အခန်း (၃၈၄-၃၈၅)
Vol. 32 Ch. 384-385
အခန်း ၃၈၄: ငါတို့ လုယက်ကြအုံးမှာလား
အလုံးစုံသိမြင်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော ခန်းမအတွင်းတွင် ချူးယုဖေးသည် ကျောက်တိုင်တစ်တိုင်၏ရှေ့၌ မတ်တတ်ရပ်နေသည်။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေပေ၏။
ကျန်းရွှမ်ကဲ့သို့ပင် သူသည်လည်း ထျန်းလီမြို့သို့ မကြာသေးမီကမှ ရောက်ရှိလာသော ကျင့်ကြံသူများအနက်မှတစ်ဦးပင်။ ဤမြို့တွင် သူသည် သာမန်လူသစ်တစ်ဦးသာ ဖြစ်သော်လည်း ကျိုးယီအင်ပါယာ၌မူ သူ၏နာမည် ထင်ရှားကျော်ကြားခဲ့သည်။
တစ်ချိန်က သူသည် ဓားတစ်လက်ကိုကိုင်ဆွဲ၍ သူတစ်ယောက်တည်းဖြင့် ဓားပြသုံးထောင်ကို သတ်ဖြတ်ခဲ့သဖြင့် နေရာအနှံ့အပြား၌ နာမည်ကျော်ကြားလာခဲ့ပေ၏။
သူသည် အသက်သုံးဆယ့်ငါးနှစ်ပင် မပြည့်သေးသော်လည်း သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် လွန်ခဲ့သောငါးနှစ်က ရရှိခဲ့သော ဒဏ်ရာတစ်ခုကြောင့် သူ၏တိုးတက်မှု ရပ်တန့်သွားခဲ့ပြီး အဆင့်မချိုးဖျက်နိုင် ဖြစ်နေသဖြင့် အလယ်ပိုင်းဒေသသို့ သွားရောက်စွန့်စားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နယ်မြေဒေသနှင့်အရင်းအမြစ်များကို အသုံးချပြီး ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းရန် သူ ကြိုးစားလိုခဲ့သည်။
ထိုကြောင့် သူသည် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့သော ငွေကြေးများအားလုံးကို ထုတ်ယူပြီး ရောင်း၍ရသမျှ ပစ္စည်းအားလုံးကို ရောင်းချကာ ကူးပြောင်းသွားလာရေးစရိတ်အတွက် လုံလောက်အောင် စုဆောင်းခဲ့သည်။ သူသည် ကံကြမ္မာချပ်ပြားရာပေါင်းများစွာကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် ဤနေရာသို့ရောက်လျှင် အတော်အသင့် ချမ်းသာကြွယ်ဝသောဘဝ၌ နေထိုင်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့ရာတွင် သူသည် အရိုးရှင်းဆုံး အိမ်တစ်လုံးကို ဝယ်ယူရန်ပင် မတတ်နိုင်ခဲ့ပေ။
...
အိမ်မရှိလျှင် မြို့သားအဖြစ် လျှောက်ထား၍ မရနိုင်ပေ။ သူသည် ဤမြို့၌ အများဆုံးအနေဖြင့် အချိန်သုံးရက်သာ နေထိုင်ခွင့်ရမည်ဖြစ်ပြီး ထိုရက်ထက် ကျော်လွန်ပါက မောင်းထုတ်ခြင်းခံရကာ ပြင်ပလောကတွင် လေလွင့်နေရပေမည်။
မြို့ရိုး၏ပြင်ပတွင် မည်သည့်အရာများရှိသည်ကို မည်သူမျှ ထုတ်မပြောကြသော်လည်း ထိုနေရာတွင် သူခိုးဓားပြများနှင့် မူလဘူတသားရဲများ ထင်ရာစိုင်းသောင်းကျန်းနေကြောင်း လူများအားလုံး သိထားကြသည်။ မြို့တော်၏ အကာအကွယ်မရှိပါက တစ်စုံတစ်ယောက်သည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အာမခံချက် မရှိချေ။
"ငါတို့ ဘာလုပ်ကြမလဲ"
ထိုအချိန်မှာပင် နူးညံ့ညင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ သူ၏တာအိုလက်တွဲဖော် စွေ့ယွင်ရှင်းပင်။
စွေ့ယွင်ရှင်းသည်လည်း ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး ကျိုးယီအင်ပါယာတွင် အလွန်နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦး၏ပေါင်းဖက်မှုကို လူအများက အားကျခဲ့ကြပြီး နတ်ဖက်သောစုံတွဲဟုပင် သတ်မှတ်ခဲ့ကြသည်။
သို့ရာတွင် ယခုအချိန်၌ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံရသော သူတို့နှစ်ယောက်သည် လူ့အဖွဲ့အစည်း၏အောက်ခြေတွင် ရုန်းကန်နေရသော သာမန်လူများအလား အရိုးရှင်းဆုံး နေစရာတစ်ခုကို ဝယ်ယူရန်အတွက်ပင် ဗျာများနေကြရသည်။
"ငါတို့ အိမ်ဝယ်ဖို့ မတတ်နိုင်တာတော့ သေချာနေပြီ... လုယက်ရင် ကောင်းမလား..."
