အခန်း (၁၈၂၁-၁၈၂၅)
Vol. 94 Ch. 1821-1825
Chapter 1821
"ကျေးဇူးတင်ပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ပြောဆိုကာ သံတမန်အရာရှိကို ပြင်ပသို့လိုက်လံပို့ဆောင်လိုက်၏။
ရွှမ်းဝူစစ်ဗိုလ်ချုပ်၏သံချပ်ကာသည် ကိုယ်ထည်ပြည့်နဂါးကြေးခွံသံချပ်ကာဖြစ်ပြီး တောက်ပပေါ့ပါးကာ တပ်စုမှူးသံချပ်ကာထက် များစွာပို၍အဆင့်မြင့်သည်။ဤသံချပ်ကာများကို တော်ဝင်စစ်ရေးဌာနမှနေ၍ ရွှမ်းဝူစစ်ဗိုလ်ချုပ်များအတွက် အထူးသီးသန့်ပြုလုပ်ထားခြင်းဖြစ်သည်။ဤသံချပ်ကာသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏အင်အားပြည့်တိုက်ခိုက်မှုတစ်ခုကို ခုခံပေးနိုင်စွမ်းရှိပေ၏။
လုယွီထံတွင် ကောင်းကင်ဘုံဧကရာဇ်၏သံချပ်ကာဝတ်စုံရှိနေခဲ့ပြီး ယခုလက်ရှိချိန်တွင် ရွှမ်းဝူစစ်ဗိုလ်ချုပ်သံချပ်ကာပါရှိနေလေရာ အကာအကွယ်နှစ်ထပ်ရရှိသွားလေပြီ။
"တကယ်လို့ ငါက ခုချိန်မှာ မြေကမ္ဘာအင်မော်တယ်သုံးယောက်နဲ့ထပ်ပြီးရင်ဆိုင်ရမယ်ဆိုရင်...ငါ လျှို့ဝှက်နည်းစနစ်ကို မသုံးရင်တောင် သူတို့ရဲ့တိုက်ခိုက်မှုအောက်ကနေ ထွက်ပြေးနိုင်တယ်"
လုယွီသည် သံချပ်ကာပေါ်သို့သွေးတစ်စက်ချလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏သွေးစက်သည် သံချပ်ကာနှင့်ပေါင်းစပ်သွားပြီး သူ၏အတွေးနှင့် သံချပ်ကာစပ်ဆက်သွားသည်ကို ခံစားလိုက်ရ၏။
အတွေးတစ်ချက်ဖြင့်ပင် သံချပ်ကာဝတ်စုံသည် ကျုံသွားပြီး သူ၏နောက်ကျောပြင်ပေါ်၌ အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ဤသံချပ်ကာသည် အချိန်မရွေး အထုတ်အသိမ်းပြုလိုက်နိုင်သော မှော်လက်နက်တစ်ခုလည်းဖြစ်သည်။
ထို့နောက် လုယွီ၏မျက်လုံးအကြည့်က တံဆိပ်ပြားပေါ်သို့ ကျရောက်သွားသည်။ထိုတံဆိပ်ပြားတစ်ခုလုံးကို အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ထိုအရာပေါ်၌ 'ရွှမ်းဝူစစ်ဗိုလ်ချုပ်'ဟူသော ရွှေရောင်စာလုံးများကို ရေးထွင်းထားသည်။တံဆိပ်ပြားအတွင်း၌ အမျိုးမျိုးသောတားမြစ်ကန့်သတ်ချက်များနှင့်ဝင်္ကပါများကိုလည်း စီစဥ်ခင်းကျင်းထားပေ၏။
လုယွီ တံဆိပ်ပြားကိုယူဆောင်လိုက်သည့်အချိန်တခဏမှာပင် တံဆိပ်ပြားနှင့် လုယွီ ချည်နှောင်ပေါင်းစည်းပြီးဖြစ်သည်။
အကယ်၍ တခြားတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ ဤတံဆိပ်ပြားကိုအသုံးပြုပါက ကြီးလေးသောရာဇဝတ်မှုဖြစ်ပြီး တော်ဝင်တရားစီရင်ရေးဌာနနှင့် စစ်ရေးခုံရုံတို့၏ပူးပေါင်း၍ အရေးယူအပြစ်ပေးခြင်းကို ခံယူရပေမည်။
ဤသည်က ယာယီရာထူးအဆင့်အတန်းတစ်ခုမဟုတ်ဘဲ စစ်သည်အင်အားစုဆောင်းခွင့်ရှိသော တော်ဝင်နန်းတော်၏စတုတ္ထအဆင့်အရာရှိ အဆင့်အတန်းဖြစ်သည်။
တော်ဝင်စစ်ရေးဌာနသည် ဤကဲ့သို့အရာရှိနေရာအတွက် အလွန်အမင်းတင်းကြပ်သော စုံစမ်းထောက်လှမ်းမှုများကို ဖြတ်ကျော်ပြီးမှ ခန့်အပ်လေ၏။သို့ရာတွင် တစ်ဖက်လူများသည် သူ၏နဂါးအစောင့်ဟူသော အဆင့်အတန်းကိုသိရှိသွားသဖြင့် အရာအားလုံး ဤမျှထိလွယ်ကူချော့မွေ့သွားခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။
အမ်...
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
သူ့စိတ်ဝိညာဥ်၏အာရုံခံနိုင်မှုအရ ရှန့်လင်မြို့အတွင်း၌ ထူးဆန်းသောအော်ရာတချို့ ထွက်ပေါ်လာခြင်းကို သိလိုက်ရ၏။
ထိုအော်ရာများသည် အလောင်းတောင်နှင့်သွေးပင်လယ်မှ ထွက်လာသကဲ့သို့ သွေးညှီနံများဖြင့် ပြည့်နှက်နေသည်။သူတို့သည် သူတို့ကိုယ်သူတို့ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားကြ၏။သူတို့က ယိုစိမ့်ထွက်သွားသော အော်ရာတချို့ကို အလျှင်အမြန်ဖုံးကွယ်လိုက်ကြသော်လည်း လုယွီ၏အာရုံခံမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"နောက်ဆုံးတော့ သူတို့ ထွက်ပေါ်လာပြီပေါ့"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ရှန့်လင်းမြို့တွင်နေထိုင်နေသော ဤရက်များအတွင်း လုယွီသည် သူ၏ကျင့်ကြံဆင့်ကို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်နေရုံသာမက တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ရှိလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းနေခဲ့သည်။
လေဟာနယ်ဓားပြများ၏မှတ်ဥာဏ်များအရ သူတို့သည်လုပ်ငန်းတာဝန်များ လက်ခံသည့်အချိန်တိုင်း ရှန့်လင်းမြို့အတွင်းရှိ နေရာတစ်နေရာတွင် ပြုလုပ်လေ့ရှိသည်။
"သွားပြီးတစ်ချက်ကြည့်ကြည့်တာပေါ့"
လုယွီက သူ၏ခြေထောက်ကိုမြှောက်၍ ကြယ်မြစ်အုပ်ချုပ်သူ၏အိမ်တော်မှထွက်ခွာခဲ့တော့သည်။
ရှန့်လင်းမြို့အတွင်း၌...
