← Chapters

အခန်း (၁၈၁၁-၁၈၁၅)

Vol. 94 Ch. 1811-1815

အခန်း (၁၈၁၁-၁၈၁၅)

Vol. 94 Ch. 1811-1815

Chapter 1811

ကောယင်ကျဲက နောက်သို့လှည့်ကာ အော်ငေါက်လိုက်၏။

"ဘယ်သူက မင်းတို့ဖေးမိသားစုကို ကာကွယ်ပေးမှာလဲ...မင်းကိုယ်မင်း ဘာထင်နေတာလဲ...မင်းရဲ့အဖေက အမြင်မရှိဘဲ ရှမိသားစုကိုတောင် ရန်စစော်ကားဝံ့တယ်...မင်းတို့ဟာမင်းတို့ သေလမ်းရှာထားကြတာလေ"

"ငါ မင်းတို့ကို အရင်က အကြိမ်ပေါင်းများစွာ ကူညီခဲ့ပြီးပြီ...ဒါက ငါ စိတ်စေတနာကောင်းနဲ့လုပ်တာလို့ မင်း တကယ်ထင်နေတာလား...ဟား ဟား ဟား...တကယ်လို့ မင်းတို့ ဖေးမိသားစုရဲ့ရတနာကြောင့်သာမဟုတ်ရင် ငါက ဘာလို့ ဒီနေရာကိုလာပြီး ဒုက္ခခံနေရမှာလဲ"

ဖေးရှို့ရှို့၏မျက်နှာ ဖြူရော်နေပြီး သူမက နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်သည်။

"ရှင် ဘာပြောလိုက်တာလဲ"

အံ့အားသင့်တုန်လှုပ်ခြင်း...

စိတ်ဓာတ်ကျဆင်းခြင်း...

ကူကယ်ရာမဲ့ခြင်း...

မြောက်မြားစွာသောစိတ်ခံစားချက်များက ဖေးရှို့ရှို့၏စိတ်နှလုံးသားအတွင်းသို့ ဒီရေအလား တိုးဝင်လာသည်။

သူမသည် အစမှနေ၍ ယခုချိန်ထိတိုင် ကောယင်ကျဲ၏လိမ်ညာမှုများနှင့်ရင်ဆိုင်ရမည်ဟု စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။

သူမ၏ဖခင်ဖြစ်သူသည် သူမအား ပြင်ပမှကျင့်ကြံခြင်းဂိုဏ်းများကို မယုံကြည်ရန် သတိပေးထားသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။

သူမသည် ကောယင်ကျဲအပေါ် အရူးအမူးယုံကြည်နေပြီး သူမ၏အနာဂတ်ခင်ပွန်းလောင်းအဖြစ် ဆက်ဆံခဲ့သည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းလှ၏။

"စီနီယာ...ကျွန်တော်က တကယ်ကိုပဲ ဖေးမိသားစုနဲ့ဘာမှမသက်ဆိုင်ပါဘူး...ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုပေးအပ်ပြီး ကျွန်တော်ရဲ့အသက်နဲ့လဲလှယ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်"

ကောယင်ကျဲသည် ရိုသေလေးစားစွာဖြင့်ပြောဆိုပြီး သူ၏သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။

အမှန်အားဖြင့် သူသည် ဖေးမိသားစု၏ထိပ်တန်းအဆင့်မှော်ရတနာကို သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းထားခြင်းမရှိချေ။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်က သူ၏လက်ကိုဝှေ့ယမ်းပြီး သိုလှောင်အိတ်ကို လက်ခံလိုက်သည်။ထို့နောက် သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"မင်း သူတို့အားလုံးကို သွားသတ်လိုက်...ငါ မင်းကို လွှက်ပေးမယ်"

အနက်ရောင်ဝတ်စုံဝတ်လူများသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ရှေ့ရှိမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်လိုက်ကြ၏။

ကောယင်ကျဲ၏မျက်နှာပေါ်တွင် လွန်ဆွဲနေသောအမူအယာမျိုး ထင်ဟပ်နေသော်လည်း မကြာမီမှာပင် သူ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ကောင်းပြီလေ...မင်းတို့အားလုံး တိုက်ခိုက်ကြ...သူတို့ကို သတ်စမ်း"

ကောယင်ကျဲက အေးစက်စက်အသံဖြင့် ပြောဆိုသည်။

သူ၏နောက်ရှိ နတ်ဘုရားဌက်မွှေးဂိုဏ်းမှကျင့်ကြံသူများအားလုံး မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အကယ်၍ သူတို့ အသက်ရှင်သန်လိုပါက ဖေးမိသားစုမှလူများကို သတ်ဖြတ်ရပေမည်။

"တိုက်ခိုက်ကြ..."

ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသည် ဖေးမိသားစုမှအစောင့်များထံသို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်ကြတော့သည်။

ဖေးမိသားစုမှအစောင့်များသည် အိမ်တော်မှအစောင့်အကြပ်များသာဖြစ်၍ သူတို့၏ကျင့်ကြံဆင့်များမှာ မြင့်မားခြင်းမရှိချေ။နတ်ဘုရားဌက်မွှေးဂိုဏ်းမှကျင့်ကြံသူများ၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်နှင့် ချက်ချင်းဆိုသလိုပင် အစောင့်အမြောက်အများ သေဆုံးသွားခဲ့သည်။

ဖေးရှို့ရှို့က နီမြန်းနေသောမျက်လုံးများဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကောယင်ကျဲ...ငါ သရဲဖြစ်သွားရင်တောင် နင့်ကို အလွတ်မပေးဘူး"

သို့ရာတွင် ကောယင်ကျဲက သရော်တော်တော်အပြုံးမျိုးပြုံး၍ သူမ၏စကားကို ဂရုစိုက်ခြင်းမရှိချေ။

သူ့အတွက်မူ ဖေးမိသားစုမှအစောင့်များသည် သူ၏ရိုက်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်မည်မဟုတ်သော ယင်ကောင်ငယ်လေးများဖြစ်သည်။

"ငါ မင်းကို အရင်သတ်မယ်...ပြီးတော့မှ ဖေးထျန်ကွမ်းရဲ့အလှည့်ပေါ့"

ကောယင်ကျဲက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားကာ သူ၏လက်မှနေ၍ ဓားချီလှိုင်းတစ်လှိုင်းကို ပစ်လွှက်လိုက်သည်။

သို့ရာတွင် သူ၏ဓားချီလှိုင်း ဖေးရှို့ရှို့နှင့်နီးကပ်သွားသောအချိန်တွင် ရုတ်တရက် ဖေးမိသားစုခြံဝန်း၏တံခါးမကြီး ပွင့်သွားသည်။

ဘုန်း...

