အခန်း (၁၉၀၆-၁၉၁၀)
Vol. 99 Ch. 1906-1910
Chapter 1906
ဤသည်မှာ သာမာန်နတ်ဘုရားတစ်ပါးမဟုတ်ဘဲ အလယ်ခေတ်မှနေ၍ မြောက်မြားစွာသော ပြန်လည်ဝင်စားခြင်းများကို အတွေ့အကြုံရှိခဲ့သည့် အဆင့်မြင့်နတ်ဘုရားတစ်ပါးပင်။
အတိတ်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ရှုရာနတ်ဘုရားကို နှိမ်နင်းနိုင်ရန် မယုံကြည်နိုင်ဖွယ် နည်းလမ်းမျိုးစုံကိုအသုံးပြုခဲ့ရပြီး ရှုရာနယ်မြေကို တာယွီအင်ပါယာ၏ထိန်းချုပ်မှုအောက်၌ ထားရှိခဲ့သည်။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ရှုရာနယ်မြေအတွင်းတွင် အသေးစားပုန်ကန်မှုတချို့ရှိသော်လည်း တာယွီအင်ပါယာအပေါ် များစွာသက်ရောက်စေနိုင်ခြင်းမရှိချေ။
ယခုလက်ရှိချိန်၌ ရှုရာနတ်ဘုရား ပြန်လည်မွေးဖွားလာလေပြီ။
ရှုရာနတ်ဘုရား၏ အထွတ်အထိပ်အချိန်ကာလ၌ တာအိုသခင်တချို့ပင်လျှင် သူ့အားယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
ရှုရာနယ်မြေတွင် သူသည် မြောက်များစွာသောရှုရာများ၏ ယုံကြည်ကိုးကွယ်မှုကိုရရှိထားကာ ထာဝရအသက်ကိုရရှိထားသော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သည်။
"မင်းရဲ့စိတ်ဝိညာဥ်က အရမ်းအစွမ်းထက်ပြီးတော့...မင်းရဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုမရှိဘူးဆိုတာ ငါ ခံစားမိတယ်...ကြည့်ရတာတော့ မင်းကလည်း ပြန်လည်မွေးဖွားလာသူတစ်ယောက်ပဲဖြစ်မယ်...ကံဆိုးချင်တော့ မင်းက ငါနဲ့ တွေ့ခဲ့ရတယ်"
ရှုရာနတ်ဘုရားသည် ထူးဆန်းသောရယ်မောသံကြီးဖြင့်ရယ်မောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
"ငါ စဥ်းစားကြည့်အုံးမယ်...မင်းမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ စိတ်ဝိညာဥ်ရှိနေတာတောင်....နိမ့်ကျတဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ လိုလိုလားလား နေနေခဲ့တယ်...ကြည့်ရတာတော့ မင်းမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တချို့ ရှိနေတယ်မလား"
ရှုရာနတ်ဘုရားက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
လုယွီ၏စိတ်နှလုံးသားများ လေးလံသွားပြီး သူ၏စိတ်အတွင်းမှနေ၍ တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို စတင်၍တွေးတောလိုက်သည်။
သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိခဲ့သောအချိန်မှစ၍ သူ၏စိတ်ဝိညာဥ်ကို မည်သူမျှ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
ဦးရီးတော်ရှားဟိုလီဖြစ်စေ လော့ရွှေကြယ်မြစ်အရှင်သခင်ဖြစ်စေ မည်သူကမျှ သူ၏သရုပ်မှန်ကို မသိရှိကြပေ။
သို့ရာတွင် မမျှော်လင့်ဘဲ ဤရှုရာနတ်ဘုရားသည် အကြည့်တစ်ချက်ဖြင့်ပင် လုယွီ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော ရှုရာနတ်ဘုရားနှင့် ရင်ဆိုင်ရသဖြင် လုယွီသည် ဖိအားတချို့ ခံစားနေရ၏။
"မဟုတ်သေးဘူး"
အတွေးတစ်ခုက ရုတ်တရက် လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
"တကယ်လို့ မင်းသာ အစစ်အမှန်ရှုရာနတ်ဘုရားဆိုရင်...ဘာလို့ မင်း ငါ့လိုလောကီအင်မော်တယ်တစ်ယောက်နဲ့ ဒီလောက်စကားအများကြီး ပြောနေမှာလဲ...ငါ့ကို တိုက်ရိုက်ဝါးမျိုလိုက်တာ ပိုမကောင်းဘူးလား...မင်းက ခုထိ ဒီခန္ဓာကိုယ်နဲ့ အပြည့်အဝမပေါင်းစပ်နိုင်သေးတာပဲဖြစ်မယ်"
ထိုအတွေးကိုအတည်ပြုရန်အတွက် လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို ထုတ်ဖော်အသုံးပြု၍ ရှုရာနတ်ဘုရားထံဦးတည်ကာ ထိုးစိုက်လိုက်သည်။
ဝှစ်...
