အခန်း (၁၇၅၆-၁၇၆၀)
Vol. 91 Ch. 1756-1760
Chapter 1756
လုယွီသည် မြို့ပျက်ကြီးအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ကျိုးလင်ရှိနေသောနေရာထံသို့ ဦးတည်၍ပျံသန်းသွားလိုက်သည်။သူ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်သဖြင့် ပုံရိပ်ယောင်တစ်ခု ဖျတ်ခနဲဖြတ်သန်းသွားသည်ကိုသာ မြင်ရပြီး လုယွီ၏ပုံရိပ်သည် လှိုဏ်ဂူဝင်ပေါက်၏နံဘေးမှနေ၍ ပျောက်ကွယ်သွားတော့သည်။
ပင်းစန်း၏လှုပ်ရှားမှုနည်းစနစ်သည် အလွန်လျှင်မြန်သော်လည်း လုယွီထက် ခြေတစ်လှမ်းခန့် နောက်ကျနေသည်။သူ ရောက်ရှိလာချိန်တွင် လှိုဏ်ဂူဝင်ပေါက်၏အနီး၌ လုယွီ၏ပုံရိပ် ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရပေ၏။
"စိတ်ဝင်စားစရာပဲ...မင်း ဒီနေရာမှာပုန်းအောင်းနေတာနဲ့...မင်းကို ငါ ရှာမတွေ့နိုင်တော့ဘူးလို့ မင်း ထင်နေတာလား"
ပင်းစန်းက ရုတ်တရက် ထူးဆန်းသောရယ်မောသံကြီးဖြင့် ရယ်မောလေသည်။ထို့နောက် သူက ခြေထောက်ကိုမြှောက်၍ လှိုဏ်ဂူ၏အတွင်းသို့ ဝင်ရောက်လိုက်သည်။
လှိုဏ်ဂူတစ်ဂူလုံး ပိန်းပိတ်အောင် မှောင်မည်းနေသည်။ပင်းစန်းသည် အတွင်းသို့ ဝင်လိုက်သည်နှင့် ကျယ်ပြန့်သောနေရာတစ်ခုသို့ရောက်ရှိသွားပြီး ကမ္ဘာငယ်လေးတစ်ခုဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
"မဟုတ်သေးဘူး...ဒီကောင်စုတ်လေးက ဘာမှပြင်ဆင်မထားဘဲနဲ့ ဒီနေရာကိုလာမှာမဟုတ်ဘူး...ငါ့ကို ချုံခိုတိုက်ခိုက်နိုင်တယ်"
ပင်းစန်းသည် အလွန်သတိထား၍ လျှောက်လှမ်းနေပြီး သံမဏိကြိုးမျှင်များကိုထိန်းချုပ်ကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မျောလွင့်နေစေသည်။
ထိုသံမဏိကြိုးမျှင်များကိုကြည့်ရသည်မှာ ပျော့ပြောင်းပြီးပြတ်တောက်လွယ်ပုံရသော်လည်း အမှန်အားဖြင့် ထိပ်တန်းသတ္တုတချို့ထက်ပင် ပို၍မာကြောခိုင်ခံသည်။ထိုအရာများကိုအသုံးပြု၍ သူ၏ခန္ဓာကိုယ်အား ကာကွယ်ထားသဖြင့် အကယ်၍ လုယွီမှ ချုံခိုတိုက်ခိုက်လာလျှင်ပင် သူ့အား ထိခိုက်စေမည်မဟုတ်ချေ။
ပင်းစန်းသည် အမှောင်ထုအတွင်း၌ ခြေလှမ်းတစ်လှမ်းချင်း နင်းလျှောက်နေသည်။ရုတ်တရက် သူသည် အမှောင်ထုအတွင်း၌ လူရိပ်တစ်ရိပ်ကို ရှာဖွေတွေ့ရှိလိုက်သည်။
"ကောင်စုတ်လေး...သေစမ်း"
ပင်းစန်းသည် သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ သံမဏိကြိုးမျှင်များကို ရွေ့လျားစေကာ လူရိပ်ထံသို့ဦးတည်၍ ပျံဝဲသွားလိုက်၏။
အသံကိုအာရုံခံမိသဖြင့် လူရိပ်သည် ခေါင်းမော့လာပြီး သူ၏ ဖားလျားကျနေသောဆံပင်ရှည်များ အနည်းငယ်လှုပ်ရမ်းသွားသည်။
"ငါက ဖိနှိပ်ခံထားရပေမယ့်...မင်းလို ကလေးတစ်ယောက်က ထပ်ခါတလဲလဲ လာပြီးရန်စစော်ကားလို့ရတဲ့ ကောင်မျိုးမဟုတ်ဘူး"
ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောအသံတစ်သံက ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ ပဲ့တင်ထပ်သွားသည်။
ဘုန်း...
ပြင်းထန်သောအသံလှိုင်းများသည် ချက်ချင်းဆိုသလိုပင် ပင်းစန်းထံသို့ တိုးဝင်သွားပေ၏။
အမှောင်ထုအတွင်းမှလူသည် လုယွီ၏ ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာဖြင့် ဖိနှိပ်ခံထားရသော ပင်းစန်းဖြစ်သည်။
ပင်းစန်းသည် ချိပ်စည်းကျိန်စာဖြင့် ဖိနှိပ်ခံထားရသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ထိပ်တန်းအဆင့် တာအိုသခင်တစ်ယောက်ဖြစ်သည်။သူ့ထံ၌ တိုက်ခိုက်နိုင်သောခွန်အားများ ကျန်ရှိနေဆဲပင်။
ပင်းစန်းသည် ကျိုးလင်ကို လုယွီဟု တွေးတောနေသည်။ထို့ပြင် ကျိုးလင်သည်လည်း ပင်းစန်းကို လုယွီဟု ယူဆလိုက်သဖြင့် သူသည် ဒေါသတကြီးဖြင့် သတ်ဖြတ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
ဘုန်း...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အစွမ်းထက်သောအသံလှိုင်းများက ပင်းစန်းကို အပြည့်အဝ လွှမ်းခြုံသွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ပင်းစန်း၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ သံမဏိကြိုးမျှင်များ ချက်ချင်းပင် ပြတ်တောက်သွားလေ၏။ဤတုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းအရှိန်၏အောက်တွင် ပင်းစန်း၏ခန္ဓာကိုယ်မှ ကြွက်သားနှင့်အရိုးများအားလုံး ကြေမွပျက်စီးသွားပြီး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားလုနီးပါးပင်။
ပင်းစန်း၏စိတ်ဝိညာဥ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးလိုခဲ့သည်။သို့ရာတွင် တာအိုသခင်၏အော်ငေါက်သံသည် ရေခဲပြင်ပေါ်တွင် ထွန်းလင်းလာသော နေမင်းကြီးနှင့်တူညီသည်။ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီး၏အောက်တွင် အရာအားလုံး အရည်ပျော်ကျသွားပေမည်။
