← Chapters

အခန်း (၁၈၄၆-၁၈၅၀)

Vol. 96 Ch. 1846-1850

အခန်း (၁၈၄၆-၁၈၅၀)

Vol. 96 Ch. 1846-1850

Chapter 1846

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် ကြောင်အစွာဖြင့် ထိုမြင်ကွင်းကိုစူးစိုက်ကြည့်နေကြပြီး အချိန်အတော်ကြာသည့်တိုင် စကားမပြောနိုင်ကြချေ။

လုယွီသည် လီဟူ၏​ခန္ဓာကိုယ်ပေါ်သို့ ခြေဖြင့်ဖိနင်းထားသည်။သူ၏ပြင်းထန်သောမှော်စွမ်းအားလှိုင်းများက ချက်ချင်းဆိုသလိုပင် လီဟူပေါ်သို့ ကျရောက်သွားပေ၏။

လီဟူထံတွင် ခွန်အားတချို့ရှိသော်လည်း လုယွီ၏ရှေ့၌ အရေးပါသောအရာမဟုတ်ချေ။လီဟူ၏ဒူးနှစ်ဖက်လုံးကွေးညွတ်သွားပြီး သူက လုယွီ၏ဖိအားပေးမှုကြောင့် ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရသည်။

"ကောင်လေး...မင်း သေချင်နေတာလား"

လီဟူက အနိုင်ကျင့်အရှက်ခွဲခံရသကဲ့သို့ ခံစားနေရ၏။သူသည် မြင့်မြတ်သောစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း တစ်ဖက်လူ၏ခြေဖြင့်ဆောင့်နင်းထားခြင်းကို ခံနေရသည်။

အက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ လီဟူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံမှ ကြွပ်ဆတ်ဆတ်အသံများ ထွက်ပေါ်လာသည်။ထို့နောက် လီဟူ၏ခန္ဓာကိုယ်မှကြွက်သားများ ဖောင်းကြွလာပြီး ပို၍ကျစ်လစ်သိပ်သည်းလာကာ အားကောင်းလာပေ၏။

သူ၏လက်မောင်းပေါ်ရှိ သွေးကြောများသည်လည်း ရှည်လျားသောမြွေစိမ်းများကဲ့သို့ ကြွတက်လာရာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။

"သေစမ်း"

လီဟူက မတ်တတ်ထရပ်နိုင်ရန် အတင်းအကြပ် ကြိုးပမ်းလိုက်သည်။

"မင်းက တခြားသူတွေ မင်းရှေ့မှာဒူးထောက်တာကို သဘောကျတယ်ဆိုမှတော့...မင်းလည်း ဒူးထောက်ပြီးနေသင့်တယ်"

လုယွီသည် သူ၏လက်တစ်ဖက်ကိုဆန့်တန်း၍ လီဟူ၏ခေါင်းကို ဖိနှိပ်လိုက်၏။

ဘန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လီဟူ၏ခေါင်းသည် ကြမ်းပြင်နှင့်ပြင်းပြင်းထန်ထန် ဆောင့်မိလေသည်။

"ဗိုလ်ချုပ်..."

လီဟူ၏လက်အောက်ငယ်သားများအားလုံး ကြက်သေသေနေကြသည်။

မည်သို့ဖြစ်ပျက်သွားသနည်း....

ဖြစ်သင့်သည်က သူတို့၏စစ်ဗိုလ်ချုပ်သည် ထိုကောင်လေးအား သင်ခန်းစာပေးရမည် မဟုတ်လော....

မည်သည်ကြောင့် အခြေအနေပြောင်းလဲပြီး ထိုကောင်လေး၏ခြေထောက်အောက်တွင် သူ နင်းချေခံနေရသနည်း....

လီဟူ၏လက်အောက်ငယ်သားများအနက်မှ အလျှင်အမြန် သတိဝင်လာသူတစ်ယောက်မှနေ၍ လုယွီကို ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ရိုက်နှက်ဝံ့တာလဲ...ဒါက စစ်စည်းမျဥ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ....စုံစမ်းစစ်ဆေးရေးမှူးတွေ ရောက်လာတဲ့အချိန်ကျရင် မင်း သေရမှာသေချာတယ်"

တချို့စစ်သားများသည် သူတို့၏အထက်အရာရှိများကို ပြန်လည်တိုက်ခိုက်ခြင်းမပြုဝံ့သည်မှာ ကြောက်ရွံသောကြောင့်မဟုတ်ချေ။

အကယ်၍ လီဟူသည် လုယွီကိုရိုက်နှက်ခဲ့ပါက ပြဿနာကြီးကြီးမားမားရှိမည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ပြန်လည်တိုက်ခိုက်ရန်ရွေးချယ်ခဲ့သဖြင့် ဤကိစ္စသည် ကြီးလေးသောပြဿနာတစ်ရပ် ဖြစ်သွားစေပြီ။

စစ်တပ်အတွင်း၌ ရာထူးအဆင့်နိမ့်သူသည် သူ၏အထက်ရာထူးမြင့်သူကို ရိုက်နှက်ခြင်းမှာ ကြီးလေးသောပြစ်မှုတစ်ခုဖြစ်သည်။

အကယ်၍ လုယွီ၏ခွန်အား အလွန်သန်မာအားကောင်းနေလျှင်ပင် တာယွီတော်ဝင်စစ်တပ်၏ဥပဒေကို ချိုးဖောက်မိပါက အဆုံးသတ်ကောင်းမည်မဟုတ်ချေ။

"အဲ့ဒီလိုလား...သူက ငါ့ကို ဘာမှမမေးမမြန်းဘဲ ဒူးထောက်အရိုအသေပြုခိုင်းတာကလည်း အထက်အရာရှိကို မလေးမစားလုပ်တဲ့ပြစ်မှုကို သူ ကျူးလွန်ခဲ့တာမဟုတ်ဘူးလား"

လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။

မင်းကလား...မင်းက ဘာမလို့လဲ...ငါတို့ရဲ့ဗိုလ်ချုပ်လီဟူက ဝူလီစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ...သူ့ရဲ့ရာထူးက မင်းထက်အများကြီးမြင့်တယ်...ဒီနေရာက မင်းလာနိုင်တဲ့ နေရာမျိုးလား...မင်းရှေ့မှာရှိတဲ့သူက ဘယ်သူလဲဆိုတာတောင် မင်း ရှင်းရှင်းလင်းလင်းသိရဲ့လား"

ဝူလီစစ်ဗိုလ်ချုပ်ဟူသည်မှာ ပဉ္စမအဆင့်ရာထူးဖြစ်ပြီး လုယွီထက် အဆင့်နှစ်ဆင့်ပို၍နိမ့်သည်။