ကြောက်မက်ဖွယ်ဓားချီလှိုင်းက ချက်ချင်းဆိုသလို ရှုရာနတ်ဘုရားထံသို့ ရောက်ရှိလာသည်။
"မင်း လုပ်ရဲလား...မင်းက ဒီနတ်ဘုရားရဲ့အဆင့်အတန်းကိုသိနေတာတောင် တိုက်ခိုက်ဝံ့သေးတာလား"
ရှုရာနတ်ဘုရားက သရော်တော်တော်ပြောဆိုပြီး သူ၏လက်ဝါးကို လေဟာနယ်အတွင်းသို့ ဖိနှိပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူရှေ့ရှိလေဟာနယ် တွန့်လိမ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် ရှုရာနတ်ဘုရား၏လှုပ်ရှားမှုအောက်၌ အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်ရှိ မိုးကောင်းကင်တာအို ဖရိုဖရဲဖြစ်သွားသည်။
လုယွီ၏ဓားချီသည်လည်း လေဟာနယ်တွန့်လိမ်သွားခြင်းနှင့်အတူ ပုံပျက်သွားပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
"နတ်ဘုရားနယ်မြေလား"
လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားပေ၏။
ဤသည်က အဆင့်မြင့်နတ်ဘုရားများ၏ပြိုင်ဘက်ကင်းနည်းစနစ်ပင်။
ထိုနည်းစနစ်ကို အသုံးပြုသည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိမိုင်အနည်းငယ်ပတ်လည်သည် နတ်ဘုရားနယ်မြေတစ်ခုအဖြစ် ဖြစ်တည်လာပေ၏။ထိုနယ်မြေအတွင်း၌ နတ်ဘုရားများကို အရာရာတိုင်းကို အောင်နိုင်သော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးများဟု ယူဆနိုင်သည်။
ဤလှုပ်ရှားမှုသည် မိုးကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့် စွမ်းအားမျိုးရှိသော်လည်း နတ်ဘုရားများအတွက်ပင် မှော်စွမ်းအင်ကုန်ခမ်းမှုနည်းပါးခြင်းမရှိချေ။
"ဒီယဇ်ပလ္လင်က မင်းရဲ့အားနည်းချက်ပဲ....မင်း အဲ့ဒီနေရာမှာမတ်တတ်ရပ်နေတာ အချိန်အတော်ကြာနေပြီ...တကယ်လို့ မင်းရဲ့ခွန်အားကိုသာ မင်း အပြည့်အဝပြန်ရထားရင်...ဘယ်လိုလုပ်ပြီး ငါ့ကို အလွတ်ပေးမှာလဲ"
လုယွီက ကျယ်လောင်စွာ အော်ငေါက်ပြီးနောက် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်နည်းစနစ်ကိုအသုံးပြုကာ ပေပေါင်းများစွာမြင့်မားသော မီးနတ်ဘုရားအသွင်သို့ ပြောင်းလဲလိုက်သည်။
မီးတောက်များ၏အကြားမှ မီးနတ်ဘုရားသည် သူ၏လက်ကိုဆန့်တန်း၍ ဧရာမမီးတောက်ဓားရှည်ကြီးအသွင် သိပ်သည်းပြီး ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ရှုရာနတ်ဘုရား၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူခိုးများဖြင့် ရစ်သိုင်းလွှမ်းခြုံထားပြီး သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုသည်။
"သေမျိုး...မင်းက ဒီနတ်ဘုရားကိုတောင် စိန်ခေါ်တိုက်ခိုက်ဝံ့တယ်ပေါ့လေ...ငါ့ရဲ့နတ်ဘုရားစွမ်းအားကြောင့် မင်း အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားမှာ သေချာတယ်"
ရှုရာနတ်ဘုရား၏အသံနှင့်အတူ ကျွန်းပေါ်ရှိမြေပြင်တပြင်လုံး ကျက်တီးမြေအဖြစ်သို့ ပြောင်းလဲစပြုလာသည်။
မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန်များ သစ်ပင်ကြီးများအားလုံး အလွန်လျှင်မြန်သောအရှိန်ဖြင့် ညှိုးနွမ်းခြောက်သွေ့သွားပြီး မူလအသက်ဓာတ်များ ဆုံးရှုံးသွားကြသည်။
လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ်သည် ကျွန်းပေါ်ရှိ သက်ရှိများအားလုံးထံမှ အသက်ဓာတ်များကို အတင်းအဓမ္မလုယူသွားပေ၏။
သို့ရာတွင် ထိုစွမ်းအားသည် လုယွီအပေါ်၌ သက်ရောက်မှုမရှိချေ။
"ဒီမြင့်မြတ်တဲ့နတ်ဘုရားက...မင်းရဲ့သက်တမ်းနှစ်တစ်သောင်းကို နှုတ်ယူတယ်"
ရှုရာနတ်ဘုရားက မောက်မာဝံ့ကြွားသောအသံဖြင့်ပြောဆိုပြီး လုယွီထံဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။
Chapter 1907
ရှုရာနတ်ဘုရား၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာသကဲ့သို့ တအုန်းအုန်းမြည်ဟီးနေသည်။
ထိုအသံသည် အမိန့်တော်တစ်ခုနှင့်တူညီပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ဤအသံကိုကြားမိသော မည်သူမဆို သူတို့၏စိတ်နှလုံးသားမှလာသော ခယဝပ်တွားလိုစိတ်ကို ခံစားမိကြသည်။
မကြာမီမှာပင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းသည် လုယွီရှိနေသော ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့ထံသို့ အလျှင်အမြန် ရောက်ရှိလာသည်။
"မင်းက ငါ့ရဲ့သက်တမ်းကို နှုတ်ယူချင်တာလား"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ မီးတောက်လောင်နေသော အဆောင်လက်ဖွဲ့တစ်ခုက သူ၏လက်ဝါးအတွင်း၌ ထွက်ပေါ်လာသည်။
ထိုအဆောင်လက်ဖွဲ့သည် ရှေးဟောင်းအက္ခရာတစ်လုံးဖြစ်ပြီး ထွက်ပေါ်လာသည်နှင့် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က နတ်ဘုရားနယ်မြေပေါ်သို့ သက်ရောက်လာသည်။
