← Chapters

အခန်း (၁၈၈၆-၁၈၉၀)

Vol. 98 Ch. 1886-1890

အခန်း (၁၈၈၆-၁၈၉၀)

Vol. 98 Ch. 1886-1890

Chapter 1886

လုယွီသည် စကားဆုံးသည်နှင့် သူ၏ဦးတည်ချက်ကို တဖန်ထပ်၍ပြောင်းလဲကာ ပို၍နက်ရှိုင်းသော မြေအောက်သို့သွားခဲ့သည်။

မြေအောက်ရှိအနက်ရှိုင်းဆုံးနေရာ၌ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပိန်းပိတ်သည်အထိ မှောင်မည်းနေပြီး တစ်စုံတစ်ယောက်သည် သူ့မျက်လုံးရှေ့ရှိ သူ့ကိုယ်ပိုင်လက်ချောင်းများကိုပင် မြင်နိုင်မည်မဟုတ်ချေ။သို့ရာတွင် အောင်းကွမ်းသည် နတ်ဘုရားစိတ်အာရုံမှတဆင့် သူ၏ပတ်ဝန်းကျင်၌ မြေကမ္ဘာနတ်ဆိုးများ ပို၍ပို၍စုဝေးလာခြင်းကို အာရုံခံမိသည်။

"ဘယ်သူတွေလဲ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ အိပ်မောကျနေတာကို လာပြီးနှောက်ယှက်ဝံ့တာလဲ"

ကြယ်နယ်မြေဗဟိုချက်၏နက်ရှိုင်းသောနေရာမှနေ၍ ရုတ်တရက် တိုးညှင်းသောခပ်အုပ်အုပ်အသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် အောင်းကွမ်းသည် သူ၏နံဘေးပတ်လည်တစ်နေရာလုံးကို နတ်ဘုရားစိတ်အာရုံတစ်ခုဖြင့် ချိပ်ပိတ်ထားသကဲ့သို့ ခံစားလိုက်ရ၏။သူ မည်မျှရွေ့လျားနေသည်ဖြစ်စေ ထိုနတ်ဘုရားစိတ်အာရုံ၏အောက်မှ ရှောင်ရှားနိုင်ခြင်းမရှိချေ။

"မကောင်းတော့ဘူး...ဒါက မြေကမ္ဘာနတ်ဆိုးတွေထဲက အချိန်အကြာကြီးရှင်သန်ခဲ့တဲ့ သက်ရှိရုပ်ကြွင်းတွေပဲ"

အောင်းကွမ်းက ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။

အတိတ်တွင် သူသည် အောက်ဘုံ၌ အရှေ့ပင်လယ်နဂါးဘုရင်အဖြစ် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း အမှန်အားဖြင့် နဂါးမျိုးနွယ်များအတွင်း၌ သူသည် သက်လတ်ပိုင်းတွင်သာရှိသည်။

အတွေ့အကြုံနှင့်အသက်အရွယ်အရဆိုပါက သူသည် စီနီယာများကို ယှဥ်ပြိုင်နိုင်ရန် များစွာအလှမ်းကွာဟပေ၏။

အကယ်၍ သူ၏မြင့်မြတ်သောသွေးမျိုးဆက်နှင့်ကျင့်ကြံရန်နေရာကောင်းသာ မရှိခဲ့ပါက သူ ယခုလက်ရှိအချိန်၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေမည်မဟုတ်ချေ။

"တစ်ခုခုကတော့ မဟုတ်သေးဘူး...ငါက နဂါးမျိုးနွယ်ထဲမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်လေ...မြေကြီးထဲမှာပုန်းအောင်းနေရတဲ့ ပုရွတ်ဆိတ်တစ်သိုက်က ငါ့ကိုအော်ငေါက်ဝံ့တာလား"

အောင်းကွမ်းက လုယွီသည် အစမှနေ၍ ယခုလက်ရှိအချိန်ထိတိုင် အလွန်တည်ငြိမ်အေးဆေးနေခြင်းကို ရုတ်တရက်သတိပြုမိသွားသည်။

အောက်ဘုံမှနေ၍ ကောင်းကင်ဘုံနယ်မြေထိတိုင် သူသည် လုယွီ၏နောက်လိုက် ဖြစ်ခဲ့ရ၏။လုယွီသည် ယုံကြည်ချက်မရှိသော ကိစ္စမျိုးလုပ်ဆောင်သည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

ဤတစ်ကြိမ်သည်လည်း ချွင်းချက်မရှိနိုင်ပေ။

"အတင့်ရဲလှချည်လား ..နဂါးပေါက်စတစ်ကောင်ကများ ..မင်းက အသက်ရှင်နေရတာကို ပင်ပန်းနေပုံရတယ်"

ဘုန်း...ဘုန်း...ဘုန်း...ဘုန်း..

ပတ်ဝန်းကျင်ရှိမြေသားလွှာများအတွင်းမှနေ၍ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးများ မြည်ဟီးလာသည်။

မြေသားလွှာအတွင်း၌ အလွန်မှောင်မည်းနေသောအပေါက်ကြီးလေးပေါက် ထွက်ပေါ်လာပြီး ထိုအရာများအတွင်းမှနေ၍ ဧရာမပုံရိပ်ကြီးလေးခုက တွားသွား၍ တက်လာပေ၏။

ထိုပုံရိပ်တစ်ခုခြင်းစီသည် မြို့တစ်မြို့စာပမာဏမျှကြီးမားပြီး အပေါက်အတွင်းမှတွားသွားတက်လာသော သူတို့၏ခြေလက်များသည် ဧရာမနတ်ဆိုးပိုးကောင်များနှင့် တူညီနေသည်။သူတို့ကိုကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှ၏။

"ဒီနေရာမှာ ဆူညံပူညံ ဘယ်သူများလာလုပ်နေပါလိမ့်လို့...နဂါးပေါက်စလေးတစ်ကောင်ဖြစ်နေတာကိုး...ငါတို့က ခုထိ မင်းကိုထွက်ရှာဖို့ အစီအစဥ်မရှိသေးဘူး...မင်းက တကယ့်ကို ငါတို့ရဲ့တံခါးဝရှေ့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့တာပါလား"

"တော်တော်လေးကို အရသာရှိမယ့် အသွေးအသားမျိုးပဲ...တကယ်လို့ ငါသာ သူ့ကို ဝါးမျိုလိုက်မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်က နောက်တစ်ဆင့်မြင့်တက်သွားမှာသေချာတယ်"