ဤသည်က ကျင့်ကြံသူများ၏ကြီးမားသောမြို့ကြီးတစ်မြို့ဖြစ်ပြီး နယ်မြေအလွန်ကျယ်ဝန်းကာ လူဦးရေရှစ်သန်းခန့်ရှိသည်။နှစ်စဥ်နှစ်တိုင်း ဤနေရာသို့ ကုန်သည်အမြောက်အများ လာရောက်၍ကူးသန်းရောင်းဝယ်ကြပြီး လမ်းများ၏နံဘေးတစ်ဖက်တစ်ချက်၌ စျေးဆိုင်အမြောက်အများ ခင်းကျင်း၍ရောင်းချနေသည်။လူသားမျိုးနွယ် နတ်ဆိုးမျိုးနွယ် မှော်သားရဲမျိုးနွယ်များက လမ်းများပေါ်တွင် လှုပ်ရှားသွားလာနေရာ အလွန်သက်ဝင်လှုပ်ရှားသောမြို့တစ်မြို့ဖြစ်သည်။
လုယွီ နေထိုင်နေသောနေရာသည် အုပ်ချုပ်သူအိမ်တော်အတွင်းရှိ အလွန်တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်ခုအတွင်း၌ ဖြစ်လေ၏။ထို့ကြောင့် လုယွီ၏ထွက်ခွာသွားခြင်းကို မည်သူကမျှ သတိမပြုမိချေ။
ရှန့်လင်းမြို့...ကျင်းထျန်းမျှော်စင်
ဤနေရာသည် ရှန့်လင်းမြို့ အရှေ့ဘက်အကျဆုံးအပိုင်း၏လူစည်ကားသောနေရာတွင် တည်ရှိသည်။ကျင်းထျန်းမျှော်စင်သည် ၁၈ထပ်မြင့်မားသော အဆောက်အအုံတစ်လုံးဖြစ်ပြီး အထပ်မြင့်အဆောက်အအုံ၏အောက်၌ ခမ်းနားထည်ဝါသောဥယျာဥ်တစ်ခုရှိသည်။
အဝေးမှကြည့်လျှင် ထိုဥယျာဥ်အတွင်း၌ မြောက်များစွာသော ပုံရိပ်ယောင်များကို တွေ့မြင်နိုင်သည်။တချို့ပုံရိပ်ယောင်များသည် နဂါးများဖြစ်ပြီး တချို့မှာ ဖီးနစ်ဌက်များဖြစ်ကာ တချို့သည် ပျံသန်းနေသောဌက်များပုံစံရှိကာ အလွန်အမင်းလှပပေ၏။
ထိုဥယျာဥ်၏ပြင်ပ၌ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးမှော်သားရဲရှစ်ကောင်မှ စောင့်ကြပ်နေသည်။
ထိုနတ်ဆိုးမှော်သားရဲများအားလုံးသည် လူသားပုံစံအသွင်ပြောင်းထားသည်။သို့ရာတွင် သူတို့၏ပုံပန်းသွင်ပြင်များတွင် နတ်ဆိုးမှော်သားရဲများ၏ဝိသေသလက္ခဏာများ ရောယှက်နေလေရာ ရက်စက်ကြမ်းကြုတ်သောအသွင်မျိုး ရှိနေလေ၏။
ဖြတ်သွားဖြတ်လာတချို့သည် သူတို့ကိုမြင်သည်နှင့် အနီးသို့မချဥ်းကပ်ဝံ့ဘဲ အဝေးမှရှောင်ကွင်းသွားကြသည်။
လုယွီသည် များစွာတွေးတောခြင်းမရှိဘဲ သူက အတွင်းသို့ဝင်လိုက်၏။
"ရပ်လိုက်စမ်း"
နတ်ဆိုးမှော်သားရဲတစ်ကောင်က ရုတ်တရက် လုယွီကို ဟန့်တားလိုက်သည်။
"ဖိတ်စာမရှိရင် အထဲကိုဝင်လို့မရဘူး"
လုယွီက ရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်၏။သူထံတွင် မည်သည့်ဖိတ်စာမျှ ရှိမနေချေ။
Chapter 1822
လုယွီက မေးမြန်းလိုက်သည်။
"ငါ အဲ့ဒီဖိတ်စာကို ဘယ်နေရာကနေ သွားရှာလို့ရနိုင်လဲ"
နတ်ဆိုးမှော်သားရဲသည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းကလား...ထွက်သွားစမ်း...မဟုတ်ရင် ငါ မင်းကို အမှုန့်ဖြစ်အောင် ထုချေပစ်လိုက်မယ်"
လုယွီသည် သူ၏မှော်စွမ်းအားများကို ထိန်းချုပ်ထားသဖြင့် တခြားသူများသည် သူ၏အစစ်အမှန်ခွန်အားကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။လုယွီက ခေါင်းခါယမ်းလိုက်၏။ကြည့်ရသည်မှာ အတွင်းသို့ ခိုးဝင်နိုင်ရန် သူ အခွင့်အရေး ရှာရတော့ပေမည်။
အမှန်အားဖြင့် သူသည် ခွန်အားသုံး၍ အတွင်းသို့ဝင်သွားပါက ထိုနတ်ဆိုးမှော်သားရဲများသည် သူ့အား ဟန့်တားနိုင်မည်မဟုတ်ချေ။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ရှန့်လင်းမြို့ဖြစ်ပြီး လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ၏ရုံးစိုက်ရာမြို့ဖြစ်သည်။လုယွီသည် ဤနေရာ၌ ပြဿနာရှာလိုစိတ်မရှိချေ။
"အရှင်ရှောင်...တိုက်ဆိုင်လိုက်တာ...ရှင်က ဒီနေရာကို ရောက်နေတာလား"
ရုတ်ချည်းဆိုသလိုပင် ချိုသာသောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
လုယွီက နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ဖေးရှို့ရှို့၏ ပွင့်ဖူးနေသောပန်းလေးအလား ပြုံးရွှင်နေသောမျက်နှာကို တွေ့မြင်လိုက်ရ၏။
ဖေးအိမ်တော်မှလူများသည် ရှန့်လင်းမြို့အတွင်း၌ အခြေချနေထိုင်နေသည်။ဤနေရာသည် ဖေးထျန်ကွမ်း၏ဇာတိမြို့ဖြစ်သဖြင့် ဖေးမိသားစုသည် ရှန့်လင်းမြို့အတွင်း၌ အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်မှုရှိနေဆဲပင်။ဖေးရှို့ရှို့သည် ဇာတိမြေသို့ပြန်ရာလမ်းတလျှောက်၌ လှည့်စားခံရမှုများ အလှည့်အပြောင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဖေးရှို့ရှို့သည် ဖေးမိသားစု၏သခင်မလေးဖြစ်သဖြင့် ရက်အနည်းကြာ သူမ၏စိတ်ကိုနှစ်သိမ့်နေပြီးနောက် သူမကြုံတွေ့ခဲ့ရသော ပူဆွေးသောကများကို မေ့ပျောက်သွားလေ၏။ယနေ့တွင် သူမသည် ရှန့်လင်းမြို့အတွင်းရှိ နာမည်ကျော်ကြားသောအိမ်တော်များမှ မိန်းမပျိုများနှင့် စျေးဝယ်ထွက်လာခြင်းဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် သူမသည် လုယွီကို ကျင်းထျန်းမျှော်စင်၏ဝင်ပေါက်၌ တွေ့မြင်မိသည်။