ချူးယုဖေးထံ၌ အတွေးတစ်ခု ဝင်ရောက်လာသဖြင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
"လုယက်မယ်....ဟုတ်လား..."
စွေ့ယွင်ရှင်းသည် ထိတ်လန့်တကြားဖြစ်သွားကာ ချူးယုဖေးကို ကြည့်လိုက်၏။
"ထျန်းလီမြို့မှာ လုယက်လို့ မရဘူးလေ... ပြီးတော့ ဘယ်သူ့ကို လုယက်မှာလဲ...ဘယ်လို လုယက်မှာလဲ"
ချူးယုဖေးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ဒီနေရာမှာ လုယက်ခွင့်မပြုတာ သေချာတယ်.... ဒါကြောင့်လည်း ဒီလောက်ထိ လုံခြုံနေတာပေါ့... ငါ ဆိုလိုတာက ဘယ်သူမှ မသိအောင် တိတ်တိတ်လေး လုပ်ကြမယ်လို့ ပြောတာ... ပစ်မှတ်ကတော့ ခေါင်းဆောင်စုဆီက သင်ခန်းစာရသွားတဲ့ ကျန်းရွှမ်ချင်းဆိုတဲ့ ကောင်ပဲ"
စွေ့ယွင်ရှင်းက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
"ဘာလို့ သူလဲ...သူက အရမ်းသန်မာအားကောင်းတယ် မဟုတ်လား...."
ကျန်းရွှမ်ချင်းသည် ခေါင်းဆောင်စုနှင့် တိုက်ခိုက်စဉ်က ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူအမြောက်အများကို ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်အား သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူ့ကို လုယက်မည်ဟုဆိုခြင်းသည် အမှားကြီးတစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော။
ချူးယုဖေးက ပြောဆိုသည်။
"အမှန်ပဲ...သူက သန်မာအားကောင်းတယ်... ဒါကြောင့် သူ့ဆီမှာ ငွေတွေအများကြီး ပါလာမှာ သေချာတယ်...ငါတို့ အောင်မြင်သွားရင် အိမ်ဝယ်ဖို့ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး... နောက်တစ်ချက်က သူက ခေါင်းဆောင်စုကို ပြစ်မှားထားတာ...ဒါကြောင့် သူ လုယက်ခံရရင်တောင် အော်ရဲမှာ မဟုတ်ဘူး"
"ခေါင်းဆောင်စု သူ့ကို ခေါ်သွားတာ ငါ ခုဏက တွေ့လိုက်တယ်... သူတို့က ပြေလည်သွားကြပြီ မဟုတ်လား"
စွေ့ယွင်ရှင်းက အံ့အားတသင့် မေးမြန်းလိုက်သည်။
ချူးယုဖေးက ယုံကြည်ချက်ရှိသောအပြုံးဖြင့် တုံ့ပြန်အဖြေပေးလိုက်၏။
"မင်းက ယောကျာ်းတွေရဲ့အကြောင်းကို နားမလည်ပါဘူး... သူက ခေါင်းဆောင်စုကို လူကြားထဲမှာ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီးတော့ အစောင့်စစ်သားတွေကို ဒဏ်ရာရစေခဲ့တာ...သူက နေရာမှာတင် အမှားဝန်ခံပြီးတော့ ငွေပေးဖို့ သဘောတူခဲ့ပေမဲ့... အဲ့ဒီနေရာမှာတင် ဒီကိစ္စက ပြီးသွားမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား...သာမန်ယောကျာ်းတစ်ယောက်အနေနဲ့တောင် လူကြားထဲမှာ အရှက်ခွဲခံရရင် လက်တုံ့ပြန်ဖို့ အခွင့်အရေးကို ရှာနေမှာပဲ...ထိပ်သီးကျင့်ကြံသူတစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့"
"ဒါကြောင့် ငါ့အထင်တော့ ခေါင်းဆောင်စုက သူ့ကို မြို့သားဖြစ်ဖို့ ကူညီပေးသလိုနဲ့ ခေါ်သွားပေမဲ့ တကယ်တမ်းကျတော့ သူ့ကို သေချာပေါက် ပညာပေးဖို့ အခွင့်အရေး ရှာနေတာပဲ ဖြစ်မယ်.. တကယ်လို့ လွဲချော်မှုတစ်ခုခု မရှိဘူးဆိုရင် အခုလောက်ဆိုရင် သူက အရိုက်ခံရလို့ ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ.... အခုက ငါတို့ လုယက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ....ငါတို့သာ အောင်မြင်သွားရင် ပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မယ်..."
