← Chapters

အခန်း (၁၈၉၁-၁၈၉၅)

Vol. 98 Ch. 1891-1895

အခန်း (၁၈၉၁-၁၈၉၅)

Vol. 98 Ch. 1891-1895

Chapter 1891

အောင်းကွမ်းသည် နဂါးဘုရင်တစ်ယောက်ဖြစ်သော်လည်း အလွန်စိတ်လှုပ်ရှားနေသည်မှာ အံ့အားသင့်စရာမရှိချေ။

ကျင့်ကြံသူများအတွက် စိတ်ဝိညာဥ်သွေးကြောများသည် သေမျိုးလောကမှလူများအတွက် ငွေတွင်းများနှင့် အလားတူညီသည်။

အကယ်၍ သူတို့ထံတွင် စိတ်ဝိညာဥ်သွေးကြောရှိနေပါက ငွေတွင်းကြီးတစ်တွင်း ပိုင်ဆိုင်ထားသည်နှင့်တူညီပြီး အချိန်တိုအတွင်း၌ အလွန်ချမ်းသာကြွယ်ဝသူ ဖြစ်လာပေလိမ့်မည်။

"ငါ့ရဲ့ကျင့်ကြံဆင့်က တည်ငြိမ်တဲ့အခြေအနေမျိုးကို ရောက်နေတယ်...ငါ အဆင့်ချိုးဖျက်နိုင်ဖို့အတွက် ဒီစ်တ်ဝိညာဥ်စွမ်းအင်တွေကို လိုအပ်တယ်"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

သူ၏အတိတ်ဘဝ၌ သူ့ထံတွင် စိတ်ဝိညာဥ်သွေးကြောငါးခုသာရှိခဲ့သည်။

မည်သည့်အဓိကအင်အားစုများအတွက်မဆို သူတို့ထံ၌ ပို၍များပြားသောစိတ်ဝိညာဥ်သွေးကြောများရှိလေလေ သူတို့၏အင်အား ပို၍ခိုင်မာတောင့်တင်းလာလေလေပင်။

စိတ်ဝိညာဥ်သွေးကြောများသည် မည်သည့်အင်အားစုအတွက်မဆို အခြေခံအုတ်မြစ်ဖြစ်သည်။

"အရှင်...ဒါဆိုလည်း ကျွန်တော်က အရှင့်ကို မစောင့်တော့ဘူး"

အောင်းကွမ်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး စိတ်ဝိညာဥ်သွေးကြော၏အထက်ရှိ လေထုအတွင်းသို့ ပျံဝဲသွားလိုက်၏။

အထက်စီးမှကြည့်လျှင် ဤစိတ်ဝိညာဥ်သွေးကြောသည် လှိုင်းထန်နေသောမြစ်တစ်စင်းနှင့်တူညီသည်။စိတ်ဝိညာဥ်စွမ်းအင်များမှတဆင့် သိပ်သည်းလာသော စိတ်ဝိညာဥ်အရည်များသည် ရေပူစမ်းတစ်ခုအလား တလိမ့်လိမ့်ပန်းထွက်နေသည်။အောင်းကွမ်းသည် လေထုအတွင်းမှဆင်းသက်၍ အစွမ်းထက်သော ဝါးမျိုခြင်းစွမ်းအားကို ချက်ချင်းဆိုသလိုပင် အသုံးပြုလိုက်သည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်အရည်များသည် ဆွဲငင်ခြင်းခံရမှုကြောင့် ရေတံခွန်တစ်ခုအလား အောင်းကွမ်း၏ပါးစပ်အတွင်းသို့ ပျံဝဲ၍ဝင်ရောက်သွားသည်။

"ဟား ဟား ဟား...ဘယ်လောက်တောင်သန့်စင်တဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေလဲ...ဒီတစ်ကြိမ်တော့ ငါ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မယ်"

အောင်းကွမ်း၏ရယ်မောသံကြီးက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လုယွီသည်လည်း တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။သူက ချက်ချင်းဆိုသလိုပင် တက်တူဝါးမျိုခြင်းနည်းစနစ်ကိုထုတ်ဖော်၍ မှော်စွမ်းအားများကို ဖြန့်ကျက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်စွမ်းအားများက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဒီရေအလား စီးဝင်လာသည်။

ထိုစိတ်ဝိညာဥ်စွမ်းအားများ သူ၏မရီးဒါန်းများအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူက အဆက်မပြတ်သန့်စင်လိုက်သည်။

လုယွီသည် ဤကျင့်ကြံဆင့်နယ်ပယ်သို့အရောက်တွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများဖြင့် တစ်ချိန်လုံးကျင့်ကြံနေသည်ဟု ဆိုနိုင်ပေ၏။သို့ရာတွင် ယခုလက်ရှိအချိန်၌ အလွန်များပြားသော စိတ်ဝိညာဥ်စွမ်းအားများ၏ ကူညီထောက်ပံမှုဖြင့် သူ၏ကျင့်ကြံမှုအရှိန်နှုန်း အဆများစွာမြင့်တက်သွားနိုင်သည်။

သို့သော် သူတို့နှစ်ယောက် စိတ်ဝိညာဥ်စွမ်းအင်များကြောင့် ပျော်ရွှင်ဝမ်းမြောက်နေစဥ်မှာပင် လုယွီသည် သူ၏စိတ်ဝိညာဥ်မှတဆင့် အဝေးတနေရာမှ အစွမ်းထက်တည်ရှိမှုကြီးတစ်ခုသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် သူတို့ထံချဥ်းကပ်လာခြင်းကို အာရုံခံမိသည်။

"အောင်းကွမ်း...မြန်မြန်နောက်ဆုတ်တော့"

လုယွီက စိတ်ဝိညာဥ်စွမ်းအင်များ ဝါးမျိုနေခြင်းကို ချက်ချင်းရပ်တန့်ပြီး အောင်းကွမ်းကို သတိပေးလိုက်၏။

အောင်းကွမ်းသည် ရူးသွပ်မိုက်မဲသူတစ်ယောက်မဟုတ်ချေ။လုယွီ၏အသံကိုကြားသည်နှင့် ချက်ချင်းပင် သူ၏မျက်လုံးများ တောက်ပကြည်လင်သွားကာ သူ၏နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အောင်းကွမ်းသည် သူ့ထံသို့ တရကြမ်းပြေးဝင်လာသော လိပ်နက်ကြီးတစ်ကောင်ကို တွေ့မြင်မိသည်။

