← Chapters

အခန်း (၁၈၂၆-၁၈၃၀)

Vol. 95 Ch. 1826-1830

အခန်း (၁၈၂၆-၁၈၃၀)

Vol. 95 Ch. 1826-1830

Chapter 1826

စပါးကြီးမြွေသားရဲ၏ပုံစံကိုမြင်သည်နှင့် လူအများစုသည် သူတို့လောင်းကစားမည့်ငွေများကို ဆန့်ကျင်ဘက်လှောင်အိမ်ပေါ်တွင်သာ လောင်းကြေးထပ်လိုက်ကြသည်။

"ဒါက ဘာမှမဟုတ်ဘဲ အမြတ်ရမယ့်အရာပဲ...နှင်းဝံပုလွေနိုင်မှာ သေချာတယ်"

"ဒီတစ်ကြိမ်မှာ လောင်းကြေးအဆက မများပေမယ့် အနည်းဆုံးတော့ အကျိုးအမြတ်ရိတ်သိမ်းနိုင်မှာပဲ...ငါ မနေ့က တနေကုန်ရှုံးထားတာ...ဒီနေ့တော့ ငါ အရင်းတချို့ ပြန်ယူနိုင်လိမ့်မယ်"

ပတ်ဝန်းကျင်ရှိဧည့်သည်များသည် အပျော်လွန်နေကြ၏။

လုယွီသည် စပါးကြီးမြွေသားရဲကိုတစ်ချက်ကြည့်ပြီး အနည်းငယ်ကြက်သေသေသွားသည်။ထို့နောက် သူက ထိုမှော်သားရဲကို အချိန်တခဏကြာအောင် ဂရုတစိုက်ကြည့်လိုက်သည်။

ဖေးရှို့ရှို့က လုယွီ၏နားအနီးသို့ကပ်၍ လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"အကိုရှောင်...ရှင် တကယ်လို့လောင်းကစားလုပ်ချင်တယ်ဆိုရင်...နှင်းဝံလူဝံကြီးကို လောင်းတာပိုကောင်းလိမ့်မယ်...ဒါက လုံခြုံစိတ်ချရတဲ့နည်းလမ်းပဲ"

မည်သို့ပင်ဆိုစေကာမူ အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏အကြံပြုချက်သည် မှားယွင်းမည်မဟုတ်ချေ။

လုယွီက ခေါင်းခါယမ်းပြပြီး စပါးကြီးမြွေသားရဲကိုလက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။

"ငါ ဒီတစ်ကောင်ကို လောင်းမယ်"

ဘာ...

လုယွီ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း နံဘေးပတ်ဝန်းကျင်မှလူများက သူ၏အသံကို ကြားလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် လူများစွာ၏မျက်လုံးအကြည့်များက လုယွီထံသို့စူးစိုက်၍ ကျရောက်လာသည်။

စကားပြောဆိုလိုက်သူသည် လူငယ်တစ်ယောက်ဖြစ်နေခြင်းကိုမြင်သည်နှင့် ပတ်ဝန်းကျင်ရှိလူများအားလုံး၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိုလူငယ်လေးသည် ယခုမှသာ အိမ်အပြင်သို့ထွက်လာသည့် လောကကြီးအကြောင်းမသိသော ကောင်လေးတစ်ယောက်ဖြစ်ပေမည်။သူသည် နာကျင်မှုအနည်းငယ်ကို ခံစားရမှသာ လောကကြီး၏စည်းမျဥ်းများအကြောင်း သိနားလည်သွားပေမည်။

ဖေးရှို့ရှို့က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။

"အကိုရှောင်...ဒါက ရှင် ပထမဆုံးအကြိမ် လောင်းကစားရုံကို ရောက်လာတာမလား...ရှင်က ဒီနေရာရဲ့လောင်းကြေးအဆတွေကို မကြည့်သင့်ဘူး...အဲ့ဒီစပါးကြီးမြွေကို ကြည့်လိုက်အုံး...သူ့ရဲ့ပုံစံနဲ့ဆိုရင် နှင်းဝံပုလွေရဲ့ပြိုင်ဘက် ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး...ဒီတစ်ကြိမ်မှာ ရှင်က စပါးကြီးမြွေပေါ်မှာ လောင်းကြေးမထပ်သင့်ဘူး"

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက ရယ်မောရင်း ပြောဆိုသည်။

"ရှို့ရှို့...နင် အဲ့ဒီကောင်စုတ်လေးကို ဘာလို့ဂရုစိုက်နေတာလဲ....သူက ငွေဖြုန်းတီးဖို့ဆန္ဒရှိနေမှတော့ သူ့ကို အခွင့်အရေးပေးလိုက်စမ်းပါ"

"အော်...ဒါနဲ့ တပ်စုမှူးလေး...ငါ နင့်ကို သတိပေးရအုံးမယ်....ဒီနေရာမှာလောင်းကြေးထပ်ရင် တစ်ကြိမ်ကို အနည်းဆုံးအင်မော်တယ်ကျောက်တုံးတစ်သန်းနော်...တကယ်လို့ နင့်မှာငွေမရှိဘူးဆိုရင် ရှို့ရှို့ကို ပေါက်ကရအကြံတွေမပေးတာ ပိုကောင်းလိမ့်မယ်"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဘာမှစိုးရိမ်မနေနဲ့...ဒီငွေပမာဏကို ငါ တတ်နိုင်တယ်"

လုယွီ၏တည်ငြိမ်နေခြင်းသည် တခြားသူများ၏အမြင်တွင် ဟန်လုပ်နေခြင်းဟုသာ ထင်မြင်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ကျောက်တုံးတစ်သန်းဆိုသည်မှာ တပ်စုမှူးတစ်ယောက်အတွက် များပြားသောပမာဏဖြစ်သည်။

အကယ်၍ လုယွီသည် ထိုငွေပမာဏကို ထုတ်ယူနိုင်လျှင်ပင် အရှုံးပေါ်မည့်အရာပေါ်တွင် လောင်းကြေးထပ်မည်ဖြစ်၍ မည်သူကမျှ သူ့ကို အကောင်းမြင်စိတ်မရှိကြချေ။

ဖေးရှို့ရှို့က စိုးရိမ်ပူပန်တကြီးဖြင့် ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။

"ရှင် ဘာလို့ဒီလောက်ထိ ခေါင်းမာနေတာလဲ...ရှင်ရဲ့ပုံမှန်လစာက ဘယ်လောက်များနေလို့လဲ...ဒါက ရှင် ငွေရှာနိုင်ဖို့ တသက်မှာတစ်ကြိမ်ပဲရတဲ့ အခွင့်အရေးကြီးနော်"