"ငါ သဘောပေါက်ပြီ....အစ်ကိုချူးလို့ မပြောရဘူး...အရမ်းကို စေ့စပ်သေချာတာပဲ"
သူ၏ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် စွေ့ယွင်ရှင်း၏မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှုများ ထင်ဟပ်လာသည်။ ဒဏ်ရာရနေသော ထိုလူကို မည်သည့်နေရာ၌ သွားရှာရမည်နည်းဟု သူမ မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ခန်းမတစ်ခုလုံး တုန်ခါသွားစေသော ကျယ်လောင်သည့် အော်ဟစ်သံကြီးတစ်ခုကြောင့် သူတို့နှစ်ယောက်သား ထိတ်လန့်သွားကြသည်။
"ခွေးတိရစ္ဆာန်ကောင်... မင်းက သေချင်နေတာလား"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သံချပ်ကာဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် အနီးအနားရှိ အခန်းတစ်ခန်းထဲမှ လွင့်ထွက်လာပေ၏။ ထိုလူသည် လေထုအတွင်း၌ ရှိနေစဥ်မှာပင် သူ၏ပါးစပ်မှ သွေးများပန်းထွက်နေသည်ကို ချူးယုဖေးနှင့်စွေ့ယွင်ရှင်းတို့ မြင်တွေ့လိုက်ရသည်။
"ခေါင်းဆောင်စု..."
ထိုပုံရိပ်ကို မှတ်မိသွားချိန်၌ သူတို့နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကျန်းရွှမ်ချင်းကို တိတ်တဆိတ် ပညာပေးနေမည်ဟု သူတို့ ထင်မှတ်ထားသောလူသည် ယခုချိန်တွင် မြေပြင်ပေါ်တွင် လဲကျကာ ညည်းတွားနေပေ၏။ သူ၏မျက်နှာပေါ်တွင် ပါးရိုက်ခံထားရသော လက်ဝါးရာကြီးက ထင်ထင်ရှားရှား ပေါ်လွင်နေကာ သွေးထွက်လုနီးပါးပင်။
"အရူးကောင်... မင်းက တကယ့်ကို အရူးကောင်ပဲ..."
နောက်ထပ်ကန်ချက်တစ်ချက်က စုမင်ချန်ကို လွင့်ထွက်သွားစေသည်။ ဒေါသထွက်နေသော အဘိုးအိုသည် သနားညှာတာမှု အလျဉ်းမရှိဘဲ မကြာသေးမီကမှ မောက်မာထောင်လွှားနေခဲ့သော ခေါင်းဆောင်စုကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ကန်ကျောက်နေသည်။ ခေါင်းဆောင်စု၏နှာခေါင်း ရွဲ့စောင်းသွားပြီး သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေကာ အလွန်သနားဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားပေ၏။
"ဒါက..."
ချူးယုဖေးနှင့်စွေ့ယွင်ရှင်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ကြက်သေသေသွားကြသည်။
ဤသည်မှာ မည်ကဲ့သို့အခြေအနေမျိုး ဖြစ်သနည်း...
ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အဘိုးအိုသည် သူ၏မြေးတစ်ယောက်အား ဆုံးမနေသကဲ့သို့ ရိုက်နှက်နေသလော။
သူတို့နှစ်ဦး ကြက်သေသေနေစဉ်မှာပင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ သူတို့ လုယက်ရန် ကြံစည်ထားသော ကျန်းရွှမ်ချင်းပင်။
ထိုအချိန်တွင် ကျန်းရွှမ်ချင်းသည် ဝက်ခေါင်းဖြစ်သည်အထိ ရိုက်နှက်ခံထားရသော ခေါင်းဆောင်စုထံသို့ ပြေးသွားပြီး အနေရခက်ဟန်ဖြင့် သူ၏လက်ကို အဆက်မပြတ်ခါယမ်းလိုက်သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့တော့... ခေါင်းဆောင်စုက ဒါကို တမင်သက်သက်လုပ်တာ မဟုတ်ဘူး...ပြီးတော့ ကျွန်တော်လည်း ဒီကိစ္စကို စိတ်ထဲမထားပါဘူး... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြရအောင်..."
"ထားလိုက်ရမယ် ဟုတ်လား...ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ.... ကျုပ် ရှိနေသရွေ့ ဒီလို ကပ်ပါးကောင်မျိုးတွေကို ခွင့်မပြုနိုင်ဘူး... သူတို့ကို သေချာပေါက် သင်ခန်းစာပေးမှ ဖြစ်မယ်..."
အရှင်လဲ့ချန်ယီသည် ထိုကိစ္စကို တွေးတောမိလေလေ ဒေါသထွက်လေလေပင်။
'မင်းက ငွေကို အလွဲသုံးစားလုပ်ချင်တာလား...ဖြတ်လမ်းကနေ ငွေရှာချင်တာလား... တခြားလူကို သွားရှာလေ မိုးပြာတံဆိပ်ပြား ပိုင်ရှင်ကိုမှ ပစ်မှတ်ထားရတယ်လို့... မင်းက သေချင်နေတာလား....သောက်ကျိုးနည်း... ငါကတော့ မသေချင်သေးဘူးကွ'
သူ ရိုက်နှက်နေသည်မှာ လူတစ်ယောက်တည်းကို မဟုတ်ဘဲ သတိပေးချက်တစ်ခုကို ထုတ်ပြန်နေခြင်းပင်။
ဤသည်မှာ လူများအားလုံး သိသင့်သော တရားမျှတမှုဆိုင်ရာ ကြေညာချက်တစ်ခုပင်။
"အဲ့ဒီလူက... ဘယ်သူလဲ"
ဤအဘိုးအိုသည် အကြောက်အလန့်ကင်းမဲ့ပြီး မောက်မာထောင်လွှားစွာဖြင့် လူရိုက်နေသည်အား မြင်တွေ့ချိန်၌ ချူးယုဖေးသည် မနေနိုင်တော့ဘဲ နံဘေးရှိ အစောင့်တစ်ယောက်ကို မေးမြန်းလိုက်သည်။
"သူက ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းခွဲရဲ့ ဂိုဏ်းချုပ်လေ..."