ထိုလိပ်နက်ကြီး၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထူထပ်သောအကြေးခွံများ ရေညှီများနှင့် ဖုံးလွှမ်းနေသည်။လိပ်နက်ကြီး၏ကျောပေါ်၌ မြောက်များစွာသောရှေးဟောင်းအက္ခရာများရေးထွင်းထားသော ရှေးဟောင်းကျောက်စာတစ်ချပ်ရှိနေလေ၏။

ထိုလိပ်နက်ကြီးထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ရှေးဆန်သောအငွေ့အသက်များ လွှမ်းခြုံသွားသည်။

"ဒီမှော်သားရဲက ဘယ်ကနေရောက်လာတာလဲ...ငါ့ရဲ့တိုက်ခိုက်မှုကို ခံယူစမ်း"

အောင်းကွမ်းသည် မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိသူတစ်ယောက်ပင်။ထိုလိပ်နက်ကြီး၏ကျင့်ကြံဆင့်သည် နိမ့်ပါးခြင်းမရှိကြောင်း သူ သိရှိသော်လည်း သူ၏မျက်လုံးထဲပင်ထည့်ခြင်းမရှိချေ။

အောင်းကွမ်းသည် သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟ၍ လောင်ကျွမ်းနေသောမီးတောက်များရောနှောနေသော အခိုးအငွေ့များကို မှုတ်ထုတ်လိုက်၏။

ဘုန်းခနဲအသံနှင့်အတူ မီးတောက်များ ပြန့်ကျဲသွားသည်။

ဤသည်က ရွှေရောင်နဂါး၏အစစ်အမှန်မီးတောက်ဖြစ်သဖြင့် လွန်စွာအဆင့်မြင့်မားသည်။ထိုမီးတောက်သည် အဆင့်မြင့်စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းမှော်ရတနာကိုပင် အရည်ပျော်စေနိုင်စွမ်းရှိသည်။

မီးတောက်များ သူ့ထံချဥ်းကပ်လာသော်လည်း လိပ်နက်ကြီးသည် ဂရုစိုက်ပုံမရဘဲ သူ၏ဦးခေါင်းဖြင့် အောင်းကွမ်းအား ဝင်ဆောင့်လေ၏။

ဘုန်း...

မီးတောက်များသည် လိပ်နက်ကြီးပေါ်သို့ ကျရောက်သွားသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ မာကြောသောအကြေးခွံများကိုသာ လောင်ကျွမ်းသွားစေသည်။သူသည် အစစ်အမှန် ဒဏ်ရာရရှိသွားခြင်းမရှိချေ။

လိပ်နက်ကြီးသည် အနည်းငယ်မျှပင် နာကျင်သွားပုံမရဘဲ ဆက်လက်၍ တိုက်ခိုက်လေသည်။

ဘုန်း...ဘုန်း...ဘုန်း...

လိပ်နက်ကြီး ခြေတစ်လှမ်းလှမ်းချိန်၌ လူတစ်ယောက်၏နှလုံးပေါ်သို့ နင်းလျှောက်နေသည့်အလား နက်ရှိုင်းသောခြေရာကြီးများ မြေပြင်ပေါ်၌ စွဲထင်ကျန်ရစ်ခဲ့သည်။

အောင်းကွမ်းသည် မယုံကြည်နိုင်ဖြစ်နေပြီး သူက စူးရှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။

"ဒါက ဘယ်လိုခုခံကာကွယ်မှုမျိုးလဲ....ထူးဆန်းလိုက်တာ"

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် လုယွီ၏လက်ဝါးမှနေ၍ ရွှေရောင်လက်ဝါးရာကြီးတစ်ခုထွက်ပေါ်လာပြီး လိပ်နက်ကြီးထံဦးတည်၍ ပျံဝဲသွားသည်။

Chapter 1892

ဘုန်း..

ကျယ်လောင်သောဆူညံသံကြီးနှင့်အတူ လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် နောက်ဆုတ်လိုက်ရ၏။

သို့ရာတွင် ဤသည်က ခြေလှမ်းတစ်လှမ်းစာပင်။

လိပ်နက်ကြီး၏နဖူးပြင်ပေါ်ရှိ အကြေးခွံများမှနေ၍ ထူးဆန်းသော ရောင်စဥ်ခုနစ်သွယ်အလင်းတန်းများ လှုပ်ခတ်သွားသည်။ထို့နောက် အလင်းတန်းများပျောက်ကွယ်သွားချိန်တွင် လိပ်နက်ကြီးထံတွင် အမာရွက်တစ်ခုမျှပင် ကျန်ရှိခဲ့ခြင်းမရှိချေ။

"သွားကြစို့"

လုယွီက ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဤလိပ်နက်ကြီးသည် အစစ်အမှန်စိတ်ဝိညာဥ်တစ်ခုမဟုတ်ဘဲ ရုပ်သေးတစ်ရုပ်ဖြစ်ကြောင်း သူ အတပ်ပြောနိုင်ပေ၏။

ဤသည်က ရွှယ်အင်မော်တယ်နယ်ပယ် ရုပ်သေးတစ်ရုပ်ဖြစ်ပေမည်။ထိုသို့မဟုတ်ပါက လိပ်နက်ကြီးသည် ဤမျှထိအစွမ်းထက်နေမည်မဟုတ်ချေ။

အကယ်၍ ဤှရုပ်သေးရုပ်တစ်ရုပ်တည်းသာဆိုပါက သူ နည်းလမ်းတချို့ကိုအသုံးပြု၍ ဖြေရှင်းနိုင်သည်။

သို့ရာတွင် ဖန်သားနန်းတော်ပြင်ပတွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေသော ရုပ်ထုရှစ်ခုသည် အသက်ဝင်တော့မည့် အရိပ်အယောင်များ ပြသလာခြင်းကို သူ အာရုံခံမိသည်။

အကယ်၍ ထိုရုပ်ထုရှစ်ခုသာ အသက်ဝင်လာပါက ဤနေရာ၌ သူတို့နှစ်ယောက်လုံး သေဆုံးသွားနိုင်ချေရှိသည်။

အောင်းကွမ်းသည် ကြက်သေသေနေရာမှ နောက်သို့ပြန်လှည့်ကာ အဝေးသို့ထွက်ပြေးသွားတော့သည်။

သူတို့နှစ်ယောက်သည် လူခွဲ၍ အက်ကွဲကြောင်းနေရာသို့ ဦးတည်၍ ထွက်ပြေးနေကြ၏။

သို့သော် ထိုအချ်န်အခိုက်အတန့်မှာပင် အားလှိုင်းတစ်မျှင်က သူတို့၏နောက်မှ တိုက်ခတ်လာသည်။လုယွီက နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ သုံးခွမှိန်းတစ်ချောင်း သူတို့ထံဦးတည်၍ ပျံဝဲလာခြင်းကို တွေ့မြင်မိသည်။

ဘုန်း...

