← Chapters

အခန်း (၃၇၆-၃၇၇)

Vol. 32 Ch. 376-377

အခန်း (၃၇၆-၃၇၇)

Vol. 32 Ch. 376-377

အခန်း ၃၇၆ : မှော်ဂိုဏ်း

"ငါက အလုံးစုံသိမြင်ဂိုဏ်းရဲ့ လုံခြုံရေးခေါင်းဆောင်တစ်ယောက်ပဲ... မင်းတို့ပြဿနာ မင်းတို့ဘာသာ ရှင်းကြ... ငါ ဝင်မပါဘူး"

လူလတ်ပိုင်းကြီးက ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ပြီး နံဘေးတစ်ဖက်သို့ ရှောင်ထွက်သွားသည်။

တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးခြင်းသည် အားလပ်နေသောသူများ၏အလုပ်သာဖြစ်ပြီး သူနှင့် မသက်ဆိုင်ချေ။

"အရှင်... ဆုံးဖြတ်ချက်မချခင် ငါ ပြောတာကို နားထောင်ပေးပါအုံး..."

အဘိုးအိုက အံ့တင်းတင်းကြိတ်ပြီး ကျန်းရွှမ်ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။

"သူ့ဆီမှာ ငါ့ရဲ့ကံကြမ္မာချပ်ပြားနှစ်ထောင် ရှိနေတယ်... တကယ်လို့ အရှင်ကသာ အဲ့ဒါတွေကို ပြန်ရအောင် ကူညီပေးမယ်ဆိုရင် ဒါတွေအားလုံး အရှင့်ကို ပေးအပ်ပါ့မယ်... ငါနဲ့ငါ့ရဲ့မြေးကတော့ ငွေပြန်ရှာဖို့ အချိန်ရအောင်... နေစရာနေရာလေးနဲ့ ရိုးရှင်းတဲ့ စားစရာလေး နည်းနည်းရဖို့ကိုပဲ တောင်းဆိုပါတယ်..."

"ကံကြမ္မာချပ်ပြားနှစ်ထောင်လား...."

လူလတ်ပိုင်းကြီး၏မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်း အမှန်အတိုင်း ပြောနေတာလား"

ထျန်းလီမြို့၌ ကုန်ဈေးနှုန်းများ မြင့်မားသဖြင့် ကံကြမ္မာချပ်ပြားနှစ်ထောင်ဆိုသည်မှာ လက်ရှိမြို့နေလူများအတွက်ပင် ကြီးမားသော ပမာဏတစ်ခု ဖြစ်ပေ၏။

သူသည် လစာတစ်ခုတည်းကိုသာ အားကိုးမည်ဆိုပါက ထိုပမာဏကိုရရှိရန် ဆယ်နှစ်ခန့် ကြာမြင့်နိုင်သည်။

ယခုချိန်၌မူ တရားမျှတမှုရအောင် ကြားဝင်စေ့စပ်ပေးရုံဖြင့် ထိုအရာအားလုံးကို သူ ရရှိနိုင်မည်။ ထိုကြောင့် သူ စိတ်မဝင်စားဟုပြောလျှင် လိမ်ညာရာ ကျပေလိမ့်မည်။

"ငါက ဒီနေရာမျိုးမှာ ရှေ့ကိုထွက်ပြီးပြောရဲမှတော့ ဘယ်လောက်ထိ မှန်ကန်လဲဆိုတာ အရှင်က ယုံကြည်လို့ရပါတယ်.. တကယ်လို့ အရှင်က မယုံကြည်ရင် ကောင်းကင်ကံကြမ္မာကျိန်စာကိုတောင် ကျွန်တော်က ကျိန်ဆိုရဲပါတယ်..."

အဘိုးအိုက ပျာပျာသလဲ ပြောဆိုသည်။

လူလတ်ပိုင်းကြီးသည် စဉ်းစားတွေးတောလိုက်၏။ သူ စကားပြောဆိုရန် ဟန်ပြင်လိုက်ချိန်မှာပင် အနီးနားရှိ အစောင့်တစ်ဦးက ချက်ချင်းလျှောက်လှမ်းလာပြီး မျက်နှာချိုသွေးကာ ပြောဆိုသည်။

"ခေါင်းဆောင်စု... ဒီအဘိုးအိုက တကယ့်ကို မတရားခံရတဲ့ပုံပဲ... သူ့အတွက် တရားမျှတမှုကို ရအောင်ယူပေးတာက အမှန်တရားကို ဖော်ထုတ်ပေးတာမို့လို့ ကောင်းမှုပြုတာပါပဲ... ခေါင်းဆောင်က ငြင်းပယ်လိုက်ရင် လူတွေအများကြီးက စိတ်ပျက်သွားမှာကို စိုးရိမ်ရတယ်..."

"ဟုတ်တယ် ခေါင်းဆောင်... ခေါင်းဆောင်က ဝင်မပါချင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်... ဒါပေမဲ့ ဒါက ဝင်ပါတာ မဟုတ်ဘူး... ဒီလို အနိုင်ကျင့်ပြီး လုယက်တာမျိုးသာ ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းခွဲမှာ ဖြစ်ပျက်ခဲ့ရင် ဂိုဏ်းကအကြီးအကဲတွေ သေချာပေါက် ဒေါသထွက်သွားလိမ့်မယ်..."

