အခန်း (၁၉၃၁-၁၉၃၅)
Vol. 100 Ch. 1931-1935
Chapter 1931
ဘာ...
ချောင်ပေ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားပြီး သူက အလျှင်အမြန်ကြည့်လိုက်၏။
သူတို့အားလုံးကြည့်လိုက်စဥ်တွင် လုယွီ၏စစ်သင်္ဘောတွင် လွှင့်ထူထားသော မိုးကြိုးအမှတ်အသားရေးဆွဲထားသည့် အလံကြီးကို တွေ့မြင်မိကြသည်။
ဤသည်က ရှားဟိုလီဦးဆောင်သော စစ်စခန်းမှအလံပင်။
"ရှားဟိုလီရဲ့စစ်တပ်က လေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်ဖို့ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကိုသွားတာ ရက်အတော်ကြာနေပြီမဟုတ်လား...သူတို့က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"
စစ်ဗိုလ်ချုပ်များအားလုံး ဇဝေဇဝါဖြစ်နေကြပြီး သူတို့က စတင်၍အချေအတင် ငြင်းခုံနေကြ၏။
စစ်ရေးအကြံပေးက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေရင်း မှန်းဆပြောဆိုလိုက်သည်။
"ဖြစ်နိုင်တာကတော့...ဦးရီးတော်ရှားဟိုလီက တိုက်ပွဲမှာ ရှုံးနိမ့်လာလို့ ဒီနေရာကိုလာပြီး အကူအညီတောင်းခံတာပဲ"
လက်ရှိနေရာတွင်ရှိနေသူများအားလုံး ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားကြသည်။
အကယ်၍ စစ်ပွဲတွင် တော်ဝင်စစ်တပ်ဘက်မှ ရှုံးနိမ့်သွားပါက သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ လာရောက်၍ သေချာပေါက်အကူအညီတောင်းခံပေမည်။
ထိုစစ်သင်္ဘောသည် ဤနေရာသို့ စစ်ကူလာရှာခြင်း ဖြစ်ပုံရသည်။
"မြန်မြန်လေး...ငါတို့ရဲ့အလံပြပြီး သူတို့ကို ဟန့်တားလိုက်စမ်း"
ချောင်ပေက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်၏။
ဤနယ်မြေ၏ပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲအမြောက်အများ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်းကို သူတို့က ရှာဖွေတွေ့ရှိခဲ့သည်။
ဤကဲ့သို့ စစ်သင်္ဘောငယ်လေးကို မဆိုထားနှင့် စစ်သည်အင်အားအမြောက်အများရှိနေသော သူပင်လျှင် မဆင်မခြင် မလှုပ်ရှားဝံ့ချေ။
အကယ်၍ သူ သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏နယ်နမိတ်အတွင်းသို့ ဝင်ရောက်သွားပါက အမှုန်အမွှားအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားမည်ကို စိုးရိမ်နေမိသည်။
ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောထံဦးတည်၍ စစ်သားများက အလံကိုဝှေ့ယမ်းပြလိုက်၏။သို့ရာတွင် သူတို့က အလံများဝှေ့ယမ်းပြနေသည့်တိုင် ထို စစ်သင်္ဘောက ရပ်တန့်ခြင်းမရှိချေ။
"သူတို့က အလံကို မမြင်ကြဘူးလား...သူတို့ဆီကို အသံပေးပို့ပြီး ဆက်သွယ်လိုက်စမ်း"
ချောင်ပေက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
မကြာမီမှာပင် ချောင်ပေ၏စစ်တပ်ရှိ အသံလွှင့်ဝင်္ကပါများမှနေ၍ အသံထွက်ပေါ်လာသည်။
"ရှေ့က စစ်သင်္ဘော...ရပ်လိုက်စမ်း...သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့နယ်နမိတ်ထဲကို ဝင်မသွားနဲ့...ရှေ့မှာ နတ်ဆိုးမျိုးနွယ်တွေက ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေတယ်...အရမ်းအန္တရာယ်များတယ်...ခုချက်ချင်း နောက်ပြန်ဆုတ်တော့"
ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောပေါ်မှ လူတိုင်း ထိုအသံကို ကြားလိုက်ရသည်။
"အရှင်...ဒါက သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့အစောင့်တပ်ကလူတွေက ကျွန်တော်တို့ကို ပြောနေတာပဲ"
သိုက်ဖုန်းက ပြောဆိုသည်။
လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေဆဲပင်။
"ရှေ့ကိုဆက်သွားဖို့ အမိန့်ထုတ်ပြန်လိုက်"
သိုက်ဖုန်း၏မျက်နှာပေါ်၌ တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေပြီး သူက ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"အမိန့်အတိုင်းပါ"
စစ်သင်္ဘောကြီးသည် မည်သည့်တုံ့ဆိုင်းခြင်းမျိုးမျှမရှိဘဲ အရှိန်ကုန်မြှင့်၍ ရှေ့သို့ဆက်သွားလေသည်။
တခြားတစ်ဖက်တွင် ချောင်ပေနှင့် သူ့လက်အောက်မှစစ်ဗိုလ်ချုပ်များသည် သူတို့၏ခေါင်းများကိုခါယမ်း၍ သက်ပြင်းရှိုက်နေကြ၏။
သူတို့သည် နှစ်ကြိမ်တိုင်တိုင် ဟန့်တားခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်ဖက်လူများက လျစ်လျူရှုထားခဲ့သည်။
"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...အဲ့ဒီနယ်နမိတ်ထဲကို သူတို့ဝင်သွားတာနဲ့ ချက်ချင်းသေသွားနိုင်တယ်...သူတို့က ပြန်တိုက်ခိုက်ဖို့တောင် အခွင့်အရေးရမှာမဟုတ်ဘူး"
