← Chapters

အခန်း (၁၈၅၆-၁၈၆၀)

Vol. 96 Ch. 1856-1860

အခန်း (၁၈၅၆-၁၈၆၀)

Vol. 96 Ch. 1856-1860

Chapter 1856

သုံးရက်ကြာပြီးနောက်...သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်...

ယုချီသည် အပျော်လွန်သွားပြီး အလျှင်အမြန်ပင် သဘောတူညီလိုက်၏။

"ကောင်းပြီလေ...ငါက မင်း စီစဥ်စရာရှိတဲ့ကိစ္စတွေ စီစဥ်ဖို့ မင်းကို ပြန်သွားခွင့်ပြုလိုက်မယ်"

စစ်တပ်အတွင်း၌ လူအမြောက်အများရှိနေသဖြင့် အငြင်းပွါးမှုများရှိသည်မှာ မလွှဲမရှောင်သာကြုံတွေ့ရမည့်ကိစ္စရပ်တစ်ခုပင်။ထို့ကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့် ပေါက်ဖွားလာခဲ့သည်။

တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ပြီးသည်နှင့် သေခြင်းရှင်ခြင်းသည် အရေးမပါတော့ချေ။သူတို့သည် သေခြင်းရှင်ခြင်းစာချုပ်ပေါ်၌ လက်မှတ်ရေးထိုးပြီးသည်နှင့် မည်သူသေဆုံးသွားသည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကမျှ ဆက်လက်စုံစမ်းခွင့်မရှိပေ။

အကယ်၍ လုယွီသည် တပ်စုမှူးအဆင့်တွင်သာရှိနေပါက ယုချီတွင် သူ့အား တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေးရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူနှင့်လုယွီ နှစ်ယောက်စလုံးသည် စစ်ဗိုလ်ချုပ်များ ဖြစ်ပေ၏။သူ လုယွီအား လွယ်လင့်တကူ ဖယ်ရှားရှင်းလင်းနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် သူ့သဘောဆန္ဒဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ရွေးချယ်သွားခဲ့ရာ ကိစ္စအားလုံး ပို၍လွယ်ကူသွားလေပြီ။

အကယ်၍ လုယွီသည် သေခြင်းရှင်ခြင်းတိုက်ပွဲအတွင်း၌ သေဆုံးသွားလျှင်ပင် သူ့အပြစ်နှင့်သူသာဖြစ်သည်။ထိုကိစ္စသည် သူနှင့် မည်သို့မျှသက်ဆိုင်မည်မဟုတ်ချေ။

လုယွီသေဆုံးသွားသည်နှင့် ယခင်ကရရှိထားသော ကံကောင်းမှုကြီးသည် သူ့ထံသို့အလိုအလျောက် ရောက်ရှိလာပေမည်။

"သွားကြစို့"

လုယွီက သူ၏လူများကိုခေါ်ဆောင်၍ ဤနေရာမှ ထွက်ခွာသွားတော့သည်။

အစောပိုင်းက ခန်းမအတွင်း၌ လေ့ကျင့်နေသော စစ်သားသုံးရာသည် သိုက်ဖုန်းတို့လူစု၏ရိုက်နှက်ခြင်းခံရသဖြင့် မြေပြင်ပေါ်၌လူးလိမ့်ကာ ညည်းတွားနေကြ၏။

"အမှိုက်ကောင်တွေ...မြန်မြန်ထပြီး လေ့ကျင့်ကြစမ်း"

ယုချီက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"အရှင်...သူက အရမ်းမောက်မာရိုင်းစိုင်းတယ်...ကျွန်တော်တို့ မဟာစစ်ဗိုလ်ချုပ်ကိုသတင်းပို့ပြီး သူ့ကိုသင်ခန်းစာပေးကြရအောင်"

ရှေ့ပြေးအရာရှိက စူးရှကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

သူသည် လမ်းတလျှောက်လုံး လုယွီ၏တရွတ်တိုက်ဆွဲခေါ်လာခြင်းကို ခံခဲ့ရ၏။သူ၏ဒဏ်ရာများမှာ မပြောပလောက်သော်လည်း သူ အလွန်အမင်း အရှက်ကွဲခဲ့ရသည်။

မနက်ဖြန်မှစ၍ သူသည် စစ်စခန်းတစ်ခုလုံး၏ဟာသပြက်လုံးကြီးတစ်ခု ဖြစ်လာမည်ကို သူ စိတ်ကူးယဥ်ပုံဖော်ကြည့်၍ရနိုင်သည်။

"ဗိုလ်ချုပ်...ကျွန်တော်တို့က သတင်းပို့မယ့်ကိစ္စကို အချိန်အတိုင်းအတာတစ်ခုထိ ဘေးခဏဖယ်ထားတာ ပိုကောင်းလိမ့်မယ်"

အကြံပေးအရာရှိက ပြောဆိုလေ၏။

ယုချီ၏မျက်ခုံးများ မြင့်တက်သွားသည်။

"ဘာလို့လဲ"

"တပ်စုမှူးလေးတစ်ယောက်က....သူ့မှာ ဘယ်လောက်ပဲအရည်အချင်းရှိနေပါစေ...ဒီလောက်မြန်မြန်ဆန်ဆန် ရာထူးတိုးလာတာက သာမာန်အခြေအနေအတိုင်းဆို ဘယ်လိုမှမဖြစ်နိုင်ဘူး...တော်ဝင်စစ်ရေးဌာနရဲ့စုံစမ်းစစ်ဆေးမှုတွေက အရမ်းတင်းကြပ်တယ်...ခုလိုမျိုး စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်ရာထူးအတွက်ဆို ပိုတောင်ဆိုးလိမ့်အုံးမယ်...ဒီရာထူးကိုရဖို့ သူ့ဆီမှာ လုံလောတ်တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ ရှိရမယ့်အပြင်....သူ့ရဲ့ခွန်အားနဲ့ပတ်သတ်ပြီးတော့လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးခံရလိမ့်မယ်"

"ခုဏက ဗိုလ်ချုပ်ရဲ့ဓားချက်ကို သူက အလွယ်တကူချေပျက်နိုင်ခဲ့တယ်...အဲ့ဒါက သူက အားနည်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ...ဒီလိုဆိုမှတော့ သူရထားတဲ့ ကံကောင်းမှုကြီးက သာမာန်အရာတစ်ခုမဟုတ်မှာ သေချာတယ်...ထိပ်တန်းအဆင့်မှော်ရတနာတစ်ခုတောင် ဖြစ်နေနိုင်တယ်...အဲ့ဒါကို မဟာစစ်ဗိုလ်ချုပ်ဆီပေးမယ့်အစား ကျွန်တော်တို့ယူထားရင် ပိုမကောင်းဘူးလား"

အကြံပေးအရာရှိက အကြံပြုလေ၏။

ယုချီ၏မျက်လုံးများ တောက်ပသွားသည်။

"ကောင်းပြီလေ....မင်း ပြောသလိုလုပ်မယ်"

