← Chapters

အခန်း (၁၉၂၆-၁၉၃၀)

Vol. 100 Ch. 1926-1930

အခန်း (၁၉၂၆-၁၉၃၀)

Vol. 100 Ch. 1926-1930

Chapter 1926

"ဟား ဟား ဟား...လေဟာနယ်ဓားပြတွေရဲ့ဒုတိယခေါင်းဆောင်က အရူးတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ကိုယ်တိုင်ကိုယ်ကျ ငါ့ရဲ့တံခါးရှေ့ကို ရောက်လာမှတော့...မင်းကို နှိမ်နင်းတဲ့အတွက် ဒီဗိုလ်ချုပ်ကို အပြစ်မတင်နဲ့"

ရှဟယ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောနေပြီး သူ၏အသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

သူသည် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထိန်းချုပ်၍ လေထုအတွင်းသို့ခုန်တက်ကာ အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် ပြင်းထန်သောတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲတော့သည်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် အလွန်တည်ငြိမ်နေပြီး သူက သရော်တော်တော်လေသံဖြင့် ပြောဆိုလိုက်၏။

"ဒီအဖိုးကြီးကို အားနည်းတယ်လို့ မင်း ထင်နေတာလား...ရယ်စရာကောင်းလိုက်တာ"

ဘုန်း...

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ရုတ်တရက် သူ၏အင်္ကျီလက်စရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။သူ့ထံတွင် အလွန်ကြီးမားသောခွန်အားရှိပုံရပြီး ရှဟယ်၏ပုံရိပ်ယောင်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

'ဘန်း'ခနဲမြည်သံနှင့်အတူ မူလက လွှမ်းမိုးချုပ်ကိုင်နိုင်ပုံရသော ရှဟယ်၏ပုံရိပ်ယောင်ကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး သူသည်လည်း နောက်သို့လွင့်ထွက်သွားတော့သည်။

"ခင်ဗျားက လောကီအင်မော်တယ်မဟုတ်ဘူး...မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေပြီပဲ"

ရှဟယ်၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။

သူတို့နှစ်ယောက်လုံးသည် မြေကမ္ဘာအင်မော်တယ်များ ဖြစ်သော်လည်း ဤကျင့်ကြံဆင့်နယ်ပယ်တွင် အဆင့်ငယ်တစ်ခု ကွာခြားလျှင်ပင် ခွန်အားသည် မိုးနှင့်မြေတမျှ ကွာခြားပေ၏။

လေဟာနယ်ဓားပြများ၏ဒုတိယခေါင်းဆောင်သည် မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်ရှိသူတစ်ယောက်သည် တာယွီတော်ဝင်စစ်တပ်အတွင်း၌ မဟာစစ်ဗိုလ်ချုပ်ရာထူးကို ရရှိနိုင်သည်။

"ဟား ဟား ဟား...ရှားဟိုလီက မောက်မာဝံ့ကြွားပြီး တသီးတခြားနေတက်တဲ့သူတစ်ယောက်...တာယွီအင်ပါယာထဲမှာ သူ့ကို ကယ်တင်မယ့်သူ တစ်ယောက်မှမရှိဘူး...သူ့ကို သတ်လိုက်ရင် တာယွီအင်ပါယာမှာ အငြင်းပွါးမှုတွေဖြစ်ပေါ်စေဖို့ မလုံလောက်ဘူး...ဒါပေမယ့် မင်းကတော့ ရှမိသားစုရဲ့သခင်လေးတစ်ယောက်...မင်းကို ငါသတ်လိုက်ရင် တာယွီအင်ပါယာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြလိမ့်မယ်"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက ခြေလှမ်းကျဲကြီးများဖြင့် ရှဟယ်ထံသို့ လျှောက်လှမ်းသွားလေသည်။

ပတ်ဝန်းကျင်ရှိစစ်ဗိုလ်ချုပ်များအားလုံး နေရာမှာပင် တောင့်တင်းနေပြီး မလှုပ်ရှားဝံ့ကြချေ။

တစ်ဖက်ရန်သူသည် မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်နေသည်။

သာမာန်မြေကမ္ဘာအင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် သူတို့အား လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်လေရာ ယခုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။

ရှဟယ်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ကျုပ်ကိုသတ်တာရဲ့ အကျိုးဆက်တွေကို ခင်ဗျားသိလား"

"ငါ သိတာပေါ့...မင်းတို့ရှမိသားစုမှာ မသေနိုင်တဲ့လူအိုကြီးတွေရှိနေတယ်လေ...ဒါပေမယ့် အဲ့ဒီလူအိုကြီးတွေက သာမာန်အခြေအနေမျိုးဆိုရင် အပြင်ကိုထွက်မလာကြဘူး...မင်းက ရှမိသားစုရဲ့တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်ပေမယ့် အဲ့ဒီလူအိုကြီးတွေကို မင်း မြင်တောင်မမြင်ဖူးမှာ ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက သာမာန်ကာလျှံကာ လေသံမျိုးဖြင့် ပြောဆိုသည်။

ရှဟယ်၏မျက်နှာအမူအယာသည် ပို၍ပို၍ ပျက်ယွင်းလာပေ၏။

ဤှသည်က သူတို့ရှမိသားစု၏ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များပင်။အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထိုအရာများကို ရှာဖွေတွေ့ရှိထားမည်ဟု သူ မျှော်လင့်မထားမိချေ။

ရှမိသားစုသည် တာယွီအင်ပါယာ၏ထိပ်တန်းမိသားစုကြီး ဖြစ်လာရသည့်အကြောင်းအရင်းမှာ နောက်ကွယ်၌ အစွမ်းထက်သောလူအိုကြီး အမြောက်အများ ရှိနေခြင်းကြောင့်ပင်။ထိုလူအိုကြီးများအကြား၌ တာအိုသခင်အဆင့်ကျင့်ကြံသူများပင်ရှိနေသည်။

သို့ရာတွင် ထိုလူအိုကြီးများကို တွေ့မြင်နိုင်ရန် အလွန်ခက်ခဲပြီး မိသားစုအတွင်းမှ လူတချို့သာ သူတို့ကို မြင်တွေ့ဖူးသည်။

ရှဟယ်ပင်လျှင် ထိုလူအိုကြီးများကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။

