အခန်း (၃၇၈-၃၇၉)
Vol. 32 Ch. 378-379
အခန်း ၃၇၈ : မြို့သားအဆင့် မြင့်တက်နိုင်မည့် နည်းလမ်းများ
အဘိုးအိုသည် ကံကြမ္မာချပ်ပြားနှစ်ထောင် ရရှိရန်အတွက် ကျန်းရွှမ်ကို တိုက်ခိုက်ရန် ခေါင်းဆောင်စုကို စည်းရုံးခဲ့လေ၏။ ယခုအချိန်တွင် တစ်ဖက်လူသည် ထိုပစ္စည်းများကို ဆန္ဒအလျောက် ပေးအပ်မည်ဟု ကမ်းလှမ်းလိုက်သဖြင့် အဘိုးအိုသည် သူ ရရှိမည့် အကျိုးအမြတ်များ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
သူ့ထံ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ဆက်လက်ရှင်းပြရန် ကြိုးစားနေစဉ်မှာပင် မလှမ်းမကမ်းမှ ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျေးဇူးကန်းတဲ့ ကောင်စုတ်တွေကို စကားပြောခွင့် မပေးသင့်ဘူး..."
ပတ်ဝန်းကျင်ရှိ လေတိုက်ခတ်မှု ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး အဘိုးအို၏ခန္ဓာကိုယ် တောင့်တင်းသွားပေ၏။ ရှင်းပြ၍မရသော အားလှိုင်းတစ်ရပ်ကြောင့် သူ၏ပါးစပ် ပိတ်ဆို့ခံလိုက်ရပြီး သူ စကားမပြောနိုင် ဖြစ်သွားသည်။
"မင်း ဘယ်လိုသဘောရလဲ"
အစွမ်းထက်ဆုံး ထောက်ခံသူဖြစ်သည့် ခုန်းရှီက လှုပ်ရှားလိုက်ကြောင်း သိလိုက်သဖြင့် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် သူသည် သူ၏ရှေ့မှ ခေါင်းဆောင်စုကို ကြည့်ကာ နှိမ့်ချခြင်းမရှိ မောက်မာခြင်းလည်းမရှိသော လေသံဖြင့် ပြောဆိုသည်။
"ခုဏက ခဏတာ ထိပ်တိုက်တွေ့ဆုံမှုကနေ ငါက အားမနည်းဘူးဆိုတာ မင်း သိလောက်ပါပြီ....ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ရင်တောင် ထွက်ပြေးဖို့က မခက်ခဲဘူး... အခြေအနေကို ပိုဆိုးဝါးအောင်လုပ်ပြီးတော့ ကြားကနေ ဒီလူယုတ်မာကို အမြတ်ထုတ်ခိုင်းမလား... ဒါမှမဟုတ် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပြီး ငါတို့ မိတ်ဆွေဖွဲ့ကြမလား... ခေါင်းဆောင်စုအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
အဘိုးအိုသည် သူ့ကို စတင်၍အကွက်ဆင်ကတည်းက ဤကံကြမ္မာချပ်ပြားနှစ်ထောင်ကို ထုတ်ပေးရန် သူ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အကယ်၍ သူသာ စောစောစီးစီး ထုတ်ပေးခဲ့လျှင် ခေါင်းဆောင်စုသည် ထိုအရာများကို လက်ခံမည် မဟုတ်သည့်အပြင် သူ့အား ခြိမ်းခြောက်ငွေညှစ်ရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်သွားနိုင်သည်။
ယခုချိန်တွင်မူ အခြေအနေသည် ကွဲပြားခြားနားသွားလေပြီ။ သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် တန်ဖိုးကို ပြသပြီးပြီဖြစ်၍ ဤညှိနှိုင်းမှုသည် အောင်မြင်နိုင်ချေ ပို၍မြင့်မားပေ၏။
အမှန်တကယ်ကိုပင် ထိုစကားကို ကြားချိန်၌ စုမင်ချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... သဘောတူတယ်"
"ဝူး... ဝူး... ဝူး..."
စုမင်ချန် သဘောတူလိုက်သည်ကို ကြားချိန်တွင် အဘိုးအိုသည် စကားတစ်ခွန်းမျှ မပြောနိုင်သဖြင့် တဝူးဝူးအော်ဟစ်လိုက်သည်။ ထိုအချိန်မှာပင် ဓားချီစွမ်းအားလှိုင်းတစ်ရပ်က သူ၏မျက်နှာထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
ခေါင်းဆောင်စု လှုပ်ရှားလိုက်လေပြီ။
"ဖောက်..."
အဘိုးအိုသည် သူ၏နဖူးမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရခြင်းနှင့်အတူ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏နောက်ဆုံးထွက်သက်အထိ သူ ဤကဲ့သို့ အသတ်ခံရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
ဤကဲ့သို့ ဖြစ်လာမည်အား သူ ကြိုသိခဲ့လျှင် တစ်ဖက်လူကို အကွက်ဆင်ခဲ့မိမည် မဟုတ်ချေ။ ထျန်းလီမြို့၌ သူ သုံးရက်သာ နေရလျှင်ပင် အနည်းဆုံးအနေဖြင့် သူ၏အသက် ရှင်သန်နိုင်ပေမည်။
"အဘိုး..."