ထိုလူက တိုးညှင်းသောအသံဖြင့် တုံ့ပြန်အဖြေပေးသည်။
"ဂိုဏ်းချုပ်လား..."
ချူးယုဖေး၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပေ၏။
ဂိုဏ်းချုပ်သည် ခေါင်းဆောင်စုကို ရိုက်နှက်နေပြီး ကျန်းရွှမ်ချင်းက နံဘေး၌ မတ်တတ်ရပ်ပြီး ဟန့်တားနေသည်။
'ဘာတွေ ဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်က ငါ့ကို ရှင်းပြပေးပါအုံး'
"သခင်လေးကျန်း... ကျွန်တော် မှားသွားပါပြီ.. နောက်တစ်ခါ ထပ်ပြီးမလုပ်ရဲတော့ပါဘူး..."
ဂိုဏ်းချုပ်သည် သူ့ထံသို့ ထပ်မံ၍လာနေသည်အား မြင်တွေ့ချိန်၌ စုမင်ချန်သည် တောင့်မခံနိုင်တော့ဘဲ ကျန်းရွှမ်၏ရှေ့သို့ အလျင်အမြန်သွားကာ ဒူးထောက်လိုက်သည်။
ယခုအချိန်တွင် သူ့ကို ကယ်တင်နိုင်မည့်သူမှာ ဤလူတစ်ယောက်တည်းသာ ရှိပေ၏။
"ကောင်းပြီလေ..."
ကျန်းရွှမ်က ခေါင်းခါယမ်းပြီး အရှင်လဲ့ချန်ယီကို ကြည့်လိုက်သည်။
"အရှင်လဲ့... ဒီလို ရိုက်နှက်နေတာ သိပ်မကောင်းပါဘူး...တကယ်လို့ မဖြစ်မနေ အရေးယူရမယ်ဆိုရင် သူ့ကို လျော်ကြေးပေးခိုင်းလိုက်ပါလား..."
"သခင်လေးကျန်း ဝင်ပြောမှတော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့... စုမင်ချန်... ဒီတစ်ခေါက် မင်း ကံကောင်းသွားတယ်...မင်း ခုချက်ချင်း မတ်တတ်ထရပ်ပြီးတော့ သခင်လေးကျန်းရဲ့ ကြီးမားတဲ့ကျေးဇူးအတွက် ကျေးဇူးတင်စကား ပြောလိုက်စမ်း"
အရှင်လဲ့ချန်ယီက ဆူပူကြိမ်းမောင်းလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သခင်လေးကျန်း..."
စုမင်ချန်သည် ဒူးထောက်နေပြီး သူ၏ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်၍ ဦးတိုက်နေကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ တသွင်သွင် စီးကျလာသည်။
'ဒီကောင်လေးက ဒီလောက်ထိ အစွမ်းထက်မှန်း ငါ ကြိုသိခဲ့ရင် ခုလို သောက်ရေးမပါတဲ့ လုပ်ရပ်မျိုးတွေကို သွားလုပ်မိမှာ မဟုတ်ဘူး...'
သူ နောင်တရနေစဉ်မှာပင် မလှမ်းမကမ်းတွင် ရှိနေသော စွေ့ယွင်ရှင်းသည် သည်းမခံနိုင်တော့ဘဲ သူမ အချိန်အကြာကြီး လေးစားကြည်ညိုခဲ့ရသော သူမ၏တာအိုလက်တွဲဖော် ချူးယုဖေးကို ကြည့်လိုက်သည်။
"အစ်ကိုချူး... ငါတို့က... သူ့ကို လုယက်ကြအုံးမှာလား"
"..."
ချူးယုဖေး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး သူ ငိုချင်စိတ်ပေါက်သွားသည်။
ငါ့ဖင်ကြီးကိုပဲ လုယက်လိုက် ...
ခေါင်းဆောင်စုပင်လျှင် သူ့ကို ပြစ်မှားမိရုံဖြင့် ဤမျှထိ အထိနာသွားခဲ့သည်။ အကယ်၍ သူသာ အမှန်တကယ် လုယက်မိလျှင် မနက်ဖြန်ထွက်မယ့် နေမင်းကြီးကို မြင်ရရန်အတွက်ပင် အသက်ရှင်န်ိုင်ရန် မသေချာချေ။
အခန်း ၃၈၅: ကြွယ်ဝချမ်းသာမှုဆိုသည်မှာ
ချူးယုဖေးသည် အလွန်ထိတ်လန့်နေသဖြင့် စကားမပြောနိုင် ဖြစ်သွားပေ၏။
မလှမ်းမကမ်းတွင်ရှိနေသော အရှင်လဲ့ချန်ယီကမူ စုမင်ချန်ကို ဆက်လက်၍ စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
"သခင်လေးကျန်း ပြောတာ မကြားဘူးလား...ငါ မှတ်မိတာ မမှားရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ဆေးပင်ကောင်းတစ်ပင်ကို ရထားတယ် မဟုတ်လား"
"ဟုတ်... ဟုတ်ကဲ့... အဲ့ဒါက နင်ရှင်းပန်းပါ... ကျွန်တော်က ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် အလယ်အလတ်ကို တက်လှမ်းဖို့အတွက် အသုံးပြုဖို့ စီစဉ်ထားတာပါ...အခု ကျွန်တော်က သခင်လေးကျန်းကို တောင်းပန်တဲ့အနေနဲ့ ဒီဆေးပင်ကို ပေးပါ့မယ်"
စုမင်ချန်သည် တွေဝေတုံ့ဆိုင်းမနေရဲဘဲ ဆေးပင်တစ်ပင်ကို ထုတ်ပေးလိုက်သည်။
"ငါက ဘယ်လိုလုပ် ယူရက်မှာလဲ"
ကျန်းရွှမ်သည် အားတုံ့အားနာဖြင့် ထိုဆေးပင်ကို လက်ခံပြီး ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်၏။
...