"ပြီးတော့ သူ့ရဲ့နံဘေးက လူသားကိုကြည့်လိုက်အုံး....အဲ့ဒီလူသားရဲ့အသွေးအသားက ဒီနဂါးရဲ့အသွေးအသားထက်တောင် ပိုပြီးအရသာရှိမယ်လို့ ငါ ခံစားမိတယ်"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် အချင်းချင်း တီးတိုးပြောဆိုနေကြ၏။သူတို့၏အသံများသည် သရဲတစ္ဆေများ၏အသံများကဲ့သို့ အက်ရှရှဖြစ်ပြီး လူအများအား ကျောရိုးထဲအထိ ချမ်းစိမ့်တုန်ရီလာစေသော ခံစားချက်မျိုးပေးစွမ်းနိုင်သည်။

"တကယ်လို့ မင်းတို့က ငါ့ရဲ့အရှင်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ချင်တယ်ဆိုရင်...ငါ့ကို အရင်ဖြတ်ကျော်ရလိမ့်မယ်"

အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြီး ချက်ချင်းပင် လက်သည်းငါးချောင်းရွှေရောင်နဂါးအသွင် ပြောင်းလဲလိုက်၏။

ဘန်း....ဘန်း...ဘန်း...

ရွှေရောင်နဂါးကြီးသည် မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

နှစ်ဖက်စလုံးသည် သာမာန်ထက်လွန်ကဲသော သက်ရှိများဖြစ်သည်။တိုက်ခိုက်မှုတစ်ခုအပြီးမှာပင် မြေပြင်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။မြေပြင်၏အထက်တွင် မြေအောက်ငလျင်လှိုင်းများကြောင့် မုန်တိုင်းများ ဖြစ်ပေါ်လာသည်။

"နဂါးပေါက်စတစ်ကောင်ကများ...ငါတို့ရှေ့မှာလာပြီး မောက်မာမနေတာ ပိုကောင်းလိမ့်မယ်...လိမ်လိမ်မာမာနဲ့ မင်းရဲ့အသွေးအသားတွေ ငါတို့ကို ဝါးမျိုခွင့်ပြုလိုက်စမ်း"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် ရုတ်တရက် သူတို့၏ပါးစပ်များကိုဖွင့်ဟလိုက်ရာ စူးရှကျယ်လောင်သော ငိုညည်းသံများက သူတို့၏ချောက်နက်ကြီးများနှင့်တူသော ပါးစပ်အတွင်းမှ ထွက်ပေါ်လာသည်။

ထိုငိုညည်းသံသည် အလွန်ထူးဆန်းပြီး နားထောင်ရသူများ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာက အလွန်စိတ်မသက်မသာဖြစ်ခြင်းကိုခံစားရသည်။

အောင်းကွမ်း၏ပျံဝဲနေမှုသည် အလွန်နှေးကွေးသွားပေ၏။သူ၏ရွှေရောင်နဂါးမျက်လုံးတစ်စုံသည်လည်း အနည်းငယ် ထုံမှိုင်းသွားပုံရသည်။

"အရိပ်ရိုက်ချက်"

အောင်းကွမ်းသည် အသံလှိုင်းများ၏သက်ရောက်မှုခံနေရခြင်းကို မြင်တွေ့သည်နှင့် မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် အော်ဟစ်ကြုံးဝါးပြီး ခုန်ဝင်တိုက်ခိုက်ကြတော့သည်။

အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် အောင်းကွမ်းသည် တွေဝေမိန်းမောနေရာမှ ပြန်လည်နိုးထလာသည်။

"သောက်ချေးပဲ...လေးယောက် တစ်ယောက်တိုက်ခိုက်နေတာတောင် မင်းတို့က ကလိမ်ကကျစ်နည်းလမ်းတွေအသုံးပြုသေးတယ်"

အောင်းကွမ်းက ဒေါသတကြီးအော်ငေါက်ပြီး နဂါးနတ်ဘုရားအမြှီးလွှဲယမ်းခြင်းနည်းစနစ်ကို အသုံးပြုကာ မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်ထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်၏။

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် အားလှိုင်းအရှိန်ကြောင့် အောင်းကွမ်းသည် လွင့်ထွက်သွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။

Chapter 1887

"ခွေးမသားတွေ...မင်းတို့လိုနိမ့်ကျတဲ့ကောင်တွေက ငါ့လိုလက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ကို ထိခိုက်အောင်လုပ်ဝံ့တယ်ပေါ့လေ"

အောင်းကွမ်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ရာ သူ့ထံမှ မြင့်မြတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

သူသည် နဂါးမျိုးနွယ်များ၏ဘုရင်အဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူဖြစ်သော်လည်း မြေကမ္ဘာနတ်ဆိုးများကဲ့သို့နိမ့်ကျသောမျိုးနွယ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။

ဤသည်က သူ့အတွက် မခံမရပ်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

"နိမ့်ကျတဲ့ကောင်တွေ...ငါ မင်းတို့ကို အသက်ရှင်ရက် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

အောင်းကွမ်းသည် အလွန်ဒေါသထွက်နေသဖြင့် အံ့တင်းတင်းကြိတ်ကာ ရှေးဟောင်းနဂါးမျိုးနွယ်များ၏နတ်ဘုရားစွမ်းရည်ကို အဆက်မပြတ်ထုတ်ဖော်လိုက်သည်။

နှစ်ဖက်စလုံးသည် ပြင်းထန်သောတိုက်ပွဲတစ်ရပ်ကို တဖန်ထပ်၍ ဆင်နွှဲကြ၏။ထိုတိုက်ပွဲမှထွက်ပေါ်လာသော အားလှိုင်းများသည် ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနတ်ဆိုးငယ်များကို သေဆုံးသွားစေခဲ့သည်။

"ဒီနဂါးကိုကြည့်ရတာ သူ့ရဲ့မှော်စွမ်းအားတွေ ကုန်ခမ်းတော့မယ့်ပုံပဲ...ငါတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ဝါးမျိုကြရအောင်"

စကားဆုံးသည်နှင့် မြေကမ္ဘာမဟာနတ်ဆိုးများက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။

အောင်းကွမ်းသည် အစောပိုင်းက လုယွီနှင့်တိုက်ခိုက်ရာတွင် သူ၏ဝှက်ဖဲများကို အသုံးပြုခဲ့ရသည်။ယခုလက်ရှိချိန်တွင် သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသုံးယောက်နှင့် ထပ်မံ၍ရင်ဆိုင်တိုက်ခိုက်ရသဖြင့် သူ၏မှော်စွမ်းအားများအားလုံး ကုန်ခမ်းသွားလုနီးပါးပင်။