ကလေးငယ်သည် ပြေးဝင်လာသော်လည်း သူ၏ခေါ်သံသည်လည်း ရပ်တန့်သွားပေ၏။ ဤသည်မှာ စုမင်ချန်က ကလေးငယ်၏နှလုံးကို ဓားဖြင့် တန်းတန်းမတ်မတ်ထိုးစိုက်ပြီး သတ်ဖြတ်လိုက်ခြင်းပင်။
"ဘာလဲ...မင်း မခံစားနိုင်ဘူးလား"
မြေးအဘိုးနှစ်ယောက်လုံးကို သတ်ဖြတ်ပြီးနောက် စုမင်ချန်က သူ၏ဓားမှ သွေးများကိုသုတ်ရင်း ကျန်းရွှမ်ကို ကြည့်လိုက်ရာ မျက်မှောင်အနည်းငယ်ကြုတ်ထားသည်ကို သူ မြင်တွေ့မိသဖြင့် မေးမြန်းလိုက်သည်။
"ဒီအဘိုးကြီးရဲ့ အပြစ်က ခွင့်လွှတ်လို့မရပေမယ့် ကလေးကတော့..."
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
သူသည် တစ်ဖက်လူကို အဘိုးအိုအား သတ်စေချင်ခဲ့သော်လည်း ကလေးကို ထည့်သွင်းသတ်ဖြတ်ရန် ရည်ရွယ်ခြင်း မရှိခဲချေ။
"မြက်ရှင်းရင် အမြှစ်ပါ မကျန်စေနဲ့... သူ့ရဲ့အဘိုးကို ငါက သတ်ပြီးမှတော့ နောင်ကျရင် လက်စားချေဖို့အတွက် သူ့ကို အသက်ရှင်ရက် ချန်ထားလို့ မဖြစ်ဘူး... ဒါ့ပြင် သူကလည်း မင်းကို အကွက်ဆင်တဲ့အထဲမှာ ပါဝင်ခဲ့တာပဲ မဟုတ်လား"
စုမင်ချန်က လှောင်ပြောင်လိုက်သည်။
ကျန်းရွှမ် တိတ်ဆိတ်သွားသည်။
သူ့ကို အကွက်ဆင်သည့် အချိန်တုန်းက ထိုကလေးသည် သနားကြင်နာမှုကို အနည်းငယ်မျှ မပြသခဲ့ချေ။ ဆိုလိုသည်မှာ ထိုကလေးသည်လည်း စိတ်သဘောထားဖြူစင်သူ မဟုတ်ကြောင်း ပြသနေခြင်းပင်။ ထို့ကြောင့် နောင်တစ်ချိန်ကျလျှင် ဒုက္ခမများစေရန် ထိုကလေးကို သတ်ဖြတ်လိုက်သည်က ပို၍ကောင်းပေလိမ့်မည်။
"ရော့..."
ကျန်းရွှမ်သည် ခံစားချက်ကင်းမဲ့သော လူတစ်ယောက် မဟုတ်သော်လည်း ငယ်စဉ်ကတည်းက ဆိုးသွမ်းခဲ့သူသည် ကြီးပြင်းလာချိန်တွင်လည်း ပြောင်းလဲချင်မှ ပြောင်းလဲပေမည်။ ထိုကဲ့သို့ကိစ္စမျိုးရှိနေကာ လူသည်း သေဆုံးသွားပြီဖြစ်သဖြင့် သူ ထပ်မံ၍ မစဥ်းစားတော့ချေ။
ထိုနောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူ ယခင်က ရရှိထားသော ကံကြမ္မာချပ်ပြားနှစ်ထောင်သည် မြေပြင်ပေါ်သို့ ကျသွားပေ၏။
သူ အမှန်တကယ် ပေးအပ်လိုက်သည်ကို မြင်တွေ့ချိန်၌ စုမင်ချန်က ထိုအရာများကို ကောက်ယူပြီး ကျန်းရွှမ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
"ခုဏက မုန့်ယာရို ဘယ်နေရာမှာ ရှိနေလဲဆိုတာ ပြောပြမယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား..."
"ဒါပေါ့...."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ငါ့ရဲ့ခန့်မှန်းချက်သာ အမှန်ဖြစ်ရင် မုန့်ယာရိုက ထျန်းလီမြို့ကို ရောက်နေလောက်ပြီ... နေရာအတိအကျကိုတော့ ငါ သေချာမသိဘူး... ဒါပေမဲ့ ခေါင်းဆောင်စုအနေနဲ့ သူနဲ့ရင်းနှီးခဲ့တဲ့ လူတစ်ယောက်အကြောင်း စုံစမ်းကြည့်သင့်တယ်... သူက အဲ့ဒီလူရဲ့နောက်ကို လိုက်လာပြီးတော့ ဒီနေရာကို ရောက်လာတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ သူ့ကို လိုက်ရှာဖို့ကိုတော့ ငါ အားမပေးချင်ဘူး... အဲ့ဒီတုန်းက သူက ပြတ်ပြတ်သားသား ထွက်သွားနိုင်ခဲ့မှတော့ အခု သူ့ကို ပြန်ရှာတွေ့ရင်တောင် ဘာအကျိုးထူးမှာလဲ... ဒါ့ပြင် နှစ်တွေအများကြီး ကြာခဲ့ပြီဆိုတော့ သူလည်း အိမ်ထောင်ကျပြီး ကလေးတွေတောင် ရနေလောက်ပြီ..."