"တိုက်ပွဲက ခုထိမစသေးဘူး...ရလဒ်ကိုလည်း ခုထိမဆုံးဖြတ်နိုင်သေးဘူး...မင်း စပါးကြီးမြွေသားရဲပေါ်မှာ လောင်းကြေးထပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်"

လုယွီက ပြောဆိုသည်။

သို့ရာတွင် ဖေးရှို့ရှို့သည် လုယွီ၏စကားများကို အနည်းငယ်မျှပင် နားထောင်ခြင်းမရှိချေ။သူမသည် လုယွီအပေါ်၌ အမြင်ကောင်းရှိသော်လည်း ငွေရနိုင်မည့် ရှားပါးသောအခွင့်အရေးကို လက်လွတ်ခံနိုင်ခြင်းမရှိပေ။

ထို့ကြောင့် သူမသည် အင်မော်တယ်ကျောက်တုံးတစ်သန်းကို တိတ်တဆိတ်ထုတ်ယူ၍ နှင်းဝံပုလွေပေါ်၌ လောင်းကြေးထပ်လိုက်၏။

"စိတ်ပျက်ဖို့ကောင်းတာတစ်ခုကတော့ စပါးကြီးမြွေပေါ်မှာ လောင်းကြေးထပ်တဲ့သူ အရမ်းနည်းနေတာပဲ...တကယ်လို့ နှစ်ဖက်အကြားမှာ လောင်းကြေးထပ်တဲ့နှုန်းက အရမ်းကွာဟနေတယ်ဆိုရင် လောင်းကြေးဖွင့်တော့မှာမဟုတ်ဘူး"

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက လောင်းကြေးထပ်လိုက်သည်။

လူနည်းစုကသာလျှင် ကံစမ်းသည့်သဘောမျိုးဖြင့် စပါးကြီးမြွေသားရဲအပေါ်၌ လောင်းကြေးထပ်ကြသည်။

အမြင်စူးရှသည့်မည်သူမဆို ထိုမှော်သားရဲနှစ်ကောင်ကြားမှကွာခြားချက်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

လုယွီက ရုတ်တရက် လောင်းကြေးထပ်သည့်နေရာရှေ့၌ မတ်တတ်ရပ်လိုက်၏။

ထိုအခြင်းအရာကိုမြင်သည်နှင့် အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက ပြက်ရယ်ပြုရယ်မောရင်း ပြောဆိုသည်။

"သူ ရူးများရူးနေတာလား...လောင်းကြေးဖွင့်မယ် မဖွင့်ဘူးဆိုတာကို ဆုံးဖြတ်နိုင်တာက ကျင်းထျန်းမျှော်စင်ရဲ့စည်းမျဥ်းလေ...သူက တစ်ဖက်လူတွေနဲ့ သွားပြီးငြင်းခုံဝံ့သေးတာလား"

ဖေးရှို့ရှို့က ပျာပျာသလဲ တားဆီးလိုက်သည်။

"အကိုရှောင်...မဆင်မခြင်မလုပ်နဲ့"

သို့ရာတွင် လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ ငွေလက်မှတ်တစ်ခုကိုထုတ်ယူပြီး လောင်းကြေးလက်ခံသူထံ လက်ကမ်းပေးလိုက်၏။

"ငါက ဒီစပါးကြီးမြွေသားရဲပေါ်မှာ အင်မော်တယ်ကျောက်တုံးသန်းငါးရာလောင်းကြေးထပ်မယ်"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

Chapter 1827

အင်မော်တယ်ကျောက်တုံး သန်းငါးရာ....

ယခုလက်ရှိနေရာတွင်ရှိနေသူများသည် ထိုငွေပမာဏကိုကြားသည်နှင့် သူတို့အားလုံး၏မျက်လုံးအကြည့်များက လုယွီထံသို့ ကျရောက်လာသည်။

ယခုနေရာတွင်ရှိနေသူအများစုသည် ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသော်လည်း အများဆုံးအနေဖြင့် အင်မော်တယ်ကျောက်တုံးသန်းအနည်းငယ်ကိုသာ လောင်းကြေးထပ်နိုင်သည်။အင်မော်တယ်ကျောက်တုံးဆယ်သန်းဟူသော ပမာဏကပင် သူတို့အတွက် များပြားနေပြီဖြစ်ရာ မည်သည်ကြောင့် သန်းငါးရာကို ထုတ်လောင်းသူရှိနေသနည်း။

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုတို့လူစုသည် ထိုငွေပမာဏကိုကြားသည်နှင့် အံ့အားသင့်တုန်လှုပ်သွားကြ၏။

သို့ရာတွင် အချိန်တခဏကြာသာ အံ့အားသင့်တုန်လှုပ်ပြီးနောက် သူတို့အားလုံး၏မျက်နှာများပေါ်၌ သရော်တော်တော်အပြုံးများ ထင်ဟပ်လာသည်။

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။

လုယွီသည် တပ်စုမှူးအဆင့်သာရှိသည်။အကယ်၍ လုယွီသည် တပ်မှူးတစ်ယောက်ဖြစ်နေလျှင်ပင် ဤမျှများပြားသောငွေပမာဏကို အသုံးပြုနိုင်မည်မဟုတ်ချေ။

"ရှို့ရှို့...နင့်ခင်ပွန်းလောင်းက စိတ်ရောမှန်ရဲ့လား...ကျင်းထျန်းမျှော်စင်ဆိုတာက တစ်ယောက်ယောက်လာပြီး ပြဿနာရှာလို့ရမယ့်နေရာမျိုးလို့ သူ ထင်နေတာများလား...မြန်မြန်သွားပြီး တစ်ချက်ကြည့်လိုက်အုံး...တကယ်လို့ သူ တစ်ခုခုပြဿနာရှာရင် နင်ပါငြိစွန်းနေလိမ့်မယ်"

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက ဖေးရှို့ရှို့ကို ပျာပျာသလဲပြောဆိုသည်။

လုယွီသည် သူ၏တော်ဝင်စစ်တပ်မှအရာရှိဟူသော အဆင့်အတန်းကိုအသုံးပြု၍ ပြင်ပ၌အနိုင်ကျင့်လေ့ရှိမည်ဟု သူမက တွေးတောမိ၏။လူတိုင်းသည် သူ၏အမိန့်ကိုနားထောင်မည်ဟု သူ စဥ်းစားတွေးတောနေပုံရသည်။