ပြင်းထန်သောစွမ်းအားလှိုင်းတစ်ရပ်က ကောယင်ကျဲထံသို့ တဟုန်ထိုးတိုးဝင်လာပေ၏။

ကောယင်ကျဲသည် သူ၏လက်အတွင်းမှဓားချီလှိုင်းကိုအသုံးပြုကာ ထိုစွမ်းအားလှိုင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။သို့ရာတွင် ထိုစွမ်းအားလှိုင်းသည် အလွန်အမင်းပြင်းထန်သဖြင့် သူ၏လက်အတွင်းမှဓားချီ ရုတ်တရက် ကြေမွပျက်စီးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ကောယင်ကျဲသည် အကြိမ်ပေါင်းများစွာ ဆက်တိုက်ပိတ်ဆို့ဟန့်တားပြီးမှသာ နောက်ဆုံး၌ ထိုစွမ်းအားလှိုင်းကို ချေဖျက်နိုင်ခဲ့သည်။

"ဘယ်လိုလဲ...မင်း ငါ့ကိုသတ်ဖို့ ကြိုးစားကြည့်ချင်သေးလား"

ဖေးထျန်ကွမ်းသည် သုန်မှုန်နေသောမျက်နှာအမူအယာနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ​ခြံဝန်းအတွင်းမှထွက်လာသည်။

သူသည် တော်ဝင်စစ်ဆေးရေးမှူးအဖြစ် ကြီးလေးသောတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။သူ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါမျိုးကို ထုတ်လွှက်ထားပေရာ ကောယင်ကျဲ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပေ၏။

ဖေးထျန်ကွမ်းသည် ဤကဲ့သို့လှုပ်ရှားမှုမျိုး ပြုလုပ်နိုင်မည်ဟု ကောယင်ကျဲက မျှော်လင့်မထားမိချေ။ကောလဟာလများအရ ဖေးထျန်ကွမ်းသည် ခြုံခိုတိုက်ခိုက်မှုတစ်ခုနှင့်ရင်ဆိုင်ရပြီး အတွင်းဒဏ်ရာရရှိထားသည်ဟု ဆိုကြသည်။ဤတစ်ကြိမ် ဖေးထျန်ကွမ်း ဇာတိမြို့သို့ပြန်ခြင်းမှာ သူကိုယ်သူ ပြန်လည်ကုသရန်ဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေလေ၏။

"စီနီယာသုံးယောက်...သူက ဖေးထျန်ကွမ်းပါ"

ကောယင်ကျဲသည် သူသည် ဖေးထျန်ကွမ်း၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိရှိသဖြင့် မြေကမ္ဘာအင်မော်တယ်သုံးယောက်ဘက်သို့လှည့်၍ အကူအညီတောင်းခံလိုက်၏။

မြေကမ္ဘာအင်မော်တယ်သုံးယောက်နှင့်ရင်ဆိုင်နေရသည့်တိုင် ဖေးထျန်ကွမ်း၏မျက်နှာသည် တည်ငြိမ်အေးဆေးနေဆဲပင်။

"မင်းတို့ ငါ့ကို သတ်လို့ရတယ်...ဒါပေမယ့် ငါ့ရဲ့မိသားစုကို မနှောက်ယှက်နဲ့"

ဖေးထျန်ကွမ်းက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသုံးယောက်သည် ဖေးထျန်ကွမ်း ထွက်ပေါ်လာသည်ကိုမြင်သည်နှင့် သူတို့သုံးယောက်၏မျက်လုံးအကြည့်များက သူ့ထံ၌သာ အခိုင်အမာကျရောက်နေပေ၏။

"အရှင်က သူ့ကိုသတ်ဖို့ ငါတို့ကိုအမိန့်ပေးထားတာ...တာဝန်ပြီးတာနဲ့ ငါတို့ သတင်းပြန်ပို့ရမယ်...တိုက်ခိုက်ကြစို့"

အဖိုးအိုသုံးယောက်သည် အချိန်ဖြုန်းနေခြင်းမရှိဘဲ သူတို့၏အကောင်းဆုံးမှော်မန္တန်များကို အသုံးပြုကာ ဖေးထျန်ကွမ်းထံသို့ တိုးဝင်၍တိုက်ခိုက်ကြတော့သည်။

Chapter 1812

"အမှိုက်တစ်သိုက်ကများ...ဒီနေရာက ထွက်သွားစမ်း"

မြေကမ္ဘာအင်မော်တယ်နယ်ပယ် လုပ်ကြံသတ်ဖြတ်သူသုံးယောက်၏တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါနှင့် ရင်ဆိုင်နေရသည့်တိုင် ဖေးထျန်ကွမ်း၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။

သူ၏ရှည်လျားသောအင်္ကျီလက်ကြီးကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏လက်အတွင်း၌ စုတ်တံတစ်ချောင်း ထွက်ပေါ်လာသည်။ထိုစုတ်တံမှအမွှေးများသည် ဓားများအလား စူးရှချွန်ထက်နေသည်။

ထိုစုတ်တံထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိမြင့်မြတ်သော သမာဓိချီလှိုင်းများအား ထိုစုတ်တံ၏နံဘေးသို့ ဆွဲယူခြင်း ခံလိုက်ရ၏။

ဘုန်း...

အစွမ်းထက်သော သမာဓိချီလှိုင်းများသည် လေးလံသောတူကြီးတစ်လက်နှင့်တူညီနေပြီး တဟုန်ထိုးပြေးဝင်လာသော မြေကမ္ဘာအင်မော်တယ်သုံးယောက်ကို နောက်သို့လွင့်ထွက်သွားစေသည်။

"သူတော်စင်ရဲ့မှော်လက်နက်..."

