အခန်း (၁၇၉၁-၁၇၉၅)
Vol. 93 Ch. 1791-1795
Chapter 1791
ကောယင်ကျဲက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"တပ်စုမှူးငယ်လေးတစ်ယောက်ကို...ဘာမှစိတ်ပူနေစရာမလိုဘူး"
သူသည် လုယွီကို အနည်းငယ်မျှပင် အာရုံစိုက်ခြင်းမရှိချေ။
တပ်စုမှူးလေးတစ်ယောက်၏ကျင့်ကြံဆင့်သည် အမြင့်ဆုံးအနေဖြင့် စိတ်ပုံထွင်းနယ်ပယ်သာ ရှိပေလိမ့်မည်။ထိုကျင့်ကြံဆင့်နယ်ပယ်မျှဖြင့် သူ စီစဥ်ထားသောကိစ္စကို မည်သည့်အနှောက်အယှက်မျိုးမျှ ပေးနိုင်မည်မဟုတ်ပေ။
"ရတနာရှိတဲ့နေရာကို ဆက်ပြီးရှာဖွေထားလိုက်...နောက်တစ်ကြိမ် လုပ်ကြံသတ်ဖြတ်မှုက လာတော့မှာ...မင်းတို့ အဲ့ဒီလူသတ်သမားတွေနဲ့ တိုက်ရိုက်ရင်ဆိုင်စရာမလိုဘူး"
ကောယင်ကျဲက သူ၏လူများကို သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ကောယင်ကျဲက စကားတချို့ထပ်ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ပြင်ပမှနေ၍ ကျယ်လောင်သော ခေါင်းလောင်းသံများ မြည်ဟီးလာသည်ကို ကြားလိုက်ရ၏။
သင်္ဘောတစ်စင်းလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါနေသည်။
"မကောင်းတော့ဘူး...လုပ်ကြံသတ်ဖြတ်သူတွေ ရောက်လာပြီ"
"လာကြစမ်း...သခင်ကြီးကို ကာကွယ်ကြ"
ဖေးမိသားစုမှအစောင့်များသည် အလျင်စလိုရှေ့သို့ပြေးထွက်ပြီး အကာအကွယ်ပုံစံ ဖွဲ့စည်းလိုက်ကြသည်။
ရွှေရောင်သင်္ကေတများက သင်္ဘောကြီး၏နံဘေးပတ်လည်တွင် မျောလွင့်နေသည်။အကာအကွယ်ဝင်္ကပါကြီးကို သင်္ဘောအားကာကွယ်နိုင်ရန်အတွက် အပြည့်အဝအသက်သွင်းထားသည်။
"သူတို့ရောက်လာတာ မြန်လှချည်လား"
ကောယင်ကျဲက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် မတ်တတ်ထရပ်လိုက်၏။
သူ နေရာသို့လာရောက်ကူညီပေးရသည့်အကြောင်းအရင်းမှာ ဖေးမိသားစု၏ရတနာအတွက်ပင်။
သို့ရာတွင် သူသည် ယခုလက်ရှိအချိန်ထိတိုင် ရတနာကိုရယူနိုင်ခြင်း မရှိသေးချေ။ထိုအစား လုပ်ကြံသတ်ဖြတ်သူများက ဤနေရာသို့ အရင်ရောက်ရှိလာလေပြီ။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ကောယင်ကျဲသည် သူ၏စိတ်အတွင်းမှနေ၍ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် အမိန့်ပေးလိုက်သည်။
"အပြင်ထွက်ပြီး ဟန်ပြတိုက်ခိုက်ကြစမ်း...မင်းတို့ရဲ့အသက်ကိုထိန်းသိမ်းထားနိုင်ဖို့ မင်းတို့ အတက်နိုင်ဆုံး ကြိုးစားကြ"
သူ၏လက်အောက်ငယ်သားများသည် သူ၏ဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများ ဖြစ်ပေ၏။ဖေးမိသားစုအတွက်ဖြင့် သူတို့၏အသက်များ ဆုံးရှုံးသွားပါက ထိုက်တန်မည်မဟုတ်ချေ။
တခြားတစ်ဖက်တွင် အခန်းငယ်အတွင်း၌....
လုယွီသည် တိတ်ဆိတ်ငြိမ်သက်သော အခန်းအတွင်း၌ ကျင့်ကြံနေဆဲပင်။
ဤနေရာပတ်ဝန်းကျင်တွင် ဖေးမိသားစုမှ အစေခံတချို့ရှိနေသော်လည်း လုယွီ၏အခန်းသည် အလွန်ချောင်ကျသောနေရာတွင်ရှိနေသဖြင့် သာမာန်နေ့ရက်များတွင် မည်သူကမျှ သူ့အား လာရောက်၍အနှောက်အယှက်ပေးခြင်းမရှိချေ။
အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်သည် အခန်းအတွင်းသို့ဝင်ရောက်လာပါက လုယွီ၏နဖူးပေါ်တွင် အဖြူရောင်မြူခိုးများမျောလွင့်နေခြင်းကို ထင်ထင်ရှားရှားတွေ့မြင်ရပေမည်။တခါတရံတွင် ထိုမြူခိုးများသည် နဂါးပုံစံပြောင်းလဲသွားပြီး တခါတရံကျားပုံစံစသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲနေသည်။
လုယွီ ထုတ်လွှက်ထားသောအရှိန်အဝါသည် သူ ဤနေရာသို့ ပထမဆုံးရောက်ရှိစဥ်က အခြေအနေနှင့် များစွာကွဲပြားခြားနားနေပေ၏။သူ၏အရှိန်အဝါသည် ပို၍တည်ငြိမ်ပြီး အစွမ်းထက်လာပုံရသည်။
လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မိုးကောင်းကင်လှိုဏ်ဂူသည် ယခင်ထက်ပို၍အဆများစွာ ကြီးမားကျယ်ပြန့်လာသည်။
သူ၏မိုးကောင်းကင်လှိုဏ်ဂူသည် ယခင်က ရေအိုင်တစ်ခုစာမျှရှိသည်ဆိုလျှင် ယခုအချိန်၌ ရေကန်ကြီးတစ်ခုစာရှိနေပြီး မှော်စွမ်းအားများကို ပို၍စုဆောင်းထားနိုင်သည်။
လုယွီ၏ခန္ဓာကိုယ်မှ ကျယ်လောင်သောတုန်ခါသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ အင်မောတယ်သံစဥ်လှိုင်းများက အခန်းအတွင်းမှထွက်ပေါ်လာသည်။ထိုသံစဥ်လှိုင်းများသည် လေဟာနယ်အတွင်းရှိ မြောက်မြားစွာသောသက်ရှိများက လုယွီအား အရိုအသေပြုနေကြသကဲ့သို့ပင်။
"လောကီအင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်...ငါ့ရဲ့ခွန်အားက နည်းနည်းတော့တိုးတက်လာပြီ"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီက သူ၏မျက်လုံးများ ပို၍ကြည်လင်ပြတ်သားလာခြင်းကို ခံစားမိသည်။သူသည် ပြန်လည်မွေးဖွားလာသည့်အလား သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်များဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူသည် အခန်းပြင်ပရှိစင်္ကြန်လမ်းမှနေ၍ ခပ်အုပ်အုပ်ညည်းတွားသံများ ထွက်ပေါ်နေခြင်းကို ကြားလိုက်ရသည်။
မြေအောက်ခန်းအတွင်းတွင်ရှိနေသော အစေခံတချို့၏လည်ပင်းများ တိတ်တဆိတ်ဖြတ်တောက်ခြင်း ခံလိုက်ရ၏။
"ဒီနေရာမှာရှိတဲ့လူအားလုံးကို သတ်ပစ်လိုက်...ဘယ်သူမှ အရှင်မထားနဲ့"
စင်္ကြန်လမ်း၏တစ်နေရာမှနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
မကြာမီမှာပင် မြေအောက်ခန်းတံခါးကို ရိုက်ချိုးဖွင့်ခြင်းခံလိုက်ရပြီး အတွင်းတွင်ရှိသောအစေခံများအားလုံး ချွင်းချက်မရှိ အသတ်ခံလိုက်ရသည်။
"လုပ်ကြံသတ်ဖြတ်သူတွေ..."