ပြင်ပလူများ၏ကျူးကျော်မှုကို ခံရသဖြင့် ဖန်သားနန်းတော်ကြီးတစ်ခုလုံး နိုးထလာပုံရသည်။

ရေသူထီးရုပ်ထုရှစ်ခု၏အထက်ပိုင်းခန္ဓာကိုယ်သည် ပြန်လည်အသက်ဝင်နေပြီး သန်မာအားကောင်းသော ယော်ကျားသားတစ်ယောက်နှင့်တူညီသည်။သူတို့၏မျက်လုံးများသည် မိုးပြာရောင်တောက်ပနေပြီး သူတို့၏လက်မောင်းတစ်ဖက်သည် တစ်စုံတစ်ခုကို ပစ်လွှက်တော့မည့် ကိုယ်နေဟန်ထားမျိုးရှိနေဆဲပင်။

ဝှစ်....

သုံးခွမှိန်းသည် လေပြင်းတစ်ခုအလား လုယွီ၏ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။

"မကောင်းတော့ဘူး"

လုယွီက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်က အလွန်လျှင်မြန်သော သေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခုပင်။

ထို့ပြင် ထိုရုပ်ထုများအားလုံးသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။သူတို့ တစ်ကြိမ်တိုက်ခိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားတွင်ရှိသည့် သူတို့၏ပစ်မှတ်ကို ချိပ်ပိတ်ထားနိုင်သည်။သူတို့၏ပစ်မှတ်သည် မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ သူတို့ထံ၌ လိုက်လံတိုက်ခိုက်နိုင်စွမ်းရှိသည်။

"အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း..."

လုယွီက သူ၏လက်ဝါးကိုဆန့်ထုတ်၍ အောက်သို့ဖိနှိပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူ့ရှေ့ရှိလေဟာနယ်သည် သလင်းကျောက်ကဲ့သို့ ကျစ်လစ်သိပ်သည်းသွားသည်။

ဤလှုပ်ရှားမှုသည် သုံးခွမှိန်း၏အရှိန်အဟုန်ကို ယာယီရပ်တန့်သွားစေသည်။

ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်...

လုယွီသည် ရွေးချယ်စရာမရှိတော့သဖြင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းကာ ဆယ်မီတာကျော်မြင့်မားသော မီးနတ်ဘုရားအသွင်သို့ ပြောင်းလဲလိုက်၏။

လုယွီသည် မီးနတ်ဘုရားခန္ဓာကိုယ်ကိုထိန်းချုပ်၍ သူ၏လက်ကိုဆန့်ထုတ်ကာ သူ့ထံချဥ်းကပ်လာသော သုံးခွမှိန်းကို ရိုက်ထုတ်လိုက်သည်။

သို့ရာတွင် ထိုသုံးခွမှိန်းပေါ်၌ ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအား ပါရှိသည်။လုယွီ ရိုက်ထုတ်လိုက်သည့် အချိန်အခိုက်အတန့်တွင် သုံးခွမှိန်းပေါ်ရှိ ရွှယ်အင်မော်တယ်၏စွမ်းအား ရုတ်တရက် ပေါက်ကွဲသွားသည်။

လုယွီသည် လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုထားသည့်တိုင် သူ၏လက်ကောက်ဝတ် တင်းကျပ်သွားသည်ကိုခံစားမိပြီး သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

'ရှေးဟောင်းနဂါးအမြှီးရိုက်ချက်"

အောင်းကွမ်းသည် ထိုအခြေအနေကိုမြင်သည်နှင့် သူ၏လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုပြီး သုံးခွမှိန်းကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်၏။

သူတို့နှစ်ယောက်သည် သူတို့၏လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက်ကြသဖြင့် သုံးခွမှိန်းသည် နောက်ဆုံး၌ လုယွီနှင့် လက်တစ်ကမ်းခန့်အကွာတွင် ရပ်တန့်သွားသည်။

လုယွီက လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ သုံးခွမှိန်းသည် အဝေးသို့လွင့်ထွက်သွားပေ၏။

"ဒီသုံးခွမှိန်းက ရှားပါးတဲ့ရတနာတစ်ခုပဲ"

အတွေးတစ်ချက်နှင့်အတူ လုယွီသည် မီးနတ်ဘုရား၏လက်ကိုဆန့်ထုတ်၍ သုံးခွမှိန်းကိုဖမ်းယူကာ သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

ရုပ်ထုရှစ်ခုလုံးသည် အသက်ဝင်လာသောအရိပ်အယောင်များ ရှိနေသော်လည်း သူတို့သည် အပြည့်အဝနိုးထလာခြင်း မရှိသေးချေ။

သူတို့နှစ်ယောက်လုံး တရကြမ်းထွက်ပြေးခဲ့ကြသဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဖန်သားနန်းတော်၏နယ်မြေအတွင်းမှ ထွက်ခွာနိုင်ခဲ့သည်။

"ဒါက အရမ်းအန္တရာယ်များတာပဲ...ရုပ်ထုရှစ်ခုထဲကတစ်ခု အပြည့်အဝအသက်ဝင်လာရင် ကျွန်တော်တို့ အဲ့ဒီနေရာကနေ ထွက်လာနိုင်မှာမဟုတ်ဘူး...ပြီးတော့ ဟိုလိပ်နက်ကြီးရဲ့ခုခံကာကွယ်နိုင်မှုကလည်း အရမ်း​ကြောက်ဖို့ကောင်းတယ်"

အောင်းကွမ်းက တုန်လှုပ်ချောက်ချားသောအသံဖြင့် ပြောဆိုသည်။

လုယွီသည် အောင်းကွမ်းကို အာရုံစိုက်ခြင်းမရှိချေ။သူ၏နတ်ဘုရားစိတ်အာရုံသည် သုံးခွမှိန်းထံသို့ ကျရောက်နေပေ၏။

ဤသည်က ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုဖြစ်ပြီး သာမာန်စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များထက် များစွာပို၍ အရည်အသွေးကောင်းမွန်သည်။

"ဒီသုံးခွမှိန်းမှာရှိတဲ့ ရေဒြပ်စင်ချီက တော်တော်လေး ပေါများတာပဲ...ငါ ဒါကိုသန့်စင်ပြီး ငါ့ရဲ့ခွန်အားကို တိုးတက်အောင်လုပ်တာ ပိုကောင်းလိမ့်မယ်"

လုယွီသည် အနည်းငယ်မျှပင်တုံ့ဆိုင်းခြင်းမရှိဘဲ မှော်ရတနာကို တိုက်ရိုက်ပင်သန့်စင်လိုက်၏။

Chapter 1893

ဝုန်း...