နတ်ဘုရားနယ်မြေ၏ပိုင်ရှင်ဖြစ်သူ ရှုရာနတ်ဘုရားပင်လျှင် ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။
"မင်း ဘယ်သူလဲ....ဖြစ်နိုင်တာတော့ မင်းလည်း ရှေးခေတ်က နတ်ဘုရားတစ်ပါးပဲလား"
ရှုရာနတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤဖိအားအရှိန်အဝါမှနေ၍ သူ့အား ဖျက်ဆီးနိုင်သော တည်ရှိမှုကြီး၏အရိပ်အယောင်ကို သူ အာရုံခံမိသည်။
ဤသည်က နတ်ဘုရားတစ်ပါးထက် မြင့်မားသောအဆင့်အတန်းရှိသူများသာ ထုတ်လွှက်နိုင်သော ဖိအားအရှိန်အဝါပင်။
"တကယ်လို့ မင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်နေရင်တောင်...အခုချိန်မှာ မင်းက သေမျိုးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေတာ....ငါ မင်းကို ဝါးမျိုလိုက်တာနဲ့...ငါ့ရဲ့နတ်ဘုရားဇာတာက ပိုပြီးမြင့်တက်သွားနိုင်တယ်"
ရှုရာနတ်ဘုရား၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အချိန်တိုက်စားခြင်းစွမ်းအားကို ထပ်မံ၍အသုံးပြုကာ တိုက်ခိုက်လိုက်၏။
သူ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် ကြီးမားသောရှုရာဓမ္မပုံရိပ်ယောင်ကြီးအဖြစ် သူ၏ခေါင်းထက်၌ သိပ်သည်းသွားသည်။
ဤသည်က နတ်ဘုရားတစ်ပါး၏ဓမ္မရုပ်ထုဖြစ်သဖြင့် သာမာန်ကျင့်ကြံသူများ၏ဓမ္မရုပ်ထုများကို ဖိနှိပ်နိုင်သည်။
"သေမျိူးလား....မင်း ဘယ့်သူကို သေမျိုးလို့ ပြောလိုက်တာလဲ"
လုယွီသည် မီးနတ်ဘုရား၏ကြောက်မက်ဖွယ်မီးတောက်များ အကြား၌ရှိနေပြီး သူက အေးစက်တင်းမားသောအကြည့်ဖြင့် ရှုရာနတ်ဘုရားကို စူးစိုက်၍ကြည့်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်သည် လုယွီ၏နံဘေးမှ ထွက်ပေါ်လာပြီး ရှုရာနတ်ဘုရား၏တိုက်စားခြင်းစွမ်းအားသည် သူ့ကို တစိုးတစိမျှပင် ထိခိုက်စေခြင်းမရှိချေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရှုရာနတ်ဘုရားက တုန်လှုပ်ချောက်ချားသွားသည်။
သူ၏ အချိန်တိုက်စားခြင်းစွမ်းအားသည် တာအိုသခင်အများစုပင်လျှင် ခက်ခက်ခဲခဲရင်ဆိုင်ရသော အရာဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုစွမ်းအားသည် အသုံးဝင်ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ လုယွီ အသွင်ပြောင်းထားသော မီးနတ်ဘုရားသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်သည်ကို ရှုရာနတ်ဘုရား သိရှိနိုင်မည်မဟုတ်ချေ။
ဤကဲ့သို့နတ်ဘုရားမျိုးသည် နောင်မျိုးဆက်မှဖြစ်သော ရှုရာနတ်ဘုရားကဲ့သို့နတ်ဘုရားများ စိန်ခေါ်နိုင်မည့်အရာမျိုးမဟုတ်ပေ။
ဘုန်း...
လုယွီသည် မီးနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်၍ အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ သူ၏လက်တစ်ဖက်ဖြင့် ယဇ်ပလ္လင်ကိုရိုက်နှက်လိုက်၏။
"မကောင်းတော့ဘူး"
မူလက တည်ငြိမ်အေးဆေးနေသော ရှုရာနတ်ဘုရား၏မျက်နှာပေါ်တွင် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံသွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
လုယွီ၏ပစ်မှတ်သည် သူမဟုတ်ဘဲ သူ့နောက်မှယဇ်ပလ္လင်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ယဇ်ပလ္လင်ကြီးကွဲအက်သွားမှုနှင့်အတူ အတွင်း၌ သိုလှောင်ခံထားရသော မရေမတွက်နိုင်သောစိတ်ဝိညာဥ်များသည် နွေဦးစမ်းရေကဲ့သို့ စိမ့်ထွက်လာပေ၏။
ထိုအရာများသည် ရှုရာနတ်ဘုရား၏လက်အောက်ငယ်သားများမှ ဖမ်းဆီး၍ ဤနေရာ၌သတ်ဖြတ်ခြင်းခံထားရသော သက်ရှိများ၏ စိတ်ဝိညာဥ်များပင်။
ယခုလက်ရှိချိန်၌ ရှုရာနတ်ဘုရားအား ပြန်လည်ကောင်းမွန်လာစေရန် ကူညီထောက်ပံပေးနေသော စိတ်ဝိညာဥ်များအားလုံး ပျောက်ကွယ်သွားလေပြီ။ထို့ကြောင့် သူ ယခင်စွမ်းအားမျိုးပြန်လည်ရရှိရန် ထပ်မံ၍အချိန်ကြာကြာ စောင့်ဆိုင်းရပေတော့မည်။
"ဒါဆို...မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်က အထဲမှာပေါ့"
လုယွီ၏မျက်လုံးများ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။သူသည် ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုဖြစ်သော ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြုလိုက်ရာ ယဇ်ပလ္လင်အတွင်းရှိ အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။
ထိုနေရာတွင် လက်မောင်းတစ်ဖက်ကို မြေကြီးအတွင်း၌ နှစ်မြှုပ်ထားသည်။
ထိုလက်မောင်းသည် ရှေးကျပြီး ကံကြမ္မာအပြောင်းအလဲများကို ရင်ဆိုင်ခဲ့ရပုံရှိကာ ကောင်းကင်နှင့်မြေပြင်အကြားရှိ ညှို့ဓာတ်များအားလုံး ကိန်းအောင်းနေပုံရသည်။