တခြားတစ်ဖက်တွင် လုယွီက သိုက်ဖုန်းတို့လူစုနှင့်အတူ စစ်စခန်းသို့ပြန်လာခဲ့သည်။

သူတို့၏မူလစစ်စခန်းကို တခြားသူများက အပိုင်စီးထားပြီးလေပြီ။သို့ရာတွင် လုယွီသည် အမှုမထားဘဲ သူ၏ဗိုလ်ချုပ်တံဆိပ်ပြားကိုအသုံးပြု၍ ပို၍ကျယ်ဝန်းသော စစ်စခန်းတစ်ခုထံသို့ ပြောင်းရွှေ့လိုက်၏။

"မင်းတို့ကို ငါ အရင်က ကျင့်ကြံနည်းစနစ်တွေ ပေးထားခဲ့တယ်...ကြည့်ရတာတော့ မင်းတို့ တချို့တဝက်ကိုတော့ ကျင့်ကြံထားပုံရတယ်...ဒါပေမယ့် အဲ့ဒါက လုံလောက်မှုမရှိသေးဘူး"

လုယွီက လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။

သိုက်ဖုန်းက ရှက်ရွံသောအမူအယာဖြင့် ပြောဆိုလိုက်၏။

"အရှင်...ကျွန်တော်တို့ အသုံးမကျတာပါ...အရှင် ကျွန်တော်တို့ကိုပေးထားတဲ့ ကျင့်ကြံနည်းစနစ်တွေအားလုံးကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"မင်းတို့က ငါ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ပြီးမှတော့...သာမာန်ကျင့်ကြံနည်းစနစ်တွေက မင်းတို့အတွက် မသင့်တော်တော့ဘူး"

"ငါ မင်းတို့အားလုံးကို ကျင့်ကြံနည်းစနစ်တစ်ခု လွှဲပြောင်းပေးမယ်...အဲ့ဒီနည်းစနစ်မှာ ဘာစွမ်းရည်ကန့်သတ်ချက်မှမရှိဘူး...မင်းတို့အားလုံး ဒါကိုလေ့ကျင့်လို့ရတယ်"

နံပါတ်ငါးတပ်စုမှ သိုက်ဖုန်းတို့လူစု၏မျက်နှာများပေါ်တွင် အလေးအနက်ထားသော အရိပ်အယောင်များ ထင်ဟပ်လာပြီး သူတို့က လုယွီကို အာရုံစူးစိုက်၍ ကြည့်နေကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် အစောပိုင်းကမှ လုယွီ၏လက်အောက်သို့ရောက်ရှိလာသော စစ်သားများ၏မျက်နှာများထက်တွင်မူ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အထူးသဖြင့် ကျင့်ကြံဆင့်မြင့်မားသော စစ်သားတချို့၏မျက်နှာများပေါ်တွင် ပို၍ပင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ရှားပေါ်လွင်နေပေ၏။

သူတို့အားလုံးသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော ကျင့်ကြံသူများဖြစ်သည်။

လုယွီသည် ဆယ်ကျော်သက်လူငယ်တစ်ယောက်ပင်။မည်မျှအဆင့်မြင့်သည့် ကျင့်ကြံနည်းစနစ်မျိုးကို သူ သင်ကြားပေးနိုင်မည်နည်း။

လူအားလုံး၏အကြည့်များအောက်တွင် လုယွီက လက်သီးနည်းစနစ်တစ်ခုကို စတင်၍သရုပ်ပြလိုက်သည်။

မူလက လူအများစု၏စိတ်နှလုံးအတွင်း၌ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။သို့ရာတွင် သူတို့သည် ဆက်လက်၍ စောင့်ကြည့်မိသည်နှင့် နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ ကြက်သေသေနေပြီး မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေကြတော့သည်။

"ဒါက ဘယ်လိုလက်သီးနည်းစနစ်မျိုးလဲ"

သိုင်းသူတော်စင်နယ်ပယ် စစ်သားတစ်ယောက်က အံ့အားသင့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။

Chapter 1857

လူများအားလုံး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လုယွီ၏ခန္ဓာကိုယ်သည် ရေကူးခတ်နေသော နဂါးတစ်ကောင်အလား လှုပ်ရှားနေသည်။သူ၏လက်သီးတစ်ချက် ထိုးနှက်လိုက်တိုင်း နဂါးတစ်ကောင်၏ခပ်သဲ့သဲ့ဟိန်းဟောက်သံ ထွက်ပေါ်နေပေ၏။

သူတို့အားလုံးရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ရန်အတွက် လုယွီက သူ၏လက်သီးချက်များကို အလွန်နှေးကွေးစွာ ထုတ်ဖော်ပြသနေသည်။

ထိုလက်သီးချက်များကိုကြည့်ရသည်မှာ ညင်သာပြီး အားပျော့ပုံရသော်လည်း လက်သီးတစ်ချက် ထိုးနှက်လိုက်ချိန်တိုင်း လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ဖြစ်ပေါ်သွားသည်။

သူတို့၏ရှေ့၌ရပ်နေသူသည် လူသားတစ်ယောက်မဟုတ်ဘဲ ရန်သူကို သေစေနိုင်သောထိုးနှက်ချက်မျိုးဖြင့်တိုက်ခိုက်ရန် အခွင့်အရေးရှာ၍စောင့်ဆိုင်းနေသော ရေကူးခတ်နေသည့်နဂါးတစ်ကောင်ဟု သူတို့အားလုံး ခံစားနေကြရ၏။

လုယွီ၏လက်သီးနည်းစနစ် အဆုံးသတ်သွားသောအချိန်တွင် လူများအားလုံးက သူတို့၏အရည်အချင်းသည် လုံလောက်မှုမရှိသေးဟု ခံစားမိကြသည်။

"အရှင်...ဒီလက်သီးနည်းစနစ်ကို လေ့ကျင့်နိုင်ဖို့ ကျွန်တော်တို့မှာ ဘာတွေလိုအပ်လဲ"

သိုက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။

"ဒီနည်းစနစ်ကို ပုန်းကွယ်နဂါးလက်သီးလို့ခေါ်တယ်...ဒါက သူ့ရဲ့နှလုံးသားထဲမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေရှိနေတဲ့ နဂါးတစ်ကောင် ချောက်နက်ကြီးထဲမှာ ပုန်းအောင်းနေသလိုမျိုးပဲ...အမှန်တော့ အခုချိန်မှာ မင်းတို့ရဲ့လက်ရှိခွန်အားက သန်မာမှုမရှိသေးဘူး...ဒါပေမယ့် မင်းတို့က ပြင်းပြင်းထန်ထန် ကြိုးစားပြီး နာကျင်မှုဒဏ်ကိုတောင့်ခံနိုင်မယ်ဆိုရင်...တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းတို့ အထက်ကိုးကောင်းကင်ဘုံအထိ ပျံဝဲနိုင်လိမ့်မယ်"

"ကျွန်တော်တို့က အရှင့်အပေါ် သေသည်အထိသစ္စာစောင့်သိပါမယ်"