မြောက်မြားစွာသော ရေဒြပ်စင်ချီများ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်နေသည်။

မူလက သူ့ထံတွင် လုံလုံလောက်လောက်မရှိသော ရေဒြပ်စင်ချီများကို ယခုအချိန်၌ ဖြည့်တင်းပြီးဖြစ်သည်။လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် နောက်ထပ်ခြေလှမ်းတစ်လှမ်း နီးကပ်လာလေပြီ။

"သူက လူသားတစ်ယောက်ရော ဟုတ်ရဲ့လား...ဘာလို့ အရာရာတိုင်းကို သန့်စင်နိုင်တာလဲ"

ထိုမြင်ကွင်းကိုမြင်သည်နှင့် အောင်းကွမ်းက ကူကယ်ရာမဲ့စွာ တုန်လှုပ်ချောက်ချားသွားသည်။

လုယွီ တက်မြောက်ထားသော တက်တူကောင်းကင်ဝါးမျိုနည်းစနစ်သည် ရှေးဟောင်းအချိန်ကာလများတွင် မိုးကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သော နည်းစနစ်တစ်ခုဖြစ်ကြောင်း အောင်းကွမ်းက မည်သည့်နည်းဖြင့် သိရှိနိုင်မည်နည်း။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီသည် သုံးခွမှိန်းကို အပြည့်အဝသန့်စင်နိုင်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ရေဒြပ်စင်ချီများသည် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားလေပြီ"

"အရှင့်ရဲ့စွမ်းရည် ထပ်ပြီးတိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

အောင်းကွမ်းသည် အလျင်စလိုရှေ့တက်၍ ဂုဏ်ပြုစကား ပြောဆိုလိုက်၏။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ သူ၏မျက်နှာထက်၌ မည်သည့်ပျော်ရွှင်မှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။ထိုအစား သူ၏မျက်နှာသည်သုန်မှုန်နေပြီး သူက အောင်းကွမ်းကိုကြည့်၍ မေးမြန်းလိုက်သည်။

"မင်း ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို အရင်က မြင်တွေ့ဖူးလား"

အောင်းကွမ်းသည် အချိန်တခဏကြာ ကြက်သေသေသွားသော်လည်း သူက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လေ၏။

"အရှင်လည်း သူ့ကိုသိတာလား"

အောင်းကွမ်းသည် လုယွီနားလည်မှုလွဲမှားမည်ကို စိုးရိမ်သဖြင့် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို လုယွီအား ရှင်းပြလိုက်၏။

သူ အပြစ်သားပင်လယ်ကြယ်နယ်မြေသို့ ရောက်ရှိလာချိန်တွင် သူ ငြိမ်းချမ်းစွာကျင့်ကြံနိုင်ရန်အတွက် နေရာတစ်ခုကို ရှာဖွေလိုခဲ့သည်။

သို့ရာတွင် အောင်းကွမ်းသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ဤကြယ်နယ်မြေအတွက် လူစိမ်းတစ်ယောက်ပင်။အပြစ်သားပင်လယ်ကြယ်နယ်မြေသို့ ရောက်ရှိမလာမီတွင်လည်း သူသည် စိတ်မချမ်းမြေ့ဖွယ် ကိစ္စတချို့နှင့် ကြုံတွေ့ခဲ့ရ၏။

သူသည် လမ်းခရီးရှိ ကြယ်မြစ်အတွင်း၌ မီးနဂါးတစ်ကောင်နှင့်တွေ့ဆုံခဲ့ရပြီး သူတို့နှစ်ယောက်သည် ရတနာတစ်ခုကို တပြိုင်နက်တည်း တွေ့ရှိခဲ့ကြသည်။

လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ဖြစ်သော အောင်းကွမ်းသည် နဂါးမျိုးနွယ်များကြား၌ အမြင့်မြတ်ဆုံးအဆင့်အတန်းရှိပေ၏။အောင်းကွမ်းသည် သူ၏သဘောသဘာဝအလျောက် ထိုမီးနဂါးကိုမျက်နှာသာမပေးလိုသဖြင့် ထိခိုက်ဒဏ်ရာရအောင်တိုက်ခိုက်ကာ ထိုရတနာကိုလုယူခဲ့သည်။

သို့ရာတွင် မမျှော်လင့်ဘဲ ထိုမီးနဂါးထံတွင် ကြီးမားသောနောက်ခံအင်အားရှိနေသည်။ထိုမီးနဂါး၏ဖခင်သည် အနီးအနားရှိ တာအိုနန်းတော်တစ်ခုမှအရှင်သခင်တစ်ယောက်ဖြစ်ပြီး ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိသည်။

မီးနဂါးအရှင်သခင်သည် အောင်းကွမ်းကို အနည်းငယ်မျှပင် မျက်နှာသာမပေးဘဲ လေဟာနယ်ကိုဖြတ်သန်း၍ လက်ဝါးတစ်ချက်ရိုက်ထုတ်ခဲ့သဖြင့် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့လေ၏။

အောင်းကွမ်းသည် ပြင်ပသို့မထွက်ဝံ့တော့သဖြင့် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်၌ ပုန်းအောင်းကာ တိတ်တဆိတ် အားဖြည့်နေခဲ့ရသည်။

ထိုမီးနဂါးအရှင်သခင်၏ရိုက်ချက်ကြောင့် သူ သေဆုံးသွားခဲ့ခြင်းမရှိသော်လည်း သူ၏ဒေါသများကို မျိုသိပ်နိုင်ခြင်းမရှိချေ။

အောင်းကွမ်းသည် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်၌နေထိုင်ရင်း သူ၏ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထိုအချိန်မှာပင် ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ့ထံသို့ရောက်ရှိလာပြီး မီးနဂါးအရှင်သခင်၏လက်အတွင်း၌ စိတ်ဝိညာဥ်သွေးကြောတစ်ခုရှိကြောင်း ပြောဆိုခဲ့၏။သို့ရာတွင် ထိုစိတ်ဝိညာဥ်သွေးကြောသည် ရှာတွေ့ရန်မလွယ်ကူသဖြင့် မီးနဂါးအရှင်သခင်သည် ထိုနေရာအားစောင့်ကြပ်ရန် အစောင့်အကြပ်တချို့ကိုသာ ထားရှိခဲ့သည်။ထိုနေရာကို လောကီအင်မော်တယ်တစ်ယောက်နှင့်လေလွင့်အင်မော်တယ်အနည်းငယ်သာ စောင့်ကြပ်နေသည်။

