အခန်း (၁၇၆၆-၁၇၇၀)
Vol. 92 Ch. 1766-1770
Chapter 1766
လုကျင်းရှန့်က ရှေ့သို့လျှောက်လှမ်းသွားပြီး ဒေါသတကြီး အော်ငေါက်လိုက်၏။
"ရှေ့ကကောင်တွေက မျက်လုံးကန်းနေကြတာလား...ငါ့ရှေ့ကနေ မြန်မြန်လမ်းဖယ်ကြစမ်း"
သူ၏အသံသည် ကျယ်လောင်သည့်အပြင် သူ၏ကျင့်ကြံဆင့်နယ်ပယ်၏ထောက်ပံပေးမှုဖြင့် မိုင်ပေါင်းများစွာဝေးကွာသောနေရာထိ ပျံ့နှံ့သွားသည်။သူ့အားဟန့်တားရန် ရည်ရွယ်နေကြသော အစေခံများသည် နေရာမှာပင် ကြက်သေသေနေကြပြီး မည်သို့ဆက်လုပ်ရမည်မှန်းကို မသိကြတော့ချေ။
"စစ်ဗိုလ်ချုပ် လုပါလား...ငါက မင်းကို မမြင်မိဘူး...ငါ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်"
ထိုအချိန်မှာပင် ပျင်းတိပျင်းရွဲအသံတစ်သံက လူအုပ်ကြီး၏နောက်မှ ထွက်ပေါ်လာသည်။
အစေခံများကြားမှနေ၍ အိမ်တော်ထိန်းနှင့်တူသောလူသည် ရှေ့သို့တိုးထွက်လာလေ၏။သူ၏မျက်နှာတွင် အဆီများဖြင့်ပြည့်နှက်နေပြီး သူ့ကိုကြည့်ရသည်မှာ သွက်လက်တက်ကြွပုံရသည်။သူသည် အဖိုးတန်ရှားပါးသောအင်မော်တယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိန်းကြီးခမ်းကြီးနိုင်သောအမူအယာမျိုးရှိသည်။
လုကျင်းရှန့်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက ဒီစစ်ဗိုလ်ချုပ်ကို သိတာလား...ဒါဆိုရင်လည်း ငါ့ရဲ့လမ်းကနေ မြန်မြန်ဖယ်ပေးစမ်း"
အိမ်တော်ထိန်း၏အရှိန်အဝါသည် အလွန်တည်ငြိမ်နေပေ၏။သူကိုကြည့်ရသည်မှာ သေမျိုးတစ်ယောက်နှင့်တူညီနေပြီး သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်၍မမြင်နိုင်ချေ။
သို့ရာတွင် ထိုအိမ်တော်ထိန်းသည် လုကျင်းရှန့်နှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် တည်ငြိမ်နေဆဲဖြစ်ပြီး အနည်းငယ်မျှပင် ကြောက်ရွံပုံမရပေ။
"ဟား ဟား...ငါက စစ်ဗိုလ်ချုပ်ရှဟယ်ရဲ့အိမ်တော်ထိန်းပါ...ငါက စစ်ဗိုလ်ချုပ်လုကို အိမ်တော်မှာတစ်ခါ မြင်တွေ့ခဲ့ဖူးတယ်...ကြည့်ရတာတော့ စစ်ဗိုလ်ချုပ်လို အရေးကြီးပုဂ္ဂိုလ်တွေက ကိစ္စငယ်လေးတွေကို မေ့လျော့တက်ပုံပဲ"
အိမ်တော်ထိန်းက အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။
ရှဟယ်ဟူသောအမည်ကိုကြားသည်နှင့် လုကျင်းရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
လုကျင်းရှန့် တွန့်ဆုတ်နေသည်ကိုကြည့်ပြီး အိမ်တော်ထိန်းက အပြုံးတုတစ်ခုနှင့် ဆက်လက်ပြောဆိုသည်။
"ဗိုလ်ချုပ် လု...စိတ်အေးအေးထားပါ...ငါက အိမ်တော်အတွက် ကျွန်တချို့ကို ပို့ပေးရုံပါပဲ...ခဏလောက်ကြာရင် ဒီကျွန်တွေအားလုံးကို ပို့ဆောင်လို့ပြီးမှာပါ"
လုကျင်းရှန့်သည် ထိုလူစုအားတစ်ချက်ကြည့်လိုက်၏။သူရှေ့၌ ဖမ်းဆီးခံထားရသောလူများ ထောင်ပေါင်းများစွာရှိနေသည်။သူတို့၏လက်များနှင့်ခြေထောက်များကို ရှည်လျားသောသံကြိုးကြီးဖြင့် တုပ်နှောင်ထားပြီး အတန်းလိုက်စီတန်းထားကာ မှော်လက်နက်ကိုင်ဆောင်ထားသောအစေခံများက နံဘေးမှစောင့်ကြပ်နေသည်။
အကယ်၍ သူသည် ဤလူစု ထွက်ခွာသွားပြီးသည့်အချိန်ထိသာ စောင့်ဆိုင်းရပါက အချိန်မည်မျှကြာမြင့်မည်မှန်း သူ မသိရှိချေ။
"ဘာတွေဖြစ်နေတာလဲ"
လုယွီက မေးမြန်းလေသည်။
လုကျင်းရှန့်သည် အချိန်တခဏကြာတုံ့ဆိုင်းနေပြီးမှ လုယွီကို ပြောဆိုလိုက်၏။
"အရှင်...ကျွန်တော်တို့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်တာ ပိုကောင်းလိမ့်မယ်"
"ဘာလို့လဲ"
လုကျင်းရှန့်က လုယွီကို တီးတိုးပြောဆိုသည်။
"သူက ဗိုလ်ချုပ်ရှဟယ်ရဲ့အိမ်တော်ကလူပဲ...ကျွန်တော်တို့သွားမှာကလည်း အရေးပေါ်စစ်ရေးကိစ္စနဲ့မဟုတ်ဘူး...ကျွန်တော်တို့က ဗိုလ်ချုပ်ရှဟယ်နဲ့အငြင်းမပွါးသင့်ဘူး"
လုကျင်းရှန့်တွန့်ဆုတ်နေသည်ကိုကြည့်ပြီး အိမ်တော်ထိန်း၏မျက်နှာထက်မှအပြုံးက ပို၍ပီပြင်ထင်ရှားလာသည်။
