အခန်း (၃၈၀-၃၈၁)
Vol. 32 Ch. 380-381
အခန်း ၃၈၀: အရှင်လဲ့ချန်ယီ
"အထွတ်အထိပ်အဆင့် တံဆိပ်ပြားကို ကိုင်ဆောင်ထားရုံနဲ့ ခြံဝန်းပါတဲ့ နေအိမ်မှာ ယာယီ အခမဲ့နေခွင့်ရနိုင်တယ်... ဟုတ်လား..."
ကျန်းရွှမ်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ဒါပေါ့"
ကျန်းရွှမ်၏မျက်လုံးများထဲရှိ သံသယများကို မြင်တွေ့ချိန်တွင် စုမင်ချန်က ချက်ချင်းဆိုသလိုပင် မကျေမနပ်ဖြင့် တုံ့ပြန်လိုက်၏။
"ငါတို့အလုံးစုံသိမြင်ဂိုဏ်းက ရင်းမြစ်ကမ္ဘာတစ်ခုလုံးမှာ အချမ်းသာဆုံး အင်အားစုတွေထဲက တစ်ခုပဲ...လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ တံဆိပ်ပြားတွေကို အရမ်းတင်းကြပ်တဲ့ အကန့်အသတ်နဲ့ပဲ ထုတ်ပေးတယ်.. အဲ့ဒီတံဆိပ်ပြားတစ်ခုချင်းစီက တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တယ်"
"အထူးသဖြင့် အထွတ်အထိပ်တံဆိပ်ပြားဆိုရင် ဂိုဏ်းခွဲသခင်တွေ ဒါမှမဟုတ် သိသာထင်ရှားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တဲ့ အကြီးအကဲတွေပဲ ရနိုင်တယ်....ငါက ဒီနေမှာ အစောင့်ခေါင်းဆောင်ဖြစ်တာ ဆယ်နှစ်ကျော်ပြီ...အခုချိန်ထိ အထွတ်အထိပ်တံဆိပ်ပြားကို သုံးခုပဲ မြင်ဖူးသေးတယ်.. အဲ့ဒီအရာကို ကိုင်ဆောင်တဲ့လူတိုင်းက အနည်းဆုံး အသက်ပင်လယ်နယ်ပယ် ဒါမှမဟုတ် အဲ့ဒီထက်မြင့်မားတဲ့ ကျင့်ကြံဆင့်ကို ရောက်နေကြတဲ့ လူတွေချည်းပဲ"
"ဒီဘုန်းတော်ကြီးက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်စွမ်းအားပဲ ရှိပေမဲ့ ဒီလိုတံဆိပ်ပြားကို ထုတ်ပြနိုင်တယ်ဆိုတော့...ဒါက စဉ်းစားနေစရာတောင် မလိုဘူး...သူ့ရဲ့နောက်ခံက သာမန်မဟုတ်တာ သေချာတယ်...အဲ့ဒါက ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းလုံးမှာတောင် ထိပ်တန်းအဆင့် ဖြစ်လောက်တယ်"
စုမင်ချန်သည် ထိုစကားများကိုပြောဆိုရင်း ပို၍စိတ်လှုပ်ရှားလာပြီး သူ၏ပါးပြင်များ နီမြန်းလာသည်။
ငွေကြေးသိမ်းဆည်းခြင်းနှင့် ကုန်သွယ်ခြင်းများ ပြုလုပ်နိုင်သော အလုံးစုံသိမြင်တံဆိပ်ပြားကို ယေဘုယျအားဖြင့် အဆင့်သုံးဆင့် ခွဲခြားထားသည်။ ဤသည်မှာ အဆင့်တစ် အဆင့်နှစ် နှင့် အဆင့်သုံးဟူ၍ ဖြစ်သည်။
သာမန်ပြည်သူများသည် အဆင့်သုံးတံဆိပ်ပြားကိုသာ ရရှိနိုင်သည်။
စွမ်းအားကြီးမားသော အထက်တန်းလွှာများနှင့် ထင်ရှားကျော်ကြားသူများသည် အဆင့်တစ်တံဆိပ်ပြားကို ရရှိနိုင်သော်လည်း ဤသည်မှာ အမြင့်မားဆုံး အကန့်အသတ်ပင်။
ဤဘုန်းတော်ကြီး ယူဆောင်လာသော အထွတ်အထိပ်တံဆိပ်ပြားကဲ့သို့ အရာမျိုးကိုမူ ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် လက်တစ်ဆုပ်စာထက် ပို၍ထုတ်ပေးထားခြင်း မရှိချေ။ ထိုကြောင့် ထိုတံဆိပ်ပြား၏ ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်းသည် သိသာထင်ရှားပေ၏။
"အရှင်ဘုရား... တပည့်တော်... တပည့်တော်ကို အရှင်ဘုရားရဲ့တံဆိပ်ပြားကို စစ်ဆေးခွင့် ပြုပါ"
မျှော်လင့်ထားသည့်အတိုင်းပင် ခေါင်းဆောင်စု ထိတ်လန့်တုန်လှုပ်နေရုံသာမက ဧည့်ကြိုမိန်းကလေးသည်လည်း အထိန်းအကွပ်မဲ့စွာ ထိတ်လန့်တုန်လှုပ်နေသည်။
"အော်မီတောဖော... ရပါတယ် ဒကာမလေး"
ဘုန်းတော်ကြီးက လက်အုပ်ချီရင်း ပြောဆိုလိုက်၏။
"အရှင်ဘုရားကို ကျေးဇူးတင်ပါတယ်"