သနားဖို့ကောင်းသည်မှာ ဤနေရာသည် သခင်လေးဟယ်၏ပိုင်နက်နယ်မြေဖြစ်နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ သခင်လေးဟယ်သည် ရှန့်လင်းမြို့အရှင်၏သားဖြစ်ပေ၏။ရှန့်လင်းမြို့အရှင်ကို မြို့အရှင်ဟုခေါ်ဆိုသော်လည်း အမှန်အားဖြင့် သူသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေတစ်ခုလုံး၏အရှင်သခင်ဖြစ်သည်။သူ့အား ကြယ်နယ်မြေတစ်ခု၏အုပ်ချုပ်သူဟု ခေါ်ဆိုလျှင်လည်းမမှားချေ။

တပ်စုမှူးလေးအဆင့်သာရှိသူသည် ဤနယ်မြေ၌ မဆင်မခြင်အပြုအမူမျိုး ပြုလုပ်ဝံ့နေပေ၏။သူသည် မည်သည့်အရာက သူ့အတွက်ကောင်းမွန်သည်ကို အမှန်တကယ်ပင် မသိရှိသူဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် ဖေးရှို့ရှို့က ဟယ်ကျန်းဖေး၏တုန်လှုပ်ချောက်ချားဖွယ်နောက်ခံကို ဆက်စပ်၍တွေးတောမိသွားသည်။

သူမက လုယွီ၏နောက်ကျောကို အလျှင်စလိုဆွဲလိုက်၏။

"ရှင် ရူးနေတာလား...ဒါက ရှင် ပြဿနာရှာလို့ရမယ့်နေရာမျိုးမဟုတ်ဘူး...ကျွန်မ ရှင့်ကိုခေါ်လာတာ နောင်တရမိတယ်...မြန်မြန်ထွက်သွားကြရအောင်"

ကျင်းထျန်းမျှော်စင်ရှိစည်းမျဥ်းများကို 'ပြုတ်ကျပြီးသည့်အရာအတွက် နောင်တရခွင့်မရှိ'ဟုလည်း ခေါ်ဆိုကြသည်။ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် လောင်းကြေးငွေထည့်ပြီးသည်နှင့် ပြန်၍ပြင်ဆင်ခွင့်မရှိချေ။အကယ်၍ လောင်းကစားပွဲသည်မစတင်သေးသည့်တိုင် ထိုသူသည် သူ၏စကားကိုပြန်ရုတ်သိမ်းရန် အခွင့်အရေးမရှိချေ။

မည်သည့်နည်းဖြင့် လုယွီထံတွင် အင်မော်တယ်ကျောက်တုံးသန်းငါးရာရှိနိုင်မည်နည်း။

"ဘာမှစိုးရိမ်မနေနဲ့...ငါက လောင်းပြီးရင် နောက်ပြန်မဆုတ်တက်ဘူး"

လုယွီသည် အင်မော်တယ်ကျောက်တုံးသန်းငါးရာတန်ငွေလက်မှတ်ကို ကြီးကြပ်ရေးမှူး၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လောင်းကြေးလက်ခံသည့်နေရာမှကြီးကြပ်ရေးမှူးသည် အနည်းငယ်ကြက်သေသေသွားလေ၏။

မည်သို့ပင်ဆိုစေကာမူ ကျင်းထျန်းမျှော်စင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သဖြင့် သူသည် ကိစ္စများစွာကို ရင်ဆိုင်ကြုံတွေ့ပြီးသူတစ်ယောက်ဟု ယူဆနိုင်သည်။သူက ချက်ချင်းဆိုသလိုပင် သူ့လက်အတွင်းမှငွေလက်မှတ်ကို စစ်ဆေးရန် တစ်စုံတစ်ယောက်ထံသို့ ပေးပို့လိုက်သည်။

ဖေးရှို့ရှို့က နံဘေးဘက်မှနေ၍ အလွန်စိတ်လှုပ်ရှားနေသည်။လုယွီသည် ငွေလက်မှတ်အတုကို ပြုလုပ်ထားခြင်းဖြစ်မည်ဟု သူမက ယူဆမိပေ၏။

ဤနေရာကို မည်ကဲ့သို့နေရာမျိုးဟု သူ တွေးထင်နေသနည်း။မည်သည့်နည်းဖြင့် ငွေလက်မှတ်အတုကို ဤနေရာတွင် အသုံးပြုနိုင်မည်နည်း။

အကယ်၍ ဤနေရာတွင် တစ်စုံတစ်ယောက်သည် ငွေလက်မှတ်အတု အသုံးပြုသည်ကို ရှာဖွေတွေ့ရှိသွားပါက ထိုသူအား ပြင်းပြင်းထန်ထန်ညှင်းပန်းနှိပ်စက်ခြင်းခံရပေမည်။အဆုံးသတ်တွင် ထိုသူသည် မြှုပ်နှံ့စရာမြေမရှိဘဲ သေဆုံးသွားရမည့်အပြင် သူ၏စိတ်ဝိညာဥ်ပင် ဖျက်ဆီးခံရပေလိမ့်မည်။ထိုသူသည် ပြန်လည်ဝင်စားရန်ပင် အခွင့်အရေးရမည်မဟုတ်ချေ။

ဤခွေးသူတောင်းစားရှောင်ယန်းသည် မည်ကဲ့သို့ကြံရွယ်၍ လုပ်ဆောင်နေသနည်း။

မကြာမီမှာပင် ငွေလက်မှတ်ကိုသွားရောက်စစ်ဆေးသောသူက အတွင်းသို့အပြေးအလွှား ပြန်လည်ဝင်ရောက်လာသည်။

သူသည် လုယွီကို ရိုသေလေးစားဟန်ဖြင့် တစ်ချက်ကြည့်ပြီး ကြီးကြပ်ရေးမှူး၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်၏။

ကြီးကြပ်ရေးမှူး၏မျက်လုံးများတောက်ပသွားပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုကာ ပြောဆိုသည်။

"သခင်လေး...ငွေလက်မှတ်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီးသွားပါပြီ...ဒါက အစစ်အမှန်ပါ...သခင်လေးက ဒီငွေတွေကို စပါးကြီးမြွေသားရဲပေါ်မှာလောင်းချင်တာ သေချာပြီလား"

"အမှန်ပဲ...သေချာတယ်...ငါ လောင်းမယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

ရုတ်ချည်းဆိုသလိုပင် လောင်းကြေးအဆများတွင် သိသာထင်ရှားသောပြောင်းလဲမှုများ ဖြစ်ပေါ်သွားပေ၏။

ဖေးရှို့ရှို့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူမက လုယွီကို မယုံကြည်နိုင်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။

အကယ်၍ သူမတို့ဖေးမိသားစုဆိုလျှင်ပင် အင်မော်တယ်ကျောက်တုံးသန်းငါးရာကို ထုတ်ပေးနိုင်မည်မဟုတ်ချေ။ရှောင်ယန်းကဲ့သို့ တပ်စုမှူးလေးတွင် မည်သည်ကြောင့် ဤမျှထိများပြားသော အင်မော်တယ်ကျောက်တုံးများ ရှိနေရသနည်း။

