← Chapters

အခန်း (၁၇၇၆-၁၇၈၀)

Vol. 92 Ch. 1776-1780

အခန်း (၁၇၇၆-၁၇၈၀)

Vol. 92 Ch. 1776-1780

Chapter 1776

လုယွီ ပြောဆိုထားသကဲ့သို့ပင် အချိန်တခဏအကြာ၌ ခုန်းလောင်စန်းက ပြန်လည်နိုးထလာသည်။

သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ခုန်းလောင်စန်းက သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများသည် မြစ်ပြင်အလားစီးဆင်းနေသည်ဟု ခံစားနေရ၏။

"ငါ...ဘာဖြစ်သွားတာလဲ"

ခုန်းလောင်စန်းကိုကြည့်ရသည်မှာ ထိတ်လန့်တုန်လှုပ်နေပုံရသည်။

ထိုအချိန်မှာပင် လုယွီ၏အသံက ခုန်းလောင်စန်း၏နားအတွင်းသို့ ပဲ့တင်ထပ်ဝင်ရောက်လာသည်။

"စိတ်ကိုတည်ငြိမ်အောင်ထား...မင်း အဆင့်ချိုးဖျက်ဖို့ ပြင်ဆင်တော့"

"ဘာလဲ..."

ခုန်းလောင်စန်းသည် အစပထမ၌ ကြောင်အနေပေ၏။သိုက်ဖုန်းက သူ့ထံလျှောက်လှမ်းသွားပြီး သူ၏ခေါင်းနောက်သို့ ခပ်ဆတ်ဆတ်တစ်ချက်ရိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ခုန်းလောင်စန်း သတိပြန်ဝင်လာတော့သည်။

သူသည် မြေပြင်ပေါ်၌ အလျှင်အမြန်ပလ္လင်ခွေထိုင်ပြီး သူ၏ကျင့်ကြံနည်းစနစ်ကိုလှည့်ပတ်၍ ကျင့်ကြံလိုက်၏။

အနီးပတ်ဝန်းကျင်ရှိလူများသည် မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။

ခုန်းလောင်စန်း၏ကျင့်ကြံနည်းစနစ် စတင်၍လည်ပတ်လာသည်နှင့် သူ၏ခေါင်းထက်တွင် မြောက်များစွာသောမှော်စွမ်းအားများ စုဝေးလာပြီး မှိန်ပျပျကျားတစ်ကောင်၏ပုံရိပ်အဖြစ် ဖွဲ့စည်းသွားသည်။

ထိုကျားပုံရိပ်သည် ပါးစပ်ကိုဟ၍ မိုးကောင်းကင်ယံအားမော့ကြည့်ပြီး ဟိန်းဟောက်လိုက်ရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအသံကြီး ထွက်ပေါ်လာပေ၏။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ခုန်းလောင်စန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများ စုဝေးလာပြီး သူ၏နံဘေးပတ်လည်မှ ဖိအားအရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားသည်။

သူ၏နဖူးမှနေ၍ သရဲတစ္ဆေအမျှင်တန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ထိုအရာသည် လေထုအတွင်း၌ အချိန်တခဏကြာ ဝဲပျံနေပြီး နောက်ဆုံး၌ ခုန်းလောင်စန်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပေ၏။

မကြာမီမှာပင် ကျယ်လောင်သောတုန်ခါသံကြီးက ခုန်လောင်စန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ထိုအသံကြီးနှင့်အတူ ခုန်းလောင်စန်း၏အရှိန်အဝါ ပြောင်းလဲလာပြီး ယခင်ထက် ပို၍ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလာ၏။

"ခုန်းလောင်စန်းက စိတ်ဝိညာဥ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ်"

ပတ်ဝန်းကျင်ရှိလူများသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်နေကြသည်။

စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် စစ်တပ်၌ တပ်စုမှူးကဲ့သို့အရာရှိငယ်တစ်ယောက်ဖြစ်ရန် လုံလောက်သည်။

အကယ်၍ ခုန်းလောင်စန်းသည် ဆက်လက်၍ စနစ်တကျကျင့်ကြံပါက နောက်ထပ်လအနည်းငယ်အတွင်းတွင် ယခုထက်တစ်ဆင့်မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

လုယွီသည် ဆေးလုံးတစ်လုံးမျှဖြင့် ခုန်းလောင်စန်းကို အဆင့်ချိုးဖျက်နိုင်ရန် ကူညီပေးခဲ့၏။

"ကျေးဇူး အများကြီးတင်ပါတယ်'

သိုက်ဖုန်းသည် ခုန်းလောင်စန်းကိုဆွဲခေါ်ပြီး လုယွီကို အရိုအသေပြုလိုက်သည်။

ဤသည်က ကြီးမားသောလက်ဆောင်ကြီးတစ်ခုပင်။ကျင့်ကြံသူများအတွက် ကျင့်ကြံဆင့်နယ်ပယ်ချ်ိုးဖျက်နိုင်မှုသည် အလွန်အမင်းအဖိုးတန်သောအရာဖြစ်သည်။

သို့ရာတွင် လုယွီက မျက်မှောင်ကြုတ်ထားလေ၏။

"မင်းကို ငါ တိုက်လိုက်တဲ့ဆေးလုံးက မင်း ကျင့်ကြံဆင့်နယ်ပယ်နှစ်ဆင့်ကို ဆက်တိုက်ချိုးဖျက်နိုင်တဲ့အထိ အထောက်အပံဖြစ်သင့်တယ်...မင်းက ဘယ်လိုကျင့်ကြံနည်းစနစ်မျိုးကို ကျင့်ကြံနေတာလဲ...ငါ့ကိုပြစမ်း"

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

သူ ဤရလဒ်ကို စိတ်ကျေနပ်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

ခုန်းလောင်စန်းသည် ထိုအကြောင်းကို များစွာစဥ်းစားတွေးတောနေခြင်းမရှိချေ။သူက သူ၏ကျင့်ကြံနည်းစနစ်ကို ချက်ချင်းပင် လှည့်ပတ်လိုက်သည်။

သူကျင့်ကြံသည်မှာ လက်သီးနည်းစနစ်တစ်ခုဖြစ်သည်။သူ၏လက်သီးတစ်ချက် လေထုကိုထွင်းဖောက်သွားသည့်အချိန်တိုင်း ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာပေ၏။

သူ၏ခေါင်းထက်၌ မြောက်မြားစွာသောမှော်စွမ်းအင်များစုဝေးလာပြီး နောက်ဆုံး၌ ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်၏ပုံရိပ်အဖြစ် ဖွဲ့စည်းသွားသည်။

သူ၏လက်သီးနည်းစနစ်ကို ပြသလိုက်သည်နှင့် လူတိုင်းက ချီးမွမ်းနေကြသည်။

"မင်းတို့က ဘာ့ကိုချီးမွမ်းနေကြတာလဲ"