"မင်းတို့က ငါ့ကို ဝါးမျိုချင်တာလား...ငါက မြေကမ္ဘာအင်မော်တယ်တစ်ယောက်...ငါ့ရဲ့မှော်စွမ်းအားတွေက အကန့်အသတ်မရှိဘူး"

အောင်းကွမ်းသည် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုသဖြင့် သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟလိုက်သည်။

သို့ရာတွင် မြေကမ္ဘာမဟာနတ်ဆိုးသုံးကောင်သည် နှစ်ထောင်သောင်းချီ၍ အသက်ရှင်နေထိုင်ခဲ့သော မွန်းစတားအိုကြီးများဖြစ်သည်။မည်သည့်နည်းဖြင့် အောင်းကွမ်းကို ဤအခွင့်အရေးမျိုးပေးမည်နည်း။

"နဂါးလေး...မင်းက အခု မြေအောက်မှာရောက်နေတာနော်...မင်းတို့နဂါးမျိုးနွယ်တွေရဲ့ ပိုင်နက်မဟုတ်ဘူး...ချိပ်ပိတ်စမ်း"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။သူတို့သည် ပတ်ဝန်းကျင်ကို ချိပ်ပိတ်သည့်နည်းစနစ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် အောင်းကွမ်းသည် မည်သည့်စိတ်စွမ်းအင်ကိုမျှ စုပ်ယူနိုင်ခြင်းမရှိတော့ချေ။

မြေကမ္ဘာအင်မော်တယ်များသည် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကိုဝါးမျို၍ သူတို့ တိုက်ခိုက်ရန် မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲနိုင်သည်။သို့ရာတွင် ဤမြေကမ္ဘာမဟာနတ်ဆိုးလေးကောင်နှင့်ရင်ဆိုင်ရချိန်၌ အောင်းကွမ်းသည် အလွန်ကြီးမားသောဖိအားအရှိန်အဝါကို ခံစားနေရ၏။

"အရှင်....အခြေအနေ ဘယ်လိုရှိလဲ"

မြေကမ္ဘာမဟာနတ်ဆိုးလေးယောက်၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် အောင်းကွမ်း၏ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်ပေါက်ပြဲဒဏ်ရာများနှင့် ပြည့်နှက်နေသည်။

အကယ်၍ အောင်းကွမ်းသည် ခန္ဓာကိုယ်တစ်ခုလုံး၌ ရွှေရောင်အကြေးခွံများဖုံးလွှမ်းနေသော လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်သာမဟုတ်ပါက သူ ဒီနေ့ ဤနေရာ၌ပင် သေဆုံးသွားနိုင်ချေရှိသည်။

လုယွီသည် ပတ်ဝန်းကျင်ကို အာရုံစူးစိုက်ခြင်းမရှိဘဲ သူ့စိတ်ဝိညာဥ်မှစွမ်းအားဖြင့် တရွေ့ရွေ့ စူစမ်းရှာဖွေနေပေ၏။

"မဟုတ်သေးဘူး...အဲ့ဒါက အတိအကျ ဘယ်နေရာမှာရှိနေတာလဲ"

လုယွီက ညည်းတွားလိုက်သည်။

လုယွီ၏အပြုအမူကိုမြင်သော အောင်းကွမ်းသည် အကယ်၍ သူ အကောင်းဆုံးကြိုးစားမှုမရှိပါက သူ၏အသက် သေဆုံးသွားနိုင်ကြောင်း သိရှိသွားသည်။

"သောက်ချေးပဲ...နိမ့်ကျတဲ့ခွေးမသားတွေကများ...ဒီနေ့ ငါ့ရဲ့အသက်ကိုရင်းရရင်တောင် ငါ မင်းတို့နဲ့တိုက်ခိုက်မယ်...ငါက နဂါးသွေးကိုစတေးပြီး နတ်ဘုရားဓားကို ယဇ်ပူဇော်မယ်"

အောင်းကွမ်းက ရုတ်တရက် ရွှေရောင်အမြူတေတစ်ခုကို သူ၏ပါးစပ်မှအန်ထုတ်လိုက်၏။ထိုရွှေအမြူတေပေါ်တွင် အလင်းရောင်စဥ်တန်းများ တောက်ပလင်းလက်နေသည်။

သူက ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထုတ်လိုက်ရာ ရွှေအမြူတေပေါ်သို့ ကျရောက်သွားသည်။

ရွှေအမြုတေသည် ရုတ်တရက် တုန်ခါသွားပေ၏။ထို့နောက် ရွှေအမြူတေမှနေ၍ ချက်ချင်းဆိုသလိုပင် အေးစက်စက်အလင်းရောင် တောက်ပနေသော ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မင်းတို့အားလုံး...သေကြစမ်း"

အောင်းကွမ်းသည် ဓားရှည်ကိုထိန်းချုပ်၍ သူ့ရှေ့ရှိ မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်ကိုချိန်ရွယ်ကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

ထိုဓားရှည်သည် တရွှီရွှီမြည်သံနှင့်အတူ တိုးဝင်လာပေရာ မြေကမ္ဘာမဟာနတ်ဆိုးလေးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့အနက်မှတစ်ယောက်သည် ပါးစပ်ကြီးကိုဖွင့်ဟ၍ ဧရာမအနက်ရောင်ဒိုင်းတစ်ခုကို ထွေးထုတ်လိုက်၏။

ဘုန်း...

ဓားရှည်သည် ဧရာမအနက်ရောင်ဒိုင်းကြီးနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိပြီး ချက်ချင်းဆိုသလိုပင် ဒိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားတော့သည်။တခြားမြေကမ္ဘာမဟာနတ်ဆိုးသုံးယောက်သည်လည်း အသည်းအသန်ခုခံကာကွယ်ကြပြီး နောက်ဆုံး၌ ဓားရှည်ကိုဖိနှိပ်နိုင်ခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ခွန်အားလဲ...ဒါပေမယ့် ဒီနဂါးကိုကြည့်ရတာ သူ့ရဲ့အကန့်အသတ်ကိုရောက်နေပြီ"

"သူ အားနည်းနေတဲ့အချိန်မှာ တိုက်ခိုက်ကြမယ်...သူ့ကိုသတ်ကြစမ်း"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် သူတို့၏အားအကောင်းဆုံးမှော်မန္တန်များကို တပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိမြေလွှာများမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးချီများစိမ့်ထွက်လာပြီး လူအများအား ချမ်းစိမ့်တုန်ရီစေသောခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