စစ်ဗိုလ်ချုပ်များက ညည်းတွားပြောဆိုနေကြသည်။
သူတို့သည် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သင်္ဘောကို အထင်ကြီးခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
မဟာမိတ်များ၏ပူးပေါင်းမှုမရှိဘဲ စစ်သင်္ဘောတစ်စင်းတည်းဖြင့် နတ်ဆိုးမျိုးနွယ်များ၏အကာအကွယ်ဝင်္ကပါများကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။
"ဗိုလ်ချုပ်...ဒါက အခွင့်အရေးတစ်ခုလို့ ကျွန်တော် ထင်တယ်"
ရုတ်တရက် စစ်ရေးအကြံပေးက ပြောဆိုသည်။
ချောင်ပေ၏မျက်ခုံးများ မြင့်တက်သွားသည်။
"ဘယ်လို အခွင့်အရေးမျိုးလဲ"
စစ်ရေးအကြံပေးက ပြောဆိုလိုက်၏။
"အဲ့ဒီလူတွေက အလျင်လိုနေမှတော့ သူတို့ကို ရှေ့ကနေဦးဆောင်ခိုင်းပြီး ကျွန်တော်တို့ နောက်ကလိုက်သွားရမယ်...တကယ်လို့ အဲ့ဒီလူတွေ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်ကျရင် ကျွန်တော်တို့က တချို့တစ်ဝက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်...ပြီးတော့ အဲ့ဒီစစ်သင်္ဘောက တစ်ဖက်ရန်သူတွေရဲ့စိတ်အာရုံကို ဆွဲဆောင်ထားနိုင်လိမ့်မယ်...အဲ့ဒီအချိန်မှာ ကျွန်တော်တို့က နောက်ကနေခိုးဝင်မယ်ဆိုရင် သူတော်စင်ပင်လယ်ကြယ်နယ်မြေထဲကို ဝင်ရောက်နိုင်လိမ့်မယ်"
ထိုစကားကိုကြားသည်နှင့် ချောင်ပေ၏မျက်လုံးများ တောက်ပသွားသည်။
"ကောင်းတယ်...မင်း ပြောသလို လုပ်ကြတာပေါ့"
ဤသည်က နည်းလမ်းကောင်းတစ်ခုပင်။
ချောင်ပေသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပါက သူ၏လူများ အသေအပျောက်များမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ထိုကဲ့သို့အချိန်မျိုးသို့ ရောက်ရှိလာပါက အထက်မှလူများကို သူ ရှင်းပြနိုင်ရန် လွန်စွာခက်ခဲပေမည်။
သို့ရာတွင် သူတို့၏ရှေ့မှ ဦးဆောင်သွားနေသူများရှိနေသဖြင့် ဤကိစ္စကို သူ စိုးရိမ်ပူပန်ရန်မလိုအပ်တော့ချေ။
"စစ်သားတွေအားလုံး...အသင့်ပြင်ကြစမ်း...ငါတို့ရဲ့ရှေ့က စစ်သင်္ဘောရဲ့နောက်ကိုလိုက်မယ်"
မကြာမီမှာပင် ချောင်ပေ၏စစ်တပ်သည် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောနောက်သို့ လိုက်ပါသွားခဲ့သည်။
လုယွီထံတွင် ထိုလူများနှင့်ပတ်သတ်၍ မည်သည့်ထင်မြင်ယူဆချက်မျိုးမျှ ရှိမနေချေ။
"အရှင်...ကျွန်တော်တို့ရဲ့ရှေ့မှာ နတ်ဆိုးမျိုးနွယ်တွေ ရှိနေတယ်"
ရုတ်တရက် စစ်သားတစ်ယောက်ရောက်ရှိလာပြီး လုယွီထံ သတင်းပို့သည်။
အမှန်အားဖြင့် သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏နယ်နမိတ်အတွင်းသို့ ဝင်လိုက်သည်နှင့် မြောက်မြားစွာသော နတ်ဆိုးမျိုးနွယ်များ သူတို့၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
Chapter 1932
"ဂါး...ဂါး...ညီအကိုတို့ ဒီနေရာကိုလာပြီး အသေခံဝံ့တဲ့လူသားမျိုးနွယ်တွေရှိနေတုန်းပဲ....သူတို့အားလုံးရဲ့အသွေးအသားတွေကို ဝါးမျိုကြရအောင်"
မိကျောင်းသားရဲတစ်ကောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သူ၏ပါးစပ်ထောင့်တွင် သွေးစသွေးနများ စွန်းထင်းနေဆဲဖြစ်ရာ အစောပိုင်းကမှ သတ်ဖြတ်စားသောက်ထားသည်မှာ သိသာထင်ရှားလှ၏။
တခြားနတ်ဆိုးသားရဲများ၏မျက်လုံးများသည်လည်း အပြည့်အဝ နီမြန်းနေသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ နတ်ဆိုးမှော်သားရဲများ သန်းပေါင်းများစွာရှိနေပြီး မိုးကောင်းကင်ယံကို ပိတ်ဖုံးလုမတက် ထူထပ်သိပ်သည်းသဖြင့် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
"နတ်ဆိုးမျိုးနွယ်တွေ အများကြီးရှိနေတာပါလား"
"ငါတို့ ခုဏက မဆင်မခြင် တိုးမဝင်မိတာ ကံကောင်းတာပဲ....မဟုတ်ရင် ငါတို့လည်း ခြုံခိုတိုက်ခိုက်ခံနေရလောက်ပြီ"
ချောင်ပေ၏စစ်သင်္ဘောပေါ်ရှိ စစ်ဗိုလ်ချုပ်များသည် သူတို့၏ရှေ့ရှိ ထူထပ်သိပ်သည်းသော နတ်ဆိုးမျိုးနွယ်များကိုကြည့်ပြီး သူတို့၏ဦးရေပြားများ ထုံကျင်လာခြင်းကို ခံစားလိုက်ရ၏။
သူတော်စင်ပင်လယ်ကြယ်နယ်မြေတွင် ပင်လယ်သမုဒ္ဒရာအမြောက်အများရှိသဖြင့် အလွန်များပြားသောနတ်ဆိုးသားရဲများသည် ပင်လယ်သမုဒ္ဒရာများ၏အောက်ခြေ၌ ပုန်းအောင်းနေကြသည်။
ထို့ပြင် ယခုမြင်နေရသည်မှာ ရှေ့တန်းတွင်စောင့်ကြပ်သော နတ်ဆိုးမျိုးနွယ်များသာဖြစ်ပြီး သူတို့၏နောက်တွင် နတ်ဆိုးသားရဲ ဘယ်လောက်များများ ကျန်ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။
သန်းဆယ်နှင့်ချီ၍....သန်းရာနှင့်ချီ၍ ရှိနေသလော....