ဤဆေးပင်မျိုးကို သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း ထိုအရာမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် စိတ်ဝိညာဉ်အတွက် များစွာအထောက်အကူပြုကြောင်း သူ ခံစားမိသည်။ ထိုကြောင့် သူ ခန့်မှန်းနေရန်ပင်မလိုဘဲ ထိုဆေးပင် တန်ဖိုးရှိကြောင်း သိလိုက်သည်။
"တောင်းပန်တဲ့အပြင် လက်ဆောင်ပါ ပေးလိုက်ရတာလား..."
စွေ့ယွင်ရှင်းသည် တံတွေးမြိုချလိုက်ပြီး သူမ၏ တာအိုလက်တွဲဖော်ကို ကြည့်လိုက်၏။
"ဖြစ်နိုင်တာတော့... သူက ကျန်းရွှမ်ချင်းဆီကနေ ရထားတဲ့ ကံကြမ္မာချပ်ပြားနှစ်ထောင်ကိုလည်း ပြန်ပေးလိုက်ရမှာလား"
"ဖြစ်နိုင်တာပေါ့...."
ချူးယုဖေးက ခေါင်းညိတ်ပြပြီး ဆက်လက် ပြောဆိုသည်။
"ဒါပေမဲ့ ပြန်ပေးလိုက်ရင်ရော ဘာထူးမှာမလို့လဲ...အဲ့ဒီလောက်ငွေလေးနဲ့ အိမ်တစ်လုံး ဝယ်လို့ရတာမှ မဟုတ်တာ... သူ့ရဲ့အဆင့်အတန်းက ဘယ်လောက်ပဲမြင့်မြင့် ဘယ်လောက်ထိ လေးစားမှုကို ခံရခံရ... အိမ်မရှိရင် ဘာအဓိပ္ပါယ် ရှိမှာလဲ...အိမ်မရှိရင် သူလည်း ငါတို့လိုပဲ မြို့သားဖြစ်လာနိုင်မှာ မဟုတ်ဘူး .."
သူ၏စကားမဆုံးမီမှာပင် အရှင်လဲ့ချန်ယီ၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"အကြီးအကဲဝူ... သခင်လေးကျန်းကို ခေါ်သွားပြီးတော့ အိမ်ပိုင်ဆိုင်မှု လွှဲပြောင်းတာကို တစ်ခါတည်း လုပ်ပေးလိုက်ပါ..."
"ဟုတ်ကဲ့"
အကြီးအကဲဝူက ခေါင်းညိတ်လိုက်သည်။
"...."
ချူးယုဖေး ကြက်သေသေသွားသည်။ သူသည် အစောပိုင်းက စကားပြောခဲ့သော အစောင့်ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ခုဏက ဂိုဏ်းချုပ် ပြောလိုက်တာ ဘာသဘောလဲ"
"အော် .. အရှင်လဲ့က ကံကြမ္မာချပ်ပြားရှစ်သိန်းတန် အိမ်တစ်လုံးကို သခင်လေးကျန်းဆီ လက်ဆောင်ပေးလိုက်တာလေ... အဲ့ဒီအတွက် လွှဲပြောင်းရေးကိစ္စတွေကို လုပ်ပေးဖို့ အကြီးအကဲဝူကို ပြောလိုက်တာပါ"
အစောင့်က ရှင်းပြသည်။
"..."
ချူးယုဖေးနှင့်စွေ့ယွင်ရှင်းတို့သည် နေရာမှာပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားပြီး စကားမပြောနိုင်ကြတော့ချေ။
ကံကြမ္မာချပ်ပြားငါးထောင်ပင်လျှင် စုဆောင်းနိုင်ခြင်းမရှိသော လူနှစ်ယောက်သည် ကံကြမ္မာချပ်ပြားရှစ်သိန်းတန် အိမ်တစ်လုံးအား အလကားရသောလူကို လုယက်ရန် စိတ်ကူးယဉ်နေသလော...
ဤှသည်မှာ လိမ္မာပါးနပ်ခြင်း မဟုတ်ဘဲ ရူးသွပ်မှုတစ်ခု သက်သက်ပင်။
...
