← Chapters

အခန်း (၃၈၂-၃၈၃)

Vol. 32 Ch. 382-383

အခန်း (၃၈၂-၃၈၃)

Vol. 32 Ch. 382-383

အခန်း ၃၈၂: အရှင်လဲ့၏ထိတ်လန့်တုန်လှုပ်မှု

"အဲ့ဒါက ကျွန်တော့်ရဲ့ပစ္စည်းပါ"

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

"သခင်လေး... ဒီဘက်ကို ကြွပါ..."

ဤခန်းမသည် စကားပြောရန် သင့်လျော်သောနေရာ မဟုတ်မှန်း သိသဖြင့် အကြီးအကဲဝူက အလျင်အမြန် လမ်းပြလိုက်သည်။

စုမင်ချန်သည် အစောင့်ခေါင်းဆောင်တစ်ဦးသာ ဖြစ်သဖြင့် မိုးပြာတံဆိပ်ပြားကို မမှတ်မိခြင်းမှာ နားလည်ပေးနိုင်သော ကိစ္စတစ်ရပ်ပင်။

အကြီးအကဲတစ်ဦးဖြစ်သော သူ့ အနေဖြင့်မူ ထိုအရာကို သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးလျှင်ပင် အစစ်အမှန် ဟုတ်မဟုတ် ခွဲခြားသိမြင်နိုင်သည်။

အထူးသဖြင့် တံဆိပ်ပြားမှ ထွက်ပေါ်နေသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါသည် သူသာမက သူ့ထက် နှစ်ဆပို၍ သန်မာအားကောင်းသူ တစ်ဦးပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ချေ။

"အကြီးအကဲဝူ... ဖြစ်နိုင်တာတော့ ဒါက တကယ်ပဲလား..."

ထိုအချိန်မှာပင် ရုန်းကန်၍ မတ်တတ်ထရပ်ရန် ကြိုးစားနေသော စုမင်ချန်သည် အခြေအနေကို နားလည်သဘောပေါက်သွားပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီသွားပေ၏။

"ဂိုဏ်းချုပ်နဲ့ သွားတွေ့ကြမယ်... မင်းလည်း လိုက်ခဲ့အုံး"

အကြီးအကဲဝူက လက်ကာပြလိုက်ပြီး အရှင်လဲ့ ဝင်သွားသော အခန်းဆီသို့ ဦးဆောင်၍လျှောက်လှမ်းသွားရာ ကျန်းရွှမ်နှင့်ခုန်းရှီတို့တို့လည်း အချင်းချင်းကြည့်လိုက်ပြီး နောက်မှလိုက်ပါသွားကြသည်။

...

ကျယ်ဝန်းသော အခန်းထဲတွင် အရှင်လဲ့ချန်ယီသည် အထွတ်အထိပ်တံဆိပ်ပြားကို ဘုန်းတော်ကြီးထံသို့ ပြန်ပေးပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလိုက်သည်။

"အရှင်ဘုရား.... ထျန်းလီမြို့မှာ ဘယ်လောက်ကြာကြာ နေထိုင်ဖို့ စိတ်ကူးထားလဲ...တခြားကြောင့် မဟုတ်ဘူး.. အခု အရှင်ဘုရား ရွေးချယ်လိုက်တဲ့ ခြံဝန်းက တည်နေရာနဲ့အပြင်အဆင် ကောင်းမွန်ပေမဲ့ သိပ်ပြီးတိတ်ဆိတ်မှုမရှိဘူး ဖြစ်နေတယ်....အဲ့ဒီနေရာမှာ ခဏတဖြုတ် နေဖို့ဆိုရင် အဆင်ပြေနိုင်ပေမဲ့ ကြာကြာနေမယ်ဆိုရင်တော့ အရှင်ဘုရားရဲ့ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေမှာကို ကျွန်တော် စိုးရိမ်မိလို့ပါ..."

ဇင်ဘုန်းတော်ကြီးမြောင်နန်က ခေါင်းခါယမ်းလိုက်သည်။

"ဒီနေရာက အရမ်းကောင်းပါတယ်... စေတနာထားပေးတဲ့အတွက် ဒကာကြီးကို ကျေးဇူးတင်ပါတယ် ဒကာကြီး...ကိုယ်တော်က ဆရာရဲ့နောက်ကို လိုက်လာတာဆိုတော့ ဘယ်လောက်ကြာကြာ နေဖြစ်မလဲဆိုတာ ဆရာ့ရဲ့သဘောပါပဲ"

"ဆရာ...ဟုတ်လား..."

အရှင်လဲ့သည် အံ့အားသင့်သွားပြီးနောက် သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

"အရှင်ဘုရား ဆိုလိုတာက... အပြာရောင်တိမ်တိုက်အရှင်ကလည်း ထျန်းလီမြို့ကို ရောက်နေတယ်လို့ ပြောချင်တာလား"

"ဗုဒ္ဓအရှင်က ဆရာ့ကို လူတစ်ယောက် ရှာခိုင်းလိုက်တာကြောင့် ဆရာက ထျန်းလီမြို့မှာ ယာယီနေထိုင်ဖို့ ရောက်လာတာပါ"

ဇင်ဘုန်းတော်ကြီးမြောင်နန်က ရှင်းပြသည်။

အလုံးစုံသိမြင်ဂိုဏ်းသည် ပဋိပက္ခများတွင် ဝင်မပါသော်လည်း သတင်းအချက်အလက် ပိုင်ဆိုင်မှုတွင် အလွန်အားကောင်းသည်။ သူတို့သည် ဤနေရာတွင် အိမ်တစ်လုံးဝယ်ယူမည်ဖြစ်ရာ ထိုသတင်းကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ပြင် နောင်တစ်ချိန်တွင် သတင်းအချက်အလက်များကို သူတို့ထံမှ ဝယ်ယူရရှိနိုင်သဖြင့် ဇင်ဘုန်းတော်ကြီးမြောင်နန်သည် အမှန်တရားကို ဖုံးကွယ်ခြင်းမပြုဘဲ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဗုဒ္ဓအရှင်ရဲ့အမိန့်တော် ဟုတ်လား...."