နတ်ဆိုးမျိုးနွယ်များ တိုက်ခိုက်စဥ်တွင် သူတို့သည် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံလုမတက် သားရဲဒီရေလှိုင်းပုံစံမျိုးဖြင့် တိုက်ခိုက်လေ့ရှိသည်။အကယ်၍ တစ်ဖက်လူများသည် နတ်ဆိုးသားရဲအုပ်စုတစ်စုကို သတ်ဖြတ်နိုင်လျှင်ပင် အချိန်တခဏကြာပြီးနောက် နောက်ထပ်နတ်ဆိုးသားရဲတစ်စု ထပ်မံထွက်ပေါ်လာပေမည်။
ထို့ကြောင့် နတ်ဆိုးသားရဲများ၏ပုန်ကန်မှုများ ဖြစ်ပွါးသည့်အချိန်တိုင်း တော်ဝင်စစ်တပ်မှလူများအတွက် ခေါင်းခဲစရာကိစ္စဖြစ်သည်။
"နတ်ဆိုးသားရဲတွေရဲ့ ဒီလိုမျိုးအကြီးစားပုန်ကန်မှုမှာ နတ်ဆိုးဧကရာဇ်အဆင့်တွေတောင် ပါလာနိုင်တယ်...ဗိုလ်ချုပ်...ဒီကိစ္စကို တော်ဝင်နန်းတော်ဆီ အရင်ဆုံး သတင်းပို့ကြရအောင်"
စစ်ရေးအကြံပေးက အကြံပြုလိုက်၏။
နတ်ဆိုးဧကရာဇ်တစ်ယောက်သည် လူသားမျိုးနွယ်၏ရွှယ်အင်မော်တယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသည်။
သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌ နတ်ဆိုးဧကရာဇ်တချို့ ရှိနေသည်။သို့ရာတွင် လီလုံချင်းရှိနေခြင်းကြောင့် သာမာန်အခြေအနေမျိုးတွင် မည်သည့်နတ်ဆိုးဧကရာဇ်မှ မဆင်မခြင်မလုပ်ဝံ့ကြချေ။
ယခုလက်ရှိအချိန်တွင် အုပ်ချုပ်သူအိမ်တော်၏အခြေအနေကို မသိရှိရသေးချေ။အကယ်၍ နတ်ဆိုးဧကရာဇ်တစ်ယောက်သာ အမှန်တကယ်ရောက်ရှိလာပါက သူတို့အားလုံး ဘေးကပ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။
ချောင်ပေ၏စိတ်နှလုံးသားများ လေးလံနေပြီး သူ မည်သို့ဆက်လုပ်ရမည်ကို ဝေခွဲ၍မရတော့ချေ။
ထိုအချိန်မှာပင် မြောက်မြားစွာသောနတ်ဆိုးသားရဲများသည် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောထံသို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်ကြသည်။
စစ်ရေးအကြံပေးက ခြေဆောင့်နင်း၍ စိုးရိမ်ပူပန်တကြီး ပြောဆိုလေ၏။
"ဗိုလ်ချုပ်...မြန်မြန်ဆုံးဖြတ်ချက်ချပါတော့...ရှေ့မှာရှိနေတဲ့ စစ်သင်္ဘောက မျက်စိတမှိတ်စာအချိန်အတွင်း ဝါးမျိုခံလိုက်ရမှာကို စိုးရိမိမိတယ်...အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့က နတ်ဆိုးသားရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်"
အကယ်၍ ထိုစစ်သင်္ဘောသာ ပျက်စီးသွားပါက သူတို့လည်း တိမ်းရှောင်ရန် လွန်စွာခက်ခဲသွားပေမည်။
ထိုအချိန်မှာပင် လူများအားလုံး၏ရှေ့၌ မြောက်များစွာသောအလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးများ အဆက်မပြတ်မြည်ဟီးလာသည်ကို သူတို့အားလုံး ကြားလိုက်ရ၏။
ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောမှနေ၍ ရာနှင့်ချီသော စိတ်ဝိညာဥ်အမြှောက်များကို တပြိုင်နက်တည်း ပစ်ခတ်လိုက်ခြင်းပင်။
ထိုစိတ်ဝိညာဥ်အမြှောက်များမှ အလင်းတန်းများသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတခွင်လုံးအနှံ လွှမ်းခြုံသွားပြီး ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများအောက်တွင် ရှေ့ဆုံးမှတိုးဝင်လာသော နတ်ဆိုးသားရဲများအားလုံး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒါက စစ်သင်္ဘောတစ်စင်းရဲ့စိတ်ဝိညာဥ်အမြှောက်တွေလား"
ချောင်ပေက ကြက်သေသေနေသည်။
ယေဘုယျကျကျပြောဆိုရလျှင် စစ်သင်္ဘောတစ်စင်းတွင် အများဆုံးအနေဖြင့် စိတ်ဝိညာဥ်အမြှောက် ခုနစ်လက် ရှစ်လက်ခန့် တင်ဆောင်ထားလေ့ရှိသည်။သာမာန်ထက် ခမ်းနားထည်ဝါသော စစ်သင်္ဘောများပေါ်တွင်မူ စိတ်ဝိညာဥ်အမြှောက်ဆယ်လက်ကျော်ခန့် ပါဝင်လေ၏။
ဤှသည်မှာ စိတ်ဝိညာဥ်အမြှောက်များသည် အလွန်အစွမ်းထက်သော်လည်း စိတ်ဝိညာဥ်ကျောက်တုံးကုန်ဆုံးမှုနှုန်းမှာ လွန်စွာများပြားသည်။စိတ်ဝိညာဥ်အမြှောက်တစ်လက်အတွက်ပင်လျှင် သန်းနှင့်ချီသော စိတ်ဝိညာဥ်ကျောက်တုံးများ လိုအပ်သည်။
သို့ရာတွင် သူတို့သည် စိတ်ဝိညာဥ်အမြှောက်အလက်တစ်ရာခန့်တပ်ဆင်ထားသော စစ်သားများကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
ဘုန်း...ဘုန်း...ဘုန်း...
စိတ်ဝိညာဥ်အမြှောက်တစ်ရာခန့်ကို တပြိုင်နက်တည်း ပစ်ခတ်လိုက်ခြင်းဖြစ်သဖြင့် မြောက်မြားစွာသောအလင်းတန်းများ ဖြတ်ပြေးသွားပြီးနောက် နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်များ ကြေမွပျက်စီးသွားသည်။
"သူတို့ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး...သူတို့က အချိန်တိုအတွင်းမှာ နတ်ဆိုးသားရဲတချို့ကိုပဲ သတ်နိုင်လိမ့်မယ်...ဒါပေမယ့် စိတ်ဝိညာဥ်ကျောက်တုံးတွေ ကုန်ဆုံးသွားတဲ့အချိန်ကျရင် ကျန်နေတဲ့နတ်ဆိုးသားရဲတွေကို ကျွန်တော်တို့ ရင်ဆိုင်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး"
စစ်ရေးအကြံပေးက တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်၏။
သို့ရာတွင်...