"မင်းတို့ရှမိသားစုမှာ နတ်ဘုရားမြင့်မြတ်အမတ်ကြီးလည်းရှိနေတယ်...ဒါပေမယ့် အခုချိန်မှာ ရှကွေ့ကျုံးက မြေအောက်လောကနယ်မြေရဲ့အရှင်သခင်သစ်ကို ရန်စစော်ကားခဲ့မိလို့ သူက ကောင်းကင်ဘုံနယ်မြေတခုလုံးအနှံ့ လိုက်လံဖမ်းဆီးခြင်းခံနေရတယ်...သူက စိုးရိမ်ဖွယ်အခြေအနေနဲ့ တော်ဝင်မြို့တော်ထဲမှာ ပုန်းအောင်းနေရပြီးတော့ အပြင်ကိုထွက်မလာရဲဘူး...ဟား ဟား ဟား...ရှမိသားစုတစ်စုလုံးမှာ မင်းကို ဘယ်သူကလာပြီးကယ်တင်မှာလဲ"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက ခနဲ့တဲ့တဲ့ ပြောဆိုသည်။

ရှဟယ်၏မျက်နှာတပြင်လုံး ဖြူရော်နေပြီး မည်သို့ဆက်လုပ်ရမည်ကို သူ မသိရှိတော့ချေ။

သူသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူ၏မိသားစုနောက်ခံအင်အားမရှိသည့်အပြင် သူ၏လက်အောက်ငယ်သားများမှာလည်း အားကိုး၍မရချေ။သူသည် မည်သည့်နည်းဖြင့် လေဟာနယ်ဓားပြများ၏ဒုတိယခေါင်းဆောင်ကို ရင်ဆိုင်ရမည်နည်း။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် စိတ်ပျော်ရွှင်နေပုံရပြီး ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"ရှားဟိုလီကတော့ သေလူဖြစ်နေလောက်ပြီ...ဟား ဟား ဟား...သူက ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် ငါတို့ရဲ့ခြုံခိုတိုက်ခိုက်မှုအောက်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ဘာ....

ရှဟယ်က အံ့အားသင့်တုန်လှုပ်သွားသည်။

"ခင်ဗျား ဘာပြောလိုက်တာလဲ...အဲ့ဒီမှာ ခြုံခိုတိုက်ခိုက်မှုရှိနေတာလား"

"အဲ့ဒီလိုမဟုတ်ရင် မင်းတို့ရဲ့လက်အောက်က ငတုံးတွေက ငါတို့ရဲ့ပင်မအခြေစိုက်စခန်းကို ရှာတွေ့မယ်လို့ မင်း ထင်နေတာလား...ဘယ်လိုဟာသမျိုးလဲ"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက သရော်တော်တော် ပြောဆိုလိုက်၏။

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက သူ၏လက်ကိုဆန့်တန်း၍ ရှဟယ်ထံသို့ လျှောက်လှမ်းသွားလေသည်။

"ကောင်းပြီလေ...အခု မင်းရဲ့လမ်းကိုပို့ပေးဖို့ အချိန်ကျပြီ"

Chapter 1927

ရှဟယ်၏မျက်နှာသည် သုန်မှုန်နေပြီး သူသည် မည်သို့ဆက်လုပ်ရမည်ကို တွေးတော၍မရတော့ချေ။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ရှဟယ်နှင့် တစတစနီးကပ်လာချိန်တွင် ရုတ်တရက် အသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ရှုရာနတ်ဘုရားက ခင်ဗျားတို့ကိုကူညီနိုင်မယ်လို့ ခင်ဗျား သေချာပြောနိုင်လား"

လုယွီက ဗြောင်ကျကျ ပြောဆိုလိုက်၏။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏ခြေလှမ်းများ ရပ်တန့်သွားပြီး သူ၏မျက်လုံးအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

"မင်း ဘယ်သူလဲ"

လေဟာနယ်ဓားပြများအကြားတွင်ပင် ရှုရာနတ်ဘုရား၏အကြောင်းကို လူနည်းစုသာသိရှိထားသည်။

သို့ရာတွင် သူ့ရှေ့ရှိ တော်ဝင်စစ်တပ်မှစစ်ဗိုလ်ချုပ်တစ်ယောက်သည် သူတို့ဖုံးကွယ်ထားသည့် အရေးကိစ္စကို မည်သည်ကြောင့်သိနေသနည်း။

"ခင်ဗျားတို့က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ ရှားဟိုလီကိုဖမ်းဆီးဖို့ ကြံစည်ထားခဲ့တယ်...ဒါပေမယ့် ရှားဟိုလီက အရမ်းအစွမ်းထက်တော့ ခင်ဗျားတို့မှာ အခိုင်အမာယုံကြည်ချက်မရှိဘူး...ဒါကြောင့် ခင်ဗျားတို့က ရှဟယ်ကိုဖမ်းဆီးပြီးတော့ ရှမိသားစုရဲ့သခင်လေးဆိုတဲ့ သူ့ရဲ့အဆင့်အတန်းနဲ့ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ဖို့ ကြံစည်ခဲ့တာပဲ"

လုယွီသည် ဖြည်းညှင်းစွာပြောဆိုနေသော်လည်း လေဟာနယ်ဓားပြများ၏အကြံအစည်များကို ရှင်းလင်းစွာ ဖော်ထုတ်ပြနေလေ၏။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏မျက်နှာအမူအယာ တစတစ ပို၍ပျက်ယွင်းလာပြီး သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

"အစကတော့ ငါက ရှဟယ်တစ်ယောက်တည်းကိုပဲ ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြံရွယ်ထားခဲ့တယ်...ဒါပေမယ့် မင်းက သေချင်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

"ပြင်ပအကူအညီကိုယူပြီး မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တဲ့သူကများ...တော်ဝင်စစ်တပ်ရဲ့စစ်စခန်းထဲကိုလာပြီး ရိုင်းပျစော်ကားဝံ့နေတာလား"

ထို့နောက် လုယွီက ရှယယ်ကို စောင်းငဲ့၍ကြည့်လိုက်၏။

"မင်းနဲ့ငါကြားက ရန်ငြှိုးတွေကို ခဏဘေးဖယ်ထားလိုက်အုံး...တကယ်လို့ မင်း အဖမ်းမခံချင်ဘူးဆိုရင် ဘေးမှာရပ်ကြည့်နေလိုက်တော့"