အရှင်လဲ့ချန်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဗုဒ္ဓဂိုဏ်း၏ကောင်းကင်ကံကြမ္မာသည် ဒုတိယတန်းစား ကံကြမ္မာသာဖြစ်သော်လည်း ဗုဒ္ဓအရှင်ကမူ ဤခေတ်ကာလ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်များအနက်မှ တစ်ဦးပင်။ ဂိုဏ်းချုပ်ကြီးပင်လျှင် ဗုဒ္ဓအရှင်ကို ပြစ်မှားဝံ့ခြင်းမရှိသဖြင့် သူ့ကဲ့သို့ လူတစ်ယောက်သည် ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ချေ။

"အမှန်ပဲ..."

ဇင်ဘုန်းတော်ကြီးမြောင်နန်က အပြုံးနှင့် ပြောဆိုသည်။

"ဒါဆိုရင် အခု ကိုယ်တော်က အိမ်ဝယ်လို့ ရပြီလား"

"ရပါပြီ အရှင်ဘုရား"

အရှင်လဲ့ချန်ယီက အလျင်အမြန် ခေါင်းညိတ်လိုက်၏။

"အိမ်ဝယ်တာတင် မကပါဘူး...အရှင်ဘုရားတို့ရဲ့ အဆင့်အတန်း ကိစ္စတွေကိုလည်း တပည့်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းက တိုက်ရိုက်ဖြေရှင်းပေးပါ့မယ်"

သူသည် အနောက်ဘက်သို့လှည့်ပြီး အချက်ပြလိုက်ရာ အချိန်တခဏအကြာတွင် ဧည့်ကြိုကောင်တာမှ မိန်းကလေးက ကျောက်စိမ်းတံဆိပ်ပြားတချို့ကို ယူဆောင်လာသည်။

အရှင်လဲ့ချန်ယီက ထိုကျောက်စိမ်းပြားများကို ဘုန်းတော်ကြီးမြောင်နန်ထံသို့ လက်ကမ်းပေးလိုက်သည်။

"ဒါတွေက သာမန် အဆင့်ငါးမြို့သားတွေအတွက် သက်သေခံတံဆိပ်ပြားတွေပါ.... အပြာရောင်တိမ်တိုက်အရှင်နဲ့ ဆရာတော်မြောင်နန်တို့က ဒါ့ကို ဂရုစိုက်ချင်မှ စိုက်ကြမှာ ဆိုပေမဲ့....ဒါတွေ ရှိထားရင် ပြဿနာတွေ အများကြီးကို သက်သာစေနိုင်မှာပါ..ဒါကို တပည့်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ လက်ဆောင်လေးအဖြစ် သဘောထားပေးပါ....."

"အော် မီ တော ဖော... ဒကာကြီးကို ကျေးဇူးတင်ပါတယ်"

ဇင်ဘုန်းတော်ကြီးမြောင်နန်သည် မတ်တတ်ထရပ်ပြီး လက်အုပ်ချီကာ ပြောဆိုလိုက်သည်။

"ဘာမှ အားနာနေဖို့ မလိုတော့ဘူး...ကျွန်တော်ကလည်း အချိန်အားလပ်နေတာကြောင့် အရှင်ဘုရားတို့ကို ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်..."

အပြာရောင်တိမ်တိုက်အရှင်ကိုယ်တိုင် ရောက်ရှိနေသဖြင့် အရှင်လဲ့ချန်ယီသည် မာန်တက်မနေရဲဘဲ သူကိုယ်တိုင် လိုက်ပို့ရန် မတ်တတ်ထရပ်လိုက်၏။ သို့ရာတွင် ထိုအချိန်မှာပင် အကြီးအကဲဝူသည် လူတချို့ကို ဦးဆောင်ပြီး အလျင်အစလို ဝင်ရောက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်..."

အကြီးအကဲဝူက သူ့ကို ဟန့်တားလိုက်သည်။

"ဘာကိစ္စလဲ"

အရှင်လဲ့ချန်ယီက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

အကြီးအကဲဝူသည် ချက်ချင်းပြောဆိုခြင်းမရှိဘဲ ဇင်ဘုန်းတော်ကြီးမြောင်နန်ကို တစ်ချက်ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်လဲ့... ကိုယ်တော်ကို ပြန်ခွင့်ပြုပါအုံး"

ဇင်ဘုန်းတော်ကြီးမြောင်နန်းက ခပ်ဖျော့ဖျော့ ပြုံးပြီး ထွက်ခွာသွားသည်။ သူသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏မျက်လုံးအကြည့်သည် ကျန်းရွှမ်နှင့် ခုန်းရှီတို့အပေါ်သို့ ကျရောက်ရှိသွားသည်။ သို့ရာတွင် သူသည် အထူးတလည် အာရုံမစိုက်ဘဲ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားကာ မကြာမီမှာပင် အခန်းထဲမှ ထွက်ခွာသွားတော့သည်။

"ဗုဒ္ဓဂိုဏ်း..."

ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကျန်းရွှမ်က တိတ်တဆိတ်စွာ စဉ်းစားတွေးတောလိုက်၏။

'ဒီဘုန်းကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းစနစ်တချို့ကို ကျင့်ကြံထားပြီးတော့ နားလည်ရခက်တဲ့ ဝိုးတဝါးခံစားချက်မျိုးကို ပေးစွမ်းနေတယ်..သူက တကယ့်ကို အစွမ်းထက်တဲ့ အင်အားစုတစ်စုရဲ့ တိုက်ရိုက်ဆက်ခံသူဖြစ်ပြီးတော့ သာမန်လူ မဟုတ်တာ သေချာတယ်'

"ဒီဆရာတော်က ဘယ်လိုနောက်ခံမျိုးကို ကိုယ်စားပြုလဲဆိုတာ ခင်ဗျား သိလား...ကျုပ်ကို ရုတ်တရက်ကြီး ဟန့်တားလိုက်တာက ဘယ်လောက်ထိ ကြီးမားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်ဆိုတာ ခင်ဗျား သိရဲ့လား"

တစ်ဖက်လူ ဝေးကွာသွားသည်နှင့် အရှင်လဲ့ချန်ယီ၏မျက်နှာအမူအယာ ခက်ထန်တင်းမာသွားပြီး သူ၏ရှေ့ရှိ အကြီးအကဲဝူကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

အလုံးစုံသိမြင်ဂိုဏ်းအတွက်ပင်လျှင် ဗုဒ္ဓဂိုဏ်းမှ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးနှင့် တွေ့ဆုံခွင့်ရခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ဤအကြီးအကဲဝူသည် ထိုအခွင့်အရေးကို ဖျက်ဆီးလိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို အပြစ်မတင်ခင် ဒါကို အရင်ကြည့်ပါအုံး..."

အကြီးအကဲဝူက သူ ကိုင်ထားသော တံဆိပ်ပြားကို အလျင်အမြန် လက်ကမ်းပေးလိုက်သည်။

အရှင်လဲ့ချန်ယီ၏မျက်လုံးများတွင် သံသယအရိပ်အယောင်များ ထင်ဟပ်လာသော်လည်း တံဆိပ်ပြား၏မျက်နှာပြင်ပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရချိန်တွင် သူ၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

"ဖြစ်နိုင်တာတော့..."

သူ၏လက်ချောင်းများဖြင့် ထိုတံဆိပ်ပြားကို ပွတ်သပ်လိုက်ပြီးနောက် အချိန်တခဏအကြာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။

"ဒါက... မိုးပြာတံဆိပ်ပြားပဲ.... ခင်ဗျား ဒါကို ဘယ်ကနေ ရလာတာလဲ"

အထွတ်အထိပ်တံဆိပ်ပြားသည်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ရာ ယခုချိန်၌ အမြင့်ဆုံးအဆင့်ဖြစ်သော မိုးပြာတံဆိပ်ပြားသည် ရုတ်တရက်ကြီး ထွက်ပေါ်လာပေ၏။

ယနေ့တွင် မည်သည့်ကိစ္စများ ဖြစ်နေသနည်း.... အဖိုးတန်တံဆိပ်ပြားကို ကိုင်ဆောင်ထားသူများအားလုံး ဤနေရာသို့ ရောက်လာနေကြသလော။

"အဲ့ဒါက ဒီသခင်လေးကျန်းရွှမ်ချင်း ပိုင်တာပါ..."

အကြီးအကဲဝူက အလျင်စလို ညွှန်ပြလိုက်သည်။

ဤနေရာသို့လာသော လမ်းတလျှောက်တွင် သူ တစ်ဖက်လူထံမှ မေးမြန်းထားပြီးလေပြီ။ ဤလူငယ်လေး၏ မျိုးရိုးနာမည်သည် ကျန်းဖြစ်ကာ နာမည်သည် ကျန်းရွှမ်ချင်းဖြစ်ပြီး အသက်ကြီးသူတစ်ယောက်ကမူ ခုန်းရှီမင်ပင်။ သူတို့သည် ကူးပြောင်းရေးဝင်္ကပါ၏အကူအညီဖြင့် ယနေ့မှ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

"ကျန်းရွှမ်ချင်း ဟုတ်လား...."

အရှင်လဲ့ချန်ယီသည် အချိန်တခဏကြာမျှ စဉ်းစားကြည့်သော်လည်း ထိုနာမည်ဖြင့် အလုံးစုံသိမြင်ဂိုဏ်းတွင် အဆင့်မြင့်ဆက်ခံသူဟူ၍ မည်သူ့ကိုမျှ သူ မသိရှိချေ။ သူသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ရှေ့သို့အလျင်အမြန် လျှောက်လှမ်းသွားပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"ငါ မေးပါရစေ... သခင်လေးကျန်းက ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာတာလဲ... အထူးတလည် တောင်းဆိုစရာများ ရှိပါသလား"

အထွတ်အထိပ်တံဆိပ်ပြားဖြင့် စေခိုင်းသော တာဝန်များကို လျစ်လျူရှုခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ဖြစ်နိုင်သော်လည်း မိုးပြာတံဆိပ်ပြားအတွက်မူ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