ကောင်းကင်ဘုံစာကြည့်တိုက်သည် အားနည်းချက်များကိုသာ ဖော်ပြပြီး တစ်စုံတစ်ယောက် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မဖော်ပြနိုင်ချေ။ ထို့ကြောင့် လူကို မမြင်ရဘဲနှင့် သူ သိနိုင်မည် မဟုတ်ပေ။ အစောပိုင်းက သူ၏ပြောဆိုခဲ့မှုသည် စုမင်ချန်ကို ထိတ်လန့်တုန်လှုပ်သွားစေရန်နှင့် တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့ရာတွင် စာကြည့်တိုက်က ထိုကိစ္စကို အဖြေမပေးနိုင်လျှင်ပင် သူသည် ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းနိုင်ပေ၏။
ငယ်စဥ်ကတည်းက ဆင်းရဲခြင်းကို မုန်းတီးပြီး ချမ်းသာခြင်းကို မက်မောခဲ့သော မုန့်ယာရို သည် ထျန်းလီမြို့သို့ ရောက်လာနိုင်ခဲ့လျှင် မည်သည်ကြောင့် နေရာငယ်လေးတွင် ကျေနပ်ရောင့်ရဲနေမည်နည်း။
"ဒါလည်း ဟုတ်တာပဲ... အခုချိန်မှ ငါ သူ့ကို ရှာတွေ့တော့ရော ဘာအသုံးဝင်မှာလဲ..."
စုမင်ချန်၏မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် အချိန်တခဏအကြာတွင် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မင်းတို့ သွားလို့ရပြီ"
တစ်ဖက်လူနှင့် သဘောတူညီချက် ရရှိပြီး သူ လိုချင်သည့် အရာကိုလည်း ရရှိပြီဖြစ်သောကြောင့် သူတို့ကို ဆက်လက်၍ ထိန်းသိမ်းထားရန် အကြောင်းပြချက် မရှိတော့ချေ။
"ခွင့်ပြုပါအုံး"
ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး သူ၏လက်ကိုပူးဆုပ်ကာ အရိုအသေပြုရင်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ခေါင်းဆောင်စု၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"မင်း သေချာလား... မင်း မထွက်သွားခင် မြို့သားအထောက်အထားတံဆိပ်ပြား မလုပ်ချင်ဘူးလား"
"မြို့သားဖြစ်ဖို့ အရင်ဆုံးအိမ်ဝယ်ရမယ်လို့ ခေါင်းဆောင်စုကပြောခဲ့တယ် မဟုတ်လား... ကံကြမ္မာချပ်ပြားငါးထောင်ဆိုတာက... အရမ်းဈေးကြီးတယ်"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
သူ၏လက်ရှိ ချမ်းသာကြွယ်ဝမှုဖြင့် အိမ်တစ်လုံးကို ဝယ်ယူနိုင်သော်လည်း သူ အလျင်စလို ဆုံးဖြတ်ချက် မချချင်ပေ။ ထို့ပြင် ကံကြမ္မာချပ်ပြား နှစ်ထောင်လေးဖြင့်ပင် သူ ဤနေရာ၌ သေလုနီးပါး ဖြစ်ခဲ့ရသည်။ သူ၏ချမ်းသာကြွယ်ဝမှုကို ထပ်မံ၍ ထုတ်ဖော်ပြသလိုက်လျှင် ရလဒ်သည် သေချာတော့မည်မဟုတ်ပေ။
"မြို့သားအထောက်အထားတံဆိပ်ပြား မရှိရင် အပြင်မှာ ထမင်းစားဖို့တောင် အဆင်မပြေဘူး... ဘာလို့လဲဆိုတော့ စားသောက်ဆိုင်ပိုင်ရှင်တော်တော်များများက ဒုက္ခသည်တွေကို လက်မခံကြဘူး"
စုမင်ချန်က ပြောဆိုသည်။
"တကယ်တော့ မြို့သားဖြစ်ဖို့က သိပ်မခက်ပါဘူး... မင်းရဲ့ စွမ်းအားနဲ့ နည်းလမ်းတွေအရ ငါတို့ အစောင့်တပ်ဖွဲ့ထဲကို ဝင်မယ်ဆိုရင် အထောက်အထားပြဿနာက အလွယ်တကူ ပြေလည်သွားလိမ့်မယ်"
ကျန်းရွှမ်၏စွမ်းအားကို အသိအမှတ်ပြုသောအနေဖြင့် စုမင်ချန်သည် သူ့ကို စည်းရုံးရန် ဆန္ဒရှိနေသည်။
"အစောင့်တပ်ဖွဲ့ထဲကို ဝင်ရမယ်.. ဟုတ်လား"
ကျန်းရွှမ် ကြက်သေသေသွားသည်။
"အမှန်ပဲ"
စုမင်ချန်က ခေါင်းညိတ်လိုက်၏။
"ငါတို့က ထျန်းလီမြို့မှာ တပ်စွဲထားတဲ့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲကိုးခုထဲကတစ်ခု ဖြစ်ပေမယ့် အဆင့်အတန်းနဲ့ အထူးအခွင့်အရေးတချို့ကို ပိုင်ဆိုင်ထားတယ်... အစောင့်တစ်ယောက်အနေနဲ့ မင်းက အလိုအလျောက် အဆင့်ငါးမြို့သား အဆင့်အတန်းကို ရရှိနိုင်တယ်... အစောင့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာရင် အဆင့်လေးမြို့သား အထိတောင် ဖြစ်ခွင့်ရှိတယ်... ဒါကြောင့် မင်းသာ အစောင့်တပ်ဖွဲ့ထဲ ဝင်မယ်ဆိုရင် အထောက်အထားရဖို့က လွယ်လွယ်လေးပဲ"
ကျန်းရွှမ် ခေါင်းခါလိုက်သည်။
"ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ် ခေါင်းဆောင်စု... ဒါပေမဲ့ လောလောဆယ်တော့ ငါက အစောင့်လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး..."