လီဟူ၏လက်အောက်ငယ်သားတချို့က လုယွီကို လှောင်ပြောင်သရော်နေကြ၏။လုယွီ၏အသက်အရွယ်ကိုကြည့်ပြီး အကဲဖြတ်ကြည့်ပါက စစ်တပ်ထဲသို့ မကြာသေးမီကမှဝင်ရောက်လာသော လူသစ်တစ်ယောက်နှင့်သာတူညီနေသည်။ထိုလူငယ်လေးသည် တပ်စုမှူးအဆင့်သို့ပင် မရောက်နိုင်သေးချေ။

ဤကဲ့သို့လူငယ်မျိုးအား ဗိုလ်ချုပ်လဲ့ဟူ၏ရာထူးအဆင့်ဖြင့် ဆန္ဒရှိသလိုပြုလုပ်နိုင်သည်။

"ဘာတွေဖြစ်နေကြတာလဲ...ဘာလို့ ဒီလောက်ထိ ဆူညံနေကြတာလဲ"

ရုတ်တရက် အနက်ရောင်သံချပ်ကာဝတ်စစ်သားတစ်စု ဝင်ရောက်လာသည်။

ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများ ရောက်လာခြင်းကိုမြင်သည်နှင့် စစ်သားအများစုသည် သူတို့၏စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြရာ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအခြင်းအရာကိုမြင်သော လီဟူ၏လက်အောက်ငယ်သားများသည် ကယ်တင်ရှင်တွေ့သွားသကဲ့သို့ ပျာပျာသလဲဆီးကြိုနှုတ်ဆက်ကြ၏။

"အရာရှိတို့...ဒီကောင်လေးက ကျွန်တော်တို့ရဲ့စစ်ဗိုလ်ချုပ်ကို တိုက်ခိုက်ဝံ့တယ်...သူက စစ်တပ်ထဲမှာ သူလျှိုလာလုပ်နေတဲ့သူလို့ ကျွန်တော်တို့ သံသယရှိတယ်....အရာရှိတို့က သူ့ကိုဖမ်းဆီးခေါ်ဆောင်ပြီး သေသေချာချာစစ်မေးသင့်တယ်"

ပတ်ဝန်းကျင်ရှိလူများအားလုံးသည် ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများကိုမြင်သည်နှင့် နံဘေးဘက်သို့ လမ်းဖယ်ပေးပြီးဖြစ်သည်။ဤအနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် သာမာန်စစ်သားများနှင့် များစွာကွဲပြားခြားနားသည်။

သို့ရာတွင် အကြီးမားဆုံးကွဲပြားခြားနားချက်မှာ သူတို့၏ရင်ဘတ်ရှိသံချပ်ကာပေါ်၌ ဖီရှို့ဟု ရေးထွင်းထားခြင်းဖြစ်ပေ၏။

သူတို့သည် တပ်တွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းမှစစ်သားများဖြစ်သည်။

တပ်တွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းမှစစ်သားများသည် တိုက်ပွဲများတွင် ပါဝင်ပတ်သတ်ခြင်းမရှိဘဲ စစ်တပ်အတွင်းရှိလူတိုင်းကို ထိန်းချုပ်သည့်တာဝန်ကို ယူဆောင်ထားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် စစ်စည်းမျဥ်းများကို ချိုးဖောက်ပါက ထိုသူသည် မည်သူမည်ဝါဖြစ်နေပါစေ စုံစမ်းစစ်ဆေးရေးမှူးများသည် ထိုသူ့ကိုဖမ်းဆီး၍ အကျဥ်းချနိုင်ခွင့်ရှိသည်။

ထို့ကြောင့် စစ်တပ်အတွင်းရှိလူအများစုသည် စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းမှလူများကိုမြင်သည်နှင့် အဝေး၌ပုန်းအောင်းနေကြပြီး သူတို့နှင့်စကားမပြောဆိုဝံ့ကြချေ။

Chapter 1847

"ဗိုလ်ချုပ်တစ်ယောက်ကို ရိုက်နှက်တာလား"

စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းမှ စစ်သားများသည် ချက်ချင်းဆိုသလိုပင် လုယွီကို ကြည့်လိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် လူငယ်တစ်ယောက်သည် သန်မာထွားကျိုင်းသောလူထွားကြီးတစ်ယောက်ကို သူ၏ခြေထောက်ဖြင့်ဖိနင်းထားခြင်းအား သူတို့အားလုံးမြင်တွေ့လိုက်ရသည်။

လဲ့ဟူသည် အဆက်မပြတ်အော်ဟစ်ရုန်းကန်နေသော်လည်း လုယွီ၏ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

လုယွီသည် သူ၏ခန္ဓာကိုယ်ပေါ်၌ မကျော်လွှားနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ မတ်တတ်ရပ်နေပြီး သူ တစိုးတစိမျှပင် ရွေ့လျားနိုင်ခြင်းမရှိပေ။

"ရပ်လိုက်စမ်း...ဒီနေရာက တိုက်ပွဲအကျိုးဆောင်ခန်းမ...မင်းတို့ တိုက်ခိုက်လို့ရတဲ့ နေရာမျိုးမဟုတ်ဘူး"

စုံစမ်းစစ်ဆေးရေးအဖွဲ့မှစစ်သားများသည် လုယွီကို လက်ညှိုးညွှန်၍ အော်ဟစ်လိုက်ကြ၏။

လုယွီက သူတို့ကိုတစ်ချက်ကြည့်ပြီး လဲ့ဟူကို နံဘေးသို့ ကန်ထုတ်လိုက်သည်။

ဤအချိန်တွင် လဲ့ဟူ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေခဲ့ရခြင်းမှာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးဖြစ်သည်။

ဤနေရာရှိပဋိပက္ခဖြစ်ပွါးမှုသည် တိုက်ပွဲအကျိုးဆောင်ခန်းမအတွင်းရှိ လူအားလုံးနီးပါး၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဗိုလ်ချုပ်...."

