← Chapters

အခန်း (၁၇၈၆-၁၈၉၀)

Vol. 93 Ch. 1786-1790

အခန်း (၁၇၈၆-၁၈၉၀)

Vol. 93 Ch. 1786-1790

Chapter 1786

ဤတာဝန်ကို စာကြောင်းတစ်ကြောင်းဖြင့်သာ ရေးသားထားသော်လည်း ရရှိမည့်တိုက်ပွဲအကျိုးဆောင်ရမှတ်သည် လုယွီကို တပ်စုမှူးမှနေ၍ ဗိုလ်ချုပ်အဆင့်သို့ တိုက်ရိုက်ရာထူးတက်သွားစေရန် လုံလောက်သည်။

ဤတိုက်ပွဲအကျိုးဆောင်ရမှတ်များကို ဟန်ပြရေးသားထားခြင်းဖြစ်မည်ဟု မည်သူကမျှ သံသယမဝင်ကြချေ။အကြောင်းအရင်းမှာ ဤတာဝန်အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်များကို တော်ဝင်စစ်ဘက်ရေးရာဋ္ဌာန၏အမတ်ကြီးသီကျန်းမှနေ၍ ထုတ်ပြန်ထားခြင်းဖြစ်သောကြောင့်ပင်။

ပြန်တွေးကြည့်ပါက သီကျန်းသည် အောက်ဘုံသို့ရောက်လာပြီး ရှကွေ့ကို သူ၏တပည့်အဖြစ်ခေါ်ယူခဲ့သူဖြစ်သည်။

သူသည်လည်း ရှကွေ့ကျုံးနှင့်တူညီသောအဆင့်ရှိသည့် နတ်ဘုရားမြင့်မြတ်အမတ်ကြီးတစ်ယောက် ဖြစ်ပေ၏။သူတို့နှစ်ယောက်လုံးသည် နယ်မြေသခင်များဖြစ်ပြီး တော်ဝင်နန်းတော်တွင် ထိပ်တန်းအဆင့်အတန်းရှိသော တည်ရှိမှုကြီးများဖြစ်သည်။

လုယွီသည် အလျင်လိုခြင်းမရှိဘဲ တိုက်ပွဲအချက်အလက်ခန်းမသို့သွား၍ စုံစမ်းစစ်ဆေးလိုက်သည်။

ထိုနေရာမှရရှိသော အချက်အလက်များအရ ဖေးထျန်ကွမ်းသည် အရာရှိဖြစ်စဥ်အခါတုန်းက လူအမြောက်အများကို ရန်စစော်ကားခဲ့သည်။ဖေးထျန်ကွမ်း ရှောက်ချင်တရားစီရင်ရေးရုံး၌ တာဝန်ထမ်းဆောင်ခဲ့သော စတုတ္ထအဆင့်အရာရှိတစ်ယောက်ဖြစ်သည်။ယေဘူယျကျကျပြောဆိုရလျှင် သူသည် ဇာတိမြို့သို့ ပြန်လည်ရောက်ရှိသွားပါက စည်းစိမ်ချမ်းသာများနှင့်အတူယှဥ်တွဲ၍ ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိသောဘဝမျိုးကို ပိုင်ဆိုင်နိုင်ပေမည်။

သို့ရာတွင် သူသည် အပြစ်မပြုသင့်သောလူများကို ရန်စစော်ကားခဲ့သည်။သူ၏မွေးရပ်မြေသို့ ပြန်ရာလမ်းခရီးတွင် သူ့အား လုပ်ကြံသတ်ဖြတ်မည်ကို စိုးရိမ်နေရသည်။

"ဖေးထျန်ကွမ်းက ဘယ့်သူတွေကို ရန်စစော်ကားမိလို့ ခုလိုမျိုးအဆုံးသတ်နဲ့ရင်ဆိုင်နေရတာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

တိုက်ပွဲအချက်အလက်ခန်းမ၏လက်ထောက်အရာရှိငယ်တစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။

"သူက ဘယ်သူတွေကို ရန်စစော်ကားမိလဲ မင်း မသိဘူးလား...သူက စတုတ္ထဆင့်အရာရှိအဆင့်နဲ့ ရှမိသားစုကို ရန်စစော်ကားချင်ခဲ့တယ်လေ...ဟီး ဟီး...တကယ်လို့ သူနဲ့အမတ်ကြီးသီကျန်းကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးသာရှိမနေရင် တော်ဝင်မြို့တော်ကနေ မထွက်ခွာရသေးခင်မှာပဲ သူ သေနေလောက်ပြီ"

ရှမိသားစု...

လုယွီသည် ရှမိသားစုဟူသောအသံကိုကြားရသဖြင့် သူက ထပ်မံ၍မျက်မှောင်ကြုတ်လိုက်သည်။

လက်ထောက်အရာရှိက ဆက်လက်ပြောဆိုသည်။

"အဲ့ဒီအကြောင်းပြောရရင် ရှမိသားစုဝင်သခင်လေးတစ်ယောက်က ချမ်းသာကြွယ်ဝတဲ့ကုန်သည်တွေရဲ့ စည်းစိမ်တွေကို အတင်းအဓမ္မသိမ်းပိုက်ခဲ့တယ် ...ကုန်သည်တွေက တော်ဝင်မြို့တော်ကိုလာပြီး တိုင်ကြားကြပေမယ့် အဲ့ဒီအမှုကို ဘယ်တရားစီရင်ရေးအမတ်ကမှ လက်မခံဝံ့ကြဘူး...မမျှော်ဘင့်ဘဲ ဖေးထျန်ကွမ်းက မောက်မာပြီးတော့ အဲ့ဒီအမှုကိုလက်ခံခဲ့တဲ့အပြင် ရှသခင်လေးကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ဖို့ ပြစ်ဒဏ်ချခဲ့တယ်"

"ဟား ဟား ဟား...ရှမိသားစုဝင်သခင်လေးတစ်ယောက်ကို သတ်ဝံ့မှတော့ ဖေးထျန်ကွမ်းရဲ့အဆုံးသတ်က ဘယ်လိုလုပ်ပြီးကောင်းတော့မှာလဲ...သူက တော်ဝင်နန်းတွင်းမှာ ဆက်နေလို့မရတော့တဲ့အတွက် အငြိမ်းစားယူဖို့ဆုံးဖြတ်ခဲ့တယ်...အကျိုးဆက်ကတော့ သူ ထွက်ခွာခါနီးအချိန်မှာ သူ့ဘေးက သက်တော်စောင့်တွေက တစ်ယောက်ယောက်ရဲ့ ခြိမ်းခြောက်ခံထားရပုံနဲ့ သူ့ကိုစွန့်ခွာပြီး ထွက်ပြေးသွားကြတယ်"