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ကုန်ဆုံးသွားလေပြီ။
ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောပေါ်ရှိ စိတ်ဝိညာဥ်အမြှောက်များသည် စိတ်ဝိညာဥ်ကျောက်တုံးများ ကုန်ခမ်းမှုမရှိသည့်အလား အရူးအမူးပစ်ခတ်နေဆဲပင်။
ကောင်းကင်နှင့်မြေပြင်ပိတ်ဖုံးလုမတက် အလွန်များပြားသော နတ်ဆိုးသားရဲများသည် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သေဆုံးသွားခဲ့သည်။
"လူသားတွေ...မင်းတို့ သေချင်နေတာလား"
နတ်ဆိုးသားရဲများအကြားမှနေ၍ ဒေါသတကြီးဟိန်းဟောက်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်က နတ်ဆိုးသားရဲမျိုးနွယ်များကြားမှ အစွမ်းထက်နတ်ဆိုးသားရဲတစ်ကောင်ပင်။
သို့ရာတွင် လုယွီသည် ထိုဟိန်းဟောက်သံကို မကြားသကဲ့သို့ပြုမူနေသည်။
"လာကြစမ်း...နောက်ထပ် စိတ်ဝိညာဥ်အမြှောက်တစ်ရာ ထပ်တပ်ဆင်ပြီး သူတို့ကိုပစ်ခတ်ကြစမ်း"
လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
Chapter 1933
စိတ်ဝိညာဥ်အမြှောက်တစ်လက် ပစ်ခတ်ရန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများ လိုအပ်သည်။
သို့ရာတွင် လုယွီထံ၌ ပြတ်လပ်မှုမရှိဆုံးအရာမှာ စိတ်ဝိညာဥ်ကျောက်တုံးများပင်။
ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ တာအိုသခင်၏အမွေအနှစ်များ ရရှိခဲ့ခြင်းသည် လုယွီကို ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာစေခဲ့၏။
ထို့ပြင် သူသည် အပြစ်သားပင်လယ်ကြယ်နယ်မြေမှ စိတ်ဝိညာဥ်သွေးကြောကို ရရှိခဲ့သည်။
ထိုစိတ်ဝိညာဥ်သွေးကြောဖြင့် လုယွီသည် သူ အသုံးပြုရန် စိတ်ဝိညာဥ်ကျောက်တုံးများကို အဆက်မပြတ် ထုတ်လုပ်နိုင်သည်။အကယ်၍ သူ ဆန္ဒရှိပါက ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်၍ပင် လက်အောက်ငယ်သားအသစ်များကို စုဆောင်းနိုင်ပေမည်။
ယခုလက်ရှိချိန်တွင် လုယွီသည် ချမ်းသာကြွယ်ဝသူတစ်ယောက်ပင်။တာယွီအင်ပါယာတစ်ခုလုံးတွင်ပင် သူ့ထက်ပို၍ချမ်းသာကြွယ်ဝသူဟူ၍ လူနည်းစုသာရှိပေမည်။
ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် လုယွီ၏ချမ်းသာကြွယ်ဝမှုကို သိရှိထားသည်မှာ သမားရိုးကျကိစ္စတစ်ခုပင်။
ထို့ကြောင့် သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးများကုန်ဆုံးမှုကို အာရုံစိုက်ခြင်းမရှိကြချေ။
စစ်သင်္ဘောပေါ်၌ နောက်ထပ်စိတ်ဝိညာဥ်အမြှောက်အလက်တစ်ရာကို တပ်ဆင်ပြီးလေပြီ။
စစ်သင်္ဘောကြီးတစ်ခုလုံး ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်အမြှောက်များနှင့် ပြည့်နှက်နေသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းပင်။
ဘုန်း...ဘုန်း...ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ သူတို့၏ရှေ့ရှိ နတ်ဆိုးသားရဲများသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး မြေပြင်ပေါ်၌ သွေးများအိုင်ထွန်းနေသည်။
ကောင်းကင်ယံတခွင်လုံးအနှံ ဖုံးလွှမ်းနေသော စိတ်ဝိညာဥ်အမြှောက်များမှအလင်းတန်းများကို ချောင်ပေတို့လူစုကလည်း တွေ့မြင်မိလေ၏။
"ဘယ်သူလဲ...သူတို့က ဘယ်သူတွေလဲ"
ယခုလက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး အံ့အားသင့်တုန်လှုပ်နေသည်။
သူတို့သည် စစ်သည်အင်အားအမြောက်အများကို ဦးဆောင်နေရသူများဖြစ်သော်လည်း အများဆုံးအနေဖြင့် စိတ်ဝိညာဥ်အမြှောက်ဆယ်လက်ကျော်ကိုသာ အသုံးပြုနိုင်သည်။ထို့ပြင် စိတ်ဝိညာဥ်အမြှောက်များကို အကြိမ်ရေအနည်းငယ်ပစ်ခတ်ပြီးသည်နှင့် ရပ်တန့်ပြီး သူတို့ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ကြရ၏။
အကြောင်းအရင်းမှာ သူတို့သည် စိတ်ဝိညာဥ်အမြှောက်များ၏ ကြောက်ခမမ်းလိလိ စိတ်ဝိညာဥ်ကျောက်တုံး ကုန်ဆုံးမှုနှုန်းကို မစွမ်းဆောင်နိုင်ခြင်းကြောင့်ပင်။
သို့ရာတွင် သူတို့၏ရှေ့ရှိ စစ်သင်္ဘောသည် သူတို့၏စိတ်ကူးယဥ်ပုံဖော်နိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသည်။
ထိုစစ်သင်္ဘောမှနေ၍ စိတ်ဝိညာဥ်အမြှောက်အလက်နှစ်ရာကို တပြိုင်နက်တည်း ပစ်ခတ်နေသည်။ထိုကိစ္စမှာ စိတ်ဝိညာဥ်ကျောက်တုံးများသည် အဖိုးမတန်သောအရာများ ဖြစ်နေသည့်အလားပင်။မြောက်များစွာသော စိတ်ဝိညာဥ်အမြှောက်များမှအလင်းတန်းများ ဖြတ်သန်းသွားသည့်အချိန်တိုင်း ထောင်နှင့်ချီသော နတ်ဆိုးသားရဲများ သေဆုံးသွားကြ၏။