"ဗိုလ်ချုပ် လု...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့ရဲ့လူတွေက အလုပ်လုပ်တာ မြန်ဆန်ပါတယ်...တကယ်လို့ သူတို့ရဲ့အမြန်နှုန်းနဲ့ဆိုရင် နောက်နှစ်နာရီလောက်ကြာရင် ဒီကျွန်တွေအားလုံးကို စေလွှက်လို့ပြီးပါပြီ"
အိမ်တော်ထိန်းသည် အပြုံးနှင့်စကားပြောဆိုနေသော်လည်း လုယွီကို ရန်စလိုသောအကြည့်နှင့် ကြည့်နေလေ၏။
လုယွီ မည်သူမည်ဝါဖြစ်သည်ကို သူ မသိရှိသော်လည်း သူ့သခင်၏အဆင့်အတန်းဖြင့် သူ မည်သူကိုမျှ ဂရုစိုက်နေရန်မလိုအပ်ချေ။
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"ကျွန်တွေလား ..မင်းတို့က ဘာလုပ်ဖို့ ဒီလောက်ကျွန်တွေအများကြီး လိုအပ်တာလဲ"
အိမ်တော်ထိန်းက သရော်တော်တော်အပြုံးနှင့် ပြောဆိုသည်။
"လူကြီးမင်း...တခြားသူတွေရဲ့အရေးကိစ္စကို ဝင်မရှုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ငါတို့ရဲ့အိမ်တော်သခင်က အနောက်ပိုင်းစစ်တပ်ရဲ့စစ်ဗိုလ်ချုပ် ရှဟယ်ပဲ...ဒီကျွန်တွေက အနာဂတ်မှာ ဗိုလ်ချုပ်ရှဟယ်အတွက် အလုပ်လုပ်ပေးရမှာ...တကယ်လို့ မင်း ကြားဝင်စွက်ဖက်လို့ ဗိုလ်ချုပ်ရှဟယ် ဒေါသထွက်သွားရင် ဘာကောင်းကျိုးမှရှိမှာမဟုတ်ဘူး"
ထိုမြင်ကွင်းကိုကြည့်ပြီး လုကျင်းရှန့်က လုယွီကို အလျင်စလို သတိပေးလေ၏။
"အရှင်...ရှဟယ်က အနောက်ပိုင်းတပ်ရဲ့စစ်ဗိုလ်ချုပ်ဖြစ်ပြီးတော့ သူရဲ့အဆင့်အတန်းက မြင့်မားတယ်...ကျွန်တော်တို့ နည်းနည်းလေးစောင့်ဆိုင်းလိုက်ရတာက ဘာပြဿနာမှမရှိနိုင်ဘူး"
အိမ်တော်ထိန်း၏နှုတ်ခမ်းက တွန့်ကွေးနေပြီး သူက အထင်သေးသောမျက်နာအမူအယာနှင့် လုကျင်းရှန့်ကိုကြည့်ကာ နောက်သို့ပြန်လှည့်၍ အစေခံများကိုဆက်လက်၍ အော်ငေါက်လေသည်။
"ငါက မင်းကို သွားခွင့်ပြုသေးလို့လား"
ရုတ်တရက် လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
အိမ်တော်ထိန်းသည် အစပထမ၌ကြက်သေသေသွားပြီးမှ နောက်သို့ပြန်လှည့်ကာ စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။
"လူကြီးမင်း...တခြားကိစ္စတစ်ခုခုများ ရှိသေးလို့လား"
လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"တာယွီအင်ပါယာရဲ့ စစ်တပ်ဥပဒေအရ အရေးပေါ်ကူးပြောင်းရေးဝင်္ကပါတွေကို တော်ဝင်စစ်တပ်က အရာရှိတွေနဲ့စစ်သားတွေကလွဲရင် တော်ဝင်နန်းတော်ကနေ ခွင့်ပြုမိန့်ရထားတဲ့ အထူးသံတမန်တွေပဲ အသုံးပြုနိုင်တယ်...ငါ မင်းကို မေးပါရစေ...မင်းဆီမှာ တော်ဝင်နန်းတော်ကနေ တံဆိပ်တုံးထုထားတဲ့ခွင့်ပြုစာပါလား...ဒါမှမဟုတ် မင်းက တော်ဝင်စစ်တပ်ကအရာရှိတစ်ယောက်လား"
Chapter 1767
လုယွီ၏မေးမြန်းမှုနှင့် ရင်ဆိုင်ရသည့်တိုင် အိမ်တော်ထိန်း၏မျက်နှာပေါ်တွင် မတုန်မလှုပ်အမူအယာရှိနေဆဲပင်။
"ငါ ပြောပြီးသားလေ...ငါက ဗိုလ်ချုပ်ရှဟယ်ရဲ့အိမ်တော်ထိန်းဖြစ်ပြီးတော့ ငါက ဗိုလ်ချုပ်ရှဟယ်အတွက် အလုပ်လုပ်နေတာ...တကယ်လို့ လူကြီးမင်းက ဒီနိမ့်ပါးတဲ့သူကို ပြဿနာရှာချင်တယ်ဆိုရင် ငါ့မှာ ဘာမှပြောစရာမရှိဘူး"
အိမ်တော်ထိန်းက ခနဲ့တဲ့တဲ့ ဆက်လက်ပြောဆိုသည်။
"ဒါက ဒီကျွန်တွေအားလုံးကို ဗိုလ်ချုပ်ရှဟယ်ဆီကို အမြန်ဆုံးပို့ပေးဖို့လိုအပ်လို့ပါ...တကယ်လို့ မင်းက ဗိုလ်ချုပ်ရှဟယ်ရဲ့ကိစ္စတွေကို နှောင့်နှေးစေမယ်ဆိုရင် မင်းအတွက် ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး"
သူသည် အလွန်ရိုင်းပျပြီး လုယွီကို အနည်းငယ်မျှပင်ဂရုစိုက်ပုံမရချေ။
"မင်းက ငါ့ကိုခြိမ်းခြောက်ဝံ့တာလား"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူသည် အနီးရှိစစ်သားတစ်ယောက်ထံမှ ဓားရှည်တစ်လက်ကိုဆွဲထုတ်ပြီး အိမ်တော်ထိန်းထံ ပစ်လွှက်လိုက်၏။
ဒုတ်..