ရုတ်တရက် လုယွီ၏အေးစက်စက်အော်ငေါက်သံ ထွက်ပေါ်လာလေရာ ပတ်ဝန်းကျင်ရှိလူများ၏အသံများ တိတ်ဆိတ်သွားသည်။

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"တော်ဝင်နန်းတော်ရဲ့အုပ်ချုပ်မှုအောက်က အရာရှိတွေနဲ့စစ်သားတွေရဲ့ ကျင့်ကြံနည်းစနစ်တွေက ပြင်ပကဂိုဏ်းတွေရဲ့အပြင်စည်းတပည့်တွေကျင့်ကြံတဲ့နည်းစနစ်ထက် နိမ့်ကျမှုမရှိဘူး...မင်းရဲ့အရည်အချင်းက မဆိုးပေမယ့် ဒီကျင့်ကြံနည်းစနစ်က မင်းကိုဆွဲချသလိုဖြစ်နေတယ်...မင်း အဲ့ဒါကို သိရဲ့လား"

ခုန်းလောင်စန်းသည် အချိန်တခဏကြာကြက်သေသေပြီးမှ သူက လေသံယဲ့ယဲ့ဖြင့် ပြောဆိုလေ၏။

"အရှင်...ဒါက ကျွန်တော် ရှာလို့ရသမျှထဲမှာ အကောင်းဆုံးကျင့်ကြံနည်းစနစ်ပါ"

တခြားလူများကလည်း သက်ပြင်းရှိုက်နေကြသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ...စစ်ဘက်ရေးရာဋ္ဌာနက မင်းတို့ကို ဘာကျင့်ကြံနည်းစနစ်မှ မပေးဘူးလား"

ထိုအချိန်မှာပင် သိုက်ဖုန်းက ဝင်ရောက်ပြောဆိုသည်။

"အရှင်...ကျွန်တော်တို့က ယာယီဖွဲ့စည်းထားခံရတဲ့ တပ်စုပါ...ကျွန်တော်တို့ ဒီရောက်လာချိန်မှာ ကျင့်ကြံနည်းစနစ်မပြောနဲ့ သင့်လျော်တဲ့သံချပ်ကာဝတ်စုံတောင်မရဘူး"

"ကျွန်တော်တို့ အကျဥ်းထောင်ထဲက ထွက်လာတဲ့အချိန်မှာ လူပေါင်းထောင်နဲ့ချီပြီးရှိခဲ့တယ်...ဒါပေမယ့် အန္တရာယ်အမျိုးမျိုးကို ဖြတ်ကျော်ပြီးတဲ့နောက် ကျွန်တော်တို့မှာ လူတစ်ရာပဲကျန်တော့တယ်...ကျန်နေတဲ့လူတွေအားလုံးက ရှေ့တန်းမှာအမြှောက်စာအဖြစ်နဲ့ အသုံးချခံရတယ်"

"ပြီးတော့ ကျွန်တော်တို့ရဲ့လစာငွေတွေလည်း ဖြတ်တောက်ခံရတယ်...သံချပ်ကာဝတ်စုံဝယ်ယူဖို့တောင် ကျွန်တော်တို့မှာ ငွေကြေးမရှိဘူး"

Chapter 1777

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်ရှိလူများသည် ကူကယ်ရာမဲ့စွာဖြင့် စကားပင်ပြောဆိုနိုင်ခြင်းမရှိတော့ချေ။

ဤလူများသည် စစ်တပ်အင်အားပြည့်စေရန် အကျဥ်းထောင်မှ ဆွဲထုတ်ခံထားရသော အကျဥ်းသားများသာဖြစ်သည်။သာမာန်စစ်သားများ ရရှိသည့်အဆောင်အယောင်များကိုပင် သူတို့ရရှိခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးဖြင့် ဖယ်ရှားခံရသည်။

သူတို့တွင် သံချပ်ကာဝတ်စုံအပြည့်အစုံမရှိသော်လည်း တိုက်ပွဲတိုင်းတွင် ရှေ့တန်း၌နေရန် ဖိအားပေးစေခိုင်းခံရသည်။ထိုသို့မဟုတ်ပါက သူတို့ကို စစ်စည်းကမ်းအရ အပြစ်ပေးခြင်းခံရ၏။

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

"မင်းတို့က အခြေခံသံချပ်ကာဝတ်စုံနဲ့ထောက်ပံမှုတွေတောင် မရဘူးလား"

သိုက်ဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ဟုတ်ပါတယ်...စစ်ရေးထောက်ပို့အရာရှိက လောဘကြီးပြီးတော့ ကျွန်တော်တို့ရသင့်တဲ့အရာတွေအားလုံးကို အပိုင်စီးထားတယ်....ဒါပေမယ့် သူက ဗိုလ်ချုပ်ရဲ့သစ္စာရှိလူယုံတစ်ယောက်ဖြစ်နေတယ်...ကျွန်တော်တို့က သူနဲ့ ထိပ်တိုက်မရင်ဆိုင်ဝံ့ဘူး"

"မင်းရဲ့လူတွေကိုခေါ်ပြီး ငါနဲ့အတူ စစ်ရေးထောက်ပို့အရာရှိဆီကိုလိုက်ခဲ့စမ်း"

လုယွီ၏မျက်နှာက သုန်မှုန်နေပြီး သူက အသံနက်ကြီးဖြင့် သိုက်ဖုန်းတို့လူစုကို ပြောဆိုသည်။

သိုက်ဖုန်းသည် အစပထမ၌ကြက်သေသေနေပြီးနောက် သူက ပျာပျာသလဲ ပြောဆိုလိုက်၏။

"အရှင်...ဒီကိစ္စကို မဆင်မခြင်မလုပ်သင့်ဘူး...တကယ်လို့ ဗိုလ်ချုပ်က ဒါကိုသိသွားမယ်ဆိုရင် အရှင့်အတွက် ပြဿနာဖြစ်နိုင်တယ်"

လုယွီသည် အဆင့်နိမ့်သောတပ်စုမှူးတစ်ယောက်ဖြစ်သည်။အကယ်၍ သူသည် ဗိုလ်ချုပ်တစ်ယောက်ကို အပြစ်ပြုမိပါက သူ၏အနာဂတ်တွင် အဆုံးသတ်ကောင်းမည်မဟုတ်ချေ။

"ဘယ်လို ဟာသမျိုးလဲ"

လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

"တော်ဝင်နန်းတော်က စစ်သားတိုင်းဟာ ရသင့်တဲ့အထောက်အပံမျိုး ရရှိစေရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသား...စစ်ရေးထောက်ပို့အရာရှိက လောဘတက်ဝံ့မှတော့ သူက စစ်စည်းကမ်းကို ချိုးဖောက်ပြီးသားဖြစ်နေပြီ...သူ့ကို သတ်ပစ်ရင်တောင် ဘာမှအများကြီးဖြစ်လာမှာမဟုတ်ဘူး"

