← Chapters

အခန်း (၁၈၃၁-၁၈၃၅)

Vol. 95 Ch. 1831-1835

အခန်း (၁၈၃၁-၁၈၃၅)

Vol. 95 Ch. 1831-1835

Chapter 1831

"လေးစားရသောဧည့်သည်တော်...ကျေးဇူးပြု၍"

ကြီးကြပ်ရေးမှူးသည် ယခုလက်ရှိချိန်၌ လုယွီကို အလွန်အမင်းရိုသေလေးစားစွာ ဆက်ဆံနေသည်။

ယခုချိန်၌ လုယွီသည် ကျင်းထျန်းမျှော်စင်၏အထူးဧည့်သည်တစ်ယောက် ဖြစ်သွားခဲ့သဖြင့် သူတို့သည် လုယွီနှင့်ဆက်ဆံရာ၌ အထူးအလေးပေးမည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။

လုယွီက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် သူက ဖေးရှို့ရှို့၏မျှော်လင့်နေသောမျက်နှာအမူအယာကို တွေ့မြင်လိုက်၏။

"ငါ...အပေါ်ထပ်ကိုသွားရင် တစ်ယောက်ယောက်ကို ခေါ်သွားလို့ရလား"

လုယွီက မေးမြန်းသည်။

ကြီးကြပ်ရေးမှူးက အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။

"ဒီမိန်းကလေးက ဧည့်သည်တော်နဲ့အတူပါလာတာမလား...ရတာပေါ့...ကျေးဇူးပြုပြီး ဧည့်သည်တော်တို့နှစ်ယောက်လုံး အပေါ်ထပ်ကိုကြွပါ"

လုယွီ ဤကဲ့သို့ပြုလုပ်ခြင်းမှာ သူ့အား ဖေးရှို့ရှို့ ကျင်းထျန်းမျှော်စင်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည့်ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းဖြစ်သည်။

သူသည် တခြားသူများ၏အခွင့်အရေးပေးမှုကို လက်ခံလိုစိတ်မရှိချေ။

သို့ရာတွင် ဖေးရှို့ရှို့က ထိုသို့တွေးတောခြင်းမရှိချေ။

သူမ၏မျက်နှာ အနီရောင်သို့ပြောင်းလဲသွားပြီး သူမ၏နှလုံးသားများ ကဆုန်စိုင်းခုန်ပေါက်နေပေ၏။

ရှောင်ယန်း ဘာကိုဆိုလိုချင်တာလဲ...သူ ငါ့ကို ကြိုက်နေတာများလား...တကယ်လို့သာ သူ ငါ့ကိုကြိုက်နေတာဆိုရင် ငါ သူကို မကောင်းပြောနေတဲ့အချိန်တုန်းက ကိစ္စတွေကြောင့် ငါ့ကို အထင်များသေးနေမလား....

ဤအချိန်အခိုက်အတန့်တွင် ဖေးရှို့ရှို့၏စိတ်နှလုံးသားအတွင်း၌ အတွေးများယောက်ယပ်ခပ်နေသည်။

တခြားမိန်းမပျိုများသည် ဖေးရှို့ရှို့ကို မနာလိုအားကျသောအကြည့်များဖြင့် ကြည့်နေကြ၏။

အကယ်၍ လုယွီထံတွင် ဤကဲ့သို့အရည်အချင်းမျိုးရှိသည်ကို သူမတို့ကြိုသိခဲ့ပါက မိတ်ဆွေအဖြစ်ဖွဲ့ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်ပေပြီ။

ချွင်...

ဝိုင်ခွက်တစ်ခွက်ကျကွဲသော အသံထွက်ပေါ်လာသည်။မူလက အလွန်ပျော်ရွှင်ပြီးစိတ်အားတက်ကြွနေသော အနီရောင်ဝတ်စုံဝတ်မိန်းမပျိုသည် ယခုလက်ရှိအချိန်၌ သူမ၏မျက်နှာတစ်ခုလုံး နီမြန်းနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့တုန်ရီနေသည်။

သူမသည် ဤနေရာတွင် ငွေကြေးအမြောက်အများကိုဆုံးရှုံးလိုက်ရရုံသာမက ဒုတိယထပ်သို့သွားနိုင်မည့် အခွင့်အရေးကလည်း သူမ၏မျက်စိရှေ့မှ ချော်ထွက်သွားခဲ့သည်။

ယခုလက်ရှိချိန်၌ သူမသည် အလွန်အမင်း နောင်တရနေမိ၏။အကယ်၍ သူမသာ ကြိုသိခဲ့ပါက အခွင့်အရေးရှာ၍ လုယွီအနီးသို့ချဥ်းကပ်မိပေမည်။ဤကဲ့သို့သောပါရမီရှင်တစ်ယောက်နှင့် မိတ်ဆွေဖွဲ့ခြင်းသည် သူမအတွက် မည်သည့်ထိခိုက်နစ်နာမှုမျှ မဖြစ်စေနိုင်ချေ။

လုယွီသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ အတွေးအမြင်များကို စိတ်ဝင်စားခြင်းမရှိချေ။

ကျင်းထျန်းမျှော်စင်၏ဒုတိယထပ်သို့ ဝင်ရောက်ခဲ့ပြီးနောက် အမှန်တကယ်ကိုပင် ကြီးကျယ်ခမ်းနားလွန်းသောနေရာတစ်ခုဖြစ်နေသည်။

ပထမထပ်ရှိ လူစည်ကားပြီးဆူညံပွက်လောရိုက်နေသောနေရာနှင့် နှိုင်းယှဥ်ပါက သူတို့၏ရှေ့တွင် စားပွဲဝိုင်းနှစ်ခု သုံးခုသာရှိသည်။ဤနေရာတွင်ထိုင်နေသော လူများသည် တည်ငြိမ်သောမျက်နှာအမူအယာများရှိပြီး သူတို့၏အော်ရာများကို ထိန်းချုပ်ထားကြ၏။သူတို့သည် ပထမထပ်ရှိလူများကဲ့သို့ ဟိတ်ဟန်များဝင့်ကြွားခြင်းမရှိချေ။

"သခင်လေး...ဒါက အောက်ထပ်ကလောင်းကစားဝိုင်းမှာ အင်မော်တယ်ကျောက်တုံးသန်းငါးရာအနိုင်ရသွားတဲ့ အထူးဧည့်သည်တော်ပါ"

ကြီးကြပ်ရေးမှူးသည် သူနှင့်မျက်နှာချင်းဆိုင်စားပွဲမှ အလယ်ဗဟိုရှိထိုင်ခုံတံင်ထိုင်နေသော လူငယ်တစ်ယောက်ကို ပြောဆိုလိုက်၏။

