သူဌေးကတော်က တောသူပါ
Vol. 47 Ch. 769
လျန်ဖျောင့်ရွှယ်သည် ဒီရက်ပိုင်းအတွင်း နတ်ဘုရား ကြိုးနီလေးကို လိုက်ရှာနေသည်။ သို့သော် ရက်အနည်းငယ်ကြာသည့်တိုင် ထိုကြိုးနီလေးမှာ လေထဲပျောက်သွားသကဲ့သို့ ရှာမတွေ့တော့ပေ။
လျန်ဖျောင့်ရွှယ်က ထိုကြိုးနီလေးသည် ဓားဖြင့်ဖြတ်မရ၊ မီးရှို့မရဟု ပြောထားသဖြင့် သူမ၏ အရူးထခြင်းကို ရပ်တန့်စေရန်အတွက် လက်အောက်ငယ်သားများသည် နာနိုနည်းပညာကို အသုံးပြုကာ ကြိုးနီလေးအတုတစ်ခုကို ဖန်တီးပေးလိုက်ကြသည်။
ဤကြိုးနီလေးသည် ဓားဖြင့်ဖြတ်မရ၊ မီးရှို့မရသည့်အပြင် အလေးချိန်နှင့်ပုံစံသည် မူလကြိုးနီလေးနှင့် ထပ်တူနီးပါး တူညီသည်။ ထို့ကြောင့် အစပိုင်းတွင် လျန်ဖျောင့်ရွှယ်သည် သံသယမဝင်ခဲ့ပေ။
ထို့အပြင် ကြိုးနီလေးထဲမှ နတ်ဘုရားဝိညာဉ်သည် အိပ်စက်နေပြီဖြစ်ရာ လျန်ဖျောင့်ရွှယ်အနေဖြင့် သူ့ကို နှိုး၍မရနိုင်ပေ။
ထို့ကြောင့် လျန်ဖျောင့်ရွှယ်သည် ကြိုးနီလေးကို လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။ သို့သော် ဝတ်ဆင်ပြီးနောက် တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရသည်။
မည်သို့လွဲမှားနေသည်ကိုမူ သူမ ပြောပြတတ်ပေ။ နတ်ဘုရားကို နှိုးမရခြင်းကြောင့် နောက်မှ ထပ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကြိုးနီလေး ရုတ်တရက် ပျောက်ဆုံးသွားခြင်းက လျန်ဖျောင့်ရွှယ်ကို စိုးရိမ်ထိတ်လန့်စေသည်။ ထိုအချိန်က သူမသည် အထီးကျန်ခြင်း၊ အကူအညီမဲ့ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ခံစားခဲ့ရသည်။
သူမသည် နတ်ဘုရားကို မှီခိုအားထားရသည်မှာ အကျင့်ပါနေပြီဖြစ်သည်။ နတ်ဘုရားမရှိဘဲ၊ ကိုယ်ပျောက်အတတ်မရှိဘဲ သူမ လုံခြုံမှုမရှိဟုခံစားရသည်။
သူမ တည်ထောင်ထားသော အမှောင်ရိပ်အဖွဲ့အစည်းမှ အဖွဲ့ဝင်အများစုသည် သူမအပေါ် သစ္စာရှိကြသည် မဟုတ်ပေ။ သူမသည် တရားမဝင်နည်းလမ်းများဖြင့် သူတို့ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
နတ်ဘုရား၏အစွမ်းမပါဘဲ သူတို့ကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ အမှန်တရားကို သူတို့ သိရှိသွားပါက သူမကို အပိုင်းပိုင်းဖြတ်ပစ်ချင်ကြလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ လျန်ဖျောင့်ရွှယ် တုန်လှုပ်သွားသည်။
မဖြစ်ဘူး... ဒီအချိန်မှာ ပုံမှန်မဟုတ်တာ တစ်ခုမှအဖြစ်ခံလို့မဖြစ်ဘူး။
ထို့ကြောင့် သူတို့ သတိမထားမိစေရန် အကောင်းဆုံးနည်းလမ်းမှာ ငြိမ်နေခြင်းသာဖြစ်သည်။
နတ်ဘုရား နိုးထလာမှသာ သူမ ပြန်လည်အင်အားဖြည့်တင်းပြီး ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်ကို လက်စားချေရမည်။
လျန်ဖျောင့်ရွှယ် ခေတ္တမျှစဉ်းစားပြီးနောက် တည်ငြိမ်သွားသည်။