သို့ရာတွင် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ့ရှေ့ရှိလက်မောင်းပြတ်ရှိ လက်ချောင်းငါးချောင်းတွင် လက်ချောင်းလေးချောင်းသာ ကျန်ရှိနေခြင်းပင်။
"ကောလဟာလတွေအရတော့ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က ရှုရာနတ်ဘုရားကိုဖိနှိပ်ထားဖို့အတွက် သူ့ရဲ့လက်တစ်ဖက်ကို ဖြတ်တောက်ပြီး လက်ချောင်းတစ်ချောင်းစီကို အပြစ်ဒဏ်တစ်မျိုးစီပေးခဲ့တယ်လို့ ဆိုကြတယ်...ခုကြည့်ကြည့်တော့မှ ဒါက အမှန်ဖြစ်နေတာပဲ"
လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်များကိုသာ ဝါးမျိုထားရသဖြင့် သူ၏မှတ်ဥာဏ်များသည် ပြည့်စုံခြင်းမရှိချေ။
သို့ရာတွင် သူ့ရှေ့ရှိလက်မောင်းပြတ်ကိုကြည့်ပြီး ရှုရာနတ်ဘုရား၏လက်ဖြတ်တောက်ခံရသော ဒဏ္ဍာရီသည် အမှန်ဖြစ်နေကြောင်းကို သိရှိလိုက်ရသည်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ ဤဖြတ်တောက်မှုသည် မဟာတာအို၏တိုက်ခိုက်မှုတစ်ခုဖြင့် ညီမျှလေ၏။အကယ်၍ ရှုရာနတ်ဘုရားတွင် သာမာန်ထက်သာလွန်ထူးကဲသောစွမ်းအားမျိုး ရှိနေလျှင်ပင် သူသည် ဘယ်သောအခါမျှ နောက်ထပ်လက်ငါးချောင်း ပြန်လည်ပေါက်ဖွားနိုင်မည်မဟုတ်ချေ။
Chapter 1908
"မင်းက ခန္ဓာကိုယ်အပိုင်စီးတဲ့နည်းလမ်းကို ရွေးချယ်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ခု ကြည့်ကြည့်တော့မှ မင်းရဲ့ လက်ချောင်းတစ်ချောင်းပဲ ပြန်ရှင်သန်နိုင်သေးတာကိုး"
ထိုအခြင်းအရာကိုမြင်တွေ့သည်နှင့် လုယွီက မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ချက်ချင်းပင် သိနားလည်သွားသည်။
ရှုရာနတ်ဘုရားသည် သွေးဆာပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်သော နတ်ဆိုးနတ်ဘုရားတစ်ပါးဖြစ်သည်။
အတိတ်တွင် ရှုရာနယ်မြေ၏ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများသည် ရှုရာနတ်ဘုရားကို အနည်းငယ်မျှပင် ရန်စစော်ကားခြင်းမပြုကြချေ။သို့ရာတွင် ရှုရာနတ်ဘုရား၏သတ်ဖြတ်လိုစိတ်သည် အလွန်ပြင်းထန်သဖြင့် ပတ်ဝန်းကျင်ရှိကြယ်နယ်မြေများအားလုံးမှ သက်ရှိများကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။
ဤသည်က စိတ်ကူးယဥ်နိုင်မှုများထက်ကျော်လွန်သော ရာဇဝတ်မှုကြီးပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ပင်လျှင် ကောင်းကင်ဘုံနယ်မြေ၏ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများကို နှိမ်နင်း၍ လက်အောက်ခံများအဖြစ်သာ သိမ်းသွင်းခဲ့သည်။
ဤကဲ့သို့နတ်ဆိုးမျိုးသည် လုယွီ၏အစွမ်းထက်သောစိတ်ဝိညာဥ်အာရုံခံမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
သူသည် လုယွီနှင့်စကားအမြောက်အများပြောဆို၍ အချိန်ဆွဲနေရသည့်အကြောင်းအရင်းမှာ သူ အပိုင်စီးထားသောခန္ဓာကိုယ်ကို အပြည့်အဝထိန်းချုပ်နိုင်မှု မရှိသေးသောကြောင့်ပင်။
အတိတ်တွင် ရှုရာနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးချုပ်ကိုင်နိုင်သော တည်ရှိမှုကြီးဖြစ်ပြီး တာအိုသခင်အမြောက်အများ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ၏ပြိုင်ဘက်မဖြစ်ခဲ့ကြချေ။သို့ရာတွင် ယခုချိန်၌ သူသည် လက်ချောင်းတစ်ချောင်းမှ ပြန်လည်အသက်ရှင်သန်လာခြင်းဖြစ်သည်။
"ကောင်စုတ်လေး...မင်း သေချင်နေတာလား"
ရှုရာနတ်ဘုရားသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး လုယွီထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ထိုလက်သီးချက်သည် မိုးခြိမ်းသံတမျှကျယ်လောင်ပြီး သူ့ရှေ့ရှိလေဟာနယ်ပင် ကျုံဝင်သွားခဲ့သည်။ဤသည်က လေဟာနယ်တစ်ခုလုံး ပျက်စီးပြိုလဲသွားခြင်းနှင့် တူညီလှသည်။
ဤသည်က နတ်ဘုရားတစ်ပါး၏လက်သီးချက်ပင်။
ထိုလက်သီးချက်သည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည်နှင့် သူ အသွင်ပြောင်းထားသော မီးနတ်ဘုရားပုံရိပ်ယောင်၏တစ်ဝက်ခန့် ကြေမွပျက်စီးသွားသည်။
ကြွင်းကျန်သောမီးနတ်ဘုရားပုံရိပ်ယောင်တစ်ဝက်သည် လုယွီအား ထိုလက်သီးချက်၏ကျန်ရှိသောအားလှိုင်းကို ပိတ်ပင်တားဆီးနိုင်ရန် ထောက်ပံကူညီပေးလေ၏။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာဆဲပင်။
ဖူး...
လုယွီ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။သူသည် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ပေါင်းစပ်၍အသုံးပြုထားသည့်တိုင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ရုံသာရှိသည်။
အမ်...
ရှုရာနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်၏။
သူ၏ခွန်အားဖြင့် နိမ့်ကျသောလောကီအင်မော်တယ်တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သေဆုံးစေနိုင်ခြင်းမရှိမည်ဟု သူ မျှော်လင့်ထားခြင်းမရှိချေ။
"ရှုရာနတ်ဘုရား...မင်း ပြန်ရှင်သန်လာဖို့ စဥ်းတောင်မစဥ်းစားနဲ့"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ရွှေရောင်မီးတောက်တစ်ခုက ရုတ်တရက် ပျံဝဲထွက်လာသည်။
ထိုမီးတောက်သည် လေထုအတွင်း၌ ရွှေရောင်မီးပွါးများအဖြစ် ပေါက်ကွဲသွားပြီး လက်မောင်းပြတ်ကြီးပေါ်သို့ ကျရောက်သွားသည်။
"ရယ်စရာကောင်းလိုက်တာ...မင်းရဲ့ခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်နဲ့ ငါ့ရဲ့လက်မောင်းပြတ်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
လုယွီ၏လှုပ်ရှားမှုကိုမြင်ချိန်တွင် ရှုရာနတ်ဘုရားက သရော်တော်တော် ပြောဆိုလိုက်၏။
သူသည် လုယွီ၏တိုက်ခိုက်မှုအတွက် တစိုးတစိမျှပင် စိုးရိမ်ပူပန်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ရှုရာနတ်ဘုရားသည် သမားရိုးကျနတ်ဘုရားတစ်ပါးဖြစ်နေသည့်တိုင် သူ၏လက်မောင်းပြတ်သည် နတ်ဘုရားခန္ဓာကိုယ်မှဖြစ်သည်။
သာမာန်လောကီအင်မော်တယ်တစ်ယောက်သည် ထိုလက်မောင်းပြတ်ကို ဖျက်ဆီးရန်မဆိုထားနှင့် ထိုအရာပေါ်၌ ခြစ်ရာတစ်ခုထင်အောင်ပြုလုပ်ရန်ပင် လွန်စွာခက်ခဲပေမည်။
"အဲ့ဒီလိုလား"
လုယွီ၏မျက်လုံးများက အေးစက်နေပြီး သူသည် လက်မောင်းပြတ်အနီးသို့ ရောက်ရှိနေသော ရွှေရောင်မီးပွါးကို ထိန်းချုပ်၍ ဖောက်ခွဲလိုက်သည်။
ဝုန်း...
ယခင်က သိသာထင်ရှားခြင်းမရှိသော မီးပွါးလေးသည် ပြင်းထန်သောလေစီးကြောင်းနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွားသည်။
ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို ရွှေရောင်မီးတောက်များဖြင့် လွှမ်းခြုံသွားပေ၏။
လက်မောင်းပြတ်ကြီးသည် စတင်၍ လောင်ကျွမ်းစပြုလာပြီး အနက်ရောင်အခိုးအငွေ့များက ပတ်ဝန်းကျင်နေရာအဘက်ဘက်သို့ စတင်၍ပျံ့နှံ့နေသည်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဒါက သေမျိုးတစ်ယောက်ရဲ့အစစ်အမှန်မီးတောက်မဟုတ်ဘူး...ဒါက ကျိုးထျန်းယင်ရဲ့အစစ်အမှန်မီးတောက်ပဲ...သူက မင်းကို လွှက်လိုက်တာလား...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ငါ ပြန်ရှင်သန်လာမယ့်အချိန်ကို သူကဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ"
ရှုရာနတ်ဘုရားသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အစစ်အမှန်မီးတောက်ကိုမြင်သည်နှင့် ကူကယ်ရာမဲ့စွာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
အတိတ်တွင် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဖိနှိပ်ခြင်းကို ခံယူခဲ့ရသည်။ထို့ကြောင့် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နည်းစနစ်များနှင့် များစွာရင်းနှီးကျွမ်းဝင်သည်။
ဤအစစ်အမှန်မီးတောက်ကို ထပ်မံ၍မြင်တွေ့ရချိန်တွင် ရှုရာနတ်ဘုရား၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
ရှုရာနတ်ဘုရား ကြက်သေသေနေသော အချိန်ကိုအခွင့်ကောင်းယူ၍ လုယွီက နောက်သို့ပြန်လှည့်ကာ အဝေးသို့ထွက်ပြေးခဲ့လေ၏။
သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ရှုရာနတ်ဘုရားကိုရင်ဆိုင်တိုက်ခိုင်နိုင်ရန် အလွန်အမင်းခက်ခဲပေလိမ့်မည်။
တစ်ဖက်ရန်သူသည် လက်ချောင်းတစ်ချောင်းမှ ပြန်ရှင်သန်လာသည့်တိုင် အလွန်အစွမ်းထက်နေဆဲပင်။
"ကျိုးထျန်းယင်က သူ့ရဲ့အစစ်အမှန်မီးတောက်ကို ပြိုင်ဘက်ကင်းအဆင့်ထိ ကျင့်ကြံထားတာ...ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ပြန်ယူလို့မရတော့ဘူး...ကောင်စုတ်လေး...ဒါတွေအားလုံးက ဒီနတ်ဘုရားရဲ့ကိစ္စတွေကို မင်း ဖျက်ဆီးခဲ့တာကြောင့်ပဲ"
ရှုရာနတ်ဘုရား၏မျက်လုံးအတွင်း၌ ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး လုယွီ ထွက်ပြေးသွားသောဘက်သို့ ဦးတည်ပျံသန်း၍ လိုက်လံဖမ်းဆီးတော့သည်။
Chapter 1909
လုယွီ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် အချိန်တိုအတွင်းမှာပင် ကျွန်းနယ်နမိတ်မှ ထွက်ခွါနိုင်ခဲ့သည်။
သူသည် မြူခိုးများဝေနေသောကျွန်းပေါ်မှ ထွက်ခွါခဲ့သည်နှင့် သူ့ရှေ့ရှိအလင်းရောင် မှေးမှိန်စပြုလာသည်ကို မြင်တွေ့မိပေ၏။
ရှုရာနတ်ဘုရား ပြန်လည်နိုးထလာမှုနှင့်အတူ အပြစ်သားပင်လယ်ကြယ်နယ်မြေ၏မိုးကောင်းကင်တာအို ဖရိုဖရဲဖြစ်စပြုလာသည်။တောင်ကျချောင်းရေများစီးဆင်းလာခြင်းနှင့်လေပြင်းမုန်တိုင်းများတိုက်ခတ်လာခြင်းတို့သည် ကြယ်နယ်မြေ၏နေရာတိုင်းနီးပါး၌ ဖြစ်ပွါးနေသည်။
တခြားတစ်ဖက်တွင် အောင်းကွမ်းဦးဆောင်သောနဂါးများနှင့်ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် အတူပူးပေါင်း၍ တစ်ဖက်ရှိ လေဟာနယ်ဓားပြများနှင့်နတ်ဆိုးသားရဲများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။