"ကောင်းပြီလေ"
စုမင်ချန်သည် မည်သည့်စကားကိုမျှ ထပ်မပြောတော့ချေ။
ကျန်းရွှမ်သည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားပြီး မနေနိုင်တော့ဘဲ စုမင်ချန်ကို ကြည့်လိုက်သည်။
"ခေါင်းဆောင်စု... တစ်ခုလောက် ထပ်မေးချင်လို့ပါ... အစောင့်တပ်ဖွဲ့ထဲကိုဝင်ရင် မြို့သားဖြစ်ခွင့်ရတယ်ဆိုတော့ အဲ့ဒီလိုမျိုး တခြားနည်းလမ်းတွေ ရှိသေးလား"
"ဒါပေါ့... အများကြီး ရှိတာပေါ့"
စုမင်ချန်က ခေါင်းညိတ်ပြသည်။
"မြို့သားဖြစ်ချင်တာပဲဖြစ်ဖြစ် အဆင့်ငါးကနေအဆင့်လေးကို တက်ချင်တာပဲဖြစ်ဖြစ် အထောက်အပံ့အနေနဲ့ အကျိုးဆောင်ရမှတ် တွေ လိုအပ်တယ်... ဒီရမှတ်တွေကို ဝယ်ယူလို့မရပေမယ့် နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနိုင်တယ်... ဥပမာအနေနဲ့ ထျန်းလီမြို့မှာ ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကို ဖြေရှင်းပေးတာ ဝရမ်းထုတ်ခံထားရတဲ့သူခိုးတွေကို ဖမ်းဆီးပေးတာ လူတွေအများကြီးအတွက် အကျိုးရှိမယ့်အရာ တစ်ခုခုကို တီထွင်တာ ဒါမှမဟုတ် အဆင့်တက်ဖို့ အထောက်အကူပြုတဲ့ ပထမအဆင့်ဆေးလုံးကို ဖော်စပ်တာမျိုးပေါ့..."
ထိုသို့ပြောရင်း ခေါင်းဆောင်စုက နေရာတစ်နေရာသို့ ညွှန်ပြလိုက်၏။
"အဲ့ဒီဘက်မှာ မြို့သားအဆင့်တက်ဖို့ လိုအပ်ချက်တွေနဲ့ အကျိုးဆောင်ရမှတ်အမျိုးအစားတွေကို ဖော်ပြထားတဲ့ ကျောက်စာတိုင်ကြီး ရှိတယ်... ရမှတ်တွေ ပြည့်ပြီဆိုတာနဲ့ စစ်ဆေးမှုကို ခံယူလို့ ရပြီ"
ကျန်းရွှမ်က စုမင်ချန် ညွှန်ပြရာ နေရာသို့ ကြည့်လိုက်ရာ ခန်းမ၏အဆုံးသတ်တွင် ဧရာမ ကျောက်စာတိုင်ကြီး တစ်ခုကို တွေ့လိုက်ရပြီး ထိုနေရာတွင် လူပေါင်းရာနှင့်ချီပြီး တိုးဝှေ့၍ ကြည့်ရှုနေကြသည်။
ထိုကျောက်စာတိုင်ကြီးသည် အမြင့်ဆယ်မီတာကျော်နှင့် အကျယ်မီတာသုံးဆယ်ကျော်ရှိကာ အလွန်ကြီးမားပေ၏။ ထိုအရာ၏နံဘေးပတ်လည်တွင် အထူးဝင်္ကပါများကို ရေးထွင်းထားကာ မျက်နှာပြင်ပေါ်တွင် စာကြောင်းရေ အမြောက်အများ ထင်ဟပ်နေသည်။
"သတင်းအချက်အလက်အတွက် ခေါင်းဆောင်စုကို ကျေးဇူးတင်ပါတယ်..."