ယခု သူမ အဓိကဖြေရှင်းရမည့် ပြဿနာမှာ ဆံပင်နှင့် ရုပ်ရည်ပင်ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားအစွမ်း၏ ပြန်ကန်အားကြောင့် ဖြစ်ရခြင်းဖြစ်သည်။ နတ်ဘုရားကိုယ်တိုင် ဒဏ်ရာရနေသဖြင့် ကုသပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်မီဆေးပညာဖြင့် ကုသနိုင်ခြင်း ရှိမရှိ ဆရာဝန်နှင့် ပြသရမည်။
သို့သော် ကုသမှုကို လျှို့ဝှက်စွာပြုလုပ်ရမည်ဖြစ်သည်။
မြို့တော်တွင် အကောင်းဆုံးဆေးရုံမှာ Imperial Palaceအုပ်စုပိုင် ဆေးရုံဖြစ်သည်။
သို့သော် လျန်ဖျောင့်ရွှယ်သည် မလုံမလဲ ဖြစ်နေသဖြင့် Imperial Palaceအုပ်စု၏ အိုက်ချင်းဆေးရုံသို့ မသွားရဲပေ။ မြို့တော်ဆေးရုံကြီးသို့သာ ခိုးကြောင်ခိုးဝှက် သွားရောက်ခဲ့သည်။ မျက်လုံးများကို နေကာမျက်မှန်ဖြင့် ဖုံးအုပ်ထားပြီး တစ်ကိုယ်လုံး လုံခြုံစွာ ဝတ်ဆင်ထားသဖြင့် ရင်းနှီးသူများပင် မှတ်မိနိုင်မည် မဟုတ်ပေ။
လျန်ဖျောင့်ရွှယ် ဆေးကုသရန်အတွက် လက်အောက်ငယ်သားများက စီစဉ်ပေးပြီး VIP လမ်းကြောင်းမှ ဝင်ရောက်ခဲ့သည်။
"မစ္စလျန်... မနက်ခင်းတစ်ပိုင်းလုံး စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ။ ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်ပါတယ်။ စိတ်ချပါ"
လျန်ဖျောင့်ရွှယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ကျန်းမာရေးကောင်းမကောင်း သိချင်တာ မဟုတ်ဘူး။ ကျွန်မမေးတာက ဆံပင်ပြန်ပေါက်နိုင်မလား။ မျက်နှာပေါ်က အဖုအပိမ့်တွေကို ကုလို့ရမလား ဆိုတာပဲ"
ယခု ရုပ်ပျက်ဆင်းပျက်ပုံစံကို ကိုယ်တိုင်ကြည့်ရတာတောင် ကြောက်စရာကောင်းနေသည်။ သူများတွေကြည့်ရင် ဆိုဖွယ်ရာ မရှိတော့ပေ။
သူမ အကြောက်ဆုံးအရာမှာ ကျန်းထောင်က သူမ၏ ရုပ်ပျက်ဆင်းပျက်ပုံစံကို မြင်တွေ့သွားမည်ကိုပင်။ ထို့ကြောင့် ကျန်းထောင်၏ဖိတ်ကြားမှုများကို ရင်နာစွာ ငြင်းပယ်ခဲ့ရသည်။
ဆရာဝန်သည် စစ်ဆေးချက်အဖြေများကို ကြည့်ပြီး သတိထားကာ ပြောလိုက်သည်။ "မစ္စလျန်... စစ်ဆေးချက်အဖြေတွေအရ..." ထို့နောက် ဆရာဝန်က ဆေးပညာဝေါဟာရများဖြင့် ရှင်းပြလိုက်သည်။
လျန်ဖျောင့်ရွှယ် နားထောင်ရင်း မျက်နှာထား ပိုဆိုးလာပြီး ဒေါသထွက်လာသည်။ သူမ အော်ဟစ်မေးမြန်းလိုက်သည်။ "ဒါဆို ရှင်ပြောချင်တာက ကျွန်မဆံပင် ကုမရတော့ဘူး။ မျက်နှာက အမာရွတ်တွေလည်း ကုမရတော့ဘူးပေါ့"
ဆရာဝန်က ပြောလိုက်သည်။ "မစ္စလျန်... ခင်ဗျားရဲ့ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ စစ်ဆေးချက်အဖြေတွေက ဒီလိုပဲပြနေပါတယ်"
လျန်ဖျောင့်ရွှယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အသုံးမကျတဲ့ ဆရာဝန်... ဘာကို ကုမရတာလဲ။ ရှင် ကုမတတ်တာလို့ ပြောပါ"
ဆရာဝန်၏မျက်နှာထား ပျက်ယွင်းသွားသည်။
လျန်ဖျောင့်ရွှယ်သည် ကိုယ်ကိုလုံအောင် ပြန်ဖုံးအုပ်လိုက်ပြီး လက်ကိုင်အိတ်ကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။ တံခါးဝသို့ ရောက်သောအခါ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သေနတ်တစ်လက်ကို ထုတ်ကာ ဆရာဝန်အား ချိန်ရွယ်ပြီး သတိပေးလိုက်သည်။ "ပါးစပ်ပိတ်ထားပါ"
