← Chapters

အခန်း (၁၈၃၆-၁၈၄၀)

Vol. 95 Ch. 1836-1840

အခန်း (၁၈၃၆-၁၈၄၀)

Vol. 95 Ch. 1836-1840

Chapter 1836

"တရားမျှတမှုရှိဖို့အတွက်...ငါတို့က လက်နက်တိုက်ပွဲမှာ ဒီလက်နက်နှစ်ခုထဲကတစ်ခုကို ရွေးချယ်ရမယ်"

ဟယ်ကောင်းဖေးက လက်ခုပ်တီးလိုက်ရာ ချက်ချင်းဆိုသလိုပင် အစေခံတစ်ယောက်က သေတ္တာတစ်လုံးကိုသယ်၍ ရောက်ရှိလာသည်။

သေတ္တာကိုဖွင့်လိုက်ရာ အတွင်း၌ ဓားရှည်နှစ်လက်ရှိနေသည်။ထိုဓားရှည်နှစ်လက်သည် အဖြူနှင့်အနက် အရောင်ကွဲပြားသည်မှလွဲ၍ ပုံပန်းသွင်ပြင်နှင့်အရှိန်အဝါသည် များစွာကွဲပြားခြားနားခြင်းမရှိဘဲ အခြေခံအားဖြင့်တူညီမှုရှိလေ၏။

ဟယ်ကောင်းဖေးက အပြုံးနှင့်ပြောဆိုသည်။

"မင်း အရင်ရွေးလိုက်...ငါ နောက်မှယူမယ်...ဘယ်လိုလဲ...ဒါက မျှတတယ်မလား"

ထိုဓားနှစ်လက်ကိုကြည့်ရသည်မှာ ထပ်တူညီလုနီးပါးဖြစ်နေသဖြင့် အလွန်မျှတသောကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။

သို့ရာတွင် အမှန်အားဖြင့် ထိုကိစ္စအတွင်း၌ လှည့်ကွက်တချို့ရှိနေသည်။

အကယ်၍ လုယွီ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ဟယ်ကောင်းဖေးသည် ထိုဓားနှစ်လက်ကို လျှို့ဝှက်၍ထိန်းညှိပြင်ဆင်ထားပြီး သူ၏အမှတ်အသား ခတ်နှိပ်ထားခြင်းဖြစ်ပေမည်။

ဟယ်ကောင်းဖေးသည် ထိုဓားရှည်ကိုအသုံးပြုလိုက်သည်နှင့် သူသည် ချက်ချင်းဆိုသလိုပင် ထိုအရာကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး အနည်းငယ်မျှပင် စိမ်းသက်သက်ခံစားချက်မျိုးရရှိမည်မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ ထိုဓားနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသူကသာ အသုံးပြုပါက ထိုသူသည် မည်သည်နည်းနှင့်မျှ ဟယ်ကောင်းဖေး၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

လုယွီသည် ထိုလှည့်ကွက်ငယ်လေးကို တွေ့မြင်ပြီးဖြစ်သဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အေးစက်စက်ပြုံးလိုက်သည်။

"ကောင်းပြီလေ...ငါ သန်းတစ်သောင်းလောင်းမယ်"

လုယွီသည် ငွေလက်မှတ်များကို သူ၏ရှေ့ရှိစားပွဲပေါ်သို့တင်လိုက်၏။

ပတ်ဝန်းကျင်ရှိလူများ၏အသက်ရှုနှုန်းများ လေးလံစပြုလာသည်။

ဤကဲ့သို့လောင်းကစားပွဲမျိုးသည် အလွန်အမင်း ရှားပါးပေ၏။

ဟယ်ကောင်းဖေး၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းနေပြီး သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"လာကြစမ်း...ငါ့ကို အင်မော်တယ်ကျောက်တုံးသန်းတစ်သောင်း ယူလာခဲ့ကြစမ်း"

ကြီးကြပ်ရေးမှူးသည် တုန်တုန်ရီရီဖြင့် ရှေ့သို့ထွက်လာပြီး လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

"သခင်လေး...ဒီလောက်များပြားတဲ့ငွေပမာဏကို ထုတ်ယူမယ်ဆိုရင် သခင်ကြီးရဲ့ခွင့်ပြုချက်ယူဖို့လိုအပ်တယ်"

ဘန်း...

ကြီးကြပ်ရေးမှူးသည် ဟယ်ကောင်းဖေး၏ကန်ထုတ်ခြင်းကို ခံရပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။

"ဘာ သောက်အဓိပ္ပါယ်မရှိတဲ့စကားမှပြောမနေနဲ့...အခုချက်ချင်း ငွေတွေထုတ်ယူလာခဲ့စမ်း"

ဟယ်ကောင်းဖေးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

ပတ်ဝန်းကျင်ရှိအစေခံများသည် ထပ်မံ၍စကားမပြောဆိုဝံ့ကြတော့သဖြင့် အလျှင်အမြန် ပြေးထွက်သွားကြတော့သည်။

အချိန်အတော်ကြာပြီးနောက် မြောက်မြားစွာသောအစောင့်များ၏စောင့်ကြပ်မှုအောက်တွင် ကြီးကြပ်ရေးမှူးသည် အင်မော်တယ်ကျောက်တုံးသန်းတစ်သောင်းတန်ငွေလက်မှတ်များနှင့်အတူ ရောက်လာပြီး ဟယ်ကောင်းဖေးထံ ပေးအပ်လိုက်သည်။

"လာစမ်း...ငါ ကိုယ်တိုင်လုပ်မယ်"

ဟယ်ကောင်းဖေး၏မျက်လုံးများက နီမြန်းနေသည်။

တိုက်ပွဲကွင်းပြင်အတွင်း၌ သူတို့နှစ်ယောက်သည် ဓားများကို ရွေးချယ်လိုက်ကြ၏။

လုယွီသည် အနက်ရောင်ဓားကိုရွေးချယ်ပြီး ဟယ်ကောင်းဖေးက အဖြူရောင်ဓားကို ရွေးချယ်ခဲ့သည်။

"အရင်ဆုံးစတိုက်ခိုက်ပြီး အသာစီးယူရမယ်"

ပွဲစတင်ပြီဟူသော အချက်ပေးသံကိုကြားသည်နှင့် ဟယ်ကောင်းဖေးသည် သူ၏အဖြူရောင်ဓားကို ထိန်းချုပ်၍ လုယွီ၏အနက်ရောင်ဓားထံသို့ဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။

ဤတစ်ကြိမ်တိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်လွန်းသဖြင့် ပတ်ဝန်းကျင်တွင်ရှိသောလူများ၏ မျက်ခုံးများ စုကျုံသွားကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤတိုက်ခိုက်မှုသည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုဖြစ်ရာ ဟယ်ကောင်းဖေး၏ ဂုဏ်သတင်းပုံရိပ်ကိုထိန်းသိမ်းသော ပုံမှန်အပြုအမူများနှင့် များစွာကွဲပြားခြားနားနေသည်။

သို့ရာတွင် ဟယ်ကောင်းဖေးသည် ယခုလက်ရှိချိန်၌ ထိုကိစ္စများကို အပြည့်အဝလျစ်လျှူရှုထားသည်။

သူ အနိုင်ရရပေမည်။

ထိုသို့မဟုတ်ပါက သူတို့၏ဟယ်မိသားစုသည် အလွန်ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည့်တိုင် ဤဆုံးရှုံးမှုပမာဏကို တောင့်ခံနိုင်မည်မဟုတ်ချေ။

ဒေါင်...ဒေါင်...