"ဝေါင်း...လူသားတွေ...သေလမ်းရှာနေကြတာလား"
နောက်ဆုံးတွင် နတ်ဆိုးသားရဲမျိုးနွယ်များဘက်မှ အစွမ်းထက်သူများသည် ထိုင်ကြည့်မနေနိုင်ကြတော့ချေ။
အော်ဟစ်ဟိန်းဟောက်လိုက်သူသည် ရွာတစ်လုံးမျှ အရွယ်အစားရှိသော ငါးမန်းနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။ထိုငါးမန်းနတ်ဆိုးသားရဲ၏မျက်လုံးတစ်စုံသည် သွေးနီရောင်သန်းနေပြီး သူ၏စူးရှချွန်ထက်သော သွားနှစ်တန်းတွင် သွေးများစွန်းထင်းနေသည်။
ငါးမန်းနတ်ဆိုးသားရဲ ထွက်ပေါ်လာသည်နှင့် သားရဲဒီရေလှိုင်းအတွင်းရှိ နတ်ဆိုးသားရဲများသည် ပို၍ရက်စက်ကြမ်းကြုတ်လာကြ၏။သူတို့က ကျယ်လောင်စွာဟိန်းဟောက်၍ ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောထံသို့ တရကြမ်းခုန်ဝင်လာကြသည်။
"အရှင်...ကျွန်တော် ဒီငါးမန်းလေးကို အရှင်လတ်လတ် ဝါးမျိုလိုက်ရမလား"
အောင်းကွမ်းက သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်၍ စိတ်လှုပ်ရှားသောအမူအယာဖြင့် ငါးမန်းနတ်ဆိုးသားရဲကို ကြည့်နေသည်။
နဂါးမျိုးနွယ်များသည်မြင့်မြတ်သော်လည်း နတ်ဆိုးသားရဲမျိုးနွယ်များအနက်မှတစ်ခုဖြစ်သည်။
အကယ်၍ သူသည် ထိုငါးမန်းနတ်ဆိုးသားရဲကို ဝါးမျိုနိုင်ပါက သူ၏ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
လုယွီက ခေါင်းခါပြလေ၏။
"ငါတို့ အချိန်ဖြုန်းလို့မရဘူး...သူတို့ရဲ့နောက်မှာ အနည်းဆုံး နတ်ဆိုးသားရဲဘုရင်ဆယ်ကောင်ကျော်လောက်ရှိနေနိုင်တယ်...မင်း သူတို့ကို ချက်ချင်းသတ်နိုင်မှာလား...ငါ့ရဲ့အမိန့်ကိုထုတ်ပြန်လိုက်...စိတ်ဝိညာဥ်အမြှောက်သုံးရာတပ်ဆင်ပြီး သူတို့ကို ချေမွှဖျက်ဆီးလိုက်စမ်း"
"အမိန့်အတိုင်းပါ"
သိုက်ဖုန်းနှင့်လုကျင်းရှန့်တို့က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
စစ်စခန်းမှ ထွက်ခွာမလာမီတွင် ပုန်းကွယ်နဂါးတပ်ခွဲသည် စစ်စခန်းရှိစိတ်ဝိညာဥ်အမြှောက်များမှ တစ်ဝက်ခန့်ကို တောင်းခံခဲ့သည်။
စိတ်ဝိညာဥ်အမြှောက်များသည် အလွန်အဖိုးတန်ရှားပါးသော်လည်း စစ်တပ်အတွင်းရှိ လက်နက်ထုတ်လုပ်သည့်အလုပ်ရုံများမှနေ၍ ပမာဏအမြောက်အများ သွန်းလောင်းပေးနိုင်သည်။
ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်အမြှောက်များကို အသုံးပြုလိုပါက အလွန်အမင်းများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများ လိုအပ်ပေမည်။
ထို့ကြောင့် ရှဟယ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူညီခဲ့လေ၏။
သူသည် ရှမိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း ဤစိတ်ဝိညာဥ်အမြှောက်အများအတွက် ကုန်ဆုံးသွားသော စိတ်ဝိညာဥ်ကျောက်တုံးများသည် လုယွီ၏ချမ်းသာကြွယ်ဝမှုများအရ ပင်လယ်သမုဒ္ဒရာအတွင်းမှ ရေတစ်ပေါက်မျှသာဖြစ်ကြောင်း သူ မျှော်လင့်မိမည်မဟုတ်ချေ။
ချောင်ပေ၏စစ်သင်္ဘောပေါ်ရှိ စစ်ရေးအကြံပေးနှင့်တခြားသူများသည် ငါးမန်းနတ်ဆိုးသားရဲ ထွက်ပေါ်လာခြင်းကိုမြင်သည်နှင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
"မကောင်းတော့ဘူး...ငါတို့ရဲ့ရှေ့က စစ်သင်္ဘောက အစွမ်းထက်တဲ့ နတ်ဆိုးသားရဲဘုရင်တွေကို ဆွဲဆောင်သလိုဖြစ်နေတယ်"
"ဗိုလ်ချုပ်...အခုချိန်က သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ဝင်ပြီးတိုက်ခိုက်ဖို့ အခွင့်ကောင်းပဲ"
စစ်ဗိုလ်ချုပ်များက တစ်ယောက်ပြီးတစ်ယောက် အကြံပြုနေကြ၏။
သူတို့၏ရှေ့တွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသော စစ်သင်္ဘောတစ်စင်းရှိနေသဖြင့် အကယ်၍ သူတို့ ဆက်လက်၍ပုန်းအောင်းနေပါက အဓိပ္ပါယ်ရှိတော့မည်မဟုတ်ချေ။
Chapter 1934
ချောင်ပေက မျက်လုံးစုံမှိတ်၍ အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ငါတို့ရဲ့စစ်သင်္ဘောမှာရှိတဲ့ စိတ်ဝိညာဥ်အမြှောက်တွေအားလုံးကိုတပ်ဆင်ပြီး ငါတို့ရှေ့က စစ်သင်္ဘောကို ကူညီရမယ်"
"အမ်...ဗိုလ်ချုပ်...စိတ်ဝိညာဥ်အမြှောက်တွေ အားလုံးတပ်ဆင်ရမှာလား...ဒါဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေအားလုံး ကုန်ဆုံးသွားလိမ့်မယ်...နောက်ပိုင်းကျရင် အသုံးပြုဖို့ တချို့တစ်ဝက်ချန်ထားရင် မကောင်းဘူးလား"
စစ်ရေးအကြံပေးက ထောက်ပြ၍ အကြံပေးလိုက်၏။