မိန်းကလေးသည် အတွင်းခန်းထဲသို့ အလျင်အမြန် ဝင်သွားပြီးနောက် အချိန်တခဏအကြာတွင် မျက်နှာနီစပ်စပ်နှင့် အဘိုးအိုတစ်ဦး ရောက်လာသည်။
ထိုအဘိုးအိုသည် တံဆိပ်ပြားကို သူ၏လက်ဝါးပေါ်တွင် တင်ထားပြီး သူ၏လက်ချောင်းဖြင့် အသာအယာ ထိတွေ့လိုက်ရာ အထူးစွမ်းအားတစ်ရပ်က လေထုထဲသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ဤစွမ်းအားသည် လေဟာနယ်မှတစ်ဆင့် ပျံ့နှံ့လာပြီး စိတ်ဝိညာဉ်များအပေါ် ဖိနှိပ်ချုပ်ကိုင်မှု ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ဒါက တကယ့်ကို အထွတ်အထိပ်တံဆိပ်ပြား အမှန်ပါပဲ... အရှင်ဘုရားရဲ့နောက်ခံက ဘာလဲဆိုတာ မေးခွင့်ရှိမလား"
အဘိုးအိုက သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း စူးစမ်းလိုစိတ်ဖြင့် ဘုန်းတော်ကြီးကိုကြည့်လိုက်သည်။
သူ စစ်ဆေးပြီးနောက် ဤသည်မှာ စစ်မှန်သော တံဆိပ်ပြားတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့ရာတွင် အလုံးစုံသိမြင်ဂိုဏ်းမှ ထုတ်ပေးထားသော တံဆိပ်ပြားတိုင်းကို မှတ်တမ်းတင်ထားပြီး သဘောတရားအရဆိုလျှင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သာရှိသော ဤဘုန်းတော်ကြီးသည် အရည်အချင်း မပြည့်မီချေ။
"ဒီတံဆိပ်ပြားက ကိုယ်တော်ရဲ့ဆရာသခင်နဲ့ စိတ်ဝိညာဉ်စွမ်းအား ပြိုင်တဲ့နေရာမှာ ရှုံးနိမ့်သွားခဲ့တဲ့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတစ်ဦးက ပေးခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုပါ"
ဘုန်းတော်ကြီးက လက်အုပ်ချီရင်း ပြောဆိုလိုက်သည်။
"အဆင့်မြင့်အကြီးအကဲနဲ့ ပြိုင်ပွဲ ဟုတ်လား....ပြီးတော့ သူက ရှုံးနိမ့်သွားတာလား"
အဘိုးအိုသည် အံ့အားသင့်သွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
အလုံးစုံသိမြင်ဂိုဏ်းအတွင်း၌ အဆင့်မြင့်အကြီးအကဲတစ်ဦးသည် အသက်ပင်လယ်နယ်ပယ်တွင်ရှိပြီး နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသူပင်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ၏ဆရာသခင်ကို ရှုံးနိမ့်ခဲ့သည်ဆိုသဖြင့်....ဤဘုန်းတော်ကြီး၏ဆရာသခင်သည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ပေါ်လွင်နေသည်။
"ဖြစ်နိုင်တာတော့..."
ထိုစကားများကို ကြားလိုက်ရသဖြင့် နံဘေးတစ်ဖက်ရှိ စုမင်ချန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏လက်သီးများကို မသိမသာ ဆုပ်လိုက်မိသည်။
"ဖြစ်နိုင်တာတော့.. အရှင်ဘုရားရဲ့ ဆရာသခင်က ဗုဒ္ဓဂိုဏ်းရဲ့ အပြာရောင်တိမ်တိုက်အရှင်များ ဖြစ်နေမလား"
အဘိုးအိုထံတွင်လည်း တူညီသောအတွေးမျိုး ဝင်ရောက်လာသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဘုန်းတော်ကြီးကို ကြည့်လိုက်သည်။
"အမှန်ပါပဲ"
ဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
"ကိုယ်တော်က အပြာရောင်တိမ်တိုက်အရှင်ရဲ့ တပည့်ရင်း ဖြစ်ပြီးတော့ ဘွဲ့အမည်က မြောင်နန်ပါ"
"ဇင်ဆရာတော် မြောင်နန် ဖြစ်နေတာကိုး..."
အမှန်တရားကို သိလိုက်ရသဖြင့် အဘိုးအိုသည် ချက်ချင်းဦးညွှတ်အရိုအသေပြုလိုက်၏။
"အရှင်ဘုရားမှာ အထွတ်အထိပ်တံဆိပ်ပြား ရှိနေတာကြောင့် ဒီအိမ်အတွက် ဈေးနှုန်းကို နှစ်ဆယ်ရာခိုင်နှုန်းလျှော့စျေး ခံစားခွင့်ရပါမယ်... ကြွပါ အရှင်ဘုရား... အထဲကို ကြွပါ..."
"နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးပေးတဲ့ တံဆိပ်ပြား.... ဟုတ်လား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
သာမန်ပစ္စည်းများအပေါ် နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးဆိုသည်မှာ အလွန်များပြားခြင်း မရှိသော်လည်း ရှစ်သိန်းတန်ဖိုးရှိသည့် အရာတစ်ခုအပေါ်တွင်မူ တစ်သိန်းခြောက်သောင်း သက်သာပေမည်။ ဤသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအား ၁.၆ဘီလီယံနှင့် ညီမျှပေ၏။
ဤမျှထိ များပြားသော အရင်းအမြစ်များဆိုလျှင် ကျန်းရွှမ်သည် ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာစဥ်ကတည်းက သူ မည်မျှထိ ကြိုးစားအားထုတ်စေကာမူ ထိုပမာဏကို ရှာဖွေနိုင်ခဲ့ခြင်း မရှိသေးချေ။
"ဒါက အထွတ်အထိပ်တံဆိပ်ပြားလေ....ဒါ့ပြင် ဒါက အပြာရောင်တိမ်တိုက်အရှင်ရဲ့ တပည့်ရင်း ပိုင်ဆိုင်တဲ့ တံဆိပ်ပြားပဲ...ပစ္စည်းဝယ်ယူမှုတွေမှာ နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးရတာကို ထည့်မပြောနဲ့အုံး....တခြား လွန်ကဲတဲ့တောင်းဆိုမှုတွေ ရှိရင်တောင် အလုံးစုံသိမြင်ဂိုဏ်းက အကောင်းဆုံး ဖြည့်ဆည်းပေးမှာ သေချာတယ်..."
စုမင်ချန်က သက်ပြင်းတစ်ချက်ချရင်း ပြောဆိုသည်။
ထိုစကားကို ကြားလိုက်ချိန်၌ ကျန်းရွှမ်သည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သူ၏မျက်လုံးများ တောက်ပသွားပေ၏။
"တကယ်လို့... တကယ်လို့ ငါ့မှာလည်း အဲ့ဒီလိုအဆင့်မျိုးရှိတဲ့ တံဆိပ်ပြားတစ်ခုရှိရင်....အလုံးစုံသိမြင်ဂိုဏ်းက ငါ့ကို နေရာထိုင်ခင်း ပေးပြီး သင့်လျော်တဲ့ မြို့သားအထောက်အထားလက်မှတ်ရအောင် ကူညီပေးနိုင်မလား"
"ဒါပေါ့...."
စုမင်ချန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အဓိကလိုအပ်ချက်က မင်းမှာ အထွတ်အထိပ်အဆင့် တံဆိပ်ပြား ရှိရမယ်...ဒါက အဆင့်တစ် အဆင့်နှစ် အဆင့်နှစ် မဟုတ်ဘူးနော်"
"ငါက အဲ့ဒီကိစ္စကို သိပါတယ်"
ကျန်းရွှမ် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
"လူတစ်ယောက်က ငါ့ကို အရင်တုန်းက ဒါကို လက်ဆောင်ပေးခဲ့တာပဲ....ဒါက အဆင့်တော့ သိပ်မနိမ့်လောက်ပါဘူး..."
"အထွတ်အထိပ်အဆင့် တံဆိပ်ပြားဆိုတာ အကြီးအကဲတွေပဲ ရနိုင်တဲ့အရာ...မင်းကို ဒီအတိုင်း လက်ဆောင်ပေးလိုက်တယ်ဆိုတော့ အဲ့ဒီအဆင့်ကို ရောက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
စုမင်ချန်က တံဆိပ်ပြားကို မယူဘဲ သူ၏နှုတ်ခမ်းကိုမဲ့ရွဲ့ကာ ခေါင်းခါယမ်းလိုက်သည်။
ဤလူသည် တခြားလူမှ အထွတ်အထိပ်တံဆိပ်ပြားကို ထုတ်ပြသည်အား မြင်တွေ့ချိန်၌ သူ၏တံဆိပ်ပြားသည်လည်း ထိုအဆင့်တွင်ရှိနေသည်ဟု တွေးထင်နေသလော။ ဤလူသည် မည်သို့ တွေးတောနေသည်ကို သူ နားမလည်နိုင်တော့ချေ။
'အဲ့ဒီဘုန်းတော်ကြီးရဲ့ ဆရာသခင်က ဗုဒ္ဓဂိုဏ်းရဲ့ နာမည်ကျော်ကြားတဲ့ အပြာရောင်တိမ်တိုက်အရှင်လေ.... မင်းက ဘယ်သူမို့လို့လဲ...'
'မှားယွင်းပြီး စွပ်စွဲခံရတာတောင် ရှင်းအောင်မလုပ်နိုင်ဘဲနဲ့ လျော်ကြေးပေးခဲ့ရတဲ့သူ....တခြားနေရာကလာတဲ့ အညတရတစ်ယောက်က အထွတ်အထိပ်အဆင့် တံဆိပ်ပြား ပိုင်ဆိုင်ဖို့ တွေးနေတယ်တဲ့လား...မင်း ယောင်လို့တောင် အိမ်မက်မမက်စမ်းနဲ့'
စုမင်ချန်၏မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က သူ၏တံဆိပ်ပြားကို လက်ကမ်းပေးလိုက်သည်။
"မင်း စမ်းကြည့်လိုက်ပါ...ဒါက ဘာမှ အပန်းအကြီးပါဘူး.... ဘယ်လိုအခွင့်အရေးကိုပဲရရ ငါ ယူပါ့မယ်..."