"အရှင်ရှောင်...ရှင့်ရဲ့ဒဏ်ရာတွေ အကုန်ကောင်းသွားပြီလား"
ဖေးရှို့ရှို့က အလျင်စလိုပြေးလာပြီး အံ့အားတသင့် မေးမြန်းလိုက်၏။
လုယွီသည် ဖေးမိသားစုကို ကယ်တင်ခဲ့သည့်အချိန်မှစ၍ လုယွီအပေါ်ထားရှိသော ဖေးရှို့ရှို့၏စိတ်နေသဘောထား အကြီးအကျယ် ပြောင်းလဲသွားသည်။
အမှန်အားဖြင့် လုယွီ ပြန်လည်အားဖြည့်နေစဥ် အချိန်ကာလအတောအတွင်းတွင် ဖေးရှို့ရှို့သည် သူ့ထံသို့ အကြိမ်များစွာသွားရောက်လည်ပတ်ပြီး အဖိုးတန်ရှားပါးသောအားဖြည့်စာများကို ပေးပို့ခဲ့သည်။
သို့ရာတွင် လုယွီသည် အစဥ်အမြဲကျင့်ကြံနေသဖြင့် သူ၏အိမ်တော်ရှိအစေခံများ၏ငြင်းပယ်ခြင်းကိုသာ သူမ ခံယူခဲ့ရသည်။
"ကျွန်မ ရှင့်ကို အကြိမ်ပေါင်းများစွာလာရှာခဲ့တယ်...ဒီနေ့တော့ ရှင် အပြင်ကို ထွက်လာပြီပေါ့..ကျွန်မက ရှင့်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လို့ပါ"
ဖေးရှို့ရှို့က နှုတ်ခမ်းစူပြီး ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။
"ဒါက ပြဿနာမရှိပါဘူး...ငါက ဒီတာဝန်ကိုယူပြီးမှတော့ မင်းတို့မိသားစုကို ငါ ကာကွယ်ပေးတာက ဖြစ်သင့်တဲ့ကိစ္စပဲလေ"
အမှန်အားဖြင့် လုယွီသည် ဖေးရှို့ရှို့အပေါ်၌ ခံစားချက်များစွာမရှိချေ။ယခင်က ဖေးရှို့ရှို့သည် သူ့အား အမြဲတစေလှောင်ပြောင်သရော်ခဲ့သော်လည်း လုယွီက သူမကို မောက်မာသောဂျူနီယာလေးတစ်ယောက်ဟုသာ ယူဆထားသည်။
"အိုး..ရှို့ရှို့...ဒါက ဘယ်သူလဲ...သူက အရမ်းချောတာပဲ"
"အမှန်ပဲ...ဒီရက်တွေအတွင်းမှာ နင် အပြင်ခဏခဏသွားနေတယ်လို့ ငါ ကြားထားတာ အံ့အားသင့်စရာမရှိတော့ဘူး...နင်က ငါတို့မသိအောင် နင်ရဲ့ချစ်သူနဲ့ သွားတွေ့နေတာမလား"
ဖေးရှို့ရှို့၏နောက်မှနေ၍ အဖိုးတန်အဝတ်အစားများကိုဝတ်ဆင်ထားသော မိန်းမပျိုတချို့ထွက်ပေါ်လာပြီး သူမကိုစနောက်နေကြ၏။
ထိုမိန်းမပျိုများ၏စနောက်သံကိုကြားသည်နှင့် ဖေးရှို့ရှို့၏မျက်နှာ ရုတ်တရက် နီမြန်းသွားသည်။
"အိုက်ယား...နင်တို့ ဘာတွေပြောနေကြတာလဲ..သူ...သူက ငါ့ရဲ့ကယ်တင်ရှင်ပဲ"
ဖေးရှို့ရှို့က သူမကိုယ်သူမ ကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။တစ်ချိန်တည်းမှာပင် သူမက မျက်လုံးထောင့်ကပ်၍ လုယွီကို တိတ်တခိုး ကြည့်လိုက်၏။
သို့ရာတွင် လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပြီး သူမအား အနည်းငယ်မျှပင် ဂရုစိုက်ပုံမရသဖြင့် သူမ၏စိတ်နှလုံးသားအတွင်း၌ ကြေကွဲဝမ်းနည်းမှုများ ဖြတ်ပြေးသွားသည်။
"နင်တို့မိသားစုရဲ့ကယ်တင်ရှင်က လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ မဟုတ်ဘူးလား"
"နင်ရတဲ့သတင်းက မတိကျဘူး...ပြောနေကြတာကတော့ အုပ်ချုပ်သူ ရောက်မသွားခင်မှာ ဖေးမိသားစုကို တပ်စုမှူးလေးတစ်ယောက်က ကယ်တင်ခဲ့တယ်တဲ့"
"ဒါဆို သူက အဲ့ဒီတပ်စုမှူးပေါ့...သူ့အသက်က ငယ်ငယ်လေးရှိသေးတာပဲ"
မိန်းမပျိုများအားလုံးသည် တိုင်ပင်ဆွေးနွေးနေကြသော်လည်း လုယွီကို သူမတို့က အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်နေကြ၏။
သူမတို့အားလုံးသည် ချမ်းသာကြွယ်ဝပြီးမြင့်မြတ်သောအိမ်တော်များမှ သခင်မလေးများဖြစ်သည်။တပ်စုမှူးလေးတစ်ယောက်သည် သူမတို့ အရေးတယူလုပ်၍ ဆက်ဆံရန်အတွက် ထိုက်တန်မှုမရှိချေ။
"ရှို့ရှို့...သူ့ကို ဂရုစိုက်မနေနဲ့...ငါ နင်ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်"
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
ဖေးရှို့ရှို့က အချိန်တခဏကြာကြက်သေသေသွားပြီးမှ သူမက မေးမြန်းလိုက်၏။
"ဘာသတင်းကောင်းလဲ"
Chapter 1823
"နင် ကျင်းထျန်းမျှော်စင်ရဲ့ပိုင်ရှင်ကိုသိလား...သူက ဒီနေ့ ဒီနေရာကို ရောက်လာလိမ့်မယ်"
ကျင်းထျန်းမျှော်စင်၏ပိုင်ရှင်ဟူသော စကားကိုပြောဆိုလိုက်ချိန်တွင် အနီရောင်ဝတ်စုံဝတ်မိန်းမပျို၏မျက်လုံးများအတွင်း၌ စွဲမက်ယစ်မူးနေသော အရိပ်အယောင်မျိုး ဖြတ်ပြေးသွားသည်။
ဖေးရှို့ရှို့က အနည်းငယ် ကြက်သေသေသွားလေ၏။
"ဒါက...."