အကယ်၍ အောင်းကွမ်းသည် ထိုနေရာကိုတိုက်ခိုက်ပါက သူသည် စိတ်ဝိညာဥ်သွေးကြောကိုရရှိရုံသာမက လက်စားပြန်ချေပြီးဖြစ်ပေမည်။

ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏စကားများသည် အလွန်သွေးဆောင်ဖြားယောင်းနိုင်သော်လည်း အောင်းကွမ်းသည် ရူးသွပ်မိုက်မဲသူတစ်ယောက်မဟုတ်ချေ။အောင်းကွမ်းသည် ကျောက်စိမ်းမျက်နှာသတို့သားအား မည်သည်ကြောင့် သူကိုယ်တိုင် လှုပ်ရှားခြင်းမပြုသည်ကို မေးမြန်းလိုက်၏။

"သူက မီးနဂါးအရှင်သခင်ရဲ့လက်ထဲက ရတနာတစ်ခုကို ခိုးယူဖို့ကြိုးစားမယ်လို့ ပြောခဲ့တယ်...အချိန်ကျလာရင် သူက မီးနဂါးအရှင်သခင်ကို ထိန်းထားပြီး ကျွန်တော်က စိတ်ဝိညာဥ်သွေးကြောကိုယူဆောင်သွားဖို့ပဲလိုအပ်တယ်"

အောင်းကွမ်းက အံ့တင်းတင်းကြိတ်၍ ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော် အဲ့ဒီနေရာကို ရောက်သွားတဲ့အချိန်မှာ ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို မတွေ့ခဲ့ရဘူး....ကျွန်တော် ပြန်ရောက်လာတဲ့အချိန်မှာ အဲ့ဒီကျောက်စိမ်းမျက်နှာကျောင်းတော်သားက ဒီတောင်ပေါ်မှာရှိတဲ့ ကျားနတ်ဆိုးသားရဲတွေကို သွေးဆောင်ဖြားယောင်းပြီး အဝေးကိုခေါ်ထုတ်သွားတာကို သိခဲ့ရတယ်...သူက ကျွန်တော် ထွက်ခွာသွားတာကို အခွင့်ကောင်းယူပြီး ဒီနေရာကို လိုချင်နေခဲ့တာပဲ"

"သူ ကံဆိုးချင်တော့...ကျွန်တော်ရဲ့လက်အောက်မှာ နဂါးနက်တချို့ရှိနေမယ်လို့ သူ မျှော်လင့်ထားမိပုံမရဘူး...ကျွန်တော်ရဲ့လက်အောက်ငယ်သားတွေ ပြင်းပြင်းထန်ထန် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် ကျွန်တော် အချိန်မီပြန်ရောက်သွားနိုင်ခဲ့တယ်....ဒါကြောင့် သူ့ရဲ့အကြံအစည်မအောင်မြင်ဘဲ ဆုတ်ခွာသွားခဲ့တယ်"

လုယွီက သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် အောင်းကွမ်းကို ကြည့်လိုက်၏။

"ဒါပေမယ့် ကျောက်စိမ်းမျက်နှာကျောင်းတော်သားက အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာ အသက်ရှင်ရက်ကြီး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ ငါ ကြားထားတယ်"

အောင်းကွမ်းက ကူကယ်ရာမဲ့စွာဖြင့် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"ဘယ်သူသိမှာလဲ....သူ့ရဲ့နံဘေးမှာ အစွမ်းထက်ကျင့်ကြံသူတွေအများကြီး ရှိနေမယ်ဆိုတာ...သူရဲ့ဘေးမှာ မြေကမ္ဘာအင်မော်တယ်လေးယောက်ရှိနေတယ်....ပြီးတော့ သူကိုယ်တိုင်ကလည်း မြေကမ္ဘာအင်မော်တယ်တစ်ယောက်လေ....သူက ဒြပ်စင်ငါးမျိုးချီတွေကိုတောင် တစ်ခုတည်းအဖြစ်စုစည်းထားနိုင်ပြီးတော့ အချိန်မရွေး မြေကမ္ဘာအင်မော်တယ်အလယ်အလတ်ဆင့်ကို တက်လှမ်းသွားနိုင်တယ်...တကယ်လို့ ကျွန်တော်က အဲ့ဒီကောင်စုတ်လေးကို သတ်ချင်နေရင်တောင် အခုချိန်မှာ ကျွန်တော် သူ့ကို အနိုင်မယူနိုင်သေးဘူး"

Chapter 1894

အောင်းကွမ်းသည် မောက်မာသောစရိုက်ရှိသူဖြစ်သဖြင့် သူ ဤစကားများကို ပြောထွက်လာခြင်းသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၌ အရည်အချင်းတချို့ရှိနေကြောင်း ဆိုလိုသည်။

လျိုရှောင်သည် သူမ၏တပ်ခွဲကိုဦးဆောင်၍ လေဟာနယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်ရန် ထွက်ခွါသွားခဲ့ကြောင်း လုယွီက ရုတ်တရက်အမှတ်ရသွားသည်။

ယခုအချိန်၌ လျိုရှောင်၏ခန့်မှန်းချက်များမှာ ရှုံးနိမ့်မည့်ဘက်သို့ အလေးသာနေလေပြီ။

"အောင်းကွမ်း...မင်းရဲ့လက်အောက်ငယ်သားတွေအားလုံးကိုခေါ်ခဲ့...ငါနဲ့အတူ အဲ့ဒီလေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်ကြမယ်"

လုယွီက ပြောဆိုသည်။

အောင်းကွမ်းက အပျော်လွန်သွားပုံဖြင့် အလျင်စလို ခေါင်းညိတ်ပြလိုက်၏။

"ကောင်းတယ် အရှင်....ကျွန်တော်ကလည်း အဲ့ဒီကောင်တွေကို သတ်ချင်နေတာကြာပြီ"

သူသည် ယခင်က ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို မတိုက်ခိုက်ခဲ့ရသည့်အကြောင်းအရင်းမှာ တစ်ဖက်ရန်သူ၏အင်အားကို ထိတ်လန့်ကြောက်ရွံနေရခြင်းကြောင့်ပင်။

ယခုလက်ရှိချိန်၌ လုယွီသည် သူ့အားကူညီရန်တောင်းဆိုလာသည်မှာ ကောင်းမွန်သည့်ကိစ္စဖြစ်ပေ၏။

အခြေအနေသည် အရေးပေါ်ဖြစ်နေသဖြင့် လုယွီသည် နှောင့်နှေးကြန့်ကြာနေဝံ့ခြင်းမရှိချေ။သူသည် အောင်းကွမ်းအား နဂါးနက်တချို့ကိုခေါ်ယူရန်အမိန့်ပေး၍ ပုန်းကွယ်နဂါးတပ်ခွဲနှင့်အတူ အရှိန်နှုန်းအပြည့်ဖြင့် ထွက်ခွာခဲ့တော့သည်။

တခြားတစ်ဖက်၌....