နောက်ထပ် အစောင့်တစ်ဦးကလည်း အလျင်စလို ဝင်ရောက်ပြောဆိုသည်။

"မင်းတို့ပြောတာ... အဓိပ္ပါယ်ရှိတယ်"

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းဆောင်စုသည် သူ၏လက်အောက်ငယ်သားနှစ်ဦးကို ကျေနပ်အားရစွာ ကြည့်လိုက်၏။

'ဒီလို ထိုးထွင်းသိမြင်မှုရှိတဲ့ လူမျိုးတွေကို နောက်ပိုင်းကျရင် ကောင်းကောင်း မြှောက်စားရမယ်...'

"ကောင်းပြီလေ... ဒီကိစ္စကို ငါက တာဝန်ယူဖြေရှင်းပေးမယ်"

ခေါင်းဆောင်စုက မတတ်သာသည့်အမူအယာဖြင့် ခေါင်းညိတ်လိုက်ပြီး အဘိုးအိုဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ...."

အဘိုးအိုက ထပ်မံ၍ ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"အလုံးစုံသိမြင်ဂိုဏ်းရဲ့ ကျီးလင်မြို့ဂိုဏ်းခွဲမှာတုန်းက ဒီလူက ငါ့ရဲ့ကံကြမ္မာချပ်ပြားနှစ်ထောင်ကို ယူသွားပါတယ်... အခုနေရာမှာရှိနေတဲ့လူတိုင်း ဒီကိစ္စကို သက်သေခံနိုင်ပါတယ်... တကယ်လို့ ဒါက မမှန်ဘူးဆိုရင် ငါက ကောင်းကင်ကံကြမ္မာရဲ့ အပြစ်ပေးမှုကို ခံယူရပြီးတော့ ဒီဘဝမှာ ဘယ်တော့မှ ကံကြမ္မာဆရာသခင် မဖြစ်ပါစေနဲ့..."

အဘိုးအိုသည် ကောင်းကင်ကံကြမ္မာကျိန်စာကို အမှန်တကယ် ကျန်ဆိုလိုက်သည်အား ကြားချိန်၌ ခေါင်းဆောင်စုက ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းမှာ ဘာပြောစရာ ရှိလဲ"

"သူ အနိုင်ကျင့်ခံနေရလို့ ငါက သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တာပဲ..."

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မကျေမနပ်ဖြစ်သွားသော်လည်း အခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။

"...ဒါကြောင့် ဒီကံကြမ္မာချပ်ပြားတွေက သူက ငါ့ကို ပေးတာ မဟုတ်ဘဲနဲ့ ယောင်ချွမ်ဝမ်ဆီကနေ ရခဲ့တာပါ... သူနဲ့ ဘာမှမဆိုင်ဘူး"

ဤကဲ့သို့ အခြေအနေမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် ခေါင်းဆောင်စုသည် မျက်မှောင်ကြုတ်သွားပြီး ဒူးထောက်နေသော အဘိုးအိုကို မကျေမနပ် ကြည့်လိုက်၏။

အရှက်မရှိလိုက်တာ...

လူတစ်ယောက်က ကိုယ့်ကို ကူညီပေးခဲ့တာတောင် ဒုက္ခပေးဖို့ ကြံစည်နေသေးတယ်...

တကယ်ကို စာနာစိတ်မရှိတဲ့ လူစားပဲ...

"အရှင်စု... သူက ဘယ်လိုပဲ စကားလှအောင် ပြောနေပါစေ... သူ့ရဲ့လက်ထဲက ကံကြမ္မာချပ်ပြားနှစ်ထောင်က ငါပိုင်တဲ့အရာတွေဆိုတာ ငြင်းဆန်လို့မရတဲ့ အမှန်တရားပါ... ကျေးဇူးပြုပြီးတော့ အရှင်က တစ်ခုခုကို လုပ်ဆောင်ပြီး အဲ့ဒါတွေကို ပြန်ရအောင် ကူညီပေးပါ..."

လူအမြောက်အများ ကြည့်ရှုနေကြပြီး ဤကိစ္စကို ငြင်းချက်ထုတ်ရန် မဖြစ်နိုင်ကြောင်း သိသဖြင့် အဘိုးအိုက ကံကြမ္မာချပ်ပြားများသည် သူ၏ပိုင်ဆိုင်မှုများ ဖြစ်ကြောင်း အတင်းအကြပ် ပြောဆိုလိုက်သည်။

ခေါင်းဆောင်စုက ကျန်းရွှမ်ကို ကြည့်လိုက်၏။

"သူပြောတာ အမှန်ပဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒီ ကံကြမ္မာချပ်ပြားနှစ်ထောင်က သူ ပိုင်ဆိုင်တဲ့အရာတွေပဲ... ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ မင်းက တရားမဝင် ယူဆောင်ထားလို့ မရဘူး"

ကျန်းရွှမ် ကြက်သေသေသွားသည်။

"တရားမဝင် ယူဆောင်ထားတယ်.. ဟုတ်လား"

"ဒါပေါ့"

ခေါင်းဆောင်စုက သူ၏လက်ကို နောက်ပစ်ပြီး မတ်တတ်ရပ်လိုက်သည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။

"ဒါပေမဲ့..."