"မင်းတို့ကြောက်နေကြရင်လည်း...ငါ တစ်ယောက်တည်း သွားမယ်"

လုယွီသည် သိုက်ဖုန်းတို့လူစုကိုတစ်ချက်ကြည့်ပြီး သူက စစ်ရေးထောက်ပို့ခန်းမထံသို့ ဦးတည်၍လျှောက်လှမ်းသွားတော့သည်။

သိုက်ဖုန်းက အံ့တင်းတင်းကြိတ်ပြီး သူ၏လူများကိုတစ်ချက်ပြန်ကြည့်ကာ သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ငါတို့လည်း သွားကြစို့"

"အကိုကြီး...ထပ်ပြီးစဥ်းစားပါအုံး"

"အမှန်ပဲ...အဲ့ဒီကောင်လေးရဲ့ဇစ်မြစ်က ထူးဆန်းပေမယ့် သူက တပ်စုမှူးအဆင့်ပဲရှိသေးတာ...တကယ်လို့ ဗိုလ်ချုပ်ကသာ သူ့ကိုဖယ်ရှားချင်ရင်...သူ တခြားတစ်နေရာကို ရောက်သွားမှာပဲ...ကျွန်တော်တို့က သူနဲ့အတူ ရောမပါချင်ဘူး"

သိုက်ဖုန်းက ဒေါသတကြီး အော်ငေါက်လိုက်၏။

"အမြင်ကျဥ်းမြောင်းတဲ့ကောင်တစ်သိုက်ပဲ...တကယ်လို့ ငါတို့ ဒီနေ့နောက်ဆုတ်လိုက်မယ်ဆိုရင် ငါတို့ကို စစ်ရေးထောက်ပို့အရာရှိက အမြဲတမ်းဖိနှိပ်နေအုံးမှာပဲ...ငါတို့မှာ အမြင့်ကိုတက်လှမ်းသွားနိုင်တဲ့နေ့လို့ ဘယ်တော့မှ ရှိတော့မှာမဟုတ်ဘူး"

"သောက်ချေးပဲ ..ငါက ဒီလိုမျိုးဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ ဘဝမျိုးနဲ့တော့ အဆုံးမသတ်ချင်ဘူး...တကယ်လို့ မင်းတို့က ဒီပုံစံအတိုင်း ဆက်ပြီးအသက်ရှင်ချင်တယ်ဆိုလည်း ငါက တားမှာမဟုတ်ဘူး"

……

လုယွီသည် စစ်စခန်းမှထွက်ခွာလာပြီးနောက် သူသည် တိုက်ရိုက်ပြဿနာသွားရှာခြင်း မရှိသေးချေ။ထိုအစား သူသည် သိုလှောင်ရုံသို့သွား၍ စစ်ဆေးလိုက်သည်။

လုယွီသည် သိုက်ဖုန်း၏တစ်ဖက်သက်ပြောစကားကို ယုံကြည်ခြင်းမရှိချေ။သူသည် ပထမဦးဆုံး သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများကို စစ်ဆေးလိုက်၏။ရလဒ်အနေဖြင့် အကျဥ်းသားတပ်စုအတွက် အထောက်အပံပစ္စည်းများသည် စစ်သားများထံသို့ ရောက်ရှိခြင်းမရှိချေ။ထိုအစား ထိုအထောက်ပစ္စည်းများအားလုံးသည် စစ်ရေးထောက်ပို့အရာရှိ၏စာရင်းအတွင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။

ယခင်က စစ်ပွဲများအတွင်း၌ သေဆုံးခဲ့သော အကျဥ်းသားတချို့ရှိသည်။သူတို့သည် ပြစ်မှုကြောင့် အကျဥ်းချခံထားရသူများဖြစ်သည့်တိုင် တိုက်ပွဲအတွင်းတွင်သေဆုံးခဲ့သရွေ့ သင့်တင့်မျှတသောလျော်ကြေးငွေကို ရရှိရပေမည်။

သို့ရာတွင် ထိုလျော်ကြေးငွေများအားလုံးသည်လည်း စစ်ရေးထောက်ပို့အရာရှိ၏လက်အတွင်းသို့ ကျရောက်သွားပေ၏။

လုယွီသည် သိုလှောင်ရုံရှိမှတ်တမ်းစာအုပ်မှ စာမျက်နှာအနည်းငယ်ကိုကြည့်ပြီးနောက် သုန်မှုန်နေသောမျက်နှာဖြင့် ထွက်ခွာခဲ့တော့သည်။

စစ်ရေးထောက်ပို့ခန်းမ....

လုယွီ ခန်းမအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် ရုတ်တရက် သူ့အား စစ်သားနှစ်ယောက်မှ ဟန့်တားထားလေ၏။

"နံပါတ်ငါးတပ်စုရဲ့တပ်စုမှူး ရှောင်ယန်းက...စစ်ရေးထောက်ပို့အရာရှိနဲ့ ဆွေးနွေးစရာတစ်ခုရှိလို့ တွေ့ချင်ပါတယ်"

လုယွီက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။

စစ်သားနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သော်လည်း နံဘေးသို့လမ်းဖယ်ပေးကြခြင်းမရှိချေ။

စစ်သားနှစ်ယောက်အနက်မှတစ်ယောက်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"မင်းက ခုမှရောက်လာတဲ့ လူသစ်လေးဖြစ်မယ်...ဟုတ်တယ်မလား...မင်း ဒီနေရာက စည်းမျဥ်းတွေကို မသိဘူးလား"

လုယွီက အေးစက်စက်အသံဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"ဟုတ်တယ်...ငါက လူသစ်တစ်ယောက်ပဲ...ဘာစည်းမျဥ်းတွေ ရှိလို့လဲ"

စစ်သားနှစ်ယောက်၏မျက်လုံးများအတွင်း၌ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များရှိနေသည်။

"စစ်ရေးထောက်ပို့အရာရှိက နေ့တိုင်း ကိစ္စတွေထောင်နဲ့ချီပြီးကိုင်တွယ်ဖြေရှင်းရပြီးတော့ အရမ်းအလုပ်များတယ်....မင်းလိုလူတစ်ယောက်ကိုတွေ့ဖို့ သူ့ဆီမှာ ဘယ်လိုလုပ်ပြီး အချိန်ရမှာလဲ"