ပင်းစန်း၏စိတ်ဝိညာဥ်ပေါ်တွင် မီးတောက်များလောင်ကျွမ်းနေသည်။
"ငါ မသေချင်သေးဘူး...ငါ့ရဲ့စိတ်ဝိညာဥ်ကို အပျက်စီးမခံနိုင်ဘူး"
ပင်းစန်းသည် စူးရှနာကျင်စွာ အော်ဟစ်နေသော်လည်း အချိန်တိုအတွင်းမှာပင် သူ၏စိတ်ဝိညာဥ် အပြည့်အဝလောင်ကျွမ်းသွားတော့သည်။
ဤသည်က တာအိုသခင်၏ဒေါသတကြီး အော်ငေါက်သံပင်။အသံလှိုင်းများကြောင့် လေဟာနယ်တုန်ခါသွားခြင်းမှ ထွက်ပေါ်လာသော မီးတောက်များသည် ပင်းစန်း၏စိတ်ဝိညာဥ်ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။
မြေကမ္ဘာအင်မော်တယ်အစွမ်းထက်ကျင့်ကြံသူဖြစ်သော ပင်းစန်းသည် သန်မာအားကောင်းသော်လည်း သူ ရင်ဆိုင်ရသူမှာ တာအိုသခင်တစ်ယောက် ဖြစ်နေလေ၏။
ယခုလက်ရှိချိန်တွင် ကျိုးလင်သည် ကောင်းကင်ဘုံဧကရာဇ်ချိပ်စည်းကျိန်စာဖြင့် ဖိနှိပ်ခံထားရသည့်တိုင် သူသည် ပြင်ပလေဟာနယ်တပ်မှူးခေါင်းဆောင်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို စိန်ခေါ်ဝံ့သည့်အရည်အချင်း ပိုင်ဆိုင်ထားသူတစ်ယောက်ပင်။
အချိန်အတော်ကြာပြီးနောက် ပင်းစန်းပျောက်ကွယ်သွားသောနေရာ၌ သစ်သားရုပ်သေးရုပ်တစ်ရုပ် ထွက်ပေါ်လာသည်။
ထိုရုပ်သေးရုပ်၏ခေါင်းပေါ်၌ အဆောင်လက်ဖွဲ့တစ်ခု ရှိနေသည်။ထိုအဆောင်လက်ဖွဲ့ပေါ်တွင် အက္ခရာတချို့ကို စုတ်တံအနီဖြင့် ရေးဆွဲထားသည်။
အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုရုပ်သေးရုပ်အတွင်းသို့ တိုးဝင်သွားပေ၏။မူလက မြေပြင်ပေါ်၌ လဲလျောင်းနေသော သစ်သားရုပ်သေးရုပ်သည် ရုတ်တရက် မတ်တတ်ထရပ်ပြီး တံခါးဆီသို့ အပြေးသွားလေသည်။
မကြာမီမှာပင် ရုပ်သေးရုပ်သည် လှိုဏ်ဂူအဝသို့ရောက်လာပြီး ထွက်ခွာရန်ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ဖိနပ်တစ်ဖက်က ရုပ်သေးရုပ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာပြီး မြေပြင်နှင့်ဖိကပ်ထားလေ၏။
ရုပ်သေးရုပ်သည် ရုန်းကန်၍ခေါင်းထောင်ကြည့်လိုက်ရာ လုယွီ၏ပုံရိပ်ကို တွေ့မြင်မိသည်။
"ကိုယ်ပွါးရုပ်သေး...ခင်ဗျားရဲ့အင်္ကျီလက်ထဲမှာ ဝှက်ဖဲတွေအများကြီး ကျန်နေသေးတာပါလား...တာအိုသခင်ရဲ့အော်ငေါက်သံအောက်မှာတောင် ခင်ဗျားက အသက်ရှင်ကျန်ရစ်အောင် စီစဥ်နိုင်ခဲ့တယ်"
လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
Chapter 1757
ရုပ်သေးရုပ်သည် တုန်ရီစွာဖြင့် မြေပြင်ပေါ်တွင်ဒူးထောက်နေပြီး အသနားခံနေသည့်ကိုယ်နေဟန်ထားမျိုး ဖော်ဆောင်ထားသည်။
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။
"တကယ်လို့ ကျုပ်နေရာမှာ ခင်ဗျားသာဆိုရင်...ခင်ဗျား အလွတ်ပေးမှာလား"
ဘုန်း...
လုယွီသည် သူ၏ခြေထောက်ကို ဆောင့်နင်း၍ ရုပ်သေးရုပ်ကို ချေမွှဖျက်ဆီးလိုက်၏။
ရုပ်သေးရုပ်အတွင်းမှနေ၍ အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းတစ်ခု မျောလွင့်၍ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောဆိုသည်။
"ကောင်စုတ်လေး...မင်း စောင့်နေစမ်း...လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး...အနှေးနဲ့အမြန် ငါ မင်းကို လက်စားချေမယ်"
စကားဆုံးသည်နှင့် အကြွင်းအကျန်စိတ်ဝိညာဥ်သည် နောက်သို့လှည့်၍ ထွက်ပြေးရန်ဟန်ပြင်လေသည်။
"ခင်ဗျားမှာ အခွင့်အရေးမရှိတော့ဘူး"
လုယွီက သရော်လိုက်၏။ထို့နောက် သူက နဂါးဖမ်းလက်ကိုအသုံးပြု၍ ပင်းစန်း၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်သည်။
ပင်းစန်းသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ကျိုးလင်၏ဒေါသတကြီးအော်ငေါက်သံအောက်တွင် သူ၏အကြွင်းအကျန်စိတ်ဝိညာဥ်၌ အသိစိတ်အနည်းငယ်သာ ကျန်ရှိတော့သည်။
ယခုလက်ရှိချိန်တွင် သူသည် မည်သည့်နည်းနှင့်မျှ လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။
"ကောင်လေး...မင်း ငါ့ကို အသက်ရှင်ခွင့်ပေးရင်...ငါ မင်းရဲ့ခန္ဓာကိုယ်ပေါ်က လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်ကို ပယ်ဖျက်ပေးမယ်"
ပင်းစန်းက ထပ်မံ၍ အသနားခံတောင်းပန်လေ၏။
လုယွီသည် မကြားသကဲ့သို့သာ ပြုမူနေပြီး စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်သည် ပြည့်စုံသောစိတ်ဝိညာဥ်တစ်ခုပင်လျှင် တောင့်ခံနိုင်မည့် နှိပ်စက်ညှင်းပန်းမှုမျိုးမဟုတ်ချေ။ဤအချိန်တွင် ပင်းစန်းထံမှ နားအူလုမတက် စူးရှကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မပြည့်စုံသောမှတ်ဥာဏ်အပိုင်းအစများက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။