မထင်မှတ်ထားဘဲ သူ ကံကြမ္မာချပ်ပြားများကို ပေးလိုက်ခြင်းဖြင့် သတင်းအချက်အလက် အမြောက်အများ ရရှိခဲ့သည်။ ကျန်းရွှမ်သည် စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်ပြကာ သူ၏အမြင်အာရုံစွမ်းအားကို စုစည်းပြီး ကျောက်စာတိုင်ရှိရာသို့ သေသေချာချာကြည့်ရှုလိုက်၏။
အခန်း ၃၇၉ : အထွတ်အထိပ် အလုံးစုံသိမြင်တံဆိပ်ပြား
ခေါင်းဆောင်စု ပြောဆိုသည့်အတိုင်းပင် လုံလောက်သော အကျိုးဆောင်ရမှတ်များ ရရှိခြင်းသည် မြို့သားအဆင့်အတန်းကို တိုးမြှင့်ရန် တစ်ခုတည်းသော နည်းလမ်းပင်။ အဆင့်မြင့် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားလျှင်ဖြစ်စေ ဗုဒ္ဓဂိုဏ်း သို့မဟုတ် မှော်ဂိုဏ်း၏တပည့်အရင်းဖြစ်စေ အကျိုးဆောင်ရမှတ် မရှိလျှင် မည်သည့်အရာကိုမျှ လုပ်ဆောင်၍မရချေ။
ထျန်းလီမြို့တွင် အကျိုးဆောင်ရမှတ်များသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ပုံရသည်။ ဤစနစ်သည် တရားမျှတပြီး ဘက်လိုက်မှုမရှိသဖြင့် မည်သူမျှ အထူးအခွင့်အရေးကို ရယူနိုင်ခြင်းမရှိချေ။
သေချာသည်မှာ ဤအရာများသည် တရားဝင် စည်းမျဉ်းများပင်။ လက်တွေ့တွင်မူ အကျိုးဆောင်ရမှတ်များကို လျှို့ဝှက်စွာ အရောင်းအဝယ် လုပ်ကောင်းလုပ်နိုင်သည်။ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေနိုင်ပြီး လုံလောက်သော ကြွယ်ဝချမ်းသာမှုရှိလျှင် မြို့သားဖြစ်ရန်မှာ ထမင်းစားရေသောက်ကိစ္စကဲ့သို့ လွယ်ကူပေလိမ့်မည်။
ထိုသို့တွေးတောရင်း ကျန်းရွှမ်သည် မြို့သားအဆင့်အတွက် လမ်းညွှန်ချက်ထံသို့ ကြည့်လိုက်၏။
အဆင့်ငါး မြို့သား....အကျိုးပြုရမှတ် ၁ မှတ်။
အဆင့်လေး မြို့သား ...အကျိုးပြုရမှတ် ၁၀ မှတ်။
အဆင့်သုံး မြို့သား....အကျိုးပြုရမှတ် ၁၀၀။
အဆင့်နှစ် မြို့သား....အကျိုးပြုရမှတ် ၁၀၀၀။
အဆင့်တစ် မြို့သား....အကျိုးပြုရမှတ် ၁၀၀၀၀။
မြို့သားအဆင့်တစ်ဆင့်စီသည် ယခင်အဆင့်ထက် တိတိကျကျ ဆယ်ဆကွာခြားသည်။
ဤအချက်တစ်ခုတည်းကို ကြည့်ရုံဖြင့် အဆင့်တက်ရန် အခက်အခဲသည် နိမ့်ပါးခြင်းမရှိကြောင်း သိသာထင်ရှားပေ၏။
သူ ဆက်လက်ဖတ်ရှုလိုက်ရာ အကျိုးပြုရမှတ်များ ရရှိနိုင်သည့် သတ်မှတ်ချက်များကို လျင်မြန်စွာ တွေ့ရှိမိသည်။
အင်အားတစ်ရာရှိသော တောင်ပေါ်ဓားပြစခန်းကို ဖျက်ဆီးပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ခေါင်းဆောင်သုံးဦးကို သတ်ဖြတ်နိုင်လျှင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်။
အိမ်ကြီးတစ်လုံးကိုဝယ်ယူပြီး ပိုင်ဆိုင်မှုစာချုပ်တွင် အိမ်ရှင်အဖြစ် စာရင်းသွင်းနိုင်လျှင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်။
တစ်နှစ်လျှင် အခွန်အဖြစ် ကံကြမ္မာချပ်ပြားနှစ်ထောင်ပေးဆောင်လျှင် နောက်နှစ်တွင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်။
ကံကြမ္မာချပ်ပြားငါးသောင်းအထက် ရင်းနှီးမြှုပ်နှံပြီး ရန်ပုံငွေ အဆင်သင့်ဖြစ်လျှင် အကျိုးပြုရမှတ်တစ်မှတ် ရရှိမည်...
