အခန်း (၁၈၁၆-၁၈၂၀)
Vol. 94 Ch. 1816-1820
Chapter 1816
ဖေးထျန်ကွမ်းကလည်း ရယ်မောလိုက်၏။
"ငါတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က တကယ့်ကိုပဲ နှစ်တွေအများကြီးကြာနေပြီ...ညီအကိုလီကတော့ အရင်ကအတိုင်း တက်ကြွလန်းဆန်းနေတုန်းပဲ"
ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်၏ကြားတွင် ခင်မင်ရင်းနှီးများရှိနေခြင်းမှာ သိသာထင်ရှားသည်။
လီလုံချင်းက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
"ဘာမှမစိုးရိမ်နဲ့...သူတော်စင်ပင်လယ်ကြယ်နယ်မြေက မင်းရဲ့ဇာတိမြေဖြစ်ပြီးတော့ ငါ့ရဲ့အုပ်ချုပ်ရေးရုံးစိုက်တဲ့နေရာလည်းဖြစ်တယ်....ရှမိသားစုက အရမ်းအစွမ်းထက်တဲ့ဆိုပေမယ့် ငါ လီလုံချင်းအပေါ်ကို ဘာမှလွှမ်းမိုးနိုင်မှာမဟုတ်ဘူး...မင်း သူတော်စင်ပင်လယ်ကြယ်နယ်မြေမှာ နေနေသရွေ့ သူ မင်းကို ထိဝံ့မှာမဟုတ်ဘူး"
လီလုံချင်း စကားပြောဆိုနေစဥ်တွင် သူ၏အသံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
အမှန်အားဖြင့် သူ့ထံတွင် ထိုကဲ့သို့ပြောဆိုနိုင်သောအရည်အချင်းရှိသည်။နယ်စပ်မှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော လီလုံချင်းသည် သူ၏ပိုင်နက်နယ်မြေအတွင်း၌ နယ်မြေခံဧကရာဇ်တစ်ပါးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ထို့ပြင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အမင်းအစွမ်းထက်လေရာ သူ ပြောဆိုသောစကားများသည် အမိန့်တစ်ခုအလားတည်မြဲသည်။
"ဒါဆိုလည်း ညီအကိုလီကို အခက်တွေ့စေမိပြီ"
ဖေးထျန်ကွမ်းက ကျေးဇူးတင်စကားပြောဆိုပြီးနောက် သူ၏မျက်လုံးအကြည့်က ကောယင်ကျဲတို့လူစုထံသို့ ကျရောက်သွားသည်။
"ဒါပေမယ့် အရေးမပါတဲ့ကောင်စုတ်လေးတချို့ကိုတော့ ဖြေရှင်းစရာကျန်သေးတယ်"
ဖေးထျန်ကွမ်း၏အကြည့်ကိုမြင်သည်နှင့် ကောယင်ကျဲ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
သူသည် အသက်ရှင်လမ်းရရန်အတွက် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမနှင့် အပေးအယူပြုလုပ်ခဲ့သည်။သို့ရာတွင် လုယွီက ရုတ်တရက်ကြီး လှုပ်ရှားလာမည်ဟု သူ မျှော်လင့်မထားမိချေ။ထို့ပြင် လုယွီ၏ခွန်အားသည် အလွန်အမင်းနက်နဲသိမ်မွေ့ပြီး မြေကမ္ဘာအင်မော်တယ်သုံးယောက်ကိုပင် ခေါင်းမဖော်နိုင်သည်အထိ ဖိနှိပ်ထားနိုင်ခဲ့သည်။
သူ ပို၍အံ့အားသင့်ရဆုံးအချက်မှာ လော့ရွှေကြယ်မြစ်၏အုပ်ချုပ်သူသည် ဖေးထျန်ကွမ်းနှင့် မိတ်ဆွေဟောင်းများဖြစ်နေခြင်းပင်။
အကယ်၍ သူ ထိုအကြောင်းကိုသာ ကြိုသိခဲ့ပါက သူထံတွင် ယခုထက်ဆယ်ဆပို၍ သတ္တိရှိနေလျှင်ပင် ဖေးမိသားစု၏ထိပ်တန်းအဆင့်မှော်ရတနာကို တပ်မက်သည့်စိတ်ဖြင့် ဖေးမိသားစုအပေါ် အပြစ်ကျုးလွန်ဝံ့မည်မဟုတ်ချေ။
ဤသည်က လော့ရွှေကြယ်မြစ်၏အုပ်ချုပ်သူပင်။ထိုသူ၏လက်ညှိုးလေးတစ်ချောင်း လှုပ်ခါလိုက်ရုံဖြင့် သူဟူသောကောယင်ကျဲသည် မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားနိုင်သည်။
ကောယင်ကျဲသည် မြေပြင်ပေါ်၌ဒူးထောက်၍ အဆက်မပြတ် တောင်းပန်လေ၏။
"အရှင်...ကျွန်တော်က လောဘကြောင့် မျက်လုံးကန်းသွားမိတာပါ...ဒါကြောင့် ကျွန်တော်က ဒီလိုယုတ်ညံ့တဲ့အပြစ်မျိုးကို ကျုးလွန်ခဲ့မိတယ်...ကျွန်တော် အပြစ်မကျူးလွန်ခဲ့ခင်က ဖေးသခင်ကြီးကို ကာကွယ်ပေးခဲ့တဲ့သူတစ်ယောက်ပါ....ကျွန်တော် ကောင်းတာတွေကိုလုပ်ခဲ့တာမဟုတ်ဘူးဆိုပေမယ့် ဖေးသခင်ကြီးကိုကာကွယ်ခဲ့တဲ့အချိန်တုန်းက တကယ့်ကိုကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်...ကျေးဇူးပြုပြီးတော့ ဒီအကျိုးဆောင်မှုကိုညှာတာထောက်ထားပြီး ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ"
လီလုံချင်း၏ရှေ့၌ ကောယင်ကျဲသည် တစ်လုံးတပါဒမျှပင် လိမ်ညာပြောဆိုဝံ့ခြင်းမရှိချေ။ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်များရှေ့၌ လိမ်ညာပြောဆိုခြင်းသည် အသုံးမဝင်ပေ။အကယ်၍ သူ လိမ်ညာပြောဆိုခြင်းကိုသာ ထွင်းဖောက်မြင်သွားပါက အဆုံးသတ်ရလဒ်မှာ ပို၍အခြေအနေဆိုးသွားနိုင်သည်။
ဖေးထျန်ကွမ်း၏မျက်လုံးများက အေးစက်နေပြီး သူက ပြောဆိုသည်။
"ညီအကိုလီ...တာယွီအင်ပါယာရဲ့စည်းမျဥ်းတွေအရ ဒီလိုပြစ်မှုမျိုးကို ဘယ်လိုအရေးယူသင့်လဲ"
"ဂိုဏ်းကိုဖျက်သိမ်းပြီး အပြစ်သားတွေရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးရမယ်"
လီလုံချင်းက ကောယင်ကျဲကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။