ဆရာဝန် မျက်နှာဖြူဖျော့သွားပြီး ချွေးစေးများ ပြန်လာသည်။ သူ ထိတ်လန့်တကြား ခေါင်းညိတ်လိုက်သည်။ "စိတ်ချပါ... ကျွန်တော် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးပါဘူး။ မသိပါဘူး"
လျန်ဖျောင့်ရွှယ်က အေးစက်စွာ ထပ်မေးလိုက်သည်။ "တခြားလူတွေကော" သူမကို တွေ့လိုက်သောသူမှာ ဒီဆရာဝန်တစ်ယောက်တည်း မဟုတ်ပေ။
"စိတ်ချပါ... သူတို့ ဘာမှမသိပါဘူး" ဆရာဝန်က ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ "သူတို့လည်း ခင်ဗျားကို သိမှာ မဟုတ်ပါဘူး"
လျန်ဖျောင့်ရွှယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။ "ရှင်တို့ကို သတိပေးလိုက်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတစ်စွန်းတစ်စ ကြားရရင် ရှင့်ခေါင်းပေါ် ပုံချလိုက်မယ်။ အဲဒီကျရင် ကျွန်မရဲ့ လက်ဆောင်ကို စောင့်မျှော်နေလိုက်ပါ"
ဆရာဝန် မျက်နှာဖြူဖျော့သွားပြီး ကတိပေးလိုက်သည်။ "မဖြစ်စေရပါဘူး... မဖြစ်စေရပါဘူး... ကျွန်တော်တို့ ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးပါဘူး"
ဆရာဝန်၏အဖြေကို ကြားရသောအခါ လျန်ဖျောင့်ရွှယ် ကျေနပ်စွာ ခေါင်းညိတ်ပြီး ထွက်ခွာသွားလေသည်။
သူမ ထွက်သွားသည်နှင့် ဆရာဝန်သည် ချွေးများကို သုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။ သူသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အမိန့်ပေးလိုက်သည်။ "ဒီနေ့ မစ္စလျန်ရဲ့ ဆေးမှတ်တမ်းအားလုံးကို ဖျက်ဆီးပစ်လိုက်။ ဘာမှ မမေးနဲ့"
ဖုန်းချလိုက်ပြီးနောက် သူ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
လျန်ဖျောင့်ရွှယ်က တကယ် ကြောက်စရာကောင်းသည်။
နောက်ရက်များတွင် လျန်ဖျောင့်ရွှယ်သည် ဆေးရုံကြီးအချို့သို့ လျှို့ဝှက်သွားရောက် စစ်ဆေးခဲ့သော်လည်း အဖြေမှာ တူညီနေသည်။ ဆရာဝန်များကလည်း သူမ ထွက်သွားသည်နှင့် ဆေးမှတ်တမ်းများကို ချက်ချင်း ဖျက်ဆီးပစ်ကြသည်။
အိမ်ပြန်ရောက်သောအခါ လျန်ဖျောင့်ရွှယ်သည် ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများ ရောထွေးနေသည်။
ဆံပင်ပြန်မပေါက်တော့ဘူး၊ အမာရွတ်တွေ မပျောက်တော့ဘူးဆိုရင် တစ်သက်လုံး ဒီလိုရုပ်ဆိုးနေရတော့မှာလား။
မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး။
ဒါက နတ်ဘုရားအစွမ်းရဲ့ ပြန်ကန်အားကြောင့်ပဲ။ ပြန်ကန်အား ပျောက်သွားရင် မူလအတိုင်း ပြန်ဖြစ်သွားမှာ မဟုတ်လား။
လျန်ဖျောင့်ရွှယ် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
သို့သော် သူမ စိတ်မချနိုင်သေးပေ။ Imperial Palaceအုပ်စုပိုင် ဆေးရုံကိုလည်း မသွားရဲပေ။ သက်တော်စောင့်၏အကြံပြုချက်အရ နိုင်ငံခြားသို့ သွားရောက်ကုသရန် ဆုံးဖြတ်လိုက်သည်။
ကုန်းထျန်းဟောက်၏လက်တံရှည်သည် နိုင်ငံခြားအထိ လှမ်းနိုင်မည် မဟုတ်ပေ။
နိုင်ငံခြားရောက်လျှင် လူသိမှာကိုလည်း ကြောက်စရာ မလိုတော့ပေ။
.....