အဖိုးအိုသုံးယောက်အနက်မှတစ်ယောက်သည် ထိုမြင်ကွင်းကိုမြင်သည်နှင့် ကူကယ်ရာမဲ့စွာ အံ့အားတသင့် ရေရွတ်လိုက်သည်။

သူတို့သုံးယောက်သည် ကမူးရှုးတိုးပြေးဝင်တိုက်ခိုက်ခဲ့ရသော်လည်း ထိုစုတ်တံကိုမြင်ချိန်တွင် သူတို့က ရှေ့သို့မတိုးဝံ့ကြတော့ချေ။

ဖေးထျန်ကွမ်းသည် စုတ်တံကို သူ၏လက်အတွင်း၌ကိုင်ဆောင်၍ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"မင်းတို့က အရမ်းသတ္တိကောင်းတာပဲ...ငါက တော်ဝင်နန်းတွင်းရဲ့အရာရှိအဖြစ်ကနေ နှုတ်ထွက်လိုက်ပေမယ့် ငါ့ဆီမှာ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးဆိုတဲ့ဘွဲ့နာမည်က ကျန်နေတုန်းပဲ...မင်းတို့က နေ့ခင်းကြောင်တောင်ကြီးမှာတောင် တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကို လုပ်ကြံဝံ့တယ်...မင်းတို့က အသက်ရှင်သန်နေရတာကိုများ ငြီးငွေ့နေကြတာလား"

မြေကမ္ဘာအင်မော်တယ်သုံးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရုတ်တရက် သူတို့၏မျက်နှာများပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

"တကယ်လို့ ဖေးထျန်ကွမ်းသာ မသေဘူးဆိုရင်...ငါတို့ နောက်ပြန်ဆုတ်လည်း ပြဿနာအကြီးကြီးနဲ့ ရင်ဆိုင်ရမှာပဲ...အစွမ်းကုန်ထုတ်သုံးကြစို့"

အဖိုးအိုသုံးယောက်သည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ချက်ချင်းဆိုသလိုပင် သူတို့၏လျှို့ဝှက်နည်းစနစ်များကို အသက်သွင်းလိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ မှော်စွမ်းအားများ မြင့်တက်လာသည်။

အစွမ်းထက်သောအရှိန်အဟုန်သည် ပတ်ဝန်းကျင်အား ဝေ့ဝိုက်၍တိုက်ခတ်သွားပြီး လူများအားလုံး သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားလိုက်ရ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့က တုန်လှုပ်ချောက်ချားဖွယ်မှော်မန္တန်သုံးမျိုးဖြင့် ဖေးထျန်ကွမ်းကို တိုက်ခိုက်လိုက်ကြသည်။

ခရက်...ခရက်...ခရက်...

စုတ်တံက ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။အစောပိုင်းတွင် စုတ်တံသည် အလွန်တောက်ပနေသော်လည်း ယခုလက်ရှိအချိန်၌ အနည်းငယ်မှိန်ဖျော့သွားပေ၏။

"ဒါက သူတော်စင်တစ်ယောက် အမြဲတမ်းအသုံးပြုတဲ့ မှော်လက်နက်မဟုတ်ဘူး...သူတော်စင်ရဲ့အရှိန်အဝါရောယှက်နေတဲ့ မှော်လက်နက်မျိုးပဲ"

အဖိုးအိုသုံးယောက်လုံး အပျော်လွန်သွားသည်။သူတို့က ပို၍အစွမ်းထက်သောမှော်မန္တန်များကို ထုတ်ဖော်၍ အသုံးပြုလိုက်ကြသည်။

စုတ်တံသည် အဆက်မပြတ် ပြင်းထန်စွာတုန်ခါနေသည်။နောက်ဆုံး၌ စုတ်တံ၏အရိုးကျိုးသွားခြင်းနှင့်အတူ စုတ်တံတစ်ချောင်းလုံး ကြေမွပျက်စီးသွားတော့သည်။

အကျိုးဆက်အနေဖြင့် ဖေးထျန်ကွမ်း၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။

"အဖေ...."

ဖေးရှို့ရှို့က အလျင်စလို ပြေးဝင်လာလေ၏။

"ရပ်လိုက်...ငါ့ရဲ့နောက်မှာပဲနေ"

ဖေးထျန်ကွမ်း၏မျက်နှာအမူအယာက သုန်မှုန်နေသည်။

ဖေးရှို့ရှို့သည် အလွန်အမင်းစိုးရိမ်ပူပန်နေသော်လည်း ယခုလက်ရှိချိန်တွင် သူမတို့ကို ကူညီနိုင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ဤအချိန်အခိုက်အတန့်တွင် ဖေးရှို့ရှို့၏စိတ်နှလုံးသားတစ်ခုလုံး စိတ်ဓာတ်ကျဆင်းခြင်းများနှင့်ပြည့်နှက်နေသည်။

ယခုလက်ရှိချိန်တွင် သူမတို့ဘက်တွင်ရှိနေသော လူအားလုံးများအနက် ဖေးထျန်ကွမ်း၏ကျင့်ကြံဆင့်သည် အမြင့်မားဆုံးဟုဆိုနိုင်သော်လည်း တခြားတစ်ဖက်မှ ရန်သူများမှာ မြေကမ္ဘာအင်မော်တယ်သုံးယောက် ဖြစ်နေပေ၏။၊

သူမတို့ဖေးမိသားစုအတွက် ဤအချိန်သည် အဆုံးသတ်ချိန်များ ဖြစ်နေပြီလော....

"ဖြစ်နိုင်တာတော့...ဒါက ငါတို့အားလုံး သေဆုံးရတော့မယ့်အချိန်များလား"

ဖေးရှို့ရှို့က စိတ်ဓာတ်ကျစွာဖြင့် တွေးတောနေမိသည်။

သို့သော် ထိုအချိန်မှာပင်....

လုယွီသည် ဖေးထျန်ကွမ်း၏ရှေ့သို့ လျှောက်လှမ်းသွားနေသည်ကို ဖေးရှို့ရှို့က သတိပြုလိုက်မိ၏။

သူမသည် အစပထမ၌ ကြက်သေသေနေသော်လည်း ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"အဖေ...ဂရုစိုက်ပါ...သူက အဖေကိုသတ်ပြီး...နောင်အနာဂတ်မှာ သူ အေးအေးဆေးဆေးနေနိုင်ဖို့ တစ်ဖက်လူတွေဆီကနေ အကျိုးအမြတ်တွေတောင်းခံချင်တာပဲဖြစ်မယ်"

လုယွီ ရုတ်တရက် လှုပ်ရှားလိုက်သည်ကိုကြည့်ပြီး ကောယင်ကျဲ၏ယခင်ကအပြုအမူများအကြောင်းကို သူမက ပြန်လည်တွေးတောမိသွားသည်။

သူမ၏အမြင်အရ လုယွီသည် ယခုချိန်ကျမှ ရှေ့သို့ထွက်လာခြင်းသည် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် မဟုတ်နိုင်ချေ။

"ဘယ်သူပဲ ရောက်လာရောက်လာ...ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး...ငရဲကိုသွားစမ်း"

မြေကမ္ဘာအင်မော်တယ်သုံးယောက်လုံးက သူတို့၏အားအကောင်းဆုံးမှော်မန္တန်များနှင့် တိုက်ခိုက်လိုက်ကြ၏။

တုန်လှုပ်ချောက်ချားဖွယ် မှော်မန္တန်သုံးမျိုး သူ့ထံတိုးဝင်လာသည်ကိုကြည့်ပြီး လုယွီ၏ခန္ဓာကိုယ်မှ မီးတောက်များ ထပ်မံ၍ပေါက်ကွဲထွက်လာသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်

လုယွီသည် ဆေးလုံးများကိုသောက်သုံးပြီး အချိန်တခဏကြာမှသာ ဤမှော်နည်းစနစ်ကို ထပ်မံ၍အသုံးပြုနိုင်ခြင်းဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ရုန့်ရင်းကြမ်းတမ်းသောမီးတောက်များ မြင့်တက်လာပြီး သူက ပေတစ်သောင်းကျော်မြင့်မားသော မီးလူသားကြီးအဖြစ် ပြောင်းလဲသွားပေ၏။

ဘုန်း...