"မင်းဟာမင်း လုပ်လိုက်"
ထိုစကားတစ်ခွန်းသည် ကောယင်ကျဲ၏အနာဂတ်ကံကြမ္မာကို ပျက်စီးသွားစေရန် လုံလောက်သည်။
ယခုလက်ရှိချိန်၌ ကောယင်ကျဲသည် နောင်တကြီးစွာရရှိနေသည်။အကယ်၍ သူသည် ဤကဲ့သို့အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည်ကိုသာ ကြိုသိခဲ့ပါက သူ ဖေးမိသားစုကိုဆန့်ကျင်သည့် လှုပ်ရှားမှုမျိုး ပြုလုပ်ခဲ့မည်မဟုတ်ချေ။သို့ရာတွင် လီလုံချင်းထုတ်လွှက်ထားသော ဖိအားအရှိန်အဝါအောက်တွင် ကောယင်ကျဲသည် အသက်ရှုမွန်းကြပ်ခြင်းကို ခံစားနေရ၏။
"ကောင်းပြီလေ...ကျွန်တော်ရဲ့ကျင့်ကြံဆင့်ကို ခုချက်ချင်းဖျက်ဆီးလိုက်မယ်"
ကောယင်ကျဲသည် ကြေကွဲဝမ်းနည်းစွာဖြင့် အံ့တင်းတင်းကြိတ်ကာ သူ၏လက်ဝါးဖြင့် သူ့ကိုယ်ပိုင်မိုးကောင်းကင်လှိုဏ်ဂူပေါ်သို့ ရိုက်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကောယင်ကျဲ၏မိုးကောင်းကင်လှိုဏ်ဂူ ကြေမွပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအင်အရှိန်အဝါများ ပျက်ပြယ်သွားတော့သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ကောယင်ကျဲ၏နောက်လိုက်များကလည်း သူတို့၏ကျင့်ကြံဆင့်များကို ဖျက်ဆီးလိုက်ကြ၏။
သို့ရာတွင် တချို့နောက်လိုက်များသည် လက်လျှော့အရှုံးပေးရန် ဆန္ဒမရှိကြသဖြင့် နောက်သို့လှည့်၍ ထွက်ပြေးကြသည်။သို့သော် ထွက်ပြေးသွားသူများသည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိစစ်သားများ၏ဖမ်းဆီးခြင်းကိုခံရပြီး နေရာမှာပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
သွေးမြူများက လေထုအတွင်း၌ မျောလွင့်နေပြီး သေဆုံးခြင်းအရှိန်အဝါများက ပတ်ဝန်းကျင်နေရာအနှံ့ ပျံ့နှံ့နေသည်။သူတို့၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကို ဖျက်ဆီးရန်ဆုံးဖြတ်ခဲ့သူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် တုန်လှုပ်ချောက်ချားသွားကြသည်။
နတ်ဘုရားဌက်မွှေးဂိုဏ်း အဆုံးသတ်သွားလေပြီ။
ကောယင်ကျဲခေါ်ဆောင်လာသူများသည် နတ်ဘုရားဌက်မွှေးဂိုဏ်းမှ လက်ရွေးစင်ကျင့်ကြံသူများဖြစ်ပေ၏။
ယခုလက်ရှိချိန်၌ ကောယင်ကျဲတွေးတောနေသည်မှာ သူ၏နတ်ဘုရားဌက်မွှေးဂိုဏ်းကို ပြန်လည်ထွန်းတောက်စေရန်မဟုတ်ဘဲ သူ၏ရန်သူဟောင်းများကို မည်ကဲ့သို့ရှောင်ရှားရမည်ဟူသောအချက်ပင်။
သူသည် ယခုချိန်၌ လက်သီးထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိသော သေမျိုးတစ်ယောက်နှင့် တူညီနေသည်။သူသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ ရန်သူအမြောက်အများဖြင့် ရန်ငြှိုးဖွဲ့ခဲ့မိသည်။ထိုရန်သူများသာ သူ၏ယခုလက်ရှိအခြေအနေကိုသိရှိသွားပါက သူ သေချာပေါက်အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
"ဒီနေရာက ထွက်သွားစမ်း...ငါ မင်းကို ထပ်ပြီးမတွေ့စေနဲ့"
လီလုံချင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
Chapter 1817
ကောယင်ကျဲ၏သေးငယ်သောအသက်ကို ချမ်းသာပေးရန် သဘောတူညီလိုက်သည်ကပင် ဥပဒေပြင်ပမှ ခွင့်လွှက်ငဲ့ညှာမှုတစ်မျိုးဖြစ်ပေ၏။
နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသည် စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ဤနေရာမှထွက်ခွါသွားတော့သည်။
ဤသည်က လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ၏စွမ်းအားပင်။
သူ ကိုယ်တိုက်ကိုယ်ကျ လှုပ်ရှားမှုပြုလုပ်ရန်မလိုအပ်ချေ။သူ၏စကားတစ်ခွန်းဖြင့်ပင် ကောယင်ကျဲကို ကျင့်ကြံဆင့်ဖျက်ဆီးပစ်ရန် ဖိအားပေးနိုင်ခဲ့သည်။
ကောယင်ကျဲထွက်ခွါသွားသည်နှင့် လီလုံချင်းက လုယွီကို ကြည့်လိုက်၏။
"မင်းက ဘယ်စစ်တပ်ကလာတာလဲ"
လီလုံချင်းသည် စိတ်ရှည်လက်ရှည် မေးမြန်းလိုက်သော်လည်း သူက ဝင်းလက်တောက်ပနေသောမျက်လုံးများဖြင့် လုယွီကို စုန်ချည်ဆန်ချည်ကြည့်နေသည်။
လုယွီသည် တိုက်ပွဲကြီးနှစ်ပွဲကို ဆက်တိုက်ရင်ဆိုင်တိုက်ခိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်အလွန်အမင်း အားနည်းနေပေ၏။သူ၏မှော်စွမ်းအားများကိုပင် လှည့်ပတ်နိုင်ခြင်းမရှိတော့ဘဲ ယခုလက်ရှိချိန်၌ သာမာန်ကျင့်ကြံသူတစ်ယောက်ပင် လုယွီ၏အသက်ကို လွယ်လင့်တကူ နှုတ်ယူနိုင်သည်။
သို့သော် ထိုသို့ဆိုသည့်တိုင် သူ၏ကျောရိုးကိုဖြောင့်၍ မားမားမတ်မတ်ရပ်တည်နေဆဲဖြစ်ပြီး ကြယ်မြစ်အုပ်ချုပ်သူဟူသော အဆင့်အတန်းရှိသူကိုပင် အရိုအသေပြုခြင်းမရှိချေ။
"ဒီငယ်သားက ဦးရီးတော်မိုးကြိုးဝေလရဲ့လက်အောက်က တပ်စုမှူးရှောင်ယန်းပါ"