"အမတ်ကြီးသီကျန်းနဲ့သူက မိတ်ဆွေကောင်းတွေဆိုပေမယ့် ရှမိသားစုရဲ့ခြိမ်းခြောက်နိုင်မှုက အရမ်းကြီးမားတယ်...အမတ်ကြီးသီကျန်းက ဖေးထျန်ကွမ်းကိုကာကွယ်ဖို့ သွယ်ဝိုက်တဲ့အမိန့်ကိုပဲ ထုတ်ပြန်ပေးနိုင်ခဲ့တယ်....ဒါပေမယ့် ရှမိသားစုက ဖေးထျန်ကွမ်းရဲ့ခေါင်းကိုယူဖို့ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက လုပ်ကြံသတ်ဖြတ်သူတွေကိုဌားထားတယ်လို့ ပြောနေကြတာ...ဒီတာဝန်ကိုယူဆောင်တဲ့ ဘယ်သူမဆို အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"

သူက ထပ်မံ၍ ပြောဆိုလိုကိ၏။

"ဒီတာဝန်က အရမ်းအန္တရာယ်များတဲ့အပြင် ရှမိသားစုကိုရန်စသလိုဖြစ်သွားမှာ...ဒီလိုအာလူးပူပူမျိုးကို ကျောထောက်နောက်ခံမရှိတဲ့ တဇောက်ကန်းလူစားမျိုးတွေကပဲ ယူဝံ့ကြမှာ...တခြားသူတွေကတော့ ဒီတာဝန်ကို လက်ခံမှာမဟုတ်ဘူး"

လုယွီက အချိန်တခဏကြာတွေဝေစဥ်းစားနေပြီးမှ ဆက်လက်၍မေးမြန်းလေသည်။

"ဒီတာဝန်ထက်ပိုပြီး တိုက်ပွဲအကျိုးဆောင်ရမှတ် များများရနိုင်တဲ့ တခြားတာဝန်ရှိသေးလား"

လက်ထောက်အရာရှိက ခေါင်းခါပြသည်။

"မရှိဘူး...ဒါက အမတ်ကြီးသီကျန်းကိုယ်တိုင်ထုတ်ပြန်ထားတဲ့တာဝန်...ဒီတာဝန်ရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို တခြားတာဝန်တွေက လိုက်မှီမှာမဟုတ်ဘူး"

လုယွီက ပြောဆိုသည်။

"ကောင်းပြီလေ...ဒီတာဝန်ကို ငါယူမယ်"

ဖေးထျန်ကွမ်းသည် ကြောက်ရွံခြင်းမရှိဘဲ ရှမိသားစုကို ရင်ဆိုင်ခဲ့သည်။အမှန်အားဖြင့် လုယွီ ထိုအချက်ကို လျစ်လျှူရှုထားနိုင်ခြင်းမရှိချေ။

ထို့ပြင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ မှတ်ဥာဏ်များအရ ဖေးထျန်ကွမ်းသည် ဧကရာဇ်မင်းကိုယ်တိုင် အမိန့်ထုတ်ပြန်၍ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခံထားရသူဖြစ်သည်။လုယွီသည် သူ၏အရည်အချင်းကို ကောင်းစွာသိရှိပေ၏။

လုယွီသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ဖေးထျန်ကွမ်းကို သူ၏လက်အောက်သို့ ဆွဲခေါ်လိုသည်။

လက်ထောက်အရာရှိသည် အစပထမတွင် ကြက်သေသေနေပြီးမှ သူက သံသယအပြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"မင်း ဒီတာဝန်ကိုယူချင်တာ သေချာလား....တကယ်လို့ မင်း ဒီတာဝန်ကိုယူမယ်ဆိုရင် အင်မော်တယ်ကျောက်တုံးတစ်သန်းကို အာမခံအနေနဲ့ပေးရလိမ့်မယ်"

အာမခံငွေသည် တာဝန်မှရရှိသော တိုက်ပွဲအကျိုးဆောင်ရမှတ်နှင့် တိုက်ရိုက်စပ်ဆက်နေသည်။

အကယ်၍ တာဝန်ကျရှုံးသွားပါက အာမခံအဖြစ်ပေးရသော အင်မော်တယ်ကျောက်တုံးတစ်သန်းကို ပြန်လည်ရရှိမည်မဟုတ်ချေ။

လုယွီက ငွေလက်မှတ်တစ်ခုကိုထုတ်ယူ၍ လက်ထောက်အရာရှိ၏ရှေ့သို့ ချပေးလိုက်၏။

"တစ်ယောက်ယောက်တော့ ဒီတာဝန်ကို ယူသွားပြီ"

"ဘယ်သူပါလိမ့်...အဲ့ဒီကောင်က သေချင်နေတာလား"

ပတ်ဝန်းကျင်ရှိလူများသည် ဤတာဝန်ကိုယူဆောင်မည်ဟု ကြားသည်နှင့် စုဝေးလာကာ လုယွီကို စူးစိုက်၍ကြည့်နေကြသည်။

သို့ရာတွင် လုယွီသည် တပ်စုမှူးအဆင့်သာရှိသေးသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး အံ့အားသင့်သွားကြ၏။

Chapter 1787

"သူက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကြောင့် ရူးသွားတာဖြစ်နိုင်တယ်"

"ဒါကတော့ အတိအကျပြောဖို့ခက်ခဲတယ်...သူက အလောင်းအစားလုပ်တာမျိုးလည်း ဖြစ်နိုင်တယ်...ဖေးထျန်ကွမ်းက တရားစီရင်ရေးအမတ်ကြီးဖြစ်ခဲ့တဲ့သူလေ...တကယ်လို့ သူကငွေတွေအများကြီးပေးပြီး သူ့ကိုစောင့်ရှောက်ဖို့ အစွမ်းထက်ကျင့်ကြံသူတွေကို ဌားရမ်းပြီးရင် ဒီကောင်လေးက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို အချောင်ရသွားမှာ မဟုတ်လား"

"ကောင်းလိုက်တဲ့ တွက်ချက်မှု...သူ အသက်ရှင်ရက်ပြန်လာနိုင်ပါစေလို့ ငါ ဆုတောင်းပါတယ်"

ပတ်ဝန်းကျင်ရှိလူများသည် မတူကွဲပြားသောအမြင်များဖြင့် တိုင်ပင်ဆွေးနွေးနေကြသော်လည်း သူတို့သည် လုယွီကို အခွင့်အရေးသမားတစ်ယောက်ဟုသာ ယူဆနေကြ၏။