ထိုလူငယ်သည် အဖိုးတန်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခံ့ညားထည်ဝါသောပုံပန်းသွင်ပြင်မျိုးရှိသည်။ဤအချိန်အခိုက်အတန့်တွင် သူသည် ထိုင်ခုံပေါ်၌ထိုင်နေပြီး သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျိုးမျှရှိမနေချေ။

သူသည် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း အလွန်ချောမောခံ့ညားကာ မိန်းကလေးအများစုထက်ပင် ပို၍လှပချောမောသည်။သူ၏ခန္ဓာကိုယ်မှလည်း မိန်းမဆန်သည့်နူးညံသောအငွေ့အသက်များ ထွက်ပေါ်နေပေ၏။အကယ်၍ သူ့ကို မိန်းကလေးတစ်ယောက်ဟု ပြောဆိုပါက မည်သူကမျှသံသယရှိမည်မဟုတ်ချေ။

သူသည် ကျင်းထျန်းမျှော်စင်၏ပိုင်ရှင် ဟယ်ကောင်းဖေးပင်။

"ယင်ဝိညာဥ်ကျင့်ကြံနည်းစနစ်လား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဤကျင့်ကြံနည်းစနစ်ကိုကျင့်ကြံသူသည် သူ၏ခွန်အားကိုတိုးတက်စေရန်အတွက် ယင်စိတ်ဝိညာဥ်များကို ဝါးမျိုရန်လိုအပ်သည်။ဤသည်က ကောင်းကင်နှင့်မြေပြင်ကို အလွန်ညစ်ညမ်းစေသောကျင့်ကြံနည်းစနစ်မျိုးဖြစ်သဖြင့် ထိုနည်းစနစ်အားကျင့်ကြံသူသည် ယင်ချီပေါကြွယ်ဝသောနေရာမျိုးကို ရှာဖွေရန်လိုအပ်သည်။များသောအားဖြင့် ဤကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသူများသည် အလွန်အမင်းမိန်းမဆန်ပေ၏။

ဖေးရှို့ရှို့သည် ဟယ်ကောင်းဖေးကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။အကြည့်တစ်ချက်ဖြင့်ပင် ဖေးရှို့ရှို့သည် မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော် ပြောဆိုလိုက်သည်။

"သူက ဘယ်သူလဲ...မိန်းမကြီး ကျနေတာပဲ...အကိုရှောင်နဲ့ကွာလိုက်တာ"

အမှန်အားဖြင့် သူမသည် ပွင့်ပွင့်လင်းလင်းပြောဆိုဝံ့ခြင်းမရှိဘဲ သူမဘာသာသူမကြားနိုင်ရုံ တီးတိုးရေရွတ်လိုက်ခြင်းဖြစ်သည်။

"ဒုတိယထပ်ကို ဧည့်သည်အသစ်ရောက်မလာတာ အချိန်အတော်ကြာနေပြီ...ထိုင်ကြပါ"

ဟယ်ကောင်းဖေးသည် စိတ်ဝင်စားနေသောမျက်လုံးအကြည့်ဖြင့် လုယွီကို စုန်ချည်ဆန်ချည်ကြည့်လိုက်၏။

လုယွီက ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်ပြီး ဖေးရှို့ရှို့အတွက် ခုံတစ်လုံးယူလာပေးရန် ကြီးကြပ်ရေးမှူးကို တောင်းဆိုလိုက်သည်။

"ငါ မင်းတို့ကို ပြောမယ်..ငါက ဒီနေရာကို ကစားဖို့လာခဲ့တာ....ငါက ခုလတ်တလောအချိန်မှာ ကစားနည်းအသစ်တစ်ခုတွေ့ထားတယ်...မင်းတို့ စိတ်ဝင်စားကြလား"

ဟယ်ကောင်းဖေး၏အသံက ညှို့ဓာတ်များဖြင့်ပြည့်နှက်နေသည်။

လုယွီက ပြောဆိုသည်။

"ငါ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်"

"တကယ်တော့ စည်းမျဥ်းတွေက အရမ်းရိုးရှင်းပါတယ်...ဒါက တိုက်ပွဲတစ်ပွဲပဲ...မှော်လက်နက်တစ်ခုကိုရွေးချယ်ရမယ်...ပြီးရင် စိတ်ဝိညာဥ်ကိုအသုံးပြုပြီး အဲ့ဒီမှော်လက်နက်ကို ထိန်းချုပ်တိုက်ခိုက်ရမယ်...တစ်ဖက်လူရဲ့မှော်လက်နက်ကို ပျက်စီးအောင်လုပ်နိုင်တဲ့သူက အနိုင်ပဲ"

Chapter 1832

"ဘယ်လိုသဘောရလဲ...ဒီနေရာမှာ ငါတို့အလောင်းအစားလုပ်ရင် တစ်ကြိမ်ကို သန်းတစ်ထောင်ထက်နည်းလို့မရဘူး...ဒါက မင်း အောက်ထပ်မှာအနိုင်ရတာထက် ပိုများတဲ့ပမာဏပဲ"

ဟယ်ကောင်းဖေးက အပြုံးနှင့်ပြောဆိုသည်။

ဤစားပွဲတွင် လူဆယ်ယောက်ကျော်ရှိနေပြီး သူတို့အားလုံးက လုယွီကို အပြုံးနှင့်စူးစိုက်ကြည့်နေကြ၏။

ပတ်ဝန်းကျင်အခြေအနေသည် အလွန်အမင်းသဟဇာတဖြစ်နေပုံရသော်လည်း လုယွီက အကြည့်တစ်ချက်ဖြင့်ပင် ထိုလူများအားလုံးသည် ဟယ်ကောင်းဖေး၏နောက်လိုက်များဖြစ်ကြောင်း တွေ့မြင်မိသည်။

ဤနေရာသည် အမှန်အားဖြင့် ဟယ်ကောင်းဖေးဖန်တီးထားသော ထောင်ချောက်တစ်ခုပင်။

တခြားသူများက ဟယ်ကောင်းဖေးသည် မြို့အရှင်၏သားဖြစ်ပြီး အလွန်အဆင့်အတန်းမြင့်မားသူဖြစ်သဖြင့် မသင့်လျော်သောကိစ္စမျိုးကိုလုပ်မည်မဟုတ်ဟု တွေးထင်ထားကြပေမည်။သို့ရာတွင် ဟယ်ကောင်းဖေးကို တစ်စုံတစ်ယောက်မှ အမှန်တကယ်ယုံကြည့်ပါက သူ့ထံတွင်ရှိသည့်အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