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုတို့လူစုသည်လည်း သူမတို့၏ပါးများကို တစ်စုံတစ်ယောက်မှ ဖြတ်ရိုက်လိုက်သကဲ့သို့ နေရာမှာပင် ကြက်သေသေနေကြသည်။

သူမတို့ မည်မျှတွေးတောနေသည်ဖြစ်စေ လုယွီသည် ဤကဲ့သို့ငွေအမြောက်အများ ထုတ်ပေးနိုင်သည်ကို စိတ်ကူးယဥ်ပုံဖော်ကြည့်၍မရချေ။

Chapter 1828

"လောင်းကြေးပိတ်ဖို့ အမွှေးတိုင်တစ်ဝက်စာအချိန်ပဲကျန်တော့တယ်...မြန်မြန်လောင်းကြေးထပ်ပြီး ထွက်သွားကြတော့"

ကျင်းထျန်းမျှော်စင်မှစာရင်းကိုင်တစ်ယောက်က အော်ဟစ်လိုက်၏။

ထိုအော်သံကိုကြားမှသာ ပတ်ဝန်းကျင်ရှိလူများသည် အိမ်မက်မှအသိဝင်လာသကဲ့သို့ နိုးထလာကြသည်။

လုယွီ၏ငွေလက်မှတ်သည် စပါးကြီးမြွေလက်မှတ်ပေါ်တွင် လောင်းကြေးထပ်ထားသည်မှာ သိသာထင်ရှားပေရာ လူအမြောက်အများ ဝမ်းသာပျော်ရွှင်သွားကြသည်။

အမှန်အားဖြင့် အကယ်၍ သူ့ထံ၌ ငွေများရှိနေလျှင်ပင် သူ ဘာတက်နိုင်မည်နည်း။

ထိုကောင်လေးသည် မှော်သားရဲလောင်းကစားခြင်းကို သိရှိပုံမရချေ။သူသည် အနည်းငယ်မျှပင်ထူးခြားချက်ရှိမနေသော စပါးကြီးမြွေသားရဲပေါ်၌ အင်မော်တယ်ကျောက်တုံးသန်းငါးဆယ်ကို လောင်းကြေးထပ်ခဲ့၏။သူ သေချာပေါက် အရှုံးနှင့်ရင်ဆိုင်ရပေမည်။

လူအများသည် သူတို့၏ရှေ့၌ ငတုံးငအတစ်ယောက်ရှိနေသဖြင့် သူတို့၏ငွေများကို ထပ်မံ၍အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည။

ဤအချိန်အခိုက်အတန့်တွင် လူအမြောက်အများသည် သူတို့၏ငွေကြေးများကို နှင်းဝံပုလွေပေါ်တွင် လောင်းကြေးထပ်လိုက်ကြ၏။

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက သူမ၏ခေါင်းကိုခါယမ်းပြီး ခနဲ့တဲ့တဲ့ပြောဆိုသည်။

"ရှို့ရှို့...ငါ နင့်ကို အပြစ်ပြောချင်တာတော့မဟုတ်ဘူး....နင့်ရဲ့လူက အရမ်းကို အံ့အားသင့်ဖို့ကောင်းတယ်...အနည်းဆုံးတော့ သူက ချမ်းသာပုံရတယ်...ဒါပေမယ့် သူ့ရဲ့မျက်စိအမြင်အရဆိုရင်တော့ နင် သူ့ကို အပြင်လောကကိုများများထွက်ပြီး အတွေ့အကြုံရှာခိုင်းသင့်တယ်"

"သနားဖို့ကောင်းတာတစ်ခုကတော့ သူ့ရဲ့ငွေတွေအများကြီး အလဟဿဖြစ်တော့မယ့်ကိစ္စပဲ....ဒီစီနီယာအမကြီးက မှော်သားရဲလောင်းကစားတာ ဘယ်လိုလဲဆိုတာ သူ့ကို ဒီနေ့ သင်ကြားပေးမယ်"

စကားဆုံးသည်နှင့် အနီရောင်ဝတ်စုံဝတ်မိန်းမပျိုသည် သူမ၏ငွေများအားလုံးကို နှင်းဝံပုလွေပေါ်သို့ လောင်းကြေးထပ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏လောင်းကြေးသည် နှစ်ဆ တစ်ဆ ဖြစ်သည်။

အကယ်၍ လုယွီအနိုင်ရရှိပါက အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ရရှိပေမည်။လုယွီ ရှုံးနိမ့်သွားလျှင်မူ အင်မော်တယ်ကျောက်တုံးသန်းငါးရာကို လက်လွှက်ရပေလိမ့်မည်။

ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုသည် မြင့်မြတ်သောနောက်ခံအဆင့်အတန်းများရှိသော်ခည်း အကယ်၍ သူတို့သာ အင်မော်တယ်ကျောက်တုံးသန်းငါးဆယ် ဆုံးရှုံးသွားပါက သူတို့၏မိသားစုစီးပွားရေးများ အကြီးအကျယ်ထိခိုက်ပျက်စီးသွားနိုင်ကာ နာမည်ပျက်စာရင်းသို့ဝင်သွားနိုင်သည်။

လူတိုင်းက လုယွီ သူ့ကိုယ်သူ့အရူးလုပ်နေသည်အား စောင့်ကြည့်နေကြ၏။

ဖေးရှို့ရှို့က အချိန်တခဏကြာတုံ့ဆိုင်းနေပြီးမှ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အကိုရှောင်...ရှင် လောင်းသင့်ပါတယ်...တကယ်လို့ ရှင်နိုင်ရင် ငွေတွေအများကြီးရမှာ...ဒါပေမယ့် အနိုင်ရဖို့အခွင့်အရေးက အရမ်းနည်းတယ်"

ဖေးရှို့ရှို့၏အမြင်အရ လုယွီသည် ဤတစ်ကြိမ်တွင် ရှုံးနိမ့်ရမည်မှာ သေချာပေ၏။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမ၏ကယ်တင်ရှင်ဖြစ်သဖြင့် သူမသည် သူ့အား အရှက်ရစေလိုခြင်းမရှိချေ။

"ကျွန်မဆီမှာ အင်မော်တယ်ကျောက်တုံးနှစ်သန်းကျန်သေးတယ်...ကျွန်မ အဲ့ဒါတွေအားလုံးကို စပါးကြီးမြွေပေါ်မှာ လောင်းမယ်"

ဖေးရှို့ရှို့သည် အချိန်အတော်ကြာ တွေဝေစဥ်းစားနေပြီးနောက် အဆုံးသတ်၌ သူမ၏အင်မော်တယ်ကျောက်တုံးများကိုထုတ်ယူ၍ လောင်းကြေးထပ်ကာ လုယွီ၏ဘက်၌ ရပ်တည်လိုက်သည်။

