← Chapters

အခန်း (၁၇၅၁-၁၇၅၅)

Vol. 91 Ch. 1751-1755

အခန်း (၁၇၅၁-၁၇၅၅)

Vol. 91 Ch. 1751-1755

Chapter 1751

ကျိုးလင်က သူ၏ခေါင်းကိုငုံလိုက်ပြီး ချက်ချင်းပင် ရိုသေလေးစားသောအမူအယာကို ပြသလိုက်သည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ကျိုးလင်...ခင်ဗျားက ဒီနေရာမှာနေပြီး ခင်ဗျားရဲ့အပြစ်တွေကို ဆင်ခြင်သုံးသပ်နေတာ ပိုကောင်းလိမ့်မယ်...ခင်ဗျား တာယွီအင်ပါယာကနေ အလျင်စလိုထွက်သွားဖို့ မလိုအပ်ပါဘူး ..အချိန်ကျလာလို့ရှိရင် ကျုပ် ခင်ဗျားကိုလွှက်ပေးမယ်"

လုယွီက ထိုစကားပြောဆိုနေစဥ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို အသုံးပြုထားခြင်းဖြစ်သဖြင့် ရွှေနှင့်ကျောက်စိမ်းကဲ့သို့တည်မြဲသောအမိန့်တော်ဖြစ်ပြီး ပြောင်းလဲ၍မရချေ။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားခြင်းကြောင့် ထိုအမိန့်တော်တွင် တော်ဝင်အငွေ့အသက်များ ရောယှက်နေပြီး အတုအယောင်မဟုတ်တော့ချေ။

လုယွီ ဤကဲ့သို့ပြောဆိုဝံ့ရသည့်အကြောင်းအရင်းမှာ သူ့ထံ၌ အခိုင်အမာယုံကြည်ချက်ရှိခြင်းကြောင့်ပင်။

ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်သည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူဖြစ်ပေ၏။ထိုကိစ္စသည် လုယွီ တာအိုသခင်အဖြစ်အောင်မြင်ပြီးမြောက်ခဲ့သည်ထက်ပင် ပို၍အချိန်ကြာညောင်းခဲ့သည်။လုယွီသည် အတိတ်တွင် ကျိုးလင်နှင့် တစ်ကြိမ်တစ်ခါမျှမတိုက်ခိုက်ဘူးသော်လည်း ပြင်ပလေဟာနယ်ကိုစောင့်ကြပ်ရသော တပ်မှူးခေါင်းဆောင်သည် မည်သည့်နည်းနှင့်မျှ သာမာန်ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ချေ။

လုယွီထံတွင် တာအိုသခင်စိတ်ဝိညာဥ်ရှိနေသော်လည်း သူ့ရှေ့ရှိ နာမည်ကျော်ကြားခဲ့သော ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်နှင့် သတိလက်လွတ်ရင်မဆိုင်ဝံ့ပေ။

ရှေးဦးစွာ သူသည် တစ်ဖက်လူ၏စိတ်ခံစားချက်များကို တည်ငြိမ်စေပြီးမှ တဖြည်းဖြည်း သူ၏နောက်ထပ်အစီအစဥ်များကို အကောင်အထည်ဖော်ရပေမည်။

ကျိုးလင်သည် ဦးညွှတ်၍အရိုအသေပြုပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေကာ ရိုသေလေးစားစွာ ပြောဆိုသည်။

"ဒီအပြစ်သားက အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

သူ ဤနေရာ၌ အကျဥ်းချခံရသည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီမှန်းပင် မသိတော့ချေ။နှစ်ရှည်လများကြာညောင်းလာမှုသည် သူ၏စိတ်ရှည်သည်းခံမှုများကို ကုန်ဆုံးသွားစေသည်။

ယခုလက်ရှိချိန်၌ ကျိုးလင်၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဤအချုပ်အနှောင်မှ လွတ်မြောက်ရန်ပင်။

"ကောင်းပြီလေ...ခင်ဗျားရဲ့စကားကို ကျုပ် အရှင်မင်းကြီးဆီ ပေးပို့လိုက်ပါမယ်...ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်က အဆင်ပြေနေတယ်ဆိုမှတော့ ကျုပ် အရှင်မင်းကြီးဆီကို သတင်းပြန်ပို့တော့မယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"အရင်က ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင် လုပ်ခဲ့တဲ့ကိစ္စတွေ အတွက်ကတော့...ခင်ဗျားဆီကနေ ကျုပ်ရခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်တွေကြောင့် ကျုပ် စကားတစ်ခွန်းမှ အရှင်မင်းကြီးရှေ့မှာ ပြောမှာမဟုတ်ဘူး"

"မင်းရဲ့ကူညီမှုအတွက်လည်း ကျေးဇူတင်ပါတယ်"

ကျိုးလင်က ခေါင်းငုံ၍ပြောဆိုလိုက်ပြီး သူ၏စိတ်အတွင်း၌ မည်သည့်အရာများတွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိပေ။သူက ခြေတစ်ဖက်ဆောင့်နင်း၍ ချောက်နက်ကြီးအတွင်းမှ အထက်သို့ပျံဝဲလိုက်၏။

သူ၏ရှေ့၌ သူဝင်ရောက်လာခဲ့သော တံခါးပေါက်ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် ပြင်ပရှိ မှိန်ပျပျအလင်းရောင်ကိုပင် မြင်နေရလေပြီ။

လုယွီက အလျင်လိုခြင်းမရှိချေ။ဤအချိန်တွင် သူ တည်ငြိမ်နေရန်လိုအပ်သည်။သို့မဟုတ်ပါက မွန်းစတားအိုကြီး၏ရှေ့တွင် သူ၏ဟာကွက်များ ထွက်ပေါ်သွားနိုင်သည်။

"ငါ မေးခွန်းတစ်ခု မေးပါရစေ...အရှင်မင်းကြီး မင်းကို အမိန့်ပေးနေတဲ့အချိန်တုန်းက ထိုင်နေတာလား ဒါမှမဟုတ် မတ်တတ်ရပ်နေတာလား"

လုယွီ ဤနေရာမှ ထွက်ခွါလုဆဲဆဲအချိန်တွင် ကျိုးလင်က ရုတ်တရက် မေးမြန်းလိုက်သည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"အရှင်မင်းကြီး ထိုင်နေလား မတ်တတ်ရပ်နေလားဆိုတာက အမိန့်ထုတ်ပြန်တာနဲ့ ဘာဆိုင်လို့လဲ"