မှော်မန္တန်သုံးမျိုးသည် လုယွီထံသို့ ကျရောက်လာသော်လည်း မီးပွားများသာ ဖြာထွက်သွားသည်။

ဘာ...

အဖိုးအိုသုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ပတ်ဝန်းကျင်ရှိလူများသည်လည်း ထိုမြင်ကွင်းကိုမြင်တွေ့သည်နှင့် ကြက်သေသေနေကြ၏။

ဧရာမမီးတောက်လူသားကြီးသည် သူတို့အားလုံး၏အမြင်အာရုံကို လွှမ်းမိုးထားသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မိုးကောင်းကင်မှဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးနှင့်တူညီနေပြီး လူအများအား တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။

"ဖေးထျန်ကွမ်း...ကြည့်ရတာတော့ မင်းကိုကာကွယ်ပေးမယ့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေသေးပုံပဲ"

မြေကမ္ဘာအင်မော်တယ်သုံးယောက်က လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။

Chapter 1813

ဖေးထျန်ကွမ်းသည်လည်း ထိုမြင်ကွင်းကိုမြင်သည်နှင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ တောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

ဖေးရှို့ရှို့၏မျက်နှာထက်တွင်မူ မယုံကြည်နိုင်သောအမူအယာမျိုးဖြင့် ပြည့်နှက်နေသည်။

သူမ၏အမြင်တွင် လုယွီသည် အရှက်မဲ့ပြီး သူရဲဘောကြောင်သော တပ်စုမှူးလေးတစ်ယောက်ပင်။

သို့ရာတွင် ယခုလက်ရှိအဖြစ်အပျက်များကိုကြည့်ပြီး သူမက ကြက်သေသေကာ အံ့အားသင့်တုန်လှုပ်နေပေ၏။

"ဒါဆို ငါ အရင်က သူ့ကိုအထင်မှားခဲ့မိတာပေါ့"

ဖေးရှို့ရှို့က တီးတိုးရေရွတ်ပြီး သူမ၏စိတ်နှလုံးသားအတွင်း၌ ရှက်ရွံမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤအချိန်အတောအတွင်းတွင် လုယွီအပေါ် သူမပြုလုပ်ခဲ့မိသော ကိစ္စများကို ပြန်စဥ်းစားမိချိန်တွင် ရှက်ရွံမှုကြောင့် သူမ၏မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

လုယွီသည် သူမတို့၏ဖေးမိသားစုအပေါ် အမြဲတစေ စိတ်စေတနာကောင်းနှင့် ဆက်ဆံခဲ့သော်လည်း သူမက သူ့အားတွေ့သည့်အချိန်တိုင်း လှောင်ပြောင်သရော်နေခဲ့မိ၏။

ဤအချိန်တွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်သုံးယောက်နှင့် စတင်၍တိုက်ခိုက်နေလေပြီ။

လုယွီသည် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်ကို အစောပိုင်းကပင် တစ်ကြိမ်အသုံးပြုထားခဲ့သည်။ယခုလက်ရှိချိန်၌ ဤနည်းစနစ်ကို သူ ထပ်မံ၍အသုံးပြုချိန်တွင် ရှေးနတ်ဘုရားအဆင့်စွမ်းအား၏ဆယ်ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။သူသည် သာမာန်မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးနှင့် တူညီသောအဆင့်ကိုသာ ထိန်းသိမ်းထားနိုင်ပေ၏။

တိုက်ပွဲသည် အလွန်အမင်းပြင်းထန်ပြီး အချိန်ကြာလာသည်နှင့်အမျှ တစတစ ပို၍ပြင်းထန်လာသည်။

လုယွီသည် မီးနတ်ဘုရားအသွင်ပြောင်းလဲထားပြီး အဖိုးအိုသုံးယောက်ထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။အဖိုးအိုသုံးယောက်သည် သာမာန်ထက်လွန်ကဲသောခွန်အားမျိုးရှိသော်လည်း လုယွီ၏သိုင်းပညာနည်းစနစ်ကို ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။အချိန်တခဏအတွင်းမှာပင် သူတို့သည် လုယွီ၏ဖိနှိပ်ထားခြင်းကိုခံရပြီး သူတို့၏ခေါင်းများကိုပင် မဖော်နိုင်တော့ပေ။

"ဒီသိုင်းပညာနည်းစနစ်က အရမ်းထူးဆန်းတယ်...ငါတို့ သူ့ကိုရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုကို မြန်မြန်ရှာရမယ်"

"အကိုကြီး...ဂရုစိုက်"

သူတို့သုံးယောက်သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ကြသော်လည်း လုယွီ၏တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်တွင် သူတို့ဘက်မှ အခွင့်မသာသောအခြေအနေမျိုးသို့ရောက်ရှိနေသည်။

လုယွီ၏သိုင်းပညာနည်းစနစ်သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမတ်ကြီးချွယ်ထံမှ အမွေဆက်ခံထားခြင်းဖြစ်သည်။ထို့ပြင် သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုလည်း အမွေဆက်ခံထားပေ၏။အနီးကပ်တိုက်ပွဲတွင် လူနည်းစုကသာ သူ့အားယှဥ်ပြိုင်နိုင်ပေမည်။

"ဒီကောင်လေးက အနီးကပ်တိုက်ခိုက်မှုမှာ အရမ်းကောင်းတယ်...ငါတို့ သူနဲ့ ခပ်ခွါခွါနေပြီး တိုက်ခိုက်မှဖြစ်မယ်"

အဖိုးအိုတစ်ယောက်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ထို့နောက် ဗုဒ္ဓကျိုင်းတစ်ခု ထွက်ပေါ်လာပြီး ပြင်ပကိုရောက်သည်နှင့် အဆများစွာပို၍ကြီးမားလာကာ သူရှေ့၌ မားမားမတ်မတ် ရပ်တည်နေသည်။