"ဟုတ်တယ်...အမှန်ပဲ..ကျင်းထျန်းမျှော်စင်ရဲ့ပိုင်ရှင်က ရှန့်လင်းမြို့အရှင်ရဲ့သား သခင်လေးဟယ်ကောင်းဖေးပဲ"
အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
တခြားမိန်းမပျိုများကလည်း အံ့အားတသင့် အော်ဟစ်နေကြ၏။
ရှန့်လင်းမြို့အရှင်သည် အဆင့်အတန်းမြင့်မားပြီးမြင့်မြတ်ကာ မိုးကောင်းကင်ကိုပင် သူ၏လက်တစ်ဖက်ဖြင့်ဖုံးအုပ်နိုင်သော အစွမ်းထက်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
သူ၏အဆင့်အတန်းသည် လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ၏နောက် ဒုတိယနေရာတွင်ရှိသည်။
ရှန့်လင်းမြို့အရှင်၏ဟယ်မိသားစုသည် လော့ရွှေကြယ်မြစ်အတွင်းရှိ အကြီးမားဆုံးထိပ်သီးအင်အားစုများအနက်မှ တစ်ခုလည်းဖြစ်သည်။ဟယ်မိသားစုသည် ချမ်းသာကြွယ်ဝရုံသာမက သူတို့ထံတွင် အစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိသည်။
သာမာန်အားဖြင့် တစ်စုံတစ်ယောက်သည် ဟယ်မိသားစု၌ ကျွန်အဖြစ်နေထိုင်ရမည်ဆိုလျှင်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ခံပေမည်။
ရှန့်လင်းမြို့အတွင်းရှိမိန်းမပျိုများအတွက် အရူးသွပ်စေဆုံးအချက်မှာ မြို့အရှင်၏သားတော် ဟယ်ကောင်းဖေးသည် ယခုချိန်ထိတိုင် အိမ်ထောင်မပြုသေးခြင်းပင်။
ဟယ်ကောင်းဖေးသည် သူ၏မိသားစုနောက်ခံကြောင့် ထင်ရှားကျော်ကြားသူဖြစ်ရုံမက သူ၏ကိုယ်ပိုင်ခွန်အားမှာလည်း အလွန်အမင်းအစွမ်းထက်လှသည်။
ထို့ကြောင့် မြောက်များစွာသောမိန်းမပျိုများသည် ဟယ်ကောင်းဖေးကို သွေးဆောင်ဖျားယောင်းနိုင်ရန် ကြိုးပမ်းနေကြ၏။
အစွမ်းထက်သောခွန်အားရှိသည့်အပြင် သူ၏ကြီးမားသော မိသားစုနောက်ခံအင်အားပါ ထည့်ပေါင်းလိုက်ပါက ဟယ်ကောင်းဖေး၏အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်မရှိမည်မှာ သေချာပေသည်။
"မြန်မြန်အထဲဝင်ကြစို့...ငါ့ရဲ့မျက်နှာလေးကို သခင်လေးဟယ်ရဲ့ရှေ့မှာပြနိုင်ရင် ငါ အရမ်းစိတ်ကျေနပ်မိမှာပဲ"
အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက အပြုံးနှင့်ပြောဆိုသည်။
လုယွီကိုမူ သူမတို့က ဖိတ်ခေါ်ရန်ဆန္ဒရှိပုံမရချေ။လုယွီ၏စွမ်းဆောင်ရည်သည် အလွန်အမင်းထူးချွန်သော်လည်း သူသည် တပ်စုမှူးအဆင့်သာရှိကြောင်း သိရှိသွားချိန်တွင် သူမတို့အားလုံးသည် သူ့အပေါ်၌ စိတ်ဝင်စားမှုပျောက်ဆုံးသွားကြ၏။
လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံရပြီးကြောင်းကို ဖေးရှို့ရှို့ပင် သိရှိသေးပုံမရချေ။
"အရှင်ရှောင်...ဘာမှစိတ်ထဲမထားပါနဲ့...ကျွန်မရဲ့သူငယ်ချင်းတွေက ပွင့်ပွင့်လင်းလင်းပြောတက်လို့ပါ...သူတို့မှာ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး"
ဖေးရှို့ရှို့က တောင်းပန်စကားပြောဆိုသည်။
လုယွီက လက်ဝှေ့ယမ်းပြလိုက်ကာ အမှန်အားဖြင့် သူ၏စိတ်အတွင်း၌ သူမတို့အား အနည်းငယ်မျှပင် အာရုံစိုက်မိခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ဖြန့်ကျက်ထားပြီး ကျင်းထျန်းမျှော်စင်၏နေရာတိုင်းကို စူးစမ်းရှာဖွေနေခဲ့သည်။
သို့ရာတွင် ထူးဆန်းသည့်အချက်မှာ အစောပိုင်းကထွက်ပေါ်လာသော သွေးညှီနံအော်ရာများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းပင်။
"သူတို့က ကောင်းကောင်းဖုံးကွယ်နိုင်သားပဲ"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်၏။
လုယွီ စကားတုံ့ပြန်မပြောသည်ကိုကြည့်ပြီး ဖေးရှို့ရှို့က လုယွီ ဤနေရာ၌ ဆက်၍နေနေရသည့်အကြောင်းအရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
"အကိုရှောင်က အထဲကိုဝင်ချင်လို့လား...ကိစ္စမရှိဘူး...ကျွန်မမှာ နေရာတစ်နေရာ အပိုရှိတယ်...ကျွန်မ ရှင့်ကို အထဲခေါ်သွားပေးမယ်"
ဖေးရှို့ရှို့က အလျှင်အမြန် ပြောဆိုသည်။
ထိုစကားကိုကြားသည်နှင့် တခြားမိန်းမပျိုများသည် စိတ်မကျေမနပ်ဖြစ်သွားကြ၏။