"အရှက်မရှိတဲ့ကောင်... ခေါင်းဆောင်စုက မင်း တရားမဝင် ယူဆောင်ထားတယ်ဆိုရင် တရားမဝင်တာပဲ... မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ"

ပထမဆုံး စကားဝင်ပြောခဲ့သည့် အစောင့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အခုချက်ချင်း ထုတ်ပေးလိုက်စမ်း... မဟုတ်ရင် အလုံးစုံသိမြင်ဂိုဏ်းကနေ ထွက်သွားဖို့ မင်း မစဥ်းစားနဲ့"

ဒုတိယအစောင့်ကလည်း သရော်တော်တော် ဝင်ရောက်ပြောဆိုသည်။

"မင်းတို့က အတင်းအကြပ်လုယက်ဖို့ ကြံစည်နေကြတာလား"

ကျန်းရွှမ်က မေးမြန်းလိုက်သည်။

"အတင့်ရဲလိုက်တာ..."

ခေါင်းဆောင်စုက သူ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် စွမ်းအားကို ထုတ်ဖော်လိုက်ရာ ပြင်းထန်သော ဖိအားတစ်ရပ် ထွက်ပေါ်လာသည်။

"ငါက တရားမျှတမှုကို ဖော်ဆောင်နေတာ... ဒီမြေးအဘိုးအတွက် သူတို့ပိုင်ဆိုင်တာကို ပြန်ရအောင် ကူညီပေးနေတာပဲ... မင်း အေးအေးဆေးဆေးထုတ်ပေးလိုက်ရင် ငါ ဒီကိစ္စကို ဆက်ပြီးအရေးမယူတော့ဘူး... မဟုတ်ရင်တော့... ငါ မင်းကို နားလည်အောင် လုပ်ပေးရလိမ့်မယ်... မင်းလို ဒုက္ခသည်တစ်ယောက် အသတ်ခံလိုက်ရရင်တောင် ဘယ်သူမှ စကားတစ်ခွန်းဟရဲမှာ မဟုတ်ဘူး"

"ငါက မပေးဘူးဆိုရင်ရော..."

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းဆောင်စုက လှောင်ပြောင်သော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်၏။

"တခြားလူရဲ့ကံကြမ္မာချပ်ပြားတွေကို လုယူထားတယ်... ငါတို့အစောင့်တွေကိုလည်း မလေးမစား လုပ်တယ်... ဒီနေ့ ငါတို့ အလုံးစုံသိမြင်ဂိုဏ်းက စည်းမျဉ်းတွေက ဘာလဲဆိုတာကို မင်း နားလည်အောင် လုပ်ပေးရတာပေါ့"

ထိုသို့ပြောဆိုရင်း ခေါင်းဆောင်စုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အခုချက်ချင်း သူ့ကို ဖမ်းလိုက်ကြစမ်း"

"ဟုတ်ကဲ့"

အစောင့်များသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ကျန်းရွှမ်ကို ဝိုင်းရံလိုက်ကြသည်။

"မင်းက စည်းမျဉ်းတွေအကြောင်း ပြောတယ်ပေါ့..."

ကျန်းရွှမ်သည် ထိတ်လန့်ကြောက်လန့်ခြင်းမရှိဘဲ ခေါင်းခါယမ်းလိုက်ပြီး မလှမ်းမကမ်းရှိ ခုန်းရှီကို ကြည့်လိုက်သည်။

"ညီအစ်ကိုခုန်း... မင်းကပဲ သူ့ကို စည်းမျဉ်းတွေအကြောင်း ရှင်းပြလိုက်ပါလား..."

ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းပင်။ ဤလူသည် စည်းမျဉ်းအကြောင်း ပြောနေသည်မှာ သေလမ်းရှာနေခြင်းသာ ဖြစ်ပေ၏။

"သူတပါးကို ကူညီတဲ့သူမှာ အပြစ်မရှိဘူး... အပြစ်ကင်းတဲ့သူကို အပြစ်ပေးလို့ မရဘူး"

ခုန်းရှီက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏နူးညံ့ညင်သာသောအသံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူ စကားပြောဆိုလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ကံကြမ္မာစွမ်းအားလှိုင်းများသည် မိုးကောင်းကင်ယံမှ သက်ဆင်းလာပြီး ကျန်းရွှမ်၏နံဘေးပတ်လည်တွင် သီးခြားအင်အားနယ်ပယ်တစ်ခု ဖြစ်ပေါ်လာသည်ကို ကျန်းရွှမ်က ခံစားလိုက်ရသည်။

သို့ရာတွင် ခေါင်းဆောင်စုသည် ထိုအရာကို သတိမထားမိဘဲ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ ထပ်မံ၍ အချက်ပြလိုက်သည်။

"အပြစ်ရှိမရှိ ငါ ဆုံးဖြတ်မယ်...."