ထိုဗုဒ္ဓကျိုင်းတစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး အလွန်အမင်းတောက်ပသည်။ဗုဒ္ဓ၏ရောင်စဥ်တန်းများနှင့်အတူ နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးသော ဗုဒ္ဓမန္တန်ရွတ်ဖတ်သံများကလည်း ထိုမှော်ရတနာမှ ထွက်ပေါ်နေပေ၏။

ဤသည်က အဆင့်မြင့်ဗုဒ္ဓမှော်ရတနာတစ်ခုပင်။ထိုမှော်ရတနာကို အတိတ်တွင် အစွမ်းထက်သောဗုဒ္ဓကျင့်ကြံသူတစ်ယောက်မှ အသုံးပြုခဲ့ပုံရပြီး ထိုအရာပေါ်၌ အစက်အပြောက်တချို့ပင် စွန်းထင်းနေသည်။

"သေစမ်း"

အဖိုးအိုတစ်ယောက်သည် ဗုဒ္ဓကျိုင်းကိုထိန်းချုပ်ကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

ဟူး...

စူးရှသောလေတိုးသံက လုယွီ၏နားအနီးမှ ဖြတ်သန်းသွားသည်။လုယွီ၏ရှေ့သို့ရောက်နေသော ဗုဒ္ဓကျိုင်းသည် ရုတ်တရက် ယခင်ထက်ပို၍ ကြီးမားသွားပေ၏။ရွှေရောင်ဗုဒ္ဓအလင်းတန်းများက ချက်ချင်းဆိုသလိုပင် လုယွီကို လွှမ်းခြုံသွားသည်။

ထိုမှော်ရတနာမျိုးနှင့်ရင်ဆိုင်ရသည့်တိုင် လုယွီသည် နောက်တွန့်သွားခြင်းမရှိချေ။သူက ထိုမှော်ရတနာကို သူ၏လက်သီးဖြင့်ထိုးနှက်လိုက်၏။ရုတ်ချည်းဆိုသလိုပင် ဗုဒ္ဓကျိုင်း၏မျက်နှာပြင်ပေါ်၌ မြောက်များစွာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

ဘုန်း...

ဗုဒ္ဓကျိုင်းသည် အလယ်မှနေ၍ ကျိုးပဲ့သွားပြီး မူလက ဖြာထွက်နေသော ဗုဒ္ဓရောင်စဥ်တန်းများသည်လည်း ထိုလက်သီးချက်ကြောင့် လွင့်ပြယ်သွားခဲ့သည်။

လုယွီသည် ထိုဗုဒ္ဓကျိုင်းကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးအနည်းငယ်ယိုစီးကျလာပေ၏။

အစောပိုင်းကပင် လုယွီသည် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်ကိုအသုံးပြု၍ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်နိုင်ခဲ့သော်လည်း သူ၏အားနည်းနေသောအခြေအနေမှ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချေ။

ယခုလက်ရှိချိန်၌ သူက ဤနည်းစနစ်ကို ထပ်မံ၍အသုံးပြုလိုက်ရာ သူ၏အကန့်အသတ်ထက်ကျော်လွန်နေလေပြီ။

လုယွီ၏ရုတ်တရက်ပြောင်းလဲမှုသည် မဖြစ်ခဲ့သလောက်နီးပါးမြန်ဆန်သော်လည်း မြေကမ္ဘာအင်မော်တယ်သုံးယောက်မှ သတိပြုမိသွားခဲ့သည်။

"ဒီကောင်လေးကိုကြည့်ရတာ တစ်ခုခုခံစားနေရပုံပဲ...သူက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုနေတာပဲဖြစ်မယ်...သူ အချိန်ကြာကြာ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး"

အဖိုးအိုတစ်ယောက်က သရော်တော်တော် ပြောဆိုသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့သုံးယောက်၏မျက်လုံးများက အေးစက်စက်တောက်ပသွားလေ၏။

"ငါတို့က သူတော်စင်ပင်လယ်ကြယ်နယ်မြေနားကို ရောက်နေတာနော်...မြန်မြန်အဆုံးသတ်ကြစို့"

အဖိုးအိုသုံးယောက်အနက်မှနှစ်ယောက်သည် လုယွီကို ရင်ဆိုင်လိုက်ကြပြီး ကျန်တစ်ယောက်က ဖေးထျန်ကွမ်းထံသို့ တဟုန်ထိုးပြေးဝင်တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်စုံဝတ်လုပ်ကြံသတ်ဖြတ်သူများကလည်း စတင်၍ ပြန်လည်တိုက်ခိုက်ကြတော့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အခြေအနေသည် တဖန်ပြန်၍ ပြောင်းလဲသွားပြန်သည်။

"သေချင်နေကြတာလား"

လုယွီသည် ထိုတိုက်ခိုက်မှုကြောင့် အလွန်အမင်းဒေါသထွက်သွားသည်။

Chapter 1814

အဖိုးအိုတစ်ယောက်သည် ဖေးထျန်ကွမ်းထံသို့ ချဥ်းကပ်သွားနေသည်ကိုကြည့်ပြီး လုယွီက ရုတ်တရက် ဒေါသတကြီးအော်ငေါက်လိုက်၏။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာပြီး သူ၏ခေါင်းထက်၌ စုဝေးသွားသည်။

မီးနတ်ဘုရားအဖြစ် အသွင်ပြောင်းထားသည့် လုယွီထံမှ ​မြောက်များစွာသောရုန့်ရင်းကြမ်းတမ်းသည့် မီးတောက်များသည် ယခင်ထက်ပို၍ အားကောင်းလာသည်။တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များသည် ပတ်ဝန်းကျင်ကိုပင် လောင်ကျွမ်းနေလေရာ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာပေ၏။

"ကျူးရုံ...မီးတောက်ထိန်းချုပ်ခြင်း..."