"ရှို့ရှို့...ဘာလို့ ငါတို့က ယောက်ျားတစ်ယောက်ကို ငါတို့နဲ့အတူ ခေါ်သွားရမှာလဲ"
"အမှန်ပဲ...တကယ်လို့ သခင်လေးဟယ်ရောက်လာလို့ ငါတို့ကြားမှာ ယောက်ျားတစ်ယောက်ရှိနေတာကိုမြင်ရင် သူ စိတ်မကျေမနပ်ဖြစ်သွားလိမ့်မယ်"
မိန်းမပျိုများအားလုံး၏မျက်နှာများပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။သူမတို့၏စိတ်နှလုံးသားအတွင်း၌ ဟယ်ကောင်းဖေးသည်သာ ပြီးပြည့်စုံသောခင်ပွန်းလောင်းတစ်ယောက်ဖြစ်သည်။
လုယွီကဲ့သို့ တပ်စုမှူးလေးတစ်ယောက်က သူမတို့နှင့်အတူရှိနေရန် မထိုက်တန်ချေ။
ဖေးရှို့ရှို့က အခိုင်အမာဆုံးဖြတ်ချက်ချပြီးပုံဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မရဘူး...ငါ သူ့ကို အထဲခေါ်သွားရမယ်...သူက ငါ့ရဲ့ကယ်တင်ရှင်ပဲ"
အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက ပခုံးတွန့်၍ ပြောဆိုလေ၏။
"ဒါဆိုလည်း တခြားနည်းလမ်းမရှိတော့ဘူး...ငါတို့အထဲကိုရောက်တာနဲ့ ကိုယ့်နေရာနဲ့ကိုယ် နေကြတာပေါ့"
သူမတို့၏ဆိုလိုရင်းမှာ ရိုးရှင်းသည်။သူမတို့၏အနီးအနား၌ အမျိုးသားတစ်ယောက်ရှိနေမည်ကို သူမတို့က မလိုလားခြင်းဖြစ်သည်။
လုယွီက ပြောဆိုသည်။
"ကိစ္စမရှိပါဘူး...ငါ အထဲဝင်ဖို့ ငါ့ဟာငါ နည်းလမ်းရှာလိုက်မယ်"
"ရှင် ဘာသိလို့လဲ...ဒီနေရာကိုဝင်ဖို့အတွက် အနည်းဆုံး အင်မော်တယ်ကျောက်တုံးသန်းတစ်ရာလိုအပ်တယ်...ကျွန်မဆီမှာရှိတဲ့ဖိတ်စာက ရှန့်လင်းမြို့အရှင်က ကျွန်မရဲ့အဖေကို ပေးထားခဲ့တဲ့ဟာပဲ..ကျွန်မက ဒါကို တိတ်တိတ်လေးခိုးယူလာတာ...တကယ်လို့ ရှင် အထဲကိုဝင်ချင်ရင် ရှင့်ဆီမှာ ဖိတ်စာရှိဖို့ လိုအပ်တယ်"
ဖေးရှို့ရှို့သည် သူမ၏မိတ်ဆွေမိန်းမပျိုများ ကြားမည်ကိုစိုးရွံသည့်ပုံဖြင့် လုယွီ၏အနီးသို့ကပ်ကာ တီးတိုးပြောဆိုလေ၏။
Chapter 1824
အင်မော်တယ်ကျောက်တုံး သန်းတစ်ရာ....
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ဤပမာဏသည် သူ့အတွက် စကားထဲထည့်ပြောရန်ပင် မထိုက်တန်ချေ။
ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ လုယွီသည် တာအိုသခင်၏ပိုင်ဆိုင်မှုများကို ရရှိခဲ့သည်။ယခုလက်ရှိချိန်တွင် သူ၏ချမ်းသာကြွယ်ဝမှုများကို သာမာန်လူများ စိတ်ကူးယဥ်ကြည့်၍ပင်ရမည်မဟုတ်ချေ။
သို့ရာတွင် ဖေးရှို့ရှို့ထံ၌ ဖိတ်စာရှိနေသဖြင့် လုယွီက သဘောတူညီလက်ခံလိုက်သည်။
ဖေးရှို့ရှို့၏ဦးဆောင်မှုဖြင့် လုယွီသည် ကျင်းထျန်းမျှော်စင်အတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။
ပြင်ပလောကတွင်ပြောဆိုနေကြသည့်အတိုင်းပင် ကျင်းထျန်းမျှော်စင်အတွင်း၌ အလွန်အမင်း ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသည်။ပြင်ပလောက၌ တွေ့မြင်ရခဲသော အဖိုးတန်ရှားပါးသည့် မှော်ရတနာများကို နံရံများပေါ်၌ အလှဆင်ပစ္စည်းအဖြစ်ချိတ်ဆွဲပြသထားပေ၏။
ကျင်းထျန်းမျှော်စင် ပထမထပ်ရှိ ပင်မခန်းမအတွင်းတွင် မရေမတွက်နိုင်သော ဖယောင်းတိုင်များအဆက်မပြတ် ထွန်းညှိထားပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လင်းထိန်နေစေသည်။ညအချိန်တွင် ပင်မခန်းမ၏နံရံပေါ်ရှိ ညလင်းပုလဲကိုးထောင်သည် တစ်ချိန်တည်းတောက်ပနေလေရာ ကျင်းထျန်းမျှော်စင်တစ်ခုလုံးကို နေ့အလင်းရောင်အလား ရောင်ပြန်ဟပ်တောက်ပစေပေ၏။
ခန်းမအတွင်းသို့မဝင်မီကပင် အတွင်းမှနေ၍ ကျယ်လောင်သော ဆူညံများကိုကြားနေရသည်။
ခန်းမကြီးတစ်ခုလုံး လူများဖြင့်ပြည့်နှက်နေသည်။ခန်းမ၏အကွာအဝေးတစ်ခုစီတိုင်းတွင် စိန်ခေါ်ကွင်းပြင်တစ်ခုရှိနေပြီး နံဘေးတစ်ဖက်တစ်ချက်တွင် လူအများစုဝေးနေကာ အဆက်မပြတ် အားပေးအားမြှောက် ပြုနေကြ၏။
"အဲ့ဒီကောင်ကိုရိုက်ပစ်...ရိုက်လိုက်စမ်း",
"လုပ်စမ်းပါ...အဲ့ဒီကောင်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲလိုက်စမ်း"