အောင်းကွမ်းသည် ဆက်လက်၍တောင့်ခံနိုင်ရန်ခက်ခဲနေပြီး သူ၏နဖူးပေါ်တွင် မျောလွင့်နေသော ရွှေအမြူတေသည်လည်း မူလလင်းလက်တောက်ပမှုများ လျော့နည်းကာ မှေးမှိန်စပြုလာသည်။

"အရှင်...ကျွန်တော် ဆက်ပြီးတောင့်မခံနိုင်တော့ဘူး"

အောင်းကွမ်းက ခါးသည်းသောလေသံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ဤသည်က သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူလေးယောက်ဖြစ်နေသည့်အပြင် သူတို့အားလုံးသည် နှစ်ထောင်သောင်းချီ၍ အသက်ရှင်သန်လာခဲ့သော မွန်းစတားအိုကြီးများဖြစ်သည်။

ယခုလက်ရှိအချိန်ထိ သူ တောင့်ခံနေခဲ့သော်လည်း သူ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။

ထိုအချိန်မှာပင် လုယွီ၏စုံမှိတ်နေသောမျက်လုံးများ ရုတ်တရက်ပွင့်လာသည်။

"ဒါဆို ဒီနေရာမှာပေါ့...ဒါက နက်နက်ရှိုင်းရှိုင်းကို ပုန်းကွယ်နေတာပဲ"

Chapter 1888

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးများသည် တွေးခေါ်မျှော်မြင်မှုအလင်းတန်းများဖြင့် လင်းလက်တောက်ပနေပေ၏။

သူ၏ စိတ်ဝိညာဥ် စတင်၍လှုပ်ခတ်စပြုလာသည်။ရုတ်ချည်းဆိုသလိုပင် ထောင်နှင့်ချီသောအတွေးများက သူ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိတည်နေရာကို အဆက်မပြတ် တွက်ချက်နေသည်။

"ဂျီ...ဂျီ..ဖြစ်နိုင်တာတော့ ဒီလူသားက အကြောက်လွန်ပြီး အသံတစ်သံမှ မထွက်ရဲတာပဲဖြစ်မယ်"

မြေကမ္ဘာမဟာနတ်ဆိုးတစ်ကောင်သည် လုယွီ၏ပုံပန်းသွင်ပြင်ကိုမြင်သည်နှင့် သရော်တော်တော်ရယ်မောလိုက်၏။

လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းခန္ဓာကိုယ်သန့်စင်နည်းစနစ်နှစ်ခုဖြင့် ထိန်းညှိထားခြင်းဖြစ်သဖြင့် ထိုမြေကမ္ဘာမဟာနတ်ဆိုးများကို များစွာဆွဲဆောင်နိုင်စွမ်းရှိသည်။

အကယ်၍ သူတို့သာ လုယွီအားဝါးမျိုနိုင်ပါက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် အနည်းဆုံး အဆင့်တစ်ဆင့် မြင့်တက်သွားနိုင်သည်။

နောက်ဆုံး၌ မြေကမ္ဘာမဟာနတ်ဆိုးတစ်ကောင်က လုယွီထံသို့ ပြေးဝင်၍တိုက်ခိုက်လိုက်၏။

သူ ရင်ဆိုင်တိုက်ခိုက်ရန် အနည်းငယ်အခက်တွေ့နိုင်သော အောင်းကွမ်းနှင့်နှိုင်းယှဥ်ပါက လုယွီကို တိုက်ခိုက်သည်က ပို၍လွယ်ကူပေမည်။

မြေကမ္ဘာမဟာနတ်ဆိုး သူ၏အနီးသို့ ချဥ်းကပ်လာသည်ကိုကြည့်ပြီး လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"စစ်သားတွေ အားလုံး ရှေ့ကို ချီတက် ဖွဲ့စည်းပုံ ခင်းကျင်းပြီး ရန်သူကို တိုက်ခိုက် သတ်ဖြတ်ကြစမ်း"

စကားလုံးကိုးလုံးမှော်မန္တန်သည် ရွှေရောင်စာလုံးကြီးကိုးလုံးအသွင်သို့ ပြောင်းလဲသွားပြီး လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ထိုစာလုံးတစ်လုံးခြင်းစီတွင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများ တွယ်ကပ်နေပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုကြီးကို ဖယ်ရှားရှင်းလင်းလိုက်၏။

ဘုန်း....

ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီများအားလုံး ထိုစာလုံးကိုးလုံးကြောင့် လွင့်ပြယ်စပြုလာသည်။ထို့ပြင် အနီးအနားတွင်ရှိနေသည့် အားနည်းသောမြေကမ္ဘာနတ်ဆိုးတချို့သည် အမှုန်အမွှားများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားတော့သည်။

ဤသည်က နတ်ဆိုးချိပ်ပိတ်သူ တာအိုသခင်ဖြစ်စဥ်က ဖန်တီးခဲ့သော မှော်မန္တန်ပင်။ထိုမှော်မန္တန်သည် ​နတ်ဆိုးချီများကို ရင်ဆိုင်ရာ၌ အလွန်အမင်းအစွမ်းထက်သော တားမြစ်ဟန့်တားနိုင်စွမ်းရှိသည်။

"အား...ဒါက ဘယ်လိုမှော်မန္တန်မျိုးလဲ"

မူလက လုယွီထံပျံသန်းသွားသော မြေကမ္ဘာမဟာနတ်ဆိုးသည် ရုတ်တရက် စူးရှနာကျင်စွာအော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ထိုအခိုးအငွေ့များ ထွက်ပေါ်နေသည်နှင့်အမျှ မြေကမ္ဘာမဟာနတ်ဆိုး၏ဧရာမခန္ဓာကိုယ်ကြီးသည် ခွန်အားများလျော့နည်းသွားပုံဖြင့် တဖြည်းဖြည်း ကျုံဝင်စပြုလာသည်။

"မဟုတ်ဘူး..မဟုတ်ဘူး...ဘာလို့ ငါ့ရဲ့ခွန်အားတွေ တစတစ ပျက်ပြယ်လာတာလဲ"

မြေကမ္ဘာမဟာနတ်ဆိုးသည် စူးရှနာကျင်စွာအော်ဟစ်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ပြေးရန်ပြင်ဆင်လိုက်၏။

လုယွီသည် ထိုမြေကမ္ဘာနတ်ဆိုးကို အေးစက်စက်အကြည့်ဖြင့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