သူတို့အားလုံးက လုယွီကို ဦးညွှတ်၍အရိုအသေပြုလိုက်ကြ၏။

သူတို့သည် ဤလက်သီးနည်းစနစ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်မှုများကို ခံစားမိပြီးဖြစ်သည်။ဤနည်းစနစ်သည် အနည်းဆုံး ထိပ်တန်းအဆင့်တွင် ရှိပေမည်။

"တကယ်လို့ မင်းတို့အားလုံး ငါ့နောက်ကို သစ္စာရှိရှိနဲ့လိုက်မယ်ဆိုရင်...ဒီနည်းစနစ်က ဘာမှမဟုတ်သေးဘူး...ဒါက မင်းတို့အားလုံးအတွက် ဆေးလုံးတွေပဲ...မင်းတို့ရဲ့ခွန်အားကို တက်နိုင်သမျှမြန်မြန်တိုးတက်အောင် လုပ်ကြတော့"

လုယွီ၏လက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဆေးလုံးတစ်လုံးစီက လူများအားလုံး၏လက်အတွင်းသို့ ရောက်ရှိသွားသည်။

လူတိုင်းသည် ဆေးလုံးများကို ယူဆောင်ပြီးသည်နှင့် သူတို့အားလုံး၏နှုတ်မှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"ဒီဆေးလုံးတွေက သာလွန်အဆင့် စိတ်ဝိညာဥ်ဆေးလုံးတွေလား"

"ဒီလိုအရည်အသွေးရှိတဲ့ဆေးလုံးမျိုး ငါ ကြားတောင်မကြားဖူးဘူး"

လူများအားလုံး သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ထိတ်လန့်တုန်လှုပ်နေသည်။

အကယ်၍ ပြင်ပလောကတွင်ဆိုပါက ဤကဲ့သို့ဆေးလုံးမျိုးကို အင်မော်တယ်ကျောက်တုံး သန်းဆယ်နှင့်ချီပေး၍ ဝယ်ယူရပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုဆေးလုံးများကို အဖိုးမတန်သောအရာများကဲ့သို့ သာမာန်ကာလျှံကာ ထုတ်ပေးနေပေ၏။

ဤအချိန်အခိုက်အတန့်တွင် လူများအားလုံး၏စိတ်နှလုံးသားအတွင်း၌ လုယွီအပေါ် ကြည်ညိုလေးစားစိတ်များ ပို၍မြင့်မားလာသည်။

ထို့နောက် လုယွီသည် သိုက်ဖုန်းကို တော်ဝင်စစ်ရေးဌာနသို့စေလွှက်၍ 'ပုန်းကွယ်နဂါးစစ်စခန်း'တရားဝင်တည်ထောင်ခွင့်ကို လျှောက်ထားစေသည်။

အချိန်သုံးရက်သည် အလွန်လျှင်မြန်စွာဖြင့် ကုန်ဆုံးသွားလေပြီ။

လုယွီ၏ကြီးကြပ်သင်ပြပေးမှုအောက်တွင် လူတိုင်းသည် သူတို့၏စိတ်နှလုံးသားအတွင်း၌ ပုန်းကွယ်နဂါးလက်သီးနည်းစနစ်ကို စွဲစွဲမြဲမြဲမှတ်ထားကြသည်။ထို့နောက် သူတို့သည် ဤနည်းစနစ်ကို လေ့ကျင့်ရန်နှင့် အခြေခံကျစ်လစ်သိပ်သည်းအောင်ပြုလုပ်ရန်သာ ကျန်ရှိတော့၏။

မနက်စောစောအချိန်တွင် လုယွီသည် သူ၏နောက်လိုက်များနှင့်အတူ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ထံသို့ ခန့်ညားထည်ဝါစွာ လျှောက်လှမ်းသွားလေသည်။

ဤနေရာ၌ လူအမြောက်အများစုဝေးနေကြပြီး လူအများစုမှာ တခြားစစ်စခန်းမှလူများဖြစ်ကာ ပဋိပက္ခဖြစ်မှုကိုကြားသဖြင့် သူတို့က စိတ်လှုပ်ရှားစွာဖြင့် လာရောက်စောင့်ကြည့်ကြခြင်းဖြစ်သည်။

သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့် သက်ဝင်လှုပ်ရှားမှုမရှိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ပြင် စစ်ဗိုလ်ချုပ်နှစ်ယောက်၏တိုက်ပွဲဖြစ်သဖြင့် လူများအားလုံး၏စိတ်အာရုံကို ပို၍ဆွဲဆောင်နိုင်စွမ်း ရှိနေလေ၏။

"ငါ ကြားထားသလောက်တော့ ရွှမ်းဝူစစ်ဗိုလ်ချုပ်က အနောက်ပိုင်းစစ်တပ်ရဲ့တပ်စုမှူးအဆင့်ကနေ ရာထူးတိုးသွားတာတဲ့"

"သူက ရွှေမိုးကြိုးဂိုဏ်းရဲ့တပည့်တစ်ယောက်လို့လည်း ငါ ကြားထားတယ်...နောက်တော့ သူ့ကို လုကျင်းရှန့်က စစ်စခန်းဆီခေါ်လာပြီး ဦးရီးတော်နဲ့တွေ့ပေးခဲ့တယ်"

"ဖြစ်နိုင်တာတော့ သူက ဦးရီးတော်ရှားဟိုလီရဲ့သစ္စာရှိလူယုံတစ်ယောက်များ ဖြစ်နေမလား...ဦးရီးတော်ရဲ့ထောက်ခံချက်ရှိနေမှတော့ သူ ဒီလောက်မြန်မြန်ကြီး ရာထူးတိုးတာ အံ့အားသင့်စရာမရှိတော့ဘူး...ကံဆိုးချင်တော့ သူ့အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရာထူးမျိုးရထားတော့ သူက အရမ်းစိတ်ကြီးဝင်မောက်မာနေတယ်...ဒီတစ်ကြိမ်တော့ သူ့ကိုယ်သူ သေတွင်းထဲတွန်းပို့နေတာပဲ...ဟုတ်တယ်မလား"

တိုက်ပွဲကိုစောင့်ကြည့်နေကြသူများသည် လုယွီအပေါ် မြင့်မြင့်မားမားတွေးတောခြင်းမရှိဘဲ ပြက်ရယ်ပြုသရော်နေကြ၏။

တိုက်ပွဲစင်မြင့်ပေါ်၌ ယုချီသည် ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်နေပြီး သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။

"ဘာလို့ ရှောင်ယန်း ခုချိန်ထိမလာသေးတာပါလိမ့်...ဖြစ်နိုင်တာတော့ သူ ကြောက်နေလို့များလား"