သူတော်စင်ပင်လယ်ကြယ်နယ်မြေမှ နတ်ဆိုးသားရဲများ ရုတ်တရက်ကြီး ပုန်ကန်ထကြွလာသည်ကို ချောင်ပေ၏စစ်တပ်မှ သတင်းရရှိခဲ့သည်။ထို့ကြောင့် သူတို့သည် အလျင်စလိုထွက်ခွါလာခဲ့ရသဖြင့် စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများကို ယူဆောင်လာခဲ့ခြင်းမရှိချေ။
ချောင်ပေက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"စစ်ပွဲအခြေအနေက အရမ်းအရေးကြီးနေပြီ...အခုက စိတ်ဝိညာဥ်ကျောက်တုံးတွေကို စိုးရိမ်ပူပန်နေရမယ့်အချိန်မဟုတ်ဘူး...ရှားဟိုလီရဲ့လက်အောက်ငယ်သားတွေက ရာနဲ့ချီတဲ့စိတ်ဝိညာဥ်အမြှောက်တွေကို အသုံးပြုနေတယ်...ငါ ချောင်ပေက ဒီလောကီပိုင်ဆိုင်မှုတွေကို ဆက်ပြီးနှမြောနေရအုံးမှာလား"
ဗိုလ်ချုပ်ချောင်ပေ၏မျက်လုံးများအတွင်းရှိ အခိုင်အမာဆုံးဖြတ်ချက်ချထားသော အရိပ်အယောင်များကိုမြင်သဖြင့် ကျန်ရှိနေသောသူများအားလုံးက လိုက်နာလိုက်ကြသည်။
သို့သော် လူတိုင်း စိတ်ဝိညာဥ်အမြှောက်များတပ်ဆင်ရန် ပြင်ဆင်နေသောအချိန်မှာပင် ရုတ်တရက် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောရှိ ကုန်းပတ်ပေါ်မှနေ၍ တကျွီကျွီမြည်သံများ ထပ်မံ၍ထွက်ပေါ်လာသည်။
"သူတို့ ဘာလုပ်မလို့လဲ"
ဤတစ်ကြိမ်တွင် လူတိုင်း၏စိတ်အာရုံကို ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောမှ ဆွဲဆောင်သွားနိုင်ခဲ့သည်။
တော်ဝင်နန်းတော်မှလက်ရွေးစင်စစ်တပ်များတွင်ပင် ဤကဲ့သို့နည်းလမ်းများ ရှိနိုင်လိမ့်မည်မဟုတ်ချေ။
သူတို့အားလုံး ထင်ကြေးပေးနေသောအချိန်မှာပင် ပုန်းကွယ်နဂါးတပ်ခွဲစစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် စိတ်ဝိညာဥ်အမြှောက်များအတန်းလိုက် ထပ်မံ၍ထွက်ပေါ်လာသည်။
ထိုစိတ်ဝိညာဥ်အမြှောက်များ၏အရေအတွက်သည် ယခင်ရှိနေသည်ထက် နှစ်ဆကျော် ပို၍များပြားပေ၏။
"သူတို့က ဒီစိတ်ဝိညာဥ်အမြှောက်တွေအားလုံးကို တပြိုင်နက်တည်း ပစ်ခတ်မယ်လို့တော့ ငါ့ကိုမပြောကြနဲ့"
"ဒီစစ်သင်္ဘောက တော်ဝင်ဘဏ္ဍာရေးဌာနကများလား...မဟုတ်ရင် သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ရှိနိုင်မှာလဲ"
စစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေနေကြသည်။အထူးသဖြင့် ချောင်ပေ၏စစ်တပ်မှ ငွေကြေးနှင့်ရိက္ခာကိုကိုင်တွယ်ရသော အရာရှိသည် ပို၍ပင်ဗျာများနေပေ၏။
နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတော်သည် လက်အောက်ခံတပ်ရင်းများကို အကန့်အသတ်ဖြင့်သာ လစာငွေနှင့်အထောက်အပံများ ပေးလေ့ရှိသည်။
စိတ်ဝိညာဥ်အမြှောက်များသည် အလွန်အစွမ်းထက်သော်လည်း စိတ်ဝိညာဥ်ကျောက်တုံးကုန်ဆုံးမှုနှုန်း အလွန်မြင့်မားသဖြင့် တပ်ရင်းအများစုသည် အကုန်အကျခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် ပုန်းကွယ်နဂါးတပ်ခွဲ၏စိတ်ဝိညာဥ်ကျောက်တုံး သုံးစွဲမှုနှုန်းသည် သူတို့၏ကိုယ်ပိုင်အတွေးအမြင်များအားလုံးကို ပျက်စီးသွားစေခဲ့သည်။
ဤသည်မှာ 'ငါတို့က အရမ်းချမ်းသာတယ်'ဟု ပြောဆိုနေသည့်အလားပင်။
လက်တွေ့တွင်လည်း လုယွီသည် အလွန်ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်ပေ၏။
စိတ်ဝိညာဥ်အမြှောက်အလက်ငါးရာ၏ပြင်းထန်သော အဆက်မပြတ်ပစ်ခတ်မှုအောက်တွင် ရုတ်တရက် ငါးမန်းနတ်ဆိုးသားရဲ၏ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။စိတ်ဝိညာဥ်အမြောက်များမှ မြောက်များစွာသောအလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ်ယိုစီးကျလာကာ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားတော့သည်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသော နတ်ဆိုးဘုရင်တစ်ယောက်သည် ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရှိဘဲ သေဆုံးသွားခဲ့လေပြီ။
"မကောင်းတော့ဘူး...ဒီလူသားတွေရဲ့တိုက်ခိုက်မှုက အရမ်းကြောက်ဖို့ကောင်းတယ်"
"နတ်ဆိုးဧကရာဇ်ဆီကို သတင်းသွားပို့ကြစမ်း"
"နောက်ဆုတ်...နောက်ဆုတ်ကြတော့"
နတ်ဆိုးသားရဲများသည် ပုန်းကွယ်နဂါးတပ်ခွဲ၏ ကြီးမားသောအင်အားနှင့် ရင်ဆိုင်ရသဖြင့် သူတို့သည် အနီးသို့မချဥ်းကပ်ဝံ့ကြတော့ဘဲ ဒီရေအလား နောက်သို့ဆုတ်ခွာထွက်ပြေးကြတော့သည်။