လုယွီ၏အသံသည် ခယရို့ကျိုးခြင်းမရှိသလို မောက်မာဝံ့ကြွားခြင်းလည်း မရှိပေ။
"တပ်စုမှူးလား...ဒါဆို မင်းက ရှားဟိုလီရဲ့လက်အောက်ငယ်သားပေါ့...မင်းရဲ့ခွန်အားကိုကြည့်ပြီးအကဲဖြတ်ရရင် မဟာစစ်ဗိုလ်ချုပ်တွေနဲ့တောင် ယှဥ်ပြိုင်နိုင်တယ်....ရှားဟိုလီရဲ့အုပ်ချုပ်မှူအောက်မှာ တကယ်ကိုပဲ ပုန်းနေတဲ့နဂါးတွေနဲ့ဝပ်နေတဲ့ကျားတွေ ရှိနေတာပါလား"
လီလုံချင်းက ပြတ်သားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"မင်းက သူ့ရဲ့လက်အောက်မှာ တပ်စုမှူးအဆင့်ပဲရှိမှာ...မင်း ငါ့နောက်ကို လိုက်မလား..ငါက တော်ဝင်နန်းတွင်းကို တောင်းဆိုပြီး မင်းကို မဟာစစ်ဗိုလ်ချုပ်ရာထူးကို ချီးမြှင့်မယ်...မင်း ဘယ်လိုသဘောရလဲ"
ဤသွေးဆောင်ဖြားယောင်းမှုကို ခုခံတွန်းလှန်နိုင်ရန် မလွယ်ကူချေ။
အကယ်၍ လုယွီ သဘောတူညီလိုက်ပါက သူသည် တာယွီတော်ဝင်စစ်တပ်၌ အသက်အငယ်ဆုံးစစ်ဗိုလ်ချုပ် ဖြစ်လာပေမည်။
ပတ်ဝန်းကျင်ရှိ စစ်သားတချို့ပင်လျှင် လုယွီကို မနာလိုအားကျသောအကြည့်များဖြင့် ကြည့်နေကြ၏။
လော့ရွှေကြယ်မြစ်အုပ်ချုပ်သူသည် လူများကိုအကဲဖြတ်ရာ၌ သူ၏တင်းကြပ်သောစည်းမျဥ်းများကြောင့် အလွန်ထင်ရှားကျော်ကြားသည်။ယခုချိန်၌ သူသည် ချွင်းချက်ထား၍ လုယွီကိုရာထူးတိုးပေးရန် ပြောဆိုနေခြင်းကပင် သူ လုယွီကို မည်မျှတန်ဖိုးထားကြောင်း သိသာထင်ရှားလှသည်။
လုယွီသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ဦးရီးတော်ရှားဟိုလီက လက်အောက်ငယ်သားတွေအပေါ်မှာ ကြင်နာမှုရှိတယ်...ကျွန်တော်က ယုံကြည်ချက်ကို သစ္စာမဖောက်နိုင်ဘူး...အရှင်အုပ်ချုပ်သူက တခြားတစ်ယောက်ကိုသာ ဒီအခွင့်အရေးပေးလိုက်ပါ"
ဘာ...
လုယွီသည် ဤကဲ့သို့အဖြေမျိုးပေးမည်ကို မျှော်လင့်မထားမိကြသဖြင့် ယခုလက်ရှိနေရာရှိလူများအားလုံး ကြက်သေသေသွားကြ၏။
အကယ်၍ သူသည် ဟန်လုပ်သည့်ရည်ရွယ်ချက်မျိုးနှင့်ဆိုပါက ဤကမ်းလှမ်းမှုကိုငြင်းပယ်ခြင်းမှာ လက်သင့်ခံနိုင်ဖွယ်ရှိသည်။သို့ရာတွင် လုယွီ၏စကားလုံးများသည် ဟန်လုပ်နေပုံမရဘဲ တည်ကြည်ပြတ်သားလှသည်။
ဤသည်က ကြယ်မြစ်အုပ်ချုပ်သူ၏ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားမှုဖြစ်သည့်တိုင် လုယွီက အမှန်တကယ်ကိုပင် ငြင်းဆန်ခဲ့လေ၏။
လီလုံချင်းက ခေါင်းအနည်းငယ်ခါယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ကံဆိုးချင်တော့...ငါ့မှာ ရှားဟိုလီလိုကောင်းချီးပေးခံရမှုမျိုး မရှိဘူးထင်တယ်"
ဖေးထျန်ကွမ်းကလည်း ဤသည်က စိတ်မကောင်းဖွယ်ကိစ္စတစ်ခုဟု ယူဆထားပုံရသည်။
"ရှောင်ယန်း...မင်း ထပ်ပြီးမစဥ်းစားတော့ဘူးလား...ဒါက မင်းအတွက် သာမာန်မဟုတ်တဲ့အခွင့်အရေးကြီးနော်"
လုယွီက ပြောဆိုလေ၏။
"ကျွန်တော် ဆုံးဖြတ်ချက်ချပြီးပါပြီ...ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့"
လုယွီသည် ဤကမ်းလှမ်းချက်ကို ရိုးရှင်းစွာငြင်းဆန်လိုက်ခြင်းဖြစ်သော်လည်း မြောက်များစွာသောအချက်များကို ထည့်သွင်းစဥ်းစားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အရေးကြီးဆုံးအချက်မှာ လော့ရွှေကြယ်မြစ်အုပ်ချုပ်သူသည် သန်မာအားကောင်းသော်လည်း လုယွီ၏အမြင်အရ သူ အမှီသဟဲပြု၍ရသောနေရာမဟုတ်ချေ။
လော့ရွှေကြယ်မြစ်အုပ်ချုပ်သူသည် မြင့်မားသောအဆင့်အတန်းရှိပုံရသော်လည်း သူသည် ဒုတိယဆင့်အရာရှိတစ်ယောက်သာဖြစ်ပေ၏။
နတ်ဘုရားမြင့်မြတ်အမတ်ကြီးဖြစ်သော ရှကွေ့ကျုံးသည် တော်ဝင်နန်းတွင်းတွင် ပထမအဆင့်စစ်ရေးအရာရှိနေရာ၌ ရပ်တည်နေသည်။သူသည် စစ်တပ်အင်အားကို ကိုင်ဆောင်ထားနိုင်ရုံသာမက တော်ဝင်နန်းတွင်းတွင်လည်း ကြယ်မြစ်အုပ်ချုပ်သူများထက် မြင့်မားသောအဆင့်အတန်းရှိသည်။
အကယ်၍ လုယွီသည် လော့ရွှေကြယ်မြစ်အုပ်ချုပ်သူနောက်သို့ လိုက်ပါသွားပါက သူ၏အနာဂတ်အောင်မြင်မှုသည် ကြယ်မြစ်အုပ်ချုပ်သူအဆင့်ထက် ပို၍မြင့်မားလာမည်မဟုတ်ချေ။
လုယွီသည် ရှန်းလင်းလုံနှင့်ရှကွေ့ကျုံးတို့ကို တန်ကြေးပြန်ပေးဆပ်စေလိုသည်။ထို့ကြောင့် ကြယ်မြစ်အုပ်ချုပ်သူဟူသောအဆင့်အတန်းသည် သူ အလိုရှိသောအရာမဟုတ်ပေ။
"ကောင်းပြီလေ...ဒီတစ်ကြိမ်မှ မင်းက မြေကမ္ဘာအင်မော်တယ်နယ်ပယ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်...ငါက ဒီတိုက်ပွဲမှာ မင်းရဲ့အကျိုးဆောင်မှုတွေအတွက် တော်ဝင်စစ်ရေးဌာနကိုအကြောင်းကြားဖို့ တစ်ယောက်ယောက်စေလွှက်လိုက်မယ်...ဒီတိုက်ပွဲအကျိုးဆောင်မှုက မင်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်ဖို့ လုံလောက်တယ်...တော်ဝင်စစ်ရေးဌာနကနေ မင်းဆီကို ရာထူးတိုးအမိန့်လွှာ မကြာမီရောက်လာမယ်လို့ ငါ ယုံကြည်တယ်"