"တကယ်လို့ သူ နောက်ဆုတ်မယ်ဆိုရင်တောင် သေခြင်းရှင်ခြင်းတိုက်ပွဲကို သူ သဘောတူပြီးသွားပြီ...သူ့ရဲ့အသက်ကို ထိန်းသိမ်းနိုင်ရင်တောင် သူ့ရဲ့ဂုဏ်သတင်းက ပျက်စီးသွားမှာပဲ...အနာဂတ်မှာ သူ့ရဲ့အမိန့်ကို ဘယ်သူကမှနာခံမှာ မဟုတ်တော့ဘူး"

"သူက သူ့ရဲ့အသက်ကိုထိန်းထားနိုင်ရင် မကောင်းဘူးလား ..သူ ဘာလို့ ဒီလောက်အများကြီးဂရုစိုက်နေမှာလဲ"

သူတို့ တိုင်ပင်ဆွေးနွေးနေကြစဥ်မှာပင် ရုတ်တရက် သူတို့၏နောက်မှ ပြင်းထန်သောခြေလှမ်းသံများ ထွက်ပေါ်လာသည်။

လုယွီသည် ပုန်းကွယ်နဂါးစစ်စခန်းမှလူများအားလုံးကိုခေါ်ဆောင်၍ ခန့်ညားထည်ဝါစွာ ရောက်ရှိလာခဲ့သည်။

"အဲ့ဒီလူတွေက. သူတို့ကိုင်လာတာ ဘယ်လိုမှော်လက်နက်မျိုးတွေပါလိမ့်"

"အဲ့ဒီလူရဲ့နောက်ကျောပေါ်က ဓားကိုကြည့်လိုက်စမ်း...ဓားပေါ်မှာရေးထွင်းထားတဲ့ သင်္ကေတတွေမှာ မဟာတာအိုအရိပ်အယောင် တစွန်းတစပါနေတယ်...ဒါက အနည်းဆုံးတော့ ထိပ်တန်းအဆင့်မှော်လက်နက်ပဲ"

Chapter 1858

လူအများ၏အံ့အားသင့်နေသော အကြည့်များအောက်တွင် ပုန်းကွယ်နဂါးစစ်စခန်းမှစစ်သားများအားလုံး ရောက်ရှိလာလေပြီ။

သူတို့၏ခန္ဓာကိုယ်များပေါ်မှ သံချပ်ကာဖြစ်စေ မှော်လက်နက်များဖြစ်စေ အရာအားလုံးထိပ်တန်းအဆင့်ဖြစ်နေလေရာ ပတ်ဝန်းကျင်ရှိလူများ၏စိတ်နှလုံးသားအတွင်း၌ မနာလိုအားကျမှုများ ပေါက်ဖွားလာခဲ့သည်။

လုယွီသည် ငွေကြေးရှားပါးသူမျိုးမဟုတ်သဖြင့် သူ၏လက်အောက်ငယ်သားများအပေါ် ရက်ရောစွာပေးကမ်းစွန့်ကြဲခဲ့သည်။

ထူးချွန်သောအရှင်သခင်တစ်ယောက်သည် လုံလောက်သောခွန်အားရှိရန် လိုအပ်ရုံသာမက သူ၏လက်အောက်ငယ်သားများအပေါ် လုံလောက်သောထောက်ပံမှုမျိုးပေးနိုင်ရန်လည်း လိုအပ်ပေ၏။

"ဒီကောင်လေးက ဦးရီးတော်ရဲ့သီးသန့်စစ်စခန်းတစ်ခုလုံးကို ဒီနေရာခေါ်လာတာတော့ မဟုတ်လောက်ပါဘူးနော်...အဲ့ဒီလိုမဟုတ်ရင်လည်း ဒီလောက်အချိန်တိုအတွင်းမှာ သူက ခုလိုမျိုးအရမ်းကောင်းတဲ့အင်အားမျိုး ဘယ်လိုလုပ်ပြီးရသွားတာလဲ"

လူတိုင်းလိုလို စတင်၍တိုင်ပင်ဆွေးနွေးနေကြသည်။

ဤအချိန်တွင် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ပေါ်တွင် ထိုင်ခုံတစ်လုံးဖြင့်ထိုင်နေသော ယုချီ၏မျက်လုံးများ ပွင့်လာသည်။

"ဘာလဲ...နောက်ဆုံးတော့ မင်း အသေခံဖို့ ဆုံးဖြတ်လိုက်ပြီလား"

ယုချီက လုယွီကိုကြည့်ပြီး ပြောဆိုသည်။ထို့နောက် သူ၏မျက်လုံးအကြည့်သည် လုယွီနောက်ရှိစစ်သားများထံမှ မှော်ရတနာများအပေါ် ကျရောက်သွားချိန်တွင် သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

ယခုလက်ရှိချိန်၌ လုယွီသည် အလွန်ကြီးမားသောကံကြမ္မာကောင်းကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ဟု သူ အကြွင်းမဲ့ပြောနိုင်သွားလေပြီ။ဤကဲ့သို့ ကံကောင်းမှုကြီးမျိုးကသာ လုယွီကို မိုးကောင်းကင်ယံတိုင်ထိုးတက်သွားသည့်အလား အလွန်ချမ်းသာကြွယ်ဝသူ ဖြစ်စေပေလိမ့်မည်။

သူ လုယွီကို သတ်ဖြတ်နိုင်သည်နှင့် ထိုချမ်းသာကြွယ်ဝမှုအားလုံး သူ၏ပိုင်ဆိုင်မှုဖြစ်သွားပေမည်။

"မင်း သေခြင်းရှင်ခြင်းစာချုပ်မှာ လက်မှတ်ထိုးပြီးပြီလား"

လုယွီက တဲ့တိုးဆန်စွာ မေးမြန်းလိုက်၏။

ဤရက်များအတွင်းတွင် လုယွီက ယုချီသည် ရှဟယ်၏လက်ပါးစေတစ်ယောက်ဖြစ်သည့်အပြင် ညာလက်ရုံးလည်းဖြစ်ကြောင်း ကြားသိခဲ့ရသည်။

ရှဟယ်စိတ်ကျေနပ်စေရန်အလို့ငှါ ယုချီသည် သူ၏မျိုးရိုးနာမည်ကို 'ရှ'အဖြစ် ပြောင်းလဲပြီး ရှဟယ်၏မွေးစားသားအဖြစ် ခံယူလိုခဲ့သည်။

စစ်တပ်အတွင်းရှိ မည်သူမဆို ယုချီသည် ရှဟယ်နှင့် အသက်အတူတူခန့်သာရှိကြောင်း သိရှိကြပေ၏။

စစ်တပ်အတွင်းရှိ ဝေဖန်ပြောဆိုမှုများကြောင့် ရှဟယ်သည် ယုချီ၏မွေးစားသားဖြစ်ရန် တောင်းဆိုခြင်းကို ခွင့်မပြုခဲ့ချေ။သို့ရာတွင် သူက ယုချီအပေါ် ပို၍ပို၍ အလေးပေးဆက်ဆံလာခဲ့သည်။