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ထိုလုပ်ကြံသတ်ဖြတ်သူများသည် အလွန်လျှင်မြန်သဖြင့် အချိန်တိုအတွင်းမှာပင် လုယွီ၏အခန်းရှေ့သို့ ရောက်ရှိလာသည်။
မြေအောက်ခန်းရှိ အခန်းတံခါးများအားလုံးကို သစ်သားများဖြင့်ပြုလုပ်ထားပေ၏။ဤရက်စက်ကြမ်းကြုတ်သောလုပ်ကြံသူများကိုမဆိုထားနှင့် သာမာန်သေမျိုးတစ်ယောက်ပင်လျှင် အင်အားအနည်းငယ်စိုက်ထုတ်လိုက်ရုံဖြင့် ဤတံခါးများကိုဖျက်ဆီးနိုင်သည်။
လုပ်ကြံသတ်ဖြတ်သူများသည် တံခါးကိုဖျက်ဆီးလိုက်သော်လည်း အတွင်း၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ချေ။
"ဘယ်သူမှ မရှိဘူး...သွားကြစို့"
လုပ်ကြံသတ်ဖြတ်သူများက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး နောက်ပြန်လှည့်၍ ထွက်ခွါခဲ့ကြသည်။
"မင်းတို့က လူတွေကိုသတ်ပြီး ဒီအတိုင်းထွက်သွားချင်တာလား" လုယွီ၏အသံနက်ကြီးက ရုတ်တရက် လုပ်ကြံသတ်ဖြတ်သူများ၏နားအတွင်းသို့ ပေါက်ကွဲသံကြီးအလား ဝင်ရောက်လာသည်။ ဝှစ်... ဓားချီတစ်လှိုင်းဖြတ်သန်းလာမှုနှင့်အတူ လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေသော လုပ်ကြံသတ်ဖြတ်သူများအားလုံး ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
Chapter 1792
အခန်းငယ်အတွင်းရှိအလင်းရောင်သည် အလွန်မှိန်ပျသဖြင့် အတွင်းရှိလူများကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲသည်။
လုယွီ လှုပ်ရှားမှုပြုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူသတ်သမားများသည် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ချက်ချင်းပင် သတိပြုမိသွားကြသည်။
"သတ်ကြစမ်း"
မည်သည့်အပိုစကားမျှမဆိုဘဲ လုပ်ကြံသတ်ဖြတ်သူများသည် လုယွီကို တိုက်ခိုက်လိုက်ကြ၏။
အမှောင်ထုအတွင်း၌ အရိပ်တချို့ထွက်ပေါ်လာပြီးနောက် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူတို့က လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
ဟမ့်...
လုယွီက အေးစက်စက်နှာမှုတ်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်ကို မည်သည့်မှော်စွမ်းအင်မျှ ထည့်သွင်းအသုံးပြုထားခြင်းမရှိသော်လည်း ပြင်းထန်သောလက်သီးစွမ်းအားက ရှေ့သို့တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
သတ်ဖြတ်ခြင်းကို အောင်မြင်စေရန်အလို့ငှါ လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ခန္ဓာကိုယ်များပေါ်၌ အမျိုးအစားစုံလင်သောမှော်လက်နက်များကိုသာ သယ်ဆောင်ထားပြီး မည်သည့်ခုခံရေးမှော်ရတနာမျှ သူတို့ထံတွင်မရှိချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီနှင့်အနီးဆုံးနေရာသို့ ရောက်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများသည် အပိုင်းပိုင်းအစစပြတ်တောက်ကာ သေဆုံးသွားကြပြီး သူတို့၏အသွေးအသားများက နေရာအနှံ့ လွင့်စင်သွားသည်။
လုယွီနှင့် အလှမ်းကွာဝေးနေသော လုပ်ကြံသတ်ဖြတ်သူများပင်လျှင် ထိုလက်သီးလှိုင်း၏သက်ရောက်ခြင်း ခံလိုက်ရ၏။သူတို့၏ရင်ဘတ်များကွေးဝင်သွားပြီး လက်သီးတစ်ချက်ဖြင့်ပင် သူတို့အားလုံး သေဆုံးသွားတော့သည်။
ဤသည်က လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားပင်။
"ဖေးထျန်ကွမ်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကိုတောင် ဖိတ်ကြားထားတာပါလား...ဟား ဟား ဟား...ဒါက စိတ်ဝင်စားစရာပဲ"
အမှောင်ထုအတွင်းမှနေ၍ သရဲတစ္ဆေများ၏ညည်းတွားသံကဲ့သို့ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ဖြူရော်ပြီးပါးလှပ်သော လက်တစ်ဖက်က အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပေ၏။