လဲ့ဟူ၏ငယ်သားများက အလျင်စလိုပြေးလာကြ၏။

လဲ့ဟူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့်ပြည့်နှက်နေပြီး သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဒီနေရာက ထွက်သွားကြစမ်း"

သူက လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"မင်း သေဖို့သာပြင်ထားတော့...မင်းက အထက်အရာရှိတစ်ယောက်ကို ဒီနေရာမှာ တိုက်ခိုက်ဝံ့တယ်...မင်း စောင့်နေစမ်း...စစ်စည်းမျဥ်းတွေအရ မင်း ကွပ်မျက်ခံရမှာပဲ"

ထို့နောက် သူ၏မျက်နှာသည် ပို၍ပင်ရှုံတွသွားပြီး သူက ယုတ်မာကောက်ကျစ်သောအပြုံးမျိုးနှင့် ပြောဆိုသည်။

"ဘာမှမစိုးရိမ်ပါနဲ့...ငါ မင်းကို လွယ်လွယ်ကူကူ သေခွင့်မပြုနိုင်ဘူး...မင်းကို အကျဥ်းခန်းထဲမှာ ပိတ်လှောင်ပြီးတာနဲ့...မင်းရဲ့ဘဝကို သေတာထက်ဆိုးအောင် ငါ လုပ်ပြမယ်"

သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ဤနေရာ၌ လူအမြောက်အများရှိနေသဖြင့် ယခုဖြစ်ပျက်ခဲ့သည့် သတင်းများအားလုံး ပျံ့နှံ့သွားမည်ကို သူ တွေးတောကြည့်နိုင်သည်။

ထို့နောက် သူ၏ဂုဏ်သတင်း ကျဆင်းသွားမည် ဖြစ်ပေ၏။

"ဗိုလ်ချုပ်လဲ့...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

စုံစမ်းစစ်ဆေးရေးမှူးအဖွဲ့မှ အရာရှိတစ်ယောက်က ရှေ့သို့ထွက်လာပြီး အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

လဲ့ဟူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ဒီကောင်လေးက အထက်အရာရှိအပေါ်ကို ရိုသေလေးစားမှုမရှိဘူး....သူက ငါ့ကိုမြင်တာနဲ့ တိုက်ခိုက်ချင်နေတာ...ငါ သတိလက်လွတ်နေနေတဲ့အချိန်မှာ သူက ငါ့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီးတော့ ငါ့ကိုသတ်ဖို့တောင် ကြိုးစားနေခဲ့တယ်...မင်းတို့ ဒီကောင်ကို လုံးဝအလွတ်မပေးနဲ့"

လဲ့ဟူသည် အစပထမကတည်းက လုယွီကိုခြိမ်းခြောက်၍ ဒူးထောက်ခိုင်းသည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ယခင်လုပ်ဆောင်မှုများအကြောင်းကို အနည်းငယ်မျှပင် ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိချေ။

လုယွီက ခနဲ့တဲ့တဲ့ပြောဆိုသည်။

"ဘာလဲ...မင်းတို့က အထက်အရာရှိဆိုတဲ့အဆင့်အတန်းကို အသုံးချပြီး ငါ့ကိုဖိနှိပ်ချင်နေတာလား"

"မင်း...ငါ့ကို မင်းရဲ့တံဆိပ်ပြားပြစမ်း"

စုံစမ်းစစ်ဆေးရေးအရာရှိက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလေ၏။

သူတို့အားလုံး ဤနေရာသို့ဝင်ရောက်လာချိန်တွင် လုယွီသည် လီဟူကို မထနိုင်အောင်ဖိနှိပ်ထားခြင်းအား မျက်မြင်ကြုံတွေ့ပြီးလေပြီ။

မည်သို့ပင်ဆိုစေကာမူ လီဟူသည် ရိုက်နှက်ခံရသူဖြစ်ပေသည်။

"ဒီကောင်စုတ်လေး သေသွားမှာကို ငါ စိုးရိမ်မိတယ်..သူ မသေရင်တောင် အထက်အရာရှိကို ပြစ်မှားတဲ့အမှုနဲ့ သူ့ရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး ထောင်ထဲမှာပဲ ကုန်ဆုံးသွားရလိမ့်မယ်"

"အင်း...ထောင်ထဲမှာအချိန်ကုန်ဆုံးရတာက သူ့အတွက် အခြေအနေပိုဆိုးနိုင်တယ်...လီဟူက ဗိုလ်ချုပ်ရှဟယ်ရဲ့ လူယုံတစ်ယောက်လေ...တကယ်လို့ သူက လှည့်ကွက်တချို့ သုံးလိုက်မယ်ဆိုရင် ဒီကောင်လေး ထောင်ထဲမှာနေရတဲ့ဘဝက သေတာထက်တောင် ပိုပြီးဆိုးသွားနိုင်တယ်"

"ဒါပေမယ့် ငါကတော့ ဒီတစ်ကြိမ်မှာ အရမ်းစိတ်ကျေနပ်မိတယ်...လီဟူက အရမ်းမောက်မာလွန်းတယ်...ငါတောင်မှ သူ့ကို ရိုက်နှက်ချင်နေတာ"

"ရှူး...မင်း အသံတိုးတိုးပြောစမ်းပါ"

ပတ်ဝန်းကျင်ရှိလူများသည် တိုင်ပင်ဆွေးနွေးနေကြသော်လည်း မည်သူကမျှ လုယွီအပေါ် အထင်ကြီးခြင်းမရှိကြချေ။

လူအားလုံး၏အကြည့်များအောက်တွင် လုယွီသည် သူ၏တံဆိပ်ပြားကိုထုတ်ယူ၍ စုံစမ်းစစ်ဆေးရေးအရာရှိထံ လက်ကမ်းပေးလိုက်၏။

"ဘာလဲ..မြန်မြန်ကြည့်ပြီး အဲ့ဒီကောင်လေးကို ဖမ်းခေါ်သွားကြစမ်း...ငါ ဒီနေ့ အရေးကြီးကိစ္စလုပ်စရာရှိနေတယ်...ဒီနေရာမှာ အချိန်မဖြုန်းနိုင်ဘူး"

လဲ့ဟူက အသံနက်ကြီးဖြင့် ပြောဆိုလေသည်။

သူသည် ဤနေရာ၌ အလွန်အရှက်တကွဲဖြစ်ခဲ့ရသည်။ဤနေရာ၌ သူ မတ်တတ်ရပ်နေသည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိလူများ၏အကြည့်များသည် သူ့ကို ဓားထက်ထက်ဖြင့် ထိုးစိုက်နေသည့်အလား သူ ခံစားနေရ၏။

"ဗိုလ်ချုပ်လဲ့ဟူ....မင်း အခုထွက်သွားလို့မရသေးဘူး"

စုံစမ်းစစ်ဆေးရေးအရာရှိသည် တံဆိပ်ပြားကိုကြည့်ပြီးနောက် လုယွီထံသို့ ရိုရိုသေသေ ပြန်လည်ပေးအပ်လိုက်သည်။

"ကျွန်တော်က ရွှမ်းဝူဗိုလ်ချုပ်ကို အရိုအသေပြုပါတယ်...ဒီနေရာမှာ ဘာတွေဖြစ်သွားခဲ့တာလဲ...ကျေးဇူးပြုပြီး ဗိုလ်ချုပ်က ကျွန်တော်ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား"

အရာရှိက ရိုသေလေးစားစွာပြောဆိုသည်။

ရွှမ်ဝူစစ်ဗိုလ်ချုပ်အဆင့်သည် စတုတ္ထဆင့်အရာရှိရာထူးဖြစ်သည်။

ဤကဲ့သို့စစ်ဗိုလ်ချုပ်အဆင့်သည် တပ်ရင်းမှူးအဆင့်နှင့်တန်းတူရှိလေရာ သူ ရိုရိုသေသေဆက်ဆံသည်မှာ သမားရိုးကျကိစ္စတစ်ရပ်ပင်။

Chapter 1848

ဘာ...