ပစ္စည်းဝယ်ယူခြင်း သို့မဟုတ် အလုံးစုံသိမြင်ကျောက်တိုင်ကဲ့သို့ အရာများကို အသုံးပြုခြင်းတို့ကို မဆိုထားနှင့် အကယ်၍ သူ၏အသက်ကို ပေးရမည်ဆိုလျှင်ပင် သူ အလွန်အမင်း တွေဝေတုံ့ဆိုင်းနေဝံ့မည်မဟုတ်ချေ။

ဤသည်မှာ ထိုတံဆိပ်ပြား၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့် အခွင့်အာဏာပင်။

ဤသည်မှာ တော်ဝင်မိသားစုမှ ထုတ်ပြန်သော ရွှေရောင်တော်ဝင်အမိန့်ပြန်တမ်းထက်ပင် ပို၍ထိရောက်မှုရှိပေ၏။

"ကျွန်တော်က အိမ်တစ်လုံး ဝယ်ချင်တယ်...ပြီးတော့ ထျန်းလီမြို့မှာ လွတ်လွတ်လပ်လပ် သွားလာလို့ရမယ့် မြို့သားသက်သေခံတံဆိပ်ပြားကို လိုချင်ပါတယ်..."

ကျန်းရွှမ်က သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောဆိုလိုက်၏။

"အိမ်ဝယ်ချင်တာလား..."

အရှင်လဲ့ချန်ယီသည် စိတ်သက်သာရာရသွားပြီး သူ၏မျက်လုံးများ တောက်ပလာသည်။

"ခုဏက ဇင်ဘုန်းတော်ကြီးမြောင်နန် ဝယ်သွားတဲ့ အိမ်ဘေးက ခြံဝန်းတစ်ခုက ရောင်းဖို့ရှိနေတာကို ငါ တွေ့လိုက်တယ်.... သခင်လေးကျန်း အဲ့ဒါကို စဉ်းစားကြည့်ပါလား"

ထို့နောက် သူက မြေပုံတစ်ခုကိုထုတ်ယူပြီး တည်နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

ကျန်းရွှမ်၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။

"ကျွန်တော် တတ်နိုင်မှာ မဟုတ်ဘူး..."

လဲ့ချန်ယီ ညွှန်ပြထားသော နေရာသည် အတွင်းမြို့တော်နှင့်နီးကပ်ပြီး လူစည်ကားသော လမ်းဆုံလမ်းခွနေရာဖြစ်ကာ အလွန်ကောင်းမွန်သော်လည်း... ကံကြမ္မာချပ်ပြားရှစ်သိန်း တန်ဖိုးရှိသော ဤခြံဝန်းငယ်လေးသည် သူ၏ အဆင့်မြင့်တံဆိပ်ပြားဖြင့် ၆၀ ရာခိုင်နှုန်း လျှော့စျေး ရလျှင်ပင် ၄ သိန်း ၈ သောင်း (ကောင်းကင်ကံကြမ္မာစွမ်းအား ၄.၈ဘီလီယံ) ကျသင့်နေဆဲပင်။

ဤငွေကြေးပမာဏာကို သူ မည်သို့မျှ တတ်နိုင်မည်မဟုတ်ချေ။

အလွန်တန်ဖိုးရှိသော မိုးပြာတံဆိပ်ပြားကို ကိုင်ဆောင်ထားသူသည် ဤမျှလောက် ငွေကြေးပမာဏကိုပင် မတတ်နိုင်ဟု ပြောဆိုလာသဖြင့် အရှင်လဲ့ချန်ယီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"သခင်လေးက ဒီတံဆိပ်ပြားကို ဘယ်လိုရခဲ့တာလဲဆိုတာ မေးလို့ရမလား..."

အခန်း ၃၈၃: အိမ်လက်ဆောင်ပေးခြင်း

ဒါက ငါ မင်းကိုမေးခွန်းထုတ်တာမဟုတ်ပါဘူး ....ဒီတံဆိပ်ပြားရဲ့ဇစ်မြစ်ကို ငါ သိချင်ရုံသက်သက်ပဲ....အဲ့ဒီလိုလုပ်မှသာ ငါကမင်းအတွက် သင့်တော်တဲ့ အစီအမံတွေကို စီစဉ်ပေးနိုင်လိမ့်မယ်"

"ဒါက မေးသင့်ပါတယ်....ပြဿနာမရှိပါဘူး""

ထိုမေးခွန်းကိုကြားချိန်တွင် ကျန်းရွှမ်သည် အကြီးအကဲဝူ၏ဆိုလိုရင်းကို သိရှိသွားပေ၏။ ထိုကြောင့် သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အလျင်စလို ခေါင်းညိတ်လိုက်သည်။

"ဒါက ဂိုဏ်းချုပ်ယွဲလုံရှောင် လက်ဆောင်ပေးထားတာပါ....အော် တကယ်တော့ ဒီတံဆိပ်ပြားကျွန်တော် ကို အမှန်တကယ် လက်ဆောင်ပေးခဲ့တဲ့လူက အကြီးအကဲအိုးယန်ဟိုင်လို ခေါ်တယ်""

"အိုးယန်... အကြီးအကဲ အိုးယန်ဟိုင်... ဟုတ်လား"

အရှင်လဲ့ချန်ယီသည် ယွဲ့လုံရှောင်ဆိုသည့် နာမည်ကို ကြားချိန်၌ သာမန်ကာလျှံကာသာ ခံစားလိုက်ရသော်လည်း ဒုတိယနာမည်ကို ကြားလိုက်ရသည့်အချိန်တွင်မူ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

