မင်းက တမင်လုပ်တာ မဟုတ်လား
Vol. 47 Ch. 763
မြို့တော်ရှိ ထောင်ယွမ်ရွာ Green Fresh သစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ် ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် သာမန်လူများသည် ဈေးနှုန်းများကို ကြည့်ပြီး အလွန်အံ့သြသွားကြသည်။
ဒီဆိုင်က ပစ္စည်းတွေက တကယ် ဈေးကြီးလွန်းတယ်။
တခြားဆိုင်တွေမှာ ယွမ် ၁၀၀ ဖိုးဆိုရင် ဟင်းသီးဟင်းရွက် တစ်ပုံကြီး ရနိုင်ပေမယ့် ဒီဆိုင်မှာတော့ တစ်လုံး၊ နှစ်လုံးလောက်ပဲ ရနိုင်သည်။
ဒီဆိုင်က ဟင်းသီးဟင်းရွက်နှင့် သစ်သီးအများစုကို အလုံးရေနှင့် ရောင်းချသည်။ ဥပမာ - မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ သခွားသီး၊ ငရုတ်သီး စသဖြင့်။ ဆန်၊ ပြောင်းဖူး စသည့် အနည်းငယ်သာ အလေးချိန်နှင့် ရောင်းချသည်။
သို့သော် ဤဈေးနှုန်းများသည် သာမန်မိသားစုများအတွက်သာ ဈေးကြီးသည်ဟု ထင်ရခြင်း ဖြစ်သည်။ ဘော့စ်များနှင့် အာဏာရှိသူများအတွက်မူ ဈေးမကြီးလှပေ။
သူတို့တွင် ငွေကြေးပြည့်စုံသည့်အတွက် ဈေးနှုန်းကို ထည့်မတွက်ဘဲ အကောင်းဆုံးနှင့် စိတ်ကျေနပ်မှု အရှိဆုံးပစ္စည်းကိုသာ ဝယ်ယူလေ့ရှိသည်။
ထောင်ယွမ်ရွာ အမှတ်တံဆိပ် မပေါ်ပေါက်မီက သူတို့သည် နိုင်ငံခြားမှ တင်သွင်းသော ပစ္စည်းများကိုသာ ရွေးချယ်ခဲ့ကြသည်။ ထိုပစ္စည်းများသည် ယခု ထောင်ယွမ်ရွာ အမှတ်တံဆိပ်ထက်ပင် ပို၍ ဈေးကြီးသေးသည်။
ယခင်က မြို့တော်တွင် ထောင်ယွမ်ရွာ စူပါမားကတ် မရှိသောကြောင့် သူတို့သည် နေ့စဉ် နယ်မြို့များသို့ လူလွှတ်ကာ ဝယ်ယူစေခဲ့သည်။
ယခု စူပါမားကတ်သည် မြို့တော်သို့ ရောက်ရှိလာပြီဖြစ်သည်။ အနီးဆုံးနေရာတွင် ရှိနေသည့် အားသာချက်နှင့် ဆိုင်ပိုင်ရှင်၏ ဂုဏ်သိက္ခာကြောင့် ပထမဆုံးနေ့တွင် မဖြစ်မနေ လာရောက်အားပေးကြပြီး ဟင်းသီးဟင်းရွက်များ ဝယ်ယူသွားကြသည်။
ထို့ကြောင့် သာမန်လူများအတွက် အလွန်ဈေးကြီးသော စူပါမားကတ်သည် မနက်ပိုင်း တစ်ပိုင်းအတွင်းမှာပင် သုံးလွှာလုံးရှိ ပစ္စည်းများ အကုန်ရောင်းထွက်သွားလေသည်။
ပထမထပ်တွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ရှိသည်။
ဒုတိယထပ်တွင် ထောင်ယွမ်ရွာမှ ထွက်ရှိသော သစ်သီးဝလံမျိုးစုံရှိပြီး အလွန်လတ်ဆတ်သည်။
တတိယထပ်တွင် ထောင်ယွမ်ရွာမှ ထုတ်လုပ်သော အဆင့်မြင့်ပစ္စည်းများ ဖြစ်သည့် မြေပဲဆီ၊ ပဲပိစပ်ဆီ၊ နှမ်းဆီ၊ ဝိုင်အမျိုးမျိုးနှင့် သစ်သီးဝိုင်များ ရှိသည်။
လူများက ဤပစ္စည်းများကို အများအပြား ဝယ်ယူသွားကြသည်ကို မြင်သောအခါ လာရောက်ကြည့်ရှုသူ သာမန်ပြည်သူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဒီပစ္စည်းတွေက အလကားရနေလို့လား။
မဟုတ်ရင် ဘာလို့ ဒီလောက် အများကြီး ဝယ်သွားကြတာလဲ။
သူတို့အတွက် မုန်ညင်းဖြူတစ်ထုပ်၊ ပြောင်းဖူးတစ်ဖူး ဝယ်ရတာတောင် ရင်နာစရာ ကောင်းလောက်အောင် ဈေးကြီးနေတာကို။