လုယွီက အချိန်တခဏကြာ တွေးတောလိုက်၏။

"ကောင်းပြီလေ...ဒါပေမယ့် ငါ့မှာ ဘာမှော်လက်နက်မှပါမလာဘူး"

ဤသည်က လုယွီ စကားအဖြစ်ပြောလိုက်ခြင်းပင်။အမှန်အားဖြင့် သူထံတွင် အဖိုးတန်ရှားပါးသောမှော်ရတနာအမြောက်အများ ရှိနေသည်။

အောက်ဘုံတွင် သူ အတိတ်ဘဝ တာအိုသခင်ဖြစ်စဥ်က ရရှိထားသောရတနာများအပြင် ကောင်းကင်ဘုံဧကရာဇ်၏ရတနာသိုက်ကလည်း သူ့ထံတွင်ရှိနေပေ၏။ထို့ပြင် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် တာအိုသခင်၏အမွေအနှစ်များကိုလည်း သူ ရရှိခဲ့သည်။

ထိုမှော်ရတနာများအနက်မှ တစ်ခုကပင်လျှင် လောကကြီးတစ်ခုလုံးအား ကြီးမားစွာအုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်သည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် သူ၏အတိတ်ဘဝအထွတ်အထိပ်အခြေအနေနှင့် ခွန်အားအရဖြစ်စေ အဆင့်အတန်းအရဖြစ်စေ လွန်စွာအလှမ်းကွာဟနေသည်။

ယခုချိန်၌ သူ သည်းခံရန် လိုအပ်နေဆဲပင်။ထိုပစ္စည်းများကို လူစိမ်းများ၏ရှေ့၌ သူ မည်သည့်နည်းနှင့်မျှ ထုတ်ဖော်ပြသ၍မဖြစ်ချေ။

"ဒါက ပြောတာထက်တောင် လွယ်သေးတယ်...ငါ့ရဲ့ကျင်းထျန်းမျှော်စင်မှာ မှော်ရတနာတွေအများကြီးရှိတယ်"

ဟယ်ကောင်းဖေးက လက်ခုပ်တီးလိုက်ရာ ချက်ချင်းဆိုသလိုပင် အစေခံများက လေးလံသောသေတ္တာကြီးတစ်လုံးကို သယ်ဆောင်လာခဲ့သည်။

ထိုသေတ္တာကိုဖွင့်လိုက်သည်နှင့် အတွင်းရှိမှော်ရတနာများကို လူတိုင်း တွေ့မြင်လိုက်ကြရ၏။

သေတ္တာအတွင်းရှိမှော်ရတနာတစ်ခုချင်းစီတွင် သာလွန်ထူးကဲသောအရှိန်အဝါမျိုးရှိနေသည်။မှော်ရတနာအများစုသည် အဖိုးတန်ရှားပါးသောအရည်အသွေးမျိုးရှိပြီး ပြင်ပလောကတွင်တွေ့မြင်နိုင်ရန် အလွန်ခက်ခဲသောအရာများဖြစ်သည်။

ဟယ်ကောင်းဖေးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်း လိုချင်တာတစ်ခုကိုရွေးယူလိုက်...တကယ်လို့ မင်းက ကျွမ်းကျင်သူမဟုတ်ဘူးဆိုရင် မင်းကိုကူညီဖို့ ငါ တစ်ယောက်ယောက်လွှတ်ပေးမယ်"

လုယွီ၏မျက်လုံးအကြည့်သည် မှော်ရတနာများပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤမှော်ရတနာအားလုံးနီးပါးကို တစ်စုံတစ်ယောက်မှ စိတ်ဝိညာဥ်စားသုံးခြင်းဝင်္ကပါ ထည့်သွင်းထားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဝိညာဥ်သည် ထိုမှော်ရတနာပေါ်သို့ကျရောက်သွားပါက ခုခံငြင်းပယ်မှုရှိမည်မဟုတ်သော်လည်း တဖြည်းဖြည်း တစ်ဖက်လူ၏စိတ်ဝိညာဥ်မှ ဝါးမျိုခြင်းကိုခံရကာ လက်နက်တိုက်ပွဲ၌ အရှုံးဖြင့်သာရင်ဆိုင်ရပေမည်။

ဤနည်းစနစ်သည် အလွန်အမင်းလျှို့ဝှက်ပြီး တခြားသူများရှာဖွေတွေ့နိုင်မည်မဟုတ်ချေ။သို့ရာတွင် လုယွီကမူ ထိုအရာကို ရှာဖွေတွေ့ရှိမိပေ၏။

"ငါ့ရဲ့ကံက အမြဲလိုလို ကောင်းတက်တယ်...ငါ ဒီတစ်ခုကိုပဲ ယူလိုက်မယ်"

လုယွီက ရုတ်တရက် ကျိုးပဲ့နေသောလှံရှည်တစ်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

အကယ်၍ သူ၏ခန့်မှန်းချက်သာမှန်ကန်ပါက ဤမှော်လက်နက်သည် ရှေးဦးအလယ်ခေတ်မှ မှော်လက်နက်တစ်ခု၏အစိတ်အပိုင်းဖြစ်ပေမည်။ထိုမှော်လက်နက်သည် အကြောင်းတစ်ခုခုကြောင့် ကျိုးပဲ့သွားပြီး နောက်ဆုံး၌ လှံကျိုးတစ်ချောင်းအဖြစ်သာ ကြွင်းကျန်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤအရာသည် ရှေးဦးအလယ်ခေတ်အတွင်းမှမှော်လက်နက်တစ်ခု၏ ခံ့ညားထည်ဝါသောအရှိန်အဝါမျိုးမရှိတော့သည့်တိုင် ဟယ်ကောင်းဖေးကဲ့သို့လူစားမျိုးမှ ထိန်းချုပ်နိုင်ရန် အလွန်အလှမ်းကွာဟသည်။

လှံကျိုးကိုဆုပ်ကိုင်ပြီးနောက် လုယွီသည် သူ၏မှော်စွမ်းအားအနည်းငယ်ကိုအသုံးပြုကာ ဤအရာပေါ်ရှိ စိတ်ဝိညာဥ်စားသုံးခြင်းဝင်္ကပါကို တိတ်တဆိတ် ပိတ်ဆို့လိုက်၏။

ဟယ်ကောင်းဖေးသည် ထိုအခြင်းအရာကို အနည်းငယ်မျှပင် သတိပြုမိခြင်းမရှိချေ။

"မင်းက အမြင်ကောင်းရှိသားပဲ...ငါ ဒီဓားကိုရွေးတယ်"

လုယွီက လှံကျိုးတစ်ချောင်းကို ရွေးချယ်လိုက်သည်အား မြင်တွေ့ချိန်တွင် ဟယ်ကောင်းဖေး၏မျက်နှာပေါ်၌ ပျော်ရွှင်သွားသောအရိပ်အယောင်များ တိတ်တဆိတ်ထင်ဟပ်သွားသည်။