"ဟီး ဟီး...ဒီလူအိုကြီးက မင်းရဲ့အရူးလုပ်တာကို ခံရလုနီးပါးပဲ...ကျိုးထျန်းယင်ရဲ့အစစ်အမှန်မီးတောက်ကို မင်း ဘယ်နေရာကနေရတယ်ဆိုတာ ငါ မသိပေမယ့် မင်းက လောကီအင်မော်တယ်နယ်ပယ်ပဲရှိသေးတာ...ကျိုးထျန်းယင်လိုမျိုး သတိကြီးတဲ့ကောင်မျိုးက မင်းလိုလူစားမျိုးကို သတင်းစကားပေးပို့ဖို့အတွက် ဘာလို့စေလွှက်မှာလဲ"

လုယွီက ကြက်သေသေသွားသည်။ထိုအချိန်မှာပင် မြောက်မြားစွာသောသံကြိုးကြီးများက သူ၏နောက်သို့ ပျံဝဲ၍ဝင်ရောက်လာသည်။

"မကောင်းတော့ဘူး"

လုယွီက အလျှင်အမြန် တွေးတောလိုက်၏။ထို့နောက် သူက ခြေတစ်ဖက်ဆောင့်နင်းပြီး တံခါးထံသို့ အလျှင်အမြန်ပျံသန်းလိုက်သည်။

"ဟား ဟား ဟား...ငါ ဒီနေရာမှာနေနေတာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီမှန်းတောင် မသိနိုင်တော့ဘူး...ဒီနေရာမှာရှိတဲ့ အရာရာတိုင်း ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်...မင်းက ဘယ်ကိုပြေးချင်တာလဲ"

ကျိုးလင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ရာ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီး သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

ဘုန်း...

တာအိုသခင်တစ်ယောက်၏ဖိအားအရှိန်အဝါသည် အလွန်အမင်း ကြီးမားပေ၏။ယခုချိန်၌ ကျိုးလင်သည် ဖိနှ်ပ်အကျဥ်းချခြင်းခံထားရသည့်တိုင် သူ၏ခွန်အားသည် လုယွီ ခုခံနိုင်မည့်အရာမျိုးမဟုတ်ချေ။

လုယွီက အံ့တင်းတင်းကြိတ်ပြီး အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်နှင့် မြင့်မြတ်ဧကရာဇ်၏ခန္ဓာကိုယ်နည်းစနစ်ကို တပြိုင်နက်တည်းအသုံးပြုလိုက်၏။ထို့နောက် သူကိုယ်သူ ရွှေရောင်လူဘီလူးကြီးအသွင် ပြောင်းလဲကာ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ခုခံလိုက်သည်။

ကျိုးလင်၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ငါ မင်းကို သေခွင့်မပြုနိုင်ဘူး...မင်း လိမ်လိမ်မာမာနဲ့ ငါ့ဆီကိုလာခဲ့စမ်း"

သူ၏အသံသည် အလွန်ရှည်လျားပြီး လုယွီ၏နားအတွင်းသို့ သရဲတစ္ဆေများညည်းတွားနေသောအသံများကဲ့သို့ ဝင်ရောက်လာကာ 'အရှုံးပေးစမ်း...အရှုံးပေးစမ်း'ဟူသော ထူးဆန်းသည့်အသံကို အဆက်မပြတ်ကြားနေရသည်။

"ကျုပ်ရဲ့စိတ်ဝိညာဥ်ကို ထိန်းချုပ်ချင်တာလား"

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထွက်ပေါ်လာကာ သူ့နောက်၌ မျောလွင့်နေသည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ သရဲတစ္တေတို့၏ညည်းတွားသံများသည် သူတို့၏သဘာဝရန်သူအား တွေ့လိုက်ရသကဲ့သို့ တမဟုတ်ချင်း ရပ်တန့်သွားတော့သည်။

Chapter 1752

လုယွီ၏ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများ၏ညည်းတွားသံများအားလုံး ပျောက်ကွယ်သွားပေ၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး ပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်နေသည်။သရဲတစ္ဆေများနှင့်နတ်ဆိုးများအတွက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သဘာဝရန်သူတော်ပင်။

"တာအိုသခင်ရဲ့စိတ်ဝိညာဥ်...မင်းဆီမှာ ဝှက်ဖဲတွေအများကြီးရှိနေသေးတာပါလား...မင်းက ကျိုးထျန်းယင်ရဲ့သိမ်းဌက်ခွေးပဲဖြစ်ရမယ်...ငါ့အတွက် မင်း သေပေးသင့်တယ်"

ကျယ်လောင်သော ဒေါသတကြီးအော်ငေါက်သံတစ်သံက အပျက်အစီးနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ဘုန်း...

ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံနှင့်အတူ အစွမ်းထက်သောအသံလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

လုယွီသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးနှင့်ချီများ ဗလောင်ဆူပွက်လာသည်ကို ခံစားလိုက်ရ၏။သူ၏ဦးနှောက်မှနေ၍ မြောက်များစွာသောသွေးများ ယိုစိမ့်နေသဖြင့် သူ၏ခေါင်းများ အပြင်းအထန် ကိုက်ခဲလာသည်။

"သူက အသံလှိုင်းကိုအသုံးပြုပြီး ငါ့ကို သတ်ချင်နေတာပါလား"

လုယွီ၏နှုတ်ခမ်းထောင့်မှ သွေးများအဆက်မပြတ် ယိုစီးကျနေပြီး သူ၏ရှေးဟောင်းခန္ဓာကိုယ်နည်းစနစ်နှစ်မျိုးကို အသုံးပြု၍ ထိုထူးဆန်းသောအသံလှိုင်းတိုက်ခိုက်မှုကို ခုခံနေရသည်။

သူသည် မျိုးဆက်တူလူငယ်များအကြား၌ အလွန်သန်မာအားကောင်းသူဖြစ်သော်လည်း အစစ်အမှန်တာအိုသခင်၏ရှေ့မှောက်တွင်မူ သူသည် ပုရွက်ဆိတ်တစ်ကောင်အဆင့်ပင်။

အသက်ရှုချိန်အနည်းငယ်ခန့်အကြာတွင် လုယွီ အပြင်းအထန်ဒဏ်ရာရရှိနေလေပြီ။

"တကယ်လို့ ဒီတိုင်းဆက်သွားမယ်ဆိုရင်...ငါ သေသွားလိမ့်မယ်"

လုယွီ၏စိတ်အတွင်း၌ ခံစားချက်မကောင်းလှချေ။သူက ကျိုးလင်၏အရှိန်အဝါအောက်မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို စဥ်းစားတွေးတောလိုက်သည်။

ဘုန်း....

ဤှတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် မြို့ပျက်ကြီးအတွင်းရှိ အပျက်အစီးနယ်မြေတစ်ခုလုံး တုန်ခါနေသည်။မြို့ပျက်ကြီး၏မြေပြင်တစ်ခုလုံး ကျွံဝင်စပြုလာလေ၏။

အသံလှိုင်းများ ပဲ့တင်ထပ်ပျံ့နှံ့လာသည်နှင့်အမျှ လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး တုန်ခါလာပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။

ဘုန်း...

ကျယ်လောင်သောဆူညံသံတစ်သံ တဖန်ထပ်၍မြည်ဟီးလာပြီးနောက် လုယွီ၏အရိုးနှင့်အကြောများအားလုံး ထပ်မံ၍ဖိနှိပ်ခံလိုက်ရသည်။ပြင်းထန်သော စူးရှရှနာကျင်မှုက သူ၏စိတ်ဝိညာဥ်ကို ဖြတ်သန်းသွားပေ၏။

"ငါက ဒီလိုနေရာမျိုးမှာ သေဆုံးရတော့မှာလား"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို အဆက်မပြတ်ထိန်းသိမ်းထားသည်။သူ၏နှုတ်မှနေ၍ ရှေးဟောင်းမှော်မန္တန်များ ရွတ်ဆိုနေပြီး သူ၏ဒဏ်ရာရနေသောခန္ဓာကိုယ်ကို အဆက်မပြတ်ကုသနေလေ၏။

ဒေါသတကြီးဟိန်းဟောက်နေသံ၏အောက်တွင် လုယွီသည် မိုးလေသည်းထန်နေသောလှိုင်းလုံးများအကြား ရောက်ရှိနေသော လှေငယ်လေးတစ်စင်းနှင့်တူညီနေပြီး သူ၏အသက်ကို ထိန်းသိမ်းနိုင်ရုံမျှသာရှိသည်။

ဤသို့ထိန်းသိမ်းထားနိုင်ခြင်းမှာလည်း ကျိုးလင်သည် ဤနေရာ၌ နှစ်ရှည်လများ အကျဥ်းကျခံထားရပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မြောက်များစွာသော တားမြစ်ကန့်သတ်မှုများ ရှိနေခြင်းကြောင့်ပင်။သို့မဟုတ်ပါက လုယွီအား သတ်ဖြတ်နိုင်ရန်မှာ သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်နိုင်ချေ။

လုယွီ၏ယခုလက်ရှိတည်နေရာသည် မြို့ပျက်ကြီး၏နယ်မြေမှလွတ်မြောက်ရန် ခြေတစ်လှမ်းအကွာ၌ရှိသည်။

သို့ရာတွင် ယခုချိန်၌ သူ ခြေတစ်လှမ်းလှမ်းရန်မဆိုထားနှင့် ခြေလှမ်းတစ်ဝက်ခန့်လှမ်းနိုင်ရန်ပင် လွန်စွာခက်ခဲနေသည်။

"ငါက ဒီအတိုင်းကြီး သေမှာကိုထိုင်စောင့်နေလို့ မဖြစ်ဘူး...နည်းလမ်းတစ်ခုတော့ရှိရမယ်....နည်းလမ်းတစ်ခု ရှိကိုရှိရမယ်"

လုယွီ၏စ်တ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ကူးခတ်သွားပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။နောက်ဆုံး၌ သူ၏မြောက်မြားစွာသော မှတ်ဥာဏ်များအနက်မှ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေပြီ။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် တစ်ချိန်က နဂါးကိုးကောင် ပင်လယ်ဖိနှိပ်ခြင်းနတ်ဘုရားနည်းစနစ် ကောင်းကင်ဘုံဧကရာဇ်၏နတ်ဘုရားချိပ်စည်းတံဆိပ်နှင့် ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာဟူသော အစွမ်းထက်ချိပ်ပိတ်နည်းစနစ်သုံးမျိုးကို ဖန်တီးခဲ့သည်။

ချိပ်စည်းတံဆိပ်များ၏စွမ်းအားအရ အစွမ်းအထက်ဆုံးတစ်ခုသည် ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာပင်။

အတိတ်ကိုပြန်ပြောင်းတွေးကြည့်ပါက ကျိုးလင်သည် ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်ဖြစ်သည့်အပြင် ထိပ်တန်းအဆင့်တာအိုသခင်တစ်ယောက်လည်းဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်သည် အလွန်အမင်းအစွမ်းထက်သူဖြစ်သည့်တိုင် ကျိုးလင်ကို အလွန်အမင်း သတိထားရပေမည်။

ထို့ပြင် ထိပ်တန်းအဆင့်တာအိုသခင်တစ်ယောက်အား သာမာန်ချိပ်ပိတ်နည်းစနစ်များဖြင့် ဤနေရာ၌ နှစ်ရာပေါင်းများစွာကြာမြင့်အောင် ပိတ်လှောင်ထားနိုင်မည်မဟုတ်ချေ။ထိုချိပ်ပိတ်ထားမှုသည် ကောင်းကင်ဘုံဧကရာဇ် ချိပ်စည်းကျိန်စာပင် ဖြစ်ပေမည်။

"အလောင်းအစား လုပ်ကြည့်တာပေါ့"

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်မှ မှတ်ဥာဏ်အရ သူ၏လက်ချောင်းများကို ကျိုးလင်အကျဥ်းချခံထားရသောဘက်သို့ညွှန်၍ ကောင်းကင်ဘုံဧကရာဇ် ချိပ်စည်းကျိန်စာကို ရွတ်ဆိုလိုက်၏။

လုယွီ၏ပါးစပ်မှနေ၍ မြောက်များစွာသော မန္တန်သင်္ကေတများ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်သန်းသွားသည်။