ရှဟယ်သည် တစ်စုံတစ်ယောက်ကိုစေလွှက်၍ သူ့အားတိုက်ခိုက်စေသဖြင့် နှစ်ဖက်စလုံး စစ်ကြေငြာပြီးဖြစ်သည်။လုယွီသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ ရှဟယ်၏ဘယ်ညာလက်ရုံးများကို အပြတ်ရှင်းပစ်ရန် ကြံရွယ်ထားခဲ့သည်။

"ဟမ့်...ငါက မင်း ကြောက်လန့်ပြီးမလာရဲတော့ဘူး ထင်နေတာ"

ယုချီသည် စာရွက်တစ်ရွက်ကိုကိုင်ဆောင်၍ လုယွီထံသို့ တောက်ထုတ်လိုက်သည်။

ထိုအရာသည် ပါးလွှာသောစာရွက်တစ်ရွက်ဖြစ်သော်လည်း အတွင်း၌လျှို့ဝှက်သောအင်အားတစ်ရပ် ခိုအောင်းနေပုံရသည်။ရုတ်ချည်းဆိုသလိုပင် ထိုစာရွက်သည် စူးရှချွန်ထက်သောဓားတစ်လက်အလား လုယွီထံသို့ တိုးဝင်သွားပေ၏။

ထိုစာရွက် သူ့ထံချဥ်းကပ်လာသော်လည်း လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။

ယုချီက လျှို့ဝှက်စွာတွက်ချက်၍ ကြံစည်ထားခြင်းဖြစ်သည်။အကယ်၍ လုယွီသည် စာရွက်ကြောင့် ထိခိုက်နာကျင်မှုမရှိပါက ဤသည်မှာကောင်းမွန်သောကိစ္စတစ်ရပ်ပင်။အကယ်၍ လုယွီသည် စာရွက်တွင်ခိုအောင်းနေသော အားလှိုင်းအရှိန်ကြောင့် သူ၏စည်းတံဆိပ်ခတ်ထားသောစာရွက်ကိုဖျက်ဆီးလိုက်ပါက လုယွီသည် တိုက်ခိုက်ရမည်ကိုကြောက်ရွံနေသည်ဟု သူ ပုံကြီးချဲ့ပြောဆိုနိုင်လေပြီ။

"မင်းရဲ့အကြံအစည်လောက်နဲ့များ..."

မည်သည်ကြောင့် လုယွီသည် ယုချီ၏အကြံအစည်ကို ထွင်းဖောက်၍မမြင်နိုင်ဘဲနေမည်နည်း။သူက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး လေထုအတွင်းမှစာရွက်ကို ဖမ်းဆုပ်လိုက်၏။

စာရွက်ပေါ်၌ ယုချီချန်ထားခဲ့သော အားလှိုင်းအရှိန်ကိုမူ လုယွီက လွယ်လင့်တကူ ချေဖျက်လိုက်သည်။

ထို့နောက် လုယွီသည် သူ၏လက်ဖဝါးအတွင်း၌ မှော်စွမ်းအားများကိုသိပ်သည်း၍ သူ၏ကိုယ်ပိုင်စည်းတံဆိပ်ကို စာရွက်ပေါ်၌ ခတ်နှိပ်လေသည်။

နှစ်ဖက်စလုံးမှ စည်းတံဆိပ်များခတ်နှိပ်ပြီးနောက် စာရွက်တစ်ရွက်လုံးမှနေ၍ ခရမ်းရောင်အလင်းတန်းများ တောက်ပလာသည်။ဤအချိန်အခိုက်အတန့်တွင် သေခြင်းရှင်ခြင်းစာချုပ်သည် တော်ဝင်စစ်ရေးဌာနသို့ သတင်းပို့ပြီးဖြစ်သည်။အကယ်၍ တိုက်ပွဲအတွင်း၌ တစ်ယောက်ယောက်သေဆုံးသွားလျှင်ပင် သေခြင်းရှင်ခြင်းစာချုပ်ရှိနေသဖြင့် တော်ဝင်စစ်ရေးဌာနသည် ဤကိစ္စကို စုံစမ်းမေးမြန်းမှုပြုလုပ်မည်မဟုတ်ချေ။

လုယွီ၏လက် လှုပ်ခါသွားခြင်းနှင့်အတူ ချက်ချင်းဆိုသလိုပင် သေခြင်းရှင်ခြင်းစာချုပ်က ယုချီထံသို့ တိုးဝင်သွားသည်။

ဝှစ်...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သေခြင်းရှင်ခြင်းစာချုပ်သည် လျှပ်ပြက်သကဲ့သို့လျှင်မြန်သည့်အရှိန်ဖြင့် ယုချီထိုင်နေသောထိုင်ခုံကို ဖြတ်ပိုင်းသွားပေ၏။

ဘန်းခနဲမြည်ဟီးသံနှင့်အတူ သေခြင်းရှင်ခြင်းစာချုပ်မှအားလှိုင်းကြောင့် ယုချီထိုင်နေသောထိုင်ခုံ အပိုင်းပိုင်းအစစကျိုးပဲ့သွားသည်။သို့ရာတွင် ထိုစာချုပ်မှအားလှိုင်းအရှိန်သည် ရပ်တန့်သွားခြင်းမရှိဘဲ နံဘေးရှိနံရံတစ်ခုအတွင်းသို့ သံမှိုရိုက်ထားသည့်အလား စိုက်ဝင်သွားခဲ့သည်။

"မင်း..."

ယုချီက အံ့အားသင့်သွားပြီး ဒေါသတကြီးဖြင့် အလျှင်အမြန် မတ်တတ်ထရပ်လိုက်၏။

သူ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခြင်းသည် ရှဟယ်ကို မျက်နှာချိုသွေးမြှောက်ပင့်နေခြင်းတစ်ခုတည်းကြောင့်မဟုတ်ချေ။ယုချီကိုယ်တိုင်သည်လည်း လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ထိုသို့မဟုတ်ပါက အစောပိုင်းက ထိုင်ခုံရုတ်တရက်ပျက်စီးသွားချိန်တွင် ယုချီသည် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ဘဲ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားပြုတ်ကျကာ သူ့အတွက် အရှက်ရစရာကိစ္စဖြစ်သွားပေမည်။

"အရင်တုန်းကတော့ ငါ မင်းကို မြန်မြန်သေခွင့်ပြုဖို့ တွေးထားခဲ့တယ်...အခုတော့ တခြားသူတွေကိုပါ သတိပေးဖို့အတွက် ငါက အရက်စက်ဆုံးနည်းလမ်းတွေကိုအသုံးပြုပြီး မင်းကို ဆိုးဆိုးရွားရွားသေအောင် လုပ်ပေးရမယ့်ပုံပဲ"

ယုချီက သူ၏လက်ကိုမြှောက်၍ သိုလှောင်အိတ်အတွင်းမှ ကြီးမားသောကျောက်တုံးကြီးတစ်တုံးကို ထုတ်ယူလိုက်သည်။

Chapter 1859

ထိုကျောက်တုံးကြီးသည် လူတစ်ရပ်စာမျှမြင့်မားပြီး ထိုအရာပေါ်တွင် ရှုပ်ထွေးသောသင်္ကေတများကို ရေးထွင်းထားသည်။