ပြင်းထန်သော တိုက်ပွဲဖြစ်သဖြင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပြည့်နှက်နေသည်။
လုယွီ ကျွန်းမှ ထွက်ခွာလာသည်ကိုမြင်ချိန်၌ သိုက်ဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
"အရှင်...အဆင်ပြေရဲ့လား"
"အားလုံးပဲ...လာကြစမ်း"
လုယွီက စကားများစွာပြောဆိုခြင်းမရှိချေ။သူက သူ၏လက်ကိုဆန့်ထုတ်၍ သူ၏လူများအားလုံးကို ဖမ်းဆုပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများနှင့်အောင်းကွမ်းဦးဆောင်သော နဂါးများအားလုံးကို လုယွီက ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းလိုက်သည်။
အစောပိုင်းက သူတို့နှင့်တိုက်ခိုက်နေသော လေဟာနယ်ဓားပြများနှင့်နတ်ဆိုးသားရဲများအားလုံး ဤအချိန်အခိုက်အတန့်၌ ကြက်သေသေသွားကြသည်။
လုယွီက ထိုလူစုကိုတစ်ချက်သာကြည့်ပြီး လျစ်လျှူရှုကာ အဝေးသို့ထွက်ပြေးခဲ့တော့သည်။
လုယွီထွက်ခွာသွားပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ရှုရာနတ်ဘုရားက ဤနေရာသို့ ရောက်ရှိလာပေ၏။
"မင်းပြေးတာ တော်တော်မြန်သားပဲ...ကံဆိုးချင်တော့ မင်း ငါ့လက်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ရှုရာနတ်ဘုရား၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်များဖြင့် တောက်ပနေသည်။သူက လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ စစ်သင်္ဘောကြီးတစ်စင်းလုံး အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားတော့သည်။
ဤတိုက်ခိုက်မှုသည် ယခုလက်ရှိနေရာ၌ရှိနေသော လေဟာနယ်ဓားပြများနှင့်နတ်ဆိုးမျိုးနွယ်များကို ကြက်သေသေသွားစေသည်။
ထိုလူသည် မည်သူဖြစ်သနည်း....
သူသည် တာယွီတော်ဝင်စစ်တပ်မှ စစ်သင်္ဘောကို လက်သီးတစ်ချက်တည်းဖြင့် ကြေမွပျက်စီးစေခဲ့သည်။ဤသည်က အလွန်ပြင်းထန်အားကောင်းသော စွမ်းအားပင်။
"မြင့်မြတ်တဲ့နတ်ဘုရားကို ကြိုဆိုနှုတ်ဆက်ပါတယ်"
ဤအချိန်အခိုက်အတန့်တွင် ကျောက်စိမ်းမျက်နှာကျောင်းတော်သားနှင့် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်တို့သည် ရှုရာနတ်ဘုရား၏ရှေ့၌ ဒူးထောက်၍ အရိုအသေပြုလိုက်ကြ၏။
ထိုမြင်ကွင်းကိုမြင်သည်နှင့် တခြားသူများကလည်း ဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။
ရှုရာနတ်ဘုရားသည် သူတို့အားလုံးကို တစ်ချက်ဝေ့ဝိုက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"အပြစ်သားပင်လယ်ကြယ်နယ်မြေကို ချိပ်ပိတ်ထားလိုက်...ဘယ့်သူကိုမှ ထွက်ခွာသွားခွင့်မပြုဘူး"
ထို့နောက် ရှုရာနတ်ဘုရားက ကျောက်စိမ်းမျက်နှာကျောင်းတော်သားနှင့် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ကိုကြည့်၍ ပြောဆိုသည်။
"ဒီနတ်ဘုရားက မင်းတို့ရဲ့စွမ်းဆောင်ခဲ့မှုတွေအတွက် ဆုချီးမြှင့်မယ်...မင်းတို့က နတ်ဘုရားသံတမန်ဆိုတဲ့ အဆင့်အတန်းကို ရရှိပြီးတော့ ဒီနတ်ဘုရားရဲ့ကာကွယ်စောင့်ရှောက်ပေးမှုကိုလည်း ရရှိမယ်"
ရွှေရောင်အလင်းတန်းတစ်တန်းက သူတို့နှစ်ယောက်၏ခေါင်းပေါ်သို့ ကျရောက်လာသည်။ကျောက်စိမ်းမျက်နှာကျောင်းတော်သားနှင့် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်တို့သည် သူတို့၏ခန္ဓာကိုယ်ထဲသို့ အဆုံးမရှိသောစွမ်းအားများ စီးဝင်လာခြင်းကို ခံစားမိပြီး သူတို့၏မှော်စွမ်းအားများ တမဟုတ်ချင်း ပြည့်နှက်သွားပေ၏။
ဘုန်း...ဘုန်း...
ဆူညံသံနှစ်သံက သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်သည် မျက်တောင်တခတ်စာအချိန်အတွင်း၌ အမှန်တကယ်ကိုပင် သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်သွားနိုင်ခဲ့သည်။
"မြင့်မြတ်တဲ့နတ်ဘုရားကို ကျေးဇူးတင်ပါတယ်"
သူတို့နှစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူတို့က ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ရှုရာနတ်ဘုရားကို ကြည့်လိုက်ကြ၏။
ရှုရာနတ်ဘုရားကဲ့သို့ သာမာန်ထက်သာလွန်ထူးကဲ့သောနတ်ဘုရားမျိုးသာလျှင် ဤကဲ့သို့ပြိုင်ဘက်ကင်းသဘာဝလွန်နည်းစနစ်မျိုးကို ထုတ်ယူအသုံးပြုနိုင်ပေမည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက သတိပေးလိုက်သည်။
"နတ်ဘုရား...ခုဏက ကျူးကျော်ဝင်ရောက်လာတဲ့လူတွေအားလုံးကို ကျွန်တော်တို့က သတ်ပစ်သင့်တယ်မလား...မဟုတ်ရင် သတင်းတွေ ပျံ့နှံ့သွားနိုင်တယ်"
ရှုရာနတ်ဘုရားက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။
"မစိုးရိမ်နဲ့...သူတို့ ထွက်မပြေးနိုင်ဘူး"
ရှုရာနတ်ဘုရား၏မျက်လုံးအတွင်း၌ ပင်လယ်ရေများဝန်းရံနေသောမြင်ကွင်းတစ်ခုရှိနေသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်၌ လုယွီက အလျှင်အမြန် ပျံသန်းနေပေ၏။
"ဒီနတ်ဘုရားရဲ့မျက်စေ့အောက်ကနေ မင်း ဘယ်နေရာကို ထွက်ပြေးနိုင်မှာလဲ"
ရှုရာနတ်ဘုရားက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားသည်။
တခြားတစ်ဖက်တွင်...