ရုတ်ချည်းဆိုသလိုပင် ချောက်နက်ကြီးအတွင်းရှိ ကျိုးလင်ကိုတုပ်နှောင်ထားသော သံကြိုးများမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ကျိုးလင်အား တင်းတင်းကျပ်ကျပ်တုပ်နှောင်ထားသော သံကြိုးများ၏အထက်ရှိ ကျောက်ရုပ်ထုကြီး၏အပေါ်ယံမြေသားများ ကွာကျသွားပြီး ရုပ်ထုကြီး၏အစစ်အမှန်မျက်နှာပြင် ထွက်ပေါ်လာပေ၏။

ရုပ်ထုတစ်ခုလုံးကို အမှန်အားဖြင့် ကြေးနီဖြင့်သွန်းလောင်းထားခြင်းဖြစ်သည်။ရုပ်ထု၏မျက်နှာသည် တည်ကြည်လေးနက်သောအသွင်ရှိပြီး ရင်ဘတ်ပေါ်၌ ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်အက္ခရာနှစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"နတ်ဘုရား ရုပ်ထုလား....ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာကို တကယ့်ကို အသုံးပြုထားတာပဲ"

လုယွီသည် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သော်လည်း ထိုမြင်ကွင်းကိုမြင်သည်နှင့် သူက စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရ၏။

Chapter 1753

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ နတ်ဘုရားချိပ်တံဆိပ်သုံးမျိုးအား ထုတ်ဖော်နိုင်ရန် မှော်စွမ်းအားအ​မြောက်အများကို အသုံးပြုရသည်။

လုယွီ၏မှော်စွမ်းအားများသည် သူနှင့်နယ်ပယ်တူ ကျင့်ကြံသူတစ်ဦးထက် ဆယ်ဆမကပို၍များပြားသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ခွန်အားများအားလုံးကို စုပ်ယူသွားသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး အင်အားချိနဲ့သွားပေ၏။

ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာအား ရွတ်ဆိုပြီးနောက် တုန်လှုပ်ချောက်ချားဖွယ်ညည်းတွားသံများအားလုံး ပျောက်ကွယ်သွားပြီး ကျိုးလင်း၏ဒေါသတကြီးဟိန်းဟောက်သံသာ ကျန်ရှိတော့သည်။

"ကောင်းကင်ဘုံဧကရာဇ် ချိပ်စည်းကျိန်စာ...ကျိုးထျန်းယင်က ဒီမှော်မန္တန်ကို တခြားဘယ်သူ့ကိုမှ လက်ဆင့်ကမ်းမှာမဟုတ်ဘူး...မင်းက ဘယ်သူလဲ"

ကျိုးလင်သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သော်လည်း ချိပ်စည်းကျိန်စာ၏အစွမ်းက စတင်၍သက်ရောက်နေလေပြီ။သူသည် အစွမ်းထက်သော တာအိုသခင်တစ်ယောက်ဖြစ်သည့်တိုင် ချိပ်စည်းကျိန်စာ၏အကန့်အသတ်မဲ့သောစွမ်းအားများအောက်တွင် ဖိနှိပ်ခံလိုက်ရ၏။

"ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်...ကျုပ်တို့ ပြန်တွေ့ကြသေးတာပေါ့"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

သူ ကြီးစွာသောအခက်အခဲများကိုရင်ဆိုင်၍ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခဲ့ရသော ဒဏ်ရာများအားလုံး ဤနေရာအရောက်တွင် ပို၍ပင်ဆိုးရွားသွားလေပြီ။ထို့ပြင် လုယွီသည် ဤနေရာရှိ အတားအဆီးဟောင်းနွမ်းနေပြီဖြစ်ကြောင်းကို သတိပြုမိလေ၏။ဤချိပ်စည်းတံဆိပ်သည် ကျိုးလင်ကို အချိန်တော်တော်ကြာ ပိတ်လှောင်ထားနိုင်မည်မဟုတ်တော့ချေ။

အကယ်၍ လုယွီသည် ကျိုးလင်ကို ပြဿနာထပ်မံ၍ မရှာလျှင်ပင် ကျိုးလင် ချိပ်စည်းတံဆိပ်မှ လွတ်မြောက်လာသည်နှင့် အရင်ဆုံးရှာဖွေမည့်သူမှာ လုယွီသာလျှင် ဖြစ်ပေမည်။

"ငါ့ရဲ့ခွန်အားကို တက်နိုင်သမျှမြန်မြန်တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်"

လုယွီက သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်၏။

အကယ်၍ ကျိုးလင်ကို ချိပ်ပိတ်နိုင်ခဲ့ခြင်းသာမရှိပါက ဤတစ်ကြိမ်တွင် သူ သေဆုံးသွားနိုင်ချေရှိသည်။

"ငါက အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတာ...နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့...ငါ မင်းကိုသတ်ပြီး ဆုလာဘ်ကိုထုတ်ယူရမယ်"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ အချက်ပေးသံများ ပြင်းထန်စွာမြည်ဟီးသွားပေ၏။သူက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ ရုတ်ချည်းဆိုသလိုပင် လေဟာနယ်အတွင်း၌လှုပ်ခတ်မှုလှိုင်းများရှိနေခြင်းကို သတိပြုမိသွားသည်။

"လုပ်ကြံသတ်ဖြတ်သူလား"

လုယွီက တစ်စုံတစ်ခုကိုတွေးတောမိသွားပြီး ချက်ချင်းပင် ထွက်ပြေးလိုက်တော့သည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်တ၀်ခုလုံးကို ထူထပ်သိပ်သည်းသော သံမဏိကြိုးမျှင်များ ဖုံးလွှမ်းသွားသည်။

"ကျူးရုံရဲ့အစစ်အမှန်ခန္ဓာကိုယ်"

လုယွီက ရှေ့သို့ခုန်ထွက်လိုက်ရာ ရုတ်တရက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ မီးတောက်များဖြာထွက်လာပြီး သူ့ကိုကြည့်ရသည်မှာ မီးလူသားတစ်ယောက်နှင့်တူညီနေသည်။

မီးတောက်များအကြားမှနေ၍ သံမဏိကြိုးမျှင်များသည် လုယွီ၏နံဘေးသို့ ရောက်ရှိလာပေ၏။

ရှဲ...ရှဲ...