အိုးယန်ဟိုင်ဟူသည့် နာမည်သည် ကုန်းမြေတစ်ခုလုံးတွင် နာမည်ကျော်ကြားခြင်းမရှိသည့်အပြင် လူအမြောက်အများလည်း ကြားသိဖူးခြင်းမရှိချေ။ သို့ရာတွင် ထျန်းလီမြို့၏ အလုံးစုံသိမြင်ဂိုဏ်းခွဲမှာ အဓိကခန်းမတစ်ခု၏ ခေါင်းဆောင်ဖြစ်သော သူ့အတွက်မူ ဤသည်မှာ အလွန်ရင်းနှီးကျွမ်းဝင်သော နာမည်တစ်ခုပင်။

အိုးယန်ဟိုင်သည် တသီးတသန့်နေထိုင်လေ့ရှိပြီး လူသူအများရှေ့သို့ ထွက်ပေါ်လာလေ့မရှိသည့် အစစ်အမှန် ထိပ်သီးပညာရှင်တစ်ဦးပင်။

သူ့အား အကြီးအကဲတစ်ယောက်ဟု သိထားကြသော်လည်း အမှန်အားဖြင့် သူသည် အကြီးအကဲအမြောက်အများ၏ ဆရာသခင် ဖြစ်ပေ၏။ ဝါစဥ်အရဆိုလျှင် အရှင်ပိုင်ရှောင်ရှန်းပင်လျှင် သူ့ကို လေးစားမှုပြပြီး စီနီယာအစ်ကိုကြီးဟု ခေါ်ဝေါ်ရသည်။

တခြားသူများကို မဆိုထားနှင့် အပြာရောင်တိမ်တိုက်အရှင်နှင့် စိတ်ဝိညာဉ်စွမ်းအားခြင်း ယှဉ်ပြိုင်ခဲ့သည့် အဆင့်မြင့်အကြီးအကဲသည်ပင် သူ၏တပည့်ရင်း ဖြစ်သည်။

...

တပည့်တစ်ယောက်သည် ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အရှုံးအနိုင်ကွဲပြားခြင်းမရှိဘဲ ယှဉ်ပြိုင်နိုင်ခဲ့သဖြင့် ဤဆရာသခင်၏ ခွန်အားနှင့်အဆင့်အတန်းကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

ရုတ်ချည်းဆိုသလိုပင် အရှင်လဲ့ချန်ယီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

အလယ်ပိုင်းဒေသ၏ အချက်အချာကျသော ထျန်းလီမြို့တွင် အလုံးစုံသိမြင်ဂိုဏ်း၏ လက်အောက်ခံခန်းမကိုးခု ရှိပေ၏။ ထိုခန်းမများအနက် ခန်းမတစ်ခု၏ တာဝန်ခံဖြစ်နေခြင်းသည် သိသာထင်ရှားသော အဆင့်အတန်းနှင့် အခွင့်အာဏာရှိသော ရာထူးတစ်ခုပင်။

ထို့ကြောင့် သူသည် အကြီးအကဲအိုးယန်၏ စိတ်နေသဘောထားနှင့် အကျင့်စရိုက်ကို သိရှိထားခြင်းဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် အလုံးစုံသိမြင်ဂိုဏ်းဌာနချုပ်ရှိ တဒင်္ဂပင်လယ်အတွင်းတွင်သာ နေထိုင်ပြီး ကိစ္စအများစုကို ဂရုမစိုက်ချေ။ ထိုကဲ့သို့လူစားမျိုးသည် ယခုအချိန်၌ သူကိုယ်တိုင် မိုးပြာတံဆိပ်ပြားကို ဤလူငယ်လေးအား လက်ဆောင်ပေးခဲ့သည်။ ဤလူငယ်လေးသည် မည်သူမည်ဝါဖြစ်ပြီး သူ့ထံ၌ မည်ကဲ့သို့ နောက်ခံမျိုး ရှိနေသနည်း။

"အရှင်လဲ့... သူ့ကို မသိဘူးလား...အဲ့ဒီ အိုးယန်ဟိုင်က နည်းနည်းဝတဲ့ အဘိုးကြီးတစ်ယောက်ပဲ... သူ ပြုံးလိုက်ရင် မျက်လုံးမှေးသွားပြီးတော့ နည်းနည်း ကောက်ကျစ်စဉ်းလဲတဲ့ပုံ ပေါက်နေတဲ့လူ..."

တစ်ဖက်လူ တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်တွေ့ချိန်၌ မမှတ်မိသောကြောင့်ဟု တွေးထင်ကာ ကျန်းရွှမ်က အိုးယန်ဟိုင်၏ပုံပန်းသဏ္ဍာန်ကို ပြန်စဉ်းစားပြီး အလျင်အမြန် ရှင်းပြလိုက်၏။

"လုံလောက်ပြီ...လုံလောက်ပါပြီ .."