လက်အောက်ငယ်သားများသည် ဓားများကို ဆွဲထုတ်ပြီး ကျန်းရွှမ်ထံသို့ ပြေးဝင်လာကြသည်။ သို့ရာတွက် ဓားများ ကျရောက်မသွားမီမှာပင် သူတို့၏စွမ်းအားများ ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားကာ တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။

ဤသည်မှာ သူတို့၏ရှေ့မှ လူငယ်ကို တိုက်ခိုက်ခြင်းသည် စည်းမျဥ်းဥပဒေကို ချိုးဖောက်သည့်အလားပင်။

"မင်း ဘာလုပ်လိုက်တာလဲ"

"ဒါက ဘယ်လို မိစ္ဆာနည်းစနစ်လဲ"

ကောင်းကင်ကံကြမ္မာအပေါ် သူတို့၏နားလည်နိုင်စွမ်းများ တုန်ခါသွားပြီး အမျိုးအမည်မသိရသော စွမ်းအားတစ်ခုအောက်တွင် ပြိုလဲလုနီးပါး ဖြစ်သွားသည်ကို ခံစားလိုက်ရသဖြင့် အစောင့်တချို့ ထိတ်လန့်ကြောက်ရွံသွားသည်။

"အင်အားနယ်ပယ် တစ်ခုလား..."

ခေါင်းဆောင်စုသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသဖြင့် ခုန်းရှီဘက်သို့ သတိကြီးစွာထား၍ လှည့်ကြည့်လိုက်သည်။

"မင်းက... စကားတစ်ခွန်းတည်းနဲ့ စည်းမျဉ်းသတ်မှတ်နိုင်တဲ့ မှော်ဂိုဏ်းက လူလား"

"မှော်ဂိုဏ်းလား...."

ခုန်းရှီ ကြက်သေသေသွားသည်။ ကျန်းရွှမ်ပင် မျက်မှောင်ကြုတ်လိုက်မိ၏။

ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာအပြင် စကားတစ်ခွန်းတည်းနှင့် စည်းမျဉ်းသတ်မှတ်နိုင်ပြီး တခြားသူများ ခုခံ၍မရနိုင်သော တခြား ကောင်းကင်ကံကြမ္မာတစ်မျိုး ထပ်မံ၍ ရှိနေသလော။

"ခေါင်းဆောင်စု... တော်ဝင်ဆရာတွေရဲ့ တပည့်တွေမှာ သက်သေခံအထောက်အထားနဲ့ တံဆိပ်ပြားတွေ ရှိတယ်... ဒီလို တစ်နယ်သားတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး အဲ့ဒီလို အရည်အချင်းမျိုး ရှိနေနိူင်မှာလဲ... သူက အထူးကာကွယ်ရေးနည်းစနစ်တစ်ခုခုကို သုံးနေတာပဲ ဖြစ်မယ်"

အစောင့်တစ်ဦးက အော်ဟစ်လိုက်သည်။

"အမှန်ပဲ... မှော်ဂိုဏ်းကလူတွေက ဝတ်ရုံဖြူတွေ ဝတ်ကြပြီးတော့ လောကီလောကနဲ့ မသက်ဆိုင်သလို နေကြတယ်... သူတို့ရဲ့ဝတ်စုံရင်ဘတ်မှာ မှော်သင်္ကေတတွေ ရေးထိုးထားကြတယ်... အရေးကြီးဆုံးက သူတို့က အင်အားနယ်ပယ်ကို သုံးရင်တောင် စည်းမျဥ်းဥပဒေကို လိုက်နာရတယ်... ဒီကောင်က သေချာပေါက် သံသယဝင်စရာပဲ"

တခြားအစောင့်တစ်ယောက်က ဝင်ရောက်ပြောဆိုသည်။

"အမှန်ပဲ... ငါတို့ အလိမ်ခံရတော့မလို့ပဲ...ကောင်စုတ်လေ ငါက မင်းတို့ ဘယ်သူတွေလဲဆိုတာ ဂရုမစိုက်ဘူး... ဒီနေ့ ဒီပိုက်ဆံကို မင်း ပေးချင်ချင် မပေးချင်ချင် ပေးရမယ်... ဒါက အမိန့်ပဲ"

ခေါင်းဆောင်စုသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် ရှေ့သို့ တိုးလာပြီး လေထုထဲသို့ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

ဓားချီအလင်းတန်းတစ်တန်း လင်းလက်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်ယောင်နယ်ပယ်ကို ဆုတ်ဖြဲသွားသည်။ ခုန်းရှီ၏မျက်နှာသည် ဓားချက်ထိမှန်ခံလိုက်ရသကဲ့သို့ ဖြူဖျော့သွားပြီး ညည်းတွားသံသဲ့သဲ့ဖြင့်အတူ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။

ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာမှ ချမှတ်ထားသော စည်းမျဉ်းများသည် အတင်းအကြပ်ချိုးဖျက်ခြင်းခံလိုက်ရသဖြင့် သူသည်လည်း တန်ပြန်ဒဏ်ကို ခံစားလိုက်ရသည်။

အခန်း ၃၇၇ : သူ၏လှံနှင့် သူ၏ဒိုင်းကို ပြန်တိုက်ခိုက်ခြင်း

ခုန်းရှီ၏စည်းမျဉ်းများသည် ပြိုင်ဘက်၏ဓားချက်ကြောင့် ပျက်စီးသွားပြီး နောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း သိလိုက်ရသဖြင့် ကျန်းရွှမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အေးစက်ငရဲဓား သည် သူ၏လက်ထဲတွင် ထွက်ပေါ်လာပြီး အသာအယာ လှုပ်ရှားလိုက်ရာ ဓားချီစွမ်းအင်တန်းများသည် မိုးဖွဲများအလား ပျံ့လွင့်လာသည်။

ပိုးချည်မျှင်မိုးဖွဲဓားနည်းစနစ်...