ဤနေရာတွင် မတ်တတ်ရပ်နေကြသူများမှာ ရှန့်လင်မြို့အတွင်းရှိ အထက်တန်းလွှာများဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအထက်တန်းလွှာများသည် ပြင်ပတွင် ဂုဏ်သိက္ခာရှိကြသူများဖြစ်ကြသော်လည်း ဤနေရာတွင် လက်သီးလက်မောင်းတန်းကာ အော်ဟစ်အားပေးနေကြ၏။
စိန်ခေါ်ကွင်းပြင်အတွင်းတွင် လူအုပ်ကြီး၏အော်သံများအောက်၌ မှော်သားရဲနှစ်ကောင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။တချို့စိန်ခေါ်ကွင်းပြင်များတွင် နံဘေးးပတ်လည်၌ အတားအဆီးများဖြင့် တင်းတင်းကျပ်ကျပ်ပိတ်လှောင်ထားသည့်တိုင် အသွေးအသားများက နေရာအနှံ့ လွင့်စင်ကျနေပေ၏။
"မှော်သားရဲလောင်းကစားဝိုင်းလား"
လုယွီ၏မျက်ခုံးများ ပင့်တက်သွားသည်။
ဤနေရာကိုဝင်ရောက်ရန် သတ်မှတ်အဆင့် အလွန်မြင့်မားသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ဤှသည်က လောင်းကစားရုံတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
ဤကဲ့သို့နေရာများကို ကျင့်ကြံသူများ၏မြို့များအတွင်း၌ တွေ့မြင်နေကျဖြစ်သည်။
ကျင့်ကြံသူများသည် ကျင့်ကြံနည်းစနစ်အမျိုးမျိုးကို လေ့ကျင့်ကြသဖြင့် သာမာန်လူများတိုက်ခိုက်၍ လောင်းကစားခြင်းသည် သင့်တော်ခြင်းမရှိပေ။ထို့ကြောင့် တခြားလောင်းကစားနည်းတစ်မျိုး ထွက်ပေါ်လာခြင်းဖြစ်သည်။
လောင်းကစားလုပ်ရာ၌ မှော်သားရဲများ မှော်လက်နက်များ ဆေးလုံးများနှင့် တချို့လူများသည် သူတို့၏တပည့်များအပေါ်၌ပင် လောင်းကစားလုပ်ကြ၏။သူတို့၏တပည့်နှစ်ယောက်ကို စိန်ခေါ်ကွင်းပြင်ပေါ်၌ တိုက်ခိုက်စေပြီး ခွန်အားသာလွန်သောတပည့်ရှိသူက အနိုင်ရရှိပေမည်။
ဖေးရှို့ရှို့က ပျော်ရွှင်စွာ ပြောဆိုသည်။
"အဖေက ကျွန်မကို ဒီနေရာလာခွင့်မပြုဘူး...ကံကောင်းလို့ သူက ခုလတ်တလောအချိန်မှာ သူ့ရဲ့မိတ်ဆွေတွေနဲ့ အပြင်ထွက်ပြီးလည်ပတ်နေတယ်...မဟုတ်ရင် ကျွန်မ ဒီနေရာကိုလာဖို့ အခွင့်အရေးရမှာမဟုတ်ဘူး"
ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော ကျင့်ကြံသူများသည် တစ်ဖက်ရန်သူများ၏အရိုးများကိုနင်းချေပြီးမှ ဤအဆင့်ထိ တက်လှမ်းလာရခြင်းဖြစ်သည်။သူတို့သည် ဤကဲ့သို့သွေးသံရဲရဲမြင်ကွင်းမျိုးကို သူတို့၏သမီးပျိုများကို မမြင်တွေ့စေလိုသည်မှာ သဘာဝကျသောကိစ္စပင်။
လုယွီသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်၍ အာရုံခံလိုက်သော်လည်း ဤနေရာရှိအော်ရာများသည် အလွန်ဖရိုဖရဲဖြစ်နေခြင်းကို တွေ့ရှိလိုက်ရ၏။ကြည့်ရသည်မှာ ဤနေရာကို ဝင်္ကပါတစ်ခုဖြင့် လွှမ်းခြုံထားပုံပင်။ဤကဲ့သို့အချိန်မျိုးတွင် ထိုအော်ရာ၏ရင်းမြစ် မည်သူမည်ဝါဖြစ်သည်ကို ရှာဖွေနိုင်ရန် လွန်စွာခက်ခဲပေမည်။
"အကိုရှောင်...ဒီနေရာကို ပထမဆုံးအကြိမ်ရောက်လာတာမလား ..ကျွန်မမှာ အင်မော်တယ်ကျောက်တုံးတချို့ပါလာတယ်...တကယ်လို့ ရှင် လိုအပ်တယ်ဆိုရင် ကျွန်မ အဲ့ဒါတွေ ရှင့်ကိုချေးထားမယ်"
ဖေးရှို့ရှို့က အပြုံးနှင့် ပြောဆိုသည်။
မြေကမ္ဘာအင်မော်တယ်သုံးယောက်ကို သူတစ်ယောက်တည်းနှင့်တိုက်ခိုက်ခဲ့သော လုယွီ၏အလွန်ပြင်းထန်သောတိုက်ခိုက်မှုသည် သူမ၏စိတ်အတွင်း၌ တံဆိပ်ရိုက်ထားသကဲ့သို့ စွဲထင်နေသည်။
ဖေးရှို့ရှို့သည် မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိသူဖြစ်သော်လည်း သူမသည် လုယွီအပေါ် အလွန်ကြည်ညိုလေးစားနေမိသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ့ဆီမှာ အင်မော်တယ်ကျောက်တုံးတွေရှိတယ်"
သူက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရာ ရုတ်တရက် အပေါ်ထပ်သို့ဦးတည်နေသော လှေကားထစ်များကို တွေ့မြင်လိုက်သည်။
ပျားပန်းခပ်မျှလှုပ်ရှားသွားလာနေသော ပထမထပ်နှင့်နှိုင်းယှဥ်ပါက ထိုလှေကားထစ်များသည် များစွာပို၍ကျယ်ဝန်းပြီး မည်သူမျှဖြတ်သန်းသွားလာနေခြင်းလည်း မရှိချေ။
"ချီစောင့်ကြည့်ခြင်းနည်းစနစ်..."
လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။တစ်ချိန်တည်းမှာပင် သူ၏အမြင်အာရုံအတွင်း၌ လှေကားကိုဖြတ်သန်းသွားသော မှိန်ပျပျအနီရောင်မျဥ်းကြောင်းများ ထွက်ပေါ်လာသည်။
ထိုအရာသည် လုယွီ ယခင်ကအာရုံခံမိသော ထူဆန်းသောသွေးညှီနံအော်ရာ ဖြစ်ပေ၏။
ထိုအော်ရာပိုင်ရှင်များ အပေါ်ထပ်သို့ လျှောက်လှမ်းသွားလေသည်။
"အကိုရှောင်...ကျွန်မတို့ ပထမထပ်မှာပဲကစားတာ ပိုကောင်းလိမ့်မယ်....တကယ်လို့ ကျွန်မတို့က ဒုတိယထပ်ကိုသွားချင်တယ်ဆိုရင် လုံလောက်တဲ့ငွေကြေးပမာဏရှိဖို့လိုအပ်ရုံတင်မကဘူး...အမှတ်တွေလုံလောက်ဖို့လည်း လိုအပ်တယ်"
ဖေးရှို့ရှို့က လုယွီကို သတိပေးသည်။
Chapter 1825
"ကျင်းထျန်းမျှော်စင်မှာ စည်းမျဥ်းတွေရှိတယ်...ရှင် လောင်းကစားပွဲမှာ အနိုင်ရရှိတဲ့အချိန်တိုင်း ရှင် အမှတ်တချို့ရမယ်...လုံလောတ်တဲ့အမှတ်ပမာဏကိုရရင် ရှင့်ရဲ့အဖွဲ့ဝင်အဆင့်တိုးသွားပြီးတော့ နောက်တစ်ဆင့်မြင့်တဲ့ လောင်းကစားဝိုင်းကိုသွားနိုင်မယ်"
"အပေါ်ထပ်တွေက လောင်းကစားဝိုင်းတွေက ပိုပြီးကြီးတယ်....အထက်တန်းလွှာတွေအများကြီး အဲ့ဒီနေရာမှာရှိတယ်လို့ ဆိုကြတယ်...အနိုင်ရတဲ့သူက ငွေတွေအများကြီး ရရှိမယ်...ဒါပေမယ့် ရှုံးနိမ့်သူကလည်း အရမ်းကြီးထိခိုက်မှုရှိမှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ထပ်ကိုသွားနိုင်တဲ့သူတွေက သာမာန်လူတစ်ယောက်မှမပါဘူးလေ"
ဖေးရှို့ရှို့က လုယွီကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
ထိုစကားကိုကြားသည်နှင့် လုယွီသည် ကျင်းထျန်းမျှော်စင်၏လိမ္မာပါးနပ်မှုကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
လူအများသည် ပို၍အဆင့်မြင့်မားသောလောင်းကစားဝိုင်းများတွင် ကစားနိုင်ရန်အတွက် လုံလောက်သောအမှတ်များရရှိစေရန်အလို့ငှါ လူအများသည် ငွေကြေးအမြောက်အများကိုဆက်တိုက်အသုံးပြု၍ လောင်းကစားနေကြပေမည်။
နောက်ဆုံးရလဒ် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လောင်းကစားရုံသည် ငွေကြေးအမြောက်အများ ရရှိပေလိမ့်မည်။
'တကယ်လို့ ငါက အဲ့ဒီလူတွေရဲ့သဲလွန်စကို ရှာဖွေချင်တယ်ဆိုရင်...ငါ ပိုပြီးမြင့်တဲ့အထပ်တွေကို သွားဖို့လိုအပ်တယ်"
လုယွီက လှေကားထစ်များထံသို့ တစ်ချက်ကြည့်လိုက်၏။ထိုနေရာ၌ အရပ်မြင့်ပြီး သန်မာထွားကျိုင်းသောလူနှစ်ယောက်က လမ်းပိတ်၍စောင့်ကြပ်နေသည်။
ထိုကျင့်ကြံသူနှစ်ယောက်၏အရှိန်အဝါများသည် တည်ငြိမ်ပြီး သူတို့၏ရုပ်ခန္ဓာကိုယ်မှာ အားကောင်းလှ၏။ထိုလူနှစ်ယောက်သည် ရုပ်ခန္ဓာကိုယ်ကို လေလွင့်အင်မော်တယ်နယ်ပယ်ထိရောက်အောင် ကျင့်ကြံထားသူများဖြစ်သည်။သာမာန်ကျင့်ကြံသူများသည် သူတို့အား ရန်စဝံ့မည်မဟုတ်ချေ။
"ကောင်းပြီလေ...ငါ အရင်ဆုံး ကစားကြည့်တာပေါ့"
လုယွီသည် လောင်းကစားဝိုင်းများအနက်မှတစ်ခုကိုရွေးချယ်ပြီး ချက်ချင်းဆိုသလိုပင် လျှောက်လှမ်းသွားလိုက်၏။
ဤစိန်ခေါ်ကွင်းပြင်သည် ခန်းမ၏အလယ်ဗဟို၌တည်ရှိသည်။တိုက်ပွဲစင်မြင့်သည် တခြားစိန်ခေါ်ကွင်းပြင်များထက် ပို၍မြင့်မားပေရာ အဆင့်မြင့်လောင်းကစားဝိုင်းဖြစ်ခြင်းမှာ သိသာထင်ရှားသည်။
တိုက်ဆိုင်စွာဖြင့် ဖေးရှို့ရှို့နှင့်အတူလာသော အနီရောင်ဝတ်စုံဝတ်မိန်းမပျိုတို့လူစုသည်လည်း ဤစိန်ခေါ်ကွင်းပြင်၏နံဘေးတွင် ရှိနေကြ၏။
"ငါက သခင်လေးဟယ်ကို ဒီနေရာမှာတွေ့ရမယ်လို့ထင်ခဲ့တာ...သူက ဒုတိယထပ်မှာရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ"
"သခင်လေးဟယ်ကိုတွေ့ချင်နေတဲ့သူတွေ အများကြီးပဲလေ...သူက ဘယ်လိုလုပ်ပြီး ပထမထပ်မှာ ထွက်ပေါ်လာမှာလဲ"
မိန်းမပျိုတစ်စု၏မျက်နှာများပေါ်တွင် နောင်တရနေသောအမူအယာများ ထင်ဟပ်နေပြီး သူမတို့က အဆင်မပြတ် ညည်းတွားနေကြသည်။