လမ်းမများပေါ်တွင် လူအများ တိုးဝှေ့သွားလာနေသည်။
ကျန်းရွှမ်သည် ခန်းမထဲမှ ထွက်လာချိန်၌ ဤအလုံးစုံသိမြင်ဂိုဏ်းခွဲသည် ထျန်းလီမြို့၏ ဂိုဏ်းခွဲကိုးခုအနက် တစ်ခုသာဖြစ်ပြီး အဆင့်အနိမ့်ဆုံးဖြစ်ကာ မြို့အစွန်အဖျားတွင် တည်ရှိပြီး မြို့ထဲ၌ပင် မပါဝင်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
ဝူယွင်ယီအမည်ရှိ အကြီးအကဲဝူသည် အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။ အကြီးအကဲဝူက ယခုအချိန်တွင် သူ့ရှေ့မှလူငယ်၏ အဆင့်အတန်းသည် သာမန်မဟုတ်ကြောင်း နားလည်သဘောပေါက်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် မာန်မာနမထားသည့်အပြင် ပွင့်လင်းရိုးသားစွာဖြင့် အသေးစိတ် ရှင်းပြနေသည်။
"မြို့အစွန်ပိုင်းရဲ့ စီမံခန့်ခွဲမှုတွေက တော်တော်လေး တင်းကြပ်တယ်... အစောင့်တွေက နေ့တိုင်း ကင်းလှည့်စစ်ဆေးပြီးတော့ မြို့သားမဟုတ်တဲ့လူကို တွေ့တာနဲ့ ချက်ချင်းဖမ်းဆီးတယ်....ဒီနေရာက လုံခြုံရေး ကောင်းမွန်ပေမဲ့ လူအများစုက တခြားနေရာကနေ လာကြတဲ့သူတွေဆိုတော့ တော်တော်လေး ရှုပ်ထွေးတယ်...ဒါကြောင့် လုံခြုံရေးကို အာမခံလို့ မရဘူး...ပုံမှန်အတိုင်းဆိုရင်တော့ ညမှောင်လာရင် ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး..."
အကြီးအကဲဝူက အသေးစိတ် ရှင်းပြလေ၏။
ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မြို့တွင်းရှိလမ်းမများသည် အလွန်ကျယ်ဝန်းပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ဈေးသည်အမျိုးမျိုး တန်းစီနေသည်။ ထိုလူများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ခုကို သူ သတိပြုမိသွားသည်။
တခြားလူများကို မဆိုထားနှင့် ဤဈေးသည်များ၏ကျင့်ကြံဆင့်သည်ပင် အနည်းဆုံးအနေဖြင့် ကြယ်စင်မြစ်နယ်ပယ်တွင် ရှိနေကြသည်။ အဖြူရောင်ကျောက်တုံးမြို့တွင် လွှမ်းမိုးအုပ်ချုပ်နေသော နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်နှင့် ဓမ္မရုပ်သွင်နယ်ပယ် ကျင့်ကြံသူများသည် ဤနေရာတွင် ကလေးအဆင့်သာ ရှိပေ၏။
"ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူတွေပါလား..."
ကျန်းရွှမ်တို့သည် အချိန်တခဏကြာ လမ်းလျှောက်လာပြီးနောက် ဆိုင်ပိုင်ရှင်အများစုသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်သို့ ရောက်ရှိနေကြကာ စားပွဲထိုးတချို့ပင်လျှင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ဝန်းကျင်၌ ရှိနေကြသည်ကို မြင်တွေ့လိုက်ရသည်။
အမှန်တကယ်ကို ဤနေရာသည် ရင်းမြစ်ကမ္ဘာ၏ဗဟိုချက်မြို့တော် ဖြစ်ပြီး ထိပ်သီးကျင့်ကြံသူတွေသည် တိမ်စိုင်များကဲ့သို့ များပြားပေ၏။
"ခွေးကောင်... မင်းက ခိုးရဲတယ်ပေါ့...မင်း သေချင်နေတာလား"
ထိုအချိန်မှာပင် ဆူပူကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာပြီး ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ကြာပွတ်ကိုထုတ်ကာ လူငယ်လေးတစ်ဦးအား ဆက်တိုက်ရိုက်နှက်နေသည်ကို ကျန်းရွှမ် မြင်တွေ့လိုက်ရသည်။
ထိုလူငယ်လေးသည် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ခန့် ရှိပြီး ပိန်လှီနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြာပွတ်ရိုက်ချက် အနည်းငယ် ထိမှန်ပြီးနောက် သူ၏ပခုံးမှ သွေးများ ယိုစီးကျလာသည်။
"ခင်ဗျား ဘာလုပ်နေတာလဲ...လူကြားထဲမှာ ဘာလို့ လူရိုက်နေရတာလဲ"
ထိုအချိန်မှာပင် ဤမြင်ကွင်းကို မကြည့်ရက်နိုင်သော အစိမ်းရောင်ဝတ်စုံဝတ် ဓားသမားတစ်ဦး ရှေ့သို့ထွက်လာသည်။
"ဟမ့်.. နောက်ထပ် အလုပ်မရှိအလုပ်ရှာတဲ့ကောင်တစ်ကောင် ရောက်လာပြန်ပြီ"
ဆိုင်ပိုင်ရှင်က ကြာပွတ်ကို သိမ်းလိုက်ပြီး မဲ့ပြုံးဖြင့် မော့ကြည့်လိုက်သည်။
"ဒါက ငါ့ရဲ့တပည့်ပဲ..သူက ငါ့ရဲ့ခွင့်ပြုချက်မရဘဲနဲ့ ခိုးစားခဲ့တာကြောင့် သင်ခန်းစာရအောင် သူ့ကို နည်းနည်းလောက်ဆုံးမနေတာ.. ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား"
"ဒါဆိုရင် ကျွန်တော် စည်းကျော်မိတာပေါ့... တောင်းပန်ပါတယ်..."