အရှင်လဲ့ချန်ယီ၏နားထင်ကြောများ ထောင်တက်လာသည်။

"ငါက အကြီးအကဲအိုးယန်ကို သိပါတယ်...ဒီမိုးပြာတံဆိပ်ပြားက အစစ်အမှန်ဖြစ်တယ်ဆိုတာကိုလည်း ငါ အသိအမှတ်ပြုတယ်"

'အကြီးအကဲအိုးယန်ကိုတောင် ကောက်ကျစ်စဉ်းလဲပုံပေါက်တယ်လို့ ပြောရဲတယ်... ဒီကောင်က တော်တော်လေး သတ္တိကောင်းတာပဲ'

"တကယ်တော့... ပိုက်ဆံကိစ္စက အရေးမကြီးပါဘူး....ဒီတံဆိပ်ပြား ရှိတာနဲ့ သခင်လေးကျန်းက ငါတို့အလုံးစုံသိမြင်ဂိုဏ်းရဲ့ အဆင့်မြင့်ဆုံး ဧည့်သည်တော် ဖြစ်သွားပါပြီ...နေအိမ် စီစဉ်ပေးရုံတင်မကဘဲနဲ့ လက်ဆောင်ပေးရမယ်ဆိုရင်တောင် ဘာပြဿနာမှ မရှိပါဘူး"

တစ်ဖက်လူ စကားဆက်ပြောမည်ကို ကြောက်ရွံသဖြင့် အရှင်လဲ့ချန်ယီက အလျင်အမြန် ကြားဖြတ်ပြောဆိုလိုက်၏။

"လက်ဆောင်ပေးမယ်....ဟုတ်လား..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ကံကြမ္မချပ်ပြားရှစ်သိန်းတန် အိမ်တစ်လုံးကို ဤအတိုင်း လက်ဆောင်ပေးမည်ဟု ဆိုသလော....

ဤတံဆိပ်ပြားက အမှန်တကယ်ကို ဤမျှထိ အခွင့်အာဏာ ကြီးမားသလော..

"အမှန်ပဲ..."

အရှင်လဲ့ချန်ယီက ခေါင်းညိတ်လိုက်ပြီး မလှမ်းမကမ်းရှိ အကြီးအကဲဝူကို ကြည့်လိုက်သည်။

"အကြီးအကဲဝူ... ကျုပ် ခုဏက ပြောသလို စီစဉ်ပေးလိုက်ပါ....နေအိမ်ပိုင်ဆိုင်မှုကို သခင်လေးကျန်းဆီ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ပါ"

"ဟုတ်ကဲ့"

အကြီးအကဲဝူ အလျင်အမြန် ခေါင်းညိတ်ပြလေသည်။

"ပြီးတော့ သခင်လေးကျန်းအတွက် အစေခံတွေနဲ့ အစောင့်အရှောက်တွေကို တာဝန်ချထားပေးအုံး....ခြံဝန်းထဲက ဝင်္ကပါတွေကိုလည်း ပြုပြင်မွမ်းမံပြီးတော့ လုံခြုံရေးကို တင်းကြပ်အောင် သေချာလုပ်ထားပါ..."

အရှင်လဲ့ချန်ယီက ဆက်လက်၍ ပြောဆိုသည်။

အကြီးအကဲဝူက သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုကာ အမိန့်နာခံကြောင်း ပြောဆိုလိုက်၏။

"စိတ်ချပါ ဂိုဏ်းချုပ်...အရာအားလုံး အဆင်ပြေအောင် ကျွန်တော် စီစဉ်လိုက်ပါ့မယ်"

"ကောင်းပြီလေ"

အရှင်လဲ့ချန်ယီက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက နွေးထွေးသောအပြုံးဖြင့် ကျန်းရွှမ်ကို ကြည့်လေသည်။

"သခင်လေးကျန်း... တခြားလိုအပ်တာများ ရှိပါသေးလား...ပြောသာပြောပါ....ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းက လုပ်ပေးနိုင်တာ ဖြစ်သရွေ့ ငြင်းဆန်မှာ မဟုတ်ဘူး..."

"မလိုတော့ပါဘူး...ဒီလောက်ဆိုရင် လုံလောက်ပါပြီ...အရှင်လဲ့ကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က အလျင်အမြန် တုံ့ပြန်လိုက်သည်။

သူနှင့်မထိုက်တန်သော မျက်နှာသာပေးမှုများကို သူ လက်မခံသင့်ချေ။ သူ့အတွက် နေအိမ်နှင့်တခြားအဆင်ပြေမှုများကို စီစဉ်ပေးခြင်းသည်ပင် ကြီးမားသောကြင်နာမှု ဖြစ်နေလေပြီ။ ထို့ထက်ပိုပြီး တောင်းဆိုရန်အတွက်မူ ကျန်းရွှမ်သည် ထိုမျှထိ မျက်နှာပြောင်မတိုက်လိုချေ။

"ဒီအိမ်ကို ပိုင်ဆိုင်လိုက်တာနဲ့ အဆင့်ငါး မြို့သားအဆင့်အတန်းကို ရရှိမှာပါ.... ဒါပေမဲ့ ဒီလောက်အဆင့်အတန်းမျိုးက သခင်လေးကျန်းနဲ့ ဘယ်ထိုက်တန်ပါ့မလဲ...ဒီလိုလုပ်ပါလား... ကျွန်တော့်မှာ အရည်အချင်း မရှိပေမဲ့ ဒီနေရာမှာ အလုပ်လုပ်ပြီးတော့ စုဆောင်းထားတဲ့ အကျိုးဆောင်ရမှတ်တချို့တော့ ရှိတယ်... အဲ့ဒါတွေကို သခင်လေးဆီ လက်ဆောင်ပေးပြီးတော့ မလိုအပ်တဲ့ ပြဿနာတချို့ ရှင်းလင်းသွားအောင် သခင်လေးရဲ့ မြို့သားအဆင့်ကို အဆင့်သုံးအထိ မြှင့်တင်ပေးလိုက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ..."