"မြေကမ္ဘာအင်မော်တယ် အစောပိုင်းအဆင့်ဖြစ်တဲ့....ခင်ဗျားရဲ့ကျင့်ကြံမှုတွေကို ချန်ထားခဲ့တာ ပိုကောင်းလိမ့်မယ်"

ရုတ်ချည်းဆိုသလိုနီးပါးပင် လုယွီသည် မြေကမ္ဘာမဟာနတ်ဆိုး၏နောက်သို့ ဖျက်ခနဲရောက်ရှိသွားသည်။

အကယ်၍ ရှဟယ်ကဲ့သို့ မြေကမ္ဘာအင်မော်တယ်အလယ်အလတ်ဆင့် ကျင့်ကြံသူမျိုးဆိုပါက လုယွီ ရင်ဆိုင်တိုက်ခိုက်ရာ၌ အခက်အခဲတချို့ရှိနေနိုင်သည်။သို့ရာတွင် ဒြပ်စင်ငါးမျိုးကို စုစည်းပြီးရုံသက်သက်ရှိသေးသော မြေကမ္ဘာအင်မော်တယ်အစောပိုင်းအဆင့်များ၏ကျင့်ကြံဆင့်သည် ကျစ်လစ်သိပ်သည်းခြင်းမရှိသေးချေ။သူတို့သည် သာမာန်လောကီအင်မော်တယ်များထက် အနည်းငယ်သာ ပို၍အားကောင်းသည်။

သူတို့သည် မည်သည့်နည်းနှင့်မျှ လုယွီအတွက် ပြိုင်ဘက်မဖြစ်နိုင်ချေ။

လုယွီသည် ချက်ချင်းပင် မြေကမ္ဘာမဟာနတ်ဆိုး၏နံဘေးသို့ရောက်ရှိသွားပြီး သူ၏လက်ကို နတ်ဆိုး၏ခေါင်းထက်သို့ တင်လိုက်၏။

တက်တူကောင်းကင်ဝါးမျိုနည်းစနစ်၏စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာခြင်းနှင့်အတူ မြေကမ္ဘာမဟာနတ်ဆိုးသည် သူ၏ခန္ဓာကိုယ်မှစွမ်းအားများ အလျှင်အမြန်လျော့ပါးလာခြင်းကို ခံစားမိသည်။

"မြန်မြန်...မြန်မြန်...ငါ့ကိုကယ်ကြအုံး"

ထိုမြင်ကွင်းကိုမြင်သည်နှင့် တခြားမြေကမ္ဘာမဟာနတ်ဆိုးသုံးကောင်သည် အောင်းကွမ်းကိုဆက်လက်၍ မတိုက်ခိုက်တော့ဘဲ သူတို့၏လူအားကယ်တင်ရန် တဟုန်ထိုးပြေးဝင်လာကြသည်။

"ကောင်းပြီလေ...ခင်ဗျားတို့သုံးယောက်ကလည်း ဒီနေရာမှာပဲ သေချင်နေမှတော့...ကျုပ်က ခင်ဗျားတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

လုယွီသည် မြေကမ္ဘာမဟာနတ်ဆိုးသုံးကောင်ကိုကြည့်၍ ကျယ်လောင်စွာအော်ငေါက်လိုက်၏။စကားလုံးကိုးလုံးမှော်မန္တန်သည် လျှပ်စီးမိုးကြိုးကဲ့သို့ မြေကမ္ဘာမဟာနတ်ဆိုးသုံးကောင်ကို ရိုက်ခတ်မိသွားသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်လုံး စူးရှနာကျင်စွာ အော်ဟစ်နေကြတော့သည်။

"မကောင်းတော့ဘူး...ဒီကောင်လေးက သံပြားကြီးပဲ...ငါတို့ သူ့ကို မှားယွင်းပြီးအကဲဖြတ်မိပြီ"

"ဒီကောင်လေးရဲ့ မှော်နည်းစနစ်က ငါတို့ကို အပြည့်အဝ ထိန်းချုပ်ဟန့်တားနိုင်တယ်...ငါတို့က နည်းနည်းလေးတောင် တုံ့ပြန်တိုက်ခိုက်နိုင်မှုမရှိဘူး"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် အဆက်မပြတ်ညည်းတွားနေကြပြီး သူတို့က နတ်ဘုရားစိတ်အာရုံများမှတဆင့် အသနားခံတောင်းပန်လိုက်သည်။

"ထပ်ပြီး မတိုက်ခိုက်ပါနဲ့တော့...ငါတို့က မင်းဆီမှာ လက်အောက်ခံလုပ်ဖို့ ဆန္ဒရှိပါတယ်"

မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်က အော်ဟစ်လိုက်၏။

သို့ရာတွင် လုယွီက မကြားသကဲ့သို့သာပြုမူနေပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ယုတ်ညံတဲ့ နတ်ဆိုးတစ်သိုက်ကများ...မင်းတို့ ဘာတွေးနေလဲဆိုတာ ငါ မသိဘူးလို့ထင်နေတာလား...တကယ်လို့ ငါ မင်းတို့ တောင်းပန်တာကို လက်ခံလိုက်တာနဲ့...မင်းတို့က အခွင့်အရေးရှာပြီး ငါ့ကို လက်စားချေကြမှာမဟုတ်လား"

စကားပြောဆိုနေစဥ်မှာပင် လုယွီက သူ၏မှော်စွမ်းအားများကို ဖြန့်ကျက်၍ မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်ကို သန့်စင်လိုက်သည်။

Chapter 1889

သန့်စင်သောစွမ်းအားလှိုင်းများသည် ပင်လယ်အတွင်းသို့ မြစ်ချောင်းများစီးဝင်နေသည့်အလား လုယွီ၏မရီးဒါန်းများအတွင်းသို့ စီးဝင်လာသည်။

လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူ ချက်ချင်းဆိုသလိုပင် ကျယ်ပြန့်လာပေ၏။ထိုမြေကမ္ဘာမဟာနတ်ဆိုးလေးကောင်သည် အစောပိုင်းအဆင့်မြေကမ္ဘာအင်မော်တယ်လေးယောက်နှင့် ညီမျှသည်။သာမာန်မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူများသည် ထိုနတ်ဆိုးများအနက်မှတစ်ကောင်ကို ဝါးမျိုလိုက်သည်နှင့် သူတို့၏ဒြပ်စင်ငါးမျိုးချီစွမ်းအားကို မှီခို၍ အဆင့်တစ်ဆင့် မြင့်တက်နိုင်ပေမည်။