စုမင်ချန်က ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများတွင် မနှစ်မြို့မှု အရိပ်အယောင်များ ပေါ်လာသည်။
"ခုဏက အဘိုးအိုက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား....ဒီလိုမျိုး ပေါ့ပေါ့တန်တန် စစ်ဆေးခိုင်းလို့ ရမလား..."
"သူက ဘယ်သူလဲ"
ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
စုမင်ချန်က နှာခေါင်းရှုံ့၍ရယ်မောရင်း ရှင်းပြသည်။
"အဲ့ဒါက ငါတို့ လက်အောက်ခံဂိုဏ်းခွဲရဲ့ ဂိုဏ်းခွဲသခင် အရှင်လဲ့ချန်ယီပဲ... သူ့လို အဆင့်အတန်းရှိတဲ့လူက အရမ်းအလုပ်များတယ်....မင်းမှာ တံဆိပ်ပြားရှိတယ်လို့ ပြောလိုက်ရုံနဲ့ သူက လာစစ်ဆေးပေးမယ်လို့ မင်း မထင်လိုက်နဲ့"
"ဒါက..."
အဘိုးအိုသည် ဤမျှထိ အရေးပါသူဖြစ်လိမ့်မည်ဟု တွေးထင်မထားခဲ့သဖြင့် ကျန်းရွှမ်သည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းသွားသော်လည်း ထိုတံဆိပ်ပြားကို ရှေ့သို့ တွန်းပို့လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အရင်ကြည့်ကြည့်ပါဦး... ပြီးခဲ့တဲ့အကြိမ် ကျိုးယီမြို့တုန်းက ဒါကိုကြည့်ပြီး ဂိုဏ်းခွဲသခင်ချန်ယီဟွမ်က တော်တော်လေး အံ့အားသင့်သွားခဲ့တယ်"
ဤတံဆိပ်ပြားကို ကျိုးယီမြို့ရှိ ဂိုဏ်းချုပ်ယွဲ့လုံရှောင်မှတဆင့် အိုးယန်ဟိုင်က ပေးခဲ့ခြင်းပင်။ ဂိုဏ်းခွဲသခင်ချန်ယီဟွမ်သည် ထိုတံဆိပ်ပြားကို လက်ခံရရှိချိန်တုန်းက တုန်လှုပ်ချောက်ချားသွားပြီး သူ၏စရိတ်အများစုကို လျှော့ပေါ့ပေးခဲ့သည့်အပြင် ရင်းမြစ်ငွေကြေး အမြောက်အများကိုပါ ပေးအပ်ခဲ့သည်။
ထိုအချိန်မှစ၍ ဤတံဆိပ်ပြားသည် ရိုးရှင်းခြင်းမရှိကြောင်း သူ ခံစားမိသည်။ ထိုအရာသည် အထွတ်အထိပ်အဆင့်သို့ မရောက်လျှင်ပင် အနည်းဆုံးအနေဖြင့် အဆင့်တစ်လောက် ဖြစ်သင့်သည် မဟုတ်လော။
"ကျိုးယီမြို့ ဟုတ်လား....အဲ့ဒီလို သေးနုပ်တဲ့နေရာက ထုတ်ပေးတဲ့ တံဆိပ်ပြားကို မင်းက ဂုဏ်ယူနေတာလား"
စုမင်ချန်သည် အဆက်မပြတ် လှောင်ပြောင်သရော်လိုက်၏။
ကျိုးယီမြို့သည် သူ၏မွေးရပ်မြေနှင့် နှိုင်းယှဥ်လျှင်ပင် အသေးအမွှားနေရာလေးတစ်နေရာသာဖြစ်သည်။ ဤကဲ့သို့ မြို့ငယ်လေးရှိ လူများသည် မည်ကဲ့သို့ရတနာမျိုးကို မြင်တွေ့ဖူးမည်နည်း။
'အထွတ်အထိပ်တံဆိပ်ပြားတဲ့လား... ဒီကောင် တကယ့်ကို ပြောရဲဆိုရဲ ရှိတာပဲ'
"ထားလိုက်ပါတော့"
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သူ့ကို ကံကြမ္မာချပ်ပြား နှစ်ထောင်ပေးခဲ့ပြီး ထိုလူငယ်၏စွမ်းအားကလည်း အမှန်တကယ်ကို ထူးခြားသည်။ ထိုကြောင့် သူသည် တံဆိပ်ပြားကို ကိုင်ကြည့်ရန် ငြင်းဆန်ပါက သင့်လျော်မည်မဟုတ်ချေ။
စုမင်ချန်သည် မထီမဲ့မြင်အမူအယာဖြင့် တံဆိပ်ပြားကိုယူကာ ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"အထွတ်အထိပ်တံဆိပ်ပြားတွေက ရွှေရောင်ရှိတယ်....မင်းဆီကဟာက အရောင်ကိုမတူဘူး..."