အချိန်တခဏကြာပြီးနောက် လုယွီ၏မျက်နှာသည် မှုန်တေတေဖြစ်နေပြီး သူ၏လက်ချောင်းမှမီးတောက်တစ်ခုထွက်ပေါ်လာကာ ရုပ်သေးရုပ်တစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။
လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ လုပ်ကြံသတ်ဖြတ်သူပင်းစန်းသည် ဤကမ္ဘာလောကအတွင်းမှနေ၍ အပြီးတိုင် ပျောက်ကွယ်သွားလေပြီ။
"မြေကမ္ဘာအင်မော်တယ်တစ်ယောက်က သေးငယ်တဲ့ရှေးဟောင်းဖုန်မှုန့်ကြယ်ကိုလာပြီးတော့ ငါ့ကိုရှာဖွေနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါပေမယ့် ရှကွေ့ကျုံးက ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကို ဆက်ခံထားတယ်ဆိုတာ သိသေးပုံမရဘူး...မဟုတ်ရင် သူက ဒီလိုမျိုး သေးငယ်တဲ့နယ်ရုပ်လေးကို ဒီနေရာလွှက်လိုက်မှာမဟုတ်ဘူး"
လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းများကို စတင်၍တွေးတောလိုက်သည်။
ပင်းစန်း၏မှာတ်ဥာဏ်များမှတဆင့် လုယွီသည် ရှကွေ့ကျုံး၏လက်ရှိခွန်အားကို သိရှိခဲ့ရသည်။
တာယွီအင်ပါယာတွင် မြောက်များစွာသောဘုရင်ဘွဲ့ခံများရှိပြီး တော်ဝင်မိသားစုဝင်များသာ ဘုရင်အဆင့်အတန်းကိုရရှိသည်။နယ်စားရာထူးကိုမှ တော်ဝင်နန်းတော်မှအငြိမ်းစားယူသွားသည့် ဝန်ကြီးများကို ပေးအပ်လေ့ရှိပေ၏။အစွမ်းထက်ဆုံးသူများမှာမူ စစ်တပ်ကိုဦးဆောင်နေသည့် အမတ်ကြီးရာထူးပိုင်ဆိုင်ထားသူများဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထိုအမတ်ကြီးများအနက် စစ်ဗိုလ်ချုပ်ရှစ်ယောက်သည် အစွမ်းအထက်ဆုံးနှင့် ခွန်အားအကောင်းဆုံးသူများဖြစ်သည်။သူတို့၏လက်အောက်တွင် မြောက်များစွာသောစစ်သားများ ရှိနေရုံသာမက သူတို့ကိုယ်တိုင်သည်လည်း အလွန်အမင်းအစွမ်းထက်ပေ၏။သူတို့ကို 'မဟာစစ်ရေးအမတ်ကြီး ရှစ်ယောက်'ဟု ခေါ်ဆိုကြသည်။
ရှကွေ့ကျုံးသည် နတ်ဘုရားအမတ်ကြီးဘွဲ့ကို ချီးမြှင့်ခံထားရပြီး သူ၏လက်အောက်၌ ကျင့်ကြံသူသန်းသုံးဆယ်ဖြင့်ဖွဲ့စည်းထားသောစစ်တပ်ရှိကာ တောင်ပိုင်းရှိကြယ်မြစ်များကို စောင့်ကြပ်ရသည်။သူသည် တာယွီအင်ပါယာ၏စစ်တပ်၌ အရေးပါသောအနေအထားမျိုးတွင်ရှိသည်။
အကယ်၍ သူသည် လုယွီအား ထိပါးလိုပါက ခက်ခက်ခဲခဲကြိုးစားရန် လိုအပ်မည်မဟုတ်ချေ။
"ဒါပေမယ့် အခုချိန်မှာ ငါ ဘယ်နေရာမှာရှိနေလဲဆိုတာ သူ မသိဘူး...တကယ်လို့ သူ့ခေါင်းသူ ဖြတ်လိုက်ရင်တောင် ငါ ဘယ်မှာရှိနေလဲဆိုတာ သူ သိမှာမဟုတ်ဘူး...နဂါးအစောင့်ဆိုတဲ့ အဆင့်အတန်းနဲ့ ငါ ဆက်ပြီးလှုပ်ရှားရလိမ့်မယ်"
လုယွီ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။တစ်ချိန်တည်းမှာပင် မြောက်များစွာသောဗျူဟာများကို သူ၏စိတ်အတွင်းမှနေ၍ ချမှတ်နေခဲ့သည်။
ဤသည်က လောကီအင်မော်တယ်တစ်ယောက်ဖြစ်ခြင်း၏ အကျိုးကျေးဇူးပင်။လောကီအင်မော်တယ်တစ်ယောက်သည် တစ်ချိန်တည်းတွင် အလုပ်များစွာလုပ်ကိုင်နိုင်ပြီး မြောက်များစွာသောအတွေးများကို တွေးတောနိုင်သည်။
"ကူးပြောင်းရေးဝင်္ကပါကို သွားဖို့ဆိုတာက ငါ့အတွက် စွန့်စားလွန်းရာကျမယ်...ရှေးဟောင်းဖုန်မှုန့်ကြယ်ကနေ တိတ်တဆိတ်ထွက်သွားနိုင်တဲ့ နည်းလမ်းတစ်ခုခုများ ရှိနေနိုင်မလား"
လုယွီက ညည်းတွားလိုက်၏။
သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် ကြာရှည်ဆက်လက်နေနေပါက သူ့အတွက် အန္တရာယ်များမည်ကို သိရှိထားသည်။
အကယ်၍ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် ပင်းစန်း၏သေဆုံးခြင်းကို သိရှိသွားပါက သူ၏အသက်ကိုယူရန် အနှေးနှင့်အမြန် ရောက်ရှိလာနိုင်သည်။
လုယွီ တွေးတောနေစဥ်မှာပင် ရုတ်တရက် သူ့ခါးပေါ်ရှိတံဆိပ်ပြားပေါ်၌ သတင်းစကားတစ်ခု ထွက်ပေါ်လာသည်။
လုယွီက ကြည့်လိုက်ရာ ထိုအရာသည် သူ၏ရွှေမိုးကြိုးဂိုဏ်း အပြင်စည်းတပည့်တံဆိပ်ပြားဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
"ပင်မတပည့် အတွင်းစည်းတပည့် အပြင်စည်းတပည့်တွေနဲ့ အကြီးအကဲတွေအားလုံး ဒီအမိန့်ကိုကြားတာနဲ့ ဂိုဏ်းကို ချက်ချင်းပြန်လာရမယ်...တော်ဝင်နန်းတော်ရဲ့စစ်တပ်က ငါတို့ဂိုဏ်းကို ရောက်လာခဲ့ပြီးတော့ သူတို့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုဆွေးနွေးဖို့ရှိနေတယ်...ဆယ်ရက်အတွင်း ဂိုဏ်းကိုပြန်ရောက်မလာတဲ့ ဘယ်သူ့ကိုမဆို ဂိုဏ်းကနေထုတ်ပယ်မယ်"
ထိုသတင်းစကားကိုကြားသည်နှင့် အစပထမတွင် လုယွီသည် ကြက်သေသေသွားသော်လည်း နောက်ဆုံး၌ အကြံအစည်တစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"ဒါက ငါ ရှေးဟောင်းဖုန်မှုန့်ကြယ်ကနေ ထွက်သွားလို့ရမယ့်လမ်း ဖြစ်နိုင်တယ်"
လုယွီက မတ်တတ်ထရပ်ပြီး ရွှေမိုးကြိုးဂိုဏ်းသို့ဦးတည်၍ ပျံသန်းလိုက်သည်။
Chapter 1758
ရွှေမိုးကြိုးဂိုဏ်း၌...