ရှဟယ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရယ်စရာကောင်းလိုက်တာ...ငါတို့ရှမိသားစုထဲမှာ သေရမှာကိုကြောက်တဲ့ကောင် မရှိဘူး"

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ရှဟယ်က လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ရာ မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရား၏မျက်လုံးသုံးလုံးပွင့်လာပြီး စိတ်ဝိညာဥ်ကိုညှို့ယူဖမ်းစားနိုင်သော အလင်းရောင်များ ဖြာထွက်လာသည်။

"လောကီအင်မော်တယ်လေးတစ်ယောက်ကများ....ငါ မင်းကို အရင်သတ်မယ်...ပြီးမှ ရှဟယ်ကိုဖမ်းတာပေါ့"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် လုယွီထံသို့ဦးတည်၍ ပျံသန်းလိုက်၏။

သူ၏အရှိန်သည် အလွန်လျှင်မြန်ပြီး ချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

ဟူး....

လေပြင်းတစ်ချက်နှင့် အတူယှဥ်တွဲ၍ အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏လက်ဝါးအတွင်းမှ မြောက်များစွာသော လေဓားများထွက်လာပြီး လုယွီထံဦးတည်၍ ပျံသန်းသွားသည်။

ထိုလေဓားများသည် လူများကို ထိတ်လန့်ကြောက်ရွံစေသည့် ပြင်းထန်သောလေပြင်းမုန်တိုင်းနှင့်တူညီသည်။

"နဂါးဖမ်းလက်"

လုယွီက ခြေတစ်လှမ်းရှေ့တက်ပြီး သူ၏လက်ဖဝါးကိုဖြန့်လိုက်၏။သူ၏လက်ဝါးအတွင်းမှ မြောက်မြားစွာသောမှော်စွမ်းအားများ ထွက်ပေါ်လာကာ လေထုအတွင်း၌ ဧရာမလက်ဝါးပုံရိပ်ကြီးအဖြစ်ဖွဲ့စည်းသွားပြီး အောက်သို့ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။

ဒေါင်...ဒေါင်...ဒေါင်...

ထိုလေဓားများသည် ဧရာမမှော်စွမ်းအင်လက်ဝါးကြီးနှင့် ရိုက်ခတ်မိသည်နှင့် ချက်ချင်းဆိုသလို ပျက်ပြယ်စပြုလာပေ၏။

"သေစမ်း"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူ၏တိုက်ခိုက်မှုကျရှုံးသွားခြင်းကိုမြင်သည်နှင့် ချက်ချင်းပင် သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ အလွန်ပြင်းထန်သော လေပြင်းမုန်တိုင်းက လုယွီထံဦးတည်၍ ဝင်ရောက်လာသည်။

"ဘယ်ကောင်က ငါ့ရဲ့အရှင်ကို ထိရဲတာလဲ"

ထိုအချိန်မှာပင် နဂါးတစ်ကောင်၏ဟိန်းဟောက်သံက ပတ်ဝန်းကျင်အဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

အောင်းကွမ်းသည် တိမ်တိုက်တစ်ခုကိုစီးနင်းထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အကြေးခွံများဖြင့် လွှမ်းခြုံထားသည်။အောင်းကွမ်းသည် သူ၏အစစ်အမှန် နဂါးပုံစံသို့ တိုက်ရိုက်ပြောင်းလဲပြီး အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုကို တိုက်ခိုက်လိုက်၏။

"အဆင့်မြင့် မြေကမ္ဘာအင်မော်တယ်နဂါးတစ်ကောင်က သူ့ရဲ့နောက်လိုက်လား"

အောင်းကွမ်းထွက်ပေါ်လာခြင်းကိုမြင်သည်နှင့် ရှဟယ်၏စိတ်နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။

အောင်းကွမ်းသည် ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ပြီးနောက် ပို၍များပြားသော ဘိုးဘေးနဂါးမှတ်ဥာဏ်များ နိုးထလာခဲ့သည်။သူ၏ခန္ဓာကိုယ်သည် ယခင်ထက်ပို၍ကြီးမားလာပြီး သူ၏အကြေးခွံများသည်လည်း ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပေ၏။

အောင်းကွမ်းကို နဂါးမျိုးနွယ်မှဘုရင်တစ်ပါးဟုယူဆနိုင်သည်။သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူသောသာမာန်ကျင့်ကြံသူများသည် သူ့ကိုမြင်တွေ့သည်နှင့် ကြီးမားသောဖိအားအရှိန်အဝါကို ခံစားရပေမည်။

"ငါ သူနဲ့မတိုက်ခိုက်မိတာ ကံကောင်းတာပဲ...မဟုတ်ရင်တော့ ငါ ဒီနေ့ ဒီနေရာမှာပဲ သေသွားနိုင်တယ်"

ရှဟယ်က အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။သူ၏စိတ်နှလုံးသားအတွင်းမှ လုယွီအပေါ် ကြောက်ရွံမှုများသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပေ၏။

သူသည် ရှမိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သော်လည်း သူ၏နောက်လိုက်များအတွင်းတွင် မြေကမ္ဘာအင်မော်တယ်နဂါးတစ်ကောင်ရှိမနေချေ။

ရှဟယ်နှင့်အောင်းကွမ်း၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ထပ်မံ၍တောင့်ခံနိုင်စွမ်းမရှိတော့ပေ။

"ကောင်းတယ်...ရှဟယ်...ဒီနေ့တော့ မင်းကိုကာကွယ်ပေးမယ့်လူတွေ ရှိနေလို့ ငါ နောက်ဆုတ်လိုက်မယ်...နောက်ထပ်ရက်အနည်းငယ်လောက်ကျရင် ငါ မင်းဆီကို ပြန်လာခဲ့မယ်"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် မကျေမချမ်းပြောဆိုပြီး ဆုတ်ခွာပြေးရန် ဟန်ပြင်လိုက်သည်။

သူ့ရှေ့ရှိ လူနှစ်ယောက်နှင့်နဂါးတစ်ကောင်သည် မြေကမ္ဘာအင်မော်တယ်အလယ်အလတ်ဆင့် ခွန်အားထက် အားနည်းပုံမရချေ။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူတို့နှင့် ဆက်လက်၍တိုက်ခိုက်ပါက သူ့အတွက်အရေးမလှဖြစ်နိုင်သည်ကို ခံစားမိလေ၏။

