ထွက်ပေါ်လာသည်။
လုယွီ တာအိုသခင်အဆင့်ကို ပြီးမြောက်အောင်မြင်ခြင်းမရှိသေးခင်အချိန်တွင် တာယွီအင်ပါယာမှ ပုန်ကန်သူတစ်ယောက်၏အကြောင်းကို ကြားခဲ့ဖူးသည်။တာယွီအင်ပါယာ၏နယ်စပ်ဒေသများကို စောင့်ကြပ်ရသော တပ်မှူးများ၏ခေါင်းဆောင်သည် ရုတ်တရက် ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပုန်ကန်မှုကို ပြုလုပ်ခဲ့လေ၏။ထိုအချိန်တုန်းက ပုန်ကန်မှုကို တာအိုသခင်အယောက်တစ်ရာကျော်ဖြင့် ဟန့်တားခဲ့ရသည်။
ပြင်ပလေဟာနယ်တပ်များသည် တာယွီအင်ပါယာနှင့် ပြင်ပလေဟာနယ်ကြယ်မြစ်များအကြားရှိ နယ်စပ်ကိုစောင့်ကြပ်ရသည်။နှစ်စဥ်နှစ်တိုင်း ပြင်ပလေဟာနယ်ကြယ်မြစ်များမှ လေဟာနယ်နတ်ဆိုးများသည် အရေအတွက်အလုံးအရင်းဖြင့် တာယွီအင်ပါယာကို ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
ထို့ကြောင့် တာယွီအင်ပါယာသည် နယ်စပ်ဒေသများတွင် အစောင့်အကြပ်များ ထူထပ်များပြားစွာ နေရာချထားလေ၏။နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတော်မှကောက်ခံရရှိသော အခွန်အကောက်များ၏တစ်ဝက်နီးပါးကို ပြင်ပလေဟာနယ်တပ်များထံ ပေးပို့လေ့ရှိသည်။
မြောက်များစွာသော ပြင်ပလေဟာနယ်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးမှာ ကျိုးလင်ပင်။
ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်ကျိုးလင်သည် တာယွီအင်ပါယာ၏သမိုင်းတလျှောက်တွင် အကြီးမားဆုံးစစ်အင်အားကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။
ကျိုးလင်သည် ကောင်းကင်ဘုံဧကရာဇ်၏ဦးရီးတော်ဖြစ်သည့်အပြင် အစွမ်းထက်တာအိုသခင်တစ်ယောက်လည်းဖြစ်သည်။ထို့ကြောင့်သူသည် ကြီးလေးသောတာဝန်ကိုခန့်အပ်ရန် ယုံကြည်ခြင်းခံခဲ့ရ၏။သူ၏လက်အောက်တွင် ကျင့်ကြံသူပေါင်းသန်းငါးဆယ်ဖြင့်ဖွဲ့စည်းထားသော စစ်တပ်ရှိပေသည်။
သူ၏ရုတ်တရက်ပုန်ကန်မှုသည် တာယွီအင်ပါယာတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။ကြယ်နယ်မြေအများစုသည် စစ်တပ်အားဦးဆောင်လာသော ကျိုးလင်ကိုမြင်သည်နှင့် ချက်ချင်းပင်လက်နက်ချ၍ အရှုံးပေးလိုက်ကြ၏။သူတို့သည် ခုခံတိုက်ခိုက်ရန်ပင် သတ္တိမရှိချေ။
သို့ရာတွင် နောက်ပိုင်း၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် စစ်တပ်ကို သူကိုယ်တိုင်ဦးဆောင်၍ ပုန်ကန်သူများအားလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။ထိုပုန်ကန်မှုတွင်ပါဝင်ခဲ့သူများအားလုံး သုတ်သင်ခြင်းခံခဲ့ရ၏။
ကျိုးလင်ပင်လျှင် သူ၏တော်ဝင်ဦးရီးတော်ဟူသော အဆင့်အတန်းမှ ဖြုတ်ချခံရပြီး အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
နာမည်ကျော်ကြားခဲ့သော ပြင်ပလေဟာနယ်ခေါင်းဆောင်တပ်မှူးသည် ဤနေရာ၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဖိနှိပ်ထားခြင်းခံရမည်ဟု မည်သူမျှသိရှိကြမည်မဟုတ်ချေ။
ကံဆိုးစွာဖြင့် လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်များကို ဝါးမျိုထားသည့်တိုင် ဤမှတ်ဥာဏ်များကို သိရှိခြင်းမရှိချေ။
လုယွီ၏စိတ်အတွင်း၌ မြောက်များစွာသောအတွေးများကူးခတ်နေပြီး ဤကိစ္စကိုရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းအား တွေးတောနေခဲ့သည်။
"ကျိုးလင်...ကျုပ်က ဒီနေရာကို အရှင်မင်းကြီးရဲ့ညွှန်ကြားချက်အရ လာခဲ့တာပဲ"
လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။