သူ၏လက်ထဲရှိ တံဆိပ်ပြားသည် စိမ်းပြာရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် ပြာလဲ့လဲ့တိမ်တိုက်ပုံစံများ ပါရှိရာ သူ ယခင်က မြင်တွေ့ဖူးသော ရွှေရောင်တံဆိပ်ပြားနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။ ဤကောင်စုတ်လေးသည် သူ၏တံဆိပ်ပြားကို တခြားလူများနှင့် တန်းတူခန့်မှန်းရဲသည့် သတ္တိမျိုး မည်သည့်နေရာက ရရှိလာသနည်း။
"အရောင်မတူတာတော့ ငါ သိတယ်.... ဒါပေမဲ့ ငါ မှတ်မိသလောက်ဆိုရင်... အရှင်ချန်ယီဟွမ်က တစ်ခုခု ပြောဖူးတယ်....အဲ့ဒါကို... မိုးပြာတံဆိပ်ပြားလို့ ခေါ်တယ် ထင်တယ်"
ကျန်းရွှမ်က စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။
အခန်း ၃၈၁: ဒါက ဘယ်သူ့ရဲ့တံဆိပ်ပြားလဲ
"အရှင်ချန်က ဘာအရေးပါလို့လဲ....မိုးပြာတံဆိပ်ပြားဆိုရင်တောင်....ခဏလေး... ခင်ဗျား ဘာပြောလိုက်တာလဲ....မိုးပြာတံဆိပ်ပြား ...ဟုတ်လား"
စုမင်ချန်သည် စကားပြောဆိုနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး နေရာမှာတင် တောင့်တင်းသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာသည်။
"ဟုတ်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"သူက အဲ့ဒီလိုပြောခဲ့သလိုပဲ... ဒါက နာမည်အမှန် ဟုတ်မဟုတ်တော့ ငါ သေချာမသိဘူး"
ဂိုဏ်းချုပ်ယွဲ့လုံရှောင်သည် ဤတံဆိပ်ပြားကို ပေးခဲ့စဥ်ကတည်းက အသေးစိတ် မရှင်းပြခဲ့ချေ။ ထိုအရာကို အလုံးစုံသိမြင်ဂိုဏ်းအတွင်း၌ အသုံးပြုပါက သူ့အတွက် အဆင်ပြေမည်ဟုသာ ပြောဆိုခဲ့ပေ၏။
ဂိုဏ်းခွဲသခင်ချန်ယီဟွမ်သည် ထိုတံဆိပ်ပြားကိုမြင်တွေ့ပြီးနောက် အချိန်တခဏကြာခန့် အံ့သြသွားခဲ့သည်။ သို့ရာတွင် ဤနေရာသည် ကျိုးယီမြို့နှင့် များစွာကွာခြားနေသဖြင့် ကျန်းရွှမ်သည် အစပိုင်းတွင် ထိုကိစ္စကို စိတ်မဝင်စားခဲ့ချေ။ ယခုချိန်တွင် အထွတ်အထိပ်တံဆိပ်ပြားက ငွေကြေးသက်သာစေနိုင်ကြောင်း သိလိုက်မှသာ သူ စိတ်ဝင်စားလာခြင်း ဖြစ်သည်။
...
လျှော့စျေးများ အခမဲ့ဝန်ဆောင်မှုများ အကြောင်းကို သူ မကြားခဲ့ရပါက ဤကိစ္စကို လုံးလုံးလျားလျား မေ့လျော့နေလောက်လေပြီ။
"မဖြစ်နိုင်ဘူး... ဒါက လုံးဝမဖြစ်နိုင်ဘူး"
စုမင်ချန်သည် အလွန်ထိတ်လန့်သွားပြီးနောက် သူ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်၍ထိန်းသိမ်းလိုက်၏။
"မိုးပြာတံဆိပ်ပြားက ဘယ်အဆင့်လဲဆိုတာ မင်း သိရဲ့လား"
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။
သူ အမှန်တကယ်ကိုမသိကြောင်း မြင်တွေ့ချိန်၌ စုမင်ချန်သည် စိတ်အေးသွားပြီး အေးစက်စက်အပြုံးဖြင့် ကြည့်လိုက်သည်။
"မင်းက မသိဘဲနဲ့ ဒီလိုမျိုးတွေ လျှောက်ပြောရဲတာလား...."