ထိုလှံကျိုးသည် သေတ္တာအတွင်းရှိမှော်လက်နက်များအနက် မထင်ရှားဆုံးမှော်လက်နက်ဖြစ်သည်။

ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူတို့အားလုံး အကျိုးအမြတ်များစွာ ရှာဖွေနိုင်တော့ပေမည်။

"ငါ ဒီလူငယ်လေးနဲ့ ကစားချင်တယ်"

"ဒီလှံကျိုးကိုကြည့်ရတာ အရမ်းကိုလွှမ်းမိုးချုပ်ကိုင်နိုင်ပုံရတယ်...လူငယ်လေးက အမြင်ကောင်းရှိသားပဲ"

တခြားသူများသည် ဟယ်ကောင်းဖေး၏ဘက်တော်သားများဖြစ်သော်လည်း သူတို့သည် လုယွီကို ဟန်ဆောင်ပန်ဆောင်မြှောက်ပင့်၍ အလောင်းအစားလုပ်ရန်တိုက်တွန်းနေကြ၏။

ထိုအခြင်းအရာကိုကြည့်ပြီး ဖေးရှို့ရှို့က အလွန်အမင်း စိုးရိမ်ပူပန်နေသည်။သူမက လုယွီ၏နားအနီးသို့ကပ်၍ အလျင်စလိုတီးတိုးပြောဆိုလိုက်သည်။

"ရှင် ရူးနေတာလား...ဒါက အောက်ထပ်က မှော်သားရဲလောင်းကစားတာမျိုးမဟုတ်ဘူး ..အနည်းဆုံးတော့ ရှင်က အားကောင်းပုံရတဲ့မှော်လက်နက်မျိုး ရွေးသင့်တယ်လေ...ဘယ်သူက ဒီလိုလှံကျိုးမျိုးကိုအသုံးပြုပြီး အနိုင်ယူနိုင်မှာလဲ"

သူမ ပြောဆိုသည်မှာ မှန်ကန်ပေ၏။ဤလှံကျိုးသည် အချိန်ကာလကြာရှည်စွာတိုက်စားခြင်း ခံခဲ့ရသော ရှေးဟောင်းပစ္စည်းတစ်ခုနှင့်သာ တူညီနေသည်။

Chapter 1833

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"ငါ့မှာ ငါ့အကြံနဲ့ငါရှိတယ်"

ဖေးရှို့ရှို့သည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ပထမထပ်မဟုတ်သဖြင့် သူမက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းနေရုံသာ တက်နိုင်တော့သည်။

သူမ၏စိတ်နှလုံးသားအတွင်းတွင်မူ စိတ်ဓာတ်ကျဆင်းမှုများဖြင့် ပြည့်နှက်နေသည်။

မူလက လုယွီသည် အလွန်ထူးချွန်သူတစ်ယောက်ဟု သူမ ထင်မြင်ယူဆခဲ့သော်လည်း ယခုချိန်တွင်မူ ကြည့်ရသည်မှာ သူသည်လည်း သာမာန်လူတစ်ယောက်သာ ဖြစ်ပုံရသည်။

သူသည် ပထမအကြိမ် များစွာအနိုင်ရရှိသွားရုံဖြင့် သူ မလုပ်နိုင်သည့်အရာမရှိဟုသာထင်နေပါက အဆုံးသတ်တွင် အရာအားလုံးဆုံးရှုံးသွားပေမည်။

ကျီးထျန်မျှော်စင်တွင် ဤကဲ့သို့သာဓကမျိုးများစွာဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။

"ထားလိုက်တော့...သူက ငါတို့ဖေးမိသားစုကို ကယ်တင်ခဲ့မှတော့...သူ အရမ်းအကျပ်အတည်းတွေ့နေတဲ့အချိန်ကျရင် ငါ သူ့ကိုကူညီရမယ်"

ဖေးရှို့ရှို့သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တွေးတောလိုက်၏။

မကြာမီမှာပင် ယခုနေရာ၌ရှိနေသောလူများအားလုံး မှော်လက်နက်များကို ရွေးချယ်ပြီးသွားလေပြီ။

"မင်းတို့ ဟိုနေရာကို ကြည့်လိုက်ကြ...အဲ့ဒါက ငါတို့ကျင်းထျန်းမျှော်စင်ရဲ့အထူးသီးသန့်ကစားရုံပဲ...မှော်လက်နက်တွေကိုထိန်းချုပ်မယ့်လူအားလုံးက စိတ်ဝိညာဥ်ရဲ့စွမ်းအားကို ကန့်သတ်ခံထားရမှာ...မင်းတို့ ဘာမှစိတ်ပူစရာမလိုဘူး...ဒီတိုက်ပွဲစင်မြင့်ပေါ်မှာ ငါတို့က မှော်လက်နက်အချင်းချင်းပဲယှဥ်ပြိုင်လို့ရတယ်"

ဟယ်ကောင်းဖေးက လက်ခုပ်တစ်ချက်တီးလိုက်ရာ သူ၏နောက်သို့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောလူတစ်ယောက် ရောက်ရှိလာသည်။

ထိုအနက်ရောင်ဝတ်စုံဝတ်လူသည် အရပ်အလွန်ရှည်ပြီး သန်မာထွားကျိုင်းကာ သာမာန်လူများထက်ခေါင်းနှစ်လုံးစာခန့် ပို၍မြင့်မားသည်။လူအများ၏ရှေ့တွင် သူ မတ်တတ်ရပ်နေရုံဖြင့် ခြိမ်းခြောက်နိုင်စွမ်းရှိသောခံစားမှုမျိုး ပေးစွမ်းနိုင်ပေ၏။

"ဒါက ငါ့ရဲ့လက်အောက်ငယ်သားပဲ...သူက ခန္ဓာကိုယ်အားကိုပဲအသုံးပြုတဲ့ လူရိုင်းတစ်ယောက်...ငါ သူ့ကို ဒီပွဲမှာ ငါ့ကိုကူညီခွင့်ပြုထားတယ်"

ဟယ်ကောင်းဖေးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

အနက်ရောင်ဝတ်စုံဝတ်လူ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ အစေခံများသည် ကူကယ်ရာမဲ့စွာဖြင့် နံဘေးသို့ရှောင်ခွာသွားကြပြီး သူ၏အနီးသို့ မချဥ်းကပ်ဝံ့ကြချေ။

သို့ရာတွင် ထိုလူထွားကြီးကိုမြင်သည်နှင့် လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

'ရှုရာ...'