ဓားရှည်၏ဓားသွားက အိမ်တော်ထိန်း၏ပေါင်သို့ စိုက်ဝင်သွားသည်။အိမ်တော်ထိန်းသည် တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားကျလာသည်။သူက စူးရှနာကျင်စွာ အော်ဟစ်နေလေ၏။
"အိမ်တော်ထိန်း"
မှော်လက်နက်များကိုကိုင်ဆောင်ထားသော တချို့အစေခံများသည် တုန်လှုပ်ချောက်ချားစွာဖြင့် တရကြမ်းပြေးလာကြသည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။
"ဘယ်ကောင် လှုပ်ရဲလဲ"
အစေခံများအားလုံး နေရာမှာပင် ကြက်သေသေနေပြီး ရှေ့သို့တိုးမလာဝံ့ကြတော့ချေ။
"အား အား အား....သောက်ပြဿနာကောင်...တကယ်လို့ မင်း ငါ့ကို ထပ်ပြီးတိုက်ခိုက်ဝံ့ရင် မင်းလည်းပဲသေပြီသာမှတ်"
အိမ်တော်ထိန်းသည် သူ၏ပေါင်ကို သူ့လက်နှစ်ဖြက်ဖြင့်ဆုပ်ကိုင်ထားပြီး ရူးသွပ်လုမခမ်း အော်ဟစ်လိုက်၏။
သူသည် တာအိုပထမဆင့်တွင်သာရှိသေးသော ကျင့်ကြံသူဖြစ်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အကာအကွယ်ချီအလွှာသည် လုယွီ၏သာမာန်ကာလျှံကာဓားချက်ကို ခံနိုင်ရည်စွမ်းမရှိချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် အိမ်တော်ထိန်းသည် ရိုင်းပျစွာကျိန်ဆဲနေဆဲဖြစ်ပြီး လုယွီကို မျက်လုံးထဲပင်ထည့်ပုံမရပေ။
လုယွီသည် သူနှင့်စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူက ခြေထောက်တစ်ဖက်ကိုဆန့်ထုတ်၍ အိမ်တော်ထိန်း၏အကောင်းပကတိကျန်သော ခြေထောက်တစ်ဖက်ပေါ်သို့နင်းလိုက်၏။သူက အားအနည်းငယ်စိုက်လိုက်ရုံဖြင့် ခရက်ဟူသောအသံနှင့်အတူ အိမ်တော်ထိန်း၏တခြားခြေထောက်တစ်ချောင်းလည်း ကျိုးကြေသွားတော့သည်။
အိမ်တော်ထိန်းက ထပ်မံ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သည်။နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး နောက်ဆုံး၌ သူ၏ပါးစပ်ကို ပိတ်ထားလိုက်တော့၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လုကျင်းရှန့်က လုယွီကို ပျာပျာသလဲသတိပေးသည်။
"အရှင်...ဗိုလ်ချုပ်ရှဟယ်က ရှမိသားစုဝင်တစ်ယောက်ပဲ....ရှမိသားစုမှာ နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှိနေတယ်...ကျွန်တော်တို့ ရန်မစသင့်ဘူး"
နတ်ဘုရားမြင့်မြတ်အမတ်ကြီးသည် မဟာစစ်ရေးအမတ်ကြီးရှစ်ယောက်အနက်မှတစ်ယောက်ဖြစ်ပြီး အလွန်အဆင့်အတန်းမြင့်မားသည်။
နဂါးအစောင့်တပ်မှူးပင်လျှင် ထိုအမတ်ကြီးများနှင့်ရင်ဆိုင်တွေ့ပါက လေးစားမှုတချို့ ပြသရသည်။ထို့ပြင် လုယွီသည် ကြေးအဆင့်နဂါးအစောင့်မျှသာ ရှိသေးပေ၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"လုကျင်းရှန့်...တာယွီရဲ့ဥပဒေအရ အရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို စစ်ရေးကိစ္စမဟုတ်ဘဲ အပိုင်စီးထားရင် ဘယ်လိုပြစ်မှုမျိုးနဲ့ ကျုပ်တို့ အပြစ်ပေးသင့်လဲ"
လုကျင်းရှန့်က ချက်ချင်းပင် တုံ့ပြန်ဖြေဆိုသည်။
"အဓိကကျူးလွန်သူကို ခေါင်းဖြတ်ရပါမယ်"
"ကောင်းပြီလေ...ခင်ဗျား သိသားပဲ...နောက်တစ်ကြိမ်ကျရင် ကျုပ် ခင်ဗျားကို ထပ်မမေးတော့ဘူး"
လုယွီက သူ၏လက်ကိုဆန့်တန်းပြီး အိမ်တော်ထိန်း၏ခေါင်းပေါ်သို့ တင်လိုက်၏။
အိမ်တော်ထိန်းသည် မည်မျှပင်မောက်မာရိုင်းစိုင်းပြီး အာဏာပြတက်သူဖြစ်နေပါစေ ဤအချိန်အခိုက်အတန့်တွင် သူ့အတွက်အခြေအနေမကောင်းသည်ကို သိရှိသည်။
သူက စတင်၍ အသံကုန်အော်ဟစ်နေလေသည်။
"ငါ့ကိုမသတ်ပါနဲ့...ငါ ဘယ်သူလဲဆိုတာ မင်းသိလား...ငါက ဗိုလ်ချုပ်ရှဟယ်ရဲ့လူယုံတော်ပဲ ..ငါက ရှမိသားစုတစ်ယောက်....."
ဘန်း...