အဖြူရောင်ဓားရှည်၏ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အနက်ရောင်ဓားရှည် နောက်သို့ဆုတ်နေရသည်။

"ဟား ဟား ဟား...ကောင်လေး...ငါ မင်းကို ဒီနေ့တော့ သင်ခန်းစာတစ်ခုပေးရလိမ့်မယ်...အရမ်းမောက်မာလွန်းတာ မကောင်းဘူးဆိုတာ ငါ မင်း သိအောင် ပြသပေးမယ်"

အနိုင်ရလဒ်သည် သူနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဟယ်ကောင်းဖေးက ဟန်ဆောင်ပန်ဆောင် ယဥ်ကျေးနေခြင်းပင်မရှိတော့ချေ။

မည်သည့်နည်းနှင့်မဆို ထိုကောင်လေး ရှုံးနိမ့်ရပေမည်။

မွဲပြာကျတော့မည့် ကောင်စုတ်လေးတစ်ကောင်သည် သူ ဟယ်ကောင်းဖေး၏လေးစားမှုနှင့် မထိုက်တန်ချေ။

"ကျိုးပဲ့စမ်း"

ဟယ်ကောင်းဖေး၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားပြီး သူက ဒေါသတကြီးအော်ငေါက်လိုက်၏။

ထိုအချိန်မှာပင် မူလက တိတ်ဆိတ်ငြိမ်သက်နေသော အနက်ရောင်ဓားရှည်ထံမှနေ၍ ရုတ်တရက် စူးရှကျယ်လောင်သောအသံကြီး မြည်ဟီးလာသည်။

ရုတ်ချည်းဆိုသလိုပင် ဟယ်ကောင်းဖေးသည် အနက်ရောင်ဓားရှည်ပေါ်ရှိ သူ၏အမှတ်အသား ဖျက်ဆီးခံရခြင်းကို ခံစားလိုက်ရသည်။

သူ မည်မျှ ဆင့်ခေါ်သည်ဖြစ်စေ အနက်ရောင်ဓားရှည်ကို သူ ထပ်မံ၍မထိန်းချုပ်နိုင်တော့ပေ။

လုယွီ၏လက်ချောင်းများလှုပ်ရှားသွားပြီး သူက တည်ငြိမ်စွာပြောဆိုလိုက်၏။

"ခုတ်ပိုင်းစမ်း"

ခရက်...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အဖြူရောင်ဓားရှည်သည် အနက်ရောင်ဓားရှည်ကြောင့် ကျိုးပဲ့ပျက်စီးသွားတော့သည်။

"အခုက ငွေတွေယူဖို့ အချိန်ကျပြီ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင် ဖြစ်ပျက်သွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိလူများသည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိဘဲ ကြောင်အနေကြ၏။

အစောပိုင်းက အနက်ရောင်ဓားရှည်သည် နောက်သို့ဆုတ်နေရသည်မဟုတ်လော....

မည်သည်ကြောင့် ထိုလူငယ်လေး၏ဓားသည် ဟယ်ကောင်းဖေး၏ဓားကို ရုတ်တရက်ကြီး ကျိုးပဲ့စေခဲ့သနည်း...

Chapter 1837

ဟယ်ကောင်းဖေး၏ခန္ဓာကိုယ်သည် ရှေ့နောက်ယိမ်းထိုးနေပြီး သူ၏မျက်နှာတစ်ခုလုံး နီမြန်းနေသည်။

"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး"

ဟယ်ကောင်းဖေးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး အနက်ရောင်ဓားကိုထိန်းချုပ်နိုင်ရန် သူ့စိတ်ဝိညာဥ်၏စွမ်းအားများကို အဆက်မပြတ်အသုံးပြုလိုက်သည်။

သို့ရာတွင် အနက်ရောင်ဓားရှည်သည် ဟယ်ကောင်းဖေး၏အမိန့်ကို သိရှိပုံပင်မရဘဲ နေရာမှာပင်တည်ငြိမ်နေကာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိချေ။

"သောက်ကောင်စုတ်လေး...မင်း ဘယ်လိုနည်းစနစ်တွေ အသုံးပြုခဲ့တာလဲ...ပြောစမ်း"

ဟယ်ကောင်းဖေးသည် အသိစိတ်လွတ်ကင်းသွားပြီး ဒေါသတကြီးဆဲရေးတိုင်းထွာနေလေ၏။

အကယ်၍ သူ ရှုံးနိမ့်သွားပါက အင်မော်တယ်ကျောက်တုံးသန်းတစ်သောင်းကို ထိုလူငယ်လေးထံ ပေးအပ်ရပေမည်။

ဤသည်က သူ အသုံးပြုနိုင်သည့် အကြီးမားဆုံးငွေကြေးပမာဏပင်။

ထို့ပြင် ဤမျှများပြားသော အင်မော်တယ်ကျောက်တုံးပမာဏကို ဆုံးရှုံးရသည့်အတွက် မိသားစုတစ်စုလုံးမှနေ၍ သူ့ကို ဆူပူကြိမ်းမောင်းကြပေမည်။

ပို၍အရေးကြီးဆုံးအချက်မှာ ယခုလက်ရှိချိန်၌ ဟယ်မိသားစုသည် ငွေကြေးအမြောက်အများသုံးစွဲနေရသည်။ဟယ်မိသားစု၏အသုံးစရိတ်မှအများစုကို နှစ်စဥ်နှစ်တိုင်း ကျင်းထျန်းမျှော်စင်မှ ရရှိခြင်းဖြစ်သည်။

သူ ဤမျှများပြားသော အင်မော်တယ်ကျောက်တုံးပမာဏကို အဆုံးရှုံးမခံနိုင်ချေ။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"မင်းက အဲ့ဒီဓားပေါ်မှာရှိတဲ့အမှတ်အသားအကြောင်းကို ပြောနေတာလား...ဒါက လက်နက်တိုက်ပွဲဖြစ်နေမှတော့ ငါ အဲ့ဒါကိုဖျက်လိုက်တယ်"

အမှတ်အသားဟု ဆိုလိုက်သလော....