ရုတ်တရက် ထိုစစ်သားက စကားလမ်းကြောင်းပြောင်းလိုက်၏။

"ဒါပေမယ့် မင်းရဲ့စိတ်ရင်းကိုပြသတဲ့ တစ်ခုခု ငါတို့ကိုပေးရင်တော့ မင်းက ငါတို့ရဲ့မိတ်ဆွေဖြစ်သွားပြီ...အဲ့ဒါဆိုရင်တော့ စစ်ရေးထောက်ပို့အရာရှိက သူရဲ့များပြားလှတဲ့ အချိန်ဇယားတွေထဲက တစ်ခုခုကိုဖယ်ထုတ်ပြီး မင်းကို အချိန်ပေးကောင်းပေးနိုင်လိမ့်မယ်"

Chapter 1778

ဤသည်က အမှန်အားဖြင့် လုယွီအား သူတို့ကိုလာဘ်ပေးရန် တောင်းဆိုခြင်းပင်။

လုယွီကလည်း ထိုလူများ၏အတွေးများကို သိရှိပေ၏။

"ဒါက ရုံးချိန်လေ...ငါက စစ်ရေးထောက်ပို့အရာရှိကိုတွေ့ချင်တယ်ဆိုရင် မင်းတို့ကို အကြောင်းကြားဖို့လိုအပ်လို့လား...လမ်းဖယ်ကြစမ်း"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။

သို့ရာတွင် ထိုစစ်သားနှစ်ယောက်သည် လုယွီ၏စကားကို သဘောတူညီပုံမရချေ။

စစ်သားနှစ်ယောက်အနက်မှတစ်ယောက်က လုယွီကို သရော်တော်တော်အမူအယာဖြင်ကြည့်ပြီး ပြောဆိုလေ၏။

"တပ်စုမှူးအဆင့်နဲ့များ...ဒီနေရာကိုလာပြီး ရိုင်းပျနေဝံ့တယ်ပေါ့လေ...ငါတို့ စစ်ရေးထောက်ပို့အရာရှိရဲ့နောက်ခံက ဘယ်သူလဲဆိုတာ မင်း သိလား"

"ဒီနေရာက ထွက်သွားစမ်း...မင်းက တပ်စုမှူးတစ်ယောက်ဖြစ်ရုံနဲ့ မင်းကိုယ်မင်း အရာရှိတစ်ယောက်ဖြစ်ပြီလို့ ထင်နေတာလား...ဟား ဟား ဟား.."

ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဒေါသအငွေ့အသက်များ ဖြတ်ပြေးသွားသည်။

"တော်ဝင်နန်းတွင်းထဲက ကပ်ပါးကောင်တွေကများ...ငါ့ရှေ့ကနေ လမ်းဖယ်ကြစမ်း"

လုယွီသည် သူ၏ဒေါသကို ထပ်မံ၍ထိန်းချုပ်မထားတော့ရန် ဆုံးဖြတ်ပြီး သူ၏ခွန်အားအကုန်အစင်ကို ထုတ်လွှက်လိုက်၏။

ဘုန်း....

လောကီအင်မော်တယ် အလယ်အလတ်ဆင့်ကျင့်ကြံသူတစ်ယောက်၏ဖိအားအရှိန်အဝါက ချက်ချင်းပင် ထိုစစ်သားနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။

စစ်သားနှစ်ယောက်သည် ခုခံရန်ပင် အခွင့်အရေးမရချေ။ဒုန်းခနဲအသံနှစ်သံထွက်ပေါ်လာခြင်းနှင့်အတူ သူတို့နှစ်ယောက်က ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။

"ဒါ...ဒါ...ဒါက လောကီအင်မော်တယ်တစ်ယောက်လား"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူက တပ်စုမှူးအဆင့်ပဲရှိတာလေ...ဘယ်လိုလုပ်ပြီး သူက လောကီအင်မော်တယ်တစ်ယောက် ဖြစ်နေတာလဲ"

စစ်သားနှစ်ယောက်သည် တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။

ထိုလူနှစ်ယောက်ကို လျစ်လျှူရှုပြီး လုယွီက ခန်းမတံခါးကို ကန်ဖွင့်ကာ အတွင်းသို့တန်းတန်းမတ်မတ် ဝင်သွားလေသည်။

စစ်ရေးထောက်ပို့ခန်းမအတွင်းရှိရှေ့မျက်နှာစာတွင် တောက်ပသောရွှေနှင့်ကျောက်စိမ်းများဖြင့် နေရာအနှံ့အလှဆင်ထားရာ အလွန်ခမ်းနားထည်ဝါလှသည်။

လေထုအတွင်း၌ အမွှေးနံသာရနံ့များ ပြင်းထန်သောဝိုင်အရက်နံများနှင့် ပြည့်နှက်နေသည်။

စစ်ရေးထောက်ပို့အရာရှိသည် ဝဖြိုးသောလူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပြီး ယခုချိန်တွင် သူက ထိုင်ခုံတစ်လုံးပေါ်၌ လဲလျောင်းနေသည်။သူ၏လက်မောင်းများဖြင့် လှပချောမောသောမိန်းကလေးတစ်ယောကိုပွေ့ဖက်ထားပြီး သူ၏မျက်နှာပေါ်၌ ရမ္မက်ခိုးဝေသောအပြုံးမျိုး ရှိနေပေ၏။

စစ်ရေးထောက်ပို့အရာရှိ၏ရှေ့၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်။ထိုလူ၏အနက်ရောင်သံချပ်ကာဝတ်စုံပေါ်တွင် ခရမ်းရောင်ပိုးချည်တစ်လွှာခြုံလွှမ်းထားသည်ကိုကြည့်ခြင်းအားဖြင့် သူသည် ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။

ဤအချိန်တွင် ဗိုလ်မှူးကြီး၏မျက်နှာပေါ်၌ တိုက်ပွဲကွင်းပြင်မှာကဲ့သို့ ဂုဏ်သိက္ခာမြင့်မြတ်သောအမူအယာမျိုးရှိမနေချေ။ထိုအစား သူ၏မျက်နှာပေါ်၌ မျက်နှာချိုသွေးနေသော အမူအယာမျိုး ရှိနေလေ၏။

"အရှင်...ကျွန်တော် နောက်ဆုံးတစ်ခေါက် အပြင်ကိုထွက်တုန်းက အမျိုးသမီးကျင့်ကြံသူတချို့ကို တွေ့ခဲ့တယ်...သူတို့ရဲ့ရုပ်ရည်က မဆိုးလှဘူး...အဲ့ဒီအချိန်မှာ ကျွန်တော်က အရှင့်ကို တွေးမိသွားတယ်...ဒီအမျိုးသမီးကျင့်ကြံသူက ဂိုဏ်းတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ...သူကို ဘယ်ယောက်ျားသားကမှ မထိတွေ့ရသေးဘူး...ဒါကြောင့် ကျွန်တော်က အရှင်ဆီကို သီးသန့်လာပြီးပို့ဆောင်တာပါ"