"ကျေးဇူးတင်ပါတယ်"
လုယွီက ပြောဆိုသည်။
ကြယ်မြစ်အုပ်ချုပ်သူတစ်ယောက်မှနေ၍ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံချက်ပေးထားသဖြင့် သူသည် ဗိုလ်ချုပ်တစ်ယောက်ဟူသော အဆင့်အတန်းကို အလျှင်အမြန်ရရှိနိုင်ဟု သူ ယုံကြည်ပေ၏။
Chapter 1818
စကားဆုံးသည်နှင့် လုယွီသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ခံစားလိုက်ရပြီး သူ၏ခြေလှမ်းများပင် မတည်ငြိမ်တော့ချေ။
လုယွီသည် သူ၏အတွေ့အကြုံများအရ သူ၏မှော်စွမ်းအင်များကို ထိန်းချုပ်နိုင်မှုတွင် ပြည့်စုံကောင်းမွန်ပြီးဖြစ်သည်။ဤကဲ့သို့အခြေအနေမျိုးနှင့် သူ ကြုံတွေ့ရသည်မှာ အလွန်အမင်းရှားပါးလှ၏။
သို့ရာတွင် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကဲ့သို့သော ရှေးဟောင်းသိုင်းပညာနည်းစနစ်မျိုးကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုခဲ့ခြင်းကြောင့် ကုန်ခမ်းသွားသော မှော်စွမ်းအားပမာဏသည် လုယွီ၏အကန့်အသတ်ထက် များစွာပို၍ကျော်လွန်သွားခဲ့သည်။
"ငါ့ဆီမှာ ချီဖြည့်တင်းဆေးတစ်လုံးရှိတယ်...ဒါကို အရင်ဆုံးသောက်ထားလိုက်...ရက်အနည်းငယ်လောက် မင်း ငါ့ရဲ့အိမ်တော်မှာနေပြီး အနားယူလိုက်ပါလား"
လီလုံချင်းက လုယွီထံသို့ ဆေးလုံးတစ်လုံးလက်ကမ်းပေးလိုက်သည်။
ဆေးလုံးကိုယူဆောင်ပြီးသည်နှင့် လုယွီက တွေဝေခြင်းမရှိဘဲ သောက်သုံးလိုက်၏။
သူ၏ဆေးပညာစွမ်းရည်အရ လူအနည်းစုကသာလျှင် သူ့အား အဆိပ်ခတ်နိုင်ပေမည်။ထို့ပြင် လော့ရွှေကြယ်မြစ်အုပ်ချုပ်သူမှ ကိုယ်တိုင်ကိုယ်ကျ သူ့အား ဆေးလုံးပေးခဲ့ခြင်းဖြစ်သည်။အကယ်၍ သူ ထိုဆေးလုံးကို လက်မခံလိုက်ပါက မည်သည့်ကိစ္စများဆက်လက်ဖြစ်ပွါးနိုင်သည်ကို သူ မသိရှိချေ။
ဆေးလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သန့်စင်သောဆေးစွမ်းအားများက သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို အားဖြည့်ပေးလေသည်။
မူလက ခြောက်ကပ်နေသော သူ၏မိုးကောင်းကင်လှိုဏ်ဂူသည် မိုးခေါင်နေသောနေရာတွင် မိုးရွာသွန်းလိုက်သည့်အလား မှော်စွမ်းအားအနည်းငယ် ပြန်လည်ပြည့်တင်းလာသည်။
"ဒီဆေးလုံးရဲ့အရည်အသွေးက မဆိုးဘူး"
လုယွီက အနည်းငယ် အံ့အားသင့်သွားပေ၏။
လီလုံချင်း၏ဖိတ်ကြားချက်ကို လုယွီက ငြင်းဆန်ခြင်းမပြုချေ။
ပထမဆုံးအချက်မှာ သူ၏အတွင်းဒဏ်ရာများသည် ယခုထိတိုင်မကောင်းမွန်သေးသဖြင့် သူ အနားယူ၍ အားပြန်ဖြည့်နိုင်ရန် နေရာတစ်နေရာလိုအပ်သည်။သို့မဟုတ်ပါက သူ ပြန်သွားစဥ်တွင် အကယ်၍ နောက်ထပ်လုပ်ကြံမှုတခုနှင့်ကြုံတွေ့ရပါက အလွန်အမင်းအန္တရာယ်များပေမည်။
ဒုတိယအချက်မှာ ဖေးထျန်ကွမ်းနှင့်လီလုံချင်းတို့သည် ကိစ္စအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သော အရာရှိကောင်းများဖြစ်သည်။နောင်တစ်ချိန်၌ လုယွီသည် သူတို့နှစ်ယောက်ကို သူ၏လက်အောက်သို့ခေါ်ဆောင်ရန် ရည်ရွယ်ထားသည်။
လုယွီသည် ရေရှည်ကိုမျှော်ကြည့်ခဲ့ခြင်းပင်။ပစ္စုပ္ပန်အခြေအနေတွင် သူတို့နှင့်သူအကြား၌ အဆင့်အတန်းကွာဟချက်ကြီးမားလှသော်လည်း နောင်အနာဂတ်တွင် ထိုကွာဟချက်ရှိတော့မည်မဟုတ်ချေ။
ယခုလက်ရှိချိန်တွင် သူ အခွင့်ကောင်းယူ၍ သူတို့နှစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရပေမည်။
ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ လေဟာနယ်ဓားပြများ၏အရေးကိစ္စဖြစ်သည်။
ယန်ချမ်း၏မှတ်ဥာဏ်များအတွင်း၌ လုယွီသည် လေဟာနယ်ဓားပြများ၏သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ပေ၏။သူတို့၏အသိုက်ကို သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်း၌ ဖုံးကွယ်ထားသည်။
လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ၏အိမ်တော်သည် သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်း၌ တည်ရှိသည်။သူသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လေဟာနယ်ဓားပြများ၏အသိုက် မည်သည့်နေရာတွင်ရှိသည်ကို စူးစမ်းဖော်ထုတ်ရပေမည်။
လုယွီသည် လေဟာနယ်သင်္ဘောပေါ်၌ ဆက်လက်နေထိုင်နေပြီး သင်္ဘောကြီးကို မြောက်များစွာသောစစ်သားများမှစောင့်ကြပ်ကာ သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ဦးတည်၍ ထွက်ခွါခဲ့ကြတော့သည်။
****
တစ်ချိန်တည်းမှာပင်....
တော်ဝင်မြို့တော်ရှိ အရှေ့နန်းတော်၌....