အိမ်တော်ထိန်း၏လည်ပင်းသည် ကြီးမားသောအားလှိုင်းကြောင့် ကျိုးသွားတော့သည်။သူ၏မျက်လုံးများသည် ပြူးကျယ်နေပြီး အတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။နောက်ဆုံး၌ သူသည် မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားတော့သည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။အိမ်တော်ထိန်းကိုကူညီရန် ပြေးလာကြသော အစေခံများသည် ဤအချိန်အခိုက်အတန့်တွင် နေရာမှာပင်ရပ်တန့်လိုက်ကြသည်။
ဗိုလ်ချုပ်ရှဟယ်၏အိမ်တော်ထိန်းကို သတ်ဖြတ်ဝံ့သူရှိမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
ဤလူသည် မည်သူဖြစ်သနည်း။
လုယွီက လုကျင်းရှန့်ကို စောင်းငဲ့၍ကြည့်လိုက်သည်။
"တခြား ဘာဆက်လုပ်ရမယ်ဆိုတာ ခင်ဗျားကို ကျုပ် သင်ကြားပေးဖို့လိုသေးလား"
လုကျင်းရှန့်သည်လည်း တုန်လှုပ်ချောက်ချားနေပေ၏။လုယွီသည် အိမ်တော်ထိန်းကို သတ်ဖြတ်လိုက်မည်ဟု သူ အမှန်တကယ်ကိုပင် မျှော်လင့်ထားမိခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက သူသည် ရှမိသားစုဝင်တစ်ယောက်ဟု ပြောဆိုခဲ့သည်။
သို့ရာတွင် ထိုအတွေးများကို သူ၏စိတ်အတွင်း၌သာ သိမ်းဆည်းထားလိုက်၏။
ရှမိသားစုဝင်ဖြစ်သည်ဆိုလျှင်ပင် ဘာတက်နိုင်မည်နည်း...ယခုချိန်၌ လူပင်သေဆုံးသွားပြီဖြစ်ရာ တခြားကိစ္စများမှာ အရေးမပါတော့ချေ။
ယခုလက်ရှိချိန်၌ သူသည် လုယွီ၏နည်းလမ်းအတိုင်း အဆုံးထိဆောင်ရွက်ရန်သာရှိတော့သည်။
"လာကြစမ်း...အရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို အပိုင်စီးထားတဲ့ လူတွေအားလုံးကို မောင်းထုတ်လိုက်...တစ်ယောက်မှမကျန်စေနဲ့"
လုကျင်းရှန့်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
Chapter 1768
လုကျင်းရှန့်သည် အရာရှိများနှင့်စစ်သားများကိုဦးဆောင်၍ ကူးပြောင်းရေးဝင်္ကပါရှေ့၌ ပိတ်ဆို့ထားသော အစောင့်များအားလုံးကို ဒေါသတကြီးဖြင့် မောင်းထုတ်လိုက်၏။
"အရှင်...ရှဟယ်က ရက်စက်ကြမ်းကြုတ်တက်သူတစ်ယောက်ပဲ...သူက ရန်ငြှိုးသေးသေးကိုတောင် တုံ့ပြန်ပြီးလက်စားချေတက်တယ်...အရှင် စစ်စခန်းထဲကိုဝင်တဲ့အချိန်ကျရင် ပိုပြီးသတိထားနေသင့်တယ်"
လုကျင်းရှန့်က လုယွီကို သတိပေးသည်။
သူတို့နှစ်ယောက်လုံးသည် စစ်ဗိုလ်ချုပ်များဖြစ်သော်လည်း သူတို့အုပ်ချုပ်ရသော စစ်အင်အားမှာ ကွဲပြားခြားနားသည်။
လုကျင်းရှန့်သည် ရှေ့ပြေးတပ်မှူးအဆင့်သာရှိပြီး သူ၏လက်အောက်တွင် အများဆုံးအနေဖြင့် စစ်သားသုံးထောင်သာရှိသည်။တာယွီတော်ဝင်စစ်တပ်တွင် သူ့အား အစွမ်းထက်သောစစ်ဗိုလ်ချုပ်တစ်ယောက်ဟု သတ်မှတ်၍မရချေ။
ရှဟယ်၏ကျင့်ကြံဆင့်နယ်ပယ်သည် သူနှင့်အတူ လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သော်လည်း သူသည် စစ်သားအင်အားသုံးသိန်းကို ထိန်းချုပ်ရပြီး မဟာစစ်ဗိုလ်ချုပ်ရာထူးကို ခန့်အပ်ခံထားရသည်။လုကျင်းရှန့်သည် ရှဟယ်နှင့်အဆင့်တူဟု သတ်မှတ်၍မရချေ။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။
"ကျုပ် ခင်ဗျားကို တစ်ခုမေးမယ်...တာယွီတော်ဝင်စစ်တပ်မှာ ရှမိသားစုက အာဏာအကြီးဆုံးလား ဒါမှမဟုတ် ဧကရာဇ်မင်းက အာဏာအကြီးဆုံးလား"
လုကျင်းရှန့်က တွေးတောခြင်းပင်မရှိဘဲ ချက်ချင်းပင် တုံ့ပြန်ပြောဆိုသည်။
"အမှန်တော့ ဧကရာဇ်မင်းက အာဏာအကြီးဆုံးပါ"
"ဒါဆိုရင် ခင်ဗျားက ရှမိသားစုရဲ့အစေခံတစ်ယောက်ကို ဘာလို့ကြောက်နေတာလဲ...သူက စစ်ရေးကိစ္စလုပ်ဆောင်နေတာမဟုတ်တဲ့အပြင် စစ်သားတစ်ယောက်တောင်မဟုတ်ဘူး ..ဒါတောင်မှ သူက အရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို အပိုင်စီးထားဝံ့တယ်...ကျုပ်က သူ့ကို တာယွီအင်ပါယာရဲ့ဥပဒေအတိုင်း သတ်လိုက်တာ...တကယ်လို့ ရှဟယ်ဖြစ်နေရင်တောင် သူက ကျုပ်ကို ဘာလုပ်နိုင်မှာလဲ"
ထိုစကားကိုကြားပြီးနောက် လုကျင်းရှန့်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပေ၏။အချိန်တခဏကြာမှသာ သူက အသိစိတ်ပြန်ဝင်လာခဲ့သည်။
"ဖြစ်နိုင်တာတော့ ဒါက နဂါးအစောင့်တွေနဲ့သာမာန်လူတွေကြားက ကွဲပြားခြားနားချက်ပဲ"
လုကျင်းရှန့်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူတို့စစ်တပ်သည် မကြာမီမှာပင် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ရောက်ခဲ့လေ၏။ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့သည် အရေးပေါ်ကူးပြောင်းရေးဝင်္ကပါမှတဆင့် ထွက်ခွာခဲ့တော့သည်။