သို့ရာတွင် လုယွီသည် ရှေးဟောင်းအင်မော်တယ်လမ်းစဥ်ကို လျှောက်လှမ်းနေသူဖြစ်သည်။သူ့အတွက် ဒြပ်စင်ငါးပါးချီစုစည်းနိုင်ရန်သည် တခြားကျင့်ကြံသူများထက် များစွာပို၍ခက်ခဲလှ၏။

အကယ်၍ တခြားသူများ ကျင့်ကြံဆင့်ချိုးဖျက်ရန် ဒြပ်စင်ငါးပါးချီ ရေအိုင်တစ်အိုင်စာမျှလိုအပ်လျှင် သူ့အတွက်ကမူ မြစ်တစ်စင်း ပင်လယ်သမုဒ္ဒရာတစ်စင်းစာမျှလိုအပ်သည်။

"သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်ထိတောင် ရောက်နေပြီလဲ...ဒါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် နတ်ဆိုးလေးကောင်လေ....သူက ဒီလိုကြီးပဲ ဝါးမျိုလိုက်တာလား"

အောင်းကွမ်းသည် နံဘေးဘက်မှ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရ၏။လုယွီသည် မျက်မှောင်တစ်ချက်မကြုံ့ဘဲ မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်ကို ဝါးမျိုလိုက်ခြင်းကိုမြင်သည်နှင့် သူ၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။

အကယ်၍ ယခင်က သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို အာခံလိုသော အတွေးအနည်းငယ်ရှိနေလျှင်ပင် ယခုလက်ရှိချိန်၌ ထိုအတွေးများအားလုံး ပျောက်ကွယ်သွားလေပြီ။

"ဖြစ်နိုင်တာတော့ သူက ငါ့ကိုစမ်းသပ်နေတာများလား...တကယ်လို့ ခုဏကသာ ငါက ခွန်အားကုန်ထုတ်မသုံးဘဲ သူ့ကိုမကာကွယ်ဘူးဆိုရင်...အခုချိန်မှာ သေရမယ့်သူက ငါ ဖြစ်နေလောက်တယ်"

အောင်းကွမ်း၏နောက်ကျောတပြင်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေပေ၏။

လုယွီသည် အောင်းကွမ်းကို လှည့်ကြည့်ခြင်းပင်မပြုချေ။သူက သူ၏စိတ်ဝိညာဥ်မှတဆင့် ပတ်ဝန်းကျင်ကို တိတ်တဆိတ် စူးစမ်းရှာဖွေနေဆဲပင်။ထို့နောက် သူက ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောဆိုလိုက်သည်။

"ဒါက ငါ့ရဲ့ရှေ့မှာပဲ"

အရှေ့မှာလား....

အောင်းကွမ်းသည် ရှေ့သို့တစ်ချက်ကြည့်လိုက်သော်လည်း အကန့်အသတ်မရှိသော မြေသားလွှာများကိုသာ တွေ့မြင်မိသည်။

ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနတ်ဆိုးများအားလုံးသည်လည်း ထိတ်လန့်ကြောက်ရွံစွာဖြင့် အဝေးသို့ထွက်ပြေးသွားကြလေပြီ။သူတို့၏ရှေ့၌ ပိန်းပိတ်သည်အထိမှောင်မည်းသော အမှောင်ထုကြီးကသာ သူတို့အား စောင့်ကြိုနေသည်။

အောင်းကွမ်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သော်လည်း မူမမှန်သောအရာဟူ၍ တွေ့မြင်မိခြင်းမရှိချေ။သူက ဇဝေဇဝါဖြစ်နေသောအမူအယာဖြင့် မေးမြန်းလိုက်၏။

"အရှင်...ကျွန်တော်တို့ နေရာမှားများနေလား"

ဤနေရာတွင် မြေကြီးများဖြင့်သာ ပြည့်နှက်နေသည်။အများဆုံးအနေဖြင့် မြေကမ္ဘာနတ်ဆိုးများကိုသာ မြင်တွေ့ရပေမည်။ဤနေရာ၌ မည်သည့်ထူးခြားချက်များ ရှိနေသနည်း။

လုယွီက စကားတုံ့ပြန်ပြောဆိုခြင်းမရှိချေ။ထိုအစား သူ့ရှေ့ရှိမြေပြင်ကို လက်သီးဖြင့် ထိုးနှက်လိုက်၏။

ထိုမြေလွှာ​ကြေမွပျက်စီးသွားချိန်တွင် မမျှော်လင့်ဘဲ ရှုမျှော်ခင်းတစ်ခု ထွက်ပေါ်လာသည်။ဤနေရာ၌ တခြားလေဟာနယ်နယ်မြေတစ်ခု ရှိနေသည်။

ဤနေရာရှိ မြေအောက်၌ ပုန်းကွယ်၍စီးဆင်းနေသော မြေအောက်မြစ်တစ်စင်းရှိသည်။မည်သည့်နေရာမှ စီးဆင်းလာမှန်းမသိရသည့် လှိုင်းထန်နေသောမြစ်ရေသည် ချောက်နက်ကြီးတစ်ခုအတွင်းသို့ တလိမ့်လိမ့် စီးဝင်နေလေ၏။

ထို့ပြင် မြေအောက်မြစ်အတွင်း၌ လင်းလက်တောက်ပနေသော ဖန်သားနန်းတော်ကြီးတစ်ခုရှိနေသည်။

ဤနေရာသည် မူလက ပိန်းပိတ်သည်အထိမှောင်မည်းသော နေရာတစ်နေရာဖြစ်သော်လည်း ဖန်သားနန်းတော်ကြောင့် အလင်းရောင်အနည်းငယ် တောက်ပနေသည်။

"ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဒီလိုနေရာမျိုးရှိနေတာလဲ"

အောင်းကွမ်းက အံ့အားသင့်တုန်လှုပ်နေသည်။

သူသည် ဤနေရာ၌ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံခဲ့သော်လည်း ဖန်သားနန်းတော်နှင့်ပတ်သတ်၍ တစိုးတစိမျှပင် အာရုံခံမိခြင်းမရှိချေ။

"တိတ်တိတ်နေ...ဂရုစိုက်စမ်း"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ၏စိတ်ဝိညာဥ်သည် တာအိုသခင်အဆင့်စိတ်ဝိညာဥ်ဖြစ်၍ အောင်းကွမ်းထက် များစွာပို၍အစွမ်းထက်သည်။

လုယွီသည် ဤနေရာသို့ရောက်ရှိလာသည်နှင့် လျှို့ဝှက်နယ်မြေတစ်ခုရှိနေခြင်းကို ချက်ချင်းပင် အာရုံခံမိသည်။