ဤစာရင်းသည် အလွန်ပြည့်စုံပြီး စီးပွားရေး ပညာရေး ကျန်းမာရေး ကျင့်ကြံခြင်း ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီး ပါဝင်သော အကြောင်းအရာများစွာ ပါဝင်သည်။
ကျန်းရွှမ်သည် အလွန်အမင်း အံ့အားသင့်နေပေ၏။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ပထမဆုံးတာဝန်ဖြစ်သော အင်အားတစ်ရာရှိသော တောင်ပေါ်ဓားပြစခန်းကို ဖျက်ဆီးပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ခေါင်းဆောင်သုံးဦးကို သတ်ဖြတ်ရမည် ဆိုသည့်အချက်ကပင် လူအမြောက်အများကို လက်လျှော့သွားစေရန် လုံလောက်သည်။
ဤသည်မှာ ဓားပြစခန်းနှင့်လူဆိုးလူမိုက်များ ဖြစ်ကြသဖြင့် ဝိုင်းရံပိတ်ဆို့မှု အမြောက်အများကို ကြုံတွေ့ခဲ့ဖူးမည်မှာ သေချာပေါက်ပင်။ သူတို့၏ ပုန်းခိုရာနေရာများကို ရှာတွေ့နိုင်ခြင်းရှိမရှိကို ဘေးဖယ်ထားလျှင်ပင် သူတို့ကို ရှာတွေ့သည့်တိုင် ထိုစခန်း၌ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကျင့်ကြံသူ အနည်းဆုံးသုံးဦးရှိနေပေမည်။ ထို့ပြင် ကောင်းကင်ရတနာများနှင့် ဝင်္ကပါများစွာ တပ်ဆင်ထားသော လူအင်အားတစ်ရာကျော်ရှိသည့် ဓားပြစခန်းတစ်ခုကို ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့်စွမ်းအား မရှိဘဲ အောင်မြင်စွာတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
သူ့ကဲ့သို့ စွမ်းအားရှိသူ တစ်ယောက်အတွက်ပင် ဤကိစ္စကို အောင်မြင်စေရန် လွယ်ကူမည် မဟုတ်ပေ။
ကြည့်ရသည်မှာ အိမ်ဝယ်သည်က မြို့သားဖြစ်ရန် အရိုးရှင်းဆုံးနှင့်အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပုံပင်။
အမှန်အားဖြင့် ထိုကိစ္စအတွက် လိုအပ်ချက်သည် လုံလောက်သော ကံကြမ္မာချပ်ပြားများ ရှိရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အသေးဆုံးအိမ်တစ်လုံးပင်လျှင် ကံကြမ္မာချပ်ပြားငါးထောင် ကျသင့်ပေမည်။ ထိုကြောင့် သာမန်လူများကို မဆိုထားနှင့် ကျိုးယီအင်ပါယာက ထိပ်သီးမိသားစုကြီးများ သို့မဟုတ် မိုပိုင်ယဲ့ ရှစ်ယွင်ကျင်းကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်များပင်လျှင် ထိုပမာဏကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးရန် ခက်ခဲပေလိမ့်မည်။
ကျန်းရွှမ်သည် ထိုအကြောင်းအရာများကို ဖတ်ရှုပြီးနောက် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားပေ၏။
ကျောက်စာတိုင်ကြီးပေါ်တွင် အကျိုးဆောင်ရမှတ်ကို ရရှိနိုင်မည့် နည်းလမ်းပေါင်း ရာနှင့်ချီ၍ ဖော်ပြထားသည်။ သို့ရာတွင် နည်းလမ်းတစ်ခုချင်းစီသည် အချိန်အကြာကြီး ယူရမည်ဖြစ်ပြီး တစ်ရက်တစ်ညတည်းနှင့် ပြီးမြောက်နိုင်မည့်အရာများ မဟုတ်ချေ။
ဆိုလိုသည်မှာ ထျန်းလီမြို့တွင် ငွေရှာရန်မှာ ကျိုးယီမြို့ထက် ပို၍လွယ်ကူသည်မှာ သေချာသော်လည်း စိန်ခေါ်မှုသည်လည်း သေချာပေါက် ပို၍ကြီးမားနေခြင်းပင်။
ကျန်းရွှမ်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် စုမင်ချန်ကို ထပ်မံ၍ကြည့်လိုက်ပြီး သူ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"ခေါင်းဆောင်စု... အိမ်ဘယ်လိုဝယ်ရမလဲ.... ဘယ်လိုအရွယ်အစားတွေ ရှိလဲ...ဈေးနှုန်းတွေက ဘယ်လောက်လဲ ဆိုတာ မေးချင်လို့ပါ... အသေးစိတ်အချက်အလက်တွေကို ပြထားတဲ့ စာရင်းမျိုး ရှိလား...."
"ဒီဘက်ကို လိုက်ခဲ့ပါ..."
စုမင်ချန်က သဘောကောင်းစွာဖြင့် ရှေ့ကနေ ဦးဆောင်၍ လမ်းပြသွားသည်။ အချိန်တခဏအကြာတွင် သူတို့သည် နောက်ထပ်ခန်းမတစ်ခုထံသို့ ရောက်ရှိသွားပြီး သူက ရှေ့သို့ညွှန်ပြလိုက်သည်။
"အဲ့ဒီဘက်က ကျောက်စာတိုင်ကြီးပေါ်မှာ အိမ်အမျိုးအစားတွေ တည်နေရာအတိအကျနဲ့ ဈေးနှုန်းတွေကို ဖော်ပြထားတယ်... မင်း ဝယ်ချင်တယ်ဆိုရင် အိမ်တစ်လုံးကို ရွေးပြီး ကံကြမ္မာချပ်ပြားနဲ့ ပေးချေလိုက်ရုံပဲ"