"အရှင်ချန်ယီဟွမ်ကိုယ်တိုင် အဲ့ဒီလို ပြောခဲ့တာပါ"
ကျန်းရွှမ်က ရှင်းပြသည်။
စုမင်ချန်က ခါးမတ်မတ်ရပ်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော အထင်အမြင်သေးမှုမျာဖြင့် ပြည့်နှက်နေပေ၏။
"မြို့ငယ်လေးက ဂိုဏ်းချုပ်တစ်ယောက် လျှောက်ပြောတာကို မင်းက ယုံနေတာလား... မင်းက ဘာမှနားမလည်တဲ့သူဆိုတော့ ငါကစေတနာကောင်းထားပြီး ရှင်းပြပေးမယ်... ဒါမှ မင်းရဲ့မျှော်လင့်ချက်တွေကို စွန့်လွှတ်နိုင်လိမ့်မယ်"
"အလုံးစုံသိမြင်ဂိုဏ်းရဲ့ တံဆိပ်ပြားတွေကို အဆင့်တစ် အဆင့်နှစ်နဲ့ အဆင့်သုံးဆိုပြီးတော့ ခွဲခြားထားတယ်...သာမန်လူတွေက ငွေကြေးလွှဲပြောင်းမှုတွေ လုပ်နိုင်ပြီးတော့ ရင်းမြစ်ငွေကြေးတွေ ကံကြမ္မာချပ်ပြားတွေကို သိမ်းဆည်းနိုင်ဖို့အတွက် အသုံးပြုတဲ့အရာက အဆင့်သုံးတံဆိပ်ပြားပဲ"
"အဆင့်နှစ်တံဆိပ်ပြားတွေမှာတော့ အထူးအခွင့်အရေးတချို့ ရှိတယ်...ဥပမာအနေနဲ့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ ရတနာပစ္စည်းတချို့ကို အခမဲ့အသုံးပြုခွင့်နဲ့ အဆင့်နိမ့် သတင်းအချက်အလက်တွေကို အခမဲ့ ရယူခွင့် ရှိတယ်"
"အဆင့်တစ်တံဆိပ်ပြားတွေကျတော့ လက်အောက်ခံခန်းမတွေမှာရှိတဲ့ အလုံးစုံသိမြင်ကျောက်တိုင်လို ပစ္စည်းမျိုးတွေကို ကုန်ကျစရိတ်မရှိဘဲ အသုံးပြုခွင့် ရှိတယ်"
"အဲ့ဒီအထက်မှာ အထွတ်အထိပ်တံဆိပ်ပြား ရှိတယ်....ဂိုဏ်းအတွက် အကျိုးပြုခဲ့တဲ့ ခန်းမသခင်တွေ ဒါမှမဟုတ် အကြီးအကဲတွေကိုပဲ ပေးတာ..ဒါက အရမ်းမြင့်မားတဲ့ အဆင့်အတန်းပဲ....ဒီတံဆိပ်ပြားကို ကိုင်ထားတဲ့လူက ပစ္စည်းဝယ်ယူမှုတွေအားလုံးမှာ နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးရတဲ့အပြင် လက်အောက်ခံဂိုဏ်းခွဲသခင်တွေနဲ့ တန်းတူဆက်ဆံခံရတယ်"
"တကယ်တော့ အဲ့ဒါက အဆင့်မြင့်ဆုံးတံဆိပ်ပြားတော့ မဟုတ်ဘူး.....အထွတ်အထိပ်တံဆိပ်ပြားရဲ့အထက်မှာ ပိုပြီးအခွင့်အာဏာကြီးမားတဲ့ မြေကမ္ဘာတံဆိပ်ပြား ရှိသေးတယ်"
"အဲ့ဒီအရာကို သိသာထင်ရှားတဲ့ အကျိုးဆောင်မှုတွေ လုပ်ခဲ့တဲ့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ဌာနချုပ်က အကြီးအကဲတွေကို ပေးအပ်တယ်... အဲ့ဒါက အကြီးအကဲတိုင်း ရတာမဟုတ်ဘူး...ခုဏက ဇင်ဆရာတော် ပြောသွားတဲ့ အဆင့်မြင့်အကြီးအကဲတွေတောင် အဲ့ဒါကိုရဖို့ အရည်အချင်း မပြည့်မီဘူး"
"ဒီအဆင့်တံဆိပ်ပြားက အလုံးစုံသိမြင်ဂိုဏ်းရဲ့ ကုန်ပစ္စည်းအားလုံးအပေါ် သုံးဆယ်ရာခိုင်နှုန်း လျှော့စျေးခံစားခွင့်ရှိတယ်....ငါတို့ဂိုဏ်းခွဲတွေကတောင် အဲ့ဒီတံဆိပ်ပြားပိုင်ရှင်ကို အလုံးစုံသိမြင်ဂိုဏ်းရဲ့ဌာနချုပ်က အကြီးအကဲတွေလိုမျိုး ဆက်ဆံရတယ်"
"ဆိုလိုတာက...မင်းက ဘယ်အလုံးစုံသိမြင်ဂိုဏ်းခွဲကိုပဲသွားသွား.....အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတွေကို ဆက်ဆံပုံမျိုးကို ခံစားရလိမ့်မယ်"
"ဒါ့ပြင် အဲ့ဒါက မြေကမ္ဘာတံဆိပ်ပြားပဲ ရှိသေးတယ်...မိုးပြာတံဆိပ်ပြားဆိုတာကတော့ ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းရှိတဲ့ တံဆိပ်ပြားပဲ.... ငါ သိသလောက်ဆိုရင် ကုန်းမြေတစ်ခုလုံးမှာတောင် အဲ့ဒီအရာက လက်တစ်ဆုပ်စာပြည့်အောင် မရှိဘူး...မင်းမှာ အဲ့ဒီလို တံဆိပ်ပြားမျိုးရှိတယ်လို့ ပြောနေတာက ရယ်စရာတစ်ခုအနေနဲ့တောင် နောက်ပြောင်စရာမျိုး မဟုတ်ဘူး"
စုမင်ချန်သည် ထိုစကားများကို ပြောဆိုရင်း သူ၏စိတ်ထဲတွင် တစ်ဖက်လူသည် ကြွားဝါနေခြင်းသာဖြစ်ကြောင်း သူ အတပ်သိသွားပေ၏။
နောက်ပြောင်ခြင်းဆိုရာတွင် အတိုင်းအတာတစ်ခု ရှိသင့်သည်။
မည်သည့်နေရာက ရရှိလာမှန်း မသိရသော နာမည်တစ်ခုကို ကြားဖူးရုံသက်သက်ဖြင့် ပြောဆိုနေသည်မှာ အမှန်တကယ်ကို မိုက်မဲရာကျသည်။
"မိုးပြာတံဆိပ်ပြားက အဲ့ဒီလောက်တောင် အံ့အားသင့်ဖို့ ကောင်းတာလား"
ကျန်းရွှမ်သည် အံ့အားသင့်သွားပြီးနောက် သံသယဝင်လာသည်။
ယွဲ့လုံရှောင်သည် အလုံးစုံသိမြင်ဂိုဏ်းမှ ဂိုဏ်းခွဲမှ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လျှင်ပင် ဤမျှထိ အဖိုးတန်သော တံဆိပ်ပြားကို သူ့အား အလကားပေးရန်မှာ မဖြစ်နိုင်ချေ။
"ဒါပေါ့... ဒီလောက်ထိ ရှင်းပြပြီးတာတောင် မင်းဆီက တံဆိပ်ပြားက အထင်ကြီးဖို့ကောင်းတယ်လို့ မင်း ထင်နေတုန်းလား"
စုမင်ချန်က လှောင်ပြောင်လိုက်သည်။
ကျန်းရွှမ်သည် စကားမပြောနိုင်တော့ဘဲ အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြောဆိုသည်။
"ကောင်းပြီလေ... အဲ့ဒီအဆင့် မရောက်ရင်တောင် မဆိုးလောက်ပါဘူး... ဒီလိုလုပ်ပါလား... ဒါကို အရှင်လဲ့ချန်ယီကိုပေးပြီး စစ်ဆေးပေးပါအုံး... ဘယ်အဆင့်ပဲဖြစ်ဖြစ် ငါ လက်ခံပါ့မယ်"
"မင်းက တော်တော်လေး ခေါင်းမာတာပဲ..."