လုယွီက သူ၏စိတ်အတွင်းမှနေ၍ တီးတိုးရေရွတ်လိုက်၏။

အဆင့်မြင့်ရှုရာများနှင့်လူသားမျိုးနွယ်များအကြားတွင် ပုံပန်းသွင်ပြင်ကွာခြားချက်မရှိချေ။အစွမ်းထက်သောကျင့်ကြံသူတချို့ပင်လျှင် ရှုရာများနှင့်လူသားများကြား ကွာခြားချက်ကို ခွဲခြားနိုင်ခြင်းမရှိပေ။

အသူရာနယ်မြေကို ပုန်ကန်သူများ၏နယ်မြေဟု သတ်မှတ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း ဟယ်ကောင်းဖေး၏လက်အတွင်း၌ အဆင့်မြင့်ရှုရာတစ်ကောင်ရှိနေသည်။

လေဟာနယ်ဓားပြယန်ချမ်း သေဆုံးသွားခဲ့သည့်နေ့ကို ပြန်လည်တွေးတောကြည့်ပါက သူမသေဆုံးမီအချိန်တွင် ရှုရာသွေးမျိုးဆက်ကိုအသက်သွင်းကာ ရှုရာအဖြစ် အသွင်ပြောင်းလဲခဲ့သည်။လုယွီက ဟယ်ကောင်းဖေးသည် လေဟာနယ်ဓားပြများနှင့် တစ်စုံတစ်ခုဆက်စပ်နေမည်ဟု ခန့်မှန်းမိသည်။

အကယ်၍ ထိုကိစ္စသာအမှန်ဆိုပါက မည်သည်ကြောင့်လေဟာနယ်ဓားပြများသည် သူတို့၏အသိုက်ကို သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်း၌ ထားဝံ့သည်မှစ၍ အရာအားလုံးအဓိပ္ပါယ်ရှိသွားလေပြီ။

ရှန့်လင်းမြို့အရှင်ကဲ့သို့ အစွမ်းထက်နောက်ခံမျိုးရှိနေမှုကြောင့် ထိုလေဟာနယ်ဓားပြများသည် ဤနေရာ၌ ငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းဖြစ်ပေမည်။

"အခု ငါက ကျင်းထျန်းမျှော်စင်ကို ရောက်လာပြီဆိုမှတော့ ငါ့ရဲ့စိတ်ထဲရှိတဲ့အတိုင်း အစွမ်းကုန်ကစားရတာပေါ့...ငါ အင်မော်တယ်ကျောက်တုံး သန်းငါးသောင်းလောင်းမယ်"

လုယွီသည် ရွှေရောင်နဂါးအမှတ်အသားပါဝင်သော ငွေလက်မှတ်ငါးစောင်ကိုထုတ်ယူ၍ သူ့ရှေ့ရှိခုံပေါ်၌ တင်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး၏မျက်လုံးများသည် ထိုငွေလက်မှတ်များပေါ်တွင် စူးစိုက်၍ကျရောက်သွားသည်။

အင်မော်တယ်ကျောက်တုံးသန်းတစ်သောင်းထက်ပိုသော ငွေလက်မှတ်များပေါ်တွင်သာ ရွှေရောင်နဂါးအမှတ်အသားပါဝင်သည်။

ပတ်ဝန်းကျင်ရှိလူများ၏အသက်ရှုနှုန်းများ မြန်ဆန်စပြုလာပေ၏။

လုယွီက ကျယ်လောင်စွာ ပြောဆိုသည်။

"တကယ်လို့ မင်းတို့ကစားချင်တယ်ဆိုရင်...မင်းတို့ဆီမှာအဆုံးသတ်ထိ ကစားနိုင်မယ့် ငွေပမာဏမျိုးရှိမရှိ ငါ အရင်ကြည့်ရလိမ့်မယ်"

ဤစကားလုံးများကိုပြောဆိုလိုက်စဥ်တွင် ပတ်ဝန်းကျင်ရှိလူများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

သူတို့သည် လုယွီ၏ချမ်းသာကြွယ်ဝမှုနှင့်လေသံကြောင့် အံ့အားသင့်တုန်လှုပ်နေကြ၏။

ဖြစ်နိုင်သည်က ဤကောင်လေးထံတွင် နောက်ထပ်အင်မော်တယ်ကျောက်တုံးများ ကျန်ရှိနေသေးသလော...

ဤသည်က အင်မော်တယ်ကျောက်တုံး သန်းငါးသောင်းပင်။

ရှန့်လင်းမြို့အတွင်းတွင် ချမ်းသာကြွယ်ဝဆုံးဟုဆိုနိုင်သော မိသားစုတချို့ပင်လျှင် ဤမျှများပြားသောငွေကြေးပမာဏကို တတ်နိုင်ခြင်းမရှိချေ။

"တစ်ယောက်ယောက်...ငွေတွေ ယူလာခဲ့စမ်း"

ဟယ်ကောင်းဖေးက စားပွဲကို သူ၏လက်ဖြင့်ရိုက်ပုတ်၍ မတ်တတ်ထရပ်လိုက်သည်။

မကြာမီမှာပင် အစေခံတစ်ယောက်မှနေ၍ ငွေလက်မှတ်များ လာရောက်ပေးပို့သည်။

ထိုအရာများသည်လည်း အင်မော်တယ်ကျောက်တုံးသန်းငါးသောင်းတန် ငွေလက်မှတ်များဖြစ်သည်။

ဤအရာများသည် ကျင်းထျန်းမျှော်စင်ကို အဓိကလည်ပတ်နေသည့်ငွေကြေးများဖြစ်သော်လည်း ဟယ်ကောင်းဖေး၏စိတ်နှလုံးသားတွင် လောဘများဖုံးလွှမ်းနေသည်။ထိုသို့မဟုတ်ပါက သူသည် ဤမျှများပြားသောငွေပမာဏကို ထုတ်ယူအသုံးပြုမည်မဟုတ်ချေ။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကောင်းပြီလေ...သွားကြစို့"

ဟယ်ကောင်းဖေးက လုယွီကိုစောင်းငဲ့၍ ကြည့်လိုက်သည်။

"မှော်လက်နက်ကိုထိန်းချုပ်ဖို့ မင်း ဘယ်သူ့ကိုခေါ်မှာလဲ....ငါ မင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်...ငါ့ရဲ့လူက မှော်လက်နက်ကိုထိန်းချုပ်တဲ့နေရာမှာ အရမ်းထူးချွန်တယ်"

"မလိုဘူး...ငါ့ဟာငါလုပ်မယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြပြီးနောက် လှံကျိုးကိုကောက်ကိုင်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ပစ်လွှက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လှံကျိုးသည် တိုက်ပွဲစင်မြင့်ပေါ်၌ မျောလွင့်နေပေ၏။