ထိုလက်သည် မြေကြီးအောက်မှတွားသွားတက်လာသော အရိုးခြောက်လက်ကြီးဖြင့် တူညီသည်။ထိုလက်ကြီး ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ချက်ချင်းဆိုသလိုပင် အေးစက်စက်အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်အား လွှမ်းခြုံလာပေရာ လူအများအား တုန်လှုပ်ချောက်ချားစေသောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
လုယွီက သရော်တော်တော် ပြောဆိုလိုက်၏။
"ဒါဆို မင်းက သွေဖယ်နေတဲ့နတ်ဆိုးလမ်းစဥ်ကိုကျင့်တဲ့ အလောင်းကောင်ကျင့်ကြံသူပေါ့လေ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး မောက်မာနေဝံ့တာလဲ"
လုယွီ၏ညာဘက်လက်သီးပေါ်တွင် တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်းက လှည့်ပတ်နေသည်။ထိုနေရာတွင် အဆက်မပြတ် ပျံဝဲနေပြီး ဟိန်းဟောက်နေသော ရွှေရောင်နဂါးတစ်ကောင်လည်း ရှိနေပေ၏။
လက်ဝါးနှင့်လက်ဖဝါး ဖီလာဆန့်ကျင် ရိုက်ခတ်မိလေပြီ။
ဖြုဖျော့ဖျော့အရိုးခြောက်လက်ဖဝါးမှနေ၍ မရေမတွက်နိုင်သော ယင်ချီများ အငွေ့ပြန်သွားပြီး ရုတ်ချည်းဆိုသလိုပင် စူးရှနာကျင်စွာအော်ဟစ်လိုက်သော အသံတစ်သံက မှောင်မည်းနေသောစင်္ကြန်လမ်း၏အဆုံးမှ ထွက်ပေါ်လာသည်။
ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ လူတစ်ယောက် လွင့်စက်ထွက်လာပြီး နံရံတစ်ခုနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။
"လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်လား"
လုယွီက မျက်ခုံးပင့်လိုက်၏။ဤသည်က သူ မျှော်လင့်မထားမိသော ကိစ္စတစ်ရပ်ပင်။
တစ်ဖက်လူများသည် အစေခံများကိုသတ်ဖြတ်ရန်အတွက် လောကီအင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် စေလွှက်ခဲ့သည်။
တစ်ဖက်ရန်သူများ၏နောက်ခံသည် သူ ယခင်က တွေးထားသကဲ့သို့ ရိုးရှင်းမည်မဟုတ်ချေ။
"ကောင်စုတ်လေး...မင်း သေဖို့သာပြင်ထားတော့"
ထိုလူသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ ဓားပျံတစ်ချောင်းကိုထုတ်ယူလိုက်သည်။ထို့နောက် သူ၏ပါးစပ်မှနေ၍ ယင်ချီအရှိန်အဝါများထွက်ပေါ်လာပြီး ဓားပျံထံဦးတည်ကာ မှုတ်ထုတ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် ဓားပျံတစ်ချောင်းလုံးမှနေ၍ ကြည်လင်ပြတ်သားသောတုန်ခါသံများ ထွက်ပေါ်လာသည်။
"သေစမ်း"
ထိုလူသည် ဓားပျံကို လုယွီထံချိန်ရွယ်၍ ပစ်လွှက်လိုက်သည်။
ဓားပျံသည် လုယွီနှင့်နီးကပ်လာသော်လည်း ရုတ်ချည်းဆိုသလိုပင် လုယွီက ထိုဓားပျံကို လက်သီးတစ်ချက်တည်းဖြင့် ချေမွဖျက်ဆီးလိုက်၏။
"ပျင်းစရာကောင်းလိုက်တာ...ငါ့ရဲ့လက်သီးတစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူး"
လုယွီ၏မျက်လုံးများအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။
အမှောင်ထုအတွင်းရှိအရာရာတိုင်းသည် သူ၏မျက်လုံးအကြည့်အောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
လုယွီ၏ရှေ့၌ လူလတ်ပိုင်းကြီးတစ်ယောက်ရှိနေပြီး သူ၏မျက်နှာသည် ဖြူစုတ်စုတ်ဖြစ်နေသည်။ထို့ပြင် လူလတ်ပိုင်းကြီး၏မျက်နှာပေါ်၌ မည်သည့်အမွှေးအမျှင်မျှ ရှိမနေပေ။
"မိန်းမစိုးတစ်ယောက်လား"
လုယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။အစောပိုင်း တိုက်ခိုက်ခံရစဥ်အချိန်ကတည်းက လုယွီသည် တစ်စုံတစ်ခုမှားယွင်းနေသကဲ့သို့ ခံစားနေရသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏အတွေးများကို အတည်ပြုနိုင်ခဲ့၏။
လုယွီထံတွင် ကောင်းကင်ဘုံဧကရာဇ်၏မှတ်ဥာဏ်များရှိနေသဖြင့် နန်းတော်အတွင်းတွင်နေထိုင်သော မိန်းမစိုးများအကြောင်းကို ကောင်းစွာသိရှိထားသည်။
မိန်းမစိုးသည် သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရသည်နှင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားတော့သည်။
"ဒီနေရာကို လာခဲ့စမ်း"
လုယွီသည် နဂါးဖမ်းလက်ကိုအသုံးပြုကာ သူ့ရှေ့ရှိမိန်းမစိုးကို ဖမ်းချုပ်လိုက်၏။
"တာယွီတော်ဝင်နန်းတွင်းက တရားစီရင်ရေးအမတ်လေးတစ်ယောက်ကို မင်းတို့ ဘာလို့သတ်ချင်နေကြလဲ"