အစိမ်းရောင်ဝတ်စုံဝတ် ဓားသမားက သူ၏လက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုကာ ပြောဆိုပြီးနောက် လှည့်ထွက်သွားသည်။
တခြားမည်သူတစ်ဦးတစ်ယောက်မျှ မြင်သောအခါ လူငယ်လေးသည် ဆိုင်ပိုင်ရှင်ရှေ့တွင် ဒူးထောက်လိုက်သည်။
"ဆရာ... ကျွန်တော် မှားသွားပါတယ်....နောက်ဆို အစာငတ်သေရင်တောင် ကျွန်တော် ထပ်မခိုးတော့ပါဘူး... ကျေးဇူးပြုပြီးတော့ အခွင့်အရေးတစ်ကြိမ်လောက် ထပ်ပေးပါ"
"အဲ့ဒီလိုမှပေါ့... အလုပ်ပြန်လုပ်တော့"
ဆိုင်ပိုင်ရှင်က လူငယ်ကို တစ်ချက်ထပ်ကန်လိုက်ပြီးနောက် ဆိုင်ထဲသို့ မာန်ပါပါဖြင့် ပြန်လည်၍လျှောက်လှမ်းသွားသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီတပည့်ဆိုတဲ့ကောင်က ပညာသင်ပေးပြီးတော့ အစာကျွေးထားတာတောင် မဆိုးဘူးဖြစ်နေပြီ...ဒါတောင်မှ သူက အတင့်ရဲပြီးတော့ ခိုးရဲသေးတယ်...သူ့ကို နေရာမှာတင် ရိုက်မသတ်တာ ကံကောင်းတယ်လို့ မှတ်ရမယ်"
ကျန်းရွှမ်၏မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ထင်ဟပ်နေသည်ကို မြင်တွေ့ချိန်၌ အကြီးအကဲဝူက ပြုံးလိုက်သည်။
"အစာကျွေးထားတာတောင် မဆိုးဘူး ...ဟုတ်လား"
ကျန်းရွှမ်သည် သူ၏နားကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားသည်။
ပါမောက္ခကုန်းမြေတွင် တပည့်များသည် ဆရာများကို လေးစားကြသည့်အပြင် ဆရာများကလည်း တပည့်များကို လေးစားကြသည်။ နှစ်ဖက်စလုံးသည် အတူတကွ တိုးတက်လာရန်အတွက် တစ်ဖက်နှင့်တစ်ဖက် လေးစားမှုများ ရှိနေကြ၏။ အကြီးအကဲဝူ၏အပြောအရဆိုလျှင် ဤနေရာသည် မည်သည်ကြောင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသနည်း။
"ကံကြမ္မာဆရာသခင်တစ်ယောက်က ပိုပြီးသန်မာအားကောင်းလာဖို့အတွက် ပါရမီအရည်အချင်းနဲ့ အမွေအနှစ်တွေ ပိုပြီးလိုအပ်တယ်..အဲ့ဒီနှစ်ခုလုံးက မရှိမဖြစ်ပဲ...အဲ့ဒီအမွေအနှစ်ဆိုတာက တပည့်လက်ခံတာပဲ"
အကြီးအကဲဝူက ရှင်းပြသည်။
"တချို့အစွမ်းထက်တဲ့ ကံကြမ္မာဆရာသခင်တွေမှာဆိုရင် တပည့်တွေနဲ့ မြေးတပည့်တွေ သန်းနဲ့ချီပြီး ရှိကြတယ်...အဲ့ဒီတပည့်တွေကို အစားအစာ ကျွေးထားတာနဲ့တင် မဆိုးတော့ဘူးလေ... သူတို့က ဘာတွေကို ထပ်ပြီးလိုချင်ကြသေးတာလဲ"
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤစကားများ၏ အဓိပ္ပါယ်အတိအကျကို သူ နားမလည်သော်လည်း တစ်စုံတစ်ခုကိုမူ သိရှိသွားသည်။
ထျန်းလီမြို့တွင် နေထိုင်ခြင်းသည် အလွန်အမင်း ကုန်ကျစရိတ် များပြားပေ၏။ လူတစ်ယောက်သည် သူကိုယ်တိုင်ပင် မနည်းရပ်တည်နေရလျှင် တပည့်တစ်ယောက်ကို မည်သို့ ထောက်ပံ့နိုင်မည်နည်း။ သို့ရာတွင် တပည့်မရှိလျှင်လည်း သူတို့၏ ကျင့်ကြံဆင့်သည် ရပ်တန့်သွားမည် သို့မဟုတ် လျောကျသွားပေမည်။ အကျိုးဆက်အနေဖြင့် သူတို့၏ဝင်ငွေများလည်း လျော့နည်းသွားပေမည်။
ဤကဲ့သို့ ဖြစ်ရပ်များဖြင့် သံသရာလည်နေသဖြင့် ထျန်းလီမြို့၌ နေထိုင်ရသည်မှာ အမှန်တကယ်ကို လွယ်ကူခြင်းမရှိနိုင်ချေ။