လုယွီ မျှော်လင့်ထားသကဲ့သို့ပင် သာမာန်ကူးပြောင်းရေးဝင်္ကပါကို စောင့်ကြည့်နေသော လူအမြောက်အများရှိသည်။ထိုလူများသည် ရှကွေ့ကျုံးစေလွှက်ထားသော သူလျှိုများ ဖြစ်နိုင်ပေ၏။သို့ရာတွင် အရေးပေါ်ကူးပြောင်းရေးဝင်္ကပါကိုမူ တစ်ဦးတစ်ယောက်မျှ စောင့်ကြည့်နေခြင်းမရှိချေ။
ဤနည်းလမ်းဖြင့် လုယွီသည် ရှေးဟောင်းဖုန်မှုန့်ကြယ်မှနေ၍ အောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီး ရှေ့ပြေးတပ်၏စစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပါက မြောက်မြားစွာသော ကြယ်နယ်မြေများကြားတွင် ရာနှင့်ချီသောစစ်သင်္ဘောကြီးများကို ရပ်တန့်ထားသည်။ဤသည်က အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။
စစ်သင်္ဘောတစ်စီးစီ၏မျက်နှာပြင်ကို မြောက်ပိုင်းနက်နဲသိမ်မွေ့သံနက်ဖြင့် ဖုံးအုပ်ထားပြီး မရေမတွက်နိုင်သောစစ်သားများက ပတ်ဝန်းကျင်နေရာအနှံ့ ကင်းလှည့်နေသည်။အလံများကလည်း လေထုအတွင်း၌ တဖျပ်ဖျပ်လူးလွန့်နေပေရာ အလွမ်ပင်မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှ၏။
"တော်ဝင်နန်းတော်က တကယ့်ကို စစ်အင်အားအများကြီးစေလွှက်ထားတာပါလား...ခင်ဗျားတို့ ဒီနေရာကိုရောက်လာတာ လေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်ဖို့ပဲလား"
စစ်စခန်း၏အခြေအနေကိုမြင်ချိန်တွင် လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။
အကယ်၍ လုယွီကသာ ယခုမှအိမ်ကထွက်လာသော ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်နေပါက သူ့ရှေ့ရှိမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသည်ဟု ခံစားရရုံမှလွဲပြီး တခြားအတွေးရှိမည်မဟုတ်ချေ။
သို့ရာတွင် လုယွီထံ၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များရှိနေသဖြင့် တာယွီအင်ပါယာမှ စစ်စခန်းများ၏ခင်းကျင်းပုံကို ကောင်းစွာသိရှိထားသည်။
ဤစစ်စခန်း၏အရွယ်အစားသည် အနည်းဆုံးစစ်သားအင်အား တစ်သန်းခန့်ရှိပြီး စစ်စခန်း၌ရှိနေသော စစ်သင်္ဘောကြီးများသည် တော်ဝင်စစ်တပ်၏သိုလှောင်ရုံအတွင်းမှ ထိပ်တန်းအဆင့်စစ်သင်္ဘောကြီးများဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုစစ်သင်္ဘောကြီးများတွင် လွှင့်ထူထားသော အလံများပေါ်တွင် 'ရှားဟို'ဟူသော သွေးနီရောင်စာလုံးနှစ်လုံးကို ရေးထိုးထားပြီး အလွန်အမင်း မျက်စေ့ဖမ်းစားနိုင်သည်။
အကယ်၍ ဤစစ်စခန်းသည် လေဟာနယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်ရန်အတွက်ဆိုပါက နွားရိုင်းသတ်ဓားနှင့် ကြက်ကိုသတ်ခြင်းသာဖြစ်ပေမည်။
လုကျင်းရှန့်က တုံ့ပြန်ပြောဆိုသည်။
"ကောလဟာလတွေအရတော့ ကျွန်တော်တို့စစ်တပ်က လေဟာနယ်ဓားပြတွေကို အလွယ်တကူ အနိုင်ယူနိုင်ပေမယ့် သူတို့ရဲ့နောက်မှာက.... ရှုရာမျိုးနွယ်စုရဲ့ထောက်ပံမှု ရှိနေပုံရတယ်...ပြီးတော့ လေဟာနယ်ဓားပြတွေက အရမ်းကိုအတင့်ရဲလာကြတယ်...သူတို့က တော်ဝင်နန်းတော်ရဲ့အခွန်တွေကိုတောင် ကြားဖြတ်ပြီးလုယူနေကြတယ်...ဒီတစ်ကြိမ်တော့ သူတို့အားလုံးကို လျှပ်ပြက်သလိုအရှိန်မျိုးနဲ့ အမြစ်ပြတ်သုတ်သင်မှရမယ်"
ရှုရာမျိုးနွယ်စုဟု ဆိုသလော...
လုယွီသည် သူ ရွှေမိုးကြိုးဂိုဏ်း၌ လေဟာနယ်ဓားပြယန်ချမ်းနှင့် ရင်ဆိုင်ခဲ့စဥ်က မြင်ကွင်းကို ပြန်အမှတ်ရသွားသည်။
ထိုအချိန်တုန်းက ယန်ချမ်းသည် သူသေဆုံးခါနီးအချိန်အခိုက်အတန့်တွင် ရှုရာမျိုးဆက်သွေးကို အသက်သွင်း၍ လုယွီနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်ခဲ့လေ၏။
"ဒီတစ်ကြိမ်မှာ စစ်တပ်ကိုဦးစီးလာခဲ့တဲ့သူက မိုးကြိုးဝေလဦးရီးတော် ရှားဟိုမိသားစုခေါင်းဆောင် ရှားဟိုလီပဲ"
လုကျင်းရှန့်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုသည်။
"အဲ့ဒီဦးရီးတော်ရဲ့သားက လေဟာနယ်ဓားပြတွေကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားတယ်လို့ ကျွန်တော် ကြားထားတယ်...ဒီတစ်ကြိမ်မှာ ဦးရီးတော်က သူ့ရဲ့သဘောဆန္ဒနဲ့ လေဟာနယ်ဓားပြတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ တောင်းဆိုခဲ့တာ...ဒါပေမယ့် တချို့အမြင်ကျယ်တဲ့လူတွေကတော့ သူ ဒီနေရာကိုရောက်လာတာက သူ့ရဲ့သားအတွက် လက်စားချေချင်လို့ဆိုတာ သိထားကြတယ်"
Chapter 1769
ပင်မစစ်သင်္ဘော...တပ်မှူးခန်းမ...