လုယွီ၏မျက်နှာ သုန်မှုန်နေပြီး သူက စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုရန်ဟန်ပြင်လေသည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူ စတင်လိုက်သည်နှင့် မိန်းမစိုး၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းအောင်ရှုံတွလာသည်။
"မင်း သူ့ကို ကာကွယ်နိုင်မှာမဟုတ်ဘူး...ဘယ်သူကမှ သူ့ကို မကာကွယ်နိုင်ဘူး"
မိန်းမစိုးသည် လုယွီကိုကြည့်၍ အော်ဟစ်ကြုံးဝါးပြီး ရုတ်တရက် သူ၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာပြီး သူ၏အသက်ချုပ်ငြိမ်းသွားတော့သည်။
လုယွီသည် မိန်းမစိုး၏ပါးစပ်အတွင်း၌ အဆိပ်ရှိနေကြောင်း သတိပြုမိသွားသည်။
မိန်းမစိုးသည် အခြေအနေမကောင်းသည်ကိုမြင်သည်နှင့် သူ၏ပါးစပ်အတွင်းမှ အဆိပ်ကိုကိုက်ဖောက်ကာ သူကိုယ်သူသတ်သေသွားခြင်းဖြစ်သည်။
Chapter 1793
လုယွီသည် မိန်းမစိုး၏အလောင်းကို နံဘေးသို့လွှင့်ပစ်လိုက်၏။ထို့နောက် သူ၏လက်ချောင်းထိပ်မှနေ၍ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာကာ ချက်ချင်းပင် မိန်းမစိုး၏ရုပ်အလောင်းကို အပြည့်အဝလွှမ်းခြုံသွားသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မိန်းမစိုး၏ရုပ်အလောင်း ပြာအဖြစ်ပြောင်းလဲ၍ လွင့်စင်သွားတော့သည်။
မိန်းမဆိုး၏သရုပ်မှန်ကို သက်သေပြနိုင်သည့် မည်သည့်အရာမျှမရှိသော်လည်း လုယွီက ထိုသူသည် အတွင်းနန်းတော်မှဖြစ်ကြောင်း အတိအကျပြောနိုင်ပေ၏။
အကြောင်းအရင်းမှာ အစောပိုင်းက မိန်းမစိုးအသုံးပြုခဲ့သော သိုင်းပညာနည်းစနစ်သည် ကောင်းကင်ဘုံဧကရာဇ်၏ဘဏ္ဍာတိုက်အတွင်း၌ ရှိနေသောအရာဖြစ်နေခြင်းကြောင့်ပင်။
အတိတ်သို့ပြန်တွေးကြည့်ပါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့ပြီး စကြာဝဠာအတွင်းရှိ မြောက်မြားစွာသောမျိုးနွယ်များကို ဖိနှိပ်ကာ မရေမတွက်နိုင်သောသက်ရှိများအား သူ၏အမိန့်ကိုနာခံရန် အမိန့်ပေးနိုင်ခဲ့သည်။
ထိုသက်ရှိမျိုးနွယ်များသည် တာယွီအင်ပါယာကို ပြဿနာမရှာနိုင်စေရန်အလို့ငှါ ကောင်းကင်ဘုံဧကရာဇ်ကျိုးထျန်းယင်သည် ပြင်ပသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ သိန်းနှင့်ချီသောအင်အားစုများကို အမြစ်ပြတ်သုတ်သင်ကာ ရရှိလာသော ရတနာများနှင့်ကျင့်ကြံနည်းစနစ်များကို တာယွိအတွင်းနန်းတော်၏ဘဏ္ဍာတိုက်အတွင်း၌ ချိပ်ပိတ်ထားခဲ့သည်။
ထိုဘဏ္ဍာတိုက်အတွင်း၌ လူအမြောက်အများကို ရူးသွပ်စေနိုင်သည့် မရေမတွက်နိုင်သော ရတနာများရှိနေသည်။
ထိုကိစ္စနှင့်လိုက်လျောညီထွေစွာ ဘဏ္ဍာတိုက်၏လုံခြုံရေးအစီအစဥ်မှာလည်း တခြားနေရာများထက် များစွာပို၍တင်းကြပ်သည်။
တော်ဝင်မိသားစုဝင်တချို့ပင်လျှင် ထိုနေရာသို့ အခွင့်မရှိဘဲ ချဥ်းကပ်ဝံ့ပါက ခေါင်းဖြတ်သုတ်သင်ခြင်းခံကြရသည်။
လုယွီသည် သူ သိရှိထားသောမှတ်ဥာဏ်များမှတဆင့် အတွင်းနန်းတော်၏ဘဏ္ဍာတိုက်အတွင်း၌ အစွမ်းထက်သောတာအိုသခင်တစ်ယောက်ပင်လျှင် စောင့်ကြပ်နေပေ၏။
သူရှေ့ရှိမိန်းမစိုးသည် ထိုဘဏ္ဍာအတွင်းမှ ကျင့်ကြံနည်းစနစ်ကို အသုံးပြုခဲ့သဖြင့် အတွင်းနန်းတော်၌ ထိုလူ၏အဆင့်အတန်းမှာ နိမ့်ပါးမည်မဟုတ်ချေ။
"ဖေးထျန်ကွမ်းက ရှမိသားစုကို ရန်စစော်ကားမိတာထက် ပိုတဲ့ကိစ္စတွေရှိနေမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက ညည်းတွားလိုက်သည်။
အကယ်၍ ရှမိသားစုသည် ဖေးထျန်ကွမ်းကို သတ်ဖြတ်လိုပါက မိန်းမစိုးများစေလွှက်ရန် မလိုအပ်ချေ။ဤသည်က မလိုအပ်ဘဲ ပုံကြီးချဲ့သောကိစ္စပင်။
ဤနေရာသို့ မိန်းမစိုးရောက်လာရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ သူ၏နောက်ကွယ်မှလူသည် ဖေးထျန်ကွမ်း၏သေဆုံးမှုကို သက်သေပြနိုင်ရန် သစ္စာရှိလူယုံတစ်ယောက် စေလွှက်ထားခြင်းဖြစ်ပေမည်။
"ဒီတစ်ကြိမ်တော့ ငါ ဒီနေရာကိုလာခဲ့တာကို အလဟဿအဖြစ်မခံနိုင်ဘူး"
လုယွီက အခန်းငယ်လေးအတွင်းမှနေ၍ ပြင်ပသို့ ထွက်ခဲ့တော့သည်။
အပြင်ဘက်ခြံဝန်းအတွင်း၌...