ကြားမှစောင့်ကြည့်နေကြသူများအနက်မှ အများစုသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေကြပြီးနောက် ယယ်ကောင်းဖေးသည် မသမာသောနည်းလမ်းကို အသုံးပြုခဲ့ကြောင်း သိရှိသွားကြ၏။

ပြန်တွေးကြည့်ပါက ဟယ်ကောင်းဖေးသည် ဤမှော်လက်နက်များပေါ်တွင် သူ၏ကိုယ်ပိုင်အမှတ်အသားကို ခတ်နှိပ်ထားခြင်းဖြစ်ပေမည်။

ဤတစ်ကြိမ်လက်နက်တိုက်ပွဲ၌ သူကိုယ်တိုင်ပါဝင်တိုက်ခိုက်သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

"မင်းက အမှတ်အသားကိုဖျက်ဆီးလိုက်တယ်ဆိုမှတော့ မင်းရဲ့မှော်လက်နက်ကို မင်းကိုယ်တိုင်ဖျက်ဆီးလိုက်တယ်လို့ အဓိပ္ပါယ်ရတယ်...ဒါက တိုက်ပွဲရဲ့စည်းမျဥ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ...ငါ မင်းကို ဒီငွေတွေ မပေးနိုင်ဘူး"

ဟယ်ကောင်းဖေးက ခြိမ်းခြောက်စကား ပြောဆိုသည်။

ဟယ်ကောင်းဖေး၏လက်အောက်မှ လူတစ်စုကလည်း သံယောင်လိုက်၍ အော်ဟစ်လိုက်ကြ၏။

ဒုတိယထပ်၌ ဧည့်သည်တချို့လည်းရှိနေလေရာ ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့က ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားလိုက်ရသည်။

ကျင်းထျန်းမျှော်စင်သည် မှော်လက်နက်များတွင် သူတို့၏အမှတ်အသားကို ခတ်နှိပ်ထားပြီး တခြားသူများအား ထိုအမှတ်အသားကိုဖျက်ဆီးခွင့်မရှိဟု ဆိုလိုက်သလော....

ဤသည်က မည်ကဲ့သို့စည်းမျဥ်းမျိုး ဖြစ်သနည်း။

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဒါဆိုရင်...မင်းက မင်းရဲ့စကားကို ပြန်ရုတ်သိမ်းချင်တာလား"

ဟယ်​ကောင်းဖေးက ငြင်းဆန်လိုက်၏။

"ငါက ငါ့ရဲ့စကားကို ပြန်ရုတ်သိမ်းတာမဟုတ်ဘူး...မင်းကသာ စည်းမျဥ်းတွေကို အရင်ဆုံးချိုးဖောက်ခဲ့တာလေ"

"တောင်းပန်ပါတယ်...ငါ မင်းရဲ့အမြင်ကိုမလိုအပ်ဘူး"

စကားဆုံးသည်နှင့် လုယွီသည် ရှေ့သို့တန်းတန်းမတ်မတ်လျှောက်သွားပြီး ငွေလက်မှတ်များကိုကောက်ယူကာ နောက်ပြန်လှည့်၍ ထွက်ခွာခဲ့တော့သည်။

"ရပ်လိုက်စမ်း...မင်းက ကျင်းထျန်းမျှော်စင်ရဲ့စည်းမျဥ်းတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့မှတော့...ဒီနေ့ မင်း ဒီအတိုင်းထွက်သွားဖို့ မစဥ်းစားနဲ့"

ဟယ်ကောင်းဖေးက သူ၏လက်ဖြင့်အချက်ပေးသင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ကျင်းထျန်းမျှော်စင်မှနတ်ဆိုးသားရဲအစောင့်များ တဟုန်ထိုးပြေးဝင်လာပြီး လုယွီကို ဟန့်တားလိုက်ကြ၏။

ဤနေရာသို့ရောက်ရှိလာသော အစောင့်များသည် လူသားအသွင်ပုံစံကိုယူထားသော နတ်ဆိုးမှော်သားရဲများဖြစ်ပေ၏။

သူတို့သည် ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံထားကြပြီး သူတို့ထံတွင် နတ်ဆိုးသားရဲများ၏မွေးရာပါအားကောင်းသော ရုပ်ခန္ဓာကိုယ်လည်းရှိနေသည်။ထို့ကြောင့် သူတို့၏ခွန်အားသည် ကျင့်ကြံဆင့်နယ်ပယ်တူလူသားကျင့်ကြံသူများထက် များစွာပို၍သာလွန်သည်။

ထိပ်တန်းမိသားစုကြီးတစ်ချို့သာလျှင် ဤကဲ့သို့နတ်ဆိုးသားရဲအမြောက်အများကို မွေးမြူထားကြ၏။

ဤအချိန်အခိုက်အတန့်တွင် ဒုတိယထပ်ရှိ ပတ်ဝန်းကျင်လေထုအခြေအနေ တင်းမာစပြုလာသည်။

"ငွေတွေ မြန်မြန်လက်လွှဲပေးစမ်း"

ဟယ်ကောင်းဖေးက အံ့တင်းတင်းကြိတ်၍ အော်ဟစ်လိုက်သည်။

ဘန်း...ဘန်း...ဘန်း...

ကျင်းထျန်းမျှော်စင်ဒုတိယထပ်ရှိ တံခါးများနှင့်ပြတင်းပေါက်များအားလုံး ပိတ်သွားလေ၏။

ပထမထပ်သို့ဆင်းသော လှေကားနေရာကိုလည်း မြောက်များစွာသော နတ်ဆိုးမှော်သားရဲများက ပိတ်ဆို့ထားသည်။

ဤကဲ့သို့ အခြေအနေများ တင်းမာနေသဖြင့် ဖေးရှို့ရှို့၏မျက်နှာဖြူရော်နေပြီး သူမက လုယွီ၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုလိုက်၏။

"ရှောင်ယန်း...အသက်က ပိုပြီးအရေးကြီးတယ်...ရှင် မဆင်မခြင်မလုပ်နဲ့"

သို့ရာတွင် လုယွီက ခေါင်းခါပြပြီး သူက နောက်ဆုတ်မည့်အစား ရှေ့သို့လျှောက်လှမ်းသွားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"တကယ်လို့ မင်းက ငါ့ငွေတွေကိုပြန်လိုချင်တယ်ဆိုရင် မင်း ကြိုးစားကြည့်နိုင်တယ်...မင်းရဲ့အဖေက မင်းကိုကယ်တင်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

စကားဆုံးသည်နှင့် လုယွီ၏လက်အတွင်း၌ အဖြူရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။

ထိုတံဆိပ်ပြားပေါ်တွင် တောက်ပသော အနီရောင်စာလုံးများ ရှိနေပေ၏။

'ရွှမ်းဝူ စစ်ဗိုလ်ချုပ်'

ထိုစာလုံးများသည် လေထုအတွင်း၌ နဂါးနှင့်ဖီးနစ်များ ကခုန်နေသည်နှင့်တူညီနေပြီး သတ်ဖြတ်လိုခြင်းအရှိန်အဝါများကို ထုတ်လွှက်နေသည်။

"တော်ဝင်နန်းတော်ရဲ့အရာရှိတံဆိပ်...."