လုကျင်းရှန့် လမ်းပြခေါ်ဆောင်သွားမှုကြောင့် လုယွီက ဤနေရာသို့ လွယ်လင့်တကူ ဝင်ရောက်နိုင်ခဲ့သည်။
"မင်းတို့က ဦးရီးတော်ကို တွေ့ချင်တာလား...အပြင်မှာ စောင့်နေကြအုံး"
ခန်းမ၏ပြင်ပ၌ စစ်သားအမြောက်အများ စောင့်ကြပ်နေပြီး သူတို့က အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
လုယွီက ထိုအစောင့်များကို တစ်ချက်ကြည့်လိုက်ရာ သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများဖြစ်နေခြင်းကို တွေ့မြင်မိသည်။
ပြင်ပလောကတွင် သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် ဂိုဏ်းတစ်ဂိုဏ်းတွင် အကြီးအကဲ သို့မဟုတ် ဂိုဏ်းခေါင်းဆောင်ဖြစ်ရန်လုံလောက်သော်လည်း ဤနေရာတွင်မူ ကိုယ်ရေးစစ်သားအဆင့်သာရှိသည်။
လုကျင်းရှန့်က ရိုသေလေးစားစွာ ပြောဆိုသည်။
"ဟုတ်ပါတယ်...ကျွန်တော်တို့က အရေးကြီးတဲ့စစ်ရေးကိစ္စတစ်ခုကို သတင်းပို့စရာရှိလို့ ဒီနေရာကိုရောက်လာတာပါ"
ကိုယ်ရေးစစ်သားများသည် နှောင့်နှေးကြန့်ကြာဝံ့ခြင်းမရှိဘဲ ခန်းမအတွင်းသို့ဝင်၍ သတင်းပို့လိုက်ကြသည်။
အချိန်တခဏကြာပြီးနောက် စစ်သားတစ်ယောက် ပြန်ထွက်လာပြီး ပြောဆိုသည်။
"ဦးရီးတော်က မင်းတို့ကို ဝင်ခွင့်ပြုလိုက်တယ်"
လုယွီနှင့်လုကျင်းရှန့်တို့ အတွင်းသို့ဝင်လိုက်သည်နှင့် အလွန်ကျယ်ဝန်းသောခန်းမတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ခန်းမကြီးအတွင်း၌ မြောက်များစွာသောမှော်ရတနာများနှင့်လက်နက်များကို ခင်းကျင်းပြသထားလေ၏။
ခန်းမ၏အလယ်ဗဟို၌ 'သတ်'ဟူသော စာလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားသည်။ထိုစာလုံးကို နဂါးနှင့်ဖီးနစ်ဌက်များကခုန်နေသကဲ့သို့ စုတ်ချက်မျိုးဖြင့် စာရွက်ကိုပင် ထွင်းဖောက်သွားလုမတက် အားအင်ပြည့်ဝစွာဖြင့် ရေးဆွဲထားသည်။
ပလ္လင်ပေါ်၌ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ထိုင်နေပြီး သူ၏မျက်နှာသည် ကျောက်ဆစ်ရုပ်တစ်ရုပ်ကဲ့သို့ အေးစက်တင်းမာနေပေ၏။
လုယွီနှင့်လုကျင်းရှန့်တို့ဝင်လာသည်ကိုမြင်ချိန်တွင် လူလတ်ပိုင်းကြီး၏မျက်လုံးမှ အေးစက်စက်အလင်းရောင်များကို ထုတ်လွှက်လိုက်သည်။
"မင်းတို့ဆီမှာ အရေးကြီးတဲ့စစ်ရေးကိစ္စ သတင်းပို့စရာရှိတယ်ဆို...ပြောပါအုံး"
လူလတ်ပိုင်းကြီး၏အသံသည် ဒေါသသံမပါဝင်ဘဲ ညင်သာစွာမေးခွန်းထုတ်ခြင်းဖြစ်သော်လည်း အကန့်အသတ်မရှိသောသော ခမ်းနားကြီးကျယ်သည့်အရှိန်အဝါများ ရောယှက်နေပြီး လူအများကို အလွန်အမင်းဖိနှိပ်နိုင်သော ခံစားချက်မျိုးပေးစွမ်းနေသည်။
"ရှေ့ပြေးတပ်မှူးလုကျင်းရှန့်က ဦးရီးတော်ကို ဂါရဝပြုပါတယ်"
လုကျင်းရှန့်က အရိုအသေပြုလိုက်၏။
လုယွီသည် စိတ်နှလုံးသားအတွင်းမှနေ၍ အံ့အားသင့်တုန်လှုပ်နေမိသည်။ဦးရီးတော်ဆိုသူသည် ရွှယ်အင်မော်တယ် သို့မဟုတ် ရွှယ်အင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်ကြောင်း ချက်ချင်းပင် သူ သိရှိလိုက်ရ၏။
"ကျွန်တော် ရှောင်ယန်းက ဦးရီးတော်ကို ဂါရဝပြုပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုလိုက်သည်။
ရှားဟိုလီသည် လုကျင်းရှန့်အား တစ်ချက်သာကြည့်ပြီး သူ၏မျက်လုံးအကြည့်က လုယွီထံသို့ အခိုင်အမာကျရောက်လာသည်။
"မင်းက ငါတို့စစ်တပ်ကလူ မဟုတ်ပါဘူး"
လုယွီက ပြောဆိုသည်။
"ကျွန်တော်က လေဟာနယ်ဓားပြတွေ ပုန်းအောင်းနေတဲ့နေရာကိုသိတယ်...ဒါဆို လုံလောက်ပြီမလား...ကျွန်တော်က ဦးရီးတော်ရဲ့စစ်တပ်ကလူမဟုတ်လို့ဆိုတဲ့အချက်နဲ့တော့... ဦးရီးတော်က ကျွန်တော်ကို မောင်းမထုတ်လောက်ပါဘူး"
လေဟာနယ်ဓားပြများပုန်းအောင်းနေသောနေရာဟု ကြားသည်နှင့် ရှားဟိုလီ၏မျက်လုံးများ တောက်ပသွားပေ၏။
"လေဟာနယ်ဓားပြတွေ ဘယ်နေရာမှာပုန်းအောင်းနေတာလဲဆိုတာ မင်း တကယ်သိနေတာလား"
ရှားဟိုလီ၏အသံ၌ သံသယအရိပ်အယောင်များ ရောယှက်နေသည်။
ထိုအချိန်မှာပင် ခန်းမပြင်ပမှနေ၍ ကိုယ်ရေးစစ်သားတစ်ယောက်ဝင်လာပြီး အနောက်ပိုင်းစစ်တပ်၏စစ်ဗိုလ်ချုပ် ရှဟယ်မှ တွေ့ခွင့်တောင်းကြောင်း သတင်းလာပို့သည်။
ထိုနာမည်ကိုကြားသည်နှင့် လုယွီနှင့်လုကျင်းရှန့်တို့နှစ်ယောက် အနည်းငယ်ကြက်သေသေသွားပေ၏။
မည်ကဲ့သို့ တိုက်ဆိုင်မှုမျိုး ဖြစ်သနည်း...
ရှားဟိုလီက ပြောဆိုသည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်"
မကြာမီမှာပင် လေးလံသောစစ်ဖိနပ်သံများ ထွက်ပေါ်လာသည်။ခန်းမတံခါးမှနေ၍ အနက်ရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက် ဝင်ရောက်လာလေ၏။သူသည် လုယွီတို့နှစ်ယောက်ကို စောင်းငဲ့ကြည့်ခြင်းပင်မရှိဘဲ ရှားဟိုလီထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားသည်။
"ဦးရီးတော်...ကျွန်တော်ရဲ့ကင်းထောက်တွေက လေဟာနယ်ဓားပြတွေရဲ့အသိုက်ကို တွေ့ရှိခဲ့ပြီးပြီ...အခုချိန်က ကျွန်တော်တို့တိုက်ခိုက်ဖို့အတွက် အချိန်ကောင်းပဲ"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
သူသည် ဗိုလ်ချုပ်ရှဟယ်ပင်။
ရှဟယ်၏ပစ်မှတ်သည် လုယွီမဟုတ်ချေ။သူ၏အိမ်တော်ထိန်းကို လုယွီ သတ်ခဲ့ကြောင်း သူ မသိသေးသည်လည်း ဖြစ်နိုင်ပေ၏။
ဝှစ်...