စူးရှနာကျင်စွာအော်ဟစ်နေသံများက နေရာအနှံ့အပြားမှ ထွက်ပေါ်နေသည်။
ဖေးမိသားစုမှအစောင့်များသည် ကျူးကျော်ဝင်ရောက်လာသော လုပ်ကြံသတ်ဖြတ်သူများနှင့် စတင်၍တိုက်ခိုက်နေကြ၏။
ယခုရောက်ရှိလာသော လုပ်ကြံသတ်ဖြတ်သူများသည် အလွန်အမင်းရက်စက်ကြမ်းတမ်းပြီး အစွမ်းထက်သည်။
အကယ်၍ ကောယင်ကျဲ၏လက်အောက်ရှိ နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသာမရှိပါက ပြင်ပခြံဝန်းအတွင်းရှိ ဖေးမိသားစုဝင်များအားလုံး သေဆုံးသွားပြီးဖြစ်ပေမည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများ အသေအပျောက် ပြင်းထန်နေပေ၏။
သူ၏လက်အောက်ငယ်သား အမြောက်အများ သေဆုံးသွားသည်ကိုကြည့်ပြီး ကောယင်ကျဲ၏နှလုံးသွေးများ တစက်စက်ယိုစီးကျနေသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထိုကိစ္စကို တွေးတောစဥ်းစားနေရန် အချိန်မရှိချေ။
အကြောင်းအရင်းမှာ လောကီအင်မော်တယ်နယ်ပယ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏မျက်လုံးအကြည့်က သူ့ထံသို့ အခိုင်အမာကျရောက်နေခြင်းကြောင့်ပင်။
ကောယင်ကျဲသည် ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်လိုက်၏။သို့ရာတွင် တစ်ဖက်မှလုပ်ကြံသတ်ဖြတ်သူ၏ခွန်အားသည် အလွန်အားကောင်းနေသဖြင့် သူ ခုခံတိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။
"ဒီရတနာကိုရဖို့အတွက်နဲ့...ငါ အများကြီးဆုံးရှုံးခဲ့ရပြီးပြီ"
ကောယင်ကျဲက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်သည်။သို့ရာတွင် သူ၏နောင်တများအတွက် သောက်သုံးစရာဆေးမရှိချေ။
ကောယင်ကျဲသည် ရုတ်တရက် လုပ်ကြံသတ်ဖြတ်သူကြောင့် ဒဏ်ရာရရှိသွားပြီး သူ၏လက်မောင်းတစ်ဖက်လုံး သွေးများစိုရွှဲသွားသည်။
သူက နောက်သို့တဆုတ်တည်းဆုတ်နေရပြီး သူ၏နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန်ခုန်နေသည်။
'ငါ ဒီနေတော့ ဒီနေရာမှာတင်သေသွားဖို့ သေချာနေပြီ'
ကောယင်ကျဲက တုန်လှုပ်ချောက်ချားနေစဥ်မှာပင် တစ်ဖက်ရှိလုပ်ကြံသတ်ဖြတ်သူသည် တိုက်ခိုက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်၏။
ထိုလူ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်များထင်ဟပ်နေပြီး သူက နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
တခြားလုပ်ကြံသတ်ဖြတ်သူများသည်လည်း အမိန့်ကိုလက်ခံရရှိပုံဖြင့် နေရာမှ ချက်ချင်းဆိုသလို ထွက်ခွာသွားကြ၏။
ဤအချိန်အခိုက်အတန့်တွင် အသက်ရှင်ကျန်ရစ်နေကြသော အစောင့်များနှင့်ကျင့်ကြံသူများ၏မျက်နှာများပေါ်၌ စိတ်သက်သာရာရသွားသောအမူအယာများ ထင်ဟပ်နေသည်။
"အကိုကောင်းက အရမ်းအစွမ်းထက်တာပဲ.....သူက အစွမ်းထက်တဲ့ လုပ်ကြံသတ်ဖြတ်သူကိုတောင် အနိုင်တိုက်နိုင်တယ်"
ဖေးရှို့ရှို့သည် အနောက်ဘက်ခြံဝန်းအတွင်းမှ လျှောက်လှမ်းထွက်လာပြီး သူမ၏မျက်နှာပေါ်တွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေလေ၏။
သူမနှင့်ဖေးထျန်ကွမ်းသည် အနောက်ဘက်ခြံဝန်းအတွင်း၌ပုန်းအောင်းနေပြီး တိုက်ပွဲဖြစ်နေစဥ်၌ ပြင်ပသို့ထွက်လာကြခြင်းမရှိချေ။
ဖေးရှို့ရှို့ပြင်ပသို့ထွက်လာချိန်တွင် တစ်ဖက်လူများ ဖရိုဖရဲအခြေအနေနှင့် ထွက်ပြေးသွားခြင်းကိုသာ တွေ့မြင်လိုက်ရသည်။
သူမသည် မသိစိတ်မှနေ၍ ကောယင်ကျဲက ရန်သူများအားလုံးကို အနိုင်ယူလိုက်သည်ဟု တွေးထင်သွားပေ၏။
သူမ၏စိတ်နှလုံးသားအတွင်းမှ ကောယင်ကျဲအပေါ် ကြည်ညိုလေးစားမှုများ ပို၍ပီပြင်ထင်ရှားလာခဲ့သည်။
ကောယင်ကျဲသည် အချိန်တခဏကြာ ကြက်သေသေနေသော်လည်း ချက်ချင်းပင် သူ၏မျက်နှာပေါ်၌ တည်ငြိမ်အေးဆေးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ပြဿနာမရှိပါဘူး...ဒါက ယင်ကောင်ငယ်လေးတွေပါ"
ကောယင်ကျဲက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
Chapter 1794
ဖေးရှို့ရှို့၏မျက်နှာပေါ်၌ အပြုံးများဖြင့် ပြည့်နှက်နေသည်။
"အကိုကောင်းက တကယ့်ကို ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ယောက်ပဲ...တော်ဝင်နန်းတွင်းကစစ်ဗိုလ်ချုပ်တွေ အနိုင်မယူနိုင်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေကိုတောင် အကိုကောင်းက လွယ်လွယ်လေးနဲ့ အနိုင်ယူနိုင်တယ်"
ကောယင်ကျဲသည် ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရသော်လည်း သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ခေါင်းကိုမော့လိုက်သည်။
"ဒါက ဖြစ်ရိုးဖြစ်စဥ် ကိစ္စလေးပါပဲ...ငါသာ ဒီမှာရှိနေရင် မင်း စိတ်အေးလက်အေး အနားယူလို့ရတယ်"