သခင်ကြီးလီနှင့် သခင်ကြီးလျန်တို့သည် ရှောင်မိသားစု၊ သခင်ကြီးကုန်းတို့နှင့်အတူ စူပါမားကတ်ထဲ လှည့်ပတ်ကြည့်ရှုနေကြသည်။ နီရဲတောက်ပပြီး ချောမွတ်နေသော ကန်စွန်းဥများကို မြင်လိုက်ရသောအခါ သခင်ကြီးလီ၏မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။
"ဟေ့... အဘိုးကြီးကုန်း... ယွီအာက ဒီလောက် ပစ္စည်းအစုံအလင် ရောင်းတာကို မင်း ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ ငါက ဟင်းသီးဟင်းရွက်ပဲ ရောင်းတယ်ထင်ပြီး ဟင်းသီးဟင်းရွက်ပဲ မှာထားမိတယ်။ ဒီပစ္စည်းတွေကို မှာဖို့ မေ့သွားပြီ" သူက ကန်စွန်းဥ အလွန်ကြိုက်ကြောင်း သိသာသည်။
သခင်ကြီးကုန်းက သူ့ကို စောင်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းမှ ငါ့ကို မမေးတာ။ ပြီးတော့ မင်း အရင်တုန်းက ယွီအာရဲ့ပစ္စည်းတွေကို တခြားနေရာကနေ မှာစားဖူးတယ်ဆိုတာ ငါမသိဘူးများ မှတ်နေလား။ ယွီအာရဲ့ဆိုင်မှာ လယ်ယာထွက်ကုန် အစုံအလင် ရောင်းတယ်ဆိုတာ မင်း မသိဘဲနေမလား"
သခင်ကြီးလီ ပြန်မပြောရသေးမီ သခင်ကြီးကုန်းက စင်ပေါ်မှ ဆန်အိတ်များကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။ "ဩော်... ဟိုမှာ ဆန်တွေလည်းရှိတယ်။ မင်း စားချင်ရင် ဝယ်သွားလိုက်။ ငါ မပြောပြလို့ဆိုပြီး နောက်ကျမှ လာမငြီးနဲ့ဦး"
သခင်ကြီးလီ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ "အဘိုးကြီးကုန်း... မင်း တမင်လုပ်တာ မဟုတ်လား"
သခင်ကြီးကုန်းက အေးစက်စွာ ပြောလိုက်သည်။ "ငါ တမင်လုပ်တာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ"
သခင်ကြီးလီ - "......"
အားလုံး - "......"
သခင်ကြီးများ ရန်ဖြစ်နေကြသည်မှာ လမ်းတစ်လျှောက်လုံး မပြီးဆုံးသေးဘဲ ဆိုင်ထဲရောက်သည်အထိ ဆက်ဖြစ်နေကြပြန်သည်။
သခင်ကြီးလျန်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "အဘိုးကြီးလီ... ငါတို့ သေချာ လိုက်ကြည့်ပြီး လိုချင်တာတွေ ထပ်ရှာကြရအောင်။ ပြီးရင် ယွီအာကို ဖယ်ထားခိုင်းလိုက်မယ်လေ။ ယွီအာ... ရတယ်မလား"
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "ရပါတယ် အဘိုး။ အဘိုးတို့ ဘာကြိုက်လဲ၊ ဘာလိုချင်လဲ ပြောလိုက်ပါ။ ကျွန်မ ဖယ်ထားပေးပါ့မယ်"
သခင်ကြီးလီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "အေး... ယွီအာက သဘောကောင်းလိုက်တာ။ အဘိုး သဘောကျတယ်"
သခင်ကြီးကုန်းက ချက်ချင်း ဝင်ပြောလိုက်သည်။ "အဘိုးကြီးလီ... ယွီအာက ငါ့ကုန်းမိသားစုရဲ့ ချွေးမနော်။ မင်း သဘောကျဖို့ မလိုဘူး။ အတွေးတွေများမနေနဲ့"
ထို့နောက် ရှောင်လင်းယွီဘက် လှည့်ကာ ပြောလိုက်သည်။ "ယွီအာ... အဆင်မပြေရင် အားနာမနေနဲ့။ ငြင်းသင့်ရင် ငြင်းလိုက်။ မင်းနောက်မှာ ကုန်းမိသားစုတစ်ခုလုံး ရှိတယ်။ ဘာမှ ကြောက်စရာ မလိုဘူး"
ရှောင်လင်းယွီ - "......"
အားလုံး - "......"