ဟယ်ကောင်းဖေး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

သူ၏ဖခင်သည်လည်း တော်ဝင်နန်းတွင်းမှ အရေးပါသောအရာရှိတစ်ယောက်ဖြစ်သဖြင့် သူသည် အရာရှိတံဆိပ်ပြားများကို အလွန်ရင်းနှီးကျွမ်းဝင်သည်။

တာယွီအင်ပါယာအတွင်းတွင် အရာရှိတံဆိပ်ပြားများကို အတုအယောင်ပြုလုပ်ခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်ပေ၏။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်နန်းတော်မှအရာရှိတစ်ယောက်ကို တိုက်ခိုက်ဝံ့လျှင် ဤသည်က ခွင့်မလွှက်နိုင်သောရာဇဝတ်မှုကြီးဖြစ်သည်။

အထူးသဖြင့် ဤကဲ့သို့အဆင့်မြင့်စစ်ဗိုလ်ချုပ်မျိုးကို သူတိုက်ခိုက်လိုက်ပါက ပုန်ကန်မှုကျူးလွန်သည်ဟုပင် သတ်မှတ်ခံရနိုင်သည်။

ထိုကဲ့သို့အခြေအနေမျိုးနှင့်သာ ရင်ဆိုင်ရပါက အကယ်၍ သူ၏ဖခင် ရောက်ရှိလာလျှင်ပင် သူ့အားကယ်တင်နိုင်မည်မဟုတ်ချေ။

Chapter 1838

"မင်း ဆန္ဒရှိသလိုလုပ်နိုင်တယ်...မင်း ငါ့ကို ထိန်းသိမ်းထားနိုင်မလားလို့ ကြည့်ရသေးတာပေါ့"

လုယွီအား ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးလိုက်သည်။

ကံအကြောင်းမလှစွာဖြင့် ဟယ်ကောင်းဖေး၏လက်အောက်ငယ်သားများအားလုံးသည် နတ်ဆိုးမှော်သားရဲများသာဖြစ်ပြီး ဤနေရာတွင် လေဟာနယ်ဓားပြများ၏အရိပ်အယောင် တစိုးတစိမျှပင်မရှိချေ။

ဟယ်ကောင်းဖေး၏မျက်နှာပေါ်တွင် ဝေခွဲရခက်နေသော အရိပ်အယောင်များထင်ဟပ်နေပြီး သူက အလွန်အမင်းစိတ်လှုပ်ရှားနေပေ၏။နောက်ဆုံး၌ သူသည် သူ့ရှေ့ရှိစားပွဲကို သူ့လက်ဖြင့်ရိုက်ပုတ်ပြီး အော်ဟစ်ရယ်မောကာ ပြောဆိုလိုက်သည်။

"ခုဏက ဒီကဗိုလ်ချုပ်ကို ငါက ပျော်သွားအောင်လို့ ရယ်စရာလုပ်နေတာပါ...အလောင်းအစားကိုအနိုင်ရသွားပြီဆိုမှတော့ ဒီငွေတွေအားလုံးက ဗိုလ်ချုပ်ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပါပြီ"

စကားဆုံးသည်နှင့် သူက ပတ်ဝန်းကျင်ရှိနတ်ဆိုးမှော်သားရဲများကိုစူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ...မင်းတို့အားလုံး သေကုန်ကြတာလား...ဒီသခင်လေးထွက်သွားတော့မယ်ဆိုတာ မင်းတို့မမြင်ကြဘူးလား...မြန်မြန်လမ်းဖယ်ပေးလိုက်ကြစမ်း"

မူလက စုဝေးနေသော နတ်ဆိုးမှော်သားရဲများသည် ထိုအသံကိုကြားသည်နှင့် ချက်ချင်းဆိုသလိုပင် လမ်းဖယ်ပေးလိုက်ကြ၏။

ဟယ်ကောင်းဖေး လမ်းဖယ်ပေးရန် အမိန့်ပေးသည် မပေးသည်ကို ဘေးဖယ်ထားကြပါစို့..အကယ်၍ ဟယ်ကောင်းဖေးမှ လုယွီကို သတ်ဖြတ်ရန် အမိန့်ပေးလျှင်ပင် သူတို့ စဥ်းစားရပေမည်။

တော်ဝင်နန်းတော်မှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော စစ်ဗိုလ်ချုပ်တစ်ယောက်ကို သူတို့ တိုက်ခိုက်လိုက်ပါက သူတို့အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူတို့အားလုံးသေဆုံးရမည်မှာ သေချာပေ၏။

အထူးသဖြင့် သူတို့သည် နတ်ဆိုးသားရဲမျိုးနွယ်ဝင်များဖြစ်ပြီး လူသားများမဟုတ်ချေ။

သူတို့အား သတ်ဖြတ်သုတ်သင်ရန်အတွက် မျိုးနွယ်သုံးစုလုံး၏စစ်ဆေးမှုပင်လိုအပ်မည်မဟုတ်ဘဲ အခန့်မသင့်ပါက သူတို့၏မျိုးနွယ်စုတစ်စုလုံးပင် အမြစ်ပြတ်သုတ်သင်ခံရနိုင်သည်။

ထို့နောက် လုယွီသည် ဖေးရှို့ရှို့ကိုခေါ်ဆောင်၍ ကျင်းထျန်းမျှော်စင်မှ ထွက်ခွာခဲ့တော့သည်။

လုယွီ ထွက်ခွာသွားပြီးနောက် ဟယ်ကောင်းဖေးသည် သူ့ရှေ့ရှိစားပွဲကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်၏။

"ရှန့်လင်းမြို့မှာရှိတဲ့ စစ်ဗိုလ်ချုပ်မှန်သမျှ ငါ မသိတာ တစ်ယောက်မှမရှိဘူး...ဒီရွှမ်းဝူစစ်ဗိုလ်ချုပ်က ဘယ်အချိန်က ရောက်လာတာလဲ...လာကြစမ်း...သူ့အကြောင်းကို ခုချက်ချင်းသွားစုံစမ်းကြစမ်း"

ဟယ်ကောင်းဖေးက ဒေါသတကြီး အော်ငေါက်လိုက်၏။

မကြာမီမှာပင် ကျင်းထျန်းမျှော်စင်မှသူလျှိုများက လုယွီ၏အကြောင်းများကို ယူဆောင်လာတော့သည်။

ဤမနက်ခင်းတွင် တော်ဝင်စစ်ရေးဌာနမှသံတမန် ရှန့်လင်းမြို့သို့ ရောက်ရှိလာမှုသည် လူအမြောက်အများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် လုယွီနှင့်ပတ်သတ်သောသတင်းအချက်အလက်များသည် လွယ်လင့်တကူ ရရှိနိုင်ပေ၏။

"ဒါဆို သူက ဖေးမိသားစုကိုကယ်တင်ခဲ့လို့ တပ်စုမှူးအဆင့်ကနေ ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်အထိ ရာထူးတိုးသွားခဲ့တာပေါ့...သူက တော်တော် ကံကောင်းတဲ့ကောင်ပဲ"

ဟယ်ကောင်းဖေးက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။

အကယ်၍ လုယွီသည် တပ်စုမှူးအဆင့်သာရှိပါက ယနေ့တွင် သူသည် ကျင်းထျန်းမျှော်စင်မှနေ၍ အသက်ရှင်ရက်ထွက်သွားနိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"အရင်တုန်းက သူ မှော်လက်နက်ကိုထိန်းချုပ်နေတဲ့အချိန်မှာ သူက ကံကောင်းမှုကိုမှီခိုပြီး အနိုင်ရသွားခဲ့တာ...သူက ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးကိုရထားပေမယ့် သူက အားကောင်းတဲ့ကောင်မဟုတ်ဘူး"

"အမ်...အဲ့ဒါအမှန်ပဲလား"