ဤနေရာတွင် အလွန်အမင်းခမ်းနားထည်ဝါသော နန်းတော်တစ်ခုတည်ရှိသည်။နန်းတော်၏ပြင်ပနံရံများသည် ကျန်းသုံးဆယ်ကျော် မြင့်မားသည်။ထိုမြင့်မားသောနံရံများသည် နန်းတော်ကို ပြင်ပနှင့် အပြည့်အဝ ပိုင်းခြားထားပေ၏။
အရှေ့နန်းတော်သည် ဧကသောင်းနှင့်ချီ၍ကျယ်ဝန်းပြီး အတွင်း၌ မြောက်များစွာသောနန်းဆောင်များရှိသည်။နန်းဆောင်များအကြားတွင် ဥယျာဥ်များကို ရောနှော၍ထားရှိထားကာ ဤနေရာရှိရှုခင်းတိုင်းကို လောကကြီးအတွင်းရှိ မြောက်မြားစွာသောဆရာသခင်များမှ ပုံဖော်ပေးထားခြင်းဖြစ်သည်။ဤနေရာရှိရှုခင်းများသည် အလွန်လှပရုံသာမက သဘာဝဥပဒေသများဖြစ်သော လေ ရေနှင့် စိတ်ဝိညာဥ်စွမ်းအင်များလည်း စုဝေးနေလေ၏။အရှေ့နန်းတော်တွင် တစ်နှစ်ပတ်လုံး စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝသည့်အပြင် အဖိုးတန်ရှားပါးသောရတနာများကိုလည်း နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။ဤနေရာကို မိုးကောင်းကင်၏ကောင်းချီးပေးခံရသောနေရာဟု ခေါ်ဆိုကြခြင်းမှာ ထိုက်တန်သောအရာပင်။
သောင်းနှင့်ချီသော မိန်းမစိုးများနှင့်အစေခံများကလည်း နန်းတော်အတွင်း၌ နေ့မအားညမနား သွားလာလှုပ်ရှားနေကြသည်။အရှေ့နန်းတော်၏ပြင်ပတွင် တော်ဝင်စစ်တပ်မှစစ်သားတစ်သိန်းသည် တပ်စွဲ၍စောင့်ကြပ်နေပြီး သူတို့သည် အိမ်ရှေ့စံမင်းသား၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည်။ထိုစစ်သားများ၏ စောင့်ကြပ်မှုအပြင် တော်ဝင်နန်းတော်သည် အိမ်ရှေ့စံမင်းသားကို ကာကွယ်စောင့်ကြပ်ပေးရန် အနီရောင်ဝတ်စုံဝတ်မိန်းမစိုးရှစ်ယောက်ကို စေလွှက်ထားလေ၏။ထိုမိန်းမစိုးတစ်ယောက်စီသည် အလွန်အမင်းအစွမ်းထက်သော ပြိုင်ဘက်ကင်းကျင့်ကြံသူများဖြစ်သည်။
သာမာန်လူများသည် အရှေ့နန်းတော်ကို အဝေးမှသာမျှော်ကြည့်နိုင်ပြီး အနီးသို့မချဥ်းကပ်ဝံ့ကြချေ။
နန်းတော်အတွင်း၌ အိမ်ရှေ့စံမင်းသားသည် ကြိမ်ကုလားထိုင်တစ်လုံးပေါ်၌ထိုင်နေပြီး သူက အနားယူနေသကဲ့သို့ သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။
သူ၏နောက်တွင် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးတစ်ယောက်က ဒူးထောက်နေပြီး တုန်ရီနေသောအသံဖြင့် စကားပြောဆိုလိုက်၏။
"အရှင့်သား...ဒီကျွန်က ဖေးထျန်ကွမ်းကိုလုပ်ကြံတဲ့နေရာမှာ အရည်အချင်းမပြည့်မီတဲ့အတွက် ကျရှုံးခဲ့ပါတယ်"
စွေ့ရုန်သည် မြေပြင်ပေါ်၌ဝပ်တွားနေပြီး သူ၏နဖူးနှင့်မြေပြင်ကို သွေးထွက်သည်အထိဆောင့်ကာ တောင်းပန်နေသည်။
ဒေါက်...ဒေါက်...ဒေါက်...
"မင်းရဲ့ခွန်အားနဲ့ဆိုရင်...မိန်းမစိုးချင်နဲ့ပူးပေါင်းခဲ့တာတောင်..ဘယ်လိုလုပ်ပြီး မင်းတို့က ကျရှုံးခဲ့တာလဲ"
အိမ်ရှေ့စံမင်းသားသည် ကြိမ်ကုလားထိုင်၏လက်ရမ်းကို သူ၏လက်ဖြင့်ပုတ်နေလေ၏။သူသည် တစ်စုံတစ်ခုကို စဥ်းစားတွေးတောနေသကဲ့သို့ သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။
အိမ်ရှေ့စံမင်းသား၏မေးခွန်းကိုကြားသည်နှင့် စွေ့ရုန်၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုနှင့်ဒေါသထွက်မှုအရိပ်အယောင်များ ရောယှက်၍ဖြတ်ပြေးသွားသည်။
"ကျွန်တော်တို့ အောင်မြင်လုဆဲဆဲအချိန်မှာပဲ...လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက တစ်ယောက်ယောက်က ရုတ်တရက်ကြီးပြေးဝင်လာပြီး မိန်းမစိုးချင်ကို လုပ်ကြံလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ"
"လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလည်း ကျွန်တော်တို့လိုပဲ ဖေးထျန်ကွမ်းကိုသတ်ဖို့လာတာလို့ အရင်က ကျွန်တော်တို့ တွေးတောထားခဲ့မိတယ်...ကျွန်တော်တို့ သတိလက်လွတ်ဖြစ်သွားတဲ့အချိန်ခဏလေးမှာ သူတို့က မိန်းမစိုးချင်ကို သတ်လိုက်ကြတယ်"
Chapter 1819
စွေ့ရုန်သည် ကြေကွဲဝမ်းနည်းမှုနှင့်ဒေါသများ ရောထွေးနေသောအသံဖြင့် ပြောဆိုခြင်းဖြစ်ပြီး သူ၏မျက်လုံးအတွင်းမှ မျက်ရည်များပင်စီးကျနေသည်။
"လုပ်ကြံသတ်ဖြတ်ခြင်းခန်းမလား"
အိမ်ရှေ့စံမင်းသား၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။
ဗွမ်း...