ကျန်းရွှမ်က လှမ်းကြည့်လိုက်ရာ ယခင်နှင့် အရွယ်အစားတူညီသော ကျောက်စာတိုင်ကြီးတစ်ခုပေါ်တွင် အိမ်အမျိုးအစားများနှင့် တည်နေရာများကို စာရင်းပြုစုထားသည်အား မြင်တွေ့လိုက်ရသည်။
အစွန်အဖျားနှင့်ညီမျှသော မြို့၏အပြင်ဘက်ဆုံးနေရာရှိ တစ်ရာစတုရန်းမီတာကျယ်ဝန်းသော အိမ်ငယ်တစ်လုံးသည် ကံကြမ္မာချပ်ပြားတစ်သောင်းခန့် ကျသင့်ပေမည်။
ကျင့်ကြံရန်အတွက် သင့်လျော်သော ခြံဝန်းငယ်ပါသည့် အိမ်ကြီးတစ်လုံးအတွက် အနည်းဆုံး ကံကြမ္မာချပ်ပြားတစ်သိန်းမှ စတင်သည်။
ကံကြမ္မာချပ်ပြား တစ်သိန်းဆိုသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအား သန်းတစ်ထောင် (တစ်ဘီလီယံ)ပင်။ ထျန်းလီမြို့၏ အိမ်ခြံမြေဈေးနှုန်းများသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။
ထို့ပြင် ဤသည်မှာ မြို့စွန်၌သာ ရှိနေသည့် အိမ်ခြံမြေများပင်။ အတွင်းမြို့တော်နှင့် နီးကပ်လေလေ ဈေးနှုန်းများ ပို၍မြင့်မားလေလေ ဖြစ်သည်။ အတွင်းမြို့တော်၌ စတုရန်းမီတာ ဆယ်ဂဏန်းအနည်းငယ်သာရှိသော အိမ်ငယ်တစ်လုံးသည် ကံကြမ္မာချပ်ပြား သိန်းနှင့်ချီ၍ ကျသင့်နိုင်ပြီး အိမ်ကြီးအိမ်ကောင်းတစ်လုံးဆိုလျှင် ကံကြမ္မာချပ်ပြား သန်းဆယ်နှင့်ချီ၍ သို့မဟုတ် ထို့ထက်ပို၍ပင် ရှိနေနိုင်သည်။
ကျန်းရွှမ်သည် ကျီးလန်တောင်ကြား၌ ကောင်းကင်ကံကြမ္မာစွမ်းအား သန်းထောင်နှင့်ချီ၍ ရရှိခဲ့စဥ်အချိန်၌ သူ့ကိုယ်သူ သူဌေးတစ်ယောက်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုကြည့်ရသလောက် "ချမ်းသာသော မိသားစုကြီးများ"နှင့် နှိုင်းယှဉ်လိုက်ပါက သူသည် သူတောင်းစား ဖြစ်နေဆဲပင်။
"မတတ်နိုင်ဘူး... ငါ ဘယ်လိုမှ မတတ်နိုင်ဘူး..."
ကျန်းရွှမ်သည် ခါးသည်းသောအပြုံးဖြင့် ခုန်းရှီ ဘက်သို့ လှည့်ကြည့်လိုက်ရာ သူသည်လည်း ခေါင်းခါယမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။
သူသည်လည်း ဤဈေးနှုန်းများကို ကြည့်ပြီး အံ့အားသင့်နေပုံရပေ၏။
"ဒကာမလေး... ကိုယ်တော်က အိမ်ဝယ်ချင်လို့ပါ... အကြံပြုစရာများ ရှိမလား"
သူတို့နှစ်ယောက်သား စိတ်ပျက်အားငယ်နေချိန်မှာတွင် ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရွှမ်က မော့ကြည့်လိုက်ရာ သင်္ကန်းဝတ်ထားသော ဘုန်းတော်ကြီးတစ်ပါးသည် မလှမ်းမကမ်းတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး အိမ်ရောင်းရန် တာဝန်ရှိသော မိန်းကလေးကို တည်ငြိမ်စွာ ကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။
"ဒါက... ဗုဒ္ဓဂိုဏ်းက တစ်ယောက်ယောက်လား"
ကျန်းရွှမ်က တွေးတောလိုက်သည်။
သူ ဤနေရာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်ပိုင်းတွင် ဘုန်းကြီးတစ်ပါးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
"အမှန်ပဲ... ဗုဒ္ဓဂိုဏ်းရဲ့ဌာနချုပ်က ဒီနေရာနဲ့ သိပ်မဝေးတဲ့ လင်ကျိုးတောင်မှာ ရှိတယ်... ဗုဒ္ဓအရှင်ရှီကျာ က ဒုတိယတန်းစားကံကြမ္မာကို ထိန်းချုပ်သူ ဖြစ်ပြီးတော့ ခန့်မှန်းရခက်တဲ့ ကျင့်ကြံဆင့် ရှိတယ်... သူက ကုန်းမြေရဲ့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပေါ့..."
ခေါင်းဆောင်စုက ရှင်းပြသည်။
ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက်၍ စောင့်ကြည့်လိုက်၏။
ဤဘုန်းကြီး၏ကျင့်ကြံဆင့်သည် များစွာကွာခြားခြင်းမရှိဘဲ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင်သာ ရှိသည်။ ဗုဒ္ဓဂိုဏ်းအတွင်း၌ ဤှဘုန်းတော်ကြီးသည် အထူးတလည် ထင်ပေါ်ကျော်ကြားသူမျိုး မဟုတ်လောက်သဖြင့် မည်ကဲ့သို့ အိမ်မျိုးအား ဝယ်နိုင်မည်ကို သူ သေချာမပြောနိုင်ချေ။
"တကယ်လို့ အရှင်ဘုရား ဝယ်ချင်တယ်ဆိုရင်... ဒီနေရာမှာ နှစ်ရာစတုရန်းမီတာကျယ်တဲ့ အိမ်တစ်လုံး ရှိတယ်... ပုံမှန်အနေနဲ့ဆိုရင် ဒီနေရာက အရမ်းကို တိတ်ဆိတ်ပြီးအေးချမ်းတယ်..."