လုယွီက လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ပြေးလွှားနေသည်။
ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းခြင်းခံထားရသူများသည် ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏မြင်ကွင်းများကိုမြင်တွေ့ချိန်၌ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏။
အံ့အားသင့်မှုများပြည့်နှင်နေသောအသံဖြင့် သိုက်ဖုန်းက မေးမြန်းလေသည်။
"အရှင်...ဘာပြဿနာရှိနေလို့လဲ"
အောင်းကွမ်းပ အော်ဟစ်ပြောဆိုသည်။
"အရှင်...အခုသွားနေတာက ကျွန်တော်ရဲ့အသိုက်ကိုမဟုတ်လား..အဲ့ဒီနေရာက ခုခံကာကွယ်ဖို့လွယ်ကူပြီးတော့ တိုက်ခိုက်ဖို့ခက်ခဲတယ်...အရှင်က အဲ့ဒီနေရာမှာ ခဏသွားနေပြီးတော့ စစ်ကူတွေရောက်လာမှာကို စောင့်ဆိုင်းမလို့လား"
"ဘယ်စစ်ကူမှ ရောက်လာနိုင်မှာမဟုတ်ဘူး...တကယ်လို့ ရှုရာနတ်ဘုရားက သူ့ရဲ့နတ်ဘုရားနယ်မြေကို အသုံးပြုမယ်ဆိုရင် ငါတို့ ဘယ်သတင်းကိုမှ အပြင်ကိုပို့လို့ရမှာမဟုတ်ဘူး"
လုယွီက ခံစားချက်ကင်းမဲ့သောအသံဖြင့် ဆက်လက်ပြောဆိုသည်။
"ငါ အဲ့ဒီရှုရာနတ်ဘုရားကို ဒီအပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာပဲ သတ်ပစ်မယ်"
စကားပြောဆိုနေရင်းနှင့် လုယွီသည် သူ၏မြေလွတ်မြောက်ခြင်းနည်းစနစ်ကိုအသုံးပြုကာ မြေကြီးအတွင်းသို့ ငုပ်လျှိုးလိုက်၏။
Chapter 1910
လုယွီ မြေကြီးအတွင်းသို့ ငုပ်လျှိုးလိုက်စဥ်မှာပင် မူလက အောင်းကွမ်းနေထိုင်ခဲ့သော ချောက်နက်ကြီးတစ်ခုလုံး ရုတ်တရက် ပြိုလဲပျက်စီးသွားသည်။
ပြင်းထန်သောအားလှိုင်းကြောင့် မြောက်များစွာသောကျောက်တုံးများ ပျံ့လွင့်နေပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အလွန်မြင့်မားသောတောင်တန်းကြီးများအဖြစ်မှနေ၍ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မင်း ဒီနေရာမှာ ပုန်းအောင်းနေတာနဲ့ ငါ ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်နေတာလား...မိုက်မဲလိုက်တာ"
ရှုရာနတ်ဘုရား၏မျက်လုံးများက တောက်ပနေသည်။အကြည့်တစ်ချက်ဖြင့်ပင် သူက မြေကြီးအတွင်းသို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ငုပ်လျှိုးသွားသော လုယွီကို တွေ့မြင်မိပေ၏။
ယခုလက်ရှိအချိန်တွင် ရှုရာနတ်ဘုရား၏အမြင်၌ လုယွီသည် သူ့အတွက် သားကောင်တစ်ကောင်သက်သက်ပင်။
"သူ့ဆီမှာ ရှေးဟောင်းနတ်ဘုရားတွေကိုဆင့်ခေါ်နိုင်တဲ့စွမ်းရည်မျိုးရှိနေတာ သေချာတယ်...တကယ်လို့ ငါက သူ့ကိုဝါးမျိုပြီးတာနဲ့ သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို အပိုင်စီးလိုက်မယ်ဆိုရင်...ငါ့အတွက် ဘာဆိုးကျိုးမှရှိမလာနိုင်ဘူး"
ရှုရာနတ်ဘုရား၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျိုးမျှမရှိဘဲ ရှုရာနတ်ဘုရားက လုယွီ၏နောက်သို့ လိုက်လံဖမ်းဆီးလေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏နောက်၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် လိုက်ပါလာခြင်းကို ခံစားမိသည်။
"အားကောင်းလိုက်တာ...ဒါက ဘယ်သူများပါလိမ့်"
အောင်းကွမ်းက အံ့အားတသင့် ရေရွတ်လိုက်သည်။
လုယွီသာမက ကမ္ဘာငယ်လေးအတွင်း၌ရှိနေသူများပင်လျှင် အားကောင်းသောဖိအားအရှိန်အဝါကို ခံစားမိကြ၏။
လုယွီက ပြောဆိုသည်။
"သူက ရှုရာနတ်ဘုရားပဲ"
ကမ္ဘာငယ်လေးအတွင်း၌ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"အရှင်က ကြီးမားတဲ့ကိစ္စတွေကိုပဲလုပ်တဲ့သူဆိုတာ ကျွန်တော်သိတယ်...ဒါပေမယ့် အရှင်က နတ်ဘုရားတစ်ပါးကို သွားပြီးရန်စမယ်လို့တော့ ကျွန်တော် မျှော်လင့်မထားမိဘူး...အရှင် ကျွန်းပေါ်မှာ အချိန်အကြာကြီးရှိနေခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး"
အောင်းကွမ်းက ညည်းတွားပြောဆိုသည်။
သိုက်ဖုန်းတို့လူစုသည်လည်း ထိတ်လန့်တုန်လှုပ်နေသည်။
အစောပိုင်းကမှ လုယွီ၏နောက်သို့ လိုက်ပါလာခဲ့သော လျိုရှောင်၏လက်အောက်ငယ်သားများပင်လျှင် ထိတ်လန့်တုန်လှုပ်သောအမူအယာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။