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ခန့်သာရှိသော နံဘေးပတ်လည်မှ အစောင့်များသည် ထိုဓားချက်ကို ခုမခံနိုင်ကြချေ။ လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် သူတို့အားလုံး နောက်သို့လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

အစောင့်တစ်ယောက်ချင်းစီ၏ရင်ဘတ်များတွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ ထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားကြသည်။

ကျင့်ကြံဆင့်နယ်တူခြင်းများကြားတွင် ကျန်းရွှမ်သည် ကောင်းကင်ဘုံသောကဓားသိုင်း ကို မသုံးလျှင်ပင် သံသယဖြစ်ဖွယ်မရှိ ပြိုင်ဘက်ကင်းနေလေပြီ။

"မင်း..."

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ အစပိုင်းတွင် ပြေးဝင်လာကြသော အစောင့်များသည် ထိတ်လန့်ကြောက်ရွံ့မှုသွားကာ အလိုအလျောက် ရပ်တန့်သွားကြ၏။

တရားလိုအဖြစ် တိုင်တန်းခဲ့သော အဘိုးအို၏မျက်နှာသည်ပင် နီတလှည့်ဖြူတလှည့်ဖြစ်နေသည်။

မူလက ထိုလူငယ်သည် များစွာစွမ်းဆောင်နိုင်ခြင်းမရှိဘဲ အစောင့်များနှင့်တွေ့လျှင် ချက်ချင်းအရှုံးပေးလိမ့်မည်ဟု သူ ယူဆထားခဲ့သည်။ သို့ရာတွင် ထိုလူငယ်သည် ဤမျှထိ အတင့်ရဲပြီး အစောင့်များကို တုံ့ပြန်တိုက်ခိုက်ဝံ့သည့်အပြင် ကြီးမားသောစွမ်းအားကို ထုတ်ဖော်ပြသလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"မင်းက အရည်အချင်း နည်းနည်းတော့ ရှိသားပဲ... ဒါကြောင့် ဒီလောက်ထိ မောက်မာရဲတာကိုး... ဒါပေမဲ့ ကောင်လေး... အလုံးစုံသိမြင်ဂိုဏ်းရဲ့ဖမ်းဆီးမှုကို ပြန်ပြီးတိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာက မင်း သေလမ်းရှာလိုက်တာပဲ"

ခေါင်းဆောင်စုက သူ၏မျက်လုံးများကို မှေးစင်းပြီး ရှေ့သို့ တိုးလာသည်။

သူသည် ရှေ့သို့မရောက်မီမှာပင် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်၏ ဖိနှိပ်ချုပ်ကိုင်နိုင်မှုစွမ်းအားသည် ကျန်းရွှမ်ကို ဝင်ရောက်တိုက်ခိုက်နေပြီးဖြစ်သည်။

ကျင့်ကြံဆင့်နယ်ပယ်တူညီသည့်တိုင် သူ၏စွမ်းအားသည် မင်းသားရှန်လင်းထက် သိသိသာသာ သာလွန်နေသည်။ ခေါင်းဆောင်စု၏ ဓားချက်ကျဆင်းလာမှုသည် ထူးဆန်းသော အကွေ့အဝိုက်တစ်ခုကို ဖန်တီးလိုက်ပြီး ထက်ရှသော ဓားချီစွမ်းအားက တစ်ဖက်လူ၏စိတ်ဝိညာဉ်ကို ဆွဲဆုတ်ပစ်လုနီးပါး ဖြစ်သွားစေသည်။

ကျန်းရွှမ်သည် သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရပြီး ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်လိုက်မိသည်။

သူ၏စိတ်ဝိညာဉ်ကို ကမ္ဘာသစ်ထဲသို့ ပေါင်းစည်းထားခြင်းကြောင့် ကမ္ဘာသစ် မပျက်စီးသရွေ့ သူ၏စိတ်ဝိညာဉ်သည် အကောင်းပကတိအတိုင်း ရှိနေပေမည်။ ဤကဲ့သို့ ပြင်းထန်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သူ့ကို အလစ်အငိုက်မိစေခဲ့ပြီး အနည်းငယ် အားနည်းသွားစေသော်လည်း ထိခိုက်မှုမရှိချေ။

"စိတ်ဝင်စားစရာပဲ"

သူ၏အစွမ်းကုန်တိုက်ခိုက်မှုသည် တစ်ဖက်လူထံ၌ ကြီးကြီးမားမားထိခိုက်မှု မရှိသည်ကို မြင်တွေ့ချိန်၌ ခေါင်းဆောင်စုသည်လည်း အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီး သူ၏ဓားဖြင့် ထပ်မံ၍တိုက်ခိုက်လိုက်သည်။

အလုံးစုံသိမြင်ဂိုဏ်းကြောင့်လော တခြားအကြောင်းပြချက်ကြောင့်လောဟု မသိရသော်လည်း ခေါင်းဆောင်စု၏ဓားချီစွမ်းအားသည် ပြင်းထန်ပြီး အစွမ်းထက်ပေ၏။

ကျန်းရွှမ်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ရှန်လင်းထံမှ သူ ရရှိထားသော အရင်းအမြစ်တချို့သည် ပေါက်ကွဲထွက်သွားပြီး အဆုံးမဲ့သောစွမ်းအားများအဖြစ် ပြောင်းလဲကာ အစွမ်းထက်သော ဓားစိတ်ဆန္ဒအဖြစ် ဖွဲ့စည်းသွားပြီး ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ကောင်းကင်ဘုံသောကဓားနည်းစနစ်...