လုယွီက တခြားသူများ၏ပြောစကားများကို အာရုံစူးစိုက်ခြင်းမရှိချေ။

တာဝန်ကိုလက်ခံပြီးနောက် လုယွီက ဖေးထျန်ကွမ်း၏ လက်ရှိတည်နေရာကို သိရှိခဲ့ရသည်။

"ဖေးထျန်းကွမ်းရဲ့ဇာတိမြို့က သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာပဲ...ပြီးတော့ အခု သူက လမ်းခရီးမှာရှိနေတယ်...ဒါက သူတို့ရဲ့လက်ရှိတည်နေရာကို ညွှန်ပြထားတဲ့မြေပုံ....ဒီ​မြေပုံက တစ်ရက်ကြာရင် အလိုအလျောက် ပျက်စီးသွားလိမ့်မယ်...မင်း မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်"

လက်ထောက်အရာရှိက သတိပေးလိုက်၏။

အကယ်၍ လုယွီသည် အချိန်စေ့သွားသည့်တိုင် ထိုနေရာသို့ မရောက်သွားပါက တာဝန်ကို အလိုအလျောက်ကျရှုံးပြီးဖြစ်ပေမည်။

လုယွီက မြေပုံကိုယူဆောင်ပြီး နောက်သို့လှည့်ကာ ထွက်ခွာခဲ့တော့သည်။

မြေပုံပေါ်၌ ယခုလက်ရှိဖေးထျန်ကွမ်း၏တည်နေရာကို အနီရောင်အလင်းစက်တစ်ခုဖြင့် ပြသထားသည်။

****

ကြယ်မြစ်တစ်ခုအတွင်း၌...

သင်္ဘောကြီးတစ်စင်းသည် နှေးကွေးစွာဖြင့် ရှေ့သို့ရွက်လွှင့်သွားနေပေ၏။

စစ်တပ်အတွင်းရှိ စစ်သင်္ဘောကြီးများနှင့် နှိုင်းယှဥ်ပါက ဤသင်္ဘော၏အရွယ်အစားမှာ များစွာပို၍သေးငယ်သည်။

သင်္ဘောပေါ်၌ ပေသုံးဆယ်ခန့်သာကျယ်ဝန်းသော ခြံဝန်းတစ်ခုရှိသည်။ထိုခြံဝန်းကို သံမဏိချပ်များဖြင့် ယာယီကာရံထားပြီး အလွန်ရိုးရှင်းကာ အကြမ်းထည်ဆန်သည်။

ခြံဝန်းအတွင်းရှိ ပင်မခန်းမ၌ ဖေးထျန်ကွမ်းသည် ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေပြီး သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ကို ကိုင်ထားလေ၏။သူ မည်သည့်အရာများကို တွေးတောနေသည်အား မည်သူမျှမသိနိုင်ချေ။

ရုတ်တရက် ပင်မခန်းမ၏တံခါး ပွင့်သွားသည်။

ဖေးထျန်ကွမ်း၏သမီး ဖေးရှို့ရှို့သည် ခန်းမအတွင်းသို့ အလျှင်စလိုပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာပြောဆိုသည်။

"အဖေ...သမီးရဲ့ဂိုဏ်းကနေ မိတ်ဆွေတချို့ရှာလာတယ်...သူတို့က သမီးတို့ကို ကူညီပေးမယ်လို့ ကတိပေးထားတယ်"

ဖေးထျန်ကွမ်းသည် သူ့လက်အတွင်းမှစာအုပ်ကိုချ၍ မျက်မှောင်ကြုတ်လိုက်၏။

"ဂိုဏ်းက မိတ်ဆွေတွေလား"

ဖေးရှို့ရှို့သည် သူမဖခင်၏တုံ့ပြန်မှုကိုမြင်တွေ့ချိန်၌ စိတ်မကျေမနပ်ဖြစ်သွားသည်။

"အဖေက သဘောထားအရမ်းတင်းမာတာပဲ...တကယ်တော့ ဂိုဏ်းထဲမှာလည်း လူကောင်းတွေရှိပါတယ်...ဒီတစ်ကြိမ် သမီးတို့ အခက်အခဲတွေ့နေချိန်မှာ အဖေရဲ့အရာရှိအသိုင်းအဝိုင်းကလူတွေက လာကူညီကြလို့လား....ဒီနေရာကိုရောက်လာတဲ့ ဗိုလ်ချုပ်တွေကလည်း အခြေအနေဆိုးတာကိုမြင်တာနဲ့ ပြန်ထွက်ပြေးကြတာပဲ...တကယ်လို့ သမီးတို့ဖေးမိသားစုရဲ့ လေဟာနယ်ကူးပြောင်းရေးမှော်ရတနာသာမရှိရင် ငရဲတံခါးဝကိုရောက်နေတာ အချိန်အတော်ကြာနေလောက်ပြီ"

ဖေးရှို့ရှို့က မကျေမချမ်း ပြောဆိုလေ၏။

သူတို့သည် တော်ဝင်မြို့တော်မှ ထွက်ခွာလာစဥ်ကတည်းက လမ်းတလျှောက်လုံး မရေမတွက်နိုင်သော ခြုံခိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့ရာတွင် သူတို့၏ဖေးမိသားစုသည် ချမ်းသာကြွယ်ဝခြင်းမရှိသော်လည်း အန္တရာယ်ဘေးမှထွက်ပြေးလွတ်မြောက်နိုင်သော မိသားစုမှော်ရတနာတစ်ခုရှိနေသည်။

ထို့ကြောင့်သာလျှင် ယခုလက်ရှိအချိန်ထိ သူတို့၏အသက်များ ရှင်သန်နေခြင်းဖြစ်သည်။

သို့ရာတွင် ဤရတနာကို အကန့်အသတ်ဖြင့်သာအသုံးပြုနိုင်သည်။အကယ်၍ အကန့်အသတ်ကိုကျော်လွန်သွားပါက ထိုမှော်ရတနာ၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားပေမည်။

ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ ခုထိ မသေသေးဘူး...တကယ်လို့ အဲ့ဒီလူသတ်သမားတွေ ထပ်လာရဲရင်လည်း သူတို့ကြိုးစားကြည့်နိုင်တယ်"

ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သောအရှိန်အဝါတစ်ခုက ဖေးထျန်ကွမ်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

သူသည်လည်း လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။

ကျင့်ကြံခြင်းနိုင်ငံများတွင် မည်သည့်စစ်ဘက်ဆိုင်ရာအရာရှိမဆို အတိုင်းအတာတစ်ခုထိ ကျင့်ကြံဆင့်နယ်ပယ် မြင့်မားကြသည်။

ဖေးရှို့ရှို့က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"အဖေ...ထပ်ပြီးခေါင်းမာမနေပါနဲ့တော့...သမီးရဲ့မိတ်ဆွေတွေ ရောက်လာပြီ"

သူမ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် လူတစ်စုက ခြံဝန်းအတွင်းသို့ဝင်လာသည်။

ထိုလူစုကိုဦးဆောင်လာသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး အလွန်ဖျတ်လတ်တက်ကြွပုံရသည်။

လူငယ်သည် ဖေးထျန်ကွမ်းကိုမြင်သည်နှင့် တည်ငြိမ်သောအပြုံးနှင့် ပြောဆိုလိုက်၏။

"နတ်ဘုရားဌက်မွှေးဂိုဏ်းချုပ် ကောယင်ကျဲက ဖေးမိသားစုခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ကောင်းယင်ကျဲသည် အသက်ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး သူ၏စိတ်နေသဘောထားမှာ အမှီအခိုကင်းမဲ့ပြီးလွတ်လပ်ပုံရသည်။

ဖေးရှို့ရှို့က ဖေးထျန်ကွမ်းကိုကြည့်နေရာ သူမ၏မျက်လုံးများအတွင်းတွင် ချစ်မြတ်နိုးခြင်းများနှင့် ပြည့်နှက်နေသည်။

ဟမ့်...