ဖေးရှို့ရှို့ကိုမြင်သည်နှင့် အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက သူမ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ရှို့ရှို့...ဒီနေရာကိုလာပြီး ငါတို့နဲ့အတူ လာကစားပါလား"
ကျင်းထျန်းမျှော်စင်၏ပြင်ပတွင် ထိုမိန်းမပျိုများသည် ဖေးရှို့ရှို့နှင့်အတူ လုယွီရှိနေသဖြင့် သူမတို့က ချန်လှပ်ထားခဲ့ကြသည်။သို့ရာတွင် ဤနေရာ၌ ဟယ်ကောင်းဖေး ရှိမနေခြင်းကို မြင်သည်နှင့် သူမတို့က ဖေးရှို့ရှို့ကို ထပ်မံ၍ဖိတ်ခေါ်လိုက်ကြ၏။
ဖေးရှို့ရှို့သည် အချိန်တခဏကြာ တွေဝေနေသော်လည်း လုယွီ၏နံဘေး၌တွယ်ကပ်နေဆဲပင်။
"ငါ အကိုရှောင်ရဲ့နောက်ကိုလိုက်တာ ပိုကောင်းလိမ့်မယ်"
ဖေးရှို့ရှို့၏လုယွီအပေါ်ထားသော စိတ်နေသဘောထားသည် အလွန်အမင်း ပြောင်းလဲသွားလေ၏။
မိန်းမပျိုများက လုယွီကိုမြင်သည်နှင့် အထင်အမြင်သေးသောအမူအယာများဖြင့် သူမတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။
"ငါ ပြောမယ်...ရှို့ရှို့ နင် သူ့ကို လောကကြီးအကြောင်းသိအောင်ပြတာ ကောင်းပါတယ်...ဒါပေမယ့် နင် ဒီနေရာကို တစ်ခါလာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ...နင်ဟာ့နင်ကစားတာ ပိုကောင်းလိမ့်မယ်....တခြားသူတွေ နင့်ကိုရယ်စရာဖြစ်အောင်မလုပ်နဲ့"
အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက သတိပေးစကား ပြောဆိုသည်။
စကားဆုံးသည်နှင့် အနီရောင်ဝတ်စုံဝတ်မိန်းမပျိုသည် တိုက်ပွဲစင်မြင့်အောက်ရှိ သံလှောင်အိမ်တစ်လုံးကိုလက်ညှိုးညွှန်ကာ တီးတိုးပြောဆိုလိုက်၏။
"ခဏနေကျရင် နင်ရဲ့ငွေတွေအားလုံး အဲ့ဒီနတ်ဆိုးသားရဲပေါ်ကို လောင်းလိုက်...အဲ့ဒါက ဝံပုလွေဘုရင်ရဲ့သွေးမျိုးဆက်ပါတဲ့ နှင်းဝံပုလွေပဲ..အရမ်းအစွမ်းထက်တယ်...အစကနေ အဆုံးထိ အဲ့ဒီမှော်သားရဲက ရှုံးပွဲမရှိသေးဘူး"
သူမ စကားပြောဆိုနေစဥ်မှာပင် သံလှောင်အိမ်အတွင်းမှနေ၍ တဒုန်းဒုန်းအသံများ ထွက်ပေါ်နေသည်။
ထိုသံလှောင်အိမ်အတွင်း၌ ဧရာမနှင်းဝံပုလွေတစ်ကောင်ရှိနေပြီး သူ၏သားမွှေးများမှာ ကြည်လင်သန့်ရှင်းပြီး နှင်းကဲ့သို့ဖြူဆွတ်နေပေ၏။နှင်းဝံပုလွေ၏မျက်လုံးများသည် နီမြန်းနေပြီး သူ၏ပါးစပ်တွင် သွေးစသွေးနများရှိသည်။သူသည် အသားကောင်းများစားသောက်ထားခြင်းမှာ သိသာထင်ရှားသည်။
ဖေးရှို့ရှို့က နှင်းဝံပုလွေကြီးကိုမြင်ချိန်တွင် သူမ၏မျက်လုံးများ တောက်ပသွားသည်။
ဤနေရာသို့ သူမနှင့်အတူပါလာသော မိန်းမပျိုများသည် ကျင်းထျန်းမျှော်စင်၏ပုံမှန်ဧည့်သည်များ ဖြစ်ရာ သူမတို့ထံတွင် အတွေ့အကြုံရှိပေ၏။ထိုမိန်းမပျိုများ၏အကြံပြုချက်နှင့်ဆိုလျှင် သူမ အနိုင်ရရှိနိုင်မည့် အခွင့်အရေး ပိုများသွားပေမည်။
"တခြားတစ်ဖက်ကရော"
ဖေးရှို့ရှို့က မေးမြန်းသည်။
အနီရောင်ဝတ်စုံဝတ်မိန်းမပျိုသည် တခြားသံလှောင်အိမ်ကို စောင်းငဲ့ကြည့်ပြီး အထင်အမြင်သေးဟန်နှင့် သရော်တော်တော်ပြောဆိုလိုက်၏။
"အဲ့ဒါက စပါးကြီးမြွေတစ်ကောင်ပဲ...သူ့ရဲ့စိတ်ဝိညာဥ်စွမ်းအားကိုကြည့်ရတာ အရမ်းအားနည်းပုံရတယ်....အဲ့ဒီမှော်သားရဲကို ကျင်းထျန်းမျှော်စင်ကလူတွေ ဘယ်နေရာကဖမ်းလာတယ်ဆိုတာ ငါ မသိဘူး...ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ တိုက်ခိုက်နိုင်တဲ့စွမ်းအားမျိုးရှိမှာမဟုတ်ဘူး...ဒီစပါးကြီးမြွေက နှင်းဝံပုလွေရဲ့ရှေ့ကိုရောက်ရင် ပထမအချီကိုတောင် တောင့်ခံနိုင်မယ်လို့ ငါ မထင်ဘူး"
တခြားသံလှောင်အိမ်အတွင်း၌ စပါးကြီးမြွေသားရဲတစ်ကောင်ရှိနေသည်။သို့ရာတွင် ထိုစပါးကြီးမြွေသည် နှစ်ခြိုက်စွာအိပ်မောကျနေပုံရပြီး သူ၏ခန္ဓာကိုယ်ကိုကွေးကောက်ထားကာ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိချေ။
Thank For Reading.