ထိုသံမဏိကြိုးမျှင်များသည် မီးတောက်များနှင့်နီးကပ်လာသည့်တိုင် နားအူလုမတက်အသံများသာထွက်ပေါ်လာပြီး ပျက်စီးသွားခြင်းမရှိချေ။

"ဒီသံမဏိကြိုးမျှင်ကို လုပ်ထားတဲ့ သတ္တုကနည်းနည်းတော့ ထူးဆန်းတယ်..ဒါက လောင်ကျွမ်းမှုဒဏ်ကို ခံနိုင်ရည်ရှိတာပဲ"

လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။

ထိုအချိန်မှာပင် သံမဏိကြိုးမျှင်များက လုယွီ၏ရှေ့သို့ရောက်ရှိလာပေ၏။ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းသောသွေးစီးကြောင်းရာများ ထွက်ပေါ်လာတော့သည်။

သို့ရာတွင် လုယွီသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့် သံမဏိကြိုးမျှင်များ၏လားရာကို တွက်ချက်ပြီးဖြစ်၍ ရှောင်ရှားနိုင်ခဲ့သည်။

အမ်...

လေဟာနယ်အတွင်းမှနေ၍ ပင်းစန်းက ထွက်လာလေ၏။သူသည် လုယွီ၏ခန္ဓာကိုယ်ပေါ်မှ လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်၏အငွေ့အသက်ကို အာရုံခံမိသည်နှင့် ဤနေရာသို့ချက်ချင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မူလက သူသည် လုယွီကို ချောင်းမြောင်းလုပ်ကြံရန် ကြံရွယ်ထားသော်လည်း မမျှော်လင့်ဘဲ သူ၏လုပ်ကြံမှုကျရှုံးသွားခဲ့ရသည်။

"သေစမ်း"

လုယွီ သေဆုံးခြင်းမရှိသည်ကိုမြင်သော ပင်းစန်းက ထပ်မံ၍တိုက်ခိုက်လိုက်၏။

မြောက်မြားစွာသောသံမဏိကြိုးမျှင်များသည် လေထုအတွင်း၌စုဝေးသွားပြီး သံမဏိဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။ပင်းစန်းသည် ထိုဓားရှည်ဖြင့် လုယွီကိုချိန်ရွယ်၍ ထိုးစိုက်လိုက်သည်။

ထိုဓားရှည်ကိုမြင်သည်နှင့် လုယွီသည် သူ၏စိတ်နှလုံးသားမှနေ၍ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။

"မကောင်းတော့ဘူး"

လုယွီက အလျှင်အမြန်တွေးတောလိုက်သည်။တစ်စုံတစ်ခု မှားယွင်းနေလေပြီ။

အကယ်၍ သာမာန်အချိန်မျိုးဆိုပါက လုယွီသည် ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် နည်းလမ်းများစွာကို အသုံးပြုနိုင်သည်။

သို့ရာတွင် လုယွီသည် ယခုလက်ရှိချိန်၌ ကျိုးလင်၏အသံလှိုင်းများကြောင့် အပြင်းအထန်ဒဏ်ရာရရှိထားသည်။ထို့ပြင် ကောင်းကင်ဘုံဧကရာဇ် ချိပ်စည်းကျိန်စာကို အသုံးပြုထားမှုကြောင့် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများအားလုံး ကုန်ခမ်းနေလေပြီ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သံမဏိဓားရှည်ကြီးသည် လုယွီ၏ရှေ့သို့ရောက်ရှိလာပြီး သူ၏နှလုံးနေရာကို ပစ်မှတ်ထားနေလေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီက သူ၏ခန္ဓာကိုယ်ပေါ်တွင် လေးလံသောသံချပ်ကာဝတ်စုံကြီး ထွက်ပေါ်လာခြင်းကို သတိပြုမိသွားသည်။

သံမဏိဓားရှည်ကြီးသည် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံကို ရိုက်ခတ်မိသည်နှင့် ချက်ချင်းပင် လွင့်ထွက်သွားပြီး မူလက မာကြောခိုင်ခံမှုများအားလုံး ဆုံးရှုံးသွားတော့သည်။

"ကောင်းကင်ဘုံဧကရာဇ်ရဲ့သံချပ်ကာဝတ်စုံက တကယ်ကိုပဲ ပိုင်ရှင်ဖြစ်သူရဲ့အသက်အန္တရာယ်ကို အလိုအလျောက် ကာကွယ်ပေးတာပါလား"

လုယွီက အံ့အားသင့်သွားသော်လည်း ဤအချိန်၌ သူ စဥ်းစားတွေးတောနေရန် အချိန်မရချေ။သူက နောက်သို့ပြန်လှည့်ကာ ဤနေရာမှ ထွက်ခွာခဲ့တော့သည်။

Chapter 1754

လုယွီက နဂါးပျံခြေလှမ်းကိုအသုံးပြု၍ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်၏။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီသည် ပင်းစန်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ပင်းစန်းက အနည်းငယ် ကြက်သေသေသွားသည်။သူ၏သံမဏိကြိုးမျှင်များသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိချေ။

"ငါ့ရဲ့တိုက်ခိုက်မှုက အနည်းဆုံးတော့ အထွတ်အထိပ်မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့ခွန်အားရှိတယ်...ဘယ်လိုလုပ်ပြီး အဲ့ဒီကောင်လေးက အသက်ရှင်ရက်ထွက်ပြေးသွားနိုင်တာလဲ"

ပင်းစန်းက တီးတိုးရေရွတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ သူ၏ခေါင်းကိုအဆက်မပြတ် ခါယမ်းလိုက်၏။

သို့ရာတွင် ရုတ်တရက် ပင်းစန်း၏မျက်လုံးများ တောက်ပသွားသည်။

"ဒီကောင်လေးနဲ့သွေးနဲ့ချီကိုကြည့်ရတာ လေလွင့်အင်မော်တယ်နယ်ပယ်တောင် မရှိသေးဘူး...ဒါတောင်မှ ငါ့ရဲ့ရိုက်ချက်ကိုခံနိုင်မှတော့ သူ့ဆီမှာ ပြိုင်ဘက်ကင်းမှော်ရတနာတစ်ခုရှိနေနိုင်တယ်...ငါက ဒီလိုရတနာမျိုးကို တွေ့ပြီးမှတော့ လက်လွတ်ခံလို့မဖြစ်ဘူး"

ပင်စန်းသည် အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် လုယွီ၏​သဲလွန်စများကို စတင်၍ရှာဖွေလိုက်တော့သည်။

ထိုအချိန်တွင် သေမျိုးမြို့တစ်မြို့၏ဆင်ခြေဖုံးနေရာ၌....