လုယွီက လေထုကိုထွင်းဖောက်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှမီးတောက်များသည် မီးနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီးပါးစပ်ကြီးကိုဖွင့်ဟကာ ဖေးထျန်ကွမ်းထံချဥ်းကပ်နေသော အဖိုးအိုထံသို့ တိုးဝင်သွားသည်။

ထိုအဖိုးအိုသည် လုယွီ ဤမျှထိမြန်မြန် တုံ့ပြန်လာမည်ဟု မျှော်လင့်ထားပုံမရချေ။မီးနဂါးကြီး သူ့ထံပျံဝဲဝင်လာသည်ကိုကြည့်ပြီး သူက ပိတ်ဆို့ဟန့်တားရန်အတွက် မှော်မန္တန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုလိုက်၏။

ကံအကြောင်းမလှစွာဖြင့် လုယွီသည် သူ၏ခွန်အားအကုန်အစင်ကို ထိုလက်ဝါးရိုက်ချက်တွင် ထည့်သွင်းထားခြင်းပင်။

မီးနဂါးကြီးသည် အဖိုးအိုနှင့်နီးကပ်လာချိန်တွင် ရုတ်တရက် ယခင်ထက်အဆများစွာပို၍ကြီးမားသွားသည်။

ဝေါင်း...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဧရာမနဂါးကြီး၏ဟိန်းဟောက်သံသည် လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

ပတ်ဝန်းကျင်ရှိလူများအားလုံး၏သာမာန်မျက်စိအမြင်အာရုံအောက်မှာပင် အဖိုးအိုသည် လေထုအတွင်း၌ အချိန်တခဏကြာတုံ့ဆိုင်းနေပြီး နောက်ဆုံး၌ မီးနဂါးကြီး၏ဝါးမျိုခြင်းခံလိုက်ရသည်။

"တတိယညီလေး..."

တခြားမြေကမ္ဘာအင်မော်တယ်နှစ်ယောက်သည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

မီးနဂါးကြီး ပျံဝဲသွားမှု၏အောက်တွင် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်အကြွင်းအကျန်အပူရှိန်ကို ချန်ထားခဲ့သည်။ကြည်လင်နေသောမိုးကောင်းကင်ပင် အနီရောင်သို့ ပြောင်းလဲသွားပေ၏။

ဖေးထျန်ကွမ်းနှင့်တခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့ ဂရုတစိုက်ကြည့်ရှုလိုက်ချိန်တွင် အစောပိုင်းက ရှေ့သို့ပြေးဝင်လာသော မြေကမ္ဘာအင်မော်တယ်အဖိုးအိုသည် အမှုန်အမွှားအဖြစ်ပင် ကျန်ရစ်ခြင်းမရှိတော့ချေ။

လက်သီးတစ်ချက်ဖြင့်ပင် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သလော....

ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံးက လုယွီကို တုန်လှုပ်ချောက်ချားစွာဖြင့် စူးစိုက်၍ကြည့်လိုက်ကြသည်။

ဤလူငယ်လေးတွင် မည်ကဲ့သို့ခွန်အားမျိုး ရှိနေသနည်း။

တာယွီတော်ဝင်စစ်တပ်တွင် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူ မည်သူမဆို မဟာစစ်ဗိုလ်ချုပ်အဆင့်အတန်းကိုရရှိကြသည်။သို့ရာတွင် လုယွီဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံအရ အကဲဖြတ်ကြည့်လျှင် တပ်စုမှူးအဆင့်သာရှိသေးကြောင်း သိသာထင်ရှားလှ၏။

"မင်းက ငါတို့ရဲ့တတိယညီလေးကိုသတ်ခဲ့မှတော့...မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

ရုတ်ချည်းဆိုသလိုပင် တခြားအဖိုးအိုနှစ်ယောက်၏မျက်လုံးများ နီမြန်းသွားပြီး သူတို့က မုန်းတီးမှုအပြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြသည်။

ဘုန်း...

တုန်လှုပ်ချောက်ချားဖွယ် မှော်နည်းစနစ်နှစ်မျိုးက လုယွီထံသို့ ဦးတည်ချက်ပေါင်းစုံမှနေ၍ မိုးများရွာကျလာသကဲ့သို့ ကျရောက်လာပေ၏။

လုယွီသည် သူ့ကိုယ်သူဖိအားပေး၍ နောက်ဆုတ်လိုက်သော်လည်း ထိုမှော်မန္တန်နှစ်မျိုးမှအားလှိုင်းတချို့ကိုသာ တောင့်ခံနိုင်ခဲ့ပြီး တချို့အားလှိုင်းများကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းမရှိချေ။

သူ၏မိုးကောင်းကင်လှိုဏ်ဂူသည် သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူ သာမာန်ကျင့်ကြံသူများထက် များစွာပို၍အစွမ်းထက်ပြီး မြောက်မြားစွာသောမှော်စွမ်းအင်ပမာဏကို ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူသည် ဤလျှို့ဝှက်နည်းစနစ်ကို အဆက်မပြတ်အသုံးပြုနေမှု၏ဒဏ်ကို တောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေ၏။

"ဖေးထျန်ကွမ်း...ခင်ဗျားမှာ တကယ်လို့ နည်းလမ်းတချို့ရှိသေးရင်...ခုချက်ချင်း ထုတ်သုံးလိုက်တော့"

လုယွီသည် တခြားအရာများကို ဂရုစိုက်နိုင်ခြင်းမရှိတော့ချေ။သူက ဖေးထျန်ကွမ်းဘက်သို့လှည့်၍ အော်ဟစ်လိုက်သည်။

ဖေးထျန်ကွမ်း၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက သူတို့က အရင်ကထက်ပိုပြီးအစွမ်းထက်တဲ့သူတွေ ရောက်လာကြတာပဲ...တကယ်လို့ သူတို့ နည်းနည်းလောက်နောက်ကျပြီးမှရောက်လာရင် ကောင်းမှာပဲ"

ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး အဖိုးအိုနှစ်ယောက်က ကောက်ကျစ်ယုတ်မာသောအပြုံးမျိုးနှင့် ပြောဆိုသည်။

"ဖေးထျန်ကွမ်း...မင်းနဲ့အဲ့ဒီကောင်လေး နှစ်ယောက်လုံးကို ဘယ်သူမှမကယ်နိုင်စေရဘူး...ဒီနေ့ မင်းတို့နှစ်ယောက်လုံး သေကိုသေရမယ်"

"အဲ့ဒီလိုလား...."