ဤအချိန်အခိုက်အတန့်တွင် ရွှေမိုးကြိုးဂိုဏ်းရှိလူများအားလုံး စိတ်ပင်ပန်းမှုများနှင့် ပြည့်နှက်နေပေ၏။
နေရာဒေသအသီးသီးသို့ရောက်ရှိနေသော အကြီးအကဲများနှင့်တပည့်များသည် အလျှင်အမြန် ပြန်လည်ရောက်ရှိလာကြပြီး ပင်မခန်းမ၏ရှေ့၌ စုဝေးနေသည်။
ဂိုဏ်း၏အဝင်တံခါးမကြီးရှေ့၌ ဂိုဏ်းချုပ်လီဟောင်ယန်းနှင့်အကြီးအကဲဌက်မွှေးတို့သည် တည်ကြည်လေးနက်သောမျက်နှာအမူအယာများဖြင့် မတ်တတ်ရပ်နေကြ၏။
"တော်ဝင်စစ်တပ်ရောက်လာတာက လေဟာနယ်ဓားပြတွေကို စောင့်ကြည့်ဖို့ပဲမဟုတ်ဘူးလား...ဘာလို့ သူတို့က ရုတ်တရက်ကြီး ကျွန်တော်တို့ရဲ့ရွှေမိုးကြိုးဂိုဏ်းကို လာချင်ရတာလဲ"
အကြီးအကဲဌက်မွှေးက သိချင်စိတ်ပြင်းပြနေပုံဖြင့် မေးမြန်းသည်။
ရွှေမိုးကြိုးဂိုဏ်းသည် ရှေးဟောင်းဖုန်မှုန့်ကြယ်၏ထိပ်သီးအင်အားစုသုံးခုအနက်မှ တစ်ခုဖြစ်သော်လည်း တော်ဝင်နန်းတော်၏အမြင်၌ သူတိူ့သည် အရေးပါအရာရောက်ခြင်းမရှိသော အင်အားစုငယ်လေးသာဖြစ်သည်။အကယ်၍ သူတို့ကသာ တော်ဝင်နန်းတော်အား ဆန့်ကျင်မိပါက အချိန်မရွေး စစ်တပ်များစေလွှတ်၍ သူတို့ကို အမြစ်ပြတ်သုတ်သင်နိုင်သည်။
ထို့ကြောင့် မြောက်များစွာသောဂိုဏ်းများသည် တော်ဝင်နန်းတော်မှလူများကို လက်ခံကြိုဆိုရာ၌ အလွန်အမင်းသတိကြီးစွာထားရ၏။သူတို့သည် တစ်ဖက်လူများကို ဒေါသထွက်အောင်ပြုလုပ်မိပါက သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် ဘေးကပ်ဆိုးများ ဆိုက်ရောက်လာပေမည်။
လီဟောင်ယန်းကလည်း စိုးရိမ်ပူပန်နေသည်။
"ဒါက ဘေးကပ်ဆိုးတစ်ခုဖြစ်နေရင်တောင် ငါတို့ ရှောင်တိမ်းလို့မရဘူး...အခြေအနေကိုကြည့်ပြီး လှုပ်ရှားကြတာပေါ့"
သူတို့နှစ်ယောက် စကားပြောဆိုနေစဥ်မှာပင် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံ၌ ဧရာမစစ်သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာသည်။
ထိုစစ်သင်္ဘောကြီးသည် သာမာန်ကျင့်ကြံသူများနှင့်ဂိုဏ်းများမှပိုင်ဆိုင်သော စစ်သင်္ဘောများထက် များစွာပို၍ ကြီးကျယ်ခမ်းနားသည်။ထိုစစ်သင်္ဘောကြီးကို လေးလံသောသံချပ်ကာဖြင့်ဖုံးအုပ်ထားပြီး အနက်ရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
ထိုသံချပ်ကာကို အထူးသတ္တုတစ်မျိုးဖြစ်သော 'မြောက်ပိုင်း နက်နဲသိမ်မွေ့သံနက်'ဖြင့် သွန်းလောင်းထားသည်။မြောက်ပိုင်းနက်နဲသိမ်မွေ့သံနက်သည် မှော်စွမ်းအင်ကို ခုခံနိုင်စွမ်း အလွန်အမင်းမြင့်မားပြီး မှော်မန္တန်များဖြင့်တိုက်ခိုက်မှုကို အကြိမ်ရေများစွာခုခံနိုင်သည်။ထို့ပြင် ဤသတ္တုသည် အလွန်အမင်း မာကြောပေ၏။အဆင့်မြင့်မှော်လက်နက်များကိုအသုံးပြုလျှင်ပင် ဤသတ္တုပေါ်၌ အခြစ်ရာတစ်ရာ ထင်ကျန်ရစ်စေရန် လွန်စွာခက်ခဲပေမည်။
မြောက်ပိုင်းနက်နဲသိမ်မွေ့သံနက်ကို မြောက်ပင်လယ်ကြယ်မြစ်၏ မြောက်ပိုင်းနက်ရှိုင်းကြယ်နယ်မြေတစ်ခုတည်းမှသာ ထုတ်လုပ်ပေးနိုင်သည်။ထိုသတ္တုများအားလုံးကို တာယွီအင်ပါယာတော်ဝင်စစ်တပ်ထံသို့ ထောက်ပံပေးရ၏။အကယ်၍ ထိုသတ္တုကို တစ်စုံတစ်ယောက်သည် စျေးအတွင်း၌ရောင်းချနေပါက ထိုလူသည် ပြင်းပြင်းထန်ထန်အပြစ်ပေးခြင်းကို ခံရပေမည်။
စစ်သင်္ဘောကြီးတည်ငြိမ်စွာ ရပ်တန့်သွားချိန်တွင် တောက်ပသောသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်သည် စစ်သားအမြောက်အများခြံရံ၍ ဆင်းသက်လာခဲ့သည်။
"ရွှေမိုးကြိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်လီဟောင်ယန်းက စစ်ဗိုလ်ချုပ်ကို ကြိုဆိုနှုတ်ဆက်ပါတယ်"
လီဟောင်ယန်းက စစ်ဗိုလ်ချုပ်အား ရိုသေလေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်လိုက်၏။
"ငါက ကောင်းကင်ဘုံအထွတ်အထိပ်စစ်တပ် ရှောင်တပ်ရင်းရဲ့ ရှေ့ပြေးတပ်ခေါင်းဆောင် လုကျင်းရှန့်ပဲ....ငါ ဒီနေရာကိုလာခဲ့တာက လေဟာနယ်ဓားပြတွေရဲ့အရေးကိစ္စကို စုံစမ်းဖို့ပဲ...ဂိုဏ်းချုပ်လီက ပူးပေါင်းဆောင်ရွက်ပေးပါ"
လုကျင်းရှန့်က တိုးညှင်းပြီး ခပ်အုပ်အုပ်အသံဖြင့် ပြောဆိုသည်။သူ၏အသံတစ်သံစီမှနေ၍ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားလေရာ လူအများကို တုန်လှုပ်ချောက်ချားသွားစေသည်။