လုယွီသည် လူစည်ကားသော တည်းခိုခန်းတစ်ခုကိုရှာဖွေ၍ သီးသန့်ခန်းတစ်ခုယူကာ အိပ်ယာထက်၌ ပလ္လင်ခွေထိုင်ချလိုက်၏။

သူ ဤနေရာသို့လာခဲ့ရသည့် အကြောင်းအရင်းမှာ ဤနေရာတွင် လူအမြောက်အများရှိနေသဖြင့် အော်ရာများဖရိုဖရဲဖြစ်နေသည်။ထို့ပြင် သူသည် ဖုံးကွယ်နည်းစနစ်ကိုပါ အသုံးပြုထားသဖြင့် သူ့အား ဤနေရာ၌ ပင်းစန်းရှာဖွေတွေ့နိုင်ရန် လွန်စွာခက်ခဲပေမည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်နေသဖြင့် သာမာန်ကျင့်ကြံသူများ မသိရှိနိုင်သော ခြေရာခံနည်းစနစ်များရှိနေနိုင်သည်။ထို့ကြောင့် သူ သတိကြီးစွာထားရန် လိုအပ်ပေ၏။

"ဒီတစ်ကြိမ် ငါရခဲ့တဲ့ဒဏ်ရာတွေက တကယ့်ကိုပြင်းထန်တာပဲ"

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုစစ်ဆေးလိုက်ရာ ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် တာအိုသခင်တစ်ယောက်၏တိုက်ခိုက်မှုအောက်၌ အချိန်အတော်ကြာတောင့်ခံနိုင်ခဲ့ပြီး အသက်ရှင်ရက်လွတ်မြောက်လာခဲ့သည်။ထိုအကြောင်းကို သူ လူသူအများကို ထုတ်ဖော်ပြောဆိုလိုက်ပါက လူနည်းစုကသာ ယုံကြည်ကြပေမည်။

"ငါ ကောင်းချီးထောင်ချီ ဗုဒ္ဓနှလုံးသားကိုသန့်စင်တာ ပိုကောင်းလိမ့်မယ်"

လုယွီသည် လေလံပွဲမှရရှိထားသော ကောင်းချီထောင်ချီ ဗုဒ္ဓနှလုံးသားကို ထုတ်ယူလိုက်၏။

ကောင်းချီးထောင်ချီဗုဒ္ဓနှလုံးသား ထွက်ပေါ်လာသည်နှင့် ထိုအရာသည် ရတနာတစ်ပါးနှင့်တူညီနေပြီး တောက်ပသောအစိမ်းရောင်အလင်းတန်းများကို ထုတ်လွှက်နေသည်။

ထိုအရာမှနေ၍ သိပ်သည်းထူထပ်သော သစ်သားဒြပ်စင်ချီများ ထွက်ပေါ်နေပြီး လေထုအတွင်း၌ မျောလွင့်နေပေ၏။

လုယွီသည် ဆေးလုံးအမြောက်အများကိုထုတ်ယူ၍ ဝါးမျိုကာ သူ၏ပြင်ပဒဏ်ရာများကို ကုသလိုက်သည်။ထို့နောက် သူက ကောင်းချီးထောင်ချီဗုဒ္ဓနှလုံးသားကို ဝါးမျိုလိုက်၏။

ကောင်းချီးထောင်ချီဗုဒ္ဓနှလုံးသား သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာရာ ထိုအရာသည် သတ္တုဒြပ်စင်ကဲ့သို့ ပြင်းထန်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာသည် ကာလရှည်ကြာစွာမိုးခေါင်နေသောဒေသတွင် မိုးရွာသွန်းလိုက်သကဲ့သို့ အားဖြည့်ပေးခြင်းမျိုးနှင့်တူညီသည်။သူ၏ခန္ဓာကိုယ်အနှံ့ သက်တောင့်သက်သာဖြစ်လာမှုကို ခံစားလိုက်ရ၏။

ဤသည်က သစ်သားဒြပ်စင်ဖြစ်ပြီး ပြန်လည်ကုသပေးရာ၌ ရေဒြပ်စင်နှင့်တူညီသောဂုဏ်သတ္တိရှိသည်။

"ဥုံ မ ဏိ ပဒ် မေ ဟုမ်"

ရုတ်တရက် လုယွီ၏နားအတွင်း၌ တည်ငြိမ်ပြီး အစွမ်းထက်သော ဗုဒ္ဓမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်လာသည်။

ဗုဒ္ဓမန္တန်ရွတ်ဆိုသံများသည် အဆက်မပြတ် ထွက်ပေါ်နေပြီး မန္တန်တစ်ပုဒ်စီတိုင်းတွင် ထူးခြားသောစည်းချက်တစ်မျိုးပါဝင်ပြီး နားထောင်ရသူ၏စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်အတွင်း၌ ရှုပ်ထွေးနေသောအတွေးများအားလုံး ပျောက်ကွယ်သွားပေ၏။

"ကောင်းချီးထောင်ချီဗုဒ္ဓနှလုံးသားက နှစ်ကာလရှည်ကြာ ဗုဒ္ဓမန္တန်တွေရွတ်ဆိုခဲ့တဲ့ ဗောဓိသစ်ပင်ရဲ့အောက်မှာ ပေါက်ဖွားလာတာ...ဒါကြောင့် ဒီအရာမှာ ဗုဒ္ဓရဲ့အငွေ့အသက်တွေ စွဲထင်ကျန်ရစ်နေတယ်...အတိတ်တုန်းက ဒီဗောဓိသစ်ပင်ရဲ့နံဘေးမှာကျင့်ကြံတဲ့ အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ရှိခဲ့လိမ့်မယ်...နှစ်တွေဘယ်လောက်ကြာညောင်းခဲ့ပြီမှန်းမသိနိုင်ပေမယ့် ဒီကောင်းချီထောင်ချီနှလုံးသားထဲက ဗုဒ္ဓအငွေ့အသက်တွေက နည်းနည်းလေးတောင်မှ အားနည်းမသွားဘူး"