ကျောက်တုံးကြီး၏မျက်နှာပြင်ပေါ်တွင် မတူကွဲပြားသော ကျောက်ရုပ်ထုငါးမျိုးရှိနေသည်။တချို့သည် မြွေခေါင်းနှင့်လူခန္ဓာကိုယ် တချို့မှာနွားခေါင်းနှင့်မြင်းခန္ဓာကိုယ်ရှိပြီး ထိုအရာများအားလုံးသည် ထူးဆန်းသောပုံပန်းသွင်ပြင်ရှိသည့် နတ်ဆိုးများဖြစ်ပေ၏။

ထိုနတ်ဆိုးများ၏မျက်လုံးများအတွင်းတွင် ထူးဆန်းသောအလင်းတန်းများ တောက်ပနေသည်။

ထိုအလင်းတန်းများကိုစူးစိုက်ကြည့်မိသော မည်သူမဆို သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားရပေမည်။ဤသည်က သူတို့၏စိတ်ဝိညာဥ်များကို ထိုကျောက်ရုပ်ထုများမှ စုပ်ယူတော့မည့်ကဲ့သို့ ခံစားချက်မျိုးနှင့် တူညီသည်။

"ပြင်ပလောကနတ်ဆိုးဖိနှိပ်ခြင်း ကျောက်စာတိုင်...ယုချီဆီမှာ ဒီလိုသာလွန်အဆင့်မှော်ရတနာမျိုးရှိမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဒီမှော်ရတနာက ရှမိသားစုပိုင်ဆိုင်တဲ့အရာပဲ...ကြည့်ရတာတော့ ရှဟယ်က ယုချီကို ဌားရမ်းထားတာပဲဖြစ်မယ်...မဟုတ်ရင် ယုချီရဲ့အဆင့်နဲ့ ဒီလိုမှော်ရတနာမျိုးကို မဆက်သွယ်နိုင်မှာ သေချာတယ်"

နံဘေးမှစောင့်ကြည့်နေကြသော စစ်ဗိုလ်ချုပ်များသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကိုအသုံးပြု၍ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆွေးနွေးနေကြ၏။

သို့ရာတွင် တိုက်ပွဲကိုစောင့်ကြည့်နေကြသော စစ်သားများကမူ ထိုဗိုလ်ချုပ်များနှင့် အမြင်ချင်းမတူညီချေ။

သူတို့သည် တိုက်ပွဲစင်မြင့်ပေါ်၌ နတ်ဆိုးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာသကဲ့သို့သာ ခံစားနေရသည်။သူတိ့သည် အလွန်အမင်းဆိုးညစ်သော နတ်ဆိုးတစ်ကောင်ကို မြင်နေရသည့်အလား သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာဖြစ်လာမှုကို ခံစားမိပေ၏။ထိုအရာသည် သူတို့၏စိတ်ဝိညာဥ်များကို မှင်များအတွင်း နှစ်မြှုပ်လိုက်သည့်အလားပင်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည်လည်း အနည်းငယ်ကြက်သေသေသွားသည်။ထို့နောက် ကွန်ဖြူးရှပ်ပညာရှင်များ၏မန္တန်ရွတ်ဆိုသံများက သူ၏စိတ်နှလုံးသားအတွင်းသို့ တလိမ့်လိမ့်တိုးဝင်လာသည်။ဤသည်က မကောင်းသောအတွေးအမြင်များကို ဖယ်ရှားပေးနိုင်စွမ်းရှိသော ကွန်ဖြူးရှပ်တာအိုဥပဒေသ၏ အကျိုးသက်ရောက်မှုပင်။

"ငါ ဒီကျောက်စာတိုင်မျိုး ဘယ်တုန်းကမှ မမြင်တွေ့ဖူးဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ သိချင်စိတ်ပြင်းပြမှုများ ပေါက်ဖွားလာသည်။

သူ့ထံတွင် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်၏မှတ်ဥာဏ်များရှိနေသဖြင့် မှော်ရတနာအများစုအကြောင်းကို သူ သိရှိသည်။

သို့ရာတွင် လုယွီထံတွင် ဤမှော်ရတနာနှင့်ပတ်သတ်၍ မည်သည့်မှတ်ဥာဏ်မျိုးမျှ ရှိမနေချေ။

ဤသည်မှတဆင့် ထိုမှော်ရတနာသည် သူ သေဆုံးပြီးချိန်မှ ထွက်ပေါ်လာခဲ့သောမှော်ရတနာဖြစ်ကြောင်း ညွှန်ပြနေသည်။

"ဒါက စိတ်ကိုသက်ရောက်စေတဲ့ မှော်ရတနာလား...ဒါဆိုလည်း ငါက ရိုးရှင်းတဲ့တိုက်ခိုက်မှုတစ်ခုနဲ့ပဲစတင်မယ်...ဒီမှော်ရတနာက ငါ့ရဲ့စိတ်ကို ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး ထိုက်ယွမ်လက်ဝါးနည်းစနစ်ကိုအသုံးပြု၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ရွှေရောင်လက်ဝါးပုံရိပ်ကြီးသည် မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ယုချီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

"မောက်မာလိုက်တဲ့ကောင်စုတ်လေး...ငါ့ဆီမှာ ငါ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးနိုင်တဲ့ အကာအကွယ်မှော်ရတနာရှိတယ်...မင်း ငါ့ကို ရိုက်နှက်နိုင်မှာမဟုတ်ဘူး"

ထိုအခြင်းအရာကိုကြည့်ပြီး ယုချီက လှောင်ပြောင်ရယ်မောလေသည်။ထို့နောက် သူက လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းကာ ပြင်ပလောကနတ်ဆိုးဖိနှိပ်ခြင်းကျောက်စာတိုင်ပေါ်သို့ ဖိနှိပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကျောက်စာတိုင်ပေါ်ရှိ နတ်ဆိုးနတ်ဘုရားရုပ်ထုငါးရုပ်၏ပါးစပ်များ တပြိုင်နက်တည်းပွင့်ဟလာပြီး နားအူလုမတက်စူးရှကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

လုယွီက သူ၏လက်ဝါးရိုက်ချက်သည် ရွှံဗွက်အိုင်တစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရ၏။သူ၏စွမ်းအားအများစုပျက်ပြယ်သွားပြီး သူ့စွမ်းအား၏သုံးဆယ်ရာခိုင်နှုန်းခန့်သာ ကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားသည်။

ကျယ်လောင်သောဘန်းခနဲမြည်သံနှင့်အတူ ကျောက်စာတိုင်သည် နောက်သို့မီတာအနည်းငယ် လွင့်ထွက်သွားသော်လည်း ထိုအရာ၏မျက်နှာပြင်သည် အကောင်းပကတိကျန်ရှိနေဆဲပင်။

ထိုမြင်ကွင်းကိုကြည့်ပြီး ယုချီက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။