လီဟောင်ယန်းသည် ကြောင်အနေရာမှ ရိုသေလေးစားစွာ ပြောဆိုသည်။
"ကျေးဇူးပြုပြီး စစ်ဗိုလ်ချုပ်ကပဲ ရှင်းရှင်းလင်းလင်း ပြောပြပေးပါ"
လီကျင်းရှန့်၏အရှိန်အဝါသည် နေရောင်အောက်တွင်ပျံဝဲနေသောနဂါးတစ်ကောင်နှင့် တူညီနေသည်ကို သူ ခံစားမိပြီး သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများကို မြင့်တက်စေသည်။
ဤကဲ့သို့ခံစားချက်မျိုးကို သူ လောကီအင်မော်တယ်အထွတ်အထွတ်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသောအချိန်မျိုး၌သာ ရရှိလေ၏။
သူတို့နှစ်ယောက်လုံးသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သော်လည်း ကွာဟချက်မှာ မိုးနှင့်မြေတမျှ ကြီးမားသည်။
လုကျင်းရှန့်ကဲ့သို အထွတ်အထိပ်အဆင့်လောကီအင်မော်တယ်တစ်ယောက်၏ ကျင့်ကြံဆင့်သည် အလွန်နက်နဲသိမ်မွေ့ပြီး လီယောင်ယန်းကဲ့သို့ အစောပိုင်းလောကီအင်မော်တယ်တစ်ယောကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
လုကျင်းရှန့်က အသံမြှင့်၍ ပြောဆိုသည်။
"မင်းတို့ဂိုဏ်းက ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးကို အပိုင်စီးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လေဟာနယ်ဓားပြတွေနဲ့ပူးပေါင်းနေတယ်လို့ တစ်စုံတစ်ယောက်က ငါတို့ကို သတင်းပို့ထားတယ်...လီဟောင်ယန်း...မင်း အဲ့ဒီကိစ္စကို ဘယ်လိုရှင်းပြနိုင်မလဲ"
သူ၏အသံသည် အလွန်ကျယ်လောင်ခြင်းမရှိသော်လည်း မေးခွန်းထုတ်ဖွယ်မရှိသော ကြီးကျယ်ခမ်းနားမှုများ ရောယှက်နေပေ၏။အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ပိုင်းဆိုင်ရာခွန်အားသည်လုံလောက်အောင်သန်မာခြင်းမရှိပါက ဤဖိအားအရှိန်အဝါ၏အောက်တွင် သူ၏စိတ်နှလုံးသားအတွင်းရှိအရာများကို လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုပေမည်။
လီဟောင်ယန်းသည် အစပထမ၌ ကြက်သေသေနေသော်လည်း ချက်ချင်းဆိုသလိုပင် အော်ဟစ်ပြောဆိုလိုက်သည်။
"စစ်ဗိုလ်ချုပ်...ဒီကိစ္စက နားလည်မှုလွဲမှားတာပဲဖြစ်နိုင်တယ်"
"ဒါက နားလည်မှုလွဲမှားတာလား...မင်း အမှန်အတိုင်း ပြောပြော မပြောပြော ပြဿနာမရှိဘူး"
လုကျင်းရှန့်က နောက်သို့လှည့်၍ အမိန့်ပေးလိုက်၏။
"ဂိုဏ်းချုပ်ဝမ်ကို ဒီနေရာ ခေါ်လာခဲ့စမ်း"
ရုတ်တရက် တာယွီတော်ဝင်စစ်တပ်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။စစ်သားများအကြားမှနေ၍ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စု ထွက်ပေါ်လာသည်။ထိုလူစုကိုဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် နက်ရှိုင်းသော ကြေကွဲဝမ်းနည်းမှုမျိုးရှိနေလေ၏။
"ဝမ်ရှောင်...သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
လူလတ်ပိုင်းကြီးကိုမြင်သည်နှင့် လီဟောင်ယန်း၏မျက်ခုံး ရုတ်တရက်မြင့်တက်သွားပြီး ဆိုးရွားသောခံစားချက်မျိုးက သူ၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
တိကျသေချာစွာပင် ဝမ်ရှောင်သည် လီဟောင်ယန်းကိုမြင်သည်နှင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လီဟောင်ယန်း...ငါ့သားရဲ့အသက်ကို ပြန်ပေးစမ်း"
Chapter 1759
ထိုလူလတ်ပိုင်းကြီးသည် မက်ပွန့်ပွင့်ဓားဂိုဏ်းချုပ်ဖြစ်သော ဝမ်ခမ်း၏ဖခင် ဝမ်ရှောင်ပင်။
လီဟောင်ယန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဂိုဏ်းချုပ်ဝမ်...မင်းရဲ့သား သေသွားခဲ့တယ်ဆိုပေမယ့်...အဲ့ဒါက လေဟာနယ်ဓားပြတွေရဲ့လက်ချက်နဲ့လေ...ငါတို့နဲ့ ဘာမှမဆိုင်ဘူး"
ဤှအချိန်အခိုက်အတန့်တွင် ဝမ်ရှောင်သည် ဒေါသတကြီးဖြင့် လီဟောင်ယန်းထံသို့ လျှောက်လှမ်းလာပြီး အော်ငေါက်လိုက်၏။
"ငါ့ရဲ့သားဝမ်ခမ်းက မင်းတို့ရွှေမိုးကြိုးဂိုဏ်းမှာ သေသွားခဲ့တာလေ...ငါ ပြောတာမှားလို့လား"
ထိုစကားနှင့်အတူ သူက လီကျင်းရှန့်ဘက်သို့လှည့်၍ ပြောဆိုသည်။