"ခင်ဗျား သွားချင်တယ်ဆိုတိုင်း...ထွက်သွားလို့ရမှာလား"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 1928

"ဟား ဟား ဟား...ရယ်ဖို့ကောင်းလိုက်တာ...တကယ်လို့ ငါထွက်သွားချင်ရင် ဘယ်သူက ငါ့ကို ဟန့်တားနိုင်မှာလဲ"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက သရော်တော်တော် ပြောဆိုသည်။

"တော်ဝင်စစ်တပ်ထဲမှာ ပျော့ညံမှုမရှိတဲ့လူတစ်စု ကျန်နေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းတို့မှာ အရည်အချင်းတချို့တော့ ရှိသေးသားပဲ...ကောင်းတယ်...ငါ မင်းကိုမှတ်ထားမယ်...ဒါပေမယ့် မင်း တစ်ယောက်တည်း အပြင်ထွက်တဲ့အချိန်မှာ သတိထားဖို့တော့လိုလိမ့်မယ်"

ဝုန်း..

အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ် မှော်စွမ်းအားများ ပွင့်အံထွက်လာခြင်းနှင့်အတူ ရှဟယ်နှင့်အောင်းကွမ်းတို့ တပြိုင်နက်တည်း နောက်သို့လွင့်ထွက်သွားသည်။

"သွားကြစို့"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူ၏လက်ကိုဝှေ့ယမ်းပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွါရန်ဟန်ပြင်လိုက်၏။

"ခင်ဗျားက ထွက်သွားချင်သေးတာလား"

လုယွီက ရှေ့သို့ခုန်လိုက်သည်နှင့် ချက်ချင်းဆိုသလို အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏ရှေ့သို့ ရောက်ရှိသွားပြီး သူက လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။လုယွီထံမှ အစစ်အမှန်နဂါးတစ်ကောင်၏ခွန်အားမျိုး ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် လုယွီ၏လက်သီးချက်ကို သူ၏လက်သီးဖြင့် ထိပ်တိုက်ခံယူလိုက်၏။ဘုန်းခနဲမြည်ဟီးသံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက နောက်သို့ဆုတ်လိုက်ရသည်။

"အရပ်ရှစ်မျက်နှာ ချိပ်ပိတ်ခြင်း"

လုယွီက သူ၏လက်ဝါးကိုဖိနှိပ်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံး ရုတ်တရက် ကျစ်လစ်သိပ်သည်းသွားသည်။

"လောကီအင်မော်တယ်တစ်ယောက် အဆင့်နဲ့...ငါ့ကို ချိပ်ပိတ်ဝံ့တာလား"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ထို့နောက် သူ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားလှိုင်းများကို ဖြန့်ကျက်လိုက်ရာ ချိပ်ပိတ်မှုများအားလုံး ကြေမွပျက်စီးသွားတော့သည်။

ဝေါင်း...

အောင်းကွမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။သူ၏ခန္ဓာကိုယ်ကို အလွန်ကြီးမားသောလက်သည်းကြီးအသွင် ပြောင်းလဲ၍ အဖိုးအိုထံဦးတည်ကာ ရိုက်ပုတ်လိုက်၏။

တခြားတစ်ဖက်တွင် ရှဟယ်ကလည်း သူ၏မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကိုထိန်းချုပ်ကာ အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုကို ဖိနှိပ်ထားလေသည်။

မြေကမ္ဘာအင်မော်တယ် အလယ်အလတ်ဆင့်ကျင့်ကြံသူနှစ်ယောက်၏တိုက်ခိုက်မှုကို တပြိုင်နက်တည်းခံယူရသဖြင့် အဖိုးအိုသည် အရေးနိမ့်သွားပေ၏။

"မင်းတို့က ငါ့ကို သတ်မလို့လား...နောင်အနာဂတ်ကျရင် ဒါက မင်းတို့အတွက်ဘေးကပ်ဆိုးကို သယ်ဆောင်လိုက်တာပဲ...မင်းတို့အားလုံး အသက်ရှင်ဖို့ စိတ်တောင်မကူးနဲ့"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် ရက်စက်ကြမ်းကြုတ်သောအမူအယာနှင့် ပြောဆိုနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ ထိတ်လန့်ကြောက်ရွံစပြုလာသည်။

မူလက ရှဟယ်သည် စစ်စခန်းတွင်တစ်ယောက်တည်း ကျန်ခဲ့မည်ဟု သူ တွေးထင်ခဲ့မိသဖြင့် သူ၏နောက်လိုက်များနှင့်အတူ အတင့်ရဲစွာ ရောက်လာခဲ့ခြင်းဖြစ်သည်။

ကံအကြောင်းမလှစွာဖြင့် အကယ်၍ သူ ဦးနှောက်များခြောက်လုမတက် စဥ်းစားလျှင်ပင် လုယွီ ဤနေရာ၌ရှိနေမည်ဟု သူ တွေးတောမိမည်မဟုတ်ချေ။

"လေဟာနယ်ဓားပြတွေရဲ့ဒုတိယခေါင်းဆောင်...ဒါက ငါးအကြီးကြီးပဲ...ခင်ဗျားကို တရားစီရင်ရေးဌာနရဲ့အကျဥ်းထောင်ထဲကို ပို့ပြီးတာနဲ့...ခင်ဗျားရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး အပြင်ကိုပြန်ထွက်နိုင်မှာ မဟုတ်တော့ဘူး"

ရှဟယ်က ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအို၏ခြေထောက်များ ပျော့ခွေသွားပြီး သူ၏မျက်နှာ အနည်းငယ်ဖြူရော်သွားသည်။

"မင်းတို့ စောင့်နေကြစမ်း...အနှေးနဲ့အမြန် မင်းတို့ နောင်တရစေရမယ်"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

ရှဟယ်က အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် စစ်သားတချို့ အပြေးရောက်လာပြီး အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုကို သံလက်ထိပ်များခတ်လိုက်သည်။

ထိုသံလက်ထိပ်များသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကိုချိပ်ပိတ်ရန် အထူးသီးသန့်ပြုလုပ်ထားသောအရာများဖြစ်သည်။