နတ်ဆိုးသားရဲများ ဆုတ်ခွာသွားသည်ကို မြင်သည်နှင့် စစ်သားများအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"နိုင်ပြီ...ငါတို့ နိုင်ပြီကွ"
သူတို့က လုယွီကို ကြည်ညိုလေးစားသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လုယွီသာလျှင် ဤကဲ့သို့ ချမ်းသာကြွယ်ဝမှုကိုပြသသည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ပေမည်။
စစ်သားများသည် ဤကဲ့သို့တိုက်ပွဲမျိုးကို ယခင်ကကြုံတွေ့ဖူးခြင်း မရှိခဲ့ချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"သူတို့ တကယ်ကြီး နိုင်သွားတာလား"
ချောင်ပေ၏စစ်ရေးအကြံပေးသည် ကြက်သေသေနေပေ၏။ထိုစစ်သင်္ဘောသည် ဒီရေအလားများပြားသော နတ်ဆိုးမှော်သားရဲများအကြား၌ တမဟုတ်ချင်း ကြေမွပျက်စီးသွားမည်ဟု မူလက သူ တွေးထင်ခဲ့သည်။
သို့ရာတွင် ထိုစစ်သင်္ဘောသည် မြောက်များစွာသောစိတ်ဝိညာဥ်အမြှောက်များ၏စွမ်းအားဖြင့် ဤနေရာ၌ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သော နတ်ဆိုးသားရဲများကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။
အမှန်အားဖြင့် သူတို့၏စစ်တပ်တွင်ပင် ဤကဲ့သို့လုပ်ဆောင်နိုင်သည့် အရည်အချင်းမျိုးမရှိချေ။
"လာကြစမ်း....တစ်ဖက်စစ်သင်္ဘောရဲ့ ခေါင်းဆောင်ကို သွားပြီးဖိတ်ခေါ်ကြစမ်း...မဟုတ်သေးဘူး...သူ့ကို ငါကိုယ်တိုင် သွားတွေ့မယ်"
ချောင်ပေက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
လုယွီ၏ထွက်ပေါ်လာမှုသည် သူ့အတွက် ကြီးမားသောကူညီမှုကြီး ဖြစ်သွားသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ရုတ်ချည်းဆိုသလိုပင် ချောင်ပေနှင့်စစ်ဗိုလ်ချုပ်တချို့သည် ပုန်းကွယ်နဂါးစစ်သင်္ဘောထံသို့ဦးတည်၍ ပျံသန်းသွားလိုက်၏။
ထိုစစ်သင်္ဘောပေါ်တွင် မြောက်များစွာသောစိတ်ဝိညာဥ်အမြှောက်များရှိနေပြီး ပြန်လည်ရုတ်သိမ်းထားခြင်း မရှိသေးချေ။
ပတ်ဝန်းကျင်တွင် တောင်ပုံရာပုံရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကိုကြည့်ပြီး ချောင်ပင်တို့လူစုသည် ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး သူတို့၏မျက်နှာများ ရှုံမဲ့သွားကြ၏။
ဤသည်က အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းပင်။
"မင်းတို့ရဲ့အရှင်က ဘယ်မှာလဲ"
ချောင်ပေက လုယွီကိုကြည့်၍ မေးမြန်းလိုက်၏။
Chapter 1935
လုယွီက ခေါင်းမော့၍ ပြောဆိုသည်။
"ငါပဲ"
"သူက အရမ်းငယ်သေးတာပါလား"
ချောင်ပေတို့လူစုသည် အနည်းငယ် အံ့အားသင့်ကြသွား၏။
သူတို့ ရောက်ရှိလာချိန်တွင် လုယွီအား လူတစ်စုကဝိုင်းရံထားခြင်းကို မြင်တွေ့မိသည်။သို့ရာတွင် သူတို့က လုယွီသည် စိတ်ဝိညာဥ်ကျောက်တုံးများကို စီမံခန့်ခွဲရသော အရာရှိတစ်ယောက်ဟုသာ တွေးထင်မိခဲ့သည်။
မမျှော်လင့်ဘဲ လုယွီသည် ဤစစ်သင်္ဘော၏အဓိကစစ်ဗိုလ်ချုပ် ဖြစ်နေလေ၏။
"ငါက သူတော်စင်ပင်လယ်အစောင့်တပ်ရဲ့တပ်မှူး မဟာစစ်ဗိုလ်ချုပ်ချောင်ပေပါ...မင်းကရော"
ချောင်ပေက ယဥ်ကျေးသိမ်မွေ့သောလေသံဖြင့် မေးမြန်းသည်။
ဤမျှထိများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူအသုံးပြုနိုင်သူသည် မည်သည့်နည်းနှင့်မျှ သာမာန်လူတစ်ယောက် မဖြစ်နိုင်ချေ။
ချောင်ပေသည် လုယွီ၏အသက် အလွန်ငယ်ရွယ်နေခြင်းကြောင့် အထင်အမြင်သေးခြင်းမျိုးမရှိပေ။
လုယွီက ချက်ချင်းဆိုသလိုပင် တုံ့ပြန်၍ စစ်တပ်ပုံစံအတိုင်း ဂါရဝပြုလိုက်၏။
"ပုန်းကွယ်နဂါးတပ်ခွဲရဲ့တပ်ခွဲမှူး ရွှမ်းဝူစစ်ဗိုလ်ချုပ်ရှောင်ယန်းက ဗိုလ်ချုပ်ချောင်ကို ဂါရဝပြုပါတယ်"
အစောင့်တပ်မှစစ်ဗိုလ်ချုပ်များ အံ့အားသင့်သွားသည်။
ဤမျှ ငယ်ရွယ်သောအသက်ဖြင့် သူသည် စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပေရာ သူ၏အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်ရှိမည်မဟုတ်ချေ။
ချောင်ပေ၏မျက်နှာထက်တွင်လည်း တည်ကြည်လေးနက်မှုအရိပ်အယောင်များရှိနေသည်။
"ဒါဆို ဗိုလ်ချုပ်ရှောင်ပေါ့...ခုဏက ကိစ္စအတွက် မင်းကို ငါ ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ငါတို့တပ်က သူတော်စင်ပင်လယ်ကြယ်နယ်မြေထဲကို လွယ်လွယ်ကူကူ တိုးဝင်လို့ရမှာမဟုတ်ဘူး"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"ဒါက အသေးအဖွဲကိစ္စလေးပါ...ဗိုလ်ချုပ်ချောင်က စိတ်ထဲမထားပါနဲ့"
အသေးအဖွဲကိစ္စဟု ဆိုလိုက်သလော....