အမှန်အားဖြင့် သူသည်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။အကယ်၍ လုပ်ကြံသတ်ဖြတ်သူကသာ သူ့အားဆက်လက်၍တိုက်ခိုက်ပါက သူ မသေဆုံးလျှင်ပင် အပြင်းအထန်ဒဏ်ရာရရှိသွားနိုင်သည်။
သို့ရာတွင် ထိုလုပ်ကြံသတ်ဖြတ်သူသည် သတင်းတစ်ခုကိုလက်ခံရရှိပုံဖြင့် တိုက်ခိုက်မှုကို အလျှင်စလို ပြန်ရုတ်သိမ်းသွားခဲ့သည်။
"ဖြစ်နိုင်တာတော့ တစ်ဖက်လူတွေဆီမှာ အတွင်းရေးပဋိပက္ခတစ်ခုရှိနေတာပဲဖြစ်မယ်"
ကောယင်ကျဲသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မှန်းဆလိုက်၏။
တစ်ဖက်ရန်သူများတွင် ထွက်ပြေးရန်အတွက် အကြောင်းကိစ္စတစ်ခုခုရှိနေခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဖေးရှို့ရှို့၏မျက်နှာသည် ရှက်သွေးဖြာနေပြီး မခို့တရို့အမူအယာဖြင့် ပြောဆိုသည်။
"အကိုကောင်းက ကျွန်မတို့ဖေးမိသားစုကို အများကြီး ကူညီပေးခဲ့တယ်...ကျွန်မ ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာ မသိတော့ဘူး"
သူမသည် နဂိုကတည်းက ချောမောလှပသူဖြစ်ရာ ယခုလက်ရှိချိန်တွင် သူမ၏မျက်နှာပေါ်၌ ရှက်သွေးဖြာနေသဖြင့် ပွင့်လန်းတော့မည့်ပန်းဖူးလေးအလား ညှို့ငင်နိုင်အားများဖြင့် ပြည့်နှက်နေပေ၏။
ကောယင်ကျဲက အပြုံးနှင့်ပြောဆိုသည်။
"အမှန်တော့ ဒါတွေအားလုံးက မင်း အတွက်ပါပဲ"
ထိုစကားကိုကြားသည်နှင့် ဖေးရှို့ရှို့၏မျက်နှာပေါ်မှ ရှက်သွေးဖြာနေခြင်းမှာ ပို၍ပီပြင်ထင်ရှားလာသည်။သူမက နှစ်သက်သဘောကျနေသောအပြုံးနှင့်အတူ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားတော့သည်။
ဖေးရှို့ရှို့ ထွက်ခွာသွားသည်နှင့် ကောယင်ကျဲ၏မျက်နှာက ချက်ချင်းဆိုသလို သုန်မှုန်သွားသည်။
နတ်ဘုရားဌက်မွှေးဂိုဏ်းမှကျင့်ကြံသူများသည် ကောယင်ကျဲထံသို့ ရောက်ရှိလာပြီး ကြေကွဲဝမ်းနည်းသောအမူအယာဖြင့် ပြောဆိုလိုက်၏။
"ဂိုဏ်းချုပ်....ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ဂိုဏ်းကလူတွေ အယောက်သုံးဆယ်ကျော် သေဆုံးသွားခဲ့တယ်"
ကောယင်ကျဲက ဤနေရာသို့ လူတစ်ရာသာ ခေါ်ဆောင်လာခဲ့သည်။
လုပ်ကြံသူများ၏တိုက်ခိုက်မှုကြောင့် သူ၏လူ အယောက်သုံးဆယ်ကျော် သေဆုံးသွားခဲ့ရသည်။
ကောယင်ကျဲ၏မျက်နှာအမူအယာ အုံ့မှိုင်းနေပြီး သူက ပြောဆိုလိုက်၏။
"ရတနာ ဘယ်နေရာမှာရှိတယ်ဆိုတာ တက်နိုင်သမျှ မြန်မြန်ရှာကြစမ်း...အဲ့ဒါကိုယူပြီးတာနဲ့ ဒီနေရာကနေ မြန်မြန်ထွက်သွားကြမယ်"
"ဟုတ်ကဲ့"
တခြားတစ်ဖက်တွင် အတွင်းဘက်ခြံဝန်းအတွင်း၌....
ဖေးရှို့ရှို့သည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အတွင်းဘက်ခြံဝန်းအတွင်းသို့ပြန်လာရာ လမ်းတွင် လုယွီနှင့် မတော်တဆဆုံတွေ့မိသည်။
လုယွီထံတွင် မည်သည့်ထိခိုက်ဒဏ်ရာမျှမရှိသည်ကိုကြည့်ပြီး ဖေးရှို့ရှို့က သူ့အား ပို၍အထင်အမြင်သေးသွားခဲ့သည်။
"ဒါက မြင့်မြတ်တဲ့တပ်စုမှူးကြီူမဟုတ်လား...ခုဏက လုပ်ကြံသတ်ဖြတ်သူတွေ လာတိုက်ခိုက်တဲ့အချိန်တုန်းက နင် ဘယ်နေရာမှာသွားပြီး ပုန်းအောင်းနေတာလဲ"
ဖေးရှို့ရှို့က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလေ၏။
အစောပိုင်းက လုပ်ကြံသတ်ဖြတ်သူများ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ချိန်တွင် ခုခံကာကွယ်ရာ၌ ပါဝင်ခဲ့ကြသောလူများအားလုံး အနည်းနှင့်အများ ဒဏ်ရာရရှိခဲ့ကြသည်။
လုယွီ၏အရှိန်အဝါသည် အလွန်အမင်း တည်ငြိမ်နေပေရာ တစ်နေရာရာ၌ ပုန်းအောင်းနေခြင်းဖြစ်မည်မှာ သိသာထင်ရှားလှ၏။
လုယွီက ခေါင်းခါယမ်းပြီး ဖေးရှို့ရှို့ကို ထပ်မံ၍အာရုံစိုက်ခြင်းမရှိချေ။
သူသည် ဖေးထျန်ကွမ်း မည်သူမည်သူအား အပြစ်ပြုခဲ့မိသည်ကို မေးမြန်းလိုသည်။ဤလုပ်ကြံသတ်ဖြတ်မှုတွင် အတွင်းနန်းတော်မှ မိန်းမစိုးများပင် ပါဝင်နေသည်။
လုယွီက ဂရုမစိုက်သော်လည်း ဖေးရှို့ရှို့ကမူ ထိုသို့တွေးတောပုံမရပေ။
"နင်က ငါတို့ဖေးမိသားစုကိုကာကွယ်ဖို့ ဒီနေရာကိုရောက်လာတာ...ဟုတ်တယ်မလား...ဒါပေမယ့် ငါတို့ အန္တရာယ်နဲ့တွေ့နေချိန်မှာ ငါ နင်ကို မမြင်မိပါဘူး"
"နင်က တပ်စုမှူးငယ်လေး သက်သက်ပဲ...နင်ခွန်အားက နိမ့်ပါးနေရင်တောင် ပြဿနာမရှိဘူး...တကယ်လို့ နင်က ခုခံတိုက်ခိုက်တဲ့နေရာမှာ ပါဝင်ခဲ့မယ်ဆိုရင် ငါတို့ဖေးမိသားစုက နင့်ကိုကျေးဇူးတင်မိမှာပဲ...ဒါပေမယ့် နင်က နောက်မှာပဲပုန်းအောင်းနေတယ်....ရှေ့ကိုထွက်လာဖို့တောင် နင့်မှာ သတ္တိမရှိဘူး"
ဖေးရှို့ရှို့က အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