"ဒါက အသုံးမဝင်ဘူး...မင်းက ငါ့ရဲ့အကာအကွယ်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး...အဆုံးသတ်ကျရင် မင်းရဲ့မှော်စွမ်းအင်တွေ တဖြည်းဖြည်းကုန်ခမ်းသွားမှာပဲ"

ထိုစကားနှင့်အတူ ယုချီသည် လုယွီ အနားယူနိုင်ရန်အတွက် အချိန်ပေးလိုပုံမရချေ။သူ၏တိုက်ခိုက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းသည့်အနေဖြင့် နောက်ထပ်မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုကာ ကျောက်စာတိုင်ပေါ်သို့ ခတ်နှိပ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကျောက်စာတိုင်မှနေ၍ ထူးဆန်းသောအနက်ရောင်အလင်းတန်းများ တောက်ပလာသည်။ထို့နောက် နတ်ဆိုးနတ်ဘုရားရုပ်ထုငါးရုပ်သည် ရှင်သန်ထမြောက်လာသည့်အလား သူတို့ကိုကြည့်ရသည်မှာ အလွန်အမင်းအသက်ဝင်လာပေ၏။

ကျောက်စာတိုင်ပေါ်၌ ရှေးဟောင်းအက္ခရာသင်္ကေတတစ်ခုက မှိန်ပျပျ ထွက်ပေါ်နေသည်။

'ဖိနှိပ်ခြင်း'

ထို 'ဖိနှိပ်ခြင်း'ဟူသောစာလုံးသည် လုယွီ၏တိုက်ခိုက်မှုများကို အပြည့်အဝချေဖျက်သွားနိုင်ခဲ့သည်။

လုယွီ၏ယခုလက်ရှိခွန်အားသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် အရေးမလှသောအခြေအနေမျိုးသို့ ကျရောက်မည်မဟုတ်ချေ။သို့ရာတွင် သူသည် ယခုလက်ရှိချိန်၌ ကျောက်စာတိုင်၏ခုခံမှုကို ချိုးဖျက်နိုင်ခြင်းမရှိပေ။

"ကြည့်ရတာတော့ ဒါက ရှေးခေတ်ကရတနာတစ်ခုဖြစ်ပုံပဲ"

အတွေးတစ်ချက်နှင့်အတူ လုယွီသည် သူ၏စိတ်ဝိညာဥ်ကို ခွဲထုတ်၍ ကျောက်စာတိုင်နှင့်ဆက်သွယ်လိုက်သည်။

သို့ရာတွင် ယုချီသည် ထိုကိစ္စကိုသတိပြုမိခြင်း မရှိချေ။

"ဟား ဟား ဟား...သေပေတော့"

ယုချီသည် အော်ဟစ်ရယ်မောပြီး ကျောက်စာတိုင်ကိုထိန်းချုပ်၍ လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

Chapter 1860

ဘုန်း...ဘုန်း...ဘုန်း...

ကျောက်စာတိုင်ကျဆင်းလာသည့်အကြိမ်တိုင်း သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

မည်သည့်အချိန်က စတင်ခဲ့သည်မှန်း တစ်ဦးတစ်ယောက်ကမျှ သတိထားမိခြင်းမသိသော်လည်း တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးစွမ်းအင်စီးကြောင်းများက ယုချီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။ထိုနတ်ဆိုးစွမ်းအင်များသည် တိုက်ပွဲစင်မြင့်ပေါ်၌ ရစ်သိုင်းနေပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဆိုးညစ်ပြီးချောက်ချားဖွယ်အရှိန်အဝါမျိုးနှင့် ပြည့်နှက်နေစေသည်။

"မကောင်းတော့ဘူး...အရှင့်ကိုကြည့်ရတာ အရေးနိမ့်နေပုံပဲ"

"ယုချီဆီမှာ ဒီလိုမှော်ရတနာမျိုးရှိတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး...ဒါက ရှမိသားစုကလူတွေ ဌားရမ်းပေးထားတာပဲဖြစ်မယ်...သောက်အဓိပ္ပါယ်မရှိလိုက်တာ"

ပုန်းကွယ်နဂါးစစ်စခန်းမှလူများသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။

သိုက်ဖုန်းက ယုံကြည်ချက်အပြည့်ရှိသောလေသံဖြင့် ပြောဆိုသည်။

"စိတ်အေးအေးထားကြစမ်း...ငါတို့ရဲ့အရှင်က မသေချာတဲ့အလုပ်ကို ဘယ်တော့မှမလုပ်ဘူး"

လူတိုင်းက ထိုအကြောင်းကို ပြောဆိုဆွေးနွေးနေကြချိန်တွင် လုယွီသည် ကျောက်စာတိုင်၏ဖိအားပေးခံရမှုကြောင့် စင်မြင့်၏ထောင့်တစ်နေရာသို့ ဆုတ်ခွာနေရသည်။

"မင်းက ရှမိသားစုကို ရန်စဝံ့ရုံတင်မကဘူး...ငါ့ကိုပါလာပြီး ရန်စစော်ကားဝံ့တယ်...မင်းက အသက်ရှင်ရတာကို ငြီးငွေ့နေပုံရတယ်"

ယုချီက လုယွီကို သရော်တော်တော်အပြုံးနှင့် ကြည့်လိုက်၏။

"ငါ့ကို မင်းရထားတဲ့ ကံကြမ္မာကောင်းကြီအကြောင်း ပြောပြစမ်း...အဲ့ဒါဆိုရင် ဒီနေ့ ငါ မင်းရဲ့အသက်ကိုချမ်းသာပေးမယ်"

နောက်ဆုံးစကားများကို ယုချီသည် အသံကူးပြောင်းဆက်သွယ်ခြင်းနည်းဖြင့် လုယွီထံ ပေးပို့လိုက်ခြင်းဖြစ်သည်။

ဤအချိန်တွင် လုယွီက သူ၏အတွေးများကို ကျောက်စာတိုင်ပေါ်တွင်သာ အပြည့်အဝအာရုံစူးစိုက်ထားသည်။ထိုအသံပေးပို့ခြင်းကို ရရှိမှသာ ယုချီ မည်သည့်အရာအား တွေးတောနေသည်ကို လုယွီက နားလည်သဘောပေါက်သွားပေ၏။

"ငါ့ရဲ့ကံကြမ္မာကောင်းကို မင်းကလိုချင်နေတာလား...အိမ်မက်မက်မနေစမ်းနဲ့...မင်း ငါ့ကို တကယ်ဖိနှိပ်ထားနိုင်မလားဆိုတာ စောင့်ကြည့်လိုက်အုံး"

လုယွီက ကျယ်လောင်စွာအော်ငေါက်လိုက်သည်။ထို့နောက် သူက ထိုက်ယွမ်လက်ဝါးကိုအသုံးပြု၍ ကျောက်စာတိုင်ကို နောက်သို့တွန်းထုတ်လိုက်သည်။