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အရှင်လဲ့ချန်ယီက ဆက်လက်၍ ပြောဆိုသည်။

ကျန်းရွှမ် အံ့အားသင့်သွားပေ၏။

"ဒီအကျိုးဆောင်ရမှတ်တွေကို လက်ဆောင်ပေးလို့ ရတယ်လား...."

"ဒါပေါ့"

အရှင်လဲ့ချန်ယီက ရယ်မောလိုက်သည်။

"အပြင်က ကျောက်စာတိုင်ပေါ်မှာ တာဝန်ထုတ်ပြန်တဲ့လူတွေ လွှဲပြောင်းပေးနေတဲ့ ဆုကြေးတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးဆောင်ရမှတ်တွေလေ...အဲ့ဒီရမှတ်တွေအများကြီး ရှိရင် လိုအပ်တာမှန်သမျှ ဝယ်ဖို့အတွက် ပိုက်ဆံလိုတောင် သုံးလို့ရတယ်"

"ကျွန်တော် သဘောပေါက်ပြီ"

ကျန်းရွှမ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

အကျိုးဆောင်ရမှတ်အနည်းငယ်ဖြင့် အဆင့်ငါးမြို့သားဖြစ်ခွင့်ကို ရနိုင်သည်။ သို့ရာတွင် အိမ်ဝယ်ရန် အနည်းဆုံး ကံကြမ္မာချပ်ပြားငါးထောင် လိုအပ်ပေ၏။

ဆိုလိုသည်မှာ သီးခြားခွဲရောင်းမည်ဆိုလျှင် အကျိုးဆောင်ရမှတ်တစ်မှတ်၏တန်ဖိုးသည် ကံကြမ္မာချပ်ပြားငါးထောင်ထက် လျော့နည်းမည်မဟုတ်ချေ။

လဲ့ချန်ယီ၏စကားများအရ အဆင့်သုံးမြို့သားအဖြစ် တိုက်ရိုက်တက်လှမ်းနိုင်ရန်အတွက် သူ လွှဲပြောင်းပေးရမည့် အကျိုးဆောင်ရမှတ်သည် အမှတ်တစ်ရာကျော် ရှိရပေမည်။

ဤသည်မှာ ကံကြမ္မာချပ်ပြားငါးသန်းထက် လျော့နည်းခြင်းမရှိသော တန်ဖိုးပင်။ အမှန်အားဖြင့် ထိုမျှလောက် ငွေကြေးများ ရှိနေလျှင်ပင် ထိုအကျိုးဆောင်ရမှတ်များကို ဝယ်ယူရန် လွယ်ကူမည်မဟုတ်ချေ။

"အရှင်လဲ့ရဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်....အကျိုးဆောင်ရမှတ်တွေကိုတော့ ကျွန်တော်က ကိုယ်နည်းကိုယ်ဟန်နဲ့ ရှာဖွေပါ့မယ်..."

ကျန်းရွှမ်က လဲ့ချန်ယီ၏ကျင့်ကြံဆင့်သည် နိမ့်ပါးခြင်းမရှိသော်လည်း ထိုအရာများကို ရရှိရန် မလွယ်ကူကြောင်း သိသဖြင့် လက်မခံဘဲ ငြင်းဆန်လိုက်၏။

"ငါက အတင့်ရဲမိသွားပြီ..."

ကျန်းရွှမ်၏ ပွင့်လင်းသောငြင်းဆန်မှုကို မြင်တွေ့ချိန်တွင် အရှင်လဲ့ချန်ယီသည် မည်သည့်စကားကိုမျှ ဆက်မပြောတော့ချေ။ သူသည် အဆင့်ငါးမြို့သား သက်သေခံတံဆိပ်ပြားနှစ်ခုကို အလျင်အမြန် ပြင်ဆင်ခိုင်းပြီး ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။

ကျန်းရွှမ်သည် ထိုအရာများကို ပေါ့ပေါ့ပါးပါးယူလိုက်ပြီး တံဆိပ်ပြားတစ်ခုကို ခုန်းရှီအား ပေးလိုက်၏။ ထို့နောက် သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တော့သည်။

ထျန်းလီမြို့တွင် အခြေကျရန်အတွက် သူ အချိန်အကြာကြီး ယူရလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ ယခု၌မူ တံဆိပ်ပြားတစ်ခုတည်းဖြင့် သူ၏အခက်အခဲများအားလုံး အဆင်ပြေသွားလေပြီ။

"သခင်လေးကျန်းက ထျန်းလီမြို့နဲ့ ရင်းနှီးချင်မှ ရင်းနှီးမှာ...ငါ အားလပ်နေတာကြောင့် လိုက်ပြပေးပါ့မယ်..."

သက်သေခံတံဆိပ်ပြားများကို လက်ခံလိုက်သည်အား မြင်တွေ့ချိန်၌ အရှင်လဲ့ချန်ယီက ပြုံးပြုံးရွှင်ရွှင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

"ဂိုဏ်းချုပ်လဲ့က ဒုက္ခခံဖို့ မလိုပါဘူး..."

ကျန်းရွှမ်က ပျာပျာသလဲ ငြင်းဆန်လိုက်သည်။

တစ်ဖက်လူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နက်နဲသိမ်မွေ့သဖြင့် သူ ထွင်းဖောက်မမြင်နိုင်ချေ။ အရှင်လဲ့သည် ကြင်နာသော အပြုအမူများဖြင့် သူ့ကို ဆက်ဆံနေသည့်တိုင် ယခုလောလောဆယ်တွင် ဆက်ဆံရေးကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားခြင်းက ပို၍ကောင်းမွန်ပေမည်။

"ကောင်းပြီလေ..."