ထိုအဖိုးအိုနှစ်ယောက်၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့လာသည်။

ထိုအသံသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ အလွန်နက်ရှိုင်းသည်။အသံလှိုင်းများ ပဲ့တင်ထပ်ပျံ့နှံ့လာမှုနှင့်အတူ ပတ်ဝန်းကျင်ရှိအရာရာတိုင်း စတင်၍တုန်ခါလာသည်။ပတ်ဝန်းကျင်နေရာတစ်ခုလုံး အကန့်အသတ်မရှိသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါမျိုးဖြင့် ပြည့်နှက်နေပေ၏။

လေဟာနယ်အတွင်းမှနေ၍ ရုတ်တရက် ဧရာမမှော်စွမ်းအင်လက်ကြီးတစ်ဖက် ကျရောက်လာပြီး အဖိုးအိုနှစ်ယောက်ထံဦးတည်၍ ဖိနှိပ်လိုက်သည်။

ထိုအဖိုးအိုနှစ်ယောက်သည် သူတို့၏ခန္ဓာကိုယ်များကို လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူတို့သည် မှော်စွမ်းအင်လက်ဝါးကြီးကိုမြင်သည်နှင့် နေရာမှာပင်ကြက်သေသေနေပြီး အချိန်တခဏကြာမှသာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ဒါက လော့ရွှေကြယ်မြစ်ရဲ့အုပ်ချုပ်သူပဲ"

"ပြေးကြတော့"

အဖိုးအိုနှစ်ယောက်သည် သူတို့တတိယညီ၏သေဆုံးသွားမှုကို လျစ်လျှူရှုပြီး နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားကြတော့သည်။

သို့ရာတွင် သူတို့ အဝေးသို့ထွက်မပြေးနိုင်သေးမီမှာပင် သူတို့၏နောက်မှ အသံကြီးက နီးကပ်လာသည်။

"ငါ့ရဲ့ရှေ့ကိုရောက်နေတာတောင် မင်းတို့က ထွက်ပြေးချင်သေးတာလား"

မုန်တိုင်းထန်နေသကဲ့သို့ ပြင်းထန်သောအသံလှိုင်းတစ်လှိုင်း ထပ်မံ၍ထွက်ပေါ်လာပေ၏။

အဖိုးအိုနှစ်ယောက်အနက်မှတစ်ယောက်သည် ဧရာမမှော်စွမ်းအင်လက်ဝါးကြီး၏ ရိုက်ပုတ်ခြင်းခံရပြီး ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစကွဲထွက်သွားကာ အရိုးတစ်ချောင်းပင် မကျန်ရှိခဲ့ချေ။

တခြားအဖိုးအိုတစ်ယောက်သည် မတ်တတ်ထရပ်ပြီး ထွက်ပြေးလိုက်သော်လည်း ရုတ်တရက် ဧရာမမှော်စွမ်းအင်လက်ကြီး၏ဖိနှိပ်ထားခြင်းကို ခံလိုက်ရသည်။ထို့နောက် မြောက်မြားစွာသောသံကြိုးကြီးများ ပျံဝဲလာပြီး သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်လိုက်၏။

Chapter 1815

"လုပ်ကြံသတ်ဖြတ်သူတွေအားလုံးကို ဖမ်းဆီးကြစမ်း...တစ်ယောက်မှ မလွတ်စေနဲ့"

လေဟာနယ်အတွင်းမှနေ၍ လူရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။ထိုလူသည် မုတ်ဆိတ်မွှေးရှည်များရှိသော လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပေ၏။သူသည် ခမ်းနားထည်ဝါသောပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏လက်ကိုနောက်ပစ်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

သူ၏နောက်တွင် အနက်ရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော တာယွီတော်ဝင်စစ်တပ်မှစစ်သားများရှိနေပြီး သူတို့က တည်ငြိမ်စွာဖြင့် ရှေ့သို့ချီတက်နေကြ၏။

လူလတ်ပိုင်းကြီး၏အမိန့်သံကိုကြားသည်နှင့် စစ်သားများအားလုံးသည် အနက်ရောင်ဝတ်စုံဝတ်လူများထံသို့ တဟုန်ထိုးပြေးဝင်၍ ဖမ်းဆီးလေသည်။

"သူ့ကိုသတ်"

လုပ်ကြံသတ်ဖြတ်သူများသည် အခြေအနေမကောင်းသည်ကိုမြင်သော်လည်း သူတို့က ထွက်ပြေးရန် ရွေးချယ်ခြင်းမရှိချေ။ထိုအစား သူတို့သည် ဖေးထျန်ကွမ်းထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြ၏။

သူတို့အားလုံးသည် အသေခံအမိန့်ကို ရရှိထားသည်။အကယ်၍ သူတို့၏တာဝန်ကို ပြီးမြောက်ခြင်းမရှိပါက သူတို့ ပြန်ရောက်သွားချိန်တွင် ကွပ်မျက်ခြင်းခံရပေမည်။

"အတင့်ရဲလှချည်လား"

လူလတ်ပိုင်းကြီးက ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်သည်။သူ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ အဖြူရောင်အလင်းတန်းများက လေထုအတွင်းသို့ ထွင်းဖောက်သွားပေ၏။

ဝှစ်...ဝှစ်...ဝှစ်...

ရက်စက်ကြမ်းကြုတ်သောလုပ်ကြံသတ်ဖြတ်သူတချို့၏ ခေါင်းများအတွင်းသို့ အဖြူရောင်အလင်းတန်းများထိုးဖောက်ဝင်ရောက်သွားပြီး သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ကြွင်းကျန်သောလုပ်ကြံသတ်ဖြတ်သူများသည် ရုန်းကန်လိုသော်လည်း ပတ်ဝန်းကျင်ရှိစစ်သားများက တရကြမ်းပြေးဝင်လာကြပြီး သူတို့အားလုံးကို နှိမ်နင်းလိုက်၏။

လူလတ်ပိုင်းကြီးက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းတို့ကောင်တွေက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ပိုင်နက်နယ်မြေထဲမှာ လူသတ်ဝံ့တာလဲ"

သူ၏လှုပ်ရှားမှုတိုင်း သီးသန့်ဆန်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ဤသည်က သူသည် မြင့်မားသောရာထူးအဆင့်အတန်း၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ထွက်ပေါ်လာသော အရှိန်အဝါမျိုးဖြစ်ပေ၏။

ဤလူလတ်ပိုင်းကြီးသည် လော့ရွှေကြယ်မြစ်အတွင်းရှိ သောင်းနှင့်ချီသောကြယ်နယ်မြေများ၏အုပ်ချုပ်သူ လီလုံချင်းပင်။

တာယွီအင်ပါယာအတွင်းတွင် ကြယ်မြစ်များ၏အုပ်ချုပ်သူတိုင်းသည် ဒုတိယဆင့်အရာရှိများဖြစ်ပြီး သူတို့၏ပိုင်နက်နယ်မြေအတွင်းရှိ စစ်ရေးနှင့်လူနေမှုဘဝများကို စီမံကွပ်ကဲရသည်။မြင့်မြတ်သူအဆင့်အတန်းပိုင်ဆိုင်ထားသူတချို့ပင်လျှင် ကြယ်မြစ်အုပ်ချုပ်သူများနှင့်တွေ့ဆုံပါက ဦးညွှတ်၍ အရိုအသေပြုရလေ၏။