ဗိုလ်မှူးကြီးက အပြုံးနှင့် ပြောဆိုသည်။

စစ်ရေးထောက်ပို့အရာရှိသည် ယခုလက်ရှိချိန်တွင် မွှေးရနံ့များကြား နစ်မြောနေသည်။သူသည် နံဘေးဘက်တွင် မတ်တတ်ရပ်နေသော ဗိုလ်မှူးကြီးကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရဘဲ အပြုံးနှင့်ပြောဆိုလိုက်၏။

"ကျင်းကန်း...ဒီတစ်ကြိမ်မှာ မင်း လုပ်တာကောင်းတယ်...အချိန်ကျလာရင် ငါက အကိုကြီးဆီကို သွားတွေ့ပေးမယ်....အနောက်ပိုင်းစစ်တပ်ရဲ့ရိက္ခာတွေကိုစောင့်ကြပ်တဲ့နေရာမှာ စစ်ဗိုလ်ချုပ်တစ်ယောက်လိုအပ်နေတယ်...မင်း ဒီနှစ်တွေမှာလုပ်ဆောင်ခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေက အဲ့ဒီနေရာအတွက်လုံလောက်နေပြီ...သူက မင်းကို ထောက်ခံပေးလိမ့်မယ်"

ထိုပြောဆိုဆွေးနွေးမှုအပြီးတွင် စစ်ရေးထောက်ပို့အရာရှိက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် မင်း ရိက္ခာတပ်ခွဲကို ပြောင်းရွှေ့ချင်တယ်ဆိုရင်....မင်းက အလုပ်ကြိုးစားဖို့တော့ လိုအပ်လိမ့်မယ်...မင်း သိတဲ့အတိုင်းပဲ...ငါက ရိုးရိုးသားသားနဲ့သန့်သန့်ရှင်းရှင်းနေတဲ့သူဆိုတော့ ငါက ဘာလာဘ်လာဘမှမရဘူး......"

ကျင်းကန်းသည် စစ်ရေးထောက်ပို့အရာရှိ၏ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်လေ၏။

သူက အင်္ကျီလက်မောင်းကြားမှ ငွေလက်မှတ်တစ်စောင်ကိုထုတ်ယူကာ အပြုံးနှင့်လက်ကမ်းပေးလိုက်သည်။

"ဒါက အင်မော်တယ်ကျောက်တုံးသန်း၃၀တန်ငွေလက်မှတ်ပါ...ဒါက ကျွန်တော်ရဲ့ကျေးဇူးတင်မှုကို မပြောပြလောက်တဲ့လက်ဆောင်ငယ်လေးနဲ့ ပြန်ပေးဆပ်တာပါ....ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ"

စစ်ရေးထောက်ပို့အရာရှိသည် ကျင်းကန်း၏လက်အတွင်းမှငွေလက်မှတ်ကိုတစ်ချက်ကြည့်ပြီး နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဟူး...ကောင်းပြီလေ...မင်းက တကယ့်ကိုအလိုက်သိတာပဲ...အချိန်ကျလာရင် ငါ မင်းအတွက် အကိုကြီးရှေ့မှာ စကားကောင်းတချို့ပြောပေးမယ်"

စကားဆုံးသည်နှင့် သူသည် ကျင်းကန်း၏လက်အတွင်းရှိငွေလက်မှတ်ကို ယူဆောင်လိုက်သည်။

အင်မော်တယ်ကျောက်တုံးသန်းသုံးဆယ်သည် ဗိုလ်မှူးကြီးတစ်ယောက်အတွက်ပင် နည်းပါးသောပမာဏမဟုတ်ချေ။

သို့ရာတွင် ရိက္ခာတပ်ခွဲ၏အရာရှိနေရာသည် အမှန်တကယ်ကြွယ်ဝလွယ်သောနေရာဖြစ်သည်။အကယ်၍ သူသာ ထိုနေရာကိုရရှိပါက အင်မော်တယ်ကျောက်တုံးသန်းသုံးဆယ်ဟူသည်မှာ နည်းပါးသောပမာဏဖြစ်သွားလေပြီ။

"ဒီနေရာမှာ တော်ဝင်စစ်တပ်ရဲ့အရာရှိရာထူးနေရာကိုတောင် အရောင်းအဝယ်လုပ်ရဲတဲ့ လူတချို့ရှိနေပါလား...စစ်ရေးထောက်ပို့အရာရှိ ဒါကြောင့် ခင်ဗျားရဲ့လက်အောက်ငယ်သားတွေက တံခါးရဲ့ပြင်ပမှာ စောင့်ကြပ်နေတာလား...ဒါက ခင်ဗျားရဲ့ ထောင်နဲ့ချီပြီးများပြားတဲ့ အလုပ်တွေကိုလုပ်နေတဲ့ပုံစံလား"

Chapter 1779

လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် စစ်ရေးထောက်ပို့အရာရှိနှင့်ဗိုလ်မှူးကြီးကျင်းကန်း၏နံဘေးသို့ လျှောက်လှမ်းသွားကာ ထိုင်ခုံပေါ်၌ ထိုင်ချလိုက်၏။သူသည် သူတို့၏အံ့အားသင့်တုန်လှုပ်နေသော မျက်နှာများကို လျစ်လျှူရှုထားပေ၏။

"မင်း ဘယ်သူလဲ...ဒီနေရာက စစ်တပ်ရဲ့ထောက်ပို့ခန်းမ...ဘယ်သူက မင်းကို ဝင်လာခိုင်းလို့လဲ"

စစ်ရေးထောက်ပို့အရာရှိ စကားပြောဆိုသည့်အချိန်ကို စောင့်ဆိုင်းခြင်းမရှိဘဲ ဗိုလ်မှူးကြီးက လုယွီကိုလက်ညှိုးညွှန်ကာ အော်ငေါက်လိုက်သည်။

"ချက်ချင်းထွက်သွားစမ်း...ဒါက မင်းရှိနေရမယ့်နေရာမျိုးမဟုတ်ဘူး"

လုယွီသည် စစ်ရေးထောက်ပို့အရာရှိ၏လက်အတွင်းရှိငွေလက်မှတ်ကို စောင်းငဲ့ကြည့်ပြီးနောက် သူ၏လက်မောင်းအတွင်း၌ပွေ့ဖက်ထားသော မိန်းကလေးကို ကြည့်လိုက်၏။ထို့နောက် သူက သရော်တော်တော်လေသံဖြင့် ပြောဆိုလေသည်။

"ဒါက တကယ့်ကို ငါ့အတွက် မျက်စိပွင့်နားပွင့်ဖြစ်စေတယ်...အနောက်ပိုင်းစစ်တပ်က အရမ်းအထိန်းအကွပ်မဲ့တယ်ဆိုတဲ့စကားကို ကြားချိန်တုန်းက ငါ မယုံခဲ့ဘူး...ခုကြည့်တော့မှ ဗိုလ်ချုပ်ရှဟယ်ရဲ့လက်အောက်ငယ်သားထဲမှာ မင်းလိုမျိုး အကျင့်ပျက်ခြစားတဲ့ကောင်တွေ ရှိနေတာပဲကိုး"

လုယွီ၏အသံသည် အလွန်အေးဆေးတည်ငြိမ်နေသဖြင့် သူတို့နှစ်ယောက်လုံး ကြက်သေသေသွားသည်။

ဘုန်း...ဘုန်း....ဘုန်း....