အစောင့်တပ်မှစစ်ဗိုလ်ချုပ်များ၏နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားသည်။
တာယွီအင်ပါယာတစ်ခုလုံးတွင်ပင် ဤကဲ့သို့ ပြုလုပ်နိုင်သောသူဟူ၍ လူနည်းစုသာရှိပေမည်။စိတ်ဝိညာဥ်အမြှောက်အလက်ငါးရာကို အချိန်ကြာမြင့်စွာ တပြိုင်နက်တည်း ပစ်ခတ်ခြင်းသည် အလွန်ချမ်းသာကြွယ်ဝသောလူသာ လုပ်ဆောင်နိုင်သောကိစ္စဖြစ်ပေ၏။
ချောင်ပေသည် အနည်းငယ်အသိစိတ်လွတ်ကင်းသွားသော်လည်း သူက အလျှင်အမြန်သတိပြန်ဝင်လာကာ မေးမြန်းလိုက်သည်။
"ဗိုလ်ချုပ်ရှောင်...မင်းတို့က ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်က တပ်ခွဲမဟုတ်လား...ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
လုယွီက အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ပြောဆိုလေ၏။
"ငါက ဒီနေရာကို တာဝန်တစ်ခုနဲ့လာခဲ့တာ...ဗိုလ်ချုပ်ချောင်ကို ပြောပြလို့မရတဲ့အတွက် တောင်းပန်ပါတယ်"
လုယွီသည် ရှုရာနတ်ဘုရားအကြောင်းကို ချောင်ပေအားပြောပြရန် ရည်ရွယ်ထားခြင်းမရှိချေ။
သူတို့နှစ်ယောက်သည် အစောပိုင်းကမှ တွေ့ဆုံခဲ့ခြင်းဖြစ်သဖြင့် ချောင်ပေ၏နောက်ကြောင်းနှင့်ပတ်သတ်၍ သူ ရှင်းရှင်းလင်းလင်း မသိရှိပေ။
အကယ်၍ ချောင်ပေသည် ရှုရာနတ်ဘုရား၏လက်အောက်မှလူ ဖြစ်နေပါက ယခုလက်ရှိချိန်တွင် သူ၏ထုတ်ဖော်ပြောဆိုလိုက်မှုသည် ရန်သူကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။
ချောင်ပေ၏မျက်နှာပေါ်၌ နားမလည်နိုင်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အဲ့ဒီလိုလား...ငါ မင်းကို တစ်ခုထပ်မေးပါရစေ...မင်းက ငါတို့နဲ့အတူသွားမှာလား ဒါမှမဟုတ် မင်းတို့ဟာမင်းတို့ သွားမှာလား"
ချောင်ပေ၏အမြင်အရ ဤလူစုသည် အကူအညီတောင်းခံရန်အတွက် သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ လာရောက်ခဲ့ခြင်းပင်။
ဦးရီးတော်ရှားဟိုလီသည် လေဟာနယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်ရာ၌ အခက်အခဲတချို့ရှိနေသဖြင့် စစ်ကူများတောင်းခံရန် သူ၏လက်အောက်ငယ်သားများကို စေလွှက်လိုက်ခြင်းဖြစ်ပေမည်။
ဤကိစ္စသည် ဂုဏ်ယူဖွယ်ကောင်းသောကိစ္စမျိုးမဟုတ်သဖြင့် လုယွီသည် တစ်လုံးတပါဒမျှ ထုတ်ဖော်မပြောဆိုခြင်းဖြစ်သည်ဟု သူက တွေးထင်မိလေ၏။
"ဗိုလ်ချုပ်ချောင်က ဘယ်ကိုသွားမလို့လဲ"
လုယွီက မေးမြန်းသည်။
ချောင်ပေက ဒေါသထွက်နေသောလေသံဖြင့် ပြောဆိုသည်။
"သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်က ခွေးမသားတွေက ပုန်ကန်ကြတယ်လေ...အခုချိန်မှာ ငါတို့က အုပ်ချုပ်သူအိမ်တော်နဲ့လည်း ဆက်သွယ်လို့မရဘူး...ငါက အရင်ဆုံး အုပ်ချုပ်သူအိမ်တော်ကိုသွားပြီး စုံစမ်းစစ်ဆေးဖို့ စီစဥ်ထားတယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဗိုလ်ချုပ်ချောင်...အုပ်ချုပ်သူအိမ်တော်ကိုမသွားတာ ပိုကောင်းလိမ့်မယ်လို့ ငါ အကြံပေးချင်တယ်...တကယ်လို့ မင်း သွားချင်တယ်ဆိုရင်တော့ လူတချို့ကို သတိထားရလိမ့်မယ်"
"ဘယ်သူတွေကို သတိထားရမှာလဲ"
ချောင်ပေက လုယွီ မည်သည့်အတွက်ကြောင့် ထိုစကားမျိုးပြောသည်ကို နားလည်သဘောပေါက်ခြင်းမရှိချေ။
"ရှန့်လင်းမြို့အရှင်...လော့ရွှေစစ်ရေးသံတမန်...လော့ရွှေစုံစမ်းစစ်ဆေးရေးမှူး...."
လုယွီက အရာရှိဆယ်ယောက်ကျော်၏အမည်များကို ဆက်တိုက် ရေရွတ်ပြလိုက်၏။
ထိုလူများအားလုံးသည် လော့ရွှေကြယ်မြစ်၏ အရေးပါအရာရောက်သော အရာရှိများဖြစ်သည်။
ချောင်ပေက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒီလူတွေမှာ....ဘာပြဿနာရှိနေလို့လဲ"
လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်ချေရှိတာကတော့ အဲ့ဒီလူတွေအားလုံးက ရှုရာနယ်မြေနဲ့ပူးပေါင်းထားတာပဲ...ဗိုလ်ချုပ်ချောင်က အဲ့ဒီနေရာကိုသွားမယ်ဆိုရင် ဂရုစိုက်သင့်တယ်"
ဘာ...
ချောင်ပေ၏နောက်လိုက်စစ်ဗိုလ်ချုပ်များအားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
အကယ်၍ လုယွီ၏စကားများသာ အမှန်ဖြစ်နေပါက လော့ရွှေကြယ်မြစ်တစ်ခုလုံး ရှုရာနယ်မြေလက်အောက်သို့ခိုဝင်သွားသည်နှင့် တူညီနေပေမည်။
အကယ်၍ သူတို့သာ အုပ်ချုပ်သူအိမ်တော်သို့ သွားလိုက်ပါက ကျားပါးစပ်ထဲသို့ဝင်သွားသော သိုးငယ်များ ဖြစ်နေပေလိမ့်မည်။
"မင်းပြောတာသေချာတယ်လို့ သက်သေပြစရာရှိလား...တော်ဝင်နန်းတော်ရဲ့အရာရှိတွေကို ပြစ်တင်စွပ်စွဲတာက ကြီးလေးတဲ့ပြစ်မှုတစ်ခုဆိုတာ မင်း သိလား"
ချောင်ပေက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
"တကယ်တော့ ငါ့မှာ သက်သေရှိတယ်"
လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ နဂါးအစောင့်တံဆိပ်ပြားကို ထုတ်ယူလိုက်၏။