"စစ်ဗိုလ်ချုပ်...ရွှေမိုးကြိုးဂိုဏ်းက လေဟာနယ်ဓားပြတွေရဲ့အသိုက်တစ်ခုဖြစ်နေမယ်လို့ ကျွန်တော် သံသယဝင်မိတယ်...တော်ဝင်စစ်တပ် အပြောင်းအလဲလုပ်တဲ့အချိန်တိုင်း လေဟာနယ်ဓားပြတွေက ဘာလို့ သတင်းတွေရနေတာလဲ...သူတို့က ကျွန်တော်တို့နဲ့နီးစပ်တဲ့နေရာမှာပဲ ဖုံးကွယ်ပြီးနေနေတာလို့ ကျွန်တော် သံသယရှိတယ်"
လီယောင်ယန်းက အလွန်အမင်း ဒေါသထွက်သွားသည်။
"မင်း ငါတို့ကို ချောက်ချနေတာလား...ငါတို့ ရွှေမိုးကြိုးဂိုဏ်းလည်း လေဟာနယ်ဓားပြတွေရဲ့တိုက်ခိုက်တာကို ခံခဲ့ရတာပဲ....လောကီအင်မောတယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူငါးယောက်က ငါတို့ကိုတိုက်ခိုက်ခဲ့တာ...ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့တပည့်တွေအများကြီး သေဆုံးသွားခဲ့ရတယ်...အဲ့ဒီကိစ္စကျတော့ မင်း ဘာလို့ ထည့်မပြောတာလဲ"
ဝမ်ရှောင်က နှာတစ်ချက်မှုတ်လိုက်၏။
"ဟမ့်...အမှန်ပဲ...မင်းတို့ရွှေမိုးကြိုးဂိုဏ်း တိုက်ခိုက်ခံရတယ်လေ....ဒါပေမယ့် အဲ့ဒီလိုမျိုး တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့စွမ်းအားတွေအောက်မှာ မင်းတို့ရွှေမိုးကြိုးဂိုဏ်းက ဘာလို့ ခုချိန်ထိဘေးကင်းနေတာလဲ"
"မင်းသိမှာပါ...မြွေဝိညာဥ်ကျွန်းရဲ့အင်အားက မင်းတို့ဂိုဏ်းထက်ပိုပြီး သန်မာအားကောင်းတယ်...ဒါပေမယ့် အဆုံးသတ်မှာ ရှုံးနိမ့်သွားရပြီးတော့ မြွေဝိညာဥ်တစ်ခုလုံး ပျက်သုဥ်းသွားခဲ့ရတယ်...မင်းတို့ရွှေမိုးကြိုးဂိုဏ်းကျ ဘာလို့ ခုထိ အကောင်းအတိုင်းရှိနေသေးတာလဲ"
ဝမ်ရှောင်၏စကားများသည် ရန်လိုစိတ်ပြင်းပြပြီး ကျိုးကြောင်းဆီလျော်သည်။သူသည် ကောင်းမွန်စွာပြင်ဆင်လာခဲ့ခြင်းဖြစ်မည်မှာ သိသာထင်ရှားလှ၏။
လီဟောင်ယန်းက ဒေါသတကြီး ပြောဆိုသည်။
"တကယ်က...ငါတို့ကို တစ်ယောက်ယောက်က ကူညီပေးသွားတာ...သူက ငါတို့ ရွှေမိုးကြိုးဂိုဏ်းရဲ့အပြင်စည်းတပည့်တစ်ယောက်ပဲ...သူက အဲ့ဒီလေဟာနယ်ဓားပြတွေအကုန်လုံးကို သတ်ပစ်ခဲ့တာ"
စကားဆုံးသည်နှင့် လီဟောင်ယန်းက ကြက်သေသေသွားသည်။အကြောင်းအရင်းမှာ လုကျင်းရှန့်သည် စုံစမ်းစစ်ဆေးလိုသောအကြည့်မျိုးဖြင့် သူ့အား စူးစိုက်ကြည့်နေခြင်းကြောင့်ပင်။
ဝမ်ရှောင်က သရော်လိုက်သည်။
"တပည့်တစ်ယောက်….ဟုတ်လား….အပြင်စည်းတပည့်တစ်ယောက်က လောကီအင်မော်တယ် ငါးယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ဖြစ်နိုင်လို့လား….ဂိုဏ်းချုပ်လီ …မင်းရဲ့စကားတွေက ကလေးတစ်ယောက်ကိုတောင်လှည့်စားလို့ရမှာမဟုတ်ဘူး"
အကြီးအကဲဌက်မွှေးက ရှေ့သို့ထွက်လာပြီး ပြောဆိုလေ၏။
"ဂိုဏ်းချုပ်ဝမ်....မင်းက အဲ့ဒီနေ့က ဒီနေရာမှာရှိမနေတော့ အမှန်တရားကို သိမှာမဟုတ်ဘူး...အဲ့ဒီအပြင်စည်းတပည့်က သူ့ရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားခဲ့တာ...တကယ်တော့ သူရဲ့ကျင့်ကြံဆင့်နယ်ပယ်က လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်နားကို နီးကပ်နေပြီ"
"ဟား ဟား ဟား...ရယ်စရာကောင်းလိုက်တာ...ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား"
ဝမ်ရှောင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ဆက်လက်ပြောဆိုသည်။
"အဲ့ဒီနေ့က ထွက်ပေါ်လာတဲ့လူက လူငယ်တစ်ယောက်ဖြစ်ပြီးတော့ အပြင်စည်းတပည့်တစ်ယောက်ပဲ...တကယ်လို့ သူကသာ အထွတ်အထိပ်အဆင့် လောကီအင်မော်တယ်တစ်ယောက်ဆိုရင် ဘာလို့ မင်းတို့ရွှေမိုးကြိုးဂိုဏ်းမှာ နိမ့်ကျတဲ့အပြင်စည်းတပည့်တစ်ယောက်အဖြစ်နဲ့ ဖုံးကွယ်ပြီးနေနေမှာလဲ...ဒါက သူ့ရဲ့ကျင့်ကြံဆင့်ကို သက်ရောက်မှုမရှိနိုင်ဘူးလား"
လီဟောင်ယန်းနှင့်အကြီးအကဲဌက်မွှေးတို့၏နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသော်လည်း သူတို့သည် စကားတစ်လုံးမျှမဆိုနိုင်ချေ။
ဤသည်က အမှန်တရားပင်။လုယွီတွင် မည်သည့်အကြံအစည်ရှိသည်ကို သူတို့မသိရှိသော်လည်း လောကီအင်မော်တယ်တစ်ယောက်သည် မည်သည်ကြောင့် သူတို့၏ရွှေမိုးကြိုးဂိုဏ်းတွင် အပြင်စည်းတပည့်အဖြစ် နေနေရသနည်း။
ဝမ်ရှောင်က ဆက်လက်၍ ခနဲ့တဲ့တဲ့ပြောဆိုသည်။