ပတ်ဝန်းကျင်ရှိလူများအားလုံး နေရာမှာပင်ကြက်သေသေသွားကြသည်။

အစောပိုင်းက စုံစမ်းစစ်ဆေးရေးအရာရှိသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်ဟု ပြောဆိုလိုက်သလော....

စစ်တပ်အတွင်းရှိလူများသည် အရာရှိအဆင့်အတန်းများအကြောင်းကို လွန်စွာရှင်းရှင်းလင်းလင်း သိထားကြသည်။ထို့ကြောင့် သူတို့သည် ရွှမ်းဝူစစ်ဗိုလ်ချုပ်သည် မည်သည့်ရာထူးအဆင့်ကို ဆိုလိုခြင်းအား ကောင်းစွာသဘောပေါက်ပေ၏။

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...သူ့ရဲ့အသက်က ငယ်ငယ်လေးရှိသေးတာလေ...ဘယ်လိုလုပ်ပြီး ရွှမ်းဝူစစ်ဗိုလ်ချုပ်ဖြစ်နိုင်မှာလဲ"

လဲ့ဟူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုယွီထံ၌ ဤမျှအရည်အချင်းရှိမည်ဟု သူ ယုံကြည်ခြင်းမရှိချေ။

ဤရာထူးအဆင့်ကိုရရှိရန် တစ်စုံတစ်ယောက်သည် လုံလောက်သောကျင့်ကြံဆင့်နယ်ပယ်ကို ရောက်ရှိရမည်သာမက လုံလောက်သောတိုက်ပွဲအကျိုးဆောင်ရမှတ်ရှိနေရန်လည်း လိုအပ်သည်။

သူရှေ့ရှိလူငယ်ကိုကြည့်ရသည်မှာ အသက်အလွန်ငယ်ရွယ်သေးပုံရသည်။ဤအသက်အရွယ်ဖြင့် တပ်စုမှူးအဆင့်သို့ပင် ရောက်ရှိရန် အလွန်ခက်ခဲပေရာ မည်သည်ကြောင့် ဤကဲ့သို့အဆင့်မြင့်အရာရှိရာထူးကို ရရှိသွားသနည်း။

စုံစမ်းစစ်ဆေးရေးမှူးအရာရှိက လဲ့ဟူဘက်သို့လှည့်၍ အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်လဲ့....တကယ်လို့ ငါမှတ်မိတာမှန်တယ်ဆိုရင် မင်းက ဒီရွှမ်းဝူစစ်ဗိုလ်ချုပ်ကို ကြောက်လန့်ပြီး ပြစ်မှုကျုးလွန်ခဲ့တယ်လို့ ငါတို့ကို တိုင်ကြားခဲ့တာမလား"

"ဒီရွှမ်းဝူစစ်ဗိုလ်ချုပ်ရဲ့အရာရှိအဆင့်က မင်းထက်မြင့်တယ်...နောင်တစ်ချိန်မှာ မင်း ငါတို့ကိုလာမရှာခင် ကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်းသိအောင်အရင်လုပ်တာ ပိုကောင်းလိမ့်မယ်"

စုံစမ်းစစ်ဆေးရေးအရာရှိသည် လဲ့ဟူကို အနည်းငယ်မျှပင် မျက်နှာသာပေးခြင်းမရှိချေ။

သူတို့သည် စစ်တပ်အတွင်းသို့ နန်းတွင်းမှစေလွှက်ထားသည့် မိန်းမစိုးများဖြစ်ပြီး မြင့်မားသောအဆင့်အတန်းနှင့်အခွင့်အာဏာရှိသည်။အကယ်၍ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဆိုလျှင်ပင် သူတို့နှင့်ထိပ်တိုက်အငြင်းပွါးဝံ့ခြင်းမရှိချေ။

လဲ့ဟူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့်ပြည့်နှက်နေသော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိရှေ့၌ ခွန်းတုံ့ပြန်ပြောဆိုဝံ့ခြင်းမရှိချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဗိုလ်ချုပ်လဲ့နဲ့ငါက သိုင်းပညာချင်းယှဥ်ပြိုင်ကြတာပါ...ငါက တခြားသူတွေကို အနှောက်အယှက်မပေးချင်ဘူး...ဒါပေမယ့် ဗိုလ်ချုပ်လဲ့ကိုကြည့်ရတာ ဒီကိစ္စကို လက်ခံချင်ပုံမရဘူး...ငါတို့ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ကိုသွားပြီး အဲ့ဒီအကြောင်းဆွေးနွေးကြမယ်လေ...ဘယ်လိုသဘောရလဲ"

စစ်စခန်းအတွင်း၌ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ရှိသည်။ထိုစင်မြင့်ပေါ်၌တိုက်ခိုက်မည့်လူများသည် သေခြင်းရှင်ခြင်းစာချုပ်ပေါ်၌ လက်မှတ်ရေးထိုးရသည်။

ထိုစကားကိုကြားသည်နှင့် လဲ့ဟူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုတစ်ခုကပင် လဲ့ဟူကို မြေပြင်ပေါ်မှမထနိုင်အောင် ဖိနှိပ်ထားနိုင်ခဲ့သည်။

လဲ့ဟူသည် မောက်မာသော်လည်း အရူးတစ်ယောက်မဟုတ်ချေ။လုယွီ၏ခွန်အားသည် သူ့ထက်သိသာထင်ရှားစွာ မြင့်မားနေခြင်းကို သူ ကောင်းစွာသိရှိပေ၏။