"နင့်ထက် ကျင့်ကြံဆင့်နိမ့်တဲ့ အစောင့်တချို့တောင်မှ အပြင်ကိုထွက်ပြီး တိုက်ခိုက်ဝံ့ကြတယ်...နင် စောင့်ကြည့်နေလိုက်...ဒီတစ်ကြိမ်တာဝန်နဲ့ပတ်သတ်တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ နင် ဘာမှမရစေရဘူး...ငါက အမတ်ကြီးသီကျန်းဆီကို စာတစ်စောင်ရေးပို့လိုက်မယ်...နင် တပ်စုမှူးအဆင့်မှာတောင် ဆက်ပြီးရှိမနေစေရဘူး"
လုယွီသည် ဤကဲ့သို့မိန်းကလေးမျိုးကို ခွန်းတုံ့ပြန်ပြောဆိုသည်အထိ သူ၏အဆင့်ကိုနှိမ့်ချလိုစိတ်မရှိချေ။
"မင်းရဲ့အဖေ ဘယ်မှာလဲ...ငါ သူနဲ့တွေ့ချင်တယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဖေးရှို့ရှို့က ဒေါသတကြီး အော်ငေါက်လေသည်။
"ဘာလဲ...နင်က ငါ့ရဲ့အဖေဆီကနေ ငွေညှစ်ချင်တာလား...ငါ နင့်ကို ပြောပြမယ်...ငါ့ရဲ့အဖေက အရာရှိတစ်ယောက် မဟုတ်တော့ပေမယ့် သူက လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ...ငါ့ရဲ့မိသားစုဆီကနေ ခြူးတစ်ပြားမှရဖို့ နင် မစဥ်းစားနဲ့"
လုယွီသည် ကူကယ်ရာမဲ့နေသော်လည်း အနည်းငယ်ပျော်ရွှင်လာသကဲ့သို့ ခံစားမိသည်။
ဖေးရှို့ရှို့သည် သူ့အား မကောင်းမှုမျိုးစုံကိုကျူးလွန်နေသော လူရမ်းကားတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်။
လုယွီက တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံမှတဆင့် ဤနေရာနှင့်မလှမ်းမကမ်းတွင် အစွမ်းထက်သောအရှိန်အဝါတစ်ခုရှိနေကြောင်း အာရုံခံမိလေ၏။
ထိုအရှိန်အဝါသည် ပါးလွှာသောလေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် တမဟုတ်ချင်း ပြန်လည်ပျောက်ကွယ်သွားသော်လည်း လုယွီ၏အာရုံခံမှုအောက်မှ လွတ်မြောက်ခြင်းမရှိချေ။
ထိုသူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။
ထို့ပြင် ထိုမြေကမ္ဘာအင်မော်တယ်သည် သင်္ဘောပျံသန်းနေသည့်လမ်းကြောင်း၌ ပုန်းအောင်းနေသည်။
Chapter 1795
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းရဲ့အဖေ ဘယ်မှာလဲ...ငါ သူနဲ့ အမြန်ဆုံးတွေ့ချင်တယ်"
လုယွီသည် လောကီအင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း လုပ်ကြံသတ်ဖြတ်သူနှင့် သူ၏အထွတ်အထိပ်အဆင့်သည် အနည်းငယ်အလှမ်းကွာဟနေသည်။
လောကီအင်မော်တယ်နယ်ပယ်နှင့်မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် နယ်ပယ်တစ်ခုသာ ကွာဟသော်လည်း မိုးနှင့်မြေတမျှ ကွာခြားချက်ကြီးမားလှပေ၏။
အကယ်၍ ယခင်ကဆိုပါက လုယွီသည် ထိုမြေကမ္ဘာအင်မော်တယ်နှင့် တိုက်ခိုက်နိုင်ရန် ယုံကြည်ချက်ရှိသည်။သို့ရာတွင် ထိုမြေကမ္ဘာအင်မော်တယ်သည် နန်းတော်မှလာသောကျင့်ကြံသူဖြစ်နေပါက တိုက်ပွဲ၏သဘောသဘာဝမှာ လွန်စွာပြောင်းလဲသွားပေမည်။
"မရဘူး...နင် ဘယ်လိုလှည့်စားမှုမျိုးတွေလုပ်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...နင် ငါ့ရဲ့အဖေကို လှည့်စားလို့ရရင်ရမယ်...ဒါပေမယ့် ငါတိုတော့ နင် လှည့်စားလို့မရဘူး"
ဖေးရှို့ရှို့က အနည်းငယ်မျှပင် အလျှော့ပေးခြင်းမရှိချေ။
လုယွီ၏မျက်လုံးများ အေးစက်သွားသည်။
"တကယ်လို့ ငါက အင်အားသုံးပြီး ဖြတ်ကျော်မယ်ဆိုရင်ရော...."
လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် တောင်ပုံရာပုံနေသောအလောင်းများနှင့် မြစ်ပြင်အလားစီးဆင်းနေသောသွေးများကို ဖြတ်ကျော်ပြီးမှ ရရှိလာခြင်းဖြစ်သည်။မည်သည့်နည်းဖြင့် ဖေးရှို့ရှို့ တောင့်ခံနိုင်မည်နည်း။
ဤအချိန်အခိုက်အတန့်တွင် ဖေးရှို့ရှို့၏မျက်နှာတပြင်လုံး ဖြူရော်သွားပေ၏။
"ငါ နင့်ကို သတိပေးမယ်...နင်က တော်ဝင်စစ်တပ်ကလာတဲ့သူဖြစ်နေရင်တောင်...ဒီနေရာမှာ မဆင်မခြင်လုပ်လို့မရဘူး"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ မင်းတို့ဖေးမိသားစုတစ်စုလုံး ပျက်စီးသွားမှာကို မင်း မလိုချင်ဘူးဆိုရင်...ခုချက်ချင်း ငါ့ရှေ့ကနေ လမ်းဖယ်စမ်း"
"ဟီး ဟီး ..တော်ဝင်စစ်တပ်က အရာရှိတွေက အရမ်းအစွမ်းထက်တာပဲ...မိန်းကလေးတစ်ယောက်ရှေ့မှာတောင် အာဏာပြနေတယ်...မင်းကိုယ်မင်း မဟာစစ်ဗိုလ်ချုပ်တစ်ယောက်လို့ ထင်နေတာလား"
ကောယင်ကျဲက ရှေ့သို့လျှောက်လှမ်းလာပြီး သူ၏မျက်နှာပေါ်၌ ပြက်ရယ်ပြုလှောင်ပြောင်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
"တပ်စုမှူးငယ်လေးတစ်ယောက်ကများ....ပုရွက်ဆိတ်တစ်ကောင်လိုအဆင့်နဲ့...မင်းကိုယ်မင်း တကယ်အရေးပါတဲ့သူလို့ ထင်နေတာလား"
ဖေးရှို့ရှို့ကလည်း လှောင်ပြောင်သရော်လေသည်။
"ဒါက အမှန်ပဲ...တိုက်ခိုက်နေတဲ့အချိန်တုန်းက ပုန်းအောင်းနေတဲ့လူကများ...ဒီနေရာကိုလာပြီး စကားကြီးစကားကျယ်တွေ ပြောနေတာ...ငါ ရယ်ရလွန်းလို့သေတော့မယ်"
ကျွီ...