ယခုလက်ရှိချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသည် သာမာန်အဖိုးအိုတစ်ယောက်နှင့်သာ တူညီနေပြီး သူ၏မှော်စွမ်းအားတစ်ဝက်ခန့်ကိုပင် ထုတ်ဖော်အသုံးပြုနိုင်စွမ်းမရှိတော့ချေ။

ကြွင်းကျန်နေသော လေဟာနယ်ဓားပြများသည်လည်း သူတို့၏ခေါင်းဆောင် ဖမ်းဆီးခံရခြင်းကိုမြင်သည်နှင့် အလျှင်အမြန်ထွက်ပြေးကြတော့သည်။

သို့ရာတွင် ရှဟယ်သည် မည်သည့်နည်းဖြင့် သူတို့ကို ထိုအခွင့်အရေးမျိုးပေးမည်နည်း။သူ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ အရာရှိများနှင့်စစ်သားများပူးပေါင်း၍တိုက်ခိုက်ကာ လေဟာနယ်ဓားပြများအားလုံးကို ဖမ်းဆီးလိုက်ကြ၏။

တော်ဝင်စစ်တပ်မှစစ်သားများသည် ထိုလေဟာနယ်ဓားပြများယူဆောင်လာသော စစ်သင်္ဘောများပေါ်တွင် မြောက်များစွာသောစိတ်ဝိညာဥ်ကျောက်တုံးများနှင့် စိတ်ဝိညာဥ်အမြှောက်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုစိတ်ဝိညာဥ်အမြှောက်များသည် မူလက စစ်စခန်းကိုတိုက်ခိုက်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ကံအကြောင်းမလှစွာဖြင့် ဒုတိယခေါင်းဆောင်ယုဝေသည် အဆင်အခြင်မဲ့စွာ ဆောင်ရွက်ခဲ့သည်။သူသည် ရှဟယ်ကို အရင်ဖမ်းဆီးပြီးမှ စစ်စခန်းကိုတိုက်ခိုက်ရန် ကြံရွယ်ခဲ့ရာ နောက်ဆုံး၌ သူ၏အကြံအစည် ကျရှုံးခဲ့ရ၏။

"ဗိုလ်ချုပ်ရှောင်...ငါ အရင်က မင်းအပေါ်မှာ ရိုင်းရိုင်းပျပျ ဆက်ဆံခဲ့မိတယ်...ငါ မင်းကို တောင်းပန်ပါတယ်...ငါက လေဟာနယ်ဓားပြတွေရဲ့ဒုတိယခေါင်းဆောင်ကို ဖမ်းဆီးမိတဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေနဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေကို ဘာမှမယူဘူး...ငါ မင်းကို အားလုံးပေးမယ်...ဒါက ငါ့ရဲ့တောင်းပန်မှုကို ပြသတာပါ"

ရှဟယ်က ပြောဆိုသည်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်ရှက ရယ်စရာပြောနေတာပဲ...ဒါက မင်းရဲ့စစ်ရေးအောင်မြင်မှုပဲလေ...ငါက မင်းရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို လွှဲပြောင်းယူလို့ ဘယ်ဖြစ်မလဲ"

လုယွီသည် ကျင့်ကြံခြင်းလောက၌ လူသစ်တစ်ယောက်မဟုတ်ချေ။သာမာန်အားဖြင့် သူသည် မည်သူကိုမျှ ယုံကြည်ခြင်းမရှိချေ။ထို့ပြင် သူနှင့်ရှဟယ်သည် မပြေနိုင်သောရန်ဘက်များ ဖြစ်နေသည်။

အကယ်၍ ယနေ့ လုယွီသာရှိမနေပါက ရှဟယ်သေဆုံးပြီးဖြစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ တိုက်ပွဲအကျိုးဆောင်ရှမှတ်များအကြောင်း ပြောဆိုရာတွင် ရှဟယ်သည် လုယွီကို ဆုလာဘ်အနေဖြင့် ပေးအပ်သောပုံစံမျိုးပေါ်လွင်နေသည်။

သူ့ထံတွင် ရှဟယ်နှင့်အငြင်းပွါးနေရန် အချိန်မရှိချေ။ယခုလက်ရှိချိန်၌ သူ့အတွက် အရေးအကြီးဆုံးကိစ္စမှာ ရှုရာနတ်ဘုရား၏ပြန်လည်ရှင်သန်ခြင်းကို တားဆီးဟန့်တားရန်ပင်။ရှဟယ်ကိုရင်ဆိုင်ရန်အတွက်ကမူ သူက အပြစ်ကင်းစင်လေဟန် ဆက်၍အယောင်ဆောင်နေရပေမည်။

Chapter 1929

ရှဟယ်၏မျက်နှာပေါ်၌ အပြုံးများဝေဆာနေသည်။သူက ရုတ်တရက် လျိုရှောင်ကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်၏။

"လာကြစမ်း...အလိမ်အညာတွေနဲ့ပြည့်နေတဲ့ ဒီခွေးမကို ဖမ်းလိုက်ကြစမ်း"

လျိုရှောင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မဟာဗိုလ်ချုပ်ရှ...ကျွန်မ မှားသွားပါတယ်",

"ငါက မင်းလိုမျိုး နုံအတဲ့သူလို့ မင်းထင်နေတာလား"

ရှဟယ်သည် လျိုရှောင်၏အသနားခံတောင်းပန်နေမှုကို လျစ်လျှူရှု၍ သူမ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်၏။

ထို့နောက် စစ်သားတချို့ရောက်ရှိလာပြီး သူမကို ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။

ယခုလက်ရှိနေရာတွင် လျိုရှောင်၏ယခင်က လက်အောက်ငယ်သားများ အမြောက်အများရှိနေသည်။သို့ရာတွင် သူတို့သည် ထိုမြင်ကွင်းကိုမြင်သည့်တိုင် မည်သူကမျှရှေ့ထွက်၍ သူမအတွက်တောင်းပန်ပေးခြင်း မရှိချေ။

လျိုရှောင်၏လွန်လေပြီးသော အပြုအမှုများက စစ်သားများ၏စိတ်နှလုံးသားကို အေးစက်သွားစေသည်။

လျိုရှောင်သည် မကြာမီမှာပင် အချုပ်ခန်းအတွင်း၌ နေရတော့မည့်အပြင် သူမအား နှစ်ရှည်ထောင်ဒဏ်က စောင့်ကြိုနေသည်။