အိမ်ရှေ့စံမင်းသား၏ရှေ့ရှိ ရေအိုင်သည်ရုတ်တရက် ပွက်ပွက်ဆူလာပြီး မြောက်များစွာသောရေများ ပန်းထွက်လာပေ၏။
စွေ့ရုန်က သူ၏ခေါင်းကို မြေကြီးထဲနစ်ဝင်လုမတက် အောက်သို့ငုံထားသည်။မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ ရောက်ရှိလာပြီး စွေ့ရုန်၏ခန္ဓာကိုယ်ပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံး ဖိစီးထားသကဲ့သို့ သက်ရောက်လာကာ ဤအချိန်အခိုက်အတန့်တွင် သူ အသက်ရှု၍ မရတော့ချေ။
အိမ်ရှေ့စံမင်းသားသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်နေပြီဟု ဆိုကြသည်။ထို့ပြင် သူသည် အစွမ်းထက်သောကျင့်ကြံနည်းစနစ်များစွာကို လေ့ကျင့်သည်ဖြစ်ရာ သူ၏ခွန်အားသည် ခန့်မှန်းမရလောက်အောင် နက်နဲသိမ်မွေ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် စွေ့ရုန်သည် ပုရွတ်ဆိတ်လေးတစ်ကောင်အဆင့်သာ ရှိလေ၏။အကယ်၍ သူသည် အရှင်သခင်ဖြစ်သူကို ဒေါသထွက်အောင် ပြုလုပ်မိပါက သူ၏အသက် အချိန်မရွေးသေဆုံးသွားနိုင်သည်။
"စွေ့ရုန်...ငါ့ရှေ့မှာ လိမ်ညာပြောရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို မင်း သိတယ်မလား"
အိမ်ရှေ့စံမင်းသားက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
စွေ့ရုန်က သူ၏ခေါင်းကို အလျှင်အမြန်ငုံ၍ တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"ကျွန်တော် မလိမ်ညာဝံ့ပါဘူး"
"ကောင်းပြီလေ...မင်း အရင်ထွက်သွားပြီး အနားယူလိုက်အုံး...ငါ ဒီကိစ္စကိုသိပြီ"
အိမ်ရှေ့စံမင်းသားသည် သူ၏လက်ကိုဝှေ့ယမ်းပြီး စွေ့ရုန်ကို ဤနေရာမှ ထွက်သွားခွင့်ပြုလေသည်။
စွေ့ရုန်က နောက်သို့ပြန်လှည့်၍ ထွက်ခွာရန်ဟန်ပြင်လိုက်သည်။ရုတ်တရက် သူသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်နှင့် တွေ့ဆုံမိလေ၏။
ထိုအနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် အရပ်မြင့်မားပြီး တောင့်တင်းသန်မာသည်။စွေ့ရုန်၏ရှေ့၌ ထိုစစ်ဗိုလ်ချုပ်မတ်တတ်ရပ်နေသည်မှာ ဧရာမလူသားဝက်ဝံကြီးတစ်ကောင်နှင့် တူညီနေသည်။
"မင်းကြုံခဲ့ရတဲ့ကိစ္စတွေမှန်သမျှ ငါ့ကိုပြောပြစမ်း"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ခပ်အုပ်အုပ်အသံဖြင့် အော်ဟစ်လိုက်၏။
ထိုအသံ စွေ့ရုန်၏နားအတွင်းသို့ ဝင်ရောက်လာသည်နှင့် မိုးခြိမ်းသံအလားကျယ်လောင်ကာ သူ၏စိတ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားပြီး ထုံ့ထိုင်းနေသောအခြေအနေမျိုးသို့ ကျရောက်သွားသည်။
"ကျွန်တော်တို့....ကျွန်တော်တို့ အဲ့ဒီနေရာကိုရောက်သွားချိန်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တွေးတောခဲ့ကြတယ်...ဒါဆိုရင် ဖေးထျန်ကွမ်း အသက်ရှင်နိုင်မယ့် အခွင့်အရေးရှိမှာမဟုတ်ဘူး...ဒါပေမယ့် ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလူတွေက ရုတ်တရက်ကြီး သူတို့ရဲ့စိတ်တွေကိုပြောင်းလဲပြီး ကျွန်တော်နဲ့မိန်းမစိုးချင်ကို တိုက်ခိုက်ခဲ့တယ်"
"ကျွန်တော်တို့က သတိလက်လွတ်ဖြစ်နေတဲ့ အချိန်ဆိုတော့ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလူတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီးတော့...မိန်းမစိုးချင်က နေရာမှာပဲ သေဆုံးသွားခဲ့တယ်...ကံကောင်းထောက်မပြီး ကျွန်တော်ဆီမှာ အရှင့်သား ချီးမြှင့်ထားတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုရှိနေတာကြောင့်...ကျွန်တော် အသက်ရှင်ရက် လွတ်မြောက်လာနိုင်ခဲ့တယ်"
စွေ့ရုန်သည် တခြားသူ၏ထိန်းချုပ်မှုကိုခံနေရသကဲ့သို့ လေးလံထိုင်းမှိုင်းစွာဖြင့် စကားပြောဆိုနေပေ၏။
သို့ရာတွင် ယခု စွေ့ရုန် ပြောဆိုသမျှသည် ယခင်က အိမ်ရှေ့စံမင်းသားကို သူ ပြောဆိုထားသည်နှင့် တစ်ထပ်တည်းကျနေသည်။
စကားပြောဆိုပြီးနောက် စွေ့ရုန်သည် သတိပြန်ဝင်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ချွေးစေးများဖြင့် ရွှဲနစ်နေလေ၏။အစောပိုင်းက သူသည် တစ်စုံတစ်ယောက်၏ထိန်းချုပ်ခြင်းကို ခံလိုက်ရပုံဖြင့် သူ၏စိတ်နှလုံးသားအတွင်းရှိ အရာရာတိုင်းကို ကွယ်ဝှက်ထားနိုင်ခြင်းမရှိတော့ဘဲ ထုတ်ဖော်ပြောဆိုလိုက်မိသည်။
"ဗိုလ်...ဗိုလ်ချုပ်..."
စွေ့ရုန်၏အသံက တဆတ်ဆတ်တုန်ရီနေသည်။
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် စွေ့ရုန်ကို တစ်ချက်ကြည့်ပြီး အေးစက်စက်အသံဖြင့် အော်ငေါက်လိုက်၏။
"ထွက်သွားစမ်း"
စွေ့ရုန်သည် အနည်းငယ်မျှပင်နှောင့်နှေးမနေဝံ့ဘဲ အရှေ့နန်းတော်မှ ထွက်ခွါသွားတော့သည်။
"အရှင့်သားကို အရိုအသေပြုပါတယ်"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အရိုအသေပြုလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် သူ့အားပြန်လှည့်ကြည့်ခြင်းမရှိဘဲ သူရှေ့ရှိရေအိုင်ကိုသာ ဆက်လက်၍ကြည့်ရှုနေကာ မေးမြန်းလိုက်၏။
"စုံစမ်းစစ်ဆေးတာ ဘယ်လိုအခြေအနေရှိလဲ"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က တုံ့ပြန်ပြောဆိုသည်။