ရှဟယ်က မြေပုံစာလိပ်တစ်ခုကိုဖြည်ချ၍ ရှားဟိုလီ၏ရှေ့ရှိ စားပွဲပေါ်၌တင်လိုက်သည်။ထို့နောက်သူသည် နေရာတစ်နေရာကို သူ၏လက်ညှိုးကိုထောက်ပြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဒီနေရာက အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပဲ...အဲ့ဒီကြယ်နယ်မြေပေါ်မှာ မိုင်းတွင်းတစ်တွင်းရှိတယ်...အရင်တုန်းကတော့ အဲ့ဒါက စိတ်ဝိညာဥ်မိုင်းတွင်းတစ်တွင်း ဖြစ်ခဲ့ပေမယ့်...အခုချိန်မှာတော့ လေဟာနယ်ဓားပြတွေ အသုံးပြုနေတယ်...တကယ်လို့ ကျွန်တော်တို့က အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့ သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်လိမ့်မယ်"
စကားဆုံးသည်နှင့် ရှဟယ်သည် သူ ပြင်ဆင်လာသော စာလွှာတစ်စောင်ကို ရှားဟိုလီထံ တင်ပြလေသည်။
ရှားဟိုလီသည် စာလွှာကိုယူ၍ စစ်ဆေးလိုက်ရာ သတင်းအချက်အလက်တချို့ ပါဝင်နေသည်ကို တွေ့မြင်လိုက်၏။
ကင်းထောက်များထံမှ စာလွှာများအားလုံးတွင် သူတို့ မြင်ခဲ့သမျှ ကြားခဲ့သမျှကို ရေးသားဖော်ပြထားခဲ့သည်။ကင်းထောက်များ၏အမြင်အရ ထိုကြယ်နယ်မြေသည် လေဟာနယ်ဓားပြများ ပုန်းခိုနေသောနေရာဖြစ်ရန် ဖြစ်နိုင်ချေလွန်စွာမြင့်မားသည်။
"ဗိုလ်ချုပ်ရှရောက်လာတာ အချိန်ကောင်းပဲ...ဒါပေမယ့် ခုဏလေးကတင် လုကျင်းရှန့်ကလည်းလေဟာနယ်ဓားပြတွေ ပုန်းအောင်းနေတဲ့နေရာကို သိတယ်ဆိုတဲ့လူတစ်ယောက်ကို ငါ့ဆီ ခေါ်လာခဲ့တယ်"
ရှားဟိုလီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
Chapter 1770
အမ်...
ထိုအချိန်ကျမှသာ ရှဟယ်က လုယွီနှင့်လုကျင်းရှန့်ကို သတိပြုမိသွားသည်။
ရှဟယ်သည် လုကျင်းရှန့်ကိုမြင်သည်နှင့် သရော်တော်တော် ပြောဆိုလိုက်၏။
"လုကျင်းရှန့်...မင်းကို ရှေ့ပြေးတပ်မှူးအဖြစ်နဲ့ ရာထူးချခံထားရတာတောင် ဒီကိုလာပြီး ပေါက်ကရစကားတွေ ပြောနိုင်သေးတာလား...လေဟာနယ်ဓားပြတွေရဲ့အသိုက်လိုမျိုး လျှို့ဝှက်ကိစ္စမျိုးကို မင်းက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ...ဒီနေရာက ထွက်သွားစမ်း မဟုတ်ရင် စစ်ရေးသတင်းအမှားတွေကို ဖြန့်ချီတဲ့အမှုနဲ့ ငါ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်"
လုကျင်းရှန့်သည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများ ကျွမ်းလောင်နေသည်။
လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်ဖြစ်သော လုကျင်းရှန့်သည် ရှေ့ပြေးတပ်မှူးအဆင့်တွင် ရှိနေရမည့်လူစားမျိုးမဟုတ်ချေ။
လုကျင်းရှန့်သည် မူလက အနောက်ပိုင်းစစ်တပ်၏တပ်မှူးတစ်ယောက်ဖြစ်ပြီး စစ်သားလေးသောင်းကို အုပ်ချုပ်ရသည်။
ကံအကြောင်းမလှစွာဖြင့် သူသည် ရှဟယ်အနီးရှိ လူယုံတစ်ယောက်၏ တက်လမ်းကို ပိတ်ခဲ့မိသဖြင့် သူ့အား ရှဟယ်မှ သာမာန်ကာလျှံကာ အပြစ်တစ်ခုကိုရှာဖွေကာ ရှေ့ပြေးတပ်မှူးအဖြစ် ရာထူးချခံရသည်။
ရှေ့ပြေးတပ်မှူးဟူသည်မှာ နာမည်နှင့်လိုက်ဖက်စွာ ရှေ့ဆုံးမှနေ၍ ရန်သူကိုတိုက်ခိုက်ရသည်။ထိုရာထူးသည် အသက်အန္တရာယ်အရှိဆုံးနေရာဖြစ်ပြီး အလွန်အန္တရာယ်များလှ၏။
ရှဟယ်သည် လုကျင်းရှန့်ကို ထိုရာထူးတွင်နေရာချထားရသည့် အကြောင်းအရင်းမှာ လုကျင်းရှန့် အလျှင်အမြန်သေဆုံးသွားပြီး သူ၏သစ္စာရှိလူယုံများကို ဆက်လက်၍နေရာချထားပေးရန် မျှော်လင့်ထားခြင်းကြောင့်ပင်။
လုကျင်းရှန့်သည် ဖြောင့်မတ်ပြီး မည်သည့်မရိုးမဖြောင့်သည့်ကိစ္စကိုမျှ လုပ်ဆောင်ခြင်းမရှိချေ။
သူသည် ရှဟယ်ကို ရန်စစော်ကားခြင်းမပြုမိစေရန်လည်း သတိထား၍နေခဲ့သည်။သို့ရာတွင် သူသည် ရှဟယ်၏အစီအစဥ်များကို ဟန့်တားလိုက်ခြင်းတစ်ခုတည်းဖြင့် ဤကဲ့သို့ရာထူးချခြင်း ခံလိုက်ရ၏။
ကူကယ်ရာမဲ့အဖြစ်ဆုံးအချက်မှာ သူ၏မိသားစုအတွင်း၌ သူတစ်ယောက်တည်းသာအရာရှိဖြစ်ပြီး သူ၏နောက်ခံမိသားစုအင်အားမှာ တောင့်တင်းခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ရှဟယ်သည် နာမည်ကျော်ကြားသော ရှမိသားစုဝင်ဖြစ်သည်။
သူတို့နှစ်ယောက်ကြားရှိကွာဟချက်သည် အလွန်ကြီးမားလှ၏။