"ပြီးတော့...လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်ကိုရောက်ဖို့ ကျင့်ကြံရတာ ဘယ်လောက်ထိခက်ခဲလဲဆိုတာကို ငါတို့အားလုံး သိထားပြီးသားပဲ...စစ်ဗိုလ်ချုပ်လုဆိုရင် တော်ဝင်စစ်တပ်ရဲ့ပါရမီရှင်တစ်ယောက်....သူ့အသက်က ဒီနှစ်ဆိုရင် လေးဆယ်ပြည့်ပြီ...အသက်နှစ်ဆယ်ဝန်းကျင်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်က လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်မယ်လို့ မင်း ထင်နေတာလား"
လီဟောင်ယန်းသည် အလွန်ဒေါသထွက်နေသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါ ပြောသွားသမျှအားလုံးက အမှန်တွေချည်းပဲ...တကယ်လို့ မင်းတို့ မယုံဘူးဆိုရင်...ဂိုဏ်းထဲမှာရှိတဲ့ ဘယ်သူကိုမဆို မေးမြန်းနိုင်တယ်"
ထိုအချိန်တုန်းက ဂိုဏ်းအတွင်း၌ရှိနေသော လူအားလုံးနီးပါးသည် လုယွီ၏ကြီးမားသောစွမ်းအားကို မြင်တွေ့ခဲ့ရသည်။
ဝမ်ရှောင်က သဘောတူညီခြင်းမရှိချေ။
"အဲ့ဒါက ဘာဖြစ်လာမှာမလို့လဲ...မင်း ကိစ္စအားလုံးကို ရှင်းမပြနိုင်ဘူးလေ...ဒီနေရာမှာရှိနေတာက မင်းတို့ရွှေမိုးကြိုးဂိုဏ်းက လူတွေချည်းပဲ...မင်း အရင်ကတည်းက သူတို့ကို ကြိုပြောထား မထားဆိုတာ ဘယ်သူသိနိုင်မှာလဲ"
"ဒါက မင်းတို့ ကြိုတင်စည်းဝါးကိုက်ထားတဲ့ အကြံအစည်လည်းဖြစ်နိုင်တယ်...ငါတို့ မက်မွန်ပွင့်ဓားဂိုဏ်းက လေဟာနယ်ဓားပြတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီးတော့ ငါတို့ဂိုဏ်းမှာရှိတဲ့ရတနာတွေအားလုံး အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ဆုံးသွားခဲ့တယ်...ငါ နေရာအနှံ့လိုက်ရှာပေမယ့် အဲ့ဒီသူခိုးကောင်တွေကို ရှာမတွေ့ခဲ့ဘူး"
"လီဟောင်ယန်း...မင်း ဝန်ခံလိုက်တာပိုကောင်းမယ်လို့ ငါ မင်းကို အကြံပေးချင်တယ်...လေဟာနယ်ဓားပြတွေကို ကာကွယ်ပေးတာက ကြီးလေးတဲ့ရာဇဝတ်မှုကြီးပဲ"
Chapter 1760
'ရာဇဝတ်မှု'ဟူသောစကားလုံးကို ကြားသည်နှင့် လီဟောင်ယန်း၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားသည်။
တာယွီအင်ပါယာသည် သန်းရာနှင့်ချီသောကြယ်နယ်မြေများကို အုပ်ချုပ်ရာတွင် တော်ဝင်စစ်တပ်၏နက်နဲသောအင်အားဖြင့်သာမက တင်းကြပ်သောစည်းမျဥ်းများကိုပါ အမှီပြုသည်။
မြင့်မြတ်သူများဖြစ်စေ သာမာန်ကျင့်ကြံသူဖြစ်စေ ဤစည်းမျဥ်းများ၏ တင်းကြပ်သောကန့်သတ်မှုအောက်တွင်ရှိသည်။ဝေးလံခေါင်သီသောကြယ်နယ်မြေများမှ အုပ်ချုပ်သူများနှင့် တခြားနေရာများမှ လောကီအင်မော်တယ်ကျင့်ကြံသူများပင်လျှင် တာယွီအင်ပါယာ၏တင်းကြပ်သောစည်းမျဥ်းများဖြင့် ကန့်သတ်ထားခြင်း ခံရပေ၏။
လီဟောင်ယန်းသည် တော်ဝင်နန်းတော်မှစစ်တပ်များ ရောက်လာမည်ဟု ကြားစဥ်အချိန်ကတည်းက ထိတ်လန့်ကြောက်ရွံနေခဲ့သည်။ယခုလက်ရှိချိန်တွင် လီကျင်းရှန့်ကဲ့သို့စစ်ဗိုလ်ချုပ်တစ်ယောက် သူ၏နံဘေးတွင်ရှိနေလေရာ သူက ကြီးလေးသောဖိအားကို ခံစားနေရသည်။
"ဂိုဏ်းချုပ်လီ...အဲ့ဒီအပြင်စည်းတပည့်က မင်းရဲ့ဂိုဏ်းကဆိုမှတော့...သူ့ကို ဒီနေရာခေါ်ထုတ်လိုက်ပါလား...ငါလည်း အရမ်းသိချင်နေမိတယ်...လောကီအင်မော်တယ်နယ်ပယ် လေဟာနယ်ဓားပြငါးယောက်ကို သတ်ဖြတ်လိုက်တာက ဘယ်လိုမျိုး လူငယ်ပါရမီရှင် ဖြစ်နေမလဲဆိုတာကို"
လုကျင်းရှန့်က အပြုံးတုဖြင့် ပြောဆိုသည်။
လီဟောင်ယန်းသည် သူ၏စိတ်နှလုံးလုံးသားအတွင်းမှ ခါးသည်းမှုများကို ရှင်းပြလိုသော်လည်း သူက အချိန်တခဏကြာတွန့်ဆုတ်နေပြီးမှ ပြောဆိုလိုက်၏။
"သူ...သူ ဂိုဏ်းကနေထွက်သွားတာ ကြာလှပြီ"
ယခုလက်ရှိချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ ကြီးစွာသောနောင်တများရှိနေသည်။
လုယွီထံတွင် လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်ရှိနေသဖြင့် သူ ဟန့်တားခဲ့ခြင်းမရှိချေ။
ယခုလက်ရှိချိန်၌ သူ ထိုကိစ္စကို အလွန်နောင်တရနေလေပြီ။
အကယ်၍ ယခုကဲ့သို့ကိစ္စမျိုးဖြစ်လာမည်ကို သူ ကြိုသိခဲ့ပါက မည်သည့်ကိစ္စများရှိနေပါစေ သူ လုယွီကို ဆွဲခေါ်ထားမိပေမည်။
ထိုသို့ဆိုပါက သူသည် အပြစ်များအားလုံးကို လုယွီအပေါ်သို့ပုံချပြီး သူ ကိုယ်လွတ်ရုန်းထွက်နိုင်သည်။