"ကောင်းပြီလေ...မင်းက ဒီလောက်ထိယုံကြည်ချက်ရှိနေမှတော့..မင်း ဆန္ဒရှိသလိုလုပ်ပါ"

ဟယ်ကောင်းဖေးက အေးစက်စက်အပြုံးနှင့် ပြောဆိုသည်။

Chapter 1834

"သူနဲ့သွားကစားလိုက်စမ်း"

ဟယ်ကောင်းဖေးက အမိန့်ပေးလိုက်သည်။

သူ၏အမြင်အရ ဤအလောင်းအစားတွင် သူ အနိုင်ရမည်မှာသေချာသည်။

အပေါ်ယံ၌ ဟယ်ကောင်းဖေးက အနက်ရောင်ဝတ်စုံဝတ်လူသည် မှော်လက်နက်များထိန်းချုပ်ရာ၌ ကျွမ်းကျင်မှုမရှိသည့် ခန္ဓာကိုယ်အားအသုံးပြုသူဟု ပြောဆိုထားခဲ့သည်။သို့ရာတွင် အမှန်အားဖြင့် အနက်ရောင်ဝတ်စုံဝတ်လူသည် ရှုရာမျိုးနွယ်အတွင်း၌ အစွမ်းထက်သောလက်ရွေးစင်ရှုရာတစ်ယောက်ဖြစ်သည်။

ဤမျိုးနွယ်စုသည် မှော်လက်နက်များကိုထိန်းချုပ်ရာ၌ အလွန်အမင်းထူးကဲသာလွန်ပြီး တချို့ရှုရာများသည် နတ်ဆိုးများကဲ့သို့စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားကြ၏။

ရှုရာမျိုးနွယ်စုအတွင်းတွင် တချို့မျိုးနွယ်ဝင်များသည် တစ်ဖက်ရန်သူကို အောင်မြင်စွာသတ်ဖြတ်နိုင်ရန်အတွက် သူတို့၏ခြေလက်များကိုပင် မှော်လက်နက်များအဖြစ် သန့်စင်ကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူ လှုပ်ရှားလိုက်သည့်အချိန်တွင် လူတချို့၏စိတ်ဝိညာဥ်စွမ်းအားများ ဖိနှိပ်ခြင်းခံလိုက်ရသည်။

မှော်လက်နက်တိုက်ပွဲသည် အလွန်လျှင်မြန်စွာဖြင့် စတင်လာလေပြီ။

"ငါ မင်းကို အရင်တိုက်ခွင့်ပေးမယ်"

အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုးရှိနေပြီး သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

သူ၏ထိန်းချုပ်မှုအောက်တွင် ဓားရှည်မှနေ၍ မိုးပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရုတ်တရက် ထိုလူသည် ဓားရှည်ထံသို့ လက်ညှိုးညွှန်လိုက်၏။

ဓားရှည်ပေါ်ရှိမိုးပြာရောင်အလင်းတန်းများအားလုံးသိပ်သည်းသွားပြီး နောက်ဆုံး၌ အသူရာနဂါးတစ်ကောင်ထွက်ပေါ်လာကာ ဓားရှည်၏နံဘေးပတ်လည်၌ ပျံဝဲနေသည်။

"ဒီမှော်လက်နက်ရဲ့စိတ်ဝိညာဥ်မျိုးကို ငါ မကြားဖူးဘူး"

"အမှန်ပဲ...တကယ်လို့ ဒီမှော်လက်နက်ကို ဘယ်သူမှမထိန်းချုပ်ရင်တောင် အလိုအလျောက်တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါ ခံစားမိတယ်...ဟုတ်တယ်မလား"

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများထံမှ ချီးမွမ်းမြှောက်ပင့်သံများ ထွက်ပေါ်လာသည်။

လုယွီ ရွေးချယ်ခဲ့သောလှံကျိုးသည် လေထုအတွင်း၌မျောလွင့်နေသော်လည်း မည်သည့်တောက်ပမှုမျှမရှိဘဲ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသောအရာတစ်ခုအလားပင်။

ထိုလှံကျိုးကိုကြည့်ပြီး ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလူများ၏မျက်နှာများပေါ်၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်က မည်ကဲ့သို့မှော်လက်နက်မျိုး ဖြစ်သနည်း။

ထိုလူငယ်လေး၏အမြင်အာရုံသည် အမှန်တကယ်ကိုပင် ရယ်ရွှင်ဖွယ်ကောင်းပေ၏။

"မင်း ငါ့ကိုအရင်တိုက်စေချင်တာ သေချာလား"

လုယွီက အနက်ရောင်ဝတ်စုံဝတ်လူကိုကြည့်၍ မေးမြန်းသည်။

အနက်ရောင်ဝတ်စုံဝတ်လူက အထင်အမြင်သေးစွာဖြင့် ပြောဆိုလေ၏။

"မင်း အရင်တိုက်...မဟုတ်ရင် ငါ့ရဲ့ဓားနဲ့ထိတွေ့လိုက်တာနဲ့ မင်းရဲ့မှော်လက်နက် ပျက်စီးသွားမှာကို ငါ စိုးရိမ်မိတယ်"

"ကောင်းပြီလေ"

လုယွီသည် ထိုလူနှင့်ပေါက်ကရစကားများပြော၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူ၏စကားဆုံးသည်နှင့် သူ့စိတ်ဝိညာဥ်မှစွမ်းအားများက လှံကျိုးအတွင်းသို့ တိုးဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လှံကျိူးတစ်ချောင်းလုံး အနီရောင်သို့ ပြောင်းလဲသွားပေ၏။

တခြားလူများ အသိပြန်ဝင်ခြင်းမရှိသေးမီမှာပင် လှံရှည်သည် အနီရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ဓားရှည်ထံ တိုးဝင်သွားသည်။

ချွမ်ခနဲအသံနှင့်အတူ လှံကျိုးသည် နောက်သို့ပြန်လွင့်ထွက်သွားသည်။

သို့ရာတွင် မည်သည့်သက်ရောက်မှုမျှမရှိသည့်အလား ဓားရှည်ထံမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေဆဲပင်။

"ဟား ဟား ဟား...ဖြစ်နိုင်တာတော့ ဒါက ဓားရှည်ကို အယားပြေအောင် သွားပြီးကုတ်ပေးနေတာများလား"

"ဒါပေမယ့် ဒီလှံကျိုးက ဆိုးတော့မဆိုးဘူး...တစ်ချက်တည်းနဲ့ မကျိုးသွားသေးဘူး...ဒါကို ရှေးဟောင်းပစ္စည်းတစ်ခုအနေနဲ့ သိမ်းဆည်းထားရင် မဆိုးဘူး"