"မဟာစစ်ဗိုလ်ချုပ်...ဒီသတင်းကို ပေးမယ့်လူက ကျွန်တော်မဟုတ်ပါဘူး...ရှောင်ယန်းပါ"
လုကျင်းရှန့်က သူ၏ဒေါသများကိုမျိုသိပ်ပြီး ပြောဆိုသည်။
သို့ရာတွင် ရှဟယ်သည် လုကျင်းရှန့်၏စကားကို အာရုံစိုက်ခြင်းမရှိဘဲ ဒေါသတကြီးအော်ငေါက်လိုက်၏။
"မင်း ဒီကောင်စုတ်လေးကို ဘယ်နေရာကရှာလာတာလဲ...ဒါက စစ်ရေးကိစ္စတွေဆွေးနွေးတဲ့ အရေးကြီးတဲ့နေရာ...မင်းတို့ ပေါက်ကရစကားတွေပြောလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး...လာကြစမ်း...သူတို့ကို ဆွဲထုတ်သွားကြစမ်း"
ပြင်ပမှနေ၍ စစ်သားအမြောက်အများပြေးဝင်လာပြီး လုယွီနှင့်လုကျင်းရှန့်တို့ကို ဆွဲထုတ်သွားရန် ဟန်ပြင်လေသည်။
ထိုအချိန်မှာပင် လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဦးရီးတော်ရဲ့ စစ်တပ်ကိုစီမံခန့်ခွဲတဲ့နည်းလမ်းကတော့...ကျွန်တော့်ကို တကယ်ကိုပဲ မျက်စိပွင့်နားပွင့် ဖြစ်စေပါတယ်"
ဘာ...
ရှဟယ်က ဒေါသတကြီး အော်ငေါက်လိုက်၏။
"သောက်ကျိုးနည်း...ကောင်စုတ်လေး...မင်းက ဒီနေရာမှာလာပြီး ရိုင်းပျတဲ့စကားတွေ ပြောဝံ့တယ်ပေါ့လေ...ငါ မင်းကိုမသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
သူက လက်ကိုဝှေ့ယမ်း၍ ခန်းမအတွင်းသို့ဝင်ရောက်လာသော စစ်သားများကို လက်ညှိုးငေါက်ငေါက်ထိုး၍ အမိန့်ပေးလေသည်။
"မင်းတို့အားလုံး ရူးနေကြတာလား...ခုချက်ချင်း ဒီကောင်လေးကို အပြင်ဆွဲထုတ်သွားပြီး ရိုက်သတ်လိုက်ကြစမ်း"
"ခဏနေဦး"
ထိုအချိန်မှာပင် ပလ္လင်ပေါ်၌ထိုင်နေသော ရှားဟိုလီက ရုတ်တရက် ပြောဆိုလိုက်သည်။သူ စကားပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဖိအားအရှိန်အဝါများနှင့် ပြည့်နှက်သွားပေရာ ခန်းမအတွင်းသို့ဝင်လာသော စစ်သားများအားလုံး မလှုပ်ရှားဝံ့တော့ချေ။
ရှားဟိုလီက လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး ပြောဆိုလိုက်၏။
"မင်း ဘာကို ဆိုလိုချင်တာလဲ"
တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါနှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီ၏အသံက တည်ငြိမ်နေသည်။
"ခေါင်းဆောင်တပ်မှူးက ဒီနေရာမှာရှိနေတယ်....ဒါပေမယ့် သူ့ရဲ့လက်အောက်က စစ်ဗိုလ်ချုပ်က ကြားဝင်စွက်ဖက်ပြီး အမိန့်တွေပေးနေတယ်...ကျွန်တော်က ဒီနေရာမှာ လူသစ်တစ်ယောက်ဆိုပေမယ့် ဒီနေရာမှာ ဦးရီးတော်ရှိနေမှတော့ မဟာစစ်ဗိုလ်ချုပ်က နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်သူတော့ မဟုတ်လောက်ပါဘူးနော်"
ရှဟယ်၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူက ဒေါသတကြီး အော်ငေါက်လိုက်၏။
"ကောင်စုတ်လေး...မင်းက သွေးထိုးပေးဝံ့တယ်ပေါ့လေ...မင်းက သေချင်နေတာပဲ"
ဘုန်း...
ရှဟယ်၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေပေ၏။
"တော်သင့်ပြီ"
ရှဟယ်၏ဖိအားအရှိန်အဝါ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ရှားဟိုလီ၏ဒေါသတကြီး အော်ငေါက်သံထွက်ပေါ်လာပြီး ထိုအရှိန်အဝါကို ပျက်ပြယ်သွားစေသည်။
"မင်းက လေဟာနယ်ဓားပြတွေရဲ့အသိုက်နေရာကို သိတယ်ဆိုမှတော့...အဲ့ဒါက ဘယ်နေရာမှာလဲ"
ရှားဟိုလီက ပြောဆိုသည်။
လုယွီက ရှဟယ်ကိုစောင်းငဲ့ကြည့်ပြီး ပြောဆိုလိုက်၏။
"ဦးရီးတော်...ဒီလိုလျှို့ဝှက်ချက်မျိုးကို တခြားသူတွေမသိတာ ပိုကောင်းလိမ့်မယ်"
ရှားဟိုလီက သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလေသည်။
"ရှဟယ်...မင်း အရင်ထွက်သွားလိုက်တော့"
ရှားဟိုလီ ရှိနေခြင်းကြောင့် ရှဟယ်သည် မဆင်မခြင်မလုပ်ဝံ့ချေ။သို့ရာတွင် သူ လုယွီကိုကြည့်သော အကြည့်အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် ရှဟယ်၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဂရုစိုက်ခြင်းမရှိပေ။သူတို့နှစ်ယောက်လုံးသည် အစပထမကတည်းက ရန်သူများဖြစ်နေသဖြင့် သူသည် တစ်ဖက်လူ၏မျက်နှာအမူအယာကို ခန့်မှန်းနေရန်မလိုအပ်ပေ။