အကယ်၍ သူသာ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ပေါ်သို့ အမှန်တကယ်သွားရောက်ခဲ့ပါက အရင်ဆုံးသေဆုံးရမည့်လူမှာ သူသာလျှင်ဖြစ်ပေလိမ့်မည်။

"ကောင်းတယ်...ငါ မင်းကို မှတ်ထားမယ်...နောင်အနာဂတ်မှာ မင်း သတိထားပြီးနေတာ ပိုကောင်းလိမ့်မယ်"

လဲ့ဟူက ခြိမ်းခြောက်စကားပြောဆိုပြီးနောက် သူ၏နောက်လိုက်များကိုခေါ်ဆောင်၍ အလျင်စလိုထွက်ခွါသွားတော့သည်။

ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ လဲ့ဟူကို လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

စုံစမ်းစစ်ဆေးရေးအရာရှိသည် သူ၏လက်အတွင်း၌စာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထားပြီး ရုတ်တရက် သူက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်၏။

"ဗိုလ်ချုပ်...ကျွန်တော်ရဲ့မှတ်တမ်းတင်ထားမှုအရ ဒီစစ်တပ်ထဲမှာ ဘယ်ရွှမ်းဝူစစ်ဗိုလ်ချုပ်မှမရှိဘူး...ဗိုလ်ချုပ်က ဘယ်နေရာကရောက်လာတာလဲ"

တာယွီအင်ပါယာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ အရာရှိအဖြစ် ဟန်ဆောင်ဝံ့ခြင်းမရှိချေ။သို့ရာတွင် တခြားစစ်တပ်မှစစ်ဗိုလ်ချုပ်များ ဤစစ်စခန်းသို့ရောက်ရှိလာပါက သူတို့က မှတ်တမ်းယူထားရန်လိုအပ်သည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ငါက ဒီစစ်တပ်ထဲကပဲ...အရင်ကတော့ ငါက အနောက်ပိုင်းတပ်ရင်းရဲ့နံပါတ်ငါးတပ်စုက တပ်စုမှူးတစ်ယောက်ပဲ"

ဘာ...

စုံစမ်းစစ်ဆေးရေးအဖွဲ့မှလူများက လုယွီကို အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်နေကြ၏။

"မင်းက.....အရင်က တပ်စုမှူးတစ်ယောက်လား"

တပ်စုမှူးအဆင့်နှင့် ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်ကြားတွင် အဆင့်များစွာ ကွာဟပေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ငါက တာဝန်တစ်ခုကိုပြီးမြောက်အောင်မြင်ခဲ့ပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တချို့ကိုရရှိခဲ့တယ်....ပြီးတော့ တော်ဝင်စစ်ရေးဌာနကနေ ဆုလာဘ်အနေနဲ့ ငါ့ကို ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ် တိုက်ရိုက်ရာထူးတိုးပေးခဲ့တယ်...တကယ်လို့ မင်းတို့ သံသယရှိရင် တော်ဝင်စစ်ရေးဌာနကမှတ်တမ်းတွေကို သွားကြည့်နိုင်တယ်"

"မလိုဘူး...မလိုဘူး...ဒါက မလိုအပ်ပါဘူး"

စုံစမ်းစစ်ဆေးရေးအရာရှိက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီး ပျာပျာသလဲပြောဆိုသည်။

စကားဆုံးသည်နှင့် လုယွီက သူ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များကိုလဲလှယ်ရန် ကောင်တာခုံသို့ သွားလိုက်သည်။

လုယွီသည် ဖေးထျန်းကွမ်း ဇာတိမြေသို့ပြန်ရာလမ်းခရီးတွင် ကာကွယ်စောင့်ရှောက်ပေးရမည့် လုပ်ငန်းတာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့ကြောင်း လူတိုင်းသိရှိသွားချိန်တွင် သူတို့ထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ကောလဟာလများအရ ဤတာဝန်တွင် မြေကမ္ဘာအင်မော်တယ်လုပ်ကြံသတ်ဖြတ်သူများ ပါဝင်သည်ဟု ဆိုကြ၏။

လုယွီသည် ထိခိုက်နာကျင်မှုမရှိဘဲ ပြန်လာနိုင်ခဲ့သည့်အပြင် တာဝန်ကိုပင် ပြီးမြောက်အောင်မြင်ခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

သို့ရာတွင် အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုမှတဆင့် ဤတာဝန်ကို ပြီးမြောက်အောင်မြင်နိုင်သည့် ခွန်အားမျိုးရှိကြောင်း သူတို့အားလုံး သတိပြုမိသွားကြသည်။

ကောင်တာခုံရှိစစ်သားကမူ သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တများဖြင့် ပြည့်နှက်နေသည်။လုယွီသည် ဤကဲ့သို့အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် အဆင့်မြင့်အရာရှိတစ်ယောက်နှင့် မိတ်ဖွဲ့ခွင့်ရမည့်အခွင့်အရေးကို လွဲချော်သွားလေပြီ။

ထို့ပြင် သူ့အား လုယွီမှလက်စားပြန်ချေမည်ကို သူ အချိန်အတော်ကြာသည့်အထိ စိုးရိမ်ပူပန်နေရတော့ပေမည်။

Chapter 1849

တာဝန်ပြီးဆုံးပြီးနောက် လုယွီ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များ တဖန်ပြန်၍မြင့်တက်လာခဲ့သည်။

သို့ရာတွင် လုယွီ၏လက်ရှိရာထူးအဆင့်အရ ဤတိုက်ပွဲအကျိုးဆောင်ရမှတ်များသည် သူ့အား နောက်ထပ်ရာထူးတစ်ဆင့်တိုးစေရန် လုံလောက်ခြင်းမရှိချေ။

"ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်က စစ်သည်အင်အား သုံးသောင်းလောက်ကို ထိန်းချုပ်နိုင်တယ်...ဒါက ငါ လူသစ်စုဆောင်းရမယ့်အချိန်ပဲ"

လုယွီက သူထံတွင် ယခုလက်ရှိအချိန်၌ အင်အားအလွန်နည်းပါးနေကြောင်း ကောင်းစွာသိရှိပေ၏။သူတစ်ယောက်တည်းဖြင့် ရှမိသားစုအား ယှဥ်ပြိုင်နိုင်ရန် လွန်စွာခက်ခဲပေမည်။

အကယ်၍ သူသည် တာယွီအင်ပါယာတွင် ရှမိသားစုနှင့် ရင်ဘောင်တန်းနိုင်သောအင်အားမျိုးရလိုပါက ပထမဆုံးခြေလှမ်းအနေဖြင့် စစ်တပ်အတွင်းတွင် သူ၏ကိုယ်ပိုင်အင်အားစုကို တည်ထောင်ရပေလိမ့်မည်။