"တပ်မှူးချုပ်က ခြုံခိုတိုက်ခိုက်ခံနေရတယ်လို့ ခုဏလေးတင် လေဟာနယ်ဓားပြကပြောသွားတယ်...ငါတို့က တော်ဝင်စစ်တပ်ကိုသတင်းပို့ပြီး စစ်ကူတွေကိုစောင့်ဆိုင်းတာ မကောင်းဘူးလား"

ရှဟယ်က အကြံပြုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ရှားဟိုလီကို ကယ်တင်လိုခြင်းမရှိချေ။

ရှားဟိုလီသည် တော်ဝင်နန်းတော်အတွင်း၌ တသီးတခြားနေတတ်သော အရာရှိတစ်ယောက်ဖြစ်ပြီး သူထံတွင် သီးသန့်ဆန်သောအမူအကျင့်မျိုးရှိသည်။

ရှဟယ်သည် ရှားဟိုလီကို မကယ်တင်လိုသည့် အဓိကအကြောင်းအရင်းမှာ သူသည် ရှမိသားစုအား ဆန့်ကျင်သူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

အတိတ်တွင် တော်ဝင်နန်းတော်မှလူတချို့သည် ရှမိသားစုအား စွပ်စွဲပြစ်တင်ခဲ့စဥ်က ရှားဟိုလီက ထိုအဆိုပြုချက်ကို ထောက်ခံခဲ့သည်။နောက်ပိုင်းတွင် ထိုစွပ်စွဲမှုကြောင့် ရှမိသားစုပြိုလဲသွားခြင်း မရှိခဲ့ချေ။ယခုချိန်၌ ရှားဟိုလီထံမှ ထပ်မံ၍အသံထွက်လာခြင်းမရှိတော့သော်လည်း ရှမိသားစုသည် ထိုကိစ္စကို အမှတ်ရနေဆဲပင်။

သူတို့မိသားစု၏ရန်သူတော်ကြီးသည် ခြုံခိုတိုက်ခိုက်ခံရမှုမှ အသက်ရှင်ရက် လွတ်မြောက်လာမည်ကို သူ မည်သည့်နည်းဖြင့် သဘောကျနှစ်ခြိုက်နိုင်မည်နည်း။

"ဗိုလ်ချုပ်ရှက မသွားချင်မှတော့...ဒီနေရာမှာပဲ စောင့်ကြပ်ပြီးနေခဲ့ပါ"

ရှဟယ် မည်သည့်အရာအား တွေးတောနေသည်ကို လုယွီ သိရှိပေ၏။

"စစ်သားတွေအားလုံးပဲ...ချီတက်မယ်"

လုယွီက အမိန့်ပေးလိုက်သည်။

ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် စစ်သင်္ဘောအတွင်းသို့ အလျှင်အမြန်ဝင်ရောက်၍ စစ်စခန်းမှထွက်ခွာခဲ့တော့သည်။

ပုန်းကွယ်နဂါးတပ်ခွဲမှလူများ ထွက်ခွာသွားသည်ကိုကြည့်ပြီး ရှဟယ်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဗိုလ်ချုပ်...ကျွန်တော်တို့ရော သွားပြီး အကူအညီပေးသင့်လား"

ရှဟယ်၏လက်အောက်ငယ်သားတစ်ယောက်က မေးမြန်းလေ၏။

ဖြောင်း....

ရှဟယ်က ထိုငယ်သား၏ပါးကို ဖြတ်ရိုက်လိုက်သည်။

"ခုဏကလေးတင် စစ်စခန်းကို လေဟာနယ်ဓားပြတွေက ဝင်ပြီးတိုက်ခိုက်သွားခဲ့တယ်...ငါက ဒီနေရာကို ကာကွယ်ဖို့ အမိန့်ရထားတာ...တပ်မှူးချုပ်ကို ကာကွယ်ဖို့အတွက်နဲ့ ငါ့ရဲ့စစ်သားတွေကို ဘယ်လိုလုပ်ပြီးစေလွှက်လို့ရမှာလဲ...ငါ ရထားတဲ့အမိန့်ကို ဖောက်ဖျက်လို့မရဘူး"

ရှဟယ်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

သူသည် မည်သည့်နည်းနှင့်မျှ စစ်သားများစေလွှတ်ရန် ရည်ရွယ်ချက်မရှိချေ။

အကယ်၍ လုယွီသည် ထိုနေရာ၌ သေဆုံးသွားလျှင်လည်း သူ အနည်းငယ်မျှပင် စိုးရိမ်ကြောင့်ကြနေမည်မဟုတ်ပေ။

တခြားတစ်ဖက်၌...

လုယွီက စစ်သင်္ဘော၏ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်နေသည်။သူက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုထားသဖြင့် သူ၏မျက်လုံးများသည် ခရမ်းရောင်တောက်ပနေပေ၏။

သာမာန်ကျင့်ကြံသူများ လေ့လာစူးစမ်းရန် ခက်ခဲမည်ဖြစ်သော်လည်း လုယွီ၏မျက်လုံးများအတွင်း၌ လော့ရွှေကြယ်မြစ်တစ်ခုလုံး၏ဖုန်းရွှေသည် ကြောက်ခမမ်းလိလိပြောင်းလဲမှုများနှင့် ကြုံတွေ့နေရခြင်းကို တွေ့မြင်နေရသည်။

မူလက တာယွီအင်ပါယာကို ကိုယ်စားပြုသောနဂါးချီများသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လွင့်ပြယ်နေကာ အရပ်မျက်နှာအဘက်ဘက်မှ ဝါးမျိုခြင်းခံနေရသည်။

ဤကဲ့သို့မြင်ကွင်းမျိုး ဖြစ်ပွါးစေရန်အတွက် ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။

လော့ရွှေကြယ်မြစ်တစ်ခုလုံး ဖရိုဖရဲအခြေအနေသို့ ကျရောက်နေလေပြီ။

"ဗိုလ်ချုပ်...ကျွန်တော်တို့က တပ်မှူးချုပ်ကိုကယ်တင်ဖို့အတွက် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို သွားမှာလား"

သိုက်ဖုန်းက မေးမြန်းလိုက်၏။

စစ်စခန်းတစ်ခုလုံးအတွက် ရှားဟိုလီသည် အမာခံကျောရိုးဖြစ်သည်။အကယ်၍ ရှားဟိုလီ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက စစ်သားများ၏စိတ်ပိုင်းဆိုင်ရာအပေါ် များစွာသက်ရောက်မှုရှိသွားနိုင်သည်။

လုယွီက ခေါင်းခါပြပြီး ပြတ်ပြတ်သားသားပြောဆိုသည်။

"ငါတို့က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို မသွားဘူး...သူတော်စင်ပင်လယ်ကြယ်နယ်မြေကို သွားမယ်"

သူတော်စင်ပင်လယ်ကြယ်နယ်မြေဟု ဆိုသလော...