ဖေးထျန်ကွမ်းက မည်သည့်ရင်းနှီးဖော်ရွေသောအမူအယာကိုမျှ ပြသခြင်းမရှိချေ။

"မင်းတို့ရဲ့စေတနာတွေအတွက် ငါ ကျေးဇူးတင်ပါတယ်...ဒါပေမယ့် မင်းတို့ဆီက အကူအညီကိုယူရလောက်အောင် ငါ အသက်မကြီးသေးဘူး...မင်းတို့ သွားလို့ရပြီ"

မည်သို့ပင်ဆိုစေကာမူ သူသည် တော်ဝင်နန်းတွင်းမှ အရာရှိတစ်ယောက်ဖြစ်ခဲ့သဖြင့် သူ၏စိတ်နှလုံးသားအတွင်း၌ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။အကယ်၍ သူသည် နတ်ဘုရားဌက်မွှေးဂိုဏ်းမှ အကူအညီကိုလက်ခံလိုက်ပါက သူ၏မာန်မာနများကို ချိုးနှိမ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပေမည်။

Chapter 1788

ဖေးရှို့ရှို့သည် အလွန်ဒေါသထွက်နေသဖြင့် သူမ၏မျက်နှာတစ်ခုလုံး နီမြန်းနေသည်။

"အဖေ...ဘာလို့ ဒီလောက်ထိခေါင်းမာနေတာလဲ...ဂိုဏ်းချုပ်ကောက စေတနာနဲ့ လာပြီးကူညီတာလေ"

ကောယင်ကျဲက တည်ငြိမ်အေးဆေးနေဆဲပင်။

"ဖေးသခင်ကြီးက တကယ့်ကို ဖျတ်လတ်သန်မာတဲ့သူပဲ...တကယ်လို့ ဖေးသခင်ကြီးက ကိုယ့်အတွက်ကိုယ်မတွေးဘူးဆိုရင်တောင် သမီးဖြစ်သူအတွက် တွေးသင့်တယ်မဟုတ်လား"

"တကယ်လို့ ကျွန်တော်ရထားတဲ့ သတင်းအချက်အလက်သာမှန်မယ်ဆိုရင် ဖေးသခင်ကြီး ခုနစ်ကြိမ် ရှစ်ကြိမ်လောက် လုပ်ကြံခံရပြီးပြီမလား...ဟီး ဟီး...ကျွန်တော်က တော်ဝင်နန်းတွင်းကို အထင်သေးတာတော့မဟုတ်ပါဘူး...ဒီတစ်ကြိမ်မှာ ဖေးသခင်ကြီးကိုကူညီဖို့လာတဲ့ တော်ဝင်နန်းတော်က အရာရှိတွေအားလုံးက အရမ်းအားနည်းတယ်...ဖေးသခင်ကြီးက တော်ဝင်နန်းတွင်းကို ဆက်ပြီးမျှော်လင့်ချက်ထားချင်သေးတာလား"

ဖေးရှို့ရှို့ကလည်း သွေးဆောင်စကားပြောဆိုသည်။

"ဟုတ်တယ် အဖေ...အဖေက သမီးသေတာကို မြင်ချင်တာလား"

ဟူး...

ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။

"ကောင်းပြီလေ...ဒါဆိုလည်း ဂိုဏ်းချုပ်ကောကို ဒုက္ခပေးမိပြီ"

သူသည် တစ်ချိန်က တာယွီအင်ပါယာ၏စတုတ္ထအဆင့်အရာရှိတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် သူက ပြင်ပဂိုဏ်းတစ်ဂိုဏ်းမှအကူအညီကိုယူနေရသည်။

သို့ရာတွင် သူ တက်နိုင်သောအရာဟူ၍ မရှိတော့ချေ။ရှမိသားစုကို ရန်စစော်ကားခဲ့မိသည့်အချိန်မှစ၍ သူ၏ဘဝသည် အေးချမ်းတည်ငြိမ်ခြင်းမရှိတော့ပေ။

ကောယင်ကျဲ့၏မျက်နှာပေါ်တွင် မထီမဲ့မြင်အပြုံးမျိုးရှိနေပြီး ရုတ်ချည်းဆိုသလိုပင် သင်္ဘောတစ်စီးလုံး၏ပြင်ပတွင် အကာအကွယ်ပုံစံ နေရာယူထားရန် သူ၏လူများကို အမိန့်ပေးလိုက်၏။

သူ ခေါ်ဆောင်လာသောလူများသည် အလွန်ယုံကြည်အားကိုးရသည်။အချိန်တိုအတွင်းမှာပင် သူတို့သည် သင်္ဘော၏အရေးကြီးသောနေရာများအားလုံးတွင် နေရာယူထားပြီးလေပြီ။သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မလှမ်းမကမ်းနေရာယူထားကြပြီး ပူးပေါင်းဆောင်ရွက်နေကြရာ လုံခြုံရေးအလွန်တင်းကျပ်သည်။

"ဘာမှစိတ်မပူပါနဲ့ ဖေးသခင်ကြီး...ကျွန်တော်တို့ နတ်ဘုရားဌက်မွှေးဂိုဏ်းသာရှိရင် ဘယ်သူမှ ကျူးကျော်ဝင်ရောက်နိုင်တော့မှာမဟုတ်ဘူး"

ကောယင်ကျဲက သူ၏ရင်ဘတ်ကိုပုတ်၍ အာမခံစကားပြောဆိုသည်။

ထိုအချိန်မှာပင် ဖေးမိသားစုမှအစေခံတစ်ယောက်က ခန်းမအတွင်းသို့ အပြေးဝင်လာလေ၏။

"သခင်ကြီး...အပြင်ဘက်မှာ......"