အစွမ်းကုန်ထုတ်သုံးနေသော ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူ ပုန်းရှောင်ရန် သို့မဟုတ် လက်လျှော့ရန် အခွင့်အရေး မရှိချေ။

ချွမ်... ချွမ်.. ချွမ်...

ဓားချင်းရိုက်ခတ်သံများနှင့်အတူ ကျန်းရွှမ်သည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ဆုတ်လိုက်ရသည်။ ခေါင်းဆောင်စုသည်လည်း ခက်ခဲသောအချိန်ကို ကြုံတွေ့နေရပြီး သူ၏လက်မောင်းများ ထုံကျင်သွားကာ ပြိုင်ဘက်၏ဓားချက်ကြောင့် ဒဏ်ရာရသွားပုံရသည်။

"ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်က နဝမအဆင့်ထက် မနိမ့်ကျတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်ပေါ့... ကြည့်ရတာတော့ မင်းဆီမှာ ရတနာတွေ တော်တော်များများ ရှိပုံရတယ်... ဒါကြောင့် မင်း ဒီလောက်ထိ ရဲတင်းနေတာကိုး..."

ခေါင်းဆောင်စုသည် အံ့အားသင့်သွားကာ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။

"ဒါပေမဲ့ အဆုံးသတ်မှာတော့ ကိုယ်ပိုင်စွမ်းအားကသာ အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်... ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ငါ မင်းကို ပြသမေးမယ်"

ခေါင်းဆောင်စု၏အော်ဟစ်သံနှင့်အတူ သူ၏ဓားရှည်က ထပ်မံ၍ တိုးဝင်လာသည်။

သူသည် ပြစ်မှုတစ်ခု ကျူးလွန်ပြီးပြီဖြစ်သောကြောင့် လက်တွန့်နေရန် မလိုတော့ချေ။ ထိုသို့မဟုတ်ပါက သူ့အတွက် ပြဿနာများ ကြွင်းကျန်ရစ်ပေလိမ့်မည်။

ကျန်းရွှမ်သည် အေးစက်ငရဲဓားဖြင့် သူ၏အရေးကြီးသော နေရာများကို ကာကွယ်ထားပြီး ဆက်တိုက်နောက်ဆုတ်နေရသည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲမှနေ၍ "အားနည်းချက်" ဟု တီးတိုးရေရွတ်လိုက်သည်။

ဝှစ်...

စာအုပ်တစ်အုပ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် ထွက်ပေါ်လာပြီး ညင်သာစွာ ပွင့်သွားရာ အကြောင်းအရာအမြောက်အများသည် သူ၏မျက်လုံးထဲသို့ ရောက်ရှိလာပေ၏။

'စုမင်ချန်... အလုံးစုံသိမြင်ဂိုဏ်း ထျန်းလီမြို့ ဆင်ခြေဖုံးဂိုဏ်းခွဲ၏ အစောင့်ခေါင်းဆောင်... ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် အစောပိုင်း ကျင့်ကြံသူ... 'အရာရှိ ကောင်းကင်ကံကြမ္မာ' ကို ကျင့်ကြံပြီး စတုတ္ထအဆင့် စံသတ်မှတ်ချက် ဓားသိုင်းကို အသုံးပြုသည်... အားနည်းချက်များ...နံပါတ်တစ်...လူငယ်ဘဝတွင် အသည်းကွဲခဲ့ဖူးသဖြင့် တခြားသူများကို လွယ်လင့်တကူ ယုံကြည်လေ့မရှိချေ... နံပါတ်နှစ်နှစ်...သူ၏တိုက်ခိုက်ရေး နည်းစနစ်များတွင် ဟာကွက်တချို့ရှိနေသဖြင့် လွယ်လင့်တကူ အခွင့်ကောင်းယူနိုင်သည်...'