ဟယ်ကောင်းဖေးက သူ၏မျက်လုံးကိုထောင့်ကပ်၍ မေးမြန်းသည်။

"သူ စစ်ဗိုလ်ချုပ်ရာထူးကိုရသွားတဲ့ အဓိကအကြောင်းအရင်းက ဖေးထျန်ကွမ်းကြောင့်ပဲ...ဖေးထျန်ကွမ်းနဲ့ စစ်ရေးအမတ်ကြီးသီကျန်းက မိတ်ဆွေဟောင်းတွေ...တကယ်လို့ သီကျန်းကသာ ဆန္ဒရှိတယ်ဆိုရင် တပ်စုမှူးတစ်ယောက်ကို ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ်ရာထူးတိုးပေးတာက အရမ်းလွယ်ကူတဲ့ကိစ္စပဲ"

"သူက စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုပေမယ့် တပ်စုမှူးအဆင့်ကနေ တိုက်ရိုက်ရာထူးတိုးသွားခဲ့တာ...သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်လောက်အထိမြင့်မားနိုင်မှာမလို့လဲ...သူ မြို့ထဲကနေထွက်သွားတာနဲ့ ကျွန်တော်က တစ်ယောက်ယောက်ကိုလွှက်ပြီး သူ့ကိုအပြတ်ရှင်းခိုင်းလိုက်မယ်"

အနက်ရောင်ဝတ်စုံဝတ်လူက တီးတိုးပြောဆိုသည်။

ဟယ်ကောင်းဖေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ကောင်းတယ်...ကောင်းတယ်...မော့ခါ..တကယ်လို့ မင်း ငါ့ကို ဒီကိစ္စကူညီပေးပြီးတာနဲ့...နောင်တစ်ချိန် ငါ့အဖေ အောင်မြင်လာတဲ့အချိန်ကျရင် မင်းကို ရှုရာဘုရင်အသစ်ဖြစ်လာအောင် ကူညီပေးမှာသေချာတယ်"

ကျင်းထျန်းမျှော်စင်၏ပြင်ပ၌...

"အကိုရှောင်..ရှင် ဘယ်အချိန်ကစပြီး ရွှမ်းဝူစစ်ဗိုလ်ချုပ် ဖြစ်သွားတာလဲ"

ဖေးရှို့ရှိုက လုယွီကို ကြည်ညိုလေးစားသောအကြည့်ဖြင့် ကြည့်နေလေသည်။

နှိုင်းယှဥ်ကြည့်ပါက ကောယင်ကျဲနှင့်ရှောင်ယန်းသည် အလွန်ကွဲပြားခြားနားသည်။တစ်ယောက်သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် တော်ဝင်နန်းတွင်းမှ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ တခြားတစ်ယောက်သည် ပြင်ပမှကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။

လုယွီသည် ဖေးရှို့ရှို့၏စကားကို မကြားသကဲ့သို့ပြုမူနေပြီး သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သူ၏နောက်ဘက်သို့ စုံစမ်းထောက်လှမ်းလိုက်၏။

ကျင်းထျန်းမျှော်စင်မှ သူထွက်ခွာလာသည့်အချိန်တွင် သူ၏နောက်သို့ လူဆယ်ယောက်ကျော်ခန့် နောက်ယောင်ခံလိုက်နေသည်။

သို့ရာတွင် လုယွီသည် အနည်းငယ်မျှပင်အာရုံစူးစိုက်မှုမရှိဘဲ သူတို့ကို သတိမပြုမိသကဲ့သို့သာ ဟန်ဆောင်နေပေ၏။

သူ၏ရည်ရွယ်ချက်သည် ကျင်းထျန်မျှော်စင်အတွင်းမှ လေဟာနယ်ဓားပြများနှင့်ရှုရာမျိုးနွယ်များကို မျှားခေါ်ထုတ်ရန်ဖြစ်သည်။

ထိုအချိန်မှာပင် ရုတ်တရက် အစေခံတစ်စုက အဝေးမှနေ၍ အပြေးရောက်လာကြသည်။

"သခင်မလေး..."

ထိုအစေခံများသည် ဖေးရှို့ရှို့ကိုမြင်သည်နှင့် အရိုအသေပြုလိုက်ကြ၏။သူတို့အားလုံးက ဖေးအိမ်တော်မှအစေခံများဖြစ်သည်။

"နင်တို ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"

ဖေးရှို့ရှို့၏မျက်ခုံးများ မြင့်တက်သွားပြီး သူမက မေးမြန်းလိုက်သည်။

Chapter 1839

"ငါ နင်တို့ကို ပြောပြီးပြီလေ...ဒီနေ့ ငါ အပြင်မှာ လုပ်စရာတစ်ခုရှိနေတယ်...နင်တို့ အရင်ဆုံးပြန်သွားကြတော့"

ဖေးရှို့ရှို့က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

ဤသည်က သူမ၏ဖခင်သည် သူမအား အိမ်သို့ပြန်လာရန် ခေါ်ဆောင်ခိုင်းလိုက်ခြင်းသာဖြစ်ပေမည်။သူမ အပြင်ထွက်သည့်အချိန်တိုင်း သူမ၏ဖခင်သည် စိုးရိမ်ပူပန်စွာဖြင့် အိမ်တော်မှအစေခံများကိုစေလွှက်လေ့ရှိသည်။

ဤတစ်ကြိမ်တွင်လည်း ယခင်အကြိမ်များကဲ့သို့ဖြစ်နေမည်ကို သူမ စိုးရိမ်ပူပန်နေမိ၏။

အစေခံများသည် အချိန်တခဏကြာကြက်သေသေပြီးနောက် သူတို့၏လက်များကို အလျှင်အမြန်ခါယမ်း၍ ပြောဆိုသည်။

"သခင်မလေး...ကျွန်တော်တို့ ဒီနေရာကိုရောက်လာတာက အရာရှိရှောင်ကို စကားစမြည်ပြောဆိုဖို့အတွက် အိမ်တော်ကိုကြွရောက်ဖို့ သခင်ကြီးကဖိတ်ကြားခိုင်းတာပါ"

အစေခံက လုယွီဘက်သို့လှည့်၍ ဆက်လက်ပြောဆိုသည်။

"ပြီးတော့ အုပ်ချုပ်သူအရှင်လီကလည်း အိမ်တော်မှာ ဧည့်သည်အဖြစ်ရောက်နေပါတယ်....အုပ်ချုပ်သူအရှင်လီကလည်း အရာရှိရှောင်ကို တွေ့ချင်နေတယ်"

ရှောင်ယန်းကို လာရောက်ဖိတ်ကြားခြင်းဟု ဆိုသလော....