"အရင်က ငါ့ရဲ့နှလုံးခုန်နှုန်းတွေမြန်ပြီး ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရတယ်...ဖြစ်နိုင်တာတော့ ဒီအထဲမှာ ပုန်းအောင်းနေတဲ့ တည်ရှိမှုကြီးကြောင့်များလား"

လုယွီ၏စိတ်နှလုံးသားများ လေးလံသွားသည်။

ဖန်သားနန်းတော်၏အထက်၌ အတားအဆီးတစ်ခုရှိနေပုံရပြီး သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို ပိတ်ပင်ဟန့်တားထားသည်။

အောင်းကွမ်းသည် ဖန်သားနန်းတော်၏တံခါးမကြီးဆီသို့ ဖြည်းညှင်းစွာပျံဝဲသွားလိုက်၏။ထိုနေ့ရာ၌ အစောင့်ရုပ်ထုရှစ်ခုက မတ်တတ်ရပ်အနေအထားဖြင့် တည်ရှိနေသည်။ရုပ်ထုတစ်ခုစီသည် မှော်သားရဲခန္ဓာကိုယ်ရှိပြီး သူတို့၏လက်အတွင်း၌ ကွဲပြားခြားနားသောမှော်လက်နက်များကို ကိုင်ဆောင်ထားကာ တံခါး၏ဘေးတစ်ဖက်တစ်ချက်၌ မတ်တတ်ရပ်နေကြသည်။

"ဒီရေသူထီးတွေရဲ့ခေါင်းပေါ်မှာ ဦးချိုလေးချောင်းရှိနေတယ်...အနည်းဆုံးတော့ သူတို့က ပင်လယ်မျိုးနွယ်စုရဲ့ ရွှမ်အင်မော်တယ်ကျင့်ကြံဆင့်ရှိတဲ့ ဘိုးဘေးတွေပဲ"

အောင်းကွမ်းသည် ရေသူထီးရုပ်ထုတစ်ခုကိုကြည့်ပြီးနောက် သူ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။

"ဒီရေသူထီးတွေက ပင်လယ်မျိုးနွယ်စုရဲ့ ထိပ်သီးအရှင်သခင်တွေလို့ ပြောလို့ရတယ်...ဘယ်လိုလုပ်ပြီး သူတို့က ရုပ်ထုတွေထဲမှာ ချိပ်ပိတ်ခံထားရတာလဲ"

Chapter 1890

အောင်းကွမ်းသည် အလွန်အံ့အားသင့်နေပေ၏။

ဤရုပ်ထုရှစ်ခုအနက်မှမည်သည့်ရုပ်ထုမဆို သူ့အား လွယ်လင့်တကူသတ်ဖြတ်နိုင်သော တည်ရှိမှုကြီးများဖြစ်သည်။

ရွှယ်အင်မော်တယ်နယ်ပယ်သို့ ကျင့်ကြံနိုင်သော မည်သူမဆို နယ်မြေတစ်ခု၏ပြိုင်ဘက်ကင်းတည်ရှိမှုအဖြစ် ရပ်တည်နိုင်သည်။တာယွီအင်ပါယာတွင် ထိုကဲ့သို့ကျင့်ကြံသူများသည် ဦးရီးတော်များ အမတ်ကြီးများ သို့မဟုတ် လုံလီကျင်းကဲ့သို့ ကြယ်နယ်မြေသခင်များအဖြစ် ခန့်အပ်ခံရသည်။

ထိုကဲ့သို့ လောကကြီးကိုပင် ဗြောင်းဆန်အောင်လှုပ်ခတ်နိုင်စွမ်းရှိသော ရွှယ်အင်မော်တယ်ကျင့်ကြံသူများသည် ရုပ်ထုအတွင်း၌ချိပ်ပိတ်ခံရပြီး လှုပ်ရှားခြင်းပင် မပြုနိုင်ကြချေ။

"အရှင်....ဒီထဲမှာ ဘာကိုချိပ်ပိတ်ထားတာလဲဆိုတာသိလား"

အောင်းကွမ်းက အလွန်တုန်လှုပ်ချောက်ချားနေသောလေသံဖြင့် မေးမြန်းသည်။

သူသည် မောက်မာဝံ့ကြွားသူတစ်ယောက်ဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏သတ္တိများပျောက်ကွယ်နေပြီး လုယွီ၏နောက်၌ နာခံရို့ကျိုးစွာဖြင့် ပုန်းကွယ်နေလေ၏။

လုယွီက ခေါင်းခါပြလိုက်သည်။သူ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်သော်လည်း နန်းတော်၏အနက်ရှိုင်းဆုံးနေရာထိ ထွင်းဖောက်နိုင်စွမ်းမရှိချေ။

"တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်...အပြင်ဘက်မှာ မင်း စုပ်ယူနေတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေက ဒီနန်းတော်ရဲ့ထောင့်တစ်နေရာကနေ ထွက်လာတာပဲဖြစ်မယ်"

လုယွီက ပြောဆိုသည်။

အောင်းကွမ်း၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။

"ဒီဖန်သားနန်းတော်က ပြီးပြည့်စုံတဲ့မှော်ရတနာတစ်ခုဖြစ်နိုင်တယ်...ဒီထဲကနေ စိတ်ဝိညာဥ်စွမ်းအားတွေ ယိုစိမ့်ထွက်နေမှတော့ ဒီနန်းတော်မှာ အက်ကွဲကြောင်းတစ်ခုတော့ ရှိရမယ်"

သူတို့နှစ်ယောက်လုံးသည် အင်မော်တယ်အဆင့်ကျင့်ကြံသူများဖြစ်၍ သူတို့၏အတွေးများသည် အကန့်အသတ်မရှိချေ။သူတို့သည် ကိစ္စတစ်ရပ်ကို အနည်းငယ်တွေးတောလိုက်ရုံဖြင့် လုံလောက်ပေ၏။

လုယွီက ခေါင်းညိတ်ပြကာ ဖန်သားနန်းတော်၏တံခါးမကြီးထံသို့ လျှောက်လှမ်းသွားလိုက်သည်။ထို့နောက် သူ၏လက်ကို တံခါးလက်ကိုင်ပေါ်သို့ တင်လိုက်၏။

တာအိုသခင်၏စိတ်ဝိညာဥ်မှစွမ်းအားသည် ချက်ချင်းဆိုသလိုပင် နန်းတော်၏နေရာတိုင်းသို့ ပျံ့နှံ့သွားတော့သည်။