လျိုရှောင်သည် သူမ၏ကိုယ်ပိုင်တပ်ခွဲမှစစ်သားများနှင့်အတူ ကျွန်းတစ်ကျွန်းပေါ်သို့ တိတ်ဆိတ်ငြိမ်သက်စွာရောက်ရှိနေပြီး ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ထံမှရရှိသော သတင်းအချက်အလက်များအရ ဤနေရာတွင် လေဟာနယ်ဓားပြများ ပုန်းအောင်းနေသည်။

လျိုရှောင်၏တပ်ခွဲ ရောက်ရှိသွားချိန်တွင် ပင်လယ်ရေမျက်နှာပြင်မှနေ၍ ထူထဲသောမြူခိုးများ ရုတ်တရက်မြင့်တက်လာပြီး ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံသွားသည်။

"ဗိုလ်ချုပ်...အရှင်ရှောင်က နဂါးနတ်ဆိုးတွေကိုသတ်ဖို့ ပုန်းကွယ်နဂါးတပ်ခွဲကို ခေါ်ဆောင်သွားတယ်...ဒါက အချိန်သိပ်ကြာမှာမဟုတ်ဘူး...ကျွန်တော်တို့က သူတို့ကိုစောင့်ဆိုင်းပြီးမှ အတူပူးပေါင်းတိုက်ခိုက်ရင် ပိုမကောင်းဘူးလား"

လုကျင်းရှန့်က အကြံပြုလိုက်၏။

သူသည် လုယွီ၏မျက်နှာပေါ်ရှိ သတိကြီးစွာထားနေသောအမူအယာကို မှတ်မိနေဆဲပင်။

ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် သူတို့ထက်ပို၍ သတင်းအချက်အလက်များရရှိထားမည်မှာ သေချာလှသည်။လုယွီသည် ဤနေရာ၌ အန္တရာယ်တချို့ရှိနေခြင်းကို ရှာဖွေတွေ့ရှိထားနိုင်သည်ဟု လုကျင်းရှန့်က သံသယဝင်မိ၏။

လျိုရှောင်က လုကျင်းရှန့်၏အကြံပြုချက်ကို သဘောတူညီခြင်းမရှိချေ။

"အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ဆီကရတဲ့ သတင်းအချက်အလက်တွေအရ...အဲ့ဒီလေဟာနယ်ဓားပြတွေက သူတို့ရဲ့အကန့်အသတ်ကိုရောက်နေပြီ...ငါတို့ လူအများကြီးနဲ့တိုက်ခိုက်ဖို့ မလိုအပ်ဘူး"

လုကျင်းရှန့်က အနည်းငယ် စိုးရိမ်ပူပန်နေဆဲပင်။

"ဒါပေမယ့် အခုချိန်မှာ ကျွန်းရဲ့နံဘေးပတ်လည်တစ်ခုလုံးမှာ မြုခိုးတွေအရမ်းထူထပ်နေတယ်...ကျွန်တော်တို့ရဲ့နတ်ဘုရားစိတ်အာရုံတွေနဲ့ စုံစမ်းထောက်လှမ်းနိုင်မှာမဟုတ်ဘူး...တကယ်လို့ သူတို့က ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ဖို့စောင့်ဆိုင်းနေမယ်ဆိုရင် ကျွန်တော်တို့အားလုံး ချောင်ပိတ်မိသွားနိုင်တယ်"

"နင် ဘာတွေကြောက်နေတာလဲ...ငါတို့က တော်ဝင်နန်းတော်ရဲ့စစ်တပ်ကလူတွေ...ပြီးတော့ ငါတို့က လေဟာနယ်ဓားပြတွေကိုနှိမ်နင်းဖို့ အမိန့်ရထားတယ်...အဲ့ဒီလေဟာနယ်ဓားပြတွေက သောင်းပြောင်းထွေလာရောနေတဲ့ လူတစ်စုသက်သက်ပဲ...ဘာ စိုးရိမ်ပူပန်စရာရှိလို့လဲ"

လျိုရှောင်သည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ပုံမရချေ။သူမသည် သူမ၏လက်အောက်ငယ်သားများအပေါ် ယုံကြည်ချက်ရှိပေ၏။လုယွီ ရောက်ရှိလာမည်ကို စောင့်ဆိုင်းရမည်ဟူသည်မှာ သူမအတွက် ပို၍လက်ခံနိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ပင်။

လျိုရှောင်သည် လုယွီရောက်ရှိလာပြီး သူမ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များ လုယူခံရမည်ကို စိုးရွံနေသူဖြစ်ရာ မည်သည်ကြောင့် သူမက လုယွီကို စောင့်ဆိုင်းရမည်နည်း။

လုကျင်းရှန့် စိုးရိမ်ပူပန်နေဆဲဖြစ်သည်ကိုကြည့်ပြီး လျိုရှောင်က သရော်တော်တော် ပြောဆိုလိုက်သည်။

"နင် အရင်က တပ်ခွဲမှူးတစ်ယောက်ဖြစ်ခဲ့တာကို တွေးတောပြီး...ငါ နင့်အပေါ်မှာ အရမ်းမတင်းကြပ်ခဲ့ဘူး...နင် ရာထူးချခံရတာ အံ့အားသင့်စရာမရှိတော့ဘူး...နင် ငါ့ရဲ့အနောက်မှာ ပုန်းအောင်းနေလို့ရတယ်"

အကယ်၍ လုကျင်းရှန့်သည် ရှေ့ထွက်၍ တိုက်ခိုက်ခြင်းမပြုလျှင်လည်း သူမက စိုးရိမ်ပူပန်ခြင်းမရှိချေ။မည်သည့်ကိစ္စမျိုးဖြစ်လာပါစေ အချိန်ကျလာပါက သူမသည် လုကျင်းရှန့်ကို တိုက်ပွဲအကျိုးဆောင်ရမှတ်များ ခွဲဝေပေးမည်မဟုတ်ပေ။