ဧည့်ကြိုမိန်းကလေးက အိမ်တစ်လုံးကို အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
ဘုန်းတော်ကြီးက အချိန်တခဏမျှ ကြည့်ရှုပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"ကိုယ်တော်က မနက်ခင်းနဲ့ညနေခင်း ဝတ်ပြုဆုတောင်းဖို့အတွက် အဆင်ပြေမယ့် ခြံဝန်းငယ်လေးပါတဲ့အိမ်ကို လိုချင်တာပါ... ပြီးတော့ အတွင်းမြို့တော် နဲ့ ပိုနီးတဲ့နေရာကို လိုချင်တယ်... ဒကာမလေး ခုဏက ညွှန်ပြတဲ့နေရာက နည်းနည်း ဝေးလွန်းတယ်..."
"ဟုတ်ကဲ့ပါ အရှင်ဘုရား... ဒါဆိုရင် တပည့်တော်က နောက်ထပ်အိမ်တစ်လုံးကို အကြံပေးပါရစေ"
ဧည့်ကြိုမိန်းကလေးသည် အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုပင် သူမ၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။
ဧည်သည်ထံတွင် ငွေများစွာမရှိဘဲ အိမ်ငယ်လေးတစ်လုံးကိုသာ ဝယ်ယူနိုင်မည်ဟု သူမ ယူဆခဲ့သည်။ ယခုချိန်တွင်မူ သူမ၏သုံးသပ်ချက်သည် မှားယွင်းသွားပုံရသည်။
သူမ ရောင်းရသည့် အိမ်ဈေးနှုန်း မြင့်မားလေလေ သူမ၏ဝန်ဆောင်ခ ပို၍များလေလေပင်။
မကြာမီမှာပင် ဘုန်းတော်ကြီးက အိမ်တစ်လုံးကို ရွေးချယ်လိုက်သည်။ ဤသည်မှာ ဝင်ပေါက်ထွက်ပေါက်ပါရှိပြီး တစ်ဧကခန့် ကျယ်ဝန်းသော ခြံဝန်းငယ်လေးပင်။ ဈေးနှုန်းမှာမူ ကံကြမ္မာချပ်ပြားရှစ်သိန်းအထိ ရှိပြီး ကောင်းကင်ကံကြမ္မာစွမ်းအား သန်းရှစ်သောင်း(ဘီလီယံ ၈၀)ကျော်နှင့် ညီမျှသည်။
ဤဈေးနှုန်းမျိုးမျိုးဖြင့်ဆိုလျှင် ကျန်းရွှမ်သည် သူ့ကိုယ်သူ ဆယ်ခါပြန် ရောင်းစားလျှင်ပင် တတ်နိုင်မည် မဟုတ်ချေ။
"ဒါက မဆိုးဘူး... ကိုယ်တော်က ဒီအိမ်ကို ယူမယ်"
ကျန်းရွှမ် စဉ်းစားနေစဉ်မှာပင် ဘုန်းတော်ကြီးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းတံဆိပ်ပြားနှင့်တူသော အရာတစ်ခုကို ထုတ်ပေးလိုက်သည်။
ထိုတံဆိပ်ပြားသည် ရွှေဝါရောင်တောက်နေပြီး မျက်စိကျိန်းလောက်သော မြင့်မြတ်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေပေ၏။
"တကယ့်ကို အထွတ်အထိပ်အဆင့် အလုံးစုံသိမြင်တံဆိပ်ပြား ပဲ... ဒါကြောင့်ကိုး..."
ခေါင်းဆောင်စု၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
ယခင်က ဘုန်းတော်ကြီးတစ်ပါးသည် ဤမျှထိ ခမ်းနားထည်ဝါသော နေအိမ်ကို ဝယ်ယူခြင်းမှာ မယုံကြည်နိုင်စရာတစ်ရပ်ဟု သူ တွေးထင်ခဲ့သော်လည်း ယခုချိန်၌မူ သူ နားလည်သဘောပေါက်သွားလေပြီ။
"အလုံးစုံသိမြင်တံဆိပ်ပြား ဟုတ်လား..." ကျန်းရွှမ်က ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။
"အမှန်ပဲ..."
ခေါင်းဆောင်စုက ခေါင်းညိတ်လိုက်၏။
"ဒါက ငါတို့ အလုံးစုံသိမြင်ဂိုဏ်း က ထုတ်ပေးတဲ့ တံဆိပ်ပြားပဲ... အဆင့်တွေ အများကြီး ရှိတယ်... သာမန်ကျင့်ကြံသူတွေအတွက် အဆင့် တစ်တံဆိပ်ပြားကို ရဖို့တောင် တော်တော် ကောင်းနေပြီ... အထွတ်အထိပ်အဆင့် တံဆိပ်ပြား ဆိုရင်တော့... ငါ တခါမှတောင် မမြင်ဖူးဘူး... ဒီလို အဆင့်ရှိတဲ့ တံဆိပ်ပြားမျိုးက အထဲမှာ ငွေမရှိရင်တောင်...တံဆိပ်ပြားကိုပြရုံနဲ့တင် ခြံဝင်းပါတဲ့အိမ်မှာ နှစ်ဝက်ကျော်လောက် အလကား နေလို့ရတယ်..."