လုယွီက ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ၏စိတ်ဝိညာဥ်ဖြင့် ဤအရာအတွင်း၌ပါဝင်နေသော ဗုဒ္ဓ၏အငွေ့အသက်ကို နားလည်ဆင်ခြင်နိုင်ခဲ့သည်။

လုယွီသည် ကျင့်ကြံရာ၌ အစွဲအလမ်းများစွာ ဆုပ်ကိုင်ထားခြင်းမရှိချေ။သူသည် မှော်နည်းစနစ်ပေါင်းများစွာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီးမှသာ သူ၏ကိုယ်ပိုင်အမြင်ဖြင့် အသုံးပြုလေ့ရှိသည်။

သူ၏အဆက်မပြတ်လေ့လာဆင်ခြင်မှုအောက်တွင် သစ်သားဒြပ်စင်ချီများသည် မိုးရွာပြီးနောက်ထွက်ပေါ်လာသော ဝါးညွန့်များကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်း၌ မြင့်တက်နေလေ၏။

လုယွီ၏အတွင်းဒဏ်ရာတချို့ပင်လျှင် သစ်သားဒြပ်စင်ချီများ၏ အဆက်မပြတ် ဆေးကြောသန့်စင်နေမှုအောက်တွင် ပျောက်ကင်းသွားတော့သည်။

နှစ်နာရီ...

လေးနာရီ...

ဆယ်ရက်မြောက်ထိတိုင် လုယွီသည် ကျင့်ကြံရာ၌ နစ်မြောနေသည်။

အမှန်အားဖြင့် သူသည် သစ်သားဒြပ်စင်ကိုသန့်စင်ရန် ဤမျှအချိန်ကြာကြာ လိုအပ်ခြင်းမရှိချေ။သို့ရာတွင် လုယွီသည် သူ၏အတွင်းဒဏ်ရာများကိုကုသရန် လိုအပ်သဖြင့် သစ်သားဒြပ်စင်ချီများကို သူ၏ခန္ဓာကိုယ်အနှံ့သို့ အဆက်မပြတ် ဖြန့်ချီနေရ၏။

ယလုလက်ရှိချိန်၌ လုယွီသည် ဘုန်းကြီးအိုတစ်ပါးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်။သူကိုကြည့်လိုက်ပါက မည်သည့်စွမ်းအင်လှုပ်ခတ်နေမှုမျှမရှိသော်လည်း သူ၏ခန္ဓာကိုယ်တွင်း၌ မှော်စွမ်းအားများ တလိမ့်လိမ့်လှိုင်းထန်နေပေ၏။

Chapter 1755

ရှဲ...ရှဲ...

လုယွီ၏နံဘေးပတ်ဝန်းကျင်မှနေ၍ သစ်ရွက်အချင်းချင်းပွတ်တိုက်မိသံများ ထွက်ပေါ်နေသည်။

မူလက အခန်းအတွင်း၌ရှိနေသော သစ်ပင်များသည် ယခုလက်ရှိအချိန်၌ စတင်၍အရူးအမူးကြီးထွားနေကြ၏။အချိန်တခဏအတွင်းမှာပင် သစ်ပင်များမှနေ၍ ပန်းမန်များဖူးပွင့်လာပြီး သစ်ရွက်စိမ်းများ ထူထပ်လာသည်။

ကောင်းချီးထောင်ချီဗုဒ္ဓနှလုံးသားသည် လုယွီ၏ခန္ဓာကိုယ်ကို အဆက်မပြတ်သန့်စင်နေသည်။သန့်စင်သောသစ်သားဒြပ်စင်ချီများက လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်နေပေ၏။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထုံကျင်မှုများနှင့် ပုန်းကွယ်နေသောအတွင်းဒဏ်ရာများအားလုံး အလျှင်အမြန်ပြန်လည်ကောင်းမွန်လာခြင်းကို ခံစားမိသည်။

သို့ရာတွင် တာအိုသခင်၏တိုက်ခိုက်မှုသည် အလွန်အစွမ်းထက်ပေ၏။လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးတစ်ချောင်းမျှ အကောင်းပကတိမကျန်ရှိခဲ့ချေ။ဤကဲ့သို့ အတွင်းဒဏ်ရာမျိုးအား ပြန်လည်ကုသနိုင်ရန် သူ အချိန်အတော်ကြာကြာယူရပေမည်။

"ငါရဲ့ဒဏ်ရာတွေက ငါးဆယ်ရာခိုင်နှုန်းလောက်တော့ ပြန်ကောင်းလာပြီ...ဒါပေမယ့် ဒါက ဘေးဒုက္ခကြားကနေ ကောင်းချီးပေးခံရတယ်လို့လည်း ပြောနိုင်တယ်...ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တော့မယ်'

လုယွီသည် သူ၏ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာပါက ယခင်ထက်ပို၍ အားကောင်းသန်မာလာမည်ကို ခံစားမိပေ၏။

ရှေးဟောင်းရုပ်ခန္ဓာကိုယ်ကျင့်ကြံသူအများစုသည် သူတို့၏ခန္ဓာကိုယ်များကို ထိန်းညှိနိုင်ရန်အတွက် တခြားအစွမ်းထက်ကျင့်ကြံသူများကို စိန်ခေါ်လေ့ရှိသည်။သူတို့သည် အဆက်မပြတ်တိုက်ခိုက်ခြင်းများမှတဆင့် ရုပ်ခန္ဓာကိုယ်၏ခုခံနိုင်စွမ်းကို မြှင့်တင်ကြသည်။

ကျိုးလင်၏အသံလှိုင်းများသည် လုယွီအား တိုက်ရိုက်သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျက်စီးသွားစေခဲ့သည်။လုယွီ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ရုပ်ခန္ဓာကိုယ်သည် ယခင်နှင့်များစွာကွဲပြားခြားနားနေမည်မှာ တိကျသေချာလှ၏။

အမ်...