"ကျိုးရှန့်ဖုန်...လူနည်းနည်းလောက်ခေါ်သွားပြီး အရင်ဆုံး တစ်ချက်သွားကြည့်စမ်း"

လျိုရှောင်က ကျွန်းအား သာမာန်ကာလျှံကာလက်ညှိုးညွှန်၍ ​အမိန့်ပေးလိုက်၏။

ထိုအမိန့်ကိုရရှိသည်နှင့် ရှေ့ပြေးတပ်မှူးတစ်ယောက်သည် စစ်သားတစ်ထောင်ကိုခေါ်ဆောင်၍ မြူခိုးများအတွင်းသို့ တိုးဝင်သွားသည်။

"ဘာမှ စိုးရိမ်မနေကြနဲ့...အဲ့ဒီလေဟာနယ်ဓားပြတွေက ဒဏ်ရာအပြင်းအထန်ရထားလို့ ဒီနေရာမှာလာပြီး အားပြန်ဖြည့်နေကြတာ...တော်ဝင်စစ်တပ်ရောက်လာတယ်ဆိုတဲ့အသံကိုကြားတာနဲ့ သူတို့က ကြောက်လန့်ပြီး တကွဲတပြားစီ ထွက်ပြေးသွားကြမှာကိုပဲ ငါ စိုးရိမ်မိတယ်"

လျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူမသည် အနာဂတ်တွင် တိုက်ပွဲအကျိုးဆောင်ရမှတ်အမြောက်အများရရှိပြီး အဆင့်မြင့်စစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမည့် တောက်ပသောမြင်ကွင်းကို တွေးတောထားပြီးလေပြီ။

သူမသည် မည်သည့်နေရာ၌ သူမ၏အိမ်တော်ကို တည်ဆောက်မည်ကိုပင် စဥ်းစားထားပြီးဖြစ်သည်။

သို့ရာတွင် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသော်လည်း မြူခိုးများအတွင်းမှ မည်သည့်အသံဗလံမှ ထွက်ပေါ်လာခြင်းမရှိချေ။

အချိန်တစ်နာရီခန့် ကုန်ဆုံးသွားသည့်တိုင် မြူခိုးများအကြားတွင် မည်သည့်လှုပ်ရှားမှုမျိုးမျှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

လုကျင်းရှန့်က တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ခံစားမိသွားသည်။သူက ချက်ချင်းပင် သူ၏တံဆိပ်ပြားကိုထုတ်ယူ၍ အသံပေးပို့လိုက်၏။

"ကျိုးရှန့်ဖုန်...အထဲမှာဘယ်လိုအခြေအနေရှိလဲ"

သို့ရာတွင် တံဆိပ်ပြားမှနေ၍ မည်သည့်အသံမျှ တုံ့ပြန်ထွက်ပေါ်လာခြင်းမရှိချေ။

တော်ဝင်စစ်တပ်၏စည်းကမ်းများအရ အကယ်၍ တစ်စုံတစ်ယောက်သည် အသံပေးပို့မှုကို ကြားရပါက ချက်ချင်းတုံ့ပြန်ပြောဆိုရပေမည်။

သို့ရာတွင် ယခုလက်ရှိအခြေအနေမှာ သာမာန်မဟုတ်တော့ကြောင်း သိသာထင်ရှားနေသည်။

Chapter 1895

လုကျင်းရှန့်က အလျှင်အမြန် ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်...ကျိုးရှန့်ဖုန်က ခြုံခိုတိုက်ခိုက်မှုနဲ့ရင်ဆိုင်ရတာဖြစ်နိုင်တယ်...ကျွန်တော်တို့ သတိထားနေတာ ပိုကောင်းလိမ့်မယ်"

သို့ရာတွင် သူ၏သတိပေးစကားသည် လျိုရှောင်ထံမှပြက်ရယ်ပြုမှုကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။

"စိတ်ဝင်စားစရာပဲ....ဘယ်စစ်တပ်က တိုက်ခိုက်ရမယ့်နေရာကိုရောက်ပြီးမှ နောက်ပြန်ဆုတ်လာတာကို နင် မြင်ဖူးလို့လဲ"

လျိုရှောင်သည် လုကျင်းရှန့်ကို လျစ်လျှူရှုရန် ဆုံးဖြတ်ပြီး တပ်ခွဲတစ်ခုလုံးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

တပ်ခွဲရှိစစ်သားများသည် ဗိုလ်ချုပ်ထံမှအမိန့်ကိုရရှိသည်နှင့် မြူခိုးများလွှမ်းခြုံနေသောကျွန်းသို့ ဝင်ရောက်လိုက်ကြ၏။

လုကျင်းရှန့်သည် ရွေးချယ်စရာမရှိတော့သဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး လျိုရှောင်နောက်သို့လိုက်၍ မြူခိုးများလွှမ်းခြုံနေသောကျွန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

သူတို့သည် ကျွန်းပေါ်သို့ရောက်ရှိသည်နှင့် သူတို့ရှေ့ရှိအရာရာတိုင်းကို ကြည်လင်ပြတ်သားစွာ တွေ့မြင်မိသည်။ကျွန်းတစ်ကျွန်းလုံးပေါ်တွင် ထူထပ်သောသစ်တောများ ဖုံးလွှမ်းနေသဖြင့် အတွင်း၌ပုန်းကွယ်နေသည့် အရာများကို တွေ့မြင်နိုင်ရန် လွန်စွာခက်ခဲလှ၏။

လုကျင်းရှန့်သည် သူ၏နတ်ဘုရားစိတ်အာရုံကိုထုတ်လွှင့်၍ အာရုံခံကြည့်သော်လည်း မည်သည့်အရာကိုမျှ တွေ့မြင်ရခြင်းမရှိချေ။

"တစ်ခုခုတော့ မှားနေပြီ"

လုကျင်းရှန့်က ထိတ်လန့်တုန်လှုပ်သွားသည်။

အစောပိုင်းကပင် ကျိုးရှန့်ဖုန်သည် လူတစ်ထောင်ကိုခေါ်ဆောင်၍ ကျွန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤမျှများပြားသောလူများသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားရသနည်း။

"ဗိုလ်ချုပ်...ဒီနေရာမှာ ခြုံခိုတိုက်ခိုက်မှု ရှိနေတယ်"

လုကျင်းရှန့်သည် ကျယ်လောင်စွာအော်ဟစ်ပြီး ချက်ချင်းပင် သူက နောက်သို့ပြန်လှည့်ကာ ပျံသန်းသွားသည်။