ဝမ်ရှောင်က လက်ခုပ်လက်ဝါးတီး၍ ပြောဆိုသည်။
"ဟား ဟား ဟား..လီဟောင်ယန်း မင်း အရူးတွေကိုသွားပြီး လိမ်ညာပြောပါလား...တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းမှာသာ ဒီလိုမျိုးပါရမီရှင်တစ်ယောက်ရှိနေရင် အဲ့ဒီလူကို ရတနာတစ်ပါးလို ဆက်ဆံနေကြမှာ...မင်းက ဘာလို့ သူကို ထွက်သွားခိုင်းလိုက်တာလဲ...ဖြစ်နိုင်တာတော့ မင်းရဲ့လိမ်ညာမှုတွေ ထွက်ပေါ်လာမှာစိုးလို့ သူကို စစ်ဗိုလ်ချုပ်ရဲ့ရှေ့ကို ခေါ်မထုတ်ဝံ့တာမလား"
လုကျင်းရှန့်ကလည်း စိတ်ဝင်စားသောအမူအယာဖြင့် လီဟောင်ယန်းကို ကြည့်လိုက်၏။
"ဂိုဏ်းချုပ်လီ...ငါ ဒီနေ့ ဒီနေရာကိုလာခဲ့တာက စုံစမ်းစစ်ဆေးဖို့အတွက်ပဲ...တကယ်လို့ ငါ စိတ်ကျေနပ်လောက်တဲ့အဖြေမျိုး မင်း မပေးနိုင်ဘူးဆိုရင်တော့ မင်းကို တော်ဝင်စစ်တပ်ဆီခေါ်သွားပြီး စစ်မေးရလိမ့်မယ်"
လုကျင်းရှန့်၏လေသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လီဟောင်ယန်း၏နားအတွင်းသို့ဝင်ရောက်သွားချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ဤသည်က ဟာသပြက်လုံးတစ်ခု မဟုတ်ချေ။
အကယ်၍ သူ့ကိုသာ တော်ဝင်စစ်တပ်၏စစ်စခန်းသို့ ခေါ်ဆောင်သွားခြင်းခံရပါက သူဟူသော လီဟောင်ယန်းအတွက် ကံဆိုးမိုးမှောင်ကျခြင်းသာ ဖြစ်ပေမည်။
"စစ်ဗိုလ်ချုပ်...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာလို့ ကျွန်တော်တော့ထင်တယ်...အခုဖြစ်ပျက်သွားသမျှ အရာအားလုံးက ဝမ်ရှောင်ရဲ့ တစ်ဖက်သက်စွပ်စွဲချက်တွေပါ...ဒါတွေအားလုံးကို အမှန်လို့မပြောနိုင်ဘူး"
လီဟောင်ယန်းသည် အစွမ်းကုန်ကြိုးစား၍ ရှင်းပြလေ၏။
သို့ရာတွင် သူ ပို၍ရှင်းပြလေလေ လီကျင်းရှန့်က ပို၍သံသယဝင်လာလေလေပင်။
"ကောင်းပြီလေ...ဂိုဏ်းချုပ်လီ...အဲ့ဒီလေဟာနယ်ဓားပြတွေက ဒီနေရာမှာသေဆုံးခဲ့တယ်ဆိုမှတော့...ငါက သူတို့ရဲ့အလောင်းတွေကိုကြည့်ချင်တယ်"
လုကျင်းရှန့်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လီဟောင်ယန်းသည် ငြင်းဆန်ဝံ့ခြင်းမရှိသဖြင့် လေဟာနယ်ဓားပြများ၏အလောင်းများကို သိမ်းဆည်းထားသောနေရာထံသို့ လုကျင်းရှန့်ကို လမ်းပြ၍ခေါ်ဆောင်သွားလိုက်သည်။
ဤနေရာတွင် လောကီအင်မော်တယ် လေဟာနယ်ဓားပြငါးယောက်၏ရုပ်အလောင်းများ ရှိနေသည်။လောကီအင်မော်တယ်များဖြစ်ခြင်းကြောင့် ဆယ်ရက်ကျော်ကြာသွားသည့်တိုင် သူတို့၏ရုပ်အလောင်းများသည် ပုပ်သိုးခြင်းမရှိသေးချေ။
"ကျန်းဖေးလောင်...အဆိပ်ကြိုးကြာ...ဒီလူတွေက လေဟာနယ်ဓားပြတွေထဲက အရေးပါတဲ့သူတွေပဲ...သူတို့က ဒီနေရာမှာသေဆုံးသွားလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အလောင်းများကိုမြင်သည်နှင့် လုကျင်းရှန့်သည် အကြီးအကျယ် အံ့အားသင့်သွားလေ၏။
ထိုလူငါးယောက်၏ရုပ်အလောင်းများပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ် လက်ဝါးရာကြီးတစ်ခုရှိနေပြီး သူတို့၏ရင်ဘတ်များက ချိုင့်ဝင်နေကာ သူတို့ခန္ဓာကိုယ်များမှ အရိုးများအားလုံး ကျိုးပဲ့နေသည်။
ဤကဲ့သို့ဒဏ်ရာမျိုးသည် အလွန်အမင်းပြင်းထန်သော တုန်လှုပ်ချောက်ချားဖွယ် ပြင်ပအားလှိုင်းကြောင့် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး သူတို့အားလုံး ချက်ချင်းဆိုသလို သေဆုံးသွားခဲ့ရခြင်းဖြစ်ပေမည်။
"လောကီအင်မော်တယ်ငါးယောက်...ဟား ဟား ဟား...လီဟောင်ယန်း...တကယ်လို့ မင်းရဲ့ဘက်မှာ လောကီအင်မော်တယ်တစ်ယောက် ထပ်ပေါင်းထည့်ရင်တောင် ဒီလိုမျိုး လှလှပပအဆုံးသတ်နိုင်မှာမဟုတ်ဘူး...ဒါက မင်းနဲ့လေဟာနယ်ဓားပြတွေ စည်းဝါးကိုက်ပြီး ဒီအလောင်းငါးလောင်းကို ပြင်ဆင်ထားတာပဲဖြစ်မယ်...ဟုတ်တယ်မလား"
ဝမ်ရှောင်က သရော်တော်တော် ပြောဆိုလိုက်၏။
ထိုအချိန်မှာပင် ခပ်ဖျော့ဖျော့အသံတစ်သံက ရုတ်တရက် ခန်းမအတွင်း၌ ပဲ့တင်ထပ်လာသည်။
"ဂိုဏ်းချုပ်လီ ဝင်ပါစရာမလိုဘူး...ဒီလူတွေအားလုံးကို ကျူပ်တစ်ယောက်တည်း သတ်ခဲ့တာ...ခင်ဗျားတို့က ကျုပ်ကို ရှာနေကြတာလား"
လုယွီ၏ပုံရိပ်က ပင်မခန်းမ၏တံခါးရှေ့၌ ထွက်ပေါ်လာသည်။