နတ်ဘုရားတစ်ပါး၏အမဲလိုက်ခြင်း ခံရသည်ဟူသည်မှာ သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသောကိစ္စပင်။
"အရင်တုန်းက...အဲ့ဒီရှုရာနတ်ဘုရားကို သွားလေသူကောင်းကင်ဘုံဧကရာဇ်က နှိမ်နင်းခဲ့တာမလား...သူက တကယ်ကြီး ပြန်ရှင်သန်လာတာလား"
လုကျင်းရှန့်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သိုက်ဖုန်းက သူ့အား စောင်းငဲ့၍ကြည့်လိုက်၏။
"ဘာလဲ...မင်း ကြောက်နေတာလား"
လုကျင်းရှန့်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။
"ကြောက်တာလား...ငါက ဘာလို့ ကြောက်ရမှာလဲ...ရှုရာနတ်ဘုရားဆိုတာက တာအိုသခင်တွေနဲ့တူညီတဲ့ စွမ်းအားမျိုးရှိတဲ့သူတစ်ယောက်...ဒီလိုရန်သူမျိုးနဲ့ရင်ဆိုင်တိုက်ခိုက်ရရင် ငါ သေသွားရင်တောင် နှမြောတသဖြစ်စရာမရှိဘူး"
ဤအချိန်တွင် လုကျင်းရှန့်၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်တွင် အောင်းကွမ်းက အသိပြန်ဝင်သွားပြီး သူက အလွန်တည်ငြိမ်သောအသံဖြင့် လုယွီကို ပြောဆိုလိုက်၏။
"အရှင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ...တစ်ဖက်ရန်သူက နတ်ဘုရားတစ်ပါးနော်...အရှင့်ရဲ့ကျင့်ကြံဆင့်နယ်ပယ်ထက် အများကြီးပိုမြင့်မားတယ်...တကယ်လို့ သူသာ အရှင်ကို သတ်ချင်တယ်ဆိုရင်...အရှင် ခုခံနိုင်မှာမဟုတ်ဘူး"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"ငါ့မှာ ငါ့အစီအစဥ်နဲ့ငါရှိတယ်"
မကြာမီမှာပင် လုယွီသည် မြေအောက်ပေထောင်ပေါင်းများစွာနက်သောနေရာသို့ ရောက်ရှိလာခဲ့သည်။
"တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်လာတယ်"
မြေကမ္ဘာနတ်ဆိုးများသည် လုယွီ ဝင်ရောက်လာသည်ကိုမြင်သည်နှင့် ဝိုင်းရံ၍တိုက်ခိုက်လိုက်ကြ၏။
လုယွီက ရပ်တန့်ခြင်းမရှိဘဲ သူ၏မှော်စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။
"မကောင်းတော့ဘူး...ဒါက နောက်ဆုံးတစ်ကြိမ်တုန်းက ဒီနေရာကိုရောက်လာတဲ့ကောင်ပဲ"
"ပြေး...ပြေးကြ"
သို့ရာတွင် ထိုနတ်ဆိုးများသည် လုယွီ၏အရှိန်အဝါကို အာရုံခံမိသည်နှင့် အဝေးသို့ ထွက်ပြေးကြတော့သည်။
လုယွီသည် မြေကမ္ဘာမဟာနတ်ဆိုးလေးကောင်ကို တပြိုင်နက်တည်း သတ်ဖြတ်ခဲ့သူဖြစ်သည်။
ထိုမြေကမ္ဘာမဟာနတ်ဆိုးငယ်များသည် လုယွီ၏အရှိန်အဝါကို မှတ်မိသည်နှင့် သူတို့က ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုဝံ့တော့ချေ။
"သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေတယ်"
"အဲ့ဒီလူကို မလွတ်စေနဲ့...သူ့ကိုသတ်...သူ့ကိုသတ်ကြစမ်း"
မြေကမ္ဘာနတ်ဆိုးများသည် အော်ဟစ်ကြုံးဝါး၍ လုယွီ၏နောက်သို့ တရကြမ်းပြေးသွားကြသည်။
ရှုရာနတ်ဘုရားသည် မြေအောက်သို့ရောက်ရှိသည်နှင့် သူ့ထံတိုးဝင်လာသော မြေကမ္ဘာနတ်ဆိုးများကို တွေ့မြင်မိလေ၏။
"မင်းက ဒီနိမ့်ကျတဲ့ကောင်တွေကိုမှီခိုပြီး ထွက်ပြေးချင်တာလား"
ရှုရာနတ်ဘုရားက လှောင်ပြုံးပြုံးပြီးနောက် ရုတ်ချည်းဆိုသလိုပင် သူ၏ခေါင်းနောက်၌ အနက်ရောင်စဥ်စက်ဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုရောင်စဥ်စက်ဝန်းကြီးမှနေ၍ အစွမ်းထက်သောစွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာကာ မြေကမ္ဘာနတ်ဆိုးများအားလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။
ထိုမြေကမ္ဘာနတ်ဆိုးများသည် သာမာန်ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရပါက သူတို့အတွက် အခက်အခဲများစွာမရှိချေ။
ကံဆိုးစွာဖြင့် ယခုချိန်၌ သူတို့ ရင်ဆိုင်နေရသည်မှာ နတ်ဘုရားတစ်ပါးဖြစ်နေသည်။
"ရှုရာနတ်ဘုရား....ငါက ငါ့ရဲ့မှော်ရတနာထဲကို ဝင်ပြီးတာနဲ့ မင်း ငါ့ကိုထိခိုက်နာကျင်အောင်လုပ်ဖို့ စဥ်းတောင်မစဥ်းစားနဲ့...ငါက တော်ဝင်နန်းတော်ကို သတင်းပို့ပြီးတာနဲ့ မင်း မြှုပ်နှံစရာမြေမရှိဘဲ သေရလိမ့်မယ်"
လုယွီက ကျယ်လောင်စွာအော်ငေါက်ပြီး ပို၍နက်ရှိုင်းသော မြေအောက်အတွင်းသို့ အလျှင်အမြန် ငုပ်လျှိုးခဲ့တော့သည်။