ကုန်းထျန်းဟောက်သည် လျန်ဖျောင့်ရွှယ်ကို စောင့်ကြည့်နေဆဲ ဖြစ်သည်။ သူမ နိုင်ငံခြားထွက်သွားကြောင်း သိရသောအခါ ဆက်လက်စောင့်ကြည့်ရန် လက်အောက်ငယ်သားများကို မှာကြားလိုက်ပြီး အရေးမစိုက်တော့ပေ။
နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ နှစ်ယောက်စလုံး အလုပ်များလာကြသည်။
နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပိတ်ရက်မတိုင်မီ Imperial Palaceအုပ်စုသည် နှစ်ပတ်လည် ညစာစားပွဲ ကျင်းပလေ့ရှိသည်။
ရှောင်လင်းယွီ၏ကုမ္ပဏီ ကြီးထွားလာသည်နှင့်အမျှ နှစ်ပတ်လည် ညစာစားပွဲ ကျင်းပရမည် ဖြစ်သည်။
နှစ်ပတ်လည်ညစာစားပွဲအတွက် ပြင်ဆင်စရာများ များပြားလှသည်။
ကုန်းထျန်းဟောက် အိမ်ပြန်ရောက်သောအခါ စာကြည့်ခန်းတွင် အလုပ်ရှုပ်နေသော ရှောင်လင်းယွီကို တွေ့လိုက်ရသည်။ သူ အနားသို့သွားပြီး သူမ၏ပါးပြင်ကို နမ်းလိုက်ကာ ပြောလိုက်သည်။ "ယွီအာ... သန်ဘက်ခါ ကုမ္ပဏီ နှစ်ပတ်လည် ညစာစားပွဲရှိတယ်။ ကိုယ်နဲ့အတူ လိုက်ခဲ့နော်"
ရှောင်လင်းယွီ ဘာမှပြန်မပြောပေ။ ကုန်းထျန်းဟောက်က ဆက်ပြောသည်။ "ယွီအာ... နှစ်ပတ်လည်ပွဲမှာ ကပွဲရှိတယ်။ မင်း မလိုက်ရင် ကိုယ် တခြားမိန်းမနဲ့ တွဲကရမှာနော်"
ရှောင်လင်းယွီ မော့ကြည့်လိုက်ပြီး မျက်စောင်းထိုးကာ ပြုံးလျက် ပြောလိုက်သည်။ "ဟင်း... ရှင်ကလည်း တွေးတတ်ပါပေတယ်။ မိန်းမနဲ့ကလေး ရှိတဲ့လူက တခြားမိန်းမနဲ့ တွဲကချင်သေးတယ်ပေါ့"
ကုန်းထျန်းဟောက်က ချက်ချင်း မျက်နှာချိုသွေးလိုက်သည်။ "ဟဟ... ဘယ်ကသာလဲ။ ကိုယ့်မှာ ဒီလောက်လှပတဲ့ ဇနီးရှိနေတာ... အပြင်က မိန်းမတွေကို ဘယ်စိတ်ဝင်စားပါ့မလဲ။ သူတို့က မင်းရဲ့ ခြေဖျားတောင် မမီပါဘူး"
ရှောင်လင်းယွီက မဲ့ပြုံးပြုံးလိုက်ပြီး "ဟင်း... ဒါဆိုရင် ကျွန်မခြေဖျားမီတဲ့ မိန်းမဆိုရင် ရှင် စိတ်ဝင်စားမှာပေါ့"
"......"
ကုန်းထျန်းဟောက်က "ပေါင်ပေ့... ဘာဖြစ်လို့လဲ။ ပင်ပန်းနေလို့လား။ လာ... ကိုယ် ပခုံးနှိပ်ပေးမယ်။ ကောင်းကောင်း အနားယူလိုက်" ပြောရင်း သူသည် သူမ၏နောက်ကျောဘက်သို့ သွားပြီး ပခုံးနှိပ်ပေးလိုက်သည်။
ရှောင်လင်းယွီ မျက်လုံးမှိတ်ကာ ခင်ပွန်းသည်၏ဝန်ဆောင်မှုကို ခံယူလိုက်သည်။ သူမ မေးလိုက်သည်။ "လောင်ကုန်း... နှစ်ပတ်လည်ပွဲမှာ လူဘယ်လောက် တက်မှာလဲ"
ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "သုံးလေးရာလောက် ရှိမယ်။ ကုမ္ပဏီအရာရှိကြီးတွေနဲ့ ကမ္ဘာအနှံ့က ရုံးခွဲမန်နေဂျာတွေ တက်ရောက်ကြမှာ။ မင်းအတွက် ညနေခင်းပွဲတက်ဝတ်စုံ ပြင်ဆင်ထားပြီးပြီ"
"အင်း..."