အစေခံက ပျာပျာသလဲပြောဆိုသည်။

သို့ရာတွင် ဖေးရှို့ရှို့က အစေခံ၏စကားကိုနားထောင်ခြင်းမရှိဘဲ ကြားဖြတ်ပြောဆိုလေ၏။

"ဟိုလူတွေ ထပ်ပြီးမှီလာပြန်ပြီလား...အဖေ...မိသားစုရတနာကို မြန်မြန်အသက်သွင်းပြီး ထွက်သွားကြရအောင်"

"မိသားစုရတနာ"ဟူသောစကားကိုကြားချိန်တွင် ကောယင်ကျဲ၏မျက်လုံးများ တောက်ပသွားသော်လည်း တမဟုတ်ချင်း ပြန်လည်မှေးမှိန်သွားသည်။

အစေခံက အလျှင်အမြန် ပြောဆိုသည်။

"မဟုတ်ပါဘူး...တော်ဝင်နန်းတော်ကလာတဲ့စစ်ကူတွေ အပြင်မှာရောက်နေတယ်"

တော်ဝင်နန်းတော်မှစစ်ကူများဟု ဆိုသလော...

ဖေးထျန်ကွမ်းက သူ၏လက်အတွင်းရှိစာအုပ်ကို အောက်သို့ချလိုက်၏။

"လူ ဘယ်လောက်များများ ရောက်လာတာလဲ"

အစေခံက တုံ့ပြန်ပြောဆိုသည်။

"တစ်ယောက်တည်းပါ"

လူတစ်ယောက်တည်း ရောက်လာခဲ့သလော...

ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ပြောဆိုလိုက်၏။

"သူ့ကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါ"

မကြာမီမှာပင် လုယွီက ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။လုယွီသည် အနက်ရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ပခုံးပေါ်၌ ရာထူးအဆင့်အတန်းကိုဖော်ပြထားသော တိမ်ပုံအမှတ်အသားတစ်ခုရှိနေသည်။

"တပ်စုမှူးရှောင်ယန်းက ဖေးသခင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ ပြောဆိုသည်။

ဖေးထျန်ကွမ်းသည် လုယွီကိုတစ်ချက်ကြည့်ပြီး အနည်းငယ်အံ့အားသင့်နေဟန်ရှိသည်။

"မင်းက ဘယ်ဗိုလ်ချုပ်ရဲ့ရှေ့ပြေးတပ်မှူးလဲ...ဗိုလ်ချုပ်က ဘယ်နေရာမှာရှိနေလဲဆိုတာ ငါ မေးလို့ရမလား"

လုယွီက ခေါင်းခါပြလိုက်၏။

"ကျွန်တော်တစ်ယောက်တည်း ဒီနေရာကိုလာခဲ့တာပါ"

ဘာ....

သူတစ်ယောက်တည်းလာခဲ့သည်ဟု ပြောဆိုလိုက်သလော...

ဖန်းရှို့ရှို့၏မျက်လုံးများ ပြူးကျယ်နေပြီး သူမ၏နားကိုပင်သူမ မယုံနိုင်တော့ချေ။

သို့ရာတွင် ဖေးထျန်ကွမ်းက သူ၏ခေါင်းကိုခါယမ်းပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ဒီနေရာကိုရောက်လာမှတော့ မင်းက ငါ့ရဲ့ဧည့်သည်တစ်ယောက်ပဲ...ထိုင်ပါအုံး"

"ဟား ဟား ဟား...ဖေးသခင်ကြီး...ဒါက တော်ဝင်နန်းတွင်းကလူတွေ ဖေးသခင်ကြီးပေါ်ထားတဲ့ စိတ်သဘောထားလား....တပ်စုမှူးလေးတစ်ယောက်က ဖေးမိသားစုကိုကာကွယ်ဖို့ ဒီနေရာကို ရောက်လာဝံ့တယ်...ဟမ့်...တကယ်လို့ ရန်သူတွေသာရောက်လာရင် ပထမဆုံးအသတ်ခံရတဲ့သူက သူပဲဖြစ်နေမှာပဲ

ကောယင်ကျဲက သရော်တော်တော် ပြောဆိုသည်။

ဖေးရှို့ရှို့ကလည်း လှောင်ပြောင်သရော်လိုက်၏။

"အကိုကော...ကျွန်မက သူ့လိုလူစားမျိုးတွေအကြောင်းကို ကောင်းကောင်းသိတယ်...သူ ဒီနေရာကိုလာတာက အကျိုးအမြတ်ရဖို့အတွက်ပဲ...ဘယ်လိုပဲဖြစ်ဖြစ် အမတ်ကြီးသီကျန်း ဆုကြေးထုတ်ထားတဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေက သူတို့လို အဆင့်နိမ့်အရာရှိတွေကို အရမ်းဆွဲဆောင်နိုင်တယ်"

သူမက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်လေသည်။

"နင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို ငါတို့အားလုံး သိထားပြီးပြီ...တကယ်လို့ အရင်ကသာ နင်ရောက်လာခဲ့ရင် ငါ နင်ကို ကန်ထုတ်တယ်...ဒါပေမယ့် နင် ကံကောင်းတာတစ်ခုက ဂိုဏ်းချုပ်ကောက ငါတို့ကိုကူညီဖို့ ရောက်လာခဲ့တာပဲ...နင် ဘေးကနေ စောင့်ကြည့်နေရုံနဲ့ရပြီ"

လုယွီက ခေါင်းခါပြလိုက်သည်။သူ ဤနေရာသို့ အကူအညီပေးရန် ရောက်ရှိလာခြင်းသည် ပြဿနာအမြောက်အများနှင့် ရင်ဆိုင်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

"ငါ ဒီနေရာမှာရှိနေရင်...မင်းတို့မိသားစု ဘေးကင်းလုံခြုံရမယ်လို့ ငါ အာမခံနိုင်တယ်"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

Chapter 1789

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။သူ စွန့်စား၍ ဤတာဝန်ကိုယူခဲ့ရသည့်အကြောင်းအရင်းမှာ သူ၏ကျင့်ကြံဆင့်သည် အတားအဆီးနေရာသို့ ရောက်ရှိနေသောကြောင့်ပင်။

နောက်ထပ်ရက်အနည်းငယ်အတောအတွင်းတွင် လုယွီသည် လောကီအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ထိုအချိန်ကျလျှင် လုယွီ၏ခွန်အားသည် ပို၍အားကောင်းလာမည်ဖြစ်ရာ မြေကမ္ဘာအင်မော်တယ်အစွမ်းထက်ကျင့်ကြံသူများဖြင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။

ဤတာဝန်ကို သူ ရည်မှန်းချက်သုံးချက်ဖြင့် ယူဆောင်ခဲ့ခြင်းဖြစ်ပေ၏။

ပထမအချက်မှာ တိုက်ပွဲအကျိုးဆောင်အမှတ်များ ရရှိရန်ဖြစ်ပြီး ...