ဖေးရှို့ရှို့က အနည်းငယ်အံ့အားသင့်သွားသည်။သူမ၏ဖခင်သည် တခြားသူများကို ဖိတ်ကြားသည်မှာ အလွန်အမင်းရှားပါးပေ၏။အုပ်ချုပ်သူလီလုံချင်းကို ဖိတ်ကြားသည်မှာ သူမ နားလည်လက်ခံ၍ရသော်လည်း ရှောင်ယန်းကိုဖိတ်ကြားခြင်းမှာ မည်သည့်ကိစ္စကြောင့်ဖြစ်သနည်း။

ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံ၌ မှောင်ရီပျိုးစပြုနေလေပြီ။

လုယွီသည် ဖေးအိမ်တော်မှရထားလုံးကိုစီးနင်းလိုက်ပါခဲ့ပြီး မကြာမီမှာပင် ဖေးအိမ်တော်သို့ ရောက်ရှိခဲ့သည်။

ယနေ့ညတွင် ဖေးအိမ်တော်တစ်ခုလုံး လင်းထိန်တောက်ပနေသည်။မြောက်များစွာသော အစေခံများသည် ရှေ့နောက်သွားလာလှုပ်ရှားနေကြပြီး ညစာစားပွဲအတွက် ပြင်ဆင်နေကြ၏။

ဖေးထျန်ကွမ်းသည် တော်ဝင်မြို့တော်၌ အရာရှိတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး သူ၏ဇာတိမြေ၌ ခမ်းနားထည်ဝါသောအိမ်တော်တစ်လုံးကို ပိုင်ဆိုင်ထားသည်။အမှန်အားဖြင့် ဤကဲ့သို့အိမ်တော်မျိုးသည် ကျင့်ကြံသူတစ်ယောက်အတွက် အရေးပါသောအရာများမဟုတ်ချေ။

ညစာစားပွဲ၌ ဖေးထျန်ကွမ်းနှင့်လီလုံချင်းတို့သည် ဝိုင်အရက်များသောက်သုံးပြီး စကားစမြည်ပြောဆိုနေကြ၏။

လုယွီ ရောက်ရှိလာသည်ကိုမြင်သည်နှင့် သူတို့နှစ်ယောက်က သူ့အား စားပွဲသို့လာရန် အလျှင်အမြန်ဖိတ်ခေါ်လိုက်ကြသည်။

"ဗိုလ်ချုပ်ရှောင်ကတော့ တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ...တကယ်လို့ မင်းသာမရှိခဲ့ရင် ငါတို့ဖေးမိသားစုကလူတစ်ယောက်မှ အသက်ရှင်ရက် သူတော်စင်ပင်လယ်ကြယ်နယ်မြေကိုရောက်လာနိုင်မှာမဟုတ်ဘူး...ဗိုလ်ချုပ်ရှောင်...ငါနဲ့အတူ ဂုဏ်ပြုအရက်သောက်ကြရအောင်"

ဖေးထျန်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်းပြောဆိုကာ သူ၏ခွက်ကို လုယွီထံဦးနည်၍ မြှောက်လိုက်၏။

လုယွီက ဝိုင်အရက်အားလုံးကိုတစ်ကျိုက်တည်းဖြင့်မော့သောက်ပြီး နှိမ့်ချခြင်းမရှိ မောက်မာခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုသည်။

"သခင်ကြီးဖေးက အရမ်းယဥ်ကျေးပျူငှါတာပဲ...ကျွန်တော်က တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ရုံပါပဲ"

ဖေးထျန်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဗိုလ်ချုပ်ရှောင်...မင်းက ငယ်ရွယ်တဲ့အသက်အရွယ်မှာတင် ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးကို ခန့်အပ်ခံထားရပြီ...ရှေ့လျှောက် မင်းရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"

ထိုစကားဆုံးသည်နှင့် ဖေးထျန်းကွမ်းက သိချင်စိတ်ပြင်းပြနေပုံဖြင့် ရုတ်တရက်မေးမြန်းလေ၏။

"တကယ်တော့ ငါ တစ်ခုမေးချင်တာရှိတယ်...ဗိုလ်ချုပ်ရှောင်ရဲ့ခွန်အားက အရမ်းသန်မာအားကောင်းပြီးတော့ မြေကမ္ဘာအင်မော်တယ်တွေနဲ့တောင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်တယ်...ဘာလို့ တပ်စုမှူးအဆင့်နဲ့ တော်ဝင်စစ်တပ်ထဲကို ဝင်ခဲ့တာလဲ"

လီလုံချင်းကလည်း ထိုကိစ္စကို အလွန်အမင်း သိရှိလိုသည်။မည်သို့ပင်ဆိုစေကာမူ လုယွီ၏ခွန်အားအရ မည်သည့်နည်းနှင့်မျှ တပ်စုမှူးတစ်ယောက်မဖြစ်သင့်ချေ။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ကျွန်တော် စစ်တပ်ထဲကိုဝင်တဲ့အချိန်တုန်းက ဘာစစ်ရေးအောင်မြင်မှုမှမရှိသေးဘူး...ဒါကြောင့် တပ်စုမှူးအဆင့်နဲ့ စတင်ခဲ့တာပါ"

"မိုးကြိုးဝေလဦးရီးတော် ရှားဟိုလီမလား...ဟမ့်..သူက အရမ်းကိုရှေးရိုးဆန်တဲ့လူ...ပြန်တွေးကြည့်ရင် သူတို့တွေက အရာရှိနေရာတွေမှာ စစ်ရေးအောင်မြင်မှုတွေကိုကြည့်ပြီး ရာထူးအဆင့်တွေခန့်အပ်ကြတယ် ..သူတို့က စည်းမျဥ်းအတိုင်း တသမတ်တည်းလုပ်ဆောင်ပြီးတော့ ဘယ်လိုလိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်ဆိုတာ မသိကြဘူး....မင်းရဲ့ခွန်အားနဲ့ဆိုရင် တကယ်လို့ မင်းမှာစစ်ရေးအောင်မြင်မှုမရှိတောင် အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့ စတင်သင့်တယ်...မင်းလိုလူမျိုးကို တပ်စုမှူးအဆင့်မှာထားတာက တကယ့်ကို အသုံးမကျတဲ့လုပ်ရပ်ပဲ...သူ့လိုလူမျိုးကို စစ်တပ်တစ်တပ်ကိုဦးဆောင်ခိုင်းထားတာက အရမ်းကိုရူးသွပ်မိုက်မဲတဲ့ကိစ္စပဲ"

လီလုံချင်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ဆက်လက်ပြောဆိုသည်။

"ကံဆိုးချင်တော့ ဗိုလ်ချုပ်ရှောင်က ငါ့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိခဲ့ဘူး...မဟုတ်လို့ကတော့ ဘာကိစ္စပဲရှိနေပါစေ ငါက ရှားဟိုလီဆီကနေ ဗိုလ်ချုပ်ရှောင်ကို အရယူခဲ့မှာပဲ"

သူ့ကဲ့သို့သော နယ်စပ်မှအုပ်ချုပ်သူတစ်ယောက်သာ ဤကဲ့သို့စကားမျိုး ပြောဆိုဝံ့ပေမည်။

ထိုသို့မဟုတ်ဘဲ နန်းတွင်းမှတခြားလူများသာ ဤစကားမျိုးပြောဆိုပါက မရိုမသေမလေးမစားပြုမှုဖြင့် အပြစ်ပေးခံရပေမည်။

ဝိုင်အရက်သုံးလှည့်ခန့်သောက်သုံးပြီးနောက် လုယွီက သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏ပတ်ဝန်းကျင်အခြေအနေနှင့် ပတ်သတ်သည့်အကြောင်းများကို စတင်၍ပြောဆိုလိုက်သည်။