သူမသည် သူမ၏စိတ်ကို အဆင်သင့်ပြင်ဆင်ထားပြီးလေပြီ။ထိုအင်မော်တယ်ကျောက်တုံးများ ဆုံးရှုံးသွားလျှင်ပင် သူမအတွက် ပြဿနာမရှိချေ။ဤသည်က သူမ လုယွီကို မျက်နှာသာပေးခြင်းဖြစ်ပေ၏။

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက သူမ၏ခေါင်းကိုခါယမ်းပြီး ခနဲ့တဲ့တဲ့ပြောဆိုသည်။

"ရှို့ရှို့ ..နင်က အရမ်းနုံအတာပဲ...အဲ့ဒီကောင်လေးက သူ့ဟာသူ ရွေးချယ်မှုမှားယွင်းတာလေ...အကျိုးဆက်ကို သူပဲ ခံယူရမှာပေါ့...နင် သူ့ကို ဘာမှမျက်နှာသာပေးနေစရာ မလိုပါဘူး"

"အမှန်ပဲ...သူ့မှာ ငွေရှိနေမှတော့..သူ့ကို ဖြုန်းခွင့်ပေးလိုက်ပေါ့...တကယ်လို့ နင်ကပါ သူ့နောက်လိုက်ပြီး ဖြုန်းတီးနေရင် နောင်တဆိုတာဘာလဲ သူ သိမှာမဟုတ်ဘူး"

"ဟုတ်တယ်...ရှို့ရှို့...နင်ကပါ သူနဲ့အတူ ရွှံတောထဲခုန်ဆင်းပြီး ညစ်ပတ်ခံစရာမလိုဘူး"

ဖေးရှို့ရှို့၏အနီးရှိ မိန်းမပျိုတစ်စုက ဖျောင်းဖျစကား ပြောဆိုနေကြ၏။သို့ရာတွင် သူမတို့၏မျက်နှာပေါ်၌ သရော်တော်တော်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ယခုလက်ရှိချိန်တွင် လူများအားလုံး လောင်းကြေးထပ်ပြီးသွားပြီဖြစ်၍ မည်သည့်အရာကို ပြောဆိုနေပါစေ အလွန်နောက်ကျသွားလေပြီ။

လုယွီနှင့်ဖေးရှို့ရှို့တို့၏လောင်းကြေးငွေများသည် သူမတို့၏လက်အတွင်းသို့ ရောက်ရှိရန် ကံကြမ္မာအရသတ်မှတ်ပြီးသားဖြစ်သည်။

"အချိန်စေ့ပြီ...မြန်မြန်လောင်းပြီး ထွက်သွားကြတော့"

အစောင့်တစ်ယောက်မှ အော်ဟစ်လိုက်၏။

ငွေလက်ခံနေရာ၏အတွင်းဘက်တွင် အရပ်မြင့်ပြီး သန်မာထွားကျိုင်းသောအစောင့်များထွက်ပေါ်လာပြီး ကောင်တာ၏နံဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေကြသည်။

လောင်းကစားပွဲမပြီးမချင်း မည်သူမျှ သူတို့၏ငွေများကို ပြန်ယူနိုင်မည်မဟုတ်ချေ။

ထို့နောက် အစောင့်တချို့သည် သံလှောင်အိမ်များကို ဂရုတစိုက် ဖွင့်လိုက်ကြသည်။

ဝေါင်း...

လှောင်အိမ်ဖွင့်လိုက်သည်နှင့် နှင်းဝံပုလွေကြီးသည် အော်ဟစ်ကြုံးဝါးပြီး ချက်ချင်းဆိုသလိုပင် သူ၏ရှေ့ရှိ အစောင့်များထံသို့ ပြေးဝင်တိုက်ခိုက်သည်။

သူ၏နောက်တွင် လူထွားကြီး ငါးယောက် ခြောက်ယောက်ခန့်ရှိနေပေ၏။သူတို့သည် နှင်းဝံပုလွေကြီး၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများကို တင်းတင်းကြပ်ကြပ်ဆွဲထားပြီး တိုက်ခိုက်ခွင့်မပြုချေ။

ဝေါင်း...ဝေါင်း...

နှင်းဝံပုလွေကြီးသည် သူ၏လက်ဖြင့်မြေပြင်ကို ပြင်းပြင်းထန်ထန်ရိုက်ပုတ်ပြီး ဒေါသတကြီးအော်ဟစ်ကြုံးဝါးနေလေရာ သူ့ကိုတုပ်နှောင်ထားသော သံကြိုးများမှ တချွင်ချွင်အသံများ ထွက်ပေါ်နေသည်။

Chapter 1829

"နှင်းဝံပုလွေရဲ့အဟန့်စွမ်းအားကတော့ အရမ်းအားကောင်းတာပဲ...ကြည့်ရတာတော့ ဒီတစ်ကြိမ်လောင်းကစားပွဲကို နိုင်မှာသေချာတယ်"

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုတို့လူစုသည် လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်ဝမ်းမြောက်နေကြ၏။

တခြားတစ်ဖက်တွင် စပါးကြီးမြွေကို လှောင်အိမ်အတွင်းမှထုတ်ယူလာသော်လည်း သူ့ကိုကြည့်ရသည်မှာ စိတ်နှင့်ခန္ဓာကင်းကွာနေပုံရသည်။

စပါးကြီးမြွေသည် စိန်ခေါ်ကွင်းပြင်ထံသို့ တရွေ့ရွေ့တွားသွားနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကွေးကောက်နေပြီး သူသည် နှစ်ခြိုက်စွာအိပ်မောကျနေသကဲ့သို့ ခေါင်းငိုက်စိုက်ကျနေသည်။

စပါးကြီးမြွေ၏ပုံပန်းသွင်ပြင်ကြောင့် ပတ်ဝန်းကျင်ရှိလူအများထံမှ လှောင်ပြောင်သရော်သံများ ထွက်ပေါ်လာသည်။

ဤသည်က နတ်ဆိုးမှော်သားရဲဟုခေါ်ရန် ထိုက်တန်သလော....