ထိုအချိန်မှာပင် သူတို့၏နောက်ကွယ်ရှိ အခန်း၏တံခါး ရုတ်တရက်ပွင့်သွားသည်။
ဖေးထျန်ကွမ်းသည် အခန်းအတွင်းမှနေ၍ ခြေလှမ်းကျဲကြီးများဖြင့်ထွက်လာပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ဘာတွေ ဖြစ်နေကြတာလဲ...ဘာလို့ အပြင်မှာ ဒီလောက်ထိ ဆူညံနေတာလဲ"
လုယွီက ဖေးထျန်ကွမ်းကို ကြည့်လိုက်၏။
"ဖေးသခင်ကြီး...ခင်ဗျားသွားမယ့် လမ်းကြောင်းက ဖော်ထုတ်ခံလိုက်ရပြီ...ခင်ဗျားက သင်္ဘောကို အရင်ဆုံးရပ်နားထားပြီး လမ်းကြောင်းကိုပြန်ပြီးစီစဥ်တာ ပိုကောင်းလိမ့်မယ်"
သူ ထိုစကားကိုပြောဆိုလိုက်ချိန်တွင် နံဘေးပတ်ဝန်းကျင်၌ မတ်တတ်ရပ်နေသော အစောင့်တချို့ပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြသည်။
သူကဲ့သို့ တပ်စုမှူးလေးတစ်ယောက်သည် ဤကဲ့သို့စကားမျိုးကို မည်သည်ကြောင့် ပြောထွက်သနည်း။
ဖေးမိသားစုသည် သူတို့ ထွက်ခွာရမည့်လမ်းကြောင်းကို အထူးတွက်ချက်၍ စီစဥ်ထားခြင်းဖြစ်သည်။ဤလမ်းကြောင်းတွင် အန္တရာယ်များဖြင့် သူတို့ ကြုံတွေ့ခဲ့ရသော်လည်း အကြိမ်တိုင်းလိုလို အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်။
အကယ်၍ လမ်းကြောင်းကိုသာ ရုတ်တရက်ပြောင်းလဲလိုက်ပါက လမ်းတလျှောက်တွင် အန္တရာယ်များနှင့် ပို၍ရင်ဆိုင်တွေ့နိုင်သည် မဟုတ်လော...
ဖေးရှို့ရှို့က ဒေါသတကြီး ပြောဆိုသည်။
"အဖေ...ကျွန်မတို့ သူ့ကို မောင်းထုတ်လိုက်တာ ပိုကောင်းလိမ့်မယ်"
"လုပ်ကြံသတ်ဖြတ်သူတွေ လာတဲ့အချိန်တုန်းကလည်း သူက အနောက်မှာပုန်းအောင်းနေတယ်....အခု ဒီနေရာကိုရောက်လာပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေ ထပ်ပြောနေပြန်ပြီ...သူက ဒီနေရာကို ပြဿနာရှာဖို့လာတာလို့ ကျွန်မ သံသယဝင်မိတယ်...သူက လုပ်ကြံသတ်ဖြတ်သူတွေဘက်ကလူတောင် ဖြစ်နေနိုင်တယ်"
ဖေးထျန်ကွမ်းက အသံနက်ကြီးဖြင့် အော်ငေါက်လေ၏။
"မင်း... တော်ဝင်စစ်တပ်ကလူတွေကို မဆင်မခြင် မပြောနဲ့"
"အဖေ...ဘာလို့ ဒီလောက်ထိခေါင်းမာနေတာလဲ"
ဖေးရှို့ရှို့၏မျက်လုံးများအတွင်းမှ မျက်ရည်များစီးကျနေပြီး သူမ၏ခြေထောက်ကို ဆောင့်နင်းကာ ပြောဆိုလိုက်သည်။
ကောယင်ကျဲက ကြားဖြတ်ပြောဆိုသည်။
"ဖေးသခင်ကြီး...လမ်းကြောင်းကိုမပြောင်းလဲတာ ပိုကောင်းမယ်လို့ ကျွန်တော် အကြံပြုချင်တယ်...ဒီလမ်းကြောင်းက အရင်ကတည်းက ကြိုတင်စီစဥ်ပြီးသားလေ...တကယ်လို့ လမ်းကြောင်းက်ု ရုတ်တရက်ကြီး ပြောင်းလဲလိုက်မယ်ဆိုရင် ကျွန်တော်တို့က အန္တရာယ်ထဲကိုကျရောက်သွားနိုင်ရုံမကဘူး...ဦးတည်ချက်နဲ့လည်း ပိုပြီးဝေးကွာသွားနိုင်တယ်"
အမှန်အားဖြင့် ကောယင်ကျဲသည် လမ်းကြောင်းပြောင်းလဲမည့်ကိစ္စကို သဘောတူနိုင်ခြင်းမရှိချေ။
သူ၏မူလအစီအစဥ်ကို ထည့်သွင်းမစဥ်းစားလျှင်ပင် သူသည် ကြိုမမြင်နိုင်သော မတော်တဆကိစ္စများကို ရင်ဆိုင်လိုခြင်းမရှိပေ။အစောပိုင်းက သူသည် လုပ်ကြံသတ်ဖြတ်သူများနှင့်ရင်ဆိုင်တိုက်ခိုက်ရစဥ်တွင် သူ လိပ်ပြာလွင့်လုမတက် တုန်လှုပ်ချောက်ချားခဲ့ရသည်။
ကောယင်ကျဲသည် ထိုလုပ်ကြံသတ်ဖြတ်သူများကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုတော့ဟု သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကျိန်ဆိုထားပြီးလေပြီ။
မူလကတည်းက စီစဥ်ထားခဲ့သော ဘေးကင်းလုံခြုံသည့်လမ်းကြောင်းနှင့် နှိုင်းယှဥ်ပါက နောက်ဆုံးအချိန်အခိုက်အတန့်မှထွက်ပေါ်လာသော လုယွီ၏အကြံပြုချက်ကို သူ ငြင်းပယ်ရပေမည်။
ဖေးထျန်ကွမ်းက လုယွီကို ကြည့်လိုက်၏။
"ဒါဆိုရင်...ငါတို့ ဘယ်လမ်းကြောင်းကသွားသင့်လဲဆိုတာကို မင်း အကြံပေးပါအုံး"
"အရှေ့အရပ်ကို သွားရမယ်...မိုးကောင်းကင်ရင်းမြစ်ကြယ်နယ်မြေကို မဖြတ်သွားဘဲနဲ့ သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့ဘေးကနေပတ်ပြီး သွားရမယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ကောယင်ကျဲက လှောင်ပြောင်သရော်လိုက်၏။
"မင်းက ခရီးကိုကွေ့ပတ်ပြီး သွားမလိုလား...အဲ့ဒီလိုလုပ်လိုက်တာနဲ့ ငါတို့ကို လုပ်ကြံသတ်ဖြတ်သူတွေ ရှာမတွေ့နိုင်တော့ဘူးလို့ မင်း ထင်နေတာလား...ဟား ဟား ဟား...ဘယ်လိုဟာသမျိုးလဲ"