ဒုတိယအချက်မှာ ဖေးထျန်ကွမ်းနှင့်မိတ်ဆွေဖွဲ့ရန်ပင်

တတိယအချက်မှာမူ သူ၏တိုက်ခိုက်မှုစွမ်းရည်ကို လက်ရည်သွေးရန်ဖြစ်သည်။

လုယွီ၏လက်ရှိခွန်အားသည် သူနှင့်နယ်ပယ်တူ ကျင့်ကြံသူအများစုထက် များစွာပို၍သာလွန်သည်။သူနှင့် ကျင့်ကြံဆင့်နယ်ပယ်တူလူများနှင့် တိုက်ခိုက်ခြင်းသည် သူ့အား များစွာတိုးတက်စေမည်မဟုတ်ချေ။

ထို့ကြောင့် လုယွီသည် သန်မာအားကောင်းသောပြိုင်ဘက်ကိုရှာဖွေရန် လိုအပ်နေသည်။

ဤတစ်ကြိမ်တွင် လုယွီသည် ခက်ခဲမှုအဆင့်မြင့်မားသောတာဝန်မျိုးကို ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူ့ကိုယ့်သူလေ့ကျင့်သည့်ပုံစံတစ်မျိုးဟုလည်း သတ်မှတ်နိုင်လေ၏။

"ဟွန့်....နင်တို့ တာယွီတော်ဝင်စစ်တပ်ကလူတွေက ဒီလိုမျိုးပဲ စကားကြီးစကားကျယ်တွေပြောတက်ပြီး အရှက်မရှိတဲ့လူတွေလား"

ဖေးရှို့ရှို့က သရော်တော်တော် ပြောဆိုသည်။

ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီ၏ကျင့်ကြံဆင့်ကို ထွင်းဖောက်၍မြင်နိုင်ခြင်းမရှိချေ။

ကောယင်ကျဲက လုယွီကို တစ်ချက်သာစောင်းငဲ့ကြည့်ခဲ့သည်။လုယွီ၏ခန္ဓာကိုယ်တွင် မှော်စွမ်းအင်လှိုင်းများလှုပ်ခတ်နေခြင်းမရှိသည်ကိုမြင်သဖြင့် သူက အထင်သေးသွားပေ၏။

သူသည် တစ်ဖက်လူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ခြင်းမှာ အကြောင်းအရင်းနှစ်မျိုးသာရှိသည်။

ပထမအကြောင်းအရင်းမှာ တစ်ဖက်လူ၏ကျင့်ကြံဆင့်နယ်ပယ်သည် သူ့ထက်များစွာသာလွန်နေခြင်းကြောင့်ပင်။

တခြားအကြောင်းမှာမူ တစ်ဖက်လူ၏ကျင့်ကြံဆင့်သည် အလွန်နိမ့်ပါးနေသဖြင့် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမှ ရှိမနေခြင်းဖြစ်သည်။

ကောယင်ကျဲ၏အမြင်အရ သူရှေ့ရှိ တပ်စုမှူးငယ်လေးသည် ဖရိုဖရဲအခြေအနေကိုအခွင့်ကောင်းယူရန် ရောက်ရှိလာခြင်းသာဖြစ်နိုင်သည်။ထိုတပ်စုမှူးငယ်လေးသည် ဤတိုက်ပွဲအတွင်း၌ ပါဝင်ခဲ့သည်ဟူသော နာမည်ကောင်းကိုယူဆောင်ရန်သက်သက်ပင်။

"မင်းက မင်းကိုယ်မင်း ယုံကြည်ချက်ရှိနေမှတော့ ဘာလို့ အရှေ့ဘက်ခြံဝန်းထဲမှာ မနေတာလဲ...တကယ်လို့ လုပ်ကြံသတ်ဖြတ်သူတွေရောက်လာရင် မင်း သူတို့နဲ့တိုက်ရိုက် တိုက်ခိုက်လို့ရတယ်"

ကောယင်ကျဲက သရော်တော်တော် ပြောဆိုသည်။

အရှေ့ဘက်ခြံဝန်းရှိ နေရာအများစုသည် အစောင့်များနေထိုင်သောနေရာ ဖြစ်ပေ၏။

လုယွီက ခေါင်းခါယမ်းပြလေသည်။

"မလိုဘူး...ငါက သခင်ကြီးဖေးရဲ့အနားမှာပဲနေမယ်"

လုယွီ၏ရည်ရွယ်ချက်သည် ဖေးထျန်ကွမ်းကို ကာကွယ်ရန်ပင်။ထို့ကြောင့် သူသည် ဖေးထျန်ကွမ်း၏နံဘေး၌နေပြီး ကာကွယ်ပေးရပေမည်။

သို့ရာတွင် တခြားသူများ၏အမြင်တွင်မူ ထိုသို့တွေးတောခြင်းမရှိချေ။

ဖေးရှို့ရှို့သည် လုယွီကို အနည်းငယ်မျှပင် မျက်နှာသာမပေးဘဲ သူမက ခနဲ့တဲ့တဲ့ပြောဆိုသည်။

"နင်က ကြွက်တစ်ကောင်လိုမျိုး သူရဲဘောကြောင်တက်တဲ့လူပဲ...ငါနဲ့ငါအဖေက အနောက်ဘက်ခြံဝန်းထဲမှာ ပုန်းအောင်းနေတယ်ဆိုတာ အသိသာကြီးလေ...ဒါကြောင့် နင်က ဘေးအန္တရာယ်တွေကို ရှောင်ရှားချင်တာနဲ့ပဲ အနောက်ဘက်ခြံဝန်းထဲမှာပုန်းအောင်းဖို့ ကြံစည်နေတာမလား...နင့်လိုအရှက်မရှိတဲ့ကောင်မျိုးကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး"

ကောယင်ကျဲကလည်း အပြုံးနှင့်ပြောဆိုလေ၏။

"ဒါက သေရမှာကိုကြောက်တဲ့ လူတွေရဲ့စရိုက်သဘာဝပါပဲ...သူက သေရမှာကို ကြောက်နေမှတော့ သူ့ကို နောက်မှာပဲနေခွင့်ပြုလိုက်ပါ"

"တော်သင့်ပြီ"

ဖေးထျန်ကွမ်းက ရုတ်တရက် မတ်တတ်ထရပ်ပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ဒီနေရာကို ရောက်လာမှတော့ အကုန်လုံးငါ့ရဲ့ဧည့်သည်တွေပဲ...မင်းတို့ အတူပူးပေါင်းပြီး အလုပ်လုပ်နိုင်ဖို့ ငါ မျှော်လင့်တယ်...မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်"