သာမာန်အားဖြင့် လီလုံချင်း သူ့ကိုပြောဆိုသမျှသည် အရေးမပါသောကိစ္စရပ်များသာဖြစ်သည်။သို့ရာတွင် လုယွီသည် ရှုရာမျိုးနွယ်များနှင့်ပတ်သတ်သည့်ကိစ္စကို စုံစမ်းချိန်တွင် လီလုံချင်းက အကြိမ်အနည်းငယ်ခန့်ချောင်းဆိုးပြီး များစွာပြောဆိုခြင်းမရှိချေ။

လီလုံချင်း ပို၍ဖုံးကွယ်ပြောဆိုသည်နှင့်အမျှ လုယွီက လီလုံချင်းသည် အသူရာနယ်မြေ၏ပုန်ကန်မှုနှင့် တစ်စုံတစ်ခုဆက်စပ်နေမည်ကို ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။

"ဗိုလ်ချုပ်ရှောင်...ဒီတစ်ကြိမ် ဖေးမိသားစုကို မင်းကယ်တင်ပေးခဲ့တာအတွက် ငါ မင်းကို အရမ်းကျေးဇူးတင်တယ်"

ဖေးထျန်ကွမ်းက ရုတ်တရက် သေတ္တာတစ်လုံးကို လုယွီ၏လက်အတွင်းသို့ထည့်ပေးပြီး ပြောဆိုလိုက်၏။

"ငါက ဒါကို ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုကနေ ရှာတွေ့ခဲ့တာ...ဒါပေမယ့် ဒီပစ္စည်းကိုအသက်ဝင်စေဖို့အတွက် ငါ့မှာဘာနည်းစနစ်မှမရှိဘူး..ဒါကို ငါ့လက်ထဲမှာထားရင် အမှိုက်တစ်ခုသာသာပဲဖြစ်နေမှာ...ငါ မင်းကို ပေးလိုက်တာ ပိုကောင်းလိမ့်မယ်"

လုယွီက သေတ္တာကိုဖွင့်လိုက်သည်နှင့် လေဟာနယ်သင်္ဘောအတွင်းရှိ လျှို့ဝှက်ခန်းအတွင်း၌ သူ မြင်တွေ့ခဲ့ရသော ရွှံစေးမျောက်ရုပ်ထု ထွက်ပေါ်လာသည်။

Chapter 1840

"ဒီရွှံစေးမျောက်ရုပ်ထုကို ကြည့်ရတာ နှစ်တွေအကြာကြီး ဖြတ်ကျော်လာခဲ့ပြီးပုံရတယ်...ငါက အချိန်အတော်ကြာအောင် စူးစမ်းလေ့လာခဲ့တာတောင်မှ အဲ့ဒီအရာရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ထွင်းဖောက်မမြင်နိုင်ဘူး"

လီလုံချင်းက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေပြီး ဤရွှံစေးမျောက်ရုပ်ထုကို အလွန်အမင်းစိတ်ဝင်စားနေသည်မှာ သိသာထင်ရှားလှ၏။

သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် ထိုအရာအား ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။ဤရွှံစေးမျောက်ရုပ်ထုသည် သာမာန်ထက်သာလွန်သောအရာတစ်ခုဖြစ်မည်မှာ တိကျသေချာသည်။

လုယွီသည် ရွှံစေးမျောက်ရုပ်ထုကိုယူဆောင်၍ ဖေးထျန်ကွမ်းကို ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

လုယွီ၏စိတ်ဝိညာဥ်သည် တာအိုသခင်အဆင့်ဖြစ်သဖြင့် သူသည် ဤရွှံစေးမျောက်ရုပ်ထုအတွင်း၌ ရှိနေသောအရာတချို့ကို ထွင်းဖောက်မြင်နိုင်သော စွမ်းရည်ရှိသည်။

သို့ရာတွင် လီလုံချင်းသည် သူ၏အနီးအနား၌ ရှိနေပေ၏။ရွှယ်အင်မော်တယ်ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် လုယွီသည် သူ၏ခွန်အားအကုန်အစင်ကို ချပြရန်ရည်ရွယ်ချက်မရှိချေ။

ထိုသို့မဟုတ်ပါက သူ့အား တစ်ဖက်ရန်သူများမှ သတိပြုမိသွားနိုင်သည်။

ညစာစားပွဲ၏အဆုံးသတ်ချိန်၌ လီလုံချင်းက အပြုံးနှင့်ပြောဆိုသည်။

"ဗိုလ်ချုပ်ရှောင် မင်းရဲ့တာဝန်က ပြီးဆုံးသွားပေမယ့် မင်းမှာအတွင်းဒဏ်တချို့ရှိနေတုန်းပဲ...မင်း ရှန့်လင်းမြို့မှာပဲ ရက်နည်းနည်းလောက်ထပ်နေတာ ပိုကောင်းလိမ့်မယ်...နောက်ရက်အနည်းလောက်ကြာရင် ငါလည်းပဲ အုပ်ချုပ်သူတာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်"

လီလုံချင်းသည် ကြယ်မြစ်အုပ်ချုပ်သူဖြစ်ပြီး လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်သာရှိသဖြင့် သူတို့နှစ်ယောက်အကြားတွင် ရာထူးအဆင့်အတန်းအလွန်ကွာခြားသည်။

"ဒီနေရာက မင်းထွက်မသွားခင် ငါ မင်းကိုရှင်းရှင်းလင်းလင်းသိအောင် တစ်ခုပြောခဲ့မယ်...ငါက မင်းရဲ့အရည်အချင်းကို အရမ်းသဘောကျတယ်...မင်း ဘာတွေတွေးနေလဲဆိုတာကိုလည်း ငါ သိတယ်...တကယ်လို့ မင်းသာ ငါ့ရဲ့လက်အောက်ကိုလာမယ်ဆိုရင် ငါက မင်းရဲ့အနာဂတ်ကို ကန့်သတ်ထားမှာမဟုတ်ဘူး...တကယ်လို့ မင်းက နောင်တစ်ချိန်မှာ မဟာစစ်ဗိုလ်ချုပ်အဆင့် ဒါမှမဟုတ် အမတ်ကြီးအဆင့်ထိရောက်သွားမယ်ဆိုရင်တောင် ငါ အကောင်းဆုံးကြိုးစားပြီး မင်းကို ကူညီထောက်ပံပေးမယ်"

"ပြီးတော့...တကယ်လို့ မင်း ငါ့နောက်ကိုလိုက်မယ်ဆိုရင်...ငါ့မှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံနည်းစနစ်တွေနဲ့အင်မော်တယ်ကျောက်တုံးတွေရှိတယ်....လော့ရွှေကြယ်မြစ်က နယ်စပ်နဲ့အရမ်းနီးကပ်နေတော့ အသူရာနယ်မြေက ငါတို့နယ်မြေကို အရမ်းမျက်စေ့ကျနေတယ်...ဒီနေရာမှာ မင်းရဲ့စစ်ရေးအောင်မြင်မှုက နိမ့်ကျမှာမဟုတ်ဘူး...ဒါက မင်းရဲ့ကျင့်ကြံမှုအတွက်ပဲဖြစ်ဖြစ် အနာဂတ်အတွက်ပဲဖြစ်ဖြစ် အကျိုးကျေးဇူးကြီးကြီးမားမားရလိမ့်မယ်"