ကျန်းရွှမ်၏ ပွင့်လင်းသော ငြင်းဆန်စကားများကို ကြားချိန်တွင် အရှင်လဲ့ချန်ယီက အလောတကြီး ပြုလုပ်ခြင်းသည် ကောင်းမွန်ခြင်းမရှိကြောင်း နားလည်သဘောပေါက်သွားသည်။ သူသည် ခေါင်းညိတ်ပြပြီး မလှမ်းမကမ်းရှိ စုမင်ချန်ကို လှမ်းကြည့်လိုက်၏။

"ခေါင်းဆောင်စု... ခင်ဗျားက အချိန်ကိုက် ရောက်လာတာပဲ....သခင်လေးကျန်းကို ကျုပ်ရဲ့ကိုယ်စား လိုက်ပို့ပေးပါအုံး...."

"ကျွန်တော်..."

စုမင်ချန်၏မျက်နှာ နီတစ်လှည့်ဖြူတစ်လှည့် ဖြစ်သွားသည်။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် သူ၏ဒူးများ ပျော့ခွေသွားပြီး ကျန်းရွှမ်၏ရှေ့တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးတိုက်အရိုအသေပြုလေသည်။

"သခင်လေးကျန်း... ကျွန်တော်က အဆင်အခြင်မဲ့ပြီးတော့ သခင်လေးကို ပြစ်မှားခဲ့မိတယ်....ကျွန်တော်က ကံကြမ္မာချပ်ပြားနှစ်ထောင်ကို ပြန်ပေးပါ့မယ်...ကျေးဇူးပြုပြီး သခင်လေးက သဘောထားကြီးပြီးတော့ ကျွန်တော့်ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပါ...ကျွန်တော်ကို အငြိုးမထားပါနဲ့.."

အစောပိုင်းက သူသည် အကောင်းအဆိုးကို ခွဲခြားမသိသူဟု တစ်ဖက်လူကို လှောင်ပြောင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌ ဂိုဏ်းချုပ်၏ သဘောထားကို မြင်တွေ့ချိန်တွင် တစ်ဖက်လူ၏ အလွန်မြင့်မားသော အဆင့်အတန်းကို သူ မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း....

ဂိုဏ်းချုပ်ကပင်လျှင် အကျိုးဆောင်ရမှတ်များပေးမည်ဟု တက်တက်ကြွကြွ ကမ်းလှမ်းခဲ့သောလူကို သူသည် အခွင့်ကောင်းယူပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့မိလေ၏။

သူ ထိုကိစ္စကို တွေးတောမိလေလေ ပို၍ကြောက်ရွံလာလေလေပင်။ ယခုချိန်၌ ထိုပုဂ္ဂိုလ်ကို လိုက်ပို့ရမည်ဟူသော ဂိုဏ်းချုပ်၏အမိန့်ကို ကြားချိန်တွင် သူ တောင့်မခံနိုင်တော့ဘဲ မတရားရယူထားသော ကံကြမ္မာချပ်ပြားနှစ်ထောင်ကို ထုတ်ပေးလိုက်သည်။

သူ လက်ဦးမှုယူ၍ဝန်ခံပါက လွတ်လမ်းတချို့ ရှိနိုင်သည်။ အကယ်၍ သူ တမင်သက်သက် ဖုံးကွယ်ထားလျှင် သို့မဟုတ် သခင်လေးကျန်း ဖွင့်ပြောသည်အထိ စောင့်နေလျှင် သူ့အတွက် သေလမ်းနှင့် နီးသွားပေလိမ့်မည်။

"ဘာတွေ ဖြစ်နေတာလဲ"

အရှင်လဲ့ချန်ယီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုပါ..."

စုမင်ချန်က အမှန်တရားကို မဖုံးကွယ်ရဲသဖြင့် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အလျင်အမြန် ပြောပြလိုက်၏။

"စုမင်ချန်... မင်း တော်တော်လေး သတ္တိကောင်းနေပါလား"

အရှင်လဲ့ချန်ယီ၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။

အကြီးအကဲအိုးယန်ဟိုင်သည် မကောင်းမှုကို အလွန်မုန်းတီးသူအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်ပင်။ ထို့ပြင် ဤလူသည် အကြီးအကဲအိုးယန်နှင့် ရှုပ်ထွေးသောဆက်ဆံရေးတချို့ ရှိနေပုံရသည်။

'ငါက မျက်နှာသာရအောင် အများကြီး ကြိုးစားနေခဲ့တာကို မင်းက အစကနေ ပြန်စရအောင် လုပ်လိုက်တာပဲ...'

'ဒီသတင်းသာ အကြီးအကဲအိုးယန်ရဲ့ နားထဲကို ရောက်သွားရင် ငါတို့ လက်အောက်ခံခန်းမ တစ်ခုလုံးက လောဘကြီးပြီး ခြိမ်းခြောက်ငွေညှစ်တတ်တဲ့ လူယုတ်မာတွေနဲ့ ပြည့်နေတယ်လို့ ထင်သွားမှာ မဟုတ်လား'

ထိုကိစ္စကိုစဉ်းစားရင်း အရှင်လဲ့ချန်ယီသည် အလွန်အမင်းဒေါသထွက်သွားပေ၏။

All Chapters