တွေ့ဆုံဆွေးနွေးပွဲတွင် လုယွီ ရောက်ရှိလာမှုကြောင့် စိတ်မကျေမနပ်ဖြင့် အဆုံးသတ်ခဲ့ကြရသည်။

ဖေးရှို့ရှို့ကိုကြည့်ရသည်မှာ စိတ်သဘောထားကျဥ်းမြောင်းပုံပင်။လမ်းတစ်လမ်းလုံး သူမသည် လုယွီကို နောက်မှနေ၍ ပြက်ရယ်ပြုပြောဆိုနေပေ၏။

လုယွီသည် ဤကဲ့သို့အသက်ငယ်ရွယ်သေးသော မိန်းကလေးတစ်ယောက်ကို တုံ့ပြန်ပြောဆိုလိုခြင်းမရှိချေ။ထို့ကြောင့် သူက လမ်းတလျှောက်လုံး စကားတစ်လုံးမျှမဆိုဘဲ လျှောက်လှမ်းနေခဲ့သည်။

"ဒါက နင် နေရမယ့်နေရာပဲ...ရိုးရိုးသားသား နေစမ်းပါ...တကယ်လို့ ငါတို့ရဲ့ဇာတိမြို့ကို လုံလုံခြုံခြုံပြန်ရောက်တာနဲ့....ငါက ဒီနေရာမှာဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို အမတ်ကြီးသီကျန်းဆီ သတင်းပို့ရမယ်...နင် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ ဘယ်လိုယူမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့"

ဖေးရှို့ရှို့က အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

သူတို့ရှေ့ရှိအခန်းသည် သင်္ဘော၏အခန်းငယ်တစ်ခုဖြစ်ပြီး ခြံဝန်း၏မြေအောက်ခန်းလည်းဖြစ်သည်။

ဤနေရာတွင် ပြတင်းပေါက်ငယ်တစ်ခုသာရှိပြီး မှိန်ပျပျအလင်းရောင်က ပြင်ပမှဝင်ရောက်နေသည်။

ဤအခန်း၏အခြေအနေသည် အလွန်ဆိုးရွားလှပေ၏။ထို့ကြောင့် ဖေးမိသားစုမှအစေခံများသာ ဤနေရာ၌ နေထိုင်ကြသည်။

"ဒါက နင် နေရမယ့်နေရာပဲ...ကောင်းကောင်းနေခဲ့ပါ"

ဖေးရှို့ရှို့သည် လုယွီကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။သူမကို ကြည့်ရသည်မှာ ဤနေရာတွင်ဆက်နေခြင်းသည် အချိန်ဖြုန်းခြင်းဟု တွေးတောနေပုံရသည်။

မကြာမီမှာပင် လုယွီ တစ်ယောက်တည်းသာ အခန်းကျဥ်းအတွင်း၌ ကျန်ခဲ့လေ၏။

လုယွီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒါလည်း အဆင်ပြေပါတယ်...ဒီနေရာက တိတ်ဆိတ်တယ်လေ...ငါ့အတွက် လုံလောက်ပြီ"

Chapter 1790

ရက်ပေါင်းများစွာတိုင်အောင် ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံရမှုများနှင့် ကြုံတွေ့ရသဖြင့် သင်္ဘောတစ်စင်းလုံးရှိလူများသည် အန္တရာယ်အတွင်းကျရောက်နေခဲ့သည်။ထို့ကြောင့် အစောင့်များအားလုံး သင်္ဘောကုန်းပတ်ပေါ်တွင် အတူတကွစုဝေးနေကြရာ ဤနေရာသည် ဗဟာဟင်းလင်းဖြစ်နေသည်။

လုယွီက ဂရုမစိုက်ချေ။သူက ကြမ်းပြင်ပေါ်၌ ပလ္လင်ခွေထိုင်ချလိုက်၏။

သူသည် စတင်၍ကျင့်ကြံခြင်းမပြုသေးဘဲ ကောင်းကင်ဘုံဧကရာဇ်၏ သံချပ်ကာဝတ်စုံကို ဆင့်ခေါ်လိုက်သည်။

ထိုသံချပ်ကာဝတ်စုံကို လေလံပွဲတွင်ရောင်းချစဥ်က မွဲတေပြီးလက်ရာကြမ်းတမ်းကာ စွန့်ပစ်ရှေးဟောင်းပစ္စည်းတစ်ခုနှင့်သာ တူညီသည်။

လုယွီသည် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ မြေကမ္ဘာအင်မော်တယ်နှင့် ရင်ဆိုင်ခဲ့ရသောအချိန်တွင် ဤသံချပ်ကာဝတ်စုံကိုမှီခို၍ အသက်ရှင်လွတ်မြောက်လာခဲ့သည်။

ထိုအချိန်တုန်းက ကောင်းကင်ဘုံဧကရာဇ်၏သံချပ်ကာဝတ်စုံသည် လုယွီကို အပြည့်အဝလွှမ်းခြုံသွားပေ၏။ထိုအရာသည် ပုစဥ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော်လည်း အလွန်အမင်းမာကြောသည်။

ဤသည်က လုယွီ ယခုတာဝန်ကိုယူဝံ့သော အကြီးမားဆုံးအာမခံချက်ကြီးပင်။

"ငါက ကောင်းကင်ဘုံဧကရာဇ်ရဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားတာကြောင့်...ဒီသံချပ်ကာက ငါ့ကို အလိုအလျောက် သခင်အဖြစ် အသိအမှတ်ပြုလိုက်တာများလား"

လုယွီက အချိန်တခဏကြာ တွေးတောဆင်ခြင်ပြီးသည်နှင့် ချက်ချင်းပင် ရွှေရောင်သံချပ်ကာဝတ်စုံတစ်စုံက သူ၏ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်လာသည်။

ရွှေရောင်သံချပ်ကာပေါ်၌ မြောက်များစွာသော ရွှေရောင်နဂါးပုံစံများကို ထွင်းထုထားလေ၏။ထိုသံချပ်ကာ၏ကိုယ်ထည်တစ်ခုလုံးမှနေ၍ မြင့်မြတ်သောအရှိန်အဝါကို ထုတ်လွှက်ပေးနေသည်။

လုယွီသည် သူ၏လက်ချောင်းထိပ်၌ ဓားချီတစ်လှိုင်းကို သိပ်သည်းပြီး သံချပ်ကာကို ဖြတ်ပိုင်းလိုက်သည်။

တောင်....