လုယွီ နာခံမှုမရှိသည်ကိုကြည့်ပြီး ယုချီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ကောင်းပြီလေ...မင်းက သေလမ်းရှာနေမှတော့...ငါက မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးပစ်မယ်...ပြီးတာနဲ့ ငါ မင်းကို ဆွဲခေါ်သွားပြီး နည်းလမ်းမျိုးစုံနဲ့နှိပ်စက်ညှင်းပန်းမယ်...မင်း ပြောမလား မပြောဘူးလားဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့"

ယုချီက အေးစက်စက်ရယ်မောပြီး ကျောက်စာတိုင်ကို နောက်တစ်ကြိမ်ထိန်းချုပ်ရန် ဟန်ပြင်လိုက်၏။

သို့သော် ဤတစ်ကြိမ်တွင် သူသည် ကျောက်စာတိုင်နှင့်ဆက်သွယ်ရာ၌ အခက်အခဲတချို့ရှိနေကြောင်း ယုချီက ရုတ်တရက် သိနားလည်လိုက်ရသည်။

ဤသည်က သူ၏မှော်ရတနာမဟုတ်ဘဲ ဗိုလ်ချုပ်ရှဟယ်၏မှော်ရတနာဖြစ်သည်။ယခင်ကတည်းက ရှဟယ်သည် ဤမှော်ရတနာကို အပြည့်အဝထိန်းချုပ်နိုင်သည့် မှော်မန္တန်ကို သူ့အား သင်ကြားပေးပြီးဖြစ်လေ၏။ဤရက်အနည်းငယ်အတွင်း၌ သူသည် ဤမှော်ရတနာကို အလွန်ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုနိုင်ခဲ့သည်။မည်သည်ကြောင့် ယခုအချိန်ကျမှ မတောမတဆကိစ္စမျိုး ဖြစ်ပွါးလာရသနည်း။

"တိုက်ပွဲကို မြန်မြန်အဆုံးသတ်မှရမယ်"

ယုချီက အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။

သို့ရာတွင် သူသည် တိုက်ပွဲကိုတစ်ချက်တည်းဖြင့် အပြီးသတ်ရန် ဆုံးဖြတ်ချက်ချလိုက်သောအချိန်မှာပင် လုယွီ၏စိတ်ဝိညာဥ်သည် ကျောက်စာတိုင်၏အနက်ရှိုင်းဆုံးနေရာနှင့် ဆက်သွယ်ပြီးလေပြီ။

ထို့ကြောင့် လုယွီသည် ကျောက်စာတိုင်၏အတွင်းရှိ လက်နက်စိတ်ဝိညာဥ်ကို တွေ့မြင်မိသည်။

"ဖိနှိပ်ခြင်း...သတ်...လောဘ...သွေး...."

သတ်...သတ်...သတ်...

အော်သံများက လုယွီ၏စိတ်အတွင်း၌ ပဲ့တင်ထပ်နေသည်။

ထိုအရာသည် ထောင်သောင်းချီသောနတ်ဆိုးများက သူ၏ခေါင်းအတွင်းတွင် အဆက်မပြတ်အော်ဟစ်ကြုံးဝါးနေသည်နှင့် တူညီပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဆန္ဒခိုင်မာခြင်းမရှိပါက ဤအချိန်အခိုက်အတန့်တွင် သတ်ဖြတ်ခြင်း၏အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ထိုလူ၏စိတ်ကို လွှမ်းမိုးသွားပေမည်။တဖြည်းဖြည်းနှင့် ထိုလူသည် သတ်ဖြတ်ခြင်း၏ရုပ်သေးဘဝသို့ ပြောင်းလဲသွားပေလိမ့်မည်။

သို့ရာတွင် လုယွီကမူ မတူကွဲပြားပေ၏။သူသည် အတိတ်ဘဝတွင် တာအိုသခင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။သူသည် ဆင်းရဲသောသူတောင်းစားဘဝမှနေ၍ သူ့ခြေတစ်ဖက်ဆောင့်နင်းလိုက်ရုံဖြင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတုန်ခါသွားသည်အထိ အောင်မြင်ခဲ့သော တည်ရှိမှုကြီးပင်။သူသည် တခြားသူများထက် သာလွန်ပြီးခိုင်မာသော စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသည်။

မည်သည့်စိတ်ခံစားချက်မျိုးကမျှ လုယွီ၏စိတ်ဆန္ဒကို လှုပ်ခါစေနိုင်ခြင်းမရှိချေ။

"ဒါဆို ဒါက ရှေးဟောင်းအင်မော်တယ်တွေရဲ့တာအိုဘုရားကျောင်းမှာထားတဲ့ ရှေးဟောင်းနတ်ဆိုးတွေကို ဖိနှိပ်ဖို့ အထူးသီးသန့်ဖန်တီးထားတဲ့ လောကဖိနှိပ်ခြင်းကျောက်စာတိုင်ပေါ့...ငါက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကိုဆက်ခံထားတဲ့သူ...ဘာလို့ ငါက အရှုံးပေးရမှာလဲ"

လုယွီက ဤအရာသည် မြောက်မြားစွာသောရှေးဟောင်းနတ်ဆိုးများနှင့်သရဲတစ္ဆေများကို နှစ်သန်းပေါင်းဆယ်နှင့်ချီ၍ ချိပ်ပိတ်ထားသော လောကဖိနှိပ်ခြင်းကျောက်စာတိုင်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။ဤကဲ့သို့အရာမျိုးတွင် အလွန်အမင်းအစွမ်းထက်သော နတ်ဆိုးစွမ်းအင်များလည်း ရောယှက်၍ပါဝင်နေသည်။

ဤသည်က အင်မော်တယ်မှော်လက်နက်၏ တစ်စိတ်တစ်ပိုင်းမျှပင်။လောကဖိနှိပ်ခြင်းကျောက်စာတိုင်၁၀၈ခုလုံးအား စုစည်းနိုင်ပါက တာအိုသခင်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သော အင်မော်တယ်မှော်လက်နက်ကို ဖွဲ့စည်းနိုင်ပေမည်။

"ငါ မင်းတို့ကို အရမ်းကျေးဇူးတင်တယ်...တကယ်လို့ ဒီလိုရတနာမျိုးကို ရှမိသားစုရဲ့လက်ထဲမှာသာထားရင် ဖုန်တက်ရုံပဲရှိမယ်...ဒါက ငါ့လက်ထဲမှာထားတာ ပိုကောင်းလိမ့်မယ်"

လုယွီ၏စိတ်ဝိညာဥ်မှ စွမ်းအားများ ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်သွားပြီး လောကဖိနှိပ်ခြင်းကျောက်စာတိုင်ပေါ်ရှိ အမှတ်အသားကို ရဲရဲဝံ့ဝံ့ ဖျက်ဆီးပစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ယုချီသည် သူနှင့်ကျောက်စာတိုင်ကြား အဆက်အသွယ်ပြတ်တောက်သွားခြင်းကို ခံစားမိသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ယုချီက တုန်လှုပ်ချောက်ချားသွားသည်။

All Chapters