……
Imperial Palaceအုပ်စု ဝန်ထမ်းများ၏ Group Chat
"နင်တို့ ကြားပြီးပြီလား"
"ဘာကြားတာလဲ"
"ဟာ... နင်တို့ မသိကြဘူးလား။ ဒီနှစ် နှစ်ပတ်လည်ပွဲကို ဘော့စ်က သူဌေးကတော်ကို ခေါ်လာမှာတဲ့"
"ဘုရားရေ... သတင်းက သေချာလို့လား။ ဘော့စ်က နှစ်ပတ်လည်ပွဲမတက်တာ နှစ်နှစ်ရှိပြီ။ ဒီနှစ်တက်ရုံတင်မကဘူး... သူဌေးကတော်ကိုပါ ခေါ်လာမယ်ဆိုတော့ စိတ်လှုပ်ရှားစရာပဲ"
"သူဌေးကတော်က ဘယ်သူလဲဆိုတာ သိကြလား"
"သူဌေးကတော်က ဘယ်သူလဲဆိုတာ နင်မသိဘူးလား။ လွန်ခဲ့တဲ့ရက်ပိုင်းက ဘော့စ်နဲ့ သူဌေးကတော်အကြောင်း သတင်းတွေ ပလူပျံနေတာလေ။ အထူးသဖြင့် သူဌေးကတော်ကို ဘော့စ်နဲ့ သခင်ကြီးကုန်းတို့က ခမ်းခမ်းနားနားနဲ့ အိမ်ပြန်ခေါ်လာတဲ့သတင်းလေ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတောင် ပါသေးတယ်။ ပြောရရင် သူဌေးကတော်က တကယ် လှတာပဲ"
"သူဌေးကတော် လှတာတော့ လှပါရဲ့။ ဒါပေမဲ့ သူက တောကလာတာလို့ ကြားတယ်" ပြောသူ၏လေသံတွင် အထင်သေးမှု ပါဝင်နေသည်။
ချက်ချင်းပင် တစ်ယောက်က ပြန်ချေပလိုက်သည်။ "တောကလာတော့ ဘာဖြစ်လဲ။ သူက ဘီလီယံရာချီတန်တဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ထားတဲ့သူလေ။ တရားဝင် ပိုင်ရှင်၊ ရှယ်ယာအကုန်ပိုင်တဲ့သူ။ ကုမ္ပဏီတစ်ခုလုံး သူတစ်ယောက်တည်း ပိုင်တာ။ နင်က တောက မလာဘူးဆိုတော့ ဘီလီယံရာချီတန်တဲ့ ကုမ္ပဏီ တည်ထောင်နိုင်လို့လား"
ချေပခံရသူ မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ "ငါ့ယောက်ျားသာ နိုင်ငံအချမ်းသာဆုံးဘော့စ်ဆိုရင် ငါလည်း ဘီလီယံရာချီတန်တဲ့ ကုမ္ပဏီ တည်ထောင်နိုင်တာပေါ့" သူမ၏လေသံတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်နေသည်။
သူမ၏ စိတ်ထဲတွင် သူမတို့၏ဘော့စ်သည် ထူးချွန်ထက်မြက်သူ၊ စီးပွားရေးဘုရင်၊ အာဏာနှင့် ငွေကြေးရှိသူ၊ ရုပ်ရည်ချောမောသူ ဖြစ်သည်။ ယူမည့်မိန်းမသည်လည်း ဂုဏ်သရေရှိ အထက်တန်းလွှာမှ ဖြစ်သင့်သည်။ သို့သော် ဘော့စ်က တောသူမတစ်ယောက်ကို ယူလိုက်သည်။
Group Chat ထဲမှ လူများသည် ပြဿနာတက်မည် စိုးသောကြောင့် သူမကို ဂရုမစိုက်ကြတော့ပေ။
"သူဌေးကတော်က လှတယ်လို့ ကြားတယ်။ ဘယ်လောက်လှလဲ မသိဘူး။ တွေ့ချင်လိုက်တာ"
"မက်မွန်ပွင့်အလှမယ်အကြောင်း ကြားဖူးလား။ မက်မွန်ပွင့်တွေထက်တောင် ပိုလှတဲ့ အလှမယ်လေ"
"ငါ ကြားဖူးတယ်။ အဲဒါက..."
***