ထိုစပါးကြီးမြွေကို အိမ်မွေးမှော်သားရဲဟုပင် သတ်မှတ်၍မရချေ။

"မင်းတို့ကျင်းထျန်းမျှော်စင်က ဒီစပါးကြီးမြွေကို ဘယ်နေရာကများ သွားရှာလာတာလဲ...ဒါက ငါတို့ဆီကငွေတွေကို လှည့်ဖျားပြီးယူနေတာမဟုတ်လား"

လုယွီကဲ့သို့ပင် စပါးကြီးမြွေအပေါ်တွင် လောင်းထားသူတချို့ရှိလေရာ ချက်ချင်းဆိုသလိုပင် သူတို့က ဒေါသတကြီးဖြင့် ကြီးကြပ်ရေးမှူးကို ပြစ်တင်ကြိမ်းမောင်းကြ၏။

သူတို့သည် ကံစမ်းရန်အတွက် ဤနေရာသို့ရောက်လာခြင်းဖြစ်သော်လည်း စပါးကြီးမြွေ၏ကိုယ်နေဟန်ထားကိုကြည့်ခြင်းအားဖြင့် သူတို့အနိုင်ရရှိရန် အခွင့်အရေးမရှိနိုင်ချေ။

ချမ်းသာကြွယ်ဝသူများ မြင့်မြတ်သူများစသော ဧည့်သည်များနှင့် ရင်ဆိုင်နေရသဖြင့် ကြီးကြပ်ရေးမှူးသည်လည်း ဖိအားများစွာ ခံစားနေရသည်။

သူက အလျင်စလိုပြုံး၍ တောင်းပန်စကားပြောဆိုသည်။

"ကျွန်တော်တို့ ဒီစပါးကြီးမြွေကို ဖမ်းဆီးတဲ့အချိန်တုန်းက သူက အရမ်းရက်စက်ကြမ်းကြုတ်တယ်...သူက မဟာနတ်ဆိုးတစ်ကောင်ကိုတောင် ဝါးမျိုထားခဲ့တာ...သူ့ကိုဖမ်းဆီးပြီးတဲ့နောက်မှာ သူက စိတ်နဲ့ခန္ဓာကင်းကွာနေသလိုဖြစ်သွားတယ်...ကျွန်တော်တို့က နေ့စဥ်နေ့တိုင်း အစားအစာတွေကျွေးပေမယ့် သူက မစားဘူး...ကျွန်တော်တို့လည်း ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူး"

မည်သူကမျှ ကြီးကြပ်ရေးမှူး၏ရှင်းပြချက်ကို ယုံကြည်ခြင်းမရှိချေ။

ထိုစပါးကြီးမြွေသည် မဟာနတ်ဆိုးတစ်ကောင်ကို အရှင်လတ်လတ်ဝါးမျိုနေသည်ဟူသောစကားကို မည်သူက ယုံကြည်မည်နည်း။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ကျင်းထျန်းမျှော်စင်ဖြစ်ပေ၏။အကယ်၍ သူတို့ လောင်းသည့်ဘက်မှ အမှားအယွင်းရှိနေလျှင်ပင် သူတို့၏ကံဆိုးမှုဟုသာ လက်ခံကြရပေမည်။

စိန်ခေါ်ကွင်းပြင်အတွင်း၌ နှင်းဝံပုလွေသည် လတ်ဆတ်သောသွေးအရသာကို မြည်းစမ်းဖူးနေသဖြင့် ဤအချိန်တွင် အလွန်အမင်းရက်စက်ကြမ်းကြုတ်နေသည်။

စပါးကြီးမြွေကဲ့သို့ သက်ရှိသတ္တဝါကိုမြင်သည်နှင့် နှင်းဝံပုလွေကြီးသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး ခုပ်အုပ်လိုက်၏။

ဒေါင်...

နှင်းဝံပုလွေကြီး၏သွားများ စပါးကြီးမြွေ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားချိန်တွင် သတ္တုအချင်းချင်းထိခတ်သောအသံမျိုးသာ ထွက်ပေါ်လာသည်။ထိုအရာသည် စပါးကြီးမြွေ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်ခြင်းပင်မရှိချေ။

ပတ်ဝန်းကျင်ရှိ အော်ဟစ်အားပေးနေသံများ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဘာ...ဘာတွေဖြစ်ကုန်တာလဲ...

နှင်းဝံပုလွေကြီးသည် စပါးကြီးမြွေအား တစ်ခါတည်းနှင့် သတ်ဖြတ်နိုင်သင့်သည်မဟုတ်လော....

မည်သည်ကြောင့် နှင်းဝံပုလွေ၏တိုက်ခိုက်မှုသည် စပါးကြီးမြွေ၏အကာအကွယ်ကိုပင် ချိုးဖြတ်နိုင်ခြင်း မရှိရသနည်း။

တစ်စုံတစ်ယောက်က သရော်တော်တော် ပြောဆိုလေ၏။

"မင်းတို့ ဘာတွေစိုးရိမ်နေကြတာလဲ...ဒီစပါးကြီးမြွေလိုမျိုး နတ်ဆိုးမှော်သားရဲတွေရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အကြေးခွံတွေက အရမ်းမာကြောတယ်...နှင်းဝံပုလွေက စပါးကြီးမြွေရဲ့ခန္ဓာကိုယ်ပေါ်က အားနည်းတဲ့နေရာတစ်နေရာကိုရှာနိုင်တာနဲ့ တစ်ချက်တည်းနဲ့အသေသတ်ပစ်နိုင်တယ်"

တိကျသေချာစွာပင် စိန်ခေါ်ကွင်းပြင်အတွင်း၌ နှင်းဝံပုလွေသည် တိုက်ခိုက်မှုများ အကြိမ်ပေါင်းများစွာကျရှုံးပြီးနောက် သူ၏မျက်လုံးအတွင်း၌ သတိကြီးစွာထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

နှင်းဝံပုလွေသည် စပါးကြီးမြွေ၏နံဘေးပတ်လည်မှ ချောင်းမြောင်းနေပြီး ဟာကွက်များကို ရှာဖွေနေပေ၏။

အချိန်တခဏကြာပြီးနောက် စပါးကြီးမြွေ၏ဝမ်းဗိုက် ခုနစ်လက်မပတ်လည်ခန့်ရှိသောနေရာတွင် နှင်းဝံပုလွေကြီးက ဟာကွက်တစ်ခု တွေ့ရှိသွားသည်။

ထိုနေရာသည် စပါးကြီးမြွေ၏နှလုံး တည်ရှိသောနေရာဖြစ်ပေ၏။အကယ်၍ ထိုနှလုံးနေရာကိုသာ ဒဏ်ရာရအောင်တိုက်ခိုက်နိုင်ပါက စပါးကြီးမြွေသည် နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားပေလိမ့်မည်။

ဝေါင်း...

နှင်းဝံပုလွေကြီးသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ စပါးကြီးမြွေ၏ဟာကွက်နေရာကို ကိုက်လိုက်၏။

လူအများ သတိပြန်မဝင်ခင်မှာပင် ဘန်းခနဲအသံနှင့်အတူ နှင်းဝံပုလွေကြီးသည် စပါးကြီးမြွေ၏ဝမ်းဗိုက်နေရာကို သူ၏ကျယ်လောင်သောပါးစပ်ကြီးနှင့် ကိုက်ခဲထားလေသည်။

ဤအကြိမ်တခဏတွင် စပါးကြီးမြွေ၏ဝမ်းဗိုက်မှသွေးများယိုစီးကျလာပြီး ချက်ချင်းဆိုသလိုပင် သူ့ထံမှ စူးရှနာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများ၏မျက်နှာများပေါ်၌ သိရှိပြီးသားဟူသော အဓိပ္ပါယ်ရသည့် အပြုံးမျိုး ထွက်ပေါ်လာသည်။

အဆုံးသတ်အခြေအနေကို ဆုံးဖြတ်နိုင်လေပြီ။

ယခုအချိန်သည် ငွေကြေးများကို ခွဲယူရတော့မည့်အချိန်ဖြစ်ပေ၏။

အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက သဘောကျနှစ်ခြိုက်စွာ ရယ်မောနေလေသည်။

"ဟား ဟား ဟား...ငါ ဒီနေ့ ဒီနေရာကိုရောက်တဲ့ချိန်မှာ ပထမဆုံးလောင်းကစားတဲ့အကြိမ်မှာပဲ အစကောင်းမယ်လို့ မျှော်လင့်မထားမိဘူး...ရှို့ရှို့...ဘာမှစိတ်မပူနဲ့...ငါ နင်ကို လျော်ကြေးပေးတဲ့အနေနဲ့ ထမင်းတစ်နပ်လိုက်ကျွေးမယ်"

ပတ်ဝန်းကျင်ရှိတခြားမိန်းမပျိုများ၏ မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အပြုံးများ ထင်ဟပ်လာသည်။

ဤတစ်ကြိမ်တွင် သူမတို့ ငွေအမြောက်အများ ရှာဖွေနိုင်ခဲ့သည်ဟု ယူဆနိုင်ရာ ထမင်းတစ်နပ်အတွက်ကုန်ကျငွေသည် ပြဿနာမဟုတ်ချေ။

ဖေးရှို့ရှို့က မျက်မှောင်ကြုတ်ပြီး သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဖေးမိသားစုသည် ချမ်းသာကြွယ်ဝပြီးမြင့်မြတ်သော မိသားစုတစ်စုမဟုတ်ပေ။ထို့ကြောင့်အင်မော်တယ်ကျောက်တုံးနှစ်သန်းသည် ဖေးမိသားစုအတွက် ​နည်းပါးသောအသုံးစရိတ်မျိုးမဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲအခြေအနေသည် အဖြေထွက်ပြီးဖြစ်သည်ဟု လူတိုင်းက ယူဆထားကြ၏။

သို့ရာတွင် စိန်ခေါ်ကွင်းပြင်အတွင်းရှိ တိုက်ပွဲအခြေအနေက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားခဲ့သည်။

Chapter 1830

နာကျင်မှုဝေဒနာကို ခံစားနေရပုံရသော စပါးကြီးမြွေကြီးသည် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ရုတ်တရက် လှုပ်ခါလိုက်၏။

နှင်းဝံပုလွေ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသော်လည်း စပါးကြီးမြွေနှင့်နှိုင်းယှဥ်ပါက အနည်းငယ် သေးငယ်နေသည်။

စပါးကြီးမြွေသားရဲ၏လှုပ်ခါနေမှုကြောင့် နှင်းဝံပုလွေသည် စပါးကြီးမြွေ၏ဗိုက်ကို မြဲမြံစွာကိုက်ထားသော်လည်း သူ၏ခန္ဓာကိုယ်သည် အထက်အောက်ခါယမ်းနေပေ၏။

"သေအောင်ကိုက်...မြန်မြန်သေအောင်ကိုက်လိုက်စမ်း"

တချို့လူများသည် စိန်ခေါ်ကွင်းပြင်၏အစွန်းဘက်မှနေ၍ လက်သီးလက်မောင်းတန်းကာ အော်ဟစ်နေကြပြီး နှင်းဝံပုလွေကြီး တိုက်ပွဲအားမြန်မြန်အဆုံးသတ်သည်ကို တွေ့မြင်လိုနေကြသည်။

ရုတ်တရက် စပါးကြီးမြွေသားရဲ၏ပိတ်ထားသောမျက်လုံးများ ပွင့်လာသည်။

ဤအချိန်အခိုက်အတန့်တွင် စပါးကြီးမြွေ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို လူတိုင်း တွေ့မြင်လိုက်ရ၏။ထိုအလင်းတန်းကို ကြည့်မိသူများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ ကြောက်ရွံထိတ်လန့်လာမှုကို ခံစားလိုက်ရသည်။

ထိုခံစားချက်မျိုးသည် နတ်ဆိုးမှော်သားရဲမျိုးနွယ်များအကြား၌ အဆင့်နိမ့်မှော်သားရဲများသည် မှော်သားရဲဘုရင်နှင့် ဆုံတွေ့မိသည်နှင့် အလားတူညီပေ၏။

ဝေါင်း....

စပါးကြီးမြွေသားရဲသည် ရုတ်တရက် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။ထိုအသံလှိုင်းများသည် နဂါးတစ်ကောင်၏ဟိန်းဟောက်သံအလား တုန်ခါနေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် စပါးကြီးမြွေကြီးသည် နှင်းဝံပုလွေကြီးကို ကိုက်လိုက်၏။နှင်းဝံပုလွေကြီးသည် အချိန်တခဏကြာ ရုန်းကန်နေသော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူ၏ရုန်းကန်မှုရပ်တန့်သွားသည်။

စပါးကြီးမြွေသည် သူ၏သွေးစွန်းနေသောပါးစပ်ကြီးကို ထပ်မံ၍ဖွင့်ဟပြီး နှင်းဝံပုလွေကြီးကို တစ်ချက်တည်းဖြင့်ငုံကာ ဝါးမျိုလိုက်တော့သည်။

အရာအားလုံးသည် ရုတ်တရက်ဆန်စွာဖြစ်ပျက်သွားသဖြင့် လူအများ ကြက်သေသေသွားကြ၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒါက ဝံပုလွေဘုရင်ရဲ့သွေးမျိုးဆက်ပါတဲ့ နှင်းဝံပုလွေလေ...ဘယ်လိုဖြစ်ပြီး စပါးကြီးမြွေရဲ့ဝါးမျိုတာကို ခံလိုက်ရတာလဲ"