သံချပ်ကာမှနေ၍ သတ္တုအချင်းချင်းထိခတ်သံကဲ့သို့ ခပ်အုပ်အုပ်အသံတစ်သံသာ ထွက်ပေါ်လာပြီး မည်သည့်ထိခိုက်ပျက်စီးမှုမျှမရှိချေ။

ဤကဲ့သို့ မာကျောမှုအဆင့်မျိုးသည် လုယွီကို အလွန်စိတ်ကျေနပ်သွားစေ၏။

"နောက်ထပ်ကတော့...ဒါက ငါ နှောင်းပိုင်းလောကီအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ရမယ့် အချိန်ပဲ"

လုယွီသည် ကောင်းကင်နှင့်မြေကြီးအတွင်းမှ သဘာဝစွမ်းအင်များကို အကြိမ်ရေအနည်းငယ်ရှုရှိုက်ပြီး စိတ်တည်ငြိမ်အောင်ထိန်းသိမ်းကာ သူ့ကိုယ်သူ ကျင့်ကြံမှုအတွင်းသို့ နှစ်မြှုပ်လိုက်သည်။

ဤအခန်းငယ်လေးသည် ကျဥ်း​မြောင်းသော်လည်း အံ့အားသင့်ဖွယ်ကောင်းအောင်ပင် တိတ်ဆိတ်ငြိမ်သက်လှရာ လုယွီ ကျင့်ကြံရန် နေရာကောင်းတစ်ခုဖြစ်နေသည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေပြီ။

တခြားတစ်ဖက်တွင်...

ဤနေရာတွင် ကောယင်ကျဲ အုပ်ချုပ်နေသဖြင့် သင်္ဘောခုတ်မောင်းရာ လမ်းတလျှောက်တွင် လေဟာနယ်ဓားပြတချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများက အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်။

ဖေးရှို့ရှို့၏စိတ်နှလုံးသားအတွင်းမှ ကောယင်ကျဲအပေါ် ကြည်ညိုလေးစားမှုများသည် ပို၍တိုးပွါးလာပေ၏။

အရှေ့ဘက်ခြံဝန်း၏ပင်မခန်းမအတွင်း၌...

"အကိုကော...ဒါက ကျွန်မ တညလုံးချက်ပြုတ်ထားတဲ့ ဂျင်ဆင်းစွပ်ပြုတ်ပါ...ဒီရက်တွေအတွင်းမှာ အကိုကော အရမ်းပင်ပန်းသွားပြီ"

ဖေးရှို့ရှို့သည် အစေခံတစ်စုနှင့်အတူ ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး သူမက ပြုံးရွှင်နေသောအပြုံးနှင့် ဂျင်ဆင်းစွပ်ပြုတ်ပန်းကန်ကို ကောယင်ကျဲ၏နံဘေးရှိ ခုံပေါ်သို့တင်လိုက်သည်။

ကောယင်ကျဲက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဖေးညီမလေးကို ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ လွန်စွာရင်းနှီးပုံရသည်။

ပတ်ဝန်းကျင်မှ အစေခံများပင်လျှင် သူတို့နှစ်ယောက်သည် ပြီးပြည့်စုံသောစုံတွဲတစ်တွဲဖြစ်သည်ဟု တွေးတောနေကြ၏။

သူတို့က အချိန်အတော်ကြာ စကားပြောဆိုနေလေသည်။

ဖေးရှို့ရှို့၏မျက်နှာက နီမြန်းနေသည်။ထို့နောက် သူမက ရှက်ရွံသောအမူအယာဖြင့် သူမ၏ခေါင်းကိုငုံ၍ စကားတစ်ခွန်းကိုပြောဆိုကာ ပြင်ပသို့ထွက်ပြေးသွားတော့သည်။

ဖန်းရှို့ရှို့ ထွက်ခွါသွားသည်နှင့် ကောယင်ကျဲ၏မျက်နှာအမူအယာက ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားပေ၏။

စားပွဲပေါ်ရှိ ဂျင်ဆင်းစွတ်ပြုတ်ကိုလည်း သူက နံဘေးသို့ သွန်ချလိုက်သည်။

ပင်မခန်းမ၏နောက်မှနေ၍ လူအမြောက်အများထွက်လာပြီး သူတို့အားလုံးသည် ကောယင်ကျဲခေါ်ဆောင်လာသော နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများဖြစ်သည်။

"ရတနာရဲ့တည်နေရာကို ရှာတွေ့ပြီလား"

ကောယင်ကျဲက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသည် ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ကြပြီး သူတို့အနက်မှတစ်ယောက်က ပြောဆိုလေ၏။

"ဖေးထျန်ကွမ်းက အရမ်းသတိကြီးတယ်...သူကလွဲပြီး ရတနာ ဘယ်နေရာမှာရှိတယ်ဆိုတာကို ဘယ်သူမှမသိဘူး"

"မြေခွေးအိုကြီး"

ကောယင်ကျဲ၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက တချိန်တုန်းက တာယွီရဲ့တရားစီရင်ရေးအမတ်ကြီး ဖြစ်ခဲ့တဲ့သူလေ...ငါတို့လုပ်ဆောင်နေတဲ့ကိစ္စတွေက သူ့ကိုဖုံးကွယ်ထားလို့မရမှာကို ငါ စိုးရိမ်မိတယ်"

သူတို့အားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး ကျင့်ကြံသူတစ်ယောက်က ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ဂိုဏ်းချုပ်...ကျွန်တော်တို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုသတ်လိုက်ရင် မကောင်းဘူးလား"

"သောက်ရူး..."

ကောယင်ကျဲက အေးစက်စက် အော်ငေါက်လိုက်၏။

"ဖေးထျန်ကွမ်းက အာဏာမရှိတော့ဘူးဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက တော်ဝင်နန်းတော်ရဲ့အရာရှိဟောင်းတစ်ယောက်ပဲ...ပြီးတော့ သူ့ကို စစ်ရေးအမတ်ကြီး သီကျန်းက ကူညီပေးနေတယ်...တကယ်လို့ ငါတို့သာ လှုပ်ရှားလိုက်ရင် ငါတို့က ဓားခုတ်ရာလက်ဝင်လျှိုသလိုဖြစ်နေမှာပဲ"

"ငါတို့ အဲ့ဒီကိစ္စကို ဖြည်းဖြည်းချင်းပဲ အကောင်အထည်ဖော်ရမယ်...သူ့သမီးက သူရဲ့အားနည်းချက်ပဲ...တကယ်လို့ ငါသာ သူ့သမီးကိုချုပ်ကိုင်နိုင်ရင်...အဲ့ဒီရတနာက ငါ့လက်ထဲကိုအနှေးနဲ့အမြန် ရောက်လာလိမ့်မယ်"

တခြားကျင့်ကြံသူတစ်ယောက်က မေးမြန်းသည်။

"ဂိုဏ်းချုပ်...ကျွန်တော်တို့က ဟိုတပ်စုမှူးဆိုတဲ့ကောင်ကို စောင့်ကြည့်ဖို့ လိုအပ်လား"

All Chapters