"လုပ်ကြံသတ်ဖြတ်ခြင်းခန်းမရဲ့နောက်မှာ နောက်ခံအင်အားအနေနဲ့ အင်အားစုသုံးစုရှိနေတယ်...ဒီနှစ်တွေထဲမှာ ကျွန်တော်တို့က သူတို့အကြောင်းကို အဆက်မပြတ်စုံစမ်းနေပြီးတော့ သဲလွန်စတချို့ရခဲ့တယ်... အဲ့ဒီနောက်ခံအင်အားစုသုံးစုလုံးက အတုအယောင်တွေပဲ...သူတို့ရဲ့ အစစ်အမှန်အရှင်သခင်က ရှမိသားစုပဲဖြစ်နိုင်တယ်...ပိုပြီးတိတိကျကျပြောရရင် ရှမိသားစုက ဖြစ်နိုင်ချေအများဆုံးပဲ"
"အဲ့ဒါကလည်း နတ်ဘုရားမြင့်မြတ်အမတ်ကြီးရဲ့လက်ချက်ပဲလား"
အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်၌ ခနဲ့တဲ့တဲ့အပြုံးတစ်ခု ထင်ဟပ်လာသည်။
"သူ ငါ့ရဲ့နောက်ကွယ်မှာ လုပ်ဆောင်နေတာတွေကို ငါ မသိဘူးလို့ သူ ထင်နေတာများလား"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အကြံပေးစကား ပြောဆိုလိုက်၏။
"အရှင့်သား...နတ်ဘုရားမြင့်မြတ်အမတ်ကြီးက အခုလက်ရှိအချိန်မှာ အင်အားအရမ်းကောင်းနေတယ်...ကျွန်တော်တို့က သူ့ကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး သူနဲ့ထိပ်တိုက်ပဋိပက္ခမဖြစ်သင့်ဘူး...ဒီတစ်ကြိမ်မှာ သူက မြေအောက်လောကနယ်မြေရဲ့အရှင်သခင်ကိုသာ သတ်ဖြတ်နိုင်ခဲ့ရင်...သူ ပြန်ရောက်လာတာနဲ့ ဒီထက်မြင့်တဲ့ရာထူးအဆင့်အတန်းကို ရသွားနိုင်တယ်...ဒီကိစ္စက ရေရှည်ကိုကြည့်ပြီး စဥ်းစားဆုံးဖြတ်ဖို့လိုအပ်တယ်"
"ဒီကိစ္စကို ငါသိတာပေါ့...ငါက ရူးနေတဲ့ကောင်မှမဟုတ်တာ...ဒါပေမယ့် ငါ ဒီကိစ္စကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး"
အိမ်ရှေ့စံမင်းသား၏မျက်နှာသည် ရေခဲတမျှ အေးစက်တင်းမာနေသည်။သူ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။
လုယွီသည် နောက်ချန်လှည့်ကွက်တစ်ခုကိုချန်ထားခဲ့ပြီး ဤသည်က အိမ်ရှေ့စံမင်းသားနှင့်ရှကွေ့ကျုံးအကြား သဘောထားကွဲလွဲမှုများ ဖန်တီးနိုင်ခဲ့သည်။
လုယွီသည် တာအိုသခင်၏စိတ်ဝိညာဥ်ဖြင့် စွေ့ရုန်ကို ထိန်းချုပ်ထားလေ၏။ဤအနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏အဆင့်ဖြင့် စွေ့ရုန်ထိန်းချုပ်ခံထားရမှုကို ဖော်ထုတ်နိုင်မည်မဟုတ်ချေ။
Chapter 1820
သူတော်စင်ပင်လယ် ကြယ်နယ်မြေ...
ဤကြယ်နယ်မြေသည် မရေမတွက်နိုင်သောသမုဒ္ဓရာများကိုလွှမ်းခြုံထားကာ လော့ရွှေကြယ်မြစ်၏အလယ်ဗဟိုတွင်ရှိနေပြီး အရပ်မျက်နှာအဘက်ဘက်မှ ကြယ်နယ်မြေများနှင့်စပ်ဆက်နေသည်။အကွေ့အကောက်များသောလော့ရွှေမြစ်သည် သူတော်စင်ပင်လယ်ကြယ်နယ်မြေတစ်ခုလုံးကို ဖြတ်သန်း၍စီးဆင်းနေပေ၏။
ကောလဟာလများအရမှ နတ်ဆိုးမျိုးနွယ်မှသူတော်စင်တစ်ယောက်သည် လော့ရွှေမြစ်အတွင်း၌ မွေးဖွားလာခဲ့ဟုဆိုကြသည်။ထိုသူကို နတ်ဆိုးမျိုးနွယ်များက ပင်လယ်သူတော်စင်အဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြ၏။ရလဒ်အနေဖြင့် ဤကြယ်နယ်မြေ၏အမည်မှာ သူတော်စင်ပင်လယ်ကြယ်နယ်မြေ ဖြစ်လာခဲ့တော့သည်။
သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏မြောက်ပိုင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဧရာမလူဘီလူးကြီးတစ်ကောင်မားမားမတ်မတ်ရပ်နေသည်နှင့်တူညီသော မြို့ကြီးတစ်မြို့ရှိသည်။
ဤနေရာသည် ရှန့်လင်းမြို့ဟုအမည်တွင်ပြီး လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ၏အိမ်တော် တည်ရှိရာနေရာလည်းဖြစ်သည်။
လုယွီသည် ဖေးထျန်ကွမ်းတို့နှင့်အတူ အုပ်ချုပ်သူ၏အိမ်တော်၌ နေထိုင်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် အုပ်ချုပ်သူ၏အိမ်တော်တွင် သူ့အတွက် လုံလောက်သောသီးသန့်နေရာနှင့် ဆေးပင်အမျိုးအစားစုံလင်စွာ ရှိနေပေ၏။ထို့ကြောင့် လုယွီသည် ဆေးလုံးတချို့ကိုသန့်စင်ပြီး ဝါးမျိုလိုက်ရာ သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအားတချို့ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
ဤအချိန်အတောအတွင်းတွင် လုယွီသည် ပတ်ဝန်းကျင်နေရာများကို သူ၏စိတ်ဝိညာဥ်ဖြင့် စုံစမ်းထောက်လှမ်းပြီး လေဟာနယ်ဓားပြများ၏သဲလွန်စများကို ရှာဖွေခဲ့လေသည်။
သို့သော် ယခုလက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာများရှိနေသဖြင့် သူ၏စိတ်ဝိညာဥ်သည် အစွမ်းထက်လှသည့်တိုင် အကန့်အသတ်မဲ့ထုတ်လွှက်နိုင်ခြင်းမရှိချေ။သူသည် ပတ်ဝန်းကျင်နေရာတဝိုက်ကိုသာ စူးစမ်းရှာဖွေနိုင်ပေ၏။
"ကြည့်ရတာတော့ အဲ့ဒီနေရာကို ငါ ကိုယ်တိုင်သွားရတော့မယ့်ပုံပဲ"
လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကိုအသုံးပြု၍ လေဟာနယ်ဓားပြယန်ချမ်း၏မှတ်ဥာဏ်များကို စုပ်ယူထားခြင်းဖြစ်သည်။ယန်ချမ်း၏မှတ်ဥာဏ်များအရ ရှန့်လင်းမြို့အတွင်းတွင် သူတို့၏တာဝန်များကို လက်ခံရယူရာ၌ အသုံးပြုသော လျှို့ဝှက်နေရာတစ်ခုရှိသည်။
လုယွီသည် ထိုနေရာသို့ခိုးဝင်ပြီး အခွင့်ကောင်းယူကာ လေဟာနယ်ဓားပြများ၏အသိုက်ကို စူးစမ်းရှာဖွေရန် ပြင်ဆင်လိုက်၏။
ဒေါက်...ဒေါက်...ဒေါက်...