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "ဟုတ်ကဲ့... ကျွန်မ သိပါပြီ အဘိုး"
ကုန်းထျန်းဟောက်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာကာ သူမနားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "အဘိုးနဲ့ အဘိုးလီက ငယ်ငယ်ကတည်းက ရန်ဖြစ်လာကြတာ အခုထိပဲ။ ဒါပေမဲ့ တခြားသခင်ကြီးတွေနဲ့ ယှဉ်ရင် အဘိုးနဲ့ အဘိုးလီရဲ့ ဆက်ဆံရေးက ပိုကောင်းတယ်"
သူတို့နှစ်ဦးသည် စစ်မြေပြင်မှ အတူတကွ ဖြတ်သန်းလာခဲ့ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ထိုသံယောဇဉ်သည် သာမန်မဟုတ်ပေ။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "အင်း... ကျွန်မ သိပါတယ်"
သခင်ကြီးလီသည် သခင်ကြီးကုန်းကို ဂရုမစိုက်တော့ဘဲ ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။ ဟင်းသီးဟင်းရွက်အပြင် အခြားလယ်ယာထွက်ကုန်များလည်း စုံလင်စွာရှိနေသည်ကို တွေ့ရသည်။
သခင်ကြီးလီသည် လိုချင်သော ပစ္စည်းအချို့ကို ရွေးချယ်လိုက်ရာ ရှောင်လင်းယွီက ဝန်ထမ်းများကို ထုပ်ပိုးခိုင်းလိုက်သည်။
သခင်ကြီးလျန်လည်း ပစ္စည်းအချို့ ဝယ်ယူလိုက်သည်။
ပထမထပ် ပြီးသွားသောအခါ ဒုတိယထပ်သို့ တက်သွားကြသည်။
ဒုတိယထပ်တွင် သစ်သီးဝလံများ ရှိသည်။ တောင်ပိုင်း၊ မြောက်ပိုင်း၊ အပူပိုင်း၊ သမပိုင်း ဒေသအသီးသီးမှ သစ်သီးများ စုံလင်စွာ ရှိသည်။
ဒုတိယထပ်သို့ ရောက်သောအခါ စင်ပေါ်ရှိ လတ်ဆတ်သော သစ်သီးများကို မြင်ပြီး လီနှင့်လျန် သခင်ကြီးနှစ်ယောက်၏ မျက်လုံးများ အရောင်လက်သွားသည်။
သခင်ကြီးလီက အံ့သြစွာ မေးလိုက်သည်။ "ယွီအာ... ဒီအသီးတွေအကုန်လုံး ထောင်ယွမ်ရွာက ထွက်တာလား"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ် အဘိုးလီ"
သခင်ကြီးလီက သစ်သီးနှစ်မျိုးကို လက်ညှိုးထိုးပြပြီး အံ့သြတကြီး မေးလိုက်သည်။ "ဒါ ပန်းသီး၊ ဒါက ပိန္နဲသီး မဟုတ်လား။ ပန်းသီးက မြောက်ပိုင်းအသီး၊ ပိန္နဲသီးက အရှေ့တောင်အာရှ အပူပိုင်းမိုးသစ်တောအသီးလေ။ ဘယ်လိုလုပ် နေရာတစ်ခုတည်းမှာ ဒီအသီးနှစ်မျိုးလုံး စိုက်လို့ရတာလဲ"
သူမှတ်မိသလောက်ဆိုလျှင် ထောင်ယွမ်ရွာသည် တောင်ပိုင်းဒေသတွင် ရှိသည်။ ပန်းသီးကို ဘယ်လိုများစိုက်ထားတာလဲ။ ပြီးတော့ ဒီပန်းသီးတွေက မြောက်ပိုင်းက ပန်းသီးတွေထက် ပိုလှပနေသည်။
ရှောင်လင်းယွီ ပြန်မဖြေရသေးမီ သခင်ကြီးကုန်းက ဝင်ပြောလိုက်သည်။ "ယွီအာ ဘယ်လိုစိုက်လဲဆိုတာ မင်း ဘာလုပ်ဖို့ သိချင်တာလဲ။ ငါ့မြေးမလေးက တော်တယ်။ တခြားလူတွေ မစိုက်နိုင်တာကို သူ စိုက်နိုင်တယ်။ ဒါကြောင့် နေရာတစ်ခုတည်းမှာ ပန်းသီးနဲ့ ပိန္နဲသီး အတူတူစိုက်နိုင်တာ ဘာထူးဆန်းလို့လဲ"
သခင်ကြီးလီ - "......"
အားလုံး - "......"
အရမ်းထူးဆန်းတယ်လေ။
သို့သော် မည်သူမျှ ထုတ်မပြောရဲကြပေ။
"ပြီးတော့ ငါ့မြေးမလေးက ထူးခြားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ တခြားသီးနှံတွေ စိုက်ပျိုးနိုင်တာပဲ။ သစ်သီးမျိုးစုံ စိုက်နိုင်တာ ဘာများထူးဆန်းလို့လဲ" သခင်ကြီးကုန်းက ထပ်ပြောလိုက်သည်။
သခင်ကြီးကုန်းနှင့် ဆယ်စုနှစ်များစွာ ရင်းနှီးခဲ့ကြသော လီနှင့်လျန် သခင်ကြီးနှစ်ယောက်သည် ချက်ချင်း သဘောပေါက်သွားကြသည်။ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသည်မှာ သေချာသည်။
လျှို့ဝှက်ချက်ဖြစ်မှတော့ ထုတ်ပြော၍ မဖြစ်နိုင်ပေ။
သခင်ကြီးလီလည်း ဆက်မမေးတော့ပေ။
သစ်သီးများကိုသာ ချီးကျူးပြောဆိုပြီး လက်မတွန့်ဘဲ အများအပြား ဝယ်ယူသွားလေသည်။
***