လုကျင်းရှန့်၏မျက်လုံးများ တောက်ပသွားသည်။

"ဗိုလ်ချုပ်က သူတော်စင်ပင်လယ်ကြယ်နယ်မြေက စစ်သားတွေကို ဌားရမ်းမလို့လား...ဒါက အကောင်းဆုံးအကြံအစည်ပဲ...လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ ရဲ့လက်အောက်မှာ စစ်သားနှစ်သန်းကျော်ရှိတယ်....ကျွန်တော်တို့က အဲ့ဒီစစ်သားတွေကိုသာ ဌားရမ်းနိုင်မယ်ဆိုရင် ဘယ်ရန်သူကိုမဆို အမြစ်ပြတ်သုတ်သင်နိုင်လိမ့်မယ်"

လုယွီက ထပ်မံ၍ ခေါင်းခါပြလေ၏။သူ သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ သွားရခြင်းမှာ စစ်သားများဌားရမ်းရန်အတွက်မဟုတ်ဘဲ ရှုရာနတ်ဘုရား၏ပြန်လည်ရှင်သန်ခြင်းအစီအစဥ်ကို ဖျက်ဆီးရန်ပင်။

အကယ်၍ ရှုရာနတ်ဘုရားကိုသာ အမြစ်ပြတ်သုတ်သင်နိုင်ပါက လော့ရွှေကြယ်မြစ်မှဖရိုဖရဲဖြစ်နေမှုများအားလုံး အဆုံးသတ်သွားပေမည်။

စစ်သင်္ဘောကြီးသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေထံသို့ဦးတည်၍ အလျှင်အမြန် ရွှက်လွှင့်သွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက်...သူတော်စင်ပင်လယ်ကြယ်နယ်မြေ...

လမ်းတလျှောက်လုံး အရှိန်ကုန်မြှင့်၍ ခရီးနှင်လာခဲ့ပြီးနောက် ပုန်းကွယ်နဂါးတပ်ခွဲသည် နောက်ဆုံး၌ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

Chapter 1930

"အရှင်...သူတော်စင်ပင်လယ်ကြယ်နယ်မြေက ကျွန်တော်တို့ရဲ့ ရှေ့မှာပဲ"

သိုက်ဖုန်းက ပြောဆိုသည်။

စစ်သင်္ဘောနှင့်မလှမ်းမကမ်းအကွာအဝေးရှိ ကြယ်နယ်မြေကိုကြည့်ပြီး လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

လော့ရွှေကြယ်မြစ်၏ဗဟိုချက်နေရာဖြစ်သော သူတော်စင်ပင်လယ်ကြယ်နယ်မြေသည် အစဥ်အမြဲ လူသူစည်ကားပြီး သက်ဝင်လှုပ်ရှားနေသည်။

လုယွီ ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိစဥ်၌ မြောက်မြားစွာသော ကုန်သင်္ဘောများကို တွေ့ရှိခဲ့ရသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

မှောင်မည်းနေသော ကြယ်တာရာကောင်းကင်ယံသည် သုသာန်တစပြင်ကဲ့သို့ ဆိတ်ငြိမ်နေသည်။

"ကြည့်ရတာတော့ သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာ အမှားအယွင်းတစ်ခုခုရှိနေပုံပဲ..အရှင်....ကျွန်တော်တို့က အရင်ဆုံးစုံစမ်းစစ်ဆေးဖို့ ကင်းထောက်တချို့ကို စေလွှက်လိုက်ရမလား"

လုကျင်းရှန့်က မေးမြန်းသည်။

လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက ခေါင်းခါပြလိုက်၏။

"ဒါက အရမ်းနောက်ကျသွားပြီ...ငါ့ရဲ့အမိန့်ကိုထုတ်ပြန်လိုက်...စစ်တပ်တစ်တပ်လုံး သူတော်စင်ပင်လယ်ကြယ်နယ်မြေထဲကို ချက်ချင်းဝင်ရောက်မယ်"

သူ၏အာရုံခံမှုအောက်တွင် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌ အဆက်မပြတ်ကြီးထွားနေသော အရှိန်အဝါတစ်ခုရှိနေသည်။

သူ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်ဖြင့် လေ့လာဆန်းစစ်မှုအရ ထိုအရှိန်အဝါသည် ခရမ်းရောင်ရှိပြီး ရှည်လျားသောနဂါးတစ်ကောင်ကဲ့သို့ အဆက်မပြတ် မြင့်တက်နေသည်။

ထိုအရှိန်အဝါ၏ပိုင်ရှင်သည် ခိုအောင်းပြီး စွမ်းအားများကို အဆက်မပြတ်စုဆောင်းနေပုံရသည်။သူ၏စွမ်းအားတစ်ကြိမ်စုဆောင်းလိုက်သည့်အချိန်တိုင်း တာယွီအင်ပါယာ၏နဂါးချီများကို ဝါးမျိုနေပေ၏။

ဤအရှိန်အဝါ၏ပိုင်ရှင်သည် ရှုရာနတ်ဘုရား ဖြစ်နေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လုယွီ ဤနေရာသို့ ရောက်ရှိလာသည့်အကြောင်းအရင်းမှာ ရှုရာနတ်ဘုရားကို အမြစ်ပြတ်သုတ်သင်ရန်ပင်။

ပုန်းကွယ်နဂါးတပ်ခွဲမှလူများ ချီတက်နေစဥ်တွင် လူလတ်ပိုင်းကြီးတစ်ယောက်သည် အဝေးတစ်နေရာမှနေ၍ သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ကြည့်နေသည်။