လက်နက်တိုက်ပွဲကိုစောင့်ကြည့်နေကြသူများသည် လုယွီကိုကြည့်ပြီး လှောင်ပြောင်သရော်နေကြ၏။

ဖေးရှို့ရှို့သည် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားပြီး ထပ်မံ၍မကြည့်ဝံ့တော့ချေ။

အကယ်၍ သူသည် တစ်ကြိမ်တည်းဖြင့် အင်မော်တယ်ကျောက်တုံး သန်းငါးထောင်ဆုံးရှုံးသွားပါက သူ ရူးသွပ်သွားနိုင်သည်။

"ဟား ဟား ဟား...ခု ငါ့ရဲ့အလှည့်ပဲ"

အနက်ရောင်ဝတ်စုံဝတ်လူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူ၏လက်ကိုဆန့်ထုတ်ကာ ဓားရှည်ကို ထိတွေ့လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဓားရှည်ထံမှ တောက်ပသောအလင်းတန်းများဖြာထွက်လာပြီး လှံကျိုးထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။

သို့သော် ထိုအချိန်မှာပင်...

ခရက်...

လှံကျိုးထံသို့မရောက်မီမှာပင် ဓားရှည်၏မျက်နှာပြင်ပေါ်၌ မြောက်များစွာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

အက်ကွဲသံများနှင့်အတူ ဓားရှည်သည် ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားတော့သည်။

ဘာ...

လူများအားလုံး ကြက်သေသေနေကြ၏။အနက်ရောင်ဝတ်စုံဝတ်လူပင်လျှင် နေရာတွင်အမြှစ်တွယ်ထားခံရသကဲ့သို့ ကြောင်အနေသည်။

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။

လှံကျိုး၏ညင်သာစွာ ထိတွေ့ခံရရုံဖြင့် ဓားရှည် ကျိုးပဲ့ပျက်စီးသွားရသလော....

"မဖြစ်နိုင်ဘူး"

အနက်ရောင်ဝတ်စုံဝတ်လူသည် အော်ဟစ်ကြုံးဝါးပြီး ခြေလှမ်းကျဲကြီးများဖြင့် တိုက်ပွဲစင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားကာ ဓားရှည်အစအနများကိုကောက်ယူလိုက်၏။

အကြွင်းအကျန်အစအနများကိုကြည့်ခြင်းအားဖြင့် ဓားရှည်သည် စူးရှချွန်ထက်သောလက်နက်တစ်ခုကြောင့် ကျိုးပဲ့ပျက်စီးသွားရခြင်းဖြစ်သည်။

ထိုအရာသည် အမှန်တကယ်ကိုပင် လှံကျိုးတစ်ချောင်းကြောင့် ဖြစ်ပျက်သွားခြင်း ဖြစ်နိုင်သလော။

Chapter 1835

မည်သို့ဖြစ်နိုင်မည်နည်း...

သူတို့သည် မှော်လက်နက်တစ်ခုစီတိုင်းကို ဂရုတစိုက်စစ်ဆေးခဲ့ကြသည်။ဤလှံကျိုးတွင် မည်သည့်သာလွန်ထူးကဲနေသည့်အချက်မျှမရှိဟု သူ သေချာပြောနိုင်ပေ၏။

ဤသည်က ကျိုးပဲ့နေသော ရှေးဟောင်းမှော်လက်နက်တစ်ခုမျှသာဖြစ်သည်။ထို့ပြင် ဓားရှည်သည် မှော်လက်နက်များအနက်မှ အကောင်းဆုံးတစ်ခုဖြစ်သည်။

အကယ်၍ မည်သူမျှမထိန်းချုပ်လျှင်ပင် ဓားရှည်သည် လှံကျိုးကို လွယ်လင့်တကူ ဖြတ်ပိုင်းနိုင်သည်။

"ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီ...အခု မင်းရဲ့ငွေတွေ ငါ့ကိုပေးလို့ရပြီ"

လုယွီက ပြောဆိုသည်။

ဤသည်က အင်မော်တယ်ကျောက်တုံး သန်းငါးထောင်ပင်။

သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌ အင်မော်တယ်ကျောက်တုံး သန်းငါးထောင်သည် ထိပ်တန်းအဆင့်ဂိုဏ်းတစ်ဂိုဏ်းကိုဝယ်ယူရန် လုံလောက်သည်။

"ခဏနေပါဦး"

ဟယ်ကောင်းဖေး၏မျက်နှာသည် နီမြန်းနေပြီး သူက လုယွီကို ဟန့်တားလိုက်၏။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဘာ အမှားအယွင်းရှိနေလို့လဲ...ကျင်းထျန်းမျှော်စင်ရဲ့သခင်လေးက ကိုယ့်စကားကိုကိုယ် ပြန်ရုတ်သိမ်းချင်လို့လား"

ဤစကားသည် အလွန်အမင်း ပြင်းထန်လှ၏။

အကယ်၍ ဟယ်ကောင်းဖေးသည် လူအများ၏ရှေ့တွင် သူ့စကားကိုသူ ပြန်ရုတ်သိမ်းဝံ့ပါက ကျင်းထျန်းမျှော်စင်၏ဂုဏ်သတင်းပျက်သုဥ်းသွားပေမည်။

မည်သူကမျှ ကျင်းထျန်းမျှော်စင်ကို ထပ်မံ၍လာရောက်ပြီး အလောင်းအစားလုပ်တော့မည်မဟုတ်ချေ။အဆုံးသတ်၌ ကျင်းထျန်းမျှော်စင်သည် အလုံးစုံပျက်သုဥ်းခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။

"မင်း အနိုင်ရသွားတာက အရမ်းထူးဆန်းတာပဲ...မင်း လှည့်စားမှုတစ်ခုခုလုပ်ခဲ့တာလို့ ငါ သံသယရှိတယ်"

စကားဆုံးသည်နှင့် ဟယ်ကောင်းဖေးသည် လုယွီ သဘောတူညီသည်ဖြစ်စေ မတူညီသည်ဖြစ်စေ ဂရုမစိုက်ဘဲ သူက အနက်ရောင်ဝတ်စုံဝတ်လူကို အချက်ပေး၍ လှံကျိုးကို စစ်ဆေးခိုင်းလိုက်သည်။

လုယွီက သရော်တော်တော် ပြောဆိုသည်။

"မင်းတို့က စစ်ဆေးချင်တယ်ဆိုမှတော့...မင်းတို့ ဆန္ဒရှိသလို စစ်ဆေးနိုင်တယ်"