ခန်းမ၏ပြင်ပမှနေ၍ ရုတ်တရက် ပြင်းထန်သောစစ်ဖိနပ်သံများ ထွက်ပေါ်လာပေ၏။

"ဘယ်ကောင်က အသတ်ခံချင်လို့ စစ်ရေးထောက်ပို့ခန်းမကိုလာပြီး ပြဿနာရှာနေတာလဲ"

ပြင်ပမှနေ၍ စစ်သားတချို့ ပြေးဝင်လာပြီး လုယွီကို ဝိုင်းရံလိုက်ကြသည်။

ထိုစစ်သားများသည် ဤနေရာသို့ နောက်ပိုင်းမှရောက်ရှိလာကြခြင်းဖြစ်သည်။သူတို့သည် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို သိရှိခြင်းမရှိချေ။သူတို့သည် တစ်စုံတစ်ယောက်က စစ်ရေးထောက်ပို့ခန်းမကို ကျူးကျော်ဝင်ရောက်လာသည်ဟူသော သတင်းကိုရရှိသဖြင့် ဤနေရာသို့ အလျင်စလို ပြေးလာခဲ့ကြခြင်းဖြစ်ပေ၏။

သို့ရာတွင် စစ်ရေးထောက်ပို့အရာရှိ၏မျက်နှာပေါ်၌ မည်သည့်ဒေါသအရိပ်အယောင်မျှရှိမနေဘဲ သူက စိတ်မရှည်ပုံဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလေသည်။

"မင်းတို့ ဘာလာလုပ်ကြတာလဲ...ထွက်သွားကြစမ်း...ငါ့ရဲ့အမိန့်မရဘဲ ဘယ်သူ့ကိုမှ ခန်းမထဲကို ဝင်ခွင့်မရှိဘူး"

ပြင်ပမှအပြေးဝင်လာသော စစ်သားများအားလုံး ကြက်သေသေသွားသည်။သို့ရာတွင် သူတို့၏အထက်အရာရှိမှ ပေးအပ်သောအမိန့်ဖြစ်သဖြင့် သူတို့က စကားတစ်ခွန်းမျှ အထွန့်တက်ဝံ့ခြင်းမရှိချေ။

ထိုစစ်သားများအားလုံး ခန်းမပြင်ပသို့ ထွက်ခွာသွားတော့သည်။

ထို့နောက် စစ်ရေးထောက်ပို့အရာရှိက ဗိုလ်မှူးကြီးကို တစ်ချက်ကြည့်လိုက်၏။

"ကျင်းကန်း...မင်းလည်း ထွက်သွားတော့...ငါ အားတဲ့အချိန်ကျရင် မင်းရဲ့ကိစ္စကို စဥ်းစားထားပေးမယ်"

ဗိုလ်မှူးကြီးက စိတ်ရှုပ်ထွေးနေသည်။စစ်ရေးထောက်ပို့အရာရှိ၏စကားကိုကြားသည်နှင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ ထွက်ခွာခဲ့တော့သည်။သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီ၏အဆင့်အတန်းကို တွေးတောနေမိ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူ ဤနေရာသို့လာခဲ့စဥ်တွင် စစ်ရေးထောက်ပို့အရာရှိ အပိုင်စီးထားသော သူ့တပ်စု၏အထောက်အပံများကို နည်းလမ်းမျိုးစုံဖြင့်ခြိမ်းခြောက်၍ ပြန်လည်တောင်းယူရန် ရည်ရွယ်ထားခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်ရေးထောက်ပို့အရာရှိသည် လုယွီကို အလွန်ယဥ်ကျေးစွာ ဆက်ဆံနေပေ၏။

ကျင်းကန်း ထွက်ခွာသွားချိန်တွင် စစ်ရေးထောက်ပို့အရာရှိက လုယွီဘက်သို့လှည့်၍ အပြုံးနှင့်ပြောဆိုသည်။

"အရာရှိလေး...မင်းက အရှင်ဦးရီးတော်စေလွှက်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား"

လုယွီက စကားတုံ့ပြန်ပြောဆိုသည်ကိုပင် စောင့်ဆိုင်းခြင်းမရှိဘဲ သူက ရယ်မောကာဆက်လက်ပြောဆိုလေ၏။

"အတိတ်မှာတုန်းက အရှင်ဦးရီးတော်ဟာ စစ်သားတွေအများကြီးကို ဦးဆောင်ခဲ့တယ်ဆိုပေမယ့် ဒါတွေအားလုံးက အချိန်တွေကြာညောင်းခဲ့ပြီ...အခုလက်ရှိအခြေအနေက အရင်တုန်းကနဲ့မတူတော့ဘူး...တော်ဝင်နန်းတော်မှာရှိတဲ့လူတိုင်းလိုလို ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတော့တယ်...မင်းရဲ့အသက် ငယ်ရွယ်သေးတော့ အရှင်ဦးရီးတော်ရဲ့သစ္စာရှိလူယုံတစ်ယောက်တော့ မဖြစ်နိုင်ဘူး...ငါ ဆိုလိုချင်တာကို မင်း နားလည်တယ်မလား"

ရှားဟိုလီသည် သူ၏ရာထူးမှအနားယူပြီးနောက် သူ၏စစ်တပ်အခွင့်အာဏာများအားလုံး ဖယ်ရှားခြင်းခံရကာ သူက တော်ဝင်မြို့တော်၌သာ ကျင့်ကြံနေခဲ့သည်။

အကယ်၍ ဤတစ်ကြိမ်တွင် လေဟာနယ်ဓားပြများ ထွက်ပေါ်လာခြင်းကြောင့်သာမဟုတ်ပါက သူ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာမည်မဟုတ်ချေ။

ဦးရီးတော်၏ထိန်းချုပ်ကွပ်ကွဲမှုအောက်ရှိ စစ်တပ်ရှိ တပ်ခွဲတချို့သည် ကြုံရာလူများဖြင့် ယာယီဖွဲ့စည်းထားခြင်းဖြစ်ရာ သူတို့သည် တစ်ဖက်ရန်သူများ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

စစ်ရေးထောက်ပို့အရာရှိသည် ငွေလက်မှတ်ကို လုယွီအား လက်ကမ်းပေး၍ လေသံတိုးတိုးဖြင့် ပြောဆိုလိုက်၏။