ထိုမြင်ကွင်းကိုမြင်သည်နှင့် လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကြပြီး အနီရောင်ဝတ်စုံဝတ်မိန်းမပျိုက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူမသည် သူမ၏ငွေများအားလုံးကို နှင်းဝံပုလွေပေါ်တွင် ပုံအော၍လောင်းထားခဲ့သည်။သို့ရာတွင် နှင်းဝံပုလွေသည် စပါးကြီးမြွေ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

ယခုလက်ရှိချိန်၌ သူမ၏ငွေများအားလုံး ဆုံးရှုံးသွားလေပြီ။

လူအများစုသည်လည်း သူတို့၏ငွေများအားလုံးကို နှင်းဝံပုလွေပေါ်တွင် လောင်းထားကြ၏။သူတို့ထံမှ ညည်းတွားသံများနှင့် ဒေါသတကြီးအော်ဟစ်နေသံများက နေရာအနှံ့ပြည့်နှက်နေသည်။

ဤတစ်ကြိမ်တွင် သူတို့၏ငွေများအားလုံး ဆုံးရှုံးသွားရလေပြီ။

ဖေးရှို့ရှို့သည် ပါးစပ်အဟောင်းသားဖြစ်နေပြီး စိန်ခေါ်ကွင်းပြင်ပေါ်ရှိ အရာရာတိုင်းကိုကြည့်ပြီး ကြက်သေသေနေပေ၏။

သူမရှေ့ရှိ အရာရာတိုင်း အစစ်အမှန်ဖြစ်သည်ဟု ယုံကြည်နိုင်ရန် သူမအတွက် အလွန်ခက်ခဲနေသည်။

"ငါ တကယ်ပဲ နိုင်သွားတာလား"

ဖေးရှို့ရှို့က တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။

နတ်ဘုရားများ...ဒါက ရှောင်ယန်း ကျင်းထျန်းမျှော်စင်ကို ပထမဆုံးလာတဲ့အချိန် မဟုတ်ဘူးလား...သူက ဘာလို့ ဒီလောက်ထိတိတိကျကျ ခန့်မှန်းနိုင်တာလဲ..ဒါက တိုက်ဆိုင်မှုတစ်ခုလား...

ကျင်းထျန်းမျှော်စင်၏ ကြီးကြပ်ရေးမှူးပင်လျှင် ကြက်သေသေနေသည်။

ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု သူသည်လည်း မျှော်လင့်ထားခြင်းမရှိချေ။

"အနိုင်အရှုံးက ထွက်ပေါ်လာပြီ...ငါ့ရဲ့ငွေတွေနဲ့အမှတ်တွေကို ပေးလို့ရပြီလား"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ထိုအချိန်ကျမှသာ ကြီးကြပ်ရေးမှူးက သတိပြန်ဝင်လာသည်။သူသည် လုယွီအနိုင်ရရှိသော ငွေလက်မှတ်များကိုထုတ်ယူပြီး သူ၏လက်နှစ်ဖက်ဖြင့် လက်ကမ်းပေးလိုက်၏။

ထိုငွေလက်မှတ်များ၏စုစုပေါင်းတန်ဖိုးမှာ အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင်ပင်။

ဤအချိန်တခဏတွင် ပတ်ဝန်းကျင်ရှိ လူများက လုယွီကို စူးစိုက်၍ကြည့်နေကြသည်။

"အခု...ငါ ဒုတိယထပ်ကိုသွားခွင့်ရှိပြီလား"

လုယွီက မေးမြန်းသည်။

ကြီးကြပ်ရေးမှူးက အလျင်စလို ခေါင်းညိတ်ပြလိုက်၏။

"ရတာပေါ့...ဒါက သခင်လေးရဲ့အထူးဧည့်သည်တော်ကဒ်ပြားပါ...ကျေးဇူးပြုပြီး ဒါကိုယူလိုက်ပါ"

ကြီးကြပ်ရေးမှူးက အထူးဧည့်သည်တော်ကဒ်ပြားကို လုယွီထံ အလျှင်အမြန်လက်ကမ်းပေးလိုက်သည်။ထိုကဒ်ပြားပေါ်တွင် လုယွီရရှိထားသောအမှတ်များရှိနေလေ၏။

ကျင်းထျန်းမျှော်စင်တွင် အထူးဧည့်သည်တော်ကဒ်ပြားများကို အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။လုယွီသည် တစ်ကြိမ်တည်းဖြင့် လောင်းကြေးများစွာ အနိုင်ရရှိခဲ့သဖြင့် အထူးဧည့်သည်ကဒ်ပြားကို တိုက်ရိုက်ရရှိသွားခြင်းဖြစ်သည်။

"ဧည့်သည်တော်လေး...ဒီနေ့က အရမ်းတိုက်ဆိုင်တာပဲ...ကျင်းထျန်းမျှော်စင်ရဲ့ပိုင်ရှင်သခင်လေးဟယ်ကလည်း အပေါ်ထပ်မှာရှိနေတယ်...တကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် သခင်လေးဟယ်နဲ့အတူ အလောင်းအစားလုပ်လို့ရတယ်...တကယ်တော့ အပေါ်ထပ်က စည်းမျဥ်းတွေအရ တစ်ကြိမ်အလောင်းအစားလုပ်ရင် အနည်းဆုံး အင်မော်တယ်ကျောက်တုံး သန်းတစ်ထောင်အသုံးပြုရမယ်"

ကြီးကြပ်ရေးမှူးက ရယ်မောရင်း ပြောဆိုသည်။

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်ရှိလူများအားလုံး လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြ၏၏

အင်မော်တယ်ကျောက်တုံးသန်းတစ်ထောင်ထက် မနည်းစေရဟု ဆိုလိုက်သလော....

ဤသည်က ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုအတွက် အလွန်ကြီးမားသောပမာဏပင်။

မည်သို့ပင်ဆိုစေကာမူ ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏ ပိုင်ဆိုင်မှုစုစုပေါင်းပင်လျှင် သန်းတစ်ထောင်ရှိရန်မလွယ်ချေ။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ...ငါ သိပြီ"

သူ ဤနေရာသို့လာရောက်ရခြင်းမှာ လောင်းကစားခြင်းသည် ဒုတိယနေရာတွင်ရှိပြီး အရေးအကြီးဆုံးကိစ္စမှာ သွေးညှီနံအော်ရာပိုင်ရှင်များရှိနေသောနေရာကို ရှာဖွေရန်ပင်။

ထို့ပြင် လေဟာနယ်ဓားပြ၏မှတ်ဥာဏ်များအတွင်း၌ ကျင်းထျန်းမျှော်စင်ပါရှိနေသည်။ထို့ကြောင့် ဤနေရာသည် လေဟာနယ်ဓားပြများနှင့် တစ်စုံတစ်ခု သက်ဆိုင်နေရပေမည်။

All Chapters