လုကျင်းရှန့် နောက်ဆုတ်ပြေးသွားသည်ကိုကြည့်ပြီး လျိုရှောင်၏မျက်ခုံးများ မြင့်တက်သွားသည်။

"လုကျင်းရှန့်...နင် တိုက်ပွဲကနေ ထွက်ပြေးချင်တာလား"

သို့ရာတွင် သူမ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် လုကျင်းရှန့်သည် တိမ်များအကြားမှနေ၍ လွင့်စင်ပြုတ်ကျလာသည်ကို သူမ တွေ့မြင်လိုက်ရ၏။

လုကျင်းရှန့်၏သံချပ်ကာဝတ်စုံတစ်ခုလုံး ဆိုးဆိုးရွားရွား စုတ်ပြတ်နေပြီး သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခြင်းမှာ သိသာထင်ရှားသည်။

"မကောင်းတော့ဘူး...သူတို့က ခြုံခိုတိုက်ခိုက်နေပြီ...မြန်မြန်နောက်ဆုတ်ကြတော့"

လုကျင်းရှန့်၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာပြီး သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဘာ..."

လျိုရှောင်က မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားမလည်သဖြင့် နေရာမှာပင် ကြက်သေသေနေသည်။

ဘုန်း....

လျိုရှောင် ကြက်သေသေနေသောအချိန်အခိုက်အတန့်မှာပင် သူမ၏ရှေ့မှကျွန်းသည် အလယ်မှနေ၍ ရုတ်တရက် ကွဲထွက်သွားသည်။

ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ ယဇ်ပလ္လင်တစ်ခု တဖြည်းဖြည်းမြင့်တက်လာသည်။ထိုယဇ်ပလ္လင်၏အောက်ခြေ၌ မြောက်မြားစွာသော အရိုးများ စုပုံနေကာ မှောင်မည်းပြီးအေးစိမ့်သော အငွေ့အသက်မျိုး မြင့်တက်နေသည်။

ယဇ်ပလ္လင်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လူများအားလုံးသည် သူတို့၏နှလုံးခုန်နှုန်းများ လျှင်မြန်လာခြင်းကို ခံစားမိသည်။

စစ်သားအများစု၏မျက်နှာများ ရုတ်တရက် နီမြန်းသွားသည်။သူတို့၏ခန္ဓာကိုယ်များအနှံ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်လာသည်ကို ခံစားမိပြီး သူတို့ ဖိနှိပ်ထား၍မရချေ။

"စိတ်ဝင်စားစရာပဲ...တော်ဝင်နန်းတော်က ငါတို့ကိုဖျက်ဆီးဖို့ မင်းတို့လိုအသုံးမကျတဲ့လူတွေကို လွှက်လိုက်တာလား...သူတို့က ငါ့ကို အထင်သေးလှချည်လား"

ခပ်အုပ်အုပ်အသံတစ်သံက မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လူအုပ်ကြီး၏ရှေ့၌ ကွန်ဖြူးရှပ်ဝတ်စုံကိုဝတ်ဆင်ထားသော ကျောင်းတော်သားတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။

ထိုကျောင်းတော်သား၏မျက်နှာသည် အလွန်ချောမောခန့်ညားကာ ဖြူဖွေးနူးညံပြီး မည်သည့်မုတ်ဆိတ်ကျင်စွယ်မျှရှိမနေချေ။သူ၏ ဓားသဏ္ဌာန်မျက်ခုံးမွှေးများနှင့်ကြယ်ရောင်တောက်ပသော မျက်လုံးတစ်စုံကြောင့် သူ့အားကြည့်မိသူအပေါင်းကို နွေဦးစမ်းရေအိုင်တစ်ခုအတွင်း၌ ရေချိုးနေရသည့်အလား ခံစားချက်မျိုးရရှိစေသည်။

ဤကဲ့သို့လူမျိုးသည် နာမည်ဆိုးဖြင့်ကျော်စောသော လေဟာနယ်ဓားပြတစ်ယောက်ဖြစ်မည်ဟု စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် ခက်ခဲလှ၏။

"ကျောက်စိမ်းမျက်နှာကျောင်းတော်သား...တကယ်ပဲ နင် ဖြစ်နေတာကိုး...ငါက နင့်ကိုဖမ်းဆီးဖို့ အမိန့်ရထားတယ်...မြန်မြန်အရှုံးပေး အညံခံစမ်း"

လျိုရှောင်က ကျယ်လောင်စွာအော်ငေါက်ပြီးနောက် သူမ၏လက်အတွင်း၌ ဆေဘာဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိ ရာထူးကိုရရှိထားခြင်းသည် ကံကောင်းမှုကြောင့်မဟုတ်ဘဲ သူမ၏ခွန်အားကောင်းမွန်မှုကြောင့်ဖြစ်သည်။

လျိုရှောင်သည် မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည့် အချိန်အခိုက်မှာပင် သူမ၏ လောကီအင်မော်တယ် အထွတ်အထိပ်စွမ်းအားကို အကုန်အစင်ထုတ်လွှက်လိုက်၏။

ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"ဟူး...မင်းက တကယ့်ကို အခေါင်းမမြင်မချင်း မျက်ရည်ကျရမှာကိုမသိတဲ့ မိန်းမပဲ"

လျိုရှောင်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး သရော်တော်တော် ပြောဆိုလိုက်သည်။

"ဘာလဲ..နင်က သေတော့မယ့်အချိန်နဲ့နီးကပ်လာလို့ သွေးရူးသွေးတန်းစကားတွေ ပြောနေတာလား"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ၏ခေါင်းကိုခါယမ်းပြပြီး ရုတ်တရက် သူ၏နံဘေးပတ်ဝန်းကျင်သို့ ဝေ့ဝိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ထွက်လာခဲ့တော့"

ဝှီး....

စူးရှပြီးနတ်ဆိုးဆန်သော လေပြင်းက ရုတ်တရက် ဖြတ်သန်းတိုက်ခတ်လာသည်။

ထို့နောက် ထူးဆန်းသော အမျိုးသမီးသံတစ်သံက လေထုအတွင်းမှ ထွက်ပေါ်လာပေ၏။

"မြန်မြန်လေး...ငါ့ကို ခုဏတုန်းက ဒဏ်ရာရအောင်လုပ်ခဲ့တာ ဘယ်သူလဲဆိုတာ...ငါ ကြည့်အုံးမယ်"

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏နံဘေးသို့ လျှောက်လှမ်းလာပြီး သူမက လျိုရှောင်တို့လူစုကို နာကျည်းမုန်းတီးမှုများပြည့်နှက်နေသောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။

All Chapters