အချိန်တခဏကြာပြီးနောက် လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒီနန်းတော်ရဲ့အရှေ့ဘက်ခြမ်းမှာ အက်ကွဲကြောင်းတစ်ခုရှိနေတယ်"

ဤဖန်သားနန်းတော်ကို စတင်မြင်တွေ့စဥ်က လုယွီသည် စိတ်နှလုံးသားအတွင်း၌ မှန်းဆမှုတချို့ရှိသော်လည်း သူ ထိုအရာများကို အတည်မပြုနိုင်ချေ။

သို့ရာတွင် ကံကြမ္မာကောင်းများသည် အန္တရာယ်များကြားမှ ရရှိလာခြင်းပင်။ရွှယ်အင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူများကိုပင် ရုပ်ထုများအတွင်း၌ ချိပ်ပိတ်ထားသဖြင့် ဤနန်းတော်အတွင်း၌ သာမာန်ထက်သာလွန်ထူးကဲသောအရာတစ်ခုရှိနေနိုင်သည်။

ဤသည်က စွန့်စားခန်းတစ်ခုပင်။အကယ်၍ ဤနေရာ၌ အန္တရာယ်တစ်စုံတစ်ခုရှိနေလျှင်ပင် သူ ကံကြမ္မာကောင်းကို ဖမ်းဆုပ်နိုင်ရပေမည်။သို့မဟုတ်ဘဲ လမ်းစဥ်ဟောင်းများအတိုင်းသာ လျှောက်လှမ်းပါက သူ မဟာတာအိုလမ်းကြောင်းကို အပြည့်အဝနားလည်သဘောပေါက်နိုင်မည်မဟုတ်ချေ။

လူတစ်ယောက်နှင့်နဂါးတစ်ကောင်သည် နန်းတော်၏အရှေ့ဘက်ခြမ်းသို့ရောက်ရှိလာရာ အလွန်ကြီးမားသောအက်ကွဲကြောင်းကြီးကို တွေ့မြင်လိုက်ရ၏။

သို့ရာတွင် သူတို့၏ခန့်မှန်းချက်များထက်ကျော်လွန်၍ ထိုအက်ကွဲကြောင်းကြီးသည် လက်ဝါးရာတစ်ခု၏ပုံသဏ္ဌာန်ရှိနေသည်။ထိုအရာသည် တစ်စုံတစ်ယောက်က ပြင်ပမှနေ၍ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဖန်သားနန်းတော်ကြီးအား ရိုက်ချိုးထားသကဲ့သို့ပင်။

အောင်းကွမ်းသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။

"ဟူး....ဒီဖန်သားနန်းတော်ကြီးက ဧကရာဇ်အဆင့်မှော်ရတနာဖြစ်မယ်လို့ ကျွန်တော် ခံစားမိတယ်...ဘယ်သူကများ လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ဒီနန်းတော်ကြီးကို အက်ကွဲစေခဲ့ပါလိမ့်...လောကကြီးထဲက ဘယ်သူမှာများ ဒီလိုကြီးမားတဲ့စွမ်းအားမျိုး ရှိမှာလဲ"

တခြားတစ်ဖက်ရှိ လုယွီကမူ မျက်မှောင်ကြုတ်နေသည်။သူသည် ရှေးဟောင်းနတ်ဆိုးများ၏အငွေ့အသက်ကို အာရုံခံမိလေ၏။

ဤလက်ဝါးရာအက်ကွဲကြောင်းကြီးအတွင်းမှ ထွက်ပေါ်နေသော ရှေးဟောင်းနတ်ဆိုးများ၏အငွေ့အသက်ကို သူ ကောင်းစွာခံစားမိသည်။

"ဖြစ်နိုင်တာတော့ ရှေးဟောင်းနတ်ဆိုးတွေ အရင်က ဒီနေရာကို ရောက်ခဲ့တာများလား"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ သံသယများဖြင့် ပြည့်နှက်နေပြီး သူက အောင်းကွမ်းနှင့်အတူ အက်ကွဲရာကြီးကိုကျော်ဖြတ်၍ အတွင်းသို့ဝင်လိုက်သည်။

သို့ရာတွင် နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့ရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်သွားကြ၏။

ဤဖန်သားနန်းတော်အတွင်း၌ တလိမ့်လိမ့်စီးဆင်းနေသော မြစ်တစ်စင်းရှိနေသည်။ထိုမြစ်အတွင်း၌ မြောက်များစွာသော စိတ်ဝိညာဥ်စွမ်းအင်များ စုဝေးနေပေ၏။ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် အလွန်ပေါကြွယ်ဝသဖြင့် စိတ်ဝိညာဥ်အရည်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။

"ဒါ....ဒါက စိတ်ဝိညာဥ်သွေးကြောလား"

အောင်းကွမ်းက အံ့အားတသင့် ရေရွတ်လိုက်သည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ မြောက်မြားစွာသော စိတ်ဝိညာဥ်သွေးကြောများ ယှက်နွယ်နေသည်။ထိုစိတ်ဝိညာဥ်သွေးကြောများသည် စိတ်ဝိညာဥ်ကျောက်တုံးနှင့်အင်မော်တယ်ကျောက်တုံးများ ဖွဲ့စည်းရာ၌ အခြေခံဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်ထံတွင် စိတ်ဝိညာဥ်သွေးကြောရှိနေပါက ထိုလူသည် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံ တည်ထောင်ရာ၌ အခြေခံအုတ်မြစ်အဖြစ်အသုံးပြုနိုင်ပေ၏။

တာယွီအင်ပါယာသည် သန်းပေါင်းရာနှင့်ချီသောသက်ရှိများ၏အုပ်ချုပ်သူဖြစ်သော်လည်း စိတ်ဝိညာဥ်သွေးကြော၇၂ခုသာရှိသည်။

အကယ်၍ သူ့ထံ၌သာ တစ်ခုရှိနေပါက ယခုချိန်မှစ၍ သူ အလွန်ချမ်းသာကြွယ်ဝသူဖြစ်လေပြီ။သူသည် ဤမြစ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များကိုစုပ်ယူ၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုလည်း အလျှင်အမြန်တိုးတက်အောင် ပြုလုပ်နိုင်ပေမည်။

"ဒီစိတ်ဝိညာဥ်သွေးကြောကိုကြည့်ရတာ ခုချိန်ထိ ခန်းခြောက်ပုံမရသေးဘူး...ငါ ချမ်းသာပြီ....ချမ်းသာပြီကွ"

အောင်းကွမ်းသည် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်၍ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

All Chapters