"ဒီလောက်ဆိုရင် ဘယ်လိုသဘောရလဲ...မင်း ဘာကိုမှမမြင်ခဲ့ယောင်ဆောင်ပြီး ထွက်သွားလို့ရပြီလား"

စုံစမ်းစစ်ဆေးရေးမှူးများသည် စစ်တပ်အတွင်းရှိ အကျင့်ပျက်ခြစားနေသောကိစ္စများကို စောင့်ကြည့်ရသူများဖြစ်သည်။

ယေဘုယျကျကျပြောဆိုရလျှင် တချို့အရာရှိများသည် စုံစမ်းစစ်ဆေးမှူးများ၏လက်ချက်ဖြင့် သူတို့၏စိတ်ဝိညာဥ်များပျက်စီးပြီး အသက်များလည်းသေဆုံးခဲ့ရသည်။

စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက် ရောက်ရှိလာသည်နှင့် မည်သည့်အရာရှိမဆို သူတို့၏လိပ်ပြာများလွင့်လုမတက် ထိတ်လန့်ကြောက်ရွံကြ၏။

သို့ရာတွင် စစ်ရေးထောက်ပို့အရာရှိကမူ ထိုကိစ္စများကို ဂရုစိုက်ပုံမရချေ။

သူသည် စစ်တပ်အတွင်း၌ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ပြီးသော မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်။ထို့ကြောင့် ယခုကဲ့သို့အခြေအနေမျိုးကို ထိတ်လန့်ကြောက်ရွံခြင်းမရှိသည်မှာ သူ့အတွက် သာမာန်ကိစ္စပင်။

ထို့ပြင် လုယွီသည် ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်ဖြစ်သည်။လုယွီကို သွေးဆောင်ဖြားယောင်းရန်မှာ သူ့အတွက် ခက်ခဲသောကိစ္စဖြစ်လိမ့်မည်မဟုတ်ချေ။

"ဒီငွေလက်မှတ်ကို အရင်ဆုံးယူထားလိုက်...တကယ်လို့ မင်း တောင်းဆိုချင်တာရှိရင်လည်း ငါ့ကိုပြောနိုင်တယ်"

အပြုံးတုတစ်ခုနှင့်အတူ စစ်ရေးထောက်ပို့အရာရှိသည် သူ၏လက်မောင်းကြားရှိမိန်းကလေးကို ဆက်လက်၍ပွေ့ဖက်ထားပြီး လုယွီကို အာရုံစိုက်ခြင်းမရှိတော့ပေ။

လုယွီကလည်း ရယ်မောလိုက်၏။သူ့ရှေ့ရှိလူသည် ဤကိစ္စများလာဘ်ပေးလာဘ်ယူကို နှံစပ်ကျွမ်းကျင်ပုံရသဖြင့် တစ်ဖက်လူအား သုတ်သင်ရှင်းလင်းပစ်ရန်လိုအပ်လာပါက သူ နှစ်ခါပြန်စဥ်းစားမည်မဟုတ်ချေ။

Chapter 1780

"ဒီငွေနည်းနည်းလေးလောက်နဲ့ မင်းက ဘယ်သူ့ကိုလာပြီး အရူးလုပ်နေတာလဲ"

လုယွီ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင်ပြောင်းလဲခြင်းမရှိဘဲ သူက ငွေလက်မှတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်၏။

အင်မော်တယ်ကျောက်တုံးသန်းသုံးဆယ်သည် စစ်ဗိုလ်ချုပ်တစ်ယောက် နှစ်အမြောက်အများတာဝန်ထမ်းဆောင်ပြီးမှရရှိသောလစာငွေနှင့် တူညီသည်။သို့ရာတွင် လုယွီကမူ ထိုပမာဏကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။

စစ်ရေးထောက်ပို့အရာရှိ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက အင်္ကျီလက်မောင်းကြားမှနေ၍ နောက်ထပ်ငွေလက်မှတ်တစ်ခုကို ထုတ်ယူလိုက်သည်။

"ကောင်လေး...မင်း ဘယ်နေရာကနေ သတင်းရလာတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ မင်းကို တစ်ခုပြောထားမယ်...မင်း ငါရဲ့ကိစ္စတွေကို ထပ်ပြီးတူးဆွဖို့ကြိုးစားမယ်ဆိုရင်တော့ မင်းအတွက် မှားယွင်းတဲ့ရွေးချယ်မှုဖြစ်သွားမှာ သေချာတယ်"

"ငါ့ရဲ့နောက်မှာ ဟုန်တပ်ရင်းက ဗိုလ်ချုပ်ဟောင်ရှိနေတယ်...တကယ်လို့ မင်း ငါ့ကို ထိပါးချင်တယ်ဆိုရင်တော့...ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ကြိုစဥ်းစားထားတာ မင်းအတွက် ပိုကောင်းလိမ့်မယ်"

ဤတစ်ကြိမ်တွင် သူ ထုတ်ယူလိုက်သည်မှာ အင်မော်တယ်ကျောက်တုံးတစ်သိန်းတန် ငွေလက်မှတ်ပင်။

စစ်ရေးထောက်ပို့အရာရှိသည် လုယွီကို အထင်သေးနေသည်မှာ သိသာထင်ရှားလှ၏။

လုယွီက ရယ်မောလိုက်သည်။

"ငါက ဘာ စုံစမ်းစစ်ဆေးရေးမှူးမှမဟုတ်ဘူး...မင်းက ငါ့ကို ဘာအဓိပ္ပါယ်နဲ့ ​ငွေလက်မှတ်တွေ လာပေးနေတာလဲ"

လုယွီက အပြုံးနှင့် ပြောဆိုသည်။

ဘာ...

စုံစမ်းစစ်ဆေးရေးမှူးမဟုတ်ဟု ဆိုလိုက်သလော....

စစ်ရေးထောက်ပို့အရာရှိသည် အချိန်တခဏကြာ ကြက်သေသေနေပြီးမှ သူ ပွေ့ဖက်ထားသောမိန်းကလေးကို နံဘေးတစ်ဖက်သို့ တွန်းထုတ်လိုက်၏။သူက မတ်တတ်ထရပ်ပြီး ဒေါသတကြီးအော်ဟစ်လေသည်။

"မင်း ဘယ်သူလဲ"

လုယွီကလည်း မတ်တတ်ထရပ်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"နံပါတ်ငါးတပ်စုရဲ့တပ်စုမှူးအသစ် ငါက မင်းယူထားတဲ့ ငါ့တပ်သားတွေရဲ့လစာတွေ အထောက်အပံတွေနဲ့ ပင်စင်ငွေတွေကိစ္စကို လာမေးတာပဲ...မင်း ငါ့ကို အဲ့ဒါတွေပြန်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်...ငါ မင်းကို အခွင့်အရေး တစ်ခါပဲပေးမယ်"

တပ်စုမှူးတစ်ယောက်ဟု ဆိုသလော...