စုမင်ချန်သည် သူ ဤမျှထိ ပြောဆိုထားသည့်တိုင် တစ်ဖက်လူသည် အတင်းအကြပ် တောင်းဆိုနေသဖြင့် သူ၏မျက်လုံးများတွင် မနှစ်မြို့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။
သူသည် တစ်ဖက်လူနှင့် စကားပြောဆိုပြီး ဤနေရာအထိ လိုက်လာခဲ့တာက ထိုလူငယ်ထံ၌ စွမ်းအားနှင့်အသိဥာဏ် အနည်းငယ် ရှိနေသောကြောင့်ပင်။ ယခုချိန်၌ ထိုလူငယ်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးပြီး သူ့အား အတင်းအကြပ်စမ်းသပ်ခိုင်းနေသည်က အနည်းငယ်စိတ်ပျက်ဖွယ် ကောင်းပေ၏။
'မင်းရဲ့ အဆင့်အတန်းက ဘာမလို့လဲ...မင်းက အပြာရောင်တိမ်တိုက်အရှင်ရဲ့ တပည့်ရင်းတွေနဲ့ ယှဉ်ပြိုင်ချင်နေတာလား....ဒါက အရမ်းရယ်စရာကောင်းတာပဲ'
"ခေါင်းဆောင်စု... မင်းက မကူညီချင်ဘူးလား"
စုမင်ချန်၏မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ထိုကိစ္စကို ခန့်မှန်းမိသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"အရှင်လဲ့ချန်ယီက ဘယ်လိုလူမျိုးလဲ....မင်း မေးချင်တိုင်း မေးလို့ရမယ့်လူ..."
စုမင်ချန်သည် လှောင်ပြောင်သရော်လိုက်သော်လည်း သူ၏စကားမဆုံးခင်မှာပင် ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာသည်။
"စုမင်ချန်... ကူးပြောင်းရေးဝင်္ကပါမှာ စောင့်ကြပ်မနေဘဲနဲ့ ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ခေါင်းဆောင်စုက အလျင်အမြန် လှည့်ကြည့်လိုက်ရာ အဘိုးအိုတစ်ဦး လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအဘိုးအိုကို မြင်တွေ့သည်နှင့် သူ၏မျက်နှာအမူအယာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။
"အကြီးအကဲဝူ..."
စုမင်ချန် စကားမပြောနိုင် ဖြစ်သွားသည်။ အချိန်တခဏအကြာတွင် သူသည် ကျန်းရွှမ်ဘက်သို့ ကြည့်လိုက်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော်က ဒီလူကို လိုက်ပို့ပေးတာပါ....သူ... သူ့မှာ... အလုံးစုံသိမြင်တံဆိပ်ပြား ရှိတယ်လို့ ပြောပါတယ်.... အဲ့ဒါကြောင့် အရှင်လဲ့ချန်ယီကို အတည်ပြုခိုင်းချင်လို့ပါ"
သူ၏ရှေ့က အကြီးအကဲသည် ဂိုဏ်းခွဲ၏ စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များကို တာဝန်ယူထားသူဖြစ်ပြီး အမြဲတစေ စည်းကမ်းတင်းကျပ်ပြီး ခက်ထန်တင်းမာသူတစ်ယောက်ပင်။ အစောင့်ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် ကူးပြောင်းရေးဝင်္ကပါမှာ ရှိနေသင့်သည့်တိုင် ဤနေရာသို့ သူ ရောက်ရှိနေသဖြင့် စည်းကမ်းချိုးဖောက်ရာ ရောက်နေလေပြီ။
အကယ်၍ အကြီးအကဲဝူသည် သူ့ကို ပြဿနာရှာလိုပါကသူ ခံယူရပေမည်။
ထို့ကြောင့် သူသည် အချိန်တခဏကြာခန့် စဉ်းစားလိုက်ပြီးနောက် ထိုတာဝန်ကို သူ၏နံဘေးရှိ လူထံသို့ လွှဲချလိုက်သည်။ ဤပြဿနာသည် သူ၏ခေါင်းပေါ်သို့ ရောက်မလာသရွေ့ အဆင်ပြေပေမည်။
"တံဆိပ်ပြားတစ်ခု ရှိတာများ ဘာများ အရေးကြီးနေလို့လဲ... ဂိုဏ်းချုပ်ကိုယ်တိုင် အတည်ပြုပေးဖို့ လိုလို့လား"
အကြီးအကဲဝူက မျက်မှောင်ကြုတ်လိုက်သည်။
"သူ ပြောတာတော့...ဒါက မိုးပြာတံဆိပ်ပြားတဲ့...... ကျွန်တော်က သေချာမသိတာကြောင့် ဒီနေရာကို လာခဲ့တာပါ..."