ထိုအကြောင်းကိုတွေးတောရင်းဖြင့် လုယွီသည် နံပါတ်ငါးတပ်စု၏တပ်စခန်းချရာ စစ်သင်္ဘောထံသို့ လျှောက်လှမ်းသွားလိုက်၏။

ဤမျှအချိန်ကြာညောင်းပြီးနောက် သူ ပေးခဲ့သောကျင့်ကြံနည်းစနစ်များဖြင့်ဆိုလျှင် ထိုစစ်သားများ အကြီးအကျယ် တိုးတက်နေသင့်သည်။

လုယွီ နံပါတ်ငါးတပ်စု၏စခန်းချရာနေရာသို့ ရောက်ရှိသွားချိန်တွင် ထိုနေရာကို တခြားတပ်စုမှစစ်သားများမှ သိမ်းပိုက်ထားသည်ကို တွေ့မြင်လိုက်ရ၏။

ထိုလူများအကြား၌ သူ ရင်းနှီးကျွမ်းဝင်သောမျက်နှာများ ရှိမနေချေ။

"ဒီနေရာက နံပါတ်ငါးတပ်စုစခန်းချတဲ့နေရာမဟုတ်လား...သူတို့ ဘယ်ကိုရောက်သွားတာလဲ"

လုယွီက စစ်သားတစ်ယောက်ကို မေးမြန်းလိုက်သည်။

ထိုစစ်သားသည် အလျှင်အမြန်ပြေးလာပြီးနောက် လုယွီ၏အသက် အလွန်ငယ်ရွယ်နေခြင်းကိုမြင်သည်နှင့် သူက အနည်းငယ်အံ့အားသင့်သွားသည်။ထို့နောက် သူက သရော်တော်တော်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်းက နံပါတ်ငါးတပ်စုကလူတွေနဲ့ ရင်းနှီးတဲ့လူလား...သူတို့ကို ရှာမနေနဲ့...ဖြစ်နိုင်တာတော့ သူတို့အားလုံး သေနေလောက်ပြီ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ခုလတ်တလောအချိန်မှာ သူတို့တိုက်ခိုက်ဖို့ ဘာတိုက်ပွဲမှမရှိပါဘူး...ဟုတ်တယ်မလား"

သူ စစ်တပ်သို့ပြန်ရောက်စဥ်တွင် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း မေးမြန်းစုံစမ်းပြီးဖြစ်သည်။လေဟာနယ်ဓားပြများကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် ရှားဟိုလီသည် စစ်တပ်တစ်တပ်လုံးကို အနားပေးကာ အားဖြည့်တင်းထားစေသည်။

ဤအချိန်အတောအတွင်းတွင် မည်သူကမျှ ပြင်ပသို့ထွက်၍ တိုက်ခိုက်ခြင်းမပြုကြချေ။

ထိုစကားကိုကြားသည်နှင့် စစ်သားက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်း ဒါကိုတောင်မသိဘူးလား...နံပါတ်ငါးတပ်စုကလူတွေက မပြစ်မှားသင့်တဲ့လူကို ပြစ်မှားမိလို့ သူတို့အားလုံး အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံလိုက်ရတယ်"

အမ်....

လုယွီ၏စိတ်နှလုံးသား လေးလံသွားပြီး သူက ဆက်လက်၍မေးမြန်းလိုက်၏။

"ငါ မှတ်မိသလောက်တော့ သူတို့က အရင်ကအကျဥ်းချခံထားရတဲ့ အကျဥ်းသားတွေပဲ...ဘယ်သူ့ကိုပြစ်မှားမိလို့ သူတို့က အလုပ်ကြမ်းစခန်းကို ပို့ခံရတာလဲ"

"ဘယ်သူသိမှာလဲ...​သူတို့ရဲ့တပ်စုမှူးက ဗိုလ်ချုပ်ယုချီကို ရန်စစော်ကားခဲ့တယ်လို့တော့ ပြောနေကြတယ်...ငါ ပြောပြမယ်...ဒါက သေလမ်းရှာနေတာပဲမဟုတ်လား...ဗိုလ်ချုပ်ယုချီက ဗိုလ်ချုပ်ရှဟယ်ရဲ့သစ္စာရှိလူယုံတစ်ယောက်လေ...သူ့လိုတပ်စုမှူးလေးက ဒီလိုအဆင့်အတန်းမြင့်တဲ့သူမျိုးကို ပြစ်မှားဝံ့တယ်...ဒါက သူ့ကိုယ်သူသတ်သေတာနဲ့ အတူတူပဲ"

"ဒါပေမယ့် အဲ့ဒီတပ်စုမှူးက သတင်းရတာမြန်သွားပုံရတယ်...သူက မပြစ်မှားသင့်တဲ့သူကို ပြစ်မှားမိတာကို သိပြီးကတည်းက ထွက်ပြေးသွားတာ အရိပ်တောင်မမြင်ရတော့ဘူး...သနားစရာကောင်းတာတစ်ခုကတော့ နံပါတ်ငါးတပ်စုကလူတွေက ဖမ်းဆီးခံရပြီးတော့ စစ်သင်္ဘောကြီးရဲ့အောက်မှာ အလုပ်ကြမ်းတွေလုပ်နေရတယ်"

ထိုစစ်သားသည် စကားပြောအလွန်မြန်ဆန်ပြီး သူ သိထားသမျှ သတင်းအချက်အလက်များအားလုံးကို ဖွင့်ဟပြောဆိုလေသည်။

လုယွီသည် ထိုစစ်သား၏စကားများကို ပို၍ကြားမိလေလေ သူ၏မျက်နှာအမူအယာ ပို၍သုန်မှုန်လာလေလေပင်။

သူသည် ယုချီ မည်သူမည်ဝါဖြစ်မှန်း မသိရှိချေ။သို့ရာတွင် ယုချီသည် ဗိုလ်ချုပ်ရှဟယ်၏သစ္စာရှိလူယုံတစ်ယောက်ဖြစ်နေသဖြင့် သူ့အားပြဿနာရှာလိုသူမှာ ဗိုလ်ချုပ်ရှဟယ်သာဖြစ်ပေမည်။

ပြန်တွေးကြည့်ပါက လုယွီသည် ရှမိသားစု၏မောက်မာသောအိမ်တော်ထိန်းကို သတ်ဖြတ်ခဲ့သည်။ထို့နောက် ရှဟယ်သည် လေဟာနယ်ဓားပြများ ပုန်းအောင်းနေသည့်နေရာကို ရှားဟိုလီထံတင်ပြနေချိန်တွင်လည်း လုယွီက ကြားဖြတ်နှောက်ယှက်ခဲ့လေ၏။