ထိုလူလတ်ပိုင်းကြီးသည် အလွန်အမင်း မျက်စေ့ဖမ်းစားနိုင်သော ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။

သူသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်ရှိ ဖရိုဖရဲအခြေအနေများကို နှိမ်နင်းရန် စစ်တပ်အားဦးဆောင်လာသည့် ဗိုလ်ချုပ်ချောင်ပေဖြစ်သည်။

သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်တွင် ပုံမှန်အားဖြင့် စစ်သည်အင်အားတစ်သန်းခန့်ရှိသော အစောင့်တပ်တစ်တပ်ရှိသည်။

သာမာန်နေ့ရက်များတွင် ထိုအစောင့်တပ်သည် အထူးတလည်ပြုလုပ်ရသော တာဝန်မျိုးမရှိချေ။

လော့ရွှေကြယ်မြစ်အတွင်း၌ ကိစ္စကြီးများရှိမှသာလျှင် အစောင့်တပ်သည် လှုပ်ရှားလေ့ရှိပေ၏။

"ဗိုလ်ချုပ်...နတ်ဆိုးမျိုးနွယ်တွေက သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ပြင်ပကနေ ပိတ်ဆို့ဟန့်တားထားတယ်...ပြီးတော့ သူတို့က ခြုံခိုတိုက်ခိုက်ဖို့ကိုလည်း အလွှာအထပ်ထပ် ပြင်ဆင်ထားပုံရတယ်...တကယ်လို့ ကျွန်တော်တို့က အတင်းအကြပ်ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှုတွေ ခံစားရမှာသေချာတယ်"

စစ်ရေးအကြံပေးက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

သူတို့၏စစ်တပ်သည် ဤနေရာသို့ အလျှင်အမြန်ရောက်လာခဲ့သော်လည်း နတ်ဆိုးမျိုးနွယ်များသည် ပြင်ဆင်ပြီးဖြစ်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ပုန်ကန်သူနတ်ဆိုးမျိုးနွယ်များ အုပ်စုလိုက်ထွက်ပေါ်လာပြီး သူတို့က သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏ပြင်ပတွင် ဝင်္ကပါကြီးများကိုပင် ခင်းကျင်းထားကြ၏။

ထိုနေရာသို့ မဆင်မခြင်ဝင်ရောက်သွားသော မည်သူမဆို နတ်ဆိုးများ၏ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပေမည်။

ချောင်ပေက သူ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် စုကျုံထားသည်။

"ငါတို့ ခုထိ ကြယ်မြစ်အုပ်ချုပ်သူအိမ်တော်နဲ့ဆက်သွယ်လို့ မရသေးဘူးလား"

သာမာန်အားဖြင့် နတ်ဆိုးမျိုးနွယ်များ ပုန်ကန်ထကြွပါက သူတို့စစ်တပ်ပင်ထွက်လာရန်မလိုအပ်ဘဲ ကြယ်မြစ်အုပ်ချုပ်သူ၏အိမ်တော်မှနေ၍ ပုန်ကန်သူများကို အမြစ်ပြတ်သုတ်သင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ရွှယ်အင်မော်တယ်ဖြစ်သော လီလုံချင်း၏စောင့်ကြည့်မှုအောက်တွင် ရှိနေသဖြင့် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်တွင် တော်ဝင်နန်းတော်၏လွှမ်းမိုးနိုင်မှုသည် ကျောက်စိုင်ကျောက်သားတမျှ ခိုင်မာသည်။

စစ်ရေးအကြံပေးက ခေါင်းခါပြလေ၏။

"ကျွန်တော်တို့က နည်းလမ်းတွေအများကြီး အသုံးပြုခဲ့ပေမယ့်...အုပ်ချုပ်သူအိမ်တော်ကနေ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး"

ယခုလက်ရှိနေရာတွင်ရှိသော စစ်ဗိုလ်ချုပ်များသည် ထိုသတင်းကိုကြားသည်နှင့် သူတို့၏စိတ်နှလုံးသားများ မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်က အုပ်ချုပ်သူအိမ်တော်၌ တစ်စုံတစ်ခု ဖြစ်ပျက်နေခြင်းကို ညွှန်ပြနေခြင်းဖြစ်သည်။

စစ်ရေးအကြံပေးက အကြံပြုလိုက်၏။

"ကျွန်တော်တို့ရဲ့စစ်တပ်မှာ အင်အားများပေမယ့်...အခုချိန်မှာ သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့ပြင်ပက အကာအကွယ်ဝင်္ကပါတွေကို အသက်သွင်းထားတယ်...ဒါကြောင့်မို့ ကျွန်တော်တို့က အထဲကအခြေအနေတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး...ကျွန်တော်တို့က ဒီကိစ္စကို တော်ဝင်နန်းတော်ဆီသတင်းပို့ပြီး စစ်ကူတွေရောက်လာတဲ့အထိစောင့်ရင် မကောင်းဘူးလား"

ထိုအကြံပြုချက်ကို လက်ရှိနေရာတွေရှိနေသော စစ်ဗိုလ်ချုပ်အများစုက သဘောတူထောက်ခံကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ တွေးတောခြင်းမရှိဘဲ ဝင်ရောက်တိုက်ခိုက်ပါက ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်မှာ တိကျသေချာလှ၏။

ချောင်ပေက ဝေခွဲရခက်နေစဥ်မှာပင် စစ်သင်္ဘောတစ်စင်းသည် မိုးကောင်းကင်ယံကိုဖြတ်သန်း၍ သူတော်စင်ပင်လယ်ကြယ်နယ်မြေထံသို့ဦးတည်၍ ပျံသန်းသွားသည်။

"ဒီလိုအချိန်မျိုးမှာ သူတော်စင်ပင်လယ်ကြယ်နယ်မြေကို သွားတဲ့လူတွေ ဘယ်လိုလုပ်ပြီးရှိနေတာလဲ...သူတို့ သေချင်နေကြတာများလား"

စစ်ရေးအကြံပေးသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်၍ အာရုံခံလိုက်သော်လည်း ရုတ်တရက် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"ဗိုလ်ချုပ်...သူတို့ရဲ့စစ်သင်္ဘောမှာ လွှင့်ထူထားတဲ့အလံတွေကို ကြည့်လိုက်အုံး...သူတို့က ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်ငယ်သားတွေပဲ"

All Chapters