လုယွီက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။မြို့၏အထက်ကောင်းကင်ယံ၌ အစွမ်းထက်သောနတ်ဘုရားစိတ်အာရုံတစ်ခု ဖြတ်သန်းသွားခြင်းကို သူ အာရုံခံမိသည်။

"ဒါက အရမ်းမြန်လွန်းတယ်"

လုယွီက ညည်းတွားလိုက်၏။

ထိုအချိန်မှာပင် လုယွီ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်မှနေ၍ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။သူက ချက်ချင်းဆိုသလိုပင် အိပ်ယာထက်မှ ရှောင်တိမ်းလိုက်သည်။

လုယွီ ရှောင်တိမ်းလိုက်သည့် အချိန်တခဏမှာပင် မြောက်မြားစွာသော သံမဏိကြိုးမျှင်များက အိပ်ယာထက်သို့ကျရောက်လာပြီး အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားစေသည်။

"မင်း ဘယ်နေရာမှာ ပုန်းအောင်ချင်သေးတာလဲ"

ပင်းစန်း၏အေးစက်စက် လှောင်ပြောင်သရော်သံက ချက်ချင်းပင် လုယွီ၏နားအတွင်း၌ ပဲ့တင်ထပ်လာသည်။

စကားဆုံးသည်နှင့် သံမဏိကြိုးမျှင်များသည် ရေတံခွန်ကဲ့သို့ဖြာကျလာပြီး လုယွီ၏မြင်ကွင်းကို ကာဆီးလိုက်၏။

"ကျိုးပျက်စမ်း"

လုယွီက ရုတ်တရက် ပင်းစန်းထံသို့ လက်ညှိုးညွှန်လိုက်သည်။ထို့နောက် အင်မော်တယ်သုတ်သင်ဓားချီ ပျံဝဲထွက်လာပြီး သူ့ရှေ့၌ကာဆီးထားသော သံမဏိကြိုးမျှင်များအားလုံးကို ချိုးဖျက်လိုက်တော့သည်။

ပြင်းထန်သောဓားချီလှိုင်းသည် သံမဏိကြိုးမျှင်များကို ဖျက်ဆီးပြီးနောက် ပင်းစန်းထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။

မူလက ပင်းစန်း၏မျက်နှာသည် အလွန်တည်ငြိမ်နေသော်လည်း ဓားချီလှိုင်းက သူနှင့်နီးကပ်လာချိန်တွင် သူ၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပေ၏။

"ထောင်ချီ ပိုးမျှင်"

ပင်းစန်းသည် သူ၏လက်ကို ရှေ့နောက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ထူထပ်သိပ်သည်းသည့်ပိုးချည်မျှင်များ သူ့ရှေ့၌ ထွက်ပေါ်လာသည်။

ဝှစ်...ဝှစ်...ဝှစ်...

အင်မော်တယ်သုတ်သင်ဓားချီသည် ဓားထက်ထက်တစ်ချောင်းမှ ထောပတ်တုံးကို ဖြတ်ပိုင်းသွားသကဲ့သို့ သံမဏိကြိုးမျှင်များအားလုံးကို ဖောက်ထွင်းသွားသည်။နောက်ဆုံး၌ ပင်းစန်း၏ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာဟုသတ်မှတ်နိုင်သော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။

"ဒါဆို မင်းက လောကီအင်မော်တယ်တစ်ယောက်ပေါ့...ငါ မင်းကို လျှော့တွက်မိသွားတယ်"

လုယွီသည် ယခုလက်ရှိချိန်၌ သေမျိုးမြို့လေး၏နယ်နမိတ်မှ လွတ်မြောက်သွားလေပြီ။သို့ရာတွင် ပင်းစန်းက ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ပြုံးနေလေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ ပွင့်အံထွက်လာပြီးနောက် မြောက်များစွာသော သံမဏိကြိုးမျှင်များသည် လုယွီရှိနေရာသို့ ဘက်ပေါင်းစုံမှနေ၍ တိုးဝင်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို အလျှင်အမြန်ဝှေ့ယမ်းကာ သူ၏အနီးသို့ ချဥ်းကပ်လာသော သံမဏိကြိုးမျှင်များကို ခုတ်ပိုင်းလိုက်၏။သူ၏စိတ်နှလုံးသား ခဲဆွဲထားသကဲ့သို့ လေးလံနေသည်။

ဤလုပ်ကြံသတ်ဖြတ်သူသည် အမှန်အားဖြင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။

​လောကီအင်မော်တယ်နယ်ပယ်နှင့် မြေကမ္ဘာအင်မော်တယ်ကြားတွင် နယ်ပယ်တစ်ခုသာကွာခြားသော်လည်း ကွာဟချက်မှာ မိုးနှင့်မြေတမျှ ကြီးမားသည်။

လုယွီ၏ခွန်အားသည် အစောပိုင်းမြေကမ္ဘာအင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သော်လည်း ယခုလက်ရှိချိန်တွင် သူ ဒဏ်ရာရရှိထားသဖြင့် သူ၏ခွန်အားအကုန်အစင်ကို အသုံးမပြုနိုင်ချေ။

အချိန်တိုအတွင်းမှာပင် လုယွီက သူ၏စိတ်ကိုပြင်ဆင်၍ ဆုံးဖြတ်ချက်ချလိုက်၏။

"ငါက သူ့ကိုသတ်ဖို့ တခြားသူရဲ့ဓားကို အသုံးပြုရလိမ့်မယ်"

လုယွီသည် အပျက်အစီးနယ်မြေရှိရာ မြို့ပျက်ကြီးထံသို့ ဦးတည်၍ပျံသန်းလိုက်သည်။

လုယွီ ထွက်ပြေးသွားသည်ကိုကြည့်ပြီး ပင်းစန်း၏စိတ်နှလုံးသားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။

"အဲ့ဒီကောင်လေးအသုံးပြုတဲ့ နည်းစနစ်က နည်းနည်းတော့ ထူးဆန်းနေတယ်...သူ့ရဲ့ဓားချီက ငါ့ရဲ့သံမဏိကြိုးမျှင်တွေကိုတောင် ဖြတ်တောက်နိုင်တယ်...ငါ သူ့ကိုဖမ်းဆီးမိတာနဲ့ ပြင်းပြင်းထန်ထန်နှိပ်စက်ပြီး စစ်မေးရမယ်"

ပင်းစန်း၏စိတ်နှလုံးသားအတွင်း၌ လောဘများဖုံးလွှမ်းနေပြီး သူက လုယွီ၏နောက်သို့ လိုက်လံ၍ဖမ်းဆီးလေ၏။

သူတို့နှစ်ယောက်လုံး၏အရှိန်သည် အလွန်မြန်ဆန်သဖြင့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည် မြို့ပျက်ကြီး၏ပရဝုဏ်အတွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။

All Chapters