စကားဆုံးသည်နှင့် လုယွီသည် လှံကျိုးအတွင်းမှ သူ့စိတ်ဝိညာဥ်၏စွမ်းအားကို ဆွဲထုတ်လိုက်၏။

အနက်ရောင်ဝတ်စုံဝတ်လူသည် ချက်ချင်းဆိုသလိုပင် လှံကျိုးကိုကောက်ကိုင်ပြီး အစကနေအဆုံးထိ စေ့စေ့စပ်စပ်စစ်ဆေးလိုက်သည်။

သို့ရာတွင် သူ မည်မျှပင်စစ်ဆေးနေပါစေ လှံကျိုးတွင် မည်သည့် သာလွန်ထူးကဲနေမှုမျိုးမျှရှိမနေချေ။

လုယွီ၏အမူအယာသည် အေးစက်နေပြီး သူ့ရှေ့ရှိမြင်ကွင်းကို စူးစိုက်၍ကြည့်နေသည်။

ရှေးဦးအလယ်ခေတ်မှ မှော်ရတနာအမျိုးအစားများသည် အကယ်၍ တစ်စုံတစ်ယောက်တွင် အထူးသီးသန့်နည်းစနစ်မရှိဘဲ အသုံးပြုပါက ထိုအရာ၏စွမ်းအားပြည့်ကို ထုတ်လွှက်နိုင်မည်မဟုတ်ချေ။

တခြားတစ်ဖက်တွင်မူ လုယွီသည် ထိုရှေးဟောင်းမှော်လက်နက်များကို မည်သို့ထိန်းချုပ်ရမည်ကို ကောင်းစွာသိရှိထားသူဖြစ်သည်။

လုယွီ၏စိတ်ဝိညာဥ်မှ ထောက်ပံမှုမရှိပါက ထိုမှော်လက်နက်သည် သာမာန်လှံကျိုးတစ်ချောင်းသာဖြစ်ပေမည်။

"ဘယ်လိုလဲ...မင်း တစ်ခုခုရှာတွေ့လား"

ဟယ်ကောင်းဖေးက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

အနက်ရောင်ဝတ်စုံဝတ်လူသည် အချိန်အတော်ကြာစစ်ဆေးပြီးနောက် တုံ့ပြန်အဖြေပေးလိုက်၏။

"သူက တခြားလှည့်ကွက်တွေသုံးထားရင်တော့ မသိဘူး...ကျွန်တော်က ဒီဟာကို သေသေချာချာစစ်ဆေးကြည့်ပေမယ့် ဘာပြဿနာမှမတွေ့ဘူး"

ဟယ်ကောင်းဖေး၏မျက်လုံးများ စူးရှရှတောက်ပသွားပြီး သူက အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ...ဒါပေမယ့် မင်း ငွေတွေကိုယူသွားလို့ မရသေးဘူး...ငါတို့ ဒီကိစ္စကိုသေချာစစ်ဆေးပြီးတာနဲ့ ငါ မင်းဆီကို ငွေတွေပို့လိုက်မယ်"

ဟယ်ကောင်းဖေးသည် စကားကြီးစကားကျယ်ပြောဆိုနေသော်လည်း အမှန်အားဖြင့် သူသည် ငွေပေးရန်ရည်ရွယ်ချက်မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က အင်မော်တယ်ကျောက်တုံးသန်းငါးထောင်ဖြစ်ရာ ကျင်းထျန်းမျှော်စင်အတွက်ပင် သေးငယ်သောဆုံးရှုံးမှုမျိုးမဟုတ်ပေ။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဒါဆို မင်းက မင်းရဲ့စကားကိုမင်း ပြန်ရုတ်သိမ်းဖို့ ကြံစည်နေတာလား"

ခန်းမအတွင်းရှိအခြေအနေ ရုတ်တရက် ပြောင်းလဲသွားပေ၏။

ဟယ်ကောင်းဖေးသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ငါတို့ကျင်းထျန်းမျှော်စင်က ဂုဏ်သတင်းကို အမြဲတမ်းဦးစားပေးခဲ့တယ်...တကယ်တော့ ငါလည်း မင်းကို အခက်တွေ့အောင်မလုပ်ချင်ဘူး"

"ဒါပေမယ့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ငါနဲ့ဆက်ပြီး အလောင်းအစားလုပ်ကြရအောင်...တကယ်လို့ မင်းနိုင်ရင် မင်းငွေတွေအများကြီးပိုရမယ်...ဒီတစ်ကြိမ်တော့ အင်မော်တယ်ကျောက်တုံး သန်းတစ်သောင်းကြေးလောင်းရအောင်"

ဟယ်ကောင်းဖေးက အံ့ကြိတ်၍ ဆက်လက်ပြောဆိုလေ၏။

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အင်မော်တယ်ကျောက်တုံး သန်းတစ်သောင်း...

ကျင်းထျန်းမျှော်စင် စတင်တည်ထောင်ချိန်မှစ၍ ဤမျှကြီးမားသောအလောင်းအစားမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးချေ။

"ဘယ်လိုသဘောရလဲ...မင်း သေချာစဥ်းစားကြည့်ပါအုံး"

ဟယ်ကောင်းဖေးက အလေးအနက်ထား၍ ပြောဆိုလိုက်သော်လည်း သူ၏အသံသည် အနည်းငယ်အက်ရှရှဖြစ်နေလေ၏။

အကယ်၍ လုယွီသည် ဤအတိုင်းသာထွက်သွားပါက သူသည် တက်နိုင်သမျှအစွမ်းကုန်ကြိုးစား၍ သူ၏ငွေများကိုယူဆောင်မသွားနိုင်စေရန် ဟန့်တားရပေမည်။

ဖေးရှို့ရှို့က လေသံတိုးတိုးဖြင့် ပြောဆိုသည်။

"ငွေတွေကိုယူပြီး မြန်မြန်ထွက်သွားကြရအောင်...နင် အခုရလိုက်တဲ့ငွေတွေက နင်ရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး သုံးဖြုန်းနေဖို့လုံလောက်တယ်"

လုယွီက ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏ခေါင်းကိုခါယမ်းပြလိုက်၏။

"ပြဿနာမရှိပါဘူး...မင်းက အလောင်းအစားလုပ်ချင်တယ်ဆိုမှတော့ ငါ မင်းနဲ့အတူ ကစားပေးရတာပေါ့"

ဟယ်ကောင်းဖေးက ရယ်မောလိုက်သည်။

"ကောင်းတယ်...ဒီလိုသတ္တိရှိတဲ့ ဧည့်သည်မျိုးက အရမ်းရှားတယ်....ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

သူက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် ငါက စည်းမျဥ်းတွေကို ပြောင်းလဲချင်တယ်"

All Chapters