မူလက သူသည် ဤအရာများကို ကိစ္စငယ်လေးများဟုသာ တွေးတောထားခဲ့သည်။သို့ရာတွင် ရှဟယ်သည် ဤကိစ္စများအတွက်နှင့် သူ့အားရန်ငြှိုးထားနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သူ ရှိမနေခဲ့ခြင်းကြောင့် နံပါတ်ငါးတပ်စုမှလူများသည် သာမာန်စစ်သားတစ်စုအဆင့်သာရှိသည်။သူတို့သည် ရှဟယ်ကဲ့သို့စစ်ဗိုလ်ချုပ်တစ်ယောက်၏ပြိုင်ဘက်မဖြစ်နိုင်သည်မှာ တိကျသေချာလှ၏။

"ရှဟယ်...မင်းက လွန်လာမှတော့...ငါတိုက်ခိုက်မယ့် ရှမိသားစုရဲ့ပထမဆုံးလူက မင်းဖြစ်သွားတာကို ငါ့ကိုအပြစ်မတင်နဲ့"

လုယွီက တီးတိုးရေရွတ်လိုက်ပြီး သူ၏စိတ်နှလုံးသားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။

ထိုအခြင်းအရာကိုကြည့်ပြီး စစ်သားက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။

"မင်းက နံပါတ်ငါးတပ်စုကလူတွေရဲ့မိတ်ဆွေလား....မင်း ဒီအကြောင်းတွေကိုမေ့လိုက်ဖို့ ငါ မင်းကိုအကြံပေးချင်တယ်...အဲ့ဒီအလုပ်ကြမ်းစခန်းက အရမ်းအရေးကြီးတဲ့နေရာတစ်နေရာပဲ...မင်း ပြဿနာသွားမရှာတာ ပိုကောင်းလိမ့်မယ်"

"မဟုတ်ဘူး...ငါက ငါ့ရဲ့လက်အောက်ငယ်သားတွေကိုသွားပြီးရှာမှာ"

လုယွီသည် ထိုစစ်သားများကို လျစ်လျှူရှုလိုက်သည်။အတွေးတစ်ချက်ဖြင့်ပင် သူ၏ခန္ဓာကိုယ်ပေါ်၌ စစ်ဗိုလ်ချုပ်သံချပ်ကာဝတ်စုံ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိစစ်သားများ၏​ကြက်သေသေနေသော အကြည့်များအောက်တွင် လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် အကျဥ်းထောင်သို့ဦးတည်၍ ထွက်ခွာခဲ့‌ေတာ့သည်။

Chapter 1850

စစ်အကျဥ်းထောင်...

တာယွီတော်ဝင်စစ်တပ်ရှိ စစ်သင်္ဘောတိုင်း၏အောက်ခြေ၌ အစွမ်းထက်သောဝင်္ကပါများ လက်နက်တိုက်နှင့် တခြားအရေးကြီးသောနေရာများပါဝင်သော အလွန်ကျယ်ဝန်းသည့် လေဟာနယ်တစ်ခုရှိသည်။

စစ်စခန်းအတွင်း၌ အကျဥ်းထောင်များရှိသော်လည်း စစ်တပ်သည် အကျဥ်းသားများကို အလဟဿကျွေးမွေးခြင်းမရှိချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် အမှားတစ်ခုကိုကျုးလွန်မိပါက လွတ်မြောက်သည့်အချိန်ထိတိုင် အကျဥ်းထောင်အတွင်း၌ အလုပ်ကြမ်းများကိုလုပ်ဆောင်ရပေမည်။

တာယွီ၏စစ်ဥပဒေသည် အလွန်အမင်း တင်းကျပ်ပေ၏။တားမြစ်နေရာတချို့၌ အနည်းငယ်သောအပြစ်ကိုကျူးလွန်မိလျှင်ပင် ထိုလူကို သေဒဏ်အပြစ်ပေးခံရနိုင်သည်။အကယ်၍ ထိုလူ မသေဆုံးလျှင်ပင် ကြုံတွေ့ရမည့်အပြစ်ပေးမှုများသည် သာမာန်လူများတောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။ထို့ကြောင့် မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိသူများပင်လျှင် စစ်တပ်အတွင်းသို့ရောက်ရှိပါက သူတို့၏စိတ်များကိုချိုးနှိမ်၍ တာဝန်ထမ်းဆောင်ကြ၏။

ဒေါင်...ဒေါင်...ဒေါင်...

အကျဥ်းထောင်အတွင်းရှိ နေရာအနှံ့တွင် နေ့ရောညပါ ထုရိုက်သံများဖြင့်ပြည့်နှက်နေသည်။လူအများစုသည် ချပ်ဝတ်တန်ဆာများနှင့်လက်နက်များကို သူတို့ရှိသမျှအင်အားကုန် ထုရိုက်နေကြသည်။ဤနေရာတွင် အစဥ်အမြဲမှောင်မည်းနေပြီး နေ့အလင်းရောင်ဟူ၍မရှိချေ။ကြီးမားသောအရည်ကျိုမီးပြင်းဖိုကြီးရှစ်လုံးသည် အဆက်မပြတ်မီးတောက်များ တောက်လောင်နေသဖြင့် ဤနေရာရှိအပူရှိန်သည် အလွန်အမင်း ပူပြင်းလှ၏။

ဤနေရာသည် ချပ်ဝတ်တန်ဆာများနှင့်လက်နက်များကိုထုတ်လုပ်သော နေရာဖြစ်သည်။

နံပါတ်ငါးတပ်စုမှလူများသည် အကျဥ်းချခံရပြီးနောက် အလုပ်ကြမ်းလုပ်ရန် ဤနေရာသို့ပို့ဆောင်ခံရကာ နေ့မအားညမနား အလုပ်လုပ်နေကြရသည်။

"အကိုသိုက်ဖုန်း...ငါ တောင့်မခံနိုင်တော့ဘူး...တကယ်လို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် ငါ အမောလွန်ပြီး သေသွားလိမ့်မယ်"

"အမှန်ပဲ...ညီအကိုအများစုလည်း ဒီရက်တွေအတွင်းမှာ တောင့်မခံနိုင်ကြတော့ဘူး...ငါတို့က တစ်ရက်ကို၁၄နာရီဆက်တိုက် အလုပ်လုပ်ရတယ်...ပြီးတော့ ပိုဆိုးတာက ငါတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ မှော်စွမ်းအားတွေအကုန်လုံးကို ချိပ်ပိတ်ခံထားရတယ်...တကယ်လို့ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငါတို့ အနှေးနဲ့အမြန် သေရမှာပဲ"