"အရာရှိ ကောင်းကင်ကံကြမ္မာ...ဟုတ်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ယခင်ကပြောဆိုခဲ့သော မှော်ဂိုဏ်း၏ကောင်းကင်ကံကြမ္မာဖြစ်စေ ယခု အရာရှိ ကောင်းကင်ကံကြမ္မာဖြစ်စေ သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးသည့်အပြင် အဆင့်အတန်းကိုလည်း မသိရှိချေ။

သို့ရာတွင် ကျင့်ကြံသူတစ်ဦး၏ကျင့်ကြံဆင့်ကို ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်သဖြင့် ထိုကံကြမ္မာ၏အဆင့်အတန်း မြင့်မားမည်မှာ သေချာပေါက်ပင်။

ထိုစာအုပ်ကို အောက်သို့ ဆက်ဖတ်ကြည့်ပြီးနောက် ကျန်းရွှမ်သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပေ၏။

တစ်ဖက်လူ၏ ကောင်းကင်ကံကြမ္မာကျင့်ကြံမှုသည် မြင့်မားပြီး ဓားနည်းစနစ်သည် လူအများမှ ပြုပြင်မွမ်းမံထားသဖြင့် အပြစ်ဆိုဖွယ်ရာ နည်းပါးသည်။ သို့ရာတွင် တိုက်ခိုက်ရေး နည်းစနစ်များ ဖြစ်နေသရွေ့ ဟာကွက်များ ရှိနေသဖြင့် ထိုအရာများကို ကောင်းကင်ဘုံစာကြည့်တိုက်မှ တွေ့မြင်နိုင်သည်။

တစ်ဖက်လူ၏ဓားချီစွမ်းအားကို ရှောင်တိမ်းရန် ကျန်းရွှမ်သည် ခြေလှမ်း ခုနစ်လှမ်းရှစ်လှမ်းခန့် ဆက်တိုက်နောက်ဆုတ်လိုက်ပြီးနောက် ဟာကွက်ကို တွေ့ရှိသွားကာ သူ၏ဓားဖြင့် ချိန်ရွယ်လိုက်သည်။

ဓားချီစွမ်းအားများဖြင့် လွှမ်းခြုံခြင်းခံလိုက်ရပြီးနောက် စုမင်ချန်၏မျက်လုံးများ ဝေဝါးသွားသည်။ ထို့နောက် သူ၏စိတ်ခံစားချက်များကို ဆွဲထုတ်ခြင်းခံလိုက်ရပြီး သူသည် အသက်နှစ်ဆယ့်တစ်နှစ်အရွယ်သို့ ချက်ချင်းပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကျင့်ကြံမှုတွင်အောင်မြင်ပြီး တက်ကြွနေသော သူသည် သူ ချစ်မြတ်နိုးသော မိန်းကလေးကို ဖွင့်ပြောရန်အတွက် လက်ဆောင်ဝယ်ရန် သူ၏တစ်နှစ်စာလစာကို အသုံးပြုခဲ့သည်။ သူမ၏အိမ်ရှေ့သို့ ရောက်ချိန်၌ သူ အထဲသို့ မဝင်ရသေးမီမှာပင် ထိုမိန်းကလေးသည် လူလတ်ပိုင်းအရွယ် လူဝကြီးတစ်ဦး၏ရင်ခွင်ထဲတွင် ရောက်နေပြီး ကာမရာဂစိတ်ပြင်းပြစွာဖြင့် ပွတ်သပ်ခံနေရသည်ကို သူ မြင်တွေ့လိုက်ရသည်။

အစပိုင်းတွင် သူမသည် နိုင်ထက်စီးနင်းပြုခံရသည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် မလိုလားသည့် အရိပ်အယောင် မရှိသည်ကို သူ သတိပြုလိုက်မိသည်။ သူသည် ဒေါသတကြီးဖြင့် အိမ်အတွင်းသို့ ပြေးဝင်သွားသော်လည်း လူလတ်ပိုင်းကြီး၏ အစောင့်များက သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပြီး ပြင်းထန်စွာ လှောင်ပြောင်ခဲ့ကြသည်။

သူနှင့်ရင်းနှီးခဲ့သော မိန်းကလေးကပင် သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေပေ၏။

ထိုအချိန်မှစ၍ သူ့ထံ၌ အရည်အချင်းမရှိလျှင် သူ ချစ်မြတ်နိုးသော မိန်းကလေးကပင် သူ့ကို အထင်သေးမည်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့သည်။

စုမင်ချန်သည် သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်ကို ခံစားမိပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ စိတ်ဓာတ်ကျနေမှုမှ ရုန်းထွက်လိုက်သည်။

"ဒါက ဘယ်လို မှော်ပညာမျိုးလဲ..."

ပြိုင်ဘက်၏ သာမန်ဟုထင်ရသော ဓားနည်းစနစ်သည် သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်ပြီး သူ၏အသိစိတ်အား အလိုအလျောက် ဆုံးရှုံးသွားမှုကို ခံစားရစေသည်။ သူ၏ကျင့်ကြံဆင့်နက်ရှိုင်းပြီး အချိန်မီ တုံ့ပြန်နိုင်ခဲ့၍သာ သူ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် တစ်ဖက်လူ၏ဓားချက်အောက်သို့ ကျရောက်သွားပြီး ဖြစ်ပေမည်။