စစ်ရေးထောက်ပို့အရာရှိက မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်း ငါ့ကို လာပြီးလှည့်စားနေတာလား"

"မင်းကိုလား...ငါက မင်းကိုလှည့်စားစရာ လိုအပ်လို့လား"

လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ တပ်စုမှူးတံဆိပ်ပြားကို ထုတ်ယူ၍ ပြသလိုက်သည်။

တိကျသေချာစွာဖြင့် ဤသည်က တပ်စုမှူးတံဆိပ်ပြားတစ်ခုပင်။

စစ်ရေးထောက်ပို့အရာရှိသည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။

ရုတ်ချည်းဆိုသလိုပင် သူက ဓားရှည်တစ်လက်ကိုဆွဲထုတ်၍ သူ အစောပိုင်းက ပွေ့ဖက်ထားသော လှပချောမောသည့်အမျိုးသမီး၏အသက်ကို အဆုံးသတ်ပေးလိုက်သည်။

"မိန်းမပျက်မ...ငါ ဒီလို ရယ်စရာကောင်းတဲ့အခြေအနေမျိုးရောက်ရတာ မင်းကြောင့်ပဲ"

စစ်ရေးထောက်ပို့အရာရှိ၏မျက်လုံးအတွင်း၌ ရန်လိုစိတ်ပြင်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

အနောက်ပိုင်းစစ်တပ်တွင်ရှိသောစစ်သားများအားလုံးနီးပါး စစ်ရေးထောက်ပို့အရာရှိ၏ဂုဏ်သတင်းကို ကြားဖူးကြသည်။

ဤလူသည် အလွန်အမင်းလောဘကြီးရုံသာမက ရန်လိုစိတ်ပြင်းထန်သောစရိုက်လည်းရှိနေသည်။စစ်တပ်ဖြတ်သန်းသွားသည့် နေရာအမြောက်အများတွင် သူသည် သေမျိုးတချို့နှင့် အဆင့်နိမ့်ကျင့်ကြံသူတချို့ကိုရှာဖွေကာ အပျော်သဘောသတ်ဖြတ်လေ့ရှိသည်။

ထို့နောက် စစ်ရေးထောက်ပို့အရာရှိ၏မျက်လုံးအကြည့်က လုယွီပေါ်သို့ စူးစိုက်၍ကျရောက်လာသည်။

"ကောင်လေး...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီး ငါ့ကိုခြောက်လှန့်ဝံ့တာလဲ"

သူက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံဖွယ် အလင်းတန်းများဖြင့် ပြည့်နှက်နေပေ၏။

"မင်းက ဒီနေရာကိုလာခဲ့တာ ငါ့ဆီကနေတစ်ခုခု တောင်းဆိုဖို့လား...ကောင်းတယ်...ငါ မင်းရဲ့သတ္တိကိုတော့ အရမ်းလေးစားတယ်"

သူက ပြင်ပသို့ သူ၏လက်ညှိုးကိုညွှန်လိုက်သည်။

"ငါတို့ စစ်စခန်းရဲ့အလံတိုင် ဘယ်နားမှာရှိတယ်ဆိုတာ မင်း သိလား...ဒီနေရာကနေပြီး အဲ့ဒီအလံတိုင်ထိကို မင်း ဒူးထောက်ပြီးသွားရမယ်...ပြီးတာနဲ့ ငါရှိနေတဲ့ဘက်ကိုလှည့်ပြီး သုံးကြိမ်အရိုအသေပြုစမ်း...အလံကိုယူလာပြီး ငါ့ဆီကို ဒူးထောက်ရက်သား ပြန်လာရမယ်...ဒီနေရာကိုရောက်တာနဲ့ မင်း တောင်းဆိုထားတဲ့အရာတွေ ငါ မင်းကို ပေးမယ်"

ထို့နောက် စစ်ရေးထောက်ပို့အရာရှိသည် ထိုင်ခုံပေါ်၌ လဲလျောင်းပြီး ဆက်လက်ပြောဆိုသည်။

"ငါ နောင်တမရခင်...မင်း မြန်မြန်လုပ်စမ်း'

ထိုစကားလုံးများသည် အထင်အမြင်သေးခြင်းနှင့်သတ်ဖြတ်လိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။

အကယ်၍ ထိုတပ်စုမှူးသည် သူ၏စကားကိုလိုက်နာခြင်းမရှိပါက ထိုပစ္စည်းများကို ထုတ်ပေးမည်မဟုတ်ရုံသာမက အသက်ကိုပင် ဤနေရာ၌ ထားခဲ့ရပေမည်။

လုယွီက ပြင်ပသို့ တစ်ချက်ကြည့်လိုက်သည်။ဤနေရာနှင့် အလံတိုင်သည် အနည်းဆုံး နှစ်မိုင် သုံးမိုင်ခန့်ကွာဝေးသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအလံတိုင်သို့သာ လမ်းတလျှောက်လုံး ဒူးထောက်သွားပါက စစ်စခန်းတစ်ခုလုံး သိရှိသွားကြပေမည်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ...ငါလည်း မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်"

"ငါက မင်းကို အလံတိုင်ထိဒူးထောက်သွားခိုင်းပြီး စစ်တပ်ရဲ့အလံကို ညစ်ညမ်းခွင့်မပြုနိုင်ဘူး...ငါ့ရှေ့မှာပဲ ဒူးထောက်ပြီး ဒီနှစ်တွေအားလုံးမှာ ငါ့ရဲ့တပ်စုကနေ မင်း အပိုင်စီးထားတဲ့အရာတွေအကုန်လုံး ငါ့ကိုပြန်ပေးလိုက်...ဒါဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

လုယွီက ပြောဆိုလေ၏။

စစ်ရေးထောက်ပို့အရာရှိက ရယ်မောလိုက်သည်။

သူသည် ဗိုလ်ချုပ်တစ်ယောက်၏နောက်ခံဖြင့် အနောက်ပိုင်းစစ်တပ်တွင် သက်တောင့်သက်သာရှိသောဘဝဖြင့် နေထိုင်ခဲ့သူဖြစ်ပြီး မည်သူကမျှ သူ့အားရန်စစော်ကားဝံ့ခြင်းမရှိချေ။

ဤတပ်စုမှူးအသစ်လေးသည် စိတ်မနှံ့သဖြင့် သူ့အားလာ၍ ရန်စစော်ကားနေသလော...

စစ်ရေးထောက်ပို့အရာရှိသည် ဆက်လက်၍ ပြက်ရယ်ပြုစကားများပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းသို့ မြောက်တက်သွားပြီး နောက်သို့လွင့်စင်သွားသည်။

All Chapters