လုယွီက စောင့်ကြည့်ခြင်းနည်းစနစ်တစ်ခုကိုအသုံးပြု၍ လီလုံချင်းကို ကြည့်လိုက်သည်။လီလုံချင်း၏ခေါင်းထက်ရှိ မှော်စွမ်းအင်များသည် ခရမ်းရောင်အလင်းတန်းကြီးအသွင် ပြောင်းလဲသွားကာ မြင့်မြတ်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေသည်။

"လီလုံချင်း...ဖေးထျန်ကွမ်းက ငါတို့လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကနေ အဆင့်မြင့်လုပ်ကြံသတ်ဖြတ်မိန့်ထုတ်ခံထားရတဲ့သူ...မင်း သူ့ကိုကာကွယ်ဖို့ စဥ်းတောင်မစဥ်းစားနဲ့"

အနက်ရောင်ဝတ်စုံဝတ်လူများသည် ဖမ်းဆီးခံရပြီးနောက် သူတို့၏မျက်နှာဖုံးများကို ဖယ်ရှားခံရသဖြင့် သူတို့၏အစစ်အမှန်ရုပ်သွင်များ ထွက်ပေါ်လာသည်။

အကယ်၍ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် သူတို့၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို ဖော်ထုတ်ခံရပါက ချက်ချင်းဆိုသလိုပင် ထိုသူကို တရားစီရင်ရေးဌာနတွင် မှတ်တမ်းတင်ခြင်းခံရပေမည်။သူ မည်သည့်နေရာသို့ ​ထွက်ပြေးသည်ဖြစ်စေ တာယွီတော်ဝင်စစ်တပ်သည် သူ့နောက်သို့လိုက်နေမည်ဖြစ်ကာ သူ၏ကြွင်းကျန်သောဘဝတလျှောက်လုံး အထိတ်ထိတ်အလန့်လန့်ဖြင့် နေထိုင်သွားရပေလိမ့်မည်။ဤသည်က ထိုသူ၏အနာဂတ်ကျင့်ကြံမှုတွင်လည်း ကြီးမားသောဆိုးကျိုးများကို သက်ရောက်စေနိုင်သည်။

"လာကြစမ်း...သူ့ကိုဖမ်းဆီးပြီး သေချာစစ်မေးကြစမ်း"

လီလုံချင်းက သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

စစ်သားတစ်စုသည် ထိုအနက်ရောင်ဝတ်စုံဝတ်လူများကို ဖမ်းဆီးခေါ်ဆောင်၍ ဤနေရာမှထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြသည်။အသက်ရှင်ရက်ဖမ်းဆီးခံရသော အနက်ရောင်ဝတ်စုံဝတ်လူများ၏မျက်နှာများပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာများ ထင်ဟပ်လာသည်။သူတို့က သူတို့၏ပါးစပ်များအတွင်း၌ ဖုံးကွယ်ထားသော အဆိပ်များကိုကိုက်ဖောက်၍ သူတို့ကိုယ်သူတို့ သတ်သေလိုက်ကြ၏။

"မင်းတို့က မင်းတို့ကိုယ်မင်းတို့ သတ်သေချင်ကြတာလား"

လီလုံချင်းက လှောင်ပြောင်သရော်လိုက်သည်။သူ၏လက်ဝါးအတွင်း၌ အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး သူက လုပ်ကြံသတ်ဖြတ်သူများအနက်မှတစ်ယောက်ကို ရိုက်နှက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ထိုလုပ်ကြံသတ်ဖြတ်သူ၏ပါးစပ်မှ သွေးမည်းများအန်ထွက်လာပြီး သူ၏ခန္ဓာကိုယ်တွင် အသက်စွမ်းအား အနည်းငယ်ပြန်လည်ပြည့်ဖြိုးလာသည်။

သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်ပုံမရဘဲ သူ၏မျက်နှာတစ်ခုလုံး စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်နေသည်။

အကယ်၍ သူသည် တော်ဝင်နန်းတွင်း၏ဖမ်းဆီးခြင်းခံရပါက အမျိုးမျိုးသောနှိပ်စက်ညှင်းပန်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။ယခုလက်ရှိအချိန်တွင် သေဆုံးခြင်းကသာ သူ့အတွက် အကောင်းဆုံးထွက်ပေါက်ပင်။

"ဗိုလ်ချုပ်ကျန်း...လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလူတွေ ကျန်နေနိုင်သေးတယ်...မင်းရဲ့လက်အောက်ငယ်သားတွေကိုဦးဆောင်ပြီး သူတို့အားလုံးကို အပြတ်ရှင်းလိုက်...တစ်ယောက်မှမလွတ်စေနဲ့"

လီလုံချင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒီဗိုလ်ချုပ်က အမိန့်ကိုနာခံပါတယ်"

ရုတ်ချည်းဆိုသလိုပင် စစ်ဗိုလ်ချုပ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး လီလုံချင်းကိုအရိုအသေပြုကာ အမိန့်ကိုနာခံလိုက်၏။

အလွန်လျှင်မြန်စွာဖြင့် တော်ဝင်စစ်တပ်မှစစ်သားများ ရောက်ရှိလာပြီး လေဟာနယ်သင်္ဘောကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်လိုက်ကြသည်။

လီလုံချင်းသည် ရုတ်တရက်ဆန်ဆန် ထွက်ပေါ်လာခဲ့ပြီး ယခုလက်ရှိနေရာသို့ရောက်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများအားလုံးကို အလွန်ကြီးမားသောအရှိန်အဟုန်ဖြင့် နှိမ်နင်းသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ နားအူလုမတက် တိုက်ခိုက်သတ်ဖြတ်နေသံများအားလုံး တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။အသက်ရှင်ကျန်ရစ်သော အနက်ရောင်ဝတ်စုံဝတ်လူတချို့သည် တာယွီတော်ဝင်စစ်တပ်မှစစ်သားများ၏ဖမ်းချုပ်ခြင်း ခံလိုက်ရ၏။

"ညီအကိုလီရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"

ဖေးထျန်ကွမ်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုံလီချင်းကို ပြောဆိုသည်။

လီလုံချင်းသည် ဖေးထျန်ကွမ်းကိုမြင်သည်နှင့် သူက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။ထို့နောက် သူက ဖေးထျန်ကွမ်း၏ပခုံးကိုပုတ်၍ ပြောဆိုလေ၏။

"ညီအကိုဖေး...မင်းနဲ့ငါ မြို့တော်မှာ နောက်ဆုံးတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ...ဒီနေ့ကျမှပဲ ငါ မင်းနဲ့ ပြန်ဆုံတွေ့ရတော့တယ်"

All Chapters