ထိုအချိန်မှာပင် တံခါးခေါက်သံတချို့ ထွက်ပေါ်လာသည်။
"အရှင်...တော်ဝင်စစ်ရေးဌာနက သံတမန်တွေက ဒီနေရာကိုရောက်လာကြတယ်"
အစေခံတစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။
လုယွီ၏စိတ်နှလုံးသား ခုန်ပေါက်သွားပြီး ဤသည်က သူ၏ရာထူးတိုးအမိန့်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်၏။
အကယ်၍ လုယွီသည် သာမာန်တာဝန်တစ်ရပ်ကို အောင်မြင်ခဲ့ပါက တော်ဝင်စစ်ရေးဌာနမှ သံတမန်များစေလွှက်မည်မဟုတ်ချေ။သို့ရာတွင် ဤတာဝန်နှင့်အတူ မြေကမ္ဘာအင်မော်တယ်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို သတ်ဖြတ်နိုင်မှုပါ ထည့်ပေါင်းလိုက်ရာ တိုက်ပွဲအကျိုးဆောင်ရမှတ်များ လွန်စွာများပြားသွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှလုပ်ကြံသတ်ဖြတ်သူများကို တော်ဝင်နန်းတွင်းမှနေ၍ တစ်နှစ်ပတ်လုံး ဝရမ်းများထုတ်ပြန်ထားခဲ့သည်။ဤသည်က နာမည်ဆိုးနှင့်ကျော်ကြားနေသော လူသတ်အဖွဲ့အစည်းဖြစ်ပေ၏။တစ်စုံတစ်ယောက်သည် လုပ်ကြံသတ်ဖြတ်သူများကို သတ်ဖြတ်နိုင်သရွေ့ ကြီးမားသော တိုက်ပွဲအကျိုးဆောင်မှုဖြစ်သည်။
တံခါး၏ပြင်ပ၌...
"အရာရှိရှောင်က ငယ်ရွယ်ပြီး အစွမ်းထက်တဲ့အပြင် ဒီလိုမျိုး ကြီးမားတဲ့အောင်မြင်မှုတွေကိုရအောင် စွမ်းဆောင်နိုင်ခဲ့တယ်...နောင်အနာဂတ်ကျရင် အရာရှိရှောင်က ထင်ပေါ်ကျော်ကြားမယ့်သူတစ်ယောက်ဖြစ်မှာသေချာတယ်...ကျွန်တော်က အရာရှိရှောင်ရဲ့ဂုဏ်သတင်းကို တော်ဝင်မြို့တော်မှာကတည်းက ကြားဖူးနေတာ...ခု လူကိုယ်တိုင်တွေ့လိုက်ရမှ အရာရှိရှောင်က တကယ့်ကိုသာမာန်မဟုတ်ဘူးပဲ"
စစ်ရေးဌာနမှလာသော သံတမန်အရာရှိ၏မျက်နှာပေါ်၌ တောက်ပသောအပြုံးတစ်ခုရှိနေသည်။
အမှန်အားဖြင့် လုယွီသည် စည်းမျဥ်းများကို နားလည်သဘောပေါက်သဖြင့် သူက အင်မော်တယ်ကျောက်တုံးသုံးသန်းတန်ငွေလက်မှတ်တစ်ခုကိုထုတ်ယူပြီး သံတမန်အရာရှိ၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
သံတမန်အရာရှိသည် ဝမ်းသာပျော်ရွှင်သောအမူအယာဖြင့် ထိုငွေလက်မှတ်ကို လက်ခံလိုက်သည်။
"အရာရှိရှောင်က တကယ့်ကို စေတနာကောင်းတဲ့သူပဲ"
ထို့နောက်သံတမန်အရာရှိသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး လုယွီ၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလေသည်။
"တော်ဝင်စစ်ရေးဌာနက အရာရှိရှောင်ရဲ့တိုက်ပွဲအောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီးသံသယဝင်နေခဲ့တယ်...ယေဘုယျကျကျပြောရရင် အရင်တုန်းက အရာရှိရှောင်က တပ်စုမှူးအဆင့်ပဲရှိတာလေ...ဒါပေမယ့် အရာရှိရှောင်က တော်ဝင်စစ်ရေးဌာနက ထုတ်ပြန်ခဲ့တဲ့တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့တဲ့အပြင် မြေကမ္ဘာအင်မော်တယ်လုပ်ကြံသတ်ဖြတ်သူကိုတောင် သတ်နိုင်ခဲ့တယ်...ဒါက တကယ့်ကိုထိတ်လန့်တုန်လှုပ်စရာပဲ...တော်ဝင်စစ်ရေးဌာနက လူအများစုက အဲ့ဒီကိစ္စကို သံသယဝင်နေကြတယ်...သူတို့က အရာရှိရှောင်ကို လော့ရွှေကြယ်မြစ်အုပ်ချုပ်သူရဲ့သစ္စာရှိလူယုံဖြစ်နေမယ်လို့ သံသယဝင်နေတာပဲ"
"ဒါပေမယ့် နောက်ပိုင်းကျတော့ အဆင့်မြင့်အရာရှိတွေက တစ်ခုခုကို တွေ့သွားပုံရပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေအားလုံးကို အရာရှိရှောင်ရဲ့နာမည်အောက်မှာ မှတ်တမ်းတင်လိုက်တယ်...အရင်တုန်းက ဆန့်ကျင့်ပြီးပြောဆိုနေတဲ့သူတွေလည်း ဘာမှထပ်မပြောရဲကြတော့ဘူး"
ဤသည်က တော်ဝင်စစ်ရေးဌာန၏အတွင်းရေးကိစ္စများပင်။အကယ်၍ လုယွီသည် ငွေကြေးအနည်းငယ်ကို အသုံးမပြုလိုက်ပါက ဤကဲ့သို့အတွင်းရေးကိစ္စများကို သိနိုင်မည်မဟုတ်ချေ။
"တပ်စုမှူး ရှောင်ယန်းက တရားစီရင်ရေးအမတ်ကြီးဖေးထျန်ကွမ်းကိုကာကွယ်ဖို့ တော်ဝင်စစ်ရေးဌာနက ထုတ်ပြန်ထားတဲ့တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အပြင် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက မြေကမ္ဘာအင်မော်တယ်လုပ်ကြံသတ်ဖြတ်သူကိုပါ သတ်ဖြတ်နိုင်ခဲ့တယ်...သူ့ရဲ့တိုက်ပွဲစွမ်းဆောင်ရည်က အရမ်းထူးချွန်တယ်...ဒါကြောင့် တော်ဝင်စစ်ရေးဌာနကနေ သူ့ကို အထူးသီးသန့်အနေနဲ့ ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးကို တိုးမြှင့်ပေးလိုက်တယ်"
သံတမန်အရာရှိသည် သံချပ်ကာဝတ်စုံနှင့်တံဆိပ်ပြားကို အလျှင်အမြန်ထုတ်ယူ၍ လုယွီထံ လက်ကမ်းပေးလိုက်၏။
ဤသည်က လုကျင်းရှန့်ကဲ့သို့ ကြုံရာကျပန်းလူများကိုအုပ်ချုပ်ရသော စစ်ဗိုလ်ချုပ်ရာထူးမျိုးမဟုတ်ဘဲ လေးနက်သောရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။စစ်တပ်အတွင်း၌ ရွှမ်းဝူစစ်ဗိုလ်ချုပ်များသည် တပ်မှူးခေါင်းဆောင်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည်။
"စစ်ဗိုလ်ချုပ်ရှောင်က ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်မှာဆက်ပြီးနေမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တော်ဝင်စစ်ရေးဌာနက စစ်ဗိုလ်ချုပ်လိုအပ်တဲ့စစ်သည်အင်အားအတွက် ကိုယ်တိုင်ခေါ်ယူစုဆောင်းခွင့်ပြုခဲ့တယ်...စစ်ဗိုလ်ချုပ်ရဲ့စစ်တပ်အတွက် လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေကို တော်ဝင်စစ်ရေးဌာနကနေ တောင်းခံနိုင်ပါတယ်"