လူအမြောက်အများသည် သိုက်ဖုန်း၏နံဘေးပတ်လည်၌စုဝေးနေကြပြီး လေသံတိုးတိုးဖြင့် ပြောဆိုနေကြ၏။

သူတို့၏လက်များနှင့်ခြေထောက်များတွင် အထူးသီးသန့်သံလက်ထိပ်များ သံခြေကျင်းများရှိနေသည်။ထိုအရာများပေါ်၌ သီးသန့်မှော်သင်္ကေတတချို့ကိုရေးထွင်းထားပြီး သူတို့၏မှော်စွမ်းအင်များကို အနည်းငယ်မျှပင် ထုတ်ယူအသုံးပြု၍မရစေရန် တားဆီးပိတ်ပင်ထားသည်။

သိုက်ဖုန်းသည် ဤရက်များအတွင်းတွင် ကံကြမ္မာအပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏မျက်လုံးအကြည့်များကမူ တည်ကြည်လေးနက်နေပေ၏။

"ရက်နည်းနည်းလောက် တောင့်ခံထားကြအုံး...တပ်မှူးက လေဟာနယ်ဓားပြတွေကို နှိမ်နင်းပြီးတဲ့အချိန်ကျရင် ဒီစစ်တပ်ကိုဖျက်သိမ်းမှာပဲ...အဲ့ဒီအချိန်ကျရင် ငါတို့ကို တော်ဝင်စစ်ရေးဌာနကို ပြန်ပို့လိမ့်မယ်...ရှမိသားစုက လက်တံရှည်တယ်ဆိုပေမယ့် သူတို့က တော်ဝင်စစ်ရေးဌာနထိတော့ မရောက်နိုင်ဘူး"

သိုက်ဖုန်းသည် လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။သူသည် လူတိုင်းကို နှစ်သိမ့်ပေးရန်သာ တက်နိုင်သည်။

သူတို့သည် ဗိုလ်ချုပ်ယုချီကို ပြစ်မှားမိမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ တွေးတောခဲ့မိခြင်းမရှိချေ။သူတို့ကဲ့သို့ သာမာန်စစ်သားများ မဆိုထားနှင့် စစ်တပ်အတွင်းမှစစ်သားအများစုပင်လျှင် ဗိုလ်ချုပ်ယူယုချီကို ပြစ်မှားဝံ့ခြင်းမရှိပေ။

"မြန်မြန်ထစမ်း...အလုပ်ထလုပ်ကြတော့"

"ငါ မင်းတို့ကောင်တွေကိုပြောနေတယ်လေ...မြန်မြန်ထကြစမ်း...အထက်ကတောင်းနေတဲ့ ဓားရှည်အလက်တစ်သောင်းကို ဒီနေ့အပြီးလုပ်ပေးရမှာ...တကယ်လို့ သတ်မှတ်ချိန်အတွင်းမှာမပြီးရင် မင်းတို့ သေဖို့ကိုသာ စောင့်နေကြတော့"

အစောင့်တချို့သည် နံဘေးဘက်မှမတ်တတ်ရပ်နေပြီး စတင်၍ဆူပူကြိမ်းမောင်းနေကြ၏။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လူငယ်တစ်ယောက်သည် ရက်ပေါင်းများစွာဆက်တိုက် အလုပ်ကြမ်းလုပ်ရသည့်ဒဏ်ကို တောင့်မခံနိုင်သဖြင့် အမောလွန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်များမဟုတ်ချေ။ယခုလက်ရှိချိန်၌ သူတို့၏မှော်စွမ်းအင်များကို ပိတ်ပင်တားဆီးခံထားရသည့်အပြင် အချိန်အတော်ကြာ အလုပ်ကြမ်းများလုပ်ဆောင်နေရသဖြင့် သူတို့ တောင့်ခံနိုင်ခြင်းမရှိတော့သည်မှာ သဘာဝကျသောကိစ္စပင်။

"အရှင်တို့...သူက အရမ်းအသက်ငယ်သေးတယ်...သူ့ကို ခဏလောက်အနားယူခိုင်းပြီးမှ အလုပ်ဆက်လုပ်ခိုင်းလို့ရမလား"

သိုက်ဖုန်းက အလျှင်အမြန်ရှေ့ထွက်၍ အသနားခံတောင်းပန်သည်။

ရွှပ်....

ရုတ်ချည်းဆိုသလိုပင် ထိုအစောင့်က သိုက်ဖုန်း၏မျက်နှာကို ကြာပွတ်ဖြင့်ဖြတ်ရိုက်လိုက်၏။

"မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ...သောက်သုံးမကျတဲ့ ဝက်တွေ ခွေးတွေ တစ်သိုက်ကများ...မင်းတို့ အသုံးဝင်တဲ့တစ်ခုတည်းသောအရာက ဒီနေရာမှာ အလုပ်လုပ်ဖို့ပဲ...မြန်မြန် အလုပ်ပြန်လုပ်ကြစမ်း...တကယ်လို့ အလုပ်လုပ်တဲ့နေရာမှာ နှောင့်နှေးနေရင် ငါ မင်းကို မေးခွန်းထုတ်ရလိမ့်မယ်"

အစောင့်က ဆဲဆိုကြိမ်းမောင်းလေသည်။

"မင်းတို့ ဘာလုပ်တာလဲ"

"ငါတို့ရဲ့အကိုသိုက်ဖုန်းကို ထိဝံ့တယ်ပေါ့လေ...မင်းတို့ သေချင်နေတာလား"

ဤအချိန်အခိုက်အတန့်တွင် နံဘေးပတ်ဝန်းကျင်မှစစ်သားများသည် ဆက်လက်၍သည်းမခံနိုင်ကြတော့ဘဲ အပြေးရောက်လာကြ၏။

ထိုအစောင့်က အကြောက်အလန့်ကင်းမဲ့စွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

"အမှိုက်တစ်သိုက်ကများ...မှော်စွမ်းအင်မရှိရင် မင်းတို့က ဘာကောင်မှမဟုတ်ဘူး"

စကားဆုံးသည်နှင့် ထိုစစ်သားသည် သူ၏လက်ညှိုးကိုဆန့်ထုတ်လိုက်သည်။ထို့နောက် ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး မြေပြင်ပေါ်၌လဲလျောင်းနေသော လူငယ်ထံသို့တိုးဝင်သွားသည်။

All Chapters