"တကယ်တော့... ဒီဆိုင်ပိုင်ရှင်တွေရဲ့ လက်အောက်ငယ်သားအများစုက သူတို့ရဲ့တပည့်တွေပဲ"
အကြီးအကဲဝူက ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒီလူတွေကို လျှော့တွက်လို့မရဘူး...တကယ်လို့ သူတို့သာ ထျန်းလီမြို့ကို မလာခဲ့ရင် အရင်နေခဲ့တဲ့နေရာတွေမှာ သူတို့က ဂိုဏ်းချုပ်တွေ ဒါမှမဟုတ် ထင်ရှားကျော်ကြားတဲ့နာမည်တွေကို ပိုင်ဆိုင်တဲ့လူတွေ ဖြစ်ခဲ့ကြမှာပဲ....ဒါပေမဲ့ ဒီရောက်တော့ သူတို့က ပေါက်စီတို့ ဆန်မုန့်တို့ကိုရောင်းတဲ့ သာမန်လူတွေ ဖြစ်သွားကြတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ ငြင်းဆန်၍မရသော အချက်ပင်။
အစောပိုင်းက ပေါက်စီသည်နှစ်ယောက်ပင်လျှင် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်တွင် ရှိနေသည်ကို သူ မြင်တွေ့ခဲ့ပေ၏။
ဤကဲ့သို့ စွမ်းအားမျိုးနှင့်ဆိုလျှင် ကျိုးယီအင်ပါယာကိုပင် သိမ်းပိုက်လို့ ရနိုင်သော်လည်း ဤနေရာတွင်မူ သူတို့သည် သာမန်ပေါက်စီဆိုင်ပိုင်ရှင်များသာ ဖြစ်နေကြသည်။
"ဒီနေရာမှာ အသက်ရှင်ရပ်တည်ဖို့အတွက် ဒီလောက်ထိ ခက်ခဲနေရင်... ဘာလို့ ထွက်မသွားကြတာလဲ"
ခုန်းရှီက မနေနိုင်တော့ဘဲ ဝင်ရောက်မေးမြန်းလိုက်သည်။
ဤနေရာတွင် ပေါက်စီရောင်းပြီး အရှက်ကွဲခံနေမည့်အစား ယခင်နေရာသို့ ပြန်သွားပြီး ဘုရင် သို့မဟုတ် ဧကရာဇ် ပြုလုပ်သည်က ပိုကောင်းသည်မဟုတ်လော...
"ဒီနေရာမှာက ထူထပ်သိပ်သည်းတဲ့ ရင်းမြစ်စွမ်းအင်တွေ ပေါကြွယ်ဝတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေ ဆေးလုံးမျိုးစုံနဲ့ အဆင့်မြင့်ထိပ်သီးပညာရှင်တွေ ရှိနေတယ်...ဒီနေရာမှာ ကျင့်ကြံတာက တခြားနေရာတွေထက် ပိုမြန်ပြီးတော့ တိုးတက်မှုက အရမ်းသိသာတယ်..ဒီကို ရောက်လာပြီးမှတော့ ဘယ်သူကများ ပြန်ပြီးထွက်ခွာသွားနိုင်မှာလဲ...ဒါ့ပြင် သူတို့ ဒီကိုရောက်လာပြီးမှတော့ ပြန်သွားလို့ ရနိုင်ပါ့မလား..သူတို့ရဲ့ အရင်က အရင်းအမြစ်တွေကို တခြားလူတွေက ခွဲဝေယူပြီးနေလောက်ပြီ..သူတို့ ပြန်သွားရင်တောင် အဲ့ဒါတွေကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူး"
အကြီးအကဲဝူက ပြောဆိုသည်။
"ဒါ့ပြင် ဒီနေရာကို လာတဲ့လူတွေက ပိုပြီးမြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေကို ရောက်ချင်တဲ့ စိတ်ဆန္ဒမျိုးရှိတဲ့ ပါရမီရှင်တွေ ဒါမှမဟုတ် လောကီစည်းစိမ်တွေကို ခံစားပြီးလို့ အသစ်ကနေ ပြန်စချင်တဲ့ ထိပ်သီးကျင့်ကြံသူတွေပဲ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဒီနေရာမှာ နေတာက ပိုပြီးကောင်းတာ သေချာတယ်"
ခုန်းရှီထံ၌ ပြောစရာ စကားမရှိတော့ချေ။
ကျန်းရွှမ်ပင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ကြွယ်ဝချမ်းသာမှုဆိုသည်မှာ မရေမတွက်နိုင်သော သနားဖွယ်ကောင်းသည့် လူများမှ ပခုံးနှင့်ထမ်းတင်ထားပေးသော ပိရမစ်တစ်ခုပင်။
Thank for Reading.