"ခေါင်းဆောင်စု... တကယ်လို့ မုန့်ယာရို ဘယ်မှာရှိလဲဆိုတာ ငါက သိထားပြီးတော့ မင်းကို ကူညီပြီးရှာပေးနိုင်တယ်လို့ပြောရင် ဘယ်လိုသဘောရလဲ ..."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ယခင်က အပြန်အလှန်တိုက်ခိုက်မှုသည် ပြိုင်ဘက်၏စိတ်ခံစားချက်ကို သူ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ဤသည်မှာ အလစ်အငိုက်ဖမ်းသော နည်းဗျူဟာတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ တိုက်ပွဲတွင် အမှန်တကယ် အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက သူ၏လက်ရှိစွမ်းအားဖြင့် ခေါင်းဆောင်စုကို သတ်နိုင်သော်လည်း သူ ဤနေရာမှ ထွက်ခွာသွားရန်မှာ လွယ်ကူမည် မဟုတ်ချေ။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အခြေအနေကို ပို၍ဆိုးရွားမသွားစေဘဲ ညှိနှိုင်းရန်အတွက် ကြိုးစားခြင်းသာဖြစ်သည်။

ထို့ပြင် မုန့်ယာရိုဆိုသည်မှာ စုမင်ချန်၏အသက် နှစ်ဆယ့်တစ်နှစ်အရွယ် အမှတ်တရများအတွင်းမှမိန်းကလေး ဖြစ်ပေ၏။

"မင်း... မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"

စုမင်ချန်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ထိုလမင်းကဲ့သို့ ဖြူဝင်းလှပသော မိန်းမပျိုလေး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် သူသည် ဇာတိမြေကို စွန့်ခွာပြီး ဤနေရာသို့ ရောက်လာခဲ့သည်။ သူသည် ကျင့်ကြံမှုတွင် အောင်မြင်မှုများ ရရှိခဲ့ပြီး အစောင့်တပ်ဖွဲ့ခေါင်းဆောင်ပင် ဖြစ်လာကာ နာမည်ကျော်ကြားပြီး အောင်မြင်လာခဲ့ပေ၏။

လွန်ခဲ့သောနှစ်က သူသည် ဇာတိမြေသို့ ပြန်သွားပြီး သူ၏အောင်မြင်မှုနှင့် သူမ၏ဆုံးဖြတ်ချက်များ မည်မျှထိ မှားယွင်းခဲ့ကြောင်း သူမကို ပြသနိုင်ရန် မျှော်လင့်ခဲ့သည်။ သို့ရာတွင် ထိုအမျိုးသမီးသည် လွန်ခဲ့သောဆယ်နှစ်ခန့်ကတည်းက ထွက်ခွာသွားခဲ့ပြီး ပြန်မလာတော့ကြောင်း သူ သိခဲ့ရသည်။

သူသည် သူမကို အချိန်ကြာမြင့်စွာ ရှာဖွေသော်လည်း မတွေ့ရှိခဲ့သဖြင့် သူ လက်လျှော့ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ယခုချိန်၌ သူနှင့် အစောပိုင်းကမှတွေ့သော ဤလူသည် သူမကို သိနေရုံသာမက ရှာဖွေပေးနိုင်သည်ဟုပင် ပြောနေပေ၏။

"ငါ ဒီကိစ္စကို ဘာလို့သိနေတာလဲဆိုတာ ခဏထားလိုက်အုံး..."

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

"ဒီလူနဲ့ ငါ့ရဲ့ကြားက ရန်ငြိုးကို မင်း နားလည်မှာပါ... ပြီးတော့ ဒါက ငါ့ရဲ့အမှား မဟုတ်ဘူး... ဒီလိုလုပ်ရင်ရော... ငါ ရထားတဲ့ ကံကြမ္မာချပ်ပြား နှစ်ထောင်ကို ငါ မလိုချင်ဘူး... မင်းကို ပေးမယ်...ဒါတင်မကဘူး ...မုန့်ယာရို ရှိတဲ့နေရာကိုလည်း ငါ ပြောပြမယ်... မင်း လုပ်ပေးရမှာက အဲ့ဒီလူကို ငါ့ရဲ့ကိုယ်စား ရှင်းပစ်ပေးဖို့ပဲ..."

ခေါင်းဆောင်စုကို သတ်ဖြတ်ရန် အရင်းအမြစ်အမြောက်အများကို ထုတ်သုံးရမည်ဖြစ်သောကြောင့် ဤသည်မှာ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုပင်။ ထိုကြောင့် သူ ထိုသို့ပြုလုပ်ရန် လုံးလုံးလျားလျား မလိုအပ်ချေ။

ဤကဲ့သို့ ကိစ္စမျိုးရှိနေသောကြောင့် သူ့လှံနှင့်သူ၏ဒိုင်းကို ပြန်လည်တိုက်ခိုက်သည်က ပို၍ကောင်းပေမည်။

(မြန်မာစကားပုံအရဆို 'သူ့အရိုးနဲ့ သူ့ပြန်ထိုး' အဲ့ဒါနဲ့ တူမယ်ထင်တယ်)

ဤအဘိုးအိုသည် ကံကြမ္မာချပ်ပြားနှစ်ထောင်ကိုသုံးပြီး ခေါင်းဆောင်စုကို သွေးဆောင်ကာ သူ့ကို သတ်ခိုင်းခဲ့သည် မဟုတ်လော...

ထိုကြောင့် သူသည်လည်း ထိုအကျိုးအမြတ်များကို အသုံးပြုပြီး တဖက်လူကို ပြန်သတ်ခိုင်းရပေမည်။

"ခေါင်းဆောင်စု... သူ့ရဲ့စကားကို နားမထောင်ပါနဲ့..."

အဘိုးအို၏မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။

All Chapters