စုမင်ချန်က ပျာပျာသလဲ ပြောဆိုသည်။
"မိုးပြာတံဆိပ်ပြား.... ဟုတ်လား...."
အကြီးအကဲဝူသည် အံ့အားသင့်သွားပြီး သူ၏မျက်နှာပေါ်တွင် စိတ်မကြည်မသာဖြစ်သွားမှုများ ချက်ချင်းထင်ဟပ်လာသည်။
"မင်း ဘာပြောနေတာလဲဆိုတာ မင်း သိရဲ့လား"
"ကျွန်တော် သိပါတယ်... အဲ့ဒါက ဒီတံဆိပ်ပြားပါ..."
စုမင်ချန်က သူ၏လက်ထဲရှိ တံဆိပ်ပြားကို အလျင်အမြန် လက်ကမ်းပေးလိုက်သည်။
"သူ ပြောတာပါ...ကျွန်တော်က ဒါကို အတည်မပြုနိုင်တာကြောင့် ဒီနေရာကို ယူလာတာပါ..."
စုမင်ချန်သည် တာဝန်ကိုလွှဲချနေကြောင်း သိသာသဖြင့် အကြီးအကဲဝူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထိုတံဆိပ်ပြားကို ပေါ့ပေါ့တန်တန် ယူဆောင်လိုက်သည်။ သူ ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်စဉ်တွင် သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားပေ၏။
သူသည် မိုးပြာတံဆိပ်ပြားကို မမြင်တွေ့ဖူးသော်လည်း အစစ်အမှန်ဟုတ်မဟုတ် ခွဲခြားနိုင်သည်။
သူ၏လက်ထဲရှိ တံဆိပ်ပြားကို ထူးခြားသောပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး လေးလံကာ အထူးစွမ်းအားတစ်ရပ် ကိန်းအောင်းနေသည်။ သူ့ကျင့်ကြံခြင်းအဆင့်နှင့်ပင် ထိုအရာကို ထွင်းဖောက်မမြင်နိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။ ဤပစ္စည်းက အတုဆိုရင်ပင် ရတနာတစ်ခုဖြစ်မည်မှာ သေချာပေ၏။
အကြီးအကဲဝူသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လက်ချောင်းများဖြင့် တံဆိပ်ပြားပေါ်ရှိ တိမ်တိုက်ပုံစံ အပြာရောင်အမှတ်အသားကို အသာအယာ ထိတွေ့လိုက်သည်။
ထိုအချိန်မှာပင် စုမင်ချန်၏အသံ ထွက်ပေါ်လာသည်။
"အကြီးအကဲဝူ... ဒါက မဖြစ်နိုင်မှန်း ကျွန်တော်လည်း သိပါတယ်....ဒီလို အရေးမပါတဲ့ အပြင်လူတွေက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အဖိုးတန်တဲ့ တံဆိပ်ပြားကို ပိုင်ဆိုင်နိုင်မှာလဲ....ဒီလိုလုပ်ပါလား... ကျွန်တော်က အခုပဲ သူတို့ကို မောင်းထုတ်လိုက်ပါ့မယ်... အလုံးစုံသိမြင်ဂိုဏ်းကိုလာပြီး လှည့်စားရဲမှတော့ အရိုက်ခံရမှ..."
ခေါင်းဆောင်စုသည် သူ၏စကားမဆုံးခင်မှာပင် သူ၏မျက်နှာကို လေပြင်းတစ်ချက်က ရိုက်ခတ်သွားသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။
ဖြန်း....
သူသည် ပါးရိုက်ခံလိုက်ရသဖြင့် ဒယိမ်းဒယိုင်ဖြစ်သွားပြီး သတိလစ်လုနီးပါး ဖြစ်သွားသည်။
"အဲ့ဒီလောက် အသံပြဲကြီးနဲ့ အော်မနေနဲ့....ဘေးဖယ်နေစမ်း...."
စုမင်ချန်က မော့ကြည့်လိုက်ရာ အစောပိုင်းက တည်ငြိမ်နေသော အကြီးအကဲဝူသည် ကျန်းရွှမ်နှင့်တခြားတစ်ယောက်ကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေပြီး တံဆိပ်ပြားကို ကိုင်ထားကာ သူ၏လက်များ တုန်ရီနေသည်ကို မြင်တွေ့လိုက်ရသည်။
"ငါ မေးပါရစေ... ဒီတံဆိပ်ပြားက မင်းတို့ထဲက ဘယ်သူ ပိုင်တာလဲ....."