လုံလီချင်းသည် သူ၏အတွေးများကို လုယွီအား တဲ့တိုးပင်ပြောဆိုလိုက်၏။

သူ၏ရာထူးအဆင့်အတန်းဖြင့် သူ၏စိတ်အတွင်းမှအတွေးများကိုဖုံးကွယ်ပြီး ဟန်ဆောင်ပန်ဆောင်ပြောနေရန် မလိုအပ်ချေ။သူက အရာအားလုံးဖွင့်ဟပြောဆိုပြီး လုယွီကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးလိုက်သည်။

ထိုအချိန်မှာပင် လုယွီ၏ခါးရှိတံဆိပ်ပြားမှနေ၍ ရုတ်တရက် ပူနွေးသောအရှိန်အဝါများကို ထုတ်လွှက်လာခဲ့သည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံ ထိုတံဆိပ်ပြားပေါ်သို့ကျရောက်သွားချိန်တွင် သူက ချက်ချင်းပင် စစ်ရေးအမိန့်တစ်ခုကို လက်ခံရရှိလိုက်၏။

"အုပ်ချုပ်သူအရှင်...ကျွန်တော် တောင်းပန်ပါတယ်...စစ်ရေးအမိန့် ရောက်လာပြီ...ကျွန်တော် ခုချက်ချင်း စစ်စခန်းကိုပြန်ရမယ်"

လုယွီက တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

တာယွီတော်ဝင်စစ်တပ်၏စည်းမျဥ်းများအရ စစ်ရေးမိန့်တစ်ခု ရောက်ရှိလာပါက အကယ်၍ တစ်စုံတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ စစ်စခန်းသို့ ပြန်လည်ရောက်ရှိမလာပါက ချွင်းချက်မရှိ သုတ်သင်ခံရပေမည်။

လီလုံချင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး နောင်တရနေသောလေသံဖြင့် ​ရေရွတ်လိုက်သည်။

"ကြည့်ရတာတော့ မင်းနဲ့ငါကြားမှာ ကံကြမ္မာရေစက်မရှိပုံပဲ"

လုယွီသည် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း တွေးတောစဥ်းစားပြီးဖြစ်ပေ၏။ယခုလက်ရှိချိန်၌ လီလုံချင်းသည် မြင့်မားသောအဆင့်အတန်းနှင့် အခွင့်အာဏာရှိပုံရသော်လည်း သူ၏မူလရည်ရွယ်ချက်နှင့် သွေဖယ်နေသည်။

လီလုံချင်း၏တန်ဖိုးထားခြင်းနှင့်အတူ သူသည် အချိန်တိုအတွင်း ရာထူးအဆင့်များစွာကို ကျော်လွှား၍တိုးတက်နိုင်ပေမည်။သို့ရာတွင် ဤသည်က တာယွီတော်ဝင်နန်းတွင်းတွင် သူ၏အဆင့်အတန်းကို လျှင်မြန်စွာတိုးတက်စေနိုင်မည့် ဖြတ်လမ်းနည်းမဟုတ်ချေ။

စစ်ရေးအမိန့်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စောင့်ဆိုင်းမည်မဟုတ်ချေ။ညစာစားပွဲအပြီး ညအချိန်မှာပင် လုယွီက ထွက်ခွာခဲ့တော့သည်။

လုယွီ ထွက်ခွာခဲ့စဥ်အချိန်တွင် လီလုံချင်းသည် အစေခံများနှင့်အစောင့်များ ဆယ်ယောက်ကျော်ပါဝင်သော လေဟာနယ်သင်္ဘောငယ်တစ်စီးကို အထူးသီးသန့်လက်ဆောင်အဖြစ်ပေးခဲ့သည်။ထိုအခြင်းအရာမှနေ၍ လီလုံချင်းသည် အလွန်ကြင်နာသနားတက်သူဖြစ်ကြောင်း ညွှန်ပြနေပေ၏။

ဤလေဟာနယ်သင်္ဘောငယ်ကို ပြင်ပလောကတွင် အလွန်အမင်းအဖိုးတန်ရှားပါးသည်ဟု ဆိုနိုင်သော်လည်း လော့ရွှေကြယ်မြစ်အုပ်ချုပ်သူအတွက်မူ အသေးအဖွဲကိစ္စတစ်ရပ်ပင်။

ဤသည်က လုယွီကို မျက်နှာသာပေးခြင်းဟုလည်း ဆိုနိုင်သည်။

လေဟာနယ်သင်္ဘောငယ်သည် ကြယ်မြစ်အတွင်း၌ ရွေ့လျားသွားလာနေသည်။

အကယ်၍ ဤအရှိန်နှုန်းအတိုင်းဆက်လက်သွားလာပါက သုံးရက်ခန့်အကြာတွင် စစ်စခန်းသို့ရောက်ရှိပေမည်။

ဤအချိန်အတောအတွင်းတွင် လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို လေ့လာဆင်ခြင်နေပေ၏။

"ငါ နည်းနည်းတော့ သတိထားရမယ်...ဒီအထဲမှာ ဘာကိုဖုံးကွယ်ထားလဲဆိုတာ ငါ မမြင်နိုင်ဘူး"

လုယွီက တီးတိုးရေရွတ်ပြီး သူ၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။

သူ၏စိတ်ဝိညာဥ်သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုဆက်ခံစဥ်အချိန်တွင် ထိန်းညှိသန့်စင်ပေးခြင်း ခံထားရသဖြင့် ရှေးဟောင်းလောကီအင်မော်တယ်များထက် များစွာပို၍သာလွန်သည်။

သို့ရာတွင် လုယွီသည် ရွှံစေးမျောက်ရုပ်ထု၏မျက်နှာပြင်ကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထွင်းဖောက်သည့်အချိန်တိုင်း အတွင်းရှိတစ်စုံတစ်ခုမှ သူ၏နတ်ဘုရားစိတ်အာရုံကို တွန်းထုတ်နေသည်အား ခံစားမိသည်။

"ထားလိုက်တော့...ဒါက ရှေးဟောင်းပစ္စည်းတစ်ခုပဲဖြစ်မယ်...ဖေးထျန်ကွမ်းက ဒါကို ငါ့ဆီပေးခဲ့မှတော့...သူ့ဆီမှာလည်း ဒါကိုဖွင့်နိုင်မယ့်နည်းလမ်း ရှိမှာမဟုတ်ဘူး"

လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို နံဘေးသို့ဖယ်၍ ထိုအရာပေါ်၌ စည်းတံဆိပ်ခတ်နှိပ်လိုက်သည်။

ထိုအရာပေါ်တွင် သူ၏စည်းတံဆိပ်ခတ်နှိပ်ထားသဖြင့် သူမှတပါး တခြားမည်သူမျှ ရွှံစေးမျောက်ရုပ်ထုကိုဖွင့်နိုင်မည်မဟုတ်ချေ။

All Chapters